Tuesday 31 August 2010

ထာဝရ ကျောင်းသားကြီး . . .

ညနေကဖုန်းထဲက ဓာတ်ပုံတွေရော၊ ပေါ်တင်ထားဖြစ်တဲ့ ဓာတ်ပုံတွေရော ပြန်ကြည့်ရင်းနဲ့ ကျောင်းသားတွေနဲ့ ကိုယ်နဲ့ အမှတ်တရရိုက်ဖြစ်တဲ့ ပုံလေးတွေပြန်တွေ့ပါတယ်။ တပည့်တွေပုံတွေကြည့်ရင်း စာသင်နှစ်တစ်လျှောက်လုံး တက်ညီလက်ညီ ကြိုးစားခဲ့ကြတဲ့ ကျောင်းသားလေးတွေကို သတိတရဖြစ်မိပါတော့တယ်...


ဒါကတော့ ကိုယ့်ကျောင်းသားတွေနဲ့ ကိုယ်နဲ့ဆယ်တန်းမဖြေခင် အမှတ်တရရိုက်ထားတာပါ။ ဓာတ်ပုံရိုက်ပေးတဲ့ ကျောင်းသားတော့ ပုံထဲမှာ မပါတော့ဘူးပေါ့။ စာမေးပွဲမဖြေခင် တစ်ရက်အလိုမှာ ရိုက်ဖြစ်တဲ့ပုံပါ။ ကင်မရာ အဆင်သင့်မပါလို့ N72 ကင်မရာနဲ့ပဲ ရိုက်လိုက်ရတယ်။ နောက်ရက်မှာ စာမေးပွဲဖြေမှာ ဖြစ်ပေမယ့် ကိုယ့်ကျောင်းသူကျောင်းသားအားလုံး တက်တက်ကြွကြွပျော်ပျော်ရွှင်ရွှင် ရှိနေတာမြင်ရပါလိမ့်မယ်။ ဘာမှ ဖိစီးမှုမရှိတဲ့ အခြေအနေပေါ့။ စာမေးပွဲဖြေဖို့ အကောင်းဆုံး အနေအထားဆိုရင်လည်း မမှားပါဘူး။


ဒါကတော့ ကိုယ့်ကျောင်းသူကျောင်းသားလေးတွေ အောင်စာရင်းထွက်ပြီးတော့ အောင်ပွဲခံတဲ့ အနေနဲ့ ပျော်ပွဲစားထွက်ကြရင်း အမှတ်တရ ရိုက်ထားတဲ့ပုံပါ။ တစ်ယောက်ကတော့ မျက်စိသိပ်မကောင်းရှာလို့ ကိုယ်တို့နဲ့ မလိုက်ခဲ့နိုင်ပါဘူး။ ကျသွားရှာတဲ့ ကျောင်းသားလေးတစ်ယောက်လည်း မပါခဲ့ပါဘူး။ သူတစ်ယောက်ပဲ ကွက်ကျန်ခဲ့တာဆိုတော့လည်း အားငယ်သွားတယ်ဖြစ်မှာပါ။ ကိုယ်လည်း နားလည်ပေးတဲ့အနေနဲ့ အတင်းအကြပ်မခေါ်ခဲ့တော့ဘူးလေ။ ကြိုးစားတဲ့ကလေးမို့ နောက်နှစ်တစ်ခါ အခွင့်အရေးပြန်ပေးရမှာပေါ့။ ဘ၀ကို အလွယ်နဲ့ အရှုံးမပေးမိအောင်


ရှေ့ဆုံးတန်း ဘယ်စွန်ကတစ်ယောက်(ဘောဂတွဲ)နဲ့ အလယ်ကတစ်ယောက်(၀ိဇ္ဖာတွဲ)တို့က ဘောဂဗေဒ ၇၄မှတ်နဲ့ တစ်သက်တာအမှတ်တရ ဖြစ်ကျန်ခဲ့ကြတဲ့သူတွေပါ။ မကြာခင် တက္ကသိုယ်တွေတက်ပြီး ပညာတတ်အသိုင်းအ၀ိုင်းကို ၀င်ဆံ့ကြတော့မယ့် ကိုယ့်ကျောင်းသားဟောင်းတွေကိုမြင်တိုင်း ဒီနှစ်ကျောင်းသားသစ်တွေအတွက်လည်း ဒီလိုအောင်မြင်၊ ပျော်ရွှင်အောင် ကြိုးစားပေးရမယ်ဆိုတဲ့အသိ အမြဲဝင်ဖြစ်ပါတယ်။

ဆရာဆိုတာ ထာဝရ ကျောင်းသားကြီးဖြစ်တာမို့ ကိုယ်ကတော့ဆယ်တန်းအောင်မှာမဟုတ်တော့ပါဘူး။ ဘာကြောင့်လဲဆိုရင် ဆယ်တန်းစာတွေချည်းပဲ နှစ်တိုင်းပြန်ပြန်ကျက်နေရတာမို့ပါ...

အင်းလေ...ဒါဟာ ကိုယ်ရွေးချယ်ခဲ့တဲ့ဘ၀၊ ကိုယ်ပိုင်ဆိုင်တဲ့ ကြည်နူးမှုပါပဲ...

Monday 30 August 2010

ဟစ်တလာကို လွမ်းမိခြင်း . . .

ဘလော့ဂ်တစ်ခုသွားလည်ရင်းနဲ့ နာဇီတွေရဲ့ ဆိုးရွားရက်စက်မှုတွေအကြောင်း ရေးထားတာ ဖတ်မိတယ်။

ဟုတ်ပါတယ်။
နာဇီဂျာမန်တွေဟာ တကယ်ပဲ ရက်စက်လွန်းပါတယ်။ အဆိုးဆုံးကတော့ “မဟာလူမျိုးကြီးဝါဒ”ပါ။ ဂျာမန်လူမျိုးများသည် အခြားလူမျိုးများထက် သာလွန်မြင့်မြတ်သည်ဆိုတဲ့ အယူအဆကြီးက ဆိုးလွန်းပါတယ်။ ဒါပေမယ့် စာသားလှလှနဲ့ ခေါင်းစဉ်ပေးရရင်တော့ မျိုးချစ်စိတ်လို့ခေါ်ရမယ်ထင်ပါတယ်။
အဲဒီအချိန်တုန်းကဆိုရင်တော့ ဟစ်တလာဆိုတာ ဂျာမန်တွေရဲ့ရင်ထဲက အမျိုးသားသူရဲကောင်း ဖြစ်နေမယ်ထင်ပါတယ်။

တကယ်လို့သာ ဟစ်တလာဟာ လွန်ကဲလွန်းတဲ့ မျိုးချစ်စိတ်ဓာတ်ကို ချွန်းအုပ်ပြီး သူတပါးတိုင်းပြည်တွေကို နယ်ချဲ့တာ၊ ဂျူးတွေကို မျိုးဖြုတ်တာမျိုးတွေသာ မလုပ်ခဲ့ဘူးဆိုရင် သူ့ကိုဒီလောက်ထိ ရာဇ၀တ်ကောင်စာရင်း သွင်းခံရမယ်မထင်ပါ။ ဒါပေမယ့် သူလုပ်ခဲ့တာတွေထဲမှာ ကောင်းတာတွေလည်း ရှိပါသေးတယ်။ ပြောစရာရှိတာက မကောင်းတာတွေများလွန်းတဲ့အခါကျတော့
ကောင်းကွက်ကလေးတွေဆိုတာ ပျောက်ကုန်ပြီပေါ့။

ကဲ...ဟစ်တလာ ဘာတွေများ ကောင်းခဲ့သလဲ...

တိုင်းပြည်အတွက် သူလုပ်ပေးခဲ့တာတွေ တော်တော်များပါတယ်။ ဒါတွေကို အကုန်ပြောပြန်ရင် စစ်ရာဇ၀တ်ကောင်ဘက်က ရှေ့နေလိုက်တယ်လို့ ပြောခံရမှာကို ဗမာပီပီကြောက်တာမို့ အကြိုက်ဆုံးလေးတွေကိုပဲ ရွေးနုတ်တင်ပြတော့မယ်။

ဟစ်တလာဟာ ဂျာမန်လူမျိုးတွေကို ကျန်းမာကြံ့ခိုင်မှုရှိအောင် ပျိုးထောင်ပေးခဲ့ပါတယ်။

တစ်ခုပြောစရာလိုတာက ဟစ်တလာဟာ အမျိုးသမီးတွေအတွက်ကိုတော့ ဘာတစ်ခုမှ ထိထိရောက်ရောက်လုပ်မပေးခဲ့တာပါပဲ။ သူကိုယ်တိုင်လူပျိုကြီးဖြစ်နေလို့လား၊ ဒါမှမဟုတ် သူ့ရဲ့လိင်စိတ်မူမမှန်အနေအထားကြောင့်လားတော့ မသိပါ။ သူပြောတဲ့စကားကတော့ ဂန္ထ၀င်ပါပဲ။
ဂျာမန်အမျိုးသမီးတွေအတွက် ယောက်ျားပီသတဲ့ ကမ္ဘာ့အကောင်းဆုံး ယောက်ျားကောင်းတွေ ဖန်တီးပေးထားပါတယ်” တဲ့။
သူ့အပြောနဲ့သူတော့ ဟုတ်တုတ်တုတ်ပါပဲ။

သူလုပ်တဲ့အထဲမှာ အကြိုက်ဆုံးကတော့ “လုပ်အားပေးစခန်း”တွေပါ။ အဲဒီစခန်းတွေကို တစ်နိုင်ငံလုံးမှာ အများအပြား အကောင်အထည်ဖော်ပါတယ်။ အဲဒီစခန်းတွေကို အသက်၁၈နှစ်ပြည့်တဲ့ ယောက်ျားလေးတိုင်း ၆လသွားရပါတယ်။ အဲဒီစခန်းတွေကို ရောက်ပြီဆိုတာနဲ့ ဘယ်အလွှာကပေါက်ဖွားတဲ့ ယောက်ျားလေးမဆို တူညီဝတ်စုံဝတ်ပြီး တပြေးညီစည်းကမ်းအောက်မှာ နေရထိုင်ရပါတယ်။

လုပ်အားပေးစခန်းတွေမှာ မနက်၅နာရီခွဲတာနဲ့ အားလုံးအိပ်ရာထရပါတယ်။ တစ်တိုင်းပြည်လုံးက စခန်းတိုင်းမှာ တစ်ချိန်တည်း ထရတာပါ။ ၆နာရီထိုးတာနဲ့ တန်းစီရပါတယ်။ အသေးစိတ်ကိုတော့ မပြောတော့ပါ။ မနက်သတ်မှတ်ချိန်ရောက်တာနဲ့ စခန်းတိုင်းက လူငယ်အားလုံး လမ်းဖောက်တာ၊ မြေရိုင်းတွေဖော်တာစတဲ့ အလုပ်ကြမ်းတွေကို လုပ်ရပါတော့တယ်။ ဘယ်သူမှ အခွင့်ထူးခံလူတန်းစား မရှိပါ။ အားလုံးတပြေးညီလုပ်ရတာပါပဲ။ နေ့လည်ပိုင်း အနားယူပြီးတာနဲ့ ညနေပိုင်းမှာ ဖွံ့ဖြိုးရေးသင်တန်းငယ်တွေရှိပါတယ်။ ညပိုင်းမှာ ပျော်ပွဲရွှင်ပွဲတွေရှိပြီးတော့ သတ်မှတ်ချိန်မှာ အိပ်ရပါတယ်။ စခန်းသွင်းကာလ ၆လလုံး ဒီပုံစံအတိုင်းလည်ပတ်ပါတယ်။

ဒီစခန်းတွေရဲ့အားသာချက်တွေက..

(၁) လူငယ်အားလုံး ကျန်းမာကြံ့ခိုင်လာတယ်
၆လလောက် အလုပ်ကြမ်းလုပ်ပြီးတဲ့ လူငယ်တစ်ယောက်ဆိုတာ မကြံ့ခိုင်ဘဲနေရိုးလား။ ကျားကျားလျားလျားနဲ့ တကယ့်ယောက်ျားကောင်းကြီးတွေ ဖြစ်လာတော့တာပေါ့။

(၂) လူငယ်အားလုံး တစ်စိတ်တည်း၊ တစ်ဝမ်းတည်း ဖြစ်လာတယ်
ဘာကြောင့်လဲဆိုရင် ၆လလုံးလုံး တစ်မိုးတည်းအောက်မှာ လက်ရည်တစ်ပြင်တည်း လုပ်နေကြရတဲ့ လူငယ်တွေဟာ သာတယ်နာတယ်ဆိုတာတွေ၊ ချမ်းသာတယ်ဆင်းရဲတယ်ဆိုတာတွေ ကွာခြားမှုမရှိတော့ပဲ တစ်သွေးတည်း တစ်သားတည်းဖြစ်လာပါတယ်။ အလုပ်စခန်းသဘာဝအရ ငွေကြေး၊ ရာထူးထက် အပင်ပန်းခံနိုင်မှုက ပိုအရေးပါတာမို့ ဆင်းရဲသားသားသမီးတွေဟာလည်း အဲဒီစခန်းတွေမှာ သူတို့ရဲ့ဂုဏ်သိက္ခာကို ထူထောင်ခွင့်ရကြပါတယ်။

(၃) စည်းကမ်းနဲ့နေတတ်သွားကြတယ်
အထူးပြောစရာမလိုပါ။ အလုပ်စခန်းဆိုပေမယ့် စစ်စခန်းလိုပဲ ထားတာဖြစ်တဲ့အတွက် စည်းကမ်းသေ၀ပ်မှုပိုင်းမှာ ပြောစရာမလိုအောင် ကောင်းသွားပါတယ်။

(၄) အလုပ်တိုင်းကိုမကြောက်မရွံ့လုပ်ရဲလာတယ်
များသောအားဖြင့် ပညာတတ်၊ ပိုက်ဆံရှိသားသမီးများဟာ အလုပ်ကြမ်းဆိုရင် သူတို့နဲ့ မဆိုင်ဘူးလို့ သဘောထားတတ်ပါတယ်။ ဒီစခန်းတွေမှာကျကျနန ကျင့်ပေးလိုက်တဲ့အတွက် အလုပ်တိုင်းကို လုပ်ရဲလာပါတယ်။

(၅) ခေါင်းဆောင်တွေမွေးထုတ်ပေးနိုင်တယ်
ဟစ်တလာက ခေါင်းဆောင်ကောင်းမွေးတဲ့ အလုပ်ကို အထူးတလည် အရေးပေးပါတယ်။ ဒီစခန်းတွေမှာ လူငယ်တွေကို ကျကျနနလေ့လာပြီး ခေါင်းဆောင်မှုစွမ်းရည်ရှိတဲ့ လူငယ်တွေကို မှတ်တမ်းတင်ထားပြီး တကယ့်ကိုစံနစ်တကျ လေ့ကျင့်ပေးပါတယ်။ စခန်းမှာလဲ လက်တွေ့ပြုစုပျိုးထောင်ပေးပါတယ်။ ဒါကြောင့် စစ်သားတွေထဲမှာ ဂျာမန်စစ်သားတွေဟာ ခေါင်းဆောင်ကောင်းစွမ်းရည် ပြည့်ဝမှုအကောင်းဆုံး ဖြစ်လာပါတယ်။

ဒီစခန်းတွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဂျာမန်တွေအတွက် စစ်သားတွေမွေးထုတ်ပေးတာပါပဲ။ ပြောရရင်တော့ နယ်ချဲ့ဖို့ဆိုပါစို့။ ရည်ရွယ်ချက်ကလွဲရင် ကျန်တာအားလုံးကောင်းပါတယ်။ တကယ်လို့သာ ဟစ်တလာအတွက်မမှားဘဲ စစ်မျက်နှာသာ နှစ်ဖက်မဖွင့်ခဲ့ဘူးဆိုရင် တကယ့်စစ်သားကောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ဂျာမန်စစ်တပ်ကြီးကို ဥရောပနိုင်ငံတွေ အရှုံးပေးပြီး ကမ္ဘာ့မြေပုံပါ တစ်မျိုးဖြစ်သွားမယ်ထင်ပါတယ်။

ကိုယ်တို့တိုင်းပြည်က ချာတိတ်လေးတွေကို အားမရတိုင်း ဒီစခန်းတွေကို ပြေးပြေးမြင်တာပါပဲ။ ဒီခေတ်ချာတိတ်လေးတွေကြည့်ရတာ ဖင်ရှူးလေးတွေ၊ ဖလံလေးတွေ ဖြစ်နေပြီး ကျားကျားလျားလျားမရှိ အလှကြိုက်နေကြလွန်းတာ မြင်ရတာ ဘယ်လိုမှ အဆင်မပြေပါ။ တကယ်လို့များ လိုအပ်လာလို့ စစ်တိုက်ကြရရင်တောင် လက်ပစ်ဗုံးကို လက်နှစ်ဖက်နဲ့ကိုင်ပြီးပစ်ရမယ် ထင်ပါရဲ့။

ဒီချာတိတ်တွေသာ ဟစ်တလာလက်အောက် ပို့လိုက်ရရင်တော့လေ...

Sunday 29 August 2010

ကျွန်းဦးသစ်ပင်များ . . .

အရှေ့ကျွန်း - ကုက္ကိုပင်
တောင်ကျွန်း - သပြေပင်
အနောက်ကျွန်း - ထိန်ပင်
မြောက်ကျွန်း - ပဒေသာပင်
တာဝတိံသာ - ပင်လယ်ကသစ်ပင်
အသူရာပြည် - သခွတ်ပင်
ဂဠုန်ပြည် - လက်ပံပင်

မြန်မာ့စွယ်စုံကျမ်း အတွဲ(၁) ၊ အပိုင်း(ခ) ထဲမှာ တွေ့လို့ ကောက်နုတ်ထားတာပါ။ ဗုဒ္ဓကျမ်းစာလာ အယူအဆဖြစ်ပါတယ်။ အခုတလော စာကြွေးတွေ တော်တော်များများ ဖတ်ဖြစ်နေလို့ ကောက်နုတ်ဝေငှစရာတွေ တော်တော်များနေပါတယ်။ ဖတ်ညွှန်းဆရာ ဖြစ်နေရင်လည်း ကျေကျေနပ်နပ်လက်ခံပါတယ်။ ဘာကြောင့်လဲဆိုရင် ဖတ်တယ်ဆိုတာ ကိုယ်သိဖို့မှမဟုတ်ဘဲ၊
သူများကိုမျှဝေ ပေးဖို့မဟုတ်လား။


ဒါကြောင့် ဗဟုသုတဖြစ်စရာလေးတွေတွေ့ရင် ဖတ်ပြီးညွှန်းပါဦးမယ်...

ကြားရကြားရ နားဝမသက်သာ . . .မြင်ရမြင်ရ ရင်ဝမသက်သာ . . .

ကိုမျိုး IR ; အဆိုတော်တစ်ယောက်မှာ Mood နဲ့ Expression ဘယ်ဟာ ပိုအရေးပါတယ်လို့ ထင်ပါသလဲ။ ဘာကြောင့်များလဲ။ ကိုယ်ဆိုရတဲ့ သီချင်းရဲ့Theme နဲ့ Melody နဲ့ရော ဆိုင်မယ်လို့ ထင်ပါသလား။

ထူးအိမ်သင် ; Expression ဆိုတာ Mood ရှိမှ လာတာဗျ။ Mood ကောင်းမှ Expression ကောင်းနိုင်မှာ။ ဒီနှစ်ခုက တွဲနေတာကိုး။ ကောင်းဖို့ ရဖို့ဆိုတာကလည်း ကိုယ်ဆိုမယ့် သီချင်းရဲ့ Melody နဲ့ Theme ကို ကိုယ်ကိုယ်တိုင်က နှစ်နှစ်သက်သက် ကျေကျေနပ်နပ်နဲ့ ကို ဆိုနိုင်မယ့် အနေအထားမျိုးရှိမှ ကောင်းနိုင်မယ်လို့ ထင်တာပဲ။

ကိုမျိုးIR ရဲ့အမေးကို ကိုထူးအိမ်သင် ဖြေထားတာပါ။
ထူးအိမ်သင်ဆိုတာ ဒီဘက်ခေတ် နောက်ပေါက်ချာတိတ်တွေအသာထားဦး သူနဲ့တန်းတူ အဆိုရှင်တွေထဲမှာတောင် ဂီတသီအိုရီပိုင်းနဲ့ ပတ်သက်ရင် တန်းတူတဲ့သူ တော်တော်ရှားတဲ့ ပါရမီရှင်ပါ။ ပါရမီအပြင် လေ့လာလိုက်စားမှု၊ အာရုံဝင်စားမှု၊ ဂီတအပေါ်ထားတဲ့ သူ့ရဲ့ဖြူစင်မွန်မြတ်ခြင်း၊ သစ္စာရှိခြင်း စတာတွေပါ ပေါင်းစပ်ထားတဲ့ တကယ့်ဂီတ ပညာရှင်ပါ။

အဲဒီဂီတပညာရှင် ကိုငှက်(ကိုထူးအိမ်သင်) ပြောထားတဲ့ စကားလေးကို သဘောကျလို့ စကားချီးနေတာပါ။ Mood ကောင်းမှ Expression ကောင်းမှာပါတဲ့။
မှန်လိုက်တာ။ ဒီစကားကို တနင်္ဂနွေညနေပိုင်းမှာ Melody World မှာ ဆရာကြီးတစ်ဆူလုပ်နေတဲ့ ဒေါ်နွဲ့ယဉ်ဝင်း သိစေချင်လိုက်တာ။

ဒီဆောင်းပါးကို သူဖတ်ဖြစ်ပါစေလို့ပဲ ဆုတောင်းရမယ်။
ဖတ်ပြီးရင်လည်း ကိုယ့်ကိုမေတ္တာပို့ပါလို့လည်း ပြောရလိမ့်ဦးမယ်။

တနင်္ဂနွေ ညနေတိုင်းမှာ အများသိတော်မူကြတဲ့အတိုင်း မြ၀တီရုပ်သံကနေ အဆိုရှင်သစ်လေးတွေကို မြေတောင်မြှောက်ပေးနေတဲ့ Melody World အစီအစဉ်လွှင့်ပါတယ်။ ရည်ရွယ်ချက်လေးလည်း ကောင်းပါတယ်။ ကလေးတွေလည်း ကြိုးစားကြပါတယ်။ အင်း...ဒါပေမယ့် ဂီတလောကအတွက် ကြိုးစားရတာထက် နွဲ့ယဉ်ဝင်းကြိုက်အောင် ကြိုးစားရတာပိုများပါတယ်။

ရေးနေရင်းမှပဲ သွားသတိရတယ်။ ဒီဘလော့ကို မြန်မာပြည်မှာ ဖတ်လို့မှမရတာ။ နွဲ့ယဉ်ဝင်းမဖတ်ဖြစ်တော့တာ သေချာသွားပြီ။ အဆဲမခံရတော့တာထက် သူမသိနိုင်တာတွေးမိရင် စိတ်တောင်မကောင်းဘူးလေ။
ရှိစေတော့ ရေးလက်စနဲ့ ဆက်ချလိုက်တာပဲ ကောင်းပါတယ်နော။

အထက်ကစကားကို ပြန်ဆက်ရရင် Melody World မှာ နွဲ့ယဉ်ဝင်းကြီးစိုးနေတာ တော်တော်တောင်ကြာနေပြီဆိုတော့ သူ့ခြေသူ့လက်တောင် ဖြစ်လို့နေပါပြီ။ လူ့စိတ်သဘာဝအရ နေရာတစ်ခုမှာကြာရှည်နေရပြီဆိုတာနဲ့ နေရာနဲ့ပတ်သက်တဲ့ မာန်၊ မာနတွေ ၀င်လာရုံသာမက အလေးထားမှုလည်းပေါ့လာတတ်ပါတယ်။ နောက်...သူများအပေါ် လေးစားမှုလည်း ကျလာတတ်တာ သဘာဝပါ။

ဘာကြောင့်ပြောရသလဲဆိုရင် ဒီဘက်ပိုင်းမှာ နွဲ့ယဉ်ဝင်းလုပ်နေတာ တော်တော်လေးအချိုးမပြေဖြစ်လာတယ် ထင်ရလို့ပါ။ တစ်ခါက အဲဒီအစီအစဉ်မှာ ကလေးတစ်ယောက်က မြန်မာသီချင်းလေးနဲ့ဝင်ပြိုင်ပါတယ်။ အဲဒါ ဆရာမကြီးက ဘာပြောလဲဆိုတော့ အဲဒီသီချင်းတွေနဲ့ မပြိုင်ရဘူးတဲ့။ ကောင်းပါလေ့။ အဲဒါတွေက သီချင်းမဟုတ်ဘူးလို့များ ဆရာမကြီးသတ်မှတ်လေရော့သလား။ ဂီတကိုမြတ်နိုးရင် ဘယ်ဂီတမဆို လက်ခံရမယ်ဆိုတာ လားလားမှ သိအံ့မထင်ပါ။

လာပြိုင်ရှာတဲ့ ကလေးတွေကိုလည်း တစ်ခါတစ်ခါ ပစ်ပစ်ခါခါဝေဖန်လိုက်တာ ကလေးတွေတော့မသိဘူး။ ကိုယ့်မှာကြားထဲကနေ သနားလိုက်တာ။ ကလေးတွေ ဘယ်လောက်ရှက်ရှာမလဲ။ တကယ့် တစ်နိုင်ငံလုံးကြည့်နေတဲ့ အစီအစဉ်မှာ၊ အများရှေ့မှာ။ စေတနာကတော့ စေတနာပေါ့။ ဘာပဲဖြစ်ဖြစ် ကလေးတွေကို အားပေးပြီးတွဲခေါ်ရမှာမဟုတ်လား။ တကယ်ဆိုရင် သူကိုယ်တိုင်တောင်မှ ဂီတလောကမှာ ဒီလောက်ဖြစ်ဖြစ်မြောက်မြောက်ရှိခဲ့တာ မဟုတ်ပါဘူး။ သူ့ခေတ်ကဆိုရင် ဟေမာနေ၀င်းနဲ့၊ မေဆွိနောက်မှာ တကယ့်အဝေးကြီးမှာပါ။ အခုကျတော့ သူကဆရာမကြီးလေနဲ့ အဆိုရှင်သစ်လေးတွေကို ဖဲ့လိုက်တာ ရစရာကို မရှိဘူး။ သူ့အတွက် ဒီအစီအစဉ်က မထူးဆန်းပေမယ့် ပြိုင်ပွဲဝင်လေးတွေအတွက်ကတော့ တော်တော်ကြီးကို အားခဲရတာပါ။ တစ်ချို့နယ်က လာပြိုင်တဲ့ကလေးတွေဆို ပိုတောင်ဆိုးပါသေးတယ်။ ကိုယ့်မြို့ကိုယ် ဘယ်လိုမျက်နှာမျိုးလေးတွေနဲ့ ပြန်ရရှာမလဲ။

တကယ်ဆိုရင် အစီအစဉ်တစ်ခုကို ဦးဆောင်ဦးရွက်ပြုသူဆိုတာ နာယကဂုဏ်၆ပါးနဲ့ ပြည့်စုံရမှာ ဖြစ်ပါတယ်။

နာယကဂုဏ် ခြောက်ပါး
ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ
ဝေဖန်၊ ထောက်ရှု
ဤခြောက်ခု
ကြီးသူ့ကျင့်ဝတ်တာ။ ။

ဒါမှပဲ နောက်လိုက်ပဲဖြစ်တဲ့ ကလေးတွေအတွက် အကျိုးကျေးဇူးများမှာဖြစ်ပါတယ်။

ပြီးတော့...
နွဲ့ယဉ်ဝင်းက ကလေးတွေကို တစ်ခါတည်း Expression ဂါထာရွတ်ပြီး လှုပ်ခိုင်း၊ ရမ်းခိုင်းနေတာ စိတ်ပျက်စရာကောင်းလိုက်တာ။ ကြာလာတော့ ကလေးတွေမှာ အဆိုတော်နဲ့တောင်မတူတော့ဘဲ အအပြဇာတ်ကနေတာနဲ့ပဲ တူလာပါတော့တယ်။
သီချင်းအပေါ်မှာ အာရုံဝင်စားပြီး ခံစားချက်ရှိလာရင် သူ့ဟာသူ Expression ကောင်းလာပါလိမ့်မယ်။ တကယ်တော့ Expression ဆိုတာ မဆလာပါပဲ။ အဓိကက ဟင်းကောင်းဖို့ပါ။ မဆလာပါရင် ပိုကောင်းတာမှန်ပေမယ့် မဆလာချည်းထဲတော့ စားလို့မရနိုင်ပါ။ သီချင်းဆိုပြိုင်ပွဲဆိုတာကြောင့် အရေးကြီးတာက အဆိုပါပဲ။ လှုပ်ရှားမှုလေးတွေပါရင် ပိုကောင်းတာမှန်ပေမယ့် အဆိုထက် အလှုပ်ကိုဦးစားပေးနေတာ မြင်ရတော့ မဆလာချည်းပဲ စားနေရသလို ပူစပ်ပူလောင်ကြီး ဖြစ်ရပါတယ်။ ကလေးတွေကို ပထမပိုင်းက အမြင်ကတ်မိပေမယ့် ကြာလာတော့လည်း သနားတာက ပိုလာပါရော။

နောက်စိတ်ပျက်စရာတစ်ခုက ပြိုင်ပွဲဝင်ကလေးတွေ သီချင်းဆိုတဲ့နေရာမှာ သီချင်းရဲ့Trend ထက် သူတို့အသံကောင်းကြောင်းကိုပဲ အပြိုင်အဆိုင်ပြနေကြတာပါပဲ။ မလိုအပ်ဘဲ အသံတုန်ပစ်တာ၊ စည်းပေါက်တဲ့အထိ အသံရှည်ရှည်ဆွဲဆိုတာတွေများလွန်းပါတယ်။ တကယ်တော့ သီချင်းဆိုတဲ့နေရာမှာ နားဆင်သူပရိသတ် အတွက်ရည်စူးပြီးဆိုရတာမျိုးပါ။ အသံကောင်းတိုင်းစွတ်ဆွဲနေတော့ ပရိသတ်ကို စော်ကားသလိုဖြစ်နေပါရော။ အင်း...ဆရာမကြီးက ဒါမျိုးကျတော့ ပြောတော်မမူပါဘူးဗျား။

L ဆိုင်းဇီဆိုတဲ့ အဆိုတော်မလေးတစ်ယောက် အဆိုတော်မင်းဂေါင်ရဲ့ ရေစီးကြောင်းသံယောဇဉ်သီချင်းကို ပြန်ဆိုလိုက်တာ ရှိသမျှအသံကုန်ထုတ်ပြီး ဆွဲနိုင်သမျှဆွဲဆိုပစ်လိုက်တာ ကြားကတည်းက ရေစက်ကို ကုန်သွားပါရောလား။ မူရင်းအဆိုတော်ကို မလေးစားရာရောက်သလို ပရိသတ်ကိုလည်း ပိုက်ဆံယူပြီး နှိပ်စက်သလိုပါပဲ။ ကြားရကြားရ နားဝမချမ်းသာလွန်းလို့ သီချင်းဆိုရင် မူရင်းသီချင်းပဲ နားထောင်နေရတာကြာပါပေါ့။ မြန်မာလိုနားထောင်ချင်ရင်လည်း ကိုထီးတို့၊ ကိုတိုးတို့၊ ကိုငှက်တို့နဲ့ပဲ ငြိမ့်လိုက်တော့တယ်။

အင်း...မနေနိုင်တာကိုတော့ ရေးထုတ်လိုက်ပြီ။ နွဲ့ယဉ်ဝင်းပရိသတ်များ ဖတ်မိရင်လည်း မေတ္တာတော်အနန္တရမှာ သေချာသလောက်ပဲ။ ရှိပါစေတော့နော...

တစ်ခါတစ်ခါ ဒါမျိုးလေးတွေလည်း ပြောပေးဦးမှ...

Saturday 28 August 2010

ကောသလမင်းအိပ်မက် ၁၆ချက် . . .

ကောသလမင်းအိပ်မက် ၁၆ချက်ကို ခပ်ငယ်ငယ်ကတည်းက သိပေမယ့် တိတိကျကျမသိခဲ့ပါ။ ဘုရားသွားတဲ့အခါမှာ စောင်းတန်းတွေမှာ ဆွဲထားတဲ့ ပန်းချီကားတွေမှာ အမြဲတွေ့ပေမယ့် သတိကောင်းကောင်းမမူမိတာကြောင့် အခုအရွယ်ထိ ခပ်ဝါးဝါးပဲ သိရုံပါပဲ။ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမှ ebook တစ်အုပ်ရလို့ ၁၆ချက်လုံး ကျကျနန သိရပါတယ်။

ဒါကြောင့် ကိုယ်လိုယောင်ဝါးဝါးဖြစ်နေကြသူများအတွက် ပြန်ဝေငှပေးလိုက်ပါတယ်။ အနက်ပါပြန်ပေးလိုက်ပါတယ်။

၁။ နန်းရင်ပြင်တွင် နွားနက်ကြီးလေးကောင် ဝှေ့ရန်ဟန်ပြင်ပြီးမှ မဝှေ့တော့ဘဲ ရှောင်ထွက်သွားကြသည်
ကောင်းကင်တွင် မိုးတိမ်များမည်းနေသော်လည်း တကယ်တမ်းမရွာခြင်း

၂။ သစ်ပင်တို့သည် အရွယ်ငယ်ငယ်နှင့် ပွင့်ကြသီးကြသည်
ငယ်ငယ်ရွယ်ရွယ်ဖြင့် အိမ်ထောင်ပြုကြပြီး သားသမီးတို့ မွေးဖွားကြခြင်း

၃။ မွေးကင်းစ နွားကလေး၏နို့ကို နွားမကြီးကစို့သည်
သားသမီးများကို မိဘတို့က မှီခိုနေထိုင်ကြရခြင်း

၎။ အားကောင်းမောင်းသန်နွားကြီးများကို မသုံးဘဲ နွားငယ်များကို ထမ်းပိုးတတ်ပြီး ၀န်ကိုရုန်းစေသည်
ပညာရှိသက်ကြီးရွယ်အိုများကိုဘေးဖယ်၍ ငယ်ရွယ်သူများကိုသာ တာဝန်ကြီးများပေးအပ်ကြခြင်း

၅။ ခေါင်းနှစ်လုံးရှိသောမြင်းသည် ခေါင်းနှစ်လုံးစလုံးနှင့် အစာစားသည်
တရားစီရင်ရာတွင် တရားသူကြီးများက တရားလို၊ တရားခံနှစ်ဘက်စလုံးထံမှ လာဘ်ယူပြီး ဆုံးဖြတ်ကြခြင်း

၆။ တစ်သိန်းတန်သော ရွှေခွက်တွင် မြေခွေးအားကျင်ငယ်စွန့်စေရန် အလုအယက်တောင်းပန်ကြသည်
ငွေကြေးချမ်းသာသော လူယုတ်ထံတွင် မိမိတို့၏ အမျိုးကောင်းသမီးကို လက်ထပ်ပါရန် တောင်းပန်ကြခြင်း

၇။ ကျစ်နေဆဲဖြစ်သော ကြိုးအဖျားကို ကုတင်အောက်တွင် ၀ပ်နေသော မြေခွေးက ခိုးစားသည်
လင်ရှာဖွေထားသော ငွေကြေးများကို မယားဖြစ်သူက နောက်ကွယ်တွင် ဖောက်ပြန်သုံးစွဲခြင်း

၈။ လူများသည် ရေမရှိသော အိုးငယ်များဝိုင်းနေသည့် ရေပြည့်အိုးကြီးကို ၀ိုင်း၍ရေဖြည့်နေကြသည်
ဆင်းရဲသောတိုင်းသူပြည်သားများက ချမ်းသာသောဘုရင်ကို အခွန်များဆက်သကြရခြင်း

၉။ ရေစပ်ကြည်ပြီး ရေလည်တွင်နောက်နေသော ရေအိုင်တွင် သတ္တ၀ါများ ရေသောက်နေကြသည်
လူတို့သည် အခွန်အခကြီးမြင့်သော မြို့တွင်မနေနိုင်တော့ဘဲ တောသို့ပြောင်းရွှေ့နေကြရခြင်း

၁၀။ ထမင်းတစ်အိုးတည်းမှ အပျော့၊ အမာ၊ ပုံမှန်ထမင်း သုံးမျိုးရသည်
ရာသီဥတုဖောက်ပြန်ပြီး တိုင်းပြည်တစ်ခုထဲတွင်ပင် ရေကြီးခြင်း၊ မိုးခေါင်ခြင်းတို့ ဖြစ်ရခြင်း

၁၁။ တစ်သိန်းတန် ကျောက်မျက်တို့ကို ပုန်းရည်၊ ရက်တက်ရည်နှင့် လဲ၍စားကြသည်
ဘုရားဟော တရားတော်ကို ငွေကြေးယူ၍ ဟောပြောကြခြင်း

၁၂။ ရေဗူးများသည် ရေအောက်သို့ မြုပ်ကြသည်
ပညာရှိများ တိမ်မြုပ်နေကြရခြင်း

၁၃။ မြွေကို ဖားက ကိုက်စားသည်
အသက်ကြီးသူများက ငယ်ရွယ်သောမယားကိုယူထားကြခြင်းကြောင့် မယား၏ အနိုင်ကျင့်ခြင်းကို ခံရခြင်း

၁၄။ ကျောက်ဖျာသည် ရေပေါ်တွင် ပေါ်နေသည်
ပညာမဲ့ လူယုတ်မာတို့သာ ထင်ပေါ်ကျော်ကြားကြခြင်း

၁၅။ ကျီးယုတ်ကို ဟင်္သာများက ၀ိုင်းရံခစားနေကြသည်
ပညာမဲ့လူယုတ်မာကို ပညာရှိသူတော်ကောင်းများက ၀ိုင်းဝန်းခစားကြရခြင်း

၁၆။ ကျား၊ ခြင်္သေ့တို့ကို ဆိတ်များက လိုက်လံကိုက်စားကြသည်
လူယုတ်မာများက မင်းနှင့်ပေါင်း၍ သူတော်ကောင်းများကို နှိပ်စက်ကြခြင်း

ကောသလမင်းအိပ်မက် ၁၆ချက်ဆိုတာ မြတ်စွာဘုရားရှင်လက်ထက်တော်က ပသေနဒီကောသလမင်းကြီး မက်တော်မူခဲ့တာပါ။ တစ်ညတည်းမှာ အဲဒီအိပ်မက် ၁၆ခုလုံးမက်တော့ မင်းကြီးကကြောက်ပြီး ပညာရှိအမတ်တွေကိုမေးပါသတဲ့။ အဲဒီမှာ ပညာရှိတွေကလည်း မင်းကြီးအသက်စိုးရိမ်ရတယ်ဆိုပြီး သတ္တ၀ါ စုံတွဲတွေဖမ်းပြီး ယာဇ်ပူဇော်မယ်ပြင်ပါရော။ ဒါပေမယ့် မင်းကြီးက ဘုရားရှင်ကို သွားပြီးမေးတော့မှပဲ အမှန်အတိုင်းသိပြီး သတ္တ၀ါတွေ ဘေးလွတ်ရပါသတဲ့။ ကြောက်စရာပညာရှိတွေပါပဲ...

သံဓိဋ္ဌာန် . . .

“အကယ်၍ ငါသည် . . .

ပညာ
တစ်ရွေးသားမျှသာ တတ်မြောက်သည်ဖြစ်အံ့ . . .

ထိုတစ်ရွေးသားမျှသော ပညာသည် . . .

ငါ့နိုင်ငံ၊ ငါ့လူမျိုးအတွက်သာမက . . .

လူသားအားလုံးအတွက် ဖြစ်အံ့သတည်း”

Friday 27 August 2010

ဥပေက္ခာ ဘယ်လိုပြုရမယ် . . .

ပညာရေးနယ်ပယ်ထဲကို ကိုယ်ရောက်နေခဲ့တာ ဒီနှစ်ဆိုရင် ခုနစ်နှစ်မြောက်ပါပြီ။
ဆရာမျိုးစုံ၊ ကျောင်းသားမျိုးစုံလည်း တွေ့ခဲ့ဖူးပါတယ်။ ရှင်ကြီးဝမ်းရော၊ ရှင်ငယ်ဝမ်းပါ စုံအောင်ဝင်ခဲ့ဖူးတယ်များ ပြောရမလားမသိပါ။

လုပ်သက်ကြာလို့ ၀ါရင့်လာတာနဲ့အမျှ အခြေအနေတွေကို ကိုယ်တွယ်နိုင်တဲ့ စွမ်းရည်လည်း တိုးတက်လာပါပြီ။ နုစဉ်အခါကတော့ အခက်အခဲတစ်ခုခုများကြုံရင် ခေါင်းတွေပူပြီး၊ ပျာယာခတ်နေအောင် အဖြေရှာရပါတယ်။ ဒီဘက်ကာလပိုင်းမှာတော့ ပြဿနာတွေကိုရင်ဆိုင်ရာမှာ သူ့အလိုအလျောက်ဖြေရှင်းပြီး ဖြစ်သွားလေ့ရှိပါတယ်။ ပညာသိထက်၊ အာရုံသိ ပိုအားကောင်းလာတယ်လို့ပဲ ဆိုရတော့မလိုပါ။

ဘယ်လောက်ပဲ ရင့်ကျက်လာတယ်ပြောပြော ကိုယ့်အားနည်းချက်တစ်ခုက အားနည်းတဲ့လူတွေအပေါ်မှာ အနိုင်ကျင့်တာတွေ့ရင် ဘယ်လိုမှစိတ်မထိမ်းနိုင်အောင် စိတ်တိုတတ်တာပါပဲ။ ဒေါသထွက်ရင် ကိုယ်ပဲအသက်တိုမှန်းသိပေမယ့် မထွက်ဘဲနေလို့မရတာ တကယ်ကိုဆိုးပါတယ်။ ဗြဟ္မစိုရ်တရားလေးပါးထဲမှာ ခက်ပါတယ်လို့ပြောကြတဲ့ မုဒိတာတရားကို ပွားနိုင်ပေမယ့် ဥပေက္ခာတရားကို ပွားလို့ကိုမရနိုင်တာ ကိုယ့်အားနည်းချက်ထဲက အဆိုးဆုံးနဲ့ အကြီးမားဆုံးအားနည်းချက်ပါ။

ဥပေက္ခာတရားကို ပွားဖို့ခက်နေရတဲ့ကြားထဲမှာ ကိုယ်ကျင်လည်နေရတဲ့ ပညာရေးလောကဆိုတာကလည်း အမြင်မတော်တာတွေ ဒုနဲ့ဒေးဆိုတော့ ဒေါသမထွက်ရတဲ့ရက် မရှိသလောက်တောင် ရှားနေပါတော့တယ်။ ကိုယ့်စိတ်က ကျောင်းသူကျောင်းသားတွေ အပြစ်လုပ်ရင်၊ အမှားအယွင်းတစ်ခုခုရှိရင် စိတ်ရှည်၊ သည်းခံနိုင်သလောက် လူကြီးတွေ၊ ဆရာတွေ နည်းလမ်းမကျရင် ဘယ်လိုမှကို သည်းခံလို့မရပါ။ ပညာရေးခေါင်းဆောင်တွေဖြစ်တဲ့ ဆရာ၊ဆရာမတွေဘက်က အားနည်းချက်တွေများတွေ့မိရင် အသားတွေပါတုန်အောင် စိတ်တိုတတ်ပါတယ်။

အခုလည်း တစ်သက်နဲ့တစ်ကိုယ် မကြားဖူးတာကြားရတာကြောင့် ဒေါသအတောင့်လိုက်ထွက်ရပြန်ပါတယ်။ စဉ်းစားကြည့်လေ စာသင်တဲ့ဆရာက သူ့အိမ်မှာ ကျူရှင်လာတတ်တဲ့ ကျောင်းသားတွေအတွက် water cooler ၀ယ်ဖို့ဆိုပြီး ကျောင်းသားတွေဆီက ပိုက်ဆံတောင်းပါသတဲ့။ တောင်းတာမှ နှစ်ခါတောင်တောင်းတယ်ဆိုပဲ။ ပြီးတော့ ၀ယ်လဲမ၀ယ်ပါဘူးတဲ့။ ၀ယ်ဖြစ်တယ်ထားပါဦး ကိုယ့်အိမ်အတွက်ပစ္စည်းကိုတော့ ကိုယ့်ငွေနဲ့ကိုယ် ၀ယ်သင့်ပါတယ်။ အခုလိုမျိုး ခေါင်းစဉ်လှလှလေးတပ်ပြီး ကျောင်းသားတွေပေါ်က လူလည်ကျတာတော့ စိတ်ဓာတ်ယုတ်ညံ့လွန်းပါတယ်။ ပြန်ပြောခွင့် မရှိတဲ့ကျောင်းသားတွေဆီက ညစ်ညာပြီးတောင်းတာကတော့ အောက်တန်းကျလွန်းတာကို တွေးမိတိုင်း ဒေါသတွေအတောင့်လိုက် ထွက်ရပါတော့တယ်။ ပြီးတော့ သူ့ဆီမှာစာသင်တဲ့ကျောင်းသားတွေဟာ လကုန်ရင် မီတာခလည်း ပေးကြရပါသတဲ့။ ကျောင်းသားတွေဆီက ငွေကို တကယ့်သပိတ်ဝင်၊ အိတ်ဝင်ကြံချက်ကတော့ ပက်စက်လွန်းလိုက်တာ။

အထက်ကပြောခဲ့တာကို အံ့သြတယ်ဆိုရင် ဒါအကင်းပဲရှိသေးတယ်လို့များ ပြောရပါလိမ့်မယ်။
ကျုရှင်တစ်ခုမှာ ကျောင်းသားတွေသင်တန်းကြေးသွင်းတာ နောက်ကျရင် လမ်းမထွက်ပြီး ထိုင်ထလုပ်ခိုင်းပါသတဲ့။ ရက်တော်တော်လေးလွန်အောင် လစာမသွင်းနိုင်သေးရင်တော့ အဲဒီကျောင်းသားကို ဓာတ်ပုံရိုက်ပြီး မိဘနံမည်နဲ့တကွ သင်တန်းကြေးမသွင်းသေးတဲ့အကြောင်းကို လူမြင်ကွင်းမှာ ကပ်ထားပါသတဲ့ဗျား။ ဘယ်လောက်များ ချစ်ဖို့ကောင်းလိုက်တဲ့ ပညာဈေးသည်များပါလိမ့်။ တွေးရင်းတွေးရင်း ကျည်ပွေ့နဲ့ ကန်တော့ချင်စိတ်ပါ တဖွားဖွားပေါ်လာအောင် ကြည်ညိုမိပါရဲ့။
အဲဒီချစ်စရာကောင်းလှပါသော ကျူရှင်ဆရာက သူ့ကျောင်းသားတွေထဲက ပြောလို့၊ဆိုလို့မရတဲ့ ကျောင်းသားဆိုရင် ဓာတ်ပုံရိုက်ပြီး ရုပ်ဖျက်၊ အောက်မှာစာတန်းထိုးပြီး ကပ်လေ့ရှိပါသတဲ့။ ကျောင်းသားဖြစ်သူရှက်ပြီး နောက်မလုပ်ရဲအောင်ပါတဲ့။ ကောင်းလိုက်တဲ့ ဆုံးမနည်း။ ကျောင်းသားဖြစ်သူရဲ့ ကိုယ်ပိုင်ဂုဏ်သိက္ခာကို တစ်စက်ကလေးမှ ထည့်မစဉ်းစားတာ ဘယ်လိုမှစဉ်းစားလို့မရပါ။ ကျောင်းသားကို လူစာရင်းမှ သွင်းရဲ့လားလို့ပဲ မေးရတော့မလိုပါပဲ။

လေးစားစရာကောင်းလှတဲ့ အဲဒီဆရာရဲ့ ကောင်းသတင်းလေးတွေက မကုန်သေးပါ။ မြို့မှာ စတိတ်ရှိုးတွေ၊ ဇာတ်ပွဲတွေရုံသွင်းရင် ကျောင်းသားတွေအတွက် လက်မှတ်တုတွေလုပ်ပေးပါသတဲ့။ ဘယ်လောက်များ ကိုယ်ချင်းစာတရား ခေါင်းပါးလိုက်တဲ့လူပါလိမ့်။ လက်မှတ်တစ်စောင်ကို လေး၊ ငါးထောင်ဆိုရင် အစောင်၂၀ဆိုရင်ပဲ ကန်ထရိုက်ခမျာ ငွေတစ်သိန်းနီးပါးလောက် နာရှာပါရော။ ကိုယ်ဆရာကြီးလုပ်ချင်တာနဲ့ သူများစီးပွားရေးပျက်စီးရတာကို နည်းနည်းလေးမှတောင် စဉ်းစားမိရဲ့လားမသိပါ။

တကယ်ဆိုရင် ဒီကိစ္စဟာ ဘာပဲပြောပြော ခိုးမှုပါပဲ။
ဆရာတစ်ယောက်အနေနဲ့ ကျောင်းသားတွေကို လိမ္မာရေးခြားရှိအောင် ဆုံးမရမယ့်အစား ခိုးမှုကျူးလွန်အောင်တောင် ဦးဆောင်ဦးရွက်ပြုနေတာ ဘာကြောင့်များ မရှက်သလဲဆိုတာ စဉ်းစားလို့တောင်မရပါ။ ကျောင်းသားဆိုတာမျိုးကတော့ ကိုယ့်ဆရာလုပ်ရင် ဘာမဆို အထင်ကြီးပြီးသားမို့ ဆရာလုပ်တာကို အဟုတ်ကြီးထင်သွားရင် ကလေးတွေနောင်ရေး ရင်လေးစရာကြီးပါ။ သင့်ရာအပ်ပို့ ဆရာတို့ဆိုတဲ့စကားက ကျောင်းသားတွေကို ငရဲပို့ရမယ်လို့များ တွေးမိတဲ့ဆရာထင်ပါရဲ့လေ။ ကိုယ့်မှာတော့ ကြားထဲကနေရှက်လို့မဆုံးတော့ပါ။ စိတ်လည်း မတိုချင်တော့ပါ။ ဆရာရော ကျောင်းသားတွေအတွက်ပါ စိတ်မကောင်းဖြစ်မိတာက ပိုသွားပါတော့တယ်။

တစ်ရက်တစ်ရက်လည်း မမြင်သင့်တာတွေ၊ မကြားသင့်တာတွေ မကြာမကြာကြားနေရတာများပေမယ့် ဘယ်လိုမှလည်း အရေမထူနိုင်ပါ။ တိုင်းပြည်ရဲ့ ပညာရေးကိုတိုးတက်မြင့်မားအောင်လုပ်ဖို့ အားလုံးမှာတာဝန်ရှိကြတာမို့ ကျောင်းဆရာပဲဖြစ်ဖြစ်၊ ကျူရှင်ဆရာပဲဖြစ်ဖြစ် နည်းလမ်းမကျတာတွေမြင်နေသမျှ ဒေါသထွက်၊ စိတ်တိုဖြစ်နေဦးမှာပါပဲ။

စိတ်တို၊ ဒေါသထွက်နေတဲ့ကြားကပဲ ဆရာဆိုတာ ဘယ်လိုဆိုတာကိုပြဖို့ နေ့စဉ်နေ့တိုင်း ကြိုးစားနေဖြစ်ပါတယ်။ အားလုံးကအထင်သေးကြတဲ့ ပညာရေးလောကသားတွေရဲ့ ဂုဏ်သိက္ခာအတွက် အစွမ်းရှိသရွေ့ အားထုတ်နေဦးမှာပါ။ နှမ်းတစ်လုံးထဲနဲ့ ဆီမဖြစ်ချင်နေပါစေ။ တာဝန်ကျေဖို့ အရေးကြီးတာမို့ အများကြီးမလုပ်နိုင်သေးရင်တောင် ကိုယ့်ကျောင်းသူကျောင်းသားတွေအတွက်တော့ အကောင်းဆုံးသော စံပြပုဂ္ဂိုလ်ဖြစ်စေရမယ်လေ။

ကိုယ်က ကျောင်းသားတွေရဲ့ လမ်းပြကြယ် မဟုတ်လား...

Thursday 26 August 2010

အခြေအနေတိုင်းတွင် အကောင်းမြင် . . .

မနေ့က ကိုယ့်ကျောင်းသားတစ်ယောက်အတွက် ခေါင်းခြောက်ရပါတယ်...

ကျောင်းသားက လိမ္မာရေးခြားရှိတဲ့ပုံလေးပါ။ ဒါပေမယ့် ဒီဘက်ခေတ်ကျောင်းသားတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးနဲ့ ဆိုတော့ ပိန်ပိန်ညောင်ညောင်လေးပေါ့။ လူပျော့သလောက်လည်း စိတ်မမာတဲ့ကျောင်းသားဆိုရင် မမှားပါဘူး။
ကိုယ်သူတို့ကို စာသင်ပေးနေတာ သုံးလကျော်လာပါပြီ။ဒါပေမယ့် ဘာပြဿနာမှ ကြီးကြီးမားမားမတွေ့ဖူးပါ။ ကိုယ်လိုချင်သလောက် ကြိုးစားအားထုတ်မှု မပေးနိုင်သေးတာကြောင့် အားမလိုအားမရ ဖြစ်ရတာလောက်ပဲရှိခဲ့တာပါ။ လိုချင်တဲ့ပုံစံဝင်အောင်ဆိုတာကလည်း တစ်ရက်တစ်မနက်ထဲနဲ့ လုပ်ယူလို့မရနိုင်တာကြောင့် ပြဿနာလို့လဲ မထင်ပါ။

မနေ့ကနေ့လည်ပိုင်းကတော့ ကျောင်းသားမိဘဆီက ဖုန်းဝင်လာပါတယ်။ သားဖြစ်သူက ကျောင်းကဆရာမနဲ့ အဆင်မပြေတာကြောင့် ကျောင်းထွက်မယ်ပြောနေလို့ ဆရာပြောပေးပါဦးတဲ့။ ကိုယ်လည်းခေါင်းတော်တော်ကြီး သွားပါရော။ စဉ်းစားကြည့်လေ ရိုးရိုးသားသားနဲ့ ဟော့ဟော့ရမ်းရမ်းမရှိတဲ့ ကျောင်းသားတစ်ယောက်ရဲ့ပါးစပ်က ကျောင်းထွက်တော့မယ်ပြောတာ ကိုယ့်တစ်သက်မှာ ဒီတစ်ခါပဲ ကြားဖူးသေးတာကိုး။ ဆရာမနဲ့ သူနဲ့သိပ်အစေးမကပ်တာတော့ အရင်တစ်ခါကတည်းက ကိုယ်သိထားပါတယ်။

ကိုယ့်မှာကလည်း တစ်နေကုန်တစ်နေခမ်း အလုပ်ချိန်တွေပြည့်နေတာကြောင့် ကျောင်းသားမိဘကို ညနေစာသင်ချိန်မှာ ကျောင်းသားကိုလွှတ်လိုက်ဖို့ပြောလိုက်ပါတယ်။ ညနေပိုင်းသင်တန်းချိန်မှာ ကျောင်းသားရောက်လာတော့လည်း သိပ်တော့ပုံမပျက်ပါ။ ဒါနဲ့ အဲဒီကျောင်းသားကို ဗဟိုပြုလို့ ကျန်တဲ့ကျောင်းသားတွေကိုပါ စိတ်ဓာတ်အင်အားတိုးတက်စေမယ့် ဆုံးမစကားတွေကို တစ်နာရီနီးပါးပြောရပါတော့တယ်။ ဒါကတော့ ကိုယ့်ထုံးစံပါ။ ဘာကြောင့်လဲဆိုရင် ကျောင်းသားတစ်ယောက်မှာ အခက်အခဲတစ်ခုခု ကြုံနေရင် အဲဒီပြဿနာကို အခြေပြုပြီး ကျန်တဲ့ကျောင်းသားတွေကိုပါ သုံးသပ်တတ်အောင် လေ့ကျင့်ပေးရင် ကျောင်းသားတွေရဲ့ပြဿနာဖြေရှင်းနိုင်စွမ်း တိုးတက်လာတာကြောင့်ပါ။

စာသင်ချိန်အပြီးမှာတော့ ကျောင်းထွက်ချင်တဲ့ ကျောင်းသားရဲ့အိမ်ကိုသွားပြီး ကျောင်းသားမိဘတွေနဲ့ ဆွေးနွေးရပါတော့တယ်။ မဆွေးနွေးလို့လည်း မဖြစ်ဘူးလေ။ ကျောင်းသားတစ်ယောက်ရဲ့ အရေးအကြီးဆုံးအချိန်၊ အရေးအကြီးဆုံးနှစ်အပိုင်းအခြားမှာ ပေါ့ပေါ့ဆဆသဘောထားလို့မှ မဖြစ်တာဘဲ။

ဖြစ်စဉ်က ဒီလိုပါ...

ကျောင်းသားက ကိုးတန်းတုန်းက အဲဒီဆရာမဆီမှာ ကျူရှင်ယူပါတယ်။ ကျောင်းသားက ညာဏ်ရည်လေးလဲ မဆိုးတော့ ဆရာမစိတ်ကြိုက်ကျောင်းသားတွေထဲမှာလည်း ပါခဲ့ပါတယ်။ ဆယ်တန်းရောက်တော့ သူ့ဆရာမက သူ့ဆီမှာ ကျူရှင်ဆက်ယူဖို့လာခေါ်ပါသတဲ့။ ကျောင်းသားမိဘက သူ့ဆီမှာမထားဘဲ ကိုယ့်ဆီမှာအပ်တော့ ဆရာမလည်း နဲနဲတော့စိတ်ခုသွားပါရောတဲ့။

ဒါကတော့ ဖြစ်တတ်တဲ့သဘာဝပါ။
ဘယ်သူမဆို စိတ်ထဲမှာတော့ တစ်မျိုးတစ်ဖုံခံစားရမှာပဲလေ။ ကိုယ်ကတော့ ဘယ်သူ့ကိုမှ လိုက်ခေါ်ဖို့အိပ်မက်တောင်မမက်ဖူးတာမို့ ဒါမျိုးတွေမကြုံဖူးပါ။ တကယ်လို့ ကြုံရင်တောင် ဘယ်သူသင်သင် အောင်ဖို့၊ တတ်ဖို့ အရေးကြီးတာမို့ ကောင်းကောင်းမွန်မွန်သင်ပေးတဲ့သူဆီရောက်ရင် မုဒိတာတောင်ပွားမိပါဦးမယ်။ အရေးကြီးတာက ရှက်သွားတဲ့ ကိုယ့်စိတ်ကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာပါ။

ကျောင်းသားရဲ့ပြောစကားအရဆိုရင် အဲဒီဆရာမက သူ့ကိုပဲပစ်မှတ်ထားပြီး အမြဲစာမေးမေးပြီး ရိုက်ပါသတဲ့။ အရိုက်လွတ်တဲ့ရက် တစ်ရက်မှမရှိဘူးလို့ဆိုပါတယ်။ ဒါကတော့ ကိုယ်တို့ငယ်စဉ်ကတည်းက ကြုံနေကျအဖြစ်မျိုးပါ။ ကိုယ်ကတော့ အရိုက်လွတ်အောင် စာကိုမရမကကျက်တာကြောင့် ပိုပြီးတော့ အရည်အသွေးပြည့်လာခဲ့ပါတယ်။ ခုပြန်တွေးတော့ အပြစ်ရှာတတ်တဲ့ဆရာမကိုတောင် ကျေးဇူးတင်နေမိပါရော။

ဒါပေမယ့် ကျောင်းသားထဲမှာလည်း ကိုယ်ငယ်ငယ်ကလိုစိတ်ထားမျိုးထားနိုင်တဲ့ကျောင်းသားမျိုးက ဒီဘက်ခေတ်မှာ တော်တော်ရှားသွားပါပြီ။ အများစုကတော့ စိတ်ဓာတ်ကျသွားကြတာများပါတယ်။ ကျောင်းတက်ရတာကို မပျော်မရွှင်ဖြစ်သွားပြီး ကျောင်းနေမပျော်တော့တာကြောင့် စာပါညံ့သွားလေ့ရှိပါတယ်။
အခုပဲကြည့်ပါ...
ကောင်းကောင်းမွန်မွန်နေတဲ့ ကျောင်းသားတစ်ယောက် ကျောင်းမှာမပျော်တော့တာကြောင့် ကျောင်းထွက်ဖို့တာစူတဲ့အဆင့် ရောက်သွားပါပြီ။ အဲဒါကို ဆရာမကိုပြောပြန်ရင်လည်း “ငါကကောင်းစေချင်လို့စာမေးတာ၊ ရိုက်တာ”လို့ပဲ ပြန်ဖြေမှာပါပဲ။ သူဖြေတာမှန်ကောင်းမှန်ပါလိမ့်မယ်။ ဒါပေမယ့် “ကျောင်းသားတစ်ယောက်စာကြည့်လာအောင်လုပ်တဲ့နည်းလမ်းထဲမှာ တုတ်နဲ့ရိုက်တဲ့နည်းလမ်းဟာ အောက်တန်းအကျဆုံးပါပဲ။ ပညာသင်ကြားမှုနည်းစနစ်ထဲမှာ အယုတ်ညံ့ဆုံးနည်းလမ်းပါ။
ရိုက်တိုင်းသာ စာတော်မယ်ဆိုရင် စင်္ကာပူကကြိမ်ရိုက်သမားတွေကို ပညာရေးဌာနမှာ တွဲပြီးခန့်ထားရုံပဲ ရှိတော့တာပေါ့။

အထက်ကဖြစ်စဉ်ကို ပြန်သုံးသပ်ရင် ဆရာမရော၊ ကျောင်းသားပါ နှစ်ဘက်လုံးအားနည်းချက်တွေရှိတာကို တွေ့ရပါတယ်။ ဆရာမဆိုတာကတော့ ကိုယ်နဲ့သိပ်မဆိုင်သလို သိပ်လည်းမပြောချင်တာကြောင့် ထဲထဲဝင်ဝင် မဆွေးနွေးတော့ပါ။ ကိုယ်နဲ့ဆိုင်တဲ့ ကျောင်းသားအပိုင်းကိုပဲ ပြောချင်တာပါ။

မြန်မာပြည်ပညာရေးလောကမှာ ဆရာဆရာမတွေရဲ့လုပ်ပိုင်ခွင့်တွေဟာ တချို့နေရာတွေမှာ များလွန်းနေပါတယ်။ ဥပမာပြောရရင် အပြစ်သေသေချာချာမသိရဘဲ ရိုက်နှက်ဆုံးမတာမျိုး၊ ကျောင်းသားအရှက်ကွဲအောင် လူရှေ့မှာ အပြစ်ပေးတာမျိုးတွေကို ဖောဖာသီသီလုပ်နိုင်ပါတယ်။ တစ်ခါတစ်လေမှာ ကျောင်းသားမိဘကို ခေါ်ပြီးဆူတာပြောတာမျိုး၊ ကျောင်းသားကို ကျောင်းအုပ်ကြီးရုံးခန်းပို့ပြီး ဆုံးမတာမျိုးတွေလည်း လုပ်လို့ရပါတယ်။ ဒီကိစ္စမျိုးတွေ လုပ်လာတာကြာပြီ်ဖြစ်တဲ့ ဒီမြို့ကလေးမှာ ဒါတွေဟာ ဆရာတွေရဲ့ တရားဝင်လုပ်ပိုင်ခွင့်လိုမျိုး ဖြစ်လာပါတော့တယ်။ သူတို့ကိုယ်တိုင်လည်း ဒါဟာတရားနည်းလမ်းမကျမှန်း သတိထားမိပုံမရတော့ပါ။ အမှားကြာရင် အမှန်ဖြစ်လာတတ်တဲ့ သဘာဝပဲဆိုပါတော့။

ဒါကို ကိုယ့်ကျောင်းသားက ကောင်းကောင်းသဘောမပေါက်တာ ပထမအချက်ပါ။ နောက်တစ်ချက်က
သူ့မှာ တိကျသေချာတဲ့ ပန်းတိုင်ပျောက်နေတာပါပဲ။ ခိုင်မာတဲ့ပန်းတိုင်ရှိတဲ့ ကျောင်းသားသာဆိုရင် ဒီလိုပြဿနာမျိုးကို ခေါင်းထဲတောင် ထည့်စဉ်းစားမှာ မဟုတ်ပါ။ သူ့ဘ၀အတွက် အရေးပါတဲ့ ပညာရေးကိုပဲ အာရုံစိုက်မှာ ဖြစ်တဲ့အတွက်ကြောင့် သဘောထားမပြည့်ဝတဲ့ ဆရာမနဲ့ပတ်သက်တဲ့ကိစ္စကို ရေးကြီးခွင်ကျယ်လုပ်နေမှာတောင်မဟုတ်ပါ။ အခုတော့ ကိုယ့်ကျောင်းသားမှာ ပန်းတိုင်ကြီးကြီးမားမား၊ ရည်မှန်းချက်ခိုင်ခိုင်မာမာ မရှိတာကြောင့် ဒီပြဿနာဟာ သူ့အတွက် ရေးကြီးခွင့်ကျယ် ဖြစ်နေပါတော့တယ်။
ဆရာမက သူ့ကိုမဲပြီးစာမေးတယ်ဆိုပေမယ့် စာမေးတော့စာရတယ်လို့သာ သဘောထားလိုက်ရင် အားလုံးပြေလည်သွားမှာပါ။

အဲဒီမှာ ဘာသွားတွေ့လဲဆိုရင် ကျောင်းမှာ သင်ခန်းစာတွေက ကိုယ်သင်တာထက်ကို နှစ်ခန်းလောက်ကျော်တက်သွားပြီဆိုတာပါပဲ။ ဆယ်တန်းသင်္ချာမှာ အခန်း၅ဆိုတာ တော်တော်လေးအချိန်ယူပြီးသင်ရပါတယ်။ သင်္ချာအခြေခံနည်းတဲ့ ကျောင်းသားတွေဆိုရင် တစ်လခွဲလောက် အပြင်းအထန်လေ့ကျင့်ပေးမှ ကျွမ်းကျင်တဲ့အဆင့်ကိုရောက်ပါတယ်။ အဲဒီသင်ခန်းစာကို စာသင်ချိန်လေးငါးချိန်လောက်နဲ့ အပြီးသင်လိုက်တဲ့နောက်တော့ ကောင်းကောင်းမတတ်တာ ကျောင်းသားရဲ့ အပြစ်လို့မပြောသင့်ပါ။ သတ်မှတ်ထားတဲ့ကာလမှာ သတ်မှတ်သင်ရိုးကို ကုန်အောင်သင်ရမယ်ဆိုတာ ကိုယ်သိပါတယ်။ ဘာကြောင့်လဲဆိုရင် ကိုယ်လည်း ဆယ်တန်းအောင်ပြီးကာစက လုပ်အားပေးကျောင်းဆရာ နှစ်နှစ်လုပ်ဖူးတာကြောင့်ပါ။ တိုတောင်းတဲ့အချိန်အတွင်းမှာ ကျောင်းသားတွေကို တတ်အောင်မသင်နိုင်တာ ဆရာမရဲ့အပြစ်မဟုတ်တာကြောင့် အပြစ်မတင်ပါ။ အပြစ်တင်စရာရှိတာက မတတ်ရကောင်းလားဆိုပြီး ရိုက်တာနှက်တာကိုပါပဲ။ ဒါကျတော့ တရားလက်လွတ်လွန်းတာကြောင့် ကိုယ်သဘောမတွေ့ပါ။

ပြီးတော့ ကျောင်းသားအရှက်ရအောင် ဆူတာဆဲတာတွေလဲလုပ်ပါသတဲ့။ အဲဒီမှာ တစ်ခုပြောစရာရှိတာက သူ့ကျူရှင်က ကျောင်းသူကျောင်းသားတွေကိုကျတော့ ကျောင်းမှာသိပ်ပြီး မဆူတာ၊ မဆဲတာကိုပါပဲ။ ကျောင်းသားဆိုတာကလည်း နားလည်တတ်တဲ့ အရွယ်ရောက်ပြီဖြစ်တာကြောင့် တွေးတွေးပြီး စိတ်နာတာမျိုးဖြစ်လာတတ်တာမျိုးပါ။

ကိုယ့်အနေနဲ့ကတော့ ဘာပြဿနာမှ မလိုချင်တာမို့ ကျောင်းသားမိဘကိုလည်း ဖျောင်းဖျရင်း ကျောင်းသားကိုပါ အားပေးရပါတော့တယ်။ ဆရာမကိုတော့လည်း ကိုယ်ဘာမှမပြောလိုပါ။ သူလုပ်တာကလည်း သူ့လုပ်ပိုင်ခွင့်ထဲကနေ လုပ်နေတာဆိုတော့ ပြောလို့လည်းရမှာမဟုတ်ပါ။ ပြောလို့ရလည်း မပြောချင်ပါ။ အဲဒီအရွယ်တွေဆိုတာ သူ့စရိတ်နဲ့သူလွှတ်ထားတာပဲ ကောင်းတယ်လို့ပဲ ဖြေတွေးလေးတွေးပြီး ဖြစ်လာတဲ့ အနေအထားအပေါ်မှာ အကောင်းဆုံးဖြစ်အောင် လုပ်ပေးရုံပဲ ရှိတော့တာပါ။

ဘာပဲဖြစ်ဖြစ် ကိုယ့်ကျောင်းသားကို အခက်အခဲတွေကနေ ရင်ဆိုင်ကျော်လွှားနည်း၊ ညစ်ပတ်တတ်တဲ့ အထက်လူကြီးနဲ့တွေ့ရင် အဆင်ပြေအောင် ဖြေရှင်းနည်းတွေကို လေ့ကျင့်ပေးခွင့်ရတော့မှာ ဖြစ်တာကြောင့် ကိုယ်ကတော့ စိတ်ထဲမှာ ကျိတ်ပျော်နေမိတယ်ဆိုတာ သေချာပါတယ်။

ကျောင်းသားတိုင်းကျောင်းနေပျော်လို့ စာတော်ကြပါစေ....


Wednesday 25 August 2010

မမေ့နိုင်သော . . .

ကျောင်းသားဘ၀ကို သတိရလိုက်တာ...

အသက်ရှင်သန်နေသမျှ ရင်ထဲမှာ အမြဲတမ်းသတိတရနဲ့ လွမ်းနေဖြစ်မှာ တက္ကသိုယ်ကျောင်းသားဘ၀ပဲဖြစ်မယ် ထင်ပါရဲ့။ အပူအပင် တစ်စက်ကလေးမှမရှိတဲ့ ပီဘိလူငယ်ဘ၀၊ ဘာရောင်တွေမှ မစွန်းထင်သေးတဲ့ အရွယ်၊ ဘ၀ရဲ့ အတောက်ပဆုံးနေ့ရက်တွေကို ဘယ်လိုမှမမေ့နိုင်တာကို အပြစ်တစ်ခုလို့ထင်ရင်လည်း ကျေကျေနပ်နပ်ကြီးခံဖို့ အသင့်ပါပဲလေ။

အပေါင်းအသင်းနည်းခဲ့တဲ့ ကိုယ်တောင်မှ သူငယ်ချင်းတွေကို သတိတရရှိနေသေးရင် အပေါင်းအသင်းနဲ့ သိုင်းသိုင်းဝိုင်းဝိုင်းနေခဲ့တဲ့ ကျန်တဲ့သူငယ်ချင်းတွေဆိုရင် ကျောင်းသားဘ၀ကို ဘယ်လောက်များ သတိရနေကြမလဲ။ အင်း မြစ်တစ်ခုမှာ ရေနှစ်ခါမချိုးနိုင်တာ သိပေမယ့် ဖြစ်နိုင်ရင်တော့ တစ်ရက်လောက်တော့ ကျောင်းသားဘ၀ကို ပြန်ရချင်ပါသေးတယ်။

တကယ်ဆိုရင် ကိုယ်တို့တက္ကသိုလ်ကျောင်းသားဘ၀က စာမေးပွဲတွေနဲ့ နပန်းလုံးနေရတာများပါတယ်။ အမြဲတမ်းလိုလို စာမေးခံရ၊ အဆဲအဆိုခံရနဲ့ဆိုတော့ သူများတွေအတွက်ကတော့ နည်းနည်းမှပျော်စရာကောင်း မယ်ထင်မှာမဟုတ်ပါ။ ဒါပေမယ့် လူဆိုတာမျိုးကလည်း ဖြစ်သမျှဘ၀အခြေအနေမှာ ပျော်အောင်နေတတ်ကြတာချည်းပဲမို့ ဘာပဲဖြစ်ဖြစ် ပျော်တာပါပဲ။

ဆေးကျောင်းသားတို့ထုံးစံ လူနာတွေရှေ့မှာ အိနြေ္ဒကြီးတစ်ခွဲသားနဲ့နေရတာလည်း တကယ်ဆိုရင် မလွယ်တဲ့ကိစ္စပါ။ ဘယ်လောက်ပဲ အားရပါးရရယ်ချင်ပေမယ့် မျက်နှာပိုးသတ်ပြီး ပြုံးရုံလောက်ပဲ ပြုံးဖြစ်အောင် ကျင့်ရတာလည်း သိပ်တော့မစားသာတဲ့ ကိစ္စဖြစ်ပါတယ်။ ကြာတော့လည်း ကိုယ်တို့မှာ စက်ရုပ်သာသာဖြစ်လာပါရော။ ဒါပေမယ့်..
ကိုယ်တို့ကတော့ အဲဒီလိုအဖြစ်မခံပါ။ ဒါကြောင့် တရားဝင်ပေါခွင့်ရအောင် အမြဲလိုလို ကြံလေ့ရှိပါတယ်။
ဒါကတော့ မကြာမကြာ ပျော်ပွဲစားထွက်တာပါပဲ။

ဆေးရုံတစ်ရုံကနေ နောက်တစ်ရုံပြောင်းရရင်လည်း ၀ဒ်ပြောင်းပါတီလုပ်ပါတယ်။ ပွဲတော်ရက်တွေမှာလည်း ခေါင်းစဉ်မျိုးစုံတပ်ပြီး ပျော်ပွဲစားထွက်ပါတယ်။ အဲဒီအချိန်မျိုးမှာ ကိုယ်တို့ကို မြင်ရတဲ့သူတွေကတော့ ဘုရားစူးဆေးကျောင်းသားတွေလို့ခေါ်ကြမှာ မလွဲပါ။ ဘာကြောင့်လဲဆိုရင် ပေါခွင့်ရသလောက်တော့ အားရပါးရပေါကြတာကိုး။

အင်း...အခုတော့လည်း
ကျောင်းသားဘ၀ဆိုတာ မနီးမဝေးမှာ မှုန်ဝါးဝါးနဲ့ မပီဝိုးတ၀ါးပဲ ကျန်ပါတော့တယ်။ သူငယ်ချင်းတွေနဲ့လည်း အွန်လိုင်းပေါ်မှာ ဆုံဖြစ်တာကလွဲလို့ အပြင်မှာ မတွေ့နိုင်ကြတော့ပါ။ တကယ်လို့ ပြန်တွေ့ဖြစ်ကြရင်တောင် အရင်တုန်းက ကျောင်းသားဘ၀လိုတော့ ပျော်စရာကောင်းတော့မှာ မဟုတ်တာ ကြိုသိနေပါတယ်။

ပျော်ရွှင်မှုနဲ့ အသက်အရွယ်ဆိုတာ ပြောင်းပြန်အချိုးကျတယ်ဆိုတဲ့အကြောင်းကို
ကြာလေသိလေ
ကျောင်းသားဘ၀ကို ပိုလွမ်းလေပါပဲနော်...

Monday 23 August 2010

နောက်ကွယ်ကနေ ပံ့ပိုးစေချင် . . .

ဆရာတစ်ယောက်အတွက် သင်ကြားမှုမှာ အောင်မြင်ဖို့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေအများကြီးလိုအပ်ပါတယ်။ သူများကိုပံ့ပိုးပေးကြမယ့်သူတွေဖြစ်ပေမယ့်လည်း သူတို့ကိုယ်တိုင်မှာလည်း သင့်တင့်လျှောက်ပတ်တဲ့ ပံ့ပိုးမှုတွေရဖို့လည်း လိုအပ်နေပါသေးတယ်။ ကိုယ်တိုင်မှာ လိုအပ်ချက်တွေ၊ မပြည့်စုံမှုတွေ ရှိနေရင် သူများကို ဖြည့်ဆည်းပေးနိုင်ဖို့ လုံးဝမဖြစ်နိုင်ပါ။

ဆရာတစ်ယောက်အတွက် ရုပ်ဝထ္ထုပိုင်းဆိုင်ရာ လိုအပ်ချက်တွေဆိုတာကတော့ လူအများမြင်သာတဲ့ အချက်တွေဖြစ်ပါတယ်။ သူများတကာနဲ့တန်းတူ ၀တ်ဆင်လိုမှု၊ နေထိုင်လိုမှု၊ လူနေမှု အဆင့်အတန်း စတာတွေပါ။ ဒါပေမယ့် လူမမြင်ပေမယ့် အရာရောက်တဲ့ ပံ့ပိုးမှုတစ်ခုကတော့ ဆရာ၊ ဆရာမတွေရဲ့ ပါရမီဖြည့်ဘက်တွေဆီက နားလည်ပေးမှုပါပဲ။

ဆရာတစ်ယောက်ရဲ့ဘ၀ဆိုတာ အချိန်ပေးရင်ပေးသလောက် အနားယူချိန်ရှားပါးလှပါတယ်။ စာသင်ချိန်သာမက စာသင်ချိန်ပြင်ပမှာပါ ကျောင်းသူကျောင်းသားတွေအတွက် ဖြည့်ဆည်းပေးနေရသူတွေဖြစ်လို့ ကိုယ်ပိုင်အချိန်နည်းလှပါတယ်။ ဒါတွေအပြင် သင်ကြားမှုနည်းစနစ်တွေ၊ ကျောင်းသားစိတ်ပညာတွေ၊ သင်ရိုးညွှန်းတန်းတွေပြင်ဆင်နေရတာတွေကြောင့် အိမ်ထောင်ဖက်တွေအပေါ်မှာ တာဝန်မကျေတာမျိုးတွေ ရှိလာနိုင်ပါတယ်။ ပြီးတော့ သင်ကြားရေးဆိုတာ ကျောင်းသားတွေရော၊ ကျောင်းသူတွေပါ တရင်းတနှီးရှိအောင် ကြိုးစားမှ ပိုထိရောက်နိုင်တာမျိုးပါ။ ဆရာ၊ ဆရာမတွေရဲ့ စိတ်ထားနဲ့ရည်ရွယ်ချက်ကို အချင်းချင်းကတော့ နားလည်နိုင်ပါတယ်။ ဒါပေမယ့် အပြင်လောကသားတွေဖြစ်တဲ့ အိမ်ထောင်ဖက်တွေဘက်က နားလည်မှုလွဲမှားတာတွေလည်း ရှိနိုင်ပါသေးတယ်။

အဲဒီလို အနေအထားမျိုးတွေကြုံလာတဲ့အခါမျိုးမှာ ဆရာ၊ ဆရာမတွေခမျာ သူတို့ရဲ့လုပ်ငန်းကတစ်ဖက်၊ အိမ်ထောင်ဖက်ကတစ်မျိုးနဲ့ ဗျာများရပါတော့တယ်။ တစ်ဖက်ကိုမှ အနိုင်ပေးလို့မရနိုင်တဲ့ အရာတွေဖြစ်တာကြောင့် သူတို့ပဲ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်ကြပါတယ်။
ဒီဒုက္ခမျိုးကို ပညာရေးလောကထဲကို ၀င်ကာစနဲ့၊ အိမ်ထောင်ကျကာစ ပညာရေးဝန်ထမ်းတွေ ခံစားရလေ့ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် နှစ်ဦးနှစ်ဘက်စလုံးအတွက် အကျိုးလုံးဝမရှိနိုင်တဲ့ အရာဖြစ်လို့ ပညာရေးဝန်ထမ်းတွေရဲ့ အိမ်ထောင်ဖက်တွေ အနေနဲ့ သတိထားသင့်လှပါတယ်။ ဆရာဆိုတာမျိုးဟာ သင်ကြားမှုအတွင်းမှာ သင်ကြားရေးကလွဲလို့ ကျန်တာဘာမှ ခေါင်းထဲမှာ မထည့်အားပါ။ ထည့်ထားရင်လည်း သင်ကြားမှု မအောင်မြင်နိုင်ပါ။
ဒါကြောင့်...
ကျောင်းသူကျောင်းသားတွေရဲ့ ပညာရေးအတွက် ပညာရေးဝန်ထမ်းတွေရဲ့ ပါရမီဖြည့်ဘက်တွေကလည်း ထိုက်သင့်သလောက် ၀ိုင်းဝန်းကူညီဖို့လိုအပ်ပါတယ်။

မြန်မာ့ပညာရေး တိုးတက်မြင့်မားရေးအတွက် နောက်ကွယ်ကနေ စိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီမှုတွေ ပေးကြမယ့် ပညာရေးဝန်ထမ်းတွေရဲ့ ပါရမီဖြည့်ဘက်တွေကိုလည်း အလေးတယူရှိသင့်ပါရဲ့နော်...

Wednesday 18 August 2010

ဘာလာပေးပေး မရချင်ဘူး . . . ဘယ်သူနဲ့မှ မလဲနိုင်ဘူး . . .

အလုပ်ထဲမှာ ဘယ်အလုပ်အမွန်မြတ်ဆုံးလဲ...

လူနှင့်လူ့ပတ်ဝန်းကျင်ကို အကျိုးပြုမယ့် အလုပ်သာဆိုရင် အလုပ်အားလုံးကတော့ မွန်မြတ်တာချည်းပါပဲ။

ဘယ်အလုပ်ကရော တိုင်းပြည်အတွက် အထောက်အပံ့အပြုနိုင်ဆုံးလဲ...

မ္မာအာဇီဝကျတဲ့ လုပ်ငန်းအားလုံးပါပဲ။ လမ်းဘေးမှာ ပလတ်စတစ်တို့ ရေသန့်ဗူးတို့လိုက်ကောက်တဲ့ ချာတိတ်လေးတွေလည်း တိုင်းပြည်အတွက်အရေးကြီးပါတယ်။ စာလုံးကြီးကြီးနဲ့ တင်စားချင်ရင် ဒုတိယသန့်ရှင်းရေး ဌာနက တာဝန်ခံလေးတွေပေါ့။

ဘယ်အလုပ်က တိုင်းပြည်ကို အကျိုးအပြုဆုံးလဲ...

ီမေးခွန်းကတော့ ဖြေရတာနည်းနည်းကြပ်ပါတယ်။ မေးခွန်းချင်းတူပေမယ့် အဖြေချင်းမတူနိုင်တဲ့ မေးခွန်းမျိုးပါ။ ပြီးတော့ တိုင်းပြည်ရဲ့ အခြေအနေတွေ၊ သဘာဝပတ်ဝန်းကျင်တွေ၊ ခေတ်ကာလ အပိုင်းအခြားအလိုက် အဖြေတွေကွဲပြားနိုင်ပါသေးတယ်။

တိုင်းပြည်မငြိမ်သက်သေးတဲ့ အခြေအနေမျိုး၊ သူတပါးကျူးကျော်စော်ကားတာကို ခံနေရတဲ့ အခြေအနေမျိုးမှာ တပ်မတော်ဟာ အရေးအကြီးဆုံးနဲ့ တိုင်းပြည်ကို အကျိုးအပြုဆုံးပါ။ ငြိမ်းချမ်းကာစ အနေအထားမျိုး၊ ပြန်လည်ထူထောင်နေဆဲကာလမျိုးမှာ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေက တိုင်းပြည်ကို အကျိုးအပြုဆုံးပါ။
ဖွံ့ဖြိုးပြီးတိုးတက်မှုရှိလာတဲ့အခြေအနေမျိုးမှာ နိုင်ငံရေးပညာရှင်၊ ဥပဒေပညာရှင်၊ သမိုင်းပညာရှင်တွေက အရေးပါပါတယ်။

လောလောဆယ် ကိုယ်တို့တိုင်းပြည်အနေအထားက ဖွံ့ဖြိုးစပြုလာတဲ့ အနေအထားမျိုးဆိုတော့ ဘယ်သူတွေများ တိုင်းပြည်အတွက်အရေးအပါဆုံးဖြစ်နေပါလိမ့်..

ဒါကို ကိုယ်မကြာမကြာစဉ်းစားပြီးဖြေကြည့်ပါတယ်။
သူများတွေ သဘောတူမတူတော့ ကိုယ်မသိပါ။ သိလည်းမသိချင်ပါ။ သိအောင်လည်း မကြိုးစားချင်ပါ။
ဒီနေ့ခေတ်က ပညာခေတ်ကြီးပါ။ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် စတဲ့ခေတ်ပေါင်းများစွာမှာပေါ့
အင်အားကြီးသူက အောင်နိုင်စမြဲ”ပါ။
ဒီဘက်ခေတ်မှာတော့
ညာဏ်ကြီးသူကသာ အောင်နိုင်တဲ့ခေတ်”ရောက်နေပါပြီ။

ဒီတော့ ညာဏ်ကြီးအောင်လုပ်ပေးနိုင်သူတွေဟာ တိုင်းပြည်တိုင်းမှာ အရေးပါလာပါတယ်။ သူတို့တွေဟာ တိုင်းပြည်ရဲ့ အင်အားတွေပါ။ နိုင်ငံတကာ အင်အားချိန်ခွင်လျှာကို ထိန်းညှိကြသူတွေပါ။ သူတို့တွေဟာ ဘယ်သူတွေပါလိမ့်။

ဟုတ်ကဲ့...
ကိုယ်တို့တိုင်းပြည်မှာ ဘယ်သူမှအထင်မကြီးတဲ့ ဆရာတွေ၊ ဆရာမတွေပါ။ သူတို့တွေကောင်းရင်ကောင်းသလောက် တိုင်းပြည်တိုးတက်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ကတိုင်းပြည်တိုင်းရဲ့ ရေသောက်မြစ်တွေလည်း ဖြစ်နေလို့ပါ။ ရေသောက်မြစ်အားကောင်းရင် ကောင်းသလို အပင်ရှင်သန်ကြီးထွားတဲ့ သာဓကလိုပဲ သူတို့တွေ စွမ်းရည်ပြည့်ဝရင် ပြည့်ဝသလို တိုင်းပြည်အင်အားပြည့်ဝမှာ မြေကြီးလက်ခတ်မလွဲပါ။

အရင်ဆောင်းပါးတွေမှာ ကိုယ်ရေးခဲ့သလို အဲဒီင်္ဆရာဆရာမတွေကို ဘယ်သူမှအလေးထားတန်ဖိုးထားကြခြင်း မရှိကြပါ။ အများစုက အိမ်သာလိုသဘောထားကြပါသေးရဲ့။ ဆိုလိုတာက လိုမှသတိရပြီး ကျန်တဲ့အချိန်တွေမှာ မေ့ထားကြတာကို ပြောချင်တာပါ။

မညာတမ်းဝန်ခံရရင် ကိုယ်ကိုယ်တိုင်လည်း အစောပိုင်းကာလတွေက အဲဒီလိုခပ်ညံ့ညံ့လူစားထဲကတစ်ယောက်ပါ။ ပညာရေးဝန်ထမ်းတွေ အရေးပါမှန်းသိပေမယ့် ထူးထွေပြီး လေးစားရကောင်းမှန်းမသိခဲ့ရိုး အမှန်ပါ။ ကိုယ်တိုင်က အသက်မွေးဝမ်းကျောင်းတက္ကသိုလ် တက်ခဲ့တာကြောင့် ရိုးရိုးဝိဇ္ဖာဘွဲ့ဖြစ်တဲ့ ပညာရေးဘွဲ့ကို အထင်မကြီင်္းတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဆရာ၊ ဆရာမတွေကိုလည်း ဆယ်တန်းတုန်းက အမှတ်နည်းနည်းရခဲ့လို့ လုပ်စားစရာမရှိတာကြောင့် ပညာရေးဘက်ဝင်တဲ့သူတွေလို့ ခပ်တိမ်တိမ်တွေးခဲ့ဖူးပါတယ်။

ပညာရေးလောကထဲကို စ၀င်တော့တောင် ဒီအလုပ်ရဲ့မွန်မြတ်မှုကို အရသာမခံတတ်ခဲ့သေးပါ.။ တဖြည်းဖြည်းနဲ့ ငါးနှစ်ကျော်ခြောက်နှစ်နီးပါးလောက် ဒီလောကထဲမှာ ကျင်လည်ပြီးတဲ့ အခုအချိန်မျိုးမှာတော့ လောကမှာ အမွန်မြတ်ဆုံးနဲ့ အရေးအပါဆုံးအလုပ်ဆိုတာ ပညာရေးပါလားဆိုတာကို ကောင်းကောင်းကြီးသဘောပေါက်လာပါတော့တယ်။

တကယ်ဆို ဆရာတွေ၊ ဆရာမတွေဆိုတာ အားလုံးရဲ့ ဘ၀သခင်တွေပါ။
သူတို့ချပေးခဲ့တဲ့ ဘ၀တွေနဲ့ ကိုယ်တို့တွေ ရှင်သန်လူလားမြောက်ကြရတာပါ။

အခုနေအချိန်မျိုးမှာ တန်ခိုးရှင်တစ်ဦးဦးက ကိုယ့်ကို တိုင်းပြည်မှာမင်းကြိုက်တဲ့ရာထူးပေးမယ်လို့လာပြောရင်တောင် ကိုယ်ကတော့ ကျောင်းဆရာပဲဆက်လုပ်မယ်ဗျာလို့ ခပ်ပြုံးပြုံးလေးပြောဖြစ်မှာ အသေချာကြီးသေချာနေပါရဲ့...

Tuesday 17 August 2010

လေးစား ဂုဏ်ယူ ...

လူတွေဟာ ကျောင်းဆရာ၊ ဆရာမတွေကို ဘာကြောင့်များအထင်မကြီးကြတာလဲ...

ဘာကြောင့်လဲဆိုရင် ဆရာ၊ဆရာမတွေကိုယ်တိုင်က ကိုယ့်ကိုယ်ကို အထင်ကြီးလေးစားမှုအားနည်းလို့ပါ

မြန်မာလူမျိုးတွေမှာ
ဆရာ၊ ဆရာမတွေကို လေးစားတဲ့သူတော့များပါတယ်။ ဒီလိုပဲ အထင်မကြီးတဲ့သူတွေလည်း များပါတယ်။ ပိုဆိုးတာက လေးစားတဲ့သူတွေကိုယ်တိုင်က အထင်မကြီးခြင်းပါပဲ။ ကြာတော့ဆရာ၊ ဆရာမတွေလည်း ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုပိုင်းမှာ အားနည်းလာပါတော့တယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်းနဲ့ အလုပ်အပေါ်မှာ ဂုဏ်ယူခြင်းတို့ဟာ တိုက်ရိုက်အချိုးကျနေတာဖြစ်လို့ လုပ်ငန်းခွင်ဆိုင်ရာ မပျော်ရွှင်မှုတွေ ဖြစ်လာပါတော့တယ်။

မပျော်ရင်ထွက်ပြီး တခြားအလုပ်လုပ်စားပေါ့လို့ ပြောမယ်ဆိုရင်လည်း ပြောသင့်ပါတယ်။ ဒါပေမယ့် ၀န်ထမ်းတစ်ယောက်ရဲ့ခံစားချက်ကို ၀န်ထမ်းချင်းပဲနားလည်ပါတယ်။ ၀န်ထမ်းတစ်ယောက်အနေနဲ့ အကြောက်ဆုံးက အလုပ်ကနေထွက်ရမှာကိုပါပဲ။ ၀န်ထမ်းလောကမှာ အသိုင်းအ၀ိုင်းနဲ့ သိုက်သိုက်ဝန်းဝန်း ကူညီဖြေရှင်းကြတဲ့ သဘာဝကြောင့် အပြင်လောကမှာ မစွန့်စားရဲတော့တာလဲပါပါတယ်။ ပြီးတော့ အလုပ်အပေါ်မှာ သံယောဇဉ်ဖြစ်နေတာလဲပါပါတယ်။ ဘယ်လောက် အပေါက်ဆိုးပြီး စေတနာမပါတဲ့ ဆရာ၊ ဆရာမပဲဖြစ်ဖြစ် သူ့အလုပ်ကိုတော့ သူသံယောဇဉ်ရှိကြတာချည်းပါပဲ။ အပြင်လောကကို ကြောက်တာနဲ့ လက်ရှိလောကကို သံယောဇဉ်တွယ်တာ နှစ်ချက်နဲ့ပဲ ဆရာ၊ ဆရာမတွေဟာ အပြင်ထွက်ဖို့ အခွင့်အရေးနည်းလာပါတော့တယ်။

ဒါပေမယ့်...
ဆရာ၊ ဆရာမတွေရတဲ့လစာက အောက်တန်းစာရေးလစာနဲ့ ထူးမခြားနားဖြစ်နေပါတယ်။ တာဝန်ကြတော့ သူတို့ခမျာ မနိုင်ရင်ကာကြီးထမ်းကြရတာပါ။ အိမ်မှာစားဝတ်နေရေး မပြေလည်တာနဲ့အမျှ အလုပ်အပေါ်မှာ စိတ်နာသလိုလိုဖြစ်လာလေ့ရှိပါတယ်။ င်္ဒီကြားထဲမှာ လူအများစုက တန်ဖိုးဆိုတာကို ၀င်ငွေနဲ့တိုင်းတာလေ့ရှိတတ်တာကြောင့် ဆရာ၊ ဆရာမတွေခမျာ ထိုက်တန်တဲ့အတင်ကြီး အားကျမှုကို မခံကြရတဲ သောကကိုလည်း ရင်စည်းခံကြရပြန်ပါတယ်။ ကြာလာတော့ သူ့စိတ်နဲ့သူ ပဍိပက္ခဖြစ်ပြီး သင်ကြားရေးမှာ ထိခိုက်ပါတော့တယ်။

ဆရာဖြစ်သူက သူ့အလုပ်ကို တန်ဖိုးထားမှုကျဆင်းလာတာနဲ့အမျှ သူ့ကျောင်းသားတွေလည်း ပညာရေးကို လေးစားမှုနည်းလာပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ ပေးသူကိုယ်တိုင်က တန်ဖိုးထားပြီး အမြတ်တနိုးရှိတဲ့အရာကို ပေးမှ ယူသူကလည်း မြတ်မြတ်နိုးနိုးရှိမှာမို့ပါ။

ဒါကြောင့် ပညာရေးတိုးတက်လာအောင် ပညာရေးပဲ့ကိုင်ရှင် ဆရာ၊ ဆရာမတွေကို သူတို့ဘ၀အတွက် အာမခံချက်အပြည့်ရှိနိုင်လောက်တဲ့ ၀င်ငွေမျိုးရှိသင့်ကြောင်း တွေးမိပါတယ်။ ထိုက်တန်တဲ့ ၀င်ငွေမျိုးဖန်တီးပေးတာတောင်မှ ဆရာ၊ဆရာမတွေဘက်က ကြိုးစားအားထုတ်မှုပိုင်းတက်မလာရင်တော့လည်း
ကျောင်းသားလေးတွေပဲ ကံဆိုးကြတယ်လို့ပဲ မှတ်ရမယ်ထင်ရဲ့...

Saturday 14 August 2010

ကိုငှက် အလွမ်းမပြေ . . .

ကိုငှက်ရေ...
မျက်ရည်ဆိုတာ
သာမန်အခြေ
ဝေလို့မရ
သမုဒယရဲ့
အနုသယနွယ်
ခင်တွယ်သူများ
ခွဲခွာသွားမှ
အများအားဖြင့်

ပွင့်ဝေတတ်တဲ့ လွမ်းပန်းပွင့်...

ယောက်ျားမျက်ရည်...

တော်ရုံဝေခဲ
ရင်အသည်းမှာ
ဒဏ်ရာထိခတ်
သေမတတ်လွမ်း
သည်းခြေနွမ်းမှ
ကြွေကျတတ်သော
ရင်ဖွင့်လွှာ...

ကိုငှက်ရေ...

ပုဂ္ဂိုလ်မစွဲ ခင်လည်းမခင်

သံယောဇဉ်လဲ မတွယ်ဘဲနှင့်

ရင်ထဲနွမ်းလျ
တမ်းတခါခါ
လွမ်းမိပါသည်
ဂီတာမြင်တိုင်းကြေကွဲနေ...


ဂျပ်ဆင်ထိပ်က လရိပ်ပြာပြာ

ရှာမတွေ့နိုင် အလင်းဆိုင်မှာ

ဒဏ်ရာဝတ်စုံ မလုံခြုံသေး

တွေဝေလေးကန် အထီးကျန်စွာ

မဟာဝီရ အိုဗုဒ္ဓကို

စိတ်ကတိုင်တည် မျက်ရည်လည်မိ

ကိုငှက်သိမှသိပါစ...။ ။


ဟန်ကြည်
၁၅.၈.၂၀၁၀ ( တနင်္ဂနွေနေ့ )


ထူးအိမ်သင်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီကဗျာကို ရေးဖြစ်ပါတယ်။
မြန်မာတေးရေးဆရာတွေထဲမှာ အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်း ပြီးရင် ဆရာစိုင်းခမ်းလိတ် နောက်မှာတော့ ထူးအိမ်သင်ကို အလေးစားဆုံးဖြစ်ပါတယ်။ ဂီတတစ်ခုအတွက် ဘ၀ပါရင်းပြီး ချစ်မြတ်နိုးကြတဲ့ ဂီတအနုပညာ
ရှင်တွေ တစ်ယောက်ပြီးတစ်ယောက် ကြွေလွင့်ကုန်ကြတဲ့နောက် နောက်ထပ်မဆုံးရှုံးချင်တော့ပါ။ မြန်မာ့အနုပညာစစ်စစ်တွေနဲ့ ကိုယ်ပိုင်သံစဉ် ဂီတတွေ ရှင်သန်တိုးတက်ပါစေ...

သူငယ်ချင်းရေ . . .

သူငယ်ချင်းရေ...
ဘ၀ဆိုတာ တိုက်ပွဲပဲတဲ့
ပြောတဲ့သူတွေတွေ ပြောကြတယ်
မဖြစ်သင့်ဘူးထင်တယ်နော်
အရာရာကိုသာတိုက်နေရရင် တစ်ချိန်ချိန်မှာတော့ တိုက်ပွဲကျတော့မှာပဲ
ဘာကြောင့်လဲဆိုရင် အမြဲရှင်သန်နေတဲ့ သူရဲကောင်းဆိုတာ ကြားမှမကြားဖူးခဲ့တာပဲ...

သူငယ်ချင်းရေ...
ဘ၀ဆိုတာ အိပ်မက်ရှည်တဲ့
ပြောတဲ့သူတွေ ပြောကြပြန်တယ်
မဖြစ်သင့်ဘူးထင်တယ်နော်
အိပ်မက်ဆိုတာ ကိုယ်တိုင်စီမံခွင့်မှ မရှိတာပဲ
ဘ၀ကိုတော့ ကိုယ်စိတ်ကြိုက်စီမံခွင့်ရအောင် ကြိုးစားလို့ရနိုင်သေးတယ်လေ...

သူငယ်ချင်းရေ...
ဘ၀ဆိုတာ ကဗျာတဲ့
ပြောတဲ့သူတွေ ပြောကြသေးတယ်
မဖြစ်သင့်ဘူးထင်တယ်နော်
ကဗျာလောက်လှတာ ဘယ်အရာမှမရှိတာပဲ
ဘ၀ကတော့ ကဗျာလောက်အမြဲ မလှနိုင်ပြန်ဘူးလေ...

သူငယ်ချင်းရေ...
ဘ၀ဆိုတာ ခရီးပါတဲ့
ပြောတဲ့သူတွေ ပြောကြပြန်ရော
မဖြစ်သင့်ဘူးထင်တယ်နော်
ခရီးမှန်ရင် လာရာ၊ လားရာ ရှိရမှာပေါ့
အခုတော့ ဘ၀ဆိုတာ ဘယ်မှာစလို့ ဘယ်မှာဆုံးမယ် သိမှမသိနိုင်ပဲကိုး...

သူငယ်ချင်းရေ...
ဘ၀ဆိုတာ ဘ၀သာမို့
ဘာသာမပြန်
အဘိဓာန်မထုတ်
ခပ်ကုပ်ကုပ်ပဲ
သရုပ်သကန် ဝေဖန်ခွဲခြား
ရန်မများကြေး...

ဖြစ်ချင်ရာဖြစ် စိတ်မညစ်ပဲ
နှစ်၊ လ၊ ရာသီ
မတည်ရွေ့လျား
နေ့ရထားနဲ့၊ ညရဲ့လမင်း
ခံစားရင်းလေ
လဲနေသူတွေ ထူပါစို့ . . .။ ။

ဟန်ကြည်
၁၄.၈.၂၀၁၀ ( စနေနေ့ )



Friday 13 August 2010

ငါ . . .

ငါပိုင်ဆိုင်တာ



ငါပိုင်ဆိုင်တာ
ဘာမှမရှိ
ငါသိငါတတ် ငါမှတ်သမျှ
သာမညသာ...

ငါနေထိုင်ရာ
မောဟရွာမှာ
ဖွေရှာသောက အတ္တစည်းစိမ်
မျက်ရည်အိမ်မှာ
ဒဏ်ရာတို့နဲ့ပျော်မွေ့သူ...

ငါဖြတ်သန်းရာ
သံသရာမှာ ပြန်တစ်ရာနစ်
ချစ်ခြင်းမုန်းခြင်း ကြေကွဲခြင်းနှင့်
အသစ်သစ်သော ဘ၀တောမှာ
မမောနိုင်စွာ နေရာရှာရင်း
သောကရွာစဉ်ရှည်ဦးမည်။ ။

ဟန်ကြည်
၁၃.၈.၂၀၁၀ ( သောကြာနေ့ )




အလွယ်တကူ တတ်ကြစေ . . .

မနက်ပိုင်းက စာသင်ချိန်မှာ ကျောင်းသူတစ်ယောက်ကို subject ဆိုတာ ဘာကိုခေါ်သလဲလို့မေးမိတယ်။ အဖြေကရှင်းပါတယ်။
မသိဘူးဆရာ”တဲ့...

ရင်ထဲမှာ တော်တော်စိတ်မကောင်းဖြစ်သွားတယ်။ ဒါနဲ့ ကျန်တဲ့ကျောင်းသားလေးတွေကိုပါ မေးကြည့်တယ်။
အဖြေက ထူးမခြားနားပါပဲ။ “မပြောတတ်ဘူး” “သဘောမပေါက်ဘူး
စကားလုံးကွာပေမယ့် အဓိပ္ပာယ်ကတော့ အတူတူပါ။ သူတို့လေးတွေ Grammar အခြေခံ ဘာတစ်ခုမှမရှိတာ သနားစရာပါ။ အခြေခံဘာမှမရှိဘဲ အဆင့်မြင့်အင်္ဂလိပ်စာတွေသင်ယူနေကြတာ ဘယ်လိုမှမဖြစ်သင့်ပါ။
ဥပမာပေးရရင် လေးတိုင်စင်ထောင်ပြီး နှစ်ထပ်တိုက်ဆောက်ဖို့ ကြိုးစားနေသလိုပါပဲ။

ဒါနဲ့ ကလေးတွေကများ အင်မတန်ကို ညံ့ဖျင်းလွန်းနေတာလားဆိုတာ သတိထားကြည့်တော့လည်း သူ့အတန်းနဲ့သူ ထိုက်သင့်တဲ့ဉာဏ်ရည်တွေ ရှိကြပါတယ်။ သင်ပေးရင်လည်း တတ်လွယ်ကြပါတယ်။ ဒါနဲ့တောင် ဘာကြောင့်များ အင်္ဂလိပ်စာအခြေခံ ညံ့ကြတာလဲဆိုတာ တီးခေါက်ကြည့်တော့ သူတို့ခမျာ အခြေခံအင်္ဂလိပ်သဒ္ဒါကို တစ်ခါမှ ကောင်းကောင်းမွန်မွန် မသင်ခဲ့ရတာ သွားတွေ့ရပါတယ်။ ဒါဆိုရင်တော့ ကိုယ်တို့ ဆရာတွေဘက်က လိုအပ်ချက်တွေရှိခဲ့ကြလို့ပါ။ ကိုယ့်အယူအဆကတော့ ကျောင်းသားတစ်ယောက် ထူးချွန်မှုရှိုခြင်း၊ မရှိခြင်းဆိုတာ ဆရာအပေါ်မှာ ၇၅ရာခိုင်နှုန်းမူတည်ပါတယ်။
လောကမှာ ခွေးကလေးတွေကိုတောင် လက်ပေးသင်လို့ရနိုင်တာဖြစ်လို့ လူသားစင်စစ်ဖြစ်တဲ့ ကျောင်းသားတွေကို သင်လို့မရဘူးဆိုတာ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိပါ။

ဒါနဲ့...
ကျောင်းသားတွေကို subject ဆိုတာ ကတ္တားကိုခေါ်တဲ့အကြောင်းပြောပြီး ကတ္တားဆိုတာ ဘာကိုခေါ်သလဲလို့ ထပ်မေးမိပါတယ်။ အဲဒီမှာ အရင်ကလိုပဲ ထူးမခြားနားအဖြေ ထပ်ရပြန်ပါရော။ ကိုယ့်မှာ စိတ်တိုဖို့တောင် သတိမရအောင် သနားမိပါတော့တယ်။ ကျောင်းသားလေးတွေဟာ မြန်မာသဒ္ဒါကိုပါ ကျေကျေလည်လည် မရှိတာ ထပ်တွေ့ရပြန်တာပါပဲ။ ဒီဘက်ခေတ်က မြန်မာစာ၊ မြန်မာသဒ္ဒါကို အလေးတယူမရှိတာ တကယ်ကိုဆိုးပါတယ်။ adjective ဆိုတာကို နာမ၀ိသေသန လို့အဓိပ္ပာယ်ဖွင့်ရမှာ ဖြစ်ပေမယ့် နာမ၀ိသေသနဆိုတာ ဘာမှန်းမသိတဲ့ကျောင်းသားကို “နာမ၀ိသေသနဆိုတာ နာမ်ကို အထူးပြုကြောင်း” ထပ်ရှင်းရပါတယ်။ နာမ်ဆိုတာတောင် ဘာမှန်းမသိတဲ့ကျောင်းသားလေးတွေအတွက် “နာမ်ဆိုတာ သက်ရှိသက်မဲ့၊ ဒြပ်ရှိဒြပ်မဲ့တို့ရဲ့ အမည်ဟူသမျှကို ခေါ်ကြောင်း” မီးခိုးကြွက်လျှောက် ရှင်းရပါတော့တယ်။

တကယ်လို့သာ ကျောင်းသားလေးတွေကို သူ့အဆင့် သူ့အတန်းနဲ့ညီတဲ့ အသိပညာ၊ အတတ်ပညာမျိုးတွေ ထည့်ပေးနိုင်ခဲ့ရင် ကလေးတွေအတွက် ပညာရေးဆိုတာ ပျော်စရာကြီးဖြစ်လာမှာ သေချာပါတယ်။ အခုတော့ အခြေခံပညာ အထက်တန်းရဲ့ နောက်ဆုံးအဆင့်ကို ရောက်နေကြပေမယ့် အလယ်တန်းအဆင့်သာသာ အခြေခံလေးတွေနဲ့ဆိုတော့ အရာရာအခက်အခဲတွေချည်းပဲ ဖြစ်နေတဲ့နောက်တော့ သူတို့လေးတွေ ပညာသင်ရတာ ဘယ်မှာပျော်ရှာကြတော့မလဲ။

ကိုယ်ကတော့ ကျောင်းသူကျောင်းသားလေးတွေကို ပျော်စေချင်ပါတယ်။ တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင်နဲ့ ပညာသင်ယူနေကြတာကို မြင်ရတဲ့မြင်ကွင်းလောက် ကျက်သရေရှိတဲ့ မြင်ကွင်းမျိုးမရှိတော့ပါ။ တိုင်းပြည်အတွက် အလားအလာကောင်းတွေကို မြင်ရတာမို့ ကြည်နူးဖို့ အင်မတန်ကောင်းပါတယ်။

ဒါကြောင့် လောလောဆယ်မှာ ကျောင်းသားလေးတွေ ကြုံနေရတဲ့ အင်္ဂလိပ်စာ အခြေခံအားနည်းတဲ့ ပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းကတော့ မြန်မာသဒ္ဒါကို ကျွမ်းကျွမ်းကျင်ကျင်ဖြစ်အောင် လေ့ကျင့်ပေးဖို့ပါပဲ။ ဒီလိုလုပ်ခြင်းအားဖြင့် မိခင်ဘာသာစကားရော အင်္ဂလိပ်စာပါ တစ်ပြေးညီတိုးတက်လာမှာဖြစ်လို့ အနောက်တိုင်းကို အထင်ကြီးလွန်းပြီး (လုံးဝအထင်ကြီးစရာမလိုဘူးလို့ မဆိုလိုပါ) ကိုယ့်ရိုးရာ၊ ကိုယ့်ယဉ်ကျေးမှုကို လေးစားမှုမရှိတဲ့ ပညာတတ်တွေ နည်းလာပါလိမ့်မယ်။

နောက်တစ်ချက်က ဒီဘက်ခေတ်ကျောင်းသားလေးတွေဟာ ရူပဗေဒဘာသာရပ်မှာလည်း အားနည်းကြတာ တွေ့ရပါတယ်။ မေးခွန်းသဘာဝကိုက သင်ခန်းစာအားလုံးကို စုံစုံလင်လင်မေးလေ့ရှိတဲ့ ဘာသာဖြစ်တာကလည်း ကျောင်းသားငပျင်းလေးတွေကို ဒုက္ခလှလှကြီးတွေ့အောင် လုပ်သလိုပါပဲ။ ဒါပေမယ့် မေးခွန်းမေးတဲ့ပုံစံက သဘာဝကျပါတယ်။ သဘာဝမကျတာက တစ်ပွဲတိုးလုပ်ချင်တဲ့ ကျောင်းသားတွေတနဲ့ ပညာပွဲစားဆရာတစ်ချို့ပါ။ ဒီဘာသာရပ်ကို အောင်စေချင်ရင်တော့ တတ်အောင်သင်ပေးမှဖြစ်ပါလိမ့်မယ်။ နောက်...ဒီဘာသာရပ်ရဲ့ မေးခွန်းထုတ်ပုံက တွက်နည်းရဲ့လှည့်ကွက်တွေသာမက မေးခွန်းရဲ့လှည့်ကွက်တွေ အစုံအလင်ထည့်တတ်တာပါပဲ။ ဆရာအများစုက ရူပဗေဒ အားနည်းတဲ့ကျောင်းသားတွေကို ဒီတစ်ဘာသာထဲကို ဖိပြီးလုပ်ခိုင်းတတ်ပါတယ်။ ဒါဟာလုံးဝ မှားပါတယ်။ မေးခွန်းလှည့်ကွက်တွေကို နားလည်နိုင်ဖို့ များများတွက်ခိုင်းတဲ့နည်းထက် အင်္ဂလိပ်စာကို နည်းနည်းအားစိုက်ပေးလိုက်ရင် ပိုလွယ်ပြီး ကျောင်းသားတွေ ပိုသက်သာသွားမှာပါ။

ခရီးတစ်ခုကို သွားဖို့လမ်းပေါင်းများစွာရှိပါတယ်။ ရောက်တာချင်းတူပေမယ့် လမ်းတိုတိုကနေ သက်သက်သာသာရောက်နိုင်မယ်ဆိုရင် စွမ်းအင်နဲ့ အချိန်ကို မလိုအပ်ဘဲဖြုန်းတီးရာ မရောက်တော့ဘဲ ကျောင်းသားလူငယ်လေးတွေအတွက် ပညာရေးပန်းတိုင်ကို လွယ်လွယ်ကူကူ ရောက်နိုင်ကြပါလိမ့်မယ်။

ကလေးတွေအတွက် အောင်မြင်ပျော်ရွှင်တဲ့ ပညာရေးနည်းစံနစ်တွေကိုသုံးပြီး တိုးတက်တဲ့ပညာရေးလူ့ဘောင်သစ်ကို ထူထောင်နိုင်ကြပါစေ...

Thursday 12 August 2010

အမှီ . . .

ပျော်ရွှင်ချမ်းမြေ့
ရင်ငွေ့နွေးနွေး
အတွေးထဲမှာ
ပျော်လိုက်တာ . . .

လောကအမော
သောကတောက
ခေတ္တဝေးကွာ
အမေ့ရွာကို
ကြည်သာချမ်းမြ
ပြန်ရောက်ရကြောင်း
ညကအိပ်မက်မက်ခဲ့ခြင်း...။ ။


ဟန်ကြည်
၁၂.၈.၁၀ ( ကြာသပတေးနေ့ )

Wednesday 11 August 2010

မဆုံဖြစ်ခဲ့သော . . .

စောစောက အလုပ်ကိုလာရင်း လမ်းမှာဆေး/မန်းတုန်းက သူငယ်ချင်းဟောင်းတစ်ယောက်နဲ့လမ်းမှာဆုံတယ်။ ကျောင်းသားဘ၀က အတူတူကဗျာတွေရေးခဲ့ကြတဲ့ သူငယ်ချင်းပါ။ ဘယ်လိုမှ မျှော်လင့်မထားဘဲ ဆုံသွားတော့ ကိုယ်လည်းသူ့ကို ရုတ်တရက် လှမ်းမခေါ်ဖြစ်ဘူးလေ။ ကိုယ်က ဆိုင်ကယ်ပေါ်ကဖြစ်နေပြီး သူကသူ့မိတ်ဆွေတစ်ယောက်နဲ့ လမ်းလျှောက်လာတာဆိုတော့ သူလည်းသတိမထားမိလိုက်ဘူးထင်ပါရဲ့။ သတိထားမိဦးတော့ ကျောင်းသားဘ၀ကနဲ့ ဘယ်လိုမှ ပုံမတူတော့တဲ့ ကိုယ့်ကိုသူမမှတ်မိဖို့များပါတယ်။ တကယ်ဆိုကိုယ်ကအရင်မှတ်မိတာဆိုတော့ ကိုယ်ကပဲစခေါ်သင့်မှန်းသိပါတယ်။ ဒါပေမယ့် သူမှန်းသေသေချာချာသိပါရဲ့နဲ့ လှမ်းမခေါ်ဖြစ်လိုက်ဘူး။
ရုတ်တရက်ဆိုတော့ ကိုယ်လည်းအံ့အားသင့်တာလည်း ပါကောင်းပါမယ်ထင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ကိုယ်တို့ကျောင်းကကျောင်းပြီးတဲ့ ဆရာဝန်တွေကို မြန်မာပြည်အထက်ပိုင်းမှာ တာဝန်ချပေးတာများလို့ပါ။ ဒါကြောင့် ဘယ်သူငယ်ချင်းကိုမှ ပြန်တွေ့ရဖို့ မျှော်လင့်မထားခဲ့မိရိုး အမှန်ပါ။ ကိုယ့်သူငယ်ချင်းကတော့ တာဝန်နဲ့လား၊ အလည်အပတ်လားတော့ မသိပါ။ ဘာပဲပြောပြော ကိုယ်ကတော့ သူ့ကို လှမ်းခေါ်ဖို့ နှုတ်ဆွံ့နေတာတော့ အမှန်ပါ။

ပြီးမှ စိတ်ပြောင်းသွားပြီး ပြန်လှည့်ရှာတော့ မတွေ့တော့ပါ။ ဘယ်ကြားကိုများ ၀င်သွားပါလိမ့်ဆိုပြီး လိုက်ရှာသေးပေမယ့် လုံးဝကိုရှာလို့မတွေ့တော့တာပါ။ အဲဒီတော့မှ စိတ်ထဲမှာ စိတ်မကောင်းဖြစ်လိုက်တာ လွန်ပါရော။ ကိုယ်တို့ဘ၀တွေဆိုတာ ကျောင်းနေဘက်တွေ ပြန်ဆုံကြဖို့အရေး တော်တော်ဝေးပါတယ်။ တာဝန်ကိုယ်စီနဲ့ တစ်ယောက်တစ်နေရာစီ ပြန့်ကြဲနေကြရတဲ့ ဘ၀တွေမဟုတ်လား။

ဘာပဲဖြစ်ဖြစ် သူငယ်ချင်းမျက်နှာ ပြန်မြင်ရတော့ အရင်ကလွတ်လွတ်လပ်လပ်နဲ့ ပျော်ရွှင်ခဲ့ကြဖူးတဲ့ ကျောင်းသားဘ၀ကို လွမ်းလိုက်တာလေ...


Tuesday 10 August 2010

အမေ...


အမေဆိုတာ
နှလုံးသားရဲ့ကဗျာသံသရာရဲ့ အားအင်
ဝိညာဉ်ရဲ့ အလင်း
ချစ်ခြင်းတို့ရဲ့ သခင်
ရှင်သန်ခြင်းရဲ့ အနှစ်
သက္ကရာဇ်တို့ရဲ့ ပိုင်ရှင်
ကျွန်တော်တို့ရင်ထဲက ထာဝရသစ္စာရှင်
နွေလွင်ပြင်က လတစ်စင်း
အမေ့ကိုလွမ်းရင်း ရှင်သန်မယ် . . .

Mother Logo

အမေနဲ့ခွဲနေခဲ့ရတာ အခုဆိုရင် ခြောက်နှစ်ကျော်လို့ ခုနစ်နှစ်ထဲကို ၀င်လာပါပြီ။
အမေနေလို့မှကောင်းပါရဲ့လား။

အဝေးရောက်သားဘ၀ဆိုတော့လည်း အဝေးကလွမ်းရုံကလွဲလို့ ဘာမှမတတ်နိုင်ပါဘူးအမေ။
ခပ်ငယ်ငယ် ကလေးဘ၀ကတည်းက သားအပေါ်ယုံကြည်မှုအပြည့်နဲ အားကိုးရှာတဲ့အမေ့ကို လွမ်းလိုက်တာအမေရယ်။ အမေသင်ပေးတဲ့ပညာနဲ့ ထမင်းစား၊ အမေပေးတဲ့ဂုဏ်သိက္ခာနဲ့ အသက်ရှင်နေပေမယ့် အခုအချိန်အထိ အမေ့အတွက်ဘာတစ်ခုမှ ထိထိရောက်ရောက်လုပ်မပေးနိုင်သေးတာ ပြန်တွေးမိရင် ၀မ်းနည်းတယ်ဗျာ။

ဒါပေမယ့်အမေရယ်...
မတတ်နိုင်သေးတာတစ်ခုကို ထိုင်ပြီးစိတ်ညစ်မခံနဲ့ဆိုတဲ့ အမေ့စကားကို သားအမြဲသတိရပါတယ်။ အမေ့ဆီပြန်လာဖို့ မလွယ်သေးတဲ့အခြေအနေမှာ ထိုင်လွမ်းနေလို့လဲ ဘာမှမထူးတာ သားသိပါတယ်။ ဒါကြောင့် အမေ့ကိုလွမ်းတဲ့ အလွမ်းတွေကို အလုပ်နဲ့ဖြေတယ်။ အမေ့ကို သတိရတဲ့ရက်တွေမှာ ခါတိုင်းထက်အလုပ်ကို နှစ်ဆတိုးလုပ်တယ်။ အမေသင်ပေးတဲ့ပညာနဲ့ လူတွေအကျိုးကို ခါတိုင်းထက်နှစ်ဆတိုးပြီး ဆောင်ရွက်တယ်။ အမေဖြစ်စေချင်တဲ့ဘ၀မျိုးဖြစ်အောင် သားကြိုးစားတယ်။ အမေမကြိုက်တာ ဘာတစ်ခုမှ မလုပ်ဖြစ်အောင်လည်း ထိန်းသိမ်းပါတယ် အမေ။


ဒါကြောင့် သားအလုပ်ကြိုးစားနေတာ အမေ့ကိုချစ်လို့၊ လွမ်းလို့ပါအမေ။ အမေနဲ့ပြန်တွေ့ခွင့်ရတဲ့တစ်နေ့နေ့မှာ အမေဖြစ်စေချင်တဲ့ပုံစံမျိုးသားဖြစ်နေရပါစေမယ်။ အမေအနီးမှာ မရှိပေမယ့် အမေ့စကားတွေကို မြေ၀ယ်မကျနားထောင်ရင်း အမေ့ဆန္ဒတွေကို ဖြည့်ပါ့မယ်။

အဝေးရောက်သားရဲ့ အမေ့ကို တမ်းချင်းပါအမေ...

Monday 9 August 2010

ဘ၀ရထားပေါ်မှာ . . .

လူ့ဘ၀ဆိုတာ တကယ်တော့ ခဏတာလေးပါ။ နေ့မြင်၊ညပျောက်ဆိုသလိုပဲ
သေတဲ့လူတွေသေ ကျန်တဲ့သူတွေကမမောနိုင်မပန်းနိုင် ခရီးတွေဆက်လို့ပေါ့။ ရင်ဂိုရဲ့သီချင်းခေါင်းစဉ်ကို ငှားပြီးပြောရရင်တော့ ဘ၀ရထားကြီးပေါ်က သံသရာခရီးသည်တွေပါပဲ။

ခရီးစဉ်အတိအကျမသိရတဲ့ ဘ၀လမ်းကြောင်းမှာ ဘယ်ဘူတာမှာ ဘယ်သူတွေဆင်းလို့ ဘယ်သူတွေတက်လာကြမယ်ဆိုတာလည်း မခန့်မှန်းနိုင်ပါဘူး။ ဘ၀ခရီးစဉ်တစ်လျှောက်မှာ ထိုင်ခုံပေါ်ကနေ ခန့်ခန့်ကြီးထိုင်လိုက်ခွင့်ရသူတွေ ရကြသလိုကြုံရာနေရာကနေ ဖြစ်သလိုတွယ်ကပ်လိုက်ပါကြရသူတွေလည်း ဒုနဲ့ဒေးပါ။ နေရာထိုင်ခင်းတွေကွဲကြပေမယ့် ဘယ်နေရာမှ မမြဲတာတော့ အတူတူပါပဲ။ ထိုင်ခုံရသူရော၊ ခုံမဲ့လိုက်ရသူပါ တစ်ချိန်ချိန်ရောက်ရင်တော့ ဆင်းသွားရမှာပါ..

ဘ၀ခရီးစဉ်တစ်လျှောက်လုံးမှာ အတူစီးကြသူချင်း ရင်းနှီးသူကရင်းနှီး၊ ချစ်ခင်သူတွေကချစ်ခင်၊ ရန်စောင်သူတွေရန်စောင်ကြ၊ ကကြိုးတွေစုံအောင် ကကြပေါ့။ အချင်းချင်းရိုင်းပင်းကူညီသူတွေ ရှိသလို၊ တစ်ယောက်အပေါ်တစ်ယောက် နိုင်ထက်စီးနင်းလုပ်သူတွေလည်း ပါလေရဲ့။ နေရာထိုင်ခင်းပေါ်မူတည်လို့ မာနတက်သူတွေတက်၊ ဒေါသထွက်သူတွေထွက်၊ မောဟတက်သူတွေတက်၊ သောကပွက်သူတွေပွက်လို့ မဆုံးသေးတဲ့ခရီးစဉ်တစ်ခုအပေါ်မှာ မသေချာတဲ့ အနာဂတ်ကို မေ့ထားလို့ မရေရာတဲ့လက်ရှိအနေအထားအပေါ်မှာ ခံစားချက်စုံ၊ အယူအဆအဖုံဖုံနဲ့ မယုံနိုင်လောက်အောင် ရှုပ်ထွေးပွေလီနေပါရဲ့...

တကယ်တော့ အယူအဆတွေဘယ်လောက်ကွဲကွဲ၊ နေရာထိုင်ခင်းတွေ ဘယ်လောက်လွဲလွဲ တစ်ခရီးတည်းအတူသွားနေကြရသူချင်းအတူတူမို့ မကြည်ဖြူနိုင်ရင်တောင် ညီတူညီမျှ စိတ်ထားကြရင်ဖြင့် လောကဘယ်လောက်လှလိုက်မလဲ။




Wednesday 4 August 2010

ခွက်သန့်လေးနဲ့မှ . . .

ဘာသာရေးဆိုတာ လူသားတွေအတွက် အားအင်တစ်ခု ဒါမှမဟုတ် မှီခိုအားထားရာ အကောင်းဆုံးတွေထဲက တစ်ခုပါ။ ဘယ်ဘာသာရေးမဆို ဆုံးမချက်တွေ၊ ကျင့်ဝတ်တွေနဲ့ ဖွဲ့စည်းထားတာမို့ လူနဲ့လူ့ပတ်ဝန်းကျင်အတွက် အင်မတန်အကျိုးဖြစ်ထွန်းစေပါတယ်။ ဘာသာရေးအဆုံးအမအောက်မှာ ရှင်သန်နေထိုင်သူတစ်ယောက်ဟာ လောကဓံကိုခံနိုင်ရည်ရှိပြီး စိတ်ဓာတ်နဲ့ ကိုယ်ရည်ကိုယ်သွေးပါ မြင့်မားခိုင်မာပါတယ်။ ခပ်ရှင်းရှင်းပြောရရင် ဘာသာရေးတိုင်းဟာ လူသားတွေအတွက် နောက်ဆုံးအားကိုးအားထားပြုရာပါပဲ။

လူ့သဘာဝအရ မမြင်ရတဲ့အရာ၊ မခန့်မှန်းနိုင်တဲ့အရာတွေကို ကြောက်စမြဲမို့ ဘယ်သူမှအတိအကျမပြောနိုင်တဲ့ တမလွန်ဘ၀ဆိုတာကြီးကိုတော့ ကြောက်ကြစမြဲပါ။ ဒါကြောင့် တမလွန်ဘ၀နဲ့ပတ်သက်ပြီး အားကိုးအားထားပြုစရာ တစ်ခုတည်းသောအရာဖြစ်တဲ့ ဘာသာရေးကို အလေးထားကြရတာ သဘာဝပါ။
ဘယ်ဘာသာမဆို တမလွန်ဘ၀ကိုတော့ အလေးတယူရှိလှတာ တွေ့ရပါတယ်။ အယူအဆချင်းကွဲကြပေမယ့် တမလွန်ကို အလေးအနက်ထားကြတာချင်းတော့ အတူတူပါ။

ကိုယ့်အယူအဆကတော့ ဘာသာရေးတိုင်းဟာ မွန်မြတ်ပါတယ်။ လေ့လာမိသလောက်တော့ လူတွေကို မကောင်းတာတွေလုပ်ဖို့ လမ်းပြတဲ့ ဘာသာဆိုတာ တော်တော်ရှားပါတယ်။ တချို့သော အစွန်းရောက်ဘာသာတွေကလွဲရင်ပေါ့။

ဒီလိုမွန်မြတ်အရေးပါလှတဲ့ ဘာသာရေးတွေကို တာဝန်ယူထိန်းသိမ်းနေရတာဖြစ်လို့ ဘာသာရေးခေါင်းဆောင်တွေမှာလည်း အင်မတန်မှ တာဝန်ကြီးပါတယ်။ တကယ်ဆိုရင် ဘာသာတရားတွေရဲ့ဂုဏ်သိက္ခာဟာ စောင့်ရှောက်ထိန်းသိမ်းသူတွေအပေါ်မှာ အများကြီးမူတည်ပါတယ်။ လောကဓမ္မတာအရ လူအများစုဟာ အရာရာတိုင်းနီးပါးကို အမြင်အပေါ်မူတည်ပြီး ပထမဆုံးဖြတ်လေ့ရှိပါတယ်။ ကိုယ့်အထင်မှန်မမှန်ကို နောက်ပိုင်းမှာ သုံးသပ်သူကသုံးသပ်ပြီး အများစုကသုံးသပ်လေ့မရှိတာများပါတယ်။ သုံးသပ်လေ့ရှိသူထဲက တချို့တ၀က်ကလည်း သုံးသပ်ဖို့အခွင့်မသာတာမျိုးဖြစ်တတ်ပါသေးတယ်။
ဒါကြောင့် ဘယ်အရာမဆို အရည်အသွေးနဲ့အနှစ်သာရတင်မက အမြင်တင့်တယ်ဖို့လည်း အရေးကြီးပါတယ်။
ဘာသာရေးဟာ ဈေးကွက်တင်ရောင်းစရာ ပစ္စည်းမဟုတ်တာကြောင့် အမြင်တင့်တယ်စရာမလိုတာမှန်ပေမယ့်
အတွင်းမှာ အနှစ်ပြည့်ကြောင်း အပြင်ကနေသိနိုင်ရင် ပိုကောင်းမှာသေချာပါတယ်။

လက်ဖက်ရည်တစ်ခွက် ကောင်းမကောင်းဆိုတာကို သောက်ကြည့်မှသိမှာပါ။ မသောက်ရင်တောင် မြည်းကြည့်ဖို့တော့လိုမှာ သေချာပါတယ်။ အမြင်နဲ့တင်ဆုံးဖြတ်လို့မရတာကို ပြောချင်တာပါ။ ဒါပေမယ့် လက်ဖက်ရည်ထည့်တဲ့ခွက်က ညစ်ပေပြီး သောက်ချင်စရာတစ်ကွက်မှ မရှိရင်တော့ ကောင်းလှပါတယ်ဆိုတဲ့ လက်ဖက်ရည်ကို ဘယ်သူမှ သောက်ကြမှာ မဟုတ်ပါ။

အထက်ကဥပမာလိုပဲ ဘာသာတရားဆိုတာ လက်ဖက်ရည်နဲ့တူပြီး ဘာသာရေးခေါင်းဆောင်တွေက လက်ဖက်ရည်ခွက်တွေနဲ့ တူပါတယ်။ ခွက်နဲ့တူတဲ့ ဘာသာရေးခေါင်းဆောင်တွေ ပုံစံမကျရင် ဘယ်လောက်ကောင်းပါတယ်၊ မွန်မြတ်ပါတယ်ဆိုတဲ့ ဘာသာတရားကိုမှ လူတွေအလေးထားမှာ မဟုတ်တော့ပါ။ ဒါကြောင့် လက်ဖက်ရည်သိက္ခာမကျအောင်၊ တန်ဖိုးမလျော့ရလေအောင်
ခွက်ကလေးတွေ သန့်ဖို့တော့လိုပါတယ်

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger