Saturday, 24 September 2011

လူလျှောက်ကန် . . .

လုံးဝန်းတဲ့အရာတစ်ခုကို လူဆယ့်တစ်ယောက်စီပါတဲ့ အုပ်စုနှစ်ခုက အပြင်းအထန်ဝိုင်းလုကြပြီး တစ်ဖက်အုပ်စုရဲ့ တိုင်နှစ်တိုင်ကြားက ပိုက်ထဲကို အဲဒီအလုံးဝင်အောင် ၀ိုင်းကန်ကြရတဲ့ football ခေါ် soccer ခေါ် ဘောလုံးအားကစားကို ဦးဟန်ကြည်တစ်ယောက် အင်မတန်မှ ၀ါသနာကြီးရှာပါတယ်။ ဦးဟန်ကြည်ဘ၀မရောက်ခင် မောင်ဟန်ကြည်ကလေးဘ၀ကတည်းက ဘောလုံးတစ်လုံးကို နံရံမှာ တဒိုင်းဒိုင်းကန်ရင်း ပါရမီရှင်ခြေစွမ်းတွေ တစ်ယောက်တည်း အပြင်းအထန်ပြလို့ ဘောလုံးဗီဇတွေ တောက်ပခဲ့ပေသပေါ့။ ဒါပေမယ့် ဆယ်တန်းကျောင်းသားအရွယ်ရောက်တဲ့အထိ ဘောလုံးကို လိုရာရောက်အောင် မကန်တတ်ခဲ့တာတော့ မရှက်တမ်းဝန်ခံရမှာပေါ့လေ။ တစ်ခါတစ်ခါများ အားကုန်အင်ကုန်ထုတ်ပြီး ကန်လိုက်ပေမယ့် အနှီသကောင့်သားဘောလုံးက မြေပေါ်ကကြွတော်မမူဘဲ မြေလိမ့်ဘောဘ၀နဲ့ ရောက်ချင်ရာရောက်သွားတတ်ပါသေးရဲ့။

ကိုယ်တစ်ယောက်တည်း ဘောလုံးတစ်လုံးနဲ့ အရူးထချင်တိုင်းထလို့ အားမရတတ်သေးဘဲ သူများတကာကန်တဲ့ ဘောလုံးပွဲတွေကိုလည်း မစားရ၀ခမန်း ထမင်းမေ့ဟင်းမေ့ ထိုင်ကြည့်တတ်ပါသေးတယ်။ ရပ်ကွက်ဘောလုံးပွဲ၊ ကလပ်သင်းဘောလုံးပွဲ၊ နိုင်ငံတကာဘောလုံးပွဲတွေသာမက နောက်ဆုံးပေါ် သဲသောင်ပြင်ဘောလုံးပွဲလဲ အလွတ်မပေးထမ်းကြည့်ဖြစ်သလို ရေထဲမှာ ဘောလုံးကို လက်နဲ့ကန်ကြတဲ့ water polo ကိုပါ ကြုံရင်ကြုံသလို အားပေးလေ့ရှိပါတယ်။ ယုတ်စွအဆုံး ရပ်ကွက်ထဲမှာ ပလတ်စတစ်ဘောလုံးစုတ်ကို ကလေးတစ်အုပ် တပျော်တပါးကြီးဝိုင်းကန်နေကြတဲ့ ကမ္ဘာ့ဖလားရှုံးမယ့် မြန်မာ့အုန်းမှုတ်ခွက် ဘောလုံးပွဲတွေကိုတောင် တမေ့တမောထိုင်ငေးနေတတ်တာကြောင့် ကိုယ့်ဖေဖေက ကိုယ့်ကို အမြဲပြောလေ့ရှိပါတယ်။

“ဘောလုံးပွဲကြည့်တယ်ဆိုတာ ဘောလုံးမကန်တတ်တဲ့သူတွေ ကြည့်တာပါကွာ” တဲ့....

အင်း...ဖေဖေ့အတွေးကလည်း ဟုတ်နေတော့ ကိုယ့်ခမျာ အသာကုပ်နေခဲ့ရရှာတယ်။
ငယ်ငယ်က မြို့နယ်လက်ရွေးစင်ဘောလုံးသမားဖြစ်ခဲ့တဲ့ ဖေဖေက ဘောလုံးပွဲကို တစ်ခါမှ ဟုတ်တိပတ်တိ ကြည့်တာမတွေ့ခဲ့ဖူးဘူးလေ။ ဘောလုံးကို မြေကြီးပေါ်ကကြွအောင်တောင် ဆယ်တန်းအောင်ပြီးချိန်ထိ ကောင်းကောင်းမကန်တတ်ခဲ့တဲ့ ကိုယ်ကပဲ ဘောလုံးပွဲတွေကို အရူးအမူးအားပေးတာကိုး။ အဲဒါကျတော့ မေမေ့ဘက်က အဖိုးနဲ့သွားတူတယ်ဖြစ်မယ်။ ကိုယ့်အဖိုးက လူဖလံလေးဆိုတော့ ဘောလုံးကန်ဖို့နေနေသာသာ ဘောလုံးမှန်ရင်တောင် တော်တော်ခံစားရမယ့်ဗလနဲ့လေ။ ဒါပေမယ့် သူကလည်း ဘောလုံးပွဲဆိုရင် မကျန်းမမာဖြစ်နေတဲ့ကြားထဲကတောင် ထကြည့်တဲ့အထိ စွဲလန်းတာ။ အဲဒီတော့လည်း လက်ရွေးစင်ဖေဖေက ပြောပြီပေါ့။

ကိုယ်တို့ ဘောလုံးကို ဘယ်လောက်များရူးသလဲဆိုရင် အထက်တန်းကျောင်းသားဘ၀ကစပြီး ၀ယ်ဖတ်လိုက်တဲ့ ဘောလုံးစာစောင်တွေသာ အခုအချိန်အထိစုထားရင် အိမ်တစ်အိမ်လုံးမှာ လူတောင်နေစရာရှိတော့မယ်မထင်ဘူး။ အဲဒီခေတ်က စာစောင်ကလည်း
အင်အား နဲ့ တံခွနပဲရှိခဲ့တာဆိုတော့ တစ်ပတ်တစ်ပတ် ဂျာနယ်မရလိုက်မှာစိုးလို့ ဂျာနယ်ရောင်းတဲ့ဆိုင်ကို မကြာမကြာသွားသွားကြည့်ခဲ့ရတာ သတိရသေးတယ်။

ဆယ်တန်းဖြေပြီးကတည်းက ၀ါသနာအရ ဆယ်တန်းကျောင်းသားတွေကို ညပိုင်းနဲ့ မနက်ပိုင်းမှာစာသင်၊ နေ့လည်ပိုင်းမှာ နယ်ကျောင်းတစ်ကျောင်းမှာ လုပ်အားပေးကျောင်းဆရာသွားလုပ်နဲ့ မအားတဲ့ကြားက ညနေညနေဆိုရင် ဘောလုံးကွင်းထဲသွားပြီး Training အပြေးအလွှားဆင်းခဲ့သေးတယ်။ Training ဆင်းတယ်ဆိုလို့လည်း အထင်တော့မကြီးလိုက်ပါနဲ့ဦး။ ကိုယ်လို ဘောလုံးဖြစ်ဖြစ်မြောက်မြောက်မကန်တတ်တဲ့ စာကြမ်းပိုး လူပျော့လေးကို ဘယ်အသင်းကမှလည်း မရွေးပါဘူးလေ။ ကိုယ့်ဖာသာ အရူးထပြီး သူတို့တွေနဲ့သွားသွား Training ဆင်းတာပါ။ မရွေးမှန်းလည်းသိသားပဲ။ ကန်ချင်လွန်းလို့ကို အရူးကျခံပြီး သွားကန်ခဲ့တာလေ။ Training မှာ ကိုယ်နဲ့အသင့်တော်ဆုံးကတော့ opening play လို့ခေါ်တဲ့ ဘောလုံးလုရတဲ့ ကစားနည်းပေါ့။ ဘောလုံးကို တစ်ယောက်နဲ့တစ်ယောက် အပေးအယူလုပ်တာကို ခွေးရူးလုပ်ရတဲ့ကစားသမားက လိုက်လုပြီး အလုခံလိုက်ရတဲ့ ကစားသမားက ခွေးရူးဖြစ်သွားတဲ့ အဲဒီကစားနည်းကစားကြရင်ဖြင့် ကိုယ့်မှာသက်လုံကောင်းအောင် ကျင့်ပြီးသားကို ဖြစ်ရော။ ဘာဖြစ်လို့လဲဆိုတော့ ကန်ရတဲ့အချိန်ထက် လိုက်လုရတဲ့အချိန်က များနေတာကိုး။ တစ်ချိန်လုံးခွေးရူးဖြစ်နေပေမယ့် နည်းနည်းမှကို မရှက်ထာပါ။ ကန်တတ်တာ မကန်တတ်တာအသာထား ဘောလုံးဝတ်စုံဝတ်ပြီး ကွင်းထဲမှာရောက်နေတာလေးတစ်ခုနဲ့တင် ကိုယ့်ကိုယ်ကို အကျေနပ်ကြီးကျေနပ်လို့။ အဲဒီလောက် တချိန်လုံး ခွေးရူးလုပ်ပြီး ဘောလုံးလုတာတောင် အားမရသေးဘဲ Training ပြီးရင် ဘောလုံးကွင်း နှစ်ပတ်ပတ်ပြေးပြီးမှ အိမ်ပြန်တော့တာ။ ဒါပေမယ့် ဘယ်သူကမှ ဇွဲဆုလေးတောင် မပေးတာမို့ လူတကာဝင်ကန်နေကြတဲ့ ရပ်ကွက်ပွဲတွေမှာ အရံလူအဖြစ်တောင် တစ်ခါမှ အရွေးမခံခဲ့ရတာ အခံရခက်လှချေရဲ့။

နယ်ကျောင်းလေးတစ်ကျောင်းမှာ လုပ်အားပေးကျောင်းဆရာ သွားလုပ်ဖြစ်တုန်းကဆိုရင် သုံးလေးတန်းအရွယ် ကျောင်းသားလေးတွေကို အားကစားလေ့ကျင့်ပေးတယ်လို့ ခေါင်းစဉ်လှလှတတ်ပြီး ကလေးဗိုလ်လုပ်ရင်းက ဘောလုံးကန်လို့ ကောင်းခဲ့ပေသပေါ့။ ကလေးများကလည်း သူတို့ဆရာလေးဆီက ဘောလုံးကို သိပ်မလုရဲကြပြန်တော့ ကိုယ့်ရဲ့နိုင်ငံကျော်သင့်တဲ့ ခြေစွမ်းတွေကို တစ်ကိုယ်တော် စွတ်ပြခဲ့ဖူးပါရဲ့။ ဒါပေမယ့် ကိုယ့်ဘက်အသင်းမှာပါတဲ့ ကလေးတွေခမျာမှာတော့ တစ်ဖက်သင်းက ကလေးတွေရဲ့ခြေထောက်ထဲကဘောလုံးကို လိုက်လုပြီး သူတို့ဆရာလေးရဲ့ ခြေထဲထည့်ပေးတဲ့အလုပ်ကိုလုပ်နေရတာနဲ့တင် ဘောလုံးကောင်းကောင်းမကန်ကြရရှာပဲ ဘောလုံးကန်တဲ့အချိန် ကုန်ကြရတာများတာပါပဲ။

မှတ်မိသေးတယ်...
ကျောင်းသားတွေစာသင်ပေးလို့ ပထမဆုံးလစာရတော့ သူများလို အမေကိုအပ်ရမယ့်အစား ဘောလုံးဝတ်စုံတွေ၊ ဘောလုံးကန်ဖိနပ်တွေဝယ်ပစ်တယ်လေ။ မေမေ့ခမျာ စိတ်မကောင်းဖြစ်ရှာလို့
“သားရယ်...ပထမဆုံးလစာဆိုတာ မိဘကိုအပ်ရတယ်ကွဲ့။ ပြီးတော့ မေမေပြန်ပေးမှာပေါ့။ သုံးချင်လို့မဟုတ်ပါဘူး။ ဂုဏ်ယူချင်လို့ပါ” လို့ပြောရှာတာ အခုထိမမေ့ပါဘူး။ အင်း...အဲဒီလောက်ထိ ဘောလုံးရူးရူးခဲ့တာပါလို့ပဲ ၀န်ခံရတော့မှာပါပဲ။

ဆေးကျောင်းသားဘ၀ရောက်တော့လဲ ဘောလုံးပိုးကမသေပါဘူး။ ဒီပိုးကလည်း တော်တော်ဆိုးပါတယ်။ သေရာပါမယ့် ရောဂါပိုးထင်ပါရဲ့။ အတန်းဘောလုံးသင်းမှာ ၀င်ကန်သေးတယ်လေ။ ကိုယ်တို့အသင်းကလည်း ဆေး/မန်းတစ်ကျောင်းလုံးမှာ နံမည်အကြီးဆုံးအသင်းမဟုတ်လား။ “နိုင်ပွဲမရသေးတဲ့အသင်း နိုင်ပွဲရချင်ရင် ၅ / ၂၀၀၀ အသင်းနဲ့ကန်” တဲ့၊ သေချာပေါက်နိုင်ပွဲရမယ်တဲ့။ အဲဒီလို နံမည်ကြီးခဲ့တာ။ နံမည်ကြီးမယ်ဆိုလည်း ကြီးလောက်စရာပါပဲ...

နံမည်ကြီးတဲ့ ကိုယ်တို့အသင်း...( ရှေ့ကဖလားက ကိုယ့်ဖာသာပေးထားကြတာ )

ကိုယ်တို့ ၅/၂၀၀၀ဘောလုံးသင်းတစ်သင်းလုံးမှာ ဘောလုံးကန်တတ်တာဆိုလို့ ကျော်စွာအောင်ရယ်၊ ရာဇာကိုကိုအောင်ရယ်၊ နေအောင်ဝင်းရယ်၊ ကျော်စွာအောင်ရယ်၊ နေမျိုးလှိုင် (တောက်ထိန်)ရယ်ပဲရှိတာလေ။ ကျန်တာတွေကတော့ ကိုယ်တို့လို
လူလျှောက်ကန် တွေချည်းပဲ။ ရှေ့တန်းတိုက်စစ်မှူး စိုင်းခွန်မျိုးနောင်(ရှမ်းကြီး) ဆိုတာ ခြေသလုံးလေးတွေက ဂီတာတစ်ကြိုးကို နန်းဆွဲထားသလို သေးသေးလေး။ ပြီးတော့ မျက်မှန်မပါရင် ဘောလုံးနဲ့လူတောင် သိပ်ကွဲတာမဟုတ်ဘူး။ ဂိုးဖမ်းတဲ့ ကျော်ရှိန်ဆိုတာက ဖက်တီးကြီး။ ကိုယ့်ထက်ခေါင်းတစ်လုံးကျော် အရပ်မြင့်သေးတယ်။တစ်ခါ သူ့ဗိုက်ကြီးကို ကိုယ်ဖက်ကြည့်တာ လက်တစ်ဖက်တောင်မကဘူး။ အဲဒီပုဂ္ဂိုလ်ကြီးက သူ့ဘော်ဒီဝိတ်ကျအောင်ဆိုတဲ့ ရည်ရွယ်ချက် ဧရာမကြီးနဲ့ ဘောလုံးကစားလိုက်တာ ပင်ပန်းသလောက် အစားနဲ့ပြန်ဖြည့်ရင်းနဲ့ပဲ ရှိရင်းစွဲ ဘော်ဒီဝိတ်က ပိုပိုတိုးလာပါလေရော။ သူကများ ဘောလုံးကို ဒိုင်ဗင်ထိုးပြီးဖမ်းရင် သူ့ဗိုက်ကြီးလှုပ်လှုပ်လှုပ်လှုပ်ဖြစ်ကျန်ရစ်တာ ခုပြန်တွေးရင် ခုရယ်ချင်မိတုန်း။ အလယ်တန်းက ကစားတဲ့ လားရှိုးသား နေအောင်ဝင်းကတော့ ဘောလုံးအလိမ်အခေါက် အင်မတန်ကောင်းရှာပါရဲ့။ သုံးလေးယောက်လောက်ကို လိမ်သွားခေါက်သွားတာများ ကြည့်လို့တောင်မ၀ဘူး။ တစ်ခုခက်တာက အဲဒီသကောင့်သားက လိမ်တာတစ်ခုပဲ အင်တိုက်အားတိုက် လေ့ကျင့်ထားရှာတာကိုး။ တစ်ခါသားမှာ သူ့ဆီကို နောက်တန်းကနေ ကိုယ်ချပေးလိုက်တဲ့ဘောလုံးကို ကွင်းလယ်လောက်ကတည်းက လိမ်ခေါက်ပြီးသယ်သွားလိုက်တာ တစ်ဖက်ဂိုးရှေ့ရောက်တဲ့အထိဆိုပါတော့။ ဂိုးထဲကို ကန်သွင်းခဲ့မယ်အထင်နဲ့ ကိုယ်တို့မှာတော့ ရင်တခုန်ခုန်နဲ့ နောက်ကနေ ၀ိုင်းကြည့်နေလိုက်တာ ကိုယ်တော်မြတ်က ဘောလုံးကို နောက်တန်းထိအောင် ပြန်ဆွဲယူလာခဲ့ပါရောလား။  စိတ်ပေါက်ပေါက်နဲ့ သူ့ကိုမီအောင်ပြေးလိုက်ရင်း“ ဘာဖြစ်လို့ ဂိုးထဲကို ကန်မထည့်ခဲ့သလဲ ” လို့မေးတော့ “ ဟ..ဂိုးထဲမှာ လူရှုပ်နေလို့ကွ ” လို့ ပြန်ဖြေတော့ ဘာပြောကောင်းမလဲ ဆဲချင်လိုက်တာလေ ပါးစပ်ကို ယားနေတာပဲ။ စိတ်တိုတိုနဲ့ “ နောက်တစ်ခါ ငါ့ဆီကယူသွားတဲ့ဘောလုံးကို ငါ့ရှေ့ရောက်အောင် ပြန်သယ်လာရင် မင်းကိုပဲ ကန်လွှတ်မယ် ” လို့ ပြောမိတဲ့အထိ။

အောင်မယ်...
ကိုယ်တို့အသင်းက စွံသာမစွံတာ နည်းပြတွေဘာတွေတောင် ငှားလိုက်သေးတယ်။ အင်္ဂလန်မှာဆိုရင်တော့လည်း ဆာဘွဲ့ရတဲ့ Sir Alex Fergusan တို့ Sir Bobby Robson တို့ကို ငှားဖြစ်မှာပေါ့လေ။ ဒါပေမယ့် ဆာဘွဲ့မရှိတဲ့ ရွှေပြည်သားတွေဖြစ်နေတော့ သူများတွေလို ဆာဘွဲ့ရတော့မတတ်နိုင်ပေဘူးပေါ့။ ဒါပေမယ့် ကိုယ်တို့နည်းပြကိုလည်း လျှော့တွက်လို့တော့ ရမယ်မထင်နဲ့။ Fergie တို့လို  Sir မဟုတ်ပေမယ့် သူလည်း  “ဆာ” တော့ “ ဆာ ” ပါပဲ။ နံမည်ကိုက ဦးဆာမိတဲ့။ အဲဒီခေတ်ကတောင် တစ်လကို နှစ်သောင်းပေးပြီးငှားရတာ။ ထမင်းဆိုင်မှာ လပေးစားရင်တောင် တစ်လကိုမှ လေးထောင့်ငါးရာပဲ ပေးရတာဆိုတော့ စဉ်းစားသာကြည့်ပေတော့ သူ့တန်ဖိုးကို။ ပြီးတော့ မန်နေဂျာပါရှိသေးတယ်...ကိုမင်းလေ။ သူ့မိဘတွေက မန္တလေးမှာနံမည်ကြီး မြဘုရင်နို့ဆီချက်စက်ရုံပိုင်တယ်။ သူ့ခမျာ အဲဒီခေတ်ကတောင် တစ်ရက်ကိုမုန့်ဖိုး တစ်သောင်းရတာဆိုတော့ သုံးလို့မကုန်ရှာလို့ ကိုယ်တို့က ကူညီတဲ့အနေနဲ့ ၀ိုင်းသုံးပေးရတယ်။ သူ့ကို မန်နေဂျာခန့်တာ ဘောလုံးအကြောင်းနားလည်လို့တော့ မထင်လေနဲ့။ သူလည်း ကိုယ်တို့လို
လူလျှောက်ကန် သာသာ အဆင့်ပဲရှိတာ။ ဒါပေမယ့် သူက အသင်းစားရိတ်စိုက်တာဆိုတော့ ကလေးပျော်အောင် အားလုံးက ရာထူးတပ်ပေးပြီး ၀ိုင်းမြှောက်ပေးထားတာ။

ကိုယ်တို့အသင်းက နိုင်ပွဲသာမရတာ စရိတ်ကတော့ ဘာကုန်သလဲမမေးနဲ့။ ဘောလုံးပွဲတစ်ပွဲကန်ရင် ကွင်းကြေး၊ ဒိုင်လူကြီးငှားခတွေပေးရသေးတာ။ ပြီးတော့ ကိုယ်တို့ကလည်း နိုင်နိုင်ရှူုံးရူံး ပွဲပြီးရင် စားသောက်ဆိုင်သွားပြီး စားရသောက်ရမှ ကျေနပ်ကြတာလေ။ ဒီတော့ ဒကာတော်ကိုမင်းကို မန်နေဂျာကြီးပေါ့။ မမိုက်ဘူးလား။

ကိုယ်တို့ အသင်းကောင်းပုံကတော့ ကျောင်းရောက်စက ကိုယ့်အထက်က စီနီယာအတန်းသင်းနဲ့ကန်တာ သူတို့က ကိုယ်တို့အသင်းကို ခုနစ်ဂိုးတောင်အကြောပေးယူရတယ်။ ဘယ်ရမလဲ ဒီလိုအကြောမျိုးကတော့။ ကိုယ်တို့ ကန်ပြလိုက်တာ
ဆယ့်နှစ်ဂိုး၊ နှစ်ဂိုးတောင်မှပဲ။ ကိုယ်တို့ရှူံးတာပေါ့။ ဒါနဲ့ အတန်းကြီးတွေနဲ့ မကန်တော့ဘူးလို့ဆုံးဖြတ်ပြီး နောက်ထပ် ဂျူနီယာအတန်းတစ်တန်းရောက်တော့ ထပ်ကန်ကြတယ်။ ကလေးတွေကို ခြောက်ဂိုးပြတ်ရှူံးပါရောလား။ ဒါနဲ့ မဖြစ်တော့ဘူးဆိုပြီး မန်းစည်ပင်အမျိုးသမီးသင်းနဲ့ကန်ကြတယ်။ အောင်မယ်လေး...ဒါတောင် နှစ်ဂိုးစီ သရေကျတယ်။ အဲဒီဘောလုံးပွဲ ရလာဒ်ကို အတန်းထဲက သင်ပုန်းပေါ်မှာ ရေးပေးပြီး ကြော်ငြာထားလိုက်တော့ ဘယ်သကောင့်သားက အလစ်မှာ ၀င်ရေးသွားတယ်မသိဘူး။  “ ဆေးကျောင်းသား ယောက်ျားလေးတွေမို့ သနားလို့ အလျှော့ပေးလွှတ်လိုက်တာ ” တဲ့။ အဲဒီတော့မှပဲ ကိုယ့်အဆင့်ကိုယ်သိလို့ အချင်းချင်းပဲ နှစ်သင်းခွဲပြီးကန်ကြရတယ်။ ဒါပေမယ့်လည်း တစ်နေကုန်တစ်နေခမ်း စာသင်ရ၊ ဆေးရုံသွားရနဲ့ မအားကြတဲ့အတွက် သူများတွေလို ညနေခင်းမှ ဘောလုံးမကန်နိုင်ကြဘဲ မနက် ၆ နာရီထိုးလောက်မှာ ထထကန်ကြရရှာတယ်။ ပါသမျှ အသင်းသားအားလုံးကလည်း ဘောလုံးရူးတွေချည်းဆိုတော့ အသင်းစွံတာ မစွံတာအပထားလို့  နံမည်ပေးကတော့ ဘာကောင်းသလဲ မမေးနဲ့ City နဲ့ United တဲ့။ ကိုယ်ကတော့ အရံသင်း စီးတီးရဲ့နောက်တန်းသမားလေ။ အဲဒီအချိန်တုန်းက ကိုယ့်ဘော်ဒီဝိတ်က ပေါင် ၁၀၀ စွန်းတယ်ဆိုရုံလေး။ သူများတကာလို ကြွက်သားအဖုအဖုနဲ့ ထုထုပြီးခရာချင်စရာရယ်တော့ မဟုတ်ဘူး။ နံရိုးအချောင်းအချောင်းနဲ့ ချောင်းချောင်းပြီး တွယ်ချင်စရာရယ်ဆိုတဲ့ ဖရိန်မျိုးနဲ့ပေါ့။ နောက်တန်းမှာ ကိုယ်လိုဗလမျိုးတွေချည်းပဲ။ အကောင်သေးလို့ အထင်တော့ မသေးလိုက်လေနဲ့သက်လုံကတော့ ဘာကောင်းသလဲမမေးနဲ့ ဆယ့်ငါးမိနစ်လောက်ကန်ပြီးရင် အားလုံးဖားဖိုထိုးကုန်ကြပြီ။

သွင်းထားဦးပေါ့လေ...သွင်းနိုင်လှ ဆယ်ဂိုးပေါ့...

သူများအသင်းမှာဆိုရင် ရှေ့တန်းသမားက ပင်ပန်းလာရင် နောက်တန်းဆင်းပြီး နားကြတယ်။ ကိုယ်တို့ကျတော့ နောက်တန်းသမားတွေပင်ပန်းလာရင် ရှေ့တန်းတက်ပြီးနားရတယ်။ ရှေ့တန်းမှာ သက်သာချက်ကတော့ တစ်ဖက်နောက်တန်းသမားနဲ့ ကျားထိုင်ထိုးနေလို့ရတယ်။ ပွဲသာပြီးသွားရော ရှေ့တန်းကို ဘောလုံးနှစ်လုံး၊ သုံးလုံးထက်တောင်ပိုမရောက်ဘူး။ တစ်ခါတစ်လေမှာများ ရှေ့တန်းတိုက်စစ်မှူး ရာဇာကိုကိုအောင်ခမျာ ပွဲသာပြီးသွားတယ် ဘောလုံးတောင် ကောင်းကောင်းမထိလိုက်ရတဲ့ အခါတွေလည်း ရှိသေးတယ်။ တစ်ခါတစ်ခါကျရင် သူ့ခမျာ ဘောလုံးမထိရလွန်းလို့ စိတ်ပျက်လက်ပျက်နဲ့ “ ဟေ့ကောင်တွေ ငါ…ဘောလုံးကန်နည်း မေ့ကုန်ပြီဟေ့ ” လို့ ကိုယ်တို့နောက်တန်းတွေဆီကို လှမ်းလှမ်းအော်ရှာတယ်။ ကိုယ်တို့တွေကလည်း ခပ်တည်တည်ပဲ။ နောက်တန်းက ဘောလုံးကို ရှေ့ရောက်အောင် ကန်ပို့နိုင်ပြီဆိုရင် ကျန်တာ ဂရုကိုမစိုက်တော့တာ။ သူတို့ရှေ့တန်းကကောင်တွေ တစ်အုပ်နဲ့တစ်ယောက် အရိုးပဲကျိုးကျိုး၊ တစ်ဖက်နောက်တန်းက ၀ိုင်းသမလို့ နှစ်ပိုင်းပဲပြတ်ပြတ် ရအောင်သာ ဂိုးသွင်းပေတော့။ သူများတွေက တစ်ယောက်ဘောလုံးရသွားရင် ကျန်တဲ့လူတွေက ဘောလုံးပေးလို့ရမယ့်နေရာတွေမှာ အဆင်သင့်နေရာယူပြီး
opening ကစားကြတယ်။ ကိုယ်တို့ကတော့ အပင်ပန်းမခံနိုင်ကြလွန်းလို့ ကိုယ့်ဆီကို ဘောလုံးမရောက်အောင် ကွယ်ပြီး closing ကစားတယ်လေ။ ဒီလောက်ကောင်းတဲ့ နည်းစံနစ်မျိုး ကမ္ဘာပေါ်မှာတောင်ရှိမယ်မထင်ဘူး။

အဲဒီလောက်ကောင်းတဲ့ အသင်းဆိုတော့ ပါမောက္ခချုပ်က ဖလားပွဲလုပ်ပေးဖို့စီစဉ်တော့ အသင်းနံမည်ပေးဖို့ရွေးကြတယ်။ အဲဒီအချိန်က
Russel Crowe ပါတဲ့ Gladiator ဇာတ်ကားကလည်း အတော်ကြီးကို နံမည်ကြီးတော့ ကိုယ်တို့အသင်းကို Gladiator လို့ နံမည်ပေးလိုက်ကြသေးတယ်။ ဘောလုံးကန်ဝတ်စုံကိုတောင် အကောင်းတကာ့အကောင်းဆုံးကို ကျကျနန ရွေးဝယ်ထားသေးတာ။ ဘောလုံးဝတ်စုံရဲ့ ရင်ပတ်မှာလည်း မြင်းစီးထားတဲ့ ရောမသူရဲကောင်းပုံကို စတစ်ကာနဲ့ ကပ်ထားလိုက်သေး။ ဒကာတော်ကတော့ ထုံးစံအတိုင်း ကိုယ်တို့အသင်းရဲ့ မန်နေဂျာကြီးပေါ့။ ဒါတင်မကသေးဘဲ အားပေးကြမယ့် သူငယ်ချင်းတွေအတွက် T shirt တွေ ခေါင်းစည်းကြိုးတွေပါထုတ်လိုက်သေးတယ်။ အောင်မယ်... T shirt ရင်ပတ်မှာ စာတမ်းတောင်ပါသေးတယ်။

Lose or win my team.
ရှူံးရှူံးနိုင်နိုင် တို့အသင်းပဲ တဲ့။

ဟုတ်တယ်လေ။ ကိုယ်တို့အသင်းက သေချာပေါက်ရူံးဖိုး ၉၀%လောက်ရှိတာဆိုတော့ အဲဒီလိုကြိုတင်ကာကွယ်ထာ
းရတာပေါ့။ ဒါပေမယ့် ဖလားပွဲက မကန်ဖြစ်လိုက်ပါဘူး။ အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင်းတွေကြောင့် ပျက်သွားတယ်။ အဲဒီအကြောင်းကြောင်းတွေထဲက အထင်ရှားဆုံးအကြောင်းတစ်ခုကတော့ ကိုယ်တို့ထက် စီနီယာကျတဲ့ အတန်းက ဘောလုံးသင်း ရပ်ကွက်သင်းတစ်ခုနဲ့ ချစ်ကြည်ရေးကစားကြရင်း ရိုက်ပွဲဖြစ်ကြလို့လေ။ ပါချုပ်ခမျာ ငါးတကာယိုတဲ့ချေး၊ ပုစွန်ခေါင်းပေါ် ရောက်မယ့်အရေးကို ပညာရှိပီပီ ကြိုမြင်သွားတာကြောင့် သူ့ရဲ့ဖလားပွဲအစီအစဉ်ကို ဖျက်လိုက်ရပါရောလား။ တကယ်လို့ ပျက်သာမပျက်ရင် ကိုယ်တို့လည်း အခုကစားနေကြတဲ့ MNL ကလပ်တွေဆီများရောက်ပြီး တစ်လကို သိန်း၂၀လောက်ရတဲ့ ကြေးစားဘောလုံးသမားကြီးတွေများဖြစ်ကုန်မလား မပြောတတ်ဘူးနော...

အင်း...
ဘောလုံးဝါသနာအကြောင်းရေးရင်းနဲ့ ကလောင်ဘေးချော်ပြီး ကိုယ့်ဘောလုံးသင်းအကြောင်းတွေရောက်သွားတယ်။ အဲဒီ အသင်းနဲ့များကန်ချင်တယ်ဆိုရင်တော့ ကိုယ့်ဆီအကြောင်းကြားနော်။ အခုဆရာဝန်တွေဖြစ်ပြီး အနယ်နယ်မှာ တာဝန်ကျနေကြတဲ့ သူငယ်ချင်းတွေဆီ အကြောင်းကြားပြီး ပွဲဖြစ်အောင်စီစဉ်ပေးမယ်။ ကျိုးရင်၊ ကန်းရင်လည်းမပူနဲ့ပေါ့။ ကိုယ်တို့အားလုံး ကုတတ်ကြတယ်လေ။ ဆေးမှူးတွေဘာတွေ ငှားစရာမလိုဘူး။
ဒါပေမယ့်...
ကိုယ်တို့တစ်သင်းလုံးက ဆေးမူးတွေ ဖြစ်နေကြရင်တော့လည်း…။            ။


( ဒီပို့စ်ကို လွန်ခဲ့တဲ့ ကမ္ဘာ့ဖလားအတွင်းက ရေးပြီးတင်ခဲ့တာပါ။ ဒီရက်ပတ်အတွင်း သူငယ်ချင်းတစ်ယောက်က facebook မှာ Gladiator ဓာတ်ပုံတွေ တင်ပေးလိုက်လို့ အရင်ပို့စ်ဟောင်းကို ပြန်မွမ်းမံပြီး ပြန်တင်လိုက်ပါတယ်။ ကိုယ့်ဖာသာကို ပြန်ဖတ်ပြန်ရေးရင်း ငယ်ဘ၀ကို ပြန်သတိရ၊ သူငယ်ချင်းတွေကို လွမ်းမိပါရဲ့... )

Friday, 23 September 2011

ဧရာကမ်းက လွမ်းစာခွေ . . .

ဧရာကမ်းက နေ၀င်ချိန် . . .
 
“ ဧရာဝတီဟာ သမိုင်းရဲ့သက်သေပဲ… ”
ခပ်ငယ်ငယ်ကတည်းက စွဲလမ်းခဲ့တဲ့ ညီထွဋ်နဲ့ သီချင်းတစ်ပုဒ်ပါ။ ကိုခင်ဝမ်းရဲ့
“ တည်ငြိမ်တဲ့သူ့ရဲ့ရေအလျင် ရင့်ကျက်တဲ့ရေပြင် မဟာသဘာဝအရှင်…ဧရာဝတီ…ဧရာဝတီ… ”
ဆိုတဲ့သီချင်းကိုလည်း ရင်ထဲစွဲခဲ့ပြန်ပါတယ်။
“ ရာဇ၀င်များရဲ့သတို့သမီး…ဧရာဝတီ… ” လို့ ကိုငှက်ကဆိုပြန်တော့လည်း ကြည်ကြည်နူးနူးသိမ်သိမ်မွေ့မွေ့ ခံစားခဲ့ရပြန်ပါရဲ့။ မှန်ပါတယ်။

ဧရာဝတီဟာ မြန်မာပြည်ရဲ့သမိုင်းပါ။

မြန်မာပြည်ရဲ့ ပြယုဂ်ပါ။

မြန်မာပြည်ရဲ့ အသက်သွေးကြောပါ။

မြန်မာလူမျိုးတို့ရဲ့ အားထားမြတ်နိုးရာ အမွေစစ်စစ်ပါ။

မြန်မာ့သွေးကြောပါ။

မြန်မာပြည်ရဲ့ ဆန်အိုးကို အဓိက ဖြည့်ပေးနေတဲ့ ကျေးဇူးရှင်ပါ။

သမိုင်းမတင်မီ ရှေးနှစ်ပေါင်းများစွာကစလို့ မြန်မာလူမျိုးရယ်လို့ဖြစ်လာကြမယ့် လူမျိုးတွေနဲ့ ကျန်တဲ့တိုင်းရင်းသားဖြစ်လာမယ့်လူမျိုးတွေဟာ ဘ၀ရပ်တည်မှုအတွက် အာမခံချက်အကောင်းဆုံးပေးနိုင်တဲ့ ဧရာဝတီလို့ အမည်တွင်လာမယ့် မြစ်ကြီးတစ်စင်းရဲ့ မြစ်ဝှမ်းလွင်ပြင်ဒေသတွေမှာ သူ့ထက်ငါ အလုအယက် အခြေချနေထိုင်ခဲ့ကြပါတယ်။ သမိုင်းဦးဘုံမြေခေတ်ရဲ့ထုံးတမ်းစဉ်လာအရ အင်အားချင်းယှဉ်ပြိုင်ကြရင်း အားနည်းတဲ့လူမျိုးစုက တောင်တန်းတွေဘက်ကို ဆုတ်ခွာသွားကြရတာမို့ မြေပြန့်သား၊ တောင်ပေါ်သားရယ်လို့ ကွဲပြားကုန်ကြပြီး ဧရာဝတီနဲ့ ဝေးတဲ့တိုင်းရင်းသားစုက ဝေးသွားခဲ့ကြပေမယ့် လူမျိုးစုတိုင်းရဲ့ ဗီဇစတင်ရာဒေသဟာ ဧရာဝတီပဲဖြစ်ပါတယ်။ ဧရာဝတီဟာ မျိုးနွယ်စုအားလုံးရဲ့ ဇာစ်မြစ်ပါ။

“ မြန်မာအစ တကောင်းက ”ဆိုတဲ့ဆိုရိုးနဲ့ ထင်ရှားခဲ့တဲ့ မြန်မာတို့ရဲ့ ဇာတိမြေ တကောင်းမြို့ဟာလည်း ဒီဘက်ခေတ် သပိတ်ကျင်းမြို့နယ်မှာပါဝင်ပြီး ဧရာဝတီမြစ်ကမ်းပေါ်မှာ တည်ထားတဲ့မြို့ပဲဖြစ်ပါတယ်။ မြန်မာ့သမိုင်းတစ်လျှောက်ကို ပြန်ကြည့်ရင်လည်း ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင် စတဲ့ ခေတ်ခြောက်ခေတ်လုံးရဲ့ မြို့တော်တွေဟာ ဧရာဝတီမြစ်ကမ်းပေါ်မှာ တည်ထားခဲ့တာပါ။ ပဒေသရာဇ် သက်ဦးဆံပိုင်ဘုရင်တွေကိုယ်၌ကတောင် ဧရာဝတီရဲ့ စွမ်းဆောင်နိုင်မှုနဲ့ အင်အားကို လျစ်လျူမရှုရဲအောင် အလေးတယူပြုခဲ့ရတာလည်း သမိုင်းရဲ့သက်သေတစ်ခုပါ။

ပုဂံကမ်းက လွမ်းဧရာ . . .
 
ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းစတဲ့ မြန်မာပြည်ရဲ့ အထင်ကရ မြစ်ကြီးလေးသွယ်ထဲမှာ ဧရာဝတီဟာ သဘောထားအပြည့်ဝဆုံးနဲ့ တည်ငြိမ်မှုအရှိဆုံး နောင်တော်မြစ်ကြီးလို့ တင်စားရင်လည်း မှားမယ်မထင်ပါ။ တငြိမ့်ငြိမ့်စီးဆင်းနေတဲ့ ဧရာဝတီရဲ့ရေအလျဉ်၊ ကျယ်ပြန့်တဲ့ မြစ်ဝှမ်းလွင်ပြင်၊ မြစ်ဝတစ်လျှောက်ပို့ချထားတဲ့ မြေနုနုံးမြေတွေဟာ မြန်မာပြည်ကို အသက်ရှင်သန်ခွင့်၊ ကမ္ဘာ့မြေပုံပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခွင့်ပေးနေတဲ့ ကျေးဇူးရှင်လည်း ဖြစ်ပါတယ်။ ဆန်ရေစပါးစိုက်ပျိုးဖို့လိုအပ်တဲ့ရေ၊ ကူးသန်းရောင်းဝယ်ရေးအတွက် လိုအပ်တဲ့ ရေကြောင်းလမ်းစတဲ့ တိုင်းပြည်ရှင်သန်ဖို့ လူမျိုးစုတွေ အသက်ဆက်ဖို့ လိုအပ်တဲ့ တိုင်းပြည့်ဝမ်းစာတွေကို မငြီးမငြူ ဖြည့်ဆည်းပေးနေခဲ့တာလည်း ဧရာဝတီပဲ ဖြစ်ပါရဲ့။ အထက်မြန်မာပြည်နဲ့ ရခိုင်ရိုးမမှာ ပေါက်ရောက်တဲ့ မြန်မာ့ရတနာ ကျွန်းသစ်တွေကို ပင်လယ်ဝအထိ သယ်ယူပို့ဆောင်ပြီး တိုင်းပြည့်ဘဏ္ဍာတိုက်ကို ဖွံ့ဖြိုးစေခဲ့တာလည်း ဧရာဝတီပဲ ဖြစ်ပါတော့တယ်။

အဲဒီလောက် အကျိုးကျေးဇူးတွေ ပေးနိုင်စွမ်းတဲ့ မြစ်ကြီးတစ်မြစ်ကို အရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းဟာ “ ၀ံသာနုရက္ခိတတရား ” လို့ခေါ်တဲ့ မျိုးနွယ်စုကို ထိန်းသိမ်းစောင့်ရှောက်ခြင်းလို့ မည်ပါတယ်။ ဂင်္ဂါမြစ်ကို ပူဇော်ပသကြတဲ့ သူရဿတီမြစ်ကို ကိုးကွယ်ကြတဲ့ ဟိန္ဒူလူမျိုးတွေထက် မလျော့တဲ့ ချစ်ခြင်းမေတ္တာမျိုး၊ မြတ်နိုးမှုမျိုးနဲ့ စောင့်ရှောက်ရမှာ မြန်မာပြည်သားတိုင်းရဲ့ သမိုင်းပေးတာဝန်လို့ဆိုရရင် မှားမယ်မထင်ပါ။ တကယ်တော့ မြန်မာပြည်ဟာ ဧရာဝတီကြောင့် ထမင်းနပ်မှန်အောင် စားနေရတာ မဟုတ်ပါလား။

တကယ်လို့သာ ဧရာဝတီသာ သစ္စာဖောက်ခဲ့ရင် မြန်မာပြည်ရဲ့ဆန်အိုး တစ်စစီကွဲကြေပါလိမ့်မယ်။ မြန်မာပြည်သားတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တွေ ပျက်စီဆုံးရှုံးရပါလိမ့်မယ်။ ဧရာဝတီကပေးနေတဲ့ ထောက်ပံ့မှုတွေသာ လုံလောက်အောင်မရတော့ရင် မြန်မာပြည်သူပြည်သားအားလုံး ဒုက္ခဆင်းရဲပေါင်းများစွာနဲ့ တွေ့ကြုံရမှာ မြေကြီးလက်ခတ်မလွဲပါ။ အထူးသဖြင့် ဧရာဝတီကို မှီခိုပြီး လုပ်ကိုင်စားသောက်နေရတဲ့ အခြေခံလူတန်းစား လယ်သမား၊ ယာသမားတွေ အငတ်ဘေးနဲ့ အရင်ကြုံရပါလိမ့်မယ်။ သူဌေးစက်လှေတစ်စင်းမှောက်ရုံနဲ့ ထမင်းစားမပျက်ပေမယ့် သူတောင်းစားခွက်ပျောက်ရင်တော့ ငတ်ဖို့သေချာနေပါပြီ။ ဧရာဝတီပျက်စီးသွားရင် အရင်ဆုံးဒုက္ခရောက်ကြမယ့် သာမန်ပြည်သူတွေရဲ့ ဘ၀တွေကို စာနာနားလည်ပေးနိုင်ကြရင် ဧရာဝတီဟာ မြန်မာပြည်ကြီးနဲ့အတူ ဆက်လက်ရှင်သန်ခွင့်ရပါလိမ့်မယ်။ ဒါကြောင့် လူသားတွေကြောင့် ပျက်စီးရတဲ့ သဘာဝပတ်ဝန်းကျင်က လူသားတွေကို ပြင်းပြင်းထန်ထန် ဒဏ်ခတ်တာကို မခံကြစေဖို့ ဧရာဝတီအပေါ်မှာ မြန်မာပြည်သားအားလုံး သစ္စာရှိမှ ဖြစ်ပါလိမ့်မယ်။ ဧရာဝတီကတော့ အရင်သစ္စာဖောက်မှာမဟုတ်တာ သေချာတာထက်တောင် ပိုနေပါသေးရဲ့။

တကယ်လို့သာ ဧရာဝတီပျက်စီးတိမ်ကောသွားခဲ့ရင်…

ဧရာဝတီရဲ့ တည်ငြိမ်ညင်သာတဲ့ ရေစီးသံတွေကို မကြားရတော့ရင်…

ဧရာဝတီကရတဲ့ မြေနုကျွန်းတွေကို မမြင်ရတော့ရင်…

ဧရာဝတီကပေးတဲ့ စိုက်ပျိုးဖို့ ရေတွေမရတော့ရင်…

မြန်မာပြည်သူပြည်သားပေါင်း ၆၅ သန်းကျော်ရဲ့ မျက်ရည်စက်တွေနဲ့ သွန်းလောင်းဖြည့်သွင်းတာတောင်မှ ဧရာဝတီ ပြန်လည်နိုးထ အသက်ဝင်ပါဦးမလား။ မျက်ရည်တွေနဲ့ စီးဆင်းမယ့် မျက်ရည်မြစ်၊ ဧရာဝတီဟာ အတိတ်သမိုင်းထဲကလို လှမြဲလှနိုင်ပါဦးမလား။ ရာဇ၀င်ထဲက သတို့သမီးဟာ အနာဂတ်ရဲ့ မျက်ရည်မင်းသမီးဖြစ်သွားခဲ့ရင်…

ဖြစ်သွားခဲ့ရင်…

ဖြစ်သွားခဲ့ရင်…

“ ဓမ္မောဟဝေ၊ ရက္ခတိ၊ ဓမ္မစာရီ ”
( တရားကို စောင့်ရှောက်သူအား၊ တရားက ပြန်လည်စောင့်ရှောက်၏ )
မြန်မာပြည်အပေါ်မှာ သစ္စာရှိခဲ့တဲ့ ချစ်သောဧရာဝတီ မိမိနဲ့ထိုက်တန်တဲ့ သစ္စာတရားတွေ အတုံ့အလှည်ပြန်လည်ရရှိပြီး စီးဆင်းမြဲစီးဆင်း၊ လှမြဲလှနိုင်ပါစေသတည်း။

Monday, 19 September 2011

save U Han Kyi . . .

နည်းပညာနဲ့ပတ်သက်ရင် ကြီးကောင်ကြီးမား အရွယ်ရောက်မှ အင်တာနက်ဆိုတဲ့ ပုဂ္ဂိုလ်ထူးကြီးနဲ့ နဖူးတွေ့၊ ဒူးတွေ့ တွေ့ရပါတဲ့ ဦးဟန်ကြည်ခမျာ တစ်ခါတစ်ခါမှာ နှစ်ဆယ့်တစ်ရာစုတောသားဖြစ်နေရှာတဲ့ သူ့ကိုယ်သူ မကြာခဏဆိုသလို အားမလိုအားမရ ဖြစ်ရရှာပါတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်ကလည်း တိုးတက်ချင်စိတ် ပြင်းပြင်းထန်ထန်ရှိသလို ကိုယ့်တပည့်တွေကိုလည်း တိုးတက်စေချင်စိတ်တွေ အနန္တရှိနေပြန်တာကြောင့် တတ်သလောက်၊ မှတ်သလောက် နည်းပညာအကူအညီနဲ့ သင်ကြားမှု၊ သင်ယူမှုတွေကို အဆင်ပြေပြေနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေမိပြန်ပါတော့တယ်။ ပတ်ဝန်းကျင်ကလည်း နည်းပညာပစ္စည်းတွေ ပေါပေါများများ ရနိုင်တဲ့ ဒေသဖြစ်ပေမယ့် ပညာရှင်အင်မတန်ရှားပါးနေပြန်တာကြောင့် ဘယ်အရာမဆို ကိုယ်ထူကိုယ်ထစနစ်နဲ့ တပင်တပန်းကြိုးစားရ၊ ရှာရဖွေရပြန်တာကြောင့် တစ်ခါတစ်ရံမှာ မလိုအပ်ဘဲ အချိန်ကုန်၊ လူပင်ပန်းဖြစ်ပြီး ရည်ရွယ်ချက် မအောင်မမြင် ဖြစ်ရရှာပါရဲ့။

ကျောင်းသားတွေအတွက် သင်ထောက်ကူ စာအုပ်တွေ၊ သင်ရိုးညွှန်းတန်းစာအုပ်တွေ၊ မေးခွန်ဟောင်းစာအုပ်တွေကို ကျကျနနနဲ့ လှလှပပ ထုတ်ပေးနိုင်ဖို့ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံကမှ မက်မက်စက်စက် မသုံးတော့သလို ထုတ်လုပ်တဲ့ကုမ္ပဏီကိုယ်၌ကပါ လျစ်လျူရှုလိုက်ပြီဖြစ်တဲ့ Page maker ဆော့ဖ်ဝဲကို ကျွမ်းကျင်ပိုင်နိုင်အောင် ကိုယ်ထူကိုယ်ထစံနစ်နဲ့ လေ့ကျင့်ခဲ့တာမို့ အဆင်ပြေပေမယ့် coral draw, illustrator စတာတွေနဲ့ မနီးစပ်သေးတာကြောင့် သိပ္ပံစမ်းသပ်ချက်တွေအတွက် ပုံတွေကို ဦးဟန်ကြည်တစ်ယောက် မဆွဲတတ်ရှာတော့ပါ။ အဲဒီအခါမျိုးမှာတော့ ပြဌာန်းစာအုပ်ထဲက ပုံတွေကို scan ဖတ်ပြီး page maker ထဲမှာ ကူးထည့်လို့ မဖြစ်ဖြစ်အောင် ဖန်တီးယူရတော့တာမို့ လိုအပ်တာထက် ပိုအချိန်ကုန်၊ ပိုပင်ပန်းရရှာပါတော့တယ်။ သင်ခန်းစာတွေကို ရှင်းပြရာမှာ word diagram တွေသုံးပြီး projector နဲ့ရှင်းပြချင်ပေမယ့်လည်း power point ကို အခုထိ ကောင်းကောင်းမကျွမ်းကျင်သေးတာကြောင့် အကောင်အထည်မဖော်နိုင်သေးဘဲ ပညာရေးသမိုင်းအစကတည်းက ကျင့်သုံးခဲ့ရတဲ့ ရိုးရာနည်းအတိုင်း white board ပေါ်မှာ marker နဲ့ဆွဲပြီးရှင်းပြရင်း အဖိုးတန်လှတဲ့ စာသင်ချိန်တွေကို ဖြုန်းတီးပစ်နေရရှာပါတော့တယ်။

လွန်ခဲ့တဲ့ တစ်လကျော်လောက်က science teacher helper ဆိုတဲ့ ဆော့ဖ်ဝဲလေးတစ်ခု အင်တာနက်ကနေ အချောင်ရလာတာမို့ သိပ္ပံပုံတွေကို အဆင်ပြေပြေဆွဲလို့ ရသွားပြီး အပျော်ကြီးပျော်နေခဲ့တဲ့ ဦးဟန်ကြည်ကို ကံကြမ္မာက မျက်နှာသာ မပေးတာကြောင့် တကယ်လိုအပ်လို့ သုံးမယ့်အချိန်မှာ Trial limit ပြည့်သွားပြီး မြင်သာမြင်ရ၊ မကြင်ရမောင့်မှာ ဘ၀နဲ့ ယူကြုံးမရ၊ အပူလုံးကြွရရှာပါလေရောလား။

ဘာပဲလိုလို အင်တာနက်ပေါ်မှာ အားလုံးရှိတယ်လို့ ခံယူထားမိတာမို့ ကိုယ့်ဒုက္ခနဲ့ကိုယ် ဗျာများပြီး  လွန်ခဲ့တဲ့ တစ်ပတ်လုံးလုံး ပညာရေးနဲ့ပတ်သက်တဲ့ သင်ထောက်ကူ ဆော့ဖ်ဝဲတွေကို လိုတရအင်တာနက်ရွာထဲမှာ ခေါင်းအနောက်ခံ၊ မျက်စိအညောင်းခံပြီး မတတ်တတတ်နဲ့ မွှေနှောက်ရှာဖွေနေမိတာကြောင့် ဘလော့ပေါ်မှာလည်းစာမရေးဖြစ်သလို မိတ်ဆွေတွေရေးတဲ့ ပို့စ်အသစ်တိုင်းကိုလည်း မဖတ်ဖြစ်ဘဲ ရှိနေခဲ့ပါတော့တယ်။ ရှိစုမဲ့စု ကွန်နက်ရှင်လေးကို အကောင်းဆုံးအသုံးချပြီး “ စိတ်ရှည်သည်းခံ၊ နည်းလမ်းမှန်၊ သုံးရန်အင်တာနက် ” ဆိုတဲ့ ဆောင်ပုဒ်ကို အပြည့်အ၀လိုက်နာရင်း ဆော့ဖ်ဝဲပေါင်းများစွာကို တပင်တပန်းရှာခဲ့ဖွေခဲ့ပေမယ့် အထက်မှာပြောခဲ့သလို နှစ်ဆယ့်တစ်ရာစုတောသားဖြစ်နေခြင်းကြောင့် စိတ်တိုင်းကျဆော့ဖ်ဝဲကို စိတ်ကြိုက်သုံးခွင့်မရရှာသေးပါ။

အင်တာနက်ပေါ်မှာ ဘာဆော့ဖ်ဝဲကိုပဲရှာရှာ Google မှာ free ဆိုတဲ့ စာလုံးတစ်လုံးကို လက်စွဲသုံးပြီး ရှာလေ့ရှိတဲ့ လူမွဲတိုင်းပြည်က လူမမွဲတမွဲပညာတတ်တစ်ယောက်ဖြစ်တာမို့ ဆော့ဖ်ဝဲတော်တော်များများကိုတော့ ဖရိတ်ကြီး၊ ဖရီးကြိတ်ခွင့်ရပေမယ့် နည်းပညာဆရာသမားများကလည်း သူရို့ရဲ့ပညာကို ကြော်ငြာရုံရည်ရွယ်ချက်နဲ့ သူရို့ပစ္စည်းကို ရက်အကန့်အသတ်နဲ့ပဲ သုံးခွင့်ပေးတာကြောင့် ဦးဟန်ကြည်ခမျာမှာ ဆော့ဖ်ဝဲကောင်းတွေကို မ၀ရေစာ မြည်းရုံစမ်းရုံနဲ့တင် အာသာမပြေ့ပြေဖြစ်ရရှာတာကို နည်းနည်းလေးမှ မကျေနပ်နိုင်ပါ။ ပညာရှင်တွေရဲ့ ဦးဏှောက်အရင်းအမြစ်တွေကို လေးစားသမှုနဲ့ သူရို့ထွင်ထားတဲ့ ဆော့ဖ်ဝဲတွေကို ၀ယ်သုံးချင်ပေမယ့် e Government ဆိုတဲ့စံနစ်ကြီးကို ဒီဘက်ကာလပိုင်းရောက်မှ အပူတပြင်းအကောင်အထည်ဖို့ကြိုးစားနေတဲ့ တိုင်းပြည်သားတစ်ယောက်ဖြစ်တာမို့ pay pal တို့ Visa တို့နဲ့ငွေရှင်းပြီးမှ ၀ယ်လို့ရမယ့် ဆော့ဖ်ဝဲတွေကို ၀ယ်ရေးခက်နေပါတော့တယ်။

အဲဒီလို အခက်အခဲပေါင်းများစွာ ရှိနေခဲ့တာမို့ ပညာရှင်တွေ ရက်အကန့်အသတ်နဲ့ ပေးထားတဲ့ ဆော့ဖ်ဝဲတွေကို ရက်အကန့်အသက်မဲ့သုံးခွင့်ရနိုင်ဖို့အရေး အဲဒီဆော့ဖ်ဝဲတွေရဲ့ crack တွေ serial number တွေကို crack site, serial site ပေါင်းများစွာမှာ ခေါင်းမူးအောင် ရှာရဖွေရပါတော့တယ်။ ဒါပေမယ့် ကိုယ့်မှာရှိတဲ့ ဆော့ဖ်ဝဲ version နဲ့ အဲဒီဆိုဒ်တွေကရနိုင်တဲ့ version နဲ့ မတူတဲ့အခါမှာတော့ ဒုက္ခနဲ့လှလှတွေ့ရပြန်ပါရောလား။ တစ်ခါတစ်ရံမှာ အဲဒီလို ရှာရဖွေရတာနဲ့တင် အချိန်တစ်ပတ်လောက်ကုန်သွားတာမို့ လုပ်ရမယ့်လုပ်ငန်းတာဝန်တွေ လစ်ဟင်းကုန်ပါတော့တယ်။

ဒါကြောင့် သင်ထောက်ကူ ဆော့ဖ်ဝဲတွေကို ဘယ်ဆိုဒ်တွေမှာ အလွယ်တကူ မေတ္တာလက်ဆောင် ရနိုင်သလဲဆိုတာနဲ့ သူတို့အတွက် serial တွေ crack တွေ keygen တွေကို ဘယ်နေရာမှာ သက်တောင့်သက်သာရနိုင်သလဲဆိုတာကို သနားသောအားဖြင့် လမ်းညွှန်ပေးကြဖို့ အွန်လိုင်းပေါ်မှာ ဦးဟန်ကြည်ထက် ကျင်လည်သက် ပိုပြီးရင့်ကြတဲ့ ချစ်စွာသော စာရှုသူအပေါင်းတို့ကို လေးစားသမှုနဲ့ အကူအညီတစ်ခုတောင်းပါရစေတော့။ တကယ်လို့များ easy grade-book, science teacher helper စတဲ့သင်ထောက်ကူ ဆော့ဖ်ဝဲတွေရဲ့ full version  တွေကို စရိတ်စကမကုန်ဘဲ ရနိုင်ခဲ့ရင်လည်း ကျောင်းသားတွေအတွက် အကောင်းဆုံးတွေပေးချင်ပါတဲ့ ဦးဟန်ကြည်အတွက် အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားဖြစ်ပါလိမ့်မယ်ဆိုတဲ့အကြောင်း “ ပညာရှာရာတွင် အရှက်အကြောက်ကို ဘေးဖယ်ထားရမည် ” ဆိုတဲ့ လယ်တီပဏ္ဍိတဦးမောင်ကြီးရဲ့ ဆိုဆုံးမစကားကို အပြည့်အ၀လိုက်နာရင်း လေးစားအားနာစွာနဲ့  Save U Han Kyi လို့ မေတ္တာရပ်ခံလိုက်ပါရစေလား…။                      

Sunday, 11 September 2011

ဘလော့ဂါဆိုတာ . . . ( တက်ဂ်ပို့စ် )

သင်ရိုးညွှန်းတန်းစာအုပ်တွေပြင်ရဆင်ရ၊ လပတ်အရည်အချင်းစစ်စာမေးပွဲတွေစစ်ရနဲ့ အလုပ်တွေလက်မလည်အောင် လုပ်နေရတဲ့ကြားမှာ လုံးဝန်းပြီး ခြေထောက်နဲ့ကန်တဲ့ အရာဟူသမျှကို အပိုင်စီးထားပါတဲ့ ဖီဖာက ဘောလုံးဝါသနာအိုးတွေ အနားမရအောင် စေတနာကောင်းနဲ့ ကျင်းပပေးနေတဲ့ ကမ္ဘာ့ဖလား သဲသောင်ပြင်ဘောလုံးပွဲကို နတ်ကရာကျီးမောသလို မယောင်ရာဆီလူးရင်း အင်တိုက်အားတိုက် အားပေးနေဖြစ်တဲ့ ဦးဟန်ကြည်ကို တက်ဂ်ပို့စ်ရေးဖို့ မင်းဧရာ က အချွန်နဲ့မ.ထားတာကြာနေပါပြီ။ ဒီကြားထဲမှာ ချစ်သူမောင် နဲ့ Angelhlaing ကပါ စုပေါင်းပြီး ထုထောင်းကြပြန်သလို မဒိုးကန် ကလည်း နတ်ကိုင်မယ်၊ နတ်မအားရင် သူ့ချစ်ချစ်ကြီး ကိုရင်ပျော့ ကိုင်မယ်လို့ ဇွတ်အတင်း ခြိမ်းခြောက်ပြန်တာကြောင့် တက်ဂ်သမျှကို တာဝန်ကျေအောင် ရေးပေးရမယ့် ဘလော့ရွာရဲ့ ထုံးတမ်းစဉ်လာနဲ့အညီ ဦးဟန်ကြည်တစ်ယောက် တက်ဂ်ပို့စ်တစ်ပုဒ်ကို ဖျစ်ညှစ်ပြီး အင်တိုက်အားတိုက် ရေးထုတ်လိုက်ရပြန်ပါပြီကော ချစ်စွာသော စာရှုသူ…

တက်ဂ်လာတဲ့ခေါင်းစဉ်က “ ဘလော့ဂါဆိုတာဘာလဲ ” လို့ မည်ပါသတဲ့…

ဘလော့ရွာရဲ့ ပုံပြင်ဆရာ သူကြီးမင်း ကိုကိုမောင် ကတော့ဖြင့် ဘလော့ဂါဆိုတာ
B=ဘယ်သူတွေ ဘာပြောပြော
L=လိမ်တာညာတာချည်းဘဲ
O=အိုတယ်ပျိုတယ် ဆိုပြီးတော့
G=ဂျစ်ကန်ကန်နဲ့
G=ဂျီကျရုံလောက်သာ နားလည်ပြီး
E=အီစီကလီလုပ်ဖို့နှင့်
R=အာကြ ညာကြဖို့ဘဲ သိတဲ့သူတွေ
လို့ ခေါ်ကြောင်း ထမင်းထဲကို ထမင်းမြှုပ်စားရင်း အဖြေထုတ်ပြထားလေရဲ့။

မင်းဧရာရဲ့ပို့စ်တစ်ခုမှာ တစ်ယောက်ကပေးထားတဲ့ ကွန်မန့်ထဲမှာတော့ သူဟာ ဘလော့ဂါမဟုတ်တဲ့ “ ဘလာကော် ” ပါတဲ့။ ခေါင်းထဲမှာ ဗလာဖြစ်နေပြီး ဖတ်သမျှ၊ မှတ်သမျှကို ကော်ပီလုပ်ပြီး တင်နေတာကြောင့် ခေါင်းဗလာနဲ့ ကော်ပီလုပ်သော ပုဂ္ဂိုလ် “ ဘလာကော်” လို့ခေါ်ကြောင်း ဖွင့်ဆိုပါသတဲ့။

လူသားအားလုံးအတွက်ဆိုတဲ့ ဧရာမေ ကြွးကြော်သံကြီးနဲ့ ကမိုးယံ ကတော့ ဘလော့ဂါဆိုတာ “ ဘလာဂေါ် ” ကို ဆိုလိုပါသတဲ့။ တွဲစရာအဖော်မရှိ၊ ဗလာဖြစ်နေတာကြောင့် မြင်သမျှကို “ ဂေါ် ”ကြသူတွေမို့ အနှီနံမည် တွင်ပါသတဲ့။ အဲသဟာကြောင့် တွဲစရာမပေါ်၊ အသည်းမာတော်မူကြတဲ့ လူပြိုကြီး၊ အပြိုကြီး ( ယရစ်နဲ့ပေါင်းတာ ပိုပြီးပဏာစားသကိုးဗျ ) ဘလော့ရေးသမားတွေကိုသာ “ ဘလာဂေါ် ” ဘလော့ဂါလို့ အမည်သာတွင်ထိုက်၏လို့ သူ့ရဲ့ စူးရောက်လှတဲ့ မဟာရွှေဥာဏ်တော်နဲ့ အဖြေမှန်ပေါ်အောင် ဆင်ခြင်တွေးဆလိုက်တယ်ဆိုကိုး ဘလော့ဂါအပေါင်းတို့ရဲ့။

အနှီသို့သော် မဟာပညာကျော်များရဲ့ အနှာလို့ဖွင့်ဆိုချက်တွေကို ဖတ်ပြီးတဲ့အခါမှာတော့ ဦးဟန်ကြည်တစ်ယောက် သူ့ကိုယ်သူ ဘလော့ဂါမဖြစ်သေးမှန်း အကွင်းအကွင်းနဲ့ မုန့်တီဟင်းလို ထင်းထင်းကြီးမြင်သွားရပေသကိုး။ ဦးဟန်ကြည်တစ်ယောက်မှာတော့  G လဲမကျ၊ E စီကလီလဲ မရိုက်တတ်၊ R တာ ညာတာတွေလည်း မတတ်ပြန်တော့ သူကြီးမင်းပြောတဲ့ ဘလော့ဂါစာရင်းထဲမှာလည်း မထည့်ထိုက်ပြန်၊ ခေါင်းထဲမှာ အပြည့်မဟုတ်တောင် ဟိုနည်းနည်း၊ သည်နည်းနည်းဆိုသလို ရှာမှီး၊ သိုလှောင်ထားဖူးပါတဲ့ ပညာ၊ ဗဟုသုတလေးတွေ မဆိုစလောက်ရှိနေပြန်တော့ “ ဘလာကော် ”လည်း မခေါ်ထိုက်ပြန်၊ ဘေးနားမှာ လက်တွဲဖော်ဥက္ကဋ္ဌ “ အိမ်ရှင်မ ” ကလည်းရှိနေပြန်တာကြောင့် တွဲစရာမရှိတဲ့ “ ဘလာဂေါ် ”လည်း မခေါ်ထိုက်ပြန်တာကြောင့် မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) ပြောဖူးတဲ့ “ ကုန်းကွလူမျိုး” နဲ့ ခပ်ဆင်ဆင်တူတဲ့ တောင်မရောက်မြောက်မရောက် “ ကုန်းကွဘလော့ဂါ ” ဖြစ်နေရှာပါရောလား ချစ်စွာသော စာရှုသူ…

ကုန်းကွဘ၀ကနေ ရုန်းထဖို့ စိတ်အကြံပေါက်၊ ဓိဋ္ဌာန်မြောက်လာပြန်တဲ့ ဦးဟန်ကြည်ခမျာ အထက်က ပုဂ္ဂိုလ်ကြီးများရဲ့ ဝေါဟာရ ဖွင့်ဆိုချက်ထဲမှာ ဘေးထွက်ပစ္စည်းဖြစ်ကျန်ခဲ့ပါတဲ့ သူ့ကိုယ်သူ ဘလော့ဂါစာရင်းထဲ ဇွတ်အတင်းဆွဲသွင်းနိုင်ဖို့ ဘိလပ်စကားလုံးကို မြန်မာဇာတ်အတွင်း အတင်းကာရောသွတ်သွင်းလို့ မြန်မာမှုပြုထားတဲ့ အနှီဘလော့ဂါ Blogger ဆိုတဲ့ ဝေါဟာရဆန်းကြီးကို  ကိုယ်ကြိုက်သလိုအနက်ဖွင့်ပြီး ကိုယ်ထင်သလို တစ်ကြောင်းစွဲဘာသာပြန်လို့ ဟောသလို အဓိပ္ပာယ်ထုတ်လိုက်ပါသတဲ့…

ဘလော့ဂါဆိုတာ
ဘလော့ဂ်ပေါ်မှာ စာမရေးရမနေနိုင်တဲ့ ရောဂါရနေတဲ့ လူတန်းစားတွေပါ။
( အနှီလိုဘာသာပြန်လိုက်တော့ ဦးဟန်ကြည်လည်း ဘလော့ဂါစာရင်းဝင်သွားပြီပေါ့…မပိုင်လား)

ဘလော့ဂါရဲ့အဓိပ္ပာယ်ကို သို့ကလို ကိုယ်လိုရာဆွဲပြီး အနက်ပြန်ပြီးနောက်မှာတော့ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့လိုအပ်တဲ့ အချက်တွေကိုလည်း တက်ဂ်ပို့စ်မရှည့်ရှည်အောင် ထုံးစံကို ဗုန်းမှန်လို့ မပျက်စေဘဲ ဆွဲဆန့်တဲ့အနေနဲ့ ဟောသလို တင်ပြလိုက်ပါရစေဦး ချစ်စွာသော စာရှုသူ…

(၁) အဓိကလိုအပ်ချက်
အများသိတော်မူကြတဲ့အတိုင်း ဘလော့ဂါမည်သော ပုဂ္ဂိုလ်ထူး ( မထူးရင်လည်းရူး ) တစ်ယောက်ဖြစ်ဖို့အတွက် အလွန်တရာမက၊ အလွန်တစ်ထောင်လောက် အရေးကြီးလှပါတဲ့ လိုအပ်ချက်က စာရေးချင်တဲ့ ဆန္ဒမဟုတ်ပါလား။ အနှီဆန္ဒကလည်း သာမညောင်ည ဆန္ဒမျိုးနဲ့ မလုံလောက်သေးဘဲ အင်မတိအင်မတန်မှ ပြင်းထန်၊ စူးနစ်၊ ခိုင်မာ၊ မြဲမြံပြီး ခေါင်းထဲမှာပေါ်သမျှ ရေးချရမှကျေနပ်မယ့် မဟာအာသီသ ဆန္ဒမျိုးလည်းဖြစ်ဖို့ လိုပေသေးသကိုး။ အိမ်သာတက်ရင်းက ကဗျာတစ်ပိုင်းတစ်စ ခေါင်းထဲပေါ်လာခဲ့ရင်လည်း ပါခြင်းကိစ္စကို တစ်ဝက်တစ်ပျက်မှာ ဟပ်ဖ်တိုင်းမ် ( halftime ) ပေးလို့ အိမ်သာကနေ အပြင်ထွက်၊ စာရွက်နဲ့ခဲတံ အမြန်ရှာလို့ ပေါ်လာသမျှ ကဗျာစကို ရေးချမိတတ်တဲ့ ဧရာမ စိတ်ဆန္ဒကြီးမျိုး ရှိနေပြီဆိုမှဖြင့် သင့်မှာ ဘလော့ဂါဖြစ်ဖို့ အဓိက လိုအပ်ချက်ကြီးနဲ့ ပြည့်စုံနေပကောလို့ ယူဆနိုင်ချေပါရဲ့ ချစ်စွာသော စာရှုသူ…

(၂) အရေးကြီးလိုအပ်ချက်
အထက်မှာဖော်ပြခဲ့တဲ့ မဟာဆန္ဒမျိုးရှိလာပြီဆိုရင်ဖြင့် စာရေးဆရာတစ်ယောက်ဖြစ်ဖို့ ၀ဋ်ပါလာပြီဆိုပေမင့် ဘလော့ဂါဖြစ်ဖို့အတွက်မှာတော့ မိမိမှီတင်းနေထိုင်ရာ တိုင်းပြည်ဌာနန္တရအပေါ်မှာ လွန်စွာမှ မူတည်နေပြန်ပါရောလား စာရှုသူ။ အကယ်၍သာ သင်ကိုယ်၌က အမေဇုံတောထဲမှာနေထိုင်ကြီးပြင်းပြီး နံငယ်ပိုင်းလေးတစ်ထည်အတွက်သာ အ၀တ်အစားဒုက္ခ ကြောင့်ကြစရာလိုတဲ့ လူသားဖြစ်နေခဲ့ရင်ဖြင့် ဘလော့ဂါဖြစ်ဖို့ အရေးကြီးလိုအပ်ချက်မျိုး ပြည့်စုံဖို့အရေး ဝေလာမှဝေးတာကြောင့် သစ်ခေါက်ပေါ်မှာ သံချွန်နဲ့စာရေးလို့ အပေါင်းအဖော်တစ်စုကို နားဒုက္ခပေးရုံသာ တတ်နိုင်မယ့် စာရေးစာဖတ်သမားဘ၀နဲ့ နိဂုံးချုပ်ရမှာ ရာနှုန်းပြည့်ရုံမက ရာနှုန်းလွန်သေချာနေပြီ မဟုတ်ပါလား။ အနှီလိုမဟုတ်ဘဲ အထိုက်အလျောက် တိုးတက်မှုရှိတဲ့ တိုင်းပြည်တစ်ခုမှာ လူဖြစ်မွေးဖွားခဲ့ရင်တောင်မှ ကိုယ်ရေးသမျှစာနဲ့ သူများကို နှိပ်စက်ဖို့ အင်တာနက်သုံးခ ဖွတ်ကလိဒင်္ဂါး ရှားပါးနေပြန်ရင်လည်း ဘလော့ဂါဖြစ်ဖို့အရေးဟာ သဲထဲသေးပေါက်သလို ရှူးရှူးရှဲရှဲအသံမြည်ရုံကလွဲလို့ အကောင်အထည်ပေါ်ဖို့ ဝေးပြီးနောက် သူကြီးမင်းပြောတဲ့ အိမ်သာနက်ထဲမှာ ဖဲထိုင်ရိုက်ရုံနဲ့တင် ရသေ့စိတ်ဖြေ ကျေနပ်ရတော့မယ် မဟုတ်ပါလား ချစ်စွာသော စာရှုသူ…

(၃) အခြေခံလိုအပ်ချက်
အပေါ်က နှစ်ချက်နဲ့ ပြည့်စုံနေပြီဆိုရင်ဖြင့် ဘလော့ဂါဖြစ်ဖို့အရေး သိပ်မဝေးတော့ဘူးလို့ ယူဆရပေတော့မယ် စာရှုသူ။ သို့ပေငြားလည်း အနောက်နိုင်ငံက သကောင့်သားတွေ အားအားယားယား ထွင်တော်မူထားခဲ့တဲ့ ကွန်ပျူတာဆိုတဲ့ အနှီပစ္စည်းကြီးကို အထိုက်အလျောက်တော့ သုံးတတ်ဖို့လည်း လိုပါသေးရဲ့။ ကွန်ပျူတာကို ချောက်ခနဲဖွင့်လို့ Dota, AOE, Need for speed, PES 2011 စတဲ့ သူများထွင်သမျှ သူခိုးလက်ခံလုပ်ရင်း အလကားရတဲ့ ဂိမ်းပေါင်းများစွာကို မျက်စိညောင်းခံ၊ ဒူလာအစွဲခံလို့ ကစားတတ်ရုံလောက်သာ သုံးတတ်တယ်ဆိုရုံဖြင့် ဘလော့ဂါဖြစ်ဖို့ နီးလျက်နဲ့ဝေးနေပြန်ဦးမယ် မဟုတ်ပါလား။ ဘလော့ဂါဖြစ်ရေးမှာ လွန်ခဲ့တဲ့ သုံးလေးလလောက်က အသံကျယ်ကျယ်ထွက်ပြီး အခုကာလမှာ သူမဟုတ်သလို ငြိမ်ချက်သားကောင်းနေပါတဲ့ ယူနီကုတ်ဆိုတဲ့ မြန်မာစာလုံးလက်ကွက်ကို မသုံးတတ်ရင်တောင် အင်္ဂလိပ်လက်ကွက်ပေါ်မှာ လက်မြှောင်ကပ်ထားပါတဲ့ ဇော်ဂျီဆိုတဲ့ မြန်မာစာဖောင့်ကို ကီးဘုတ်သံ တစ်ဂျောင်းဂျောင်းမည်အောင် မျက်နှာလွှဲ မရိုက်တတ်ရင်တောင် တစ်ချောင်းထိုးနဲ့ပဲဖြစ်ဖြစ် သုံးရက်ကို စာတစ်ကြောင်းနှုန်းနဲ့ပဲဖြစ်ဖြစ် ရိုက်တတ်၊ ရေးတတ်ဖို့လည်း လိုပါသေးရဲ့ ချစ်စွာသော စာရှုသူ…

(၄) အရန်လိုအပ်ချက်
ဆန္ဒ၊ တိုင်းပြည်၊ ဇော်ဂျီတို့ကို လက်ကိုင်ပြု၊ သူများအလကားပေးသမျှ စိတ်တိုင်းကျသုံးရမှ ကျေနပ်တဲ့ ကိုယ့်ရဲ့ပါရမီထူးကို မခြွင်းမချန်အသုံးချပြီး “ ဂူးဂဲ ”ဆိုတဲ့ ခွေးမာန်ဖီသံကို ဘိလပ်ဘာသာစကားနဲ့ Google လို့စာလုံးပေါင်းထားပါတဲ့ အနှီအုပ်စုကြီးက အလကားမတ်တင်းနဲ့ သနားတော်မူတဲ့ ဘလော့စပေါ့ဆိုတဲ့ ဟို့စတင်းဆိုဒ်တစ်ခုမှာ ဖွတ်ကလိဒင်္ဂါး ပြားပြားမှမကုန်ဘဲ လုပ်ယူနိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် ချက်နိုင်ပြုတ်နိုင်၊ အခွန်ဆောင်စရာမလိုဘဲ ဖွန်ကြောင်နိုင်ပါတဲ့ “ ဂျီမေးလ် ” အကောင့်တစ်ခုကို အသုံးပြုလို့ သန်ရာသန်ရာ နံမည်တစ်ခုပေးလို့ ဘလော့လေးတစ်ခုဆောက်ဖြစ်သွားပြီဆိုရင်ဖြင့် ဘလော့ဂါမည်ကာမတ္တလေးတစ်ယောက်တော့ ဖြစ်လာချေမှာ သေချာပါပကော စာရှုသူ။

 အနှီလို ဘလော့လေးတစ်ခုဆောက်ဖို့ လိုအပ်တဲ့ နည်းပညာတွေမရှိရင်လည်း စိုးစဉ်းလောက်တောင် စိတ်မပူပါနဲ့လေ။ စာရှုသူကိုယ်၌မှာ အလွန်တရာ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိ၊ စိတ်လှုပ်ရှားစရာကောင်းလှပါတဲ့ အမေပေးတဲ့နံမည်ပဲဖြစ်ဖြစ်၊ ကိုယ့်ဖာသာ စိတ်ကူးပေါက်ရာပေးထားတဲ့ မိန်းကလေးနံမည်တစ်ခုပဲဖြစ်ဖြစ် ရှိခဲ့ရင် အနှီနည်းပညာအခက်အခဲကြီး ပြေလည်ဖို့ တစ်ဝက်လောက်သေချာပြီလို့ မှတ်သင့်ပါရဲ့။ အနှီလိုမဟုတ်ဘဲ မျက်နှာစာအုပ် ( facebook ) ပေါ်မှာ ကိုယ့်ပုံလှလှလေးတွေကို ( ဖိုတိုရှော့ပ်နဲ့ပြင်လို့ပဲဖြစ်ဖြစ်၊ ငယ်ငယ်တုန်းက ဖောင်းဖောင်းအိအိ လှလှပပ ပုံလေးတွေပဲဖြစ်ဖြစ် ) တင်ထားတဲ့ ကြည်စရာ မဒီကညာလေးဖြစ်နေရင်ဖြင့် အနှီနည်းပညာအခက်အခဲကြီးအတွက် အိပ်မက်ထဲမှာတောင် စိတ်ပူစရာ မလိုပါနဲ့တော့လေ။ မချစ်သော်လည်း အောင့်ကာနမ်း၊ မနမ်းသော်လည်း ပင့်သက်ရှူဆိုတဲ့ ကုဏ္ဍလကေသာ ရဲ့ထုံးကို နှလုံးမူလို့ နည်းပညာရှင် ကိုကိုများထံမှာ ခရာတာတာ၊ ညုတုတု စကားလုံးလေးတွေကို အသားပဲ့ပါမသွားတိုင်း ဂျီတော့မှာ တွင်တွင်သုံးပြီး အကူအညီတောင်းရင်ဖြင့် အနှီသကောင့်သားများက အလကားမတ်တင်း အိမ်ဆောက်ပေးရုံသာမက ပရိဘောဂတွေ ဆီပုံးတွေ၊ ဆန်ပုံးတွေပါ မေတ္တာတော်ဗလပွနဲ့ ထားပေးဦးမှာ သေချာနေပါရဲ့။ ကိုယ်လိုတာရရင်ဖြင့်လည်း အနှီသကောင့်သားများရဲ့ အကောင့်ကို ဘလော့လုပ်လိုက်ရင် သေခန်းပြတ်ကရော မဟုတ်ပါလားလေ။ ( အများရွှင်စေဖို့ ရေးရခြင်းဖြစ်တာမို့ ဦးဟန်ကြည် အကောင်းစားကလေးကို နည်းပညာဆရာသမားများက သနားသည်းခံတော်မူကြစေကြောင်း တောင်းပန်လိုက်ပါရဲ့ )

အကယ်၍များ သင်စာရှုသူက လေးလုံးခြောက်ဖက် ယောက်ျားရင့်မကြီးဖြစ်နေရင်ဖြင့် နံပါတ် ( ၄ ) အရန်လိုအပ်ချက်ကို ယောက်ျားကောင်းတို့ရဲ့ လုံ့လဥဿဟကို ရေကုန်ရေခမ်းသုံးပြီး ကျော်ဖြတ်ဖို့သာ ပြင်ပေရော့လို့ အသိပေးလိုက်ပါရဲ့ ချစ်စွာသော စာရှုသူ…

(၅) သာမညလိုအပ်ချက်
ကိုယ်ပိုင်ဘလော့လေးတစ်ခုကို အထက်ပါအတိုင်း နည်းပေါင်းစုံကို သန်ရာသန်ရာ အသုံးပြုလို့ ဘလော့လေးတစ်ခုပိုင်ပြီဆိုရင်ဖြင့် သာမညလိုအပ်ချက်ဖြစ်တဲ့ ရည်းစားက ငြိုငြင်တာ၊ အိမ်ထောင်ဖက်က မျက်စောင်းထိုးတာ၊ မကြားတကြားတစ်မျိုး၊ ကြားအောင်တစ်မျိုး မေတ္တာပို့တာတွေကို ပြုံးပြုံးကြီးခံရင်း အားလပ်ချိန်တိုင်းမှာ ကိုယ့်ဘလော့နဲ့ကိုယ် ကျေကျေနပ်နပ်ကြီး နေတတ်ဖို့ လေ့ကျင့်ရပါတော့မယ်။ အကယ်၍ အသင်စာရှုသူက ရုံးဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်နေရင်လည်း အထက်လူကြီးမသိအောင် အလုပ်ချိန်မှာ ဘလော့ခိုးလည်တာ၊ မိသွားလို့ အဆူခံရရင်လည်း မချိသွားဖြဲမျက်နှာပေးနဲ့ မျက်နှာချိုသွေးတတ်တာတွေကိုလည်း ကျင့်ထားဖို့ လိုပါသေးရဲ့။ အနှာကြောင့် ဒီလိုအပ်ချက်ကို ဖြည့်နိုင်ဖို့ မျက်နှာတစ်ခုလုံးကောင်းကောင်းမြင်နိုင်တဲ့ မှန်တစ်ချပ်ဝယ်ပြီး မျက်နှာပေးကျင့်ဖို့သာ လိုအပ်တာမို့ သာမညလိုအပ်ချက်လို့ အမည်သညာ ခေါ်ပါသတဲ့။ မျက်နှာပေးကျင့်ရင်း မျက်နှာကုန်သွားရင်လည်း ဘလော့ဂါကောင်းဖြစ်ဖို့ ကိုယ့်မျက်နှာကို အရင်းအနှီးလုပ်တယ်လို့ ယူဆပြီး ကိုယ့်ဖာသာ ကျေနပ်နေပေရော့ ချစ်စွာသော စာရှုသူ…

(၆) ဖြည့်စွက်လိုအပ်ချက်
ဘလော့ဂါဖြစ်ဖို့ ထိုက်သင့်တဲ့ လိုအပ်ချက်တွေနဲ့ ပါရမီဖြည့်ပြီးရင်ဖြင့် ဖြည့်စွက်လိုအပ်ချက်အတွက် ပြင်ဆင်ရပါဦးတော့မယ် စာရှုသူ။ ဘလော့ရွာထဲကို ရောက်ခဲ့ပြီဆိုမှဖြင့် တစ်ရက်တစ်ရက်မှာု တက်သမျှ ပို့စ်အသစ်တွေကို အငမ်းမရ ဖတ်နိုင်ဖို့ နေ၀င်တာနဲ့ ခလောတတ်တဲ့ အကျင့်ကို ပြင်ဖို့ လိုလာပါပကောလား။ “ ဘလော့ဂါတို့မည်သည် သန်းခေါင်ကျော်မှ အိပ်ရာဝင်ကြ၏ ” ဆိုတဲ့ ဆိုရိုးစကားကို နှလုံးသွင်းနာယူမှတ်သားပြီး လင်းအားကြီးမှ အိပ်ရာဝင်၊ မိုးစင်စင်လင်းမှ မျက်ချေးပွတ်ပြီး အိပ်ရာထတဲ့ ဦးဟန်ကြည်တို့ရဲ့ ကောင်းမြတ်တဲ့ အကျင့်ထူးကို မလွဲမသွေ လိုက်နာကျင့်သုံးနိုင်ရင်ဖြင့်  ဘလော့ဂါအကောင်းစားတစ်ယောက်ဖြစ်ဖို့ တဖြည်းဖြည်းနီးလာချေပြီလို့ ယူဆရပါတော့မယ်။ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ ကိုယ့်ရဲ့အိပ်ရေးတွေပါ ထပ်ဖြည့်ရင်းနှီးရတာမို့ အနှီလိုအပ်ချက်ကိုတော့ ဖြည့်စွက်လိုအပ်ချက်လို့ ခေါ်ကြောင်း မှတ်သားထားပေရော့ ချစ်စွာသော စာရှုသူ…

(၇) နောက်ဆက်တွဲလိုအပ်ချက်
အထက်မှာဖော်ပြထားတဲ့ လိုအပ်ချက်တွေကို ကောင်းကောင်းဖြည့်ဆည်းပြီး ဘလော့ဂါတစ်ယောက်ဖြစ်သွားပြီဆိုရင်ဖြင့် နောက်ဆက်တွဲ ဒုက္ခတွေကို ရင်ဆိုင်ဖို့ ခါးတောင်းကျိုက်မဖြုတ်စတမ်း မာန်းတင်းပြီး ကီသွင်းထားရပြန်ပါဦးမယ် စာရှုသူ။ အနှီနောက်ဆက်တွဲတွေကတော့ ဘလော့ဂါရဲ့ အလုပ်အကိုင်၊ ပတ်ဝန်းကျင်၊ အမူအကျင့်ပေါ်မူတည်လို့ အမျိုးမျိုးအစားစား ကွဲပြားချင်တိုင်းကွဲပြားနိုင်ပါသေးရဲ့။ ထင်သာမြင်သာရှိတဲ့ နောက်ဆက်တွဲတွေကို ဥာဏ်မီသလောက် ရွေးထုတ်လို့ ကောက်နုတ်ပြရရင်ဖြင့်…

နောက်ဆက်တွဲ ( က )
ဘလော့ဂ်ပို့စ်အသစ်ရေးဖို့ တစ်ယောက်ထဲ ငူငူငိုင်ငိုင်နဲ့ တောင်တွေးမြောက်တွေးလုပ်ရင်း စိတ်ကူးဖဲရိုက်နေလို့ အများက ခပ်ကြောင်ကြောင် ပုဂ္ဂိုလ်ကြီးလို့ သမုတ်ခံရခြင်း။

နောက်ဆက်တွဲ ( ခ )
တစ်ယောက်ယောက်နဲ့ စကားပြောနေရင်းက ဘလော့ဂ်ပို့စ်တစ်ခုရေးဖို့ အတွေးရသွားတတ်တာကြောင့် တစ်ဖက်သားစကားကို အာရုံမရောက်တော့ဘဲ တွေးချင်ရာဆက်တွေးပြီး တစ်ဖက်သားမေးသမျှကိုလည်း အမှားမှားအယွင်းယွင်း ဖြေမိတတ်တာမို့ ပေါင်းသင်းဆက်ဆံရေး အင်မတန်အားနည်းတဲ့ ပုဂ္ဂိုလ်ကြီးလို့ နံမည်တပ်ခံရခြင်း။

နောက်ဆက်တွဲ ( ဂ )
အလုပ်ခွင်မှာ အလုပ်လုပ်နေရင်းက ပို့စ်အသစ်ရေးဖို့ အာရုံရောက်သွားတတ်ပြန်တာကြောင့် အလုပ်ထဲမှာ အမှားအယွင်းများပြီး အထက်လူကြီးရဲ့ အကြိမ်းအမောင်းကို မကြာမကြာခံရခြင်း။ အကယ်၍သာ အနှီဘလော့ဂါက ဘဏ်ဝန်ထမ်းဖြစ်ခဲ့ရင်တော့ ငွေစာရင်းအပေါင်းမှားတိုင်း လစာထဲက စိုက်လျော်ရတာနဲ့တင် လကုန်ရက်မှာ မံမံတူတူပုန်းသွားတာ ခံစားရခြင်း။

နောက်ဆက်တွဲ ( ဃ )
ဘလော့ဂ်ရေးနေရင် စားချိန်သောက်ချိန်ကို သတိမရတော့တာကြောင့် အစာအိမ်ရောဂါဖြစ်တတ်ခြင်း။ ပါဖို့ ပေါက်ဖို့လိုအပ်တဲ့ အချိန်မျိုးမှာတောင် ပို့စ်ရေးပြီးမှ အိမ်သာပြေးမယ်ဆိုတဲ့ အာဇာနည်စိတ်ဓာတ်နဲ့ ဇွဲခတ်ပြီး ကြိုးစားနေတတ်တာကြောင့် ဆီးချုပ်၊ ၀မ်းချုပ်ရောဂါ ခံစားရနိုင်ခြင်း။

နောက်ဆက်တွဲ ( င )
တစ်ညလုံး ဘလော့ဂ်ရေး၊ ဘလော့ဂ်လည်လုပ်၊ တစ်နေ့ခင်းလုံး အိပ်နေဖြစ်တာကြောင့် လူစင်စစ်က ဇီးကွက်ဘ၀ပြောင်းပြီး sleep disorder ဖြစ်သွားတာကြောင့် ပတ်ဝန်းကျင်နဲ့အဆက်ပြတ်ပြီး တစ်ချိန်လုံးလိုလို ရီဝေေ၀နဲ့ မသောက်ရဘဲ မူးနေတတ်ခြင်း။

နောက်ဆက်တွဲ ( စ )
…………………………………………… ကြောင့် ……………………………………………. ခံရခြင်း။

…စသည်စသည်ဖြင့် အမျိုးမျိုးအစားစား မရိုးနိုင်အောင် များတော်မူလိုက်ပါတဲ့ အာဝေနိက ဒုက္ခတွေကို ရဲရဲဝံ့ဝံ့ ပျော်ပျော်ကြီး ရင်ဆိုင်ရဲတဲ့ စိတ်ဓာတ်အင်အားတွေ ထုထည်ကြီးမားစွာနဲ့ ခိုင်ခိုင်ခံ့ခံ ရှိနေပြီဆိုရင်ဖြင့် အသင်စာရှုသူကို ဦးဟန်ကြည်တို့ရဲ့ ဘလော့ရွာက လှိုက်လှဲ ပျူငှာ နွေးထွေး ဖော်ရွေ ချစ်ခင် မြတ်နိုး လေးစား ခင်မင်စွာနဲ့ ဖက်လှဲတကင်း ကြိုဆိုလျှက် ရှိပါကြောင်း ဖိတ်မန္တက ပြုလိုက်ပါရစေလား။

ဘလော့ရွာထဲမှာ ပြုံးတစ်ခါ မဲ့တစ်လှည့်နဲ့ မမောနိုင်မပမ်းနိုင် ကျင်လည်ကျက်စား ( သတိထားပါ၊ ယပင့်နဲ့ ကျက်ထားပါ၏ ) နေကြတဲ့ ချစ်စွာသော ဘလော့ဂါ၊ ဘလော့ဂီ အပေါင်းတို့ကတော့ဖြင့် အထက်ဖော်ပြပါ ( အထက်စာပိုဒ်များတွင် ထည့်သွင်းဖော်ပြထားသောဟု ဆိုလိုပါ၏ ) လိုအပ်ချက်တွေ ပြည့်ရုံသာမက လျှံပင်လျှံနေကြတာမို့ ဘလော့ဂါမည်ကာမတ္တ ဘလော့ဂါပိစိကွေး ဦးဟန်ကြည်က ဦးညွှတ်အရိုအသေပေးရင်း အရပ်ရပ်နေပြည်တော် မေတ္တာမပျက်ယွင်းဖို့ တက်ဂ်ပို့စ်အခန်းဆက်ခြင်းကို ဝေရာမဏိလုပ်လို့ ဒီညကန်မဲ့ ဘရာဇီးနဲ့ ရုရှ သဲသောင်ပြင်ဘောလုံးပွဲ ဗိုလ်လုပွဲကြည့်ဖို့ အငှားနှာခေါင်းနဲ့ အနားတောင်းလိုက်ပါကြောင်း ချစ်စွာသော စာရှုသူ။                      ။

Friday, 2 September 2011

လူငယ်များကို စာစီစာကုံးသင်ကြားခြင်း . . .


ဦးဟန်ကြည်က သူ့တပည့်တွေကို ပင်ကိုအရေးအသား တိုးတက်အောင် လေ့ကျင့်ပေးတဲ့အနေနဲ့ တစ်ပတ်မှာ စာစီစာကုံးခေါင်းစဉ်တစ်ခုချပေးပြီး အရေးခိုင်းလေ့ရှိပါတယ်။ ကျောင်းသားဘ၀တစ်လျှောက်လုံးမှာ ကိုယ်ပိုင်ဥာဏ်ရည်ဥာဏ်သွေးနဲ့ ဘာစာကိုမှ ဖြစ်မြောက်အောင်မရေးခဲ့ကြဖူးတဲ့ကလေးတွေဖြစ်တာမို့ အခြေခံပညာရဲ့ အမြင့်ဆုံးအတန်းဖြစ်တဲ့ တက္ကသိုလ်ဝင်တန်း 
( ဒီဘက်ခေတ်အခေါ် Grade 11 ) ရောက်နေကြပေမယ့် စာစီစာကုံးကို ဖြစ်ဖြစ်မြောက်မြောက်မရေးတတ်ကြသေးတဲ့အတွက် ကိုယ့်လက်ထဲရောက်လာတဲ့ ကျောင်းသားတွေကို နောက်ဆုံးကြိုးစားပေးခြင်းအဖြစ် စာစီစာကုံးတွေရေးခိုင်းတာ၊ ဗဟုသုတဖြစ်ဖွယ်ရာ စာအုပ်တွေကို ဖတ်တတ်လာအောင်၊ ဖတ်ဖြစ်လာအောင် လေ့ကျင့်ပေးတာတွေကို တတ်နိုင်သလောက်လုပ်ပေးနေရပါရဲ့။ အဲဒီလိုမှ လုပ်မပေးဘဲ ဆယ်တန်းအောင်ရင်ပြီးစတမ်းဆိုတဲ့ ဆူလွယ်နပ်လွယ် ရည်မှန်းချက်တစ်ခုတည်းနဲ့ သင်လွှတ်လိုက်မိရင် ဘွဲ့လက်မှတ်ကို တိုင်မှာချိတ်ပြီး လူမြင်ကောင်းအောင်ကြွားရုံလောက်ပဲ အဆင့်ရှိတဲ့ ပညာတတ်တွေဖြစ်ကုန်ကြမှာ သေချာလွန်းနေတယ် မဟုတ်ပါလား။
 
ကလေးတွေကို စာစီစာကုံးရေးခိုင်းတဲ့နေရာမှာ သူတို့ဖတ်နေ၊ ကူးချနေကြတဲ့ နံမည်ကျော်စာစီစာကုံးစာအုပ်တွေထဲက ခေါင်းစဉ်မျိုးတွေကို တတ်နိုင်သမျှ ရှောင်ရပါသေးတယ်။ စာစီစာကုံးအရေးကောင်းဖို့၊ စကားပြေအရေးညက်ဖို့ “ စု၊ တု၊ ပြု ” ဆိုတဲ့ အဆင့်အတိုင်း လေ့ကျင့်ရတယ်လို့ ပညာရှင်တွေက လမ်းညွှန်ကြသလို ကိုယ်တိုင်လည်း အဲဒီနည်းစနစ်အတိုင်း လေ့ကျင့်ခဲ့တာမှန်ပေမယ့် ဒီဘက်ခေတ် ကလေးတွေကိုတော့ အဲဒီနည်းစနစ်နဲ့ လေ့ကျင့်ပေးလို့ မဖြစ်ပြန်ပါ။ ဘာကြောင့်လဲဆိုရင် ပညာရေးကို ကိုင်းညွှတ်အားသန်မှုနည်းလာ၊ အားထုတ်မှု လျော့နည်းလာနေတဲ့ ဒီဘက်ခေတ်ကလေးတွေဟာ “ စု ” တဲ့အဆင့်ကိုတောင် ဖြစ်ဖြစ်မြောက်မြောက် မလုပ်ချင်၊ မလုပ်နိုင်ကြတော့ဘဲ “ ကူး ” တဲ့အလုပ်ကိုပဲ တွင်တွင်ကြီးလုပ်နေကြတာကြောင့် လူမိုက်အားပေးဖြစ်မှာကိုလည်း စိုးရိမ်ရပါသေးရဲ့။ ဒါပေမယ့် တခြားနည်းလမ်း ရွေးစရာလမ်းစမရှိအောင် ပျင်းချက်ကမ်းကုန်လွန်းနေတဲ့ ကျောင်းသားတွေကိုတော့ ကူးချရင်းနဲ့ပဲ စာတစ်လုံးတစ်လေလောက်ဖတ်မိသွားရင်လည်း အကျိုးမနည်းဘူးဆိုတဲ့ထုံးကို နှလုံးမူပြီး ကူးချခွင့်ကို ကျေကျေနပ်နပ်ကြီး ခွင့်ပြုပေးရမှာ သေချာနေပါတော့တယ်။

အဲဒီလို အခြေခံအကြောင်းတရားပေါင်းများစွာကြောင့် ဦးဟန်ကြည်တို့ ဆရာတွေဟာ ကျောင်းသားတွေကို စာစီစာကုံးအရေးသင်ပေးရာမှာ လိုအပ်တဲ့ အခြေခံအဆင့် ဖြစ်တဲ့ “ စု ” တတ်တဲ့အခြေအနေကိုရောက်လာစေဖို့ နည်းစနစ်ပေါင်းများစွာကို မြန်မာ့နည်းမြန်မာ့ဟန်အတိုင်း ခေတ်စနစ်နဲ့အညီ မကျင့်သုံးလို့ မဖြစ်တော့ပါ။ အဲဒီအချက်ကို သတိမမူမိဘဲ “ တို့ငယ်ငယ်တုန်းကလို… ” ဆိုတဲ့ စကားတစ်ခွန်းကို ရေလဲသုံးပြီး လမ်းရိုးအတိုင်း လျှောက်နေမိရင် တို့ငယ်ငယ်တုန်းကခေတ်၊ တို့ငယ်ငယ်တုန်းက အခြေအနေမျိုးမှာ လူဖြစ်လာတာ မဟုတ်တဲ့ ၂၁ ရာစုရဲ့ မျိုးဆက်သစ်ကျောင်းသားလူငယ်တွေက ယောင်လို့တောင် နောက်ကလိုက်လာမှာ မဟုတ်ပါ။ အရေးအကြီးဆုံးအချက်က အစစအရာရာ အဆင်သင့်ရနေတဲ့ ဒီနေ့ခေတ်ကျောင်းသားလူငယ်တွေကို ကိုယ့်အားကိုယ် ကိုးတတ်လာအောင် အရင်ဆုံးကျင့်ပေးဖို့ လိုအပ်လာပါတော့တယ်။

ကလေးတွေကို ကိုယ့်အားကိုယ်ကိုးစေချင်တဲ့ ဦးဟန်ကြည်ကတော့ သူ့တပည့်တွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်မှုရှိအောင် နေ့ရှိသ၍ တွန်းအားပေးနေခဲ့တာကြောင့် ကလေးအများစုမှာ ကူးချချင်တဲ့စိတ် အထိုက်အလျောက် နည်းသွားကြတာလဲ ဆရာတစ်ယောက်ရနိုင်တဲ့ မင်္ဂလာတရားထဲက တစ်ပါးဖြစ်နေပါတော့တယ်။ စိတ်ပိုင်းဆိုင်ရာ အထိုက်အလျောက် ရင့်ကျက်စပြုလာတဲ့ကလေးတွေကို ယုံကြည်မှု ဘယ်လောက်ပဲ ရှိနေပါစေ သူတို့ရဲ့ လမ်းစဉ်ဟောင်းကို ပြန်သွားကြဖို့ နည်းပေးလမ်းပြမလုပ်မိအောင် သတိထားနေမှ တော်ရာကျမှာမို့ သူတို့ကို ဦးဟန်ကြည် ပေးလေ့ရှိတဲ့ခေါင်းစဉ်တွေက ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားရတဲ့ခေါင်းစဉ်တွေပဲ ဖြစ်လေ့ရှိပါတယ်။ စာစီစာကုံးစရေးခိုင်းကာစ ခေါင်းစဉ်တွေကို သူတို့ပတ်ဝန်းကျင်၊ သူတို့မြင်နေကျ၊ တွေ့နေကျဖြစ်တဲ့ မြင်ကွင်းတွေကိုချရေးတတ်စေဖို့ ဦးစားပေးတဲ့    “ ကျွန်တော်တို့ကျောင်း ”“ ကျွန်တော်တို့မေမေ ” “ ကျွန်တော်၏ခွေးကလေး ” စတဲ့ခေါင်းစဉ်တွေကို ပေးဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ ကလေးတွေကို ကိုယ့်ဥာဏ်နဲ့ကိုယ် စာစရေးဖို့ လေ့ကျင့်ပေးနေတဲ့အဆင့်ဖြစ်တာကြောင့် ရေးနည်းလမ်းညွှန်ချက်တွေ၊ outline တွေ ချမပေးတော့ဘဲ အလွတ်သဘောနဲ့ ရေးချင်ရာကို ရေးချင်သလိုရေးဖို့ ခွင့်ပြုထားရပါတယ်။

အဲဒီလို ပထမဆုံးအကြိမ်ရေးကြတဲ့အခါမှာတော့ ထုံးစံအတိုင်း မြန်မာစာ မီးကျိုးမောင်းပျက်တွေကို ဆရာဖြစ်သူက သည်းခံနိုင်သမျှ သည်းခံရပါတော့တယ်။ ပြောစကားနဲ့စာ မကွဲတာတွေကိုလည်း ခွင့်လွှတ်နိုင်သမျှခွင့်လွှတ်၊ ပြုပြင်နိုင်သမျှ ပြုပြင်ပေးရပါသေးတယ်။ စာစီစာကုံးရဲ့ အင်္ဂါရပ်ဖြစ်တဲ့ နိဒါန်း၊ စာကိုယ်၊ နိဂုံးမပီပြင်တာတွေကိုလည်း နားလည်အောင် ပြန်ရှင်းပြဖို့ ၀န်လေးနေလို့ မဖြစ်ပြန်ပါ။  တစ်ယောက်ချင်းစီရဲ့ စာစီစာကုံးမဖြစ်တဖြစ်တွေကို အရသာရှိခြင်း၊ မရှိခြင်းကို ဘေးဖယ်လို့ သည်းခံပြီးဖတ်ရရုံသာမက တစ်ပုဒ်ချင်းစီအတွက် မှတ်ချက်တွေရေးပေးရပါတယ်။ ဒါတင်မကသေးဘဲ ကျောင်းသားတစ်ယောက်ချင်းစီကို သူ့ရဲ့အရေးအသား တိုးတက်လာဖို့ လိုအပ်တဲ့အကြံဥာဏ်တွေလည်း ပေးဖို့လိုအပ်ပါသေးရဲ့။ အဲဒီလို မှတ်ချက်ပေး၊ အကြံပြုရာမှာလည်း အပြုသဘောဆောင်တဲ့ မှတ်ချက်၊ အကြံပြုချက်တွေဖြစ်ဖို့လည်း အရေးကြီးသလို အပြစ်တင်တာမျိုးမဖြစ်စေဖို့လည်း သတိထားရပါသေးတယ်။ နောက်တစ်ပုဒ်မှာ ပိုပြီးအားထည့်ရေးစေဖို့ သူ့အရေးအသားထဲက ကောင်းကွက်လေးတွေကို မရှိရှိရာ ရှာကြံပြီး ထောက်ပြပေးဖို့ကလည်း အင်မတန်မှ အရေပါးပြီး၊ အသားနုလှတဲ့ ဦးဟန်ကြည်တို့ တိုင်းပြည်က ကျောင်းသားလေးတွေအတွက် အလွန့်အလွန် အရေးကြီးလှပါသေးတယ်။

ကိုယ့်ပတ်ဝန်းကျင်အကြောင်း သုံးလေးပုဒ်လောက်ရေးခိုင်းပြီးလို့ ရေးသားကျသွားတဲ့အခါမှာတော့ သရုပ်ဖော်စာစီစာကုံးတွေကို ဆက်ပြီးလေ့ကျင့်ပေးရပါတယ်။ စာစီစာကုံးအမျိုးအစားမှာ သုတနဲ့ ရသ နှစ်မျိုးရှိပေမယ့် စာဖတ်တတ်ကာစအရွယ်ကတည်းက အပြင်စာ မဖတ်ခဲ့လေတဲ့ ဦးဟန်ကြည်ရဲ့ ကျောင်းသားတွေအတွက် သုတစာစီစာကုံး၊ ဖွင့်ဆိုရှင်းပြစာစီစာကုံး၊ ကျိုးကြောင်းပြ စာစီစာကုံးတွေဟာ “ ဘုန်းကြီးနဲ့ ဘီး ” လို လားလားမှ မအပ်စပ်တာကြောင့် စာဖတ်နည်းပေမယ့် စိတ်ခံစားချက်ကို ပီပြင်အောင် သရုပ်ဖော်နိုင်ရင် အဆင်ပြေနိုင်တဲ့ ရသစာစီစာကုံးတွေကိုပဲ ဦးစားပေးပြီး လေ့ကျင့်ပေးရပါရဲ့။ ပညာရေးနည်းစနစ်နဲ့ ပတ်သက်ရင် အင်မတန်မှ ခေတ်မီချင်လွန်းလှတဲ့ ဦးဟန်ကြည်က Student centered education စနစ်ကို လက်လှမ်းမီသလောက် စမ်းသပ်နေတာမို့ ကိုယ်ဖြစ်စေချင်တာထက် ကလေးတွေရဲ့ ပင်ကိုဗီဇနဲ့ လိုက်လျောညီထွေဖြစ်တာကို သင်ပေးနိုင်မှပဲ ပိုအကျိုးရှိမယ် မဟုတ်ပါလား။

အဲဒီလို ဒုတ်ယအဆင့်ကို ရောက်လာတဲ့အခါမှာတော့ နိဒါန်းကိုဘယ်လိုပျိုး၊ စာကိုယ်ကို ဘယ်လိုပုံစံရေး၊ နိဂုံးကို ဘယ်လိုချုပ် စသည်ဖြင့် စာစီစာကုံးတစ်ပုဒ် ပီပီပြင်ပြင် ဖြစ်လာဖို့ လိုအပ်တဲ့ အခြေခံ အချက်အလက်တွေကို စပြီးလေ့ကျင့်ပေးရပါတယ်။ အဲဒီလိုလေ့ကျင့်ပေးရာမှာလည်း ကိုယ်ဖြစ်စေချင်တဲ့ပုံစံခွက်ထဲမှာ အတင်းရိုက်မထည့်မိစေဖို့ သတိထားရပြန်ပါသေးတယ်။ ကိုယ့်စိတ်ကြိုက်ဖြစ်ဖို့ထက် သူတို့ရဲ့ပင်ကို ဖန်တီးမှုဖြစ်ဖို့ကိုပဲ ရှေးရှုပြီး ဂရုတစိုက် ပံ့ပိုးဖို့ဟာ အင်မတန်မှ အရေးကြီးလှပါရဲ့။ အဲဒီလိုမဟုတ်ဘဲ ကိုယ်လိုချင်တဲ့ပုံစံဖြစ်ဖို့ ဦးစားပေးပြီးလေ့ကျင့်ပေးမိရင် ကလေးတွေရဲ့ ဘ၀တစ်လျှောက်လုံးမှာ အရေးအသားပိုင်းနဲ့ပတ်သက်လို့ “ ဒုတိယ ဦးဟန်ကြည် ” အနေအထားက တက်လာတော့မှာ မဟုတ်ဘဲ လူညွန့်တုံးသွားမှာ သေချာနေပါတော့တယ်။

ပုံစံကျ စာစီစာကုံးဖြစ်လာအောင် ရေးတတ်တာတဲ့ ကျောင်းသူကျောင်းသားတွေကိုတော့ အချက်အလက်ရှာတတ်ဖို့၊ ရလာတဲ့အချက်အလက်တွေကို စနစ်တကျ နေရာချတတ်ဖို့၊ အစီအစဉ်တကျ ရေးတတ်ဖို့ ထပ်ပြီးကျင့်ပေးရပါဦးမယ်။ ဒီအဆင့်ကိုရောက်လာရင် လိုအပ်တဲ့ အချက်အလက်တွေကို ကိုယ်တိုင် မရှာနိုင်ကြသေးတဲ့၊ မရှာတတ်ကြသေးတဲ့၊ ရှာဖို့ပျင်းနေသေးတဲ့ ကျောင်းသားတွေအတွက် စာစီစာကုံးတစ်ပုဒ်ချင်းစီမှာ သုံးနိုင်တဲ့ ကဗျာ၊ အဆိုအမိန့်၊ သာဓက စတာတွေကို အဆင်သင့်ချပေးဖို့ ဦးဟန်ကြည်တို့ ဆရာတွေက ပျင်းနေလို့ မဖြစ်ပြန်ပါ။ ကလေးတို့သဘာဝအရ ဆရာကြိုးစားသလောက် လိုက်ကြိုးစားဖို့ မသေချာပေမယ့်၊ ဆရာပျင်းရင်တော့ ဆရာ့ထက်ပိုပျင်းဖို့ အာမခံချက်အပြည့်ရှိပြီးသား မဟုတ်ပါလား။ အထိုက်အလျောက် ရေးတတ်၊ ချွတ်တတ်လာတဲ့ ကလေးတွေ စာစီစာကုံးရေးရတာ ပျော်စပြုလာတဲ့ ဒီအချိန်မျိုးမှာ သူတို့လိုအပ်တဲ့ အချက်အလက်တွေကို လွယ်လွယ်ကူကူ သုံးနိုင်အောင် အဆင်သင့်ပြင်ပေးခြင်းအားဖြင့် စာရေးတတ်ကာစမို့ ရင်ထဲမှာ ပေါ်လာနေတဲ့ သူတို့လေးတွေရဲ့ စာရေးချင်စိတ်ကို ပံ့ပိုးပေးရာ ရောက်ပါတယ်။

အချက်အလက်တွေ တော်တော်များများ ချပေးထားပြီး သူတို့ကိုယ်တိုင် အချက်အလက် ရှာတတ်တဲ့အချိန်ရောက်လာပြီး၊ ကိုယ်တိုင်လည်း အချက်အလက်တွေကို ရှာဖွေ၊ စုဆောင်းပြီး ရေးတတ်လာတဲ့ အဆင့်ရောက်တဲ့အခါမှာတော့ ဦးဟန်ကြည်တို့ ခပ်ငယ်ငယ်ကတည်းက လိုက်နာခဲ့တဲ့ “ စု၊ တု၊ ပြု ” အဆင့်သုံးဆင့်ထဲက ပထမအဆင့်ကို ကျောင်းသားတွေ လက်လှမ်းမီလာပါပြီ။ အဲဒီ “ စု ”တဲ့အဆင့်ကနေ နောက်သိပ်မကြာခင်မှာပဲ “ တု ” ပြီး ကိုယ်တိုင် “ ပြု ” နိုင်ကြပါတော့မယ်။ အဲဒီလို “ ပြု ” နိုင်လာတဲ့ အချိန်ဟာ ကျောင်းသားရဲ့ ဥာဏ်ရည်၊ ပင်ကိုဗီဇကို မူတည်ပြီး စာမေးပွဲဖြေဖို့ သုံးလေးလ အလိုလောက် ဖြစ်သွားနိုင်သလို၊ စာမေးပွဲဖြေဖို့ တစ်လအလိုလောက်မှလည်း ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ တစ်ချို့ကျောင်းသားတွေကတော့ စာမေးပွဲဖြေတဲ့အချိန်အထိ “ တု ” တဲ့အဆင့်တောင် ရောက်ကြမှာ မဟုတ်ပါ။ ဒါပေမယ့် အဲဒီအဆင့်ကို ရောက်မသွားခဲ့ပေမယ့် စာမေးပွဲအောင်ဖို့က စိုးရိမ်စရာ မလိုလှပါ။

ဘာကြောင့်လဲဆိုရင် တပည့်တွေကို စာစီစာကုံးရေးနည်း သင်ပေးနေတဲ့ ဦးဟန်ကြည်က Exam point of view နဲ့ သင်ပေးနေတာ မဟုတ်လို့ပါ။ တစ်သက်နဲ့တစ်ကိုယ် စာစီစာကုံးဆိုတဲ့ အရာကို ဒီအချိန်၊ ဒီအသက်၊ ဒီအတန်းရောက်မှ အရှင်လတ်လတ် မြင်ကြ၊ တွေ့ကြ၊ ရေးကြရတဲ့ ကျောင်းသားတွေအတွက် စာစီစာကုံးအမှတ် ၂၀ ဖိုးမှာ ဂုဏ်ထူးမှတ် ၁၆ မှတ်ရဖို့ဆိုတဲ့ ကိစ္စဟာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တာ မြေကြီးလက်ခတ်မလွဲသေချာသလို စာလုံးပေါင်းသတ်ပုံကိုတောင် မှန်အောင်မပေါင်းတတ်ကြသေးတဲ့ ဒီဘက်ခေတ် မောင်ပျင်း၊ မယ်ပျင်းလေးတွေဆီမှာလည်း မြန်မာစာကို မြတ်နိုးစိတ်၊ ချစ်မြတ်နိုးစိတ်၊ သိသိသာသာ နည်းနေတာကြောင့် သူတို့လေးတွေနဲ့ မြန်မာစာ ဂုဏ်ထူးနဲ့လဲ မတန်ကြသေးပါ။ တကယ်ဆိုရင် စာမေးပွဲမှာ အမှတ်ကောင်းကောင်းရဖို့အတွက် အရေးကြီးတဲ့ သင်ခန်းစာတွေကို ကျကျနန တိတိကျကျသင်ကြားပေးဖို့ပဲ ပိုအရေးကြီးပါတယ်။ စာစီစာကုံးအရေးအသား ကောင်းရုံတစ်ခုတည်းနဲ့တော့ မြန်မာစာ အောင်မှတ်ရဖို့ မဖြစ်နိုင်သလို အမှတ်ကောင်းကောင်းရဖို့လည်း မဖြစ်နိုင်သေးတာ သေချာပါရဲ့။

ဒါပေမယ့် မြန်မာပြည်မှာနေ၊ မြန်မာစကားကို ပြောနေကြသူတွေဖြစ်တာကြောင့် တက္ကသိုလ်ဝင်တန်းအဆင့်ကို ကျော်လွန်လာတဲ့ ကျောင်းသားတစ်ယောက်ဟာ မြန်မာစာကိုတော့ ကျကျနနနဲ့ အများနားလည်အောင် ရေးတတ်ဖို့ အရေးကြီးလှပါတယ်။ မြန်မာစာကို ပီပီပြင်ပြင် ကျကျနနရေးသားတတ်ခြင်းဟာ မြန်မာနိုင်ငံသားတစ်ယောက်အတွက် အမြင့်ဆုံးဂုဏ်သိက္ခာလည်း ဖြစ်ပါသေးရဲ့။
ဘွဲ့လက်မှတ်ကြီးကို မှန်ပေါင်သွင်းလို့ ကျကျနန ချိတ်ထားပြီး စာတစ်ကြောင်းကိုတောင် အများနားလည်အောင် မရေးတတ်တဲ့ အဖြစ်မျိုး ကလေးတွေကို မရောက်စေချင်ပါ။ ပညာတတ်တစ်ယောက်နဲ့ ထိုက်သင့်တဲ့ အရည်အချင်းမျိုး ဒီနေ့ခေတ်ကလေးတွေ ရှိစေချင်တာလည်း ဦးဟန်ကြည်ရဲ့ ဆန္ဒဖြစ်ပါတယ်။ ဒါကြောင့် အမှတ်ကောင်းရေး၊ ဂုဏ်ထူးထွက်ရေးဆိုတဲ့ ရည်မှန်းချက်တွေကို အသာဘေးချိတ်လို့ career point of view, cultural point of view ကနေ ရှုမြင်ပြီး စာစီစာကုံးကောင်းကောင်းရေးတတ်ဖို့၊ ကဗျာတွေ၊ စကားပြေတွေကို အရသာခံတတ်ဖို့ စိတ်ရှည်လက်ရှည်သင်ပေးနေမိပါတော့တယ်။ နောက်ဆုံးအနေနဲ့ပြောရရင် လူငယ်တစ်ယောက်အနေနဲ့  မြန်မာစကားပြေကို ကျကျနန၊လှလှပပ ရေးတတ်ဖွဲ့တတ်ရင် လူငယ်တို့ ဘာဝ နှလုံးသားကျမ်းစာ၊ ချစ်သ၀ဏ်လွှာကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးသားတတ်မှာမို့ ရည်းစားတစ်ယောက်ရဖို့အရေးမှာ တက္ကသိုလ်ကျောင်းသားဘ၀က ရည်းစားစာ ရှဲဒိုးရေးစားခဲ့တဲ့ ဦးဟန်ကြည်တို့လို ပုဂ္ဂိုလ်တွေဆီမှာ မျက်နှာအောက်ချလို့ အသနားခံ၊ တောင်းပန်နေစရာ မလိုတော့မှာ မြေကြီးလက်ခတ်မလွဲအောင် သေချာနေပြီ မဟုတ်ပါလားလေ။           

တောင်းပန်လွှာ။   
လူငယ်ရေးရာကဏ္ဍလို့ ကဏ္ဍတစ်ခုဖွင့်ပြီး ရေးနေပေမယ့် ဦးဟန်ကြည်နဲ့ ပတ်သက်နေတဲ့ လူငယ်အများစုက ကျောင်းသားပတ်ဝန်းကျင်ပဲ ဖြစ်နေတာကြောင့် ရံဖန်ရံခါမှာ ခေါင်းစဉ်နဲ့ပို့စ် မအပ်စပ်သလို ဖြစ်သွားခဲ့ရင် သည်းခံဖို့ တောင်းပန်ပါရစေ။

ကြိုက်ရင်ပေါ့လေ . . .