Wednesday, 30 November 2011

အမေဂျမ်းတို့ရွာ . . .

 ညနေ ၆ နာရီ . . .
http://us.123rf.com/400wm/400/400/scusi/scusi1005/scusi100500063/6952338-pig-electric-bulb.jpg
မီးတစ်ချက်ပြတ်မည်။ စက္ကန့်ပိုင်းအတွင်း မီးပြန်လာမည်။
ကိစ္စမရှိပါ။ မီးပြန်လာသည်ပဲ။ စက္ကန့်ပိုင်းလောက်နှင့်တော့ မည်သည့်စီးပွားရေးလုပ်ငန်းမှလည်း ဆိုးဆိုးရွားရွား ထိခိုက်မည်မဟုတ်။ ကွန်ပျူတာသုံးနေလျှင်တော့ UPS ခံမထားလျှင် လုပ်သမျှ အလုပ်အားလုံး တစ်ကပြန်စရပေမည်။ ကိုရီးယားကားကြည့်နေကြသော ပရိသတ်များ ကိုရီးယားတိုင်းပြည်မှ ရွှေမြန်ပြည်သို့ စက္ကန့်ပိုင်းခန့် ပြန်ရောက်လာကြမည်။ မည်သို့ပင်ဆိုစေ စက္ကန့်ပိုင်းအတွင်း ကိုရီးယားတိုင်းပြည်သို့ ပြန်ရောက်မည်မှာမလွဲ…။

သို့သော် ထိုစက္ကန့်ပိုင်းသည် အချို့သောပုဂ္ဂိုလ်များအတွက် စိန်စီထားသော စက္ကန့်များဖြစ်နေပါသည်။ ထိုစက္ကန့်ပိုင်းကလေးအတွင်း ရလိုက်သော အကျိုးခံစားမှုများကို တစ်လစာပေါင်းလိုက်လျှင် ဇနီးမယားကို မျက်နှာလုပ်ရန်၊ သမီးသားတို့ ဖြုန်းတီးရန်၊ ကိုယ်ကိုယ်တိုင် အနှိပ်ခန်းသွားရန် လုံလောက်ရုံမျှမက ပိုလျှံနေသေးသော ငွေပမာဏကို ရနိုင်သည် မဟုတ်ပါလား။

အဘယ်ကြောင့်၊ အဘယ်ပုဂ္ဂိုလ်များအတွက် ထိုစက္ကန့်ပိုင်းက လွန်စွာတန်ဖိုးရှိနေရပါသနည်း…

အဖြေကရှင်းသည်။ စက္ကန့်ပိုင်းလောက်မီးပြတ်အပြီး နောက်တစ်ကြိမ် မီးပြန်အလာတွင် ဆောင့်တက်လာသော လျှပ်စစ်မီးအားကြောင့် မီတာသုံးလေးပတ်လောက် ၀ီခနဲလည်သွားတတ်သည် မဟုတ်ပါလား။ မီတာသုံးပတ်ပဲ လည်သည်ထားဦး ယူနစ်တစ်ဝက်လောက် မီတာခ ပိုရသွားသောကြောင့် တစ်အိမ်ထောင်လျှင် ငွေ ၁၀၀ကျပ်ဝန်းကျင်ခန့်သည် လျှပ်စစ်ရုံးအတွက် ဘေးပေါက်မဟုတ်သော၊ အလည်ပေါက် ၀င်ငွေအဖြစ် အခန့်သား ၀င်ရောက်သွားချေပြီ။ မီတာလုံးရေပေါင်း ထောင်သောင်းချီနေသော ဤဒေသတစ်ခုမှ တစ်ရက်လျှင် သိန်းချီနေသော အဆိုပါဝင်ငွေသည် ဖျတ်ခနဲတစ်ချက် ပြတ်သွားပြီး ပြန်လင်းလာသော လျှပ်စစ်မီးမှ ရလိုက်သည် မဟုတ်ပါလား။ မည်သူမှ သတိမထားမိသည်ဖြစ်စေ၊ သတိထားမိပါလျှက်နှင့် လေကုန်မခံလိုသောကြောင့် ဖွင့်မပြောကြသည်ဖြစ်စေ စိန်စီထားသော ထိုစက္ကန့်ငယ်များမှ အမှတ်ထင်ထင်ဝင်လာသော ငွေများကား ဆရာသမားတို့၏ အိပ်ကပ်အတွင်းဝယ် အခန့်သား၊ အစန့်သား ၀င်ရောက်နေရာယူနေသည်မှာ တစ်လကျော်၍ နှစ်လနီးပါးပင်တိုင်နေခဲ့ပေပြီ။

တိုက်ရိုက်မီတာ၊ တစ်ဆင့်ခံမီတာ စသည်ဖြင့် လျှပ်စစ်မီးကို နည်းမျိုးစုံဖြင့် ရယူသုံးစွဲနေကြရသော ဤဒေသတွင် ကောက်ယူသော မီတာခများက ကွာခြားလှသည်။ တိုက်ရိုက်မီတာသမားများမှာ အိုးပိုင်အိမ်ပိုင်များဖြစ်လေ့ရှိကြပြီး မီတာခတစ်ယူတစ်လျှင် မြန်မာကျပ်ငွေ ၁၀၀ ကျော်ကျော်သာ ကျသင့်သော်လည်း ထိုမီတာများထံမှ တစ်ဆင့်ပြန်သွယ်ယူကြရသော ဆင်းရဲသားများ၊ ကိုယ်ပိုင်မီတာမရှိသူများမှာ တစ်ယူနစ်လျှင် ၂၀၀ ကျော်ကျော် ပေးကြရသည်။ တစ်ရက်လျှင် ငွေ ၁၀၀ ကျော်အလဟဿဖြစ်ခြင်းက မဆိုစလောက်သော်လည်း ရထားသော အခွင့်အရေးကို အလွဲသုံးစားလုပ်ခြင်းက မကျေနပ်စရာကောင်းလှသည်။ အဆိုးဆုံးက ကျန်မြို့သူမြို့သားအားလုံးကို မသိနားမလည်၊ လူနုံ၊ လူညံ့ဟု ယူဆလိုက်ခြင်းပင်ဖြစ်သည်။ မြေနိမ့်ရာလှံစိုက်လိုကြသော လောကလူသားများကား ဗြဟ္မစိုရ်တရား ဟူသည်ကို ကြားဖူးကြဟန်မတူ။ တရားပွဲကြီးများ ခြိမ့်ခြိမ့်သည်းသည်း ၀ှဲချီးကျင်းပခြင်း၊ ကမ္ပည်းထိုး၍ သိန်းသန်းချီလှူဒါန်းခြင်းအလုပ်ကိုသာ စိုက်လိုက်မတ်တပ်လုပ်ကြပြီး ရှင်တော်ဘုရား၏ နှုတ်မြွတ်တရားတော်များကိုမူ အခြေခံကျင့်ဝတ်ငယ်ဖြစ်သည့် ကိုယ်ချင်းစာတရားကိုမျှ လိုက်နာခြင်းမရှိကြတော့။ လဲနေသူထူပေးပါဟူသော သူငယ်တန်းဖတ်စာတွင်းရှိ စာကြောင်းသည်လည်း မည်သည့်အရပ်သို့ ခရီးထွက်သွားသည် မသိနိုင်တော့ပါ။  နိုင်ငံတကာက သနားကြင်နာစွာဖြင့် ကယ်တင်ရန်ကြိုးစားနေကြသော်လည်း နိုင်ငံသားအချင်းချင်းကမူ  လက်ဦးသူက ဓားပါးပါးဖြင့် နုပ်နုပ်စဉ်းနေကြခြင်းက ရင်နာစရာကောင်းလွန်းလှသည်။

ငယ်စဉ်အရွယ် ကလေးဘ၀က ကြားဖူးနားဝရှိခဲ့သော နတ်သမိုင်းတစ်ပုဒ်၌ ၃၇ မင်းနတ်စာရင်းတွင် အပါအ၀င်ဖြစ်သော အမေဂျမ်းသည် မီးနှင့်ရေကို နိုင်နင်းသည်ဟု အဆိုရှိသည်။ နတ်ကန္နားပွဲများတွင် မီးထွန်းထားသော ဖယောင်းတိုင် လေးငါးတိုင်၏ မီးညွှန့်များကို အမေဂျမ်းဝင်ပူးနေသော နတ်ဝင်သည်က ပါးစပ်ထဲထည့်၍ မပူမလောင် ၀ါးမြိုပြသည်ကိုလည်း မြင်ခဲ့ဖူးသည်။ ပူလောင်လှသော ဖယောင်းတိုင်မီးညွှန့်သည် နတ်ဝင်သည်၏ ခံတွင်းကို လောင်ကျွမ်းခြင်းမရှိ။ အဆိုပါ မီးစားပြသော ပြကွက်ကြောင့် နတ်ဝင်သည်သည် ပို၍ထင်ရှားလာသည်၊ တန်ခိုးထွားလာသည်၊ ပူဇော်ပသသူ များလာသည်။ မီးကိုနိုင်နင်းသော၊ မီးကို စားပြနိုင်သော အမေဂျမ်းပါပေ။

ယခုလည်း မီးကိုနိုင်နင်းသော၊ ထားရာနေ၊ စေရာသွားအောင် ဖန်တီးနိုင်စွမ်းသော အမေဂျမ်းလက်သစ်များကို တွေ့နေရပြန်ချေပြီ။ သို့သော် ထိုအမေဂျမ်းလက်သစ်များသည် ပ၀ါအနီကို ရင်ဘတ်တွင် စည်းနှောင်မထားကြ၊ မင်္ဂလာရယ်မှ မဏ္ဍိုင်လေ…အစချီသော နတ်ချင်းများကိုလည်း မသီဆိုကြ၊ လမ်းဆုံလမ်းခွတွင်ထိုးထားသော ကန္နားဖျင်းများတွင် မူးယစ်ရီဝေစွာဖြင့် ခြေလက်တို့ကို မြှောက်ချီပြီး ကခုန်ခြင်းမရှိကြတော့။ သူတို့သည် ခမ်းနားသော တိုက်အိမ်ကြီးများတွင် နေကြ၏။ နောက်ဆုံးပေါ် ကားများကို စီးကြ၏။ အနောက်နိုင်ငံမှလာသော ယစ်ရွှေရည်ကို မှီဝဲကြ၏။ မဒီကညာအနိပ်များခြံရံကာ ဘီယာကို နှိပ်ကြကုန်၏။ ညှီနံ့သင်းသော ကာရာအိုကေဆိုင်များတွင်သာ သီချင်းဆိုကြ၏။ ငွေစက္ကူများကို ရေတွက်ရခြင်းကြောင့် ညောင်းညာပင်ပန်းကြသောအခါများတွင် အင်္ဂလိပ်စကားကို မြန်မာမှုပြု၍ “ မာဆတ် ” ဟုခေါ်ဝေါ်ကြသော အနှိပ်ခန်းများသို့သွား၍ အညောင်းအညာဖြေကြကုန်၏။ မီးကိုစားပုံခြင်းတူသော်လည်း အကျိုးရပုံခြင်းကား မတူကြတော့ချေ။ ခေတ်သစ်အမေဂျမ်းများကို မူလလက်ဟောင်း အမေဂျမ်းမြင်လျှင် မိမိထက် တန်ခိုးပါဝါပိုမိုကြီးမားနေသော ထိုသူများကို အံတုရန် မစွမ်းသာသောကြောင့် ကိုယ့်ကို်ယ်ကို မလောင်လောင်အောင် မီးဖြင့်မြှိုက်ပြီး နတ်စိမ်းဘ၀မှ နတ်ကျက်ဘ၀သို့ ပြောင်းရှာမည်ထင်၏။

ကျောင်းသားဘ၀က သင်ခဲ့အံခဲ့ရသော မြန်မာ့သမိုင်းစာတစ်ပုဒ်တွင် “ ဘူလင်ဂျာပူးဟုခေါ်သော ကုန်သည်ကြီးများအသင်းက ဈေးဆွဲခြင်း၊ ဈေးကစားခြင်းများ ပြုလုပ်သောကြောင့် စပါးဈေးများ ကျဆင်းပြီး လယ်သမားများ ဆင်းရဲဒုက္ခရောက်ကြသည် ” ဟူသော စာတစ်ကြောင်းကို မှတ်မှတ်သားသား ရှိနေမိသည်။ “ ဈေးဆွဲခြင်း၊ ဈေးကစားခြင်း ” ဟူသည့် စီးပွားရေးဆိုင်ရာ ဝေါဟာရများကို နားမလည်နိုင်သေးသော ကျောင်းသားဘ၀က ထိုစာကြောင်း၏ ဆိုလိုရင်းအဓိပ္ပာယ်ကို ကောင်းစွာသဘောမပေါက်ခဲ့ဘဲ စာမေးပွဲတွင် အမှတ်ကောင်းကောင်းရရန် ဦးတည်ချက်တစ်ခုတည်းဖြင့် နှုတ်တိုက်အာဂုံဆောင်ခဲ့ရဖူးသည်။ ကြီးရင့်လာ၍ လောကအကြောင်းကို နားလည်စပြုလာသော ယခုအချိန်ရောက်ကာမှ “ မီးဆွဲခြင်း၊ မီးကစားခြင်း ” ဟူသော ဝေါဟာရဆန်းနှင့် ကြုံနေရပြန်ချေပြီ။ ထိုဝေါဟာရဆန်းကို ကောင်းစွာနားလည်ပြီး ထိုဝေါဟာရ၏ အဓိပ္ပာယ်အတိမ်အနက်၊ အကျိုးဆက် အနည်းအများကို ကောင်းစွာသဘောပေါက်သော်လည်း လူမှုရေးစာမေးပွဲတွင် လောက၀တ်ဘာသာရပ်၌ အမှတ်ကောင်းမရမည်ကို စိုးရိမ်ရပြန်သောကြောင့် ထုတ်ဖော်ပြောဆိုခြင်း မပြုနိုင်ပြန်ပါချေ။ ဆိုးရွားလှသော ကံကြမ္မာကိုသာ မျက်မှောက်ပြုရတော့မည့်နှယ် ရှိချေတော့သည်။

လူထုဦးလှ၏ “ ကျောင်းကန်အနီးမှ မြန်မာပုံပြင်များ ” စာအုပ်မှ ကောက်နုတ်ဘာသာပြန်ထားသော Too much knowledge maketh fools “ အတတ်ကြူး၊ အရူးဖြစ် ” ဟူသော သင်ခန်းစာကို ယနေ့ခေတ် အင်္ဂလိပ်စာပြဌာန်းစာအုပ်တွင် ဖတ်မိသည့်အကြိမ်တိုင်း မချိပြုံးပြုံးမိရသည်ချည်းသာဖြစ်သည်။ အတတ်၊ အသိနှင့် သတိတို့ သင့်တင့်မျှတစွာ မယုတ်မလွန် ရှိနေပါလျှက် လုပ်ပိုင်ခွင့်၊ ပြောပိုင်ခွင့် မရှိခြင်းကလည်း အရူးဖြစ်စေသည်ဟုပင် သင်ခန်းစာကို ပြင်ဆင်ချင်စိတ်လည်း တဖွားဖွားပေါ်မိတတ်စမြဲ။  မြင်နေသောမျက်လုံးများ၊ ကြားနေသောနားများက မလိမ်ညာတတ်ကြခြင်းသည်လည်း များစွာစိတ်ညစ်ညူးစေပြန်၏။ အမြင်၊ အကြားအာရုံတို့သည် ဦးဏှောက်အာရုံလှိုင်းများအတွင်း ကောင်းမွန်ငြိမ်သက်စွာ မနေတတ်ကြ။ အသိစိတ်၊ မသိစိတ်တို့ကို နှိုးဆွကြပြန်သည်။ လောကပါလပေတံဖြင့် တိုင်းထွာ စံယူကြပြန်သည်။ မည်သို့ပင်ဆိုစေ ထိုအသိစိတ်၊ မသိစိတ်တို့သည် နှုတ်ထွက်စကားများအဖြစ် ထွက်လာခွင့်ကား မရှိပြန်ပါချေ။ ကမောက်ကမနိုင်လှသော လောက၏ မောစရာများကို၊ ရယ်စရာများဖြစ်အောင် နွားပိန်အသားဖြည့်ကြည့်နည်းဖြင့် စိတ်ကိုဖြေရင်း ပြုံးမျက်နှာဖုံးတုတစ်ခုကို တပ်ထားရခြင်းသည်ကား ပင်ပန်းလှပေစွ။ ထိုအပြုံးသည် ထေ့ပြုံး၊ လှောင်ပြုံး၊ မချိပြုံးသာဖြစ်ကြောင်း မိမိကိုယ်မိမိသာ နားလည်နိုင်စွမ်းသော ဦးဟန်ကြည်သည်လည်း လွန်စွာမှ ပျော်ဖွယ်၊ မက်ဖွယ်၊ စက်ဖွယ်၊ ချစ်ကြည်ညိုဖွယ်ကောင်းလှသော လူ့အန္ဓများကြားတွင် ပျော်ဝင်စီးမြောကာ အမေဂျမ်းတို့ဒေသတွင် ထမင်းနပ်မှန်ရေးအတွက် နေ့စဉ်ရက်ဆက် ရုန်းကန်ရင်း . . . ။                       ။ 


စာကြွင်း . . .

လွန်ခဲ့တဲ့ တစ်လခွဲလောက်က ရေးထားဖြစ်တဲ့ ပို့စ်ပါ။ ပို့စ်ရေးပြီး တင်မယ်လုပ်တဲ့ နောက်တစ်ရက်မှာတော့ ပို့စ်ထဲကလို မီးမပျက်တော့ဘဲ ကောင်းကောင်းမွန်မွန် မီးလာနေတာ အခုအချိန်အထိပါ။ ဘာပဲဖြစ်ဖြစ် အက်ဆေးဆန်ဆန်ရေးထားဖြစ်တဲ့ ကိုယ့်အရေးအသားကို ကိုယ်သဘောကျတာကြောင့် မပြင်တော့ဘဲ တင်လိုက်ပါတယ်။ အနုပညာကို အနုပညာလို့ပဲယူဆပြီး သတင်းအချက်အလက်ကို ဦးစားမပေးဘဲ ဖတ်ကြဖို့ တောင်းပန်ပါရစေ။           ။

Monday, 28 November 2011

အချစ်ဆိုတဲ့ မဆလာ . . .

“ ပညာရှာစဉ်
အသည်းနန်းပလ္လင်မှာ
အချစ်ဘုရင်ကို နန်းမတင်နှင့် ”
ဦးဟန်ကြည်တို့ ကျောင်းသားဘ၀တုန်းက စာသင်နှစ်ကုန်ခါနီးလို့ Autograph တွေ အပြန်အလှန်ရေးကြတဲ့အခါတိုင်းမှာ မကြာခဏဆိုသလို မြင်ရ၊ တွေ့ရတဲ့ ကဗျာစာသားလေး တစ်ပိုင်းတစ်စပါ။ ဦးဟန်ကြည်တို့တစ်တွေလည်း အနှီ အချစ်ဘုရင်လက်ထဲမှာ ဘ၀ထီးနန်းကို စောစောစီးစီးမအပ်ရဖို့ နည်းပေါင်းစုံနဲ့ ကာကွယ်ခဲ့ရပါရဲ့။ ဒါကြောင့်လည်း ဒုက္ခသုက္ခကင်းကင်းနဲ့ လူငယ်ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီနေ့ခေတ်လူငယ်တွေမှာတော့ မွေးကတည်းက အချစ်ကို အိမ်ရှေ့စံရာထူးပေးထားသလားထင်မှတ်ရလောက်အောင် လူမှန်းသူမှန်းသိတာနဲ့တပြိုင်နက် အသည်းပလ္လင်ထက်မှာ မောင်မင်းကြီးသားက အခန့်သာစံမြန်းပါတော့တယ်။

လူငယ်ဘ၀ဆိုတာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်၊ ခင်ခင်မင်မင် သွားကြလာကြ၊ စကြနောက်ကြရမှ ပီပြင်တဲ့အရသာကို ခံစားနိုင်မှာပါ။ ဦးဟန်ကြည်တို့ လူငယ်ဘ၀ကလည်း စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ သွားလိုက်လာလိုက်၊ လည်လိုက်ပတ်နဲ့ ကျကျနနကို ကုန်ဆုံးစေခဲ့တာမို့ ထိုက်တန်တဲ့လူငယ်ဘ၀ကို တင်းပြည့်ကြပ်ပြည့်ရခဲ့ပါတယ်။ ဒါပေမယ့် ဒီဘက်ခေတ်လူငယ်တွေခမျာ ဖြူစင်ပွင့်လင်းပြီး အင်မတန်မှပျော်စရာကောင်းတဲ့ လူငယ်ဘ၀ကို စောစောစီးစီး ဆုံးရှုံးနေကြရတာမြင်ရတဲ့အခါ စိတ်မကောင်းဖြစ်မိပါရဲ့။ ကျောင်းနေတဲ့ကျောင်းသားအရွယ်မှာ မလိုအပ်ဘဲ စာသင်ချိန်တွေယူလွန်းတဲ့ ကျောင်းတွေကြောင့် မိုးလင်းမိုးချုပ် ကျောင်းစာနဲ့ အချိန်ကုန်လွန်ရလို့ ကစားချိန်၊ လည်ချိန်ပတ်ချိန်နည်းရတဲ့ကြားမှာ ကိုကို၊ မောင်မောင်၊ ချစ်မမ၊ ချစ်ညီမ တွေနဲ့ ချစ်ရည်လူးဖို့ အင်တိုက်အားတိုက် ကြိုးပမ်းနေကြရပြန်တာကြောင့် ပြန်မရတဲ့ လူငယ်ဘ၀တွေဟာ ဗုံမဟုတ်၊ ပတ်မဟုတ်နဲ့ အလဟဿဖြစ်ကုန်ကြပါတော့တယ်။

လူအပါအ၀င် သတ္တ၀ါတိုင်းမှာ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားစိတ်ဟာ သန္ဓေအရ၊ ဗီဇထဲမှာ မွေးကတည်းက ရှိနေခဲ့ပြီးသားပါ။ ဥာဏ်ရည်နိမ့်ပါးတဲ့ တိရစ္ဆာန်တွေက ဖိုမစပ်ယှက်ရာမှာ သူတို့ရဲ့ ဗီဇကို အသုံးချကြပေမယ့် ဦးဏှောက်အဖွံ့ဖြိုးဆုံး လူသားတွေကတော့ အချစ်၊ မေတ္တာဆိုတဲ့ အကွယ်အကာတစ်ခုအောက်မှာ ဗီဇစိတ်ကို ဖောက်ခွဲကြလေ့ရှိပါတယ်။ ဒါကြောင့်လဲ Love is disguised in sex လို့ အနောက်တိုင်းသားတွေက ဆိုကြတာ ဖြစ်ပါလိမ့်မယ်။ ဒီကိစ္စဟာ ဗီဇကိုအရင်းခံကြတာမို့ စွဲလမ်းစေတဲ့ အရာတစ်ခုလည်း ဖြစ်ပါရဲ့။ ဒါကြောင့်လဲ အသိဥာဏ်က ဗီဇစိတ်ကို အကောင်းဆုံး ထိန်းချုပ်နိုင်တဲ့ အရွယ်မရောက်သေးခင်မှာ ဗီဇစိတ်ကို လွှတ်ပေးလိုက်မိရင်တော့ သောက်လေသောက်လေငတ်မပြေတဲ့ ဒီတဏှာတောမှာ ပက်လက်မြောမှာသေချာပါတော့တယ်။

ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်သူတွေအတွက် အချစ်ဆိုတာ တွန်းအားတစ်ခုဖြစ်ပါတယ်။ ဘ၀ကို အကောင်းဆုံးပဲ့ကိုင်ထိန်းကျောင်းဖို့ လိုအပ်တဲ့ စိတ်ဓာတ်ခွန်အားတွေကို အဲဒီအချစ်ဆီက ရပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်သူတွေအတွက် အချစ်ဟာ အဖျက်သမား ရန်သူစစ်စစ်ဖြစ်ပါတယ်။ စိတ်ဓာတ်ပျော့ညံ့မှု၊ ယုံကြည်ချက်ကျဆင်းမှုတွေကို အချစ်လို့ ခေါင်းစဉ်မှားတပ်ပြီး တွေဝေရှုံးနိမ့်မှုတွေနဲ့ ဘ၀ရဲ့တန်ဖိုးတွေ ပျက်သုဉ်းရပါလိမ့်မယ်။ အချစ်အတွက် အသက်ကိုစွန့်မယ်ဆိုတဲ့ “ ရင်ငြိမ်းပွင့် ” နောက်ကိုလိုက်ရဖို့လည်း များပါတယ်။ ဥပမာပေးရရင် အချစ်ဟာ မီးနဲ့တူလှပါရဲ့။ အသုံးချတတ်သူတွေရဲ့လက်ထဲမှာ အကောင်းဆုံးအသုံးဝင်ပြီး ဘ၀တန်ဖိုးကို ဖြည့်စွက်ပေးမှာဖြစ်ပေမယ့် အသုံးမချတတ်သူတွေရဲ့လက်ထဲမှာတော့ ဘ၀ပျက်၊ စီးပွားပျက်အောင် လောင်ကျွမ်းလိမ့်မယ် မဟုတ်ပါလား။

အချစ်ဟာ သိပ်သည်းလျှို့ဝှက်မှုများစွာနဲ့ ဖွဲ့စည်းထားတာမို့ လူ့ဘ၀ရဲ့ ထူးဆန်းအံ့သြဖွယ်ရာတွေထဲမှာ ထိပ်ဆုံးမှာနေရာယူထားတဲ့ စိတ်ခံစားချက်လည်း ဖြစ်ပါသေးတယ်။ ကုသိုလ်ရစေမယ့် မေတ္တာစိတ်ကအစထားလို့ ညစ်နွမ်းစေတဲ့ တဏှာလောဘစိတ်အထိ အမျိုးအစားပေါင်းများစွာ သရုပ်ခွဲနိုင်တဲ့ ဒီအချစ်စိတ်ကို ဘ၀အတွက် အထောက်အပံ့ဖြစ်အောင် သုံးဖို့အရေးဟာ အပြောမလွယ်သလို အလုပ်လည်းခက်လှပါရဲ့။ အချစ်ဆီကရမယ့် ကောင်းကျိုးနဲ့ ဆိုးကျိုးဟာလည်း အလွှာပါးပါးလေးပဲ ကွာခြားတာကလား။ ခေါင်းနဲ့ပန်းလို ကျောချင်းကပ်နေတဲ့ ချစ်ခြင်းမေတ္တာရဲ့ မျက်နှာစာနှစ်ဖက်ကို ဥာဏ်မမီဘဲ ကံအားကိုးနဲ့ ဗလာချီပြီး ဇွတ်တိုးလိုက်မိရင် အကျိုးနည်းဖို့က ရာနှုန်းတော်တော်များလှပါတယ်။
  ဥာဏ်မခိုင်၊ ကံကိုင်လို့တိုးရင်ဖြင့်
ဆိုးကျိုးတွေ တောင်လိုပုံပါလို့
ချစ်မှော်ရုံတဏှာကြောမှာ
နစ်မြောကာ ခွေယိုင်နွမ်းကြွေလျော့
နည်းပေါ့ကိုယ်ကျိုး ”
( ဟန်ကြည် )
ဒါကြောင့် ဆန္ဒကို အသိဥာဏ်ချွန်းမအုပ်နိုင်သေးခင်မှာ အချစ်ဆိုတဲ့ မာယာတောနဲ့ ခပ်ကင်းကင်းနေတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

 
“ အချစ်ဆိုတာ မဆလာနဲ့တူတယ် ” လို့ ဦးဟန်ကြည်က ဥပမာပေးချင်ပါတယ်။
ဘ၀နဲ့တူတဲ့ ကြက်သားဟင်းတစ်ခွက်မှာ အချစ်နဲ့တူတဲ့ မဆလာဖြူးလိုက်ရင် အင်မတန်မှ အရသာရှိပြီး ထူးခြားကောင်းမွန်သွားမှာ မလွဲပါ။ ကြက်သားနဲ့ မဆလာဟာ လိုက်ဖက်ညီလှသလို အချစ်နဲ့ဘ၀ဟာလည်း အညီညွတ်အသင့်တော်ဆုံး အတွဲအဖက်မဟုတ်ပါလား။ မဆလာမပါတဲ့ ကြက်သားဟင်းဟာ ပေါ့ပျက်ပျက်နိုင်သလို အချစ်မပါတဲ့ဘ၀ဟာလည်း ခြောက်ခြောက်သွေ့သွေ့နိုင်မှာ သေချာပါရဲ့။


http://cdn.sailusfood.com/wp-content/uploads/2006/06/spicy_chicken_masala_curry.JPG
အရသာရှိလှတဲ့ ကြက်မဆလာဟင်း ...
ဒါပေမယ့် မဆလာမပါတဲ့ ကြက်သားဟင်းဟာ အနံ့အရသာ အားနည်းတာကလွဲလို့ သူ့ချည်းပဲ စားလို့ဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် ကြက်သားမပါတဲ့ မဆလာကိုတော့ သူ့ချည်းပဲစားလို့ မဖြစ်နိုင်ပါ။ မဆလာချည်းစားလိုက်မိရင် ရင်ပူပါလိမ့်မယ်။ အဲဒီလိုပဲ အချစ်မပါတဲ့ ဘ၀ဟာ ပေါ့ပျက်ပျက်နိုင်ကောင်းနိုင်မှာဖြစ်ပေမယ့် ရပ်တည်လို့တော့ ရနိုင်ပါသေးရဲ့။ ဘ၀မပါတဲ့ အချစ်ကတော့ အရသာမတွေ့ဘဲ ရင်ပူရုံပဲ ရှိပါလိမ့်မယ်။ ကိုယ့်ရှေ့ကလူတွေ၊ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုကြည့်ပါ ဘ၀မပါတဲ့ အချစ်၊ ကြက်သားမပါတဲ့ မဆလာကြောင့် ပူလောင်ခံစားနေကြရတာတွေ တစ်အုပ်တစ်မကြီးတွေ့ရပါလိမ့်မယ်။ ဒါဟာ concept, hypothesis မဟုတ်ပါ။ ထာဝရမှန်ကန်ချက် Theory ပဲ ဖြစ်ပါတယ်။
 
 
http://www.finecooking.com/assets/uploads/posts/5347/ING-garam-masala-2_sql.jpg
မဆလာရဲ့ ပါဝင်ပစ္စည်းတွေ ...
 
အဲဒီ Theory ကို ကောင်းကောင်းသဘောမပေါက်ဘဲ ယုန်မရခင် သံပုရာရှာသလို ဘ၀ကို ခိုင်ခိုင်မာမာ မတည်ဆောက်နိုင်သေးဘဲ အချစ်ကို စမ်းသပ်မိရင်တော့ -
“ အချစ်ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ်တစ်ခု …
ဘယ်သူမပြု မိမိမှု … စဉ်းစားကြည့်ပါအခု … ”
ဆိုတဲ့ လျှံထွန်း(မြန်မာစာ)ရဲ့ သီချင်းကို တစ်ယောက်တည်းအော်ဆိုရင်း အချစ်ရဲ့ ကျကျနန ပြစ်ဒဏ်ပေးမှုကို လှလှပပကြီး ခံစားရုံပဲ ရှိပါတော့တယ်။ အချစ်ကြောင့် ပူဆွေးဝမ်းနည်းတယ် ဆိုတဲ့နေရာမှာလည်း ဗိုက်ထဲမှာ အစာရှိဦးမှဖြစ်တာမို့ ဘ၀က ခိုင်ခိုင်မာမာမရှိတဲ့အခါမှာ ၀မ်းရေးအတွက် ရုန်းရင်းကန်ရင်းနဲ့တင် အချစ်ရဲ့ခြေရာ အလွမ်းလည်း သက်ဆိုးရှည်ရှာတော့မယ် မဟုတ်ပါ။

တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ လူသားတွေသာ ရယူပိုင်ဆိုင်ခွင့်ရှိတဲ့ လောကရဲ့ အမွန်မြတ်ဆုံးလက်ဆောင်တစ်ခုပါ။ ဒါပေမယ့် အဲဒီလက်ဆောင်ကို တန်ဖိုးထားတတ်ဖို့ကလည်း အင်မတန်မှ အရေးကြီးလှပါတယ်။ ခြင်္သေ့ဆီဟာ သိင်္ဂီရွှေခွက်နဲ့မှပဲ ထိုက်တန်တာပါ။ ထို့နည်းတူ ချစ်ခြင်းမေတ္တာဟာလည်း ထိုက်တန်တဲ့ တည်ဆောက်မှု၊ ကြိုးစားအားထုတ်မှုတွေနဲ့ ထုံမွှမ်းထားတဲ့ ဘ၀အိမ်မှာပဲ တည်တံ့ခိုင်မြဲပါလိမ့်မယ်။ ဆင်းရဲခြင်းက အိမ်ရှေ့တံခါးက ၀င်ရောက်လာရင်တော့ ချစ်ခြင်းမေတ္တာခမျာ အိမ်နောက်ဖေးပေါက်ကနေ ခုန်ချထွက်ပြေးရမှာ သေချာပါရဲ့။ ဒါကြောင့် အချစ်ကိုမှ ဘ၀ထင်ပြီး၊ အချစ်ကိုပဲ ကိုးကွယ်ချင်တဲ့ ဦးဟန်ကြည်တို့ရဲ့ မျိုးဆက်သစ်တွေအတွက် ချစ်ခြင်းမေတ္တာရဲ့ မှန်ကူကွက်အောက်မှာ သိမ်မွေ့ကြည်သာတဲ့ သိင်္ဂါရ ရသကို ညံ့ညံ့သက်သက် ခံစားရနိုင်စေဖို့ ဘ၀ကို အရင်တည်ဆောက်ပါလို့ ပြောလိုက်ချင်ပါတယ်။

တကယ်လို့များ ဘ၀ကို မတည်ဆောက်နိုင်သေးခင်၊ ဘ၀ပန်းတိုင်ကို မမြင်နိုင်သေးခင်မှာ အချစ်ဘုရင်ကို နန်းတင်ချင်စိတ်ဝင်လာခဲ့ရင်တော့ မီးဖိုဆောင်ထဲက မဆလာတစ်ထုပ်ကို ရေဖျော်ပြီး သောက်ကြည့်လိုက်ဖို့ပဲ အကြံပေးလိုက်ချင်ပါရဲ့။               

Tuesday, 15 November 2011

မဝေခင်က ကြွေနှင့်သည် . . .

ဦးဟန်ကြည်ရဲ့ ကျောင်းသူတစ်ယောက်
ကျောင်းပျက်နေတာ နှစ်ရက်ရှိနေပြီမို့ ညနေက အဲဒီကျောင်းသူရဲ့ မိဘတွေအိမ်ဘက်ကို လမ်းကြုံတာနဲ့ပဲ ၀င်စုံစမ်းမိပါတယ်။ ကျောင်းသူဘယ်ပျောက်နေသလဲလို့ မေးမိတဲ့အခါ ကျောင်းသူရဲ့ အမေဖြစ်သူက မျက်ရည်လည်ရွှဲနဲ့ “ ကျွန်မတို့လည်း အဲဒါကိုပဲ လိုက်စုံစမ်းနေတာပါပဲ ဆရာရယ် ” လို့ ဆိုပါတော့တယ်။ သေချာပါပြီ။ ထုံးစံကို ဗုန်းမှန်လို့တောင် အပျက်မခံတဲ့ ဦးဟန်ကြည်တို့ရဲ့ တစ်နှစ်မှာ ကျောင်းသူတစ်ယောက် ယောက်ျားရလေ့ရှိတဲ့ ဓလေ့ထုံးတမ်းစဉ်လာနဲ့အညီ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်အတွက် ကျောင်းသူတစ်ယောက် အတောင်ပေါက်သွားပါပြီ။

http://jollyenglish.edublogs.org/files/2010/04/YoungStudentInClass.jpg

သင်ကြားမှုသက်တန်းတစ်လျှောက်လုံး သတိထားမိသလောက် ဦးဟန်ကြည်တို့ရဲ့ ဒီဘက်ဒေသမှာ ဦးဟန်ကြည်ရဲ့ ကျောင်းသားတွေ အိမ်ထောင်စောစောကျတာ၊ မိန်းမခိုးပြေးကြတာ တစ်ခါမှ မကြုံဖူးပါ။ ဒါပေမယ့် ကျောင်းသူတွေကတော့ အထက်ကပြောခဲ့သလို တစ်နှစ်ကို တစ်ယောက်နှုန်းနဲ့ မှန်မှန်ကြီး ခိုးရာလိုက်ကြပါတယ်။ ခေတ်ကြီးကိုပဲ အပြစ်တင်ရမလို၊ ကိုယ့်ကိုယ်ကိုပဲ မေတ္တာပို့ရမလိုလိုပါ။ ပညာရေး၊ ကျန်းမာရေး၊ ဗဟုသုတ၊ စိတ်ဓာတ်ရေးရာ၊ ဘာသာရေးပါမကျန် အမြဲသွန်သင်ဆုံးမပေးနေတဲ့ကြားက ဗွေဖောက်ဖောက်နေကြတာတွေကို တွေ့နေရတာမို့ ဥပေက္ခာပါရမီကိုပဲ ပြောင်းပြီးဖြည့်ရကောင်းနိုးနိုး စဉ်းစားနေရပါပြီ။ လောကကို အလှဆင်ဖို့ စိတ်ကူးတွေ တသီတတန်းနဲ့ စိုက်ထား၊ ပျိုးထားတဲ့ ပန်းပင်လေးတွေ ဝေကာနီး၊ ပွင့်ကာနီးအချိန်ရောက်မှ ပိုးကိုက်ကုန်တာကို မြင်ရတဲ့ ဥယျာဉ်မှူးခမျာ အတော့်ကို ခံစားရပါတယ်။ ဆရာတပည့်ဆက်ဆံရေးဆိုတာကလည်း မြန်မာ့လူ့ဘောင်က သတ်မှတ်ထားလို့သာ နှီးနွယ်ပတ်သက်နေကြပေမယ့် တကယ်တန်းကျပြန်တော့ ဆိုင်သာဆိုင်၊ မပိုင်ကြသူတွေက ဆရာတွေပဲ မဟုတ်ပါလား။ နောက်ဆုံးမှာတော့ သူများသားသမီးလေးတွေကို မပိုင်ဝက်မွေးဘ၀နဲ့ သံယောဇဉ်တွယ်ပြီး အောင်မြင်စေချင်လွန်းတဲ့ ဆရာတွေပဲ စိတ်မကောင်းဖြစ်ပြီး ကျန်ရစ်ရုံပါပဲ။

တဖွဖွသွန်သင်ဆုံးမနေတဲ့ကြားက လမ်းကြောင်းမှားချင်တိုင်း မှားနေကြတဲ့ တပည့်မတွေအတွက် စိတ်မကောင်းဖြစ်နေတဲ့ ဦးဟန်ကြည်ကို အိမ်ရှင်မကတော့ အားပေးရှာပါတယ်။
“ ရှင့်ကလေးတွေက ရှင်မဆုံးမခင်ကတည်းက ရည်းစားတွေရှိပြီးသားဆိုတော့ ဆုံးမစကားက ဘယ်တိုးတော့မလဲ ” လို့ ပြောတော့မှ ကိုယ့်ကိုယ်ကို အပြစ်တင်လို့မဆုံးဖြစ်နေတဲ့ ဦးဟန်ကြည်လည်း စိတ်ဖြေရာ ရပါလေရော။ ဟုတ်လည်းဟုတ်ပါရဲ့။ ရောဂါတွေကျွမ်းနေမှဖြင့် ဘယ်ဆေးက တိုးပါလိမ့်မလဲ။

ဒီဘက်ခေတ် ကာလသားသမီးများက ကျန်တဲ့နေရာမှာ ခေတ်မီမမီမပြောတတ်ပေမယ့် ရည်စားထားတဲ့နေရာမှာတော့ ခေတ်ကို လွန်ပါလေရော။ တစ်ခါတစ်ခါများ ဒီဘက်ကာလမှာ ကလေးဆိုတာ မရှိတော့ဘူးလို့တောင် တွေးမိပါရဲ့။ အရှင်မွေး နေ့ချင်းကြီးဆိုသလို ကိုယ့်အမြင်မှာ ကလေးလို့ သတ်မှတ်ထားတဲ့ တပည့်လေးတွေ မကြာမကြာဆိုသလို ကလေးတွေ တိုးလို့တွဲလောင်းနဲ့ ချီတက်နေကြတာကို မြင်နေရတာလည်း စိတ်မချမ်းမြေ့ပါ။ အသက်အရွယ်အရ တည်ငြိမ်မှုရှိပြီး ဘ၀ကို အကောင်းဆုံး ထိန်းကျောင်းနိုင်တဲ့ အနေအထားမှာတောင် အိမ်ထောင်တစ်ခု သာယာဖို့ အင်မတန်ဝါယမစိုက်ထုတ်ရတာကို ကိုယ်တွေ့ကြုံနေတဲ့ ဦးဟန်ကြည်တစ်ယောက် အနှီကလေးတွေ ဒန့်ကျွဲပင်ကို ပုခက်ဘယ်လိုဆင်ကြသလဲဆိုတာ သိချင်စမ်းပါဘိတော့တယ်။ အမေ့နို့နံ့တောင် မစင်သေးတဲ့ ဒီကလေးတွေကတော့ ဒီကိစ္စကို အိမ်ထောင်ပြုတမ်းကစားနေကြတယ်လို့များ ထင်နေကြရော့သလားမသိ။

ထုံးစံအရ မိန်းကလေးများက ယောက်ျားလေးများထက် ဖွံ့ဖြိုးမှုစောတာကို ဦးဟန်ကြည်သတိထားမိပြီးသား။ ယောက်ျားလေးတွေ ဂေါ်လီရိုက်လို့ကောင်းနေတုန်း ခုနစ်တန်း၊ ရှစ်တန်းအရွယ်မှာ တချို့မိန်းကလေးတွေ ရည်စားထားကုန်ကြတာလည်း ဦးဟန်ကြည်အသိ။ ဒါပေမယ့် အိမ်ထောင်တွေပြုကုန်ကြအောင်တော့လည်း မိုက်မဲကြလိမ့်မယ်လို့ မတွေးမိတာအမှန်။ မီးကိုတိုးကြတယ်လို့ သမုတ်ရအောင်လည်း အနှီသကောင့်သားမလေးတွေက ပိုးဖလံမဟုတ်ကြပြန်။ ဘာကိုမဆို မီးခိုးကြွက်လျှောက် တွေးရမှ ကျေနပ်တဲ့ ဦးဟန်ကြည်တစ်ယောက် ကလေးတွေ အိမ်ထောင်ပြုစောရခြင်းအကြောင်းကို တွေးဖြစ်ရပြန်ပါပြီ။

ဦးဟန်ကြည်တို့ ကလေးဘ၀တုန်းက ကျောင်းသားတွေကို အဖြူ၊ အစိမ်း ကျောင်းဝတ်စုံသတ်မှတ်ပေးထားပေမယ့် ဘောင်းဘီတို၊ ဘောင်းဘီရှည်၊ စကတ် စသည်ဖြင့် ကိုယ်ကြိုက်သလို ၀တ်ခွင့်ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ဦးဟန်ကြည်တို့ ခုနစ်တန်း၊ ရှစ်တန်းအရွယ်အထိ ကလေးစိတ်မကုန်သေးဘဲ ယောက်ျားမိန်းမ နပမ်းသတ်လို့ကောင်းတုန်း၊ ကျောစီးပြီး ထွေခင်းလို့ကောင်းတုန်း၊ တစ်ယောက်လက် တစ်ယောက်ဆွဲပြီး ဒီတိုးတန်း ကစားလို့ကောင်းကြတုန်းပါ။ ဒီဘက်ခေတ်မှာတော့ မယောင်ရာကို ဆီလူးရမှ စားဝင်အိပ်ပျော်ပြီး အပေါ်ယံအလုပ်တွေကို ၀ါယမစိုက်ထုတ်လွန်းတဲ့ ဦးဟန်ကြည်တို့ တိုင်းပြည်ရဲ့မူအတိုင်း လူကြီးတွေ မျက်စိပသာဒဖြစ်ဖို့ ရည်ရွယ်ချက်ကလေးတစ်ခုနဲ့ ငါးတန်းအရွယ်ကစပြီး ကျောင်းသားတွေက ပုဆိုးဝတ်ကြရပြီး၊ ကျောင်းသူတွေက လုံချည်နဲ့ ရင်ဖုံးဝတ်ကြရပါသတဲ့။ ကိုယ့်ကိုယ်ကို လူကြီးအ၀တ်အစားနဲ့ ပြန်မြင်နေကြရတဲ့ ဒီခေတ်ကျောင်းသားလေးတွေ အချိန်မတိုင်ခင် အရွယ်မရောက်ပဲ နေပါရိုးလား။ ဒီကြားထဲမှာ ခပ်ကဲကဲ မိဘများက သားသမီး ငချွတ်ကလေးတွေကို အလှပြင်ပစ္စည်းတွေ၊ အ၀တ်အစားတွေနဲ့ ၀ိုင်းဝန်းပံ့ပိုးတဲ့နောက်တော့ ကလေးတွေ အလုပ်က အလှပြင်ပြီး ရည်စားထားဖို့ပဲ ရှိတော့တယ် မဟုတ်ပါလား။

ဒါတွေတင်အားမရသေးဘဲ မြ၀တီ၊ MRTV စတဲ့ နိုင်ငံပိုင် ရုပ်သံလွှင့်ဌာနတွေကလည်း ကလေးတွေ လင်ယူစောစေဖို့ ကိုရီးယားဇာတ်လမ်းတွဲတွေကို နေ့မအား၊ ညမနား အင်တိုက်အားတိုက် ထုတ်လွှင့်ပေးပြီး ပါရမီဖြည့်ကြပြန်ပါသေးရဲ့။ ဦးဟန်ကြည် သတိထားမိသလောက် ရွှေပြည်ကြီးမှာ ပြသမျှ၊ ခွေဆိုင်မှာ ရောင်းသမျှ ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာ ထမင်းစားတာ၊ ဆေးရုံတတ်တာ၊ ရည်းစားထားတာကလွဲလို့ ဘာတစ်ကွက်မှ အတုယူစရာ၊ လေးစားအားကျစရာ မကောင်းပါ။ ဒီကြားထဲမှာ အနှီကိုရီးယားဇာတ်ကားတွေထဲက သရုပ်ဆောင်မတွေဟာ အားရင်အားသလို “ ဆိုဂျု ” လို့ခေါ်တဲ့ အရက်ကို သောက်ပြကြပါသေးတယ်။ ယောက်ျားလေးတွေကို မိန်းမတွေက ၀ိုင်းလိုက်၊ ၀ိုင်းကြိုက်ကြတာကိုလည်း မြိန်ရည်ရှက်ရည် ပြကြပါသေးတယ်။ မကောင်းတာဟူသမျှ အတုယူရမှ ခေတ်မီတယ်ထင်ကြလေတဲ့ ဦးဟန်ကြည်တို့ရဲ့ ရွှေပြည်သူများလည်း ကိုရီးယားစတိုင်ဝတ်၊ ကိုရီးယားလို ဆိုဂျုသောက်ပြီး ကိုရီးယားလို ရည်းစားထားကြပါတော့တယ်။ ခုနစ်အိုရှစ်ဆွေး အဘွားကြီး အမယ်ကြီးတွေတောင် သုံးဆစ်ချိုးဗိုက်ခေါက်ကို လူမြင်အောင် Body fit ၀တ်၊ အမာရွတ်တင်းကြမ်းနဲ့ တင်းပုတ်ခြေသလုံးကို မြင်သူမက်စေဖို့ Mini-skirt တို့ one-quarter short pant  တို့ကိုစစ်ကူတောင်း၊ ဆံပင်ကို နီကြောင်ကြားဆေးဆိုးလို့ ကိုရီးယားစတိုင်ဖမ်းပြီး ဘီယာဗူးကို လက်ကမချဘဲ Boy friend ရှာဖို့ လုံးပမ်းနေကြတာမို့ အမှားအမှန်မဆင်ခြင်နိုင်သေးတဲ့ ဦးဟန်ကြည်တို့ရဲ့ သမီးလေးတွေ ခပ်စောစော လင်ယူကြတာ ဆန်းတော့ဆန်းအံ့မထင်။

ဒီလောက် အတုယူမှားစရာတွေ တင်းကြမ်းပြည့်နေတဲ့ကြားထဲမှာ ခေတ်မီချင်လွန်းတဲ့ မိဘများက သားသမီးတွေကို လွတ်လပ်ရေးအပြည့်ပေးထားပြန်တဲ့အပြင် ဆရာ၊ ဆရာမတွေရဲ့ သွန်သင်မှုက အားနည်း၊ ဘာသာရေးအဆုံးအမက မရှိ၊ ကျန်းမာရေးအသိက နတ္တိဖြစ်ကြပြန်တဲ့ မျိုးဆက်သစ်ကလေးတွေမှာ ဖြစ်ချင်သလိုဖြစ်ပြီး၊ ပျက်ချင်သလို ပျက်ကုန်ကြပါတော့တယ်။ တိုးတက်နေတဲ့ခေတ်ကြီးမှာ လိင်ကိစ္စကိုလည်း အင်တာနက်ပေါ်မှာ၊ MP 4 player တွေထဲမှာ၊ မိုဘိုင်းဖုန်းတွေထဲမှာ၊ လမ်းဘေးဆိုင်တွေမှာအလွယ်တကူရနိုင်တဲ့ DVD ခွေတွေထဲမှာ ဖောချင်းသောချင်းတွေ့နေ၊ မြင်နေနိုင်တာကလည်း လူငယ်တွေကို အဆင်းဘီးတပ်ပေးသလို ဖြစ်နေပြန်ပါရဲ့။ လိင်ကိစ္စကို ပွင့်ပွင့်လင်းလင်းရှိကြတဲ့ အနောက်နိုင်ငံတွေမှာ ဖိုနဲ့မ သံဝါသ အမှုကိစ္စဟာ မထူးခြားတဲ့ဖြစ်ရိုးဖြစ်စဉ်အနေနဲ့ ခေါက်ရိုးကျိုးပြီးသား ဖြစ်နေပေမယ့် ဗုဒ္ဓဘာသာယဉ်ကျေးမှုရဲ့ အဆုံးအမအောက်မှာ ဟီရိ၊ သြတ္တပ္ပတရားနဲ့ နေခဲ့ရတဲ့အပြင် လိင်ကိစ္စမှာလည်း သိုသိုဝှက်ဝှက်ရှိခဲ့ရာက အခုလို ဖောဖောသီသီမြင်နိုင်တွေ့နိုင်တဲ့ အနေအထားကို နေ့ချင်းညချင်းရောက်လာပြန်တော့ မျိုးဆက်သစ် ကျောင်းသားလူငယ်လေးတွေမှာ နွားငတ်ရေကျ ဖြစ်ရတာ ဆန်းတော့ မဆန်းလှပါ။ လူတိုင်းမှာရှိစမြဲဖြစ်တဲ့ တဏှာ၊ ရာဂစိတ်ရိုင်းတွေကို ထိန်းသိမ်းနိုင်ဖို့ အသက်အရွယ်၊ အသိအမြင်၊ ကိုယ်ကျင့်တရားစတာတွေ လိုပြန်တာမို့ အဲဒီအချက်တွေ မပြည့်စုံနိုင်သေးတဲ့ ကျောင်းသားအရွယ်ကလေးငယ်တွေဟာ သမီးရည်းစားဘ၀ကို အိမ်ထောင်သည်အကြိုလေ့ကျင့်ခန်းကာလလို့ သဘောထားကြပါတော့တယ်။

ယောက်ျား၊ မိန်းမ နှစ်ဦးလုံး လိင်ကိစ္စပွင့်လင်းတဲ့ အနောက်နိုင်ငံတွေမှာတော့ သွေးသားဆန္ဒကို ဖြေဖျောက်ရုံအတွက်ပဲ အရေးထားပြီး ဖြစ်လာမယ့် နောက်ဆက်တွဲ ကိစ္စတွေကို မိန်းကလေးကိုယ်တိုင်က သွေးအေးအေးနဲ့ ဖြေရှင်းလေ့ရှိတာမို့ ပြဿနာသိပ်မရှိလှပါ။ သူရို့လူမျိုးက ဒီကိစ္စကို ဖြစ်ရိုးဖြစ်စဉ်ကိုစ္စလို့ပဲ သဘောထားကြတာ မဟုတ်ပါလား။ ဒါပေမယ့်
အရှက်နဲ့ လူလုပ်ကြတဲ့ ဦးဟန်ကြည်တို့ရဲ့ သမီးငယ်လေးတွေခမျာမှာတော့ မလိမ္မာတစ်ခါမိုက်မိရုံနဲ့ ကိုယ့်ကိုယ်ကို ပန်းကောင်းအညွန့်ကျိုးသွားပြီလို့ ယူဆပြီး ပေါက်တဲ့နဖူးကို မထူးဇာတ်ခင်းကြရရှာပါတော့တယ်။ ဒီကြားထဲမှာ ယောက်ျားလေးဖြစ်သူက သန့်စင်မွန်မြတ်တဲ့ ချစ်ခြင်းမေတ္တာကို ခုတုံးလုပ်ပြီး တဏှာရာဂ သွေးသားဆန္ဒဖြေဖျောက်ဖို့ကို ရှေ့တန်းတင်တဲ့လူစားမျိုးဖြစ်ခဲ့ရင်တော့ မိန်းကလေးဘ၀ဟာ နစ်သည်ထက် နစ်ရုံပဲ ရှိပါတော့တယ်။ နောက်ဆုံးမှာ မဖုံးနိုင် မဖိနိုင်ဘ၀နဲ့ အရှက်တကွဲ အကျိုးနည်းဖြစ်ရတဲ့ မိန်းကလေးတွေလည်း မနည်းလှပါ။ မိဘမောင်ဘွားတွေကို ရင်မဆိုင်ရဲတော့ဘဲ လေလွင့်ပျက်စီးပြီး ဘ၀ဇာတ်သိမ်းမလှကြတော့တဲ့ သမီးလေးတွေလည်း ဘယ်လောက်များ ရှိနေကြပြီလဲ မသိနိုင်တော့ပါ။ ဘ၀ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေကို မျက်ရည်စက်လက်နဲ့ စွန့်လွှတ်ပြီး လတ်တလောရင်ဆိုင်နေရတဲ့ ပြဿနာပြေလည်ဖို့ မျက်စိစုံမှိတ်ပြီး အိမ်ထောင်ပြုလိုက်ကြရတဲ့ ကျောင်းသူအရွယ် သမီးလေးတွေရော ဘယ်လောက်များနေပါပြီလဲ။ ဦးဟန်ကြည်တစ်ယောက် ဆက်မတွေးရဲတော့ပါ။ မတွေးချင်တော့ပါ။

ကလေးတွေဟာ တိုင်းပြည်ရဲ့ အနာဂတ်အညွန့်အဖူးတွေပဲ ဖြစ်ပါတယ်။ ဦးဟန်ကြည်တို့တစ်တွေ အသက်အရွယ်ကြီးရင့်လာတဲ့တစ်နေ့မှာ သူတို့ကျွေးတာကို စားကြရမှာပါ။ သူတို့စီမံတဲ့အတိုင်း နာခံကြရမှာပါ။ သူတို့ဖန်တီးတဲ့ ပတ်ဝန်းကျင်မှာပဲ နေကြရမှာပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကို ဒုက္ခမရောက်စေချင်တဲ့၊ ကိုယ့်ကိုယ်ကိုချစ်တဲ့ ဦးဟန်ကြည်တို့ ယနေ့လူကြီးတွေဟာ အနာဂတ်လူကြီးတွေဖြစ်တဲ့ ကလေးသူငယ်၊ ကျောင်းသားလူငယ်တွေကို ချစ်ကိုချစ်ရပါလိမ့်မယ်။ ဒီကလေးတွေကို စောင့်ရှောက်ခြင်းဟာ ကိုယ့်အနာဂတ်ကို တည်ဆောက်ခြင်းလို့ ခေါ်နိုင်တာမို့ ကျောင်းနေအရွယ်ကလေးတွေ အချိန်မတိုင်ခင် အိမ်ထောင်ကျပြီး လူမှုဒုက္ခတွေနဲ့ နဖူးတွေ့ဒူးတွေ့ကြုံကြရတာမျိုး မဖြစ်ရလေအောင် ၀ိုင်းဝန်းပံ့ပိုးကြပါစို့လား။                 

Saturday, 5 November 2011

ဝင်ခဲ့လေကွယ် . . .

လူရယ်လို့ဖြစ်လာကြရင် အခက်အခဲ၊ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ကြရမှာ မလွဲပါ။
 တကယ်တမ်းပြန်စဉ်းစားရင် လူ့ဘ၀အစမှာကတည်းက အငိုနဲ့ စတင်ခဲ့ကြရတာ မဟုတ်ပါလား။

“ အူဝဲ ” ရယ်လို့ ငိုသံပေးပြီး လူ့လောကထဲကို ရောက်လာတဲ့ အချိန်မှာ ပိုင်ဆိုင်မှုရယ်လို့ ဘာတစ်ခုမှ ရှိခဲ့ကြတာ မဟုတ်ပဲ အနှီးစကလေးတစ်ခုတောင် သူများခြုံပေးမှ ပိုင်ဆိုင်ခွင့်ရကြတာပါ။ အသိဥာဏ်ဆိုတာလည်း ဗလာနတ္တိ၊ ဘာသာစကားရယ်လို့လည်း လုံးဝမရှိခဲ့ဘဲ စိတ်အလိုမကျတာ၊ အများသိစေချင်တာတွေကို တပင်တပန်း အော်ဟစ်ငိုကြွေးပြခဲ့ကြရတဲ့ အခြေအနေက အစပြုခဲ့ကြရတာ လူတိုင်းပဲဖြစ်ပါတယ်။ ဒီအခြေအနေ၊ ဒီအနေအထားကနေ တစ်ဆင့်ချင်း သင်ယူ၊ လေ့လာကြရင်း တဖြည်းဖြည်းနဲ့ အသက်တွေ ကြီးရင့်လာကြရပါတယ်။ အသက်တွေကြီးရင့်လာသလို အသိဥာဏ်တွေ ရင့်သန်လာဖို့ဆိုတာကတော့ ကိုယ်တိုင်ကြိုးစားအားထုတ်မှုပေါ်မှာ အခြေခံပါရဲ့။

သိုးဆောင်းစကားပုံတစ်ခုက ဆိုပါတယ်။
“ သင်မွေးဖွားလာချိန်မှာ သင်က ငိုကြွေးပြီး လောကကြီးက ကြည်နူးရယ်မောနေတယ်…
သင်သေဆုံးချိန်မှာ သင်ကရယ်မောပြီး လောကကြီးက ၀မ်းနည်းပူဆွေးပြီး ငိုကြွေးကျန်ရစ်စေရမယ် ”
မှန်ပါတယ်။ တစ်ရက်ပြီးတစ်ရက် သေမင်းနိုင်ငံကို နီးသည်ထက်နီးအောင် သွားနေကြရတဲ့ လူသားဘ၀မှာ ကျန်နေရစ်စရာ၊ ချန်ထားရစ်စရာ သမိုင်းကြောင်းတစ်စတော့ နောင်လာနောက်သားတွေအတွက် ချန်ထားရစ်နိုင်မှပဲ လူဖြစ်ရကျိုးနပ်ပါလိမ့်မယ်။ အဲဒီသမိုင်းကြောင်းကို ချွေးနဲ့ရေးမလား၊ သွေးနဲ့ရေးမလားဆိုတာကတော့ ကိုယ့်ရွေးချယ်မှုပေါ်မှာပဲ မူတည်နေပါတယ်။

နောင်လာနောက်သားတွေအတွက် တသသနဲ့ အောက်မေ့စရာ၊ ချီးကျူးဂုဏ်ယူစရာ သမိုင်းကြောင်းတစ်ခု ချန်ထားရစ်နိုင်ခဲ့ဖို့ဆိုတာ အပြောလွယ်သလောက်၊ အလုပ်ခက်လှပါတယ်။ တစ်ရက်တစ်ရက် အကုန်မြန်လွန်းလှတဲ့ လောကကြီးမှာ ရာဇ၀င်တစ်ခုကို မော်ကွန်းတင်ဖို့ အရေးကို ထိုင်ပြီးတွေးနေရင်တော့ အိပ်မက်လိုပဲ ဝေးနေဦးမှာ သေချာပါရဲ့။  သမိုင်းကြောင်းတစ်ခုဆိုတာ လူကဖန်တီးယူလို့ ရကောင်းရနိုင်ပေမယ့် ထင်ရှားတဲ့ သမိုင်းကြောင်းတစ်ခုဟာ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ်မှာ အကောင်းဆုံး တုံ့ပြန်ပြုမှုမှပဲ ပီပြင်ပြောင်မြောက်နိုင်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာ ကိုယ့်ရဲ့သမိုင်းကြောင်းဟာ အကောင်းဆုံးဖြစ်နိုင်ပါသလဲ။

လိုအပ်တဲ့ အခြေအနေကို အရှင်းဆုံးတင်ပြဖို့ စကားလုံးလေးလုံးပါတဲ့ စကားစုတစ်ခုပဲ လိုအပ်ပါတယ်။

“ အခက်အခဲ ”
“ အကြပ်အတည်း ”
“ ကမောက်ကမ ”

အခေါ်အဝေါ်ကွဲပေမယ့် မဖြေရှင်းနိုင်ရင် စိတ်ရောကိုယ်ပါ ပင်ပန်းဆင်းရဲကြရတာချင်းတော့ အတူတူပဲ ဖြစ်ပါတယ်။

လူအများစုဟာ အခက်အခဲ၊ အကြပ်အတည်း၊ ကမောက်ကမ၊ ကသောင်းကနင်းစတဲ့ အခြေအနေကို အင်မတန် ကြောက်ရွံ့တုန်လှုပ်ကြပါတယ်။ စမ်းချောင်းကလေးထဲမှာ လောင်းလှေကလေး စီးရသလို သာယာငြိမ့်ညောင်းတဲ့ ဘ၀ခရီးမှာ လေညင်းတွေ တသုန်သုန်တိုက်ခတ်၊ ငှက်ကလေးတွေ တေးသီနေတာကို ကြည်ကြည်နူးနူး အရသာခံရင်း ဘ၀ကို ကျေကျေနပ်နပ်ကြီး ဖြတ်သန်းကုန်လွန်ချင်ကြတာ လူသားရဲ့ အန္တိမဆန္ဒပဲ မဟုတ်ပါလား။ ဒါပေမယ့် လက်တွေ့ဘ၀မှာ လေညင်းဟာလည်း အမြဲတိုက်ခတ်နေမှာ မဟုတ်သလို ငှက်ကလေးတွေလည်း အမြဲတမ်း တေးချင်းညည်းနေနိုင်မှာ မဟုတ်ပါ။ စမ်းချောင်းကလေးလဲ အမြဲစီးဆင်းနေနိုင်မှာ မဟုတ်သလို နေမင်းကလည်း အမြဲတမ်းတောက်ပ ကြည်လင်နေနိုင်မှာ မဟုတ်တာကို သတိထားရပါလိမ့်မယ်။

ဒါဟာ ဘ၀ပါ…

ထူးခြားဆန်းကျယ်မှု၊ လျှို့ဝှက်သိပ်သည်းမှုတွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့ဘ၀မှာ ဘယ်အရာမဆို ဖြစ်နိုင်ပါတယ်။ ဘာကိုမှ မပိုင်ဆိုင်နိုင်တဲ့ သင်္ခါရလောကကြီးမှာ ကျင်လည်ရပ်တည်နေကြရတာမို့ အရာရာတိုင်းကို ကိုယ့်စိတ်တိုင်းကျဖြစ်ဖို့ စိတ်ကူးထားခြင်းဟာ ရူးသွပ်မှုတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။ ညင်ညင်သာသာတိုက်ခတ်နေတဲ့ လေညင်းကနေ ကြမ်းတမ်းရက်စက်တဲ့ မုန်တိုင်းတစ်ခု အသွင်ပြောင်းဖို့ အချိန်စက္ကန့်ပိုင်းလောက်ပဲ လိုပါတယ်။ သာယာကြည်နူးစရာကောင်းလှတဲ့ ဘ၀တစ်ခုကနေ ခက်ခဲကြမ်းတမ်းတဲ့ ဘ၀တစ်ခု ဖြစ်သွားဖို့လည်း အလှည့်အပြောင်းတစ်ခုပဲ လိုအပ်ပါတယ်။

မှန်ပါတယ်။ ဒါဟာ ဘ၀ပါ…

လေညင်းကို ချစ်တတ်ရင် လေပြင်းကိုလည်း ရင်ဆိုင်ဖို့ ပြင်ဆင်ရပါလိမ့်မယ်။ နေမင်းကို မြတ်နိုးရင် ညအမှောင်ကိုလည်း ကျင့်သားရဖို့ ကြိုးစားရပါလိမ့်မယ်။ တကယ်တော့ အရာအားလုံးဟာ တဒင်္ဂသာ ဖြစ်ပါတယ်။ ဖျတ်ခနဲပေါ်လာပြီး ဖျတ်ခနဲပျောက်သွားတတ်တဲ့ ဒီလောကကြီးမှာ လူအားလုံး ရင်ဆိုင်ဖို့ ၀န်လေးကြတဲ့ “ အခက်အခဲ ” “ အကြပ်အတည်း ”ဆိုတာတွေလည်း ဖျတ်ခနဲပေါ်လာတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ မကြာခင်မှာပဲ ဖျတ်ခနဲ ပြန်ပျောက်သွားကြပါလိမ့်ဦးမယ်။ ဒါပေမယ့် အဲဒီတဒင်္ဂအခိုက်အတန့်ကလေးဟာ ဘ၀ရဲ့ သမိုင်းပါ။ ဘ၀ရဲ့ မှတ်တမ်းပါ။
ကိုယ်နဲ့အတူ ကိုယ့်ရင်ထဲမှာ ထာဝရ ရှင်သန်ကျန်နေရစ်မယ့် ဘ၀ရဲ့ သမိုင်းတွေဖြစ်လာမယ့် တဒင်္ဂတွေပါ။

အခက်အခဲ၊ အတားအဆီးတွေဟာ လူသားတွေကို ပျင်းရိညည်းငွေ့ခြင်းမရှိစေဖို့ လောကရဲ့ လက်ဆောင်တွေပဲ ဖြစ်ပါတယ်။ ဘ၀ပန်းချီကားကို ပိုမိုလှပစေမယ့် ဆေးသားတစ်စပဲ ဖြစ်ပါတယ်။ အဖြူသက်သက်နဲ့ ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်ရဲ့ အနှစ်သာရ ကင်းမဲ့မှုကို ပျောက်ကွယ်စေဖို့ အရောင်တင်ပေးလိုက်တဲ့ အနက်ရောင် ဆေးတစ်ဗူးပဲ ဖြစ်ပါတယ်။ အရေးအကြီးဆုံးက အဲဒီအခြေအနေမှာ ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာပဲ ဖြစ်ပါတယ်။

တကယ်တော့ လူတိုင်းရဲ့ ဘ၀မှာ အခက်အခဲဆိုတာ ရှောင်လွှဲလို့ မရနိုင်စကောင်းတဲ့ အဆင်တန်ဆာပဲ ဖြစ်ပါတယ်။ ဘုရင်ကြီးမှာလည်း ဘုရင်ကြီးရဲ့ အခက်အခဲ ရှိသလို၊ သူတောင်းစားလည်း သူ့အခက်အခဲနဲ့သူပါ။ အခြေအနေတိုင်းဟာ တစ်စုံတစ်ယောက်အတွက် အခက်အခဲ ဖြစ်နိုင်သလို တစ်စုံတစ်ယောက်အတွက် အခွင့်အလမ်းလဲ ဖြစ်နိုင်ပါတယ်။ အခြေအနေကို ရှုမြင်တဲ့ ရှုထောင့်ပေါ်မူတည်ပြီး အရာရာကို ပြောင်းလဲသွားစေနိုင်တဲ့ အစွမ်းကို လူသားတွေအတွက် လက်ဆောင်အဖြစ် သဘာဝလောကကြီးက ပေးထားခဲ့ပြီးသား ဖြစ်ပါရဲ့။

တကယ်တော့ အခက်အခဲဆိုတာ မရှိပါ။ အခက်အခဲဆိုတာ အခွင့်အလမ်းပဲ ဖြစ်ပါတယ်။ ကြီးမားတဲ့ အခက်အခဲဟာ ကြီးမားတဲ့ အခွင့်အလမ်းလို့ ဆိုရပါလိမ့်မယ်။ ကျောင်းသားတစ်ယောက်အတွက် စာမေးပွဲတွေဟာ အခက်အခဲလို့ ယူဆကြပေမယ့် အဲဒီအခက်အခဲကို ကျော်လွှားပြီး ရလာတဲ့ အောင်မြင်မှုကိုတော့ လျှစ်လျှူရှုကြတာ များပါတယ်။ အခက်အခဲကို အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းသွားနိုင်ကြတဲ့ ကျောင်းသူကျောင်းသားတွေဟာ သာယာလှပတဲ့ ဘ၀ကို ပိုင်ဆိုင်ခွင့်ရသွားကြပါရဲ့။ ဘ၀ဟာလည်း ထိုနည်းလည်းကောင်းပဲ ဖြစ်ပါတယ်။ ကြီးမားတဲ့ အခက်အခဲတွေကနေ ရလာမယ့် ကြီးမားတဲ့ အောင်မြင်မှုတွေကို မြင်အောင်ကြည့်နိုင်ရင် အောင်မြင်တဲ့ဘ၀ကို ရယူပိုင်ဆိုင်နိုင်မှာ မလွဲပါ။

“ သူရဲကောင်း ” ဆိုတာ တိုက်ပွဲတွေကနေ မွေးထုတ်ပေးတာပါ။ “ အောင်မြင်ခြင်း ” ဆိုတာလည်း အခက်အခဲက မွေးထုတ်ပေးတဲ့ ရတနာပဲ ဖြစ်ပါတယ်။ သူရဲကောင်းဖြစ်ချင်ရင် တိုက်ပွဲကို ရှာရပါလိမ့်မယ်။ အောင်မြင်ခြင်းကို လိုချင်ရင်လည်း အခက်အခဲကို ရင်ဆိုင်ရပါလိမ့်မယ်။ သမိုင်းမှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်အားလုံးဟာ အခက်အခဲကို ရင်ဆိုင်ခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အခက်အခဲက ပေးလာတဲ့ အောင်မြင်ခြင်းကို အမိအရ ဖမ်းဆုပ်ခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။

“ ကျူးဘား ဒုံးပြန် အရေးအခင်း ” ကြောင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ဟာ ထင်ရှားကျော်ကြားခဲ့ပါတယ်…
“ နယ်ချဲ့အင်္ဂလိပ်နဲ့ ဖက်ဆစ်ဂျပန် ” ကြောင့် သခင်အောင်ဆန်းဟာ မြန်မာ့သူရဲကောင်း ဖြစ်ခဲ့ပါတယ်…
“ ကျေးကျွန်စနစ် ” ကြောင့် အေဗရာဟမ်လင်ကွန်းဟာ ကမ္ဘာကျော်ခဲ့ပါတယ်…

ဒါကြောင့် ကိုယ့်မှာရင်ဆိုင်နေရတဲ့ အခက်အခဲတိုင်းကို ရှုထောင့်ပြောင်းကြည့်ဖို့ လိုအပ်နေပါပြီ။ အခက်အခဲယောင်ဆောင်ထားတဲ့ အခွင့်အလမ်းကို မြင်အောင်ကြည့်တတ်ဖို့ လိုအပ်လာပါပြီ။ ကိုယ့်ဘ၀ရဲ့ အချိန်ပိုင်းတွေကို ပြန်လှည့်ကြည့်လိုက်ရင် အအောင်မြင်ခဲ့ဆုံး အချိန်ပိုင်းတွေဟာ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားခဲ့တဲ့ အချိန်တွေပဲ ဖြစ်တာကို တွေ့ရပါလိမ့်မယ်။ ဒါဆိုရင် လောလောဆယ်ကြုံတွေ့နေရတဲ့ အခက်အခဲကို ဘာအတွက် တုန်လှုပ်ကြောက်လန့်ဖို့ လိုပါသေးလဲ။ မဖိတ်ခေါ်ရဘဲ အလည်ရောက်လာတဲ့ အခက်အခဲကို နေရာထိုင်ခင်းတစ်ခု ကျကျနနပေးပြီး လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါစို့လား။

ကိုယ့်ရဲ့မကျွမ်းကျင်မှုနဲ့ မရင့်ကျက်မှုကြောင့် အခက်အခဲကို မကျော်လွှားနိုင်သေးရင်တောင် “ အတွေ့အကြုံ ” ကောင်းတစ်ခု ရသွားပြီး ကြံ့ခိုင်မှု အဆင့်အတန်းတစ်ခု မြင့်တက်သွားမှာ သေချာနေတာမို့ …

“ အခက်အခဲလားဟေ့…၀င်ခဲ့လေကွယ် ”

Thursday, 3 November 2011

မောင်ဖြူဆိုသော သူငယ်ချင်း . . .

သူငယ်ချင်းမောင်ဖြူအကြောင်းရေးလက်စကို ဆက်ရေးရပါဦးမယ်။

မောင်ဖြူရဲ့ ထူးခြားတဲ့ ၀ိသေသတစ်ခုကတော့ အစားအသောက်ကို အာရုံထားခြင်းပါ။ စားသောက်ဆိုင်တွေမှာ ရောင်းသမျှထဲက သူမစားဖူးတဲ့ အစားအစာဆိုတာ မရှိရလေအောင် အင်မတန် ၀ါယမစိုက်ပါတယ်။ အစားတစ်လုပ်အတွက် မန္တလေးတစ်မြို့လုံး ပြဲပြဲစင်အောင် သွားရမယ်ဆိုလည်း ၀န်မလေးတတ်တဲ့ သူငယ်ချင်းလို့ ဆိုရပါလိမ့်မယ်။ ကြုံတဲ့နေရာမှာ တွေ့တဲ့အစားအစာကို ပါးစပ်ထဲထိုးသွပ်လိုက်ရင် ကိစ္စပြီးတဲ့ ဦးဟန်ကြည်နဲ့တော့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတဲ့ အကျင့်ပိုင်ရှင် ဖြစ်ပါတော့တယ်။

မန္တလေးတက္ကသိုလ်ထဲက အမျိုးသားဆောင်တစ်ခုမှာ မောင်ဖြူနေတဲ့အချိန်က အိမ်မှာအိပ်ရမှာ စိတ်မပါတဲ့ ဦးဟန်ကြည်က သူ့အခန်းမှာ မကြာမကြာ သွားအိပ်လေ့ရှိပါတယ်။ သူငယ်ချင်းနှစ်ယောက် စာကြည့်လိုက်၊ လေပေါလိုက်၊ ငြင်းလိုက်ခုန်လိုက်နဲ့ ညဥ့်နက်မှပဲ အိပ်ဖြစ်ကြတာ များပါတယ်။ တစ်မနက်ခင်းမှာ မနက်စာစားဖို့ အပြင်ထွက်ကြတော့ အစားအိုး မောင်ဖြူက ရှမ်းခေါက်ဆွဲသွားစားကြဖို့ အဆိုပြုပါတယ်။ အစားအသောက်နဲ့ပတ်သက်ရင် သူ့နောက်လိုက်ဖြစ်လေ့ရှိတဲ့ ဦးဟန်ကြည်ကတော့ ထုံးစံအတိုင်း ခေါင်းညိတ်ပြီးသားပါ။ ဒီလိုနဲ့ စက်ဘီးတစ်ယောက်တစ်စီး စီးပြီး မနက်ခင်းစာ ရှမ်းခေါက်ဆွဲ ရှာပုံတော်ထွက်ဖြစ်ကြတယ်။ ဆိုင်တစ်ဆိုင်ရှေ့ရောက်တိုင်း မောင်ဖြူစားကြည့်ပြီးလို့ စိတ်တိုင်းမကျတဲ့ဆိုင်ဖြစ်နေတာများပါတယ်။ ဟိုဆိုင်၊ ဒီဆိုင် ကြေးများလာရာမှာ ကျုံးဘေးနားက ဆိုင်တစ်ဆိုင်ကို ရောက်မှပဲ ကိုယ်တော်မြတ်က “ အိုခေ ” ဆိုတဲ့ သင်္ကေတပြပါတော့တယ်။ တက္ကသိုလ်ဝန်းထဲကနေ မနက် ၇ နာရီလောက်က အူတကြုတ်ကြုတ်နဲ့ ထွက်လာခဲ့လိုက်ကြတာ တကယ်တန်းစားရတဲ့ အချိန်ရောက်တော့ ၈ နာရီထိုးနေပါပြီ။ အစားကောင်းတစ်ခု စားရဖို့အရေးမှာ အဲဒီလောက် ဒုက္ခခံနိုင်တဲ့ သူငယ်ချင်းကို ချီးကျူးရမလိုပါ။

သူ့ရဲ့အကျင့်ကို သိသွားတဲ့နောက်ပိုင်းမှာတော့ သူငယ်ချင်းတွေ အပြင်သွားပြီး တစ်ခုခုစားမယ်ကြံတိုင်း “ လမ်းလျှောက် စားသောက်ဆိုင် အဘိဓာန် ” မောင်ဖြူကို မေးရမြန်းရတာ ထုံးစံတစ်ခု ဖြစ်လာပါတော့တယ်။ ဒီကိုယ်တော်ကလည်း အဲဒီဘက်မှာ တကယ့်ပါရဂူ ဖြစ်ပါတယ်။ ဘယ်ဆိုင်မှာ ဘယ်အစားအစာကောင်းတယ်ဆိုတာကို ဒက်ခနဲ၊ ဒက်ခနဲ ဖြေနိုင်စွမ်းရှိတာကြောင့် ဒီနေ့အထိ စားသောက်ဆိုင်တွေမှာထိုင်ဖြစ်တိုင်း မောင်ဖြူကို သတိရနေမိပါတော့တယ်။

ကျောင်းရောက်လို့ လေးငါးလလောက်ကြာတဲ့အခါမှာတော့ ဆေးကျောင်းရောက်လာရင် ဘီယာသောက်တတ်ရမယ်လို့ မြွက်ကြားလိုက်တဲ့ မျက်စိ၊ နား၊ နှာခေါင်းဆေးရုံက ဆေးရုံအုပ် ပါမောက္ခကြီးရဲ့ သြ၀ါဒကထာကို အပြည့်အ၀လိုက်နာပြီး ဦးဟန်ကြည်တို့တစ်တွေ ဘီယာဘေးဘာလေး ကိုင်တတ်နေပါပြီ။ ညနေခင်းပိုင်းမှာ သူငယ်ချင်းနှစ်ယောက် ဆိုင်တစ်ဆိုင်ထိုင်ပြီး တစ်ခုခု စားဖြစ်ကြရင် ဦးဟန်ကြည်က စည်လေးတစ်ခွက်လောက်နဲ့ မျှောချတတ်ပေမယ့် မောင်ဖြူကတော့ အစားကိုပဲ ဦးစားပေးလေ့ရှိပါတယ်။ မှတ်မှတ်ရရ သီတင်းကျွတ်လပြည့်တစ်ညမှာတော့ မောင်ဖြူတစ်ယောက် ဦးဟန်ကြည်ကို ဘီယာသောက်ဖို့ ဇွတ်ရော အတင်းပါ ခေါ်ပါတော့တယ်။ ဒကာရှိရင် အညာထိ လိုက်သောက်ဖို့ ၀တ္တရားရှိသည့်အတိုင်း သူငယ်ချင်းရဲ့ အလှူကို ဒါနလေးမြောက်ဖို့ စိတ်မကောင်းခြင်းကြီးစွာနဲ့ လိုက်ပြီး အားပေးဖြစ်ပါတယ်။ မသောက်စဖူး အသောက်ထူးတာကြောင့် “ ဘယ်သူသင်ပေးလိုက်တာလဲ ” လို့ တအံ့တသြ မေးမိတော့ သူ့အဖေက သင်ပေးသွားပါသတဲ့။ “ ယောက်ျားဆိုတာ အကုန်တတ်ထားရမယ် ငါ့သား ” လို့်လည်း သြ၀ါဒ ခြွေသွားပါသေးသတဲ့။ အဖေ့စကားကို မြေ၀ယ်မကျ နားထောင်နေတဲ့ မောင်ဖြူ ဘီယာသောက်ပုံက တစ်မျိုးပါ။ တစိမ့်စိမ့်နဲ့ အရသာခံသောက်ရမယ့် ဘီယာကို တစ်ခွက်ပြီး တစ်ခွက် ကုလားမော့ မော့ပါတော့တယ်။ ဘီယာငှဲ့ပေးနေတဲ့ စားပွဲထိုးလေးခမျာ သူ့ဘေးက မခွာရရှာတော့ပါ။ ငှဲ့ပေးလိုက် သောက်ချလိုက်၊ ထပ်ငှဲ့ပေးလိုက် အပြတ်ရှင်းလိုက်နဲ့ စည်းချက်ညီလှုပ်ရှားလိုက်ကြရာမှာ ခုနစ်ခွက်မြောက်မှာတော့ သကောင့်သား မဟန်တော့ဘဲ ဥသြဆွဲပါတော့တယ်။

မျက်နှာပူတာကြောင့် သူငယ်ချင်းကို တွဲပြီး အိမ်မှာလိုက်အိပ်ဖို့ ဖြောင်းဖျယူရပါတယ်။ သူ့ဆိုင်ကယ်ကို သူငယ်ချင်းအဆောင်မှာ သွားပြီးအပ်မယ်လုပ်တဲ့အခါ “ ငါဝူးတေးပါဝူးကွ ” လို့ ကန့်ကွက်ပါတော့တယ်။ မမူးဘူးဆိုပေမယ့် “ ၀ူးချင်တိုင်းဝူး ” နေတဲ့ မောင်ဖြူအကြောင်းကို နောကျေပြီးသားဖြစ်တာမို့ နှစ်ယောက်သား ကိုယ့်ဆိုင်ကယ် ကိုယ်ခွပြီး ခပ်မှန်မှန်စီးလာကြရာမှာ အိမ်နဲ့မနီးမဝေးအရောက်မှာ မောင်ဖြူတစ်ယောက် ဟန်ချက်ပျက်ပြီး လမ်းဘေးရေမြောင်းထဲကို “ ဗွမ်း ” ခနဲမြည်အောင် ကားကားကြီးကျသွားပါတော့တယ်။ ဆိုင်ကယ်တခြား လူတခြားဖြစ်ပြီး ကန်စွန်းပင်တွေ ဖောချင်းသောချင်းရှိနေတဲ့ ရေမြောင်းထဲကို ကျသွားတဲ့ သူငယ်ချင်းကို စိုးရိမ်စိတ်နဲ့ ပြေးကြည့်လိုက်တော့ ကိုယ်တော်မြတ်က မြောင်းထဲကနေ တက်မလာသေးဘဲ ကုန်းကုန်းကွကွ လုပ်နေပါရောလား။ “ ဟေ့ကောင်ကြီး ဘာတွေဖြစ်လို့လဲဟ ” လို့ အော်မေးတော့ “ အေးတွ…နာ့ဖိနပ်ပျောက်တွားရို့ လိုက်စမ်းနေတာ ” လို့ လျှာလေးအာလေးနဲ့ ပြန်ဖြေပါတယ်။ လူမှန်းမသိအောင် မူးနေပေမယ့် ဖိနပ်ကို သတိရနိုင်သေးတဲ့ သူငယ်ချင်းပါပဲ။ ခဏကြာတော့ လမ်းပေါ်ကို ကုတ်ကတ်တက်လာပြီး ကန်စွန်းရိုးတွေ၊ ရေညှိတွေ ပွစာကြဲနေတဲ့ သူ့ဖိနပ်ကို ကောက်စွပ်လိုက်မှပဲ ဇာတိက ပြန်ပေါ်ပါတော့တယ်။ ဖိနပ်ကို ဘယ်ညာ ပြောင်းပြန် ကောက်စွပ်ထားသကိုး…

အိမ်က လူကြီးတွေ ခရီးသွားတိုင်း မောင်ဖြူတစ်ယောက် ဦးဟန်ကြည်အိမ်မှာ အဖော်အဖြစ် လာအိပ်လေ့ရှိပါတယ်။ ကျန်တဲ့ မောင်နီ၊ မောင်ညိုတို့ပါ ၀ိုင်းပြီးအားဖြည့်လိုက်ရင် အင်မတန်ပျော်စရာ ကောင်းလှပါရဲ့။ အဲဒီလိုညမျိုးမှာ တစ်ညလုံး လေကန်ကြ၊ စားကြသောက်ကြပြီး လင်းအားကြီးမှ အိပ်ရာဝင်ဖြစ်ကြတာ များပါတယ်။ မနက်လင်းလို့ ဦးဟန်ကြည်တို့ ဆက်ရက်မင်းစည်းစိမ်ယူကောင်းနေချိန်မှာ စားဖိုမှူးကြီးမောင်ဖြူက အမြဲတမ်း မီးဖိုချောင်ဝင်လေ့ရှိပါတယ်။ သူမြင်ဖူး၊ စားဖူးတဲ့ ဟင်းပေါင်းစုံကို မီးဖိုထဲမှာ ရှိသမျှ ဟင်းချက်ပစ္စည်းတွေ မကုန်မချင်း အသုံးချပြီး လက်စွမ်းပြလေ့ ရှိပါရဲ့။ ဟင်းချက်စရာတွေ ကုန်သွားပေမယ့် သူ့ပညာက မကုန်နိုင်သေးတာမို့ သူမီးဖိုချောင်ဝင်တိုင်း မျက်လုံးပြူးရသူက ဦးဟန်ကြည်ဖြစ်ပါတယ်။ တစ်ခါသားမှာ တစ်ပတ်စာ ရိက္ခာအဖြစ်ဝယ်လှောင်ထားတဲ့ ကြက်ဥ အလုံး နှစ်ဆယ်လောက်ကို သူ့ပညာစွမ်းပြပြီး အကုန်ပြောင်အောင် ချက်၊ ပြုတ်၊ ကြော်၊ လှော်ပစ်လိုက်ကတည်းက သူလာအိပ်တိုင်း သူ့အရင် အိပ်ယာကထပြီး မီးဖိုချောင်ကို အာဏာသိမ်းရတာလည်း တကယ့်အမှတ်တရပဲ ဖြစ်ပါတော့တယ်။

တစ်ညမှာလည်း အိမ်မှာသူငယ်ချင်းတွေ စုအိပ်ကြရင်း မောင်ဖြူက Dry Gin တစ်ပုလင်းဝယ်လာပြီး “ ငါ…ဂျင်တစ်ခါမှ မသောက်ဖူးလို့ စမ်းကြည့်မလို့… ” လို့ အဆိုပြုလာပါရော။ ပေါ့ရွှတ်ရွှတ်၊ ဖွယ်တယ်တယ် ဂျင်အရက်ကို ဦးဟန်ကြည်နဲ့ ကျန်သူငယ်ချင်းတွေက နည်းနည်းပဲ သောက်ကြည့်ပေမယ့် “ မူးတယ်ဆိုတာ ဘယ်လိုဟာလည်း မသိဘူးကွ…ငါတော့ မူးအောင်သောက်ကြည့်မယ် ” လို့ မောင်ဖြူက ကြွေးကြော်ပါတော့တယ်။ သူ့ထုံးစံအတိုင်း ငှဲ့လိုက်၊ ကုလားမော့မော့လိုက်နဲ့ ပုလင်း သုံးပုံတစ်ပုံပဲ ကျန်တဲ့အထိ ကိုယ်တော်ချောက မမူးသေးပါ။ ပါးစပ်ကလည်း တဖျစ်တောက်တောက်နဲ့ မမူးသေးတဲ့အတွက် မကျေမချမ်းဖြစ်နေပါသေးတယ်။ နားမခံနိုင်တော့တဲ့ ဦးဟန်ကြည်က ခပ်တည်တည်နဲ့
“ ကိုင်း…သူငယ်ချင်းရေ…အိုက်သကွာ…ပန်ကာဖွင့်ထားလိုက်မယ် ” ဆိုတော့ အကြောင်းမသိတဲ့ မောင်ဖြူက ခေါင်းညိတ်ပြပါတယ်။ အထာပေါက်တဲ့ ကျန်တဲ့သူငယ်ချင်းတွေက မောင်ဖြူကို ပြုံးပြီးကြည့်နေကြပါတယ်။ ဂျင်ရဲ့သဘာဝက လေတိုက်လေ ပိုမူးလေဖြစ်တာမို့ ပန်ကာဖွင့်လို့ ဆယ့်ငါးမိနစ်မပြည့်ခင်မှာတင် မောင်မင်းကြီးသားလည်း “ ငါ့လခွမ်း…မူးသဟ ” လို့ ထအော်ပါတော့တယ်။ ဧည့်ခန်းထဲမှာတင် ဥသြသုံးခါလောက်ဆွဲအပြီးမှာ ဆက်တီပေါ်တင် ခေါင်းစိုက်သွားတဲ့ မောင်ဖြူကို “ ဘယ်လိုလဲ သူငယ်ချင်း…မူးတယ်ဆိုတာ သိပလား… ” လို့ ခပ်ရွတ်ရွတ်မေးတဲ့အခါ “ အေးတွ…ကောင်းတောင်းတောင်းပဲ ” လို့ ဗလုံးဗထွေး ပြန်ဖြေပါသေးရဲ့။ ဒါပေမယ့် မနက်မိုးလင်းလို့ ခေါင်းမထူနိုင်အောင် ခေါင်းကိုက်၊ အာခေါင်ခြောက်ပြီး ဂျင်အကြောင်း ကောင်းကောင်းသင်ခန်းစာရသွားတော့တာမို့ “ ဂျင်ဆိုတဲ့ အသံကြားရင် ကလေးကစားတဲ့ ဂျင်တောင် နောက်တစ်ခါ မမြင်ချင်တော့ဘူးဟေ့.. ” လို့ ကျူးရင့်ပါတော့တယ်။

တစ်ရက်မှာ မောင်ဖြူနဲ့အတူ မဟာမုနိဘုရားကို သွားဖြစ်ကြပါတယ်။ ( ဦးဟန်ကြည်တို့က ကျောင်းသားဘ၀ကတည်းက အဲဒီလို ဘုရား၊ တရားနဲ့နေတာနော…ညနေပိုင်းရောက်ရင်သာ ဘီယာဆိုင်ရောက်ကြတာ… ) အဲဒီမှာတင် ဘုရားမှာတွေ့ရတဲ့ ခပ်ရွယ်ရွယ် လူငယ်တစ်သိုက်က မောင်ဖြူကို “ ဆရာ ” ချင်း မိုးမွှန်အောင်ခေါ်ပြီး တရိုတသေ စကားလာပြောကြတာကို ထူးထူးဆန်းဆန်းတွေ့ရပါတော့တယ်။ မကြုံစဖူး ထူးလှတဲ့ မြင်ကွင်းကို ဦးဟန်ကြည်တစ်ယောက် မျက်လုံးအပြူးသားနဲ့ ငေးကြည့်နေရပါရဲ့။ အဲဒီ သူငယ်တစ်အုပ်ပြန်ထွက်သွားမှ
“ ဘယ်သူတွေလဲ သူငယ်ချင်း ” လို့ မေးရပါတော့တယ်။ ဒီတော့မှ ငါလည်း ခေသူမဟုတ်ပါဘူးကွ ဆိုတဲ့ အပြုံးမျိုး ပြုံးပြပြီး “ ငါ စာသင်ပေးခဲ့တဲ့ တပည့်တွေကွ ” လို့ ပြန်ဖြေပါတယ်။ တယ်ဟုတ်ပါလားလို့ ချီးကျူးမယ်ကြံရုံရှိပါသေး သကောင့်သား ဆက်ပြောလိုက်တဲ့ စကားကြောင့် အချီးကျူးစောချင်တဲ့ ကိုယ့်ပါးစပ်ကို အမြန်ပိတ်လိုက်ရပါရောလား။ ပြောပုံက “ မနှစ်က သင်္ကြန်တုန်းကကွာ…အဲဒီတပည့်တစ်အုပ်နဲ့ငါနဲ့ မူးပြီး ထွေလာဂျီတက်မောင်းကြည့်တာ သူများအိမ်ခြံစည်းရိုးကို ၀င်တိုက်မိပြီး ကံကောင်းလို့ မသေကြတယ် ” တဲ့။ ဘယ်လောက်ကောင်းတဲ့ ဆရာပါလိမ့်။ သူများအထင်ကြီးအောင် မနေတတ်တဲ့၊ မနေချင်တဲ့ သူငယ်ချင်းပါပဲ။

ဦးဟန်ကြည်ရဲ့ သူငယ်ချင်းက စိတ်ကောင်း စေတနာကောင်တော့ အင်မတန်ရှိတဲ့သူပါ။ သူစိတ်ကောင်းရှိကြောင်းကို သူ့ခေါင်းမှာရှိတဲ့ ချုပ်ရာတွေက သက်သေခံပါလိမ့်မယ်။ အဲဒီချုပ်ရာတွေရဲ့ ရာဇ၀င်က ဒီလိုပါ…

မောင်ဖြူရဲ့ တစ်ခြားသူငယ်ချင်းတစ်ယောက်က ဂျူနီယာတန်းက ကလေးမတစ်ယောက်ကို ချစ်ကြိုက်တာကြောင့် ဗျူဟာစုံဖွင့်ပြီး လုံးပမ်းနေပါသတဲ့။ ဖြစ်ချင်တော့ အဲဒီသူငယ်ချင်းမှာ သမိုင်းကြောင်းတစ်ခုက ဆိုးဆိုးရွားရွား ရှိထားခဲ့တာမို့ မောင်ဖြူက ကလေးမနဲ့ ဘယ်လိုမှ သဘောမတူနိုင်အောင် ဖြစ်ပါလေရော။ သူ့အဆိုကတော့ ကလေးမလေးကို နှမြောလို့ပါတဲ့။ ဒီလိုနဲ့ ကလေးမဆီ မကြာမကြာသွားပြီး အဲဒီတစ်ယောက်ကို မကြိုက်ဖို့ တရားဟောတော်မူပါတော့တယ်။ တကယ်ဆို သူကလည်း အဲဒီကောင်မလေးကို ကြိုက်တာ မဟုတ်ပြန်ပါ။ အဲဒီကောင်မလေးကလည်း သူ့ကိုပြန်ကြိုက်ဖို့ နေနေသာသာ အိပ်မက်တောင် ထည့်မမက်တာ သေချာပါရဲ့။ ဒါပေမယ့် အကျိုးဆက်ကို ဘာမှမတွေးဘဲ စေတနာအရင်းခံပြီး ကာကွယ်ရေးလုပ်နေတဲ့ မောင်ဖြူကို ကာယကံရှင်သူငယ်ချင်းက မျက်မုန်းကျိုးပါတော့တယ်။ တကယ်တော့ အဲဒီသူငယ်ချင်းနဲ့ မောင်ဖြူက တစ်ဆောင် တစ်ခန်းထဲမှာ အတူနေကြတာပါ။ အဲဒီသူငယ်ချင်း ပိုက်ဆံပြတ်တိုင်းလည်း ဒကာတော် မောင်ဖြူက စရိတ်စက အမြဲခံလေ့ရှိပါတယ်။ တစ်ရက်သားမှာတော့ မောင်ဖြူတို့နှစ်ယောက် အဲဒီမိန်းကလေးကိစ္စနဲ့ ခွန်းကြီးခွန်းငယ် စကားများကြပါသတဲ့။ အဲဒီတော့မှလည်း သူတို့ဇာတ်ထုပ်ကို ဦးဟန်ကြည်တို့ သိရတော့တာပါ။

တစ်နေ့လည်ခင်းမှာတော့ ကျောင်းရှေ့က လက်ဖက်ရည်ဆိုင်မှာ မောင်ဖြူအပါအ၀င် သူငယ်ချင်းလေးယောက်နဲ့အတူ ဦးဟန်ကြည်လည်း ကျောင်းသားထုံးစံ သူများမကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်း ထိုင်ပြောနေဖြစ်ကြပါတယ်။ အဲဒီမှာတင် ဦးဟန်ကြည်ဘေးမှာကပ်ထိုင်နေတဲ့ မောင်ဖြူရဲ့ခေါင်းကို တစ်ခုခုနဲ့ ရိုက်ချလိုက်တဲ့အသံ “ ဖြောင်း ” ခနဲ ထွက်လာပါတော့တယ်။ သူငယ်ချင်း အချင်းချင်း စတဲ့၊ နောက်တဲ့အနေနဲ့ ဖိုင်တွဲနဲ့ ခေါင်းကို ရိုက်သွားတယ်လို့ ထင်မိတဲ့ ဦးဟန်ကြည်မှာ လက်ဖက်ရည်စားပွဲပေါ်ကို ခုံကျိုးစတွေ ထွေးခနဲကျလာတော့မှ အလန့်တကြားထပြီး ဘေးဘီကို ကြည့်မိပါတော့တယ်။ မောင်ဖြူရဲ့ခေါင်းမှာလည်း နားသယ်စပ်ကနေ သွေးတွေ စီးကျလာပါပြီ။ ထုံးစံအတိုင်း သူကာဗာပေးနေတဲ့ မိန်းကလေးကို ကြိုက်နေတဲ့ သူငယ်ချင်းက အလစ်ဝင်ရိုက်သွားတာပါ။ အငိုက်မိသွားတဲ့ မောင်ဖြူလည်း သွေးမြင်မှ သတိဝင်လာပြီး လွယ်အိတ်ကို နှိုက်ပါတော့တယ်။ အခြေအနေကို သုံးသပ်မိသွားတဲ့ သူငယ်ချင်းတစ်အုပ်လည်း မောင်ဖြူကို ၀ိုင်းတားပြီး အသင့်တွေ့တဲ့ ဆိုက်ကားနဲ့ ကျောင်းနဲ့မျက်စောင်းထိုးမှာရှိတဲ့ ဆေးရုံကြီးကို ခေါ်သွားရပါတော့တယ်။ လက်ဖက်ရည်ဆိုင်က ထိုင်ခုံပုနဲ့ အပြားလိုက်ရိုက်သွားလို့သာ ကိုယ်တော်မြတ်ကို ဆေးရုံခေါ်သွားလို့ ရတာပါ။ တကယ်လို့သာ ခုံစောင်းနဲ့သမသွားရင်တော့ ရင်ခွဲရုံကို တန်းပို့ရဖို့ သေချာနေပါရဲ့။

အပြင်လူတွေ ရိုက်မှု၊ နှက်မှုဖြစ်ရင် ပြဿနာကို အရင်ရှင်းရမှာဖြစ်ပေမယ့် ကိုယ့်ကျောင်းနဲ့၊ ကိုယ့်ဆေးရုံဖြစ်နေတာကြောင့် ဆေးရုံရောက်ရောက်ချင်း ခေါင်းကဒဏ်ရာကို ချုပ်ရပါတော့တယ်။ နိုင်လွန်ကြိုးနဲ့ တရွှိရွှိမြည်အောင် ခုနစ်ချက်ချုပ်ခံလိုက်ရတာကို သတ္တိခဲမောင်ဖြူက အံတစ်ချက်မကြိတ်ဘဲ ခံပါတယ်။ ကြည့်နေရတဲ့ ဦးဟန်ကြည်တို့မှာသာ အူတွေယား၊ ကြက်သီးတွေထလာပါရဲ့။ ဦးဟန်ကြည်ခမျာ ချစ်စွာသော သူငယ်ချင်းကို လူနာစောင့်ပေးရင်း ဆေးရုံမှာ သုံးလေးညအိပ်လိုက်ရပါတော့တယ်။ သူငယ်ချင်းတွေက စိတ်မကောင်းဖြစ်နေကြရပေမယ့် ကိုယ်တော်မြတ်ကတော့ ခေါင်းမှာပတ်တီးကြီးအဖွေးသားနဲ့ အစားမပျက် အသောက်မပျက် ရှိနေပါရဲ့။ ကျောင်းသားချင်းဖြစ်တဲ့ ကိစ္စကို ကျောင်းမှာပဲ ဖြေရှင်းလေ့ရှိတာမို့ ပါမောက္ခချုပ်ရဲ့ ကြားဝင်ဖြန်ဖြေပေးမှုနဲ့ ပြဿနာက ပြီးသွားပေမယ့် မောင်မင်းကြီးသားရဲ့ ခေါင်းမှာတော့ သေရာပါ အမာရွတ်ကြီး ကျန်နေခဲ့ပါရောလား။ စိတ်မှတ်မရှိတဲ့ သကောင့်သားကတော့ နောက်နှစ်လလောက်အကြာမှာ သူ့ကိုရိုက်တဲ့ သူငယ်ချင်းနဲ့ လည်ပင်းပြန်ဖက်ပြီး တွဲမြဲတိုင်းတွဲလျှက်ရှိပါတော့တယ်။ ကြားထဲက မျက်စိလည်ရသူတွေက ဦးဟန်ကြည်နဲ့ ကျန်သူငယ်ချင်းများပါ။ ဇာတ်လမ်းနိဂုံးချုပ်ချိန်မှာတော့ သူတို့အသည်းကျော် ကလေးမလေးက သူတို့နှစ်ယောက်ရဲ့ရန်ကို ကြောက်ရှာတာကြောင့် အတန်းတူ ငတိတစ်ကောင်နဲ့ ခါတော်မီ အမြန်တွဲသွားပါတော့တယ်။

တစ်ရက်မှာတော့ တခြားဆေးတက္ကသိုလ်မှာတက်နေတဲ့ ဦးဟန်ကြည်ရဲ့ ညီမကို သကောင့်သား မြင်သွားပါတော့တယ်။ မောင်ဖြူက ပါးစပ်က ဘာမှမပြောဘဲ သိက္ခာတော်ရ ဆရာတော်ကြီးများလို မိန့်မိန့်ကြီးလုပ်နေတာကြောင့် ဦးဟန်ကြည်လည်း စိတ်အေးလက်အေး နေမိပါတယ်။ ဒါပေမယ့် ကိုယ်တော်မြတ်က ဦးဟန်ကြည်ရဲ့ အိမ်ရှင်မလောင်းကို ဦးဟန်ကြည် ကွယ်ရာမှာ
 “ ကျွန်တော်ဗျာ…ဟန်ကြည့်ညီမကို ကြိုက်နေတာ…ဒီကောင်ကြီး စိတ်ဆိုးမှာစိုးလို့ မပြောရဲဘူး… ” လို့ ရင်ဖွင့်တော်မူပါတော့တယ်။ အိမ်ရှင်မလောင်းက အကြောင်းစုံပြန်ပြောလို့ သကောင့်သားအကြောင်း သိရပေမယ့် သက်သေမခိုင်လုံပြန်တာကြောင့် ချစ်စွာသော သူငယ်ချင်းကို ဘေးမဲ့ပေးထားလိုက်ရပါတော့တယ်။

တစ်ခါတစ်ခါမှာ မောင်ဖြူပြောလေ့ရှိတဲ့ စကားကို အခုထိ ပြန်သတိရနေမိပါသေးတယ်။ “ ငါတို့ကျောင်းပြီးရင် တစ်ဆေးရုံထဲ အတူလျှောက်ရအောင်ကွာ ” တဲ့။ “ ဘာဖြစ်လို့လဲ ” လို့မေးတဲ့အခါ “ ဟ…မင်းနဲ့ငါနဲ့ လျှောက်သွားလို့ရတာပေါ့ကွ ” လို့ ဖြေပါတယ်။ ဒီမှာတင် ဦးဟန်ကြည်က “ ဟကောင်ရ…ငါတို့တစ်တွေ မိန်းမရကုန်ကြရင် ဘယ်လိုလုပ်မလဲ ” လို့ပြန်မေးတော့ “ မိန်းမတွေ သူတို့ဖာသာ အိမ်မှာနေရစ်ကြပါစေပေါ့.. ” လို့ ခပ်တည်တည်ပဲ ပြန်ဖြေပါတယ်။ ဒီစကားကိုသာ ဦးဟန်ကြည်ရဲ့ အိမ်ရှင်မကြားရင်တော့ မောင်မင်းကြီးသားကို ငရုတ်ကျည်ပွေ့နဲ့ သမမှာ သေချာနေပါတယ်။

ဒီနေ့ဒီအချိန်မှာတော့ ဘ၀ခရီးကို ကိုယ့်လမ်းကြောင်းနဲ့ကိုယ် သွားနေကြရပြီဖြစ်တာမို့ သူငယ်ချင်းမောင်ဖြူနဲ့ ဦးဟန်ကြည် မဆုံဖြစ်တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ရွှေမန်းမြို့ကိုလည်း ဦးဟန်ကြည် ပြန်မရောက်ဖြစ်တာ ဆယ်နှစ်ဝန်းကျင်ရှိသွားပါပြီ။ မောင်ဖြူတစ်ယောက် ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းလည်း စုံစမ်းလို့မရပါ။ ကျန်တဲ့သူငယ်ချင်းတွေကို စုံစမ်းတဲ့အခါမှာလည်း ဘယ်သူနဲ့မှ အပေါက်အလမ်းသိပ်မတည့်တဲ့ မောင်ဖြူအကြောင်း မသိကြပါ။ တစ်ချို့သူငယ်ချင်းတွေက မောင်ဖြူတစ်ယောက် မန္တလေးမှာပဲ ဆေးခန်းဖွင့်ထားကြောင်း မရေမရာ ပြောကြပါရဲ့။ အွန်လိုင်းပေါ်မှာ တက်ရှာပြန်တော့လည်း နည်းပညာကို နည်းနည်းလေးမှ စိတ်မ၀င်စားတဲ့ ကိုယ်တော်မြတ်ကို ရှာလို့မတွေ့ပြန်ပါ။ အများနဲ့ အစေးမကပ်တဲ့ သူငယ်ချင်းကြီးတစ်ယောက် လူနာတွေနဲ့ သဟဇာတဖြစ်ပါ့မလားလို့လည်း စိတ်ပူမိပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ မောင်ဖြူနဲ့ တစ်ခေါက်တစ်ခါ ပြန်ဆုံခွင့် ရချင်ပါသေးတယ်။ ချစ်စွာသော သူငယ်ချင်း မောင်ဖြူတစ်ယောက် အစစအဆင်ပြေချောမွေ့ပါစေ။ ဦးဟန်ကြည်လို အလိမ္မာ၊ အိမ်ပါ ဇနီးမယားအနိပ်နဲ့ သမီးသားအစိတ်ရပါစေလို့ ဆုမွန်ကောင်းများလည်း တောင်းပေးလိုက်မိပါတော့တယ်။                  

မောင်နီနဲ့ မောင်ညိုရဲ့ အကြောင်းတွေကို အလျဉ်းသင့်သလို ဆက်ရေးပါဦးမယ်။ တိုင်းရင်းသူ ဒေါ်ချောပြောသွားသလို သူငယ်ပြန်နေတဲ့(ငယ်ဘ၀ကို ပြန်လွမ်းနေတဲ့) ဦးဟန်ကြည်ရဲ့ လွမ်းချင်းတွေကို စိတ်ရှည်လက်ရှည် အားပေးတော်မူကြတာ ကျေးဇူးဥပကာရ အထူးတင်ရှိပါရဲ့။       

Tuesday, 1 November 2011

ချစ်စွာသော သူငယ်ချင်းများ . . .

ဆေးကျောင်းက သူငယ်ချင်းတွေအကြောင်းကို 
  အကျဉ်းချုပ်အဖြစ် လွန်ခဲ့တဲ့ ပို့စ်တစ်ခုကျော်က ရေးဖြစ်ပါတယ်။ ဘလော့ဂ်သက်တမ်းကလေး နှစ်နှစ်ပြည့်လုပြည့်ခင်ရှိလာပြီမို့ Personal post တွေကိုလျှော့ပြီး သုတ၊ ရသဆိုင်ရာပိုစ့်တွေကို ဦးစားပေးတင်ဖို့ စိတ်ကူးရှိပေမယ့် ဘ၀အမောတွေနဲ့ကြုံရတွေ့ရတိုင်း တက္ကသိုလ်ကျောင်းသားဘ၀ကို ပြန်ပြန်သတိရနေဖြစ်တာကြောင့် ရေးဖြစ်သမျှစာတွေအားလုံးကလည်း သူငယ်ချင်းတွေကို သတိရကြောင်း၊ လွမ်းကြောင်းနေပဲ ဖြစ်နေပါတော့တယ်။

http://www.commentsyard.com/graphics/best-friends/best-friends24.gif

ဆရာစိုင်းခမ်းလိတ်ကတော့ ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ သီချင်းမှာ “ အပူအပင်ကင်းတဲ့…ကလေးဘ၀ကို…တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်…
အပြစ်မသိသေးတဲ့…ကလေးလေးဘ၀ကို…တစ်ခါပြန်ပြီးရချင်သေးတယ်… ” လို့ လွမ်းလွမ်းဆွေးဆွေး တမ်းတရှာပါတယ်။ ဒါပေမယ့် ကလေးဘ၀တစ်လျှောက်လုံး ကျောင်းစာနဲ့နပမ်းလုံးရင်း ဖြစ်ချင်တာတွေဖြစ်ဖို့ ဦးစားပေးရ၊ စွန့်လွှတ်ရတာတွေများခဲ့ရတာကြောင့် အိပ်ယာထ၊ ကျောင်းသွား၊ ကျောင်းပြန်၊ စာကြည့်၊ အိပ်ရာဝင်ဆိုတဲ့ နေ့စဉ်အချိန်ဇယားနဲ့ လုံးလည်ချာလည်လိုက်ပြီး ဘုမသိ၊ ဘမသိ ကုန်ဆုံးသွားခဲ့တဲ့ ကလေးဘ၀ကိုတော့ ဦးဟန်ကြည် ပြန်မလိုချင်တော့ပါ။ ကလေးဘ၀ကတည်းက ကလေးနဲ့တူအောင် မနေခဲ့ရတာမို့ တကယ်လို့များ ကလေးဘ၀ကို နောက်တစ်ခါပြန်ရရင်လည်း ကလေးလုပ်နည်းမသိခဲ့တဲ့ ဦးဟန်ကြည်ခမျာ ယောင်ချာချာ ဖြစ်ရဦးမှာ သေချာသလောက်ရှိနေတယ် မဟုတ်ပါလား။

ဒါကြောင့် လူငယ်ဘ၀မှာ လူငယ်နဲ့တူအောင် နေခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသားဘ၀ကိုပဲ တစ်ရက်မဟုတ်တောင် နေ့တစ်ဝက်လောက်တော့ ဖြစ်နိုင်မယ်ဆိုရင် ပြန်ရချင်မိပါတော့တယ်။ စိတ်တူကိုယ်တူ၊ ခံယူချက်တူ သူငယ်ချင်းတွေအားလုံးနဲ့သာ အဲဒီလို ပြန်နေခွင့်ရမယ်ဆိုရင်ဖြင့် ဘာကိုပဲစွန့်လွှတ်ရ စွန့်လွှတ်ရ တန်တယ်လို့ပဲ ယူဆမိပါတော့တယ်။
“ ကိုယ်လိုတာရတဲ့ အချိန်များနဲ့…ဒီမျှော်လင့်ခြင်းလေး…လဲချင်တယ် ” ဆိုတဲ့ မျိုးကျော့မြိုင်ရဲ့ သီချင်းစာသားတစ်ပိုင်းတစ်စကိုပဲ ခပ်ညည်းညည်လေး ဆိုချင်မိပါသေးရဲ့။

 ဦးဟန်ကြည်ရဲ့ တစ်သီးပုဂ္ဂလဆန်ဆန်နေတတ်တဲ့ ငယ်ကျင့်တွေအားလုံးကို ဆေးကျောင်းသားဘ၀မှာ ဇွတ်အတင်းပြုပြင်ပြီး လူနဲ့သူနဲ့ နေတတ်၊ ထိုင်တတ်အောင် လေ့ကျင့်ခန်းဆင်းနေခဲ့တာမို့ သူငယ်ချင်းအများစုနဲ့ အင်မတန်မှ သဟဇာတဖြစ်ခဲ့ပါတယ်။ သဟဇာတမဖြစ်ဘဲ နေပါရိုးလား။ ဟိန္ဒူသူတော်စင်ကြီး ဆိုင်းဘာဘာရဲ့ အဆိုအမိန့်ဖြစ်တဲ့ -
“ ကျွန်ုပ်ဟာ မိတ်ဆွေလိုအပ်သူနဲ့တွေ့ရင် မိတ်ဆွေဖြစ်တယ်။
မိဘနဲ့တွေ့ရင် သားသမီးဖြစ်တယ်။
သားသမီးတွေနဲ့တွေ့ရင် မိဘဖြစ်တယ်။
ဆရာနဲ့တွေ့ရင် တပည့်ဖြစ်တယ်။
တပည့်ခံလိုသူနဲ့တွေ့ရင် ဆရာဖြစ်တယ် ”
ဆိုတဲ့အတိုင်း တစ်သဝေမတိမ်း လိုက်နာခဲ့ပေသကိုး။ ဘယ်လောက်အထိများလိုက်နာခဲ့သလဲဆိုရင် သောက်တတ်တဲ့သူငယ်ချင်းတွေနဲ့ တွဲမိရင် သူတို့သောက်တဲ့ဆိုင်တိုင်းကို အတူလိုက်သွား၊ မသောက်ချင်ရင်လည်း အမြည်းစားပြီး သူတို့ရစ်သမျှကို သည်းညည်းခံ၊ သည်းမခံနိုင်တော့ရင်လည်း ဘာမှပြန်မပြောတော့ဘဲ တစ်ပက်လောက်မော့ချပြီး တစ်လုံးစာလောက်မူးပြ၊ အနှီသကောင့်သားတွေ မှောက်သွားရင် အဆောင်ကိုတွဲပို့တဲ့အလုပ်ကိုလည်း စေတနာ့ဝန်ထမ်း လုပ်ပါသေးတယ်။ ဖဲရိုက်တတ်တဲ့ သူငယ်ချင်းတွေနဲ့ တွဲမိပြန်ရင်လည်း သူတို့ဖဲဝိုင်းဘေးမှာထိုင်ရင်း ဘေးကနေ လေနဲ့အားပေး၊ တစ်ယောက်တစ်လေ အပေါ့အလေးသွားရင် သူ့ဖဲချပ်ကို အစားဝင်ကြည့်ပေး၊ ပိုက်ဆံလိုရင် ထုတ်ချေးပေး စသည်ဖြင့် ရောယိမ်းလိုက်၊ ဘသားယိမ်းလိုက် လုပ်ပါတယ်။ ဒါပေမယ့် ဂဏန်းပေါင်းတာကို စိတ်မရှည်တဲ့ ဦးဟန်ကြည်ခမျာ အပွင့်ပွတ်ဖို့ ပါရမီမပါရှာခဲ့တာကြောင့် ကိုယ်တိုင်တော့ ၀ိုင်းထဲမှာဝင်ပြီး တစ်ခါမှ ဖဲမရိုက်ခဲ့ဖူးပါ။ တက္ကသိုလ်မတက်ရခင်မှာပဲ ချစ်လှစွာသော မွေးသဖခင်က သားတော်မောင်ကို ဘာမဆို တတ်စေချင်တဲ့ စေတနာဗလပွနဲ့ တစ်လနီးပါးလောက် ဖဲရိုက်သင်ပေးပေမယ့် သင်္ချာပါရမီနည်းတာကြောင့် ဒီနေ့ဒီအချိန်အထိ ဖဲဆိုရင် သုံးချပ်ပေါင်းပြီး ဂဏန်းအကြီးဆုံးရတဲ့လူက အနိုင်ရတဲ့ ကစားနည်းကလွဲလို့ ဘာမှ မကစားတတ်ရှာပါ။ သူငယ်ချင်းတွေ ကစားတဲ့ ဘူကြီး၊ ကိုးမီးစတဲ့ ဖဲရိုက်နည်းတွေကိုလည်း တစ်ခုမှနားမလည်ဘဲ ဖဲချပ်တွေကို အစားဝင်ဝင်ကိုင်ပေးရုံပဲ တတ်နိုင်တာကြောင့် ဖဲအုပ်စုနဲ့တော့ အတွဲနည်းခဲ့ပါတယ်။

တက္ကသိုလ်ကျောင်းသားဘ၀မှာ နှလုံးသားပဟေဠိကို အဖြေညှိချင်တဲ့ သူငယ်ချင်းတွေအတွက်ကတော့ ဦးဟန်ကြည်က မရှိမဖြစ် Catalyst ပါ။ ဘာကြောင့်လဲဆိုရင် သူတို့တွေရင်ဖွင့်သမျှ ဒိုင်ခံနားထောင်ပေးလေ့ရှိသကိုး။ ဒါတင်မကသေးဘဲ လိုအပ်လာရင် မေတ္တာဗျူဟာတွေကိုပါ ချမှတ်ခင်းကျင်းပေးပြီး၊ မေတ္တာစာခွေတွေကိုလည်း ကိုယ်စားရေးပေးလေ့ရှိပါသေးရဲ့။ ကိုယ်ကိုယ်တိုင် မစွံပေမယ့် သူများကို ချွန်တွန်းလုပ်ရာမှာတော့ ပါရမီပြည့်ခဲ့တာမို့ သူငယ်ချင်း အချင်းချင်းလည်း အတွဲတွေ အသီးသီးအသက ရခဲ့ကြပါတယ်။ တစ်ချို့လည်း ခိုင်ခိုင်မြဲမြဲ လက်တွဲပြီး မျိုးဆက်သစ်တွေတောင် ပွားစည်းလို့ နေကြလေရဲ့။ ဒါပေမယ့် ဘုရားပြီးရင် ငြမ်းဖျက်ကြတဲ့ လောကရဲ့ နိယာမအတိုင်း မွေးတဲ့ကလေးကို ဦးဟန်ကြည်နာမည်လေးပါအောင် မှည့်ပေးဖို့ စေတနာကောင်းနဲ့ အကြံကောင်းပေးတော့ သကောင့်သားများက မိုးမွှန်အောင် မေတ္တာပို့ကြပါပေရဲ့။ ( မတရားလိုက်ပုံများကတော့ … )

ကျောင်းသားဘ၀တစ်လျှောက်လုံး ဦးဟန်ကြည်နဲ့ အတွဲအများခဲ့ဆုံးသူငယ်ချင်းက သုံးလေးယောက်ရှိပါတယ်။ အများနဲ့ သဟဇာတ မဖြစ်သူတွေနဲ့ ပုလံပနံသင့်လေ့ရှိတဲ့ မွေးရာပါဗီဇအတိုင်း အဲဒီသူငယ်ချင်းတွေက ဦးဟန်ကြည်တစ်ယောက်နဲ့ပဲ အဆင်ပြေကြပါတယ်။ ဒီပို့စ်ကို ဆက်ရေးရင် သူငယ်ချင်းတွေရဲ့ ငယ်ကျိုးငယ်နာတွေ အကုန်ပေါ်တော့မှာမို့ လောလောဆယ်ကာလမှာ ဆရာဝန်တွေ၊ ပါရဂူတွေဘ၀နဲ့ မိန့်မိန့်ကြီးလုပ်နေကြတဲ့ အနှီသကောင့်သားများရဲ့ နာမည်ရင်းတွေကိုတော့ omit လုပ်ပြီး မောင်ဖြူ၊ မောင်နီ၊ မောင်ညိုလို့ပဲ နံမည်ဝှက်ပေးထားလိုက်ပါရစေဦး။

အရင်းနှီးဆုံးသူငယ်ချင်း မောင်ဖြူနဲ့ ဦးဟန်ကြည်နဲ့က ကျောင်းရောက်ပြီး မကြာခင်ဘဲ ခင်ခဲ့ကြတဲ့သူတွေပါ။ အနှီသကောင့်သားရဲ့ ထင်ရှားတဲ့ဝိသေသက ဓာတ်ပုံရိုက်ရင် မျက်နှာပေး အလွန်ကောင်းခြင်း ဖြစ်ပါရဲ့။ ဘယ်လောက်များမျက်နှာပေးကောင်းသလဲဆိုရင် သူ့ဓာတ်ပုံကို မြင်ရသူတိုင်း ကရုဏာသက်ကြရပါတယ်။ မသက်ဘဲနေပါရိုးလား။ မောင်မင်းကြီးသားက ဓာတ်ပုံရိုက်ခံတိုင်းမှာ ဖွင့်ထားရမယ့် မျက်စိကို ပိတ်ပြီး၊ ပိတ်ထားရမယ့် ပါးစပ်ကိုတော့ အသားကုန်ဖြဲထားလေ့ရှိတာကြောင့် ဘယ်ဓာတ်ပုံထဲမှာကြည့်ကြည့် သူငယ်နာမစင်သေးတဲ့ ရုပ်လက္ခဏာမျိုး အထင်းသားပေါ်နေပေသကိုး။ ( ဓာတ်ပုံတိုင်းမှာ မိန့်မိန့်ကြီးပြုံးပြီး၊ ဖိန့်ဖိန့်ကြီးနေတတ်တဲ့ ဦးဟန်ကြည်တို့နဲ့ ကွာချက် … )

သူငယ်ချင်းမောင်ဖြူက တိုင်းရင်းသားစပ်တာမို့ အသားဖြူဖြူ၊ အရပ်အမောင်းကောင်းကောင်းပါ။ ဒါပေမယ့် ခမျာမှာ အမေပေးတဲ့ ဥပဓိရုပ်ကို ရူပါမဖွင့်တတ်ရှာလေတော့ မကြာခဏဆိုသလို ဥပဓိရုပ်က ဘူးသီးပုပ်နဲ့ တူနေတတ်ပါရဲ့။ ခေါင်းပေါ်က ဆံပင်ဘုတ်သိုက်ကို ဆီမလိမ်း၊ ခေါင်းမဖြီးဘဲ နေချင်သလို နေလေ့ရှိတာကို မြင်ပြင်းကတ်လွန်းတဲ့ ဦးဟန်ကြည်က တစ်နေ့မှာတော့ သူငယ်ချင်းမောင်ဖြူကို “ ဟေ့ကောင်…မနက်ဖြန်မနက် အိပ်ယာထထချင်း မှန်ရှေ့မှာ သွားရပ်ကြည့်ပါလား ” လို့ အချွန်နဲ့ မ-လွှတ်လိုက်ပါတယ်။ နောက်နေ့မနက်မှာ ကျောင်းရောက်လာတော့ အိမ်သာခေါင်မိုးတွေအသစ်လဲ ( ဘိုကေအသစ်ညှပ် )ပြီး ဆီတွေဘာတွေထည့်ပြီး မဖြီးစဖူး ခေါင်းတွေဖြီးလာပါရောလား။ “ ဟေ့ကောင်ကြီး ဘယ်ဗေဒင်ကဟောလွှတ်လိုက်လို့ လူယောင်ဖန်ဆင်းလာတာလဲ ” လို့ မေးလိုက်တော့ “ ငါ့လခွမ်း…မနက်က မှန်ကြည့်လိုက်တာ ငါ့ပုံက အရူးနဲ့တူနေသဟ ” လို့ တစ်တစ်ခွခွကြီး ဖြေပါတယ်။ ဒီယုန်မြင်ကို ဒီခြုံကို မီးရှို့လွှတ်လိုက်တဲ့ ဦးဟန်ကြည်ကတော့ ဟိုဘက်လှည့်ပြီး တစ်ယောက်တည်း ကြိတ်ပြုံးနေရပါတော့တယ်။

အဲဒီသူငယ်ချင်းက ဦးဟန်ကြည်ကို အင်မတန်မှ ကောင်းကျိုးပြုရှာပါတယ်။ ကျောင်းဖွင့်စအချိန်က တစ်ယောက်နဲ့တစ်ယောက် စမ်းတ၀ါးဝါးနဲ့ ကသောင်းကနင်း မိတ်ဆွေဖွဲ့ကြပြီး ရှားရှားပါးပါးရထားတဲ့ သူငယ်ချင်းမ နှစ်ယောက်က တစ်ရက်မှာတော့ ဦးဟန်ကြည်ကို တစ်ယောက်ပြီးတစ်ယောက် မျက်စောင်းတွေ ဒိုင်းခနဲ၊ ဒိုင်းခနဲထိုးပြီး ခြေဆောင့်သွားကြပါတယ်။ ဦးဟန်ကြည်ကလေးခမျာ ဘုမသိ၊ ဘမသိနဲ့ အချောင်ခံလိုက်ရရှာတာကြောင့် အီလည်လည်နဲ့ ကျန်ရစ်ခဲ့ရရှာပါရောလား။ စပ်ဖြင်းဖြင်းနဲ့ နေမထိထိုင်မသာ ဖြစ်လွန်းတာကြောင့် မောင်ဖြူကို အကြောင်းစုံပြောပြရာမှာတော့ နားထောင်နေတဲ့ သကောင့်သားမျက်နှာက စပ်ဖြဲဖြဲနဲ့ ဖြစ်နေပါတော့တယ်။ မသင်္ကာတာကြောင့် “ ဟေ့ကောင်…မင်း ဟိုနှစ်ယောက်ကို ဘာလုပ်ထားသလဲ ” လို့ မေးမိမှပဲ ကိုယ်တော်မြတ်က ငါးသလောက်ပြုံး ပြုံးပြီး “ ငါ ရည်းစားစာပေးထားလို့ဟ ” လို့ ဖြေပါတယ်။ မောင်ဖြူက ရည်းစားစာပေးရုံတစ်ခုတည်းနဲ့တော့ မျက်စောင်းထိုးခံရလောက်တဲ့အထိ အခြေအနေမဆိုးနိုင်မှန်းသိနေတာကြောင့် “ မဖြစ်နိုင်တာ…မင်းဖာသာ ရည်းစားစာပေးတာ...ငါ့ကို ဘာဖြစ်လို့ မျက်စောင်းထိုးရမှာလဲ ” လို့ ပြန်မေးယူရပါတော့တယ်။ အဲဒီတော့မှ
“ အဟဲ…ငါက နှစ်ယောက်စလုံးကို စာပေးမိလို့ ” လို့ ရှက်အမ်းအမ်းနဲ့ ဖြေပါတော့တယ်။ ကြံကြီးစဉ်ရာ ကြံတတ်လွန်းတဲ့ သူငယ်ချင်းကို အံ့သြလွန်းတာကြောင့် အကြောင်းစုံကို မေးယူမှပဲ ကိုယ်တော်ချောရဲ့ ရွှေဥာဏ်တော်စူးရောက်ပုံကို မှတ်တမ်းတင်ခွင့်ရပါတော့တယ်။

မောင်မင်းကြီးသားက မနက်ပိုင်းမှာ ပထမတစ်ယောက်ကို ရည်းစားစာပေးပါသတဲ့။ လူပျို၊ အပျို မေတ္တာစာကမ်းတာဟာ ပြဿနာ မဟုတ်ပေမယ့် တကယ့်ပြဿနာက နေ့လည်ပိုင်းမှာ စ-ပါတယ်။ ကိုယ်တော်က နေ့လည်ပိုင်းမှာ နောက်တစ်ယောက်ကို စာထပ်ပေးလိုက်ပြန်ပါသတဲ့။ ဖြစ်ချင်တော့ အဲဒီနှစ်ယောက်စလုံးက သူငယ်ချင်းတွေဖြစ်နေပြန်တာကြောင့် သူ့လုပ်ရပ်က ဘူးပေါ်သလိုပေါ်ပြီး ငတိမနှစ်ကောင်က မောင်ဖြူကို အပြင်းအထန် ပေါက်ကွဲကြပါတော့တယ်။ သူတို့နှစ်ယောက် စာသင်ခန်းထဲက မောင်းတင်ပြီးထွက်အလာမှာ ယောင်နနနဲ့ သွားကလေးဖြဲပြီး မျက်နှာချိုသွေးမိတဲ့ ဦးဟန်ကြည်ကလေးကို “ ဒီသတ္တ၀ါ မြှောက်ပေးတာဖြစ်မယ် ” ဆိုတဲ့ တစ်ဖက်သတ်စီရင်ချက်နဲ့ မျက်စောင်းလက်နက် သုံးချက်လောက်စီ သုံးပြီး စိစိညက်ညက်ချေမယ်ဆိုတဲ့ သင်္ကေတနဲ့ ဖနောင့်ဆောင့်ပြသွားကြခြင်းပါ။ ကြားထဲက ခါးနာသွားရှာတဲ့ ငထွားတဖြစ်လဲ ဦးဟန်ကြည်ခမျာမှာ ချစ်စွာသော သူငယ်ချင်းကိုပဲ ရေနွေးကြမ်းအိုးနဲ့ ငယ်ထိပ်ကို ပူဇော်ရကောင်းနိုးနိုး၊ စာမပေးခင် အဲဒီနှစ်ယောက် အဆက်အစပ်ရှိမရှိတောင် မစဉ်းစားတဲ့ ဦးဏှောက်ကိုပဲ ဖောက်ထုတ်ပြီး ခွေးကျွေးပစ်ရကောင်းနိုးနိုးနဲ့ ထိုင်ကြည့်နေခဲ့ရရှာပါတော့တယ်။

တကယ်ဆိုရင် သူငယ်ချင်းက သနားစရာကောင်းရှာပါတယ်။ အထက်တန်းကျောင်းသားဘ၀တစ်လျှောက်လုံး မိန်းကလေးသူငယ်ချင်းမရှိခဲ့ဘဲ တက္ကသိုလ်ရောက်ကာမှ မသတ္တ၀ါများနဲ့ နဖူးတွေ့ဒူးတွေ့ တွေ့ရရှာတာကြောင့် ရွေးရခက်ကြီးဖြစ်ပြီး ကယောင်ကတမ်းလုပ်မိခြင်းပဲ ဖြစ်ပါလိမ့်မယ်။ မိဘတွေရဲ့ အကြံပေးချက်ကြောင့် မူလတန်းကျောင်းသားဘ၀ကတည်းက မိန်းကလေးသူငယ်ချင်းတွေနဲ့ ခင်ခင်မင်မင်နေခဲ့တာကြောင့် ကိုယ့်ကိုယ်ကို ဟန်မပျက်ထိန်းနိုင်တဲ့ ဦးဟန်ကြည်က ရင်ထဲက အရှိကို အရှိအတိုင်း ဖောက်ခွဲချင်လွန်းလှတဲ့ သူငယ်ချင်းကို “ ဒါပဲပေါ့ သူငယ်ချင်းရာ…ငါးကြော်မကြိုက်တဲ့ကြောင်မိုက်…ငါးကြော်လဲကြိုက်ရော…ငါးပါးမှောက်တယ်ဆိုတာ ” လို့ ခပ်ဖိန့်ဖိန့်လေသံနဲ့ အသားယူပြီး ပြောမိပါတော့တယ်။

တိုင်းရင်းသားစပ်တဲ့ မောင်ဖြူခမျာ စကားလုံး ဝေါဟာရ သုံးနှုန်းပုံချင်း အများနဲ့မတူတာကြောင့်လည်း မကြာမကြာ ဟာသဖြစ်ရရှာပါတယ်။ တစ်ရက်သားမှာ ဆံပင်ညှပ်ဆိုင်သွားမယ့်အကြောင်းကို
“ ဘယ်သူလိုက်ဦးမလဲဟေ့…ငါ ဆံပင်သွားကိုက်မလို့ ” လို့ စေတနာနဲ့ အဖော်စပ်လိုက်ရာမှာ အသုံးအနှုန်းကို သဘောမပေါက်တဲ့ ကျန်တဲ့သူငယ်ချင်းတွေက “ မောင်ဖြူရာ ဆံပင်ကိုက်တာများ ဒီမှာကိုက်လဲရသားပဲ…လာ ငါ့ဆံပင်ကို လာကိုက်…ဒါပေမယ့် ဆံပင်ကို သွားရည်တွေမလူးစေနဲ့ ” လို့ ၀ိုင်းနောက်တာ ခံရပါတော့တယ်။ “ ဆံပင်ညှပ် ” တာကို “ ဆံပင်ကိုက် ” တယ်လို့ ပြောလေ့ရှိတဲ့ သူတို့ဒေသရဲ့ ဝေါဟာရ သုံးနှုန်းပုံက ဆန်းလည်း ဆန်းပေသကိုး။ တစ်ခါမှာလည်း ဆိုင်တစ်ဆိုင်ကို ၀င်ပြီး “ အစ်မ…တိပ်ခွေ လိုချင်လို့ ” လို့ ပြောလိုက်ရာမှာ ဆိုင်ရှင်က “ တိပ်ခွေမရောင်းဘူး မောင်လေး…တိပ်ခွေလိုချင်ရင် မန်းသီရိ တေးသံသွင်းကိုသွား ” လို့ ပြောပါတော့တယ်။ သူငယ်ချင်းလိုချင်တဲ့ တိပ်ခွေက စာအုပ်တွေကို ကပ်တဲ့ Cellulose tape အခွေဖြစ်ပေမယ့် လည်လည်ပတ်ပတ် မပြောတတ်တာကြောင့် ကက်ဆက်တိပ်ခွေလာဝယ်တယ်ထင်လို့ထင်သွားတဲ့ ဆိုင်ရှင်က မန်းသီရိကို လမ်းညွှန်ခြင်းပါ။ နောက်ဆုံးမှာ ကြံရာမရတာကြောင့် “ ဟိုဟာကိုပြောတာ ” လို့ လက်ညှိုးထိုးပြလိုက်မှပဲ လိုရင်းကို ရောက်ပါသတဲ့။ ခင်စရာကောင်းအောင် ရိုးသားဖြူစင်တဲ့ သူငယ်ချင်းကြီး အခုအချိန်အထိ “ ဟိုဟာ ” တစ်လုံး လက်စွဲသုံးပြီး ဈေးဝယ်ထွက်နေသေးသလား မပြောတတ်တော့ပါ။

တစ်ခါကလည်း သူငယ်ချင်းနှစ်ယောက် တစ်နေရာကိုသွားဖို့ ကျောင်းရှေ့မှာ လိုင်းကားထိုင်စောင့်နေကြပါတယ်။ လိုင်းကားလာတဲ့အခါ ကားပေါ်ကို အလုအယက်ပြေးတက်ပြီး သူငယ်ချင်းက ကားပေါ်မှာထိုင်နေတဲ့ အမျိုးသမီးခပ်ရွယ်ရွယ်တစ်ယောက်ရဲ့ဘေးက နေရာလွတ်တစ်ခုကို လက်ညှိုးထိုးပြီး “ အားသလား အစ်မ ” လို့ မေးပါတယ်။ အမျိုးသမီးကလည်း “ အားပါတယ် ”လို့ ပြန်ဖြေပါတယ်။ အဲဒီမှာတင် ကိုယ်တော်မြတ်က “ ဟုတ်ကဲ့ အားရင် ကျွန်တော် ဖင်ကလေးချချင်လို့ ” လို့ ဆက်အပြောမှာ အထင်တော်လွဲပြီး အရှက်တော်ကွဲသွားတဲ့ အမျိုးသမီးက ကလော်တုတ်ပါတော့တယ်။ ကြာရင် ကိုယ့်သူငယ်ချင်းရဲ့ သွားသုံးဆယ့်နှစ်ချောင်းလုံး ဘုရားပွဲလှည့်ထွက်မည့်ကိန်းကို ကြိုမြင်မိသွားတဲ့ ဦးဟန်ကြည်မှာ မနေသာတော့ဘဲ “ အစ်မထင်သလို မဟုတ်ပါဘူး အစ်မရယ်…သူပြောတဲ့ ဖင်ချမယ်ဆိုတာ ထိုင်မယ်လို့ ပြောတာပါ…သူတို့ဒေသက ထိုင်မယ်လို့ မပြောဘဲ အဲဒီလိုပဲ ပြောကြလို့ပါ… ” လို့ မျက်နှာငယ်လေးနဲ့ ၀င်တောင်းပန်ရပါတော့တယ်။ အလျှောက်ကောင်းလို့ အထောင်းသက်သာသွားပေမယ့် သူငယ်ချင်းနှစ်ယောက်လုံး လိုင်းကားပေါ်မှာ ကြာကြာမနေရဲတော့ဘဲ နှစ်ပြလောက်စီးအပြီးမှာ မျက်နှာပူတဲ့ဒဏ်ကို မခံနိုင်တော့တာကြောင့် ကားပေါ်က ကသောကမြောဆင်းရပါရောလား။ ဦးဟန်ကြည်ခမျာ ကားပေါ်က ဆင်းပြီးတဲ့အထိ မျက်နှာအပူ မပျောက်သေးပေမယ့် သကောင့်သားကတော့ ခပ်တည်တည်နဲ့ “ ငါပြောတာ ဘာမှားလို့လဲ ” လုပ်နေပါသေးရဲ့။                       


သူငယ်ချင်းတွေကို လွမ်းလွန်လွန်းတာကြောင့် စာကိုစီလိုက်မိရာမှာ ထုံးစံအတိုင်း ဧရာမပို့စ်ကြီး ဖြစ်သွားရပြန်ပါပြီ။ အလုပ်တစ်ဖက်နဲ့ အလုအယက် စာဖတ်ကြရတဲ့ ဘလော့ဂါ၊ ဘလော့ဂီအပေါင်း မိတ်ဆွေကောင်းတို့ကို စာနာ၊ ညှာတာသောအားဖြင့် သူငယ်ချင်းမောင်ဖြူရဲ့ ၀ိသေသထူးတွေနဲ့ ကျန်သူငယ်ချင်းတွေအကြောင်းကို နောက်ထပ်ပို့စ်တွေမှပဲတင်ဖို့ ခွဲထုတ်လိုက်ပါတယ်။ ဟုတ်ကဲ့…ဦးဟန်ကြည်တစ်ယောက် တက္ကသိုလ်ကျောင်းသားဘ၀ကို လွမ်းဆွတ်နေမိပါသည်။     

ကြိုက်ရင်ပေါ့လေ . . .