Friday, 29 April 2011

နေပြည်တော်သွား တောလား(၅)

၃.၄.၂၀၁၁
(တနင်္ဂနွေနေ့)
ဒီနေ့တော့ တစ်နာရီကျော်ကျော်လောက်ပဲ လည်ခဲ့ပတ်ခဲ့ရတဲ့ တိုင်းရင်းသားရွာကို စိတ်မကျေပွဲထပ်သွားဖို့ စိတ်ကူးနဲ့ အိပ်ရာက ထဖြစ်ကြပါတယ်။ တမင်းသွားစားကြတော့ မချက်ရသေးပါ။ ဘာပဲဖြစ်ဖြစ် လမ်းမှာပဲစားဖို့ ဆုံးဖြတ်ပြီး နှစ်ယောက်သား ဆိုင်ကယ်တစ်စီးနဲ့ နေပြည်တော် စွန့်စားခန်းကို နေပူအပြင်းဆုံး ၁၂နာရီထိုးမှာပဲ စခဲ့ကြပါတော့တယ်။

သစ်ပင်ကြီးတွေ များပေစွ၊ အလွန်အရိပ်ရ...

နေပြည်တော်လမ်းတွေက ရှုပ်လွန်းတာကြောင့် တစ်လမ်းလုံးမေးမြန်းပြီးသွားရပါတယ်။ တစ်ခါတစ်ခါ လမ်းမှားသွားလိုက်။ မေးကြည့်လို့ မှားမှန်းသိရင် ပြန်လှည့်လိုက်နဲ့ ကိုယ့်ဖာသာကိုယ်တော့ ကျေနပ်နေတာပါပဲ။ လမ်းမှားချက်ကတော့ စထွက်ပြီး ၁၅ မိနစ်လောက်မောင်းပြီးကတည်းက မှားတော့တာပါ။ ဒါပေမယ့် မေးပါများစကားရ၊ ပါးစပ်ပါ ရွာရောက် မဟုတ်ပါလား။ လမ်းခုလတ်မှာ အမျိုးသား လွှတ်တော်ကိုတွေ့ရပါတယ်။ တကယ့်ကို ကြီးကြီးမားမားကျယ်ကျယ်ဝန်းဝန်းဆောက်ထားတဲ့ အဆောက်အဦကြီးတွေပါ။ ခြံဝန်းကြီးကလည်း ရပ်ကွက်တစ်ခုစာမက ကျယ်လှပါရဲ့။ ကိုယ်တို့ရောက်ချိန်မှာ လွှတ်တော်ပြီးသွားပြီမို့ အမတ်တွေ ဘာတွေတော့ မမြင်ခဲ့ရပါ။ ဓာတ်ပုံရိုက်ချင်ပေမယ့် မရိုက်ဖြစ်ခဲ့ပါ။

တိုင်းရင်းသားရွာကို ၁၂ခွဲမှာ ရောက်သွားပါတယ်။ ပထမနေ့ကရောက်ခဲ့ဖူးတာမို့ သိပ်တော့မျက်စိမလည်တော့ပါ။ ထုံးစံအတိုင်း ၀င်ကြေး၂၀၀၀နဲ့ ကင်မရာခွန် ၂၀၀၀က ဦးဦးဖျားဖျားထွက်သွားပါတော့တယ်။ အထဲမှာလည်ဖို့ပတ်ဖို့ တက်စီလက်မှတ်က အသွားအပြန် တစ်ယောက် ၁၀၀၀ ပါ။ ဒီနေ့လာတဲ့ခရီးက မချောရဲ့ပို့စ်ထဲမှာ ဖတ်ဖူးတဲ့ ဆဖာရီဥယျာဉ် ကိုသွားဖို့ အဓိကရည်ရွှယ်တာမို့ တိုင်းရင်းသားရွာထဲမှာ မလည်ဖြစ်တော့ပါ။ တက်စီလေးနဲ့လိုက်သွားပြီး ရခိုင်ပြကွက် အလွန်က ဂိတ်ပေါက်ကနေ တိရစ္ဆာန်ဥယျာဉ်ဘက်ကို ကူးကြပါတယ်။

မပြီးသေးတဲ့ မျှော်စင်...

တစ်ခါစီးရင် ၁၀၀၀ ဆိုပဲ...

ပူလွန်းတော့လည်း ဓာတ်ပုံဝါးပြီ...
တိရစ္ဆာန်ဥယျာဉ်ဝင်ကြေးက တစ်ယောက် ၁၀၀၀ပါ။ အထဲဝင်သွားတော့မှ တကယ့်ကို ပူပူလောင်လောင် လွင်တီးခေါင်ကြီး ထဲ ရောက်နေမှန်းသတိထားမိပါတော့တယ်။ လူသွားလမ်းဘေးမှာ သစ်ပင်ကြီးကြီးမားမား တစ်ပင်မှမတွေ့ပါ။ ကားကလေးတွေ ရှိပေမယ့် ကိုယ်တို့ဝင်တဲ့ဂိတ်ဘက်ကို သိပ်မလာပါ။ ကိုယ်တို့ဝင်ခဲ့တဲ့ ဂိတ်ပေါက်က နောက်ဖေးပေါက်ဖြစ်နေတာကြောင့်ပါ။ ဒါကြောင့် ကိုယ့်ခြေထောက်ကိုပဲ အားမနာတန်း နှိပ်စက်ရပါတော့တယ်။ ဂိတ်ပေါက်နဲ့ မနီးမဝေးမှာ နက္ခတ်တာရာပြခန်း ရှိပါတယ်။ ၀င်ကြည့်မယ်လို့
ဆုံးဖြတ်ပြီး ၀င်ကြေးဖတ်လိုက်တော့ လူကြီး ၅၀၀၀ ကလေး ၄၀၀၀ ပါတဲ့။
နှစ်ယောက်အတွက် ၁၀၀၀၀ ကုန်မယ့်အရေးမို့ ညပိုင်းရောက်မှပဲ မိုးပေါ်မော့ကြည့်တော့မယ်လို့ ဆုံးဖြတ်လိုက်ရပါတယ်။ တကယ်ဆိုရင် ဒီလောက်ဈေးမကြီးသင့်ဘူးလို့ တွေးမိပါတယ်။ ထိုက်သင့်တဲ့ဈေးနဲ့ဆိုရင် လူတော်တော်များများဝင်ကြည့်ကြမှာမို့ သူပေးချင်တဲ့ ဗဟုသုတလည်း ရမှာပါ။ ဒါပေမယ့် အခုလိုဈေးကြီးသတ်မှတ်ထားတာကတော့ ပေးကားပေး၏ မရလို့ပဲ ယူဆရပါတော့မယ်။

ကျောက်စိုင်ကျောက်ခဲ၊ ဥယျာဉ်ထဲ...

နက္ခတ်တာရာ၊ ၅၀၀၀ ပါ...

ရေစင်ရေပန်း အပူလွှမ်း...
တိရစ္ဆာန်ဥယျာဉ်ကြီးက အတော်ကိုကျယ်လွန်းပြီး တစ်နေရာနဲ့ တစ်နေရာ ဝေးလွန်းတဲ့အပြင် အပင်ရိပ်လည်းနည်းတာကြောင့် အပန်းမပြေတဲ့အပြင် ပိုပင်ပန်းအောင်လုပ်နေသလိုပါ။ ပင်ဂွင်းရုံကို အရင်ဝင်ကြည့်ဖြစ်ပါတယ်။ ၀င်ကြေးက တစ်ယောက် ၂၀၀ ထပ်ပေးရပါသေးတယ်။ ၀င်ကြေးတစ်ခါတောင်း အကောင်ကြည့်ခ တစ်ခါတောင်းနဲ့ဆိုတော့ တော်တော် သဘာဝမကျတဲ့ ဥယျာဉ်လို့ ယူဆမိပါတယ်။ ဒီကြားထဲမှာ ကင်မရာခွန်က ၂၀၀၀ ထပ်ဆောင်လိုက်ရပါသေးတယ်။ အထဲဝင်သွားတော့ ပင်ဂွင်းလေးတွေတွေ့ရတာကြောင့် စိတ်တော့ပြေသွားရပါတယ်။ ဓာတ်ပုံ ရိုက်ပေမယ့် မှောင်လွန်းတဲ့အပြင် မှန်နံရံကို ဖြတ်ပြီးရိုက်ရတာမို့ သိပ်တော့ မပီပြင်ပါ။ ဘာပဲဖြစ်ဖြစ် မှတ်တမ်းလို့ပဲ ယူဆပြီး ရိုက်ဖြစ်အောင် ရိုက်ခဲ့ပါတယ်။ ပေးလိုက်ရတဲ့ ၂၀၀၀ နဲ့ တန်အောင်ဆိုတဲ့ စိတ်ကူးလဲပါမယ်ထင်ပါရဲ့၊

ပင်ဂွင်းလည်း ရေကူးတတ်တယ်...

အကောင်မရှိ၊ အရုပ်ကျန်...
 ပင်ဂွင်းရုံဘေးမှာ သားပိုက်ကောင်ရုံတွေ့ရတာကြောင့် ၀မ်းသာအားရသွားကြည့်မိတော့ ဘာကောင်မှမရှိပါ။ သားရေခွာပြီး ဖိနပ်ချုပ်ပစ်လိုက်ကြပြီလားတော့ မပြောတတ်ပါ။ သားပိုက်ကောင်ရုံရှေ့လမ်းသွယ်ကနေ နေပူကြဲကြဲမှာ ၁၀မိနစ်လောက် လမ်းလျှောက်လိုက်မှ သွားချင်လှတဲ့ ဆဖာရီဥယျာဉ်ကို ရောက်ပါတော့တယ်။ နေပူကျဲကျဲမှာ နားစရာခိုစရာ တစ်ပင်မှ မတွေ့ရတဲ့ တကယ့်ဆဖာရီစစ်စစ်ပါပဲ။ လက်မှတ်ရောင်းတဲ့ရုံကလေးထဲမှာလည်း လက်မှတ်ဝယ်ဖို့စောင့်နေကြတဲ့လူတွေ ဒုနဲ့ဒေးပါ။ နေ့ကလည်း တနင်္ဂနွေရုံးပိတ်ရက်ဖြစ်တာမို့ လူပိုများတယ်ထင်ပါတယ်။ တကယ့်အခန်းကျဉ်းလေးထဲမှာ သူများနည်းတူ ၁နာရီကျော်ကျော်လောက် ဒုက္ခခံပြီးမှ ကားလက်မှတ်ရပါတော့တယ်။ လက်မှတ်က ၁၀၀၀ ကားခက ၁၀၀၀ ပါ။ ကားပေါ်တက်ထိုင်တော့ အိမ်ရှင်မနဲ့ကိုယ်နဲ့ ကားတစ်ဖက်တစ်ချက်စီမှာ နေရာခွဲယူလိုက်ကြပါတယ်။ ဒါမှ ဘယ်ညာနှစ် ဖက်လုံးကို မလွတ်တမ်း ဓာတ်ပုံရိုက်နိုင်မယ် မဟုတ်ပါလား။

ဆဖာရီရဲ့ အ၀င်ဝ...

 
ဥယျာဉ်ထဲသို့ ချောင်းကြည့်ခြင်း...


လက်မှတ်ဝယ်ဖို့ ၀ိုင်းအုံတိုး...

စိတ်ရှည်သည်းခံ၊ စောင့်ကြရန်...


ရုံငယ်လေးထဲ၊ လူတွေခဲ...

ကားလာပြီမို့၊ သွားကြစို့...

ကားပေါ်မှာ...
ဥယျာဉ်ထဲမှာ အကောင်တွေ သိပ်မများသေးပါ။ မများတော့တာလားလည်း မသိပါ။ ဒါပေမယ့် လက်မှတ်ရောင်းရငွေကတော့ တစ်ရက်ကိုသိန်းရာဂဏန်းလောက်ရှိမယ်ထင်ပါတယ်။ ကားတစ်စီးကို လူ၄၀လောက်ပါတယ်ဆိုတော့ လက်မှတ် ဖိုးက ၈၀၀၀၀ ကျော်နေပါပြီ။ ကားတွေက မိနစ်၂၀ကိုတစ်စီးလောက်ထွက်နေတာဖြစ်လို့ တစ်ရက်လုံးမှာ အခေါက်ရေ နည်းမယ်မထင်ပါ။ အခုဒီဧပြီလဆန်းကစပြီး ဒီဥယျာဉ်နဲ့ တိရစ္ဆာန်ရုံကို ထူးထရေးဒင်းကုမ္ပဏီကို ၁၀နှစ်အငှားနဲ့ လုပ်ပိုင်ခွင့် ပေးလိုက်တယ်လို့ သတင်းထဲမှာ ဖတ်လိုက်ရပါတယ်။ ဘာပဲပြောပြော ရေများရာကိုတော့ မိုးရွာပေးရမယ် မဟုတ်ပါလား။

ဆိတ်သမင်တဲ့...

ပူလွန်းလို့ဗျာ...

ဝေးလေကောင်းလေ...

သူလည်းလှောင်အိမ်ထဲမှာနေ...

ကြံ့ဖြူခမျာ ရွှံ့တွေလူး...

မယ်ခုမျှော်...

မြင်းကျားလည်း ပြေးရပြီ...

ငှက်ကုလားအုတ်၊ ခေါင်းလှုပ်လှုပ်...

ဝန်မတင်ဘူး၊ ပြစားမယ်...
ဆဖာရီကပြန်ထွက်တော့ ညနေ၃နာရီကျော်ကျော်ပဲ ရှိပါသေးတယ်။ ကားကလည်း မရတာကြောင့် တိရစ္ဆာန်ရုံထဲမှာ ကိုယ့်ခြေထောက်နှစ်ဖက်ကို အားကိုးပြီး လျှောက်ရပါတော့တယ်။ လမ်းမှာ ငှက်ရုံတွေ့လို့ ဓာတ်ပုံဝင်ရိုက်ဖြစ်ပါသေးတယ်။ ငှက်စာကျွေးချင်ရင် တစ်ဇလုံသေးသေးလေးကို ၅၀၀ ပါ။ ဒေါင်းတွေပဲ တော်တော်များများတွေ့ပါတယ်။ ရှားရှားပါးပါး ဒေါင်းဖြူ တစ်ကောင်တွေ့လို့ ဓာတ်ပုံရိုက်မယ်ကြံမိပေမယ့် ဓာတ်ခဲအားကုန်သွားတာကြောင့် မရိုက်နိုင်တော့ပါ။

ခပ်ကြွားကြွားလေး...

ယှဉ်ဖော်မကွဲ၊ ဒေါင်းတို့ပွဲ...

အောက်ဆင်းပြီး၊ ဓာတ်ပုံရိုက်ခံမယ်...

ငမိုးရိပ်မိကျောင်းပါတဲ့..

စပါးကြီးမြွေ၊ ခပ်ခွေခွေ...
 
ငှက်ရုံကအထွက် မှာ ညဘက်ထွက်တဲ့အကောင်တွေပြခန်းတွေ့လို့ ၀င်ကြည့်ဖြစ်ပါသေးတယ်။ အခန်းကို အမှောင်ချထားတာကြောင့် ဓာတ်ပုံရိုက်ရတာ အဆင်မပြေပါ။ ၀င်ကြေးက ၂၀၀ ထပ်ပေးရပါတယ်။ ကပ်လျက်ရုံမှာ တွားသွားသတ္တ၀ါတွေ ပြထားတာ လည်း ၀င်ကြည့်မိပါသေးတယ်။ အကောင်တော့ သိပ်မစုံပါ မြွေနဲ့ လိပ်တွေပဲ အတွေ့များပါတယ်။ ငါးပေါင်းစုံကိုလည်း တွေ့ခဲ့ပါတယ်။ လက်ကျန်ဘက်ထရီလေးနဲ့ ဓာတ်ပုံရိုက်ဖြစ်အောင် ရိုက်ခဲ့ပါသေးတယ်။

ဗေဒါပေါတဲ့ ရွှံ့ညွှန်တော...

ဟောလိဝုဒ်လို တုကြည့်မယ်...
မြွေရုံကထွက်ပြီးတော့ ကိုယ့်ခြေထောက်ကို မညှာမတာ နှိပ်စက်ပြီး နောက်ဖေးဂိတ်ပေါက်ရှိရာကို နာရီဝက်လောက် လမ်း လျှောက်ယူရပါတယ်။ ဂိတ်ပေါက်ရောက်တော့ ၄နာရီထိုးပါပြီ။ ကားထိုင်စောင့်နေတုန်းမှာ ၀ုန်းခနဲမိုင်းကွဲသံကြီးတွေ မကြာမကြာကြားနေရတာမို့ အကျင့်ရနေတဲ့ ခြေထောက်တွေက ပြေးဖို့အသင့်ပါ။ ဒါပေမယ့် ကျန်တဲ့သူတွေက အေးအေးဆေးဆေးရှိနေတာမို့ အသာကိုယ်ရှိန်သတ်ထားရပါတယ်။ ဂိတ်ဝက ကလေးတစ်ယောက်ကိုမေးမှ ကျောက်တောင်တွေကို မိုင်းခွဲတာမှန်းသိရပါတော့တယ်။

တိရစ္ဆာန်ရုံ နောက်ဖေးပေါက်...
 အပေါက်ဝမှာ တိုင်းရင်းသားရွာဘက်ကို ပြန်ဖို့ ကားထိုင်စောင့်နေရင်း မာလီအဘိုးတစ်ယောက်က လေးနာရီကျော်ရင် ကားမလာတော့ဘူးလို့ ပြောတာကြောင့် ကိုယ့်ခြေထောက်လေးတွေကို သနားစိတ်နဲ့ငုံ့ကြည့်ရင်း သူတို့ပြောတဲ့ နီးနီးလေးဆိုတဲ့ နေပူအောက်မှာ တံလျှပ်တွေထပြီး လမ်းဘေးသစ်ပင်တစ်ပင်မှမရှိတဲ့ လမ်းပြောင်ပြောင်ကြီးကို လျှောက်ရပါတော့တယ်။ တောင်ပေါ်လမ်းပုံစံဆိုတော့ အမြင်နီးပြီး ခရီးဝေးလွန်းတာကြောင့် အပေါ်ပူအောက်ပူ လမ်းပေါ်မှာ ၄၅ မိနစ်လောက် လျှောက်ပြီးမှ တိုင်းရင်းသားရွာ နောက်ဘေးဝင်ပေါက်ကို ရောက်ပါတော့တယ်။ လူတွေလည်း ဒူးမခိုင်တော့ပါ။ လူရုပ်လည်း ပျောက်ချင်ချင်ဖြစ်နေပါပြီ။

လျှောက်ရင်းနဲ့ပဲ ဝေးကျန်ရစ်...

ကုန်းလေးကျော်ရင် ညာဘက်ကွေ့...

ကောင်းလိုက်တဲ့ ဆောင်ပုဒ်...
တိုင်းရင်းသားရွာကိုပြန်ရောက်တော့ စိတ်ကူးထားတဲ့အတိုင်း ကချင်ဆိုင်မှာ ထိုင်ပြီး ခေါင်ရည်သောက်ဖို့ စီစဉ်ပါတယ်။ ဒါပေမယ့် ခေါင်ရည်ကုန်နေတာကြောင့် စပီ လို့ခေါ်တဲ့ အရည်တစ်မျိုးပဲ သောက်ခဲ့ရပါတော့တယ်။ သူတို့စပီက ငချိတ် ကောက်ညှင်းကို ကစော်ဖောက်ထားတယ်လို့ ထင်ပါတယ်။ လှော်စာလို့ခေါ်ကြတဲ့ အရည်နဲ့တော့ ခပ်ဆင်ဆင်ပါ။ ဒါပေမယ့် တစ်ငုံသောက်ရုံနဲ့တင် ရီဝေေ၀ဖြစ်လာတာမို့ ကချင်ပီသတယ်လို့ ခေါ်ရပါလိမ့်မယ်။ ၀က်လျှာကင်တစ်ပွဲ ၄၀၀၀၊ အမဲအူပြုတ်တစ်ပွဲ ၄၀၀၀(လုံးဝမတန်ပါ တကယ်ဆို ၅၀၀လောက်ပဲ တန်ပါတယ်) စပီတစ်ဗူး ၄၀၀၀၊ စပီ နှစ်ခွက်က ၂၀၀၀ ဆိုတော့ ၁၄၀၀၀ ကျော်ချောပါတယ်။ ဒါပေမယ့်လည်း မြန်မာပြည်အပန်းဖြေစခန်းတွေမှာ ဘာမဆိုဈေးကြီးတာ သိနေပြီးသားဖြစ်တာမို့ သိပ်တော့မအံ့သြတော့ပါ။ သောက်ဖူးသွားတာပဲ အမြတ်လို့ ယူဆပါတယ်။

စပီတဲ့နော်...
တိုင်းရင်းသားရွာကနေ ညနေ ၆နာရီမှာ ပြန်ထွက်ခဲ့ပြီး မြို့ထဲကို ည ၇နာရီခွဲလောက်မှာ ပြန်ရောက်ပါတယ်။ ဒီနေ့အဖို့ ခရီးစဉ်ရှည်လွန်းသွားတာကြောင့် ရိပ်သာထဲကဆိုင်မှာပဲ ညစာစားပြီး အိပ်လိုက်ပါတော့တယ်။ မနက်ဖြန်ကိုတော့ အနားယူတဲ့ နေ့အဖြစ်သတ်မှတ်ပြီး အပြင်ကို ဝေးဝေးလံလံ မသွားဖို့ ဆုံးဖြတ်ချက်ချထားလိုက်ပါတော့တယ်။
 

Wednesday, 27 April 2011

နေပြည်တော်သွား တောလား(၄)

၂.၄.၂၀၁၁
(စနေနေ့)
 ဒီနေ့တော့ မနက်စောစော အိပ်ရာထပြီး ထုံးစံအတိုင်း ထမင်းသွားစားကြပါတယ်။ စားသောက်ပြီးတော့ ဖူးချင်နေတဲ့(တကယ်တော့ သွားစရာနေရာမရှိတော့တာကြောင့်လည်း ပါပါတယ်) နေပြည်တော်က ရွှေတိဂုံ(ဥပါတသန္တိစေတီတော်)ကို သွားကြပါတယ်။ ထုံးစံအတိုင်း ဝေးလွန်းလှတဲ့ တကွေ့တပတ်ခရီးကို နေပူကြဲကြဲမှာ ဆိုင်ကယ်နဲ့ တပင်တပန်းကြီး သွားရပြန်ပါတယ်။ ဘယ်လောက်ပဲပူပါစေ ရောက်မှတော့လည်း သွားသင့်တယ်ထင်တဲ့ နေရာတွေကို သွားကိုသွားရမယ့်တာဝန် ရှိတယ်မဟုတ်ပါလား။ မသွားဖြစ်ခဲ့ပြန်ရင်လည်း လာရ၊ ပင်ပန်းရကျိုး နပ်တော့ မှာမဟုတ်ပါ။

ဆိုင်ကယ်နဲ့ နာရီဝက်ကျော်ကျော်သွားပြီးမှ ရွှေတိဂုံကိုရောက်ပါတယ်။ လမ်းမကနေကြည့်ရင် မြင်နေရတာကြောင့် နီးတယ်ထင်ခဲ့မိပေမယ့် တကယ်သွားတော့ ကွေ့ပတ်သွားနေရတာကြောင့် လိုတာထက်ပိုကြာသွားတာပါ။ စေတီတော်က ရန်ကုန်ရွှေတိဂုံနဲ့ တူနိုင်သမျှတော့ တူအောင်တည်ထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲတူအောင် လုပ်ထားပါစေ အတုအယောင်လို့ စိတ်ထဲမှာ ထင်နေတာက ဆိုးပါတယ်။
 
 
 
 
ကိုယ်တို့ရောက်သွားချိန်မှာ အလှူပေးနေတာနဲ့ ကြုံတာကြောင့် မမြင်ရတာကြာပြီဖြစ်တဲ့ အညာအလှူကိုပါ ဓာတ်ပုံရိုက်ထားမိပါတယ်။ တကယ်တော့ အပေါ်ပူ အောက်ပူ ဒေသကြီးမှာ အပူချိန်အမြင့်ဆုံးဖြစ်တဲ့ ဧပြီလကြီးဖြစ်ပြန်တော့ အလှူပရိသတ်တွေ လိမ်းထားခြယ်ထားလိုက်ကြတဲ့ မိတ်ကပ်တွေထူထူပိန်းပိန်းနဲ့ ဘယ်လောက်များ ၀ဋ်ခံလိုက်ကြမလဲလို့ စဉ်းစားမိပါသေးရဲ့။ ဒါပေမယ့် သူ့အရပ်နဲ့ သူ့ဇာတ်ကတော့လည်း ဟုတ်လို့နေပါသေးတယ်။ ကားတွေဆယ်စီး၊ ဆယ့်ငါးစီးလောက်ပေါ်မှာ ပရိသတ်တွေအပြည့်အသိပ်တင်လို့ ကတဲ့ခုန်တဲ့လူကလည်း အလှူနဲ့လားလားမှ မဆိုင်တဲ့ သီချင်းတွေဖွင့်ပြီး ကနေခုန်နေကြတာ အားရစရာ ကောင်းနေပါတော့တယ်။
 
ဆိုင်ဆိုင်မဆိုင်ဆိုင် တို့ကတော့ ကရရင်ပြီးရော...

ထမ်းစင်မစီး ထီးရိပ်ကယ်ခို...

သူ့အရပ်နဲ့ သူ့ဇာတ်...
 စေတီတော်ခြေရင်းမှာ ဆင်ဖြူတော်ရုံတွေ့ရတာကြောင့် ထူးထူးဆန်းဆန်း ၀င်ကြည့်ဖြစ်ပါသေးတယ်။ ဒီဆင်တွေကတော့ ကိုယ်တို့ဆီမှာ မကြာမကြာ အလေးအမြတ်ပြုပြီး ပြပြနေတဲ့ ဆင်ဖြူတော်တွေပါ။ ဆင်ဖြူနှစ်ကောင်နဲ့ ဆင်မည်းပေါက်စ တစ်ကောင်တွေ့ပါတယ်။ အလှူလှည့်လာကြတဲ့ ပရိသတ်က ဆင်ဖြူတော်ရုံပေါ်တက်ကြတော့ ဖိနပ် တွေချွတ်ကြတာတွေ့တာကြောင့် ကိုယ်တို့လည်း ယောင်ဝါးဝါးနဲ့ ဖိနပ်တွေ ချွတ်ကြပါတယ်။ ဒါပေမယ့် ဖြူရုံမကဘဲ ရွှေရောင်ပေါက်ချင်ပေါက်နေပါစေ တိရစ္ဆာန်ဟာ တိရစ္ဆာန်ပဲမို့ ကိုယ်ကတော့ ခပ်တည်တည်ပဲ ဖိနပ်စီးထားလိုက်ပါတယ်။ ဒါပေမယ့် အကျင့်ပါနေတဲ့ မျက်စိတွေကတော့ သူများတွေကို အကဲခတ်နေမိသေးပါရဲ့။ နောက်ဆုံးမှာ ဆင်ဖြူတော်ဘေး မှာ ထိုင်နေကြတဲ့ ၀န်ထမ်းတွေက ဖိနပ်တွေစီးထားတာမြင်မှ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့် ပြန်ရှိလာတာတော့ ၀န်ခံရပါလိမ့်မယ်။ ဘာလေးပဲမြင်မြင် ဖိနပ်လေးချွတ်ပြီး အရိုအသေပေးချင်တဲ့ ကိုယ့်လူမျိုးနဲ့တော့ မည်းမည်းမြင်သမျှအားလုံးဟာ အရိုအသေပြုခံတွေချည်း ဖြစ်နေပါ တော့တယ်။
 
ဆင်ဖြူတော်မီပြီး ကြံစုပ်မယ်ထင်ပါ့...
 

 
ဆင်ကြည့်ပြီင်္းပြန်တော့ ဘုရားပေါ်တက်ဖူးဖြစ်ပါတယ်။ ရင်ပြင်တော်ကြီးက တော်တော်ကိုကျယ်ကျယ်ဝန်းဝန်း ရှိလှပါရဲ့။ ဒါပေမယ့် ရန်ကုန်ရွှေတိဂုံလို စောင်းတန်းတွေ၊ တန်ဆောင်းတွေ မဆောက်ရသေးတာကြောင့် ပူပူလောင်လောင်ကြီးထဲမှာ နေကာမျက်မှန်တပ်လို့ ကိုယ့်ကိုယ်ကိုညာရင်း ခပ်တည်တည်နဲ့ ကျောက်ပြားပူပူတွေကို နင်းလို့သွားခဲ့ရပါတယ်။ အလှူလာ ပေးကြတဲ့ပရိသတ်ကတော့ ပူလို့ပူမှန်းသိပုံမရဘဲ တပျော်တပါးကြီး ဘုရားကိုပတ်နေကြလေရဲ့။ 
 
ဘုရားပေါ်က လှမ်းမြင်ရတဲ့ ဆင်ဖြူတော်ရုံ...

 
 ဘုရားထဲ ၀င်ဖူုးတော့ တော်တော်လေးခမ်းခမ်းနားနားဖြစ်အောင် တည်ထားတာ သတိထားမိပါတယ်။ မျက်နှာကျက်တွေကအစ ဆေးရေးကနုတ်တွေနဲ့ ကျကျနနလုပ်ထားပါတယ်။ အတွင်းနံရံပတ်လည်မှာ ဘုရားရှင်ရဲ့ဖြစ်တော်စဉ်တွေ သင်္ဃာယနာ တင်တဲ့သမိုင်းကြောင်းတွေကို ရုပ်ကြွကျောက်ဆစ်ကြီးတွေနဲ့ ပူဇော်ထားတာလည်း တွေ့ရပါတယ်။ ဘုရားထဲဝင်လှည့်ပတ် လေ့လာပြီးတာနဲ့ အပြင်ထွက်ပြီး ပူပူလောင်လောင်ကျောက်ပြားတွေပေါ်နင်းလို့ ဓာတ်ပုံလေးဘာလေး ရိုက်ပြီး နေမ၀င်ခင် ရေပန်းဥယျာဉ်ဘက်သွားဖို့ တက်သုတ်ရိုက်ရပြန် ပါတော့တယ်။
 

စေတီတော် အတွင်းပရ၀ုဏ်...

တခမ်းတနား မျက်နှာကြက်တော်...


ရင်ပြင်တော် အကျယ်ကြီး...

 
နေပြည်တော် ရေပန်းဥယျာဉ်ကတော့ နေပြည်တော် ပျဉ်းမနားကားလမ်းမကြီးပေါ်မှာ ရှိပြီး မြို့မဈေးနဲ့လည်း မနီးမဝေးရှိ တာမို့ အပန်းဖြေတဲ့လူများပါတယ်။ ၀င်ကြေးက လူကြီး၃၀၀ ကလေး၂၀၀ဆိုတော့ သိပ်မများပါ။ ကင်မရာခွန်ကလည်း ၁၀၀၀ပဲကျပါတယ်။ ရေပန်းဥယျာဉ်လို့နံမည်တပ်ထားပေမယ့် ရိုးရိုးပန်းဥယျာဉ်နဲ့သိပ်မကွာပါ။ သီချင်းတီးလုံးအလိုက် လှုပ်ရမ်းနေတဲ့ ဂီတရေပန်းတစ်ခုရှိတာကြောင့် ဒီနံမည်တပ်ထားတာ ဖြစ်မယ်ထင်ပါတယ်။ မြေအနေအထားက တောင်ကုန်း၊ ဆင်ခြေလျှောတွေ စသည်ဖြင့် အမျိုးမျိုးရှိနေတာကြောင့် မြက်ခင်းပြင်တွေ ပန်းပင်တွေနဲ့ ပြင်လိုက်ဆင်လိုက်တဲ့အခါ ကြည့်ပျော်ရှုပျော်ရှိတဲ့ ပန်းခြံဖြစ်လာပါတယ်။ ပန်းခြံထဲမှာ ရေတံခွန်ငယ်တစ်ခုတွေ့ရသေးတယ်။ ရေတံခွန်နဲ့ မနီးမဝေးမှာ တော့ ရေကူးကန်ရှိပါတယ်။
ရေပန်းဥယျဉ်ထဲက ကြိုးတံတား...

လူုလုပ်ရေတံခွန်ငယ်...

ဥယျာဉ်ထဲက ရေကူးကန်...

ညပိုင်းရောက်ရင်...
ရေကူးကန်ဆိုပေမယ့် လူကြီးခါးလောက်ပဲနက်တဲ့ အင်္ဂတေကန်ပါ။ ရေဆင်းကူးမယ်ဆိုရင် တစ်ယောက်ကို ၃၀၀ ပေးရပါတယ်။ ဘောကွင်းငှားချင်ရင်တော့ တစ်နာရီကို ၅၀၀ ပါတဲ့။ တူတော်မောင်နှစ်တန်းကျောင်းသားက ရေကူးချင်ပါတယ်ဆိုတာကြောင့် ရေထဲဆင်းဖြစ်ပါတယ်။ ကန်ကြမ်းပြင်က ရေညှိတွေကြောင့် မတ်တပ်ကောင်းကောင်းရပ်လို့မရပါ။ ရေလွှာလျှောစီးချင်ရင် ၅ခါစီး ၁၀၀၀ပေးရပါတယ်။ ကလေးက စီးချင်တယ်ဆိုတာကြောင့် ကိုယ်ပါတက်စီးကြည့်ပါတယ်။ ပေါင် ၁၆၀ ကိုယ့်ခန္ဓာကိုယ်က ဘယ်လိုမှမလျှောဘဲ ဖြစ်နေတာကြောင့် စိတ်ပျက်လက် ပျက်နဲ့ပဲ လျှောစင်ဘေးနခမ်းကို လက်နဲ့တွန်းပြီး ကိုယ့်ဖာသာလျှောချယူရပါတော့တယ်။ သူ့ရေလွှာလျှောက အဲဒီလို အရည်အချင်းကောင်းတွေ ရှိလို့ဖြစ်ပါလိမ့်မယ်။ ဘယ်သူမှလဲ စီးတာမတွေ့ပါ။

ရေကူးကန်ဘေးမှာ သန့်စင်ခန်းတစ်ခုရှိပါတယ်။ ရေကူးကန်က ရေညစ်ပတ်တွေကို မသတီတာကြောင့် သန့်စင်ခန်းမှာ ရေချိုးဖို့ ၃၀၀ ပေးပြီး ၀င်သွားမိပါတယ်။ အထဲမှာ မြင်မြင်သမျှကတော့ မအန်မိအောင် တော်တော်ထိန်းထားရတဲ့ မြင်ကွင်းပါ။ အိမ်သာတွေကလည်း ထုံးစံမပျက် ညစ်ပတ်မြဲညစ်ပတ်လျှက်ပါပဲ။ ရေချိုးဖို့ လုပ်ထားတဲ့ရေပန်းတွေကလည်း ကျိုးတဲ့ဟာကျိုး၊ ပျက်တဲ့ဟာပျက်နေပါပြီ။ သန့်စင်ခန်းကြမ်းပြင်တွေလည်း ပေရေညစ်ပတ်လို့ နေပါသေးရဲ့။ ဒါပေမယ့် ဘာမဆို ဖြစ်သလိုနေ၊ ကြုံသလိုပျော်တတ်တဲ့ ကိုယ့်လူမျိုးတွေကတော့ ပေပေရေရေ ကြမ်းခင်းပေါ်မှာပဲ ဖင်ချထိုင်ရင်း ရေချိုးနေကြလေရဲ့။ သူတို့လိုမချိုးရဲတဲ့ ကိုယ့်မှာတော့ ဘေစင်မှာ မျက်နှာလေးသစ်ရင်း အ၀တ်လဲပြီး ပြန်ထွက်လာရပါတော့တယ်။
 
ဒီလိုကျတော့လည်း အလှသား...

မီးရောင်စုံနဲ့ ရေပန်းတစ်ခု...

ညပိုင်းမှာတော့ လူအများသား...
 ရေပန်းဥယျာဉ်က ညပိုင်းမှာတော့ အပန်းဖြေဖို့ လာကြတဲ့လူတွေနဲ့ စည်ကားလို့နေပါတယ်။ ကျန်တဲ့နေရာတွေက မြို့နဲ့ဝေးလွန်းတာကြောင်းလည်း ဖြစ်မယ်ထင်ပါတယ်။ ညပိုင်း ၁၀ နာရီမှပဲ ပိတ်ပါသတဲ့။

ရေပန်းဥယျာဉ်က ထွက်ခဲ့ပြီးတော့ မြို့မဈေးနားက ကုန်းပေါ်မှာရှိတဲ့ ဆိုင်တန်းတွေဘက်မှာ ညစာစားဖို့ သွားဖြစ်ပါတယ်။ ဆိုင်တွေဆိုင်တွေများပုံက တစ်ဆိုင်နဲ့တစ်ဆိုင် အမိုးချင်းထိမတတ်ပါ။ နံမည်ကြီးလှပါတယ်ဆိုတဲ့ YKKO ကြေးအိုးဆိုင်မှာ စားဖြစ်ပါတယ်။ ဒါပေမယ့် ပြောလောက်အောင် စားမကောင်းပါ။ ကိုယ့်အကြိုက်နဲ့မတူလို့လဲ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ သူ့ဆိုင်က ဆိတ်သားကင်စားကြည့်တာ ချိုရဲနေတော့ ခံတွင်းမစွဲပါ။ ပင်ကိုအရသာပျောက်နေတာတွေ့ရပါတယ်။ လင်မယားနှစ်တွဲ စားကြတာ စာရင်းချုပ်တော့ ၃သောင်းနီးပါးကျပါတယ်။ အင်း ဒါကျတော့လည်း စံချိန်မီပါရဲ့။
စိတ်ကူးမလွဲနဲ့ စားလို့တစက်မှမကောင်း...


ဟုတ်တာမဟုတ်တာ အပထား...
စားသောက်ပြီးတော့ ည၉နာရီခွဲပြီမို့ ကိုယ်တို့တည်းတဲ့ စည်ပင်ရိပ်သာပြန်ပြီး နားလိုက်ပါတယ်။ နေပြည်တော်မှာနေတာ လည်း ၃ရက်ကြာလာပါပြီ။

ခရီးစဉ်တလျှောက်လုံး ရိုက်သမျှဓာတ်ပုံတွေမှာ ကင်မရာက ရက်စွဲမှားနေတာကို သတိမထားမိခဲ့တာကြောင့် ၂၀၁၁ ဖြစ်ရမယ့်အစား ၂၀၁၀ တွေချည်း ဖြစ်နေပါတယ်...

ကြိုက်ရင်ပေါ့လေ . . .