Thursday, 27 October 2011

လွမ်းတော်မူလို့ စာကိုစီတယ် . . .


“ သူငယ်ချင်းများစွာ…ဆုံဆည်းခဲ့ရာ…နောက်ဆုံးတစ်နေ့မှာ…ပြန်ပြီးခွဲခွာ… ”

တက္ကသိုလ်ကျောင်းသားဘ၀က ကြားဖူးနားဝရှိခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ “ သူငယ်ချင်းများစွာ ” သီချင်းထဲက စာသားတစ်ပိုင်းတစ်စကို ဦးဟန်ကြည်တစ်ယောက် ခပ်တိုးတိုးညည်းမိပါတယ်။ သူငယ်ချင်းဆိုတာ ကြမ်းတမ်းတဲ့ဘ၀ခရီးရဲ့ အဖိုးမဖြတ်နိုင်တဲ့ အိုအေစစ်တွေဖြစ်တာမို့ လူတိုင်းတန်ဖိုးထားကြတဲ့ အနဂ္ဃရတနာတွေ မဟုတ်ပါလား။ ခင်မင်ရတဲ့ စိတ်တူသဘောတူ ၀ါသနာတူ သူငယ်ချင်းတစ်အုပ်နဲ့သာ အတူသွားရမယ်ဆိုရင်ဖြင့် ငရဲကိုတောင် ပျော်ပျော်ကြီးသွားကြမှာ ဦးဟန်ကြည်တို့ ပုထုဇဉ်လူသားတွေပဲ မဟုတ်ပါလားလေ။

ဦးဟန်ကြည်တို့ခမျာမှာ အလယ်တန်းကျောင်းသားဘ၀က အရေးအခင်းကြောင့် ကျောင်းနှစ်နှစ်လောက်ပိတ်တာ ခံလိုက်ရတဲ့အပြင် ဆယ်တန်းအောင်ပြီးပြန်တော့လည်း တက္ကသိုလ်တွေဖွင့်ဖို့ သုံးနှစ်နီးပါးထိုင်စောင့်ခဲ့ရသေးတာမို့ တက်ချင်လွန်းလှတဲ့ ဆေးတက္ကသိုလ်ကိုရောက်တဲ့အခါမှာတော့ အသက်တွေ နှစ်ဆယ်ဝန်းကျင်ဖြစ်ကုန်ကြပါပြီ။ ခေတ်ဆိုး၊ ခေတ်ကြပ်ကြီးထဲမှာ ရှင်သန်ရုန်းကန်ခဲ့ကြရသူတွေဖြစ်တာမို့လည်း အရွယ်တွေက ရှိသင့်တာထက်ပိုရင့်နေကြသလို အတွေးအခေါ်တွေကလည်း လူကြီးတစ်ပိုင်း ဖြစ်လို့နေပါပြီ။ တစ်ယောက်ကိုတစ်ယောက် ယုံကြည်လို့မရတဲ့ အနေအထားကို နှစ်ရှည်လများ ကြုံတွေ့ဖြတ်သန်းလာရသူတွေဖြစ်တာမို့လည်း ကျောင်းရောက်စမှာ အချင်းချင်း ရင်းနှီးပွင့်လင်းဖို့ ခင်ခင်မင်မင်ဖြစ်ဖို့ အတော်အားယူကြရပါတယ်။ ဒီကြားထဲမှာ ကျောင်းသားငယ်ဘ၀ကတည်းက အတန်းထဲမှာထိပ်၊ အမျိုးအဆွေတွေရဲ့ အညွှန့်အဖူးတွေဖြစ်ကြပြန်တာမို့ မာနလေးတွေကလည်း ငယ်ထိပ်တက်နေကြပြန်တာကြောင့် ကျောင်းစတက်လို့ လေးငါးဆယ်ရက်ကြာတဲ့အထိ သူတစ်လူ၊ ငါတစ်မင်းဖြစ်နေခဲ့ကြပါရဲ့။ ဒါပေမယ့် အတန်း Executive Committee ( E C ) အဖွဲ့ရဲ့ အစီအစဉ်နဲ့ ပုဂံကို တစ်ညအိပ်နှစ်ရက် ပျော်ပွဲစားထွက်ပြီးကြတဲ့ နောက်မှာတော့ တစ်ယောက်နဲ့တစ်ယောက် ငယ်ပေါင်းကြီးဖော်၊ သောက်ဖော်စားဖက်တွေလို ပုလင်းတူဘူးဆို့ချင်း လည်ပင်းဖက်လျက်သား ဖြစ်ကုန်ကြပါတော့တယ်။

ခပ်ငယ်ငယ်အရွယ်ကတည်းက အပေါင်းအသင်းနည်းနည်းနဲ့ တစ်သီးပုဂ္ဂလနေခဲ့တဲ့ ဦးဟန်ကြည်တစ်ယောက်လည်း ဆရာဝန်လုပ်မယ့်လူဖြစ်လာတာမို့ ငယ်ကျင့်တွေဖျောက်ပြီး မည်းမည်းမြင်သမျှ ပြုံးပြမျက်နှာချိုသွေးပြီး အပေါင်းအသင်းလုပ်လိုက်ရာမှာတော့ အတန်းထဲက သူငယ်ချင်းပေါင်း ၁၆၀ လောက်မှာ ၁၅၀ ၀န်းကျင်လောက်နဲ့ ရင်းနှီးသွားပါတော့တယ်။ ဆေးတက္ကသိုလ်မှာက ward ထဲဆင်းဖို့နဲ့ လက်တွေ့လုပ်ဖို့ အုပ်စုငယ်တွေခွဲပေးထားတာမို့ အုပ်စုတူချင်းက ပိုပြီးအကျွမ်းတ၀င်ရှိကြတာ သဘာဝဖြစ်ပါတယ်။ ဒီကြားထဲမှာ ရဲကျော်သူ၊ ရဲထွန်းကို၊ ရဲထွဋ်နောင် ဆိုတဲ့ “ ရဲသုံးဖော် ” က ရှိသေးသလို အောင်ခိုင်၊ အောင်နိုင်ဦး၊ အောင်ကျော်စိုး၊ အောင်ကျော်စိုးစံ၊ အောင်မြင့်ဦး၊ အောင်မြင့်အေး၊ အောင်ကိုဦး ဆိုတဲ့ “ အောင်ခြင်းရှစ်ပါး ” ကလည်း သီးသန့်တစ်ဂိုဏ်း ရှိပါသေးရဲ့။ ဒါတင်အားမရသေးဘဲ တောင်ကြီးသား စိုင်းဗညား ဦးစီးတဲ့ “ သေမင်းတမန်ဂိုဏ်း ” ၊ မုံရွာသား ပေါ်ဦးရဲ့ “ ကြာကူလီဂိုဏ်း ”၊ တန့်ဆည်သား ကျော်မင်းခေါင်းဆောင်တဲ့ “ ရာမဂိုဏ်း ” စတဲ့ မဒီကညာတစ်သိုက်ကို အကြည်အသာဝိုက်ရာက ဖြစ်ပေါ်လာတဲ့ ဂိုဏ်းကြီးတွေလည်း ရှိနေပြန်ပါသေးတယ်။

အဲဒီဂိုဏ်းတွေထဲမှာ သေမင်းတမန်းဂိုဏ်းဆိုတာက တကယ့်လူချောတွေ၊ ကင်းတွေ၊ မင်းသားတွေနဲ့ ဖွဲ့ထားပါတယ်။ အနှီသကောင့်သားတွေက ရူပါဖြူးကြတာမို့ မြင်သမျှ မဒီတွေအတွက် မကြိုက်ဘဲမနေနိုင်အောင် အန္တရာယ်ကြီးလှတာမို့ “ သေမင်းတမန်ဂိုဏ်း ” လို့ မည်ပါသတဲ့။ အမဆိုရင် ခြေမ၊ လက်မပါမကျန် ငမ်းတတ်တဲ့ သကောင့်သားတွေကတော့ “ ကြာကူလီဂိုဏ်း ”၊ သူတို့ကြံသမျှ၊ သူတို့ချိန်သမျှ၊ သူတို့လျာထားသမျှ သူများမ-မ သွားတာခံရလေ့ရှိတဲ့ ဂေါ်သမျှမစွံတဲ့ ဖိုးကျန်ရစ်တွေကတော့ “ ရာမဂိုဏ်း ” မှာ အသီးသီး အသက စုစည်းပါဝင်ကြပါတော့တယ်။ ဒါတင်မကသေးဘဲ ဆယ်တန်းတုန်းက သင်္ချာတစ်ရာမပြည့်ခဲ့တာကို စိတ်နာနာနဲ့ ဆေးကျောင်းရောက်မှ နေ့မီးညမီးဆက်ပြီး အပတ်တကုတ်ကြိုးစားပြီး ဂဏန်းပေါင်းကြတဲ့ “ ကုလားကားအုပ်စု ”၊ ချိုတမြမြခါးသက်ရီဝေပါတဲ့ ပယင်းရောင် ယစ်ရွှေရည်ကို တွယ်တာကြတဲ့ “ ရှပ်အုပ်စု ”၊ သူများတကာလုပ်တဲ့ အားကစားကို လောင်းကစားဖြစ်အောင် ကြံစည်ကြိုးကုတ် အားထုတ်ကြတဲ့ “ တစ်လုံးအုပ်စု ” စသည်၊ စသည်ဖြင့်လည်း အုပ်စုပေါင်းများစွာ ရှိနေပြန်ပါသေးတယ်။ ထုံးစံက ဆေးတက္ကသိုလ်ကဘွဲ့ရပြီးမှ ဆိုင်ရာဆိုင်ရာ၊ သန်ရာသန်ရာ အထူးပြုယူကြပြီး ပါရဂူလိုင်းတွေ ခွဲခြားကြရိုးဖြစ်ပေမယ့် ဦးဟန်ကြည်တို့တစ်တွေကတော့ ပထမနှစ်လောက်ကတည်းက ကိုယ့်စိတ်ကြိုက် အထူးပြုဘာသာရပ်တွေ ခွဲခြားပြီးသား ဖြစ်နေပါတော့တယ်။ ဤသည်လည်း တက္ကသိုလ်ကျောင်းသားတို့၏ ထုံးစံပင်မဟုတ်တုံချေလောလို့ပဲ စာသံပေသံနဲ့ ပြောရတော့မယ်ထင်ပါရဲ့။

အထက်ကပြောခဲ့သလို ဆိုင်ရာဂိုဏ်းတွေ၊ အုပ်စုတွေ၊ အဖွဲ့တွေမှာ ခင်ရမင်ရတဲ့ သူငယ်ချင်းတွေအပြင် ၀ါသနာတူ၊ စိတ်ကူကိုယ်တူတွေ စုစည်းပြီးဖွဲ့ကြပြန်တဲ့ စာပေအုပ်စုတွေရှိသေးသလို၊ ဘောလုံးသင်းကလည်း ရှိလိုက်ပြန်ပါသေးတယ်။ ဆေးကျောင်းရောက်လို့ သုံးလေးလလောက်မှာ ၀ါသနာတူ သူငယ်ချင်းတွေစုပြီး ကဗျာစာအုပ်တွေ ထုတ်ဖြစ်ကြရာကနေ နောက်ထပ်သူငယ်ချင်းသစ်တွေထပ်ရလာပြန်ပါတော့တယ်။ ဖွတ်ကလိဒင်္ဂါးကို စစ်စစ်စီစီသုံးရတဲ့ ကျောင်းသားတွေဖြစ်တဲ့အပြင် ဒီဘက်ခေတ်လို ကွန်ပျူတာတွေလည်း ဈေးမပေါသေးတာမို့ ကဗျာစာအုပ်ကို တစ်ယောက်ထည်းမထုတ်နိုင်ဘဲ သူငယ်ချင်းတွေနဲ့ စုပေါင်းစပ်ပေါင်းထုတ်ပြီး၊ အခန်းတကာ၊ တက္ကသိုလ်တကာ လည်ရောင်းကြရပါတယ်။ ( အဲဒီတော့မှပဲ အနုပညာသမားဖြစ်ချင်ရင် မျက်နှာပြောင်ရဲရမယ်ဆိုတဲ့ ဥပဒေသ အသစ်ကိုရခဲ့ပါရဲ့…) ပထမနှစ်ကုန်ကာနီးလောက်မှာ ကိုအိမ့်၊ မင်းကြင်နာ၊ ကြည်ထွေးဟန်၊ ရီနေဆန်း၊ မြမှူးအိမ်နဲ့ ဦးဟန်ကြည်တို့က “ ရင်ကွဲကောင် ” အမည်နဲ့ ၀ထ္ထုတိုပေါင်းချုပ်တစ်အုပ် ထုတ်ဖြစ်တာကြောင့် ဦးဟန်ကြည်တို့ အုပ်စုက သူ့အလိုလို “ ရင်ကွဲကောင် အုပ်စု ” ဖြစ်ရပါတော့တယ်။

 စာပေ၀ါသနာအိုးတွေ ကဲင်တဲင်းမှာစုထိုင်ပြီး သူ့ကဗျာ၊ ကိုယ့်ကဗျာ လဲဖတ်ကြ၊ သူ့ဝထ္ထု ကိုယ့်ဝထ္ထု အပြန်အလှန်ဝေဖန်ကြနဲ့ အင်မတန် ပျော်ဖို့ကြည်နူးဖို့ ကောင်းလှပါရဲ့။ မော်ဒန်ကဗျာတွေ၊ မော်ဒန်ဝထ္ထုတွေ ခေတ်စားလှတဲ့ အဲဒီအချိန်မှာတောင် ဆရာငြိမ်းကျော်ရဲ့ ၀ထ္ထုထဲက စာသားတွေ၊ စကားပြေအရေးအသားတွေကို မက်မက်စက်စက်ရှိလွန်းပြီး၊ ရှေးရိုးကဗျာဖွဲ့နည်းတွေကို တမြတ်တနိုးဖက်တွယ်ထားတဲ့ ဦးဟန်ကြည်ပေါက်စလေးကို သူငယ်ချင်းအပေါင်းက Sir Realism လို့ အမြင်ကတ်ကတ်နဲ့ ၀ိုင်းသမုတ်ကြတာကိုလည်း ပြန်တွေးမိတိုင်း ဆွတ်ပျံ့လွမ်းမောနေမိပါသေးတယ်။ စလေဦးပုည၊ နတ်ရှင်နောင်၊ န၀ဒေး၊ မင်းကြီးကတော်ခင်ဆုံ၊ သတိုးပီယ အစရှိတဲ့ စာပေပညာရှင်တွေနဲ့သာ အကျွမ်းတ၀င်ရှိခဲ့တဲ့ ဦးဟန်ကြည်ခမျာမှာ မာယာကော့ဗ်စကီး၊ အန်တွန်ချက်ကော့၊ အီလျာအာရင်ဘတ်၊ မော်ရေးဗီးယား ဆိုတဲ့ နိုင်ငံတကာ စာပေပညာရှင်တွေကို နံမည်တောင်မကြားဖူးခဲ့ရှာတာကြောင့် သူငယ်ချင်းတွေရဲ့ စာပေစကားဝိုင်းမှာ မျက်စိသူငယ်နားသူငယ်နဲ့ မကြာခဏဆိုသလို ဒုက္ခရောက်ရတာကိုလည်း ပြန်တွေးတိုင်း လွမ်းမိပါတော့တယ်။ စာသမားချင်းအတူတူ၊ နှာတစ်ဖျားအသာယူခံရတာကို မခံချင်စိတ်နဲ့ အနှီစာရေးဆရာတွေရေးတဲ့ စာအုပ်တွေကို ဘာသာပြန်ရော၊ မူရင်းပါရအောင်ရှာပြီး ခေါင်းမူးအောင် ဖတ်ခဲ့ရတာတွေဟာလည်း ပြန်မရနိုင်တော့တဲ့ ဘ၀ရဲ့ အမှတ်တရတွေပဲ မဟုတ်ပါလား။

ငယ်စဉ်တောင်ကျေး ကလေးဘ၀က စာကြမ်းပိုးဖြစ်ခဲ့တဲ့ ဦးဟန်ကြည်တစ်ယောက် တက္ကသိုလ်ရောက်တဲ့အခါမှာ ၀ါသနာတူ စာပေမိတ်ဆွေတွေရဲ့ သိုင်းဝိုင်းပံ့ပိုးမှုတွေကြောင့် “ စာလိပ် ” ဖြစ်ခဲ့ရတာဟာလည်း ဘ၀ရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာ၊ သူငယ်ချင်းတွေဆီကရခဲ့တဲ့ မြတ်နိုးစရာအကောင်းဆုံး ဘ၀လက်ဆောင်ပဲ ဖြစ်ပါတော့တယ်။ မန္တလေးဆေးတက္ကသိုလ်ငွေရတုမဂ္ဂဇင်းမှာ ကုန်းဇောင်းရွာက ဆေးကျောင်းသူ မတင်တင်ဝင်းက ၀ထ္ထုတိုတစ်ပုဒ်ရေးပြီး နောင်တစ်ချိန်မှာ “ ဂျူး ” အဖြစ်နဲ့ နိုင်ငံကျော်ခဲ့ပေမယ့် ဆေးတက္ကသိုလ်ရွှေရတုခေတ်မှာ ဆေးကျောင်းရောက်ခဲ့တဲ့ ဦးဟန်ကြည်တစ်ယောက် ဘာတစ်ခုမှ ပေါက်ပေါက်မြောက်မြောက် လောက်လောက်လားလား မဖြစ်ခဲ့ရတာကတော့ ကိုယ့်ဘ၀ကံဇာတာရဲ့ ချွတ်ချော်မှုလို့ပဲ လူမဟန်၊ ကံကိုမဲရင်း သူငယ်ချင်းများကို လွမ်းတော်မူတာကြောင့် ဒီစာကို စီလိုက်ရပါကြောင်းလေ။                   

Monday, 24 October 2011

အသားတစ်ပိဿာ၊ မစင်တစ်မတ်သား . . .

ဦးဟန်ကြည်တစ်ယောက်  
ဘောလုံးပွဲကို သည်းသည်းမည်းမည်းဝါသနာကြီးလှတာ အများသိတော်မူကြတဲ့အတိုင်းပါ။ ဒါပေမယ့် အားကစားကို လောင်းကစားအသွင်ပြောင်းရမှ ဘ၀င်ကျ၊ မနောခွေ့ကြတဲ့ ရွှေပြည်သားတွေနဲ့ လားလားမှမတူဘဲ အားကစားသက်သက်ကိုသာ တစိုက်မတ်မတ်အားပေးနေဖြစ်တော့တာမို့ လူအားရော၊ ငွေအားပါ စိုက်ထုတ်အားပေးကြတဲ့ အနှီပုဂ္ဂိုလ်တွေလို မံမံတူတူမပုန်းဘဲ ဒီနေ့ဒီအချိန်အထိ စားနိုင်သောက်နိုင် ပါးစပ်ကြီးနဲ့ ဖြစ်နေဆဲပါ။ တစ်လုံး၊ နှစ်လုံး၊ သုံးလုံးစသည်ဖြင့် အလုံးရောဂါသည်တွေ ပေါများလှပါတဲ့ ဦးဟန်ကြည်တို့ရဲ့ မျှော်တိုင်းမဝေးတဲ့ ရွှေပြည်တော်ကြီးမှာ ဘောလုံးမှန်လို့ တိုက်ပေါ်ကနေခွေးကျဝက်ကျကျပြီး တဲပေါ်မှာခွေနေရတဲ့ ကောင်းတာကို မစားချင်သူ အပေါင်းသဟာများကို သံဝေဂယူစောတာကြောင့် ဘောလုံးပွဲဟူသမျှကို အိပ်ရေးပျက်၊ မျက်ချေးထွက်ခံပြီး အားပေးသော်ငြားလည်း အိပ်ကပ်ထဲက ဖွတ်ကလိဒင်္ဂါးကိုတော့ တစ်ပြားမှအထိမခံရဲတာလည်း အကြောင်းတစ်ခု ပါမယ်ထင်ပါရဲ့။

ဒါပေမယ့် ဦးဟန်ကြည်သည်လည်း အများတကာလို အမှားသတ္တ၀ါ လောကီသားဖြစ်နေတာကြောင့် မိဘပိုက်ဆံကို စိတ်ကြိုက်သုံးမှ ကုသိုလ်ရတဲ့ တက္ကသိုလ်ကျောင်းသားဘ၀တစ်လျှောက်လုံးမှာ အနှီဘောလုံးပွဲလောင်းကစားများနဲ့ မကင်းခဲ့တာကို ၀န်ခံရပါလိမ့်မယ်။ Beckham, Nicky Butt, Neville ညီနောင်, Scholes စတဲ့ Man U Academy 92 batch သင်တန်းသားတစ်အုပ် အသင်းကြီးမှာ စကစားခွင့်ရကြတဲ့ ၉၆ ခုနှစ်လောက်ကတည်းက ပရီးမီးယားဘောလုံးပွဲတွေကို မစားရ၀ခမန်း အားပေးသားကျနေခဲ့တဲ့အပြင် ထွက်သမျှဂျာနယ်တိုင်းကို မိဘပိုက်ဆံနဲ့ အင်တိုက်အားတိုက် ၀ယ်ဖတ်ခဲ့တဲ့ အကျိုးဆက်တွေကြောင့် ကျောင်းသားဘ၀က ဘောလုံးဆရာကြီးအဖြစ်နဲ့ ဖွတ်တက်အောင် မွဲခဲ့ဖူးပါရဲ့။ မွဲရခြင်းအကြောင်းရင်းက မိဘအိမ်မှာနေ၊ မိဘအိမ်မှာစားလို့ မိဘပိုက်ဆံနဲ့ ကျောင်းတက်ပညာသင်ခွင့်ရတာတောင် အားမရနိုင်သေးဘဲ မိဘဆီက မုန့်ဖိုးပါတောင်းကြတဲ့ ရွှေပြည်သား ကျောင်းသူ၊ကျောင်းသားတွေရဲ့ ထုံးဟောင်းကို အပြည့်အ၀လိုက်နာပြီး လကုန်ရက်တိုင်း မိဘဆီလက်ဖြန့်တောင်းလို့ ရသမျှ တစ်လစာ မုန့်ဖိုးကို နိုင်ငံတကာဘောလုံးအကျော်အမော်တွေရဲ့ ခြေတော်ဖျားမှာ ပုံအောထားပြီး တစ်ပတ်တစ်ခါ ပူဇော်လေ့ရှိလို့ပဲ ဖြစ်ပါတယ်။

http://cdn.bleacherreport.net/images_root/slides/photos/000/990/864/92_display_image.jpg?1307272004
ဦးဟန်ကြည်ရဲ့ ဘော်ဒါအပေါင်း
တကယ်လို့များ လကုန်ရက်ဟာ တနင်္လာလိုနေ့မျိုးဖြစ်ခဲ့ရင်တော့ မုန့်ဖိုးငွေက လက်ထဲမှာ တစ်ပတ်လောက်တော့ မြဲတတ်ပါရဲ့။ သောကြာနေ့လိုနေ့မျိုးမှာ လကုန်ခဲ့ရင်တော့ စနေ၊ တနင်္ဂနွေနှစ်ရက်ကျော်တာနဲ့ ဘောလုံးမှန်လို့ ပိုက်ဆံအိတ်ပေါက်တဲ့ ရောဂါကြောင့် သူငယ်ချင်းအပေါင်းအသင်းများနဲ့ မနက်ခင်း လက်ဖက်ရည်ဆိုင်တောင် မထိုင်နိုင်တော့ဘဲ
“ အမေ့လက်ဖက်ရည်ပဲ သောက်လို့ကောင်းတယ် ” ဆိုတဲ့ ဆင်ခြေဆင်လက်ပေးပြီး အရိုးမရှိတဲ့ လျှာတစ်ချောင်းကို ကောင်းကောင်းအသုံးချလို့ မွေးသမိခင်ကို မြှောက်ပင့်ပြီး အိမ်ကလက်ဖက်ရည်ပဲ ကပ်သောက်ရတာလဲ လစဉ်နဲ့အမျှပါ။ လစဉ်လတိုင်းလိုလို ရသမျှမုန့်ဖိုးပြောင်အောင် လောင်းကစားနဲ့ အကျိုးပေးသန်လွန်းလှတဲ့ ကိုယ့်ကုသိုလ်ကံကို ကောင်းကောင်းကြီးသဘောပေါက်မိတဲ့နောက်မှာတော့ မုန့်ဖိုးလေး မြိုးမြိုးမြက်မြက်ရတဲ့အခါတိုင်းမှာ ၀ယ်စရာ၊ ခြမ်းစရာတွေကို အရင်ဆုံးပြေးဝယ်ပြီး ရှိစုမဲ့စု ကိုယ်ရောင်ကိုယ်ဝါကလေးတွေ မမှေးမှိန်ရလေအောင် ကြိုတင်ကာကွယ်ခဲ့ရရှာပါတယ်။ အဲဒီလိုမှ မကာကွယ်ရင်လည်း ၀တ်ကောင်းစားလှရယ်လို့ တစ်ထည်မှ ရှိတော့မှာမဟုတ်ဘဲ ဘောလုံးဘောင်းဘီတိုကလေးဝတ်လို့ နားကြပ်ကို လည်ပင်းမှာချိတ်ပြီး Ward ထဲမှာ မျက်နှာပြောင်ပြောင်နဲ့ round နေရမယ့်အရေးက သေချာလွန်းနေတယ် မဟုတ်ပါလား။

ဘောလုံးမှန်လို့ မုန့်ဖိုးပြောင်လေ့ရှိပေမယ့် မောင်ဟန်ကြည်ကလေးမှာ လောင်းကစားသွေးရယ်လို့ ဟုတ်ဟုတ်ငြားငြားမပါရှာဘဲ 
 “ တက္ကသိုလ်ကျောင်းသားတိုင်း လောင်းကစား တစ်မျိုးမျိုးတတ်မြောက်ကြသည် ” ဆိုတဲ့ ရှေးသူဟောင်း နောင်တော်ကြီးတို့ရဲ့ လမ်းရိုးကို အပြည့်အ၀လိုက်လျှောက်ပြီး ဘော်ဒါအပေါင်းနဲ့ ပျော်စရာကောင်းဖို့သာ ရည်ရွယ်ခဲ့ရိုးအမှန်ဖြစ်ပါတယ်။ ကိုယ်လောင်းထားတဲ့ အသင်းရှုံးရင်လည်း “ မုန့်ဖိုးတော့ပြောင်ပဟဲ့ ” ဆိုတဲ့ အတွေးမျိုးပေါ်ရုံလောက်သာရှိပြီး ငွေမျောရင်ငွေနဲ့လိုက်မယ်ဆိုတဲ့ အတွေးဆိုးမျိုးလည်း မပေါ်ခဲ့ဖူးပါ။ နိုင်ပြန်ရင်လည်း 
 “ မုန့်ဖိုးပွားလာပြီ ” ဆိုတဲ့ သာမန်ပီတိမျိုးထက်မပိုခဲ့ပါ။ ဘောလုံးမှန်တဲ့အခါမှာလည်း အပြုံးမပျက်ခဲ့သလို ဘောလုံးအောင်တဲ့အခါမျိုးမှာလည်း မြောက်ကြွကြွမဖြစ်ခဲ့ဖူးတာတော့ အမှတ်ထင်ထင်ရှိနေခဲ့ပါတယ်။ တစ်ခါတစ်လေမှာတော့ ဘောလုံးပွဲကို လောင်းရုံသာလောင်းထားခဲ့ပြီး မကြည့်ဖြစ်ဘဲ အိမ်ပြန်ပြီးအိပ်တဲ့အခါလည်း ရှိပါသေးတယ်။ မနက်မိုးလင်းမှ ဘောလုံးပွဲရုံရှေ့မှာထောင်ထားတဲ့ ဆိုင်းဘုတ်ကို သွားဖတ်ကြည့်ပြီး နိုင်တယ်ဆိုရင်လည်း ငွေကလေးအသာထုတ်၊ ရှုံးခဲ့ရင်လည်း လောင်းကြေးဖြတ်ပိုင်းလေးကို အသာဆုတ်ဖြဲလိုက်ရုံကလွဲလို့ ထူးထူးထွေထွေ မခံစားခဲ့ရဖူးပါ။ သူများယောင်တိုင်း လိုက်လို့ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိခဲ့ရှာဘဲ ၂၀ရာစု ကျောင်းသားကျင့်ဝတ်ကို တာဝန်ကျေအောင် လိုက်နာကျင့်သုံးခြင်းသာ ဖြစ်ခဲ့တာမို့ နဖူးကချွေး ခြေမပေါ်ကျရုံတောင်မကဘဲ အ၀ီစိက ငရဲမင်းရဲ့ ငယ်ထိပ်ပေါ်ကျတဲ့အထိ တပင်တပန်းကုန်းရုန်းရှာဖွေမှ ငွေမြင်ရတဲ့ ဒီနေ့ဒီအချိန်မှာ တစ်လုံး၊ နှစ်လုံး၊ သုံးလုံးစတဲ့ ရောဂါဆိုးတွေနဲ့ ကင်းကင်းလွတ်လွတ်နေနိုင်ခဲ့တာ ဖြစ်လိမ့်မယ်လို့ မကြာမကြာ တွေးမိပါရဲ့။

ဘာပဲဖြစ်ဖြစ် လူငယ်ဘ၀မှာ လူငယ်ပီသတဲ့ အမှားအယွင်းလေးတွေကို အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တယ်လို့ပဲ ဂုဏ်ယူရရင် ကောင်းမလား စဉ်းစားနေမိပါတယ်။ တစ်လုံးဆရာများ ပြောလေ့ရှိတဲ့ စကားတစ်ခွန်းကတော့ “ ဘောလုံးအကြောင်းနားမလည်ခင်၊ ဘောလုံးမလောင်းတတ်ခင် သင်လောင်းလောင်းရင်တော့ နိုင်စမြဲပဲ၊ လောင်းတတ်သွားရင်တော့ ကုန်ပါလေရော ” တဲ့။ ဘောလုံးဂျပိုး မောင်ဟန်ကြည်ကတော့ အဲဒီခေတ်အဲဒီအခါက ဘောလုံးက၀ိ ပညာရှိဖြစ်ခဲ့တာမို့ လောင်းသမျှရှုံး၊ တောင်းသမျှဆုံးဖြစ်ရတယ်လို့ပဲ ဆိုရတော့မလား မသိတော့ပါ။ အဲဒီဆိုရိုးစကားရဲ့ မှန်ကန်ချက်ကို သူငယ်ချင်းတစ်ယောက်က သက်သေပြခဲ့ဖူးပါတယ်။ ပထမနှစ်ကျောင်းသားဘ၀က Test တွေနှိပ်စက်တိုင်းမှာ စာမေးပွဲဆိုရင် သေမတတ်ကြောက်ရှာတဲ့ မောင်ဟန်ကြည်တစ်သောက် သူငယ်ချင်းအဆောင်ကို သွားသွားအိပ်ပြီး စာအတူကျက်လေ့ရှိခဲ့ပါတယ်။ အဆောင်က သူငယ်ချင်းတစ်ယောက်က နဂိုကတည်းက လောင်းကစားဗီဇကလေး တကြွကြွ ရှိနေသူဖြစ်တာမို့  “ ကုလားကားကြည့်တဲ့လိုင်း ” ကနေ “ တစ်လုံးလိုင်း ” ကိုပြောင်းဖို့ စိတ်ကူးနေတဲ့အချိန်မှာ ဘောလုံးက၀ိ မောင်ဟန်ကြည် စာအတူလာကြည့်တိုင်း ဘောလုံးအသင်းတွေအကြောင်း တဖွဖွမေးပြီး ပညာယူလေ့ရှိပါတယ်။ ဘောလုံးသင်းတွေကို နည်းနည်းပါးပါးတီးမိခေါက်မိရှိလာချိန်မှာတော့ “ ဘောလုံးလောက ” ထဲကို အကြံပေးအရာရှိ မောင်ဟန်ကြည် အားကိုးနဲ့ ခြေစုံပစ်ဝင်ရုံတင်အားမရသေးဘဲ တစ်ကိုယ်လုံးပစ်ဝင်လိုက်ပါတော့တယ်။ ဘောလုံးအကြောင်းကို လုံးခြမ်းမကွဲခင်တုန်းက လောင်းသမျှနိုင်နေတာမို့ အားတွေရ၊ ဘ၀င်တွေကျပြီး ဂျာနယ်ပေါင်းစုံဝယ်ဖတ်၊ ဘောလုံးပွဲဟူသမျှ မလွတ်တမ်းကြည့်လို့ က၀ိလက်သစ်ဖြစ်သွားချိန်မှာတော့ လောင်းသမျှကွဲ၊ ထောင်းသမျှလဲပြီး တောင်းသမျှမွဲရှာပါတော့တယ်။

လောင်းကစားပါရမီအရင်းခံ ရင့်သန်လှပါတဲ့ အဲဒီသူငယ်ချင်းခမျာ ဘောလုံးကနေ လိုင်းပေါင်းစုံခုန်ကူးလို့ “ မ.ထ.သ ” အဖြစ်နဲ့ 
“ ဖဲဝိုင်း ” အစ၊ “ ဂျင်ဝိုင်း ” အလည်၊ “ ရွှေဘောလုံး ” အဆုံး လောင်းကစားနည်းမျိုးစုံအောင် စိတ်နောက်ငွေပါ မီးကုန်ယမ်းကုန်ကြဲပစ်လိုက်ရာမှာတော့ သူငယ်ချင်းတစ်ယောက်ရဲ့ ဆိုင်ကယ်ကို ခဏငှားပြီး ပေါင်လို့ရတဲ့ငွေကို ကစားဝိုင်းမှာ ဖြုန်းပစ်တဲ့အထိ အခြေအနေဆိုးသွားရှာပါတော့တယ်။ ဒါတင်အားမရသေးဘဲ ပေါင်ထားတဲ့ဆိုင်ကယ်ကို ပြန်ရွေးဖို့ ငွေရှာမယ့်စိတ်ကူးနဲ့ သူငယ်ချင်းလေးငါးယောက်ရဲ့ စက်ဘီးတွေကို ပေါင်ပစ်ပြီး ထပ်အောလိုက်ပါသေးတယ်။ အဲဒီခေတ်က သုံးသောင်းဝန်းကျင်ပေးရတဲ့ Littmann နားကြပ်ကိုလည်း ကစားဝိုင်းမှာ အရင်းလုပ်ဖို့ တစ်သောင်းဝန်းကျင်နဲ့ ရောင်းလိုရောင်း၊ ခြောက်သောင်းကျော်ပေးရတဲ့ GGO Anatomy စာအုပ်ကို ကျန်တဲ့သူငယ်ချင်းဆီမှာ ပေါင်လိုပေါင်နဲ့ ဖြစ်ချင်တိုင်းဖြစ်လို့၊ ပျက်ချင်တိုင်းပျက်သွားတာမြင်ရတော့ ဘောလုံးက၀ိ မောင်ဟန်ကြည်တစ်ယောက် ဆေးကျောင်းသားတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ ကိုယ်ကျင့်တရားကိုတောင် ခြစားအောင် တတ်နိုင်လှတဲ့ လောင်းကစားရဲ့ စွမ်းပကားကို ဖျားသွားရပါတော့တယ်။

http://www.conney.com/wcsstore/Conney/images/fullsize/z30245.gif
ဆေးလောကရဲ့ နံမည်အကြီးဆုံး Littmann Stetho
 
တစ်ညမှာတော့ နယ်ကကျောင်းလာတက်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဘောလုံးပွဲ အတူကြည့်ဖြစ်ကြပါတယ်။ လောင်းကစားသွေးကြီးလှတဲ့ အဲဒီသူငယ်ချင်းက တစ်လစာ အသုံးစရိတ်ငွေ တစ်သောင်းလုံးကို ချဲလ်ဆီးအသင်းဘက်ကနေ ပုံအောပစ်လိုက်ပြီး ဘောလုံးပွဲကို ရင်တခုန်ခုန်နဲ့ အတူထိုင်ပြီး ကြည့်နေရရှာပါတယ်။ တစ်ဂိုးသွင်းရင်တောင် အပြည့်နိုင်မယ့် လောင်းကြေးဖြစ်ပေမယ့် Zola, Jimmy Floyd Hasselbaink တို့ရဲ့ ချဲလ်ဆီးတိုက်စစ်က ပွဲပြီးဖို့ ၁၅ မိနစ်လိုတဲ့အချိန်အထိ တစ်ဖက်အသင်းရဲ့ ဂိုးပေါက်ကို လောက်လောက်လားလား မခြိမ်းခြောက်နိုင်တာကြောင့် တစ်လလုံး ထမင်းငတ်မယ့်ကိန်းနဲ့ ကြုံနေတဲ့ သူငယ်ချင်းခမျာ ဖင်တကြွကြွနဲ့ ရင်မနေရတာကို ဘေးကကြည့်ရင်း မောင်ဟန်ကြည်ပါ ရင်မောနေမိပါတော့တယ်။ သူ့ပါးစပ်ကလည်း “ ငါတော့ ထမင်းငတ်ပြီ ” ဆိုတဲ့ မြည်တမ်းစကားကို ဆီမန်းမန်းသလို တဖွဖွရေရွတ်နေပြန်တာကို စိတ်မသက်မသာနားထောင်နေရင်း လောင်းကစားသမားရဲ့ ၀ဋ်ဆင်းရဲကြီးပုံကို မောင်ဟန်ကြည်တစ်ယောက် တွေးမိခဲ့ဖြစ်ပါတယ်။ ပွဲပြီးဖို့ စက္ကန့်ပိုင်းအလိုရောက်မှ ဘယ်တောင်ပံကဖြတ်တင်ဘောကို မဖြစ်နိုင်တဲ့အနေအထားကနေ Hasselbaink ခေါင်းတိုက်သွင်းလိုက်မှ သူငယ်ချင်းဆီက “ ဟင်း ” ခနဲ သက်ပြင်းကြီးချသံ ထွက်လာပါတော့တယ်။ သူ့နဖူးမှာလည်း ဆီးကင်းလောက်ရှိတဲ့ ချွေးသီးချွေးပေါက်ကြီးတွေ ထွက်နေရှာပါပြီ။

http://i.dailymail.co.uk/i/pix/2008/09/11/article-0-002EA2BB00000258-367_468x509.jpg
ကျီစယ်ရက်ပါပေ့ မောင်မင်းကြီးသားရယ် . . .
 ကျန်တဲ့ဘောမိတ်ဆွေ သူငယ်ချင်းတွေမှာလည်း လောင်းကစားကြောင့် ကောင်းစားတယ်ဆိုတာ အင်မတန်ရှားလှပါတယ်။ သူငယ်ချင်းတစ်ယောက် စီးနေကျ စက်ဘီးမမြင်ရတာကြောင့် မေးမိတဲ့အခါ “ ရော်နယ်ဒို အိမ်ပြန်ဖို့ ငှားသွားတယ် ” လို့ ဖြေပါတယ်။ ဆိုလိုတာက ရော်နယ်ဒို နှိပ်စက်တာကြောင့် သူ့စက်ဘီး အပေါင်ဆိုင်ကို အလည်ရောက်သွားပါသတဲ့။ ဘောလုံးပွဲတွေပြီးသွားတဲ့ တနင်္လာနေ့ကတော့ ဈေးပေါင်ကျိုး၊ ဈေးနေ့လို့ ခေါ်နိုင်ပါတယ်။ ဘောလုံးပွဲကြောင့် ပိုက်ဆံအိပ်တွေပေါက်ကုန်ပြီး စားဖို့ပိုက်ဆံမကျန်တော့တာကြောင့် ပိုင်သမျှ ပစ္စည်း၊ ပစ္စယတွေကို သူငယ်ချင်းအချင်းချင်း ပေါင်လိုပေါင်၊ ရောင်းလိုရောင်း လုပ်ကြရလို့ပဲဖြစ်ပါတယ်။ ဘယ်ပစ္စည်းမဆို ဈေးပေါပေါနဲ့ ရနိုင်တာမို့ မောင်ဟန်ကြည်လည်း အဲဒီလိုရက်မျိုးမှာ လိုချင်တဲ့ဆေးပစ္စည်းတွေကို ၀ယ်လေ့ရှိပါတယ်။ ဒါပေမယ့် မိဘကို စာရင်းပြတဲ့အခါမှာတော့ ၀ယ်ဈေးကိုမပြောဘဲ ဈေးရင်းကိုပြောပြီး နှစ်ပေါက်တစ်ပေါက်ရိုက်လေ့ ရှိပါသတဲ့။ အတော်ကောင်းတဲ့ လောင်းကစားလောက မဟုတ်ပါလား။

ဘောပွဲလောင်းကြတဲ့ ဘောဆရာတွေကလည်း အယူအဆအမျိုးမျိုးနဲ့ပါ။ တစ်ချို့ကလည်း နက္ခတ်တွေ၊ ဇာတာခွင်တွေနဲ့ ဘယ်အသင်းနိုင်မယ်ဆိုတာကို တွက်ကြချက်ကြပါတယ်။ တစ်ချို့ဆရာများကလည်း အရင်တစ်ပွဲမှာကန်ခဲ့တဲ့ခြေစွမ်ချင်းနှိုင်းယှဉ် ကစားသမားအင်အား၊ ဒဏ်ရာရ၊ ပွဲပယ်ကစားသမားအခြေအနေတွေကို သုံးသပ်ပြီး ကောက်ချက်ဆွဲကြပါတယ်။ တစ်ချို့ကျပြန်တော့ အသင်းနှစ်သင်းရဲ့ အချင်းချင်းတွေ့ဆုံမှု ရာဇ၀င်နဲ့ ဆုံးဖြတ်ကြတာလည်း ရှိပါရဲ့။ ဒါပေမယ့် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှာလာတက်တဲ့ ညီတစ်ဝမ်းကွဲတစ်ယောက်ရဲ့ ဘောလုံးပွဲလောင်းနည်း နိဿရည်းကတော့ အများနဲ့မတူဘဲ တမူကွဲပြားနေတာ မှတ်မှတ်သားသား ရှိခဲ့ဖူးပါတယ်။ သူစီးထားတဲ့ ဆင်ခြောက်ကောင်ဖိနပ်က သဲကြိုးတွေဖွာလန်ကြဲပြီး ရစရာမရှိအောင် ကျနေတာမြင်မိလို့ အမြင်မတော်တာကြောင့် ပါးစပ်ဆော့မိတဲ့ အစ်ကိုဖြစ်သူကို  
“ ဒီဖိနပ်ကို အသစ်လဲလို့မဖြစ်ဘူး အစ်ကိုရ၊ သူလုပ်ကျွေးထားတာများနေပြီမို့လို့ ကျေးဇူးရှင်အဖြစ် တရိုတသေ စီးထားတာ ” လို့ ပြန်ပြောပါတယ်။ သူ့စကားရဲ့ အနက်ကို သဘောမပေါက်တဲ့ မောင်ဟန်ကြည် နလပိန်းတုံးခမျာ သူ့ကို လူအ-လို့ အထင်ခံရမှာစိုးတာကြောင့် ဘာမှဆက်မပြောရဲဘဲ တစေ့တစောင်းက အကဲခတ်နေလိုက်တာမှာ တစ်ညသားမှာတော့ သူ့ဖိနပ်ရဲ့ကျေးဇူးပြုပုံကို မျက်ဝါးထင်ထင်မြင်ခွင့်ရပါတော့တယ်။ အဲဒီညက မှတ်မှတ်ရရ မန်ယူနဲ့ အာဆင်နယ်ပွဲကန်တော့ အကြံမရတာနဲ့ သူ့ကိုမေးမိတော့ ခဏနော်လို့ ခွင့်တောင်းပြီး လက်ဖက်ရည်ဆိုင်ဘေးက ကွင်းပြောင်ပြောင်ပေါ်မှာ သူ့ဖိနပ်ကို မိုးပေါ်မြှောက်ပြီးပစ်လိုက်ပါတော့တယ်။ သူ့လုပ်ရပ်ကို အထာမပေါက်ဘဲ ငေးရုံသာငေးနေတဲ့ မောင်ဟန်ကြည်ကို သကောင့်သားက ငသလောက်ပြုံး၊ ငသလဲထိုးပြုံး ပြုံးပြပြီး “ ဒီညတော့ မန်ယူကိုသာ ကိုင်ပေတော့ အစ်ကိုရေ ” လို့ အပိုင်ပြောချလိုက်ပါတော့တယ်။ “ ဘာဖြစ်လို့လဲကွ ” လို့ မအူမလည်နဲ့မေးမိတဲ့ မောင်ဟန်ကြည်ကို ညီတော်မောင်က “ ဖိနပ်ကပြောတာ ယုံစမ်းပါအစ်ကိုရာ။ ခုနက ဖိနပ်ကို သဲကြိုးဘက်က မန်ယူ၊ ခုံဘက်က အာကြီးလို့ပြောပြီး မြှောက်လိုက်တော့ သဲကြိုးဘက်က အပေါ်မှာကျတယ်ဆိုတော့ ဒီမှမှာ မန်ယူနိုင်မှာ သေချာပြီပေါ့ ” လို့ အပိုင်ပြောပါတယ်။ အ၀ိဥာဏ လူသားစစ်စစ်ကြီးက သ၀ိဥာဏ ဖိနပ်ပြောတဲ့စကားကိုယုံတဲ့ သူ့အဆိုကို စောဒက မတက်ရဲတော့ဘဲ ပူပူနွေးနွေးရထားတဲ့ မုန့်ဖိုးငွေ နှစ်သောင်းကို သူ့လက်ထဲထိုးအပ်ပြီး “ ကိုင်း---ဒါဖြင့်လည်း မန်ယူဘက်က အလံထူကြတာပေါ့ ငါ့ညီရာ ” ဆိုပြီး အပ်လိုက်ပါတော့တယ်။ အဲဒီညမှာ မန်ယူက အာဆင်နယ်ကို ဖွတ်ဖွတ်ညက်ညက်ကျေအောင် အမှုန့်ခြေပြီး ခြောက်ဂိုး- ဂိုးမရှိနဲ့ နိုင်သွားခဲ့တာမို့ ထူးထွေတည့်အံ့ရာသော် ဖြစ်ရပါတော့တယ်။ ဒီမောင်မင်းကြီးသားတစ်ယောက် ဒီနေ့အထိ သူ့ကျေးဇူးရှင် ဆင်ခြောက်ကောင်ဖိနပ်ကို ညဘက်မှာ ရှိခိုးဦးတင်ပြီး အိပ်တော်မူသလားဆိုတာကိုတော့ အဆက်အသွယ်ပြတ်နေတာ ကြာပြီဖြစ်တာကြောင့် သတင်းမရတော့ပါ။

ဘောလုံးဝါသနာအိုး မောင်ဟန်ကြည်တစ်ယောက် ၂၀၀၂ ကမ္ဘာ့ဖလားမှာ ကြားရတဲ့ သတင်းကတော့ ဘောမိတ်ဆွေများအတွက် ၀မ်းသာဝမ်းနည်းဖြစ်လောက်တဲ့ သတင်းဖြစ်ပါတော့တယ်။ လေးနှစ်တစ်ခါ ကျင်းပတဲ့ အဲဒီကမ္ဘာ့ဖလားပွဲကြီးရဲ့ နောက်ဆုံးဗိုလ်လုပွဲမှာ ဆရာကြီးဖြစ်တဲ့ ဘရာဇီးနဲ့ ပြိုင်ဘက်တွေကို မညှာမတာ ဖြည်လေ့ရှိတဲ့ ဂျာမနီတို့ ဆုံကြပါတယ်။ အဲဒီနှစ်က ဂျာမနီ ၈ - ဆော်ဒီအားရေးဗီးယား ၀ ပွဲမှာ ဂျာမန်တိုက်စစ်မှူး ကလိုဆေးက ခေါင်းတိုက်ဂိုး သုံးဂိုးသွင်းလိုက်ပြီး ဂိုးသွင်းဘုရင်ဆိုကို ချိန်လိုက်ရာမှာ အနှီသကောင့်သားကို ဂိုးသွင်းဘုရင် “ ရွှေဖိနပ် ” ဆုအစား “ ရွှေဦးထုပ်ဆု ” ပေးရင်ကောင်းလိမ့်မယ်လို့ မောင်ဟန်ကြည်တို့ ဘောပရိသတ်က တွေးခဲ့မိပါသေးတယ်။

http://asianwavemag.com/wp-content/uploads/2010/06/13357156_101n.jpg
ခေါင်းတိုက်ကောင်းတဲ့ ကလိုဆေး

ပွဲတိုင်းနိုင်နေတဲ့အပြင် တူရကီနဲ့ပွဲမှာ ခြေထောက်ကို ဘောလုံးမှန်တာကို သေမတတ်အမူအယာနဲ့ မျက်နှာကို လက်နဲ့အုပ်ပြီး အက်တင်ကောင်းကောင်းနဲ့ ထစ်ဘက်အသင်းသား အနီကဒ်ရအောင် သရုပ်ဆောင်ကောင်းလွန်းတဲ့ ရီဗာလ်ဒိုနဲ့၊ စိတ်ပျက်စရာကောင်းလွန်းတဲ့ ရော်နယ်ဒိုရဲ့ ဦးစွန်းဖုတ်ဆံပင်ကေကို မြင်ပြင်းကပ်လှတဲ့ မောင်ဟန်ကြည်ကတော့ ထုံးစံကို ဗုံးမှန်လို့ အပျက်မခံဘဲ ရှုံးဖို့ ခုနစ်ဆယ့်ငါးရာနှုန်းသေချာပြီးသား ဂျာမနီဘက်က အပိုင်ထိုင်ထားပြီးသားပါ။ ထုံးစံအတိုင်း မုန့်ဖိုးမပြောင်မချင်း ဇာတ်လမ်းမဆုံးတဲ့ မောင်ဟန်ကြည်အတွက် အဲဒီညက ရလာဒ်က ဘရာဇီး ၂ ဂိုး - ဂျာမနီ ၀ ပါ။ ဒါပေမယ့် အိမ်ကမိန်းမ မသိအောင် အိမ်ကိုပေါင်ပြီး ဘရာဇီးဘက်ကနေ ပုံအောလိုက်တဲ့ ရွှေမန်းသား ပုဂ္ဂိုလ်ကြီးတစ်ယောက်ကတော့ ဖရဏာပီတိ ဂွမ်းဆီထိအောင် အရသာရှိသွားပါတော့တယ်။ ဒါပေမယ့် ဂွမ်းဆီထိရာကနေ ဆီယစ်သွားတဲ့ အနှီပုဂ္ဂိုလ်ခမျာမှာ နဂိုက နှလုံးရောဂါအခံကို ရော်နယ်ဒိုရဲ့ မိနစ်ရှစ်ဆယ် နောက်ဆုံးပွဲသိမ်းဂိုးက ပါရမီဖြည့်ပေးလိုက်တာကြောင့် အပျော်လွန် ၀မ်းသာလုံးဆို့ပြီး ဘောလုံးပွဲရုံထဲမှာတင် အသက်ပါသွားရှာပါတော့တယ်။ ကျန်ရစ်တဲ့ မိန်းမ ကောင်းစားဖို့ ဘောလုံးလောင်းကစားအတွက် အသက်ပါပေးရစ်တဲ့ အဲဒီပုဂ္ဂိုလ်ရဲ့ သတင်းကိုသာ အင်္ဂလန်က William Hill လောင်းကစားဒိုင်ကြီးသာကြားရရင် ဂုဏ်ထူးဆောင်ဘွဲ့များပေးမလား မသိတော့ပါ။ အဲဒီအချိန်က သွေးထဲသားထဲမှာ လောင်းကစားပိုး ၀င်နေတဲ့ မောင်ဟန်ကြည်ကတော့ ကျန်ရစ်တဲ့ သူ့မိန်းမကို မနာလို ဖြစ်နေခဲ့တာပဲ အမှတ်ထင်ထင်ရှိနေခဲ့ပါရဲ့။

http://champions-league-betting.com/images/hair/ronaldo.jpg
ဒီမျက်နှာပေး ဒီဆံပင်ကေ

http://sportige.com/wp-content/uploads/2010/07/Ronaldo-Rivaldo-2002-World-Cup-Final.jpg
နောက်ဆုံးတော့လည်း သူပါပဲ
 
လူတွေဟာ လောဘ၊ ဒေါသ၊ မောဟတွေဖက်လာရင် ကိုယ့်သိက္ခာနဲ့ အရှက်တရားတွေ ဘေးဖယ်ထားကြလေ့ရှိတယ်ဆိုတာကိုလည်း ဘောလုံးပွဲကြည့်ရင်း မောင်ဟန်ကြည်တစ်ယောက် ကောင်းကောင်းကြီး သဘောပေါက်ခဲ့မိပါတယ်။ အဲဒီအချက်ကိုတော့ သာမန်အချိန်တွေမှာ အနေအထိုင် အင်မတန်အေးဆေးပြီး စကားကို ဟဟမပြောဘဲ သိမ်မွေ့လွန်းတဲ့ MIT က ဘောလုံးလောင်းကစားဝါသနာရှင် သူငယ်ချင်းတစ်ယောက်နဲ့ ဘောလုံးပွဲ အတူကြည့်မိရင်း သံဝေဂရခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီညက အိမ်မှာ လူကြီးတွေမရှိတာကြောင့် အဲဒီသူငယ်ချင်းကို အိမ်မှာအဖော်ခေါ်ထားပြီး ဘောလုံးပွဲ အတူကြည့်မိရာမှာ သူလောင်းထားတဲ့ အသင်းက ကစားသမားညံ့ရင်ရော၊ တစ်ဖက်အသင်းသားက သူ့အသင်းသားကို လူချရင်ပါ မိုးမွှန်နေအောင်ဆဲတဲ့ သူငယ်ချင်းရဲ့အသံကို အခုထက်ထိ ပြန်ကြားယောင်နေဆဲပါ။ နိုင်လည်း ပြုံးပြုံး၊ ရှုံးလည်းပြောင်ပြောင်နေတတ်တဲ့ မောင်ဟန်ကြည်နဲ့ ကွာချင်တိုင်းကွာနေတဲ့ သူငယ်ချင်းရဲ့ ပြောင်းလဲသွားတဲ့ စရိုက်ကိုမြင်တဲ့အခါမှာ လောင်းကစားသွေးဝင်လာရင် တစ်ချို့လူတွေဟာ လူစိတ်ပျောက်သွားတတ်တာကို မှတ်မှတ်သားသား ရှိမိပါတော့တယ်။ အဲဒီအချက်တွေကြောင့်လည်း ဂုဏ်သိက္ခာကို အသက်ထက် တန်ဖိုးထားချင်တဲ့ မောင်ဟန်ကြည်တစ်ယောက် ရင်ထဲမှာ ငွေ့ငွေ့ကလေး လောင်နေခဲ့တဲ့ လောင်းကစားမီး ငြိမ်းသွားခဲ့တာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

အသက်အရွယ်ကလေးရလာတဲ့ အခုအချိန်မှာ ခပ်ငယ်ငယ်က လောင်းကစားကိစ္စကို ဦးဟန်ကြည် မကြာမကြာ ပြန်တွေးမိတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လူငယ်ဘ၀မှာ လူငယ်ပီသတဲ့ အမှားအယွင်းလေးတွေကို အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ပြီး လူကြီးဖြစ်တဲ့အထိ အရိုးမစွဲအောင် ထိန်းသိမ်းနိုင်ခဲ့တာပဲ ကြံဖန်တွေးရင်း ဂုဏ်ယူနေမိတာလည်း အခါခါပါ။ ဒီအရွယ်ရောက်လာတဲ့ အခါမှာတော့ လောင်းကစားသမားဟူသမျှကို ဦးဟန်ကြည် အယုံအကြည်မရှိသလို လေးစားမှုလည်း မရိတော့ပါ။ လူငယ်ဘသာဝ စူးစမ်းချင်တဲ့ဝါသနာ အရင်းခံကြောင့် လောင်းကစားကို စမ်းသပ်တာ လက်ခံနိုင်သေးပေမယ့် နားလည်ရင့်ကျက်တဲ့ အသက်အရွယ်မှာ လောင်းကစားလုပ်နေကြတာတွေမြင်ရင် အင်မတန် စိတ်ကုန်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင်က တစ်ဖက်သာရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တန်ဖိုးထားသူ ဖြစ်နေပြန်တာကြောင့် လောင်းကစားသမားတွေကို စော်ကားတဲ့စကားမျိုးတွေ ပြောလေ့မရှိသလို အထင်သေးတဲ့ အကြည့်မျိုးနဲ့လည်း ကြည့်လေ့မရှိပါ။ ကိုယ့်တရားကို စီရင်ကြရမှာ လောကရဲ့ နိယာမပဲ မဟုတ်ပါလား။

တကယ်တော့ လောကကြီးမှာ တစ်ရာရင်းပြီး နှစ်ရာအမြတ်ထွက်ဖို့ဆိုတာ မသေချာမရေရာတဲ့ ကိစ္စဖြစ်သလို ခပ်ရှင်းရှင်းပြောရရင် အဲဒီလို လိုချင်လောဘရှိခြင်းဟာ သူတစ်ပါးရဲ့ငွေကြေးကို အချောင်လိုချင်တာပဲ ဖြစ်ပါတယ်။ လောင်းကစားသမားဟာ တစ်ရာရင်းပြီး တစ်ထောင်မြတ်ချင်သူတွေပါ။ လူတိုင်းမှာ လောဘနဲ့ မကင်းကြပေမယ့် အဲဒီလို မတရားသဖြင့် ရလိုမှုကိုတော့ ၀ိသမလောလို့ပဲ ယူဆမိပါတော့တယ်။ သူ့ကိုယ်သူတော့ ကံကြမ္မာကောင်းလို့ နိုင်တယ်၊ ငွေရတယ်လို့ ထင်ကောင်းထင်မှာဖြစ်ပေမယ့် အဲဒီငွေတွေဟာ သူတပါးရဲ့ မျက်ရည်စက်တွေ၊ မိသားစုတွေရဲ့ ဘ၀တွေ၊ အနာဂတ်တွေပါနေတာကြောင့် ငွေပူတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် လောင်းကစားကရတဲ့ငွေဟာ မမြဲသလို၊ လောင်းကစားကြောင့် ကြီးပွားတဲ့သူတွေရဲ့ဘ၀ဟာလည်း မငြိမ်းချမ်းကြတာ တွေ့နိုင်ပါတယ်။ အဆိုးတကာ့အဆိုးဆုံးကတော့ သံသရာအထိ ဒုက္ခရောက်ခြင်းပါ။ ဘာကြောင့်လဲဆိုရင် လောင်းကစားကရတဲ့ငွေနဲ့ အလှူဒါနလုပ်ဖို့ မသင့်တော့လို့ပဲ ဖြစ်ပါတော့တယ်။

ဗုဒ္ဓဘာသာဝင်တိုင်းဟာ သံသရာရဲ့ အထောက်အပံ့အဖြစ် အလှူအတန်းတွေ လုပ်လေ့ရှိကြပါတယ်။ ဒါပေမယ့် အလှူတစ်ခုဖြစ်မြောက်အောင်မြင်ဖို့ -
( ၁ ) အလှူပစ္စည်း
( ၂ ) အလှူခံပုဂ္ဂိုလ်
( ၃ ) အလှူပေးသူရဲ့ စိတ်စေတနာ
သုံးမျိုးလုံး သန့်စင်မွန်မြတ်ဖို့ အရေးကြီးလှပါရဲ့။ ဒီလိုအခြေခံအချက်သုံးချက်နဲ့ ပြည့်စုံညီညွတ်တဲ့ အလှူဒါနမျိုးကသာ တရားတော်နဲ့ ညီညွတ်ပြီး သံသရာအတွက် အထောက်အပံ့ကောင်းဖြစ်မယ့် ဒါနမျိုးပဲ ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ လောင်းကစားကရတဲ့ ငွေကြေးနဲ့ လှူမိရင် အလှူပစ္စည်းမသန့်စင်တာကြောင့် အလှူခံပုဂ္ဂိုလ်ပါ အာပတ်သင့်ဖို့ သေချာနေပါတော့တယ်။ ကိုယ့်ရဲ့ လောင်းကစားဗီဇကြောင့် ကိုယ်ကြည်ညိုမြတ်နိုးတဲ့ ဆရာတော်၊ သံဃာတော်တွေပါ အပြစ်သင့်ရတာ သံဝေဂရစရာ ကောင်းလှပါတယ်။

ဒါကြောင့် ဦးဟန်ကြည်တစ်ယောက် တက္ကသိုလ်ကျောင်းသားဘ၀ကလွန်မြောက်လို့ လက်တွေ့လောကထဲကို ရောက်လာပြီး အကြောင်းအကျိုး၊ အကောင်းအဆိုးကို ခွဲခြားနားလည်နိုင်တဲ့ အချိန်ကစလို့ ဘာလောင်းကစားကိုမှ စိတ်မကူးတော့ပါ။ လောင်းကစားကရမယ့်ငွေကိုလည်း အင်မတန်ရွံပြီး ကြောက်ပါတယ်။ သမ္မာအာဇီဝကျကျနဲ့ တပင်တပန်းရှာထားရတဲ့ ကိုယ့်ရဲ့ချွေးနည်းစာထဲမှာ လောင်းကစားငွေ တစ်ကျပ်တစ်ပြားပါသွားရုံနဲ့ အလှူပစ္စည်းရဲ့တန်ဖိုးကျသွားမှာကို စိုးရိမ်မိတာကြောင့်ဖြစ်ပါတယ်။ ဥပမာပေးရရင် အဆီအနှစ် အရသာအပြည့်နဲ့ အကောင်းဆုံးချက်ထားတဲ့ အသားဟင်း တစ်ပိဿာအိုးထဲမှာ မစင် ( ချီး ) တစ်မတ်သားလောက်ကျသွားရုံနဲ့ စားလို့မရတော့တာမျိုး ဖြစ်သွားရင် ရင်နာစရာ အတော်ကောင်းမယ် မဟုတ်ပါလား။ ဒါကြောင့် ဦးဟန်ကြည်ကတော့ အသားဟင်းတစ်ပိဿာနဲ့တူတဲ့ သူ့ရဲ့ သမ္မာအာဇီ၀၀င်ငွေ ချွေးနည်းစာထဲမှာ မစင်တစ်မတ်သားနဲ့တူတဲ့ လောင်းကစားဝင်ငွေ တစ်ကျပ်တစ်ပြားမကျရလေအောင် ထိန်းသိမ်းရင်း ရသမျှနဲ့ ရောင့်ရဲတင်းတိမ်လို့ ဘ၀ကို ပျော်ရွှင်ကျေနပ်စွာ ဖြတ်သန်းလျှက်ရှိနေပါကြောင်း။                    ။

Monday, 10 October 2011

နာမည်များနှင့် ဦးဟန်ကြည် . . .

လူရယ်လို့ ဖြစ်လာကြရင် ဘယ်လူမျိုးမှာမဆို တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်နာမည်တွေ ရှိကြစမြဲပါ။ တစ်ခုခုကို အစွဲပြုပြီးမှည့်ထားတာပဲဖြစ်ဖြစ်၊ အတိတ်နိမိတ်ကိုဆောင်ပြီးမှည့်ထားတာပဲဖြစ်ဖြစ် တစ်ယောက်စီရဲ့နာမည်တွေမှာ သူ့အဓိပ္ပာယ်နဲ့သူ ရှိလို့နေပါရဲ့။

http://mmastrology.files.wordpress.com/2007/11/1.jpg


တစ်ယောက်ချင်းစီရဲ့ နာမည်တွေကိုလေ့လာကြည့်ရင် မိဘတွေက သူတို့သားသမီးအပေါ်မှာထားကြတဲ့  ချစ်ခြင်းမေတ္တာတွေကိုလည်း တစ်စွန်းတစ်စ တွေ့နိုင်ကြပါတယ်။ ငယ်ငယ်က ကျန်းမာရေးမကောင်းလို့ ချူချာတဲ့ကလေးကို ကျန်းမာရေးကောင်းစေဖို့ “ မောင်သံချောင်း” လို့မှည့်တာမျိုး၊ အမျိုးအဆွေတွေကြားထဲမှာ ထင်ပေါ်ကျော်ကြားစေချင်တဲ့ ဆန္ဒနဲ့ “ မျိုးအောင် ”  “ မျိုးကျော် ” “ မျိုးမင်း ” “ မျိုးဇော် ” “ မျိုးညွန့် ”  လို့မှည့်တာမျိုးတွေကို သတိထားမိနိုင်သလို ကိုယ်လေးစားတဲ့၊ ကိုယ်သဘောကျတဲ့ ပုဂ္ဂိုလ်တွေလို ထင်ရှားအောင်မြင်စေချင်တဲ့ ဆန္ဒနဲ့ သားသမီးတွေရဲ့နာမည်မှာ အဲဒီပုဂ္ဂိုလ်တွေရဲ့နာမည်တွေထည့်ပြီး မှည့်ပေးတာမျိုးလည်း တွေ့ရနိုင်ပါတယ်။ တစ်ခေတ်တစ်ခါက တစ်ခိုင်လုံးရွှေအငြိမ့်အဖွဲ့ကြီး လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ချိန်မှာ အဲဒီခေတ်က ပွဲချစ်သူ မိဘအများစုက သူတို့သမီးတွေကို အဲဒီအငြိမ့်အဖွဲ့ရဲ့ ခေါင်းဆောင်မင်းသမီးနာမည် “ အေးအေးမြင့် ” လို့ မှည့်ခဲ့ကြတာ ထင်ရှားတဲ့ သာဓကပါ။

တစ်ချို့မိဘတွေကလည်း ကလေးကိုမွေးဖွားချိန်က အမှတ်တရ တစ်ခုခုကို အစွဲပြုပြီး မှည့်ကြပြန်ပါတယ်။ မိုးတွေသည်းသည်းမည်းမည်းရွာနေချိန်မှာ မွေးခဲ့တဲ့ကလေးကို “ မောင်မိုးသီး ”
“ မမိုးညို ” စသည်ဖြင့် အမည်ပေးသလို၊ နှင်းတွေဝေနေတဲ့ မနက်ခင်းမှာမွေးခဲ့တဲ့ ဆရာကြီးပီမိုးနင်းကို သူ့မိဘတွေက “ မောင်မိုးနှင်း ” လို့ ချစ်စနိုးအမည်ပေးခဲ့ပါတယ်။ တစ်ခါတစ်လေမှာတော့ ကလေးရဲ့ထင်ရှားတဲ့ဝိသေသလက္ခဏာတွေကို အစွဲပြုပြီး ဖြူဖြူဖွေးဖွေး၊ ၀၀တုတ်တုတ်ကလေးကို “ ဖြူလုံး ” မည်းမည်း၀၀ကလေးကို “ မည်းလုံး ” “ ညိုတုတ် ”စသည်ဖြင့် အမည်ပေးသလို ထင်ရှားတဲ့ အမှတ်ပါတဲ့ကလေးကို “ မှတ်ကြီး ” “ ချက်ကြီး ”  “ ဒူးညို ” စသည်ဖြင့်လည်း ချစ်စနိုးအမည်ပေးကြပြန်ပါတယ်။ ထင်ရှားတဲ့အမှတ်အသားကို အစွဲပြုပြီးပေးတဲ့ အဲဒီလိုနံမည်မျိုးတွေကို ပါဠိဘာသာနဲ့ “ အနွတ္တသညာ ”လို့ ခေါ်ပါသတဲ့။ ကျန်တဲ့နံမည်ပေးနည်းတွေကို ပါဠိလိုဘယ်လိုခေါ်မယ်ဆိုတာကိုတော့ သူကြီးမင်း ကိုကိုမောင်၊ မေဓာဝီနဲ့၊ ဘုန်းဘုန်းတောက်တို့က ပိုပြီးနှံ့နှံ့စပ်စပ် သိပါလိမ့်မယ်။

အညာကျေးလက်ဒေသတွေမှာတော့ ကလေးတွေကို သူတို့ချစ်တဲ့ တိရစ္ဆာန်တွေရဲ့နာမည်ကို အလွယ်တကူ မှည့်တတ်ကြတာမို့ ကလေးတွေရဲ့နာမည်ဟာ “ခွေးမ” ”ဆိတ်သိုး” “နွားမောင်” စသည်ဖြင့် ထူးထူးဆန်းဆန်းဖြစ်နေတတ်ပါတယ်။ အမှတ်မထင်စဉ်းစားမိရင် ကလေးကို နာမည်ဆိုးကြီးမှည့်ပေးထားတယ် ထင်စရာကောင်းပေမယ့် မိဘဖြစ်သူက သူ့သားသမီးတွေရဲ့ နာမည်ရင်းကို မခေါ်ဘဲ တွေ့ကရာ နာမည်တွေကို ချစ်စနိုးခေါ်ရင်း တကယ်တွင်သွားတဲ့ နာမည်တွေဖြစ်တာကို သတိထားမိနိုင်ပါလိမ့်မယ်။

တစ်ခါတစ်ခါမှာ နာမည်နဲ့လူနဲ့မလိုက်ဖက်တာမျိုးတွေလည်း ရှိကောင်းရှိပါလိမ့်မယ်။ တစ်ချိန်လုံး တရှောင်ရှောင်ချူချာလွန်းတဲ့လူရဲ့ နာမည်က “ မောင်ဖိုးမာ ” ဖြစ်နေတတ်ပြီး အရိုးပေါ် အရေကပ်လို့ ပိန်ပိန်ညောင်ညောင်လူရဲ့နာမည်က “ မောင်ဝ ” ဖြစ်နေတတ်ပါတယ်။ အသက် ၁၈ နှစ်နဲ့ ဆုံးသွားတဲ့ မိန်းကလေးနာမည်က “ မသက်ရှည် ” ဖြစ်နေတာမျိုးလည်း မကြာမကြာတွေ့နိုင်သလို စားရမဲ့ သောက်ရမဲ့ ဖြစ်နေတဲ့ လူနာမည်ကတော့ “ ဦးချမ်းသာ ” ဖြစ်နေတတ်ပါသေးတယ်။ တကယ်တော့ ဒီနာမည်တွေဟာ မိဘက သူတို့သားသမီးအပေါ်မှာ ထားတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြနေတဲ့ နာမည်မျိုးတွေဖြစ်ပါတယ်။ ကျန်းမာရေးချို့တဲ့လွန်းတဲ့ သူတို့သားသမီးကို ကျန်းမာစေချင်တဲ့ ဆန္ဒနဲ့ နိမိတ်ကောင်းအောင် “ မောင်ဖိုးမာ ”လို့ မှည့်ပေးထားတာ ဖြစ်သလို ပိန်လွန်းတဲ့ သားကလေးကို ၀လာနိုးနိုးရည်ရွယ်ချက်နဲ့ “ မောင်ဝ ”လို့ နာမည်ပေးကြဖြင်း ဖြစ်ပါတယ်။ တကယ်လို့ သူတို့ကလေးတွေက ပညတ်သွားရာ ဓာတ်သက်မပါဘဲ ချူချာမြဲချူချာ၊ ပိန်မြဲတိုင်းပိန်ကြတဲ့ အခါမှာတော့ အများအမြင်မှာ ရယ်စရာ၊ စဉ်းစားစရာတွေ ဖြစ်ရပါတော့တယ်။

မျိုးရိုးနံမည်ကို ထိန်းသိမ်းရတဲ့ ဥရောပသားတွေနဲ့ တရုတ်တွေမှာ နာမည်ပေးတဲ့ကိစ္စအတွက် မထည့်မဖြစ်ထည့်ရမယ့် မျိုးရိုးနာမည်၊ မိဘနာမည်တွေရှိနေတာကြောင့် နာမည်တစ်လုံးစဉ်းစားရတာ သက်သာပြီး ကိုယ်ပိုင်နာမည်တစ်လုံးအတွက်သာ စဉ်းစားဖို့လိုပေမယ့် နာမည်ပေးချင်သလိုပေးလေ့ရှိကြတဲ့ မြန်မာလူမျိုးတွေမှာတော့ နာမည်တစ်ခါပေးဖို့ တပင်တပမ်းစဉ်းစားကြရပါတယ်။ သားသမီးဆိုတာ မိဘပေးတဲ့ နာမည်ကိုပဲ ကိုယ်ပိုင်ရွေးချယ်ခွင့်မရှိဘဲ မယူမဖြစ်တဲ့ အမွေအနေနဲ့ လက်ခံကြရတာမို့ နာမည်တွေဟာ မိဘတွေရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့ ပြယုဂ်တစ်ခုဖြစ်သလို၊ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ အတ္တကို မီးမောင်းထိုးပြတဲ့ ပြကွက်တစ်ခုလည်း ဖြစ်နေပါတော့တယ်။

တစ်ခါက သားဖြစ်သူကို “ နေကမ္ဘာစန်း ” လို့နာမည်ပေးထားတဲ့ မိတ်ဆွေတစ်ယောက်ကို သတိထားပြီး လေ့လာဖြစ်ပါတယ်။ ဒီမိတ်ဆွေဟာ အရာရာ အသာစီးရချင်၊ အနိုင်ယူချင်တဲ့ အတ္တစိတ် ကြီးလွန်းနေတာ အမှတ်မထင်သွားတွေ့ရပါတယ်။ သမီးဖြစ်သူကို “ ခင်အေးချမ်း ” လို့ နာမည်ပေးထားကြတဲ့ မိတ်ဆွေမိသားစုကတော့ ဘ၀မှာ ရိုးသားအေးချမ်းမှုကို အမြတ်တနိုးတန်ဖိုးထားကြတဲ့သူတွေ ဖြစ်နေကြတာကို သတိထားမိပါတယ်။ သားသမီးနံမည်မှာ မိဘတွေရဲ့နာမည်ကို အပြည့်အစုံထည့်ပေးလေ့ရှိတဲ့ မိဘတွေမှာတော့ မျိုးရိုးကို စောင့်ရှောက်ချင်တဲ့ ဆန္ဒကြီးမားသလို၊ ကိုယ့်နာမည်ကို ဆက်လည်တည်တံ့စေချင်တဲ့ အာသီသနဲ့ အတ္တလည်း ရှိနေကြတာ ခံစားလို့ရနိုင်ပါတယ်။ သမီးဖြစ်သူကို  
“ ခင်ချောချောချောခက်ခက်ခိုင် ” “ နန်းနှင်းနုနုနွယ်နီနွေး ” စတဲ့ နာမည်တွေပေးထားတဲ့ မိဘတွေကတော့ အနုပညာလည်းဆန်ချင်သလို၊ အများထက်လည်း ထူးချင်ဆန်းချင်တဲ့ စိတ်ပိုင်းဆိုင်ရာမျိုး ရှိနေမယ်လို့ ယေဘုယျသဘော ကောက်ချက်ဆွဲလို့ ရနိုင်ပါတယ်။

တစ်ချို့ကလေးများမှာတော့ နာမည်တွေ တစ်မျိုးမက ရှိနေတတ်ပါသေးတယ်။ နာမည်များရခြင်းအကြောင်းရင်းက မိဘဖြစ်သူရဲ့ စိတ်ပိုင်းဆိုင်ရာ မပြတ်သားမှုကြောင့် ဖြစ်နိုင်သလို၊ လူကြီးတွေကြားမှာ အာဏာခွဲဝေပုံမညီမျှမှုကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မိဘဖြစ်သူတွေက ကောင်းနိုးရာရာ နာမည်တွေ တစ်ခုပြီးတစ်ခု စမ်းပေးကြည့်ရင်းက နာမည်တွေများသွားတာမျိုးပဲ ဖြစ်ဖြစ်၊ မိဘကပေးတဲ့နာမည် အဘိုးအဘွားကပေးတဲ့နံမည်၊ အဒေါ်တွေ ဦးလေးတွေက ပေးတဲ့နာမည်တွေ များကုန်တာကြောင့်လည်း ကလေးတစ်ယောက်မှာ ငယ်နာမည်၊ အိမ်နာမည်၊ ကျောင်းနာမည် စသည်ဖြင့် သူ့ဖာသာတောင် မမှတ်မိလောက်အောင် နာမည်များသော လူသားဖြစ်ရပါတော့တယ်။

အညာတောကျောင်းတစ်ခုမှာ လုပ်အားပေးကျောင်းဆရာလုပ်နေချိန်တုန်းက သုံးတန်းတပည့်မတစ်ယောက်ရဲ့နာမည်က တကယ့်အပျံစားပါ။ “ ဒါဇင်ကျော် ” လို့ ထူးထူးဆန်းဆန်းမှည့်ထားတဲ့ ကလေးမလေးရဲ့ နာမည်ကို စိတ်ဝင်စားမိတာကြောင့် မေးကြည့်တော့မှ ၁၃ ယောက်မြောက်ကလေး၊ တစ်ဒါဇင်ကျော်သွားတဲ့ မွေးချင်းအရေအတွက်ကို အစွဲပြုပြီး မှည့်ပေးထားတဲ့ နာမည်ဖြစ်တာကို သိရပါတော့တယ်။ ၁၁ ယောက်မြောက် မွေးချင်းဖြစ်တဲ့ သူ့အထက်က အစ်ကိုဖြစ်သူရဲ့နာမည်ကတော့ “ ဆယ်ပို ” ပါတဲ့။ ဘယ်လောက်တောင် ရိုးရိုးလေးနဲ့ လှနေတဲ့ အညာနာမည်ပါလိမ့်လို့ အခါခါတွေးမိပါတော့တယ်။

နာမည်တွေမှာ လိင်ခွဲခြားမှု ရှိရမှာဖြစ်ပေမယ့် တစ်ချို့နာမည်တွေမှာတော့ ဣတ္ထိလိင်၊ ပုလိင်မကွဲတာမျိုးလည်း ရှိပါသေးတယ်။ ဥပမာအားဖြင့် “ ခင်ညွှန့် ” “ သန်းစိန်”ဆိုတဲ့ နာမည်တွေကို ယောက်ျားလေးရော၊ မိန်းကလေးပါ မှည့်လို့ရပါတယ်။ အထူးသဖြင့် တစ်လုံးတည်းရှိတဲ့ နာမည်မျိုးတွေမှာ ပိုပြီးမကွဲပြားတာကိုလည်း သတိထားမိနိုင်ပါတယ်။ မိတ်ဆွေလင်မယားနှစ်ယောက်စလုံးရဲ့ နာမည်တွေက “ ဦးညို” နဲ့ “ ဒေါ်ညို ” ဖြစ်ပြီး သူတို့ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်နာမည်ကိုတော့ “ ညိုကြီး ” ကဖေးလို့ ဗျူဟာမြောက်မြောက် မှည့်ထားလေရဲ့။

ဆေးကျောင်းသားဘ၀တုန်းက သူငယ်ချင်းတွေရဲ့နာမည်တွေကလည်း ထူးဆန်းပါတယ်။ “ မြကုဋေ ” ဆိုတဲ့ ရှားရှားပါးပါးနာမည်ပိုင်ရှင်သူငယ်ချင်းကတော့ ကျောင်းရောက်ရောက်ချင်းပဲ လူသိအများဆုံးကျောင်းသားစာရင်းထဲမှာ ၀င်သွားပါတော့တယ်။ ဒါ့အပြင် ဂျူနီယာတန်းထဲက “ ရွှေမိုးမိုး ”ဆိုတဲ့ ကျောင်းသားလည်း ထိုနည်းလည်းကောင်းပါပဲ။ မိန်းကလေးသူငယ်ချင်းတစ်ယောက်ရဲ့နာမည်ကတော့ ထူးထူးဆန်းဆန်း “ ဇာနည်စိုး ” ဆိုတဲ့ ယောက်ျားလေးနာမည်ဖြစ်နေပြန်ပါတယ်။

တချို့တရုတ်နာမည်တွေ၊ တိုင်းရင်းသားနာမည်တွေကျပြန်တော့လည်း မြန်မာဘာသာနဲ့ အနက်ကောက်ရတဲ့ အဓိပ္ပာယ်က တစ်မျိုးဖြစ်နေတာမို့ ကိုယ့်အတွေးနဲ့ကိုယ် ရယ်စရာကောင်းနေပြန်ပါသေးတယ်။ မန္တလေးတက္ကသိုလ်မှာ တက်ခဲ့တဲ့ သူငယ်ချင်းတရုတ်မတစ်ယောက်ရဲ့ တရုတ်နာမည်ကို မေးမိတော့ သူက သူ့တရုတ်နာမည်ကို လူရှေ့မှာ မခေါ်ဖို့ အတန်တန် ကတိတောင်းပြီးမှ ပြောပြပါတယ်။ သူ့တရုတ်နာမည်က ကြံကြံဖန်ဖန် “ ရှူပေါက်ကြမ်း ” ပါတဲ့။ တရုတ်လိုတော့ ဘယ်လိုအဓိပ္ပာယ်ထွက်မှန်းမသိပေမယ့် မြန်မာလိုတွေးမိတော့ ကြက်သီးရော၊ ဘဲသီးပါ ထချင်စရာကြီးမို့ လူရှေ့မှာရော၊ လူကွယ်ရာမှာပါ မခေါ်ရဲလောက်အောင် ဖြစ်ရပါရဲ့။ ဆေးကျောင်းက တိုင်းရင်းသူ သူငယ်ချင်းမတစ်ယောက်ရဲ့ နာမည်ကျပြန်တော့ “ ဂျီမိုးမိုးခိုင် ” ဖြစ်နေပြန်ပါတယ်။ သူ့အဓိပ္ပာယ်နဲ့သူတော့ လှချင်လှမှာဖြစ်ပေမယ့် ခပ်ငယ်ငယ်က ဂျီကျလွန်းလို့များ ဒီနာမည်ပေးထားသလားလို့ တွေးမိချင်စရာ ဖြစ်ရပါတော့တယ်။

နာမည်တွေကို စိတ်ဝင်တစားရှိလှတဲ့ ဦးဟန်ကြည်တစ်ယောက် ပညာရေးလောကသားဖြစ်လာပြီး ကိုယ့်ကျောင်းသားတွေကို ကိုယ်ကြိုက်ရာနာမည်နဲ့ခေါ်ခွင့် ရလာတဲ့အချိန်မှာတော့ ကလေးတစ်ယောက်ချင်းစီအတွက် ကိုယ်ပိုင်နာမက္ခရနည်းဗျူဟာကိုသုံးပြီး ပြောင်မြောက်တဲ့ နာမည်တွေပေးပါတော့တယ်။ ကျောင်းသားတွေကို သူတို့မိဘတွေကပေးထားတဲ့ နာမည်တွေက ကျောင်းခေါ်ချိန်စာအုပ်ထဲမှာပဲ ကျန်နေရစ်ပြီး စာသင်နှစ်တစ်နှစ်လုံးမှာ ဦးဟန်ကြည်ပေးတဲ့ နာမည်နဲ့ပဲ စခန်းသွားကြရရှာပါတယ်။ အဲဒီလိုနာမည်သစ်ပေးလိုက်ခြင်းအားဖြင့် ဆရာနဲ့တပည့်ပိုပြီး ရင်းနှီးသွားတယ်လို့ ခံစားရသလို ကလေးအချင်းချင်းလဲ ပိုပြီးနွေးနွေးထွေးထွေးဆက်ဆံသွားကြတယ်လို့လည်း ယူဆမိသလို၊ ကျောင်းသူကျောင်းသားတွေကလည်း သူတို့ကိုယ်သူတို့ ကလေးလို့ပဲ ယူဆသွားကြတယ်ဆိုတာလည်း သတိထားမိပါတယ်။ ဒါပေမယ့် ကလေးတွေရဲ့ နာမည်သစ်တွေကိုပဲ စွဲစွဲမြဲမြဲခေါ်လေ့ရှိတဲ့ ဦးဟန်ကြည်မှာ အရေးအကြောင်းကြုံရင် သူ့ကျောင်းသားတွေရဲ့ နာမည်ရင်းတွေကို မမှတ်မိနိုင်အောင် ဖြစ်ရတာကိုတော့ ခြွင်းချက်အဖြစ်ထားရစ်ရပါလိမ့်မယ်။

ကလေးတွေကို အမှတ်တရဖြစ်အောင် မှည့်ပေးခဲ့တဲ့ နာမည်တွေထဲက တစ်ချို့တစ်ဝက်ကိုတော့ အခုထက်ထိ မှတ်မှတ်သားသား ရှိနေပါသေးတယ်။

ကျောင်းမကြာမကြာပျက်လေ့ရှိတဲ့ ကျောင်းသားကို ပေါ်လိုက်ပျောက်လိုက် ကိုယ်ထင်ပြတတ်တဲ့ ဂုဏ်ရည်တူချင်းထပ်တူပြုပြီး ပေးထားဖြစ်တဲ့ နာမည်က “ သရဲ ” ပါတဲ့

အရိုးပေါ် အရေကပ်နေအောင် ပိန်လွန်းတဲ့ ကလေးတစ်ယောက်ကိုတော့ တေးရေးဆရာတစ်ယောက်ရဲ့နာမည်ကို အစွဲပြုပြီး “ အရိုး ”

သွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင်အမြဲအူမြူးနေလေ့ရှိတဲ့ တပည့်တစ်ယောက်ကတော့ “ စပ်ဖြဲ ”

လမ်းလျှောက်တဲ့အခါမှာ အားမရှိသလိုဟန်နဲ့ လျှောက်လေ့ရှိတဲ့ကျောင်းသားကိုတော့ မုန်တိုင်းမိပြီးလွင့်လာတဲ့ မြင်ကွင်းကို သတိရသွားစေတာမို့ - “ ဆူနာမီ ”

မျက်မှန်အမြဲတပ်ထားရတဲ့ ကျောင်းသူလေးတစ်ယောက်ရဲ့နာမည်က - “ လေးလုံး ”

အသားညိုညိုနဲ့ ခပ်၀၀ကျောင်းသူလေးတစ်ယောက်ရဲ့နာမည်က - “ ဘဲဥ ”

ပိန်ပိန်သေးသေးပုပု ကျောင်းသားလေးတစ်ယောက်ရဲ့နာမည်က - “ မှင်စာ ”

ဆရာ့ကို မေးခွန်းပေါင်းများစွာ မီးခိုးမဆုံး မိုးမဆုံးမေးတတ်တဲ့ ကျောင်းသူလေးတစ်ယောက်ရဲ့ နာမည်က - “ ငရစ် ”

အဲဒီလိုရစ်တတ်တဲ့ လုံးလုံးကျစ်ကျစ် ကျောင်းသူရဲ့ နာမည်က - “ ရစ်လုံး ”

ရှေ့သွားလေးနှစ်ချောင်း လူကျွံဘောဖြစ်နေတဲ့ ကျောင်းသူလေးရဲ့နာမည်က - “ ပေါက်ဖော် ”

အဲဒီလို သွားပေါ်ပေါ် နောက်တစ်ယောက်ကိုတော့ - “ ၀က်ကတိုး ”

ဆံပင်မွှေးလေးတွေ ခပ်ကြဲကြဲကို တိုတိုတောင်းတောင်း ညှပ်ထားလေ့ရှိတဲ့ ပိန်ပိန်ကျောင်းသားလေးတစ်ယောက်ရဲ့နာမည်က - “ စာကလေး ”

တဖြည်းဖြည်းနဲ့ ပိန်ပိန်လာတဲ့ တပည့်မတစ်ယောက်ရဲ့နာမည်ကိုတော့ - “ ကြာရိုး ”
( ဒီနာမည်ပေးလိုက်တော့ ကလေးမက ပျော်ရှာပါတယ်။ နာမည်လေးကလည်း လှပေသကိုး။ ဒါပေမယ့် ကြာရင် အရိုးပဲ ကျန်မှာမို့ ဒီနာမည်ပေးလိုက်မှန်းလည်းသိရော ကလေးခမျာ အီလည်လည်လေး ဖြစ်နေရှာပါရော )

အမြဲတမ်း ပြာယာခတ်ပြီး လက်တွေရော ၊ ခြေတွေပါ အနားမနေတဲ့ ကျောင်းသူတစ်ယောက်ကိုတော့ မော်တော်ပီကယ်ကို အစွဲပြုပြီး - “ မော်တော်ပြာလောင် ”

စာသင်ချိန်မှာ အမြဲငိုက်တတ်တဲ့ နော်ဖောကပေါ် ဆိုတဲ့ ကရင်တပည့်မလေးကိုတော့ - “ ခလောကပေါ် ”

ပိန်ပိန်ညောင်ညောင် ကျောင်းသားလေးတစ်ယောက်ကို - “ ပဲတောင့် ”

အသားမည်းမည်းနဲ့ မျက်လုံးပြူးပြူး ကျောင်းသားလေးတစ်ယောက်ရဲ့နာမည်က - “ ပုရစ် ”

မြန်မာစာမေးခွန်းတိုတွေမေးတဲ့အခါ အဖြေမှန်နဲ့ ဘာမှမဆိုင်တဲ့ ကမ္ဘာကျော်အီစွပ်ပုံပြင်များဆိုတာကို အားပါးတရ အော်ပြီး ဖြေခဲ့တဲ့ ကျောင်းသားကိုတော့ - “ အီစွပ် ”

ဓာတုဗေဒမှာ Organic Chemistry တွေ စာမေးပွဲလုပ်ပေးချိန်က Ethane ကို Ethyan လို့ ပြောင်မြောက်အောင် မှားနိုင်တဲ့ တပည့်ကျော်ရဲ့နာမည်ကို သူရေးထားတဲ့ နာမည်အတိုင်း - “ အီသရမ်း ”

မည်းမည်းပိန်ပိန် မွန်တပည့်မတစ်ယောက်ကိုတော့ - “ ခရမ်းသီး ”

၀၀ဖြူဖြူ ထောင်ထောင်မောင်းမောင်း တပည့်မတစ်ယောက်ရဲ့နာမည်က - “ ဘူးသီး ”

ပိန်ပိန်ရှည်ရှည်နဲ့ အမြဲတမ်းပူပူလောင်လောင်ဖြစ်၊ ပြာယာခတ်နေတတ်တဲ့ တပည့်မကို - “ ငရုတ်သီး ”

မျက်လုံးပြူးပြူး အသားမည်းမည်း တပည့်မလေးကိုတော့ - “ ဇီးကွက် ”

ခပ်ပေါက်ပေါက်၊ ခပ်ပေါပေါ နေတတ်တဲ့ ကျောင်းသားကိုတော့ ပြားတစ်ရာမပြည့်တာကြောင့် - “ 50 cent ”( ပြားငါးဆယ် )

ညဘက်ဆိုရင် ကိုးနာရီထိုးတာနဲ့ အိပ်ယာဝင်တတ်တဲ့ ၀ီရိယကောင်းကောင်း တပည့်မတစ်ယောက်ကို “ မေနိုင်း ”

ဒီနှစ်မှရောက်လာတဲ့ ၀၀တုတ်တုတ် ကျောင်းသူလေးကိုတော့ - “ ပစ်ပစ် ”
( ဘလော့ဂီဂျယ်ရီပစ်ပစ်က သူ့နာမည်ကို မှတ်ပုံတင်မထားတာကြောင့် ဦးဟန်ကြည်က ခပ်တည်တည် ယူသုံးလိုက်ခြင်းပါ )

စာသင်ချိန်မှာရော အပြင်မှာပါ လေပေါနိုင်လွန်းတဲ့ တပည့်ကျော်ကိုတော့ - “ အာလူး ”

အရပ်အမောင်းကောင်းကောင်းနဲ့ ထောင်ထောင်မောင်းမောင်း တပည့်မတစ်ယောက်ရဲ့နာမည်က “ ဧရာမ ”

ခပ်ပေါက်ပေါက် ခပ်ပေါပေါ ကျောင်းသားတစ်ယောက်ကိုတော့ သူ့နံမည်ရင်းလေးပါပါသွားရအောင် “ ဓာတ်ထူး ”

လွန်ခဲ့တဲ့ နှစ်ကတော့ နာမည်ပေးသန်လှတဲ့ ဦးဟန်ကြည်ခမျာ ခေါင်းအတော်ခြောက်ရရှာပါတယ်။ ပိန်ပိန်သေးသေး ကျောင်းသူလေးတစ်ယောက်လာအပ်တဲ့အခါမှာ ခပ်လွယ်လွယ် “ ညှပ်စိ ” လို့ နာမည်ပေးထားလိုက်မိပါတယ်။ နောက်ထပ် သူ့ထက်သေးတဲ့ တစ်ယောက်ရောက်လာပြန်တော့ “ အသေးလေး ” လို့ နာမည်ပေးပြီး အဆင်ပြေနေပေမယ့် နောက်ဆုံးရောက်လာတဲ့ အသေးဆုံးကျောင်းသူကိုတော့ နာမည်ပေးဖို့ ခက်ရပါတော့တယ်။ နောက်ဆုံးမှာတော့ ခေါင်းပူအောင်စဉ်းစားမနေတော့ဘဲ “ ပိစိကွေး ” လို့ ခပ်လွယ်လွယ် မှည့်ပေးလိုက်ရပါရောလား။

………………………………
သူပိုင်တဲ့ ကမ္ဘာကျဉ်းကျဉ်းလေးထဲမှာ သူချစ်တဲ့ တပည့်ပေါင်းများစွာ ပတ်ခြာဝိုင်းလို့ သူမြတ်နိုးတဲ့ ပညာရေးလောကကို ဖက်တွယ်ထားရင်း ဦးဟန်ကြည်တစ်ယောက် မမောနိုင်မပမ်းနိုင် ပျော်ပျော်ကြီးကူးခတ်ကျင်လည်နေဆဲပါ။ သူချစ်တဲ့တပည့်လေးတွေကိုလည်း သူ့စိတ်ကြိုက်နာမည်တွေနဲ့ ဂုဏ်ပြုစမြဲ ရှိနေလျှက်ပါ။ ဒါပေမယ့် သူ့ရဲ့တပည့်ချစ်တွေက ဦးဟန်ကြည်ကို ကွယ်ရာမှာ ဘယ်လိုနာမည်တွေပေးထားကြတယ်ဆိုတာတော့ မသိရှာပါ။ ဒါပေမယ့် တပည့်တွေအပေါ် သံယောဇဉ်ကြီးလွန်းတဲ့ သူတို့ရဲ့ ချစ်စွာသောဆရာကို အကြားခက်တဲ့ နာမည်ဆိုးမျိုးတော့ မပေးတာသေချာနေတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျေနပ်လျှက်လည်း ရှိနေပါကြောင်း။               

( “ နာမည် ” ကို “ နံမည် ” လို့ ဆိုးဆိုးဝါးဝါး စာလုံးပေါင်းသတ်ပုံမှားသွားမိတာကြောင့် သတ်ပုံတွေအားလုံးကို ပြန်ပြင်လိုက်ပါတယ်။ သတ်ပုံမှန်ဖို့ အမြဲလိုလို သတိထားတဲ့ကြားက အခုလို မှားသွားခဲ့ရတဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်သွားရတဲ့ စာဖတ်မိတ်ဆွေအားလုံးကို လေးစားစွာနဲ့ အနူးအညွတ်တောင်းပန်လိုက်ပါရစေ… )




Saturday, 1 October 2011

လမ်းခုံးများ . . .

 ရတနာပုံနေပြည်တော်ကလာခဲ့တဲ့ တောသားဦးဟန်ကြည်တစ်ယောက် တိုင်းစွန်ပြည်နားကို ရောက်မှပဲ မမြင်ဖူးတာမြင်ရ၊ မကြားဖူးတာကြားရလို့ ဆိုရမတတ် အထူးအဆန်းတွေနဲ့ပဲ ကြုံနေရပါတော့တယ်။ မြောက်များလှစွာသော ထူးထွေတည့်အံ့ရာသော်တွေထဲက အထူးတကာ့ အထူးဆုံး၊ အဆန်းတကာ့ အဆန်းဆုံးက မြို့တွင်းလမ်းတွေပေါ်မှာ ကိုက်ငါးဆယ်ကို တစ်ခုလောက် တွေ့နေရတဲ့ ဧရာမ လမ်းခုံးမြင့်မြင့်ကြီးတွေ ( Slow down ) ပဲ ဖြစ်ပါတော့တယ်။

http://1.bp.blogspot.com/_yoQxqVo5KJU/TNFFqScayYI/AAAAAAAAEQI/_VFupCabCFk/s1600/slow+down.jpg

မန်းရွှေပြည်မှာလည်း မြို့တွင်းလမ်းတွေမှာ အရှိန်လျှော့ လမ်းခုံးတွေကို ဦးဟန်ကြည်တစ်ယောက် တွေ့ခဲ့ဖူးပါတယ်။ အဲဒီလမ်းခုံးတစ်ခုစီရဲ့ အမြင့်ရော အကျယ်ရောက လွန်ရောကျွံရောမှ လူကြီးလက်သီးတစ်ဆုပ်စာလောက်ပဲ ရှိတာပါ။ ဖြောင့်ဖြူးညီညာနေတဲ့ ကတ္တရာလမ်းမကြီးပေါ်မှာ အဲဒီလောက်အမြင့်ရှိတဲ့ လမ်းခုံးတစ်ခုလောက် လုပ်ထားလိုက်ရင်ပဲ ကား၊ ဆိုင်ကယ်က အစထားလို့ စက်ဘီး၊ ဆိုက်ကားမကျန် အဲဒီခုံးနားမရောက်ခင် အရှိန်လျှော့ရတော့တာမို့ သတ်မှတ်မိုင်နှုန်းထက်မပိုရတဲ့ လမ်းစည်းကမ်းကိုလည်း သူ့အလိုလို လိုက်နာပြီးသားဖြစ်သွားတော့တာမို့ လမ်းသွားလမ်းလာတွေအတွက် အထိုက်အလျှောက် အန္တရာယ်ကင်းသွားပါတယ်။ ဒါတင်မကသေးဘဲ အဲဒီလမ်းခုံးတွေမရောက်ခင်မှာ “သတိ၊ ရှေ့ကိုက် ၁၀၀ တွင် လမ်းခုံးရှိသည် ”ဆိုတဲ့ ဆိုင်းဘုဒ်တပ်ပြီး သတိပေးထားပြန်တာကြောင့် လမ်းခုံးကို သတိမထားမိဘဲ ၀င်တိုက်ပြီး အန္တရာယ်ဖြစ်မယ့် အရေးကလည်း ကြိုပြီးကာကွယ်ပေးထားတာလည်း တွေ့နိုင်ပါသေးတယ်။

ဒါပေမယ့် ဒီဒေသမှာတွေ့နေရတဲ့ လမ်းခုံးတွေကတော့ တစ်ခုံးတစ်ခုံးကို ခြောက်လက်မကျော်လောက်မြင့်ပြီး တစ်ပေနီးပါး ကျယ်တော်မူကြပါတယ်။ ဘာသတိပေးစာတမ်းမှလည်း ကပ်မထားတာကြောင့် လမ်းကြောနားမလည်သေးတဲ့ ဧည့်စိမ်းတစ်ယောက် ညကြီးမင်းကြီး မှောင်မှောင်မည်းမည်းမှာ ယာဉ်တစ်မျိုးမျိုး မောင်းလာမိရင်တော့ သေချာပေါက် ဒုက္ခရောက်ပါလိမ့်မယ်။ လမ်းတွေကလည်း အင်္ဂတေလမ်းတွေဖြစ်ပြန်တာမို့ ဆယ်ဘီးကားကြီးတွေမောင်းတဲ့ဒဏ်၊ မိုးရွာတော့ ရေ၀ပ်တဲ့ဒဏ်တွေကြောင့် ပေါက်တဲ့နေရာပေါက်၊ ကျောက်တွေပေါ်တဲ့နေရာက ပေါ်နေရတဲ့ကြားမှာ အဲဒီဧရာမလမ်းခုံးကြီးတွေက တကယ့်ပြဿနာကြီးတွေ ဖြစ်လို့နေပါတော့တယ်။ ဘာပဲမောင်းမောင်း လမ်းစည်းကမ်းကိုလိုက်နာပြီး ဖြည်းဖြည်းဆေးဆေး မောင်းတတ်တဲ့ ဦးဟန်ကြည်လို လူမျိုးအတွက်တောင်မှ ဆိုင်ကယ်နဲ့သွားရင်လည်း အဆင်မပြေသလို ကားနဲ့သွားပြန်ရင်လည်း အနှောင့်အယှက်ဖြစ်လွန်းပါရဲ့။

ဒီကြားထဲမှာ  ဘယ်မဟာပညာကျော်ဖွတ်ကြားရဲ့ ရွှေဥာဏ်တော်စူးရောက်မှုကြောင့်လဲမသိရဘဲ လမ်းခုံးထားတဲ့နေရာတွေကလည်း အင်မတန်မှ မဟာဗျူဟာမြောက်ပြန်ပါတယ်။ လမ်းလေးခွအဆုံမရောက်ခင်တိုင်းမှာ လမ်းခုံးတစ်ခုစီထားတာကြောင့် တည့်တည့်ပဲမောင်းမောင်း ကွေ့ပဲကွေ့ကွေ့ လမ်းတစ်ခုံးနဲ့တစ်ခုံးက ဘီးဆယ်လှိမ့်စာလောက်ပဲ ကွာပါတော့တယ်။ တည့်တည့်မောင်းတဲ့လူအတွက် မထောင်းတာလှပေမယ့် ကွေ့မယ့်လူတွေအတွက်တော့ ပြဿနာအတော်ကြီးတဲ့ လမ်းခုံးတွေပါ။ ဆိုင်ကယ်ပဲမောင်းမောင်း၊ ကားပဲမောင်းမောင်း လမ်းကွေ့မရောက်ခင်မှာ လီဗာလျှော့၊ ဂီယာပြောင်းပြီးမှ မောင်းကြတာမို့ ပထမလမ်းခုံးက ပြောလောက်အောင် ဒုက္ခမပေးပေမယ့် လမ်းကွေ့ကျော်ရင် ဂီယာပြန်ပြောင်းပြီး လီဗာတင်ရမယ့်အချိန်မှာ ဘွားဘွားကြီးတွေ့ရတဲ့ မောင်မင်းကြီးသားလမ်းခုံးကြောင့် လေးဘီးပါတဲ့ ကားလည်း မသက်သာသလို နှစ်ဘီးပဲပါတဲ့ ဆိုင်ကယ်ခမျာမှာလည်း အခက်တွေ့ရရှာပါတော့တယ်။

လမ်းခုံးတစ်ကာ့လမ်းခုံးထဲမှာ ဦးဟန်ကြည်တို့ အိမ်ကနေ သိပ်မဝေးတဲ့ ကုန်းအဆင်းက လမ်းခုံးက ပိုလို့တောင် ဆိုးပါသေးတယ်။ စဉ်းစားကြည့်ပါ။ အရှိန်နဲ့ ပြေးတက်ရမယ့် ခပ်မတ်မတ်တောင်ကုန်းရဲ့ခြေရင်းအစပ်မှာမှ လမ်းခုံးထားတော်မူပါသတဲ့။ ဒီကြားထဲမှာ သူ့လမ်းခုံးက အကျယ်ရော၊ အမြင့်ပါ စံချိန်မီရုံတင်မကဘဲ စံချိန်လွန်နေတာမို့ ကားဗိုက်နဲ့ မလွတ်ချင်သလို ဆိုင်ကယ်အင်ဂျင်အုံနဲ့လဲ မလွတ်ပြန်တာမို့ အရှိန်ကို အဆုံးထိလျှော့ တစ်ဘီးချင်းလှိမ့်ပြီး အဲဒီလမ်းခုံးဆိုးကိုလွတ်အောင် ကျော်ရပါတော့တယ်။ လမ်းခုံးကို ကျော်ပြီးပြီးချင်း တောင်ကုန်းပေါ်ကို မော့တက်ရတော့တာမို့ ဆိုင်ကယ်ရောကားပါမကျန် မီးခိုးတွေအူပြီး အင်ဂျင်က ငယ်သံထွက်အောင် စက်ကုန်မောင်းတက်ရပါတော့တယ်။ အောက်ကနေ တက်လာရတာ မလွယ်သလို ကုန်းမြင့်ပေါ်က အရှိန်နဲ့ဆင်းလာရတဲ့ ဘယ်ယာဉ်မှလဲ မစားသာပြန်ပါ။ ကုန်းမြင့်ပေါ်ကနေ အရှိန်လေးနဲ့ စိတ်လွတ်ကိုယ်လွတ်ဆင်းလာလိုက်မိလို့ကတော့ အဆင်းလမ်းအဆုံးမှာ ပြူးပြူးကြီးစောင့်နေတဲ့ လမ်းခုံးနဲ့ နှစ်ပါးသွားပြီး ငါးပါးမှောက်မှာ သေချာလို့ နေပါတော့တယ်။ ဒီကြားထဲမှာ ဘရိတ်ပေါက်နေတာ၊ ဘရိတ်မမိတာများဖြစ်နေခဲ့ရင်တော့ ငါးပါးတင်မကဘဲ သံဃာစင်ပါ မှောက်ဖို့ ကျိန်းသေနေပါရောလား။ အဲဒီလောက် ဒုက္ခပေးလွန်းတဲ့လမ်းခုံးကို ရောက်တိုင်း ဥာဏ်ကြီးရှင် လမ်းခုံးပါရဂူ Mr.ချီးဦးဏှောက်ကို ဦးဟန်ကြည်တစ်ယောက် ဒေါအပွကြီးပွပြီး ပါးစပ်ကနေ အားပါးတရနဲ့ မေတ္တာတော်တွေ တစ်လုံးတစ်ခဲကြီး ပို့လေ့ရှိပါတယ်။

လမ်းခုံးတွေနဲ့ အဆင်မပြေလှတဲ့ ဦးဟန်ကြည်ကို လေးစားလို့ပဲ ထင်ပါရဲ့။ အိမ်ရှေ့လမ်းမပေါ်က အိမ်နဲ့မနီးမဝေးနေရာမှာ နောက်ထပ်လမ်းခုံးနှစ်ခုကို လမ်းသူလမ်းသားများက စေတနာဗလပွနဲ့ ဒီရက်ပတ်ထဲမှာပဲ တပ်ကြပြန်ပါတယ်။ နောက်လာတဲ့ မောင်ပုလဲက ဒိုင်းဝန်ထက် မကဲရရင် မနေနိုင်ကြပြန်တာမို့ အဲဒီလမ်းခုံးရောက်ရင် ဆိုင်ကယ်ပေါ်ကနေ လမ်းပေါ်ကို ခြေထောက်နှစ်ချောင်းစလုံး ထောက်ပြီး တစ်လှိမ့်ချင်းလှိမ့်တာတောင် အင်ဂျင်အုံနဲ့ လမ်းခုံးနဲ့ ဂျစ်ခနဲမြည်အောင် ပွတ်တိုက်သွားတဲ့အသံက ခုံးသုံးခါကျော်ရရင် တစ်ခါလောက်တော့ ကြားဖြစ်အောင် ကြားရစမြဲပါ။ တစ်ခါတစ်ခါများ နောက်ကထိုင်လိုက်လာတဲ့ အိမ်ရှင်မကို ဆိုင်ကယ်ပေါ်က ဆင်းခိုင်းပြီး စိတ်ပေါက်ပေါက်နဲ့ တွန်းသွားချင်စိတ်ပေါက်မိတဲ့အထိ စွမ်းတော်မူတဲ့ လမ်းခုံးဖြစ်ပါရဲ့။ Wagon တို့ Fit တို့လို ဘော်ဒီနိမ့်တဲ့ ကားမျိုးနဲ့သွားမိရင်တော့ မောင်မင်းကြီးသားလမ်းခုံးတွေ နှိပ်စက်တာနဲ့တင် ကားအောက်ပိုင်းတွေ ဖွတ်ဖွတ်ညက်ညက် ကြေမယ့်ကိန်းပါ။

ကိုယ်ထူကိုယ်ထ စနစ်နဲ့ စုပေါင်းပြီးခင်းထားကြလို့ ဖြောင့်ဖြူးနေတဲ့ အိမ်ရှေ့က အင်္ဂတေ လမ်းပေါ်မှာ နေ့နေ့ညည အရှိန်ပြင်းပြင်းနဲ့ မောင်းချင်သလိုမောင်းနေကြတဲ့လူတွေကို ဦးဟန်ကြည် စိတ်ပျက်နေခဲ့တာကြာပါပြီ။ လမ်းဖြတ်ကူးရင်း ကစားတတ်ကြတဲ့ လမ်းထဲက ကလေးတွေကိုကာကွယ်ပေးတဲ့ အနေနဲ့ ဒီလိုလူတွေကို တားဆီးဖို့ လမ်းခုံးတစ်ခုလောက်တော့ ထားချင်စိတ်ဖြစ်မိပါတယ်။ ဒါပေမယ့် ဦးဟန်ကြည် လိုချင်တဲ့ လမ်းခုံးက အခုလို လမ်းခုံးမျိုးမဟုတ်ပါ။ လမ်းပေါ်မှာ မောင်းနေတဲ့ ယာဉ်ဟူသမျှကို အနှောင့်အယှက်ပေးမယ့် လမ်းခုံးမျိုးကို ဦးဟန်ကြည် လုံးဝမလိုချင်ပါ။

ဖြောင့်ဖြူးနေတဲ့ လမ်းတွေမှာ လမ်းခုံးတွေထားဖို့၊ လမ်းခုံးတွေရှိဖို့ လိုအပ်ပါတယ်။ လမ်းခုံးတွေဟာ လမ်းစဉ်းကမ်းကိုမလိုက်နာသူတွေ၊ အရှိန်ပြင်းပြင်းမောင်းတတ်တဲ့သူတွေကို လမ်းစည်းကမ်းလိုက်နာဖို့၊ အရှိန်လျှော့မောင်းစေဖို့ လုပ်ထားတဲ့ အတားအဆီးတွေပါ။ တစ်နည်းအားဖြင့် အများပြည်သူကို ကူညီဖို့၊ ကာကွယ်ဖို့လုပ်ထားတာ ဖြစ်ပါတယ်။ လမ်းစည်းကမ်းကိုလိုက်နာတဲ့သူတွေ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းတဲ့သူတွေအတွက် အနှောင့်အယှက်ပေးဖို့ မဟုတ်ပါ။ ဒါပေမယ့် လမ်းခုံးတစ်ခုဟာ လိုအပ်တာထက် ပိုမြင့်နေခဲ့ရင်၊ လမ်းခုံးတွေ လိုတာထက်ပိုများနေခဲ့ရင်၊ သတိကြိုပေးမထားတဲ့ လမ်းခုံးတွေ ဖြစ်နေခဲ့ရင် လူကောင်းတွေကိုပါ အနှောင့်အယှက်ပေးပါတော့တယ်။ ဒါဟာ စေတနာပါတဲ့ လုပ်ရပ်မဖြစ်နိုင်တော့ပါ။ အားလုံးကို ဒုက္ခပေးထာလို့ပဲ ခေါ်ရပါတော့မယ်။

 ဒီလိုပါပဲ ဥပဒေဆိုတာ လူဆိုးတွေကို တားဆီးပြီး လူကောင်းတွေကို အကာအကွယ်ပေးဖို့ ဖြစ်ပါတယ်။ ဥပဒေတစ်ခုကြောင့် လူကောင်းတွေပါ အနေအထိုင် ကျဉ်းကျပ်သွားရတဲ့အခါမျိုးမှာ….

ဟုတ်ကဲ့…ဦးဟန်ကြည်ရဲ့ မျက်စိအောက်မှာ သတိပေးချက်ကပ်မထားတဲ့ လမ်းခုံးမြင့်မြင့်တွေ လိုတာထက် ပိုများနေပါတယ်….။        

ကြိုက်ရင်ပေါ့လေ . . .