Tuesday, 28 June 2011

လွမ်းခြင်း . . .

ဒီရက်ပတ်တွေမှာ မိုးက နေ့တိုင်းရွာနေပါတယ်။
လမ်းတွေလည်း ရေတွေပြည့်နေတာကြောင့် သွားရလာရတာ သိပ်အဆင်မပြေလှပါ။ ဒီကြားထဲမှာ မိုးများတဲ့ဒဏ်ကြောင့် မီးတိုင်ပဲလဲသလား၊ transformer ပဲ လောင်သလား မပြောတတ်တော့ပဲ မီးပျက်သွားပါတော့တယ်။ မီးရောင်ထိန်ထိန်လင်းလင်းနဲ့ လေးငါးနှစ်လောက်နေခဲ့ပြီးပြီမို့ အကျင့်ရနေတာကြောင့် မီးမလာတော့တဲ့အခါ အင်မတန်မှ အနေရအထိုင်ရ ခက်ပါတော့တယ်။ ဟိုးအရင်တုန်းကဆိုရင်တော့ မီးမလာရင်လည်း ဖယောင်းတိုင်ကလေးနဲ့ ကိုယ့်ဖာသာကိုယ် ကျေနပ်နေခဲ့ရပေမယ့် မီးကလေးနဲ့ လူလူသူသူနေအပြီးမှာတော့ မီးမလာရင်ကိုပဲ လောကကြီးက မလှတော့သလို ခံစားရပါတော့တယ်။

ပိုဆိုးတာက တစ်မြို့လုံး မီးတွေထိန်ထိန်လင်းပြီး ကိုယ့်ရပ်ကွက်ကလေးကျမှကွက်ပြီး မီးမလာတာဖြစ်လို့ စာသင်ချိန်ပြီးလို့ မြို့ထဲကနေ ကိုယ့်အိမ်ကိုပြန်လာရင် ပိန်းပိတ်အောင်မှောင်နေတဲ့ အမှောင်ထုကြီးက ဆီးကြိုနေတော့တာမို့ အားငယ်ချင်စရာပါ။ မီးမလာတာကြောင့် အလုပ်တွေလည်း ရပ်ထားရပါတော့တယ်။ စာအုပ်စာတမ်းတွေ လုပ်စရာရှိတာလည်း မလုပ်နိုင်တော့ပါ။ စာလည်းမရေးနိုင်တော့ပါ။ နေ့လည်ပိုင်း မြို့ထဲသွားပြီး စာသင်နေတဲ့အချိန်မှာ ကိုယ့်နက်ဘုတ်နဲ့ ဖုန်းကို အားအပြည့်သွင်းခဲ့ရပါတယ်။ ဒါပေမယ့် နက်ဘုတ်ဆိုတာကလည်း တစ်နာရီကျော်ကျော်လောက်ပဲ ဘက်ထရီနဲ့သုံးလို့ရတာမို့ ဘာအလုပ်မှမပြီးခင် အားကုန်သွားတာများပါတယ်။

ဒီကြားထဲမှာ ညစဉ်ညတိုင်း ၂နာရီလောက်မှ အိပ်ပျော်တဲ့ မျက်လုံးတွေက ကိုယ့်ကိုဒုက္ခပေးပါသေးတယ်။ အဲဒီအချိန်မရောက်မချင်း ဘယ်လိုအိပ်အိပ် အိပ်လို့မပျော်ပါ။ အိပ်ယာထဲမှာဟိုလူးသည်လှိမ့်နဲ့ အင်မတန်မှ ၀ဋ်ဒုက္ခကြီးလွန်းပါတယ်။ ဒါနဲ့ပဲ အားသွင်းရတဲ့မီးကလေး မလင်းတလင်းကိုဖွင့်ပြီး ရှေးရိုးအတိုင်းပဲ စာရွက်နဲ့ဘောပင်ကို အားကိုးပြီး ကဗျာတွေ တော်တော်များများရေးဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကဗျာတွေရလာတာ အမြတ်လို့ပဲ ဆိုရမယ်ထင်ပါရဲ့။ ဒီနေ့လည်း မီးမပြင်ရသေးတာမို့ အမှောင်ကမ္ဘာထဲမှာ နေရဦးမယ့်ကိန်းက ဆက်နေပါတော့တယ်။ ပိုဆိုးတာက အားသွင်းရတဲ့မီးကလေးက မနေ့ညက အားကုန်သွားပါပြီ။ ဒီညကိုတော့ မြန်မာ့ရိုးရာ ဖယောင်းတိုင်နဲ့ပဲ စခန်းသွားရဖို့ သေချာသလောက်နီးနီးရှိနေတာမို့ အိမ်ပြန်ဖို့တောင် ၀န်လေးလာမိပါရဲ့။

ရေးဖြစ်ထားတဲ့ကဗျာတွေထဲက စိတ်ကြိုက်တွေ့တဲ့ကဗျာတစ်ပုဒ်ကို တင်လိုက်ပါတယ်။ ရသစာပေပို့စ်ကိုတော့ မီးလာမှပဲ ဆက်ရေးရမှာမို့ သည်းခံဖို့တောင်းပန်ထားပါရစေဦး...
“လွမ်းခြင်း”
မီးရယ်...
ရှောင်ဖယ်ကာတမင်တိမ်း
စိမ်းရက်လေခြင်း။

ညခင်းသာ
လမင်းရယ်ဖယ်ခွာပြေး
တိမ်ဘေးမှာကိုယ်ရောင်ကွယ်
မိုးမင်းရယ်သည်းရွာခိုက်
(မီးရယ်) 
လွမ်းလိုက်လေခြင်း။     ။

ဟန်ကြည်
၂၈.၆.၂၀၁၁
မနက်၂.၁၀ နာရီ
 



Wednesday, 22 June 2011

တရားသေ . . .

 လူငယ်နဲ့ ရသစာပေအကြောင်းကို ရေးဖို့စာမြည်းပေးထားခဲ့ပေမယ့် ဖတ်စရာ၊ လေ့လာစရာ၊ ကိုးကားစရာတွေ များနေတဲ့အပြင် ကိုယ်တွေ့အတွေ့အကြုံတွေကိုလည်း စနစ်တကျဖြစ်အောင် ပြန်စီစဉ်နေရပြန်တာကြောင့် အခုထိရေးလို့ မပြီးသေးပါ။ စာရေးမယ်လို့ စိတ်ကူးပြီး ထိုင်လိုက်ပေမယ့် ဆောင်းပါးတစ်ပုဒ်ဖြစ်မလာဘဲ ကဗျာတစ်ပုဒ်ပဲ ထွက်လာတာမို့ အမိအရ ကောက်ခြစ်ပြီး မှတ်ထားလိုက်မိပါတယ်။ ညဥ့်တော်တော်နက်မှ အခြောသတ်လို့ ပြီးသွားတာကြောင့် တင်လိုက်ပါတယ်။

စိတ်ထဲမှာ အစာမကျေတာတွေ များနေလို့ထင်ပါရဲ့။ ကဗျာမှာပါ အငွေ့အသက်တွေ ပါကုန်ပါတော့တယ်။ ဘာပဲဖြစ်ဖြစ် လူနဲ့ သူ့အတ္တအကြောင်းကို ရေးဖြစ်သွားတဲ့ ကဗျာဖြစ်တာမို့ တွေးစရာလေးတွေ ပါနေမှာတော့ သေချာပါတယ်။ စကားလုံးအသုံးအနှုန်းကိုလည်း အများနားလည်နိုင်တာပဲ ရွေးသုံးထားဖြစ်ပါတယ်။

ခံစားကြည့်ပါ...

“ တရားသေ ”
လူဟေ့နော်...
မသူတော်  စိတ်တစ်ပိုင်း
စိတ်ရိုင်းက  အသင်္ချေ
မသေခင်  ကာလတွင်း
မိုက်ရင်းနဲ့  နေ့တိုင်းပျော်...

လူဟေ့နော်...
အတ္တပေါ်  မာနကဲ
မောဟထဲ  လောဘ၀င်
ငါသာလျှင်  သခင်ဖြစ်
ငါဖြစ်ခိုက်  ငါမိုက်ရန်
ငါပြန်ချိန်  ငါမသိ...

လူဟေ့နော်...
တစ်ယောက်ပေါ် တစ်ယောက်နင်း
တစ်ယောက်ဆင်း  တစ်ယောက်တက်
တစ်ယောက်ထက်  တစ်ယောက်ကဲ
ငရဲဆို ချိုနဲ့လား
ဘေးစကားသူမယုံ
စိတ်အာရုံ  လှိုင်းကြမ်းစီး
ကိုယ့်မီးကို  ကိုယ်တိုင်မွှေး
ကိုယ့်ကိုယ်ကို  ထိုးကျွေးရင်း
သေမင်းဆီခြေလှမ်းမှန်...

လူဟေ့နော်...
တကြော်ကြော်သံကုန်ဟစ်
လှော်ရင်းနဲ့ နစ်မယ့်လှေ
သေမင်းဆီပန်းတိုင်မှတ်
ရပ်တန့်လို့ရခဲ့ရင်
သင်..ဘာတွေများ လုပ်မှာလဲ။     ။

ဟန်ကြည်
၂၁.၆.၂၀၁၁(အင်္ဂါနေ့)
၂:၃၀ နာရီ

Saturday, 18 June 2011

ရသစာပေ ဘာကြောင့်သင် . . .

ဒီရက်ပတ်တွေမှာ စာရေးအား တော်တော်နည်းသွားပါတယ်။ 
စိတ်ထဲမှာ ရေးချင်စိတ်ရှိနေပေမယ့် လက်တွေ့အကောင်အထည်မဖော်ဖြစ်တာကြောင့် စိတ်ကူးတွေ၊ အတွေးတွေဟာ လေထဲမှာ ပျောက်ကုန်တာ များနေပါတော့တယ်။ စိတ်ကူးပေါက်ရင် ကဗျာတို၊ ကဗျာစလေးတွေ ကောက်ခြစ်ဖြစ်ပေမယ့် တစ်ပုဒ်မှ အဆုံးမသတ်နိုင်တာကြောင့် တိုးလို့တန်းလန်းနဲ့ ပစ်ထားရတာတွေ များနေပြန်ပါတယ်။ အတင်းဖျစ်ညှစ်ရေးရင် ကဗျာဖြစ်သွားမှန်းသိပေမယ့် ရင်ထဲက ခံစားချက်မပါတဲ့ ကဗျာအတုကြီးကိုတော့ ချမပြချင်ပြန်ပါ။

ထူးအိမ်သင်ရဲ့စကားလုံးကို ငှားပြောရပြန်ရင် “အကြည်ဓာတ်ခမ်းတယ်” လို့ ပြောရမယ်ထင်ပါတယ်။ ကဗျာ၊ စာပေ၊ အနုပညာအလုပ်ဆိုတာကလည်း အကြည်ဓာတ်ကလေးရှိနေမှ လုပ်လို့ရတဲ့ အလုပ်ပါ။ အကြည်ဓာတ်မရှိဘဲ အတင်းတွန်းရေးပြန်ရင်လည်း အနုပညာရသ ပီပြင်မှာ မဟုတ်တာ အလိုလို သိနေပါတယ်။ စကားကြီး၊ စကားကျယ်ပြောရရင် အနုပညာမာနခံနေတယ်လို့ပဲ ပြောရမယ်ထင်ပါရဲ့။ 

တစ်နေ့တစ်နေ့ သင်ကြားရေးတွေ၊ သင်ထောက်ကူတွေ၊ သင်ရိုးညွှန်းတန်းတွေနဲ့ နပမ်းလုံးရင်း ကျောင်းသားပေါင်းစုံ၊ အလွှာပေါင်းစုံ၊ အခြေခံ စိတ်ဓာတ်ပေါင်းစုံ၊ အရည်အချင်းပေါင်းစုံနဲ့ ပတ်သက်နေရတာမို့ ကိုယ်တွေ့အတွေ့အကြုံတွေကတော့ နေ့စဉ်နဲ့အမျှ ရနေပါတယ်။ ဒါပေမယ့် ဘလော့မှာ ကိုယ်ရေးကိုယ်တာတွေများသွားပြန်ရင်လည်း လာဖတ်တဲ့ စာဖတ်သူကို မလေးစားရာကျမှာ စိုးမိတာကြောင့် ရင်ကိုတော်တော်လေး ထိခိုက်စေတဲ့ ထိခတ်စေတဲ့ အကြောင်းအရာမျိုးကိုပဲ တင်ဖို့ ကိုယ့်ကိုယ်ကို ဆုံးမရပါတယ်။ ဒီပို့စ်မှာတော့ ရသစာပေဖြစ်တဲ့ ကဗျာလည်း ရေးဖြစ်မှာမဟုတ်ဘဲ ကိုယ်တွေ့နဲ့ အတွေးအမြင်နဲ့ ပေါင်းပြီး ရေးဖို့ စိတ်ကူးမိပါတယ်။ (ရေးနေရင်းနဲ့ပဲ စိတ်ကူးရလာတာမို့ ဆန်စဉ်ရာ၊ ကျည်ပွေ့လိုက် ဖြစ်သွားရင်လည်း သည်းခံဖို့ တောင်းပန်ထားရပါဦးမယ် )

ဒါကတော့...
ကိုယ်တို့ဆရာတွေ လောလောဆယ် တွေ့ကြုံနေရတဲ့  
လူငယ်နဲ့ ရသခံစားမှု အရည်အသွေး ကိစ္စပါ...

ဒီဘက်ခေတ် လူငယ်တွေမှာ ရသခံစားမှုအရည်အသွေးတွေ လွန်လွန်မင်းမင်း နိမ့်ကျနေတာကို သူတို့နဲ့ အများဆုံးထိတွေ့နေရတဲ့ ကိုယ်တို့ဆရာတွေက အများဆုံး ခံစားမိ၊ သတိထားမိနေပါတယ်။ နေ့လည်ကပဲ ကိုယ်အနားယူနေတုန်းမှာ မျက်စောင်းထိုးအိမ်က ကလေးတစ်ယောက် သီချင်းဖွင့်နားထောင်နေတာကြောင့် မကြားချင်လည်း နားပိတ်ထားလို့ မရတာကြောင့် သူဖွင့်တဲ့ သီချင်းက နားထဲကို အတုံးလိုက်၊ အတစ်လိုက် ၀င်ပြီး နှိပ်စက်တာ ခံရပါတော့တယ်။ ကိုယ့်ဖာသာကိုဖွင့်တာ ဘာဖြစ်လဲ ဆိုတဲ့ ကိုယ်တို့လူမျိုးရဲ့ စိတ်ညစ်စရာ သောက်ကျင့်ဆိုးကြောင့် စပီကာ နှစ်လုံးနဲ့ မိုင်ကုန်တင်ပြီး နှိပ်စက်တာ ခံရတာမျိုးကတော့ ရိုးသွားပြီမို့ ကလေးတွေရဲ့ လောကနီတိပိုင်း၊ အသိစိတ်ဓာတ်ပိုင်းကိုတော့ လေကုန်ခံပြီး မပြောချင်တော့ပါ။ ဒီချာတိတ်ဖွင့်ထားတဲ့ သီချင်းက သူတို့ခေတ်လူငယ်တွေ ဖွင့်လေ့ရှိတဲ့ ဒိုးဒိုးဒန့်ဒန့်တွေပဲဆိုတဲ့ အဆိုတော် “အစ္စနီ” ဆိုထားတဲ့ သီချင်းခွေပါ။ ဒီနံမည်ကိုသိတာကလည်း ကိုယ့်တပည့်တွေ ဖွင့်လွန်းလို့ ကြားဖူးနေတာကြောင့်ပါ။ ဦးဟန်ကြည် Conservative ကတော့ ဒီချာတိတ်တွေရဲ့ သီချင်းတွေကို ၀ယ်ဖွင့်ဖို့ နေနေသာသာ အလကားလာပေးရင်တောင် လွှင့်ပစ်ဦးမှာ သေချာနေပေါ့။

စကားလမ်းမချော်ခင် လိုရင်းကို ဆက်ကြပါဦးစို့ရဲ့။ သူဖွင့်နေတဲ့ သီချင်းကို လူမကြီးတကြီး ဦးဟန်ကြည်တစ်ယောက် တစ်လုံးမှနားမလည်ပါ။ သီချင်းတစ်ပုဒ်လုံးမှာ စာကြောင်း သုံးလေးကြောင်းကိုပဲ ထပ်တလဲလဲ ဆိုနေတာပဲ သတိထားမိပါတယ်။ ဟုတ်ကဲ့...တီးလုံးကရော ဆန်းသစ်ပါရဲ့လားလို့ မေးချင်ကြပါလိမ့်မယ်။ ဆန်းသစ်ချက်ကတော့ ကမ်းကုန်ပါပဲလို့ ဖြေရပါလိမ့်မယ်။ တစ်ပုဒ်လုံးကို ဒီဂျေပွတ်သလို တကျိကျိအသံတွေ၊ ဘေ့စ်သံတွေ တဒူဒူနဲ့ပဲ တန်ဆာဆင်ထားပါလေရဲ့။ သံစဉ်ကလည်း ရင်ထဲကိုမထိ စာသားကလည်း တွံတေးစိုးအောင် သီချင်းလောက်မှ မပြောင်မြောက်တဲ့အပြင် ဘေ့စ်သံကလည်း ပြင်းလွန်းတာကြောင့် သုံးပုဒ်လောက် နားထောင်မိတဲ့နောက်မှာ နားထင်တွေထိုးတက်လာတာမို့ ကိုယ့်ဖာသာ လက်နက်ချပြီး မြို့ထဲထွက်လို့ နားဒုက္ခကင်းအောင် ကြံရပါတော့တယ်။

အဲဒီမှာတင် မီးခိုးကြွက်လျှောက် အတွေးတွေ စပါတော့တယ်...

ကိုယ်တို့ကလေးတွေ အနုပညာကို ဘယ်လိုများခံစားကြပါလိမ့် ဆိုတာကို တွေးမိတာပါပဲ။ သီချင်းကိစ္စကိုတော့ ဆက်မတွေးတော့ပါ။ ဒါကတော့ သူ့ခေတ်နဲ့သူမို့ လက်လျှော့ထားလိုက်တာပဲ ရင်အေးပါလိမ့်မယ်။ သူ့အရပ်နဲ့ သူ့ဇာတ်ဟပ်ပြီး၊ ရောင်းသူ ၀ယ်သူ လွန်ကြည်ဖြူနေတဲ့ ကိစ္စမှာ ပဲလှော်ကြားကို ဆားညပ်မိရင်လည်း ကိုယ့်အလွန်ပဲ ဖြစ်မယ် မဟုတ်ပါလား။

ဒီညနေ စာသင်ချိန်မှာ နေ့လည်က အတွေးက ခေါင်းထဲပြန်ဝင်ဖို့ အကြောင်းဖန်လာပြန်ပါတယ်။ ဖြစ်ချင်တော့ ဒီနေ့စာသင်ချိန်တွေအားလုံးက မြန်မာစာချိန်တွေချည်း ဖြစ်နေပါလေရော။ မြန်မာကဗျာ သင်နေရင်း ကိုယ့်ကျောင်းသားတွေကို အကဲခတ်မိတော့ ကိုယ်ကလေးတွေမှာ ကဗျာရဲ့ရသ၊ အရသာကို ပြည့်ပြည့်၀၀ ခံစားရပုံမပေါ်ပါ။ ဒါတောင် သူတို့ဆရာဖြစ်တဲ့ ဦးဟန်ကြည်က ကဗျာရဲ့နောက်ခံသမိုင်းနဲ့တကွ ကဗျာဖွဲ့စည်းပုံရော၊ သက်ဆိုင်ရာ အချက်အလက်တွေ ဝေေ၀ဆာဆာနဲ့ မမောနိုင် မပမ်းနိုင် သင်တဲ့ဆရာမို့ပါ။ တချို့ဆရာများလို ခပ်ဝါးဝါးလေး ရှင်းပြ၊ မှတ်စုခေါ်ပေးပြီး သင်လိုက်မိရင်တော့ ဘယ်လိုနေမယ် မသိပါ။ တို့ငယ်ငယ်တုန်းကဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ကဗျာစပ်တမ်းကစားကြတယ်ဆိုတဲ့ ဓာတ်ပြားဟောင်းကြီးကို ပြန်ဖွင့်မိပြန်ရင်လည်း ကိုယ့်ကို လူထူးဆန်းလို့သဘောထားပြီး ငေးကြည့်နေကြဦးမှာလည်း သေချာနေပါတယ်။ 
ဒါနဲ့ပဲ...ရသခံစားမှု အရည်အသွေးအကြောင်းကို တစ်နာရီကျော်ကျော်ကြာအောင် ရှင်းပြရပါတော့တယ်။ သင်ကြားမှု သတ်မှတ်ချက်ကတော့ ဒီနေ့အဖို့ မပြည့်လိုက်ပါ။ ဒါပေမယ့် အရေးကြီးတာကို ဦးစားပေးရမယ် မဟုတ်ပါလား။

ရသနဲ့ပတ်သက်ပြီး ရှင်းမပြခင်မှာ 
ကလေးတွေကို ဦးဟန်ကြည်မေးတဲ့ မေးခွန်းက တကယ့်ကို ရိုးရိုးရှင်းရှင်းလေးပါ။
ရသစာပေတွေ၊ ကဗျာတွေကို ဘာကြောင့် သင်ရပါသလဲ လို့...
ဟုတ်ကဲ့...အားလုံးသိတော်မူကြတဲ့ အတိုင်း တစ်ယောက်မှ မဖြေနိုင်ဘဲ ပါးစပ်အဟောင်းသားနဲ့ပဲ ဆရာကို ငေးကြည့်နေကြပါတော့တယ်။ တို့ဆရာ ဘာတွေများ စိတ်ကူးပေါက်ပြီး မေးပါလိမ့်လို့လည် သူတို့စိတ်ထဲမှာ တွေးကောင်းတွေးနေပါလိမ့်မယ်။ ဆရာဖြစ်သူကလည်း သူတို့မဖြေနိုင်မှန်းသိပေမယ့် ကိုယ်ရှင်းပြဖို့အတွက် ခေါ်မေးခွန်းထုတ်တာပဲဖြစ်လို့ အားမနာတမ်းပဲ ရှင်းပြရပါတော့တယ်။

ရသစာပေကို သင်ကြားပေးခြင်းဟာ ကျောင်းသူ၊ ကျောင်းသားတွေကို လူဖြစ်လာအောင် သင်ကြားပေးတာဖြစ်ပါတယ်။ ဒါဟာ အပြည့်စုံဆုံးနဲ့ အမှန်ဆုံးအဖြေပါ။ ဒီထက်ကောင်းအောင် ဖြေလို့ မရနိုင်တော့ပါ။ ဒါဆိုရင် ရသစာပေက သူတို့ကို လူဖြစ်အောင် ဘာကြောင့် လုပ်ပေးတာပါလိမ့်...
ရှင်းပါတယ်။ လရေးနှစ်ချောင်းငင် “လူ”ဆိုတာ စက်ရုပ်မဟုတ်ပါ။ သူ့မှာ ခံစားချက်တွေ ခံစားမှုတွေ ရှိကိုရှိရပါလိမ့်မယ်။ ပျော်စရာတွေ့ရင် ပျော်ရပါလိမ့်မယ်။ ရယ်စရာတွေ့ရင်လည်း ရယ်တတ်ရပါလိမ့်မယ်။ ငိုစရာတွေ့ရင် ငိုရမှာဖြစ်သလို ကြည်နူးစရာတွေ့ရင်လည်း ကျကျနန ကြည်နူးတတ်မှပဲ လူသားစစ်စစ် ဖြစ်လာမှာပါ။ ရယ်စရာတွေ့လို့မှ မရယ်တတ်တဲ့ လူသားတစ်ယောက်ရဲ့ အဖြစ်ဟာ ဘယ်လောက်များ လူဖြစ်ရှုံးလိုက်လေမလဲ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ အဲဒီအရာတွေအားလုံးဟာ ရသခံစားမှု အရည်အသွေးနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အရာတွေပါ။

ရသစာပေဆိုတာ လူတစ်ယောက်ကို ကြီးပွားတိုးတက်အောင် ချက်ချင်းကြီး ဆောင်ရွက်ပံ့ပိုး မပေးနိုင်ပေမယ့် လူသားစစ်စစ်ဖြစ်အောင်တော့ အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ပါတယ်။ ဒါဆိုရင် ရသခံစားတတ်တဲ့လူတွေက ဘာတွေထူးလာမှာပါလိမ့်...
စဉ်းစားကြည့်ကြပါစို့။ လူတစ်ယောက်ဟာ စာအုပ်ထဲက ဇာတ်ကောင်ပဲဖြစ်ဖြစ်၊ ရုပ်ရှင်ထဲက ဇာတ်ကောင်တစ်ကောင်ကိုပဲ ဖြစ်ဖြစ် သနားစိတ်၊ ကြင်နာစိတ်ဝင်တတ်တဲ့ နှလုံးသား ရှိတယ်ဆိုကြပါစို့ရဲ့။ အဲဒီလူဟာ အပြင်လောကမှာ သူတွေ့ရမယ့် တကယ့် သနားစရာအပေါ်မှာ မသနားဘဲ နေနိုင်မယ် မထင်ပါ။ အဲဒီမှာပဲ သူကိုယ်တိုင် လူသားပီသသွားခြင်း၊ လောကရဲ့ အရသာကို ကျကျနန ခံစားရခြင်းဆိုတဲ့ အကျိုးအပြင် လောကနဲ့ ပတ်ဝန်းကျင်ကိုပါ အကျိုးဆောင်နိုင်ခြင်းဆိုတဲ့ အပိုဆုလာဘ်တွေကိုပါ ရနိုင်ပါလိမ့်မယ်။

ဒါကြောင့် ကျောင်းသားတွေကို ရသခံစားမှု အရည်အသွေးတိုးတက်အောင် သင်ပေးနေတာလို့ ရှင်းပြရပါတယ်။ ဒါတင်မကဘဲ သူတို့ထင်သာမြင်သာရှိအောင် နည်းနည်းမြင့်တဲ့ ဟာသလေးတစ်ပုဒ်ကိုပါ ပြောပြရပါသေးတယ်။ ထုံးစံအတိုင်း သဘောပေါက်မြန်တဲ့ကျောင်းသား၊ ကျောင်းသူတွေက ရယ်ပြီး သဘောပေါက်နှေးတဲ့ ကလေးတွေကတော့ အူလည်လည်ဖြစ်ကျန်ရစ်ပါတယ်။ အဲဒီတော့မှပဲ အဲဒါဟာ ရသခံစားမှု အရည်အသွေး အနုအရင့်ပေါ်မှုတည်ပြီး တုံ့ပြန်မှုတွေ ကွာသွားတာပဲဖြစ်တယ်ဆိုတာကို သက်သေပြယူရပါတော့တယ်။ အဲဒီတော့မှပဲ မောင်မင်းကြီးသား၊ မယ်မင်းကြီးမလေးတွေမှာ ရွှေသဘောတော်ပေါက်တော်မူကြပြီး ကိုယ်ရှင်းပြတဲ့ ကဗျာဆိုင်ရာ အချက်အလက်တွေကို စိတ်ဝင်တစားနဲ့ စီးမြောနားထောင်ကြပါတော့တယ်။ ကလေးတွေဆိုပြန်တော့လည်း သူများနည်းတူ ရသခံစားမှု အရည်အသွေး ရှိချင်ကြတယ် မဟုတ်ပါလား။ 

ဘာပဲဖြစ်ဖြစ် ဆရာဖြစ်သူတစ်ယောက်အနေနဲ့ ကိုယ့်ကျောင်းသားတွေကို အစစအရာရာ ပြည့်စုံပြီး လောကအကျိုးကို ဆောင်မယ့်လူတွေ ဖြစ်စေချင်သလို လောကရဲ့အလှကို ကျကျနနခံစားချင်သူတွေလည်း ဖြစ်စေချင်တာ ဆရာ့အတ္တ၊ လောဘပဲမို့ သင့်ရာကိုတော့ မရောက်ရောက်အောင် အပ်ပို့နေမိပါတယ်။ လူငယ်နဲ့ ရသခံစားမှု အကြောင်းကို ကျကျနန လေ့လာပြီးမှ ထပ်ရေးဦးမှာမို့ လောလောဆယ်ပို့စ်ကို စာမြည်းလို့လည်း သဘောထားရင် ရနိုင်ကောင်းပါတယ်။ စာမြည်းနဲ့တင် အီပြီးစိတ်ကုန်သွားရင်လည်း ဒီအတွေးအခေါ်ဟာ ဦးဟန်ကြည်ရဲ့ တစ်ကိုယ်ရည် အယူအဆ၊ စိတ်ကူးသက်သက်သာ ဖြစ်တာမို့ စာဖတ်သူရဲ့ စိတ်ကြိုက်ဆုံးဖြတ်နိုင်ကြောင်း သတင်းကောင်းလည်း ကြိုတင်ပေးထားမိပါကြောင်း။     ။

Tuesday, 14 June 2011

ဖိစီးမှု ဒီဂရီ . . .

 ကားကြုံလိုက်စီးတဲ့ လှတပတ ကောင်မလေးတစ်ယောက်ကို ခင်ဗျားရဲ့ကားပေါ်မှာ တင်ခေါ်လာမိတယ်။ မကြာခင်ပဲ အဲဒီမိန်းကလေးဟာ ရုတ်တရက်ဆိုသလို ကားပေါ်မှာ သတိလစ်မေ့မြောသွားတာကြောင့် အနီးဆုံးဆေးရုံတစ်ရုံဆီ ခင်ဗျား အမြန်မောင်းသွားလိုက်ရတယ်။

ခင်ဗျား စိတ်ဖိစီးပြီး စိုးရိမ်စပြုလာပြီ...

ဆေးရုံရောက်တဲ့အခါမှာ ဆရာဝန်တွေ၊ သူနာပြုတွေက မိန်းကလေးကို စမ်းသပ်စစ်ဆေးပြီး ကိုယ်ဝန်ရှိနေတာကို တွေ့ကြရတဲ့အတွက် ခင်ဗျားကို ချီးမွမ်းကြမယ်။ ဖအေတစ်ယောက်အဖြစ်ကို ရောက်ရတော့မှာမို့ ခင်ဗျားအတွက် ၀မ်းမြောက်ဂုဏ်ယူတယ်လို့ ၀ိုင်းပြောကြမယ်။

ခင်ဗျားကလည်း ခင်ဗျားဟာ ဒီကလေးရဲ့အဖေမဟုတ်ကြောင်း ပြောပြမယ်။ ဒါပေမယ့် သတိရလာတဲ့မိန်းကလေးက ခင်ဗျားဟာ ကလေးအဖေဖြစ်တဲ့အကြောင်းကိုပဲ ထပ်တလဲလဲ
ပြောနေမယ်။

ခင်ဗျား တော်တော်လေး စိတ်ဖိစီးပြီး စိုးရိမ်နေရပြီ...

ဒါနဲ့ပဲ ခင်ဗျားဟာ ဒီကလေးရဲ့အဖေမဟုတ်ကြောင်း သက်သေပြနိုင်ဖို့ မျိုးဗီဇဆိုင်ရာ စစ်ဆေးမှုတွေ လုပ်ပေးဖို့  ဆေးအဖွဲ့ကို ခင်ဗျားက တောင်းဆိုမယ်။ 

သက်ဆိုင်ရာ စစ်ဆေးမှုတွေ ကျကျနနလုပ်ပြီးတဲ့ အခါမှာ ဆရာဝန်က ခင်ဗျားဟာကလေးမရနိုင်တဲ့သူဖြစ်ကြောင်း၊ ဒါဟာမွေးရာပါချို့ယွင်းချက်ဖြစ်နိုင်ကြောင်း ရှင်းပြမယ်။

ခင်ဗျား တော်တော်ကြီး စိတ်ဖိစီး၊ စိုးရိမ်သွားမယ်...
ဒါပေမယ့် မကြာခင်မှာ စိတ်သက်သာရာရသွားမယ်...

ဆေးရုံကနေအိမ်ကို ကားမောင်းပြီးပြန်လာရင်း ခင်ဗျားရဲ့ကလေးသုံးယောက်အကြောင်းကို သွားစဉ်းစားမိမယ်။

အဲဒီမှာတင် တကယ့်ကို ကြီးအကျယ် စိတ်ဖိစီးပြီး၊ စိုးရိမ်စရာနဲ့ သွားတွေ့တော့တာပါပဲ...

( အင်တာနက်ပေါ်တက်ပြီး တွေ့သမျှစာကို မွှေနှောက်ဖတ်ရင်း သဘောကျတဲ့ ဟာသလေးတစ်ခုကို  ပြန်ပြီးဖောက်သည်ချလိုက်ပါတယ် )

Sunday, 5 June 2011

ဆရာဟူသည် . . .

မနေ့က ဆယ်တန်းအောင်စာရင်းထွက်ပါတယ်။ 
အခါတိုင်းနှစ်တွေဆိုရင်အောင်စာရင်းက တနင်္ဂနွေနေ့တွေမှာ ထွက်လေ့ရှိတာမို့ မထင်မှတ်ဘဲ ထွက်လာတယ်လို့ ဆိုရပါလိမ့်မယ်။ မနက်၆နာရီလောက်မှာ တပည့်တစ်ယောက်က ဖုန်းဆက်တော့မှပဲ အောင်စာရင်းထွက်တာကို သိရတာပါ။ မနှစ်က ကိုယ့်ကျောင်းသား ၁၁ယောက်မှာ ၁၀ယောက်အောင်ခဲ့ပေမယ့် ဒီနှစ်တော့ အောင်ချက်ကျသွားပါတယ်။ ကျောင်းသားအရေအတွက်ကလည်း မနှစ်ကထက် နှစ်ဆကျော်ကျော် များလာတာကြောင့်လဲ ပါမယ်ထင်ပါရဲ့။ အရေအတွက်များလာရင် ရာခိုင်နှုန်း ထိခိုက်တတ်တာ သဘာဝပဲ မဟုတ်ပါလား။

တချို့ဆရာတွေကတော့ အောင်ချက်ရာခိုင်နှုန်း ထိခိုက်မှာစိုးတဲ့အတွက် ကျောင်းသားလာအပ်ရင် အရည်အချင်းကိုကြည့်ပြီး အောင်နိုင်ချေရှိတဲ့ ကျောင်းသားကိုပဲ လက်ခံလေ့ရှိပေမယ့် ဆရာကောင်းတစ်ယောက်ဖြစ်ချင်တဲ့ ဦးဟန်ကြည်ကတော့ လာသမျှကို လက်မရှောင်တမ်း လက်ခံပြီးသင်ပေးလေ့ရှိတဲ့ ဆရာပါ။ ဒါတင်မကသေးဘဲ စာမေးပွဲဖြေဖို့ တစ်လ၊ နှစ်လလောက်မှ ရောက်လာတဲ့ ကျောင်းသားတွေကိုလည်း အပြုံးမပျက်လက်ခံပါသေးတယ်။ အဲဒီကျောင်းသားလေးတွေ အများစုက တစ်နှစ်တာပတ်လုံး စာကောင်းကောင်း မကြိုးစားတဲ့ ကျောင်းသားလေးတွေ များတတ်တာမို့ ဘယ်လောက်ပဲ တပင်တပန်းဆွဲတင်ပေမယ့် ကျတာပဲ များနေပါတယ်။ ဘာပဲဖြစ်ဖြစ် တစ်ရက်ပဲ သင်ခွင့်ရရင်လည်း ကိုယ့်တပည့်ပဲမို့ ကျောင်းသားတွေ စာမေးပွဲကျတာ ရင်ထဲမှာ ဘယ်လိုမှ မဖြေနိုင်ပါ။ သင်ကြားမှုသက်တန်း ဘယ်လောက်ပဲ ရင့်တယ်ပဲဆိုဆို ကိုယ်တပင်တပန်းသင်ထားလျက်က ကျသွားရင် စိတ်မကောင်းဖြစ်စမြဲပါ။

အောင်စာရင်းတို့ရဲ့ ထုံးစံအတိုင်း အောင်တဲ့ကျောင်းသူကျောင်းသားက တက်တက်ကြွကြွနဲ့ ရွှင်မြူးနေသလောက် ကျတဲ့ကျောင်းသားလေးတွေမှာတော့ မျက်နှာငယ်ရရှာပါတယ်။ စိတ်ငယ်တဲ့ ကျောင်းသူလေးတွေက ငိုကြရှာပါတယ်။ ဒီကြားထဲမှာ နားမလည်တဲ့ မိဘတစ်ချို့က သူတို့ကလေးတွေကို ဆူကြ၊ မာန်ကြပြန်ပါတယ်။ တကယ်ဆိုရင် မိဘ၊ ဆရာ၊ ကျောင်းသား ဒီသုံးဦးထဲမှာ ကျောင်းသားဆိုတာ အပင်ပန်းဆုံးပါ။ မိဘဆိုတာက သင်တန်းကြေး ပုံမှန်သွင်းပြီးရင် တာဝန်ကုန်သလောက် ရှိပါပြီ။ ကိုယ်တို့ဆရာဆိုတာကလည်း စာသင်ချိန်ပြီးရင် နားလို့ရပါပြီ။ ဒါပေမယ့် ကျောင်းသားတွေမှာတော့ မနားရသေးဘဲ စာကြည့်ရပါသေးတယ်။ အပင်ပန်းဆုံးကို အသက်သာဆုံးက ဆူဆူဆဲဆဲလုပ်တယ်ဆိုတာ ဘယ်လိုမှ သဘာဝမကျပါ။ စာမေးပွဲကျတာကြောင့် စိတ်အားငယ်ရတဲ့ကြားမှာ အားကိုးရမယ့် မိဘဖြစ်သူကပါ သူတို့အရှက်ရတာတစ်ခုနဲ့တင် ဆူကြပူကြပြန်တော့ ကလေးတွေမှာ နေစရာမရှိတော့ပါ။

ဒါကြောင့် အောင်စာရင်းထွက်တာနဲ့ ဦးဟန်ကြည်တစ်ယောက် အောင်တဲ့ကျောင်းသားတွေကို မျက်နှာပြရုံလောက်သာ သွားပြပြီး ကျတဲ့ ကျောင်းသားတွေအိမ်ကို အချိန်မီသွားရပါတယ်။ မိဘတွေက ဆူနေ၊ ဆဲနေရင် ကိုယ်ကတပည့်တွေကိုယ်စား ဖြေရှင်းပေးနိုင်အောင်ပါ။ ဒါ့အပြင် စိတ်ဓာတ်ကျနေတဲ့ ကိုယ့်တပည့်လေးတွေကို အားပေးရင်း နောက်တစ်ခါ ထပ်ကြိုးစားဖို့ တွန်းအားလည်း ပေးရပါတယ်။
စာသင်နှစ်တစ်နှစ်လုံးမှာ ကိုယ့်တပည့်အားလုံးကို တပြေးညီသင်ပေးခဲ့ပေမယ့် အောင်စာရင်းထွက်ချိန်မှာတော့ အောင်တဲ့ကျောင်းသားအိမ်ကို သွားရတာနဲ့ ကျတဲ့ကျောင်းသားအိမ်ကို သွားရတာ ခံစားချက်ချင်း အင်မတန်ကွာပါတော့တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်တပည့်တွေ အားမငယ်အောင် အားပေးရမှာ ဆရာ့တာဝန်ပဲမို့ တစ်နေကုန်တစ်နေခမ်း ကျောင်းသားတွေအိမ်ကို သွားပြီးမမောနိုင်မပမ်းနိုင် အားပေးရင်း၊ ကျောင်းမထားချင်တော့တဲ့ မိဘတွေကိုလည်း ကျောင်းပြန်ထားဖို့ တရားဟောရင်း ရင်ထဲမှာ နာနာကျင်ကျင် ဖြစ်လာပါတော့တယ်။ ပျော်ရွှင်မှုနဲ့ သနားစိတ်မှာ သနားစိတ်ကပဲ အနိုင်ယူသွားတော့တာမို့ မွမ်းကျပ်ပြီး နေလို့မကောင်းတော့ပါ။

ဒါကြောင့် ညပိုင်းမှာ ကဗျာတော်တော်များများ ချရေးဖြစ်ပါတော့တယ်။ 
ရင်ထဲကအနာ သက်သာလိုသက်သာငြားပါ။ ဒါပေမယ့်လည်း ကိုယ့်ကလေးတွေ မျက်နှာကို ပြန်မြင်ယောင်နေမိတာကြောင့် စိတ်မကောင်းဖြစ်တာကတော့ ဘယ်လိုမှကို မလျော့နိုင်တာသေချာပါတယ်။ ဒီကလေးတွေကို ပြန်စုပေးပြီး နောက်တစ်နှစ်မှာ ဂုဏ်ထူးနဲ့ အောင်မြင်အောင် လုပ်ပေးဖို့ ဆုံးဖြတ်ချက်ချလိုက်မိပါတယ်။ ဒါမှလည်း ကိုယ့်ကျောင်းသားလေးတွေမှာ မိဘနဲ့ ပတ်ဝန်းကျင်အပေါ် သူတို့ရှုံးခဲ့သမျှ ပြန်ပြီးအနိုင်ရနိုင်ကြမယ် မဟုတ်ပါလား။

ဒီကဗျာကိုဖတ်ပြီး ဆရာတစ်ယောက်ရဲ့ ခံစားချက်ကို နားလည်နိုင်ကြရင်ဖြင့် ရင်ထဲမှာ နည်းနည်းတော့လည်း ဖြေသာမယ်ထင်ပါရဲ့လေ...


“ ဆရာဟူသည်”

မြူးကြကွယ်
အောင်ကြတယ်မဟုတ်လား။

ကြိုးစားလာ
တစ်နှစ်တာပင်ပန်းမှုတွက်
ဆုလာဘ်တွေလက်ဝယ်ရပြီမို့
တင့်တယ်လှသေး။

အောင်ပွဲဝင်
ပျော်ရွှင်သူတပည့်များတွက်
ဂုဏ်တက်ကာ မာန်ဟုန်ရစ်ချင်လည်း
ကျရစ်သူတပည့်များကို
အားတင်းကာဇွဲစိတ်နိုးစေဖို့
ကြေကွဲစွာနှစ်သိမ့်ပေးပါရင်း
(မင်းတို့ဆရာမှာလေ...)
မြူးခြင်းခက်သေး။     ။

ဟန်ကြည်
၅.၆.၂၀၁၁(စနေနေ့)
ည ၁၀း၃၀နာရီ

Thursday, 2 June 2011

မိုးနဲ့အတူ . . .

ဒီရက်ပတ်အတွင်းမှာ ဘာစာမှ ဖြစ်ဖြစ်မြောက်မြောက် မရေးဖြစ်ပါ။ 
ချစ်စွာသော တပည့်မဟောင်းများရဲ့ နှလုံးသားရေးရာ အဖြေရှာကြတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို သူတို့မိဘတွေနဲ့ ကူညီဖြေရှင်းပေးနေရတာနဲ့တင် တစ်ရက်တစ်ရက်ဟာ စိတ်မော၊ လူမောနဲ့ ကုန်သွားတာများနေပါတယ်။
 ဒီအချိန်မှာ ပို့စ်အသစ်တစ်ပုဒ်ရေးပြန်ရင်လည်း မောသံတွေပါနေမှာသေချာနေပါတယ်။

ဒါကြောင့်...
ခပ်စောစောက ရေးဖြစ်တဲ့ ကဗျာတစ်ပုဒ်ကိုပဲ တင်ဖြစ်လိုက်ပါတယ်။ အဲဒီနေ့က စာသင်ချိန်မှာ မိုးဖွဲဖွဲရွာနေပါတယ်။ ကိုယ့်တပည့်လေးတွေ သင်္ချာတွက်နေကြတာကို စောင့်ကြည့်ရင်း ကဗျာတစ်ပုဒ်ပေါ်လာတာကြောင့် အမိအရဖမ်းထားလိုက်တဲ့ ကဗျာပါ။ ရင်ထဲကို မိုးနဲ့အတူ သူ့အလိုလို ရောက်လာခဲ့တဲ့ အမှတ်တရကဗျာတစ်ပုဒ်လိှု့ဆိုရင်လည်း ရမယ်ထင်ပါရဲ့။ မိုးတွေ တဖွဲဖွဲရွာနေတာကြောင့် လူတွေအလုပ်အကိုင်ပျက်ဖြစ်ကြရတာကို မြင်မိရင်း ရင်ထဲမှာပေါ်လာတဲ့ အတွေးတစ်စလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

ကဗျာပုံစံက မရေးဖြစ်တာတော်တော်ကြာနေပြီဖြစ်တဲ့ ကြိချိုးကဗျာပုံစံပါ။ အချိုးသုံးချိုးပါပြီးတော့ ကာရန်ရော၊ အသံကိုပါ ဦးစားပေးရတဲ့ ကဗျာပုံစံလို့ခေါ်ရင်လည်း မှားမယ်မထင်ပါ။ နဘေများများထပ်ပြီး ယူနိုင်ရင် ပိုလှမှာဖြစ်ပေမယ့် စိတ်အေးလက်အေးရေးရတာ မဟုတ်ဘဲ ပေါ်လာသလောက်ကို မှတ်ထားလိုက်တာဖြစ်လို့ ရွက်ကြမ်းရေကျိုကဗျာတစ်ပုဒ်သာသာပဲ ဖြစ်သွားတာတော့ သေချာပါတယ်။ အမှတ်တရသာသာပါပဲ...

“ ရာနှုန်းပြည့် ”
ရွာချေပြီ
ဖွဲဖွဲငယ်သီလို့။

မောင်တို့ပြည်ရွှေရောင်လက်ကို
ထက်ကောင်းကင်နတ်သိကြားက
မျက်ထားသည့်လား။

သည်သို့သာ
နေ့တိုင်းမှာပဇ္ဇုန်ညှိုးပါက
ဆန်အိုးတွေရေစုန်မြောပေလိမ့်
ဇောစိတ်ရယ်ပွား။

ဟန်ကြည်
၂၈.၄.၂၀၁၁





ကြိုက်ရင်ပေါ့လေ . . .