Wednesday, 28 April 2010
သင်းကွဲ...
မိုးခါးရေပေါတဲ့အရပ်မှာမှ
အ၀ီစိတွင်းတူးချင်ခဲ့တဲ့ကောင်ပါ…
ဆူးတောထဲကလတစ်စင်း
အလင်းမပေးနိုင်ရင်တောင်
အဝေးကနှောင်ဖွဲ့မိတယ်…
ဒဏ်ရာတွေနဲ့ဘဝ
သံသရာဟန်ချက်ညီမျှဖို့
ကံကြမ္မာလှံချက်တွေလည်း ကျေနပ်မိပါရဲ့…
အရောင်မမည်းပေမယ့်
တစ်ကောင်တည်းဘ၀မို့
ရှောင်လွှဲမရတဲ့လမ်း
အောင်ပွဲမရခင်နွမ်းလှပြီ…
နေပူအလာနေရိပ်ကစောင့်မိသူရဲ့အဖြစ်
နှစ်နှစ်ခုရဲ့ကြားမှာ
ခေတ်တစ်ခုခြားခဲ့တော့
တရားနဲ့မဖြေနိုင်
အမှားဘွဲ့တွေနဲ့နေထိုင်ရင်း
အဝေးကလမင်းကိုလွမ်းတယ်… ။ ။
ဟန်ကြည်
Friday, 23 April 2010
အဘိုး အလွမ်းပြေ ...
Personal တွေလျှော့ရေးမယ်စိတ်ကူးပေမယ့် ဒီ Post မှာတော့ စာရေးသူရဲ့ အဘိုးအကြောင်းကို တင်ဖြစ်လိုက် ပါတယ်။ စာရေးသူရဲ့ အဘိုးအကြောင်းက ခွတီးခွကျနိုင်တဲ့အကြောင်းကလွဲလို့ ဂုဏ်ယူစရာ သိပ်မရှိလှတာမို့ ကိုယ်ရည်သွေးရာတော့ ရောက်မယ်မထင်ပါဘူး။ ဒါ့အပြင် မျိုးရိုးထဲမှာ ဘမျိုးဘိုးတူပြီး စာရေးဝါသနာ ပါခဲ့တာ လည်း စာရေးသူတစ်ယောက်ပဲရှိတာမို့ ဆုံးသွားတာ ၇ နှစ်ကျော်သွားပြီဖြစ်တဲ့ စာရေးသူရဲ့ အဘိုးအကြောင်း လေး အမှတ်တရပါ။
အဘိုးရဲ့ဇာတိက ရွှေဘိုနယ်က ကွမ်းတိုင်းရွာကပါ။ စကားပြောရာမှာ နာမည်ကြီးလှတဲ့ လှတောရွာတို့နဲ့ သိပ်မဝေးဘူးလို့တော့ စာရေးသူရဲ့ ဖခင်ကပြောပြဖူးပါတယ်။ ကိုယ်တိုင်တော့ မရောက်ဖြစ်တဲ့အတွက်
ဖခင်ဖြစ်သူပြောခဲ့တဲ့ လူဆိုး၊ လူမိုက်တော့တကယ်ပေါတဲ့ရွာဆိုတာပဲ အမှတ်ထင်ထင်ကျန်ပါတော့တယ်။ စာရေးသူလူမှန်းသိတတ်တဲ့အရွယ်မှာတော့ အဘိုးကအသက် ၆၀ တော်တော်ကျော်နေပါပြီ။ ဒါပေမယ့်
ငယ်ငယ်က ကာယဗလလိုက်စားတဲ့သူဖြစ်လို့ ကိုယ်ကာယကတော့ ကြံ့ခိုင်နေဆဲပါ။ ၁၅ နှစ်သားအရွယ် စာရေးသူနဲ့ အသက် ၈၀ နားကပ်နေတဲ့ အဘိုးတို့ လက်မောင်းချင်းအားပြိုင်လှဲကြရင်တောင် တစ်ခါတစ်ခါ
အဘိုးကို စာရေးသူမနိုင်ပါ။
အဘိုးက ဦးမြကြီး၊ အဘွားက ဒေါ်နှင်းဆီဆိုတော့ သူ့ခေတ်သူ့အခါဆိုရင်တော့ လိုက်ဖက်ညီတဲ့ စုံတွဲလို့ခေါ်ရပါ့မယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီခေတ်က အဆိုတော် ကိုမြကြီးက သူ့ချစ်သူ မနှင်းဆီကို ရည်စူး
ပြီးဆိုထားတဲ့ “ သို့ ... မခင်နှင်းဆီ ”သီချင်းကလည်း ခေတ်စားနေချိန်မို့ပါ။ အဘိုးနဲ့ အဘွားညားကြတာ ဒီသီချင်းကောင်းမှုပါချင်ပါမယ်လို့ တွေးမိပါတယ်။ တကယ်တော့ အဘိုးဟာ အင်္ဂလိပ်ခေတ်က ၉ တန်းအောင်
ဖြစ်ပေမယ့် သူ့ပညာကို မယ်မယ်ရရ အသုံးချခဲ့သူမဟုတ်ပါ။ ပညာတတ်အလွန်ရှားတဲ့ခေတ်ဖြစ်လို့ အလုပ်အလွယ်တကူ ရနိုင်ပေမယ့် ဘယ်အစိုးရအလုပ်မှမ၀င်ခဲ့ပါ။ အပြင်အလုပ်ကိုလည်း လက်ကြောတင်းအောင် မလုပ်ခဲ့ပါ။ ကာယဗလကိုသာ လိုက်စားပြီး ပျော်သလိုနေသူဖြစ်လို့ ခေတ်စကားနဲ့ ပြောရင်တော့ “၀ိတ်ပေါကြီး” ပါ။ ဒါကြောင့်ယောက်ဖဖြစ်သူက မနေသာပဲ သူ့ဆန်စက်မှာ မန်နေဂျာခန့်ရပါ တော့တယ်။ နှမအတွက် စိတ်ပူရှာလို့ထင်ပါရဲ့။
ဆန်စက်ကြီးဖြစ်လို့ တစ်ရက်တစ်ရက် ၀င်တဲ့ဝင်ငွေကမနည်းလှပါ။ ဒီငွေတွေကို ယောက်ဖစက်ပိုင်ကမကိုင်ဘဲ မန်နေဂျာအဘိုးကို သိမ်းခိုင်းထားပြီး သုံး၊ လေးလနေလို့ အသုံးလိုမှသာတောင်းလေ့ရှိပါတယ်။ ကြားကာလ
မှာ အဘိုးကိုဒီငွေတွေလှည့်သုံးပြီး လုပ်ငန်းလုပ်စေချင်တဲ့စိတ်ကူးနဲ့ပါ။ ဒါပေမယ့် ဦးတိကျအဘိုးက ဒီငွေတွေကို လက်ဖျားနဲ့တောင်မတို့ပဲ နေ့စဉ်အံဆွဲထဲမှာသော့ခတ်ထားပြီး ယောက်ဖစက်ပိုင်တောင်းမှသာ ထုတ်ပေးပါသ
တဲ့။ ကြာတော့ ယောက်ဖခမျာ မနေသာတော့ပဲ ဒီငွေကိုကိုင်ထားပြီး စပါးတို့ဘာတို့ဝယ်လှောင်ဖို့၊ လုပ်ငန်းတစ်ခုခုတွဲဖို့ ဖွင့်ပြောရှာရပါတယ်။ ဒါပေမယ့် အဘိုးကတော့ ငါဝါသနာမပါဘူးလို့တစ်ခွန်းသာပြန်ပြောပြီး
နေမြဲတိုင်းနေတာပါပဲ။ ကောင်းလွန်းရှာတဲ့ ပလက်တီနမ်ယောက်ဖ စက်ပိုင်ခမျာဘာမှထပ်မပြောရဲရှာပါဘူးတဲ့။ နှမအတွက်တော့ အတော့်ကို စိတ်ပူရှာမယ်ထင်ပါရဲ့။
အဘိုးကအပြင်လူတွေ အပေါ်မှာကောင်းသလောက် မိသားစုအပေါ်မှာတော့ သံယောဇဉ်တော်တော့်ကို နည်းလွန်းပါတယ်။ သူ့ကာယဗလကို မိသားစုအတွက်ပဲ အသုံးချခဲ့ဟန်တူပါတယ်။ တစ်ခါတစ်လေ ထမင်းစားနေရင်း ငရုတ်သီးများစပ်သွားရင် ထမင်းစားပွဲကိုပင့်လို့ “ သွားရော့လဟယ်” ဆိုပြီး မှောက်ပစ်လိုက်ပါရောတဲ့။ သူနဲ့အတူတူ ထမင်းစားနေတဲ့သူတွေတော့ ထမင်းငတ်ပါလေရော။ သားသမီးတွေ ခမျာ သူနဲ့ထမင်းစားရင် သူ့မျက်နှာ ကြည့်ပြီး ရင်တထိတ်ထိတ်နဲ့စားရရှာပါတယ်။ တော်တော်ကို ပျော်စရာ ကောင်းမဲ့မိသားစုထမင်းဝိုင်းကို မြင်ယောင်ကြည့်မိပါသေးရဲ့။
ဒါတင်မကသေး သားသမီးတွေ တစ်ခုခုမှားရင် စကားနဲ့မဟုတ်ပဲ လက်နဲ့သာဆုံးမလေ့ရှိပါသတဲ့။ သူ့အယူအဆ ကတော့ ခပ်ရှင်းရှင်းပါ။ ကလေးတစ်ယောက်အတွက် ကြိမ်တစ်ခွေဝယ်ထားပြီး ငယ်ငယ်လေးကစလို့ ကြိမ်
ခွေရဲ့ အဖျားဘက်ကနေဖြတ်ဖြတ်ပြီး ရိုက်ဆုံးမရင် ကြိမ်ခွေကုန်လို့ ကလေးလည်းအရွယ်ရောက်ရင် လူလိမ္မာဖြစ်ကရောတဲ့။ ကောင်းလိုက်တဲ့ ပညာရှိပါပဲ။ သားသမီးတစ်ယောက်အပြစ်လုပ်မိတာကို မအားလို့၊ အခွင့်မသာ သေးလို့ ရိုက်ခွင့်မကြုံခဲ့ရင် အားတဲ့အခါခေါ်ပြီးဘာမပြောညာမပြော ရိုက်လေ့ရှိပါသတဲ့။ တစ်ခါတစ်ခါ အရိုက်ခံရတဲ့ သားသမီးခမျာ ဘာဖြစ်လို့ရိုက်သလဲဆိုတာတောင် ပြန်မေးယူကြရရှာပါတယ်။ မမေးရဲရင်လည်း ဒီလိုပဲ ဘုမသိ၊ ဘမသိ ခံကြရပါတယ်။ ဘယ်လောက်များဆိုးတဲ့ အဘိုးပါလိမ့်။
အဘွားခမျာလည်း အဘိုးရဲ့ ဆိုးမျိုးကို အတော့်ကိုခံရရှာပါတယ်။ ခက်တာက ဆေးလိပ်မသောက်၊ အရက်မသောက်၊ လောင်းကစားမလုပ်တဲ့ အဘိုးဆိုတော့ လူဆိုးခေါ်ရမှာလည်းခပ်ခက်ခက်ပါ။ လိမ္မာပြီး၊ မကောင်းတဲ့သူလို့များခေါ်ရင် ကောင်းမယ်ထင်ပါရဲ့။ သားသမီးတွေလူလားမြောက်ကြချိန်မှာတော့ အဘွားက အဘိုးနဲ့ခွဲပြီး သားသမီးတွေနဲ့ လိုက်နေပါတော့တယ်။ စိတ်နာလွန်းလို့ထင်ပါတယ်။ သေသည်အထိ အဘိုးနဲ့မတွေ့တော့ပါ။ အဘိုးအကြောင်းတောင် စကားထဲထည့်မပြောတော့ပါ။ အဘိုးကလည်း သားသမီး ၇ ယောက်မွေးထားပြီး ဖခင်တာဝန်ကျေအောင် မဆောင်ရွက်နိုင်ခဲ့ပါ။ ဆန်စက်မန်နေဂျာဘ၀နဲ့ ဆန်စက်ဝန်းထဲမှာ နေကြပြီး ကိုယ်ပိုင်အိမ်တစ်လုံးတောင် ပိုင်အောင်မကြိုးစားပဲ သူ့ဖာသာပျော်သလိုနေခဲ့ပါတယ်။ အဘွားက ဆေးလိပ်ခုံထောင်ပြီး ပညာသင်ပေးခဲ့လို့သာ စာရေးသူတို့ဖခင်နဲ့၊ ဖခင်ရဲ့ အစ်ကိုကြီးတို့ ဘွဲ့ရခဲ့ကြပါတယ်။ ကျန်သားသမီးတွေတော့ ပညာကောင်းကောင်းမသင်လိုက်ရပါ။
အဘိုးရဲ့ အထင်ရှားဆုံးဝိသေသကတော့ စာရေးတာဝါသနာပါလွန်းခြင်းပါ။ အားတဲ့အချိန်တိုင်း သားသမီးတွေ ဆီပဲဖြစ်ဖြစ်၊ မိတ်ဆွေတွေဆီပဲဖြစ်ဖြစ် စာရေးနေတာတွေ့နိုင်ပါတယ်။ စာရေးဝါသနာ ကြီးလွန်းပုံက
စက်ထဲမှာနေ့စဉ်တွေ့နေရတဲ့ ယောက်ဖဆန်စက်ပိုင်ကို ပြောစရာတစ်ခုခုရှိရင် စကားနဲ့မပြောဘဲ စာနဲ့ရေးပြီးပေးလေ့ရှိပါတယ်။ “မြကြီးရာ မင်းနဲ့ငါ နေ့တိုင်းတွေ့နေတာပဲ၊ ပါးစပ်ကပြောလည်းရပါတယ်” လို့ပြောယူတာလည်း စာပေးတဲ့အကျင့်ကို မပြင်ခဲ့ပါဘူးတဲ့။ စာရေးသူကိုယ်တိုင် စာမရေးရရင် မနေနိုင်တာ အဘိုးသွေးနည်းနည်းပါလာဟန်တူပါတယ်။ ကောင်းမွေဖြစ်လို့ ကျေကျေနပ်နပ်လက်ခံလိုက်ပါတယ်။
အဘိုးရဲ့နောက်ထပ်ဝါသနာက လမ်းပြင်တာနဲ့ သန့်ရှင်းရေးလုပ်တာပါပဲ။ ဘယ်သားသမီးအိမ်မှာနေနေ မနက်စာထမင်းစားသောက်ပြီးရင် လက်နက်အစုံအလင်ယူပြီး လမ်းပြင်ပါတော့တယ်။ တစ်ခါတစ်ခါ
စာရေးသူကိုပါ “ငါ့မြေးရ၊ လမ်းပြင်တာ နတ်ပြည်ရောက်သကွ” ဆိုပြီး လုပ်အားပေးခိုင်းပါသေးတယ်။ နတ်ပြည်ရောက်ချင်တာထက် အဘိုးကိုကြောက်တာကြောင့် လမ်းလိုက်ပြင်ရပေါင်းများပါတယ်။ အဘိုးဟာ
ခြံထဲကိုလည်း တစ်ရက်နှစ်ကြိမ်လောက် တံမြက်စည်းလှဲရမှ နေသာထိုင်သာရှိတတ်ပါသေးတယ်။ ဒါတောင် ထိုင်နေရင်းသစ်ရွက်ကြွေတာမြင်ရင် တံမြက်စည်းကောက်ပြီးလှဲတဲ့ အကြိမ်မပါသေးပါ။ အ၀တ်အစား
ကိုလည်း အသက် ၈၀ ကျော်ထိ ကိုယ်တိုင်လျှော်ရမှ စိတ်တိုင်းကျလေ့ရှိပါတယ်။ ဒါတော့ ကောင်းတဲ့အကျင့် လေးတွေလို့ဆိုရပါလိမ့်မယ်။
ငယ်စဉ်က သားသမီးတွေအပေါ်မှာ ဖခင်ကောင်းဖြစ်အောင် မကြိုးစားခဲ့တဲ့အဘိုးခမျာ အိုလာတဲ့အခါ ဒုက္ခတွေ့ ရှာပါတော့တယ်။ အသက်ကြီးလို့စိတ်သွားလို့ကိုယ်မပါတော့တဲ့အရွယ်မှာ စကားများလာတဲ့ အဘိုးကို သားသမီးတွေက သည်းညည်းမခံချင်ကြတော့ပါ။ အဘိုးကလည်း ရိပ်သာသွားပြီးတရားထိုင်တာတောင် ကျောင်းထိုင်ဘုန်းကြီးနဲ့စကားများပြီး ညတွင်းချင်းအိမ်ပြန်ရောက်တဲ့အထိ ဂန္ထ၀င်မြောက်အောင် လက်ပေါက် ကပ်သူဆိုတော့လည်း အရွယ်ရောက်လာတဲ့သားသမီးတွေက ရှက်ကြတာလည်းပါမယ်ထင်ပါတယ်။ ကြီးကောင်ကြီးမနဲ့ သားသမီးတစ်ယောက်နဲ့အဆင်မပြေရင် နောက်တစ်ယောက်အိမ်ပြောင်း၊ နောက်တစ် ယောက်နဲ့ အစေးမကပ်ရင်နောက်ထပ်တစ်ယောက်ဆီပြောင်းရင်း ဘော်လီဘော ပုတ် သလို ပုတ်တာခံရပါ တော့တယ်။ နောက်ဆုံးတော့ သားအငယ်ဆုံးဖြစ်တဲ့ စာရေးသူရဲ့ဖခင်ဆီမှာပဲ ခေါင်းချရရှာ ပါတယ်။ မသေခင်က စာရေးသူရဲ့ဖခင်ကလာနေဖို့ပြောတိုင်း မင်းတို့အိမ်မနေတတ်ပါဘူးလို့ငြင်းခဲ့ပေမယ့် နောက်ဆုံးမှာတော့ မငြင်းနိုင်တော့ရှာပါ။ စည်းစံနစ်တကျနေတတ်လို့ သူကြည့်မရတဲ့ သားငယ်ဆီမှာပဲ ခေါင်းချသွားရပါတော့တယ်။ မသေခင်အချိန်ထိ စာရေးသူရဲ့ဖခင်ကို ကုသိုလ်တွေ အများကြီးပေးသွားခဲ့တယ် လို့ဖခင်ကပြောလို့ ဖခင်ကိုလေးစား၊သနားမိပါတယ်။ အဘိုးအကြောင်းကို စာရေးသူလည်း တော်တော်များများ သိထားသူမဟုတ်ပါလား။
အဘိုးကလည်း အဘိုးဖြစ်ပါတယ်။ သားတွေသမီးတွေနဲ့အဆင်မပြေသလို မြေးတွေနဲ့ပါ အစေးမကပ်ပါ။ စာတင်လောက်အောင် ကပ်စေးနှဲတာလည်းပါသေးရဲ့။ စာရေးသူတစ်သက်လုံးမှာ အဘိုးဆီက မုန့်ဖိုး၂၀၀ သာရဖူးပါတယ်။ ဒါတောင် ဆယ်တန်းအောင်လို့ ဆေးကျောင်းတက်ကာနီး အဒေါ်တွေဆီအလည်သွားရင်း အဘိုးက“ ငါ့မြေးကိုဂုဏ်ပြုရမယ်” ဆိုပြီး ၅၀၀ တန် တစ်ထပ်ကြားက ခက်ခက်ခဲခဲရှာပြီးပေးတာပါ။
စာရေးသူရဲ့ဖခင်ကတော့ “ ငါ့သား၊ အဲဒီပိုက်ဆံ ရွှေချထားကွ။ ငါ့တစ်သက်လုံးမင်းအဘိုးဆီက မုန့်ဖိုးတစ်ပြားမှမရဖူးဘူး” လို့အားပေးပါတယ်။ စာရေးသူ ၆ တန်းကျောင်းသားဘ၀လောက်က အဘိုးဆီအလည်ရောက်တော့ လက်ဖက်ရည်ဆိုင်ကိုခေါ်သွားပြီး လက်ဖက်ရည်တိုက်ပုံကလည်း စံတင်လောက်ပါတယ်။ လက်ဖက်ရည်ဆိုင်ရောက်တော့ “လက်ဖက်ရည်တစ်ခွက်ခွဲ” ဆိုပြီးမှာပါလေရော။ အားလုံးက၀ိုင်းကြည့်ကြပေမယ့် သူကတော့ ခပ်တည်တည်ပါ။ စာရေးသူကတော့ ရှက်လွန်းလို့နေစရာတောင်မရှိတော့ပါ။ ဆိုင်ရှင်ကဘယ်လိုဖျော်ရမလဲမေးတော့ “တစ်ခွက်ခွဲစာဖျော်ပြီး နှစ်ခွက်မျှထည့်လိုက်”ဆိုပြီးတောင် ဆရာလုပ်လိုက်ပါသေးတယ်။ အနှမြောမှာတော့ စံတင်လောက်တဲ့ အဘိုးအကြောင်းတစ်ခါတည်းနဲ့မှတ်လောက်သားလောက်အောင်သိသွားတော့တာမို့ နောက်ကိုဘယ်တော့မှ အဘိုးတိုက်မဲ့ လက်ဖက်ရည်မသောက်ရဲတော့ပါ။ စာရေးသူ Second MB ကျောင်းသားဘ၀မှာတော့ အဘိုးဆီက ဖလံထည်အင်္ကျံတစ်ထည် ရပါတယ်။ ရတောင့်ရခဲမို့ အမှတ်တရသိမ်းထားခဲ့တာ အခုချိန်ထိ ဘယ်မြို့ကိုပြောင်းပြောင်း ပါအောင်ယူခဲ့တာ အ၀တ်ဗီရိုထဲမှာ ခုထိရှိနေဆဲပါ။ အဲဒီအင်္ကျံလေးမြင်တိုင်း အင်မတန်မှ ခွတီးခွကျနိုင်လှတဲ့ သွားလေသူအဘိုးကို သတိရနေဆဲပါ။
ဖြစ်လေရာဘ၀တိုင်းမှာ ဖခင်ကောင်းပြီသစွာနဲ့ သားသမီးတိုင်းရဲ့လေးစားမြတ်နိုးခြင်းကို ရနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် အဘိုးခင်ဗျား ...
Tuesday, 20 April 2010
ဘ၀ရဲ့တွန်းအား . . .
Worry pulls tomorrow's cloud over today's bright sunshine.
စိုးရိမ်ပူပန်ခြင်းဟာ ဒီနေ့ရဲ့တောက်ပတဲ့နေရောင်ခြည်ကို မနက်ဖြန်ရဲ့တိမ်ညိုတွေနဲ့ ဖုံးအုပ်စေတဲ့အရာပဲ။
The one thing worse than a quitter is the person who is afraid to begin.
လက်လျှော့လိုက်သူတဲ့ ဆိုးတဲ့သူဟာ အစပြုရမှာတောင်ကြောက်နေသူပေါ့။
School is a building that has four walls- with tomorrow inside.
စာသင်ကျောင်းဆိုတာ မနက်ဖြန်ကိုအတွင်းထဲမှာထည့်ထားတဲ့ နံရံလေးဖက်ပါ အဆောက်အဦပဲ။
The right to do something does not mean that doing it is right.
တစ်စုံတစ်ခုကိုလုပ်နိုင်ခွင့်ဆိုတာ လုပ်တဲ့အရာတွေမှန်တယ်လို့မဆိုလိုနိုင်ဘူး။
A bad habit is nothing more than a mistake repeated.
အကျင့်ဆိုးဆိုတာ ထပ်ကာထပ်ကာလုပ်မိနေတဲ့ အမှားအယွင်းပါ။
He who sows courtesy reaps friendship, and he who plants kindness gathers love.
ယဉ်ကျေးသိမ်မွေ့ခြင်းကိုမျိုးစေ့ချသူက မိတ်ဆွေတွေကိုခူးဆွတ်ရရှိပြီး၊ ကြင်နာခြင်းကို စိုက်ပျိုးသူကတော့ ချစ်ခြင်းမေတ္တာကို စုဆောင်းရရှိပါလိမ့်မယ်။
Joy is not what we own, it's in what we are.
ပျော်ရွှင်ခြင်းဆိုတာ တို့ပိုင်တဲ့အရာမဟုတ်ပါဘူး၊ တို့ဘာလဲဆိုတာထဲမှာသာရှိပါတယ်။
The best thing you can spend on your children is time.
မင်းရဲ့သားသမီးတွေအတွက် အကောင်းဆုံးအသုံးပြုသင့်တဲ့အရာကတော့ မင်းရဲ့အချိန်တွေပါပဲ။
If you can't be a good example, than you will just have to be a horrible warning.( Catherine)
ကိုယ်တိုင်က စံနမူနာကောင်းမဖြစ်နိုင်ရင်တော့ ကြောက်စရာကောင်းတဲ့ သတိပေးချက်မျိုးရှိဖို့လိုတယ်။
Nobody can make you feel inferior without your permission.( Eleanor Roosevelt)
မင်းရဲ့ခွင့်ပြုချက်မရပဲ ဘယ်သူမှမင်းကို နိမ့်ကျအောင်မလုပ်နိုင်ဘူး။
The secret of success in life is for a man to be ready for his opportunity when it comes.(Benjamin Dieraeli)
လူတစ်ယောက်ရဲ့ဘ၀မှာ အောင်မြင်မှုရဲ့လျှို့ဝှက်ချက်က အခွင့်အရေးကြုံတဲ့အခါ အဆင်သင့်ဖြစ်နေုခြင်းပဲ။
You are fully responsible for everything you are, everything you have and everything you become.(Brian Tracy)
မင်းဘာဖြစ်မယ်၊ ဘာတွေပိုင်ဆိုင်ရရှိမယ်၊ မင်းဘယ်လိုလူစားမျိုးလဲဆိုတာအားလုံးအတွက် မင်းမှာပဲ တာဝန်ရှိတယ်။
The twin killers of success are inpatient and greed.(Jim Rohn)
အောင်မြင်မှုရဲ့အဖျက်သမားနှစ်ယောက်ကတော့ စိတ်မရှည်ခြင်းနဲ့ လောဘကြီးခြင်းပဲ။
Happiness, wealth and success are by-products of goal setting, they cannot be the goal themselves.(Dennis Waitley)
ပျော်ရွှင်မှု၊ ကြွယ်ဝခြင်းနဲ့ အောင်မြင်မှုဆိုတာ ပန်းတိုင်ရောက်အောင်ကြိုးစားခြင်းရဲ့ ဘေးထွက်ပစ္စည်းသာဖြစ်တယ်။ သူတို့ကိုယ်တိုင်ကတော့ ပန်းတိုင်မဖြစ်နိုင်ဘူး။
The germ cannot be polished without friction, nor man perfected without trials.(Confucius)
ကျောက်မျက်ရတနာတွေကို မပွတ်တိုက်ဘဲ အရောင်တင်လို့မရဘူး။ ဒီလိုပဲ အစမ်းသပ်မခံရဘဲလည်း ဘယ်သူမှပြည့်စုံသူဖြစ်မလာနိုင်ဘူး။
Let us to be grateful to people who make us happy; they are the charming gardeners who make our souls blossom. ( Marcel Proust)
ကျွန်တော်တို့ကို ပျော်ရွှင်စေသူကို ကျေးဇူးတင်ကြပါစို့။ ဘာကြောင့်လဲဆိုရင် သူတို့ဟာ ကျွန်တော်တို့ရဲ့ စိတ်နှလုံးကို ဖူးပွင့်ဝေဆာစေတဲ့ ရွှင်မြူးခြင်းဥယျာဉ်မှူးတွေဖြစ်လို့ပါပဲ။
O, my luve's like a red, red rose
Thar's newly sprung in June:
O, my luve's like the melodie
That's sweetly play'd in तुने
(Robert Burns)
ကိုယ့်အချစ်ဟာ၊ ရဲရင့်ပါတယ်
မာလာနှင်းဆီ နီရောင်ရဲရ၊ဲ ဇွန်လထဲမှာ ပွင့်နေသလို
ကိုယ့်အချစ်ဟာ၊ ချိုမြပါတယ်
သံစဉ်ချိုမြ၊ ချစ်တေးစကို သီကျူးသလို ။ ။
ကိုယ်တိုင်လည်းစိတ်ဓာတ်ပျော့ညံ့ချင်သလိုလိုဖြစ်လာရင် ဒီအဆိုအမိန့်တွေနဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီး တွန်းအားပေးရပါတယ်။ သူများဆုံးမတာမကြိုက်တဲ့ စာရေးသူလိုလူစားမျိုးတွေအတွက်တော့ အကောင်းဆုံး တွန်းကန်အားတွေပါ ။ ။
မဆုံးတော့တဲ့ မနက်ဖြန် ...
မနက်ဖြန်ဆိုရင် နားရက်တွေအားလုံး နိဂုံးချုပ်လို့ လုပ်ငန်းခွင်စ၀င်ရပါပြီ။ မိုးသောက်ကနေ နေ၀င်ထိမနားတမ်း အလုပ်လုပ်ရတော့မှာမို့ အရင်ကလို ညဘက်လင်းအားကြီးထိ စာရေးနိုင်တော့မယ်မထင်ပါ။ ဒါပေမယ့် မြင်သမျှ၊ ကြားသမျှကို မှတ်မှတ်သားသားရှိနေတတ်တဲ့ အကျင့်ကြောင့် ရေးစရာတွေကတော့ အမြဲရှိနေတတ်ပါရဲ့။ ဘာပဲဖြစ်ဖြစ် ဖိစီးမှုများလှတဲ့ အလုပ်ဖြစ်တာကြောင့် စိတ်ထွက်ပေါက်လေးဖြစ်တဲ့ ဒီ blog လေးကိုတော့ အားရင်အားသလို ဆက်ရေးနေဖြစ်မှာပါ။ လာလည်ကြတဲ့ မိတ်ဆွေတွေအတွက် တစ်ခုခုတော့ ရသွားစေချင်တာကြောင့် အရင်လို ကိုယ်ရေးကိုယ်တာတွေထက် ဗဟုသုတဖြစ်ဖြစ်၊ ရသတစ်စုံတစ်ရာပဲဖြစ်ဖြစ်၊ စိတ်ဓာတ်ခွန်အားပဲဖြစ်ဖြစ်ရစေမယ့် စာတွေကိုပဲ ဦးစားပေးပြီးရေးဖြစ်သွားမယ်ထင်ပါတယ်။ စာမရေးရရင် မပျော်သူဖြစ်တာကြောင့် ရေးတာတော့ အမြဲရေးဖြစ်မှာသေချာပါတယ်။ ဘ၀ဆိုတာမျိုးဟာလည်း လုပ်ချင်တာထက် လုပ်သင့်တာကိုဦးစားပေးရတာမျိုးဆိုတော့လည်း .....
Sunday, 18 April 2010
၂၀၁၀ သင်္ကြန်ခရီးစဉ် ( မဲ့ဆောက် )
သင်္ကြန်အတက်နေ့မနက် ၅ နာရီမှာ တောင်တက်လမ်းကြမ်းကို မမောင်းတတ်မောင်းတတ်မောင်းပြီး လာခဲ့တဲ့ စာရေးသူတို့ဇနီးမောင်နှံဟာ  မနက် ၈ နာရီခွဲမှာ ချောချောမောမောရောက်ပါတယ်။
အတက်လမ်းကို အာရုံစိုက်ပြီးမောင်းခဲ့ရတာမို့ လမ်းမှာတစ်ယောက်ကိုတစ်ယောက် စကားတောင်မပြောအားပါ။ နောက်ပြန်လျှောကျမှာ ကြောက်ရ၊ ဘေးချော်ပြီး ချောက်ထဲကျမှာကြောက်ရနဲ့ တကယ့် မဟာစွန့်စားခန်းလို့ ထင်မိပါတယ်။ ဒီတစ်ခါလည်း ကားတန်းတွေဆင်းတဲ့ရက်မှာ တောင်ပေါ်ပြန်တက်ခဲ့တာမို့ တောင်ပေါ်က ဆင်းလာတဲ့ ကားကြီးတွေကိုရှောင်ရတာလည်း အပြောလွယ်သလောက် အလုပ်ခက်လှပါရဲ့။ဘာပဲဖြစ်ဖြစ် ဘေးရန်ကင်းကင်းမောင်းနိုင်ခဲ့တာမို့ငါကွလို့လက်သီးလက်မောင်းတန်းပြီးမြို့ထဲကိုရင်ကော့ပြီးမောင်းဝင်ခဲ့ပါတော့တယ်။
အိမ်ရောက်တော့ ခဏနားကြပြီး မြို့ကသင်္ကြန်ကို လှည့်ပြီးလေ့လာဖြစ်ပါတယ်။ ရေရှားပြီး ရေ၀ယ်သုံးရတဲ့ ဒေသဖြစ်တာကြောင့် ရေပေါပေါနဲ့တော့ မပက်နိုင်ကြပါ။ အစစ၊ အရာရာစရိတ်ကြီးလွန်းတဲ့ မြို့ဖြစ်တဲ့အပြင် သင်္ကြန်တွင်းဆိုတော့ ဈေးတွေကတော့ ခေါင်ခိုက်နေပါတော့တယ်။ ရိုးရာပွဲတွေဆိုတာ ငွေကုန်ကြေးကျတော့ များလှပါရဲ့။ ဒါပေမယ့် တစ်နှစ်လုံးမှ တစ်ခါပဲကြုံရတဲ့ပွဲဆိုတော့လည်း မရှိရှိရာရှာကြံလို့ပျော်ကြရရှာပါတယ်။ ဒီမြို့မှာတော့ ကားတွေဆိုင်ကယ်တွေ ပေါလွန်းတာကြောင့် လမ်းတွေလည်းပြည့်နေပါတော့တယ်။ ရေပက်တဲ့လူနဲ့ ရေပက်ခံသူတွေမမျှတာကြောင့် စာရေးသူတို့နှစ်ယောက်မှာ ရေတောင်မစိုခဲ့ပါ။ လူလည်းပင်ပန်းနေပြီဖြစ်လို့ အိမ်ပြန်ပြီးအားရပါးရအနားယူလိုက်ကြပါတော့တယ်။ နောက်တစ်ရက်ရောက်မှ တစ်ဘက်ကမ်းသွားပြီး သင်္ကြန်လေ့လာရေးဆင်းမယ့်စိတ်ကူးနဲ့ပါ။
နောက်တစ်ရက် သင်္ကြန်အတက်နေ့မနက် ၉ နာရီလောက်မှာတော့ ထမင်းစားသောက်ပြီး နယ်စပ်ချစ်ကြည်ရေးတံတားကြီးကိုဖြတ်လို့ ယိုးဒယားဘက်က မယ်သော်နယ်စပ်မြို့လေးကို စာရေးသူတို့ ဇနီးမောင်နှံရောက်ကြပါတယ်။ ကမ်းနားကဈေးထဲဝင်လို့ window shopping လုပ်ပြီး တံတားချဉ်းကပ်လမ်းအဆုံးမှာ လုပ်နေတဲ့ ဈေးပွဲတော်ကို ၀င်ကြည့်ဖြစ်ကြပါသေးတယ်။ အ၀တ်အစားတွေနဲ့ အိမ်သုံးပစ္စည်းတွေကို ဈေးချိုချိုနဲ့ရောင်းနေတာတွေ့ရပါတယ်။ ဒါပေမယ့် သင်္ကြန်လေ့လာရုံသာလာခဲ့တာမို့ ဘာမှတော့မ၀ယ်ခဲ့တော့ပါ။ မျက်စိအစာကျွေးပြီးတော့သာ ဖြတ်လျှောက်ခဲ့ပါတယ်။ တံတားအနီးမှာ စောင့်နေတဲ့ လိုင်းကားပေါ်တက်ပြီး မဲ့ဆောက်မြို့ဘက်ကိုလေ့လာရေးထွက်ခဲ့ပါတယ်။ ကားခက ၂၅ ဘတ်စီပါ။ မြန်မာငွေနဲ့ဆိုရင်တော့ ၇၅၀ ကျော်ပါတယ်။
ယိုးဒယားကတော့ လိပ်တွေပါ ဘေးမဲ့လွှတ်ပါတယ်.....
တကယ်တော့ မဲ့ဆောက်မြို့ဆိုတာ နီးနီးလေးပါ။ ကားပေါ်တက်ပြီး ၁၀ မိနစ်သာသာလောက်စီးလိုက်ရင် ရောက်သွားပါပြီ။ လမ်းမှာတော့ ကားထဲကို ရေတွေတဗွမ်းဗွမ်း ပက်သွင်းတာခံရပါတော့တယ်။ မြို့ထဲရောက်လို့
ကားပေါ်ကဆင်းတော့ နှစ်ယောက်လုံး ရွှဲရွှဲစိုနေကြပါရော။ မြို့ထဲမှာ ကြည့်လိုက်တော့လည်း မြန်မာတွေသာ တွေ့ရပါတယ်။ ကားပေါ်ကဆင်းပြီး ဈေးထဲဝင်ကြည့်တော့လည်း ယိုးဒယားစကားသံထက် မြန်မာစကားသံ ပိုများနေပါရော။ ဈေးကြီးပိတ်ထားတာမို့ လမ်းဘေးမှာ ဈေးဆိုင်တွေတန်းစီပြီးရောင်းနေတာတွေ့ရပါတယ်။ ဈေးထဲမှာရှိနေတုန်း ယိုးဒယားသီချင်းသံတွေ ဆူညံလာတာကြောင့် လမ်းဘက်ကိုကြည့်လိုက်တော့ ယိုးဒယားသင်္ကြန်လှည့်လာတာကို ကြုံတောင့်ကြုံခဲတွေ့ရပါရော။ ရှည်လျားလှတဲ့ ကားတန်းကြီးနဲ့အတူ ယိုးဒယား ကလေး၊လူကြီးအရွယ်စုံ ကခုန်ပြီး လိုက်လာကြတာတွေ့ရပါတယ်။ ဒီလူမျိုးတွေဟာ အင်မတန်မှ ပျော်ပျော်နေတတ်တဲ့ လူမျိုးပါ။ စိတ်လွတ်ကိုယ်လွတ် ကွေးနေအောင်ကနေကြတာ အားရစရာပါ။ သူတို့ကတော့ ရေပက်ဖို့ထက် အလှပြကြတာနဲ့ ကတာခုန်တာကို ပိုပြီးဝါသနာထုံကြဟန်တူပါရဲ့။ရိုးရာဝတ်စုံတွေဝတ်ထားကြတဲ့ မိန်းကလေးတွေက ကားပေါ်မှာတင်ထားတဲ့ ကျားရုပ်ကြီးတွေပေါ်ထိုင်လိုက်လာရင်း ပရိသတ်ကို အစွမ်းကုန်ပြုံးပြနေကြတယ်။ တစ်ချိန်လုံးသာ ပြုံးပြနေရရင် ပါးစပ်တော်တော်ညောင်းရှာလိမ့်မယ်လို့ မဆီမဆိုင်တွေးမိပါသေးရဲ့။ အရွယ်စုံယိုးဒယားတွေကြားထဲမှာ နိုင်ငံခြားသားသုံးလေးယောက်ပါကရင်း ခုန်ရင်းလိုက်လာတာတွေ့ရပါသေးတယ်။ ဖိနပ်ဗလာနဲ့ ကရင်းခုန်ရင်းပရိသတ်မေတ္တာပါ ရပ်ပြီးခံယူနေတာတွေ့တော့ မရယ်ပဲမနေနိုင်ပါ။ ရောက်ရာမှာ အဆင်ပြေအောင်နေတတ်ကြတဲ့ သူတို့ကို ချီးကျူးမိပါတယ်။
သူတို့ဆီက သင်္ကြန်အလှမယ်တွေ.....
မဲ့ဆောက်က သင်္ကြန်အလှပြယာဉ်.....
သူ့ခမျာတော့ သင်္ကြန်တွင်းလည်း မအားရရှာ .....
တို့လည်းကမယ် ချန်မထားနဲ့.....
သင်္ကြန်လှည့်တဲ့ ကားတန်းကြီးအလွန်မှာတော့ ရောက်တုန်းရောက်ခိုက် ဈေးကနေလှမ်းမြင်နေရတဲ့ ဘုရားဆီသွားလို့ဖူးခဲ့ပါသေးရဲ့။ ဘုရားဝန်းထဲမှာ စေတီသေးသေးလေးတွေတည်ထားတာတွေ့ရတာကြောင့်
ရပ်ပြီး ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။ စေတီတစ်ဆူမှာ အမျိုးသားတစ်ယောက်ရဲ့ ဓာတ်ပုံကပ်ထားတာမြင်ရလို့ ဒီစေတီတွေဟာ ကွယ်လွန်သူတွေအမှတ်တရ လွမ်းစေတီတွေဖြစ်မယ်လို့ ကောက်ချက်ချမိပါတယ်။
ဘာပဲပြောပြော မဲ့ဆောက်ကို သင်္ကြန်ခရီးထွက်ရင်း ဘုရားပါဖူးခဲ့ရတာကြောင့် ခရီးစဉ်ကတန်သွားပါတယ်။
ဘုရားထဲကထွက်ပြီးနောက် ဈေးထဲဝင်ပြီး တောင်ဝယ်မြောက်ဝယ် ၀ယ်လိုက်မိတာ ပါလာတဲ့ဘတ်ငွေ
ကုန်သွားတာကြောင့် ဈေးထဲမှာပဲ ငွေလဲရပါတော့တယ်။ သူတပါးအခက်အခဲတွေ့ရင် ဘယ်လိုမှမနေနိုင်ပဲ
အမြတ်ထုတ်ရမှ ကျေနပ်ကြတဲ့ ရွှေမြန်မာတွေပီပီ သာမန်ပေါက်ဈေးထက်သိသိသာသာကြီးများနေတဲ့ မတန်တဆပေါက်ဈေးနဲ့ ဘတ်လဲခဲ့ရပါတယ်။ ဘတ်မရှိရင်မဖြစ်တာကြောင့် သိသိချည်းနဲ့ လဲခဲ့ရပါတော့တယ်။
စိတ်ထဲမှာတော့ ဒါကြောင့်လည်း “သခင်မျိုးဟေ့၊တို့မြန်မာ”ဘ၀ကနေ သခင်မျိုးဟေ့၊တို့မပါ”လို့ ပြောင်းအော် နေရတာပေါ့လို့ စိတ်ပေါက်ပေါက်နဲ့တွေးမိခဲ့ပါတယ်။ ဒါလည်း အတွေ့အကြုံပေါ့လေ။
မဲ့ဆောက်မြို့ထဲမှာ လည်လို့ပတ်လို့ပြီးသွားတဲ့ နေ့လည် ၂ နာရီလောက်မှာတော့ လိုင်းကားပေါ်ပြန်တက်လို့ မဲ့ဆောက်မြို့ကိုနှုတ်ဆက်ခဲ့ပါတယ်။ အပြန်ကားခက ဘတ် ၃၀ ဖြစ်နေပါတယ်။ ဈေးကြီးတယ်ဆိုပြီး မပြန်လို့လည်းမဖြစ်တာမို့ ကျေကျေနပ်နပ်ကြီးပေးပြီး ပြည်တော်ပြန်ခဲ့ပါတယ်။ မယ်သော်ဆိပ်ကမ်းရောက်တော့ သောင်ရင်းချောင်းထဲမှာ လူတွေပြည့်နေပါပြီ။ မူးမူးရူးရူးနဲ့ ရေစပ်မှာအိပ်နေသူတွေက အိပ်နေတာ တွေ့ခဲ့ပါသေးရဲ့။ နေကလည်း မခံမရပ်နိုင်အောင် ပူလွန်းနေတာကြောင့် သင်္ကြန်ရေကစားသူတွေ အနားယူလေ့ ရှိကြတဲ့ ရေပူဘက်ကိုပြေးခဲ့ရပါတယ်။ ရေပူရောက်ကြတော့ ရေထဲမှာရော၊ ကမ်းပေါ်မှာပါ လူတွေပြည့်နေပါပြီ။ လူများများကြားထဲမှာ မနေတတ်တဲ့ စာရေးသူတို့နှစ်ယောက်ကတော့ လူရှင်းတဲ့  ချောင်းစပ်မှာသွားထိုင်လို့ သူများတွေရေကူးနေကြတာထိုင်ကြည့်နေလိုက်ပါတယ်။ ရေစပ်မှာ  Beer ဘူးခွံတွေလိုက်ကောက်နေတဲ့ အမျိုးသမီးတစ်ယောက်ကိုတွေ့လို့ တစ်ဘူးဘယ်လောက်ရလဲလို့ စပ်စုမိတာ အရင်ကတော့ ၁၉ ကျပ်ရတယ် အခုတော့ ၁၅ ကျပ်ရတယ်လို့ဖြေပါတယ်။ သူ့လက်ထဲမှာတော့ ဘူး၅၀ ကျော် ၆၀ လောက်ပါမဲ့ အိပ်ကြီးကိုင်ထားပါတယ်။ ဒီသင်္ကြန်ရက်အတွင်းမှာပဲ ၄၊ ၅သောင်းတော့ ရနိုင်တာပဲလို့တွေးရင်း မုဒိတာပွားမိပါတယ်။ ရေပူမှာလည်း သင်္ကြန်ပျော်တွေက များပါဘိ.....
ရေပူချောင်းရေစပ်မှာ ထိုင်ပြီး ညနေ ၄ နာရီလောက်မှာတော့ လူလည်းမျက်တောင်တွေစဉ်းလာတော့တာမို့ အိမ်ပြန်ကြဖို့ နှစ်ဦးသဘောတူဆုံးဖြတ်ကြပြီး ဆိုင်ကယ်ပေါ်တက်လို့ ၂၀၁၀ မြန်မာ့ရိုးရာ မဟာသင်္ကြန်
ပွဲတော်ကြီးကို နှုတ်ဆက်လိုက်ပါတယ်။ ည ၇ နာရီခွဲရင်တော့ ကိုယ့်ဒုက္ခကိုယ်ရှာလို့ မန်ယူ၊ မန်စီးတီးပွဲကို အားပေးရဦးမယ် မဟုတ်ပါလား။ ။
Saturday, 17 April 2010
၂၀၁၀ သင်္ကြန်ခရီးစဉ် ( ဘားအံကအပြန် )
သင်္ကြန်အကျနေ့ မနက် ၇ နာရီလောက်မှာ တည်းခိုခန်းကထွက်ပြီး ဘားအံသင်္ကြန်ကို စာရေးသူတို့ဇနီးမောင်နှံ လှည့်ကြည့်ဖြစ်ပါတယ်။ ကားလမ်းမကြီးပေါ်မှာတော့ မဏ္ဍပ်တွေအတော်များများတွေ့ရပါရဲ့။ရေကစားသူ အများစုကတော့ ကမ်းနားလမ်းမှာရှိမယ်လို့ စာရေးသူယူဆပြီး ကမ်းနားဘက်ကိုဆင်းကြပါတယ်။ ဘာကြောင့်လဲဆိုရင် ကမ်းနားဆိုတာ ရေအများဆုံးရှိတဲ့ နေရာမဟုတ်လား။ ကမ်းနားဘက်ရောက်တော့ မဏ္ဍပ်တွေတသီတတန်းကြီးတွေ့ရပါရော။ ရိုးရာသင်္ကြန်ရဲ့အငွေ့အသက်တော့ မတွေ့ရတော့ပါ။ တူးပို့တူးပို့သံလည်းမကြားရ ပိတောက်လဲမမြင်ရပါ။ ရပ်ကွက်အလိုက်ဧည့်ခံ မဏ္ဍပ်တွေမှာတော့ ယိမ်းတွေကနေတာတွေ့ပါရဲ့။ ကလေးတွေက ကကြပြီး လူကြီးတွေူကတော့ ကျကျနနထိုင်ပြီးမူးနေကြတော့ အရသာပျက်ရပါရော။ ချာတိတ်တွေရှိတဲ့ မဏ္ဍပ်လေးတွေမှာတော့ “ကိုကြီးကျော်၊ ကိုကြီးကျော်”ဆိုတဲ့ အသံတွေပဲ ကြားခဲ့ရပါရဲ့။ အင်း “ အရက်သမားမှန်ရင်လေ ယှဉ်ပြိုင်ကာသောက်လိုက်ချင်ရဲ့၊ ကြက်သမားမှန်ရင်လေ ယှဉ်ပြိုင်ကာတိုက်လိုက်ချင်ရဲ့” ဆိုတော့လည်း အားရစရာကြီးမဟုတ်လား။
စာရေးသူတို့နှစ်ယောက်လည်း ယောင်ချာချာနဲ့ ကမ်းနားလမ်းတလျှောက်မောင်းလာကြတာ လမ်းမကြီးပေါ်ပြန်တက်တဲ့လမ်းပျောက်သွားပြီး ဘားအံအစွန်ကရွာရောက်သွားမှ နောက်ကြောင်းပြန်လှည့်ပြီး
လမ်းပြန်ရှာရတယ်။ မဏ္ဍပ်တွေရှေ့နှစ်ခါဖြတ်ရတော့တာပေါ့။ မရောက်ဖူးလို့သွားတာဆိုပေမယ့် ရေအားပြင်းပြင်းနဲ့ပက်ခံရလို့ မျက်စိတွေ၊ နားတွေ တစ်ခုခုဖြစ်သွားမှာတော့ ကြောက်ပါရဲ့။ ဒါကြောင့် မျက်နှာ
ထားကို ခပ်တည်တည်ပြင်ပြီးတစ်လမ်းလုံး လက်ကာပြပြီးမောင်းခဲ့ပါတယ်။ မျက်နှာတင်းတင်းနဲ့ဆိုတော့ တပ်ကအရာရှိကြီးကြီးမှတ်ကြလို့ထင်ပါရဲ့ ကလေးတွေခမျာ ရေမပက်ရဲကြတော့ပါ။ မဏ္ဍပ်တွေကျော်သွားမှ စာရေးသူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ရယ်ကြရပါတယ်။ မဏ္ဍပ်တွေကြားမှာ ရေမစိုအောင်သွားခဲ့တာကတော့ တကယ့်အမှတ်တရပါပဲ။
မနက် ၁၀ နာရီခွဲလောက်မှာ ဘားအံမြို့ကိုလည်း နေရာစုံသလောက်ရောက်ခဲ့ပြီမို့ အပြန်ခရီးစခဲ့ပါတယ်။လမ်းတစ်လျှောက်လုံး အနီးအနားဒေသတွေက ဘားအံကိုလာလည်ကြတဲ့ ချာတိတ်တွေရဲ့ ဆိုင်ကယ်တန်းတွေနဲ့ မကြာမကြာဆုံပါတယ်။ လူငယ်လေးတွေအားလုံး အနက်ရောင်တွေချည်းပဲဝတ်ထားကြပြီး မျက်နှာတွေမှာ make up တွေနဲ့ ကြောင်ကြောင်ကြားကြားတွေချယ်ထားလိုက်သေးတယ်။ လက်သည်းတွေကလည်း အမည်းရောင်တွေဆိုးထားလိုက်ကြသေးတယ်။ ဒီနေ့ခေတ်စားနေတဲ့ Punk ဆိုတဲ့ style တွေပေါ့။ သူတို့လေးတွေကတော့ကိုယ့်ကိုယ်ကို လှတယ်ထင်မလားမသိ။ စာရေးသူကတော့ သူတို့ကို သနားမိပါတယ်။ စဉ်းစားကြည့်ပါ။ နေကပူရတဲ့ကြားထဲ အပူစုပ်တဲ့ အနက်ရောင်တွေချည်းဝတ်ထားတဲ့အပြင် မျက်နှာက make up တွေနဲ့ဆိုတော့ ဒီငတလေးတွေ ဘယ်လောက်ပူလောင်နေကြမလဲ။ ယဉ်ကျေးမှုကျောင်းဆင်း ဒီချာတိတ်လေးတွေ ၀တ်ထားတဲ့ T shirt ရင်ဘတ်ကစာသားကိုမြင်တော့ စာရေးသူတို့နှစ်ယောက်လုံးခေါင်းကြီးသွားပါရော။ဟုတ်တယ်လေ၊လက်ခလယ်တစ်ချောင်းထောင်ထားတဲ့ပုံအောက်မှာ Fuck यू လို့ပါရေးထားတော့ ဘယ်လောက်ရိုင်းစိုင်းလိုက်လဲ။ တချို့သတ္တ၀ါလေးတွေက အဲဒီစာလုံးကြီးတွေကို အလံမှာရေးပြီး တလူလူတောင်လွှင့်သွားလိုက်ချေသေးတယ်။ ကောင်းရော။ စာရေးသူကတော့ ဒီငတတွေကို
ငမည်းကောင်တွေလို့ပဲ ကိုယ့်ဖာသာ နာမည်ပေးလိုက်ပါတယ်။ ဟုတ်တယ်လေ အတွင်းရော၊ အပြင်ပါ ဖြူမှမဖြူတော့ပဲ။
တစ်လမ်းလုံး ငမည်းကောင်တွေကိုရှောင်ရင်းတိမ်းရင်း တဖြည်းဖြည်းမောင်းခဲ့ရပါတယ်။ ငမည်းတွေကလည်း အထီးတွေရော၊ အမတွေပါစုံနေတော့ စာရေးသူမှာ ဒီဘက်ခေတ်ကြီးထဲ ကလေးမွေးဖို့တောင် တော်တော်လန့်သွားပါရော။ မတော် ကိုယ့်ကလေးပါ ငမည်းဂိုဏ်းဝင်သွားရင် ဒုက္ခ။ ဒီဘက်ခေတ်မှာ ကိုယ့်အသက်ကလူလတ်ပိုင်းရောက်နေတာပဲ ကျေးဇူးတင်ရမယ်။ ကိုယ့်အရွယ် ခပ်ငယ်ငယ်ဆိုရင် ကိုယ်ပါ
ငမည်းဘ၀နဲ့ ဒုက္ခရောက်ရချေရဲ့။ ဒီဘက်ခေတ်ချာတိတ်မလေးတွေကလည်း ငမည်းမှပဲ လူထင်တော့တာ မဟုတ်လား။
ဘားအံအလွန် လမ်းဘေးမှာ ထန်းရည်ဆိုင်လေးတွေ့တော့ ဆိုင်ကယ်ရပ်ပြီး နည်းနည်းသောက်ကြည့်ဖြစ်သေးတယ်။ နေပူတော့ ဆီတွေဘာတွေအောင့်မှာ ကြောက်လို့။ အင်း । । । ဒါလည်း ဆင်ခြေပါ။တကယ်တော့ ထန်းရေမသောက်ရတာ လေးငါးနှစ်ရှိပြီမို့ သောက်ကြည့်တာ။ တစ်မြူကိုမှ ၃၀၀ ပဲပေးရတော့ ဈေးပေါလွန်းလို့ တအံ့တသြဖြစ်ရသေးတယ်။ ဟုတ်တယ်လေ Beer တစ်ဘူးဆိုရင် အနည်းဆုံးတော့ ၇၀၀ မဟုတ်လား။ အန္တရာယ်ကင်းပြီး ဓါတုဆေးဝါးမပါတဲ့ ထန်းရေက ဈေးအများကြီးသက်သာနေပါတယ်။
ထန်းရေဆိုင်ကထွက်ပြီး လမ်းမှာနားရင်းမောင်းရင်းလာလိုက်တာ သူများတွေ ၃ နာရီသာသာလောက်ပဲမောင်းရတဲ့ ခရီးကို ၄ နာရီခွဲကြာအောင်မောင်းပြီး ကော့ကရိတ်ကို ညနေ ၄နာရီထိုးမှရောက်ပါတော့တယ်။ ကော့ကရိတ်နဲ့သိပ်မဝေးတော့တဲ့ ကျုံဒိုးမြို့မှာ မနက်စာစားခဲ့ကြပါတယ်။ ကျုံဒိုးမီးပုံပွဲကျင်းပတဲ့ ကွင်းကြီးဘေးကဆိုင်မှာ။ ကျုံဒိုးမီးပုံပွဲဆိုတာ ကရင်ရိုးရာပွဲပါ။ ကရင်နှစ်ကူးပွဲလိုပဲ စည်ကားပါတယ်။ လူတွေထောင်သောင်းချီပြီး လာကြတဲ့ပွဲကြီးပါ။ ပွဲမရှိတဲ့အချိန်ဆိုတော့ ကွင်းကျယ်ကြီးပဲကျန်နေပါတယ်။ အမှတ်တရ ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။
ကျုံဒိုးမီးပုံပွဲ လုပ်တဲ့ကွင်းကြီးပါ .....
ကော့ကရိတ်ရောက်တော့ စာရေးသူတို့တည်းတဲ့ မိတ်ဆွေအိမ်သွားပြီး ရေမိုးချိုး၊ အ၀တ်လဲပြီး မြို့ထဲပြန်ထွက်လို့ မိတ်ဆွေတွေအိမ်သွားပြီး မျက်နှာပြရပါတော့တယ်။ သုံးနှစ်ကြာအောင်နေခဲ့ပြီး နောက်ထပ် သုံးနှစ်ကြာမှပြန်လာပြီး ဧည့်သည်ပြန်လုပ်တာဖြစ်လို့ သွားစရာအိမ်တွေကများနေပါတယ်။ ဒါပေမယ့် အရေးတကြီး မ၀င်ရင်မကောင်းတဲ့အိမ်တွေပဲ ၀င်ခဲ့ပါတယ်။ ဘယ်အိမ်မှာမှ ထမင်းမစားတော့ဘဲ ဆိုင်မှာပဲစားဖြစ်ကြပါတယ်။ တော်ကြာဟိုမှာစားပြီး ဒီမှာမစားရင် မကောင်းတတ်ဖူးမဟုတ်ပါလား။ ကော့ကရိတ်မှာ တစ်ညအိပ်ပြီး နောက်နေ့သင်္ကြန်အကျတ်နေ့မှာပဲ  တောင်တက်ခရီးကို မမောင်းရဲမောင်းရဲမောင်းလို့ မနက် ၅ နာရီမှာပဲ ခရီးစခဲ့ပါတော့တယ်။
၂၀၁၀ သင်္ကြန်ခရီးစဉ် ( ဘားအံ )
သင်္ကြန်အကြိုနေ့မနက် ၆ နာရီမှာကော့ကရိတ်ကနေစထွက်ခဲ့နေပေမယ့် မြို့ထဲကနေတကယ်ထွက်ကြတော့ ၉ နာရီခွဲနေပါပြီ။ ငယ်ငယ်ကတည်းကတွဲခဲ့တဲ့ ကျောင်းနေဖက်သူငယ်ချင်းက မြို့အထွက်ကတပ်မှာ တာဝန်ကျနေတယ်ဆိုလို့ရှာရတာနဲ့ပဲတစ်မနက်ခင်းကုန်သွားတယ်။စာရေးသူတို့သူငယ်ချင်းနှစ်ယောက်မတွေ့ဖြစ်ကြတာလည်း ၈ နှစ်ကျော် ၉နှစ်နီးပါးရှိပြီပေါ့။ ဆယ်တန်းအထိအတူတူကျောင်းတက်ခဲ့ကြပေမယ့် တက္ကသိုလ်တက်ကြတော့ ကွဲသွားကြပါတယ်။ စာရေးသူက ဆေး/မန်း မှာတက်ပြီး ကျန်တဲ့သူငယ်ချင်း၂ယောက်က စစ်/ဆေးမှာတက်ကြပါတယ်။ အဲဒီအချိန်ကတည်းက မတွေ့ဖြစ်ကြတာ အခုသူငယ်ချင်းတစ်ယောက်က မေ့ဆေးပါရဂူဗိုလ်ကြီးဖြစ်မှ အခုလို ပြန်ဆုံရပါရောလား။ ဒါတောင် တပ်ငါးခုလုံးနှံ့အောင်မွှေနှောက်ရှာဖွေမှတွေ့ရတယ်။ ငယ်ငယ်ကသူငယ်ချင်းတွေအကြောင်း ထွေရာလေးပါး ပြောကြပြီး နှုတ်ဆက်ခဲ့ရတယ်။ သူကလည်း မအား ကိုယ်ကလည်းသွားစရာရှိနေတယ်မဟုတ်လား။ တပ်ထဲမှာ လက်ဖက်ရည်ဆိုင်တောင်မရှိလို့ သူငယ်ချင်းကို လက်ဖက်ရည် တောင်မတိုက်ခဲ့ရပါဘူး။ ကျောင်းသားဘ၀တလျှောက်လုံးတွဲခဲ့ကြပေမယ့် တာဝန်တွေကိုယ်စီထမ်းကြရတော့လည်း ကြာကြာလည်း စကားမပြောအားကြတော့ပါ။
တစ်လမ်းလုံးဖြည်းဖြည်းပဲမောင်းလာခဲ့တာ ဘားအံကို နေ့လည် ၂နာရီခွဲမှပဲရောက်ပါတော့တယ်။ အကြိုနေ့ဆိုတော့ ရေတောင်သိပ်မပက် သေးပါ။ ဘားအံမြို့ကမြို့ကွက်ကျယ်ပြီး လူနေပါးတာကြောင့် လူနေထူထပ်တဲ့ ဒေသမှနေသားကျနေတဲ့ စာရေးသူတို့ ဇနီးမောင်နှံ အတွက်တော့ မျက်စိဆန်းလို့နေပါတော့တယ်။ စာရေးသူကလည်း ဘားအံကို ဖြတ်သွားဖြတ်လာသာ ရောက်ဖူးတဲ့အပြင် ဇနီးဖြစ်သူကရောက်တောင်မရောက်ဖူးတော့ယောင်ချာချာဖြစ်နေပါရော။ ဘားအံရောက်တုန်း ကျောင်းနေဖက် သူငယ်ချင်းကိုရှာမယ်လို့အားခဲထားတဲ့ ဇနီးသည်ကလည်း သူငယ်ချင်းလိပ်စာပါမလာခဲ့တော့ လူလည်ကြီး ဇနီးမောင်နှံ ဘားအံမှာတလည်လည်နှင့် ရှာပုံတော်ဖွင့်ရပါတော့တယ်။ နေပူပြင်းတာကြောင့်ထင်တယ် မြို့သူမြို့သားတွေက အိမ်ထဲမှာပဲအောင်းနေကြတာများပါတယ်။ လမ်းမေးဖို့တောင် လူတော်တော်ရှာယူရ ပါတယ်။ တစ်ခါမှမရောက်ဖူးကြပေမယ့် ပါးစပ်ပါရွာရောက်ဆိုတဲ့ထုံး နှလုံးမူပြီး ရှာလိုက်ကြတာ ၃နာရီကျော်ကျော်မှာပဲ ဇနီးသည်ရဲ့သူငယ်ချင်းတို့အိမ်ကိုရှာတွေ့ပါတယ်။ မမျှော်လင့်ပဲရောက်လာကြတာမို့ သူတို့လည်းဝမ်းသာကြပါတယ်။ စကားစမြည်ပြောဆိုပြီး ကော့ကရိတ်မှာ ရင်းနှီးခဲ့ကြတဲ့ စိုက်ပျိုးရေးခရိုင်မန်နေဂျာ ဦးဆင်မြူရယ်တို့ အိမ်ကိုအလည်ဝင်ဖြစ်ပါတယ်။ သုံးနှစ်ဆိုတဲ့ ကာလအတွင်းမှာစာရေးသူလည်းအတော်ကြီးပြောင်းလဲသွားပြီဖြစ်လို့ ခရိုင်ဂျာလည်းရုပ်တော်တော်ဖမ်းမှ စာရေးသူကို မှတ်မိပါတယ်။ တစ်ဦးတည်းသောသမီးက အဝေးမှာနေတဲ့ခရိုင်ဂျာတို့ဇနီးမောင်နှံလည်း စာရေးသူတို့ကို မထင်မှတ်ပဲ တွေ့ရတော့ သားသမီးတွေပြန်တွေ့သလို အတော်ပျော်ကြရှာပါတယ်။
ညနေ ၆ နာရီလောက်မှာတော့ ဘားအံကန်တော်ကြီးဘေးက ကန်သာယာတည်းခိုခန်းမှာ အခန်းတစ်ခန်းယူပြီး ခဏနားကြပါတယ်။ တစ်ည ၈၀၀၀ တန် အထူးခန်းဆိုပေမယ့် မီးမလာတော့ အဆင်မပြေပါ။ ပန်ကာလည်း မလည်နိုင် ရုပ်မြင်သံကြားလည်း မမြည်နိုင်ပါ။ ရာသီဥတုကပူလွန်းတော့ အခန်းထဲမှာ ပြုတ်ထားသလိုနေကြရပါတယ်။ ကြာကြာမခံနိုင်တော့တာကြောင့် ရေချိုးအ၀တ်လဲကြပြီး မြို့ထဲကို ထွက်ခဲ့ကြပါတယ်။ ဘားအံက ပြည်နယ်မြို့ဖြစ်တာကြောင့် မဏ္ဍပ်တော်တော်များပါတယ်။ ဖျော်ဖြေရေးကားတွေလည်း တော်တော်များများတွေ့ရပါတယ်။ စာရေးသူတို့နှစ်ယောက်လည်း ရောက်တုန်းရောက်ခိုက် လှည့်သွားကြည့်ကြတာ တစ်လမ်းကို နှစ်ခေါက်လောက်ဝင်မိတာ သတိထားမိတော့မှ ပြန်ခဲ့ကြပါတယ်။ ၈ နာရီလောက်မှာပြန်ရောက်ကြတော့ မီးလာနေပါပြီ။ ပန်ကာလေးဖွင့်လို့ရတော့ အပူနည်းနည်းသက်သာပါသေးတယ်။ အခန်းတံခါးက တည်းခိုခန်းရဲ့ စည်းကမ်းချက်ကိုဖတ်မိတော့ တော်တော်ရယ်ချင်သွားမိပါတယ်။ ကြည့်လေ . . .
သဘောကျစရာ စည်းကမ်းချက် .....
ပစ္စည်းပျောက်ရင်တာဝန်မယူလည်းပြောသေးတယ်။ အပြင်ထွက်တိုင်းသော့ကို မန်နေဂျာဆီမှာ အပ်ရမယ်ဆိုတော့ သဘာဝက သိပ်မကျ တော့ဘူးပေါ့။ သူပဲထိန်းသိမ်းမဲ့ပုံနဲ့သော့ကိုင်ထားပြီး ပျောက်ရင်တော့ကိုယ်ဖြစ်ကိုယ်ခံဆိုတော့ . . .အင်း . . . ၊ စဉ်းစားမိတာပါ။ ဘာရယ်မဟုတ်ပါဘူး။ သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ ဟပ်နေလို့နေမှာပါလို့ ကောက်ချက်ချရင်း အိပ်ရာဝင်လိုက်တာ ညသန်းခေါင် လောက်မှာ ဘယ်လိုမှ မအိပ်နိုင်တော့ပဲ ထပြီးတော့ တံခါးတွေအားလုံးဖွင့်ရပါရော။ မီးပြတ်သွားတာနဲ့ပူလိုက်တဲ့ ဘားအံမြို့ကြီးပဲ။ ချွေးတပြိုက်ပြိုက်နဲ့ ရေနွေးအိုးထဲမှာ ထိုင်နေရသလို ခံကြရပါတော့တယ်။ မချိမဆန့် ဒုက္ခခံကြရပြီး မနက်လင်းအားကြီးမှပဲ အိပ်ကြရတော့ မနက် ၇ နာရီလောက်ကျမှပဲ ထနိုင်ပါတော့တယ်။
အိပ်ရာထ၊ ရေချိုးပြီးတော့ ၈၀၀၀ တန် တည်းခိုခန်းကို သော့ခတ်လို့ မန်နေဂျာဆီသော့အပ်ပြီး နှုတ်ဆက်လိုက်ကြပါတယ်။ ဘားအံရဲ့ ရိုးရာသင်္ကြန်ကို ခဏတော့ လှည့်ပြီးလေ့လာကြဦးမယ်လေ . . .
Friday, 16 April 2010
၂၀၁၀ သင်္ကြန်ခရီးစဉ် . . .
ဒီနှစ် သင်္ကြန်ကတော့ ဘ၀တစ်လျှောက်လုံးမှာ ခရီးအသွားဆုံးသင်္ကြန်ပဲလို့ပြောရမယ်ထင်ပါရဲ့။ သင်္ကြန်အကြိုနေ့မတိုင်ခင်တစ်ရက်ကစပြီး ခရီးထွက်လိုက်တာ သင်္ကြန်အတက်နေ့အထိ ခရီးသွားလို့ ကောင်းတုန်းဖြစ်နေတယ်။ အကြိုနေ့မတိုင်ခင်တစ်ရက်က ကော့ကရိတ်ကို သွားဖြစ်ပါတယ်။ တောင်ပေါ်ကနေတောင်အောက်ကိုဆင်းတဲ့လမ်းဖြစ်တဲ့အပြင် တစ်ခါမှလည်း တောင်တက်တောင်ဆင်း လမ်းတွေကို ဆိုင်ကယ်မမောင်းဖူးတော့ ခပ်လန့်လန့်နဲ့ပဲ ဆင်းခဲ့ရတယ်။ တောင်ပေါ်လမ်းကလဲ ကြမ်းလိုက်တာ လွန်ပါရော။ တစ်လမ်းလုံးကျောက်ချွန်း၊ ကျောက်စတွေ ထိုးထိုးထောင်ထောင်နဲ့ လမ်းဘေးမကျအောင် အံကြိတ်ပြီးမောင်းရတယ်။ အောက်ကျရင်တော့ ပြန်လမ်းမဲ့ကျွန်းရောက်သွားမှာ သေချာတယ်။ ဘာကြောင့်လဲဆိုရင် အောက်ငုံ့ကြည့်ရင် ဘာမှမမြင်ရအောင်နက်တဲ့ ချောက်ကြီးက အဆင်သင့် စောင့်နေတာကိုး။
လမ်းကြမ်းလွန်းလို့ ညည်းမိတဲ့ စာရေးသူအတွက် တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမတွေ့ဖူးတဲ့ ဖုန်တောကြီးကဟီးထနေအောင်ကြိုနေပါရောလား။ ဖုန်ထုကသိပ်တော့မကြီးပါဘူး။ ဆိုင်ကယ်လဲမှာ စိုးလို့ခြေထောက်ထောက်လိုက်ရင် ဖိနပ်တစ်ရံလုံးဖုန်တောထဲမှာ ပျောက်သွားရုံလောက်ပါပဲ။ ထူလွန်းတဲ့ ဖုန်တောအောက်မှာ ကျောက်ချွန်တွေကအဆင်သင့်စောင့်နေကြပြန်ရော။ တစ်လမ်းလုံး အသက်တောင် ၀အောင်မရှူရဲဘဲ အံကြိတ်ပြီးမောင်းခဲ့ရတယ်။ စာရေးသူရဲ့နောက်ကထိုင်လိုက်တဲ့ ဇနီးသည်ခမျာ အထုပ်အပိုးတွေ တစ်ဖက်နဲ့ဆိုတော့ အသံတောင်မထွက်နိုင်ရှာတော့ဘူး။ စာရေးသူကလည်း လမ်း မကျွမ်းတဲ့အထဲမှာ ကားတန်းအတက်ရက်မှာ တောင်ပေါ်ကဆင်းခဲ့တာဆိုတော့ လမ်းကျဉ်းကျဉ်းလေးမှာ တောင်ပေါ်ကိုတက်လာတဲ့ ကားကြီးတွေကို ရှောင်ရတဲ့ဒုက္ခကလည်း သိပ်တော့မသေးလှပါ။ အရှောင် မတော်တစ်ကွေ့မှာ တောင်အောက်ကျသွားရင် ပွဲပြီးသွားဖို့များပါတယ်။ တစ်ရွေ့ရွေ့နဲ့မောင်းလာ လိုက်တာ တောင်အောက်ရောက်တော့မှပဲ အသက်၀၀ရှူရဲပါတော့တယ်။
ဆိုင်ကယ်တက်က်စီသမားတွေ တစ်ခေါက်ဆင်းရင် ၇၀၀၀ ယူတာအစကများတယ်ထင်ပေမယ့် အခုမှမများမှန်းသိသွားပါရော။ လမ်းတစ်ဝက်မှာ ဆိုင်ကယ်တစ်ခုခုဖြစ်လို့ကတော့ ဒုက္ခနဲ့ လှလှကြီး တွေ့မှာသေချာပေါ့။ စာရေးသူကတော့ကံကောင်းလွန်းတယ်လို့ဆိုရပါမယ်။ ကော့ကရိတ်အ၀င် ရောက်မှပဲ ဆိုင်ကယ်ဘီးပေါက်ပါတယ်။ ဘီးဖာရင်းထမင်းပါစားလိုက်ကြတယ်။ ခရီးပမ်းတာကြောင့် ထမင်းလည်းစားလို့မ၀င်ပါ။ ၆ နာရီကနေဆင်းတာ ၉ နာရီခွဲမှပဲအောက်ရောက်တော့ ၃ နာရီခွဲလောက် မောင်းရတယ်ဆိုရမယ်။ လမ်းကြောကျွမ်းတဲ့လူဆိုရင်တော့ ၂ နာရီသာသာပဲမောင်းရတယ် လို့ပြောသဲံကြား ရပါတယ်။ ဘာပဲဖြစ်ဖြစ် တောင်ပေါ်လမ်းဆိုင်ကယ်မောင်းဖူးသွားတဲ့ အတွေ့အကြုံကတော့ ကောင်းကောင်းကြီးရသွားတယ်ဆိုရမှာပေါ့။
ဖုန်သိပ်မများဘူးနော် . . .
ကော့ကရိတ်မြို့ဆိုတာ စာရေးသူလွန်ခဲ့တဲ့ သုံးနှစ်ကရင်ပြည်နယ်ကို စရောက်တော့ နေခဲ့တဲ့မြို့ပါ။ အရင် ကတော့အထိုက်အလျောက်စည်ကားခဲ့တယ်လို့ပြောသံကြားရဖူးပါတယ်။ ဒါပေမယ့် စာရေးသူရောက်ချိန် မှာတော့ မြို့ကသေနေပါပြီ။ ရေ၀င်ရေထွက်မရှိတဲ့ ရေသေအိုင်လိုဖြစ်နေပါပြီ။ ဘားအံ-မြ၀တီလမ်းပိုင်း ပေါ်မှာရှိပေမယ့် မစည်ကားတော့ပါ။ ၃နှစ်ကြာပြီးမှ ပြန်ရောက်တော့လည်း ထူးပြီးတိုးတက်လာတာ မတွေ့ရပါ။ အိမ်တွေပိုပြီးဟောင်းသွားတာရယ် လူတွေပိုပြီးအသက်တွေကြီးလာကြတာရယ်သာတွေ့ရ တယ်။ ဆိုင်တွေဖွင့်ပြီးထိုင်နေကြတာပဲတွေ့ရပါတယ်။ မြို့ကလူတွေကြည့်ရတာလည်း တက်တက်ကြွကြွ မရှိပါ။ ရသလောက်နဲ့ရောင့်ရဲနေကြတယ် ထင်ပါရဲ့။ မနက်မိုးလင်းကတည်းက အလုပ်နဲ့လက် မပြတ် အောင်လုပ်နေရတဲ့ စာရေးသူကတော့ ဒီမြို့ကလူတွေကို ကြည့်ပြီးအံ့သြမိပါတယ်။ ဘာပဲဖြစ်ဖြစ် မိတ်ဆွေ ဟောင်းတွေနဲ့ပြန်တွေ့ရတာကိုတော့ ၀မ်းသာရပါတယ်။
ကော့ကရိတ်မှာတစ်ညအိပ်ပြီး နောက်တစ်ရက် သင်္ကြန်အကြိုနေ့မှာပဲ စာရေးသူတို့ဇနီးမောင်နှံ မနက် ၆ နာရီထိုးထပြီး ကရင်ပြည်နယ်ရဲ့မြို့တော် ဘားအံကိုဆိုင်ကယ်နဲ့ထွက်ခဲ့ကြပါတယ်။
    Sunday, 11 April 2010
    လရောင်ဝေးတဲ့ မိုင်တိုင်သစ်
    ဧပြီ ဆယ့်တစ်
    ရက်ဆန်းသစ်၍
    မွေးနေ့တစ်ခါရောက်ပြန်ပြီ...
    နာရီ၊ ရာသီ
    မတည်ပြောင်းရွှေ့
    မေ့ထားနိုင်လျှင်
    မေ့နိုင်ချင်မိ
    အပြစ်ရှိ၍ အားငယ်သည်...
    တစ်နှစ်တစ်နှစ်
    တွက်စစ်ကြည့်လျှင်
    နေ၀င်နေထွက်
    ဆက်လက်ရုန်းကန်
    ငါရှင်သန်ခဲ့
    မနက်ဖြန်လည်းထိုသို့သာ...
    ဧပြီ ဆယ့်တစ်
    တစ်နှစ်ကုန်တိုင်း၊ မျက်ရည်ဝိုင်းမိ
    မိဝေးဖကွာ၊ သူ့ရပ်ရွာဝယ်
    ကျရာဆေးစက်၊ မျက်ရည်စွက်၍
    နေ့တိုင်းညစဉ်၊ အရုပ်ထင်စေ
    ရုန်းကန်နေလည်း
    ဌာနေဟောင်းကို လွမ်းမိုးစွေ...
    သြော် . . .
    ပျော်ရာတော်ရာ
    ဘယ်မှာနေနေ၊ တာဝန်ကျေ၍
    လူ့ပြည်လောက အလှဆင်စေ
    ကြိုးပမ်းနေသမျှ
    မိဘကျေနပ်၊ မွေးကျိုးနပ်မည်
    စိတ်ကရည်မိ
    မချိသော်လည်း ပြုံးပါ့မည်...
    ဆယ့်တစ်ဧပြီ၊ မွေးနေ့ဆီမှ
    ဘ၀ပြောင်းရွှေ့၊ သေနေ့အထိ
    ငါ၏ပညာ၊ ငါစွမ်းရာဖြင့်
    လူနှင့်လောက၊ အကျိုးလှအောင်
    ငါစွမ်းဆောင်မည်၊ မျှော်မှန်းရည်သည်
    နှစ်ရှည်လများ
    ခွဲခွာထားသော
    ငါ့အားမိဖခွင့်လွှတ်စေ ... ။ ။
    ဟန်ကြည်
    Friday, 9 April 2010
    ဘ၀နဲ့ပတ်သက်လို့. . .
    ဘ၀ဆိုတာ သိပ်ထူးဆန်းပါလားလို့ မနေ့ကတွေးမိပါတယ်။
    မနေ့က ( ၉.၄.၁၀ ) စာရေးသူ အမေ့အိမ်ကထွက်လာခဲ့တာ ခြောက်နှစ်တင်းတင်းပြည့်တဲ့နှစ်ပါ။ အချိန်တွေကုန်တာ သိပ်မြန်လွန်းတယ်လို့ တွေးမိပါတယ်။ ကိုယ့်ကိုယ်ကိုပြန်စဉ်းစားကြည့်ရင် မနေ့တစ်နေ့ကမှ ဆယ်တန်းအောင်ခဲ့တယ်လို့ ထင်နေမိတုန်းပါပဲ။ မွေးနေ့ရောက်ဖို့်လည်း နှစ်ရက်ပဲ လိုပါတော့တယ်။ အသက်ကြီးပြီလို့တော့ မပြောနိုင်သေးပေမယ့် မငယ်တော့ဘူးလို့တော့ ပြောရတော့မဲ့ အရွယ်ရောက်လာပါပြီ။ ၂၃ နှစ်သားအရွယ်ကစပြီး လူ့လောကကြီးထဲမှာ လူးကာလှိမ့်ကာနဲ့ ဖြတ်သန်းခဲ့ပါတယ်။ ကိုယ့်နောက်ပြန်ကြည့်ရင်လည်း ကျောပဲရှိခဲ့တာပါ။ အရင်းအနှီးဆိုတာလည်း ခေါင်းတစ်လုံးစာဦးဏှောက်နဲ့ အသိဉာဏ်ကလွဲပြီး ငွေကြေးဆိုတာ ဗလာနတ္တိ။ ဘာတွေဘယ်လောက်ရင်ဆိုင်ခဲ့ရမယ်ဆိုတာ ဖြတ်သန်းဖူးသူတိုင်းကိုယ်ချင်းစာကြည့်လို့ရပါတယ်။ခြောက်နှစ်ဆိုတဲ့
    ကာလအတိုင်းအတာတစ်ခုကျော်လွန်ပြီးချိန်မှာတော့ အသက်ရှူချောင်စပြုလာခဲ့ပါပြီ။ ဒါပေမယ့် ကျောင်းကသင်ပေးလိုက်တဲ့ ပညာတွေထက် အဆပေါင်းများစွာ ပိုပြီးခက်တဲ့
    မြန်မာ့လူမှုရေးပညာဆိုတာကြီးကို ဒီအချိန်ထိတပင်တပန်းလေ့လာနေရဆဲပါ။
    မနေ့ကမြို့ထဲကိုသွားရင်း ကွန်ပြူတာဆိုင်မှာ ငယ်ငယ်ကကျောင်းနေဖက်သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ ပြန်ဆုံကြပါတယ်။ သူကတော့ အရင်ကလိုပိန်ပိန်ပါးပါးပဲဆိုတော့ စာရေးသူကမှတ်မိပါတယ်။ ဒါပေမယ့် ငယ်ငယ်ကလိုပိန်ပိန်သေးသေးမဟုတ်တော့တဲ့စာရေးသူကိုတော့သူငယ်ချင်းခမြာ ရုပ်တော်တော်ဖမ်းကြည့်ပြီးမှ မှတ်မိပါတယ်။ အရင်တုန်းကလို မျက်နှာထားမျိုးမရှိတော့ရုပ်ဖမ်းရတာ ပိုခက်သွားမှာပေါ့။ ဘ၀ရဲ့ အထုအထောင်းတွေကို တနင့်တပိုးကြီး ခံထားခဲ့ရတဲ့နောက်မှာတော့ ကျောင်းသားဘ၀က အပြုံးမျိုးဘယ်မှာ ရှိနိုင်ပါတော့မလဲ။ အချိန်မတိုင်ခင် အမြန်ရင့်လိုက်ရတဲ့ စာရေးသူမှာတော့ ရွယ်တူသူငယ်ချင်းတွေထက် ပိုလို့တောင် ရင့်ကျက်နေမှာတော့ သေချာပေါ့။
    သူငယ်ချင်းကစာရေးသူ ဆေး/မန်းမှာတက်ချိန်မှာ စစ်/ဆေးမှာတက်တာဖြစ်လို့ အခုတော့ စစ်သားတစ်ပိုင်း၊ ဆရာဝန်တစ်ပိုင်း ဖြစ်နေပါပြီ။ သူတို့တွေက စာရေးသူတို့ထက် ကျောင်းဖွင့်တာ စောလို့အခုဆိုရင် M.Sc လို့ ဓာတ်မှန်ပါရဂူတောင်ဖြစ်နေပါပြီ။ တပ်ရင်းဆေးမှူးဘ၀နဲ့ စာရေးသူနေတဲ့ မြို့နဲ့မနီးမဝေးကတပ်မှာ လာပြီး တာဝန်ကျပါတယ်။ အသက်၂၂ လောက်က ကွဲသွားကြတာ ၃၀ နားနီးမှပဲ ပြန်ဆုံကြရတာပါ။ တာဝန်တွေကိုယ်စီ
    ရှိနေကြသူတွေမို့ တစ်မြို့တည်းမှာ ခုလိုဆုံဖို့ဆိုတာ ကြုံတောင့်ကြုံခဲပါ။ သူပြောင်းသွားရင်လည်း နောက်ထပ်ဆုံ
    ကြဖို့ နောက်ထပ် ၁၀ နှစ်လောက်တော့ ကြာဦးမယ်ထင်ပါရဲ့။
    သူငယ်ချင်းကတော့ ခုချိန်ထိအိမ်ထောင်မပြုသေးဘဲ လူပျိုကြီးလုပ်နေတာဖြစ်တဲ့အပြင် တပ်ထဲမှာနေတာမို့ စာရေးသူလောက်တော့ လူမှုဒုက္ခတွေမခံစားရတာတော့ သေချာပါတယ်။ အရင်ကတော့ ကိုယ့်ကိုယ်ကို ၀မ်းနည်းသလိုရှိခဲ့ပေမယ့် အခုတော့ သူငယ်ချင်းတွေထက် ကိုယ်ကပိုပြီး ရင့်ကျက်တည်ငြိမ်နေတာတွေ့ရတော့
    နည်းနည်းတော့ ဖြေသာသလိုရှိလာပါတယ်။ ဒါကြောင့်လည်း အနင်းခံနိုင်သောစပါး သန်သည်လို့ တိုင်းရင်းသား
    စကားပုံရှိတာ ဖြစ်ပါလိမ့်မယ်။ အင်း ... အနင်းခံရင်းနဲ့ လျှာထွက်မသွားခဲ့တာလည်း တော်တော်ကံကောင်းခဲ့ပါရဲ့။
    စာရေးသူက သူတကာတွေလို ကံပစ်ချရာပျော်ပျော်ကြီးနေပြီး ဘ၀ခရီးကို အရသာရှိရှိ မဖြတ်သန်းတတ်သူ ဆိုတော့ တော်တော်ပင်ပန်းခဲ့ပါတယ်။ ရတဲ့အနေအထားကို အကောင်းဆုံးဖြစ်အောင် ကြိုးစားရင်းနဲ့ ခုချိန်ထိ ဇိမ်
    မခံရသေးပါ။ ကိုယ်တိုင်ကလည်း အလုပ်မရှိရင် ဖျားချင်သလိုဖြစ်တတ်ပါသေးတယ်။ workholic များဖြစ်နေပြီလားလို့လည်း တစ်ခါတစ်ခါတွေးမိပါရဲ့။ အိမ်မှာထက်၊ အပေါင်းအသင်းတွေနဲ့ထက် အလုပ်ထဲမှာ ပိုပျော်တာတော့ အသေအချာပါ။ တစ်ခါတစ်ခါ ငါ့ဘ၀နှယ်သူများပျော်သလိုတောင် မပျော်တတ်တဲ့ဘ၀ ဆိုပြီး စိတ်မကောင်း ဖြစ်မိပေမယ့် ဒါကြောင့်လဲ ခုလိုလေး လူချင်းတူတူနေရတာဆိုပြီး ဖြေရတာလည်းအခါခါပါ။
    ရည်မှန်းချက်တွေကလည်း တသီတတန်းကြီးထားတတ်သူမို့ လုပ်စရာတွေရော၊ လုပ်ချင်တာတွေရော တပုံတပင်ကြီး ရှိနေတတ်ပါတယ်။ တစ်ခါတစ်ခါလည်း ဇနီးသည်ကိုတောင် အားနာမိပါတယ်။ ကိုယ်တိုင်က စာအုပ်တစ်အုပ်
    လောက်ရှိရင်ပျော်တတ်သူဖြစ်တော့ သာမန်လူတွေလို ပျော်ချင်တဲ့ သူ့ခမျာမှာတော့ ဒုက္ခရောက်ချင်ရောက်ရှာပါ
    လိမ့်မယ်။ ဒါပေမယ့် သူများတွေလို စိတ်ထဲကမပါဘဲ လျှာဖျားလေးနဲ့မပြောတတ်တဲ့ စာရေးသူကတော့ ဒီနေ့အထိ ချစ်ခြင်းမေတ္တာကို အပြောနဲ့မဟုတ်ဘဲ ယောက်ျားကောင်းတစ်ယောက်ဖြစ်အောင်နေထိုင်ခြင်း၊ ရိုးသားကြိုးစားခြင်း၊ သစ္စာရှိခြင်းတွေနဲ့သာ သက်သေပြနေဆဲပါ။
    လူ့ဘ၀ဆိုတာ တကယ်တော့ တိုတိုလေးပါ။
    ကိုယ့်အသက်လည်း အသက် ၃၀ကျော် ဆိုတော့ ဘ၀တ၀က်တောင်ကျိုးလုလုပေါ့။လောဘတွေ၊
    ဒေါသတွေနဲ့ နေ့စဉ်ကြုံတွေ့နေရတာတော့ မကောင်းမှန်းလည်းသိပါရဲ့။ ဒါပေမယ့် လူ့လောကီရဲ့သဘာဝမို့ မရှောင်သာပါ။ အတ္တနဲ့ ပရမျှတအောင် နေထိုင်ရင်း မိမိရဲ့ရှင်သန်ခြင်းဟာ လောကနဲ့လူသားတွေအတွက် အကျိုး
    ရှိအောင်ကြိုးစားဆဲပါ။ အသက် ၄၅ နှစ်လောက်ရောက်ရင်တော့ ပြင်ဦးလွင်မှာအေးအေးချမ်းချမ်းနေပြီး လောကကြီးရဲ့အလှတွေကို အတိုးချပြီး ခံစားလိုက်ပါဦးမယ်။ တိမ်တွေလေနဲ့မျောနေတာ၊ နေ၀င်နေထွက်တာက
    စပြီး ငှက်ကလေးတွေ သီချင်းဆိုတာအထိ အရသာရှိရှိခံစားလိုက်ဦးမယ်။
    လောလောဆယ်တော့ ... အင်း...
    Thursday, 8 April 2010
    “ မိမိပစ္စည်း၊ မိမိတာဝန် ... ”
    • စာရေးသူတို့ ဆယ်တန်းကျောင်းသားဘ၀တုန်းက မြန်မာစာသင်ပေးတဲ့ ဆရာကစာရေးဆရာပါ။ မြန်မာစာကို တော်တော်မြတ်နိုးတဲ့ဆရာပါပဲ။ စာရေးသူတို့လည်းငယ်ငယ်ကတည်းက ဆရာရတာကံကောင်းတယ်လို့ဆိုရပါလိမ့်မယ်။ မြန်မာစာကို တကယ့်ကိုလေးစားတန်ဖိုးထားတဲ့ ဆရာဆရာမတွေနဲ့ပဲ ဆုံခဲ့ရပါတယ်။သင်ခန်းစာထဲက ကဗျာတွေသာမက အပြင်ကကဗျာတွေပါ ရေးပေးပြီးနေ့စဉ် စာသင်ချိန်စတာနဲ့ ဖတ်ခိုင်းလေ့ရှိတဲ့ ငါးတန်းတုန်းက ဆရာကြီးကိုလည်း အခုထိသတိရနေဆဲပါ။ အဲဒီတုန်းကတော့ ဆရာ့ကြောက်လို့သာဖတ်ခဲ့ရပေမယ့် ဘာအရသာမှလည်း မတွေ့ခဲ့ရိုးအမှန်ပါ။ ဒါပေမယ့် နေ့စဉ်ဖတ်ခဲ့ရတာဆိုတော့ ကဗျာတွေကအလွတ်ရနေပြီး အခုအချိန် ရောက်မှ စဉ်းစားမိတိုင်းအရသာကို ရှိနေပါပြီ။
    • မှတ်မိပါသေးတယ်။ စာရေးသူ ခြောက်တန်းကျောင်းသားဘ၀ကပါ။ “ပန်းငွေမိကျောင်း”ဆိုတဲ့ ကဗျာကိုသင်တော့ စာရေးသူကရှေ့ဆုံးတန်းမှာထိုင်ပြီး မိကျောင်းကို မိချောင်းလို့ စာလုံးပေါင်း မှားပါလေရော။ အဲဒီမှာတင် မြန်မာစာဆရာ ဦးခင်မောင်ကြည်ကဘာမှပြောမနေဘဲ စာရေးသူရဲ့နဖူးကိုလက်သီးနဲ့ခပ်ဆတ်ဆတ်လေးနှက်လိုက်တာ အာလူးသီးထလာပါတယ်။ မှတ်မှတ်ရရ အဲဒီနေ့က မိကျောင်းနဲ့တင် အတန်းသားတ၀က်ကျော် အာလူးဟင်းစားခဲ့ရပါတယ်။ စာလုံးပေါင်းသတ်ပုံကို အဲဒီလောက်တောင် ဂရုတစိုက်ရှိခဲ့ကြတာပါ။ ဒါကြောင့်လဲ စာရေးသူတို့ခေတ်တုန်းက ကျောင်းသားတွေဟာလက်ရေးသာမလှတာ ရှိချင်ရှိပါလိမ့်မယ်။ စာလုံးပေါင်းတော့ တော်ရုံတန်ရုံ မှားခဲကြပါတယ်။
    • ပြီးတော့ စာရေးသူတို့ ကျောင်းသားငယ်ဘ၀က အတန်းချိန်အားရင် တစ်ယောက်နဲ့တစ်ယောက် ကဗျာဝှက်တမ်းကစားလေ့ရှိကြပါတယ်။ ကဗျာဝှက်တယ်ဆိုတာ တစ်ယောက်တစ်လှည့် ကာရံညီအောင်ကဗျာစပ်ကြရတာမျိုးပါ။ သူငယ်ချင်းတစ်ယောက်က “ဆရာချစ်၊ တမာမြစ်” လို့စတည်လိုက်ရင် နောက်တစ်ယောက်က အဲဒီစာကြောင်းနဲ့ ကာရံညီအောင် အမြန်စဉ်းစားရပါတယ်။ နောက်တစ်ယောက်က “ဆရာမုန်း၊ တမာတုံး” ပေါ့။ အဲဒီမှာနောက်ဆုံးလူရောက်လေ ကာရန်ရှားလေပါပဲ။ ကိုယ့်အလှည့်မရောက်ခင် အကြိတ်အနယ် ခေါင်းပူအောင် စဉ်းစားထားရပါတယ်။ အလှည့်ကျလို့မှ ကာရန်မထွက်ရင်တော့ တကယ်ခေါင်းပူပြီပေါ့။ ကာရန်မထွက်တဲ့သူကို ကျန်တဲ့သူငယ်ချင်းတွေက နဖူးဝိုင်းတောက်ကြတာကိုး။ ကာရန်ရှာဖက် သူငယ်ချင်း စိုးမိုးအောင်ကိုသတိရမိပါတယ်။ အခုတော့လဲ တစ်ယောက်တစ်မြေစီပေါ့လေ။
    • ခုနစ်တန်းနဲ့ ရှစ်တန်းကိုတော့ ဆရာမကြီးဒေါ်ဝင်းသင်ပါတယ်။ ကဗျာတွေကို သံနေသံထားနဲ့ ဖတ်ပြ လေ့ရှိတာ အခုထိကြားယောင်ဆဲပါ။ စာရေးသူ ကိုးတန်းကျောင်းသားဘ၀က မြို့နယ်စာပေနဲ့ စာနယ်ဇင်းကလုပ်တဲ့ ၀ထ္ထုတိုပြိုင်ပွဲမှာ ၀င်ပြိုင်တော့ စာရေးသူကို အားပေးတဲ့အပြင်ဘယ်ပတ်ဝန်းကျင်ကို အခြေခံထားပြီးရေးသင့်တယ်ကစပြီး ၀ထ္ထုရေးနည်းပါသင်ပေးခဲ့တဲ့ ဆရာမကြီးပါ။ အဝေးကနေ ဂါရပြု လျက်ပါ ဆရာမကြီးခင်ဗျား။
    • ပြီးတော့ စာရေးသူတို့ငယ်ငယ်က ကျောင်းနားရင် သူငယ်ချင်းတွေစုပြီး တစ်ယောက်တစ်လှည့်စီ ပုံပြင်ပြောကြေး ကစားလေ့ရှိပါသေးတယ်။ ကိုယ်ဖတ်ဖူး၊ ကြားဖူးတဲ့ ပုံပြင်ကို ပြန်ပြောပြရတာပါ။ အဲဒီဘက်မှာတော့ နေမျိုးထက်ဆိုတဲ့ သူငယ်ချင်းကအစွမ်းဆုံးပါ။ သူ့ပုံပြင်တွေက သဘာဝကျလို့ အမြဲတမ်းပွဲတောင်းခံရပါတယ်။ သူကဖတ်ဖူးတာကို ပြန်ပြောတဲ့အကျင့်တော့မရှိပါဘူး။ သူ့စိတ်ထဲရှိတာ ကို ဖြစ်အောင်ဇာတ်လမ်းဆင်ပြီးပြောတာပါ။ ဘာပဲပြောပြော အဲဒီအကျင့်တွေကြောင့် စာရေးသူတို့ တစ်တွေဟာ စကားပြောကောင်းတဲ့သူတွေ ဖြစ်လာကြပါတယ်။ တက္ကသိုလ်ရောက်တော့စာပေဟောပြော ပွဲတွေမှာ စာရေးသူကို သူငယ်ချင်းတွေက၀ိုင်းပြီး အားပေးကြတော့ ငယ်ငယ်ကအကျင့်ကောင်း လေးတွေ က အကျိုးပြုတာမှန်း နားလည်ခဲ့ပါတယ်။
    • စာရေးသူတို့ခေတ်က လေးငါးတန်းဆိုရင် ကဗျာလေးတွေမတောက်တခေါက်တော့ ရေးစပြုနေကြပါပြီ။ လေးတန်းကျောင်းသားဘ၀က စာရေးသူရေးခဲ့တဲ့ ကဗျာလေးပါ ...
    ငယ်ငယ်ကတော့၊ ခပ်ပျော့ပျော့
    ယခုမူကား၊ စိတ်မထွေပြား
    ဘ၀ကပေးလာ၊ အသည်းမာကြောင့်
    သတ်ရဲသေရဲ၊ နေရဲပြီ ...
    မဆိုးပါဘူးနော်။ နှပ်တွဲလောင်းဘ၀က ကဗျာလေး။ အခုတော့လည်း ခေတ်တွေပြောင်းခဲ့ပြီထင်ပါရဲ့။
    ဒီဘက်ခေတ်ကျောင်းသားလေးတွေရဲ့မြန်မာစာအရည်အသွေးတွေ ကြည့်ရတာ စာရေးသူတို့
    ရင်လေးပါတယ်။
    • စာရေးသူတို့ခေတ်က အပန်းဖြေစရာဆိုလို့ စာဖတ်တဲ့ အလုပ်ပဲရှိပါတယ်။ ရုပ်မြင်သံကြား ဆိုတာ ကလည်း ပေါ်ဦးပေါ်ဖျားဆိုတော့ သိပ်ခေတ်မစားပါ။ ကက်ဆက်ဆိုတာကလည်း သူဌေးသုံးပစ္စည်း။ ဒီတော့ ပျင်းပျင်းရှိရင် စာကြည့်တိုက်သွားပြီး စာဖတ်ပေါ့လေ။ ဒီတော့ကလေးဘ၀ကတည်းကစာပေနဲ့ ရင်းနှီးကြပါတယ်။ ဒီဘက်ခေတ်ကလေးများကြတော့ ကံကကောင်းလွန်းနေပါရော။ တိုးတက်တဲ့ နည်းပညာနဲ့အတူ အပန်းဖြေစရာတွေကလည်း ဖောခြင်းသောခြင်း။ တီဗွီဂိမ်းရုံသွားမလား၊ အိမ်မှာပဲ ရုပ်ရှင်ကြည့်ကြမလား၊ အင်တာနက်ပဲ သုံးကြမလား၊ အချိန်ဖြုန်းစရာတွေ အလွန်များတဲ့ခေတ်ပါ။ ဒီတော့လည်း ကလေးတွေဟာ စာပေနဲ့ သိသိသာသာကြီးကို ဝေးလာကြပါရော။
    • ကလေးပဲ စာပေနဲ့ဝေးတော့ ဘာအရေးကြီးလို့လဲလို့ မေးချင်တဲ့လူတွေလည်း ရှိမှာပါ။ ဒါဆိုရင်တော့ ဆရာတော်ဦးဉာဏိဿရ ပြောဖူးတသြ၀ါဒတစ်ခွန်းနဲ့ပဲ ချေပရပါလိမ့်မယ်။ “ကလေးကလေး အထင်မသေးနဲ့၊ ကလေးကလူကြီးဖြစ်တာ”တဲ့။ ဟုတ်ပါတယ်။တိုင်းပြည်ရဲ့အနာဂတ်ဟာ သူတို့လေးတွေပါ။ စာပေမြတ်နိုးတဲ့ ကလေးတွေကနေကြီးပြင်းလာမှ စာပေမြန်နိုးတဲ့ လူကြီးတွေ ဖြစ်လာမှာပေါ့။ နွားသေးလေးတွေကနေ ဆင်ကြီးတွေဖြစ်မလာပါ။ နွားကြီးတွေဖြစ်လာကြမှာတော့ သေချာပါတယ်။ ပြီးတော့ ချင်းလူမျိုးတွေရဲ့စကားပုံကိုလည်းမမေ့သင့်ပါ။ နွားနောက်ကျားက နွားကျားပဲမွေးပါသတဲ့။ ဒါဆိုရင် ကလေးတွေစာပေနဲ့ဝေးကြတာ စာရေးသူတို့ လူကြီးတွေရဲ့တာဝန်လဲ သိပ်တော့ကင်းမယ်မထင်ပါ။
    • စာရေးသူတို့ပတ်ဝန်းကျင်ကိုရော သတိထားကြည့်ပါဦး။ စာလုံးပေါင်းသတ်ပုံတွေ ဘယ်လောက် တောင် ဖောင်းပွနေကြပြီလဲ၊ တစ်ချို့သတ်ပုံမှားတွေဆိုရင် မှားပါများနေလို့ အမှန်တောင်ထင်နေကြပါပြီ။ ကြည့်ပါ ....
    “သိပ်စွဲဆောင်မှုရှိတာပဲ ”
    “အရသာက စိမ့်စိမ့်လေး”
    “နွားနို့ရပြီး
    ခေတ်မှီ ဆေးကုခန်း”
    “ရွှေမြင့်မိုရ် စားသောက်ဆိုင်”
    ရေးပြရရင် ကုန်နိုင်ဖွယ်မရှိပါ။ ပိုပြီးစိုးရိမ်ဖို့ကောင်းနေတာက ဒီစာတွေ၊ ဆိုင်းဘုတ်တွေ ကလူကြီးတွေ
    ရေးထားကြတာတွေချည်းပါ။ ဆေးခန်းနံမည် တောင်ပါနေပါသေးတယ်။ ဘယ်လိုဆရာဝန်တွေလည်း
    လို့မေးရင် ကိုယ့်ရှူးကိုယ့်ပတ်မှာစိုးလို့ မမေးရဲကြောင်းပါ။
    • ကမ္ဘာပေါ်မှာ မြန်မာဆိုတာ တစ်နိုင်ငံတည်းရှိပါတယ်။ မြန်မာစကားပြောတဲ့ မြန်မာလူမျိုးဆိုတာ လည်း တစ်မျိုးသာရှိပါတယ်။ စာရေးသူတို့ အမေရိကန်မှာ နေပေမယ့် အမေရိကန်လူမျိုးမဖြစ်ပါ။ အမေရိကန်နိုင်ငံသားပဲ ဖြစ်ပါလိမ့်မယ်။ ဘယ်မှာနေနေမြန်မာလူမျိုးပဲ ဖြစ်နေမှာပါ။ မပြောင်းလဲတော့တဲ့ ထာဝရသစ္စာပါပဲ။ ဘိုလိုဘယ်လောက်ပဲ တတ်နေပါစေ၊ မြန်မာလျှာဟာ မြန်မာစကားပြောရတာကိုပဲ ပိုပြီးအာတွေ့ပါတယ်။
    • ဒါကြောင့် ကိုယ့်စာပေကိုထိန်းသိမ်းရမှာ စာရေးသူတို့ တာဝန်ပါ။ ဘယ်သူကမှလာပြီးထိန်းမပေးပါ။ စာပေပျက်စီးသွားရင်လည်း စာရေးသူတို့လူမျိုးကလွဲပြီး ဘယ်သူကမှလာပြီးဝမ်းမနည်းပါ။ ကိုယ့်ပစ္စည်းလေးတွေကိုတော့ ကိုယ်တိုင်ထိန်းသိမ်းရပါလိမ့်မယ်။ အရင်က လိုင်းကားတွေမှာ ရေးခဲ့ကြတဲ့ စာတမ်းလိုပေါ့။ “မိမိပစ္စည်း၊ မိမိတာဝန်” ပါတဲ့။
    • ပညာရေးလိုက်စားကြတဲ့ လူငယ်တိုင်း သတိထားမိကောင်းသတိထားမိပါလိမ့်မယ်။ အင်္ဂလိပ်စာကို လေ့လာမယ်ဆိုရင် Grammar စာအုပ်တွေပေါလိုက်တာမှ ဖောချင်းသောချင်းပါပဲ။ မြန်မာစာ လေ့လာ မယ်ဆိုပြီး မြန်မာသဒ္ဒါစာအုပ်လေးများရှာကြည့်ပါ။ ဘုန်းကြီးတွေသင်ရတဲ့ ပါဠိသဒ္ဒါပါ ထည့်ပေါင်းရင် တောင် စာအုပ်ပေါင်းကလက်ဆယ်ချောင်းပြည့်အောင် မရှိချင်ပါ။ အဆိုတော်ချစ်ကောင်းစကားးကို ငှားပြောရရင်တော့ “အဲဒီမှာ စတွေ့တာပါပဲ”၊
    • စာရေးသူတို့လူကြီးတွေ ကိုယ်တိုင်ကရော လူငယ်တွေအတွက် မြန်မာစာအထူးပြုသင်တဲ့ သင်တန်း တွေများ ဖွင့်ပေးကြဖူးပါသလား။ ကြားတောင်မကြားဖူးပါ။ အင်္ဂလိပ်စကားပြောသင်တန်းများ မှိုလိုပေါက် နေသလောက် မြန်မာစာစာစီစာကုံးရေးနည်းသင်တန်းလေးများ ဖွင့်ပေးကြရင် မကောင်းပါလား။
    • တကယ်တော့ စာရေးသူတို့ မြန်မာတွေကိုယ်တိုင်လည်း မြန်မာစကားမပြောတတ်ကြသေးတာ များပါတယ်။ ဝေါဟာရ ခေါင်းပါးလာကြတာတွေ့ရပါတယ်။ လှတာရယ်၊ ယဉ်တာရယ်၊ ချောတာရယ် သုံးမျိုးကိုတောင် မခွဲနိုင်ကြတာများပါတယ်။ ဒါကြောင့်လဲ မဲမဲမြင်ရာကို “ မိုက်တယ်ကွာ”နဲ့ပြီးနေကြရ ရှာပါတယ်။ ကိုယ်တိုင်စဉ်းစားကြည့်ကြပါစို့။ ကိုယ့်ရင်ထဲမှာ ရှိနေတဲ့ ခံစားချက်မျိုး နားထောင်တဲ့သူပါ ခံစားလာရအောင် ပြောနိုင်ပြီလားဆိုတာပါ။ ကိုယ်ကရင်ထဲမှာ နင့်နေအောင်ခံစားရလို့ ပြန်ပြောပြ နေတာကို နားထောင်နေတဲ့သူငယ်ချင်းမျက်နှာမှာ အနည်းဆုံးတော့ အဆွေးရိပ်လေးတော့ ပေါ်လာ အောင် ပြောကြည့်ပါဦး။ တစ်ခါတစ်ခါ ကိုယ်ရှင်းပြမှပဲ တစ်ဘက်သားနားလည်မှု ပိုလွဲသွားတာမျိုးတွေရော မရှိခဲ့ကြဘူးလားဆိုတာပါ။
    • ဒါဆိုရင်တော့ စာရေးသူတို့အနေနဲ့ ပေါ့ပေါ့ဆဆမနေသင့်တော့တဲ့ အနေအထားဆိုတာသိသင့်ပါပြီ။ သူများကိုပြုပြင်ဖို့ဆိုတာ တကယ်တော့အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ “ ကိုယ့်ထမင်း ကိုယ်စားပြီး ဘကြီးနွားသွားကျောင်းချင်တဲ့ကောင်” လို့များဝိုင်းပြီး သမုတ်ကြရင် အတော် ခံရခက်မယ် ထင်ပါရဲ့။ “မင်းကဆရာကြီးလား” ဆိုရင် ပိုပြီးကျွဲမြီးတိုစရာကောင်းမယ် ထင်ပါတယ်။ အကောင်းဆုံး ကတော့ မိမိကိုယ်ကိုပြုပြင်ခြင်းပါပဲ။ တဖြည်းဖြည်းနဲ့ တစ်ယောက်ကစ တစ်ရာဖြစ်လာမှာ မလွဲပါဘူး။
    • ဒါကြောင့် အကြံပေးချင်တာက English dictionary တစ်အုပ်ဝယ်ရင် “မြန်မာစာလုံးပေါင်း သတ်ပုံ ကျမ်း”တစ်အုပ်ပါ ၀ယ်ဖြစ်အောင်ဝယ်ပါ။ ရုပ်သံကလာတဲ့ မြန်မာစာမြန်မာစကားအစီအစဉ်ကို တစ်ခါလောက်တော့ စိတ်လိုလက်ရလေးကြည့်ပေးပါလို့...။
    • စာရေးသူကတော့ လူကြီးပီပီ အမုန်းခံပြီး ဆရာလုပ်လိုက်ပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ Post ကို ဖတ်ပေးတာကိုပဲ ကျေးဇူးတင်ရမှာပါ။ စာရေးသူ လူမိုက်ကြီးကတော့ သူများရည်းစားစာထဲမှာ စာလုံးပေါင်းသတ်ပုံမှားတာတွေ့ရင်တောင် မင်နီထုတ်ပြီးဝိုင်းလိုက်ရမှ ကျေနပ်တဲ့ရောဂါရှိသူပါ။ ဒါကြောင့်လုပ်သင့်လုပ်ထိုက်တာကို လုပ်တာလို့ယူဆပြီး ထင်ချင်သလိုထင်ခွင့်ပေးပါတယ်။
    • ထပ်ပြောပါရစေဦး...
    “ မိမိပစ္စည်း၊ မိမိတာဝန် ”ပါ........
    Tuesday, 6 April 2010
    Camera လေးဝယ်လိုက်လို့ ...
    • ဘာရယ်မဟုတ်ပါဘူး။ Camera ရောဂါထနေတာတော့ တော်တော်ကြာနေပါပြီ။ အဆင်မသင့်သေးတာနဲ့ ၀ယ်ကိုမ၀ယ်ဖြစ်ဘူးဖြစ်နေတယ်။ မနေ့တော့ mobile handset ဆိုင်သွားရင်း Fuji camera လေးတစ်လုံးတွေ့လို့ ၀ယ်လိုက်တယ်။ megapixel 12, ISO 3200 အတော်အသင့်လေးပါ။
    • ဈေးကတော့ သိပ်မသင့်ပါဘူး။ တစ်သိန်းကျော် ချောသွားပေါ့။ အင်း ... တတ်နိုင်သူများအတွက်ကတော့ တစ်ဝိုင်းစာပဲနေမှာပါလေ။ ဒါပေမယ့် စာရေးသူအတွက်တော့ တနင့်တပိုးကြီးတော့ မဟုတ်ပေမယ့် နဲနဲတော့ ထိသွားတယ်။
    • ဘာပဲဖြစ်ဖြစ်လေ၊ လူဖြစ်တဲ့သက်တမ်းတလျှောက် ပထမဆုံးပိုင်တဲ့ camera လေးဆိုတော့လည်း မြတ်နိုးရတာပေါ့နော.....
    • ကင်မရာသစ်လေးနဲ့ ရိုက်ထားတဲ့ပုံပေါ့ .....
    “သနပ်ခါး မလိမ်းရဘူးတဲ့ဗျာ....”
    • “ ပါးပြင်မှာ xxx သနပ်ခါးလေးနဲ့ xxx ချစ်စရာကောင်းလိုက်တာကွာ xxx ” သဘောကျမိတဲ့ သီချင်းအေးအေးလေးတစ်ပုဒ်ပါ။ စာရေးသူကိုယ်တိုင်သနပ်ခါးကြိုက်သူပါ။ ငယ်ငယ်ကဆိုရင် စာရေးသူရဲ့ ဖခင်ဖြစ်သူက စာရေးသူ ၈ တန်းလောက်ထိ သူ့ပေါင်ပေါ်မှာ ပက်လက်လှန်ခိုင်းပြီးကျောင်းသွားကာ နီးတိုင်း သနပ်ခါးလိမ်းပေးလေ့ရှိပါတယ်။ မျက်နှာတစ်ပြင်လုံးအပြည့်လိမ်း ပါးနှစ်ဖက်ပေါ်မှာ ပါးကွက်ကြီး နှစ်ကွက်၊ နှာတံပါထူထူတားပေးသေးတာ။ ပြီးရင်“ပါးစပ်ဟ” ဆိုပြီး သနပ်ခါးကိုလက်ညိုးနဲ့အပြည့် ကော်ပြီး ပါးစပ်ထဲထည့်ပေးတာပဲ။ စာရေးသူတို့ မောင်နှစ်မကတော့ အဖေ့ကိုကြောက်တာနဲ့ ဘာမှမပြောဘဲ ပါးစပ်ထဲ သနပ်ခါးဝင်တာနဲ့ တန်းပြီးမြိုချလိုက်ကြတာပါပဲ။ သနပ်ခါးရဲ့ခါးသက်သက်နဲ့ ဆိမ့်တဲ့အရသာကို နောက်တော့လဲ ကြိုက်သွားတာပါပဲ။
    • စာရေးသူသနပ်ခါးကြိုက်ပုံကတော့ တက္ကသိုလ်ကျောင်းသားဘ၀တစ်လျှောက်လုံး နေ့စဉ်သနပ်ခါးလိမ်းတာပါပဲ။ ငယ်ငယ်ကလို သနပ်ခါးဘဲကြားတော့ မဟုတ်တော့ဘူးပေါ့။ ခပ်ပါးပါး၊ ညီညီ လိမ်းတာပါ။ ဒါတောင် တစ်ခါတစ်ခါ ထူသွားရင်သူငယ်ချင်းတွေက သတိပေးရလေ့ရှိပါတယ်။ အထူးသဖြင့် ward ထဲမ၀င်ခင် အမြဲသတိပေးတတ်တဲ့ ကျော်ထက်အောင်ကို သတိရလျှက်ပါ။
    • ငယ်ငယ်ကတော့ ဖခင်ကြီးကိုကြောက်လို့သာ သနပ်ခါးနေ့စဉ်လိမ်း၊ နေ့စဉ်စားခဲ့ရတာပါ။ ဘာတွေ ကောင်းကျိုးရှိမှန်း မသိခဲ့ပါဘူး။ အခုအရွယ်ရလာမှ ကိုယ့်ကိုယ်ကို သတိထားမိတယ်။ တကယ်ဆို စာရေးသူ ကိုယ်တိုင်က အသားမဖြူပါ။ ဒါပေမယ့် သူတကာတွေလိုအသားညိုပုံနဲ့မတူဘဲ စိုစိုပြည်ပြည် ရှိပါတယ်။ ဒီတော့မှ ငယ်ငယ်ကသနပ်ခါးလိမ်းခဲ့တာတွေ ပြန်တွေးမိပြီး အဖေ့ကိုတောင်ကျေးဇူး တင်မိ ပြန်ရော။
    • တကယ်တော့ သနပ်ခါးဆိုတာ မြန်မာလူမျိုးတွေအတွက် အကောင်းဆုံး၊ အသင့်တော်ဆုံး အလှပြင်ပစ္စည်းပါ။ သူ့သဘာဝက နွေရာသီမှာ ချွေးလေး တစိုစိုနဲ့ သိပ်အသားအေးစေပါတယ်။ ဆောင်းရာသီမှာကျတော့ နွေးနေပြန်ရော။ ပြီးတော့ မျက်နှာကအဆီတွေကိုလည်း စုပ်ယူတဲ့သဘာဝ ရှိပါသေးတယ်။ အနံ့သင်းသင်းလေး ကလည်း လိမ်းသူရော ဘေးလူပါရင်အေးစေပါတယ်။ ညဘက်တွေမှာ သနပ်ခါးမဖျက်ဘဲ အိပ်မိလည်း ပြဿနာမရှိပါဘူး။ မနက်မိုးလင်းရင် မျက်နှာဟာပိုပြီး နုညံ့ဖြူစင် နေတာတွေ့ရပါဦးမယ်။ ဈေးကြီးပေးဝယ် ထားရတဲ့ မိတ်ကပ်များကျတော့ အဲဒီလိုများမဖျက်ပဲ အိပ်မိလို့ ကတော့ မျက်နှာက ချွေးပေါက်တွေ ပိတ်ပြီး တင်းတိပ်တွေကျပါလိမ့်မယ်။ ပြီးတော့ ပါးပြင်ကိုလှချင်ဇောနဲ့ အတင်းဖိပြီး မိတ်ကပ်တွေဆွဲဆွဲလူးတာကြောင့် အရွယ်မတိုင်ခင် ပါးရည်တွန့်ပါလိမ့်ဦးမယ်။ ပြီးတော့ သနပ်ခါးဆိုတာ ဓာတုပစ္စည်းလုံးဝမပါတဲ့ သဘာဝ မဟုတ်လား။ သူ့ထက်ကောင်းတာ ဘာများရှိဦးမှာလဲ...။
    • သနပ်ခါးဋီကာချဲ့နေတာနဲ့ အခုထိလိုရင်းမရောက်သေးပါဘူး။ တော်ကြာ ရွှေပြည်နန်းမိသားစုထဲကများ စာရေးသူရဲ့ post ကိုဖတ်မိရင် ကြော်ငြာခတွေများ ရနေပါဦးမယ်။
    • စာရေးသူရဲ့တာဝန်အရ နယ်စပ်ဒေသတစ်ခုကိုရောက်ပါတယ်။ ထုံးစံအတိုင်းနယ်စပ်ပီပီ စီးပွားရေး ဖြစ်ထွန်းတဲ့ဒေသပေါ့လေ။ တစ်မြို့လုံး ဆိုင်ကယ်တ၀ီဝီ၊ ကားတစည်စည်နဲ့ အားရစရာကြီးပေါ.။ အထက်တန်းကျောင်းကြီးကလည်း လေးထပ်ကျောင်းဆောင်ကြီး၊ ဟီးဟီးကိုထလို့ပေါ.။ မြင်ရမြင်ရ ဘ၀င်ကိုကျ နေတာပေါ့။ ဒါပေမယ့် စာရေးသူကြာကြာ ဘ၀င်မကျလိုက်ရပါဘူး။ မြင်တတ်လွန်းတဲ့ မျက်စိက မြင်ပါလေရော။ ဘာသွားမြင်လဲဆိုတော့ လားလား... ဒီမြို့က ကျောင်းသူလေးများပေါ့ဗျာ။ ပါးပြင်မှာ သနပ်ခါးလေးတွေနဲ့ ဆိုတာ တစ်ယောက်မှ မတွေ့မိကြောင်းပါ။ အထက်တန်းကျောင်းသူ တွေဖြစ်လို့နေမှာပါဆိုပြီး မူလတန်းကျောင်းသူ လေးတွေ ကြည့်ပြန်တော့လည်း ထူးမခြားနားပါပဲ။
    • မဟုတ်သေးပါဘူးဆိုပြီး ရင်းနှီးနေတဲ့ ကျောင်းသူလေး တစ်ယောက်ကိုမေးမှပဲ အကြောင်းစုံသိရပါလေရော။ဒီကျောင်းက ဆရာမတွေက ကျောင်းသူလေးတွေ သနပ်ခါးလိမ်းရင် ဆူပါ၊ ဆဲပါသတဲ့ဗျား။ ပါးစပ်ပေါက်ခပ်ကြမ်းကြမ်း ဆရာမများကတော့ လင်လိုချင်လို့ သနပ်ခါးလူးတာလားလို့ မေးပါသတဲ့။ ဒီတော့ စာရေးသူက မင်းတို့တွေ ကျောင်းသူစိတ်ပျောက်ပြီး၊ အရပ်စိတ်ဝင်မှာစိုးလို့ နေမှာပါလို့ပြောတော့ မဟုတ်ပါဘူးတဲ့။ မျက်နှာမှာ မိတ်ကပ်တွေ ပြာနေအောင် လူးထားတဲ့ ကျောင်းသူတွေကိုကျတော့ ဘာမှမပြောဘူးတဲ့။ ဒီတော့ စာရေးသူလဲ ဒါဖြင့်ဘာကြောင့်
      သနပ်ခါးမလူးရတာလဲဆိုတော့ တောသူတွေနဲ့တူလို့ပါတဲ့ဗျား။ သနပ်ခါးလေးများလိမ်းပြီး ဆံပင်လေးများ စည်းထားလို့ကတော့ ဟိုကောင်မလယ်ထဲကတက်လာတာလား။ အခုချက်ချင်းသနပ်ခါးဖျက်စမ်းလို့ အမိန့်ပေးတော့တာပါပဲတဲ့။ ဆရာမတစ်ယောက်တစ်လေနေမှာပါဆိုတော့ ဘယ်ဟုတ်မလဲ၊ တစ်ကျောင်းလုံးပဲတဲ့။
    • ဒီတော့ ရေငန်သောက်၊ မျက်ခြောက်စားပြီး လူဖြစ်လာတဲ့ အညာသားစာရေးသူ ဒေါဖောင်းပြီပေါ့။ စဉ်းစားကြည့်လေ။ တောသူတောင်သားဖြစ်တော့ ဘာများပြဿနာရှိလို့လဲ။ တောသားတွေသာ မရှိရင် စားစရာဆန်တောင်ရှိမှာမဟုတ်ဘူးပြောရင် ကြီးကျယ်တယ်ထင်မှာပေါ့။ တကယ်တော့ တောသားတွေသာ မရှိရင် မြန်မာပြည်မှာ ဘုန်းကြီးနဲ့ စစ်သားတောင်ရှိမှာ မဟုတ်ဘူး။ စဉ်းစားကြည့်လေ။ ဘယ်သူတွေ စစ်ထဲဝင်ကြ၊ ဘုန်းကြီးဝတ်ကြသလဲဆိုတာပေါ.။
    • တိုင်းပြည်ရဲ့ ပညာရေး ခေါင်းဆောင်တွေဖြစ်တဲ့ ဆရာမတွေပါးစပ်က ဒီလို လူတန်းစားခွဲခြားတဲ့ စကားမျိုးထွက်တာ စာရေးသူစိတ်မကောင်းပါ။ ကလေးတွေရဲ့ အနာဂတ်အတွက်လည်း မကောင်းပါ။ တကယ်တော့ သနပ်ခါးက စာသင်တာမှ မဟုတ်တာပဲ။ ဦးဏှောက်ကစာသင်တာပဲ မဟုတ်လား။
    • စာရေးသူလည်း ဒေါသနဲနဲထွက်သွားတာနဲ့ အဲဒီကျောင်းသူလေးကိုတောင် ပြန်မေးမိသေးတယ်။ အဲဒီ ဆရာမတွေကိုယ်တိုင်ရော တောသူတောင်သားတွေနဲ့ ကင်းရဲ့လားလို့။ ဟုတ်တယ်လေ။ မြန်မာ့လူဦးရေရဲ့ ၇၅% ကျော်ဟာတောမှာနေကြတာပဲမဟုတ်လား။
    • မင်္ဂလာပါ ဆရာမတို့ရေ..... ရင်ထဲမှာ တအုံနွေးနွေးဖြစ်နေခဲ့တာတော့ ရေးချလိုက်ရလို့ ပေါ့သွားပါပြီ။ ငယ်ငယ်ကစာသင်ပေးခဲ့တဲ့ ဆရာကြီး၊ ဆရာမကြီးတွေကိုတောင် သတိရမိပါသေး။
    • တပည့်မရှား၊ တစ်ပြားမရှိ
    • ပီတိကိုစား၊ အားရှိပါ၏ ...ဆိုတဲ့ ဆရာတွေပေါ့ဗျာ၊
    • အခုတော့လည်း အိပ်မက်တွေလို၊ ပုံပြင်လိုလိုတွေ ဖြစ်ကုန်ပြီပေါ့လေ ...
    Monday, 5 April 2010
    “ဆန္ဒ”
    ငါ့ဘ၀မှာ
    ထိရှများစွာ
    ဒဏ်ရာတို့နှင့် ကွဲကြေခဲ့...
    ငါ့အသည်းကား
    ကြေကွဲများစွာ
    ဆွေးမြေ့စွာဖြင့် ထိရှခဲ့ ...
    ကြင်နာမှုကင်း
    ငါ့ဝန်းကျင်မှာ
    ချစ်ခြင်းဗလာ
    ဒုက္ခရွာက ခရီးရှင် ...
    ငါ့ဘ၀လမ်း
    ကြမ်းတန်းခက်ထန်
    ကန္တာရတော လွင်တီးခေါင် ...
    ငါ့အိပ်မက်များ
ေ၀၀ါးရှုပ်ထွေး
    နွေးထွေးခြင်းများ ဝေးလွင့်နေ ...
    ငါ့မနက်ခင်း
    လေညင်းမသက်
    ကျေးငှက်မသာ
    ရင်နာခြင်းဖြင့် နေ၀င်သည် ...
    သြော် ...
    ဘ၀ဒဏ်ချက်မရေတွက်ချင်
    နေ၀င်နေထွက်
    ခရီးဆက်ရင်း
    ထွက်သက်ဝင်လေ
    ရှင်သန်နေသမျှ
    မာနမဲ့စွာ
    နေထိုင်ပါရင်း
    ချစ်ခြင်းတို့နှင့် ဝေးရစေ ...၊ ။
    ဟန်ကြည်
    Sunday, 4 April 2010
    ရှင်သန်ခြင်းရဲ့ အနှစ်သာရ
    တကယ်တော့ဗျာ
    ဘ၀ဆိုတာကြီးက စာရေးသူတို့လိုချင်လွန်းလို့ ရလာတဲ့အရာကြီးမှမဟုတ်ဘဲ။ သူ့ဖာသာသူ ကံပစ်ချလို့ရလာတဲ့ကိစ္စပဲ။ ဒါပေမယ့်ဗျာ ကဲဖြစ်ချင်ရာဖြစ် မောင်ဘချစ်ဆိုပြီး ပျော်သလိုနေသွားလို့လည်း ဖြစ်တဲ့အရာမဟုတ်ပြန်ဘူး။ ဒီလောကကြီးမှာ ကိုယ်ရှင်သန်ခဲ့ကြောင်း သက်သေတစ်ခုခုတော့ ချန်ထားခဲ့သင့်တာပေါ့။
    နာမည်ကြီးရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ရတဲ့အချိန်မှာ ရှိတဲ့စွမ်းအားနဲ့ လောကအလှကို ဆင်ကြဖို့ပြောချင်တာပါ။ ဒီလိုလုပ်ရတာ မခက်ပါဘူး။ လူတန်းစားမရွေး၊ ဘာသာမရွေး လုပ်နိုင်တဲ့အလုပ်ပါ။ ကိုယ်လုပ်သမျှအလုပ်အပေါ်မှာ စိတ်ဝင်တစားနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြရုံပါပဲ။ ဆိုက်ကားနင်းရင်လည်း ခရီးသည်စိတ်ချမ်းသာအောင်၊ ဈေးရောင်းစားရင်လည်း ၀ယ်သူစိတ်ချမ်းသာအောင်၊ ဆရာဝန်ဖြစ်ရင်လည်း လူနာစိတ်ချမ်းသာအောင် လုပ်ပေးရုံလေးပါ။
    နောက်ဆုံးအဆင့် ဘာအလုပ်မှမလုပ်ရင်တောင် ကိုယ့်ကိုယ်ကို မပျက်စီးအောင်ထိန်းသိမ်းတာမျိုးပေါ့။ လောကကြီးအတွက် အသုံးဝင်တဲ့လူကောင်းတစ်ယောက် မဖြစ်ရင်တောင်၊ လောကကြီးကို ဒုက္ခပေးတဲ့လူတစ်ယောက်မဖြစ်အောင် နေသွားရင် အသက်ရှင်ရကျိုးနပ်တယ်လို့ ဆိုနိုင်မှာပါ။
    ဒီလိုဆိုရင် ပျော်စရာဘယ်ရှိတော့မှာလည်းလို့ မေးစရာရှိပါတယ်။ မပူပါနဲ့။ ပျော်စရာဆိုတာ ကိုယ့်ရင်ထဲမှာ ရှိတဲ့အရာပါ။ တနည်းပြောရရင်တော့ စိတ်ခံစားချက်ပါပဲ။ ပျော်ရွှင်မှုအတွက် ကြားခံတွေ မလိုပါဘူးလေ။ ဘယ်လိုအနေအထားမျိုးပဲဖြစ်ဖြစ် လူဆိုတာတော့ ပျော်ကြတာပါပဲ။ ပျော်တာချင်းအတူတူတော့ အကျိုးရှိရှိလေး ပျော်ကြရင်ပိုမကောင်းပေဘူးလား။
    အတွေးလေးတစ်စပါ.......
    Saturday, 3 April 2010
    မျှော်လင့်ရင်မော မှော်ရုံတောမှာ ...
    “ မနက်ဖြန် အမော ”
    ငါတို့နေရာ ငါတို့ရွာမှာ
    မေတ္တာစကား ခေါင်းပါးဘိခြင်း
    ချစ်ခြင်းဗလာ သစ္စာနတ္တိ
    အမိသော်လည်း သားတော်ခဲ ။
    မိမိအကျိုး သယ်ပိုးရွက်ဆောင်
    သားကောင်ချနင်း
    လူချင်းချင်းပြိုင် မိုက်သူနိုင်ကြ
    အလှဗလာ ငါတို့ရွာ ။
    ဘုရားကားအောက် မျောက်ကားအထက်
    ရက်စက်မှကြေကွဲ ရဲမှမင်းဖြစ်
    အနှစ်ဗလာ အကာပြဲ့ပြဲ့
    သုခမဲ့ကင်း
    အချင်းမဲ့တဲ့ ငါတို့ရွာ ။
    သြော် ...
    လူ့ပြည်လူ့ရွာ သည်နေရာမှာ
    လူလာ၍ဖြစ်
    လူညစ်တွေကြား ငါကားအဖြူ
    ဆေးကူရောယှက် ကျပ်ခိုးတက်၍
    ဆက်လက်ရှင်သန်
    မနက်ဖြန်မှာ
    ငါဘာရောင်များ ပြောင်းမည်နည်း ...။
    နိဒါန်းရဲ့အစ
    • နည်းပညာတွေ တိုးတက်လာလိုက်တာ။ အလျင်မီအောင် မနည်းလိုက်ယူရတယ်။ လျှာအလျားလိုက် မထွက်ရုံတမည်ပါပဲ။ ဒီဘက်ခေတ်မှာ လူလာဖြစ်ကြတဲ့ နောက်တက်လူငယ်တွေများ ကံကောင်းချက်များတော့ လွန်ပါရော။ အစစ အရာရာ အဆင်သင့်။ နည်းပညာက လက်တစ်ကမ်းမှာ။ ကြိုးစားရင် ကြိုးစားသလောက် ထွန်းပေါက်နိုင်တဲ့ ခေတ်ကြီး။ သူတို့လေးတွေတော့ မပြောတတ်ဘူး။ စာရေးသူတောင် ကြီးကောင်ကြီးမှ နည်းပညာဆိုတာကြီးတွေကို ဖုတ်ပူမီးတိုက်လေ့လာပြီး မဖြစ်ညစ်ကျယ် ဒီblogလေးကို ကြိုးစားပမ်းစားလုပ်ထားသေးတာပဲ။
    • စာရေးသူကိုယ်တိုင်ကလည်း အတွေးသမား “Mr Thinker”ဆိုတော့ မြင်မြင်သမျှလေးတွေဟာ တွေးစရာ၊ ရေးစရာ ဖြစ်ကိုနေတော့တာပဲ။ မရေးရမနေနိုင်လို့ပဲ ရေးရေး၊ ဘာကြောင့်ပဲရေးရေး စာဖတ်သူမှာ သုတဖြစ်ဖြစ်၊ ရသဖြစ်ဖြစ်၊ စိတ်ဓာတ်ခွန်အားပဲဖြစ်ဖြစ်တော့ ရစေရမယ်လို့တော့ ဆုံးဖြတ်ထားတယ်။ ဟုတ်တယ်လေ၊ ဒါမှလည်း ကိုယ်လက်ညောင်း၊ သူများမျက်စိညောင်း ဖြစ်ရတာတန်မှာပေါ့။ တကယ်တော့ blogဆိုတာ ဘုန်းကြီးရူးနဲ့ လှေလူးတွေ့ကြတာပဲမဟုတ်လား။ ဖိုးရေးချင်နဲ့ ဖိုးဖတ်ချင် ရောင်းသူဝယ်သူ အသံတူရင်ပြီးရောဆိုပေမယ့် တစ်ခုခုတော့ရသွားစေချင်တာ တကယ့်စေတနာပါ။
    • နောက် post တွေကျမှ အတွေးစလေးတွေ ဖတ်ကြရအောင်။
    ကြိုက်ရင်ပေါ့လေ . . .