Sunday, 30 January 2011

အိမ်ထက်သာရမယ့် နေရာ . . .

 တောင်တွေး၊မြောက်တွေး 
စဉ်းစားရင်းနဲ့ အိမ်သာတွေ အကြောင်း စဉ်းစားမိပါတယ်။

http://i258.photobucket.com/albums/hh257/24demon24/t170188289.gif 
တလွဲမတွေးလိုက်ပါနဲ့ ပန်းကန်ထဲထည့်ထားတဲ့ ရေခဲမုန့်ပါ...

ခပ်ငယ်ငယ်က ကိုယ့်အဒေါ်တစ်ယောက်အိမ်မှာ နှစ်လ၊ သုံးလလောက် သွားနေဖူးပါတယ်။ အဒေါ့်အိမ်မှာ ထူးခြားတာတစ်ခုက အိမ်သာပါ။ တစ်ရက်ကို သုံးလေးခါလောက် သန့်ရှင်းရေးလုပ်ရုံသာမက မွှေးကြိုင်သန့်ပြန့်နေအောင် အင်မတန်မှ ဂရုစိုက်ပါတယ်။ ကိုယ်တို့ကို သူက“အိမ်သာဆိုတာ အိမ်ထက်သာရမယ်” လို့လဲ လက်ချာပေးပါသေးတယ်။ ခပ်ငယ်ငယ်ကဆိုတော့ သူ့လက်ချာလည်း သိပ်တော့ သဘောပေါက်လှတာမဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် အိမ်သာတက်ရတာတော့ အရသာရှိလှတာ အမှတ်ထင်ထင်ရှိခဲ့ပါရဲ့။

သေချာတာတစ်ခုကတော့ သူ့အိမ်သာ မွှေးမွှေးလေးကို ဇိမ်ခံတက်ရင်းက အိမ်သာကြာကြာတက်တတ်တဲ့ အကျင့်ရသွားတာပါပဲ။ ကိုယ့်ကိုယ်ကို အိမ်သာတက်တာကြာလှတယ်အောက်မေ့ထားပေမယ့် ဦးသုမောင်တို့အဖေ ဒါရိုက်တာ ဦးသာဓု အိမ်သာတက်ပုံကို ဖတ်ဖူးမှ ကိုယ့်ထက်သာတဲ့သူရှိတာ သိရပါတော့တယ်။ ဦးသာဓုအိမ်သာတက်ရင် တစ်နေ့တာထွက်သမျှ သတင်းစာအကုန်အိမ်သာထဲယူသွားပြီး ဖတ်လိုက်တာ ရေနွေးခွက်ပါ အိမ်သာထဲယူသွားပါသတဲ့။ ရေနွေးကုန်ရင် တံခါးခေါက်ပြီး ရေနွေးပြန်ဖြည့်ခိုင်းပေမယ့် သတင်းစာဖတ်မပြီးမချင်းတော့ အိမ်သာထဲက မထွက်ပါဘူးတဲ့။ ဘယ်လောက် အရေးကြီးတဲ့ ဧည့်သည်လာပါစေ ဦးသာဓုအိမ်သာတက်နေလို့ကတော့ အနည်းဆုံးနှစ်နာရီလောက်ကတော့ တမေ့တမော စောင့်ရပါလေရောတဲ့။ အဲဒါကိုဖတ်မိမှ ကိုယ့်ကိုယ်ကို ဖြေသာပါတော့တယ်။

[wired-toilet.jpg]  
ဒါမျိုးအိမ်သာဆို ဦးသာဓုကြီးတော့ အပြင်ထွက်တော့မယ်တောင်မထင်...
 
ကိုယ်ခပ်ငယ်ငယ်က အိမ်သာတက်ရင် စာအုပ်တစ်အုပ်တော့ ပါသွားမှ ကျေနပ်တာပါ။ အဲဒီအကျင့်ကတော့ ကိုယ့်မေမေဆီကရတဲ့ အမွေပဲဖြစ်ပါလိမ့်မယ်။ မှတ်မှတ်ရရ ကိုယ်ဆေးကျောင်းသားဘ၀က ကိုယ့်အမေ အပြင်ကနေ အမောတကောပြန်လာပြီး အိမ်သာတက်ဖို့ စိုင်းပြင်းပါတော့တယ်။ အဲဒီမှာဖြစ်ချင်တော့ ဖတ်စရာစာအုပ်က တစ်အုပ်မှ ရှာမရပဲ ဖြစ်နေပါရောလား။ အဲဒီမှာပဲ ကိုယ့်ကိုလှမ်းအော်ပြီး စာအုပ်တစ်အုပ်လောက်ရှာပေးဖို့ စစ်ကူတောင်းပါတော့တယ်။ ကိုယ်ကလည်း မေမေ့ကို စချင်တာကြောင့် ဆေးစာအုပ်တွေပဲရှိတယ်လို့ ပြန်ပြောတော့ “အေး...အဲဒီဆေးစာအုပ်ပဲပေး”ဆိုပြီး တစ်ခါတည်း ကိုယ့်ဆေးစာအုပ်ထူထူကြီးကို ယူသွားပြီး အိမ်သာဝင်ပါတော့တယ်။ မေမေပြန်ထွက်လာတော့ ကိုယ်က ဆေးစာအုပ်ကို မေမေဖတ်တတ်လို့လားမေးတော့ “ဖတ်တော့ဘယ်ဖတ်နိုင်မလဲ၊ စာအုပ်တစ်ခုခုဖတ်စရာရှိတော့ အိမ်သာဖြောင့်ဖြောင့် တက်လို့ရတာပေါ့” တဲ့။ ကိုယ့်မှာ မေမေ့အကျင့်ကို သဘောကျလို့ မဆုံးပါ။ တစ်လုံးမှ နားမလည်တဲ့ ဆေးစာအုပ်ကြီးကိုင်ဖတ်ပြီး အိမ်သာတက်တဲ့ ကိုယ့်မေမေအကြောင်းကို ပြန်တွေးမိတိုင်းလဲ ပြုံးမိပါတယ်။

ကိုယ်တို့အိမ်မှာလည်း ကျန်တာတွေထက် အိမ်သာကို သန့်သန့်ပြန့်ပြန့်ဖြစ်အောင် ဂရုတစိုက်ထားလေ့ရှိပါတယ်။ ခပ်ငယ်ငယ်ကတော့ ကျန်းမာရေး အသိဆိုတာထက် မိဘစိတ်ကြိုက်
လုပ်ခဲ့ရတာပါ။ ခေတ်မီတဲ့ မိဘတွေက ကျင်းအိမ်သာတွေ သုံးတဲ့ခေတ်မှာတောင် ရေလောင်းအိမ်သာ(ယင်လုံအိမ်သာ)ကို စံနစ်တကျဆောက်ပြီး သုံးပါတယ်။ သေချာတာကတော့ ကိုယ်တို့ငယ်ငယ်ကတည်းက အိမ်သာ သန့်သန့်ပြန့်ပြန့်လေးနဲ့မှ ၀မ်းဖြောင့်ဖြောင့် သွားတတ်တဲ့ အကျင့်ရခဲ့တာပါပဲ။

[Gold_Toilet.jpg]  
ဒါမျိုးနဲ့တော့လည်း မပါရက်ပါဘူး...အရည်ကျိုပြီး ရောင်းစားလိုက်တာ ပိုကောင်းမယ်...

မှတ်မိပါသေးတယ်။
အိမ်မှာ ဘိုထိုင်အိမ်သာ စတပ်တဲ့ အချိန်ကပါ။ 
ဝမ်းသွားချင်လို့ အိမ်သာပြေးပြီး ဘိုထိုင်အိမ်သာပေါ်တက်လိုက်တာနဲ့ ဘယ်လိုမှ ၀မ်းသွားလို့ မရတော့ပါ။ ဗိုက်တွေရစ်ပြီး ဘယ်လောက် ၀မ်းသွားချင်နေပေမယ့် ၀မ်းသွားလို့မရတဲ့ ခံစားချက်ကြီးက 
ပြောမယုံကြုံမှ သိလောက်အောင် အင်မတန် ခံရခက်ပါတယ်။ ဘိုထိုင်ပေါ်မှာ ၁၀မိနစ်လောက်ကြာအောင် ဒုက္ခခံပြီး ဘယ်လိုမှမဖြစ်တော့တဲ့ အဆုံးမှာ အရှူံးပေးပြီး နောက်ဖေးက ရိုးရိုးအိမ်သာဆီပြေးတက်မှ ချောချောမောမောနဲ့ ကိစ္စပြီးပါတော့တယ်။ အိမ်သာပေါ်ထိုင်လိုက် ၀မ်းမသွားနိုင်ဖြစ်လိုက်နဲ့ ဘိုထိုင်အိမ်သာနဲ့ ပြဿနာတက်လိုက်တာ ၅ရက်လောက်ကြာမှ နည်းနည်းအဆင်ပြေပါတော့တယ်။ ဒါတောင် ပြည့်ပြည့်၀၀ စိတ်တိုင်းမကျလို့ ကျန်တဲ့တစ်ပိုင်းကို ရိုးရိုးအိမ်သာပြေးပြီး ဖြေရှင်းရပါသေးရဲ့။ ရေငန်သောက်၊ မြက်ခြောက်စားတဲ့ အညာသားလေး မောင်ဟန်ကြည်တစ်ယောက် ဘိုထိုင်အိမ်သာအတက်ကျင့်လိုက်ရတာ တစ်ပတ်လောက်ကြာမှပဲ အိမ်သာနဲ့ပဏာစားပါတော့တယ်။ ဒီတော့မှ မွှေးမွှေးကြိုင်ကြိုင် ဘိုထိုင်ပေါ်ထိုင်ရင် စာစောင်လေးဖတ်လို့ ဇိမ်ခံခွင့် ရတော့တာပါ။


 
http://2.bp.blogspot.com/__v0ZbDH0ksM/S0Sd9LPXt2I/AAAAAAAAAaM/i9Cqzn7nsg0/s320/a8.jpg 
သူတောင် ကောင်းကောင်းပါရသေးတာပဲ...

ကျောင်းသားဘ၀တစ်လျှောက် အိမ်သာလေးသန့်သန့်နဲ့ စတိုင်ကျခဲ့တဲ့ ဦးဟန်ကြည်တစ်ယောက် မိဘအရိပ်ကထွက်လို့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ဖို့ကြိုးစားကတည်းက အိမ်သာပေါင်းစုံနဲ့ ပြဿနာစပါတော့တယ်။ အိမ်ကထွက်ပြီး ရန်ကုန်ကို သွားကတည်းက ရထားအိမ်သာနဲ့ နဖူးတွေ့ဒူးတွေ့ တွေ့ပါရော။ ရထားမစီးဖူုးတဲ့သူဆိုတဲ့ ရထားအိမ်သာအကြောင်းလဲ ဘာမှသိမထားခဲ့ရိုး အမှန်ပါ။ ခပ်ငယ်ငယ်ကကြားဖူးတာက ရထားအိမ်သာဆိုတာ အပေါက်တစ်ခုပဲ ဖောက်ထားပြီး စွန့်လိုက်တဲ့ အညစ်အကြေးတွေအားလုံး ရထားလမ်းပေါ်ကျကုန်တယ် လို့ပါ။ ဒါပေမယ့် ကိုယ်မြင်ရတဲ့ ရထားအိမ်သာကတော့ ရေလောင်းအိမ်သာပါ။ စွန့်လိုက်သမျှ အညစ်အကြေးကတော့ ဘယ်ရောက်လို့ဘယ်ပေါက်ကုန်သလဲဆိုတာတော့ မစဉ်းစားမိပါ။ ရေလောင်းအိမ်သာပေါ်မှာ ကျကျနနထိုင်ပြီး ဗိုက်ပြဿနာရှင်းမယ် အလုပ်မှာ ဇာတ်လမ်းစပါတော့တယ်။ ရထားက ပုခက်လွှဲသလို ရမ်းနေတဲ့ကြားထဲမှာ အိမ်သာခွက်ပေါ်ကနေ အောက်ကို ပြုတ်ကျမသွားအောင် ကိုယ့်ကိုယ်ကို ထိန်းနေရတာနဲ့ပဲ ၀မ်းသွားလို့မရတော့ပါ။ ဘေးဘီကို မျက်စိကစားလိုက်တော့ လက်ကိုင်ကွင်းကလေးတစ်ခုစီ ဘယ်ညာတစ်ဖက်တစ်ချက်မှာ တွေ့တာကြောင့် သဘောပေါက်သွားပြီး လက်ကိုင်ကွင်းနှစ်ခုကို တစ်ဖက်စီကိုင်ပြီး ဟန်ချက်ထိန်းနိုင်ပါတော့တယ်။ လူကိုငြိမ်အောင် ထားနိုင်ပြီမို့ ပါတော်မူတော့မယ်အလုပ်မှာ အိမ်သာတံခါးကို ကြည့်မိတော့ တံခါးချက်ကလေးက တဲတဲကလေးပါ။ တကယ်လို့များ တစ်ယောက်ယောက်က တံခါးဆွဲဖွင့်လိုက်ရင် ငါးပါးမှောက်နိုင်တာမို့ လက်ကိုင်ကွင်းကိုင်ထားတဲ့ ဘယ်လက်နဲ့ တံခါးလက်ကိုင်ကွင်းကို ပြောင်းကိုင်လိုက်ပြီး မသက်မသာအနေအထားနဲ့ သဘာဝရဲ့ခေါ်သံကို အကြောင်းပြန်ခဲ့ရပါတယ်။ တဂျုန်းဂျုန်း၊ တဂျိုင်းဂျိုင်းနဲ့ ဘယ်ညာရမ်းနေတဲ့ မီးရထားကြီးပေါ်မှာ မသက်မသာ အနေအထားကြီးနဲ့ တက်ခဲ့ရတဲ့ ရထားအိမ်သာကတော့ တစ်သက်စာ အမှတ်တရအဖြစ် အခုထိ မှတ်မှတ်ရရ ရှိနေဆဲပါ။
[scooter-mbk-nitro-1106497234.jpg] 
အိမ်သာတက်ရင်း ခရီးသွားတာပေါ့...

ခရီးတွေသွားရင်း တောင်ငူက ဘုရားကျောင်းတစ်ကျောင်းကို ရောက်တဲ့အခါကလည်း အိမ်သာဒုက္ခရောက်ခဲ့ဖူးပါတယ်။ ကျောင်းကြီးကလည်း ကြီးကြီးမားမားမို့ အိမ်သာတွေဘာတွေကလည်း သန့်သန့်ပြန့်ပြန့်ပါ။ ၀မ်းနာလာတာကြောင့် အိမ်သာတက်မယ်လို့စိတ်ကူးနဲ့ အိမ်သာထဲကို အပြေးအလွှားသွားပြီး ထိုင်နေကျပုံစံအတိုင်း တံခါးဘက်ကို မျက်နှာမူပြီး ထိုင်ချလိုက်တော့မှ ထူးခြားဆန်းပြားတွေ့ရပါတော့တယ်။ အိမ်သာခွက်က အညစ်အကြေးစွန့်တဲ့ အပေါက်က ခါတိုင်းလိုမဟုတ်ပဲ မျက်စိအောက်မှာရောက်နေတာပါ။ မျက်စိလည်သွားတာကြောင့် အပေါက်ရှိရမယ့် ပုံမှန်နေရာကို လှည့်ကြည့်တော့ အပေါက်မရှိပါ။ ခဏလောက် အူကြောင်ကြောင်ဖြစ်သွားပြီးမှ အိမ်သာခွက်ကို ပြောင်းပြန်လှည့်တပ်ထားတာကို သဘောပေါက်ပြီး နာနေတဲ့ဝမ်းကို အသာအောင့်ပြီး လူကိုတစ်ပတ်ပြန်လှည့်လို့ ပြဿနာဖြေရှင်းခဲ့ရပါတယ်။
ဒါပေမယ့် တံခါးပေါက်ကို ကျောပေးပြီး ထိုင်နေရတာဖြစ်လို့ စိတ်က ဘယ်လိုမှမလုံတော့ဘဲ နောက်ကို မကြာမကြာ လှည့်ကြည့်နေရတာနဲ့တင် မအီမလည်နဲ့ ကိစ္စပြီးခဲ့ရတာလည်း အမှတ်တရပါ။

http://1.bp.blogspot.com/_cc8HzyKAaXU/S2mBA3lGnmI/AAAAAAAAA9I/4HoohFSRvp8/s320/s-P4100026.jpg 
ဒီလိုလေးပြထားရင်တော့လည်း အဆင်ပြေတာပေါ့...

ပြည်နယ်ကို ရောက်လို့ ကိုယ့်ခံယူချက်အတိုင်း တောကြိုအုံကြားတွေသွားပြီး ဆေးကုတဲ့အချိန်မှာတော့ အိမ်သာအတွေ့အကြုံသစ်တွေ တနင့်တပိုးကြီး ထပ်ရပြန်ပါတယ်။ တစ်ခါက ရွာတစ်ရွာမှာ လူနာကြည့်နေရင်း ဗိုက်ရစ်လာတာကြောင့် လူနာရှင်တွေကို အိမ်သာဘယ်မှာလဲလို့မေးမိတော့ ကောက်ရိုးပုံကို လက်ညှိုးထိုးပြတာကြောင့် ဘာဘာညာညာမစဉ်းစားဘဲ ကောက်ရိုးပုံနောက်မှာ အိမ်သာရှိတန်ကောင်းရဲ့ဆိုတဲ့ စိတ်ကူးနဲ့ ကောက်ရိုးပုံနောက်ကိုသွားတော့ အိမ်သာတစ်လုံးမှမတွေ့ရပါ။ နောက်ဆုံးစိတ်ပေါက်ပေါက်နဲ့ ကောက်ရိုးပုံတစ်ပတ်ပြည့်အောင် ပတ်ကြည့်ပြီး ဘာအိမ်သာမှမတွေ့တော့မှဘဲ ဆရာဝန်ရင့်မကြီးကို သူတို့ထုံးစံအတိုင်း ကောက်ရိုးပုံနောက်မှာ အီအီးထိုင်ပါခိုင်းမှန်း သဘောပေါက်ပြီး စိတ်ညစ်ညစ်နဲ့ပဲ (မပါခဲ့ပါ) ကိုယ့်ပြဿနာကို အံကြိတ်အောင့်အည်းပြီး ကြည့်စရာရှိတဲ့လူနာတွေကို ကုန်အောင်ကြည့်ပြီးတော့မှ တစ်ခြားရွာက အသိအိမ်ကို ဒုန်းစိုင်းပြေးပြီး အိမ်သာတက်ခဲ့ရပါတယ်။ နဖူးမှာ ချွေးသီးချွေးပေါက်တွေ ဇီးကင်းလောက်သီးလာအောင် ဒုက္ခခံခဲ့ရတာမို့ အဲဒီရွာနံမည်ကြားမိတိုင်း အခုထိ ဇောချွေးတွေ ပြန်လာမြဲပါ။

http://4.bp.blogspot.com/_nBnqYnYkFUI/TPjfErabcAI/AAAAAAAAJgQ/UGlfyJzyDfc/s1600/4.jpg 
ဒါလည်း အိမ်သာလို့ ခေါ်ပါသတဲ့။ တော်သေးတာပေါ့ ဒါမျိုးမတက်ခဲ့ရလို့...

တစ်ခါကလည်း ရွာတစ်ရွာမှာ လူနာကြည့်ရင်း အိမ်သာသွားမယ်လုပ်တော့ လူနာရှင်က ထီးတစ်လက်ယူပေးပါတယ်။ ကိုယ်လည်း အတွေ့အကြုံရင့်နေပြီမို့ အိမ်သာကို အရင်ကြည့်ထားတာမို့ ဒီထီးနဲ့ကွယ်ပြီး နောက်ဖေးသွားခိုင်းတာ မဟုတ်မှန်းသိတာကြောင့် သိပ်တော့လည်း မတုန်လှုပ်ပါ။ အပြင်မှာလည်း မိုးလေးတဖွဲဖွဲကျနေတာမို့ မိုးစိုမှာစိုးလို့ ထီးပေးလိုက်တယ်လို့ပဲ ယူဆပါတယ်။ ဒါပေမယ့် သူပေးတဲ့ထီးက ကိုယ်တို့အရွယ်ဆောင်းတဲ့ လူကြီးဆောင်းထီးမဟုတ်ဘဲ ကလေးတွေဆောင်းတဲ့ ထီးခပ်သေးသေးလေးဖြစ်နေတာက နည်းနည်းစဉ်းစားစရာဖြစ်လာပါတယ်။ မရှိရှိရာ ရှာပေးလိုက်တယ်လို့ပဲ ယူဆပြီး အိမ်သာသွားတက်တော့ အိမ်သာထဲရောက်မှပဲ ထီးသေးသေးလေး ပေးလိုက်ခြင်းရဲ့ ရည်ရွယ်ချက်ကို သဘောကောင်းကောင်းပေါက်ပါရောလား။ သူတို့အိမ်သာက အကာပဲ ရှိပြီး အမိုးမှ မရှိတာကလား။ မိုးရွာထဲမှာ အိမ်သာတက်ရင် ထီးဆောင်းပြီး တက်ရတာဖြစ်လို့ အိမ်သာတံခါးနဲ့ ဆန့်တဲ့ ထီးသေးသေးလေး ပေးလိုက်မှန်း ကွက်ကွက်ကွင်းကွင်း သိရပြီး ဘ၀တစ်သက်တာမှာ ပထမဆုံးအဖြစ် အိမ်သာထဲမှာ ထီးကလေးဆောင်းပြီး ပါတော်မူခဲ့ရပါကြောင်း။

ရွာတွေရွာတွေအနှံ့ပြဲပြဲစင်အောင် ဆေးအိတ်တစ်လုံးနဲ့ လူထုဆရာဝန်လုပ်လာခဲ့တဲ့ ဥိးဟန်ကြည်တစ်ယောက် ကိုယ့်ကိုယ်ကို အတွေ့အကြုံတွေ စုံလှပြီလို့ထင်ထားခဲ့သမျှ တပည့်တစ်ယေက် အလည်ခေါ်တာကြောင့် သူနေတဲ့ရွာကို နှစ်ရက်လောက် အလည်သွားမိမှဘဲ အတွေ့အကြုံတွေ ကျန်သေးတာ ၀န်ခံရပါတော့တယ်။ သူတို့ရွာက တကယ့်ရွာကြီးပါ။ ဆေးရုံတွေ၊ စာသင်ကျောင်းတွေနဲ့ ကျကျနနပါ။ အပြင်ပန်းကြည့်ရင်တော့ အားရစရာဖြစ်ပေမယ့် အိမ်သာတက်မယ်ကြံတော့မှ သရုပ်မှန်ကို မြင်ရပါတော့တယ်။ တပည့်အိမ်တင်မကပါ တစ်ခြားအိမ်တွေလည်း အိမ်သာရယ်လို့ သတ်သတ်မှတ်မှတ် ကျကျနနဆောက်ထားတာ တစ်လုံးမှမရှိပါ။ အိမ်တွေက ခြေတံရှည်အိမ်တွေများပြီး အပေါ်မှာ လူနေ၊ အောက်ထပ်မှာ ၀က်တွေ၊ ဆိတ်တွေ မွေးကြပါတယ်။ အဲဒီအပေါ်ထပ်ထောင့်တစ်ထောင့်မှာ ကြမ်းပြင်ကို အပေါက်ကလေးဖောက်ထားတာက ဘုရားစူးအိမ်သာ စစ်စစ်ပါ။ အဲဒီအပေါက်ကလေးကို ထန်းရွက်လေးငါးခြောက်ရွက်ကို ထောင်ပြီး ၀ိုင်းပတ်ကာလိုက်တော့ သူတို့ရိုးရာ အိမ်သာဖြစ်လာပါရော။ ကိုယ်တို့ဥရောပ အိမ်သာတွေမှာက အိမ်သာတက်ရင် ခေါင်းပိုင်းလုံပြီး ခြေထောက်ကလေးတွေထွက်နေတာ ရိုးနေလို့ဖြစ်ပါလိမ့်မယ်။ သူတို့အိမ်သာက ထန်းရွက်တစ်လျားစာပဲ ကာထားတာမို့ ထိုင်လိုက်ရင် ပခုံးအထက် ခေါင်းပိုင်းတစ်ခုလုံး ပေါ်နေပါတော့တယ်။ သူတို့ထမင်း စားကြတော့လည်း အဲဒီကြမ်းတစ်ပြေးထဲမှာ အိမ်သာနဲ့ သိပ်မဝေးပါ။ တစ်ယောက်က အိမ်သာတက်၊ တစ်ယောက်က ထမင်းစားရင် တစ်ယောက်ကို တစ်ယောက် မြင်မြင်ထင်ထင် စကားလှမ်းပြောလို့ရအောင် ရည်ရွယ်ချက်နဲ့များ လုပ်ထားသလားထင်ရပါတယ်။ စွန့်လိုက်တဲ့ အညစ်အကြေးကို ကျင်းတွေဘာတွေနဲ့ စွန့်စရာမလိုပါ။ အောက်ထပ်မှာ မွေးထားတဲ့ ၀က်တစ်အုပ်က ၀ိုင်းအားပေးကြပါတယ်။ ဘာမှကို အလေအလွင့်မရှိအောင် စံနစ်ကျလှတဲ့ သူတို့ အိမ်သာကိုကြည့်ရင်း ကျောချမ်းသွားတဲ့ ဦးဟန်ကြည်မှာ အဲဒီမှာ နေတဲ့နှစ်ရက်လုံးလုံး အိမ်သာတက်ချင်စိတ်ကို အတင်းချိုးနှိမ်ပြီး အံကြိတ်နေခဲ့ပါတယ်။ ၀က်သားစားချင်စိတ်လည်း တစ်နှစ်နီးပါးကြာအောင် ကုန်သွားပါတော့တယ်။

[public-toilet-installation-3651.jpg]  
သဘောတရားချင်းတော့ ခပ်ဆင်ဆင်...

http://www.mezaligone.org/jwallpapers_files/2011/1/big_thumb_e854bb061115b7fd6ac2f30ad68d83e5.jpg 
ဒီလောက်ဆိုရင်ကို သည်းခံပြီး တက်ပါသေးတယ်...

အိမ်သာအတွေ့အကြုံက ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါ။ အဲဒီရွာမှာ အိမ်အများစုက အိမ်သာမရှိကြပါဘူးတဲ့။ ညနေဆိုရင် တောစပ်ကိုသွားပြီး ကိုယ့်ကိစ္စကို ဖြေရှင်းကြပါသတဲ့။ ဟုတ်ပါတယ်။ ညနေစောင်းတာနဲ့ နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ လက်ထဲမှာ တုတ်ချောင်းလေးတွေ ကိုယ်စီကိုင်လို့ တောစပ်ဘက်ကို သွားကြတာတွေ့မှပဲ တောစပ်လေးမှာ ညနေခင်း လေညင်းခံမယ့်စိတ်ကူးလေးကို ရင်နာနာနဲ့ ဘေးချိတ်ထားလိုက်ရပါတယ်။ တော်ကြာ လေညင်းမရဘဲ ဆွဲမိုင်းတွေ၊ နင်းမိုင်းတွေနဲ့ တွေ့နေမှဖြင့် လေညင်းခံ အပြန်ခရီးမှာ အံစော်နီးနေမှာ ကြောက်လွန်းလို့ပါ။
ကိုယ့်တပည့်လေးက ပြောပါသေးတယ်။ ရွာနားတောစပ်မှာ တစ်ယောက်တည်း အခင်းကြီး သွားမယ်ဆိုရင် တုတ်ရှည်ရှည်တစ်ချောင်းဆောင်သွားရပါသတဲ့။ ကိုယ်ကတော့ မြွေပါးကင်းပါးကြောက်ရလို့ ယူသွားရတာလား လို့မေးတော့ မဟုတ်ပါဘူးတဲ့ ရွာထဲက ၀က်တွေက မစင်နံ့ရရင် ပြေးလာပြီး လုစားကြတာ ကိုယ့်ကိစ္စ မပြီးခင် ၀ိုင်းလုကြလွန်းလို့ နောက်ပိုင်းကို ၀က်မကိုက်မိအောင် တုတ်နဲ့ကာကွယ်ဖို့ပါတဲ့။ တုတ်ရှည်ကြီး တရမ်းရမ်းနဲ့ တောထိုင်နေတဲ့ပုံကို မျက်စိထဲမှာ မြင်ယောင်မိရင်း ကျောစိမ့်ရုံသာမက ကြက်သီးများပါ ထမိတာကြောင့် နောက်ဖေးနောက်ဖီမသွားမိအောင် တပည့်ကျွေးတဲ့ထမင်းတောင် ဗိုက်ပြည့်အောင် မစားရဲခဲ့ပါ။

[w5.jpg] 
လေကောင်းလေသန့်ရှူရင်းပေါ့...

[Mexico-%20Multiperson%20very%20public%20toilet.jpg]  မက္ကဆီကိုမှာတော့ အနံ့သက်သာအောင် တံခါးဖွင့်ပြီး တက်မှ ပြေလည်တယ်ဆိုပဲ...

ညနေခင်းမှာ ရေချိုးကြစို့ဆိုတော့လည်း ချောင်းထဲဆင်းချိုးကြရပါတယ်။ တစ်ရွာလုံးမှာလည်း ရေတွင်းဆိုလို့ တစ်တွင်းမှမရှိပါ။ ဒီချောင်းရေကိုပဲ အားထားကြဟန်တူပါတယ်။ ရေချိုးဆိပ်ကိုတော့ အုတ်၊ အင်္ဂတေတွေနဲ့ အကျအန လုပ်ထားတာတွေ့ရပါတယ်။ ရေမကူးတတ်တဲ့ အညာသားဦးဟန်ကြည်တစ်ယောက် ရေချိုးဆိပ်က တိုင်တစ်တိုင်ကို ကိုင်ပြီးရေချိုးရင်းက ရေငုပ်လိုက်တဲ့အခါ တပည့်က ဆရာတဲ့ ရေငုပ်ပြီးလို့ ခေါင်းပြန်ဖော်ရင် သတိထားနော်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ချောင်းအထက်က ပါလိုက်လို့ ရေထဲမှာ မျောပါလာတဲ့ အော့အော့တုံးနဲ့ မျက်နှာအပ်မိမှာ စိုးလို့ပါတဲ့။ တွေးမိတာနဲ့တင် ကြောက်စရာ အဖြစ်ကြီးမို့ ရေထဲက အမြန်တက်ပြီး ရေမကူးတတ်တဲ့ မိန်းကလေးများလို ချောင်းစပ်ကနေပဲ ချောင်းရေကို ခွက်နဲ့ခပ်ချိုးပြီး မရှက်နိုင်မကြောက်နိုင် ရေမျောမိုင်း အန္တရာယ်ကို ကြိုတင်ကာကွယ်ခဲ့ရပါသေးတယ်။

[Roman_Public_Toilets_Ostia.jpg]  
ရှေးခေတ်ရောမသားတွေကတော့ အဲဒီလို ဘုံအိမ်သာပဲ သုံးကြတယ်တဲ့...

[public-toilet.jpg]  
အိမ်သာတက်တာပဲ ပွဲဖြစ်အောင် လုပ်ရတယ်လို့...

အဲဒီလောက် နောက်ဖေးပြဿနာများလှတဲ့ ရွာမှာနှစ်ညအိပ်ပြီးတာနဲ့ အန္တရာယ်ကို လွယ်မထားနိုင်တဲ့ အချိန်မရောက်ခင် ဦးဟန်ကြည်တစ်ယောက် မိုးလင်းပြီဆိုတာနဲ့ ကိုယ့်ဒေသကို အတင်းဒုန်းစိုင်းပြေးရင်း လမ်းမှာတွေ့တဲ့ ဆိုင်တစ်ဆိုင်မှာ အိမ်သာကောင်းသောမကောင်းသော၊ သန့်သောမသန့်သော မစဉ်းစားနိုင်တော့ဘဲ နှစ်ရက်လောက် အောင့်ထားခဲ့ရသမျှ အတိုးချလို့ ထုတ်အပြီးမှာတော့ လေပြည်လေညင်းလေးတွေတိုက်လာသလို ခံစားရပြီး လောကကြီးလဲ သာယာလာပါတော့တယ်။ အရင်က မဖြူတဲ့ အသားလည်း နှစ်ရက်လောက် ၀မ်းမသွားရတာကြောင့် မည်းသည်းသွားပါတော့တယ်။ တပည့်ကျော်က အလည်လာဖို့ အတန်တန်မှာပေမယ့် ကိုယ့်အကြောင်းကိုယ်သိတဲ့ ဦးဟန်ကြည်ကတော့ အဲဒီရွာဆိုရင်တော့ ဝေါနဲ့ထမ်းခေါ်တောင် ထပ်မသွားတော့ဖို့ ဆုံးဖြတ်ပြီးသားမို့ စကားမပြော တုဏှိဘောနဲ့ ပြုံးပြရုံလောက်ပဲ လုပ်ရဲပါတော့တယ်။

ပြည်နယ်တစ်ခွင် အိမ်သာပေါင်းစုံနဲ့ ဖြစ်သလို စခမ်းသွားခဲ့ရလို့ နောကျေနေတဲ့ ဦးဟန်ကြည်ခမျာ မဟာရန်ကုန် ရွှေမြို့တော်ကြီးကို ရှစ်နှစ်တာအတွင်း တစ်ခေါက်ရောက်ချိန်မှာတော့ မပြေနိုင်တဲ့ ၀ဋ်ကြွေးကြောင့် ရန်ကုန်နောက်ဆုံးရက်မှာမှ တိရစ္ဆာန်ရုံမှာ အိမ်သာပြဿနာ တက်ခဲ့ပါသေးတယ်။ တိရစ္ဆာန်ရုံမှာ အကောင်ပလောင်ပေါင်းစုံကို လှည့်ပတ်ကြည့်ရင်း ဗိုက်ပြဿနာပေါ်လာတာကြောင့် တွေ့တဲ့ တိရစ္ဆာန်ရုံထဲက အိမ်သာကို ပိုက်ဆံပေးပြီး ပြဿနာဖြေရှင်းဖို့ ၀င်သွားမိပါတယ်။ အိမ်သာလေးလုံးတန်းထားပေမယ့် သုံးလုံးစလုံးမှာ ရေမရှိပါ။ ဒီကြားထဲမှာ နိုင်ငံကြီးသားတွေစွန့်ထားခဲ့ကြတဲ့ လက်ကျန်ပစ္စည်းတွေကလည်း အိမ်သာခွက်တွေထဲမှာ အဆင်သင့်စောင့်နေလိုက်ပါသေးတယ်။ အိမ်သာမတက်တော့ဘဲ ထွက်လာရအောင်ကလည်း ပြဿနာက တော်တော်ကြီးနေပြီမို့ ဆက်ပြီးမလွယ်နိုင်တော့ပါ။ ဒါနဲ့ပဲ တွေ့တဲ့အိမ်သာတစ်ခုထဲကို လက်ကိုင်ပုဝါလေးနဲ့ နှာခေါင်းကိုအုပ်ပြီး ကိစ္စလေးဖြေရှင်းဖို့ အိမ်သာတံခါးကို ဆွဲအပိတ်မှာ တံခါးချက်မပါတဲ့ ကိုရွှေအိမ်သာနဲ့မှ ကောင်းကောင်းကြီးရေစက်ဆုံပါတော့တယ်။ အခြေအနေကလည်း တိုးလို့တန်းလန်းအနေအထားဖြစ်နေတာကြောင့် ဘာဘာညာညာမစဉ်းစားအားတော့ဘဲ မမီမကမ်းဖြစ်နေတဲ့ အိမ်သာတံခါးလက်ကိုင်ကွင်းမှာ လက်ကိုင်ပုဝါလေးချည်ပြီး လက်အံသေအောင်ဆွဲရင်း 
မသက်မသာအနေအထားနဲ့ပဲ ဖြေရှင်းခဲ့ရပါတယ်။ ကိစ္စပြီးရင် ဘယ်လိုသန့်ရှင်းရေးလုပ်ရမလဲဆိုတာကိုလည်း တွေးရင်းချွေးတွေပြန်နေပါသေးရဲ့။ ကိုယ်ဖတ်ဖူးတဲ့ ကိုမောင်မောင်ရဲ့ ဘလော့ပို့စ်ထဲကလို Giordano underwear လေးနဲ့များ ဖြေရှင်းလိုက်ရမလားလို့တွေးရင်း ကိုင်ထားတဲ့ လက်ကိုင်ပုဝါလေးကိုပဲ မျက်စောင်းထိုးနေမိပါတယ်။ အဲဒီလို ဒုက္ခရောက်နေချိန်မှာ လူရှိနေတဲ့ အိမ်သာက ရေလောင်းချသံဟာ တကယ့်မင်္ဂလာတေးသံပါ။ အိမ်သာခန်းထဲမှာလဲ လူရှင်းနေတာမို့ လွတ်သွားတဲ့ ဘေးအိမ်သာဆီကို အမြန်ပြေးရင်း ကျန်နေတဲ့ ပြဿနာတစ်ဝက်ကို စိတ်အေးလက်အေး ဖြေရှင်းခဲ့ရပါတယ်။ အိမ်သာကအထွက် အိမ်သာခန်းအ၀မှာ ထားတဲ့ရေစည်ပိုင်းကြီးကို မြင်တော့မှ ရန်ကုန်အိမ်သာရဲ့ အထာကို သဘောမပေါက်မိတဲ့ တောသားအဖြစ်ကို ကောင်းကောင်းနားလည်တော့တာမို့ နိုင်ငံကြီးသားပီသစွာနဲ့ ရေခပ်ပြီး ကျန်နေရစ်တဲ့ ကိုယ့်လက်ကျန်ပစ္စည်းလေးတွေကို ရေလောင်းချပြီး ကုသိုလ်ယူခဲ့ရပါတယ်။

[Jinghong%20public%20toilet%201630.jpg]  
ပေါက်ဖော်ကြီးတို့ကတော့ ရေတောင်မလိုဘူး...ပွင့်ပွင့်လင်းလင်းပေါ့...

တစ်ကိုယ်ရေသန့်ရှင်းမှုတွေ ဘယ်လောက်ပဲရှိရှိ တိုက်ကြီးတွေ ဘယ်လောက်ပဲ ကြီးကြီး စွန့်ပစ်ပစ္စည်းထိန်းသိမ်းတဲ့နေရာတွေ မသန့်ရှင်းရင် ဘယ်လိုမှ လူနေမှု အဆင့်အတန်းမမြင့်နိုင်ပါ။ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းဖို့ အခြေခံအကျဆုံး အိမ်သာကစ မပြင်နိုင်ကြရင် ရင်ပေါင်မတန်းနိုင်ဘဲ ဖင်ထောင်ပန်းရုံပဲ တတ်နိုင်ပါလိမ့်မယ်။ (အသုံးအနှုန်း ရိုင်းချင်ရိုင်းသွားနိုင်ပေမယ့် ကာရန်ကိုငဲ့လိုက်ရလို့ပါ။)


http://lh6.ggpht.com/_4hMXHF6gcVs/SEvL9GbmXxI/AAAAAAAAAGM/DplUhzg1ozQ/IMG_7823.JPG
ကောင်းလိုက်တဲ့ အိမ်သာတံခါး...
http://1.bp.blogspot.com/_7rBMcTsv7OY/TOa3nneWI_I/AAAAAAAAAOE/_NlvSqItwCs/s1600/latrine.jpg
 တံခါးမလို ဂုန်နီအိတ်ရှိရင် အဆင်ပြေပြီ...
 
အထက်မှာ ပြောခဲ့သလို အိမ်သာအတွေ့အကြုံပေါင်းများစွာ (ဂုန်နီအိတ်ပါးလေးနဲ့ကာရုံကာထားတဲ့ အိမ်သာ၊ အိမ်သာတွင်းထဲမှာ ရေတွေပြည့်နေပြီး ကိုယ့်ကိုပါ ရေပြန်စင်တဲ့ အိမ်သာတွေအကြောင်းတောင် ထည့်မရေးဖြစ်တော့ပါ) ကြုံရပြီးတဲ့ နောက်မှာတော့ ကိုယ်ငယ်ငယ်က အဒေါ်ပြောခဲ့ဖူးတဲ့ 
“အိမ်ထက်သာရမှာ အိမ်သာ” ဆိုတဲ့ဆောင်ပုဒ်ကို နှစ်နှစ်ကာကာ သဘောပေါက် ထောက်ခံမိရင်း ခေတ်မီလှတဲ့ အဒေါ်ကို ဦးညွှတ်အလေးပြုလျက်ပါ။     ။


( အိမ်သာတွေ အကြောင်းရေးလိုက်မိတာ ပို့စ်တစ်ခုလုံး အော့အော့နံ့သင်းသွားတာမို့ ထမင်းစားရင်း ဖတ်မိတဲ့ မိတ်ဆွေများ၊ ရွံတတ်တဲ့ မိတ်ဆွေများအတွက် မဖွယ်မရာဖြစ်သွားခဲ့ရင် လွန်တာရှိက ၀န္ဒာမိပါ )
 
p.s: ပုံတွေကိုတော့ အင်တာနက်ပေါ်ကပဲ ရှာယူထားပါတယ်



Tuesday, 25 January 2011

၂၃နှစ် . . .

မနေ့က
မြို့ထဲသွားရင်း အသုဘတစ်ခုချလာတာနဲ့ ဆုံပါတယ်။

အသုဘကားတွေမှာကပ်ထားတဲ့ နံမည်နဲ့အသက်ကို ဖတ်ကြည့်တော့ အသက်၂၃နှစ်ပဲ ရှိသေးတဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေတာတွေ့ရပါတယ်။ အသက် ၂၃နှစ်ဆိုတာ တကယ်ဆိုရင် လူ့ဘ၀အကြောင်းကို ဘာမှတောင် စေ့စေ့စပ်စပ်မသိလိုက်ရသေးတဲ့ တကယ့်ကလေးသာသာ အရွယ်ပါ။

ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင်ဆိုတဲ့ တရားသဘောကို နားလည်ပေမယ့် အခုလို အရွယ်ငယ်ငယ်နဲ့ သေမင်းနိုင်ငံရောက်ရတာကိုတော့ နည်းနည်းမှ လက်မခံနိုင်ပါ။ ကိုယ်တိုင်က လူတွေရဲ့ အသက်တွေကို ကယ်တင်ဖို့ပညာသင်လာခဲ့တဲ့သူဖြစ်တာကြောင့် အခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ လူ့လောကက စွန့်သွားကြရတာတွေမြင်ရင် အင်မတန်မှ ၀မ်းနည်းပါတယ်။ ကိုယ်နဲ့ အမျိုးမတော်ပေမယ့်လည်း စိတ်မကောင်းခြင်းကြီးစွာ ခံစားရပါတယ်။

ဘာကြောင့်များ ၂၄နှစ်နဲ့ လောကကို နှုတ်ဆက်သွားပါလိမ့်
ကျန်းမာရေးကပဲ ချို့တဲ့လွန်းလို့လား၊ အနေအထိုင်ပဲ မတတ်လို့ပဲလား၊ ဥပစ္ဆေဒကကံကြောင့်ပဲလား တွေးရခက်ကြီးပါ။ သူများတိုင်းပြည်မှာ ဘိုးသက်ရှည်၊ ဘွားသက်ရှည်တွေကို မြင်ရင်တော်တော်အားကျပါတယ်။ ကိုယ်တို့လူမျိုးတွေလည်း အဲဒီလို အသက်ရှည်စေချင်ပါတယ်။
အသက်ကလေးရယ်တဲ့ရှည်စေလို၊
မြနန္ဒာရေညိုသန်းတဲ့ ရွှေမန်းတောင်ရိပ်များ မခိုကြလို့လား မသိပါ။ အခုတလော အရွယ်တော် တဆိတ်မဟိုင်းခင် ၂၀ကျေုာ် အစိတ်ပိုင်းမှာပဲ အနိစ္စရောက်ကုန်ကြတာ တော်တော်များနေပါတယ်။

တိုင်းပြည်မှာ ကျန်းမာရေးမဏ္ဍိုင်တစ်ရပ်ကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါနေပါတယ်။ ကိုယ်တို့တွေ မကျန်းမမာဖြစ်ကြလို့ ဆေးထိုး၊ ဆေးစား လုပ်ကြရရင် ကိုယ်တို့ ပြည်တွင်းငွေတွေ ပြည်ပကို အလဟဿရောက်ကုန်ပြီး အလေအလွင့်ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ လူသားအရင်းအမြစ်လဲ ထိခိုက်ပါတယ်။ ပြည်တွင်းထုတ်လုပ်မှု အင်အားကျဆင်းပါလိမ့်မယ်။ ပညာရေးဘက်မှာလည်း အားနည်းကုန်ပါလိမ့်မယ်။ ပညာရေးအားနည်းလို့လည်း ကျန်းမာရေး အားနည်းရတာပါ။ ဒီနှစ်ခုကတော့ အပြန်အလှန် အမှီသဟဲပြုနေရတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ အချုပ်ပြောရရင်တော့ ကျန်းမာရေးပိုင်းဆိုင်ရာ ချို့ယွင်းကြခြင်းဟာ တိုင်းပြည်တစ်ခုကို အဖျက်သဘောဆောင်တဲ့ ရလာဒ်တွေပဲ ရစေပါတယ်။ ဒါကြောင့် တိုင်းသူပြည်သားတွေရဲ့ ကျန်းမာရေးကို ဂရုတစိုက် စောင့်ရှောက်ပေးဖို့ အင်မတန်မှ လိုအပ်ပါတယ်။

တကယ်တော့ ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်စောင့်ရှောက်ရမှာပါ။ ရှေးလူကြီးတွေကလည်း အသက်ဥာဏ်စောင့်၊ ဥစ္စာကံစောင့်လို့ ဆိုထားခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်တိုင်စောင့်ရှောက်ဖို့ဆိုတာကလည်း ပညာ အထိုက်အလျောက်တတ်နေဖို့ လိုသလို၊ အခြေခံကျန်းမာရေး အသိလောက်တော့ ရှိနေဦးမှ ဖြစ်မှာပါ။ ပညာမတတ်တဲ့ လူတွေကို အခြေခံ ကျန်းမာရေး အသိထည့်ပေးဖို့ အလုပ်ကတော့ ဆေးလောကသားတွေရဲ့ အဓိကတာဝန်ပဲ ဖြစ်ပါတယ်။ ဆရာဝန်ဆိုတာ လူတွေကို ရောဂါဖြစ်မှ ဆေးကုပေးရသူတွေ မဟုတ်ပါ။ ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ပေးသူတွေ ဖြစ်ရမှာပါ။ လူတွေ အဖျားအနာ ထူပြောရင် ဆရာဝန်တွေ GP ကောင်းတာ မှန်ပေမယ့် ကိုယ်တော့ဝမ်းမသာဖူးပါ။ ၀မ်းလည်းမသာချင်ပါ။ ၀မ်းသာမိရင်လည်း ငရဲကြီးပါလိမ့်မယ်။ လူနာတွေ မရှိရင် ပိုလို့ကောင်းပါလိမ့်မယ်။ ကိုယ်တို့ဆေးလောကသားဆိုတာ လူတွေကိုယ်တို့ကို မလိုတော့အောင် လုပ်ပေးရမယ့် တာဝန်တွေ တနင့်တပိုးကြီး ရှိသူတွေဖြစ်ပါတယ်။ စာသင်တဲ့ဆရာတွေဟာ ကျောင်းသားတွေက သူတို့ကို မလိုတော့မှ တာဝန်ကျေသလို ဆရာဝန်တွေဟာလည်း လူတိုင်းလူတိုင်း သာမန်ရောဂါငယ်လေးတွေကို ကိုယ်တိုင်ပြုစုစောင့်ရှောက်တတ်တဲ့ အဆင့်ကို ရောက်ပါမှ တာဝန်ကျေမှာပါ။

တကယ်တော့ အဲဒီလောက်ထိ လုပ်ပေးဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်အင်မတန်ခက်ပါတယ်။ ဒါပေမယ့် ခက်တယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုနဲ့ ဘာမှမလုပ်ဘဲ ထိုင်နေပြန်ရင်လည်း ဘာမှဖြစ်လာတော့မှာ မဟုတ်ပါ။ ကြီးတာ၊ ငယ်တာ အသာထား၊ နိုင်သလောက် လုပ်ကြမှ ဖြစ်ပါလိမ့်မယ်။ ကိုယ်သင်ယူထားတဲ့ ပညာ၊ ကိုယ်ပိုင် လုပ်ပိုင်ခွင့်ဘောင်ထဲကနေ တတ်နိုင်သလောက် လုပ်ရင် တဖြည်းဖြည်းတော့ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ဘယ်အရာမဆို သူ့မို့၊ ငါ့မို့၊ သူ့ကြောင့်၊ ငါ့ကြောင့်လို့ လက်ညှိုးထိုးတတ်တဲ့ ကိုယ်တို့လူမျိုးရဲ့ မွေးရာပါ အကျင့်ဆိုးတွေကို ပြင်ကြပြီး အခုကတည်းကစလို့ ကိုယ်နိုင်တဲ့ နယ်ပယ်မှာ နိုင်သလောက် ကြိုးစားကြရင် အချိန်မီချုပ် အစုတ်သက်သာမှာ သေချာပါတယ်။

အားလုံး ကိုယ့်အလုပ်ကို ဂုဏ်ယူကြပြီး ကိုယ့်တာဝန်ကို ကျေပွန်အောင် ပျော်ပျော်ကြီး ထမ်းကြရင်ဖြင့် ကိုယ်တို့တိုင်းပြည်ဟာ ဘယ်သူ့ဘယ်သူမှ လက်ညှိုးထိုး နေစရာ မလိုတော့ဘဲ တိုးတက်ထွန်းကားလာရမှာ မလွဲဘူးလို့ ရင်ထဲမှာရော၊ နှလုံးသားထဲမှာပါ လေးလေးနက်နက် ယုံကြည်နေပါကြောင်း။ ။

ဦးဟန်ကြည်နဲ့ Domestic . . .

အိမ်ရှင်မက ဆိုင်ကယ်တစ်စီး လိုချင်နေတာကြာပါပြီ။

ကိုယ်က ယိုးဒယားလုပ် Fino ဆိုင်ကယ် တစ်စီး ၀ယ်ပေးဖို့ စိတ်ကူးထားပေမယ့် အစစအရာရာ စံနစ်ကျလွန်းတဲ့ အိမ်ရှင်မက ဆိုင်ကယ်တစ်စီး ၆သိန်းကျော်၊ ၇သိန်းနီးပါးကို နှမြောတာကြောင့် မ၀ယ်ဖြစ်ခဲ့ပါ။ ဒီဆိုင်ကယ်လေးတွေကို လိုင်စင်လုပ်လိုက်ရင် အပြီးအစီး ၈သိန်းကျော်ကျော်လောက်ပဲ ကျတယ်ဆိုပေမယ့် စိတ်ချမ်းသာ လက်ချမ်းသာ စီးလို့ရပါတယ်။

http://viriya.sru.ac.th/viriya61/content/e62/e119/e133/fino1.jpg

ကိုယ်က ဘာမဆို အကောင်းကြိုက်တဲ့သူမို့ ပစ္စည်းဆိုရင် ကောင်းကောင်းပဲ ၀ယ်ချင်ပေမယ့် အခုကိစ္စမှာတော့ ကာယကံရှင်ဖြစ်သူက ဈေးကြီးလို့ မလိုချင်တာကြောင့် အဲဒီဆိုင်ကယ်လေးတွေကို ကြိုက်ပါလျက်နဲ့ မ၀ယ်ဖြစ်ခဲ့ပါ။

လွန်ခဲ့တဲ့ သုံးရက်ကတော့ အိမ်ရှင်မက Keyboard လိုချင်တယ်ဆိုတာကြောင့် ဂျပန်Domestic တွေ ရောင်းတဲ့ ဆိုင်ကို သွားကြည့်ဖြစ်ပါတယ်။ (Domestic ဆိုတာ ဂျပန်ပြည်အမှိုက်ပုံထဲက ပစ္စည်းဟောင်းတွေပါ။ အဲဒီတိုင်းပြည်မှာက အဟောင်းပြင်ခက အသစ်တန်ဖိုးထက်ဈေးကြီးလို့ထင်ပါရဲ့။ ဟောင်းပြီ၊ ပျက်ပြီဆိုတာနဲ့ အမှိုက်ပုံမှာ ပစ်ကြပါလေရော။ အဲဒီအမှိုက်က ကိုယ်တို့ဆီမှာတော့ တကယ့်ရွှေတွေ ဖြစ်လို့နေပါတယ်။ အဲဒီ အမှိုက်ပုံကြီးကျေးဇူးကြောင့်ပဲ တိုက်ဆောက်၊ ကားစီးတဲ့သူတွေ စီးနေကြပြီမို့ ဂျပန်ငပုက အခုတော့လည်း ကိုယ်တို့တိုင်းပြည်ကို ကောင်းကျိုးတွေ ပေးလို့နေပါသေးရဲ့။) အဲဒီမှာတင် ဆိုင်ရှေ့မှာ ရောင်းဖို့ ရပ်ထားတဲ့
Domestic Auto Gear ဆိုင်ကယ်လေးတွေကို အိမ်ရှင်မက မျက်စိကျပါတော့တယ်။ ဆိုင်ကယ်လေးတွေက သေးသေးကွေးကွေးလေးတွေမို့ ကိုယ်တို့ ယောက်ျားလေးတွေနဲ့ မလိုက်ဖက်ပေမယ့် မိန်းကလေးတွေစီးရင်တော့ အဆင်ပြေပါတယ်။ ပြီးတော့ အဲဒီဆိုင်က
ယ်လေးတွေက စက်ဘီးစီးသလိုထိုင်ပြီး ခြေထောက်က ဘာမှလုပ်စရာမလိုတာကြောင့် သူတို့နဲ့တော့ ကိုက်ပါတယ်။ စကတ်ဝတ်ထားရင်လည်း ထိုင်ရပြုရအဆင်ပြေတာကြောင့် မျက်စိကျတာ ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်ပဲ သဘောကျကျ သူတို့လိုချင်ရင် ၀ယ်ပေးရမှာ အိမ်ထောင်ဦးစီးတို့ရဲ့ သမိုင်းပေးတာဝန်ဖြစ်ပေတာမို့ ကိုယ်လည်း ဘာမှထွေထွေထူးထူး မစဉ်းစားတော့ဘဲ အိမ်ပြန်ပိုက်ဆံယူပြီး ဆိုင်ကယ်စီးချင်လွန်းနေတဲ့ အိမ်ရှင်မရဲ့ ဆန္ဒကို ဖြည့်ရပါတော့တယ်။ ဆိုင်ကယ်တစ်စီးမှ ငွေနှစ်သိန်းကျော်ကျော်ပဲပေးရတာဆိုတော့လည်း ပျက်ရင်လည်း ပစ်လိုက်ရုံမို့ သိပ်နှမျောစရာမလိုတာကြောင့်လည်း ကောက်ခါငင်ခါ ၀ယ်ဖြစ်သွားတာပါ။ ဒီလိုနဲ့ Keyboard တစ်လုံးနဲ့ Domestic ဆိုင်ကယ်တစ်စီး အိမ်ရောက်လာပါတော့တယ်။

http://i186.photobucket.com/albums/x263/parawich/scooter/yamahaVino2.jpg

သူတို့ ဂျပန်ပြည်မှာက လျှပ်စစ်မီးအားကို 110V ပဲသုံးကြတာမို့ 22oV သုံးတဲ့ ကိုယ်တို့တိုင်းပြည်နဲ့ မကိုက်တာကြောင့် Keyboard အသံမြည်ဖို့အရေး လျှပ်စစ်အားကို 220V ကနေ 110V ကိုပြောင်းပေးမယ့် Adapter တစ်ခု ပြေးဝယ်ရပါတယ်။ အဲဒီပစ္စည်းလေးက ပေါက်ဖော်ကြီးတို့ လုပ်ထားတာဖြစ်ပေမယ့် တစ်သောင်းခွဲနီးပါးကျတာကြောင့် ဆင်ဖိုးနဲ့ ချွန်းဖိုးပေါင်းပြီး နှစ်မျိုးပေါင်း တစ်သိန်းနီးပါး ချောပါတော့တယ်။ ဘာပဲဖြစ်ဖြစ် ၀ယ်လာမိမှတော့လည်း သုံးလို့ရအောင် ကြိုးစားရတော့မှာမို့ ဘာမှနှမြောမနေတော့ဘဲ အသံမြည်အောင် ကြံရဖန်ရပါတော့တယ်။ Keyboard socket နဲ့ Adapter ခေါင်းက ကြိုးပြောင်းပြန်ဖြစ်နေပြန်တာကြောင့် Adapter ၀ါယာနှစ်ချောင်းကို ဖြတ်ပြီး ပြောင်းပြန်ပြန်ဆက်ရပြန်ပါတယ်။ ဘာပဲဖြစ်ဖြစ် အသံထွက်လာတာကြောင့် မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ ကိုယ်တို့ရွှေမြန်မာတွေရဲ့ ရွှေဥာဏ်တော်စူးရောက်ပုံကို စိတ်ထဲကပဲ ချီးကျူးမိပါသေးတယ်။

Keyboard က အဆင်ပြေသွားပေမယ့် ဆိုင်ကယ်က Domestic ရုပ်ပေါက်နေတာမို့ ဆိုင်သွားပြီး အလှပြင်ရပါသေးတယ်။ နောက်ကြည့်မှန်တွေတပ် လက်ကိုင်စွပ်စတဲ့ ပစ္စည်းလေးတွေထည့်ပြီး ကြည့်ပျော်ရှုပျော်ဖြစ်အောင် လုပ်လိုက်တော့လည်း ချစ်စရာလေး ဖြစ်သွားပါလေရော။ မောင်မင်းကြီးသားဆိုင်ကယ်က အကောင်သေးပေမယ့် ကိုယ်တို့ဆိုင်ကယ်တွေလို ဆီတစ်မျိုးထဲထည့်ရုံနဲ့ မရသေးဘဲ 2T ဆိုတဲ့ ဆီတစ်မျိုးပါထည့်ရပါသေးတယ်။ ဆီတိုင်ကီက အောက်ဆုံးခြေထောက်တင်တဲ့နေရာမှာ 2T တိုင်ကီက ထိုင်ခုံအောက်က Tool box ထဲမှာ သူ့နေရာလေးနဲ့သူ ချပ်ချပ်ရပ်ရပ်ထည့်ထားတာတွေ့တော့ အထားအသိုလှပုံကို သဘောမကျဘဲ မနေနိုင်ပါ။

ညဘက် စာသင်ချိန်ပြီးလို့ အိမ်ရှင်မနဲ့ အပြင်သွားကြဖို့ ဆိုင်ကယ်တစ်စီးစီနဲ့ ထွက်ကြတော့ Auto Gear ကို မောင်းကျင့်မရှိတဲ့ အိမ်ရှင်မ ဒုက္ခတွေ့ပါတော့တယ်။ ဒီဆိုင်ကယ်လေးတွေက ဂီယာနဲ့ လီဗာကို တစ်ခါထဲတွဲထားတာမို့ အထွက်တစ်ချက်မှာ ဆောင့်ထွက်တတ်တာကို သူတော်တော်လန့်ပါတယ်။ ပြီးတော့ ဆိုင်ကယ်လေးက အကောင်သေးပေမယ့် အပြေးမြန်လွန်းတာကိုလည်း စိတ်မလုံပြန်ပါ။ တုန်တုန်ယင်ယင်နဲ့ပဲ မြို့တစ်ပတ် မောင်းပြီး အိမ်ပြန်ရောက်ကြတာတောင် အိမ်ရှင်မမှာ လက်တုန်တာ မပျောက်သေးပါ။

နောက်ရက်ကျတော့
ဆိုင်ကယ်က 2T တွေ နည်းနည်းယိုနေတာကြောင့် ပြင်ဖို့ ကိုယ်ပဲ မောင်းယူသွားရပါတယ်။ ကိုယ့်ကျောင်းသားတွေကတော့ သူတို့ဆရာ ဆိုင်ကယ်ပေါက်စလေးနဲ့ ချီတက်လာတာမြင်တော့ ၀ိုင်းပြီးသြဘာပေးကြပါတယ်။ ကိုယ်စာသင်နေတုန်းမှာ
ဆိုင်ကယ်ကို Workshop အပ်ထားခဲ့ပြီး အိမ်ပြန်ချိန်ကျမှ မောင်းပြန်ခဲ့ပါတယ်။ အိမ်ပြန်ရောက်ကြလို့ ထုံးစံအတိုင်း မြို့ထဲထွက်မယ်လုပ်ကြတော့ ပြဿနာ စပါတော့တယ်။ အင်ဂျင်သော့က ဘယ်လိုမှ ဖွင့်လို့မရတော့တာပါ။ နာရီဝက်လောက်ကြာအောင် ကြိုးစားပြီးတဲ့နောက်မှာတော့ လက်နက်ချပြီး ဆိုင်ကယ်ကို အိမ်ထဲမှာပဲ သိမ်းထားလိုက်ရပါရောလား။

ဒီနေ့လည်ပိုင်းကတော့ ကိုယ့်ကလေးသုံးယောက်ခေါ်ပြီး မြို့ထဲကို ဆိုင်ကယ်သော့ပြင်ဖို့ ထွက်ရပါတော့တယ်။ ပထမဆုံးတွေ့တဲ့ ဆိုင်ကစက်ပြင်ဆရာကတော့ နာရီဝက်လောက်ကြာအောင် ချွေးတစ်လုံးလုံးနဲ့ ကြိုးစားကြည့်ပြီး အရှုံးပေးသွားပါတယ်။ အဲဒါ ဗမာစက်ပြင်ဆရာပါ။ ဒါနဲ့ နောက်တစ်ဆိုင်ရောက်တော့ သော့ကို တစ်ချက်နှစ်ချက်ကလိကြည့်ပြီး ပြင်လို့မရတော့ဘူးလို့ ပြောပါတော့တယ်။ အဲဒီဆရာလည်း ကိုယ်တို့ ရွှေမြန်မာပါ။ ခက်တာက အဲဒီသော့မျိုးက ဆိုင်မှာဝယ်လို့ရတာမဟုတ်ပဲ အဟောင်းဆိုင်မှာ ချွေးပြန်အောင်မွှေမှ ရတာမျိုးဖြစ်လို့ ကိုယ်လည်း တော်တော်လေး စိတ်ပျက်သွားမိတာ အမှန်ပါ။ အင်ဂျင်သော့ ဖွင့်လို့မရရင် ဆိုင်ကယ်ဆိုတာ စက်ဘီးလောက်တောင် အသုံးမ၀င်တာမို့ ကလေးတစ်ယောက်က ဆိုင်ကယ်ပေါ်ထိုင်ပြီး နောက်တစ်ယောက်က ဆိုင်ကယ်တစ်စီးမောင်းရင်း ကိုယ့်ဆိုင်ကယ်ကို တွန်းလို့ မြို့တစ်ဘက်က ဆိုင်တစ်ဆိုင်ကို တပင်တပန်းသွားကြရပြန်ပါတော့တယ်။

အဲဒီဆိုင်ရောက်တော့ ဆိုင်မှာထိုင်နေတဲ့ ကုလားလေးက အသက်၁၄၊ ၁၅သာသာ ချာတိတ်လေးပါ။ သူက ကိုယ့်ဆိုင်ကယ်သော့ကို တစ်ချက်ကြည့်ပြီးတာနဲ့ ဖြုတ်ပြီးကလိပါတော့တယ်။ ၅မိနစ်သာသာလောက်ကလိပြီး ပြန်တပ်လိုက်တော့ ဆိုင်ကယ်က အိုကေမှာ စိုပြေသွားပါပြီ။ လက်ခ ၂၀၀၀တောင်းတာကို ပျော်ပျော်ကြီးပေးလိုက်မိပါတယ်။ ဒီကလေးရဲ့ ပညာကို လေးစားလို့ပါ။

ဆိုင်ကယ်မောင်းလာရင် လမ်းမှာ စဉ်းစားမိပါတယ်။
ကိုယ်တို့လူမျိုးနဲ့ ကုလားနဲ့ ကွာတဲ့ အချက်ကိုပါ။ ကိုယ်တို့လူမျိုးက ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ လုပ်ရမယ့် အရာဆိုရင် သိပ်အားမစိုက်ချင်ပါ။ ငွေကို ခပ်လွယ်လွယ်ရချင်တာပဲ များနေပါတယ်။ ပြီးတော့ ကိုယ်လုပ်တဲ့ အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်အောင် ကြိုးစားဖို့လည်း စိတ်မကူးတာ များပါတယ်။ ခပ်ရှင်းရှင်းပြောရရင် တတ်လို့ဆိုတာထက် ငတ်တော့မှ လုပ်စားကြတာပါ။ ဒါကြောင့်လည်း ကိုယ်တို့လူမျိုးတွေနဲ့ လူမျိုးခြားတွေ အလုပ်ယှဉ်လုပ်ကြရင် ကိုယ်တို့လူမျိုးတွေ နောက်မှာကျန်ခဲ့တာများပါတယ်။ ခက်တာက ကိုယ်တို့လူမျိုးက ဒီအချက်ကိုတော့ မြင်အောင် မကြည့်ဘဲ သူများလူမျိုး ကြီးပွားချမ်းသာရင် မနာလိုစိတ်နဲ့ သွားပုတ်လေလွင့်ပြောချင်စိတ်ပဲ များနေပါတယ်။ ကိုယ်တို့တွေသာ သူတို့လူမျိုးတွေလို ကြိုးစားရင် ပင်ကိုက ဖြတ်ထိုးဥာဏ်ရှိပြီးသား လူမျိုးဖြစ်တာမို့ သူတို့လူမျိုးထက်တောင် ကြီးပွားချမ်းသာမှာ မလွဲပါ။

ဘာပဲဖြစ်ဖြစ် Domestic လေး ကျေးဇူးနဲ့ ကိုယ်တို့လူမျိုးတွေ ဆင်းရဲတာ ရှည်ရခြင်း အကြောင်းရင်း တစ်ချက်ကို သိခဲ့ရလို့ အိမ်ရှင်မရဲ့ Domestic လေးကိုတောင် ကြံကြံဖန်ဖန် ကျေးဇူးတင်ရမလိုလိုပါ။ ။

(ပုံတွေကိုတော့ ကျေးဇူးရှင်ကြီး ဦးGoogle ဆီကပဲ ရှာယူလိုက်ပါတယ်)

Thursday, 20 January 2011

လာမယ့်ရက် ၄၀ . . .

ရန်ကုန်ခရီးစဉ်အကြောင်း ရေးနေတာ
သုံးပုဒ်ပြီးတဲ့နောက်မှာ ခရီးသွားမှတ်တမ်းကို ခဏနားပြီး လုပ်ငန်းအကြောင်းဘက်လှည့်ဖို့ စိတ်ကူးရပါတယ်။ စာမေးပွဲကြီးဖြေဖို့လည်း ရက်ပေါင်း ၄၀ပဲ ကျန်တော့တာမို့ အာရုံတိုင်းကိုလည်း သင်ကြားရေးဘက်နဲ့၊ တပည့်တွေဆီမှာပဲ ထည့်ထားဖို့ ကြိုးစားရပါတော့တယ်။ ဒါတောင် ညဘက်တွေကွန်ပြူတာရှေ့မှာထိုင်တာများသွားရင် မနက်မနက်စာသင်ချိန်မီအောင် ကုန်းရုန်းထရပါသေးတယ်။

တကယ်တော့ဒီအချိန်၊ ဒီရက်ပိုင်းတွေဆိုတာ ကိုယ်တို့လုပ်ငန်းရဲ့ ရိပ်သိမ်းချိန်တွေပါ။ တစ်နှစ်ပတ်လုံး စိုက်ပျိုးထားရတဲ့ အသီးအပွင့်တွေကို ပြန်ပြီးဆွတ်ခူးရတဲ့ အချိန်ပိုင်းဆိုရင်လည်း မမှားပါဘူး။ ကိုယ်စိုက်ပျိုးထားတဲ့ အပင်က ဘာသီးတွေသီးကုန်မလဲဆိုတာတွေးရင်း ရင်ခုန်စရာကောင်းသလို၊ ကြောက်မယ်ဆိုရင်လည်း ကြောက်စရာကောင်းတဲ့ကာလပါ။ ဘာကြောင့်လဲဆိုရင် ဒီအချိန်ရောက်တာတောင် ခေါင်းထဲမှာ စာမရှိတဲ့ ကျောင်းသားကတော့ အခြေအနေဆိုးဖို့ ရာနှုန်းများနေလို့ပါ။

တစ်နှစ်ပတ်လုံး ပုံမှန်ကြိုးစားခဲ့တဲ့ ကျောင်းသားတွေအတွက်ကတော့ ဒီကာလဆိုတာ ခေါင်းထဲမှာ ရှိနေပြီးသားစာတွေကို အေးအေးဆေးဆေး ဖုန်သုတ်ပြီး စာမေးပွဲကို ပျော်ပျော်ကြီးထိုင်စောင့်နေတဲ့ အချိန်ပါ။ တစ်နှစ်လုံး ဟေးလားဝါးလားနေခဲ့တဲ့ ကျောင်းသားတွေအတွက်တော့ ဒီကာလဟာ မစားနိုင်၊ မအိပ်နိုင်နဲ့ တပင်တပန်းစာကြည့်နေရတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ ဒီရက်ပတ်မျိုးမှာ နေ့မီးညမီးဆက်အောင် စာကျက်နေတဲ့ ကျောင်းသားဆိုရင်တော့ ဦးဟန်ကြည် အထင်မကြီးပါ။ ဘောလုံးစကားနဲ့ပြောရင် မိနစ်၉၀လုံး အချိန်ရှိတုန်းမှာ ဖိဖိစီးစီးမကစားခဲ့လို့ ဂိုးမရတာကို နာကျင်အချိန်ပို ၅မိနစ်လောက်မှ တစ်သင်းလုံးအသည်းအသန် ဂိုးရဖို့ကြိုးစားနေတာကို ကြည့်ရသလို အင်မတန်မှ မြင်ပြင်းကတ်ပါတယ်။

တစ်နှစ်ပတ်လုံး ပုံမှန်ကြိုးစားခိုင်းထားတာကြောင့် ကိုယ့်ကျောင်းသူကျောင်းသားတွေအတွက်တော့ ဒီစာမေးပွဲကို သိပ်ကြောက်စရာမလိုပါ။ ဒါပေမယ့် ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်ပြီး ပေါ့ပေါ့ဆဆမနေမိအောင်တော့ ထိန်းသိမ်းပေးနေရပါတယ်။ ကလေးတွေကို ခြော့တစ်ခါ၊ ခြောက်တစ်လှည့်နဲ့ ကိုယ်လိုချင်တဲ့ လမ်းကြောင်းပေါ်ကို သူတို့လေးတွေ လိုလိုလားလားပါလာအောင် မျက်ခြေမပျက်စောင့်ကြည့်နေရပါတယ်။ ဒီကာလဟာ ပညာရေးသမားတွေအတွက် တကယ့်အနုပညာဆန်တဲ့ ကာလပါ။ ဒီကာလမှာ အကိုင်အတွယ်မတတ်ရင် ငါးပါးမှောက်နိုင်သလို၊ ကောင်းကောင်းမွန်မွန်ကိုင်တွယ်နိုင်ရင်လည်း ကျောင်းသားတွေရဲ့ ဘ၀လှပပါလိမ့်မယ်။

တစ်နှစ်ပတ်လုံး ၀ပ်ထားရတဲ့ ဥကလေးတွေကနေ ဘာကောင်ပေါက်မယ်ဆိုတာ နောက်ထပ်ရက်၄၀ကြာရင် သိရတော့မှာမို့ ဦးဟန်ကြည်တို့ အင်တိုက်အားတိုက် ကြိုးစားဆဲပါ..

ရန်ကုန်သွား တောလား (၃) . . .

ရန်ကုန်ဒုတိယညကို
ခြေပစ်လက်ပစ် အိပ်ပစ်ပြီး နောက်ရက်မှာတော့ ရန်ကုန်နောက်ဆုံးရက်ဖြစ်တာကြောင့် စိတ်တိုင်းကျ ခြေဆန့်ဖို့ အသင့်ပြန်ကြရပြန်ပါတယ်။ အပြန်ကားလက်မှတ်ကို ကိုယ့်ဇနီးသည်ရဲ့ ညီမကို ကားကွင်းလိုက်ပို့ရင်း တစ်ခါတည်း ၀ယ်ထားခဲ့တာမို့ ဒီနေ့ညနေ၈နာရီခွဲရင် အပြန်ခရီးစရမယ်လို့ ခပ်လွယ်လွယ်မှတ်ထားလိုက်တာကြောင့်ပါ။ စိတ်ထဲမှာ ရန်ကုန်မှာ နှစ်ညအိပ်သုံးရက်ကြာမယ်လို့ တွေးထားပြီး နှစ်ကူးတစ်ရက်နေ့မှာ အိမ်ပြန်ရောက်မယ်လို့ တွေးထားမိတာကြောင့် ကျန်တဲ့နာရီပိုင်းလေးမှာ အ၀လည်ဖို့ ပတ်ဖို့ တာစူနေမိတာပါ။ (တကယ်တော့ ဒီနေ့မှ ၃၀ရက်နေ့ပဲရှိသေးပြီး ကိုယ်ဖြတ်ထားတဲ့ကားလက်မှတ်က ၃၁ရက်နေ့လက်မှတ်ဆိုတာကို သတိမထားမိတာကြောင့် ညနေပိုင်းရောက်ရင် ကားဂိတ်မှာ ဦးဟန်ကြည်တို့ ဒုက္ခရောက်ရပါဦးမယ်)

မနေ့က ဗိုလ်ချုပ်ဈေးကို ပြဲပြဲစင်အောင် သွားခဲ့ပြီးပြီမို့ ဒီနေ့တော့ မင်္ဂလာဈေးကို သွားဖို့အကြံရကြပါတယ်။ ထုံးစံအတိုင်း ကြားရုံသာကြားဖူးထားတာမို့ တက်စီသမားကိုပဲ အားကိုးရပါတော့တယ်။ မင်္ဂလာဈေးရောက်တော့ ထင်ထားသလောက် စည်ကားလှတဲ့ ဈေးမဟုတ်တာတွေ့ရပေမယ့် ရောက်တဲ့လက်စနဲ့ မြင်သမျှထဲက သဘောကျတာလေးတွေ ရွေးဝယ်မယ်ကြံထားပေမယ့် ပထမထပ်တစ်ထပ်လုံးမှာ ဘေထုပ်တွေရောင်းနေတာပဲ တွေ့ပါတယ်။ အနေစုပ်ပေမယ့် ဘေထုပ်တဲ့ မြပ၀ါမို့ ကြိုက်တာလေး၊ သန့်တာလေး သုံးလေးထည် ရွေးကောက်ပွဲလုပ်ပြီး ၀ယ်ခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် ဒါတွေကမှ တကယ့်နိုင်ငံခြားဖြစ် အစစ်အမှန်တွေ မဟုတ်လား။ ဈေးကလည်း ချုပ်ခသာသာပဲ ရှိတာမို့ ၀တ်ပျော်ပါတယ်။

နေ့လည်ပိုင်းရောက်တော့ မင်္ဂလာဈေးကထွက်ပြီး လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ စားစရာဝင်စားကြပါတယ်။ အိမ်ရှင်မက ခေါက်ဆွဲကြော်မှာစားတာမှာ ခေါက်ဆွဲပြားတွေကို ကြော်ထားပြီး အရည်တရွဲရွဲနဲ့မို့ သူလည်းစိတ်ပျက်ပြီး ကုန်အောင် မစားနိုင်တော့ပါ။ ကိုယ်ကတော့ ကောင်းတာမကောင်းတာအပထား ပိုက်ဆံပေးပြီးဝယ်ထားတဲ့ အရာကိုတော့ ဘယ်တော့မှ မလဟဿဖြစ်မခံတဲ့ လူစားမို့ ကြိတ်မှိတ်ပြီး စားချင်စားမှာဖြစ်ပေမယ့် အိမ်ရှင်မကတော့ နဲနဲမြည်းကြည့်ပြီး မစားတော့ပါ။ ပိုက်ဆံရှင်းဖို့လုပ်ကြတော့ ဆိုင်ရှင်ကုလားက ခေါက်ဆွဲကြော်ဘာဖြစ်လို့လဲလို့ မေးပါတော့တယ်။ မကောင်းတာမှန်ပေမယ့် အမှန်အတိုင်းပြောဖို့ သူများကိုအားနာတတ်တဲ့ အသုံးမကျတဲ့ အကျင့်တွေစွဲနေကြပြီဖြစ်တဲ့ ကိုယ်တို့လူမျိုးထုံးစံအတိုင်းဘဲ ဗိုက်ပြည့်နေလို့ပါလို့ပဲ နားထောင်ကောင်းအောင်ဖြေလိုက်ပြီး အဲဒီမကောင်းတရောင်း ခေါက်ဆွဲကြော်ကြီးကိုပဲ ပါဆယ်ထုပ်ပြီး သယ်ခဲ့ရပါတော့တယ်။ ဘာပဲဖြစ်ဖြစ် သူများစိတ်မကောင်းဖြစ်မှာ စိုးရိမ်တတ်တဲ့စိတ်လေးရှိတာ မင်္ဂလာပဲလို့ ကိုယ့်ကိုယ်ကို အားပေးရင်း ခေါက်ဆွဲကြော်တစ်ထုပ်နဲ့ ခရီးဆက်ရပါရောလား။

ဆိုင်ကထွက်လာပြီးတော့ ၀ယ်ဖို့စိတ်ကူးထားတဲ့ စာရင်းထဲက software CD တွေဝယ်ဖို့ ကြားဖူးနားဝရှိတဲ့ National CD(အသစ်အဟောင်း အားလုံးစုံတယ်လို့ ကြော်ညာဖတ်ဖူးကတည်းက သွားချင်တာပါ) ကို တက်စီသမားအားကိုးနဲ့သွားဖြစ်ပါတယ်။ အထုပ်တွေ မနိုင်မနင်းကို အိမ်ရှင်မရဲ့မောင်ဖြစ်သူက အားကောင်းမောင်းသန်နဲ့ ဆွဲခဲ့ပေလို့ ဦးဟန်ကြည်တို့ ရုပ်မပျက်တာလည်း ကျေးဇူးတင်ရမှာပါ။ National CD ရောက်တော့ တကယ့် software ရတနာသိုက်ကြီးကို ရောက်သလိုပဲ ခံစားရပါတယ်။ software တွေကို Language, Hobby, Application, Medical, Game စသည်ဖြင့် အမျိုးအစားခွဲပြီး ကျကျနန စီစဉ်ထားတာ တကယ့်ကို လိုချင်စရာပါ။ ကိုယ့်သူငယ်ချင်းအတွက် Radiology နဲ့ပတ်သက်တဲ့ CD တွေရှာဝယ်ရင်း ကိုယ်လည်း ကောင်းနိုးရာရာ ခွေတွေဝယ်ဖြစ်ပါသေးတယ်။ နည်းနည်းတော့ ဆေးစာလေးတွေပြန်ကြည့်ဦးမှလို့လဲ စိတ်ကူးရလို့ပါ။ ကျောင်းတုန်းကစာတွေလည်း ကျောင်းကိုပြန်သွားကြတာ ကြာနေပြီမို့ ကိုယ့်ဆီကို အလည်ပြန်လာလိုလာငြား ကြိုးစားကြည့်မလို့ စိတ်ကူးလေးလည်း ပေါ်လာလို့ပါပဲ။ ကိုယ်တို့ဆီမှာ တစ်ခုခုလိုချင်ရင် online ပေါ်တက်ပြီး မ၀ရေစာ ရှာဖွေ၊ ဆွဲချနေရတာကို ကျွဲမြီးတိုနေတာကြာပြီဖြစ်လို့ အခုလိုပေါပေါများများတွေ့တုန်း အားပါးတရ၀ယ်ဖြစ်ပါတယ်။ (အားပေးရမယ်လေ၊ သူများနိုင်ငံမှာ software တစ်မျိုးကို ဒေါ်လာ ၅၀ကနေ ၁၀၀ထိပေးဝယ်ရပေမယ့် ကိုယ်တို့ပညာရှင်တွေကျေးဇူးကြောင့် တစ်ခွေကို မြန်မာကျပ်ငွေ ၅၀၀ပဲ ပေးရတာကိုမှ ငါးပါးသီလကျိုးခံပြီး အားမပေးရင် လူမိုက်ဖြစ်သွားမယ်မဟုတ်လား)

ခွေဆိုင်က ထွက်လာပြီးတော့ ကျောင်းသားတွေအတွက် လိုအပ်တဲ့ စာအုပ်တွေဝယ်ဖို့ ရွှေလက်ဆောင်စာပေကို သွားဖို့ စီစဉ်ရပါတယ်။ လိပ်စာလည်း မသိတာကြောင့် ခွေဆိုင်မှာ ရန်ကုန်လမ်းညွှန်ငှားပြီး ရှာရပါတယ်။ တွေ့မယ့်တွေ့တော့ လိပ်စာသုံးခုတောင် ဖြစ်နေတာမို့ အားလုံးကူးခဲ့ပါတယ်။ ပြီးမှ တက်စီတစ်စီးကိုတားပြီး အဲဒီလိပ်စာတွေထဲက အနီးဆုံးကို ပို့ပေးဖို့ ပြောတော့ တက်စီသမားက လိပ်စာတွေကို သေသေချာချာကြည့်ပြီး ရှေ့လမ်းကြားထဲမှာ ချိုးဝင်လိုက်ရင် အဲဒီလိပ်စာတွေထဲက တစ်ခုကိုရောက်တဲ့ အကြောင်းပြောပြီး ကားငှားဖို့မလိုတဲ့ အကြောင်း အကြံပေးပါတယ်။ ချီးကျူးစရာ တက်စီသမားပါ။ တကယ်လို့ သူသာပညာပြချင်ရင် ကားပေါ်တက်ခိုင်းပြီး ဟိုကြားသည်ကြား သုံးလေးပတ်မောင်းပြီးမှ ကိုယ့်ကိုလိုက်ပို့ရင် ပိုက်ဆံထွက်ရဦးမှာပါ။ ကားသမားကို ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောပြီး ရွှေလက်ဆောင်စာပေဆီကို အထုပ်တွေတစ်နင့်ကြီးနဲ့ သုံးယောက်သား သွားကြရပါတယ်။

ဝယ်စရာရှိတဲ့ စာအုပ်တွေ ၀ယ်ပြီးတော့ ညနေ ၃နာရီကျော်သွားပါပြီ။ ကားကွင်းကို ည၇နာရီခွဲအရောက်သွားရမှာမို့ တည်းခိုရိပ်သာပြန်ပြီး ထည့်စရာ၊ ထုပ်ပိုးစရာတွေ ပြင်ရဆင်ရပါတော့တယ်။ အရေးထဲမှာ ကားလက်မှတ်အထားမှားနေလို့ ခေါင်းပူအောင်ရှာရပါသေးရဲ့။ ညနေ၆နာရီမှာတော့ နှုတ်ဆက်စရာရှိသူတွေကို နှုတ်ဆက်လို့ တက်စီတစ်စီးခေါ်ပြီး အထုပ်တွေ တစ်သီကြီးနဲ့ ကားကွင်းဆီကို ဦးတည်ရပါတော့တယ်။ ကိုယ်ငှားလာတဲ့ ကားသမားက သူ့ကိုယ်သူ ပြိုင်ကားမောင်းနေတယ်လို့များထင်နေသလား တော့မသိပါ၊ လမ်းမှာ မိင်ကုန်တင်ပြီး တ၀ီးဝီးမြည်အောင် မောင်းပါတော့တယ်။ ကားသမားက ဆံပင်ရှည်ရှည် မင်ကြောင်တွေ တသီတတန်းကြီးနဲ့ တကယ့်လမ်းသရဲ ဒီဇိုင်းဆိုတော့ ကိုယ်လည်း သူမောင်းချင်သလိုမောင်းနေတာကို ဘာမှသိပ်မပြောရဲပါ။ လမ်းမှာ ကားကြပ်နေရင် ယဉ်ကြောပြောင်းပြန်မောင်းပြီးရအောင် ကျော်ပါသေးတယ်။ ကိုယ်တို့ကို မြို့အထိလိုက်ပို့မယ် ဆီပဲထည့်ပေးဖို့ ပြောနေလို့ ကားလက်မှတ်ဖြတ်ပြီးတဲ့ အကြောင်း တောင်းတောင်းပန်ပန်ပြောရပါသေးရဲ့။ သူ့ဖာသာ ကားခ၃၅၀၀တောင်းပြီး လမ်းတစ်ဝက်ရောက်တော့ ခရီးဝေးတယ်ဆိုပြီး ၄၅၀၀ပေးရမယ် လုပ်ပါလေရော။ သိပ်စကားများများ မပြောချင်တာကြောင့် ခေါင်းပဲညိတ်လိုက်ပါတော့တယ်။ အင်း..ရှင်းရှင်းပြောရင်တော့ မနိုင်လို့ သည်းခံရခြင်းသည်လည်းကောင်းပေါ့လေ။

ကားကွင်းကိုရောက်တော့ ၆နာရီခွဲသာသာပဲ ရှိသေးတာမို့ တမေ့တမောကြီး စောင့်ရဦးမှာပါ။ ၀န်းအပြင်ထွက်ပြီး စားစရာရှာပြန်တော့လည်း ဘာစားစရာမှ လောက်လောက်လားလား မတွေ့ရပါ။ လက်ဖက်ရည်ဆိုင်တစ်ဆိုင်က မကောင်းတရောင်း မုန့်ဟင်းခါးကိုပဲ ကြိတ်မှိတ်မြိုပြီး အာသာမပြေတာကြောင့် ဆိုင်ထပ်ရှာတော့ လမ်းဘေးထမင်းကြော်ဆိုင်လေးတွေ့တာမို့ အသားဟင်းနဲ့ ထမင်းကြော် တစ်ယောက်တစ်ပွဲစီစားလိုက်တာ ချဉ်ရေဟင်းလေး၊ အချဉ်လေးနဲ့မို့ မထင်မှတ်ပဲ ခံတွင်းတော်တော်လိုက်ပါတယ်။ စားပြီးလို့ ပိုက်ဆံရှင်းတော့ ၁၀၀၀ကျော်ကျော်ပဲ ကျတာမို့ အံ့သြလို့ မဆုံးပါ။ စားသောက်ပြီးတော့ သွားစရာလည်း မရှိတော့တာမို့ ကားဝန်းထဲမှာပဲထိုင်ရင်း ၇နာရီခွဲလို့ ကားပေါ်တက်လို့ရမယ့် အချိန်ကို ထိုင်စောင့်ရပါတော့တယ်။

ည၇နာရီခွဲရောက်တော့ ကားပေါ်တက်ခွင့် ရပြီမို့
ပါလာသမျှ ပစ္စည်းတွေကို ကားအောက်တဲကိုထည့်ပြီး ကားပေါ်တက်လိုက်ချိန်မှာတော့ ဘာမဆိုအရာနဲ့ အကြောင်းကြောင်းဖြစ်လေ့ရှိတဲ့ ထုံးစံကို ဗုန်းမှန်လို့တောင် မပျက်စေရတဲ့ ဦးဟန်ကြည်တစ်ယောက် ဒုက္ခနဲ့ လှလှနဲ့ တွေ့ပြီး ပြဿနာစပါတော့တယ်။ ။


Sunday, 16 January 2011

ရာသီဖျား . . .

ရန်ကုန်ကအပြန်မှာ
ခရီးသွားလို့ ကျောင်းပိတ်ထားရတဲ့ ရက်တွေကို ကာမိအောင် အင်တိုက်အားတိုက် စာသင်မယ်လို့ မောင်းတင်ထားတဲ့ ဦးဟန်ကြည်တစ်ယောက် တုပ်ကွေးအပြင်းအထန်မိသွားတာကြောင့် ကျောင်းမပိတ်ချင်ပါဘဲနဲ့ လေးရက်လောက်ကျောင်းပိတ်လိုက်ရပါတယ်။

ကိုယ်တွေလက်တွေကိုက်ခဲပြီး ဖျားတော့မယ်ဆိုတာ သိတဲ့ညနေက
ဆေးတစ်ခွက်ကြိုတင်သောက်ထားပြီး ညဘက်အိမ်ပြန်ရောက်တာနဲ့ ဆေးအမြန်သောက်ပေမယ့် နောက်ရက်မနက်လင်းတော့ တစ်ကိုယ်လုံး တောင့်တင်းကိုက်ခဲပြီး မထနိုင်တော့ပါ။
တုပ်ကွေးဆိုတာ အမြင်သိပ်မဆိုးပေမယ့် အခံရခက်လွန်းတာမို့ ဘယ်လိုမှ စာသွားသင်လို့မဖြစ်နိုင်တော့တာကြောင့် မနက်ပိုင်းစာသင်ချိန်ကစလို့ နားရပါတော့တယ်။ အပူချိန်လည်း ၁၀၁ထိတက်လာပါတယ်။ ခေါင်းမူးနေပြီး နေလို့လုံးဝ မကောင်းတော့ပါ။ နေ့လည်ပိုင်းမှာ ကိုယ့်ကျောင်းသားတစ်အုပ် လူနာလာမေးကြပါတယ်။ ကျောင်းသားတွေကို စကားပြန်မပြောနိုင်အောင်ပဲ အားနည်းသွားပါတယ်။ ညနေပိုင်းမှာတော့ ချွေးနည်းနည်းပြန်စို့လာပြီး လူလည်းပေါ့သွားပါတယ်။ ကိုယ့်ကိုယ်ကိုယ် အဖျားကျပြီလို့ သတ်မှတ်လိုက်ပြီး ည၁၀နာရီလောက်မှာ အိမ်ရှင်မနဲ့ အပြင်ထွက်ပြီး တစ်ခုခု ထွက်စားဖြစ်လိုက်ပါသေးတယ်။ အဲဒီမှာ အအေးမိသွားပါတော့တယ်။

ညဘက်မှာတော့ တစ်ကိုယ်လုံး ခြစ်ခြစ်တောက် ပူတက်လာပြီး တုန်နေအောင် အတွင်းကလှိုက်ချမ်းပါတော့တယ်။ ငှက်ဖျားမိသလို တဟင်းဟင်းနေအောင် ညည်းယူရတဲ့အထိ ချမ်းချက်က ကမ်းကုန်လွန်းပါတယ်။ တစ်ညလုံး အဖျားတက်ပြီး နောက်မနက်လင်းတော့ မနေ့ကထက် ပိုဖျားပါတော့တယ်။ ခက်တာက ကိုယ့်အကျင့်က ဖျားရင်ဘာမှမစားချင်၊ မသောက်ချင်၊ ဘယ်သူ့မှ မမြင်ချင်တာပါ။ အိမ်ရှင်မခမျာ ဘေးကနေပြုစုရတာက တစ်မျိုး ကိုယ်စိတ်တိုမှာစိုးရိမ်ရတာ တစ်မှုကြောင့် တော်တော်လေး သည်းခံရရှာပါတယ်။

အဲဒီပုံစံအတိုင်း သုံးရက်လောက်ဖျားပြီးတဲ့ညနေမှာတော့ ကိုယ့်ကိုယ်ကို ဆုံးမပြီး ဆေးခန်းသွားရပါတော့တယ်။ ကိုယ့်ကိုယ်ကို ဘယ်လောက်ပဲ ကုတတ်ပါတယ်ဆိုပေမယ့် ကိုယ့်တင်ပါးကို ဆေးထိုးဖို့တော့လည်း မဖြစ်နိုင်တာမို့ လက်လျှော့လိုက်ရခြင်းလည်း ဖြစ်ပါတယ်။ အထူးကုဆရာဝန်ကြီးက လေသံချိုချိုနဲ့မို့ အဆင်ပြေသွားပါတယ်။ တကယ်လို့သာ ပြောပေါက်ဆိုပေါက် ခပ်ဆိုးဆိုး ဆရာဝန်သာဆိုရင် ကိုယ့်ဒေါသနဲ့ တွေ့ဦးမှာ မလွဲပါ။ ဆေးတစ်လုံးထိုးခဲ့ပြီးနောက် စိတ်ထဲမှာတော့ တော်တော်လေးပေါ့သွားသလိုခံစားရတာကြောင့် ဒီညတော့အဖျားသက်သာပြီထင်ထားတဲ့အတိုင်း ညဘက်မှာ ကောင်းကောင်းအိပ်လိုက်ရပါတယ်။

နောက်ရက်မနက်လင်းတဲ့အခါ လည်ချောင်းတွေ ကွဲပြီး တစ်ကိုယ်လုံးနီရဲနေအောင် အပူတွေတက်ပါတော့တယ်။ မနှစ်ကလည်း ဒီလိုအဖျားမျိုးဖျားဖူးတာမို့ နာလန်ထရင် လည်ချောင်းကွဲပြီး တစ်ကိုယ်လုံး အနီစက်လေးတွေထတာ ကြုံဖူးထားတာမို့ သိပ်မစိုးရိမ်ပေမယ့် လူကတော့ ကော့နေအောင်ခံရပါတယ်။ မခံနိုင်တဲ့အဆုံး ရေချိုးပစ်မိတဲ့အထိပါ။ လည်ချောင်းကွဲတာကလည်း တံတွေးတောင် မျက်ရည်ထွက်အောင် မျိုယူရတဲ့အထိမို့ ဒုက္ခအင်မတန်ကြီးလှပါတယ်။ ဘာမှလည်း မစားနိုင်၊ မသောက်နိုင်တာကြောင့် ကိုယ့်ခြေထောက်ကိုယ်တောင် မသယ်နိုင်အောင် အားနည်းသွားပါတော့တယ်။ ညနေဆေးခန်းကိုသွားတော့ လည်ချောင်းနာတဲ့အကြောင်းပါ အားမနာနိုင်ဘဲ ထုတ်ပြောရပါတော့တယ်။ အဖျားမရှိတော့ပေမယ့် လည်ချောင်းနာတဲ့ နောက်ဆက်တွဲရောဂါကြီးကြောင့် ညတစ်ညလုံး ခံစားရပါတယ်။ ခံတွင်းနာသက်သာတဲ့ ငုံဆေးလည်း တစ်ကဒ်လုံးကုန်အောင် ငုံယူတာတောင် မသက်သာပါ။

နောက်ရက်မှာတော့ လည်ချောင်းနာတာကလွဲလို့ တုပ်ကွေးမရှိတော့တာမို့ ညနေပိုင်းစာသင်ချိန်ကစပြီး ကျောင်းပြန်ဖွင့်ပေးပါတယ်။ လည်ချောင်းက အက်ပြီးနာနေတာမို့ စာတစ်ပုဒ်ကို မျက်ရည်ကျမတတ် ရှင်းယူရပါတယ်။ ကိုယ့်ကျောင်းသားတွေက အလိုက်တသိနဲ့ တိတ်တိတ်ဆိတ်ဆိတ် အာရုံစိုက်ပေးကြလို့သာ ခံသာပါတော့တယ်။ ဒါတောင် အခါတိုင်းလို အချိန်ပြည့်မသင်နိုင်ဘဲ ည၈နာရီခွဲလောက်မှာ သင်တန်းဖြုတ်ပေးလိုက်ရပါတယ်။

ဖျားနေတဲ့ အတောအတွင်းမှာ ကိုယ့်ကျောင်းသားတွေအတွက် စိတ်အင်မတန်ပူပါတယ်။ ကိုယ်မရှိရင် စာမကြည့်ဖြစ်ကြတဲ့ ကျောင်းသားတွေအတွက် ပိုလို့ပူပါတယ်။ စာမေးပွဲရက်ကိုတွက်ကြည့်မိရင် ပိုလို့နေကောင်းချင်ပါသေးရဲ့။

အခုတော့ နှုတ်ခမ်းနည်းနည်းခြောက်တာကလွဲလို့ ကျန်းမာရေးအရင်ပုံစံနီးပါးပြန်ပြည့်လာပြီမို့ သင်တန်းချိန်တွေကို အာရုံစိုက်မှုအပြည့်နဲ့ အင်တိုက်အားတိုက် ပြန်စနေပါပြီ။ စာမေးပွဲကြီးစစ်ဖို့လည်း ၄၇ရက်ပဲ ကျန်ပါတော့တယ်။

ခါးတောင်းကြိုက်မဖြုတ်စတမ်း ဦးဟန်ကြည်လို့ပဲ ကိုယ့်ကိုယ်ကို အားတင်းရင်း . . .

Saturday, 8 January 2011

ဖွဲမီး . . .

စိတ်ညစ်တယ်...
ကိုယ့်ကိုယ်ကို စိတ်ဓာတ်ကြံ့ခိုင်တယ်လို့ ထင်ထားပေမယ့် တကယ်တော့ ကိုယ်လည်းသာမန်လူသားပါ။ စိတ်ညစ်စရာ အနည်းအကျဉ်းကို ခံနိုင်ရည်ရှိတာမှန်ပေမယ့် တကယ့် စိတ်ညစ်စရာကြီးတွေလို့ ခံစားရတဲ့အရာမျိုးကိုတော့ ဘယ်လိုမှခံနိုင်ရည်မရှိပါ။ အထူးသဖြင့် ကိုယ်ကစေတနာအပြည့်နဲ့ လူရောငွေပါ အကုန်အကျခံလို့ လုပ်ကိုင်ပေးနေတဲ့ ကိစ္စကို တစ်ဖက်သားက အကောင်းမမြင်ဘူးဆိုရင် တော်တော်ကြီးကို စိတ်ညစ်၊ စိတ်ပျက်၊ စိတ်ဓာတ်ကျပါတယ်။ ကိုယ့်စေတနာကပဲ မမှန်လို့လားလို့ ပြန်တွေးမိပြီး ၀မ်းလည်းနည်းပါတယ်။ ဘာဖြစ်လို့ ကိုယ့်အပေါ်အမြင်မကြည်လင်ပါလိမ့်လို့ တွေးမိတိုင်းလည်း စိတ်ဆင်းရဲပါတယ်။

ကိုယ့်အပေါ် မယုံကြည်တဲ့သူဟာ အပြင်လူဖြစ်နေရင်တော့ ကိုယ့်အနေနဲ့ဘာမှ ခံစားစရာမလိုပါ။ ခံလည်းမခံစားသလို စိတ်မကောင်းလည်း ဖြစ်နေမှာမဟုတ်ပါ။ ခပ်ရှင်းရှင်းပြောရရင် မေးထူးခေါ်ပြောရသက်သာတာကြောင့် မင်္ဂလာရှိတယ်လို့တောင် ယူဆမိပါဦးမယ်။ ဒါပေမယ့် ကိုယ်နဲ့အနီးစပ်ဆုံး ကိုယ့်အတွင်းလူက ကိုယ့်အပေါ် အမြင်မကြည်တာကိုတော့ ခံနိုင်ရည်မရှိပါ။ စိတ်ပျက်သလို၊ စိတ်လည်းကုန်ပါတယ်။ ကြာလာတဲ့အခါ လောကကြီးကိုပါ စိတ်ကုန်လာပါတယ်။ ရှင်တော်ဘုရားဟောတော်မူခဲ့တဲ့ “ဇနိတံ ပါကံ၊ ဇနေတိ” တူသောအကျိုးပေး၏ ဆိုတဲ့တရားတော်ကိုပါ သံသယ၀င်ချင်လာပါတော့တယ်။ စိတ်ညစ်၊ စိတ်ပျက်ရာကနေ ငရဲပါအဆစ်ရတဲ့ သဘောပါ။

ကိုယ်ဆိုတဲ့ လူက တစ်နေကုန်တစ်နေခမ်း ဘယ်လောက်ပဲပင်ပန်းပါစေ စိတ်သာကြည်လင်နေရင် နည်းနည်းမှမမှုပါ။ ပင်ပန်းတယ်လို့လည်း မထင်ပါ။ စိတ်လက်မကြည်မလင်ဖြစ်ပြီဆိုရင်တော့ ပင်ပန်းထားတာတွေ နှစ်ဆတိုးပြီး ဘာကိုမှမမြင်ချင်၊ မတွေ့ချင်၊ မကြားချင်တော့ဘဲ လူသူတစ်ယောက်မှမရှိတဲ့ တောထဲတောင်ထဲမှာ တစ်ယောက်ထဲ သွားနေချင်စိတ်ပဲ ပေါ်ပါတော့တယ်။ သင်ထားတဲ့ပညာတွေကြောင့် လုပ်ရမယ့် တာဝန်တွေကို ပြန်ပြန်တွေးမိနေတာကြောင့်ပဲ အခုထက်ထိ ကြံ့ကြံ့ခံနေမိတာပါ။ ကိုယ်တို့အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားတွေမှာလည်း ၀မ်းနည်းတာ၊ စိတ်ညစ်တာကို လူမြင်အောင် ပြခွင့်မရှိတဲ့ လောကီကျင့်ဝတ်ကြီးတွေရဲ့ ဖိစီးမှုတွေကြောင့် စိတ်ပျက်၊ စိတ်ညစ်၊ ၀မ်းနည်းသမျှတွေဟာ ဖွဲမီးလိုပဲ ရင်ထဲမှာ တငွေ့ငွေ့လောင်တာ ခံရပါတော့တယ်။

တကယ်လို့များ သက်တန်းစေ့နေရလို့ မသေသေးဘူးဆိုရင်တော့ အသက်၅၀မှာ လူသူမရှိတဲ့ တောတောင်ထဲမှာ တစ်ယောက်တည်း နားအေးပါးအေးသွားနေပြီး ဘ၀ရဲ့ နောက်ဆုံးအချိန်တွေကို တစ်ယောက်တည်း တိတ်တိတ်လေး ကုန်ဆုံးချင်ပါရဲ့။

Let me live unseen, unknown
Unlamented let me die
Steal from the world and not a stone
Tell where I lie.

A. Pope

Monday, 3 January 2011

ရန်ကုန်သွား တောလား(၂) . . .

ရန်ကုန် ဒုတိယနေ့
ပထမနေ့က ခရီးပန်းသွားတာကြောင့် မနက်၇နာရီခွဲလောက်မှပဲ အိပ်ရာထဖြစ်ပါတော့တယ်။ မျက်နှာသစ်၊ မုန့်စားပြီး(ရောက်တုန်းရောက်ခိုက် လမ်းဘေးကမုန့်တီဆိုင်မှာ နန်းကြီးသုတ်စားလိုက်တာပါ) ရွှေတိဂုံစေတီတော်ဖူးဖို့ ထွက်ခဲ့ဖြစ်ပါတယ်။ ကိုယ့်အမျိုးသမီးနဲ့ သူ့မောင်တစ်ယောက်၊ အစ်ကိုတစ်ယောက်ပါအတူလိုက်ခဲ့ပေမယ့် ခရစ်ယာန်တွေမို့ ကိုယ်တစ်ယောက်ပဲ ဘုရားဖူးရမှာပါ။ သူတို့ကတော့ ရှုခင်းကြည့်ရုံပဲ လိုက်ခဲ့ကြတာပါ။ ဘာပဲဖြစ်ဖြစ် လိုက်ပေးဖော်ရတာပဲ ကျေးဇူးတင်ရမှာမို့ မနီးမဝေးမှာပဲရှိတဲ့ ရွှေတိဂုံစေတီတော်ဆီကို လေးယောက်သား လမ်းလျှောက်ပြီးတော့ သွားဖြစ်ပါတယ်။

http://hsarlawla.files.wordpress.com/2009/10/shwedagon-2.jpg?w=600&h=400

စေတီတော်ပေါ်တက်တဲ့ စောင်းတန်းလှေခါးအရောက်မှာ လုံခြုံရေးလားဘာလားမသိတဲ့ ပုဂ္ဂိုလ်တွေက ကိုယ့်ကိုခြေအိတ်ချွတ်ဖို့ပြောတာကြောင့် ဘုမသိ၊ ဘမသိ၊ ဘာအကြောင်းပြချက်မှန်းမသိဘဲနဲ့ ခြေအိတ်ပါချွတ်ရပါတော့တယ်။
(ဖိနပ်တင်မကဘဲ ခြေအိတ်ပါချွတ်ရတာဟာ ဘုရားဝတ္တကမြေမို့လားတော့ မသိပါ)

ဘ၀တစ်လျှောက်လုံးမှာ ရွှေတိဂုံကို နှစ်ခါပဲ ရောက်ဖူးခဲ့တာပါ။
ရင်ပြင်တော်ပေါ်မှာ လမ်းလျှောက်ရင်း လွန်ခဲ့တဲ့ ရှစ်နှစ်ကျော်က ရွှေတိဂုံခရီးကို ပြန်သတိရမိပါသေးတယ်။ အဲဒီအချိန်ကတော့ မိဘအိမ်ကနေ ထွက်လာခါစ ဘ၀ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်၊ ငွေကြေးဆိုတာလည်း မပြည့်စုံသေးချိန်မို့ ရွှေတိဂုံစေတီတော်ကို ဖူးသာဖူးခဲ့ရပေမယ့် ရင်ထဲက အားငယ်စိတ်၊ စိုးရိမ်စိတ်တွေနဲ့မို့ ကြည်နူးမှု သန္တရသကို နည်းနည်းမှ မခံစားခဲ့ရပါ။ အခုတစ်ခေါက်မှာတော့ ကိုယ့်မှာလည်း ထိုက်သင့်တဲ့အနေအထားလေး ရှိနေပြီမို့ ကိုယ်ပိုင်ယုံကြည်မှု၊ ရဲဝံ့မှုတွေကြောင့် ဘုရားကို တကယ့်ကို ကြည်ကြည်နူးနူး ဖူးနိုင်ခဲ့ပါတယ်။
နေရာဒေသချင်းတူပေမယ့် အချိန်ကာလ၊ အနေအထားပေါ်မူတည်လို့ ခံစားချက်တွေ ပြောင်းလဲလေ့ရှိတာကိုလည်း စိတ်ထဲမှာ အမှတ်ထင်ထင်ဖြစ်ခဲ့ရတဲ့ နေ့ပါ။

ရွှေတိဂုံက အဆင်းမှာ အနားက မဟာဝိဇယစေတီတော်ကိုပါ ဖူးဖြစ်ပါတယ်။ ထူးခြားတဲ့ပုံတော်နဲ့ ကျယ်ပြန့်တဲ့ရင်ပြင်တော် တောင်ကုန်းရဲ့ အနေအထားကြောင့် ရွှေတံဂုံစေတီတော်နည်းတူ ကြည်နူးမှုရခဲ့ပါတယ်။

ဘုရားဖူးအပြီးမှာတော့ နာမည်ပဲကြားဖူးခဲ့တဲ့ ဗိုလ်ချုပ်ဈေးကို ထုံးစံအတိုင်း တက်စီတစ်စီးငှားပြီး သွားဖြစ်ပါတယ်။ ဈေးရောက်တော့ ရောင်းတဲ့သူတွေသာများပြီး ၀ယ်မဲ့သူနည်းနေတဲ့ ဈေးကိုပဲ မြင်ရတော့တာပါ။ ၀ယ်စရာတွေ တော်တော်များများတွေ့ရပေမယ့် သယ်ရပြုရမယ့် အရေးကို တွေးကြောက်တာကြောင့် ကိုယ့်ဆီမှာ မရှိတာတွေပဲ ရွေးဝယ်ဖြစ်ပါတယ်။ ၀ယ်သူပါးနေတာမြင်လို့ ကိုယ်တို့က ကရုဏာသက်မိပေမယ့် ကိုယ်တို့မြို့နံမည်လည်းကြားရော သူဌေးမြို့က လာတဲ့သူတွေလို့ အထင်တွေကြီးပြီး ပစ္စည်းဈေးတွေကို ချက်ချင်းတင်ပစ်ပြီး ရောင်းတာတွေ့တော့ သနားချင်တဲ့စိတ်ကလေးကို ဘရိတ်အုပ်လိုက်မိပါတော့တယ်။
ဘယ်ကလာတယ်ဆိုတာ မပြောဘဲဝယ်မှ ဈေးမှန်နီးနီးရမှာလို့လည်း အသိတစ်ခုရခဲ့တာ အမြတ်ပါ။


http://1.bp.blogspot.com/_uqdq8iXU26I/SD0hhxUaLxI/AAAAAAAAAA4/yuqmw8mUxw8/s400/bogyoke+aung+saung+market+yangon.jpg

ဒီခရီးကို စလာကတည်းက
စိတ်ချမ်းသာဖို့ပဲ ဦးစားပေးမယ် ငွေကြေးကို ထည့်မစဉ်းစားဘူး၊ စာရင်းတောင်မတွက်ဘူးလို့ ဆုံးဖြတ်ထားတဲ့အတိုင်းပဲ(ချမ်းသာလွန်းလို့တော့ မဟုတ်ပါ၊ ရှစ်နှစ်ကျော်စုထားရတဲ့ ငွေယားလေးတွေ ပါလာလို့ပါ) ဗိုလ်ချုပ်ဈေးတခွင် စိတ်တိုင်းကျမွှေပြီး မျက်စိကျတာတော်တော်များများကို မစဉ်းစားဘဲ ၀ယ်လိုက်ပါတယ်။ ကြီးကျယ်တယ်ထင်ချင်လည်း ထင်ခံရနိုင်ပေမယ့် ရှစ်နှစ်တာကာလတစ်လျှောက်လုံး ခရီးရှည်တစ်ခုမှ မသွားဖြစ်သလို မြို့ထဲက စတိုးဆိုင်တွေ မှာပဲ ကြုံသလို စခန်းသွားနေခဲ့ရာက ပစ္စည်းစုံစုံလင်လင်ရှိတဲ့ ဈေးကြီးထဲကို ရောက်သွားရင် ကိုယ်ပြောတာကို သဘောပေါက်နိုင်မှာပါ။

ကိုယ်တို့ဆီမှာ ဈေးကြီးပေးဝယ်ရတဲ့ ပုဆိုး၊ တိုက်ပုံ၊ သိုးမွေးအကျိံစတာတွေ ၀ယ်ဖြစ်ခဲ့ပါတယ်။ တစ်ခုရယ်စရာကောင်းတာက ဒီမှာက ယိုးဒယားကပစ္စည်းကို အကောင်းစားလုပ်ရောင်းကြတာဖြစ်လို့ အဲဒီပစ္စည်းတွေကို မြင်ရပါများနေတဲ့ ကိုယ်တို့က တရုတ်ပစ္စည်းပဲပြပါလို့ပြောပြီး ၀ယ်ရတာကိုပါ။ ပထမတော့ ဈေးသည်တွေက အံ့သြကြပေမယ့် ကိုယ်တို့လာတဲ့ ဒေသကိုလည်းသိရော သဘောပေါက်သွားကြပါတယ်။ လူဆိုတာ ကောင်းမှန်းသိပေမယ့် ကြာရင်ရိုးတတ်တာ သဘာဝပဲ မဟုတ်ပါလား။

ဗိုလ်ချုပ်ဈေးထဲမှာ တစ်နေ့ခင်းလုံးကုန်အောင် မွှေနှောက်ပြီးတော့ ၀မ်းဟာလာတာမို့ ဈေးအောက်ထပ်က စားသောက်ဆိုင်မှာ စားစရာဝင်စားဖြစ်ပါတယ်။ ရန်ကုန်က စားသောက်ဆိုင်တွေ သန့်သန့်ပြန့်ပြန့်ဖြစ်လာတာ တွေ့ရတော့ တော်တော်လေးကျေနပ်မိပါတယ်။ (ဆိုင်နောက်ဖေးကိုတော့လည်း ၀င်မကြည့်မိလို့ မပြောတတ်ပါ) ဒါ့အပြင် အစားအသောက်တစ်ခုစီကိုလည်း ဈေးနှုန်းတွေ ကပ်ပြီး ရောင်းတာလည်း သဘောကျပါတယ်။ ဒါမှလည်း ကိုယ့်မှာပါတဲ့ ငွေပမာဏနဲ့ ချင့်ချိန်နိုင်ပြီး စားပြီးမှ စိတ်ညစ်ရတဲ့ အဖြစ်တွေ မကြုံရမှာပါ။ ကိုယ်တို့ဒေသမှာလည်း ဒါမျိုးဆိုင်တွေရှိလာရင် ကောင်းမယ်လို့လည်း မတွေးရဲတွေးရဲ တွေးမိပါသေးတယ်။

စားသောက်ပြီးတော့ တက်စီတစ်စီးပေါ်တက်ပြီး တည်းတဲ့ နေရာကို ပြန်ခဲ့ကြပါတယ်။ ဒါပေမယ့် ကြာကြာမနေဖြစ်ပါ။ ရေမိုးချိုး၊ ခဏနားရုံနားပြီးတော့ ရောက်တုန်းရောက်ခိုက် ရုပ်ရှင်ကြည့်ကြဖို့ မြို့ထဲကို ထွက်ခဲ့ဖြစ်ကြပြန်ပါတယ်။ တက်စီပေါ်ကဆင်းပြီး ရုပ်ရှင်ရုံတွေရှိရာကို ရောက်တော့ ရုံတော်တော်များများမှာ မြန်မာကား ခပ်ချာချာ၊ ခပ်ပေါပေါတွေပဲ တင်ထားတာတွေ့ရပါတယ်။ ကိုယ်တို့မင်းသားမင်းသမီးတွေလည်း ထုတ်လုပ်သူစိတ်ကြိုက်လိုက်ကြရင်း ငပေါ၊ ငကြောင်တွေဖြစ်နေကြတာ စိတ်မကောင်းခြင်းကြီးစွာ တွေ့ခဲ့ရပါသေးရဲ့။ သူတို့ဖာသာ ပေါချင်ပေါ၊ ပေါက်ချင်ပေါက် မြန်မာကားဆိုရင် တစ်ကားမှမကြည့်ဖို့ ၁၅နှစ်လောက် ဝေရာမဏိလုပ်ထားတဲ့ ကိုယ်တို့ကတော့ စိတ်မ၀င်စားပါ။ ရုပ်ရှင်ရုံတစ်ရုံ(ဘာရုံလဲမမှတ်မိပါ) မှာတော့ Denzal Washington ရဲ့ Unstoppable တင်နေတာတွေ့တော့ ကိုယ်အကြိုက်ဆုံးမင်းသားဖြစ်တာမို့ ရေငတ်တုန်းရေတွင်းထဲကျသလို ၀မ်းသာအားရပဲ လက်မှတ်ပြေးဝယ်ဖြစ်ပါတယ်။ ရုပ်ရှင်က ၆နာရီခွဲမှစမှာမို့ ၁နာရီကျော်ကျော်အားနေတဲ့ အချိန်ကို sight seeing လုပ်ဖြစ်ကြပါသေးတယ်။ လမ်းဘေးမှာ အကြော်ဆိုင်တွေ့လို့ မစားရတာကြာပြီဖြစ်တဲ့ ဗယာကြော်ကွင်းလေးတွေ ၀မ်းသာအားရ၀ယ်စားဖြစ်ပါသေးတယ်။ အကြော် ၅၀၀ဖိုးကို တစ်ပုံတစ်ခေါင်းကြီးရတာတွေ့တော့ တန်လိုက်တာလို့ တွေးလိုက်မိပါသေးတယ်။ ကိုယ်တို့ဆီမှာက အကြော်တစ်ခုကို ၁၀၀တောင် ပေးရတယ်လေ။ ကိုယ့်ကို ဘယ်သူမှမသိတဲ့ ဒေသရောက်နေတာမို့ လမ်းဘေးက အမဲအူသုတ်ရောင်းတဲ့ဆိုင်မှာ နှစ်ယောက်သား ထိုင်စားဖြစ်ပါသေးတယ်။ တစ်ပွဲမှ ၃၀၀ပါ။ မစားရတာကြာလို့ ထင်ပါရဲ့ စားလို့တော်တော်ကောင်းပါတယ်။

စားပြီးလို့ လမ်းဆက်လျှောက်ကြရင်း ဆိုင်တစ်ဆိုင်မှာ အားကစားအကျိံတွေ(ဘေထုပ်တွေထင်ပါရဲ့၊ ဒါပေမယ့် အသစ်တွေချည်းပါ) တစ်ထည်ကို ၁၀၀၀ဆိုတာကြောင့် ငါးထည်ရွေးဝယ်ဖြစ်ပါသေးတယ်။ ဒီကြားထဲမှာ အိမ်ရှင်မက လေ့ကျင့်ခန်းလုပ်ဖို့ အလေးဝယ်ချင်တယ်ဆိုတာကြောင့် ၀ယ်ရပါသေးတယ်။ ငါးပေါင်အလေးတစ်ခုဝယ်ပြီး အထုပ်အပိုးတွေ တနင့်တပိုးကြီးနဲ့ ၆နာရီကျော်ကျော်ရောက်မှ ရုပ်ရှင်ရုံဆီ ပြန်ရောက်ပါတော့တယ်။ ရုပ်ရှင်ကြည့်ရင် တစ်ခုခုတော့ ၀ါးနေရမှ ကျေနပ်ကြတာမို့ ရုံအောက်ထပ်မှာ စားစရာတွေထပ်ဝယ်ပြီးချိန်မှာတော့ အထုပ်တွေများသထက်များလို့ လာခဲ့ပါရောလား။

တစ်ခါမှမကြည့်ဖူးတဲ့ ရုပ်ရှင်ရုံ(အမှန်က ရန်ကုန်မှာ တစ်ခါမှကို ရုပ်ရှင်မကြည့်ဖူးတာပါ) ဖြစ်တာကြောင့် ယောင်တောင်တောင်နဲ့ပဲ တစ်ထပ်ပြီးတစ်ထပ်တက်ရင်း ကိုယ်တို့ကြည့်ရမယ့် အထပ်ကို သွားရပါတယ်။ ရုံထဲရောက်တော့ ပရိသတ်က ၁၀ယောက်တောင်မပြည့်ပါ။ နိုင်ငံခြားကားမို့ ကြည့်မယ့်သူနည်းတာဖြစ်ပါလိမ့်မယ်။ ကားက တင်ထားတာကြာနေပြီဖြစ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လူပြည့်မယ်ထင်လို့ လက်မှတ်ကို ဈေးကြီးကြီးပေးဝယ်မိတာတောင် မှားတယ်လို့ ထင်မိပါတော့တယ်။ (ရုံထဲရောက်တော့ ခုံနံပါတ်ကအရေးမကြီးတော့ဘဲ ထိုင်ချင်ရာ ထိုင်လို့ရနေတာ တွေ့ရလို့ပါ) ရုပ်ရှင်က ဇာတ်လမ်းအကောင်းကြီး မဟုတ်ပေမယ့် ရိုက်ချက်တွေကောင်းတာကြောင့် ကြည့်ပျော်ရှုပျော်တော့ ရှိပါတယ်။ ကိုယ်ကလည်း ရုပ်ရှင်နဲ့ဝေးတာ ရှစ်နှစ်ကျော်နေတာကြောင့်လားမသိပါ တော်တော်လေးတော့ ကြည့်ရတာ အရသာရှိပါတယ်။ ရုပ်ရှင်ပြီးတော့ ညရှစ်နာရီကျော်ကျော်ပဲ ရှိသေးတာမို့ တည်းခိုဆောင်ကို ခဏပြန်ကြပါတယ်။

ပစ္စည်းထုပ်တွေထားပြီးတော့ အိမ်ရှင်မရဲ့မောင်ကိုပါခေါ်ပြီး
မနီးမဝေးက shopping mall တစ်ခုဆီကို တက်စီခ ၁၀၀၀အကုန်ခံလို့ သွားဖြစ်ပါသေးတယ်။
ကုတ်အကျိံတစ်ထည်ဝယ်ဖို့ ကြည့်လိုက်မိတာ တစ်ထည်ကို တစ်သိန်းခွဲဖြစ်နေတာမို့ အသာလက်ပြန်ရုပ်လိုက်ရပါတယ်။ (ဘယ်သူတွေများ ၀တ်ကြသလဲဆိုတာတော့ သိချင်လိုက်တာ) သိပ်လည်း ပုံမလှတာကြောင့် ရှိစုမယ့်စုလေး မပြောင်တာပါ။ ဘောပင်တစ်ချောင်းဝယ်ဖို့ ကြည့်ပြန်တော့လည်း ဈေးအပေါဆုံးက သုံးသောင်းပါ။
တစ်သိန်းခွဲတန်ပါ ရှိပါသေးတယ်။ တစ်သောင်းခွဲလောက်ဆိုရင်တော့ ဇွတ်မှိတ်ပြီး ၀ယ်ဖြစ်မှာဖြစ်ပေမယ့် အဲဒီလောက်ထိတော့လည်း မစွန့်ချင်ပါ။ နာရီကိုကြည့်ပြန်တော့လည်း ဈေးအပေါဆုံးက ရှစ်သိန်းပါ။ တန်းမှာချိတ်ထားတဲ့ အကျိံ်တွေကို ကြည့်မိပြန်တော့လည်း ဈေးအပေါဆုံးက ခြောက်သောင်းပါတဲ့။ အဲဒီရောက်မှပဲ ကိုယ်တော်တော်ဆင်းရဲသေးတာ သိလိုက်ရသလိုပါ။
တော်တော်ကြိုးစားဖို့လည်း လိုသေးတယ်လို့ ကိုယ့်ကိုယ်ကို သတိပေးမိပါသေးတယ်။

တန်းမှာချိတ်ထားတဲ့ Daniel Lewis ဘောင်းဘီတစ်ထည်ကို သဘောကျတာကြောင့် ကပ်ထားတဲ့ဈေးကို သာမန်ကာလျှံကာကြည့်ပြီး ကောင်တာမှာ ငွေသွားရှင်းတော့ သုံးသောင်းကျော်နေပါတယ်။ ဒီလောက်ဈေးရှိတဲ့ ဘောင်းဘီကိုတောင် ဖြစ်သလို ချိတ်ပြီးရောင်းနေတာ တော်တော်လေး ဖျားသွားပါသေးရဲ့။ Neck tie တစ်ချောင်း ၀ယ်ဖို့ ဈေးမေးလိုက်တော့ လေးသောင်းနှစ်ထောင်ပါတဲ့။ ဒါပေမယ့် မူရင်းဈေးကို ယိုးဒယားငွေနဲ့ ရေးထားတာက ဘတ်၈၀၀ပါ။ မြန်မာငွေနဲ့ဆိုရင် နှစ်သောင်းကျော်ကျော်ပဲ ရှိသင့်တာကို နှစ်ဆကျော်ဈေးတင်ထားတာတွေ့ရတော့ ငါတို့လူမျိုး သူခိုးရှိသည်ဆိုတာ သတိရခဲ့မိပါသေးတယ်။ ကိုယ့်ယောက်ဖအတွက် အ၀တ်အစားလေးတွေ ၀ယ်ပေးပြီး ပိုက်ဆံအိတ်မပြားခင်ဘဲ အမြန်ပြန်ခဲ့ရပါတယ်။ ဒီလိုဆိုင်မျိုးမှာ မြင်သမျှအကုန်သာ မျက်စိကျရရင်တော့ သိန်းရာချီပြီး ပြောင်ရလိမ့်မယ်ထင်ပါတယ်။

တက်စီတစ်စီငှားပြီး တည်းခိုရိပ်သာပြန်ရောက်တော့ ည၁၀နာရီခွဲနေပါပြီ။ လူလည်း ပင်ပန်းနေပြီမို့ ဘယ်မှထပ်မသွားဖြစ်ကြတော့ဘဲ မဟာရန်ကုန်ဒုတိယညကို အိပ်ပစ်လိုက်ပြီး ဖြတ်သန်းခဲ့ပါကြောင်း။ ။

Sunday, 2 January 2011

ရန်ကုန်သွား တောလား . . .

၁၇ရက်နေ့ကစပြီး
အိမ်ရှင်မကို ကြိုဖို့ ရန်ကုန်ခရီးရှည်ကြီးကို သွားခဲ့တဲ့ ဦးဟန်ကြည်တစ်ယောက် နှစ်သစ်ကူး၁ရက်နေ့ကပဲ ကိုယ့်အိမ်ကိုယ့်ယာကို ပြန်ရောက်ခဲ့ပါပြီ။

ကားပေါ်မှာတင် အသွားနှစ်ရက်၊ အပြန်နှစ်ရက် ကုန်ခဲ့တာမို့ ခရီးစဉ်ရဲ့ တစ်ဝက်လောက်က ကားပေါ်မှာကုန်ခဲ့တယ်လို့ဆိုရင်လည်း မမှားနိုင်ပါ။ အသွားခရီးမှာ ၁၇ရက်နေ့ မနက်ဂနာရီခွဲကနေ စပြီးကားပေါ်မှာထိုင်လိုက်ရတာ လမ်းမှာမှတ်ပုံတင်စစ်ဆေးတာခံဖို့ ကားပေါ်ကဆင်းရတဲ့ ငါးခါကလွဲရင် ကျန်တဲ့အချိန်ဟူသမျှ ကိုယ့်ခုံပေါ်မှာပဲ ခွေခေါက်ထိုင်နေရတာမို့ ပျင်းစရာကောင်းသလို ကားစီးရင်းမအိပ်တတ်တဲ့ အကျင့်ကြောင့်လည်း သူများတွေထက် ပိုပင်ပန်းသလို ခံစားရပါတယ်။

ရန်ကုန်ကို မနက်၂နာရီခွဲလောက်မှာရောက်သွားတာဖြစ်လို့ ရန်ကုန်ကိုဖြတ်သွားဖြတ်လာနှစ်ခါပဲ ရောက်ဖူးတဲ့ ကိုယ်တစ်ယောက် ညကြီးမင်းကြီးမှာ ဘယ်မှာနားလို့နားရမှန်းမသိဘဲ ပြဿနာတက်ပါတော့တယ်။ ကံကောင်းချင်တော့ ကားပေါ်မှာပါလာတဲ့ ချင်းခရစ်ယာန်သားအမိက ကိုယ့်ကိုသူတို့အိမ်မှာ လိုက်နားဖို့ဖိတ်တာကြောင့် အဆင်သင့်သွားပါတော့တယ်။ အမှန်အတိုင်းပြောရရင် ရန်ကုန်သူ၊ ရန်ကုန်သားဆိုရင် သိပ်မယုံရဘူးလို့ မွေးကတည်းကစွဲနေတဲ့ အညာသားစိတ်ကြောင့် သူတို့သားအမိခေါ်တဲ့နောက်ကို လိုက်သာလိုက်ရတယ် စိတ်ထဲမှာတော့ စိုးရိမ်နေတာပါ။ ဒါပေမယ့် ရန်ကင်းမှာနေတဲ့သူတို့အိမ်ရောက်လို့ ကောင်းကောင်းမွန်မွန်ဖော်ဖော်ရွေရွေရှိတာတွေ့တော့မှာ ရင်ထဲက အလုံးကြီး ကျသွားပါတော့တယ်။ သူများအိမ်၊ သူများယာဖြစ်တာကြောင့် ဘယ်လောက်အိပ်ယာနေရာကောင်းကောင်းနဲ့ အိပ်ရပေမယ့် ကောင်းကောင်းအိပ်လို့ မပျော်ခဲ့ပါ။ မနက်၇နာရီထိုးမှာတော့ အိပ်ရာထ၊ မျက်နှာသစ်ပြီး အိမ်ရှင်ဆရာမကို နှုတ်ဆက်ပြီး ကိုယ်အသွားချင်ဆုံးနေရာဖြစ်တဲ့ ပန်းဆိုးတန်းစာအုပ်တန်းကို ထွက်ခဲ့ပါတယ်။ ဒါပေမယ့် ရန်ကုန်ပန်းဆိုးတန်းလမ်းဆိုတာကို ကြားသာကြားဖူးပြီး တစ်ခါမှမရောက်ဖူးခဲ့တဲ့ ကိုယ့်အတွက်ချင်းဆရာမက ၃၅၀၀နဲ့ဈေးဆစ်ပြီး တက်စီတစ်စီးငှားပေးလို့သာ ချောချောမောမောရောက်တာကိုလည်း ပြောရပါလိမ့်မယ်။

ပန်းဆိုးတန်းစာအုပ်တန်းရောက်တော့ စာအုပ်ဟောင်းတန်းမမြင်ရတာဆယ်စုနှစ်နီးပါးကြာခဲ့ပြီဖြစ်တဲ့ ကိုယ့်အတွက်တော့ ပိုင်ရှင်မရှိတဲ့ ရတနာသိုက်ကြီးတွေ့သလို ၀မ်းမြောက်ဝမ်းသာဖြစ်သွားပါတယ်။ ဗဟိုတရားရုံးရှေ့ကနေ လမ်းဘေးစာအုပ်ဆိုင်တွေကို တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်မွှေလိုက်နှောက်လိုက် ၀ယ်လိုက်တာ မနိုင်မနင်းဖြစ်တဲ့အထိပါပဲ။ သူတို့မြို့က ဒီမနက်မှထွက်လာမယ့် အိမ်ရှင်မကိုလည်း ဖုန်းခေါ်လို့မရတာကြောင့် ရန်ကုန်မြို့လယ်မှာ တစ်ယောက်တည်း ယောင်ချာချာဖြစ်ရင်း နေ့လည်၁၁ထိုးသွားပါတော့တယ်။ ပန်းဆိုးတန်းတစ်လျှောက်တွေ့သမျှ စာအုပ်ဟောင်းဆိုင်၊ စာပေတိုက်မှန်သမျှ အငမ်းမရ ၀င်ဝယ်ဖြစ်တာမို့ စာအုပ်တပုံတပင်နဲ့လူလည်း မနိုင်မနင်းဖြစ်လို့နေပြီမို့ ပန်းခြံတစ်ခုခုမှာ သွားပြီးနားဖို့ စိတ်ကူးမိပါတယ်။ ခက်တာက ရန်ကုန်မှာဘာပန်းခြံတွေရှိသလဲမသိတာကြောင့် တက်စီတစ်စီးခေါ်ပြီး ကားသမားကိုမေးရပါတော့တယ်။ ကားသမားက ကော်ဖီဆိုင်တစ်ဆိုင်ဆိုင်မှာနားဖို့ အကြံပေးတာကြောင့် မနီးမဝေးက J Doughnuts ကိုသွားဖို့ စိတ်ကူးရပါတယ်။ ဆိုင်ရှေ့ရောက်တော့ လူများလွန်းတာတွေ့ရလို့ ကားသမားက ခပ်လှမ်းလှမ်းက Ruby Mart ကိုပဲ မောင်းပို့တာကြောင့် တောသားမြို့ရောက် ဦးဟန်ကြည်တစ်ယောက် Shopping Mall ဆီကို မျက်စိသူငယ်နားသူငယ်နဲ့ အရှင်လတ်လတ်ရောက်ရပါတော့တယ်။ ဘာပဲဖြစ်ဖြစ် ဟန်ကိုယ့်ဖို့ဆိုတဲ့စကားလုံးကို စိတ်ထဲကရွတ်ရင်း ခပ်တည်တည်ပဲ ၀င်ချသွားလိုက်ပါတယ်။ ဆိုင်ထဲရောက်တော့ မသယ်နိုင်အောင် လေးလာပြီဖြစ်တဲ့ စာအုပ်ထုပ်ကြီးကို ကောင်တာမှာတင် အပ်ပစ်ခဲ့ပြီး အပေါ်ထပ်တက်လို့ Window Shopping လုပ်ငန်းစပါတော့တယ်။ ၀ယ်တာမ၀ယ်တာအပထား အထင်တော့အသေးမခံရစေဘူးဆိုတဲ့ ရည်မှန်းချက်နဲ့ ကောင်းပေ့၊ ဈေးကြီးပေ့ဆိုတဲ့ ပစ္စည်းတွေကိုပဲ အားပါးတရကြည့်ခဲ့ပါတယ်။

http://perfectmagazineonline.com/journal/perfect_news/images/upload/dec2010/ygn/1.jpg

၁နာရီလောက်ကြာအောင် လှည့်ပတ်ကြည့်ပြီးချိန်မှာတော့ ဆိုင်ဝန်ထမ်းတွေလည်း ကိုယ့်ကိုမျက်စိစပါးမွေးစူးလောက်ပြီမို့ မြေညီထပ်ကိုဆင်းပြီး ကော်ဖီဆိုင်မှာနားဖြစ်ပါတယ်။ ကိုယ်တိုင်မှာရတ
ဲ့ ရန်ကုန်စံနစ်ကို အထာမကျသေးတာမို့ နာရီဝက်လောက်ကြာအောင် တငုတ်တုတ်တုတ်နဲ့ထိုင်ခဲ့ရပြီး သူများတွေကိုကြည့်မှ သဘောပေါက်တာကြောင့် ခပ်တည်တည်နဲ့ ကောင်တာကိုသွားပြီး espresso တစ်ခွက်မှာသောက်ဖြစ်ပါတယ်။ ရေနွေးကြမ်းခွက်သာသာခွက်လေးနဲ့ ထည့်ပေးတဲ့ အဲဒီ espresso ခါးခါးတူးတူးကြီးကို ကြိတ်မှိတ်မြိုချရင်း ဘုမသိဘမသိနဲ့ တွေ့ကရာမှာမိတဲ့ ကိုယ့်ကိုယ်ကိုပဲ မေတ္တာပို့မိပါတော့တယ်။ ခဏကြာတော့ ကော်ဖီဆိုင်ဘေးက စီဒီဆိုင်မှာ သီချင်းခွေဝယ်ဖြစ်ခဲ့ပါတယ်။ ကိုယ်တို့ဆီမှာ ဘယ်လိုမှရှာလို့မရတဲ့ Black More's Night, Presley, Beetles ခွေတွေ အားရပါးရ၀ယ်ဖြစ်ခဲ့ပါတယ်။ ဒါတွေအပြင် online ပေါ်ကနေ မ၀ရေစာ download ချယူနေရလို့ စိတ်တိုင်းမကျခဲ့တဲ့ Beethoven, Mozart တို့ရဲ့ တီးလုံးခွေတွေလည်း ၀ယ်ဖြစ်ခဲ့ပါသေးတယ်။ ၀ယ်ထားတဲ့ခွေတွေအတွက်ငွေရှင်းမယ်လုပ်နေတုန်းမှာ မရှောင်လွဲနိုင်တဲ့ သဘာဝရဲ့ခေါ်သံကြောင့် ခွေဆိုင်ကို တောင်းပန်ပြီး အိမ်သာဆီကိုပြေးရပါသေးတယ်။ ဖြစ်ချင်တော့ မြေညီထပ်မှာ အမျိုးသားအိမ်သာက တစ်လုံးပဲရှိတာကြောင့် ကိုယ်ရောက်သွားချိန်မှာ မအားတာနဲ့ကြုံနေတာမို့ အန္တရာယ်ကို အသာလွယ်ရင်း ဒုတိယထပ်ထိရောက်အောင် စက်လှေခါးစီးလို့ ဗိုက်ပြဿနာကို ဖြေရှင်းခဲ့ရပါသေးတယ်။ တိုးတက်လှတဲ့ ကိုယ်တို့တိုင်းပြည်ဖြစ်တာနဲ့အညီ ကိစ္စ၀ိစ္စတွေပြီးလို့ ရေဆွဲချလိုက်တဲ့အခါ ဝေါခနဲမမြည်ဘဲ ပလုံခနဲမြည်သံသာကြားရတာမို့ မသင်္ကာတာကြောင့် အဖုံးဖွင့်ကြည့်တော့ အိမ်သာခွက်တစ်ခုလုံး ရေတွေပြည့်နေတာတွေ့ရပါတော့တယ်။ ကိုယ်လည်း ဘာမှမလုပ်တတ်တော့တာမို့ ခပ်တည်တည်နဲ့ အဖုံးအသာပြန်ဖုံးပြီး ခပ်မြန်မြန်ဘဲလစ်ခဲ့ရပါတော့တယ်။

ပြဿနာရှင်းပြီးတော့ ခွေဆိုင်ပြန်ဆင်းပြီး ငွေရှင်းပြီးတဲ့အခါ နေ့လည်၃နာရီလည်း ကျော်နေပြီမို့ အပြင်ထွက်ခဲ့ရပါတယ်။ တွေ့တဲ့ဆိုက်ကားတစ်စီးကိုငှားပြီး ပန်းဆိုးတန်းဘက်ပြန်သွားမယ်အလုပ်မှာ အိမ်ရှင်မဆီက ဖုန်းဝင်လာပြီး သူတို့ရန်ကုန်ကိုရောက်ပြီဆိုတာ အကြောင်းကြားတော့တာမို့ ပန်းဆိုးတန်းဘက်သွားမယ့်အစား တက်စီတစ်စီးပေါ်တက်ပြီး ကိုယ်တို့တည်းဖို့ စီစဉ်ထားတဲ့ သတ္တမနေ့ ဥပုသ်သင်းရှိရာ ဦးဝိစာရလမ်းဘက်ကို မြန်မာကျပ်ငွေ ၃၅၀၀အကုန်ခံပြီး အိမ်ရှင်မတို့မောင်နှမတွေကို သွားပြီး အကြိုထောက်ရပါတော့တယ်။

ဝယ်လာခဲ့တဲ့ စာအုပ်ထုပ်ကို ဖင်ခုထိုင်၊ စာအုပ်တစ်အုပ်ကိုထုတ်ဖတ်ရင်း အသင်းတော်ရှေ့က လမ်းမီးတိုင်အောက်မှာ အိမ်ရှင်မတို့တစ်အုပ်ကို ၁နာရီကျော်ကျော်စောင့်ပြီှးမှ တက်စီတစ်စီးနဲ့ မောင်နှမတွေ တစ်အုပ်တစ်မကြီးရောက်လာကြပြီး မွေးကတည်းက တစ်ခါမှမမြင်ဖူးတဲ့ ယောက်ဖတွေ၊ ခယ်မတွေကို အိမ်ရှင်မနဲ့အတူ တွေ့ရပါတော့တယ်။

ပစ္စည်းတွေနေရာချပြီးတော့ ခဏတောင်မနားရတော့ဘဲ နေပြည်တော်ကို ချက်ချင်းပြန်ရမယ့် ခယ်မဖြစ်သူအတွက် ကားလက်မှတ်ဝယ်ဖို့၊ မန္တလေးကို ပြန်ကြမယ့် ယောက်ဖရဲ့ မိန်းမကို ဘူတာကြီးလိုက်ပို့ဖို့ ပြန်ထွက်ရပါတော့တယ်။ အဲဒီတစ်ညနေလေးတင်ပဲ အောင်မင်္ဂလာကားကွင်းကို အသွားအပြန်နှစ်ခေါက်သွားရတာမို့ တက်စီခ ၁၆၀၀၀ကျသွားပြီး ဦးဟန်ကြည်ခမျာ
နှမြောစိတ်လေးအသာဖယ်လို့ မချိပြုံးလေးသာပြုံးရင်း ရန်ကုန်မှာ ပထမနေ့ ကုန်ခဲ့ရပါကြောင်း။ ။

ကြိုက်ရင်ပေါ့လေ . . .