Sunday, 27 March 2011

တောကျောင်းအလွမ်း . . .

 ဒီနေ့
  ဘလော့တကာ ပတ်ပြီးစာဖတ်ရင်းနဲ့  မိသားစုဒိုင်ယာယီရဲ့ တစ်ခါတုန်းက...(၁)  ဆိုတဲ့ပိုစ့်မှာ တောကျောင်းဆရာလုပ်တုန်းက အမှတ်တရလေးတွေ ဖတ်ရင်း ကိုယ်ဆယ်တန်းအောင်ပြီးကာစက အညာရွာကလေးတစ်ရွာမှာ လုပ်အားပေးကျောင်းဆရာ လုပ်ခဲ့တာ ပြန်သတိရမိပြီး စာရေးချင်စိတ်ပေါ်လာတာကြောင့် ဒီပိုစ့်ကို ရေးမိပြန်ပါတယ်။ စာရေးတဲ့ဝါသနာဆိုတာကလည်း အခက်သားပါ။ ရေးစရာတွေ့ရင် ရေးကိုရေးရမှ ကျေနပ်တာမို့ မောင်မျိုးက သူ့ဘလော့မှာ ရေးထားတဲ့ ပိုစ့်တစ်ခုထဲက စာသား မနေနိုင်လို့ပါ စာရေးစရှိတဲ့သူက စာမရေးပဲနေရတဲ့အခါ ဆေးလိပ်ဖြတ်ထားတဲ့သူ ဆေးလိပ်ပြန်သောက်ချင်သလိုပေါ့ ” ကို ကိုးကားပြီး ရေးချင်တာကို ရေးဖြစ်အောင်ပဲ ရေးလိုက်ပါတယ်။ 
 
 
ဆယ်တန်းဖြေပြီးတဲ့အချိန်မှာ ကိုယ့်အသက်က ၁၈ ၀န်းကျင်ရှိပါပြီ။ 
စာကောင်းကောင်းလိုက်နိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မေမေက ၆နှစ်ကျော်မှ ကျောင်းထားတာကြောင့်ရယ် ကြားထဲမှာ ကျောင်းတွေ တစ်နှစ်ကျော်ပိတ်လိုက်တာတွေရယ်ကြောင့် ဆယ်တန်းအောင်ချိန်မှာ အသက်က ၁၈ ဖြစ်သွားတာပါ။ အခြေအနေအရပ်ရပ်ကြောင့် တက္ကသိုလ်တွေကလည်း မဖွင့်သေးတာကြောင့် စိတ်မလေအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျောင်းမဖွင့်ခင်ကြားကာလမှာ ၁၀ တန်းတွေကို စာပြန်သင်ပါတယ်။ ဒါတင်အားမရသေးဘဲ မြို့နဲ့ ၆ မိုင်လောက်ဝေးတဲ့ ရွာတစ်ရွာက မူလတန်းကျောင်းမှာ လုပ်အားပေးကျောင်းဆရာ သွားလုပ်ပါသေးတယ်။ မနက်မိုးလင်းရင် ၆ နာရီကနေ ၈ နာရီအထိ ဆယ်တန်းတွေကို စာသင်။ မနက် ၉ နာရီဝန်းကျင်ဆိုရင် လုပ်အားပေးတဲ့ ကျောင်းကိုသွားစာသင်၊ ညနေ ၄နာရီလောက်မှပြန်လာ။ ညနေ ၆ နာရီကနေ ည ၈နာရီအထိ ၁၀ တန်းကျောင်းသားတွေကို စာသင်၊ ၈ နာရီကနေ ၁၀ နာရီခွဲအထိ Study guide လုပ်နဲ့ တစ်နေ့လုံး ချာလပတ်လည်နေအောင် ပညာရေးလောကထဲကို စ၀င်ဖြစ်ပါတယ်။ အဲဒီအထုံပါရမီကြောင့်ပဲ ကြီးလာတဲ့အခါမှာ ဆရာအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းရသလား မသိတော့ပါ။


ကဲ...စကားချီးတွေလက်စသတ်လို့ ကိုယ်တို့တောကျောင်းကလေးဆီ အလည်သွားကြပါစို့ရဲ့...


ကိုယ်လုပ်အားပေးတဲ့ကျောင်းမှာ အသက် ၃၀ကျော်ဆရာမအပျိုကြီးတွေချည်းပဲ ၈ယောက်ရှိပါတယ်။ ဆရာဆိုလို့ ကျောင်းအုပ်ကြီးနဲ့ ကိုယ်နဲ့နှစ်ယောက်ပဲ ရှိတာပါ။ မနက် ၉နာရီထိုးရင် ကိုယ့်အစ်မသုံးလေးဝမ်းကွဲလောက်တော်တဲ့ ဆရာမက ကိုယ့်အိမ်ဝင်ပြီး ကျောင်းသွားဖို့ခေါ်ပါတယ်။ ထမင်းဗူးလေးထုပ်ပြီး စက်ဘီးတစ်စီးစီစီးရင်း စကားတစ်ပြောပြောနဲ့ သွားကြရင် နာရီဝက်ကျော်ကျော်လောက်မှာ ကျောင်းရောက်ပါတယ်။ အဲဒီရွာကလေးက ကားလမ်းဘေးမှာရှိပေမယ့် ကျောင်းကတော့ ချောင်းနံဘေးလယ်ကွင်းတွေကြားမှာပါ။ ကျောင်းနဲ့ ကားလမ်းကလည်း ၁ဖာလုံကျော်ကျော် ဝေးပါသေးတယ်။ ကိုယ်တို့များ နောက်ကျနေရင် ကျောင်းမှာရှိသမျှ တပည့်ပုစုခရုအားလုံး ကားလမ်းမထွက်ပြီး သူတို့ဆရာ၊ ဆရာမတွေကို မျှော်ကြပါတော့တယ်။ တစ်ခါတစ်ခါများ အုပ်စုလိုက်ကြီး လမ်းလျှောက်လာကြရင်း ကိုယ်တို့နဲ့ လမ်းတ၀က်မှာ ဆုံတဲ့အခါတောင် ရှိပါသေးတယ်။ ကိုယ်တို့ကိုမြင်တာနဲ့ အုပ်လိုက်ကြီးပြေးလာပြီး စက်ဘီးကိုဝိုင်းတွန်းတဲ့ကလေးကတွန်း အထုပ်အပိုးတွေ ၀ိုင်းသယ်တဲ့ကလေးကသယ်နဲ့ တကဲ့ကို ပျော်စရာပါ။ ဆရာ့ပစ္စည်းတွေလုသယ်ကြရင်း ရန်များတောင် ဖြစ်တဲ့အခါ ဖြစ်ကြပါသေးရဲ့။


ကိုယ်တို့ကျောင်းသားလေးတွေလို့ပြောတာကြောင့် လှလှပပ သန့်သန့်ရှင်းရှင်းလေးတွေလို့ မထင်စေချင်ပါ။ တစ်ယောက်မှအဖြူ၊ အစိမ်းမ၀တ်နိုင်သလို ၉၀ရာခိုင်နှုန်းလောက်က ဖိနပ်မစီးနိုင်တာများပါတယ်။ အမျိုးသားပညာဝန်ဦးဖိုးကျားရဲ့ မိတဆိုးရှင်ပြုထဲက စာသားကို ငှားပြီးသုံးရရင် “ခေါင်းတုံး၊ သျှောင်ထုံး၊ ဗိုက်ပူ၊ ရင်ကော့နှင့် အကွက်မပေါ်သော ချည်လုံချည် ထည်ချင်းဖြင့် တန်ဆာဆင်ခြင်းလည်း ရှိထသော၊ နှပ်ကြောင်း၊ ကြေးကြောင်း၊ ကြေးကွက်တို့နှင့် မက်ဖွယ်၊ ချစ်ဖွယ်၊ နှစ်သက်ဖွယ်လည်း ဖြစ်ထသော” ကျောင်းသား ကျောင်းသူလေးများပါ။ လယ်သမား၊ လယ်ကူလီ၊ သူရင်းငှားသားသမီးလေးတွေ ဖြစ်တာကြောင့် တစ်ခါတစ်ခါ ကျောင်းတက်ချိန်အမီ လယ်ထဲကပြေးတက်လာကြလေ့ ရှိပါသေးတယ်။ ဖိနပ်မပါတဲ့ ကလေးတွေရဲ့ခြေထောက်မှာ ရွှံ့ဗွက်ခြောက်တွေမပါရင် ကိုယ်တို့ကျောင်းသားတွေမဟုတ်ဘူးလို့တောင် 
ဖော်မြူလာထုတ်ယူရမယ် ထင်ပါရဲ့။


ကိုယ်တို့စာသင်ကျောင်းကလည်း အများမြင်ဖူးတဲ့ အုတ်တိုက်အမိုးနီနီ မဟုတ်ပါ။
မြေစိုက် ထရံကာ ကြံသက်ကယ်မိုး(ဓနိမမိုးပါ။ ဓနိက မြစ်ဝကျွန်းပေါ်ဒေသမှာပဲပေါပြီး အထက်အညာဒေသများမှာတော့ ကြံပင်က အရွက်ခြောက်တွေကို သက်ကယ်ပျစ်ပြီး မိုးလေ့ရှိပါတယ်) လေးတိုင်စင်သာသာကျောင်းပါ။
ထရံကာကျောင်းဖြစ်ပေမယ့် အထင်တော့ မသေးစေချင်ပါ။ ကိုယ်တို့ကျောင်းသားလေးတွေ လက်ချက်နဲ့ ပေါက်တဲ့နေရာပေါက် ပြဲတဲ့နေရာပြဲ၊ ဖောင်းတဲ့နေရာဖောင်း ပိန်တဲ့နေရာပိန်ပြီး အဝေးကများကြည့်ရင် စိတ္တဇပန်းချီကားဆန်ဆန် ဖြစ်အောင်စီမံထားပါတယ်။ ရည်ရွယ်ချက်ကတော့ ကလေးတွေကြီးလာရင် Abstract artist တွေ ဖြစ်အောင်ပါ။ ဒါမြန်မာ့နည်း မြန်မာ့ဟန် စာသင်ကျောင်းအစစ်ဖြစ်ပါတယ်။ အဲဒီကျောင်းဆောင်အနီးမှာ သုံးတန်းလေးတန်းအတွက် အိုမင်းဟောင်းနွမ်းနေတဲ့ ခြေတံရှည်သစ်သားကျောင်းဆောင်တစ်ဆောင်ရှိပါတယ်။ သွပ်မိုးထားပေမယ့် မိုးရွာရင် ထီးဆောင်းနေရတဲ့အထိ ပြီးပြည့်စုံတဲ့ စာသင်ကျောင်းဖြစ်ပါတယ်။ နေပူရင်လည်း ချွေးပြိုက်ပြိုက်ကျလောက်အောင် လေ၀င်လေထွက်ကောင်းလှပါတယ်။ ခိုင်ခန့်တောင့်တင်းလွန်းတာမို့ ကလေးသုံးလေးယောက် တစ်ပြိုင်တည်း လမ်းလျှောက်ရင်၊ ပြေးရင် ကျောင်းပြိုကျမှာကြောက်တာကြောင့် ကိုယ်တို့ဆရာတွေမှာ ဘုရားစာရွတ်နေရတဲ့အထိ ကုသိုလ်ရတဲ့ စာသင်ဆောင်ပါ။


စာသင်ဆောင်ရှေ့၊ နောက်နဲ့ ဘယ်ဘက်ခြမ်းမှာတော့ လယ်ကွင်းတွေ ၀ိုင်းထားပါတယ်။ ကလေးတွေကို သဘာဝသိပ္ပံသင်တဲ့အခါ အပင်တွေကို လွယ်လွယ်ကူကူပြနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက် တစ်စိတ်တစ်ပိုင်း ပါမယ်ထင်ပါရဲ့။ ဒါတင်မကသေးပဲ စပါးတွေ မှည့်လောက်တဲ့ရာသီဆိုရင် အပင်တွေကြားမှာ ပျော်ပျော်ကြီးစံနေကြတဲ့ မြွေပေါင်းစုံတို့က ကျောင်းခန်းထဲအထိ အလည်လာလေ့ရှိတာကြောင့် သတ္တဗေဒများသင်ချင်ရင် သူများနိုင်ငံကကျောင်းတွေလို lab ထဲမှာ ဆေးရည်စိမ်ထားတဲ့ အကောင်တွေယူပြဖို့မလိုဘဲ လတ်လတ်ဆတ်ဆတ်လေ့လာခွင့်ရကြပါတယ်။ ဒါပေမယ့် အနှီသင်ထောက်ကူ သတ္တ၀ါခမျာလည်း သုံးတန်း၊လေးတန်းက ကျောင်းသားတွေလက်ချက်နဲ့ ကြာကြာသင်ထောက်ကူခွင့်မရလိုက်တာများပါတယ်။ ဘာပဲပြောပြော စားနပ်ရိက္ခာပါ ဖူလုံတဲ့စာသင်ကျောင်းလို့ပဲ ပြောရပါလိမ့်မယ်။ ကျောင်းဘယ်ဘက်ခြမ်းက လယ်ကွင်းတွေအလွန်မှာ ရွာနဲ့ကျောင်းကို ခြားထားတဲ့ ချောင်းရှိပါတယ်။ ကျောင်းသားတွေ ကျောင်းလာကြရင် အဲဒီချောင်းကတံတားကို ဖြတ်ပြီးလာရတာပါ။ မိုးဦးကျပြီဆိုရင် အဲဒီချောင်းကရေတွေလျှံလာပြီး ကိုယ်တို့အောက်ထပ်ကျောင်းဆောင်တစ်ခုလုံး ရေအပြည့်ဖုံးလို့ တီ၊ ဖား၊ ငါးပေါင်းစုံနဲ့ သဘာဝသမိုင်းပြတိုက် ဖြစ်သွားလေ့ရှိပါတယ်။ ချောင်းရေကြီးရင် တံတားပါရေအောက်ရောက်တာမို့ အဲဒီကာလတွေကတော့ ကိုယ်တို့ရော၊ ကလေးတွေအတွက် Gazette မဟုတ်သော Natural holiday ပါပဲ။


ကိုယ်တို့ကျောင်းရဲ့ ညာဘက်မှာတော့ ရွာဦးဘုန်းတော်ကြီးကျောင်းရှိပါတယ်။ ကိုယ်တို့ဆရာတွေရဲ့ ကျေးဇူးရှင်ဆရာတော်ကျောင်းပါ။ ဘာကြောင့်လဲဆိုရင် နေ့လည်ပိုင်း ဆွမ်းစားပြီးတာနဲ့ ရွာထဲကလှူကြတန်းကြတာတွေထဲက ဘုဉ်းပေးလို့မကုန်တဲ့ ဆွမ်းကျန်၊ ကွမ်းကျန်၊ မုန့်ပဲသွားရေစာ အကျန်လေးတွေကို ဆရာတော်က ကိုယ်တို့ဆရာ၊ ဆရာမတွေကို စွန့်ကြဲလေ့ရှိလို့ပါ။ နေ့လည် ၁၂ ၀န်းကျင်လောက်ရောက်ရင် ကိုယ်တို့ဆရာတစ်အုပ်လည်း ဆရာတော်အခေါ်လွှတ်ရင် တစ်စုတစ်ဝေးထဲ ကပ္ပိယအကြီးစား အလုပ်ကို ပျော်ပျော်ကြီးလုပ်ကြလေ့ ရှိပါတယ်။ ဆင်းရဲသူ ဆင်းရဲသား ကျောင်းသားလေးတွေဆီက တစ်ခုခု စားရဖို့ဆိုတာ မမျှော်လင့်ကောင်းတဲ့ အရာပါ။ တစ်ခါတစ်လေ(တကယ့်တစ်ခါတစ်လေပါ၊ တစ်နှစ်လုံးမှာ သုံးခါလောက်တော့ ကြုံဖူးပါတယ်) ကလေးတစ်ယောက်တစ်လေက သဒ္ဓါပေါက်ပြီး လက်ဖက်သုတ်လေးတစ်ပွဲလောက် ထည့်ယူလာခဲ့ရင် အဲဒီနေ့မျိုးကတော့ ကိုယ်တို့ဆရာတွေအတွက် မင်္ဂလာအလွန်အင်မတန်ရှိပေထသော နေ့ပါ။ ရွာထဲက မိဘတစ်ယောက်တစ်လေက သဒ္ဓါပေါက်ပြန်တာကြောင့် လက်ဖက်ရည်သောက်ဖို့ ဖိတ်ရင်(အထင်မကြီးစေချင်ပါ၊ tea လက်ဖက်ရည်မဟုတ်ပါ၊ ရေနွေးကြမ်းနဲ့ ပဲခြမ်းသုတ်၊ လက်ဖက်သုတ်ပဲ ကျွေးနိုင်ကြပါတယ်) ကိုယ်တို့ဆရာတစ်အုပ် တကယ့်ကို ၀မ်းသာအားရ သွားပြီးဒါနပါရမီဖြည့်ရလေ့ ရှိပါတယ်။ ကျန်တဲ့ရက်များကတော့ ဆရာတစ်အုပ်ခေါင်းချင်းဆိုင် ထမင်းဘူးကိုယ်စီဖွင့် သူ့ဟင်း၊ ကိုယ့်ဟင်း ဖလှယ်ရင်း(တစ်ယောက်မှ အသားဟင်းမပါတာများပါတယ်) တင်းတိမ်ကြရတာ များပါတယ်။
 
 
အင်း...ဆိုင်ကယ်တ၀ီဝီ၊ ကားတ၀ီဝီနဲ့ ဒီဘက်ခေတ် မြို့ကျောင်းဆရာမလေးတွေကို ကြည့်ရင်း ကိုယ်တို့လုပ်ဖော်ကိုင်ဖက် ဆရာမတွေကို လွမ်းလိုက်တာလေ။


ကိုယ်တို့ကျောင်းက မြို့ကျောင်းတွေလို စာသင်ခန်းတစ်ခန်းနဲ့ တစ်ခန်းကြားမှာ နံရံတွေဘာတွေခြားထားတာ မရှိဘဲ အားလုံး တစ်ပြင်တည်းပါ။ အပေါ်ထပ်မှာ နှစ်တန်း၊ သုံးတန်း၊ လေးတန်း အတန်းသုံးတန်းတင်ထားပါတယ်။ ကလေးတို့သဘာဝ စာဖတ်ရင် အသံကုန်ထုတ်ပြီး ကုန်းအော်ကြတာမို့ တစ်တန်းက စာဖတ်ရင် နောက်တစ်တန်းက စာသင်လို့မရတော့ပါ။ မအော်နဲ့လို့ တားပြန်ရင်လည်း ကလေးတွေရဲ့ ပညာသင်လိုစိတ်ကို ချိုးနှိမ်ရာကျမှာစိုးတာကြောင့် ကိုယ့်ဖာသာ အဆင်ပြေအောင် ကြည့်စီစဉ်ရပါတယ်။ ကိုယ်ကတော့ အဲဒီလို အချိန်မျိုးဆိုရင် ကျောက်သင်ပုန်းကို ကျောင်းအောက်ချခိုင်းပြီး ကျောင်းရှေ့က မန်ကျီးပင်ကြီးအောက် တစ်တန်းလုံးခေါ်ဆင်းသွားပြီး စာသင်လေ့ရှိပါတယ်။ နိုင်ငံတကာမှာ ခေတ်စားနေတဲ့ လွင်ပြင်ကျယ်သင်ကြားမှုနည်းစံနစ်လို့ ကြီးကြီးကျယ်ကျယ် ခေါင်းစဉ်တပ်ချင်လည်း တပ်လို့ရမယ်ထင်ပါရဲ့။ ရိုးရာနည်းစံနစ်အတိုင်း ကိုယ့်ကျောင်းသားတွေအားလုံး ဖုန်ထဲသဲထဲမှာ မှောက်ရင်း စာရေးကြပါတယ်။ ဘာပဲပြောပြော လေကောင်းလေသန့်ကောင်းကောင်းရပြီး လွတ်လွတ်လပ်လပ်ရှိလွန်းတာမို့ အဲဒီလိုများသင်ရရင် ကလေးတွေအားလုံး မြူးကြွနေတာပါပဲ။ ကျန်းမာရေးအမြင်နဲ့ကြည့်ရင်တော့လည်း ဖုန်ထဲသဲထဲမှာ ဖြစ်သလိုထိုင်ရင်း စာသင်တာ ရောဂါဖြစ်မယ်လို့ ထင်စရာပါ။ ဒါပေမယ့် ဒီလိုမှမလုပ်ပြန်ရင်လည်း ပွက်ပွက်ညံနေတဲ့ ကျောင်းမကြီးပေါ်မှာ စာသင်လို့လုံးဝ မဖြစ်နိုင်ဘူး မဟုတ်လား။


ကိုယ့်အသက်က ၁၈ ၀န်းကျင်ပဲ ရှိပေမယ့် အတန်းစဉ်ထူးချွန်ခဲ့လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပထမဆုံးနှစ်မှာ သုံးတန်းသင်ရပါတယ်။ ဒီကလေးတွေ အတန်းတက်သွားတော့ ကိုယ်ပါလိုက်တက်သွားပြီး နောက်တစ်နှစ်မှာ လေးတန်းသင်ရပါတယ်။ စာသင်ကာစကတော့ နည်းနည်းခပ်ပေမယ့် တဖြည်းဖြည်း အသားကျသွားပါရဲ့။ ကလေးတို့သဘာဝအရ ကိုယ့်ဆရာပြောသမျှအမှန်လို့ပဲ တစ်ထစ်ချယုံလိုက်ကြတာကြောင့် သိပ်အခက်အခဲမရှိပါ။ ဒါပေမယ့် ကိုယ့်ဘက်ကတော့ အထာကျအောင် အတော်လေး ကြိုးစားယူရပါတယ်။ တစ်ခါသားမှာ ကိုယ့်ကလေးတွေကို စာတစ်ပုဒ်အိမ်စာပေးပြီး နောက်နေ့စာမရရင် ရိုက်မယ်လို့မှာလိုက်မိပါတယ်။ နောက်နေ့လည်းရောက်ရော ကလေးအားလုံး လက်ဝါးလေးတွေထိုးပေးကြပါတော့တယ်။ စာကျက်တာနဲ့ အရိုက်ခံတာနှစ်မျိုးမှာ အသက်သာဆုံးကိုများ ရွေးလိုက်ကြသလားမသိပါ။ တစ်ချီထဲနဲ့ သဘောပေါက်သွားတဲ့ကိုယ်က စာကျက်စရာရှိရင် စာသင်ခန်းထဲ မှာပဲ အရကျက်ပေးလိုက်ပါတော့တယ်။ ကိုယ့်ကလေးတွေနဲ့ ကိုယ်နဲ့ကတော့ ဟန်ကျနေပါရဲ့။
 
 
ဒါပေမယ့် ကိုယ့်ကိုယ်ကို အထင်ကြီးနေခဲ့သမျှ သူငယ်တန်းသင်တဲ့ ကိုယ့်အစ်မ ကျောင်းမလာတာကြောင့် သူငယ်တန်းကိုဆင်းပြီး အစားဝင်သင်မိမှပဲ ကိုယ့်အဆင့်ကို ကောင်းကောင်းသဘောပေါက်ပါရောလား။ ကိုယ့်အစ်မအပျိုကြီးက သူ့ကလေးတွေကိုစာသင်ရင် တကယ့်ကို စိတ်ရောကိုယ်ပါနှစ်ပြီးသင်တတ်သူပါ။ ကကြီးရေက ဆိုရင် စိတ်ပါလက်ပါ ကပြလေ့ရှိသလို 
ကကြီးရေးချကာဆိုရင်လည်း လက်ကလေးတွေကာပြပြီး စာလုံးတစ်လုံးချင်းစီကို ကျကျနနရှင်းပြပြီး သင်တတ်သူပါ။ ကလေးတစ်ယောက်ချင်းစီလက်ကို အုပ်ကိုင်ပြီး စာအရေးကျင့်ပေးလေ့ရှိတဲ့ တကယ့် ကန့်ကူလက်လှည့်ဆရာမပါ။ သူ့ကလေးနှပ်ချေးတွဲလောင်းတွေဟာ ကြာလာတော့ သူ့တစ်လက်ကိုင်ကလေးတွေ ဖြစ်မှန်းမသိဖြစ်လာပါတော့တယ်။ ဒါကိုသဘောမပေါက်တဲ့ ကိုယ်က သူငယ်တန်းကို ခပ်လွယ်လွယ်အောက်မေ့ပြီး အစားထိုးဝင်သင်ပေးဖို့ ခေါင်းညိတ်လိုက်မိတာ ကလေးတွေကို မင်္ဂလာပါလို့ နှုတ်ဆက်လိုက်မိတဲ့ အချိန်ကစလို့ ဒုက္ခနဲ့လှလှနဲ့ တွေ့ပါတော့တယ်။
သူတို့ဆရာမ ကျောင်းမလာမှန်းလည်းသိရော ကလေးတွေက ကိုယ့်ကို ဆရာအဖြစ်တောင် အသိအမှတ်မပြုပါ။ ကိုယ်ဘယ်လောက်အော်နေနေ ကိုယ့်ကိုမကြည့်ပါ။ အောင်မလေး...တစ်ချို့ကလေးက မျက်စောင်းများတောင် ထိုးလိုက်ကြပါသေးတယ်။ ကျောက်သင်ပုန်းပေါ်မှာ ဘာစာပဲရေးရေး လိုက်မရေးတဲ့အပြင် ကလေးသုံးလေးယောက်က သံကုန်ဟစ်ပြီးအော်ငိုကြပါတော့တယ်။ တုတ်ပြလိုက်ရင် တိတ်သွားမယ်ထင်ပေမယ့် တုတ်မြင်မှပဲ ပိုပြီးအသံကျယ်လာပါလေရောလား။ ကျန်တဲ့ကလေးတွေကလည်း စာမရေးတော့ဘဲ ကိုယ်နဲ့မောင်အာကျယ်လေးတွေရဲ့ပွဲကို ၀ိုင်းကြည့်နေတာကြောင့် ဒီကလေးတွေ အငိုမတိတ်ရင် ကိုယ့်သိက္ခာတော့ အ၀ီစိရောက်အောင် ကျမယ့်အရေးကိုတွေးရင်း ခေါင်းနပန်းပါကြီးလာမိတာ ပြန်တွေးရင် မနေ့ကလိုပါ။ ချော့မရ၊ ခြောက်မရ၊ စာလည်းသင်လို့မရတော့တာကြောင့် ကြံရာမရတဲ့အဆုံး “ကဲ...ကလေးတို့ အငိုတိတ်ရင် ဆရာလေးက မုန့်ဝယ်ကျွေးမယ်”လို့ ကြေငြာလိုက်မှပဲ မောင်မင်းကြီးသားလေးတွေ တိတ်တော်မူကြပါတော့တယ်။ အိတ်ထဲက ပိုက်ဆံအကုန်ခံပြီး သိက္ခာဆည်အပြီးမှာ ပုံပြင်ပြောလိုက်၊ ကဗျာဆိုပြလိုက်လုပ်ရင်း ကလေးချော့တဲ့အလုပ်နဲ့တင် တစ်မနက်ခင်းလုံး ကုန်ပါလေရော။ နေ့လည်ကျောင်းပြန်တက်တော့လည်း ထိုနည်းလည်းကောင်းပါ။ ကျောက်သင်ပုန်းရှေ့သွားရပ်ပြီး မြေဖြူကိုင်တာနဲ့ ပြဲပြဲလန်အောင်ငိုပြီး ဆန္ဒပြကြပါတော့တယ်။ စိတ်ပျက်လက်ပျက်နဲ့ စာမသင်ဘဲ ထိုင်နေပြန်တော့လည်း မျောက်လောင်းလေးတွေက မီးပွင့်အောင် ကမြင်းလွန်းတာမို့ ကျောင်းအုပ်ကြီးမျက်စိနောက်မှာ စိုးးရိမ်ရပြန်ပါရော။ နောက်ဆုံးမှာ ကလေးတွေကြားသွားထိုင်ပြီး ပုံပြင်တစ်ပုဒ်ပြီးတစ်ပုဒ်ထိုင်ပြောလိုက်တာ ပြောစရာပုံပြင်ကုန်သွားလို့ လံကြုတ်ပုံပြင်တွေပါ ပြောယူရတဲ့အထိပါ။ ညနေ ကျောင်းဆင်းခေါင်းလောင်းထိုးတော့ ကိုယ့်အသံယဲ့ယဲ့ပဲ ထွက်နိုင်ပါတော့တယ်။ ဒီကလေးတွေ ကိုယ်သာစာသင်ရင် တစ်လုံးမှတတ်တော့မှာ မဟုတ်ဘူးလို့လည်း အမြင်မှန်ရသွားပါတော့တယ်။ ပညာရေးလောကမှာ အရေးအကြီးဆုံးနဲ့ အခက်ဆုံးအတန်းဟာ သူငယ်တန်းဆိုတာ သဘောပေါက်သွားတဲ့နောက် သူငယ်တန်းဆရာမ ကျောင်းပျက်လို့များ ကိုယ့်ကိုအစားထိုးမယ်ကြံရင် ဆင်ခြေပေါင်းစုံ မရိုးနိုင်အောင်ပေးပြီး ရှောင်ခဲ့တာ နှစ်နှစ်တာပတ်လုံးပါ။


နေ့လည် ထမင်းစားနားပြီးရင် ကိုယ်တို့ဆရာတွေ လုပ်လေ့ရှိတဲ့အလုပ်က ဒိုးဆက်ကစားတဲ့ အလုပ်ပါ။  အဲဒီကစားနည်းမှာ ဂဏန်းရေးထားတဲ့ကတ်ကလေးတွေကို တူရာဆက်ပြီး လက်ထဲမှာ ကတ်အရင်ကုန်တဲ့သူက နိုင်ပါတယ်။ တစ်ပွဲကို တစ်ကျပ်ကြေးနဲ့ ကျောင်းမတက်မချင်း ကစားကြလေ့ရှိပါတယ်။ ကျောင်းအုပ်ကြီးရှိရင်တော့ ကျောင်းတက်ခေါင်းလောင်းရင် ကစားပွဲမရပ်ချင်ဘဲ ရပ်ရပေမယ့် ကျောင်းအုပ်ကြီးခွင့်ယူတဲ့ နေ့များဆိုရင်တော့ ပုံမှန်ကျောင်းတက်ချိန်ထက် အနည်းဆုံးနာရီဝက်လောက်တော့ နောက်ကျပြီးမှကျောင်းတက်လေ့ရှိပါတယ်။ တစ်ခါတစ်လေ ကျောင်းသားတစ်ယောက်ယောက်ကများ ဆရာမ ကျောင်းတက်ခေါင်းလောင်းခေါက်ရတော့မလား လာမေးရင် ရှုံးနေတဲ့ဆရာမက ရှုံးနေရတဲ့ကြားထဲမှာ ကျောင်းမတက်သေးနဲ့ဦးလို့ အော်တာခံရဖို့များပါတယ်။


ရွာကလေးက ဆင်းရဲတာကြောင့် ဆရာတွေအတွက် မုန့်ပဲသွားရည်စာတွေ မတတ်နိုင်ကြပေမယ့် ရွာဘုရားပွဲတို့ အလှူတို့ရှိတဲ့အခါများဆိုရင်တော့ အိမ်တိုင်းမုန့်လုပ်ပြီး ကိုယ်တို့ကို အတင်းခေါ်ကြွေးလေ့ရှိတာကြောင့် ဗိုက်လေးလွန်းပြီး မစားနိုင်တော့အထိပါ။ အကြောင်းသိတဲ့ တပည့်တွေက ကိုယ်တို့နောက် တကောက်ကောက်လိုက်ပြီး သူတို့အိမ်တွေမ၀င်မချင်း တတွတ်တွတ်ခေါ်ကြလေ့ရှိပါတယ်။ ဗိုက်ကားလို့ မစားနိုင်တော့ရင်လည်း ခဏလောက်တော့ အလည်ဝင်ပြီး စကားစမြည်ပြောပေးမှ သူတို့ကျေနပ်ပါတော့တယ်။ တစ်ခါတစ်ခါများဆိုရင် ပင်ပန်းလွန်း၊ ဗိုက်တင်းလွန်းတာကြောင့် လမ်းကြိုလမ်းကြားကနေ လူစုခွဲပြီး လစ်ပြေးရတဲ့အထိပါ။


ကိုယ်တို့ကျောင်းက အစိုးရစာသင်ကျောင်းတင်မကဘဲ နေ့ကလေးထိန်းကျောင်းနဲ့လဲ ခပ်ဆင်ဆင်ပါ။ ဒါကတော့ ကမ္ဘာ့ဘယ်နေရာမှာမှ မတွေ့နိုင်တဲ့ ကိုယ်တို့ကျောင်းရဲ့ စတိုင်လို့ပြောရမယ်ထင်ပါရဲ့။ မိဘတွေက လယ်ထဲကိုင်းထဲသွားနေကြတာဖြစ်လို့ အိမ်မှာကျန်ရစ်မယ့် ကျောင်းမနေသေးတဲ့အရွယ် ကလေးပေါက်စအားလုံးကို ကျောင်းတက်နေတဲ့သူတို့ အစ်ကိုအစ်မတွေနောက် တစ်ခါတည်းထည့်လွှတ်လိုက်ကြတာကြောင့် တရားဝင်ကျောင်းသားနဲ့ တရားမ၀င်ကျောင်းသားဦးရေက သိပ်တော့မကွာလှပါ။ တစ်ခါတစ်လေမှာများ ဒီကလေးပေါက်စများ ချီးယို၊ သေးပေါက်လုပ်ကြရင် ကိုယ်တို့မှာ ဆိုင်ရာဆိုင်ရာကလေးကို သန့်ရှင်းရေးလုပ်ခိုင်းရပါသေးရဲ့။ ကလေးတွေကို စာရေးခိုင်းထားရင် ဘေးကပုလုကွေးလေးတွေက တကျီကျီလုပ်နေတာကို အမြင်မတော်ရင်လည်း ကိုယ့်ပေါင်ပေါ်ကောက်တင်ထားပြီး အခမဲ့ကလေးထိန်းပေးရပါသေးရဲ့။ မောင်မင်းကြီးသားလေးတွေက သေးပန်းချရင်လည်း ကိုယ်တို့မှာ အ၀တ်လဲဖို့ မပါတာကြောင့် သေးစော်နံနံနဲ့ပဲ တစ်နေကုန်စခမ်းသွားကြရပါတော့တယ်။
 
 
ကိုယ်တို့ကျောင်းလေးက
တောကျောင်းဆိုပေမယ့် လယ်ကွက်တွေကြားမှာ ရှိနေတာကြောင့် ကျောင်းကစားကွင်းရယ်လို့လည်း သတ်သတ်မှတ်မှတ်မရှိပါ။ ကျောင်းရှေ့က ကွက်လပ်မှာပဲ ကလေးတွေ ကစားကြလေ့ရှိပါတယ်။ အဲဒီကွက်လပ်ကလည်း ဖုန်ထုက ခြေကျင်းဝတ်မြုပ်အောင်ထူတာမို့ ကလေးတစ်အုပ်များ ဘောလုံးကန်၊ ကြက်ခွပ်ကြရင် ကိုယ်တို့ဆရာတွေပါ ဖုန်တောထဲမြုပ်ပြီး တစ်ယောက်ကိုတစ်ယောက် မမြင်တော့တဲ့အထိပါ။ အဲဒီကွင်းထဲမှာ မကစားနဲ့လို့ ပြောပြန်ရင်လည်း လယ်ထဲဆင်းပြီး ပုစွန်နှိုက်ခိုင်းရုံပဲ ရှိတော့တာမို့ လက်ကိုင်ပုဝါလေးတွေအုပ်ပြီး ကိုယ့်ကိုယ်ကို အဆင်ပြေအောင် နေကြရပါတော့တယ်။ နောက်ပိုင်းကာလများမှာတော့ အကျင့်ရသွားတာကြောင့် လက်ကိုင်ပုဝါပါမလိုတော့ပါ။ တစ်ခါတစ်လေ ကိုယ်စိတ်ပါလာရင် ကလေးတွေနဲ့ ဘောလုံးဝင်ကန်လေ့ရှိပါသေးတယ်။ ဘောလုံးလို့သာခေါ်ရပါတယ် တကယ့်ဘုရားစူးဘောလုံးပါ။ ကလေးကန်တဲ့မှော်ဘီဘောလုံးကလေးက ပေါက်များတောင်ပေါက်နေသေးတာကြောင့် ကန်လိုက်ရင် ဘောပြားဖြစ်သွားတတ်ပါသေးရဲ့။ ဘာပဲဖြစ်ဖြစ် ကလေးတွေကတော့ ပျော်ပျော်ကြီး ကန်ကြတာပါပဲ။ တစ်ခါတစ်ခါ သူများနိုင်ငံက ကလေးတွေ အားကစားကွင်းမှာ ကျကျနနကစားနေကြတာမြင်ရင် ကိုယ်နဲ့ကိုယ့်ကလေးတွေ ဖုန်တောသဲတောထဲမှာ ဘောပြားကန်ကြတာကို ပြန်တွေးမိရင်း လွမ်းမိပါသေးတယ်။


ညနေကျောင်းဆင်းရင် ကိုယ်တို့ဆရာမတွေအားလုံး စက်ဘီးကိုယ်စီနဲ့ တစ်စုတစ်ဝေးတည်း ပြန်ကြလေ့ရှိပါတယ်။ တစ်လမ်းလုံးတစ်ယောက်ကိုတစ်ယောက် စရင်းနောက်ရင်း တပျော်တပါးကြီး ပြန်ကြတာပါ။ တကယ်ဆိုရင် ဒီဆရာမတွေရတဲလစာက မလောက်မငပါ။ ဒါပေမယ့် ကိုယ်သတိထားမိသလောက် တစ်ခါမှညည်းညည်းညူညူလုပ်နေတာ မကြားဖူးပါ။ ကလေးတွေကို စေတနာပျက်တဲ့ အမူအယာလည်း မမြင်ဖူးပါ။ အချင်းချင်းလည်း အင်မတန်မှ ညီညွတ်ကြပါတယ်။ တကယ့် ညီအစ်မအရင်းအချာတွေလိုပါ။ ရောက်ရာဘ၀မှာ ပျော်ပျော်နေရင်း ကျရာတာဝန်ကို ကျေအောင်ထမ်းကြတာများပါတယ်။


လကုန်လို့လစာထုတ်ရက်ရောက်ရင် ကိုယ်တို့ဆရာတွေအားလုံး မြို့နယ်ပညာရေးမှူးရုံးသွားပြီး လစာထုတ်ရပါတယ်။ ဖွဲ့စည်းပုံမပါတဲ့ အလကားမတ်တင်းဆရာဖြစ်တဲ့ ကိုယ့်အတွက် လစာမရပေမယ့် ဒီလိုရက်မျိုးဆိုရင် အူစိုလေ့ရှိတာကြောင့် ကိုယ်ကတော့ လကုန်တိုင်း ဆရာမတစ်အုပ်နဲ့ လစာလိုက်ထုတ်လေ့ရှိပါတယ်။ လစာလို့ခေါ်ပေမယ့် နာရေး၊ သာရေး၊ ပင်စင်ကြေး၊ ငွေစုငွေချေး၊ ဘာညာသာရကာတွေနှုတ်လိုက်ရင် လစာတစ်ဝက်ကျော်က ပြောင်တာများပါတယ်။ ဒီကြားထဲမှာ နယ်ပညာက ဆရာတွေ၊ ဆရာမတွေကို ပညာရေးမှူးရုံးက စာရေးမလောက်ကပါ မချေမငံပြောတာခံရပါသေးရဲ့။ မြို့ကျောင်းကဆရာများကတော့ ကိုယ်တို့ကို ဖုတ်လေတဲ့ငပိ ရှိတယ်ထောင်ထင်ပုံမရပါ။


လစာထုတ်လို့ပြီးရင် မြို့ထဲကခေါက်ဆွဲဆိုင်မှာ ထုံးစံမပျက် ခေါက်ဆွဲကြော်သွားစားလေ့ရှိကြပါတယ်။ ဒါပေမယ့် သူများတွေလို တစ်ယောက်တစ်ပွဲမစားနိုင်ပါ။ လူ၉ယောက်အတွက် ခေါက်ဆွဲ၎ပွဲမှာပြီး ဝေစားမျှစား လုပ်ရလေ့ရှိပါတယ်။ ဒါပေမယ့် တစ်လမှ တစ်ခါပဲစားနိုင်ကြတာမို့ အဲဒီခေါက်ဆွဲပွဲတ၀က်က ကိုယ်တို့အတွက်တော့ နတ်သုဒ္ဓွါလောက်နီးနီး အရသာရှိလှပါရဲ့။


ကိုယ်သင်တဲ့လေးတန်းကျောင်းသား သုံးဆယ်ဝန်းကျင်မှာ မြို့ကျောင်းသွားပြီး အလယ်တန်း၊ အထက်တန်းအထိ ပညာသင်နိုင်တဲ့ကျောင်းသားက ငါးယောက်ပဲရှိပါတယ်။ ကျန်တဲ့ကလေးတွေကတော့ လေးတန်းအောင်တာနဲ့ လယ်ထဲတန်းဝင်ရတာများပါတယ်။ ခပ်ရှင်းရှင်းပြောရရင် မခိုင်းလောက်သေးတဲ့ အရွယ်မှာ ကိုယ်တို့ကို ကလေးထိန်းခိုင်းထားတဲ့သဘောဖြစ်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်တို့ဆရာတွေကတော့ ရသမျှအချိန်လေးအတွင်းမှာ အကောင်းဆုံးဖြစ်အောင် သင်ပေးကြလေ့ရှိပါတယ်။ အလယ်တန်းကျောင်းကို ဆက်တက်မယ့်ကလေးများဆိုရင် ပိုလို့တောင်ဂရုစိုက်ပေးရပါတယ်။ ဒီကလေးတွေ မြို့ကျောင်းမှာ စာမလိုက်နိုင်လို့ စိတ်ဆင်းရဲရတာမျိုး ဘယ်တော့မှအဖြစ်မခံပါ။ ဒါ့အပြင် ကိုယ့်ကလေးတွေ စာမလိုက်နိုင်တာကြောင့် မြို့ကျောင်းက ဆရာမက ကိုယ်တို့တောကျောင်းဆရာတွေကို မေတ္တာပို့တာလည်း နည်းနည်းမှမခံနိုင်ပါ။ ဒီစိတ်တွေကြောင့်ပဲ ကိုယ်တို့အားလုံး အကောင်းဆုံးကြိုးစားဖြစ်ခဲ့ကြပါတယ်။


တက္ကသိုလ်ဝင်ခွင့်တွေကျလို့ ကိုယ်ကျောင်းသွားရတော့မယ့်အချိန်မှာ ကျောင်းက နှုတ်ဆက်ပွဲလေးတစ်ခု လုပ်ပေးပါတယ်။ ကလေးတွေက ကိုယ့်ကိုထိုင်ကန်တော့ကြတဲ့ အဲဒီနေ့က ကလေးတွေအားလုံးငိုကြပါတယ်။ ကိုယ်လည်း မျက်ရည်ဝဲပါတယ်။ ဆရာမတွေလည်း မျက်ရည်ဝဲကျပါတယ်။ သံယောဇဉ်နည်းတယ်လို့ထင်ထားမိတဲ့ကိုယ် ဘာကြောင်းမျက်ရည်ဝဲခဲ့သလဲဆိုတာ စဉ်းစားလို့မရတော့ပါ။


ဒီစာရေးနေချိန်ဆိုရင် ကိုယ့်တပည့်ဟောင်းလေးတွေ အသက် ၂၃၊ ၂၄ လောက်ရှိကုန်ကြလောက်ပါပြီ။ ဘွဲ့ရတဲ့ကလေးလည်း ဘွဲ့ရပြီးဖြစ်နိုင်ပေမယ့် အများစုကတော့ လယ်သမားကြီးတွေ၊ လယ်သူမကြီးတွေအဖြစ်နဲ့ အသက်မွေးဝမ်းကြောင်းနေကြမယ်ထင်ပါရဲ့။ တောမှာမွေး၊ တောမှာကြီး လယ်ထဲမှာတင် ဘ၀ဆုံးသွားကြမယ့် ကိုယ့်ကလေးတွေကို အင်မတန်သတိရမိ လွမ်းမိပါတယ်။ တကယ်လို့သာ ကိုယ်တို့တိုင်းပြည်ကို တိုးတက်အောင်၊ ဖွံ့ဖြိုးအောင် လုပ်ပေးနိုင်ခဲ့ရင် ကိုယ့်ကလေးတွေလည်း ခေတ်ပညာတတ်တွေအဖြစ်နဲ့ မျက်စိရေးနားရေးအပြည့်ရှိလာမှာမို့ လယ်သမားဖြစ်ကြရင်တောင် နွားနဲ့ဖက်ရုန်းကြရတဲ့အဆင့်လောက်တော့ ပင်ပန်းကြမယ်မထင်ပါ။ မြို့နဲ့တော အဆင့်အတန်းချင်း လူနေမှုချင်း သိပ်ကွာတော့မှာ မဟုတ်တာကြောင့် တောသား၊ ဒိုက်ဖတ် လို့လည်း လူအထင်သေးတာခံရတော့မှာ မဟုတ်ပါ။

အစစအရာရာ တိုးတက်ပြောင်းလဲနေတဲ့ ဒီပညာခေတ်ကြီးမှာ ပညာရေးလောကသားတစ်ယောက်ဟာ တာဝန်အရှိဆုံးဖြစ်တာမို့ ကိုယ်စွမ်းသလောက် ကြိုးစားအားထုတ်ရင်း ပညာတတ်မျိုးဆက်သစ်တွေ မွေးထုတ်ပေးနိုင်ဖို့ ဆက်ကြိုးစားပါဦးမယ်။ ကိုယ့်ကိုယ်ကို စိတ်ညစ်မယ်။ စိတ်ဓာတ်ကျမယ်ကြံမိတိုင်းလည်း လစာနည်းနည်းလေးနဲ့ အကောင်းဆုံးကြိုးစားပေးနေကြတဲ့ ကိုယ်နဲ့လုပ်ဖော်ကိုင်ဖက် ဆရာမတွေမျက်နှာကို ပြန်မြင်ယောင်ရင်း စိတ်ဓာတ်ကို ပြန်မြှင့်ယူပါတယ်။ ဆက်ကြိုးစားပါဥိးမယ်လေ။     ။

တောရွာလေးတွေက
ဆင်းရဲနွမ်းပါးရှာတဲ့ ကျောင်းသားလေးတွေကို စေတနာအပြည့်နဲ့ ပညာသင်ကြားပေးနေကြတဲ့ နယ်ပညာက ဆရာ၊ ဆရာမတွေကို ဂုဏ်ပြုရင်း ကိုယ်နှစ်နှစ်လောက်ကြာအောင် လုပ်အားပေးခဲ့ဖူးတဲ့ မုတ်စည် အ . မ . က ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို သတိတရနဲ့ ဒီပိုစ့်ကို ရေးဖြစ်ပါတယ်။     ။

Saturday, 26 March 2011

ဟဲ့...ကား...

ဒီနေ့တစ်နေ့လုံး  
ဘာအလုပ်မှ မလုပ်ဖြစ်ဘဲ ယောင်ချာချာနဲ့ ကုန်သွားပါတယ်။
စာလည်းမဖတ်ဖြစ်၊ သင်ရိုးညွှန်းတန်းလည်း မပြင်ဖြစ်၊ ဘာသာပြန်စရာရှိတာတွေလည်း မပြန်ဖြစ်ပါ။ ဒါပေမယ့် ကုသိုလ်၊ ပညာ၊ ငွေကြေး တစ်ခုခုမရလိုက်ဘဲ တစ်နေ့မကုန်စေရဆိုတဲ့ ကိုယ့်မူကိုတော့ အပျက်မခံပါ။ ညနေပိုင်းရောက်တော့ မိတ်ဆွေတစ်ယောက်ရဲ့ ကွန်ပြူတာဆိုင်သွားပြီး မသိရင်မေး၊ မစင်ဆေးလုပ်ရင်း ပညာယူဖြစ်ခဲ့ပါတယ်။ ဒါတင်မကဘဲ လိပ်စာကဒ်လုပ်တဲ့ ဆော့ဖ်ဝဲတစ်ခုပါ ရလာခဲ့တာမို့ မမြတ်ပေမယ့် မရှုံးတဲ့နေ့စာရင်းထဲမှာ ဒီနေ့ကို ထည့်ရမယ့်ပုံပေါ်ပါတယ်။

ညဦးပိုင်းရောက်ပြန်တော့လည်း တီဗီဖွင့်ပြီး ရုပ်ရှင်ထိုင်ကြည့်ဖြစ်ပါတယ်။ တိုးတက်လာတဲ့ နည်းပညာကောင်းမှုနဲ့ ဇာတ်ကား ၂၀ ၀န်းကျင်ပါတဲ့ ဒီဗီဒီခွေ(ခိုးကူးခွေတွေလို့တော့ အားမနာပါးမနာ မပြောသင့်ပါ။ သူ့မူရင်းခွေသာ ၀ယ်ကြည့်ရရင်လည်း ပိုက်ဆံပင်စိုက်ထားရမယ် ထင်ပါရဲ့)တစ်ခွေကိုမှ မြန်မာငွေ ၅၀၀ ပဲပေးရပါတယ်။ ဒါပေမယ့် ဘာမဆို ငွေရရင်ပြီးရော လုပ်တတ်တဲ့ ကိုယ့်လူမျိုးအကြောင်း နောကျေပြီးသားမို့ အင်္ဂလိပ်စာတန်းမထိုးဘဲ မြန်မာစာတမ်းဘဲထိုးတဲ့ခွေဆိုရင်တော့ ဝေးဝေးရှောင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အမြန်နှုန်းတင်ပြီး ကူးထားတာကြောင့် အရောင်အသွေးက မှုန်ရုံတင်မကဘဲ ဒီဗီဒီခေါ်လောက်ရုံခွေနဲ့ ကူးထားတာမို့ နှစ်ခါသုံးခါလောက်ကြည့်ပြီးရင် ပစ်ရတာ များလို့ပါ။


အင်္ဂလိပ်နဲ့ တရုတ်စာတမ်းပဲထိုးတဲ့ခွေမျိုးကတော့ ပေါက်ဖော်ကြီးတို့ဆီက လာတဲ့ခွေတွေဖြစ်တာမို့ အရောင်အသွေးရော၊ အရည်အသွေးပါ မိတ်အင်ဒီတင်ထက် အများကြီးသာပါတယ်။ ဒါ့အပြင် အင်္ဂလိပ်စာတန်းထိုးတဲ့အတွက် ကိုယ့်အင်္ဂလိပ်စာ အရည်အသွေးလည်း တိုးတက်ပါတယ်။ တိတိကျကျ စာတန်းထိုးတာကြောင့် ဇာတ်ကားကိုလည်း ရေလည်အောင် သဘောပေါက်ပါတယ်။ ကိုယ်တို့ဆီက ထွက်တဲ့ မြန်မာစာတန်းထိုးခွေကတော့ စာပါရင်ပြီးရော ဖြစ်ကတတ်ဆန်းလုပ်ထားတာမို့ ပြောတာတခြား၊ သူထိုးတဲ့စာတန်းက တခြားဖြစ်နေတာများပါတယ်။ တစ်ခါတစ်ခါ မြန်မာစာလုံးပေါင်းသတ်ပုံက မှားပါသေးတယ်။ သူဘာသာပြန်လိုက်မှဖြင့် ကိုယ်တောင်နားမလည်အောင် ဖြစ်ရလေ့ရှိပါတယ်။ တစ်ခါကလည်း make a hole (လမ်းဖယ်) ဆိုတဲ့ စကားလုံးကို “အပေါက်ဖောက်” လို့ပြန်ထည့်ထားတာ ကိုယ့်မှာ မျက်စိပါလည်သွားရလောက်အောင်ပါ။ ပြီးရင် Do you smoke (ဆေးလိပ်သောက်သလား) ဆိုတာကိုလည်း “မင်း မီးခိုးထွက်သလား” လို့ ပြန်လိုက်တာကြောင့် အူကြောင်ကြောင်ပါ ဖြစ်ရပါသေးရဲ့။ စိတ်အပန်းဖြေဖို့ ရုပ်ရှင်ကြည့်ခါမှ ဒေါသထွက်ရတာ များနေတာမို့ ကိုယ်ကတော့ ပြည်ပအားကိုး ပုဆိန်ရိုးမကလို့ ငဖောင်ရိုး ဖြစ်ချင်ဖြစ်ပါစေတော့ မြန်မာစာတန်းထိုးတဲ့ ဇာတ်ကားကို ယောင်လို့တောင်မကြည့်ပါ။ ဘာမဆို ထိုက်တန်အောင်လုပ်ပြီးမှ သူများဆီကငွေကို ယူဖို့စိတ်ကူးလေးတွေ ကိုယ်တို့လူမျိုးရင်ထဲရောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်း အခါခါ စဉ်းစားမိပါရဲ့။
 
http://www.madoomovie.com/media/0824Herbie-fully-loaded_high.jpg
 
ဒီည ကြည့်ဖြစ်တဲ့ ဇာတ်ကားက Lindsey Loham ပါတဲ့ Herbie, fully loaded ဆိုတဲ့ဇာတ်ကားပါ။ ကလေးကြိုက်ဇာတ်ကား လို့ပဲပြောရမယ်ထင်ပါရဲ့။ တစ်ကားလုံး ကွန်ပြူတာအထူးပြုလုပ်ချက်တွေ ဝေေ၀ဆာဆာသုံးပြီး သရုပ်ဆောင်ပညာကိုတော့ ပီပီပြင်ပြင် ဘာမှပြမသွားနိုင်တဲ့ ဇာတ်ကားပါ။ ဘာပဲဖြစ်ဖြစ် အင်္ဂလိပ်စာ တိုးတက်ချင်တဲ့စိတ်နဲ့ကြည့်တာမို့ ကိုယ့်အတွက်ကတော့ နှစ်ခန်းကြည့်ပြီးရင် ဇာတ်သိမ်းသိနေတဲ့ မြန်မာဇာတ်ကားကြည့်တာထက် စိတ်ချမ်းသာမှု အများကြီးရပါတယ်။

http://www.webwombat.com.au/entertainment/movies/images/herbie.jpg 

အစစအရာရာ သူများနဲ့တန်းတူဖြစ်ဖို့ ကြိုးစားနေရတဲ့ ဒီကာလမျိုးမှာ သူများတကာလို Blue Ray တွေ 3D တွေမကြည့်နိုင်သေးရင်တောင် စိတ်အပန်းဖြေဖို့ ဒီဗီဒီခွေလေးတော့ အရည်အသွေးအသင့်အတင့်လောက် ကြည့်ချင်မိပါတယ်။ ဒါကိုမှ ပုဆိန်ရိုးသော ငဖောင်ရိုးသော မထော့မနန်းတွေ ပြောတာခံရရင်လည်း ပြည်တွင်းဖြစ် တိုကျယ်တစ်ထည်စွတ်(စွပ်ကျယ်မဟုတ်ပါ စွပ်လိုက်ရင် ကျယ်ရုံတင်မကဘဲ အောက်နားက တိုပါတိုလိုက်လာပါတယ်) ၊ ဖျင်ကြမ်းပုဆိုးဝတ်၊ ၀ါးဖတ်ခမောက်ဆောင်း၊ ကွမ်းသီးဖက်ဆေးလိပ်ကြီး တစ်တောင်လောက်ကိုက်ရင်း နွားလှည်းပေါ်ကျကျနနထိုင်လို့
“ဟဲ့...ကား...မြန်မြန်ပြေး” လို့ မောင်းရုံသာ ရှိတော့ပါကြောင်း။     ။

Friday, 25 March 2011

လာခြင်းကောင်း၏၊ မကောင်း၏ . . .

ငလျင်တဲ့...

မကြားချင်ဆုံး သတင်းဆိုးကြီးပါ။ မနေ့ညကပဲ ဒေါက်တာထွန်းလွင်ရဲ့ မိုးလေ၀သဆိုဒ်ကို သွားဖတ်ကြည့်ပြီး ရာသီဥတု ခန့်မှန်းသတင်းတွေ လေ့လာမိတယ်။ ဒီနေ့မနက်ရောက်တော့ ငလျင်သတင်းကြားရပါရောလား။ အသေအပျောက်သတင်းတွေလည်း ကြားနေရပါပြီ။ ကမ္ဘာကြီးဖျားနေပြီလား။

မရေရာသော မြေကမ္ဘာ...

အချိန်နဲ့တပြေးညီ သတင်းတွေတင်ပေးနေတဲ့ eleven media group  ကျေးဇူးကြောင့် သတင်းတွေ အဆက်မပြတ်ရပါတယ်။ ဒီဆိုဒ်ကို နာရီဝက်တစ်ခါလောက် ပြေးကြည့်နေမိပါတယ်။ တာချီလိတ်တို့ဘက်မှာ အသိမိတ်ဆွေတွေ မရှိပေမယ့် အဲဒီဒေသမှာနေကြတဲ့လူတွေကို သနားမိ၊ ကိုယ်ချင်းစာမိပါတယ်။ စဉ်းစားကြည့်ပါ မြေကြီးဆိုတာ လူသားတွေ အားကိုးရတဲ့ အခိုင်မာဆုံး၊ အတည်တံ့ဆုံးအရာပါ။ ဒီလောက်ခိုင်မြဲတဲ့ အရာတစ်ခုက မတည်မြဲဘဲ ဖောက်ပြန်သွားတာ ဘယ်လောက်များကြောက်ဖို့ ကောင်းလိမ့်မလဲ။ ရေကြီးတယ်ဆိုရင် တောင်ပေါ်တက်ပြေးလို့ရပါတယ်။ မုန်တိုင်းတိုက်တယ်ဆိုရင် ခိုင်ခိုင်ခန့်ခန့်အဆောက်အဦထဲမှာ ခိုနေရင် လွတ်ပါတယ်။ ဒါပေမယ့် အခုလို ငလျင်လှုပ်တာမျိုးကြတော့ ဘယ်မှာမှ ပြေးလို့မလွတ်တော့ပါ။ တကယ့်ကို ပြေးစရာမြေမရှိဖြစ်ရပါပြီ။

ဒါတောင် ပင်လယ်နဲ့မနီးတဲ့ဒေသမှာ ငလျင်လှုပ်လို့ပါ။ ပင်လယ်အောက်ခင်းကြမ်းပြင်မှာများ ငလျင်လှုပ်လို့ကတော့ နောက်ထပ်ဆူနာမီတစ်ခု ထပ်လာပါလိမ့်ဦးမယ်။ အစစအရာရာ သူများနဲ့တန်းတူဖြစ်ဖို့ အားယူနေရတဲ့ ဒီအချိန်ကာမျိုးမှာ ကိုယ့်တိုင်းသူပြည်သားတွေ ဘာမှမဖြစ်စေချင်ပါ။ ဘာကြောင့်လဲဆိုရင် ဒီလိုအခြေအနေမျိုးမှာ မြန်မာ့စိတ်ရင်းကို ကွက်ကွက်ကွင်းကွင်းကြီး မြင်ရလွန်းလို့ပါပဲ။ ငလျင်ကြောင့် တိုက်တွေတာတွေ၊ အိမ်တွေ ပြိုကြ၊ ပျက်ကြတယ်ဆိုတာ ကြားတာနဲ့ ကုန်သည်ကြီးများက အိမ်ဆောက်ပစ္စည်းတွေကို အဆင်သင့်ဝယ်ပြီး စုဆောင်းထားကြပါလိမ့်မယ်။ လှူဖို့တန်းဖို့လို့ မထင်စေချင်ပါ။ မဆောက်မဖြစ် အိမ်ပြန်ဆောက်ကြရရှာမယ့် ငလျင်ဒဏ်သင့်မိသားစုတွေကို ဈေးမြင့်မြင့်တင်ပြီး ရောင်းပေးဖို့ ရည်ရွယ်ချက်ကြီးနဲ့ဖြစ်ပါတယ်။ မျက်ဖြှူဆိုက်လေ ဆရာကြိုက်လေပါပဲ။ တောမီးမလောင်ခင်က တောကြောင် လက်ခမောင်းခတ်နေကြပါလိမ့်မယ်။ များမကြာမီ ပြိုကျပျက်စီးသွားတဲ့ တိုက်တွေနေရာမှာ ပျဉ်ထောင်အိမ်တွေအစားဝင်၊ ပျဉ်ထောင်အိမ်တွေနေရာမှာ ထရံကာဓနိမိုးအိမ်တွေ အစားဝင်ကြရရှာပါလိမ့်မယ်။ အစစအရာရာ ရှားပါးနေတဲ့ကာလကြီးမှာ ကိုယ်တို့လူမျိုးတွေအတွက် တစ်ပူပေါ်တစ်ပူမဆင့်စေချင်တော့ပါ။


ပြန်ဆောက်နိုင်ဖို့ ကူညီစို့...
ပုံပြင်လေးတစ်ပုဒ်ကြားဖူးပါတယ်။ အဲဒီပုံပြင်ထဲမှာ သူငယ်ချင်းနှစ်ယောက် သစ်ပင်ပေါ်ကနေ တစ်ပြိုင်တည်းပြုတ်ကျကြပါသတဲ့။ တစ်ယောက်ပေါ်တစ်ယောက်ထပ်ပြီး ပြုတ်ကျကြတော့ အောက်ကသူငယ်ချင်းက ပွဲချင်းပြီးသေသွားပြီး အပေါ်ကတစ်ယောက်ကတော့ ပေါင်ကျိုးသွားပါသတဲ့။ အဲဒီမှာ ပေါင်ကျိုးတဲ့တစ်ယောက်က သေတဲ့တစ်ယောက်ကိုကြည့်ပြီး “သူငယ်ချင်းရေ...မင်းက သေသာသေသွားတယ် ငါလောက်မနာပါဘူးကွာ” လို့ အော်ငိုပါသတဲ့။ အခုလည်း အိုးပျက်အိမ်ပျက်နဲ့ ဒုက္ခဆင်းရဲကြီးစွာကျန်ရစ်ရှာမယ့် အဲဒီဒေသသားတွေပါးစပ်က “မင်းတို့က သေသာသေသွားတာပါကွာ ငါတို့လို ဘ၀မပျက်ပါဘူး” လို့ မြည်တမ်းသံတွေထွက်လာရှာမယ့် အရေးကို တွေးမြင်ယောင်၊ ကြားယောင်နေမိရင်း စိတ်မထိန်းနိုင်အောင် ၀မ်းနည်းနေမိပါတော့တယ်။

ဘာပဲဖြစ်ဖြစ်...
ဒီငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို ကိုယ်တို့တိုင်းသူပြည်သားတွေအားလုံး တက်ညီလက်ညီ ၀ိုင်းဝန်းကူညီထောက်မကြရင်း “မြန်မာ့စိတ်ရင်း၊ ကူညီခြင်း” ဆိုတဲ့ ရှေးအစဉ်အလာကို ထိန်းသိမ်းဖို့ ကြိုးစားကြရင်ဖြင့် ပျောက်ဆုံးနေခဲ့တာကြာပြီဖြစ်တဲ့ ကိုယ်တို့ရဲ့ ၀ံသာနုရက္ခိတ တရားတွေကို ပြန်လည်ဖုန်သုတ်အရောင်တင်ရာ ရောက်မှာမို့ ငလျင်အလွန် ကိုယ်တို့တိုင်းပြည်လည်း တိုးတက်ဖွံ့ဖြိုးရေးအတွက် ခြေလှမ်းသစ်တွေ မြင်နိုင်လာမယ်လို့ တွေးမိပါတယ်။ ဒါကြောင့် အပျက်အစီးတွေ သေဆုံးမှုတွေကို ထိုင်ကြည့်ကြရင်း သနားစိတ်၊ ကရုဏာစိတ်ဝင်ဆိုတဲ့ လက်ငင်းသုံးလို့မရနိုင်တဲ့ ဗြဟ္မစိုရ်တရားလေးတွေ အသာဘေးချိတ်လို့ တတ်နိုင်သမျှ ကူညီထောက်ပံ့မှုတွေ စတင်သင့်လှပါရဲ့လေ။


“ တာချီလိတ် ”
ငလျင်တဲ့လေ
မြေလွှာတုန်ဟီး  မြေကြီးအက်ကွဲ
သည်းအူပြတ်အောင်  လှိုင်းခတ်တုန်ခါ
မြေကမ္ဘာရဲ့ ကြေကွဲခန်း...

ငလျင်တဲ့လေ
နေရာထိုင်ခင်း  ပျက်ယွင်းဖောက်ပြန်
ရပ်တည်ရန်ခက်  အသက်ဆုံးရှုံး
ယူကြုံးမရ  ဘ၀အိုးအိမ်
စည်းစိမ်ပျက်စီး
သောကမီးတွေဝေမျှသူ...

ငလျင်တဲ့လေ
စိတ်မဖြေနိုင်  တွေဝေမှိုင်ငေး
အတွေးတုန်လှုပ်  ရုတ်ရုတ်သဲသဲ
ကြေကွဲခန်းဖွင့်  ရွေးချယ်ခွင့်မဲ့
ဝင်ရောက်ခဲ့တဲ့ ကမ္ဘာနာ...

ငလျင်တဲ့လေ
ကမ္ဘာမြေပြင်  တုန်ယင်အက်ကွဲ
မခေါ်ဘဲလာ ကမ္ဘာနာမို့
ဖြေသာနိုင်လည်း  လူ့စိတ်ထဲတွင်
ငလျင်လောဘ  ၀ိသမတို့
လှိုင်းထလှုပ်ရှား  သနားမဲ့ကင်း
ရိုင်းမိုက်ခြင်းတို့  လက်ငင်းယူဆောင်
လူ့ဘောင်ခြေမွ  တောကြောင်ထဖို့
ရှေ့ကနှိုးဆော်  လမ်းပြသော်ကား
ရမ်းကားလွန်း၍  ယုတ်ညံ့သည်...

သြော်...
ကိုယ့်ပြည်ကိုယ့်ရွာ  ကိုယ့်အနာကို
ကြင်နာယုယ  ကုသဖို့ဝေး
ကိုယ်ကျိုးတွေးသည့်  ကိုယ့်သွေးကိုယ့်သား
လောဘသားတို့  သနားစိတ်ဝင်
လူစိတ်ပြင်အောင်  ရှေ့ဆောင်လမ်းပြ
ငလျင်စသော်
  တော်ပါဘိခြင်း  ငလျင်မင်း ။    ။

ဟန်ကြည်
၂၅.၃.၂၀၁၁(သောကြာနေ့)
ည ၉:၂၀နာရီ

ပုံတွေကိုတော့ eleven media group ကနေ screen shot ရိုက်ပြီးယူထားပါတယ်...

Thursday, 24 March 2011

ဝါသနာ. . .

facebook မှာ
ကိုယ်နဲ့ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်နဲ့ ဆုံဖြစ်တော့ ကဗျာတွေရေးဖြစ်သေးလားလို့ မေးပါတယ်။ သူက ကိုယ်တို့ ပထမနှစ်လောက်မှာ “ရင်ကွဲကောင်”ဆိုတဲ့ ခေါင်းစဉ်နဲ့ ၀တ္တုလေးတစ်အုပ်ပေါင်းထုတ်ဖြစ်ကြတုန်းက အတူတူရေးခဲ့တဲ့ သူငယ်ချင်းပါ။ ကိုယ်လည်းဘယ်လိုဖြေရမှန်းတောင်မသိတော့ပါ။ ရေးဖြစ်တာလဲမဟုတ် မရေးဖြစ်ဘူးလဲမဟုတ်ဘူးလို့ပဲ ဖြေခဲ့ရပါတယ်။

ကျောင်းသားဘ၀ကတော့ အပူအပင်ကင်းကင်းနဲ့မို့ ကဗျာတွေရော၊ ၀ထ္ထုပါအဆက်မပြတ်ရေးဖြစ်ပါတယ်။ အရွယ်ကလည်း ၂၀ ၀န်းကျင်ဆိုတော့ အချစ်အကြောင်းဆိုတာကလည်း ရေးတိုင်းထွက်တဲ့ခေါင်းစဉ်ပါ။ လုပ်ငန်းခွင်ထဲရောက်တော့ ဘ၀အမောတွေကြောင့် ကဗျာဆိုတာ ရှားပါးပစ္စည်းဖြစ်လာပါတော့တယ်။ အတင်းညှစ်ရေးရင်တော့လည်း တစ်ပုဒ်စ နှစ်ပုဒ်စထွက်လာပါရဲ့။ ဒါပေမယ့် တကယ့်ခံစားချက်မဟုတ်တာကြောင့် ကိုယ့်ဖာသာ စိတ်တိုင်းမကျမိပါ။ ဒါပေမယ့် စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ပန်းချီတွေ နေ့စဉ်ထိုင်ဆွဲလေ့ရှိတဲ့ ပါဗလိုပီကာဆို 
Pablo Picasso ရဲ့ထုံးကို နှလုံးမူပြီး ရေးတဲ့အခါလည်း ရေးမိပါတယ်။


ဒါပေမယ့် ကဗျာမျိုးစေ့ကတော့ ပျက်မသွားသေးပါ။ ပျက်လည်းအပျက်မခံပါ။ လေးတန်းကျောင်းသားဘ၀ကတည်းက ကဗျာစရေးခဲ့တာမို့ ဗီဇကပျောက်လည်း ပျောက်မသွားနိုင်ပါ။ တခြားကဗျာတွေ မရေးဖြစ်သေးရင်တောင် ကလေးတွေကိုစာသင်ရာမှာ မှတ်မိလွယ်စေဖို့ တစ်ချို့စာတွေကို ကဗျာလေးတွေစပ်ပြီး သင်ပေးဖြစ်ပါတယ်။ ဓာတုဗေဒမှာပါတဲ့ ဒြပ်စင်အလှည့်မှနှ်ဇယား periodic table ကို အလွယ်မှတ်လို့ရအောင်
“ဟိုက်ဒြို၊ ဟီလီ၊ လစ်သီ၊ ဘီ
ဘိုရွန်၊ ကာဗွန်၊ နိုက်၊ အောက်ဆီ
ဖလို၊ နီယွန်၊ ဆိုဒီ၊ မက်
အလူ၊ ဆီလီ၊ ဖော့ နဲ့ဆက်
ဆာလ်ဖာ၊ ကလိုရင်း၊ အာဂွန် မှာ
ပိုတက်၊ ကယ်လ်ဆီ ၂၀ပါ” 
ဆိုတဲ့ကဗျာလေးတွေ ရေးပြီးသင်ဖြစ်ပါတယ်။


မြန်မာစာ သဒ္ဒါသင်ရာမှာလည်း မှတ်ရလွယ်အောင်
“ပင်၊ ပေါင်း၊ ယာ၊ ဂုဏ်
ဖွဲ့စည်းပုံ”
“ဦး၊ များ၊ စိတ်၊ စု
အနက်ပြု”
ဆိုတဲ့ ကဗျာလေးတွေရေးပြီး သင်ပါတယ်။ ဆိုလိုတာက နာမ်ကို ဖွဲ့စည်းပုံအရခွဲရင် ပင်ကိုနာမ်၊ ပေါင်းစပ်နာမ်၊ ကြိယာနာမ်၊ ဂုဏ်ရည်ပြနာမ်လို့ ခွဲနိုင်ပြီး အနက်အဓိပ္ပာယ်အရခွဲရင် တစ်ဦးဆိုင်နာမ်၊ အများဆိုင်နာမ်၊ စိတ္တဇနာမ်၊ အစုပြနာမ် လို့ခွဲနိုင်တယ်လို့ ပြောတာပါ။ ဆရာလည်း ကဗျာစပ်မပျက်သလို တပည့်တွေလည်း စာရလွယ်တာကြောင့် ရှဥ့်လည်းကောင်းကောင်းလျှောက်နိုင် ပျားလည်းကောင်းကောင်းစွဲနိုင်ပြီး အဆင်ပြေလှပါတယ်။

ကုန်ကုန်ပြောရရင် အင်္ဂလိပ်စာမှာ stylistic transformation လို့ခေါ်တဲ့ စာကြောင်းတည်ဆောက်ပုံ တစ်မျိုးကနေ နောက်တစ်မျိုးကို ပြောင်းရတဲ့ သင်ခန်းစာတွေမှာလည်း အားကျမခံ ကဗျာစပ်ပါတယ်။ ဥပမာပြောရရင် too...to ကနေ not enough...to ပြောင်းရတဲ့သင်ခန်းစာအတွက်
“ too နေရာ not လာ
adj မှာပြောင်းပြန်လှန်
နောက်က enough  ခံ”
လို့ ကဗျာကောက်ရေးပေးလိုက်ပါတယ်။ ကျောင်းသားတွေလည်း အပင်ပန်းခံပြီးမှတ်စရာမလိုတော့ပဲ ပုံစံကို ခေါင်းထဲမှာ အလွယ်တကူမှတ်မိသွားတာကြောင့် အဆင်ပြေပါတယ်။
Day Aye is too old to live alone.
ဆိုတဲ့ စာကြောင်းကို အထက်က ကဗျာသုံးပြီး
Daw Aye is not young enough to live alone.
လို့ အလွယ်တကူ ပြောင်းလို့ရသွားပါတယ်။ ဘာပဲပြောပြော ကိုယ့်ဝါသနာကိုတော့ အလေအလွင့်အဖြစ်မခံဘဲ အသုံးတည့်အောင် ကြံရဖန်ရပါတော့တယ်။ တစ်ခါတစ်ခါကျရင် မှတ်ရခက်တဲ့ သင်ခန်းစာတစ်ခုကို ကဗျာလေးတွေသုံးပြီး ကလေးတွေအလွယ်တကူ မှတ်လို့ရသွားရင် သူတို့အတွက် ၀မ်းသာသလို ကိုယ့်ဗီဇအတွက်လည်း ပီတိဖြစ်ရပါတယ်။

သင်ထောက်ကူမဟုတ်ဘဲကျန်တဲ့ကဗျာတွေရေးမယ်လို့ကြံလိုက်ရင် 
ဘယ်ကစလို့စရေးရမှန်း မသိတော့တာများပါတယ်။ 
တစ်ခါတစ်ခါ သွားရင်းလာရင်း ကဗျာတစ်ပိုင်းတစ်စများ ခေါင်းထဲဝင်လာရင် မေ့မသွားအောင် မှတ်ထားပြီး အိမ်ပြန်ရောက်ရင် တွေ့တဲ့စာရွက်မှာ ကောက်ပြီးရေးထားလိုက်မှ အဆင်ပြေတာပါ။ 
ဒါတောင်မှ ပြီးအောင်ဆက်ရေးဖို့ တော်တော်အားယူရပါတယ်။ တစ်ချို့ဆရာတွေ အသက်၆၀ကျော် ၇၀မှာ အချစ်ကဗျာတွေ ရေးနိုင်နေတာ တော်တော်အားကျပါတယ်။ 
ကိုယ့်မှာ အဘိုးကြီးမဖြစ်သေးဘဲ အချစ်ကဗျာရေးဖို့ အင်မတန်လက်တွန့်ပါတယ်။ တော်ကြာ အိမ်ရှင်မက တစ်မျိုးမြင်သွားမှာ ကြောက်တာလည်း ပါကောင်းပါမယ်ထင်ပါရဲ့။ ကိုယ့်အနေအထားအရ သူများက တာဝန်မပေးပေမယ့် ကိုယ့်ဖာသာထိန်းနေရတဲ့ ဂုဏ်သိက္ခာ(စားလို့လည်းမရပါ) ဆိုတဲ့အရာကြီးကြောင့် သူတကာပြောမှာ စိုးရိမ်နေမိတာလည်း ပါပါလိမ့်မယ်။ ဘ၀နဲ့ပတ်သက်တဲ့ ကဗျာရေးပြန်တော့လည်း ကိုယ်အစာမကျေတာတွေ အန်ထုတ်မိတာမို့ ရေးပြီးရင် လူပါအားကုန်သွားတတ်တာကြောင့် သိပ်မရေးဖြစ်ပြန်ပါ။ တစ်ပုဒ်တစ်လေ ထွက်လာရင်တော့ ကိုယ့်ဘလော့ထဲမှာ တင်ဖြစ်သလို အိပ်မက်
မှာလည်း တင်ဖြစ်ပါတယ်။


ဒီညတော့သူငယ်ချင်းသတိပေးတာကြောင့် ကဗျာတစ်ပုဒ် ကောက်ခြစ်ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်တိုင်းနည်းနည်းမှ မကျပါ။ လေးလုံးစပ်ပုံစံပျက်ကဗျာလို့ ခေါ်လို့ရမယ်ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် ကိုယ်ပြောချင်တာကိုတော့ ပေါ်လွင်အောင်ပြောနိုင်တယ်လို့ ထင်မိပါတယ်။ ဆရာဇော်ဂျီရဲ့ ညီသစ်ဆင်းကဗျာများနဲ့ နှိုင်းလိုက်ရင်တော့ နံ့သာဆီနဲ့အီး၊ အင်း...ဦးပုညကြီးရဲ့ စာသားကို ငှားပြောရရင် မိုးကြိုးနဲ့ အီးသံလို ခရီးအမှန်ကွာလွန်းလှလေး လို့ပြောရမယ်ထင်ပါတယ်။


ဘာပဲဖြစ်ဖြစ် ရေးပြီးသားကို နှမြောတာကြောင့် ပီကာဆိုရဲ့ထုံးကို နှလုံးမူပြီး တင်လိုက်ပါတယ်။

“ညီလေးအတွက်”
ညီလေးရေ...
မနက်ဖြန်ဟာ  ရောက်မလာသေး
ခပ်ဝေးဝေးမှာ 
အနာဂတ်ဖြစ်  စိတ်မညစ်နဲ့
ဖြစ်ချင်တာတွေ  ဖြစ်လိမ့်မယ် ...

ညီလေးရေ...
မနေ့ဆိုဟာ  အတိတ်မှာကွဲ့
လွန်တာတွေလည်းကျန်ခဲ့စေ...

ညီလေးရေ...
ဒီနေ့ဆိုတာ  မင်းလက်မှာမို့
ကိုယ့်ကိုယ်ကိုပြင်  အားသစ်ဝင်ရင်း
မင်းအနာဂတ်  မားမားမတ်ဖို့
ဆုံးဖြတ်ခိုင်မာ  သွေးသစ္စာနှိပ်
အတိတ်မေ့ရင်းကြိုးစားစို့။     ။

ဟန်ကြည်
၂၅.၃.၂၀၁၁(သောကြာနေ့)
နံနက် ၂:၃၀နာရီ 

Wednesday, 23 March 2011

ချစ်သောမေမေ . . .

REENOEMAN ရဲ့ဘလော့ကို သွားလည်ရင်း သူ့အမေက သူ့ကိုယတြာခြေခိုင်းတဲ့ အကြောင်းဖတ်မိတယ်။ အဲဒီပို့စ်ကိုဖတ်ရင်း ကိုယ့်မေမေကို လွမ်းလိုက်တာလေ။
 
ကိုယ်တို့မိသားစုမှာ မိဘနှစ်ပါးရယ် ကိုယ့်ညီမရယ် စုစုပေါင်း သားအမိ၊ သားအဖ လေးယောက်ပဲရှိတာပါ။ အဲဒီလေးယောက်က အုပ်စုနှစ်စုကွဲနေလေရဲ့။ ကိုယ်နဲ့ ကိုယ့်မေမေနဲ့က တစ်ဂိုဏ်း၊ ကိုယ့်ညီမလေးနဲ့ ကိုယ့်ဖေဖေနဲ့က တစ်ဂိုဏ်းပါ။ ကိုယ်တို့သားအမိက အသားညိုညို ပိန်ပိန်ပါးပါးတွေ၊ ကိုယ့်ညီမတို့ သားအဖက ဖြူဖြူ၀၀တွေ။ ကိုယ်တို့ကြိုက်တာက ရိုးရာဂီတ ကျေးလက်ဂီတ တင်တင်မြတို့ ဆရာမြို့မငြိမ်းတို့။ သူတို့သားအဖ ခံစားကြတာက ရော့ခ်တို့ အော်လ်တာတို့။ ဘယ်လိုမှ မတူတဲ့ မိသားစုနှစ်တွဲပါ။ သူတို့ သီချင်းနားထောင်ကြရင် ကိုယ်တို့သားအမိ အပြင်ထွက်နေရသလို ကိုယ်တို့နားထောင်ရင်လည်း သူတို့သားအဖ နားပိတ်ထားကြပါတယ်။

ကိုယ်အမှားတစ်ခုခုလုပ်မိရင် ကိုယ့်အဖေက ကိုယ့်မေမေကို “မင်းသားကို ဆုံးမဦး” လို့ ပြောတတ်သလို ကိုယ့်ညီမ အပြစ်တစ်ခုခုလုပ်ရင်လည်း ကိုယ့်မေမေက ကိုယ့်ဖေဖေကို ”ရှင့်သမီး ကြည့်ပြောဦးနော်” လို့ ပြောလေ့ရှိပါတယ်။ အဖေတူသမီးနဲ့ အမေတူသားဖြစ်နေကြပြန်တော့ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်နဲ့တော့လည်း အဆင်ပြေလို့နေပါသေးရဲ့။
 
 
 
နည်းနည်းမှမတူတဲ့မောင်နှမ . . .
(ကိုယ်ဒုတိယနှစ် ညီမက ဆယ်တန်းတုန်းကပါ)

ကိုယ့်ဖေဖေနဲ့ ကိုယ့်မေမေက ပုံစံမတူရုံသာမက စိတ်ပိုင်းဆိုင်ရာလည်း မတူကြပြန်ပါ။ ကိုယ့်မေမေက ထက်ထက်မြက်မြက်နဲ့ တုံးတိုက်တိုက်ကျားကိုက်ကိုက် စိတ်မျိုးနဲ့ အကွက်မြင်တတ်လွန်းသလို ကိုယ့်ဖေဖေက အမြဲပြုံးပြုံးရွှင်ရွှင်နဲ့ အေးအေးဆေးဆေးနေတတ်လွန်းသူပါ။ ကိုယ့်မေမေက ညီအစ်မသုံးယောက်ထဲမှာ အကြီးဆုံး၊ ဖေဖေက မောင်နှမ ခုနစ်ယောက်တဲမှာ အငယ်ဆုံးဖြစ်နေပြန်တော့ ပုံစံချင်း စရိုက်ချင်း မတူကြတာ ဆန်းတော့မဆန်းပါ။ ဒါပေမယ့် စိတ်ရင်းသဘောရင်းကောင်းပြီး ရိုးသားတာ၊ သူများကို ကူုညီတတ်တာ၊ သနားတတ်တာတွေကျပြန်တော့လည်း နှစ်ယောက်လုံး တစ်စိတ်တစ်ဝမ်းတည်း ရှိနေပြန်ပါတယ်။
 
ကိုယ်အရွယ်ရောက်လာတဲ့ အချိန်ရောက်တော့ ကိုယ့်ဖေဖေနဲ့ မေမေတို့ ရန်အကြီးအကျယ်ဖြစ်တာ တစ်ခါမှမတွေ့ဖူးပါ။ တစ်ခုခုကို မကျေမလည်ဖြစ်ကြရင် မေမေက မီးဖိုထဲမှာ ဖေဖေက ဧည့်ခန်းထဲမှာထိုင်ပြီး တစ်ယောက်ကိုတစ်ယောက်မကြားအောင် မကျေမနပ်နဲ့ တတွတ်တွတ်ပြောနေကြတာမျိုးပဲ တွေ့ဖူးပါတယ်။ အဲဒီလို အချိန်မျိုးဆိုရင်တော့ ထုံးစံအတိုင်း ကိုယ်က မေမေ့အနား၊ ညီမလေးက ဖေဖေ့အနားမှာပေါ့။


တစ်ရက်မှာတော့ မီးဖိုနံရံမှာ “ကြောင်လျှာသီး”လို့ မြေဖြူနဲ့ရေးထားတာတွေလို့ မေမေ့ကိုမေးကြည့်တော့ “ကြောင်လျှာသီးချက်လို့ နင့်အဖေက ပွစိပွစိပြောနေလို့ နောက်တစ်ခါမချက်ဖြစ်အောင် နံရံမှာရေးထားတာ”တဲ့။ တော်တော်ပြောင်မြောက်တဲ့ တိုက်ကွက်ပါပဲ။ လက်နက်မဲ့နည်းစံနစ်လို့များ ပြောရမလားမသိပါ။


ကိုယ့်မေမေက ကိုယ့်ကို ကျားကျားလျားလျား ဖြစ်စေချင်တာပါ။ ဒါကျပြန်တော့ ကိုယ့်ဖေဖေနဲ့ သဘောထားချင်းသွားတူပါတယ်။ ဖေဖေပြောနေကျစကားက “ငါ့သားရာ ယောက်ျားပဲ ဒေါင်ကျကျ ပြားကျကျပေါ့” တဲ့။ ကိုယ်က ခပ်ငယ်ငယ်က ပိန်ပိန်ပါးပါး ပေါင်၁၀၀တောင်မပြည့်တတ်သေးတဲ့ လူဖလံလေး။ စာကလွဲလို့ ကျန်တာဘာမှ မသိတဲ့ ခပ်တုံးတုံး ငတိလေးဆိုတော့ မေမေက သူဖြစ်စေချင်တဲ့ ပုံစံမျိုးမဟုတ်လို့ သိပ်တော့စိတ်တိုင်းကျတယ်မထင်ပါ။ ဆယ်တန်းစာမေးပွဲဖြေတော့ နောက်ဆုံးဘာသာဖြေတာ အားမရတာကြောင့် အိမ်ရောက်တော့ မေမေ့ရှေ့မှာ ငိုမိပါတယ်။ ကိုယ့်မေမေက အားပေးမယ့်အစား ဘာပြောတယ်မှတ်လဲ။ “ကောင်းတယ်” တဲ့ “နင်ဂုဏ်ထူးအများကြီးပါရင် ဆေးကျောင်းတက်နေဦးမယ်”တဲ့ ”အခုလိုဂုဏ်ထူးပြုတ်သွားတော့ ငါတက်စေချင်တဲ့ သစ်တောတို့ စက်မှုတို့ တက်ရတာပေါ့”တဲ့။ မေမေငယ်ငယ်က အဲဒီလိုင်းတွေကို တက်ချင်ပေမယ့် ညီမတွေကို ငဲ့ပြီးဒေသကောလိပ်ကိုဆက်မသွားတော့ဘဲ အဝေးသင်နဲ့ဘွဲ့ယူခဲ့တာကြောင့် ကိုယ့်ကိုသူ့ကိုယ်စား တက်စေချင်တာပါတဲ့။ ကိုယ့်မှာ ဆက်ငိုရအခက် မေမေ့ကိုပဲ ရန်လုပ်ရအခက်ဖြစ်ရပါလေရော။


ဆယ်တန်းအောင်စာရင်းထွက်တော့ ကိုယ့်မေမေဆုတောင်း မပြည့်ပဲ ကိုယ်အားမရခဲ့တဲ့ နောက်ဆုံးဘာသာပါ ဂုဏ်ထူးထွက်ပါလေရော။ အဲဒီနေ့က မေမေ့မျက်နှာကြည့်ရတာ ၀မ်းသာရအခက် ၀မ်းနည်းရအခက် ဆိုတဲ့ မျက်နှာမျိုးပါ။ ကိုယ့်မှာ အမှတ်စာရင်းမကျမချင်း ဆေးကျောင်းသာမတက်ရရင်ဆိုတဲ့ အတွေးဆိုးကြီးဝင်ပြီး ညတိုင်းအိပ်မက်ဆိုတွေ မက်ယူရတဲ့အထိပါ။ အမှတ်စာရင်းထွက်လာတော့ ကိုယ်အားမရခဲ့တဲ့ လူမှုရေးဘာသာမှာ အမှတ်၈၀ကျော်ရတာတွေ့မှပဲ တ၀က်စိတ်သက်သာရာရပါတော့တယ်။ တက္ကသိုလ် ၀င်ခွင့်တွေလျှောက်တော့ ဆေးကျောင်းမလျှောက်ရဘူးလို့မတားတော့ပါ။ တားလည်းမရမှန်းသိလို့ထင်ပါရဲ့။ ကိုယ်လည်း မေမေစိတ်ချမ်းသာအောင် ဒုတိယဦးစားပေးကို သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မလျှောက်တော့ဘဲ စက်မှုတက္ကသိုလ် တတိယဦးစားပေးကို သစ်တောတက္ကသိုလ် လျှောက်ပေးလိုက်ပါတယ်။ လျှောက်သာလျှောက်ရတယ် ကံဆိုးလွန်းလို့ ဆေးကျောင်းမမီရင် အဲဒီကျောင်းတွေတက်နေရမှာတော့ တွေးရင်းကြောက်တာပါပဲ။


ကိုယ်တို့ဆယ်တန်းဖြေပြီးတော့ တက္ကသိုလ်တွေက မဖွင့်သေးဘဲ ပိတ်ထားလိုက်တာ နှစ်နှစ်လောက်ထိုင်နေရပါတယ်။ ကိုယ့်သူငယ်ချင်းတွေကတော့ စစ်ဆေးတက္ကသိုလ်တွေတက်ကုန်ကြပါတယ်။ ကိုယ်တစ်ယောက်ပဲ ပေပြီးစောင့်နေတော့ တစ်ချို့က ကိုယ့်ကိုခပ်ကြောင်ကြောင်ထင်ကြပါလေရော။ ကိုယ့်မေမေကတော့ အားပေးပါတယ်။ ကိုယ်လည်း အဲဒီနှစ်နှစ်လုံး အအားမနေပဲ ဆယ်တန်းတွေစာသင်လိုက် နေ့လည်ပိုင်းမှာ နယ်ကျောင်းတစ်ကျောင်းမှာ လုပ်အားပေးကျောင်းဆရာသွားလုပ်လိုက်နဲ့ အချိန်ဖြုန်းနေလိုက်ပါတော့တယ်။ နှစ်နှစ်ကျော်ကြာလို့ တက္ကသိုလ်ဝင်ခွင့်တွေပြန်ကျလာတော့ သူများတွေလက်ထဲမှာ ၀င်ခွင့်တွေရောက်ပေမယ့် ကိုယ့်လက်ထဲတော့ ရောက်မလာသေးပါ။ မတတ်သာတဲ့အဆုံး မေမေ့ကိုဖွင့်မေးတော့မှပဲ အေး ငါသိမ်းထားတယ်ဆိုပြီး ဆေးတက္ကသိုလ်(မန္တလေး)သို့ တက်ရောက်ခွင့်ပြုသည်ဆိုတဲ့ ဖြတ်ပိုင်းလေးထုတ်ပေး ပါတော့တယ်။ ကိုယ့်မှာ မေမေစိတ်ညစ်မှာ စိုးတာကြောင့် သူ့ရှေ့မှာ အူမြူးတဲ့ဟန်တောင် မပြရဲပါ။


ကိုယ်ဆေးကျောင်းတက်တဲ့ နောက်နှစ်မှာပဲ စက်မှုတက္ကသိုလ်တွေကို ဖျက်သိမ်းပြီး GTC လုပ်လိုက်ပါတော့တယ်။ အဲဒီတော့မှ ကိုယ်က မေမေ့ကို ဘယ်လိုလဲဆိုတဲ့ အကြည့်နဲ့ကြည့်တော့ ဘာမှမပြောဘဲ ရယ်ကျဲကျဲ လုပ်နေပါတော့တယ်။ ဒါတင်မကဘဲ ကိုယ့်ညီမကိုပါ ဆေးကျောင်းလျှောက်ခိုင်းလိုက်ပါသေးတယ်။ အဲဒီလို မေမေပါ။

ကိုယ်တို့မိသားစု . . .
(ငပလီမှာ ၁၀ရက်လောက်နေခဲ့တဲ့ ကိုယ့်အရောင်ပါ)


ကိုယ်ဆေးကျောင်းမတတ်ခင် စောင့်နေရချိန်မှာ မေမေက ဗေဒင်မေးပါတယ်။ ချစ်စရာကောင်းလှတဲ့ အဲဒီဗေဒင်ဆရာက ကိုယ့်ကို အိမ်ထောင်ကျရင်ကျ မကျရင်ထောင်ကျကိန်းမြင်တယ်လို့ ဟောလွှတ်လိုက်တော့ မေမေ့ခမျာနေမထိထိုင်မထိဖြစ်ပြန်ပါတော့တယ်။ ပေးလိုက်တဲ့ယတြာကလည်း ကိုယ့်ခန္ဓာကိုယ်ကို သွေးထွက်အောင်လုပ်ရမယ်တဲ့။ အဲဒီယတြာကို ကိုယ့်ကိုချေခိုင်းတော့ အလကားသက်သက် အသားအနာမခံနိုင်တဲ့ကိုယ်က အကြောက်အကန်ငြင်းမိပါတယ်။ ပြောလည်းနားမထောင်တာသိသွားတဲ့ မေမေက ဘာမှထပ်မပြောတော့ပါ။ ကိုယ်လည်း မေမေမေ့သွားလောက်ပြီအထင်နဲ့ ဖာသိဖာသာပဲ နေလိုက်ပါတယ်။ ညနေပိုင်းဘောလုံးကန်ရင်း ငုတ်နဲ့ခလုတ်တိုက်မိတာကြောင့် ခြေထောက်ပြဲသွားတာကို မေမေမြင်တော့မှ “ကောင်းတယ် ယတြာကျေသွားပြီ” လို့ ကောက်ခါငင်ခါ ပြောပါတော့တယ်။ တော်တော်လည်း အမှတ်သည်းခြေကြီးတဲ့ ကိုယ့်မေမေပါ။

 
ကိုယ့်မေမေက တော်တော်ခေတ်မီတဲ့အမေပါ။ ကိုယ်အရွယ်ရောက်ကတည်းက မိန်းကလေးတွေအကြောင်းကို ကိုယ့်ကိုယ်ပြောပြပါတော့တယ်။ ကြာတော့ ကိုယ့်မှာကိုယ်တိုင်ရည်းစားမထားရဘဲနဲ့ မိန်းမတွေအကြောင်းကို နားလည်သွားတဲ့အထိပါ။ ဒါတင်မက မိန်းကလေးသူငယ်ချင်းတွေထားဖို့ တိုက်တွန်းပါတယ်။ သူ့အကြောင်းပြချက်က ရှင်းရှင်းလေးပါ။ မိန်းကလေးသူငယ်ချင်းတွေနဲ့ပေါင်းတော့ သူတို့အကြောင်းသိသွားပြီး တော်ရုံတန်ရုံနဲ့ ရင်မခုန်တတ်တော့ဘူးတဲ့။ သိပ်မှန်တဲ့ အယူအဆပါ။ အခုလည်း ကိုယ့်ကျောင်းသားမိဘတွေကို ကိုယ်က အဲဒီလို အကြံပေးလေ့ရှိပါတယ်။ ညီမလေးကိုလည်း ကိုယ့်ဖေဖေက ယောက်ျားလေးတွေအကြောင်း မခြွင်းမချန်ပြောထားတာပါ။ ဒီတော့ ကိုယ်တို့မောင်နှမဟာ အဲဒီဘက်မှာ စဉ်းစားဆင်ခြင်နိုင်တဲ့ အသိတွေ ၀င်လာပါတော့တယ်။


ကိုယ်ဆေးကျောင်းသားဖြစ်တော့လည်း အဲဒီဗေဒင်ဆရာက တစ်စခန်းထပါသေးတယ်။ ထုံးစံအတိုင်း မိန်းမရကိန်းမြင်ပြန်ပြီပေါ့။ အားအားရှိတိုင်း ကိုယ့်ကိုမိန်းမပေးစားချင်နေတဲ့ ဗေဒင်ဆရာပဲ ထင်ပါရဲ့။ သူကသာဟောနေပါတယ် ကျောင်းရောက်တာတောင် မဲမဲသဲသဲ ငချိတ်ကိုယ်တော်ကြီးကို ကြိုက်မယ့်သူမရှိလို့ ကိုယ့်မှာ သစ်ငုတ်တိုက သစ်ငုတ်တိုပါပဲ။ အဲဒီလိုဟောတယ်လို့ ပြောတော့ ကိုယ်စိတ်တိုလိုက်တာလေ။ စွံတောင်မစွံတဲ့ ပုဂ္ဂိုလ်ကြီးကို မိန်းမရမယ်ဟောတာ စဉ်းစားသာကြည့်ပေတော့။ ဒီတစ်ခါ ထပ်ပေးတဲ့ ယတြာက ခပ်ဆန်းဆန်းပါ။ မှောက်အိပ်ပြီး ရေချိုးရပါမယ်တဲ့။ ကြံကြံဖန်ဖန်ပေးလိုက်တဲ့ အဲဒီယတြာကို ချေဖို့အသာထား စိတ်တောင်မကူးချင်ပါ။ အကျောက်အကန်ငြင်းမိပေမယ့် ကိယ့်ဖေဖေက “မင်းမေမေ စိတ်ချမ်းသာအောင် လုပ်ပေးလိုက်ပါကွာ” ဆိုတာကြောင့် ကိုယ့်မှာ စိတ်ပျက်လက်ပျက်နဲ့ ချေပေးရပါတော့တယ်။


ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူးတဲ့။ အိပ်ယာအောက်မှာ မင်းသမီးဓာတ်ပုံထားပြီး ခုနစ်ရက်အိပ်ရပါဦးမတဲ့။ ဒီလောက်ကလေးကလားဆန်တဲ့ ယတြာကြီးကိုတော့ ထပ်မချေနိုင်တော့ပါ။ ကိုယ့်မေမေက ဘာမှထပ်မပြောတော့တာ ကိုယ့်စိတ်ထဲမှာ မသင်္ကာတာကြောင့် တစ်ညသားမှာ ကိုယ့်အိပ်ယာအောက်ကိုလှန်ကြည့်တော့ နန္ဒာလှိုင်ရဲ့ ပိုစတာကြီး ရောက်နေပါရောလား။ ဒါနဲ့ မေမေ့ကို “ဒီဝန်ကြီးများကတော်ပုံတော့ မထားပါနဲ့မေမေရာ ကျန်တဲ့ပုံလေးထားပေးပါ”လို့ လေပြော့လေးနဲ့ တောင်းပန်ရပါတော့တယ်။


တကယ်ဆို ကိုယ့်မေမေက ခေတ်ပညာတတ်ဘွဲ့ရပါ။ လယ်ထဲမှာထမင်းပို့ရင်း စာကျက်ပြီး ဆယ်တန်းကို နှစ်ဘာသာဂုဏ်ထူးပါအောင် ဖြေခဲ့တာပါ။ ဒီလောက်ခေတ်ပညာတတ်တဲ့ အမေဖြစ်ပေမယ့် သားသမီးအရေးနဲ့ပတ်သက်ရင် အဲဒီခေတ်ပညာတွေ တွေးခေါ်ဆင်ခြင်နိုင်စွမ်းတွေ ကြက်ပျောက်ငှက်ပျောက်ပျောက်ကုန်ပါတော့တယ်။ သားဇော၊ သမီးဇောဆိုတာ ဒါပဲဖြစ်မယ်ထင်ပါရဲ့လို့ အခုလို အရွယ်ရောက်လာမှပဲ စဉ်းစားမိရင်း မေမေ့ကို လွမ်းမိရပါတော့တယ်။


ကိုယ့်မေမေ စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။     ။

Tuesday, 22 March 2011

တစ်ခါတစ်လေ . . .

မနက် ၂နာရီ ၁၅ရှိပြီ။
 
ကဗျာဆန်ဆန်ပြောရရင် အိပ်စက်ခြင်းက ကိုယ့်ဆီအလည်ရောက်မလာသေးပါလို့ ပြောရမယ်ထင်တယ်။ ညနေက အပြင်ခဏသွားပြီး CDMA 450 ဖုန်းကဒ် ကုန်နေတာ သွားဝယ်ရတယ်။ အနည်းဆုံးကတော့ တစ်သောင်းတန်ပဲ ရှိတာဆိုတော့ နှမြောလည်း မ၀ယ်လို့မဖြစ်ပြန်ဘူးလေ။ ကိုယ်တို့တိုင်းပြည်လည်း ဖုန်းအမျိုးအစားတွေများလိုက်တာ။ ဘာက ပိုကောင်းလဲဆိုတာ မသိတော့ပါဘူး။ ကိုယ့်ရှိတာကိုယ် အကောင်းလုပ်ရတာပဲ စိတ်ချမ်းသာပါတယ်လေ။
 
အပြင်ကပြန်လာတော့ တပည့်မနှစ်ယောက်စောင့်နေကြတယ်။ စာသင်တဲ့အိမ်က တပည့်မက မနက်ဖြန် ခရီးသွားတော့မှာမို့ သူ့အိမ်မှာကျန်ခဲ့တဲ့ ဆရာ့စာအုပ်တွေ လာပေးတာပါတဲ့။ ကိုယ်လည်း သူ့လက်ထဲက အိတ်ကိုဆွဲယူထားပြီး မမှောင်ခင် အမြန်ပြန်ဖို့ပြောပြီး မောင်းထုတ်လိုက်ရတယ်။ ဒီခေတ်ကာလကြီးက ဘာမှအစိုးမရဘူး မဟုတ်လားလေ။ သူတို့ပြန်သွားမှ အိမ်ထဲဝင်ပြီး ယူလာတဲ့ကိုယ့်စာအုပ်တွေကို ပြန်စစ်ကြည့်မှ land fair အိပ်တစ်လုံးတွေ့လို့ ဖွင့်ကြည့်တော့မှပဲ အင်္ကျီတစ်ထည်တွေ့ပါတော့တယ်။ ကလေးက ကိုယ့်ကို ကန်တော့ဖို့လာတာကို ကိုယ်က စိုးရိမ်ပြီး အတင်းပြန်လွှတ်မိတာကို တွေးမိမှ ရယ်ချင်မိပါတော့တယ်။ သူ့ဆရာ သင်္ကြန်တွင်းမှာ ၀တ်ဖို့ထင်ပါရဲ့ ဟာဝေယန်ရှပ်ပုံစံဝယ်လာလိုက်တာ ရှေးကျတဲ့ကိုယ့်မှာ ၀တ်ကြည့်ရင်း ကျောစိမ့်မိပါတယ်။ ဘာပဲဖြစ်ဖြစ် သူ့မျက်စိနဲ့လှလို့ဝယ်လာတာဆိုတော့ ကိုယ်ကလည်း လှလှလေးဝတ်ပြရတော့မှာ မဟုတ်ပါလားလေ။

 
၇နာရီလောက် ကွန်ပြူတာရှေ့မှာထိုင်နေတုန်း တပည့်မတစ်ယောက်က ဖုန်းဆက်ပြီး မုန့်လာပို့မယ်ဆိုလို့ စောင့်ရပြန်ပါတယ်။ ၈နာရီလောက်မှာ သူတို့သားအဖ အုန်းနို့ခေါက်ဆွဲလာပို့တော့ ပို့ဆွမ်းဘုဉ်းပေးတဲ့ ဦးဟန်ကြည်လည်း ဒါနလေးမြောက်သွားအောင် အားရပါးရ ဘုဉ်းပေးလိုက်ပါတယ်။
သောက်ရင်း...ရေးရင်း လုပ်ကြည့်တာ...

ကလေးတွေပြန်သွားတော့ စာထိုင်ဖတ်ရင်း ပျင်းပျင်းနဲ့ မသောက်ဖြစ်တာ ကြာနေပြီဖြစ်တဲ့ ဘီယာထိုင်သောက်လိုက်တာ မသောက်တာကြာသွားလို့လားမသိ ၇ဗူးကုန်တာတောင် ရီဝေေ၀လေးပဲရှိနေတာကြောင့် ဆက်မသောက်ရဲတော့ပါ။ ပေါင်၁၆၀ Body mass ထဲမှာ ဘီယာတွေ ဓာတ်ပြယ်ကုန်တာများလား စဉ်းစားမိပါတယ်။ တပ်ထဲက မေ့ဆေးပါရဂူဗိုလ်ကြီးငယ်သူငယ်ချင်းကတော့ သူမူးပြီး ကိုယ်မမူးသေးရင် ကိုယ့်ဘော်ဒီကြီးကို အမြဲရန်လုပ်လေ့ရှိပါတယ်။ ၁၉ရက်နေ့က သူနဲ့ သူ့သူငယ်ချင်းတစ်ယောက်ကို ပင်လယ်စာဆိုင်မှာ လိုက်ကြွေးတော့ သူပဲ သိပ်မမူးလိုက်လို့လားတော့မသိ ရန်လုပ်မခံလိုက်ရပါ။ လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကတော့ alcohol 13.5% ပါတဲ့ Traditional ဆိုတဲ့ ဟော်လန်ဘီယာတစ်ဗူး စမ်းသောက်လိုက်မိတာ တစ်ဗူးထဲနဲ့တင် ပက်လက်လန်သွားပါတော့တယ်။ အခုတစ်ကဒ်ဝယ်ပြီး သောက်ကြည့်ဖြစ်တဲ့ Singha ကတော့ alcohol 5% ပဲပါတာမို့ 
ဘီယာစာရင်းတောင် မ၀င်ပါ။
ဒါတောင်မမူးသေးပါလား...

စာသင်နှစ်တစ်နှစ်လုံး စိတ်ရောကိုယ်ပါ ထိန်းသိမ်းရင်း ကြိုးစားပေးခဲ့ရတာမို့ ပင်ပန်းခဲ့သမျှ တစ်ခါတစ်လေ စိတ်ထွက်ပေါက်အနေနဲ့ (သူများလိုလည်း အပြန်ထွက် မကဲတတ်လေတော့) ဘီယာလေးသောက်မိတာလောက်ကိုတော့ ကျောင်းပိတ်ရက်ဖြစ်နေတာကိုထောက်ပြီး ချစ်စွာသော မိတ်ဆွေကြီးများက နားလည်သဘောပေါက်ပေးလိမ့်မည်ဟု ထင်မြင်ယူဆမိပါကြောင်း။ အင်း...ဒီပို့စ်ရေးရင်းနဲ့ ဆက်သောက်လိုက်တာ နောက်ထပ်တစ်ဗူး ကုန်သွားပြန်ပါပေါ့လား။      ။

 
 

လူကြီးဂိမ်း . . .

ဒီနေ့လည်း နေ့လည်ပိုင်းရောက်မှ အိပ်ရာကထဖြစ်တယ်။ 

 
အိပ်ယာထချိန်...
မနေ့ညကတော့ မသွားဖြစ်တာကြာနေတဲ့ ဘုရားသွားဖူးဖြစ်ပါတယ်။ တစ်နှစ်လုံး အလုပ်နဲ့နပန်းလုံးနေလို့ ဘုရားမရောက်ဖြစ်တာလည်း ကြာခဲ့ပါပြီ။ အားလပ်ရက်မှာ ဘုရားဖူးဖို့ကလည်း အကြောင်းကြောင်းကြောင့် မရောက်ဖြစ်ပါ။ မနေ့ကတော့ မဖြစ်ဖြစ်အောင်သွားမယ်လို့ ဆုံးဖြတ်လိုက်တာကြောင့် ရောက်ဖြစ်သွားပါတယ်။ ဘုရားရောက်တုန်းရောက်ခိုက် ဓာတ်ပုံရိုက်ယူခဲ့ပါသေးတယ်။

 
ညဦးပိုင်းနဲ့ စေတီတော်...

ကောင်းတော့ကောင်းတယ်။ လောကကြီးမှာ လူတွေဖြစ်ပျက်၊ လည်ပတ်သွားလာနေတာ ကိုယ်နဲ့မဆိုင်သလိုဖြစ်နေတော့ စိတ်ရှုပ်သက်သာတယ်။ သူများနေအနားယူရင် ဘာတွေလုပ်ပြီး ဘယ်လိုနေကြသလဲတော့ ကိုယ်မသိပါ။ ကိုယ်သိတဲ့ အနားယူခြင်းကတော့ အိပ်ချင်တဲ့အချိန်အိပ်ပြီး အိပ်ရာထချင်တဲ့အချိန်မှထခြင်းပါပဲ။ ဘေးအကင်းဆုံး အနားယူခြင်းလို့ ယူဆထားတာမို့ ဒီအကျင့်ကို ပြင်ဖို့တော့ မစဉ်းစားမိပါ။ ကိုယ့်ကိုယ်ကို တစ်ခါတစ်ခါ စဉ်းစားမိရင် မအိပ်ဘဲနေပြန်ရင်လည်း ညလုံးပေါက်နေလို့နေ၊ အိပ်ပြန်ရင်လည်း တစ်နေကုန်တစ်နေခမ်း၊ အစားအသောက်ဆိုလည်း တွေ့ရင်စားပြီး မတွေ့ရင် အပင်ပန်းခံပြီး မရှာတဲ့လူဖြစ်နေတာကြောင့် သံသရာမှာ စစ်သားဖြစ်ခဲ့တဲ့ ဘ၀တော်တော်များခဲ့လို့များ အခုလိုအထုံပါနေသလားလို့ပါ။ ဘာပဲဖြစ်ဖြစ် အခုထိတော့ ကိုယ့်အကျင့်နဲ့ ကိုယ့်စိတ် ကိုယ့်ကိုယ် သဟဇာတ ဖြစ်နေဆဲပါ။

ဒီမနက် အင်း...နေ့လည်ပေါ့လေ အိပ်ရာထတော့ ကိုယ့်အိမ်ရှင်မက အပြင်သွားနေတယ်။ ခရီးသွားဖို့ရက် နီးနေပြီဆိုတော့ ပြင်ဆင်စရာရှိတာတွေ ပြင်ဖို့သွားတာပါ။ နိုးတဲ့အချိန်ကလည်း စကောစကအချိန်ဖြစ်နေပြန်တော့ မနက်စာယောင်ယောင်၊ နေ့လည်စာယောင်ယောင် တစ်နပ်စားလိုက်တယ်။ တစ်ခုတော့ကောင်းတယ်။ မနက်စာစားချိန်မှာ အိပ်ပျော်နေတာများတော့ ထမင်းတစ်နပ်ဖိုးတော့ အကုန်အကျသက်သာသလို ဖြစ်နေလို့။

 http://upload.wikimedia.org/wikipedia/en/6/65/Sims3Cover-Art.jpg
 the Sims 3 

ထမင်းစားတဲ့အလုပ်လုပ်ပြီးတော့ ကိုယ့်ကွန်ပြူတာရှေ့မထိုင်ဖြစ်ဘဲ အိမ်ရှင်မစက်ရှေ့သွားထိုင်ပြီး ညကကစားတဲ့ Sim 3 ဆက်ကစားဖို့ လုပ်ပါတယ်။ ဒီဂိမ်းကစားလိုက်မိရင် ညဘက်တော်တော်နဲ့ မအိပ်ဖြစ်တော့ပါ။ အချိန်ကို ဘယ်လိုကုန်အောင်လုပ်ရမလဲ မသိတဲ့အခါ အလွယ်ဆုံးနဲ့ အကောင်းဆုံး အချိန်ဖြုန်းပေးတဲ့ ဂိမ်းလို့ပြောရမယ်ထင်ပါရဲ့။

 
ကစားဖို့ loading စအ၀င်...


မှတ်ထားတာတွေထဲကမှ...


ဒီဂိမ်းရဲ့ထူးခြားချက်က တခြားဂိမ်းတွေမှာလိုမဟုတ်ဘဲ ကိုယ့်ဇာတ်လမ်းကို ကိုယ်တိုင်စီမံခွင့်ရှိတာပါ။ ကိုယ့်စိတ်ကြိုက်ဇာတ်လမ်းကို ကိုယ်ကြိုက်သလိုကစားလို့ရတာကြောင့် လက်တွေ့ဘ၀နဲ့ နီးစပ်သွားပါတယ်။ ဇာတ်ကောင်တစ်ကောင်ကို ယူပြီးကစားမယ်ဆိုရင် သူ့ရဲ့ trait ဗီဇစရိုက်တွေကို အခြေခံပြီး အလုပ်ရွေးချယ်ရပါတယ်။ ကိုယ့်ဝါသနာနဲ့ ကိုယ့်အသက်မွေးဝမ်းကြောင်းနဲ့ မကိုက်ပြန်ရင်လည်း ဘ၀အောင်မြင်မှုရဖို့မလွယ်ပြန်ပါ။ လုပ်ငန်းအောင်မြင်အောင်ကြိုးစားလို့ ရချင်ရမှာဖြစ်ပေမယ့် စိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှုရမှာ မဟုတ်တော့ပါ။

ကိုယ့်ဇာတ်ကောင်ကိုယ်ရွေး...

ဒါတွေတင်မကဘဲ ကိုယ့်ဇာတ်ကောင်ရဲ့ အခြေခံလိုအပ်ချက်တွေကို အမြဲကြည့်ပြီး ဖြည့်ပေးဖို့ကြိုးစားရပါတယ်။ အစားအစာ၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ အညစ်အကြေးကိစ္စ၊ ပေါင်းသင်းဆက်ဆံရေး၊ စွမ်းအင်၊ ပျော်ရွှင်မှု စတဲ့မီတာတွေကို မျှမျှတတ ပြည့်အောင် ထိန်းသိမ်းနိုင်မှ သူ့ရဲ့စွမ်းဆောင်နိုင်မှု မြင့်မားပါလိမ့်မယ်။ ကိုယ်တို့အပြင်လူတွေနဲ့ သဘောတရားချင်း တူနိုင်သမျှတူအောင် လုပ်ထားတဲ့ ဂိမ်းဖြစ်ပါတယ်။ စွမ်းအင်တွေပြည့်ဝနေလို့ လုပ်ငန်းခွင်မှာ အင်တိုက်အားတိုက်လုပ်နိုင်မယ် မထင်သင့်ပါ။ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုမရှိပြန်ရင် လုပ်အားကျဆင်းပါတော့တယ်။ ပေါင်းသင်းဆက်ဆံရေး အဆင်မပြေပြန်ရင်လည်း အလုပ်ထိခိုက်ပါတယ်။ ဒီနေရာမှာ သူ့ရဲ့ဗီဇနဲ့ ဆိုင်ပါတယ်။ တစ်ကိုယ်တည်းနေရတာ အားသန်တဲ့ loner ဗီဇရှိတဲ့ဇာတ်ကောင်ကျတော့ လူများများကြားရောက်သွားရင် စိတ်ညစ်လာပြန်ပါတယ်။ အပေါင်းအသင်းကြိုက်တတ်တဲ့စရိုက်ရှိတဲ့ဇာတ်ကောင်မျိုးဆိုရင်တော့ လူများများနဲ့ပါတီပေးနေရင် ပျော်မဆုံး၊ ရွှင်မဆုံး သီချင်းတကြော်ကြော်ဆိုလို့ပါ။ သူတို့စိတ်ချမ်းသာနေရင် ရေချိုးရင်တောင် သီချင်းလေးတကြော်ကြော်နဲ့နေပြီး စိတ်အလိုမကျရင်တော့ control panel ပေါ်က မျက်နှာဟာ တစ်ချက်တည်းမဲ့လာပါတော့တယ်။ သူတို့ပျော်ရွှင်အောင်မြင်အောင် ထိန်းသိမ်းပေးနေရတာနဲ့ပဲ အချိန်ကုန်မှန်းမသိ ကုန်သွားအောင် ဆွဲဆောင်မှုရှိလှပါတယ်။

 
ဒီမြို့ကြီးမှာနေတယ် . . .

လစဉ်အိမ်လခတွေ၊ အခွန်တွေကိုလည်း အချိန်မီဆောင်ရပါတယ်။ အခွန်ဆောင်တာ နောက်ကျသွားရင်တော့ တာဝန်ရှိသူက ကိုယ့်ပစ္စည်းတွေကို အခွန်တန်ဖိုးနဲ့ညီအောင် သိမ်းပါလေရော။ ညဘက်ဆိုရင် သူခိုးဝင်တတ်ပါသေးရဲ့။ သူခိုးဝင်ရင် သတိပေးတဲ့စက်တပ်ထားရင် သူခိုးဝင်တာနဲ့ ရဲရောက်လာပြီး သူခိုးကိုဖမ်းပါတေ့တယ်။ ဒါတောင်မှ တစ်ခါတစ်လေမှာ သူခိုးက ရဲကိုနပမ်းပြန်လုံးပြီး ထွက်ပြေးသွားတတ်ပါသေးတယ်။ ကိုယ့်ဇာတ်ကောင်အိမ်ကို သူခိုးမ၀င်အောင် သတိပေးစက် ၁၀၀တန်လေး တပ်ထားမိတာ ပေါချောင်မကောင်းစက်ဖြစ်လို့ထင်ပါရဲ့ သူခိုးကအေးအေးဆေးဆေးဝင်ခိုးသွားလိုက်တာ တပင်တပန်းရှာထားရတဲ့ချွေးနည်းစာလေးတွေ စုဆောင်းပြီးဝယ်ထားရတဲ့ ပစ္စည်းလေးတွေ သူခိုးနောက်ပါသွားပါတော့တယ်။ ကိုယ့်ဇာတ်ကောင်သာမက ကိုယ်ပါ တော်တော်လေး စိတ်ဓာတ်ကျသွားတဲ့အထိပါ။
  မြို့တော်ဝန်ရုံးတဲ့ . . .

ကိုယ်ရှာတဲ့ငွေလေးတွေနဲ့ ကိုယ့်အိမ်ကို စိတ်ကြိုက်ပြင်လို့ဆင်လို့လည်း ရပါသေးတယ်။ အိမ်ကိုချဲ့ဆောက်နိုင်သလို အိမ်ထောင်ပရိဘောဂတွေလည်း ၀ယ်ဖြည့်လို့ရပါတယ်။ ပစ္စည်းကောင်းကောင်းလေးများဝယ်ပြီးရင် မောင်မင်းကြီးသားလေးက သီချင်းတွေ တကြော်ကြော်နဲ့ ပျော်များတောင် ပျော်လို့နေပါသေးတယ်။

ကားမ၀ယ်နိုင်ခင် တက်က်စီစီးထားမယ် . . .
 
ဒီဂိမ်းကို ကိုယ့်အိမ်ရှင်မ ကစားရင် ညပိုင်း၁နာရီလောက်မှပဲ နားပါတော့တယ်။ အစက ကိုယ်ဂိမ်းကစားနေရင် အပြစ်ပြောချင်တဲ့သူတောင် ဒီဂိမ်းနဲ့တွေ့မှ ကိုယ်အပြောခံရသက်သာပါတော့တယ်။ ညဘက်ကိုယ်ဂိမ်းကစားချင်ရင် သူနားမှပဲ ကိုယ့်အလှည့်ကျတဲ့အထိပါ။ ဒီနေ့နေ့လည်ပိုင်း သူအပြင်သွားတုန်းလေး ဂိမ်းထိုင်ကစားနေလိုက်တာ ညနေ၄နာရီထိုးမှပဲ နားဖြစ်ပါတယ်။

ဂိမ်းကစားတာနားပြီး ဒီပို့စ်ကိုရေးတာ သိပ်မကြာပေမယ့် ကွန်နက်ရှင် ကျနေတာကြောင့် ဓာတ်ပုံလေးတွေ တင်တာ တစ်နာရီလောက်ကြာအောင် စောင့်နေရပါသေးတယ်။ GSM ကို စိတ်ကုန်လာလို့ CDMA  နဲ့ အွန်လိုင်းတက်ရင်ကောင်းမှန်းသိပေမယ့် ပိုက်ဆံပင်စိုက်ထားတာ မရှိလေတော့ ရှိသမျှလေးနဲ့ပဲ ရောင့်ရဲရင်း ညဘက်ရောက်မှပဲ ပုံတွေပြန်ဖြည့်တင်ပါတော့မယ်။     ။



Monday, 21 March 2011

တစ်ရက်၁၅၀၀ . . .

မနေ့ညက အိပ်ရာဝင်တာနောက်ကျသွားတယ်။ 
စာရေးလိုက် စာဖတ်လိုက်လုပ်ရင်း မနက်လင်းအားကြီး ၄နာရီလောက်မှပဲ အိပ်ဖြစ်ပါတယ်။ ဒါကြောင့် နေ့လည် ၁၂နာရီကျော်မှပဲ နိုးပါတော့တယ်။ ကျောင်းပိတ်ရက်တွေဆိုရင် အမြဲနေ့နဲ့ ညမှားလေ့ရှိပါတယ်။ နေ့လည်ဖက်မှာ မျက်စိနောက်စရာကောင်းလောက်အောင် လူတွေသွားလာနေကြတာကို မမြင်ရတော့ဘဲ အိပ်ပျော်နေပြီး အားလုံးတိတ်ဆိတ်နေတဲ့ညအချိန်မှာ ကိုယ်ရောစိတ်ပါ တိတ်ဆိတ်အေးချမ်းနေတာမို့ ကိုယ့်ကိုယ်ကို အပြစ်မမြင်မိပါ။
ဒီနေ့အိပ်ရာက နိုးပြီးတော့ ယောင်ချာချာနဲ့ ကွန်ပြူတာဖွင့်ပြီး အွန်လိုင်းပေါ်တက်စာဖတ်ဖြစ်ပါတယ်။ ပညာရေးဆိုင်ရာ ဆိုဒ်တွေကို ရှာဖွေဖတ်ရင်းက အမေရိကားမှာ မူလတန်းဆရာတစ်ယောက်ရဲ့ ၀င်ငွေဟာ တစ်နှစ်ကို ဒေါ်လာ ၃သိန်းကျော်(မြန်မာငွေ သိန်း၃ထောင် ကျော်မယ်ထင်တယ်) ရတယ်ဆိုတာ ဖတ်မိတော့ ခေါင်းကြီးသွားပါတယ်။ စာသင်လက ၁၀လရှိရင် တစ်လကို ၀င်ငွေ သိန်း၃၀၀လောက်ရကြတာပါကလား။ အဲဒီ The Case for $320,000 Kindergarten Teachers ဆိုတဲ့ဆောင်းပါးကိုဖတ်ရင်း အတွေးတွေ မီးခိုးမဆုံး မိုးမဆုံး နယ်ချဲ့မိပါတော့တယ်။ သင်ထောက်ကူ ဆောင်းပါးလည်း ဘာသာမပြန်ဖြစ်တော့ပါ။
ကိုယ်တို့တိုင်းပြည်က အထက်တန်းပြ ဆရာတစ်ယောက်ကို လစာ လေးသောင်းခွဲလောက်ပဲရပါတယ်။ တစ်နှစ်လုံးပေါင်းရင် ၅သိန်းကျော် ၆သိန်းဝန်းကျင်ပဲ ရှိပါလိမ့်မယ်။ ဒေါ်လာနဲ့တွက်ရင် တစ်လ၀င်ငွေဟာ ဒေါ်လာ ၅၀တောင် မပြည့်ချင်ပါ။ တစ်နှစ်လုံးပေါင်းလိုက်ရင် ဒေါ်လာ၅၀၀ကျော်လောက်ပဲ ရပါတယ်။ သူတို့တိုင်းပြည်က ဆရာတွေရဲ့ ၀င်ငွေနဲ့ယှဉ်ရင်(ဒါတောင် ကိုယ့်ဆီက အထက်တန်းပြနဲ့ သူ့ဆီက မူလတန်းဆရာနဲ့ ယှဉ်တာပါ) အဆခြောက်ဆယ်လောက်တောင် ကွာချင်တိုင်းကွာနေပါတော့တယ်။ ဒါ့အပြင် သူတို့ဆီမှာ ဆရာတွေကို ဂုဏ်သရေရှိ လူကြီးလူကောင်းစာရင်းသွင်းထားပြီး ကိုယ့်ဆီမှာက အိမ်သာလို မရှိသုံးလောက်ပဲ သဘောထားကြတာများပါတယ်။ ကိုယ်တို့ဆရာတွေ၊ ဆရာမတွေခမျာ ကံဆိုးလိုက်ကြတာ။ ဒီလစာလေးတွေ မဖြစ်စလောက်လေးနဲ့ ကိုယ်တို့ကို ပညာတတ်တွေဖြစ်အောင် မြေတောင်မြှောက်ပေးခဲ့ကြတာပါ။
ဆေးကျောင်းဒုတိယနှစ်က ကိုယ်တို့ဆရာ ဒေါက်တာဦးမင်းဆွေ(အခုတော့ ညွှန်မှူးဖြစ်သွားပါပြီ) ပြောတဲ့စကားကို ပြန်သတိရမိပါသေးတယ်။ “ကျွန်တော်ရတဲ့လခက ခင်ဗျားတို့ကို စာလာသင်ဖို့ ကုန်တဲ့ဆိုင်ကယ်ဆီဖိုးလောက်ပဲရှိတာပါ။ ဒါပေမယ့် ကျွန်တော်တို့ကမှ ဒီလိုသင်မပေးရင် ခင်ဗျားတို့ကို ဘယ်သူမှသင်ပေးမှာ မဟုတ်ဘူး”တဲ့။ မှန်ပါတယ်။ ကိုယ်တို့ဆရာတွေဟာ အဲဒီလိုဆရာတွေပါ။ အဲဒီလို အနစ်နာခံကြတာပါ။ ဒါပေမယ့် ညွှန်မှူးဖြစ်ချင်လို့နေမှာပေါ့လို့ စေဒကတက်ချင်လည်း တက်ပါ။ ဒီအရွယ် အိုကြီးအိုမရောက်မှ ညွှန်မှူးဖြစ်တော့ ဘယ်နှစ်နှစ် စည်းစိမ်ခံနိုင်တော့မှာ ပါလိမ့်။ ဘာပဲပြောပြော သူသင်ပေးလို့သာ ကိုယ်တို့တွေ တတ်ကြရတာတော့ ငြင်းမရပါ။
တစ်ညနေလုံး ထိုင်စဉ်းစားရင်း ကျောင်းကဆရာတွေကို ကရုဏာသက်နေမိပါတယ်။ ကိုယ်တို့အပြင်ဆရာတွေဆိုတာ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်နိုင် ၀င်ငွေရနိုင်ပေမယ့် သူတို့မှာတော့ မသင်လည်းဒီလောက်၊ သင်လည်းဒီလောက်ဆိုတော့ ကြိုးစားချင်စိတ်တွေ ခမ်းကုန်ကြတာ ဆန်းတော့မဆန်းပါ။ ဘယ်လောက်ပဲ စိတ်ဓာတ်ကောင်းကောင်းနဲ့ ကြိုးစားမယ်ပဲပြောပြော ကြာရှည်မှာ ကောင်းနိုင်ဖို့ဆိုတာ ဗိုက်ပြည့်နေမှဖြစ်ပါလိမ့်မယ်။ သူများနိုင်ငံက ဆရာတွေလို အူမမတောင့်ကြလေတော့ သီလစောင့်ကြဖို့လည်း ခဲယဉ်းလာကြရှာပါလိမ့်မယ်။ စလေဦးပုညကြီးပြောဖူးတဲ့
“ပညာရှင်ဆိုကတဲ၊ မွဲရင်ဖြင့် မိုက်ရတော့မယ်” ဆိုတဲ့ တေးထပ်စာသားအတိုင်း ဖြစ်ကုန်ကြရှာတာပါ။ ဒါပေမယ့် အပြင်လူတွေကတော့ ဒါကိုသဘောပေါက်ချင်မှ ပေါက်ပါလိမ့်မယ်။ ဆရာတွေရဲ့ စားဝတ်နေရေးဆိုင်ရာ အခက်အခဲတွေကြောင့် ဖြစ်လာရတဲ့ စိတ်ဓာတ်ပျက်ပြားမှုတွေကို ဘယ်သူမှနားလည်မပေးကြတာများပါတယ်။ အကျိုးဆက်ကိုပဲ အပြစ်မြင်ပြီး အကြောင်းတရားကို နားလည်မပေးနိုင်သူတွေကြားမှာ ကိုယ်တို့ရဲ့အဖြူအစိမ်းဝတ်ဆရာ၊ ဆရာမလေးတွေမှာ လူရမ်းကားတွေလို အထင်အမြင်သေးခံရပြီး အားလုံးက ရွံကြောက်ကြီး ဖြစ်တာခံနေရပါတော့တယ်။
ကာယကိုပဲ အသုံးချတဲ့ ဆိုက်ကားသမားတစ်ယောက်ရဲ့ တစ်နေ့ဝင်ငွေဟာ လေးငါးထောင်ရှိနေတဲ့ ဒီဘက်ခေတ်မှာ ဆရာတစ်ယောက်ရဲ့ တစ်နေ့ဝင်ငွေဟာ ၁၅၀၀ပဲ ရှိနေသမျှ ကိုယ်တို့ကလေးတွေ ကံကောင်းကြမယ်မထင်ပါ။ ဂျော်နီဝါးကား တံဆိပ်အပြာတစ်လုံးသောက်ချင်ရင်တောင် သုံးလေးလစာလောက် စုယူရရှာမယ့် ဒီဆရာဆရာမလေးတွေ ကြိုးစားချင်စိတ်ကုန်ခမ်းတာကို အပြစ်ပြောနေကြမယ်ဆိုရင်ဖြင့် ကိုယ့်အိတ်ထဲကကိုယ်စိုက်ပြီး အမေရိကားမှာလို တစ်လကို ဒေါ်လာသုံးသိန်းကျော်ကျော်ပေးကြည့်ကြရအောင်ပါ။ အင်း အဲဒီလောက်ပေးလို့မှ ကောင်းမလာရင်တော့လည်း ဖြုတ်၊ ထုတ်၊ သတ် လုပ်ရုံပဲ ရှိမယ်ထင်ပါရဲ့။ သူတို့လောက်မှ ၀င်ငွေမရတဲ့ ကိုယ်တို့ရဲ့ဆရာတွေ သူတို့လို မတော်တာ၊ အာရုံမစိုက်တာ၊ စေတနာမထားနိုင်တာ အပြစ်ပြောနေကြရင်တော့ ပြောတဲ့သူကိုပဲ လူမိုက်နံမည်တပ်ရပါတော့မယ်။ ဒါဆိုရင်တော့ ကိုယ်တို့တိုင်းပြည်မှာ လူမိုက်တော်တော်များနေမယ်ထင်ပါတယ်။ အဲဒီလူမိုက်ထဲမှာ ကိုယ်က ထိပ်ဆုံးကပါနေမလားဆိုတာ စဉ်းစားရင်း ဒီနေ့တစ်နေ့လုံး ဘာစာမှ မယ်မယ်ရရ မဖတ်ဖြစ် ဘာသာမပြန်ဖြစ်ဘဲ အချိန်ကုန်ခဲ့ပါရောလား။     ။

Sunday, 20 March 2011

စာသင်ခန်းစည်းကမ်း ချမှတ်ခြင်း . . .

စာသင်ခန်းတွင်းစည်းကမ်းတွေဟာ 
စီမံခန့်ခွဲမှုနဲ့ လုံခြုံစိတ်ချရတဲ့ သင်ကြားရေးပတ်ဝန်းကျင်ကောင်းတစ်ခု တည်ဆောက်ရာမှာ အလွန်အရေးပါပါတယ်။

ဆရာသစ်တွေဟာ ကျောင်းသားတွေကို စည်းကမ်းသေ၀ပ်အောင် ထိန်းသိမ်းရင်း သူတို့ရဲ့ အချိန်တွေဘယ်လောက်တောင် သုံးစွဲလိုက်ရတယ်ဆိုတာ ပြန်စဉ်းစားမိရင် သူတို့ကိုယ်သူတို့တောင် အံ့သြယူကြရလေ့ရှိပါတယ်။ ကျောင်းသားတွေကို စည်းကမ်းလိုက်နာအောင် ထိန်းသိမ်းရင်း ဆရာာကိုယ်တိုင် စိတ်တိုဒေါသထွက်သွားရင်၊ ကျောင်းသားတစ်ယောက်က စာသင်ခန်းတစ်ခုလုံးကို စိတ်အနှောင့်အယှက်များစွာပေးပြီး သင်ကြားမှုကို ကမောက်ကမဖြစ်အောင်လုပ်နေရင် ပညာသင်ကြားရေးမှာ အနုတ်လက္ခဏာ သဘောဆောင်သွားပါပြီ။  ထိန်းသိမ်းလို့မရနိုင်တဲ့ ကျောင်းသားတွေနဲ့ ပြည့်နှက်နေတဲ့ စာသင်ခန်းတစ်ခုဟာ ပညာသင်ကြားပေးဖို့ မဖြစ်နိုင်တဲ့ စာသင်ခန်းတစ်ခုဖြစ်ပြီး စာသင်ချိန်ပြီးဆုံးရင် ဆရာကိုယ်တိုင် နလံမထူနိုင်အောင် ခေါင်းကိုက်ပြီး အိမ်ပြန်ရမယ့် စာသင်ခန်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျောင်းသားတွေကို စည်းကမ်းလိုက်နာအောင် လုပ်နိုင်ဖို့ တိကျတဲ့ တစ်ခုတည်းသော နည်းလမ်းဆိုတာတော့ မရှိသေးပါ။

ကံကောင်းထောက်မစွာပဲ ကျောင်းသားတွေကို စည်းကမ်းဖောက်ဖျက်မယ့်အစား ကိုယ့်တာဝန်တွေကို ကျေကျေပွန်ပွန်ဆောင်ရွက်စေမယ့် နည်းလမ်းအချို့တော့ ရှိနေပါတယ်။ ကျောင်းသားတွေ စာသင်ခန်းစည်းကမ်းကို လိုက်နာစေဖို့ တိကျတဲ့စည်းကမ်းတွေ၊ ဆုပေးတာတွေ၊ နားဝင်အောင်ရှင်းလင်းပြောဆိုမှုတွေ လိုအပ်ပါတယ်။ ဒါတွေကို ဆရာဖြစ်သူက ကိုယ့်ရဲ့ တိုက်ပွဲဥပဒေသတွေလို မှတ်ယူရပါလိမ့်မယ်။ ဆရာဖြစ်သူက ကိုယ့်ရဲ့ကျောင်းသားတပ်စုကို နည်းဗျူဟာတွေ တိုးတက်လာအောင် ပျိုးထောင်၊ တိုက်ပွဲစီမံချက်တွေရေးဆွဲပေး၊ လေ့ကျင့်ပေးရုံသာမက အတိတ်က အမှားတွေကနေလည်း သင်ခန်းစာတွေ ယူခိုင်းရပါလိမ့်မယ်။ ဆရာရဲ့ စည်းကမ်းချက် အစီအစဉ်သာ ထိရောက်အောင်မြင်မယ်ဆိုရင် နောက်ထပ်တိုက်ပွဲတွေ ဖြစ်မလာစေမယ့် အကောင်းဆုံးသော တိုက်ပွဲအစီအမံပဲ ဖြစ်လာမှာ မလွဲပါ။

အထွေထွေ စည်းကမ်းချက်တွေကို ဖွံ့ဖြိုးလာအောင် စီမံခြင်း
တိုင်းပြည်(သို့မဟုတ်) စာသင်ခန်းတစ်ခုကို စီမံခန့်ခွဲဖို့ ပထမဆုံးခြေလှမ်းဟာ ရှင်းလင်းတိကျတဲ့ စည်းမျဉ်းစည်းကမ်းများ ချမှတ်ခြင်းပဲဖြစ်ပါတယ်။ ကျောင်းတွေမှာတော့ ကျောင်းအဖွဲ့အစည်းက အတန်းတိုင်းအတွက်ပဲဖြစ်ဖြစ် တစ်ကျောင်းလုံးအတွက်ပဲဖြစ်ဖြစ် လိုက်နာရမယ့် စည်းကမ်းချက်တွေ ချမှတ်ပြီးသား ရှိတတ်ပါတယ်။ ဒါတွေအပြင် ဆရာတွေက သူတို့ရဲ့ ကိုယ်ပိုင်လုပ်ထုံးလုပ်နည်းကိုသုံးလို့ပဲဖြစ်ဖြစ် စည်းမျဉ်းသစ်တွေ ထုတ်လို့ပဲဖြစ်ဖြစ် ပိုမိုထိရောက်ကောင်းမွန်အောင် စီမံနိုင်ကြပါတယ်။ အခြေခံ စည်းကမ်းချက်တွေမှာ  အောက်ပါအချက်တွေ ပါရှိသင့်ပါတယ်။
- ချိုသာယဉ်ကျေးသော စကားလုံးကို အသုံးပြုစေခြင်း
- မိမိကြောင့် သူတပါးအနှောင့်အယှက်မဖြစ်အောင် ထိန်းသိမ်းစေခြင်း
- စကားပြောစရာတစ်ခုခုရှိလျှင် လက်ထောင်စေခြင်း
- ကျောင်းပိုင်ပစ္စည်းနှင့် သူတပါးပိုင် ပစ္စည်းများကို လေးစားတန်ဖိုးထားစေခြင်း
- သင်ယူမှုနှင့် သင်ကြားမှုဆိုင်ရာပစ္စည်းများကို အချိန်မီ အဆင်သင့်ပြင်ဆင်စေခြင်း

စည်းကမ်းအရေအတွက် ကန့်သတ်ခြင်း
ကျောင်းသားတွေဟာ များပြားလှတဲ့ စည်းမျဉ်းစည်းကမ်းချက်တွေကို အလွယ်တကူပဲ မျက်စေ့လျှံသွားကြလေ့ ရှိပါတယ်။ မူလတန်းအဆင့် ကျောင်းသားတွေအတွက် အရေအတွက်မများတဲ့ စည်းကမ်းချက်တွေက ပိုပြီးသင့်လျော်ပါလိမ့်မယ်။ အလယ်တန်းအဆင့် ကျောင်းသားတွေအတွက်ကတော့ အတော်အသင့်များတဲ့ စည်းကမ်းချက်တွေကို လိုက်နာနိုင်မှာဖြစ်ပြီး အထက်တန်းကျောင်းသားတွေကတော့ စည်းကမ်းချက် တော်တော်များများကို လိုက်နာဖို့ အခက်အခဲမရှိနိုင်ပါ။ ဒါပေမယ့် စည်းကမ်းချက်တွေဟာ လိုတာထက် ပိုမများဖို့ သတိပြုသင့်ပါတယ်။
စည်းကမ်းများကို အပြုသဘော ဆောင်စေခြင်း
စည်းကမ်းချက်အများစုကတော့ “အတန်းထဲမှာ ဆူညံခြင်းမပြုရ” ဆိုတဲ့ပုံစံမျိုးနဲ့ ကျောင်းသားတွေကို ဘာတွေမလုပ်ရဘူးဆိုတာ တားမြစ်တဲ့ စည်းကမ်းချက်တွေ ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် ကျောင်းသားတွေကို ဘာလုပ်ရမယ်ဆိုတဲ့ အချက်တွေညွှန်ပြထားတာမျိုး သိပ်မရှိပါ။ ကျောင်းသားတွေကို တားမြစ်တဲ့စည်းကမ်းချက်မျိုးတွေဟာ ကျောင်းသားနဲ့ ပတ်ဝန်းကျင်ကို အပြုသဘော ဆောင်စေမှာမဟုတ်တာကို သတိပြုရပါလိမ့်မယ်။ အဲဒီလို စည်းကမ်းချက်တွေအစား အပြုသဘောဆောင်တဲ့ စည်းကမ်းချက်တွေကို သုံးစွဲသင့်ပါတယ်။ “ကော်ရစ်ဒါမှာ မပြေးရ” ဆိုတဲ့စည်းကမ်းချက်အစား “ကော်ရစ်ဒါမှာ လမ်းလျှောက်သွားပါ” ဆိုတဲ့စည်းကမ်းမျိုး၊ “အတန်းထဲတွင် ဆူညံခြင်းမပြုရ” ဆိုတဲ့စည်းကမ်းမျိုးအစား “အတန်းထဲတွင် စကားတိုးတိုးပြောပါ” ဆိုတဲ့ စည်းကမ်းချက်မျိုး ပြောင်းလဲပြီး ချမှတ်သင့်ပါတယ်။

ရှင်းလင်းတိကျသော စည်းကမ်းချက်များ ချမှတ်ခြင်း
ကျောင်းသားတွေဟာ အလွယ်တကူ နားလည်နိုင်တဲ့ စည်းကမ်းချက်တွေကိုပဲ လိုက်နာလေ့ရှိပါတယ်။ ဒါကြောင့် ဆရာဖြစ်သူရဲ့ စည်းကမ်းချက်တွေဟာ တိုတိုတောင်းတောင်းနဲ့ ညင်သာမှုရှိဖို့ လိုပါတယ်။ “စာသင်ခန်းမှာ ဆရာစကားပြောနေရင်၊ စုံညီစုဝေးပွဲမှာ ဆရာ(သို့မဟုတ်) ကျောင်းအုပ်ကြီးရဲ့ ခွင့်ပြုချက်မရရင် စကားလုံးဝမပြောရ” ဆိုတဲ့ စည်းကမ်းမျိုးထက် “တစ်ခုခုပြောစရာရှိရင် လက်ထောင်ပါ”ဆိုတဲ့ စည်းကမ်းက ပိုထိရောက်ပါလိမ့်မယ်။ အရေးကြီးတဲ့ အချက်က ဆရာဖြစ်သူက ချမှတ်တဲ့စည်းကမ်းချက်တစ်ခုဟာ စည်းကမ်းဖောက်ဖျက်မှု တော်တော်များများကို တားမြစ်ရာရောက်အောင် ထိရောက်တဲ့ စည်းကမ်းချက်မျိုးဖြစ်ရပါလိမ့်မယ်။ ဒါမှလဲ အဲဒီလို စည်းကမ်းမျိုးကို အခြေအနေအမျိုးမျိုးမှာ သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဥပမာပေးရရင် “ကျောင်းပိုင်ပစ္စည်းများကို ရိုသေပါ” ဆိုတဲ့ စည်းကမ်းတစ်ချက်ဟာ ကျောင်းနံရံတွေမှာရေးခြစ်တာ၊ ကျောင်းပရိဘောဂတွေကို ဖျက်ဆီးတာ၊ ကျောင်းပိုင် စာရွက်စာတမ်းတွေကို ပျက်စီးအောင်လုပ်တာစတဲ့ စည်းကမ်းဖောက်ဖျက်မှုတွေ အားလုံးနဲ့ အကျုံးဝင်တဲ့စည်းကမ်းဖြစ်ပါတယ်။

ကျောင်းသားများကြားတွင် စည်းကမ်းချက်များ ဖွံ့ဖြိုးစေခြင်း
ဆရာဖြစ်သူဟာ စာသင်နှစ်မစခင်ကတည်းက ကိုယ်ချမှတ်မယ့် စည်းကမ်းချက်တွေကို စိတ်ထဲမှာစီမံကိန်းချထားနိုင်ပါတယ်။ ဒါပေမယ့် အဲဒီစည်းကမ်းချက်တွေကို စာသင်ခန်းထဲမှာ ကျင့်သုံးဖို့ အတည်မပြုခင် စည်းကမ်းချက်ချမှတ်သူတွေထဲမှာ ကျောင်းသားတွေလဲ ပါဝင်စေသင့်ပါတယ်။ “ဆရာတို့ကျောင်း သန့်ရှင်းအောင် ဘယ်လိုစည်းကမ်းချက်မျိုး သတ်မှတ်သင့်သလဲဟေ့” ဆိုတဲ့ စကားမျိုးနဲ့ ကျောင်းသားတွေကို သူတို့ကိုယ်တိုင် စည်းကမ်းချက်တွေ ထုတ်နိုင်အောင် လမ်းကြောင်းပေးသင့်ပါတယ်။ ကျောင်းသားတွေ သဘောတူချမှတ်လိုက်တဲ့ စည်းကမ်းချက်ကို ပန်းချီဝါသနာပါတဲ့ ကျောင်းသားတစ်စုကို တာဝန်ပေးပြီး ပိုစတာဆိုဒ်စာရွက်ပေါ်မှာရေးခိုင်းသင့်ပါတယ်။ စည်းကမ်းချက်ထုတ်တဲ့ နေရာမှာ ကျောင်းသားတွေကိုယ်တိုင် တစ်စိတ်တစ်ဒေသအဖြစ်ပါဝင်စေခြင်းက ကိုယ်တိုင်ထုတ်ထားတဲ့ စည်းကမ်းချက်တွေအဖြစ် စိတ်ထဲမှာ ယူဆသွားစေပြီး တာဝန်ယူမှုနဲ့ ထိန်းသိမ်းလိုမှုကို ပိုမိုတိုးတက်စေပါလိမ့်မယ်။်

စည်းကမ်းချက်ထုတ်ပြန်ခြင်း
အားလုံးသဘောတူညီမှုနဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို ကျောင်းသားတွေ တစ်နေ့လုံး ထင်သာမြင်သာရှိတဲ့ စာသင်ခန်းရဲ့ ရှေ့၊ အလယ်ဗဟိုစတဲ့ နေရာမျိုးတွေမှာ ကပ်ထားသင့်ပါတယ်။ စည်းကမ်းချက်တွေကို အမြဲမြင်နေရခြင်းက ကျောင်းသားတွေကို စည်းကမ်းလိုက်နာဖို့ မကြာမကြာသတိပေးရခြင်းက သက်သာစေပါလိမ့်မယ်။

စည်းကမ်းချက်တစ်ခုစီကို နေ့စဉ်အာရုံစူးစိုက်ခြင်း
အပြင်းအထန် စာသင်ကြားရတဲ့ ကာလအပိုင်းအခြားတစ်ခု ရောက်မလာခင် စာသင်နှစ်အစ မိတ်ဆက်စာသင်ချိန်မျိုးတွေမှာ ချမှတ်ထားတဲ့ စည်းကမ်းချက်တွေထဲက တစ်ခုစီကို နေ့စဉ်ထုတ်နှုတ်ပြီး ကျောင်းသားတွေ လိုက်နာနိုင်အောင် လေ့ကျင့်ပေးသင့်ပါတယ်။ ချမှတ်ထားတဲ့ စည်းကမ်းကို ကျောင်းသားတွေ နားလည်သဘောပေါက်အောင် သရုပ်ပြတာမျိုးတွေလည်း လုပ်ပေးသင့်ပါတယ်။ စည်းကမ်းချက်တစ်ခုမှာ ဘာတွေပါဝင်သလဲဆိုတာကို ကျောင်းသားတွေ သိအောင်လုပ်ပေးဖို့ အရေးကြီးပါတယ်။ ကျောင်းပိုင်ပစ္စည်းတွေကို ရိုသေပါဆိုတဲ့ စည်းကမ်းချက်ကို လေ့ကျင့်ပေးရာမှာ အိမ်သာကို သန့်ရှင်းအောင်ထားခြင်း၊ အမှိုက်ပုံးပြည့်ပြည့်ခြင်း စွန့်ပစ်ပြီး သန့်ရှင်းရေးလုပ်ခြင်း၊ ကျောင်းပိုင် ကျောင်းသုံးစာအုပ်များကို သန့်ရှင်းသပ်ရပ်စွာ အသုံးပြုခြင်းစတာတွေကို ကျောင်းသားတွေ လိုက်နာနိုင်အောင် လေ့ကျင့်ပေးဖို့ လိုပါတယ်။ ဒါတင်မကဘဲ ကျောင်းသားတွေက စည်းကမ်းချက်ကို တစ်နေ့တာလုံး လိုက်နာမယ်ဆိုရင် သင့်တော်တဲ့ ဆုချခြင်းမျိုးပဲဖြစ်ဖြစ်၊ နှုတ်နဲ့ချီးမွမ်းတာမျိုးပဲဖြစ်ဖြစ်လုပ်ပြီး ကျောင်းသားတွေကို ကျေနပ်နှစ်သိမ့်အောင် လုပ်ပေးရပါမယ်။ ဒီနည်းစံနစ်အတိုင်း အချိန်အနည်းငယ် အကုန်ခံပြီး ပြုစုပျိုးထောင်ပေးခြင်းအားဖြင့် စည်းမျဉ်းစည်းကမ်းတွေရဲ့ အရေးပါမှုကို ပံ့ပိုးရာရောက်သလို ကျောင်းသားတွေရဲ့ စိတ်ထဲမှာ စည်းကမ်းချက်တွေကို စွဲစွဲမြဲမြဲမှတ်သားမိစေဖို့ ကူညီရာလည်း ရောက်ပါတယ်။
စည်းကမ်းချက်များကို နေ့စဉ်သတိပေးခြင်း
စာသင်ခန်းတွင်း စည်းကမ်းချက်တွေကို ထိရောက်စေဖို့ အရေးပါတဲ့ လုပ်ဆောင်မှုတစ်ခုက စည်းကမ်းချက်တွေကို နေ့စဉ်သတိပေးခြင်းပဲ ဖြစ်ပါတယ်။ စည်းကမ်းချက်တွေကို သင်ကြားမှုခေါင်းစဉ်နဲ့ ဆက်စပ်ပြီး အသိပေးတာမျိုးဟာလည်း သင့်လျော်ပါတယ်။ “ဒီဇာတ်လမ်းထဲက ဇာတ်ကောင်ဟာ တို့စာသင်ခန်းရဲ့ စည်းကမ်းမျိုးသာ လိုက်နာမယ်ဆိုရင် ဒုက္ခရောက်မှာ မဟုတ်ဘူး” “ဒီဇာတ်လမ်းမှာ ဆရာကြီးက သူ့တပည့်တွေကို ချမှတ်ပေးတဲ့ စည်းကမ်းချက်က တို့စာသင်ခန်းစည်းကမ်းချက်တွေနဲ့ မတူဘူးလား” စသည်ဖြင့် သင်ခန်းစာနဲ့ မိမိတို့ရဲ့ စာသင်ခန်းစည်းကမ်းချက်တွေနဲ့ နှိုင်းယှဉ်ပြီး စည်းကမ်းလိုက်နာခြင်းအားဖြင့် လက်တွေ့ဘ၀မှာ ဘယ်လိုကောင်းကျိုးတွေ ရနိုင်တယ်ဆိုတဲ့ အချက်ကို ကျောင်းသားတွေကို ဆွေးနွေးခိုင်းသင့်ပါတယ်။

စည်းကမ်းချက်ကို လိုက်နာနေကြောင်း အသိအမှတ်ခြင်း
ကျောင်းသားတစ်ယောက်က စာသင်ခန်းစည်းကမ်းတစ်ခုကို လိုက်နာနေရင် သူ့ကိုအသိအမှတ်ပြုပေးပါ။ အဲဒီလို အသိအမှတ်ပြုခြင်းဟာ ကျန်ကျောင်းသားတွေကိုပါ စည်းကမ်းလိုက်နာအောင် ဆွဲဆောင်တိုက်တွန်းရာ ရောက်ပါလိမ့်မယ်။ စည်းကမ်းလိုက်နာမှုအတွက် ပေးတဲ့ဆုလာဘ်မျိုးကလည်း ကျောင်းသားတွေ စည်းကမ်းကို စဉ်ဆက်မပြတ်လိုက်နာဖို့ တွန်းအားကောင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။

စာကြွင်း။     ။
စာသင်နှစ်အသစ် မစခင်မှာ အဆင်သင့်ဖြစ်အောင် သင်ခန်းစာတွေပြင်ဆင်ရင်း၊ သင်ကြားမှုနည်းစံနစ်တွေ ရှာရင်းနဲ့ ကိုယ်တိုင်လိုက်နာမှတ်သားဖို့ အဓိက ဦးတည်ချက်နဲ့ suite 101 မှာ ရေးထားတဲ့ သင်ကြားမှုအထောက်အကူပြု ဆောင်းပါးတွေကို ဘာသာပြန်ဖြစ်နေပါတယ်။ ပညာရေးကို ၀ါသနာပါသူတစ်ယောက်တစ်လေ ဖတ်ဖြစ်ရင်လည်း အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားလို့ မှတ်ရမှာ ဖြစ်ပါတယ်။



 

-  

Saturday, 19 March 2011

ဈေးဝယ်ထွက်ခြင်း . . .

ဒီလကုန်မှာ ပုဂံနဲ့ နေပြည်တော်ကို ခရီးထွက်တဲ့အခါသုံးဖို့ 
ကင်မရာကောင်းကောင်း ၀ယ်ချင်တာကြောင့် နေ့လည်က မဲ့ဆောက်ကို ဈေးဝယ်ထွက်ဖြစ်ပါတယ်။ မဲ့ဆောက်ကို နှစ်ခေါက်ပဲရောက်ဖူးတာကြောင့် ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာလည်း တိတိကျကျမသိပါ။ ဘာပဲဖြစ်ဖြစ် ပါးစပ်ပါရွာရောက်တာမို့ အိမ်ရှင်မနဲ့ တပည့်ကျော်တစ်ယောက်ခေါ်ပြီး သွားလိုက်ပါတယ်။

မဲ့ဆောက်ဈေးတန်းပါ...

မဲ့ဆောက်ဈေးကိုရောက်တော့ ကင်မရာတွေ ဘယ်ဆိုင်မှာရှိလို့ရှိမှန်း မသိတာကြောင့် ဟိုဆိုင်ဝင်၊ ဒီဆိုင်ထွက်နဲ့ နှစ်နာရီကျော်ကျော်လောက် တလည်လည်ဖြစ်နေပါတော့တယ်။ နံမည်ကြားဖူးထားတဲ့ ဟုံလုံဆိုင်(ကားသမား ယိုးဒယားကတော့ “ဟုံလုံး”လို့ အသံထွက်ပါတယ်) သွားကြည့်ပြန်တော့လည်း ကင်မရာလေးငါးလုံးလောက်ပဲ တွေ့ပါတယ်။ လိုချင်တဲ့ အမျိုးအစား မဟုတ်တာကြောင့် နေပူကြဲကြဲမှာ သုံးယောက်သား ခြေတိုအောင် ဆက်သွားကြရပါတော့တယ်။ ဆိုနီပစ္စည်းတွေရောင်းတဲ့ ဆိုင်ကိုဝင်ကြည့်မိပြန်တော့ ကင်မရာတစ်လုံးကို ဘတ်၁၅၀၀၀ကျော်ကျော်(မြန်မာငွေ ၄သိန်းခွဲကျော်ကျော်) ဖြစ်နေတာကြောင့် ဟန်ကိုယ့်ဖို့လုပ်ရင်း ခပ်တည်တည်ပြန်ထွက်ခဲ့ရပါတယ်။ သဘောကောင်းလှတဲ့ ယိုးဒယားဆိုင်ရှင်တွေပါ။ မွှေချင်သလောက်မွှေပြီး အကြိုက်မတွေ့လို့ မ၀ယ်ရင်လည်း ပြုံးပြုံးရွှင်ရွှင်ပါ။ အင်း...ကိုယ်တို့ဆီမှာဆိုရင် ဈေးမေးပြီး မ၀ယ်ရင် အဆဲမခံရတောင် အနည်းဆုံးပါးစပ်က ပွစိပွစိလုပ်ပြီး မျက်စောင်းထိုးခံရမှာလောက်တော့ သေချာပါရဲ့။

တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် တလည်လည်သွားကြည့်ရင်း လိုချင်တဲ့ ပစ္စည်းတွေတွေ့ပေမယ့် ကင်မရာဝယ်ဖို့ ရည်ရွယ်ချက် အကောင်အထည်မပေါ်မချင်း ကျန်တာမ၀ယ်ရဲသေးတာကြောင့် ခပ်တည်တည်ပဲ
Window shopping လုပ်ရပါတော့တယ်။ လိုချင်လျက်နဲ့ ငွေကိုချင့်ချိန်ရင်း မ၀ယ်ရတဲ့ဝဋ်က တော်တော်ကြီးလှပါတယ်။ ကိုယ်က ဈေးဝယ်ထွက်ရင် လိုတာထက်တော်တော်များများ ပိုထည့်သွားတဲ့ အကျင့်ရှိပေမယ့် ခရီးသွားဖို့စရိတ်နည်းသွားမှာစိုးတဲ့ အိမ်ရှင်မက လိုတာထက်နည်းနည်းပဲ ပိုထည့်ခဲ့တာကြောင့် လိုချင်တာလေးတွေတွေ့ရင် ငေးရုံပဲ ငေးခဲ့နိုင်ပြီး
မြင်သာမြင်ရ မကြင်ရမောင့်မှာဘ၀နဲ့ ယောင်ချာချာလည်ရပါတော့တယ်။

Mini mart တစ်ခုမှာ ထုံးစံအတိုင်း တောင်ငေးမြောက်ငေးလုပ်ရင်း စာရေးမတစ်ယောက်ကို ကင်မရာတွေ ရောင်းတဲ့ဆိုင် လမ်းညွှန်ခိုင်းမိတော့ သဘောကောင်းလှတဲ့ စာရေးမက ဆိုင်ပြင်ထွက်ပြီး လက်ညိုးတွေထိုးရင်း သုံးလေးဆိုင်လောက်ကို အားရပါးရ လမ်းညွှန်ပါတော့တယ်။ သူပြောတဲ့ ဆိုင်တွေထဲကမှ အနီးဆုံးနဲ့ အကြီးဆုံးဖြစ်မယ်ထင်တဲ့ ဆိုင်ကို ကိုယ့်ဖာသာ အာရုံသိနဲ့ ဆုံးဖြတ်ပြီး သုံးယောက်သား သွားကြပါတယ်။ 

အတော်အသင့်ကြီးတဲ့ electronic store တစ်ခုတွေ့တော့မှ ၀မ်းသာအားရနဲ့ ဆိုင်ထဲဝင်ကြည့်ရပါတယ်။ ကင်မရာ အမျိုးအစားပေါင်းများစွာ ခင်းကျင်းထားတာဖြစ်လို့ စိတ်တိုင်းကျကြည့်ခွင့်ရပါတယ်။ ဒါပေမယ့် လိုချင်တာနဲ့ ကိုယ်မှန်းထားသလောက်နဲ့ သဟဇာတဖြစ်အောင် စဉ်းစားရတာလည်း တဒုက္ခဖြစ်ရပါသေးရဲ့။ ကင်မရာတစ်လုံးကြည့်လိုက် ကြိုက်လို့ဈေးကြည့်လိုက်ရင် ဘတ်၁၂၀၀၀ကျော်တွေဖြစ်နေလိုက်နဲ့ ခေါင်းမူးအောင် ရှာပြီးမှ ကိုယ်အဆင်ပြေမယ့် ကင်မရာတွေ့ပါတော့တယ်။ Mega pixels 14 ပါတဲ့ Lumix နဲ့ Sony Cyber Shot နှစ်လုံးကို ယှဉ်ကြည့်ပြီး ပိုကောင်းမယ်ထင်တဲ့ Lumix ကိုပဲ မျက်စိစုံမှိတ်ရွေးဖြစ်ပါတယ်။ ဘတ် ၇၀၀၀(မြန်မာငွေ ၂သိန်းကျော်ကျော်)ဆိုတော့ ကိုယ်သုံးဖို့ စိတ်ကူးထားတဲ့ ပမာဏဖြစ်နေတာမို့ နည်းနည်းစိတ်အေးရပါတယ်။ ဒါပေမယ့် ပါလာတဲ့ ဘတ်ငွေက မလောက်တာကြောင့် တပည့်ကျော်ကို အပြင်ပြန်လွှတ်ပြီး ဘတ်ငွေ အလဲခိုင်းရပြန်ပါသေးတယ်။ တပည့်ကျော်ကို စောင့်ရင်းနဲ့ ဆိုင်ထဲလျှောက်ကြည့်ကြရင်း Bravia LCD flat TV ကြီးတွေကို သွားရည်ကျခဲ့ပါသေးတယ်။ ဒါပေမယ့် တစ်လုံးကို ဘတ်၂သောင်းကျော် ၃သောင်းကျော်ဆိုတော့ မလိုအပ်ဘဲ ငွေအများကြီး အကုန်မခံတဲ့ ကိုယ့်မူကြောင့် စိတ်နောက်ကို ကိုယ်မပါဖြစ်တော့ပါ။ အသင့်တွေ့တဲ့ DVD ခွေလွတ် ၁၀ခွေပါ တစ်ဗူး (ဘတ်၁၈၀) ပဲ ထပ်ဝယ်ဖြစ်ပါတယ်။
ဝယ်ပြီဆိုတာနဲ့ ကုမ္ပဏီအရောင်းစာရေးက နံမည်နဲ့ ဖုန်းနံပါတ်ကို အာမခံစာရွက်မှာ ဖြည့်ဖို့ပြောလို့ ဖြည့်ပေးရပါတယ်။ ကိုယ်ကလည်း ယိုးဒယားစာ မဖတ်တတ်တာကြောင့် သူပြတဲ့နေရာတွေမှာ သူခိုင်းတာတွေ ရေးပေးလိုက်တာပါ။ ကောင်တာမှာ ငွေရှင်းတော့ ဖြတ်ပိုင်း(ဘာတွေရေးထားတယ်မသိပါ)မှာ လက်မှတ်ထိုးရပါတယ်။ ဖြတ်ပိုင်းလက်ခံကို သူတို့ယူထားပြီး မူရင်းကို ကိုယ့်ပြန်ပေးပါတယ်။ ကင်မရာအတွက် လက်မှတ်ထိုးရတာ မထူးဆန်းပေမယ့် ဈေးပေါပေါ DVD ခွေလွတ် တစ်ဗူးအတွက်ပါ လက်မှတ်ထိုးရတော့ စေ့စပ်သေချာလှတဲ့ သူတို့လုပ်ပုံကိုင်ပုံကို ထူးထွေတည့်အံ့ရာသော် ဖြစ်ရပါတော့တယ်။

 
ပဲပင်ပေါက်လိုရေးထားတယ်...
 
Lumix ဆိုလား...
 အစမ်းရိုက်...
ကင်မရာဝယ်ပြီးပြန်တော့ စီမံကိန်းအတိုင်း Neck Tie ၀ယ်ဖို့ ရှာရပြန်ပါတယ်။ တောမြို့ကလေးဖြစ်တဲ့ မဲ့ဆောက်မှာ Neck Tie အသုံးနည်းလို့ ဖြစ်ပါလိမ့်မယ် နာရီဝက်ကျော်ကြာအောင် လှည့်ပတ်ရှာပေမယ့် Neck Tie နဲ့တူတဲ့ ကြောင်လျှာသီးတောင် ရှာမတွေ့ပါ။ ဈေးသည်တစ်ယောက် အကြံပေးတဲ့အတိုင်း နံမည်ပဲကြားဖူးထားတဲ့ Land Fair ကုန်တိုက်ကို သွားရပါတယ်။ မရောက်ဖူးတဲ့ နေရာဖြစ်တာကြောင့် ထုံးစံအတိုင်း ဆိုက်ကားငှားစီးရတော့ ဈေးကနေ အဲဒီကုန်တိုက်အထိ တစ်ယောက်ကို ဘတ်၂၀ပေးရပါတယ်။ ဆိုက်ကားသမားက ထုံးစံအတိုင်း တည့်တည့်သွားရင်ရောက်တဲ့ခရီးကို တစ်လမ်းကျော်ကနေ ပတ်သွားပါတော့တယ်။ အပြောကတော့ ၀င်လို့မရလို့ပါတဲ့။ ဘာပဲဖြစ်ဖြစ် လိုက်ပို့တာပဲ ကျေးဇူးတင်ရပါသေးတယ်။

တစ်ဦးတည်းသောသားပါမချန်ရိုက်ကြည့်တယ်
အားမရလို့ ထပ်ရိုက်တယ်...
ဆိုင်ရောက်လို့ Neck Tie တွေ တွေ့တာနဲ့ ၀မ်းသာအားရ ရွေးနေမိတာ ဈေးပြန်ကြည့်မိမှပဲ ခေါင်းကြီးရပါတော့တယ်။ Arrow တံဆိပ် Tie တစ်ချောင်းကို ဘတ်၁၀၀၀ဆိုတော့ မြန်မာငွေ ၃၀၀၀၀ကျနေပါပြီ။ ဒီလောက်သေးသေးလေးကို ဈေးကြီးကြီးပေးပြီး မ၀ယ်ချင်သေးတာကြောင့် နောက်ကောင်တာတစ်ခုကို ပြောင်းရှာတော့မှ Roman တံဆိပ်တွေ့ပါတယ်။ ဒါတောင် တစ်ချောင်းကို ဘတ်၇၂၀ပါတဲ့။ ဒါမှ မ၀ယ်ရင်လည်း ပြန်ရုံပဲ ရှိတော့တာမို့ ရွေးစရာ နည်းနည်းထဲက စိတ်ကြိုက်ရွေးယူခဲ့ရပါတယ်။ ဒါပေမယ့် ရန်ကုန်မှာတုန်းကလို Tie တစ်ချောင်း ၄၀၀၀၀ကျော်လောက် မများသေးတာပဲ ၀မ်းသာရပါသေးတယ်။ တကယ့် High Boss ဆိုရင်တော့ Tie တစ်ချောင်းကို ငါးသောင်းလည်း ပတ်ချင်ပတ်နိုင်သလို Coat တစ်ထည်ကို နှစ်သိန်းလည်း ၀တ်ချင်ဝတ်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ကို မတုနိုင်သေးတာမို့ ကိုယ်ဝယ်လာတာလေးကိုပဲ ကိုယ်ကျေနပ်ရင်း အိမ်ပြန်အရောက်မှာ Neck Tie လေး အစမ်းတပ်လိုက် Camera လေးနဲ့ တခြောက်ခြောက် စမ်းရိုက်လိုက်နဲ့ သဘောတွေ့ မနောခွေ့နေမိပါကြောင်း။     ။

ကြိုက်ရင်ပေါ့လေ . . .