Thursday, 26 January 2012

အိမ်ရှင်ထီး ဦးဟန်ကြည် . . .

အများသိတော်မူကြသည့်အတိုင်း
 ပြည်သူ့အချစ်တော် ဦးဟန်ကြည်၏ အိမ်သူသက်ထား ဇနီးမယားဖြစ်သော မဒမ်ဟန်ကြည်သည် ယခုလ ၇ ရက်နေ့ကတည်းက သူမ၏ မိဘများရှိရာ ဇာတိမြို့သို့ အလွမ်းပြေဟူ၍ တစ်ခါတစ်ခေါက် အလည်သွားလိုက်သည်မှာ ယနေ့ဆိုလျှင် သီတင်းနှစ်ပတ်ကျော်လွန်၍ သုံးပတ်ထဲသို့ဝင်လာလေပြီ။ ဆက်စာကြေးက ပို့မပေးနိုင်သော မီးဖိုဆောင်ပစ္စည်းများကို ရန်ကုန်အထိသွားပြီး ကားဂိတ်မှတဆင့်ပို့ပေးသော ကျေးဇူးတရားကို ထောက်ရပြန်သော ဦးဟန်ကြည်ခမျာ မဒမ်ဟန်ကြည်ကို အမြန်ပြန်လာစေချင်ပါသော်လည်း မပြောရဲရှာပြန်လေ။ သို့နှင့်ပင် ခမျာ ပျော်သလောက်နေပါစေလေဟုပင် စိတ်တုံးတုံးချ၍ တောင်းလာသမျှ ဖွတ်ကလိဒင်္ဂါးကို ဘဏ်တိုက်မှသာ တွင်တွင်လွှဲပေးရင်းနှင့် တစ်ကိုယ်ထည်းတည်းပင် အိမ်ရှင်ထီးဘ၀ကို အရှင်လတ်လတ် ရောက်ရရှာလေသတည်း။


http://homemadedad.ca/wp-content/uploads/2010/09/mr_mom.jpg
ကလေးများ ရှိခဲ့လျှင်ဖြင့် ... ဦးဟန်ကြည်ခမျာ ဤသို့သာ နေပေချိမ့် ...

မဒမ်ဟန်ကြည် အိမ်မှစ၍ထွက်သွားချေသော ၇ ရက်နေ့ မနက် ၈ နာရီခွဲမှစ၍ အိမ်ထောင့်တာဝန်ဟူသမျှတို့သည် ဦးဟန်ကြည်အပေါ်သို့ လုံးခနဲ၊ ခဲကနဲ မညှာမတာ ကျရောက်လာချေတော့ရာ ခမျာမှာ အခါတိုင်းကဲ့သို့ စိတ်ရှိလက်ရှိ ဘလော့မဂင်းနိုင်တော့သလို ဘလော့ရွာအတွင်း၌လည်း ခြေမကမြင်းနိုင်ပြန်တော့ပါချေ။ မဒမ်ဟန်ကြည် ရှိသောအခါတိုင်းကာလများတွင်မူကား ဦးဟန်ကြည်တစ်ယောက် ဘလော့ပဲဂင်းဂင်း၊ ရုပ်ရှင်ပဲကြည့်ကြည့် အချိန်တန်လျှင် ထမင်းပွဲကား ရှေ့သို့ရောက်လာပြီးသား၊ အ၀တ်ဗီရိုထဲတွင် လျှော်ဖွတ်၊မီးပူတိုက်ပြီးသား အ၀တ်အထည်များ အဆင်သင့်ဖြစ်ပြီးသား ရှိသည်ပင်။ ယခုမူကား ထိုသို့မဟုတ်ရှာတော့ချေ။ မနက် ၅ နာရီခွဲသည်နှင့်တပြိုင်နက် မွေးရာပါအားနည်းခဲ့သော ၀ီရိယဓာတ်ကို အပြင်းအထန် နှိုးဆွပြီး နှိုးစက်သံနှင့်အပြိုင် မျက်ချေးပွတ်၍ အိပ်ရာထရလေတော့သည်။ နှိုးစက်သံဆိုသည်မှာလည်း မိမိတာဝန်အရ တတီတီမြည်ရုံသာ တတ်နိုင်သည်။ မဒမ်ဟန်ကြည်ကဲ့သို့ အိပ်ရာမှမထမချင်း မြည်တွန်တောက်တီး၍ နှိုးတတ်ရှာလေသည် မဟုတ်လေရာ ဦးဟန်ကြည်ခမျာ အဆိုပါ နှိုးစက်မင်းကိုလည်း ပစ်ခတ်၍ အားမကိုးနိုင်ရှာလေ။ မနက်ခင်း ၅ နာရီခွဲ၌ အမောင်နှိုးစက်က တီခနဲမြည်သည်နှင့်တပြိုင်နက်တည်း အိပ်ရာမှ ၀ုန်းခနဲခုန်ထနိုင်ဖို့အရေး မိမိကိုယ်ကို အော်တိုဆက်ဂျက်ရှင်း အတန်တန်လုပ်ကာ ညစဉ်ညတိုင်း မိမိ၏ ဘလော့ဂါ ဗီဇဆိုးကို ဇွတ်အတင်း ချိုးနှိမ်၍ သတ်မှတ်ချိန်ရောက်တိုင်း အိပ်ရရှာလေတော့သည်။

အိပ်ရာနိုးသည်နှင့် တပြိုင်နက် မနက် ၆ နာရီထိုး စာသင်ချိန်အမီသွားနိုင်ရန်အတွက် မျက်နှာကို ကပျာကယာသစ်၊ သွားကို ပြီးစလွယ်တိုက်ပြီး အိပ်ရာကိုပင် သပ်သပ်ရပ်ရပ် မသိမ်းအားတော့ဘဲ အိမ်တံခါးကို သော့ခတ်ကာ စီးတော်ဆိုင်ကယ်ကို ဇက်ကုန်ဖွင့်ပြီး အူတကြုတ်ကြုတ်နှင့် မနက်ခင်းစာသင်ချိန်ကို ကြဲရပြန်သည်။ ရံဖန်ရံခါတွင် ကျောင်းသားမိဘများလည်း အိပ်ရာထ နောက်ကျတတ်လေရာ ဆရာဦးဟန်ကြည်အတွက် ဘရိတ်ဖတ်ကို မစီစဉ်အားပဲ ပေယျာလကန်ပြုထားသလို ဖြစ်ရပြန်သောကြောင့် ခမျာမှာ ၀မ်းထဲက ပိုးမျိုးရှစ်ဆယ် ဆန္ဒပြသမျှ ဒီမိုကရေစီ မပေးနိုင်ရှာဘဲ ဗိုက်ဆာဆာနဲ့ပင် သံကုန်ဟစ်၍ စာသင်ရရှာလေသည်။ ထိုရက်မျိုးတွင် ပထမ၀ိုင်းအပြီး ဒုတိယ၀ိုင်းမစခင် ကြားချိန်လေးတွင် တစ်ဆိုင်ဆိုင်ဝင်ကာ ၀မ်းခေါင်းထဲမှ ပိုးမျိုးရှစ်ဆယ်အတွက် လွှတ်တော်ဖြင့် ချွေးသိပ်ရန်အလို့ငှာ အလျဉ်းသင့်ရာကို ပါးစပ်ထဲထိုးသွပ်ရရှာပြန်သည်။ ထိုအချိန်မျိုးတွင် မဒမ်ဟန်ကြည်သည်ကား မိဘနှစ်ပါး ဘယ်ညာရံ၍ စားစရာအလျှံပယ်ဖြင့် မနက်စာကို ပွဲတော်နေမည်ဟု တွေးမိတိုင်း ဦးဟန်ကြည်ခမျာ လွမ်းစိတ်ကို ရှမ်းခေါက်ဆွဲဖြင့် ဖြေရရှာသည်မှာလည်း ကာလမနည်းတော့ချေ။

ဒုတိယစာသင်ချိန်ပြီး၍ ခြေကုန်လက်ပမ်းကျကာ အိမ်သို့ပြန်ရောက်လျှင် ၁၂ နာရီကျော်ပေပြီ။ မဒမ်ဟန်ကြည်ရှိသော အခါမျိုးတွင်မူ အိမ်ပြန်ရောက်လျှင်ရောက်ချင်း ပက်လက်ကုလားထိုင်ပေါ်တွင် ခန္ဓာကိုယ်ကြီးကို ၀ုန်းခနဲပစ်ချလိုက်ပြီး မဒမ်ဟန်ကြည်ပြင်ပေးမည့် ထမင်းပွဲကို အဆင်သင့်စောင့်ပြီး ဘုဉ်းပေးရုံသာ။ သို့သော် ယခုမူကား “ ကိုယ်ချက်မှ ကိုယ်စား ” ရသော ဘ၀ဖြစ်နေချေပြီတကား။ ထို့ကြောင့်ပင် အနုနည်း ဆန္ဒပြ၍မှ မရလျှင် အကြမ်းဖက်တတ်ပြန်သော ပိုးမျိုးရှစ်ဆယ်တို့၏ တဂွီဂွီ တဂွမ်ဂွမ် ဖောက်ခွဲသံတို့ကို ဥပေက္ခာပြုနိုင်စိမ့်သောဌာ ရွာစားကျော် အကယ်ဒမီ စိန်မွတ္တား၏ မဟာဂီတ လက်စွမ်းပြဆိုင်းလက်သံကို ခပ်ကျယ်ကျယ်ဖွင့်ရင်း ဆန်ဆေး၊ ထမင်းချက်ခြင်းအမှုကို အိမ်ရှင်ထီးပီပီ မရှက်တန်းလုပ်ရရှာလေတော့သည်။ ထမင်းအိုးကား လျှပ်စစ်ထမင်းအိုးဖြစ်သောကြောင့် မွှေရ ငှဲ့ရနှင့် ကရိကထ မများသည်ကိုပင် ကြံကြံဖန်ဖန် ကျေးဇူးတင်စရာကောင်းလှပြန်သည်။ ထမင်းအိုးတစ်လုံးက သူ့အလုပ်သူလုပ်နေစဉ် ရေခဲသေတ္တာထဲတွင် ရှိသမျှ စားကောင်းသမျှ အစားအစာတို့ကို ကြော်တန်ကြော်၊ လှော်တန်လှော်ဖြင့် တစ်ထွာမျှသာ ရှိသော အစာအိမ်ကို ဖြည့်တင်းရေးအတွက် ဇယ်စက်သလို အလုပ်များရလေတော့ရာ အဘယ်မှာ ဘလော့ဂင်းနိုင်ပါတော့အံ့နည်း။ ဘလော့မဂင်းနိုင်သော်လည်း အိမ်ရှင်မ၏ အမှာစကားအတိုင်း ၁ နာရီဝန်းကျင်လောက်ရောက်တိုင်း ကွန်ပျူတာဖွင့်ပြီး ဂျီတော့ခ်တွင် မီးစိမ်းပြထားရချေသေး၏။ မဒမ်ဟန်ကြည်တစ်ယောက် အင်တာနက်ဆိုင်သို့ တပင်တပန်းသွားပြီး ဦးဟန်ကြည်မီးစိမ်းပြထားသည်ကို မမြင်လျှင် အပွမ်ခံရမည်ကိုလည်း ကြောက်ရသေးသည် မဟုတ်တုံလော။

စားသောက်ပြီးပြန်လျှင်လည်း အသန့်ကြိုက်လှသော မဒမ်ဟန်ကြည့် အလိုကျ အိမ်သန့်ရှင်းရေးကို မနားမနေ လုပ်ရပြန်ချေသေးသည်။ ထိုမျှမကသေး မိမိ၏အ၀တ်အစားများကို သူတပါးအ၀တ်နှင့် အတူတကွလျှော်ခြင်း၊ ဖွပ်ခြင်းကို မသတီတတ်သော အကျင့်ဆိုးကြောင့် ရေချိုးခန်းဝင်ကာ ရိုးရာနည်းအတိုင်း လက်မောင်းအောင့်အောင် လျှော်ရဖွပ်ရပြန်လေတော့သည်။ အ၀တ်လျှော်ရင်းနှင့် ၀ယ်ကာစ တစ်လအတွင်းပင် ပျက်သွားလေသော အ၀တ်လျှော်စက်ကို မပျက်မကွက် မေတ္တာပို့ခြင်းအမှုကိုလည်း ပြုရပြန်ချေသေး၏။ အိမ်မှုကိစ္စဟူသည်ကား များမြောင်လှပါဘိတောင်း။ လျှော်ပြီး ခြောက်ပြီးသော အ၀တ်များကို မီးပူတိုက်ရပြန်သေးသည်။ ထိုမျှနှင့်ပင် မရပ်သေး။ စားပြီးသော ပန်းကန်များကိုလည်း ဆေးရပြန်သည်။ အခါတိုင်းကဲ့သို့ စားပြီး၊ လက်ဆေးရုံသာလိုသော ကာလများကို လွမ်းပါဘိတောင်း။ ယခုမူကား စားပြီးလက်ဆေးပြန်လာလိုလျှင် စားသောက်ဆိုင်များသို့ သွားစားရုံသာရှိ၏။ သို့သော် ဆိုခဲ့သည့်အတိုင်း လက်ဆေးပြန်ရေးအတွက် ထမင်းတစ်နပ်သည် ဇီဇာကြောင်သော ဦးဟန်ကြည်အတွက် ငါးထောင်နှင့် တစ်သောင်းကြားတွင် ကုန်လေမည်ဖြစ်ရာ လက်ဆေးချင်သောစိတ်ကို အသာချိုးနှိမ်ပြီး ကိုယ်တိုင်သာလျှင် ကြိတ်ရရှာလေသည်။

ဆိုခဲ့သော အာဝေနိကဒုက္ခများပြီး၍ တရေးတမော အနားယူမည်ကြံရင်းက နာရီကို ကြည့်မိလျှင် ၂ နာရီခွဲနှင့်သည်က များလေသည်။ ဦးဟန်ကြည်၏ အနားယူချိန်တို့ကား မီးဖိုဆောင်နှင့် ရေချိုးခန်းတို့စနက်ဖြင့် အငွေ့ပျံကုန်ရှာချေပြီ။ သက်ပြင်းကြီးချရင်း ကသောကမြောရေချိုး၊ အ၀တ်အစားကို လူရိုသေ၊ ရှင်ရိုသေရှိရုံ ကောက်စွပ်ကာ စာသင်ချိန်အမီ ပြေးရလေတော့သည်။ စာမေးပွဲကား ယနေ့မှ စ၍တွက်ကြည့်လျှင် ၄၅ ရက်သာ လိုတော့ရာ တပည့်များကလည်း စာသင်နှစ်အစပိုင်းနှင့် လားလားမှမတူအောင်ပင် အင်မတန်မှ စာလိုလားကြလေတော့၏။ အခါတိုင်းတွင် နားမလည်လျှင်လည်း နားလည်ယောင်ဆောင်ကာ ခပ်အေးအေးနေလေ့ရှိသော မောင်ပျင်း၊ မယ်ပျင်းများသည်ပင် အလွန်အမေးအမြန်းထူကာ မသိမည်၊ မတတ်မည်ကို အလွန်တရာ စိုးရိမ်ဟန်ရှိလေရာ ဦးဟန်ကြည်ခမျာ မြင်ပြင်းကတ်လှသော်လည်း သည်းခံရရှာလေတော့သည်။ မည်သို့ပင်ဆိုစေ စာသင်ချိန်ပြီးလျှင် ဦးဟန်ကြည်တစ်ယောက် ဖလက်ပြချေပြီ။ ရံဖန်ရံခါများတွင် ဂိမ်းဘောဆိုက်ချင်စိတ်ပင် ၀င်မိလေ၏။

လူချင်းခင်လျှင် ပိုက်ဆံချေးတတ်လေသော ဤဒေသတွင် ကိုယ့်အကြောင်းကိုယ်သိသော ဦးဟန်ကြည်ခမျာ မည်သူနှင့်မျှ အပေါင်းအသင်း မလုပ်ရဲရှာလေသောကြောင့် စာသင်ချိန်ပြီးသည်နှင့်တပြိုင်နက် မည်သည့်နေရာသို့မှ ခြေသဝေမထိုးရဲဘဲ အိမ်သို့သာ တန်း၍ပြန်ရရှာလေသည်။ အပျင်းပြေစေရန်အလို့ငှာ အိမ်ရှင်မရှိစဉ်ကကဲ့သို့ ဆိုင်ကယ်တစ်စီးနှင့် ဟိုဟိုသည်သည် မောင်းချင်ပြန်သော်လည်း တဗြူးဗြူးတဗြင်းဗြင်းနှင့် ကမြင်းကျောထကာ တရကြမ်းမောင်းကြသော ကာလသား၊ ကာလသမီးများ၏ ဆိုင်ကယ်များ၊ ကားများကြောင့် မာလကီးယားရချေလျှင် သေမင်းပြည်သို့ တစ်ယောက်တည်း မျက်စိသူငယ်သွားရမည့် အရေးကိုလည်း ကြောက်ပြန်လေရာ သက်ပြင်းအခါခါချရင်း ကြိုနှင့်မည့်သူ မရှိသော အိမ်သို့သာ တန်းတန်းမတ်မတ် မြန်းရလေ၏။

အိမ်သို့ပြန်ရောက်လျှင် ထမင်းအိုးကို အသာဖွင့်၍ကြည့်ရပြန်သည်။ ဤဒေသ၏ ရာသီဥတုကား ခန့်မှန်းရ ခက်ပါဘိတောင်း။ ဆောင်းတွင်းဖြစ်သော်လည်း မိုးရွာချင်ရွာတတ်ပြန်သည်။ မနက်ပိုင်းတွင် ခိုက်ခိုက်တုန်အောင် ချမ်းခဲ့သလောက် နေ့လည်ပိုင်းတွင် ခြစ်ခြစ်တောက်အောင် ပူတတ်ပြန်ရာ ဦးဟန်ကြည်၏ ထမင်းအိုးခမျာမှာလည်း ရာသီဥတု စီမံရာကို အမြိုင့်သား လက်ခံရရှာလေသည်။ ရာသီဥတု မျှတ၍ အိုးတွင်းရှိ ထမင်းတို့ လတ်လတ်ဆတ်ဆတ်ရှိလျှင် ဦးဟန်ကြည်တစ်ယောက် ပျော်မဆုံးတော့ပြီ။ အိုးဆေးရ၊ ဆန်ဆေးရ တစ်ချီတစ်မောင်းတော့ သက်သာပြီ မဟုတ်ပါလား။ ထမင်းများသိုးကုန်လျှင်ကား ထုံးစံမပျက်ပင် ချက်ရပြန်လေသည်။ အစားတစ်လုပ်ကား လွန်စွာမှပင် အလုပ်ရှုပ်ပေ၏။ လူက မစားဘဲ နေချင်ပြန်သော်လည်း ဗိုက်က မနေနိုင်ပြန်။ အချိန်တန်လျှင် အသံပေါင်းစုံထွက်ပြီး အချက်ပေးလေ၏။ ကိုယ့်အစာအိမ်ကို ဖနောင့်နှင့်ပေါက်ရအောင်လည်း ကိုယ့်ဗိုက်ကို ပေါက်ရမည်ဖြစ်သောကြောင့် မလုပ်ရဲလေရာ သူ့အလိုကိုလိုက်ရင်း လုံးလည်ချာလည်လိုက်နေလေတော့သည်။

တတ်သမျှ မှတ်သမျှ ချက်ပြုတ်၊ စားသောက်၊ ရှင်းလင်းပြီးချိန်တွင် ည ၉ နာရီကျော်နေလေပြီ။ ပင်ပန်းလွန်းလှလေရာ ဘလော့ဂင်းချင်စိတ်တို့လည်း ဝေးဝေးသို့ ပြေးကြရှာလေ၏။ ကွန်ပျူတာကိုဖွင့်ကာ အမောင်ကျောင်းသားများအတွက် သင်ထောက်ကူစာအုပ်စာတမ်းများကို စီရစဉ်ရသည်နှင့်ပင် အချိန်လင့်ရလေတော့သည်။ တစ်ခါတစ်ရံတွင်လည်း မောင်ကျောင်းသားတို့၏ အဖြေလွှာများကို စိတ်မပါ လက်မပါ စစ်ရပြန်လေ၏။ ပင်ပန်းလွန်းသော အခါမျိုးတွင် အလွန်တရာ နှစ်သက်စွဲလန်းသော ဆရာမြို့မငြိမ်း၏ သီချင်းများကိုပင် ဖွင့်၍နားထောင်ချင်စိတ် မရှိတော့ချေ။ ရှင်တော်ဘုရား ဟောတော်မူခဲ့သော “ ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော၊ အပိယေဟိ သမ္ပယောဂေါ ဒုက္ခော ” ( ချစ်သူနှင့်ကွေကွင်းခြင်းသည်လည်း ဒုက္ခ၊ မချစ်သူနှင့် ပေါင်းဖော်ရခြင်းသည်လည်း ဒုက္ခ ) ထိုနှစ်ပါးတွင် ပထမ ဒုက္ခသည် ပို၍ကြီးလေ၏။ အကြောင်းမှာ အိမ်မှုကိစ္စဟူသမျှတို့သည် မိမိခေါင်းပေါ်သို့သာ မညှာမတာ ကျသောကြောင့်ပင်တည်း။

ဆိုခဲ့သည့်အတိုင်း ယားလို့မှပင် မကုတ်နိုင်ရှာအောင် ချာလပတ်လည်နေရှာသော ဦးဟန်ကြည်ကို  မိတ်ဆွေတစ်ယောက်က ပွဲတစ်ပွဲတက်ရန်အတွက် ယနေ့ညနေက အားတက်သရော ဖိတ်မန္တက ပြုပြန်လေသည်။ အဘယ်ပွဲနည်းဟု ဦးဟန်ကြည်က စနည်းနာကြည့်လေရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းရန်အတွက် အလုပ်ရုံဆွေးနွေးပွဲဟု အဆိုပါမိတ်ဆွေက တက်တက်ကြွကြွပြောရှာလေ၏။ အဆိုပါပွဲသို့ တက်ရောက်အားပေးရန် ဦးဟန်ကြည်တစ်ယောက် စိတ်ပါလှသော်လည်း ကိုယ်ကားမပါနိုင်တော့ရှာလေ။ အနှီအသင်းအပင်း တာဝန်များလည်ပင်းသို့တက်လာချေသော် ဦးဟန်ကြည်၏ သင်ကြားရေးတာဝန်များ လစ်ဟင်း၍ တပည့်များ စာမေးပွဲကျရှာပေမည်။ လက်ရှိအောင်အောင်မြင်မြင် ဆောင်ရွက်နေသော ကိုယ်ပိုင် အမျိုးသားနိုင်ငံရေးကို စွန့်ပယ်၍ ပါတီနိုင်ငံရေးကို ဦးဟန်ကြည် မည်သို့လုပ်နိုင်ပါမည်နည်း။ ထိုမျှသာမကသေး မိမိတွင်ရှိသော လက်တစ်ဆုပ်စာ ကျောင်းသားများ၏ ဘ၀လမ်းကြောင်းအတွက်ပင် အကြိတ်အနယ် ခေါင်းဆောင်မှုပေးနေရသော သာမညောင်ည ဦးဟန်ကြည်တစ်ယောက် လူထုလူတန်းစားအားလုံးအတွက် ခေါင်းဆောင်မှုပေးနိုင်ရေးသည်ကား အိမ်မက်တွင်ပင် ဝေးလွန်းနေသေးပြန်သည်။

သို့ဖြစ်ပါသောကြောင့် အများလုပ်နေကြသော အလုပ်တွင် ဦးဟန်ကြည်တစ်ယောက် ရှေ့တန်းမှ မပါဝင်နိုင်ခြင်းကို စိတ်မကောင်းခြင်းကြီးစွာဖြင့် သက်ပြင်းကြီးများ အလီလီချ၍ အိမ်ရှင်ထီးဘ၀ဖြင့် နောက်ကွယ်မှသာ လက်ခုပ်တီးရင်း အိမ်ရှင်မပြန်လာမည့် နောက်လဆန်းကို မျှော်နေရှာပါကြောင်း ထမင်းအိုးတည်ရင်းကပင် ပို့စ်တစ်ပုဒ်ဖြစ်အောင် ရေးထုတ်လိုက်ရလေတော့သတည်း။         

၂၆ . ၁.၂၀၁၂
( ကြာသပတေးနေ့ )
ည ၉ နာရီ

( သိပ္ပံမောင်ဝ၏ အစမ်းစာများကို လွန်စွာမှနှစ်ခြိုက်စွဲလန်းသော ဦးဟန်ကြည်သည် အထက်က ပို့စ်ကို သိပ္ပံမောင်ဝ၏ အရေးအသားကိုမှီး၍ ဇွတ်ရော အတင်းပါ ဖျစ်ညှစ်ရေးပါသော်လည်း စာရေးသားခြင်း ပါရမီ အားနည်းရှာသောကြောင့် မဒိုးကန်၏ သရော်စာလောက်ပင် အရသာမရှိရှာလေ။ )

Saturday, 21 January 2012

အထင်နဲ့ အမြင် . . .

ဦးဟန်ကြည်တစ်ယောက် 
လွန်ခဲ့တဲ့ ဇန်န၀ါရီလ သုံးရက်နေ့က မိဘတွေအတွက် ကန်တော့ပစ္စည်းတွေ၊ လက်ဆောင်ပစ္စည်းတွေကို အများသိတော်မူကြတဲ့အတိုင်းပဲ ဆက်စာကြေးကနေ ပါဆယ်ထုပ်ပြီး ပို့လိုက်ပါတယ်။ ပို့ပြီးတဲ့နေ့မှာတင် စိတ်ဆင်းရဲခြင်းကြီးစွာဖြစ်ပြီး တစ်ရက်မှ စားမ၀င်အိပ်မပျော်ရှာပါ။ လမ်းမှာများပျောက်ခဲ့ရင် ငါးပါးမှောက်ရချေရဲ့ဆိုတဲ့ အတွေးဆိုးတွေ မီးခိုးမဆုံး၊ မိုးမဆုံးတွေးနေဖြစ်ပြီး နေ့ရှိသရွေ့ ပူပူပန်ပန်ဖြစ်နေခဲ့ပါသတဲ့။ အိမ်ရှင်မကိုယ်တိုင် ရန်ကုန်ဆင်းပြီး ခရီးသည်တင်ကားကြုံနဲ့ ၉ ရက်နေ့က ပို့လိုက်တဲ့ မီးဖိုဆောင်သုံးပစ္စည်းတွေက ၁၀ ရက်နေ့မနက်မှာ အိမ်ကို ချောချောမောမော ရောက်သွားတဲ့သတင်း ကြားရတာကလည်း ဆက်စာကြေးကနေ ပို့လိုက်မိတာ မှားလေခြင်းဆိုတဲ့ အတွေးဆိုးကြီးကို မီးထိုးပေးပြန်ပါသေးတယ်။

ပစ္စည်းတွေပို့ရင်းနဲ့ သူ့မိဘတွေဆီကို အလည်အပတ်ပြန်သွားတဲ့ အိမ်ရှင်မခမျာလည်း ဦးဟန်ကြည်ဆီကို ဖုန်းဆက်တိုင်းမှာ ပစ္စည်းတွေ ရောက်မရောက်ကို တပူပူတပင်ပင်နဲ့ မေးရှာပါတယ်။ အိမ်ကိုဖုန်းဆက်ပြီး မေးပြန်တော့လည်း ပစ္စည်းတွေက မရောက်သေးပြန်တာကြောင့် ဦးဟန်ကြည်ခမျာ ငပိကိုင်မိထားတဲ့ မျောက်လို နေမထိ၊ ထိုင်မသာနဲ့ ပူစပ်ပူလောင်ကြီး ခံစားရပါရောလား။ အိမ်ရှင်မနဲ့ စကားပြောဖို့ ဂျီတော့ခ်ပေါ်ကို တက်ပြန်ရင်လည်း လိုင်းပေါ်က မိတ်ဆွေများက “ ဆရာ့အထုပ်ကြီး ရောက်သွားပြီလား ” လို့ တမေးတည်း မေးကြပြန်ပါတယ်။ ဖဘကို ၀င်မိပြန်ရင်လည်း မိတ်ဆွေတွေက မေးကြပြန်ပါသေးတယ်။ စိုးရိမ်ခင်မင်စိတ်နဲ့ မေးကြမြန်းကြတာဖြစ်ပေမယ့် သူရို့မေးမှပဲ ဦးဟန်ကြည်ခမျာမှာ စိုးရိမ်မှု ဒီဂရီက ပိုပိုတက်လာပါလေရော။

ဒီကြားထဲမှာ အိမ်ရှင်မ ခရီးသွားနေတာကြောင့် ချက်ရေးပြုတ်ရေးကိုပါ ကိုယ်တိုင်ကြဲနေရပြန်တာကြောင့် အလုပ်တစ်ဖက်နဲ့ ချာလပတ်က ရမ်းနေပြန်ပါသေးတယ်။ မိဘတွေကျေးဇူးနဲ့ ခပ်ငယ်ငယ်ကတည်းက ထမင်းဟင်း ကောင်းကောင်းချက်တတ်ပေမယ့် လက်တွေ့နဲ့ကင်းကွာနေတာ ဆယ်စုနှစ်တစ်နှစ်ကျော်ခဲ့ပြီမို့ နဖူးတွေ့ဒူးတွေ့ ပြန်ချက်တဲ့အခါမှာတော့ ဒုက္ခနဲ့ လှလှ ကောင်းကောင်းတွေ့ကြပြီး လှလှတောင် အိမ်ပြန်ပြေးရပါလေရောလား။ ဆန်တစ်ဗူးကို ရေတစ်ဗူးခွဲနှုန်းဆိုတဲ့ စာအုပ်ကြီးထဲက အချိုးအစားအတိုင်း ချက်ထည့်လိုက်တဲ့ ပထမဆုံးထမင်းအိုးက မီးခြစ်ကျောက်ဖြစ်သွားပါတယ်။ ရေနည်းနည်း ပိုထည့်မိတဲ့ ဒုတိယမြောက်လက်ရာက ကော်ဖြစ်သွားပြန်ပါလေရော။ ဦးဟန်ကြည်တို့ ထင်တိုင်းကြဲပြီး လက်စွမ်းပြနေတာကို ဆန်တစ်မျိုးတည်းကနေ ထမင်း၊ ယာဂု၊ မုန့်ကြွပ် သုံးမျိုးရအောင် ချက်နိုင်စွမ်းတဲ့ အမရာတောင် ငိုလောက်ပါပေရဲ့။ ခေတ်မီတိုးတက်လာတဲ့ ဒီဘက်ခေတ်ကြီးကျေးဇူးကြောင့် လျှပ်စစ်ထမင်းပေါင်းအိုးနဲ့ ချက်ရပေလို့သာ တစ်ခါချက်ရင် တစ်မျိုးထွက်လာတာ ၀မ်းသာရပါဦးမယ်။ တကယ်လို့သာ ထင်း၊ မီးသွေးတွေနဲ့သာ ချက်ရရင်ဖြင့် ပသေနဒီကောသလမင်းရဲ့ အိပ်မက် ၁၆ ချက်ထဲကလို ထမင်းတစ်အိုးကနေ ပျော့၊ မာ၊ ပုံမှန် သုံးမျိုးလုံးများ ထွက်နေမလား မသိတော့ပါ။

ထမင်းအိုးကလေး တစ်အိုးကို မဖြစ်ညစ်ကျယ် နေ့တိုင်းချက်ပြီး အိမ်ကနေ ကားကြုံနဲ့လှမ်းပို့လိုက်တဲ့ ၀ါဝါ၀င်းဝင်းပဲငါးပိကို အနပ်တိုင်းချက်၊ ၀က်အူချောင်းကို အနပ်တိုင်းကြော်၊ မုန်ညင်းချဉ်ကို အနပ်တိုင်းသုပ်ပြီး ပဲရေပွကြော်တစ်လှည့် ပဲခြမ်းကြော်တစ်လှည့်နဲ့ နေ့တိုင်းလွေးနေပါတဲ့ ဦးဟန်ကြည်ကို ချစ်လှစွာသော အိမ်ရှင်မက စိုးရိမ်တကြီးနဲ့ တခြားဟင်းပြောင်းချက်ပါဦးလားလို့ မကြာမကြာ သတိပေးရှာပါတယ်။ အမှန်တော့ လူကို စိုးရိမ်တာ ဟုတ်မယ်မထင်ပါ။ သူ့အတွက် ပဲငါးပိ မကျန်တော့မှာ စိုးရိမ်ဟန်တူပါရဲ့။ ( ဒီပို့စ်ကို အိမ်ရှင်မ မဖတ်မိပါစေနဲ့လို့ ဆုတောင်းရတော့မှာပဲ … ရေးရင်းနဲ့ ဗိုက်ခေါက်ယားပါဘိတော့တယ် ) မိန်းမရိုသေ အသက်ရှည်ဆိုတဲ့ ရှေးထုံးဟောင်းကို ခေါင်းထက်မှာ ရွက်ထားပါတဲ့ ဦးဟန်ကြည်ခမျာလည်း ပဲငါးပိပြားအခြောက်ထုပ်နှစ်ထုပ်ကို လက်ဖျားနဲ့တောင် မတို့ရဲဘဲ အိမ်ရှင်မအတွက် ဦးဖယ်ထားရပါသတဲ့။ ဒါပေမယ့် ပဲငါးပိအစိုတွေ ကုန်ရင်တော့လည်း ဦးဖယ်ထားတဲ့ ပဲငါးပိပြားခြောက် ပမာဏက တဖြည်းဖြည်း နည်းလိုက်လာမှာတော့ မြင်ယောင်ပါသေးတယ်။
 
မိဘတွေ ကောင်းမှုနဲ့ အနှီလို ဒေသထွက် အစာအာဟာရကောင်းတွေကို ဦးဟန်ကြည်တစ်ယောက် နေ့စဉ်နဲ့အမျှ မှီဝဲနေရလေလေ မိဘတွေအတွက် ရည်စူးထားတဲ့ ပစ္စည်းထုပ်ကြီး လမ်းမှာပျောက်မှာ စိုးရိမ်လာလေလေ ဖြစ်လာပါတော့တယ်။ စိုးရိမ်ရင်း စိုးရိမ်ရင်းကနေ ရေခဲသေတ္တာဖွင့်လိုက်လို့ ပဲငါးပိတွေ၊ ခရမ်းသီးခြောက်တွေမြင်တိုင်း ကျေးဇူးရှင် ဆက်စာကြေးကို ရိုးရိုးတစ်မျိုး၊ ဆန်းဆန်းတစ်ဖုံ နေ့စဉ်နဲ့အမျှ မေတ္တာတွေ အလီလီပွားမိတဲ့အထိ ဖြစ်ပါလေရော။ ရိုးရိုးမေတ္တာပို့နည်းကတော့ ရှင်တော်ဘုရားဟောတော်မူခဲ့တဲ့အတိုင်း -
“ သဗ္ဗေသတ္တာ
 အဝေရာ ဟောန္တု၊
အဗျာပဇ္ဈာ ဟောန္တု၊
အနီဃာ ဟောန္တု၊
သုခိအတ္တာနံ၊ ပရိဟရန္တု ”
လို့ ပို့ပေမယ့် မေတ္တာဆန်းဆန်းပို့နည်းကတော့ စိတ်ထဲမှာ ကြိတ်မနိုင်ခဲမရနဲ့ ဒေါသတွေ အတောင့်လိုက်၊ အချောင်းလိုက် လုံးခနဲ၊ ခဲကနဲ ထွက်လာတိုင်းမှာ ပါးစပ်က အော်တိုထွက်လာတဲ့ ဝေါဟာရဆန်းတွေနဲ့ အားပါးတရ ကြုံးကြုံးပြီးပို့တဲ့ မေတ္တာပို့နည်း ဖြစ်ပါသတဲ့။ ( အနှီ မေတ္တာဆန်းဆန်းပို့နည်းမှာ ကျကျနန သုံးစွဲတဲ့ စကားလုံး ဝေါဟာရတွေကို ဒီပို့စ်ထဲမှာ ထည့်ရေးရင် ဂမ္မဒေါသ သင့်မှာစိုးရတာကြောင့် ထည့်မရေးတော့တာ နားလည်ခွင့်လွှတ်တော်မူကြကုန် )

အဲဒီလို မေတ္တာပို့ရုံတင်မကသေးဘဲ ဆက်စာကြေးက ရေးပေးလိုက်တဲ့ ပစ္စည်းလက်ခံစာရင်းစာရွက်ကို သတိရတိုင်း ထုတ်ထုတ်ကြည့်ပြီး ကိုယ်တိုင်ပြုစုထားတဲ့ ပစ္စည်းစာရင်းစာရွက်ကို တကိုင်ကိုင်နဲ့ လကုန်လို့မှ ပစ္စည်းတွေ မရောက်ရင် လွှတ်တော်အထိ တက်တိုင်ဖို့လည်း နေ့ရှိသရွေ့ မောင်းတင်ထားပြန်ပါသေးတယ်။ ( ဆက်စာကြေးခမျာ ဗြဟ္မာမင်း ဦးခေါင်းတော့ ကိုင်မိရှာလေပြီ ) ဒီကြားထဲမှာ ပေသီးအခေါက်လွန်ပြီး တစ်အိမ်လုံးပေါင်းမှ တစ်လုံးပဲဝယ်ထားမိတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး မြန်မာ့ စီဒီအမ်အေမိုဘိုင်းဖုန်းကိုလည်း အိမ်ရှင်မ ခရီးသွားတဲ့နောက် တစ်ပါတည်း ထည့်ပေးလိုက်ရတာကြောင့် ဦးဟန်ကြည်ခမျာ အိမ်ကိုလည်း ဖုန်းနေ့တိုင်း မဆက်ရဲရှာပါ။ ကျောင်းပြီးလို့ ဆရာဝန်ဖြစ်ခါစ ညီမတော်နဲ့ တစ်ခါတစ်ခါ လေပေးဖြောင့်မိရင် တစ်နာရီ နှစ်နာရီ အသာကလေး ကုန်တာမို့ တစ်မိနစ်ကို ၁၀၀ နှုန်းနဲ့ ကျကျနန တောင်းတတ်ပါတဲ့ လမ်းဘေးဖုန်းဆိုင်ကို လှူရတဲ့ ဖွတ်ကလိဒင်္ဂါးကိုလည်း နှမြောရပါသေးတယ်။ မိဘနဲ့ ညီမဆိုတာမျိုးကလည်း အင်မတန် သဘောကောင်းကြတာကလား။ သုံးလေးငါးရက်ကြာမှ ဖုန်းတစ်ခါဆက်ရင်လည်း စိတ်မဆိုးကြပေပဲကိုး။ ဒါပေမယ့် ခရီးသွားနေတဲ့ အိမ်ရှင်မကိုတော့ နေ့စဉ်နေ့တိုင်း ဖုန်းဆက်ပြီး အခြေအနေ ငြိမ်ဝပ်ပိပြားပါကြောင်း၊ ဦးဟန်ကြည်တစ်ယောက် လိမ်လိမ်မာမာနဲ့ အိမ်ထောင့်တာဝန်၊ တိုင်းပြည်တာဝန်များကို အင်တိုက်အားတိုက် ထမ်းဆောင်နေပါကြောင်းကိုတော့ တာဝန်ကျေကျေပွန်ပွန် သတင်းပို့ရပါရဲ့။

http://farm2.static.flickr.com/1357/922959564_dd43b7803f.jpg
အထင်နဲ့ အမြင် . . .
 
အဲဒီလိုနဲ့ သုံးလေးရက်လောက်ကြာအောင် အိမ်ကို ဖုန်းမဆက်ဘဲ ငုတ်တုတ်ထိုင်ပြီး ပူပွဲဆင်နေတဲ့ ဦးဟန်ကြည်တစ်ယောက် ဒီနေ့ နေ့လည်ခင်းမှာ အိမ်ကို ဖုန်းခေါ်ကြည့်မှပဲ ပစ္စည်းတွေအားလုံး ၁၆ ရက်နေ့ကတည်းက  ဘေးမသီရန်မခ ရောက်ကြောင်းကို သိရပါတော့တယ်။ သောကြာနေ့ ၁၃ ရက်နေ့လောက်ကတည်းက ရောက်သွားဟန်တူတာမို့ စုစုပေါင်း ၈ ရက်လောက်ပဲ အချိန်ကြာတာ သိရတော့ ဦးဟန်ကြည်တစ်ယောက် ထူးထွေတည့်အံ့ရာသော် ဖြစ်ရပါတော့တယ်။ ဟုတ်ပါရဲ့။ ဒီချောထုပ်ရဲ့ ခရီးစဉ်ဟာ ဦးဟန်ကြည်တို့ ဒေသကနေ ရန်ကုန်စာတိုက်ကြီးထိ တစ်ဆင့်၊ စာတိုက်ကြီးကနေ ဦးဟန်ကြည်ရဲ့ မိဘများအိမ်အရောက် နောက်တစ်ဆင့်ဆိုတော့ နှစ်ဆင့်ကြီးများတောင် ရှိပေသကိုး။ စာတိုက်သုံးခုလုံး တိတိကျကျလုပ်လိုက်ကြတဲ့ အလုပ်ဟာ မြန်မာ့သမိုင်းနဲ့ ဆက်စာကြေးရာဇ၀င်မှာ စာတင်လောက်အောင် မြန်လှပါရဲ့။ ပစ္စည်းအားလုံး အထိအခိုက် အနာအဆာမရှိ ပကတိ ဘေးရန်ကင်းပါကြောင်း ကြားလိုက်ရတဲ့ အခိုက်အတန့်ဟာ တကယ့်ကို မင်္ဂလာအပေါင်း ခညောင်းတဲ့ အချိန်ပိုင်းပဲ ဖြစ်ပါတော့တယ်။

ညီမဖြစ်သူ ပြောမှပဲ ဦးဟန်ကြည်တို့ ဆက်စာကြေးရဲ့ အံမခန်း တိုးတက်ဖွံ့ဖြိုးမှုကို သိရပါတော့တယ်။ ချောထုပ်ကို ကျကျနန နှစ်ထပ်ထုပ်တားပါသတဲ့။ ပစ္စည်းတွေကို ဂုန်အိပ်နဲ့ တစ်ထပ်ထည့်ပြီး အပေါ်ကနေ အ၀တ်စကောင်းကောင်းနဲ့ တစ်ထပ်ထပ်ချုပ်ထားပါသတဲ့။ အ၀တ်အိတ်ကို ကြိုးနဲ့ပတ်ပြီး ကြိုးကို ချိတ်ပါပိတ်ထားလိုက်သေးတယ်ဆိုပဲ။ ကြိုးအပေါ်မှာမှ လိပ်စာစာရွက်အုပ်ပြီး ချိပ်နဲ့ကပ်ပေးလိုက်တာမို့ ဒီချိပ်တွေမခွာဘဲ၊ စာရွက်မပြဲဘဲ အထဲက ပစ္စည်းကို နှိုက်ယူဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါ။ အနှီလို ကျကျနနနဲ့ သပ်သပ်ရပ်ရပ် လုပ်ပေးပြန်တော့လည်း အထုပ်တစ်ထုပ်ကို ငွေ ၂၅၀၀ ပေးရကျိုး နပ်တယ်လို့ ဦးဟန်ကြည်တစ်ယောက် ကျေကျေနပ်နပ်ကြီး တွေးမိပြန်ပါပြီ။ အကြောင်းစုံကို သိရတဲ့နောက်မှာ ဆက်စာကြေးကို မေတ္တာထိုင်ပို့နေခဲ့မိတာကို အားနာမိပြန်ပါရောလား။ ခမျာတို့မှာလည်း ထစ်ခနဲရှိ ပြုတ်နေတဲ့ ဒီဘက်ခေတ်သစ်ကြီးကို ကြောက်ရှာရပေတာကိုး။ ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် အရင်ကလို မဟုတ်တော့ဘဲ ပြောင်းလဲလာတဲ့ ဦးဟန်ကြည်တို့ရဲ့ မြန်မာ့ဆက်စာကြေးကို လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်မိပါပြီ။

ဒါကြောင့် ခေတ်ဆိုးခေတ်ကျပ်ကြီးမှာ ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရဲခဲ့ဘဲ ထွက်ပြီးတဲ့ဆင်စွယ် ၀င်တယ်မရှိသလို ကိုယ့်လက်ကထွက်သွားတဲ့ပစ္စည်း နည်းမှန်လမ်းမှန် နေရာမှန်ကို ရောက်လေ့ရောက်ထ မရှိခဲ့တာကို အကျင့်ရပြီး မည်းမည်းမြင်သမျှကို မယုံသင်္ကာစိတ်တွေနဲ့ ကြည့်လေ့ကြည့်ထ ရှိနေခဲ့တဲ့ ဦးဟန်ကြည်တစ်ယောက် တိုင်းကျော်ပြည်ကျော်မဟုတ်ပေမယ့် ဘလော့ကျော်အောင် ဆက်စာကြေးကို ဟောဒီပို့စ်နဲ့ ကောင်းချီးပေးခဲ့မိတာကို အမှားမြင် အမှန်ပြင်ပြီး တောင်းပန်လိုက်ပါပြီ။ ရွှေပြည်ရဲ့ အနာဂတ်ကိုလည်း အပြောမဟုတ်၊ အလုပ်နဲ့ သက်သေပြကြပြီး ဆက်စာကြေးလို တာဝန်ကျေဖို့ကြိုးစားကြရင်ဖြင့် ရွှေပြည်မှာ ပျော်ပျော်ကြီးနေကြတဲ့ ဦးဟန်ကြည်တို့ တိုင်းသူပြည်သား ကျောမွဲများအတွက် မြိုနေကျ ထမင်းကြမ်းခဲမှာ ထောပတ်ဆမ်းပေးလိုက်သလို အင်မတန်မှ အရသာရှိသွားမှာဖြစ်ပါကြောင်း စေတနာအကောင်းနဲ့ ကြေညာမောင်း ခတ်ရင်း လွန်တာတွေရှိခဲ့တာမို့ အထင်နဲ့အမြင်လွဲခဲ့သမျှကို ၀န္ဒာမိလုပ်လိုက်ရပါကြောင်း ချစ်ဆွေများတို့ရေ။             

Thursday, 12 January 2012

အကြမ်းပညာရှင်ရဲ့ တစ်နေ့တာ . . .( တက်ဂ်ပို့စ် )

၂၀၁၂ ရဲ့ ပထမဆုံး တဂ်စာဆိုပြီး
ဂျယ်ရီပစ်ပစ်မေးထားတဲ့ မေးခွန်းတွေကို သူများရဲ့ နောက်ဆုံးမှပဲ ဦးဟန်ကြည်ဖြေဖြစ်ပါတော့တယ်။ သူများပို့စ်တွေဖတ်ပြီး အတွေးလွန်နေရာက ကိုယ့်ပို့စ်ကျမှ အရေးကျွံသွားမှာလည်း စိုးရိမ်ပါသေးရဲ့။ ဘလော့ဂါအသိုင်းအ၀ိုင်းမှာ ပစ်ပစ်ကို CIA ပစ်ပစ်လို့ ခေါ်ကြပေသကိုး။ ဦးဟန်ကြည်က ရွှေပြည်ကြီးမှာ နေမင့်ဟာ။ အနှီ CIA ပုဂ္ဂိုလ်တွေကို ဘယ်ကြောက်လိမ့်တုန်း။ ဒါပေမယ့် သူ့တိုတိုနဲ့ ဖုန်းဆက်ရင်းနဲ့ ဂျယ်လီတွေကို သူ့ဗိုက်ထဲထိုးထိုးသွတ်တတ်တဲ့ ဂျယ်ရီပစ်ပစ်ဟာ “ စသုံးလုံး ” ဖြစ်နေမှာကိုတော့ ဦးဟန်ကြည်တစ်ယောက် ကြက်သီးရော ဘဲသီးပါမကျန်ထပြီး ကျောရောရင်ပတ်ပါစိမ့်အောင် လန့်ပါသတဲ့။

ဟုတ်သလေ…
“ စသုံးလုံး ” ဆိုတာက “ စပ်စုစိန် ” ကိုခေါ်တယ် မဟုတ်ပါလား။
“ စသုံးလုံး ” တင်အားမရသေးဘဲ “ စငါးလုံး ” ဖြစ်ခဲ့ရင်တော့ သတိသာထားပေရော့ ဘလော့ဂါအပေါင်း သူတော်ကောင်းတို့ရေ။
“ စငါးလုံး ” ဆိုတာတော့ “ စပ်စုစွာစိစိန် ” ပါတဲ့။

ကိုင်း “ သုံးလုံး ” လား “ ငါးလုံးလား ” မသဲကွဲတဲ့ ဒေါ်ဂျယ်ရီပစ်ပစ်ရေ မေးသမျှဖြေမည် ဦးဟန်ကြည်တစ်ယောက် မေးကြည့်ဖြေကြည့် ပဟေဠိကို အောက်မှာပဲ အဖြေညှိလိုက်ပါပြီတဲ့ဗျား…



အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ…

၆ နာရီထိုးရင် စာသင်ချိန်စမှာမို့ ၅ နာရီခွဲလောက်မှာ တဂွမ်ဂွမ်ထမြည်တဲ့ ဖုန်းနှိုးစက်ကို ၅ မိနစ် snooze လေးခါလောက်လုပ်ပါတယ်။ ပြီးရင် မျက်စိကို ခြွေတာရေးအဖြစ် မြင်နိုင်ရုံလောက်ပဲဖွင့်ပြီး ရေခဲသေတ္တာထဲက ရေအေးအေးကြီးကို တဂွပ်ဂွပ်သောက်ပါတယ်။ ပြီးရင် အိမ်ထက်သာရမယ့်နေရာကို သွားပြီး အိပ်မက်လိုလို ဘာလိုလို ၀ိုးတို့ဝါးတားမှေးရင်း ပါတော်မူပါတယ်။ ပါတော်မူရင်း ငိုက်ရတဲ့ စည်းစိမ်ကလည်း ဦးဟန်ကြည်အတွက် မနက်ခင်းရဲ့ ကျက်သရေတစ်ခု ဖြစ်ပါကြောင်း ဒေါ်ပစ်ပစ်ရေ။


မနက်စာကို  ဘယ်လိုအစားအစာ  စားရတာကြိုက်ပါသလဲ…

အစားက လူနဲ့တည့်တယ်မဟုတ်လား ဒေါ်ပစ်ပစ်ရယ်။ မေးမှမေးရက်ပလေ။ မနက်စာပဲဖြစ်ဖြစ် နေ့လည်စာပဲဖြစ်ဖြစ် ညစာပဲဖြစ်ဖြစ် စားလို့ကောင်းတာဟူသမျှကို စားရတာ ကြိုက်ပါသတဲ့။ အသားထဲမှာ “ လူသား၊ သစ်သား ”၊ အရွက်ထဲမှာ “ စာရွက် ”၊ အသီးထဲမှာ “ ပဒိုင်းသီး၊ မီးသီး၊ ဂေါက်သီး ” စတာတွေကိုတော့ ဦးဟန်ကြည် ဝေရာမဏိလုပ်ပါရဲ့။ ဖြစ်များဖြစ်နိုင်ခဲ့မယ်ဆိုရင်တော့ ဟိုးအရင် ကလေးဘ၀ကလို ထမင်းပူပူလေးကို ဆီဆမ်းပြီး မတ်ပဲဘယာကြော်ကလေးကို တစ်ဖဲ့ဖဲ့၊ ကြက်သွန်ဖြူကလေးတစ်ကိုက်ကိုက်၊ နံနံပင်ကလေးကို ထမင်းထဲမှာမြှုပ်ပြီး စားချင်ပေသပေါ့။ ဒါမှမဟုတ်ရင်လည်း ထမင်းရည်ပူပူလေးထဲမှာ ကြက်သွန်ခြောက်ကြော်ကလေးထည့်၊ ကြက်သွန်ဖြူဆီချက်ကလေး ပါလေရုံ တစ်ချက်ဝေ့၊ မတ်ပဲဘယာကြော်ကလေးတွေ ချေပြီးထည့်၊ နံနံပင်ကလေးတွေထည့် ဆားကလေးအနေတော်ခပ်ပြီး သောက်ချင်တာပါပဲ။

လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့   မနက်စာ...

မနက်လင်းပြီဆိုကတည်းက အာပြဲပြီး တံတွေးတစ်ပိဿာလောက်ကုန်အောင် ဟစ်ဟစ်အော်ရင်း စာသင်နေရတဲ့ ဦးဟန်ကြည်ရဲ့ မနက်စာကိုတော့ ကျောင်းသားမိဘများက အလျဉ်းသင့်ရာကို စီစဉ်ပေးကြတာမို့ လောလောဆယ်မှာတော့ ဘရိတ်ဖတ်အဖြစ် ပို့ဆွမ်း၊ သဒ္ဓါဆွမ်းပဲ မနက်ခင်းတိုင်း ဘုဉ်းပေးနေရပါကြောင်း။

နေ့လည်စာကို   ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ…

ကြယ်ငါးပွင့်အဆင့်ရှိတဲ့ Hilton Hotel ပေါ်မှာ ကာဗီးယားငါးဥလေးတစ်ကိုက်ကိုက်လိုက် Hennessy လေးတစ်ငုံငုံလိုက်နဲ့ စိတ်အေးလက်အေးလေး ဒင်နာတီးချင်ပေသပေါ့။ အဲသလို ဒင်နာတီးဖို့အရေးက အပြင်မှာမနီးပေလို့ ရင်နာပြီးဖြေရရင်တော့ ဖင်မှာချီးပေ (ဟုတ်ပေါင်…ကာရန်နောက်လိုက်ရင်း ဘေးချော်ကုန်ပြီ..) အကြင်နာအသီးတွေနဲ့ အစဉ်သာအငြီးပြေစေတဲ့ ဇနီးမေကိုလက်ဝဲမှာထားပြီး ပွဲတော်တည်ရတာကို ကြိုက်နှစ်သက်ပါကြောင်း။


အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ......

အိမ်ကနေ လှမ်းပို့ပေးလို့ နောက်နှစ်ရက်ဆိုရင် ရောက်လာမယ့် ပါဆယ်ထဲက ပဲငါးပိပြားကြော်ကလေးရယ်၊ အညာဝက်အူချောင်း အဆစ်ကလေးတွေရယ်ကို အခုစာရေးနေရင်းတောင် မျက်စိထဲမှာ မြင်ယောင်နေပါသတဲ့။ ရွှေရောင်ဝင်းအိနေတဲ့ ဦးဟန်ကြည်တို့ဒေသထွက် နံမည်ကျော်ပဲငါးပိကို မစားရတာကလည်း ၁၀ နှစ်နီးပါးရှိသွားပြီ မဟုတ်ပါလား။ ကြုံတုန်းမှာ ကြော်ငြာဝင်ရရင်ဖြင့် ကျန်တဲ့ဒေသက ပဲငါးပိတွေက အစေ့ကြီးကြီး၊ အရောင်ညစ်ညစ်နဲ့ ငံလွန်းပေမယ့် ဦးဟန်ကြည်တို့ရဲ့ ပဲငါးပိက ရွှေဝါရောင်ပြေပြေနဲ့ မငန်လွန်းဘဲ အင်မတန်အရသာရှိပါတယ်။ သူ့ချည်းပဲ ချက်စားရင်တောင် အရောင်အဆင်းက မက်စရာကောင်းလောက်အောင် စိုပြည်လွန်းပါရဲ့။ အနှီပဲငါးပိကို ၀က်သားလေးနဲ့သာ ရောပြီးချက်လိုက်ရင်ဖြင့် ၀က်သားအဆီနဲ့ ပဲငါးပိအငံ သမူဟဖြစ်သွားတာမို့ အနှီဟင်းကို ထမင်းလေးနဲ့သာ နယ်ဖတ်ပြီး အုပ်လိုက်ရရင် ( အင်း…တွေးရင်းနဲ့တောင် သွားရည်ကျလာပြီ ) အနီးအနားက ဇနီးမယားကိုတောင် ယာယီမေ့လောက်ပါရဲ့။

ပဲငါးပိကို အစိုအတိုင်းမစားဘဲ ကြက်သွန်နီဓားပြားရိုက်ကလေး ပါလေရုံရော၊ လက်နှစ်သစ်ပတ်လည် အပြားဝိုင်းကလေးတွေလုပ်၊ တစ်နေနှစ်နေလောက်ပြပြီး အခြောက်လှမ်းသိမ်းထား။ စားချင်တဲ့ အချိန်ကျရင် မီးကင်ပြီးဖြစ်ဖြစ်၊ ကြော်ပြီးတော့ပဲဖြစ်ဖြစ် ထမင်းဆီဆမ်းကလေးနဲ့ လွေးလိုက်ရရင် ( သွားရည် ထပ်ကျလာပြန်ပြီ ) အင်မတန်မှ နိပ်ပါသတဲ့။ သူ့ချည်းပဲ ကြော်မစားချင်ရင်လည်း ပဲငါးပိပြားခြောက်တွေကို ချိုးချေ၊ ကြက်သွန်နီ ငရုတ်သီးနဲ့ ရောကြော်ပြီး ပုလင်းထဲထည့်ပိတ်ထား ဗိုက်ဆာတိုင်းလည်း နှိုက်စားလို့ရပါသေးသတဲ့။

ဝက်အူချောင်းရဲ့ ကောင်းခြင်းတွေကိုတော့ ကိုယ့်သွားရည်ကို နှမြောတာက တစ်ကြောင်း ၀က်အူချောင်းမြင်တာနဲ့တင် လေပျို့တတ်တဲ့ မိတ်ဆွေများကို အားနာတာတစ်ကြောင်းကြောင့်
 ( ၀က်အူချောင်းကို ယမကာနဲ့ မြည်းတဲ့ပစ္စည်းလို့ မြင်တဲ့လူက မြင်ကြပေသကိုး ) ပလီပလာဖွဲ့နွဲ့လို့  ဋီကာမချဲ့တော့ပါကြောင်း။


အလုပ်မှာကော်ဖီ  ဘယ်နှစ်ခွက်  သောက်ပါသလဲ.....

သူများတကာတွေ တကော်ထဲကော် တဖီထဲဖီနေပေမယ့် ရေငန်သောက်၊ မြက်ခြောက်စားတဲ့ အညာသားဦးဟန်ကြည်ခမျာ ကော်ဖီသောက်ရင် ရင်တုန်လွန်းတာကြောင့် ဝေရာမဏိလုပ်ထားရတာ နှစ်နှစ်ရှိပါပြီ။ ကလေးပီပီ အားရှိမယ့် အိုဗာတင်းကိုပဲ တစ်နေ့တစ်ခွက် ဖျော်သောက်ပါကြောင်း။


ညနေစာကိုဘယ်မှာစားတတ်ပါလဲ.....

အများအားဖြင့်တော့ အိမ်မှာပဲ စားရပေသပေါ့။ စိတ်လိုလက်ရရှိတဲ့ အခါမျိုးမှာတော့ အပြင်ထွက်ပြီး စားဖြစ်ပါရဲ့။ တစ်ခါတစ်လေကျပြန်ရင်လည်း ဆိုင်ကနေ ဟင်းဝယ်လာပြီး အိမ်မှာပဲ စားဖြစ်ပါတယ်။


ညနေစာစားရင်းနဲ့  အများဆုံးစဉ်းစားဖြစ်တတ်တဲ့  အကြောင်းအရာ......

စာအုပ်ဖတ်ရင်း ထမင်းစားကျင့်ရှိတာမို့ စာအုပ်ထဲက အကြောင်းအရာကိုပဲ စဉ်းစားဖြစ်တာ များပါတယ်။ တစ်ခါတစ်လေကျရင် ရုပ်ရှင်ကြည့်ရင်း စားဖြစ်တာမို့ ရုပ်ရှင်ဇာတ်ကားထဲမှာ စိတ်ရောက်သွားပြီး စားနေတဲ့ ထမင်းအရသာတောင် မသိလိုက်တဲ့ အကြိမ်ပေါင်းက ခပ်များများပါ။


အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်.....

တစ်နေ့စာသင်လိုက်တဲ့ သင်ခန်းစာတွေကို ပြန်စဉ်းစားရင်း၊ ချစ်ဖွယ်မက်ဖွယ်ကောင်းလှပေထသော တပည့်ဖွတ်ကြားလေးတွေကို လူဖြစ်အောင် ဘယ်နည်းဗျူဟာ၊ ဘယ်မဟာဗျူဟာတွေနဲ့ သင်ရမယ်ဆိုတာတွေကို စိတ်ကူးရင်း စိတ်က အလုပ်ထဲမှာပဲ ကျန်နေရစ်တတ်တာမို့ အလုပ်ဆင်းချိန်နဲ့ အလုပ်ချိန်ဟာ လေကုန်သက်သာတာတစ်ခုကလွဲလို့ စိတ်ခံစားချက်ချင်းက ထူးမခြားနားပဲ ရှိတတ်ပါတယ်။


အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ......

ဦးဟန်ကြည်ရဲ့ အိမ်ပြန်ချိန်က တစ်ရက်မှာ နှစ်ခါရှိပါတယ်။ နေ့လည် ၁၂ နာရီထိုးလို့ အိမ်ပြန်လာရင် ပက်လက်ကုလားထိုင်ပေါ် ပစ်ထိုင်ချပြီး မျက်စိတွေအသာမှိတ်လို့ ပူလောင်နေတဲ့ စိတ်တွေကို ခဏလောက် ငြိမ်းချမ်းရေးရအောင် ကြိုးစားပါတယ်။ ည ၇ နာရီထိုးလို့ အိမ်ပြန်ရောက်တဲ့ အချိန်မှာတော့ အိမ်ရှင်မနဲ့အတူ အပြင်ပြန်ထွက်ပြီး လေကောင်းလေသန့်ရှူကြဖို့ စိုင်းပြင်းရပါသတဲ့။


ဒုတိယလုပ်မိတာလေး....

နားပြီးရင်တော့ မလုပ်ချင်ဘဲ လုပ်နေရတဲ့ ထမင်းစားခြင်း အလုပ်ကို လုပ်ရပါလေရော။


ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား....

ကော်ဖီ…သားသားကြောက်ကြောက်…



ညအိပ်ယာထဲဝင်ဝင်ချင်းအချိန်မှာ ဘာအရင်ဆုံးလုပ်ပါသလဲ.....

မျက်စိမှိတ်လိုက်ပါရော။


အိပ်မပျော်တဲ့ညတွေမှာ  ဘာလုပ်သလဲ......

စာကြည့်မီးဖွင့်ပြီး အိပ်ရာဘေးမှာ ပုံနေတဲ့ စာအုပ်ပုံထဲက လက်သင့်တဲ့တစ်အုပ်ကို ဆွဲယူပြီးဖတ်ပါတယ်။ တစ်ခါတစ်ခါမှာ အဲဒီလိုဖတ်ရင်းနဲ့ပဲ မိုးလင်းသွားတတ်ပါသေးရဲ့။


တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး     စိတ်အားငယ်တဲ့အခါမျိုးတွေမှာ  ဘာလုပ်တတ်သလဲ.......

ဆေးကုတဲ့အချိန်တုန်းက လူ့အသက်တွေကို တာဝန်ယူခဲ့ရပြီး၊ စာသင်တဲ့အချိန်မှာ လူ့ဘ၀တွေကို တာဝန်ယူထားရတာမို့ နေ့စဉ်နဲ့အမျှ ဖိစီးမှုတွေ ခံစားရပါရဲ့။ ကြာလာတော့လည်း ထုလေမာလေ ငါးဖယ်တေ ဖြစ်ပြီး ဖိအားတွေအောက်မှာ နေသားကျသွားတာမို့ ဖိအားမရှိရင် ပေါ့ရွှတ်ရွှတ် ဟာတာတာနဲ့ နေလို့ထိုင်လို့ မကောင်းချင်ပါ။ စိတ်ဓာတ်ဘုန်းဘုန်းကျတာမျိုး ဖြစ်ခဲပေမယ့် အထိုက်အလျှောက် စိတ်ဓာတ်ကျတဲ့ အခါမျိုးမှာတော့ ဟာသစာအုပ်တွေဖတ်၊ ဟာသကားတွေကြည့်ပြီး အာရုံပြောင်းပါတယ်။ စနေ၊ တနင်္ဂနွေလို နေ့မျိုးမှာ စိတ်ဓာတ်ကျရင်တော့ ဘောလုံးပွဲရှေ့မှာထိုင်ပြီး တီဗီထဲကနေ ကိုယ့်ကိုဘာမှပြန်မလုပ်နိုင်တဲ့ ကမ္ဘာကျော်ဘောလုံးသမားတွေကို ကြိမ်းလိုက်မောင်းလိုက် လုပ်ပါတယ်။


အပြင်သွားတဲ့အခါ  အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း........

မျက်မှန်။
လှချင်လို့ တပ်တာတော့ မဟုတ်ရပါ။ ပူလွန်းလောင်လွန်းတဲ့ နေရောင်ခြည်ကြောင့် မျက်လုံးထိခိုက်မှာစိုးတာကြောင့် ဒါလေးနဲ့လုပ်စားရမယ့် အဖိုးတန်ဘတ်သီးလေးနှစ်လုံးကို ကောင်းကောင်းမွန်မွန် ကာဗာပေးရခြင်း ဖြစ်ပါသတဲ့။


မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသူ......

ဦးဟန်ကြည်တို့ မိသားစုမှာ ပြေးကြည့်မှ လင်ကိုယ်မယား နှစ်ယောက်တည်း ရှိတာရယ်။ သူ့မှမချစ်ရင် ဘယ်သူ့သွားချစ်လို့ ရပါလိမ့်တုန်းဗျာ။


သူစိမ်းတွေအထဲမှာ   မိမိအယုံကြည်ရဆုံးသူ......

ကိုယ်ကကြူး၊ ကိုယ့်ဒူးတောင်မယုံရတဲ့ ဟောဒီဒွန္တယာကြီးမှာ သူများကို အကြွင်းမဲ့ ယုံဖို့ဆိုတာတော့ မိုက်မဲလွန်းတယ်လို့ ယူဆပါရဲ့။


အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ.......

ခင်ရုံတင်ဘယ်ကမလဲ၊ ချစ်ရပေသပေါ့။ တစ်ယောက်တောင်မကဘူး၊ တစ်ပုံကြီးရှိပါရဲ့။ အနှီကျောင်းသားတွေကို ချစ်လွန်းလို့ အနှီအလုပ်ကြီးကို ဦးဟန်ကြည် အနှီလောက်တောင် ခင်တွယ်နေတာရယ်။  


ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု....

တော်လှန်ရေးကာလ၊ ဘ၀အစတုန်းက ၀ယ်ထားတဲ့ စက်ဘီးအိုကလေးတစ်စီးပါ။ အဲဒီစက်ဘီးကလေးကို အိပ်ရာဘေးမှာ ထောင်ထားပြီး ဘ၀င်မြင့်၊ ဘ၀မေ့မယ်ကြံတိုင်း၊ စိတ်ကြီးဝင်မယ်ကြံတိုင်းမှာ စက်ဘီးကလေးကို ကိုင်ကြည့်ပြီး ကိုယ့်ကိုယ်ကို ပြန်ပြန်ဆုံးမဖြစ်ပါတယ်။


လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု.....

ကော်တရာ ကပ်စေးနှဲ ၊ အင်မတန်မှ လက်ပေါက်ကပ်လွန်းတဲ့ အဘိုးဖြစ်သူ ပေးခဲ့တဲ့ ဖလံထည် flannel အနွေးအင်္ကျံကလေးပါ။ ဦးဟန်ကြည် ဆယ်တန်းကျောင်းသားဘ၀က ပေးခဲ့တာမို့ အခုဆိုရင် နှစ်ပေါင်းများစွာ ကြာနေပါပြီ။ အဘိုးရဲ့ဘ၀သက်တန်းတစ်လျှောက်လုံးမှာ သားဖြစ်တဲ့ ဦးဟန်ကြည်ရဲ့ဖေဖေကို ဘာတစ်ခုမှ ၀ယ်မပေးခဲ့ဖူးတဲ့အကြောင်း သိကြရင် အနှီဈေးပေါပေါ၊ ခပ်ချာချာ အနွေးထည်ကလေးကို ဦးဟန်ကြည်တစ်ယောက် ဘာကြောင့်များ အင်မတန်တန်ဖိုးထားရတယ်ဆိုတာ သိနိုင်ကောင်းပါရဲ့။


ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို   နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ......

ဦးဟန်ကြည်ရဲ့ မေမေနဲ့ ဖေဖေပါ။ ဦးဟန်ကြည်အပေါ်မှာ ယုံကြည်စိတ်ချမှုလည်း အပြည့်ရှိသူတွေ ဖြစ်ပါရဲ့။


အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ......

အခုလေးတင်ပဲ ခရီးထွက်သွားတဲ့ အိမ်ရှင်မ လမ်းခရီးမှာ အစစအရာရာ အဆင်ပြေချောမွေ့စေချင်တာပါပဲ။
ဒါတင်မကသေးဘဲ လွန်ခဲ့တဲ့ ၃ ရက်နေ့က စာတိုက်ကနေ ပို့ထားတဲ့ မိဘတွေအတွက် ကန်တော့ပစ္စည်း၊ လက်ဆောင်ပစ္စည်းတွေကိုလည်း မိဘတွေလက်ထဲကို ဘေးမသီရန်မခ ရောက်စေချင်ပါသေးရဲ့။


မြ၀တီရုပ်သံမှာ တစ်ပတ်တစ်ခါ ပြနေတဲ့ အနုပညာရှင်၏ တစ်နေ့တာကို အားကျတာကြောင့် ဒီတဂ်ပို့စ်ကို “ အကြမ်းပညာရှင်ရဲ့ တစ်နေ့တာ ” လို့ ခေါင်းစဉ်ပေးလိုက်ပါတယ်။ မနက်မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်ကတည်းက ကျောင်းသားတွေနဲ့ နပမ်းလုံးနေရတာမို့ ချော့လိုက်၊ ခြောက်လိုက်၊ ငေါက်လိုက်၊ ငမ်းလိုက်၊ ဆူလိုက်၊ ရိုက်လိုက် လုပ်နေရပါတဲ့ ကိုယ့်ကိုယ်ကို အကြမ်းပညာရှင်လို့ ဦးဟန်ကြည်က ယူဆထားပါသတတ်။ အနှီတော့လည်း ဦးဟန်ကြည်ရဲ့ တစ်နေ့တာဟာ အကြမ်းပညာရှင်ရဲ့ တစ်နေ့တာ ဖြစ်ခြင်းမလှ ဖြစ်ပါလေရော စာချစ်သူ။     ။

Wednesday, 4 January 2012

အိုဘယ့်ဘယ် . . . အိုဘယ့် ဆက်စာကြေး . . .

ဦးဟန်ကြည်တို့ ရွှေပြည်ကြီး 
အင်မတိ အင်မတန်မှ တိုးတက်နေလိုက်တာ အံ့ချီးပင့်သက်ရှိုက်လောက်ပါရဲ့။
 ဒီမိုကရေစီစံနစ်ကို ထူထောင်ပဟေ့ဆိုကတည်းက ဗြုန်းခနဲ ဒိုင်းခနဲနေအောင် ပက်ပက်စက်စက်နဲ့ ၀က်ဝက်ကွဲအောင် တိုးတက်သွားလိုက်တာ ပြောမကုန် ကြုံဖူးမှ သိကြပါလိမ့်မယ်။ သတင်းစာတွေ၊ ဂျာနယ်တွေထဲမှာ ဖတ်ရတဲ့ တိုးတက်မှုတွေကလည်း ဟောတစ်မျိုး၊ ဟောတစ်မျိုးနဲ့ မရိုးနိုင်အောင် ဖြစ်ရပါတယ်။

ပထမဦးဆုံး သတိထားမိတာကတော့ ရန်ကုန်က မြို့ပတ်ရထားရဲ့ တိုးတက်မှုပါ။ ရန်ကုန်သားမဟုတ်တဲ့ ဦးဟန်ကြည်က မြို့ပတ်ရထား မစီးဖူးပေမယ့် အရင့်အရင် ခေတ်တွေတုန်းက ရထားစီးခက ကျပ်ငွေဆယ်ဂဏန်းဝန်းကျင်ပဲ ရှိမှန်းတော့ ကြားဖူးနားဝရှိပါတယ်။ လွှတ်ဟေ့ဆိုကတည်းက ၀ှီးခနဲမြည်အောင် ထိုးတက်သွားတဲ့ ရထားခက အခုဆိုရင် ကျပ်ငွေ၂၀၀ ကျော်သွားပါရောလား။ ဒါပေမယ့် “ မမ ” လို့ အတိုကောက်ခေါ်ကြတဲ့ မြန်မာ့မီးရထားက တာဝန်ရှိဆရာသမားများက ရှင်းပြတော့လည်း ယုတ္တိယုတ္တာရှိတာမို့ ဦးဟန်ကြည်တစ်ယောက် သဘောတွေ့ မနောခွေ့နေမိပါသေးတယ်။ သူ့အပြောက အရင်ခေတ်တွေတုန်းက အစိုးရက အရှုံးခံပြီး ရထားဆွဲပေးနေရပါသတဲ့။ ဒါကြောင့်လည်း ရထားတွေကို ဘာမှတိုးတက်အောင် လုပ်မပေးနိုင်ခဲ့တာမို့ ပြင်၊ထိန်း စရိတ်တွေရလာအောင် အခုလိုမျိုး လက်မှတ်ခ ဈေးတင်လိုက်ပါသတဲ့။ ဒါလည်း မှန်ပေသကိုး။ ဒီလောက်နှစ်ပေါင်းများစွာကြာအောင် အရှုံးခံပြီး လုပ်ကိုင်ပေးနေခဲ့မင့်ဟာ ကျေနပ်သင့်ပြီပေါ့။ သူရို့ပြောသလို ကောင်းကောင်းတောင်းပြီး ကောင်းကောင်းဝန်ဆောင်မှုပေးမယ်ဆိုရင်တော့လည်း မဆိုးပါဘူးလို့ တွေးမိပါရဲ့။ ကောင်းကောင်းတောင်းတာကတော့ သတင်းတွေထဲမှာ အကျယ်တ၀င့်ပါပြီး ကောင်းကောင်းလုပ်ပေးမပေးကတော့ ဦးဟန်ကြည်မစုံစမ်းဖြစ်သေးပါ။

လွန်ခဲ့တဲ့ လပိုင်းကပဲ တက္ကသိုလ်ကျောင်းသားတွေရဲ့ ကျောင်းလခတွေ ဈေးတက်သွားပြီဆိုတဲ့သတင်း ကြားရပြန်ပါရော။ ဒါပေမယ့်လည်း ကောင်းကောင်းလုပ်ပေးဖို့ ကောင်းကောင်းတောင်းထာပဲဆိုတဲ့ အတွေးနဲ့ ကျေနပ်နေသေးတာပါပဲ။ ဟုတ်ပါရဲ့။ ဦးဟန်ကြည်တို့ ကျောင်းသားဘ၀တစ်လျှောက်လုံးမှာ တစ်လကိုမှ ကျောင်းလခ ၈၀၀ ကျပ်ပဲသွင်းရတာကြောင့် ပညာရေးဌာနခမျာ ၀င်ငွေနည်းရှာလွန်းလို့ အဲဒီခေတ်က မြန်မာတစ်ပြည်လုံး Top 10 ၀င်တဲ့ ဆေးကျောင်းသားတွေကို တစ်လတစ်လမှာမှ ထောက်ပံ့ကြေး မြန်မာကျပ်ငွေ ၃၀၀ ကျပ်တိတိပဲ ချီးမြှင့်ပေးနိုင်တာကလား။ ခမျာများမှာ အဲဒီလောက်ပမာဏကိုတောင် မချိမဆံ့ မနိုင်ရင်ကာ ထောက်ပံ့ကြရှာတာထင်ရဲ့။ ဒါကြောင့်လည်း ဦးဟန်ကြည်တို့ခမျာ နေရေးထိုင်ရေးကအစ၊ စာအုပ်စာတမ်းအလယ်၊ ဆေးပစ္စည်းအသုံးအဆောင်အဆုံး အစစအရာရာ ကိုယ်ထူကိုယ်ထ စနစ်နဲ့ ချီတက်ခဲ့ရပါရဲ့။ အခုလို ၀င်ငွေပိုလာတော့လည်း ဒီဘက်ခေတ်ကလေးတွေ အဆင့်မီမီ ပညာသင်ကြရမှာပေါ့လို့ တွေးမိပါရဲ့။

http://photo-dictionary.com/photofiles/list/436/808envelope.jpg

သတင်းတွေ တောင်ရောက်မြောက်ရောက်ဖတ်ရင်း ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်နေမိတဲ့ ဦးဟန်ကြည်တစ်ယောက် မနေ့ကမှပဲ နောက်ထပ်တိုးတက်မှုတစ်ခုကို နဖူးတွေ့ဒူးတွေ့တင်မကဘဲ ပိုက်ဆံအိတ်တွေ့ပါ ကြုံရပါတော့တယ်။

ဖြစ်ကြောင်းကို နတ်သံနှောရရင်ဖြင့် လွန်ခဲ့တဲ့ နှစ်ကူးအချိန်က မဲ့ဆောက်က “ ပီမိုင် ” လို့ခေါ်တဲ့ ဈေးပွဲတော်ကို ဦးဟန်ကြည်တို့ ဇနီးမောင်နှံ အ၀ယ်တော်ထွက်ဖြစ်ကြပါသတဲ့။ မွေးကတည်းက ဒီအရွယ်အထိ ကျေးဇူးပြန်မပြုရသေးတဲ့ မိဘတွေကို နှစ်ကူးလက်ဆောင် ပေးချင်ဇောနဲ့ အထူးလျှော့ဈေးရော၊ အထူးရိုက်ဈေးပါမကျန် မည်းမည်းမြင်ရာ စွတ်ရွတ်ပြီး အသုံးလိုတာရော၊ မလိုတာပါ နွားငတ်ရေကျ ၀ယ်ဖြစ်ခဲ့ပါတယ်။ ဦးဟန်ကြည်အတွက် သိုးမွေး waist coat ကလေးတစ်ထည်နဲ့ အိမ်ရှင်မအတွက် အင်္ကျံကလေးတစ်ထည်ပဲ ၀ယ်ဖြစ်ပြီး မိဘနှစ်ပါးနဲ့ ချစ်စွာသော ညီမအတွက်ပဲ ရည်စူးပြီးဝယ်တာတောင်မှ ဘတ် ၁၀၀၀၀ ကို တော်တော်ကျော်အောင် ချောပါတော့တယ်။ ဒါပေမယ့် မိဘတွေနဲ့ လိုက်ဖက်မယ်ထင်ရတာတွေ ရွေးရင်းချယ်ရင်းနဲ့ ၀မ်းမြောက်ဝမ်းသာဖြစ်ရှာမယ့် မိဘတွေမျက်နှာကို တွေးမိနေပြီး အလိုလိုပီတိဖြစ်နေမိတာကြောင့်လည်း ကုန်သလောက် ကြည်နူးမိပါရဲ့။ အထုပ်အပိုးတွေ တပွေ့တပိုက်နဲ့ အိမ်ပြန်ရောက်၊ ဖွင့်ဖောက်ကြည့်ပြီး ဇနီးမောင်နှံနှစ်ယောက် နှစ်ထပ်ကွမ်းပီတိ ဖြစ်နေမိပါသေးတယ်။

ဒါပေမယ့် ဦးဟန်ကြည်တို့ရဲ့ ပီတိကလေးတွေခမျာ နောက်တစ်ရက် မိုးလင်းတာနဲ့ အ၀ီစိရောက်သွားရှာပါတော့တယ်။ မရောက်ဘဲ နေပါရိုးလား။ ဒီပစ္စည်းတွေကို မိဘတွေလက်ထဲထည့်ဖို့ ဘယ်လိုလမ်းကြောင်းကနေ ပို့ရမလဲဆိုတဲ့ ပြဿနာကြီးက ခေါင်းထဲကို အတုံးလိုက် အတစ်လိုက် ၀င်လာပေသကိုး။ သူများတိုင်းပြည်မှာကတော့ လမ်းပမ်းဆက်သွယ်ရေး၊ ပို့ဆောင်ရေးက အင်မတန်မှ ကောင်းလွန်း၊ အဆင်ပြေလွန်းပေမယ့် ဦးဟန်ကြည်တို့ရဲ့ တိုင်းငယ်ပြည်ငယ်ကလေးမှာတော့ အခြေအနေအရပ်ရပ်ကြောင့် ပို့ဆောင်ဆက်သွယ်ရေးက အခုအချိန်အထိ ကျောက်ခေတ်နှောင်းလောက်ကနေ မတက်သေးပဲကိုး။ သူများတွေကတော့ ကားကြုံ၊ လူကြုံတွေနဲ့ ပစ္စည်းပို့ရိုးထုံးစံရှိပေမယ့် အစိုးရ၀န်ထမ်းမိဘကမွေးပြီး ၀န်ထမ်းတောထဲမှာ လူလားမြောက်ခဲ့တဲ့ ဦးဟန်ကြည်ကတော့ “ ဆက်၊ စာ၊ ကြေး ” လို့ အတိုကောက်ခေါ်တဲ့ စာတိုက်ရုံးကနေ ပါဆယ်ထုပ်ပြီးပို့ဖို့ ရှေးရိုးနည်းအတိုင်း ဆုံးဖြတ်ချက် ချလိုက်မိပါတယ်။ ဦးဟန်ကြည်တို့ဒေသကနေ မိဘတွေဆီအရောက် တိုက်ရိုက်ကားက မရှိသလို၊ အစိုးရဌာနဆိုတာ အပြင်လူတွေထက်တော့ စိတ်ချရတယ်ဆိုတဲ့ မွေးရာပါ အသိစိတ်ကလည်း အနှီလိုလုပ်ဖို့ တိုက်တွန်းပေသကိုး။

ဒါပေမယ့် စာတိုက်ရုံးက ချောထုပ်ဌာနကို ၀င်ပြီးစုံစမ်းမိတဲ့အခါမှာတော့ အနှီ မွေးရာပါအသိစိတ်ကလေးခမျာ မျက်နှာငယ်ရပါတော့တယ်။ ဟုတ်ကဲ့။ အ၀တ်အစားနဲ့ အစားအစာတွေကိုပဲ ပါဆယ်နဲ့ ပို့လို့ရပါသတဲ့။ ကျန်ပစ္စည်းတွေကိုတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ပို့ရပါမတဲ့။ အဲဒီမှာတင် အထူးလျှော့ဈေးနဲ့ ရောင်းနေတဲ့ စတီးပစ္စည်းစက်ရုံကနေ ပီမိုင်မတိုင်ခင်တကည်းက ၀မ်းသာအားရ ၀ယ်ထားခဲ့မိတဲ့ စတီးမီးဖိုဆောင်သုံးပစ္စည်းတွေအတွက်ရော သုံးသိန်းတန် GSM ဖုန်းနဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ဖုန်းဆက်ခကို မြည်းစမ်းကြည့်ဖို့ ကြံစည်နေတဲ့ ညီမအတွက်ဝယ်ထားတဲ့ ဖုန်း handset တွေအတွက်ပါ ခေါင်းခဲရပါတော့တယ်။ ဒါပေမယ့် ဦးဟန်ကြည်မိဘတွေက ၀န်ထမ်းတွေမဟုတ်ပါလား။ သူများနိုင်ငံတွေမှာ အိမ်သုံးပစ္စည်းအသာထား၊ Amazon ကနေ လေလံဆွဲထားတဲ့ မော်တော်ကား၊ သင်္ဘောပါမကျန် တိုင်းခြားပြည်ခြားက အိမ်အရောက်ပို့နေပေမယ့် ကိုယ့်တိုင်းပြည်မှာတော့ အိုး၊ ခွက်၊ ပန်းကန်တောင် တစ်မြို့ကနေ တစ်မြို့ပို့ဖို့ မလွယ်ပါလားဆိုတဲ့ အတွေးကြီးတွေးပြီး ကိုယ့်တိုင်းပြည်ရဲ့ မိဘတွေနဲ့ ဂိုဏ်းတူဆွေရင်းတွေဖြစ်တဲ့ ဆက်၊ စာ၊ ကြေး ကို စိတ်ကုန်နိုင်ပါရိုးလား။ အ၀တ်အစားနဲ့ အလှကုန်တွေကို ချောထုပ်နဲ့ပို့ပြီး ကျန်တဲ့မီဖိုဆောင်သုံးပစ္စည်းတွေကို နောက်ထပ်လမ်းကြောင်းတစ်ကြောင်းရှာပြီးပို့ဖို့ ပြီးလွယ်စီးလွယ် ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

အဲဒီလိုနဲ့ နောက်တစ်ရက်မှာပဲ အ၀တ်အစားတွေ တစ်ထုပ်တစ်ပိုးကြီးနဲ့ စာတိုက်ရုံးထဲဝင်သွားပြီး ဆက်၊ စာ၊ ကြေး ကို ဘယ်လောက်အားကိုးကြောင်း ရဲရဲကြီး သက်သေပြဖြစ်ကြပါတယ်။ ချောစာဌာနက မမများကလည်း ဦးဟန်ကြည်ရဲ့ အ၀တ်၊အထည်တွေကို တစ်ထည်မကျန် ဖောက်ဖွင့်၊ ဖြန့်ပြီး သွားရည်တမြားမြား ကျကုန်ပါရောလား။ ဒါပေမယ့် အဲဒီလောက်က ဦးဟန်ကြည်အတွက် ပြဿနာ မရှိလှပါ။ အ၀တ်အထည်ကောင်းကောင်း၊ အလှကုန်ပစ္စည်းကောင်းကောင်းကို သွားရည်မကျတဲ့ မိန်းကလေး ဘယ်မှာရှိပါလိမ့်မလဲ။ အနှီလို ဖွင့်ဖောက်ပြီး သွားရည်ကျတာကိုလည်း ဦးဟန်ကြည် စိတ်မကွက်တတ်ပါ။ လုံခြုံရေးက အရေးကြီးတဲ့တိုင်းပြည်ဖြစ်တာကြောင့် စေ့စပ်ရှာကြတယ်လို့ ဖြေတွေးလေးတွေးပြီး ကျေနပ်နေတာပါပဲ။ Privacy မလိုဘဲ အရှိကို အရှိအတိုင်း ရိုးသားချက်၊ ပွင့်လင်းချက် ကမ်းကုန်မှ အဆင်ပြေတဲ့ ဦးဟန်ကြည်တို့ဌာနတွေရဲ့ မူဝါဒအတိုင်း ကိုယ်ပို့သမျှပစ္စည်းကို တစ်ရုံးလုံး ငမ်းကြောထပြီးမှ ပါဆယ်ထုပ်ဖို့ ကီလိုချိန်ပါတော့တယ်။ ပစ္စည်းတွေကို အထုပ်လေးထုပ်ခွဲပြီး ချိန်လိုက်တဲ့အခါမှာတော့ တစ်ထုပ်စီရဲ့အလေးချိန်က ၃ ကီလိုစီရှိနေပါသတဲ့။ အဲဒီမှာတင် ဆက်၊ စာ၊ ကြေး ရဲ့ အံ့ခြင်းကြီး တစ်ပါးကို တွေ့ရပြန်ပါတော့တယ်။ အမျိုးအစားမတူတဲ့ ပစ္စည်းထုပ်တွေက အလေးချိန်တူတယ်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်တတ်ပါတယ်လို့ တွေးရင်း ကိုယ်မမြင်ရတဲ့နေရာမှာ ထိုင်ပြီးချိန်နေတာမို့ မဖြစ်နိုင်ဘူးလို့ ယောင်လို့တောင် မတွေးပါ။

ဟုတ်ကဲ့။ အနှီလို ချိန်တွယ်အပြီးမှာတော့ ကျသင့်ငွေကို တွက်ပါတော့တယ်။ ၃ ကီလိုစာ ၄ ထုပ်အတွက် ၆၄၀၀ ကျပါတယ်။ ပါဆယ်ထုပ်ခက ၃၃၀၀ ကျပ်တိတိ ကျသင့်ပြန်တာကြောင့် စုစုပေါင်း ၉၇၀၀ ကျပ်တိတိ ကျသင့်တာကို လျှော့လျှော့ပေါ့ပေါ့နဲ့ ၁၀၀၀၀ သတ်မှတ်ပေးလိုက်တာကိုလည်း ဦးဟန်ကြည် ကျေနပ်နေတုန်းပါ။ လစာနည်းနည်းနဲ့ ရပ်တည်နေကြရှာတဲ့ ကလေးမလေးတွေကို မုန့်ဖိုးပဲဖိုးပေးတယ်လို့ယူဆပြီး မုဒိတာပွားမြဲပွားလျှက်ပဲ ရှိပါရဲ့။

ဒါပေမယ့် ကျသင့်ငွေကို ထုတ်ပေးပြီး ဘောက်ချာရေးတာကို ရပ်စောင့်နေချိန်မှာတော့ စာတိုက်မှူးလားဘာလားမသိတဲ့ မိန်းမရဲ့ ကောက်ချက်စကားကြောင့် ဦးဟန်ကြည်တစ်ယောက် ရင်ဝမှာ အလုံးကြီးလာဆို့ပါတော့တယ်။ တန်ဖိုးကြီး ပစ္စည်းတွေကို ဆက်၊ စာ၊ ကြေး က လက်မခံပါဘူးတဲ့။ လက်ဆောင်ပေးဖို့ ပစ္စည်းကောင်းကောင်းလေးတွေ ရွေးဝယ်မိတဲ့ ဦးဟန်ကြည်ခမျာမှာ သူ့အတတ်နဲ့သူ စူးရှာပါတော့တယ်။ ဘာကြောင့်လက်မခံပါလိမ့်ဆိုတော့ လမ်းမှာတင်ပျောက်တတ်လို့ပါတဲ့။ ဟုတ်ကဲ့။ ဆက်၊ စာ၊ ကြေး အပေါ်မှာ အားကိုးချင်လွန်းတဲ့ ဦးဟန်ကြည်တစ်ယောက် ရင်ဝကို ဖနောင့်နဲ့ ဒိုင်းခနဲနေအောင် အပေါက်ခံလိုက်ရသလို မချိမဆန့်ခံရပါတော့တယ်။ စာပို့စာရေးမကလေးတစ်ယောက်က ဖြစ်တောင့်ဖြစ်ခဲပါဆရာရယ် တစ်ထောင်မှာ တစ်ယောက်လောက်ပဲ ပျောက်တတ်တာပါလို့ ရွှေပြည်အေးတရားဟောပေမယ့် တစ်ထောင်မြောက်လူဟာ ကိုယ်ဖြစ်နေခဲ့ရင်ဆိုတဲ့အတွေးကြီးနဲ့ ဇောချွေးပြန်ပါရောလား။ ဒီကြားထဲမှာ ကိုယ့်ပစ္စည်းကို ပို့ပေးဖို့အရေး ပစ္စည်းတွေက သိပ်ဈေးမကြီးပါဘူးလေလို့လည်း လေပြေကလေးနဲ့ အလိုက်သင့်ပြောပြီး သူရို့ပို့ပေးချင်အောင် အောက်ကြို့ရပြန်ပါရဲ့။ စိတ်ထဲမှာတော့ ဒေါသယမ်းအိုးက တ၀ုန်းဝုန်းတဒိုင်းဒိုင်းနဲ့ ပေါက်ကွဲနေပါပြီ။

နိုင်ငံတော်ပိုင် ပို့ဆောင်ဆက်သွယ်ရေးဌာနကြီးရဲ့ မှတ်ချက်စကားကို ပရိသတ်ကြီးပဲ စဉ်းစားကြည့်ပေရော့။ သက်တန်းရင့် ပို့ဆောင်ဆက်သွယ်ရေးဌာနကြီးကိုမှ ဦးဟန်ကြည်တို့ မယုံရရင် ဘယ်ဒင်းကို ယုံရပါလိမ့်မလဲ။ တရားဝင်အခွန်အခ ( ကားကြုံနဲ့တင်ပေးရင်တောင် အဲဒီလောက် ကရိကထမများသလို ပိုက်ဆံလည်း အဲဒီလောက် မကုန်ပါ ) တနင့်တပိုးပေးချေပြီး လက်ထဲကို အပ်လိုက်ကာမှပဲ ထွက်လာတဲ့ လေသံက သင်းချက်ကမ်းကုန်တော်မူရှာပါရောလား။ အနှီချောစာထုပ်တွေကို ဘယ်သကောင့်သားကများ အားအားယားယား ဖောက်ပြီး ခိုးတော်မူကြပါလိမ့်။ ဟုတ်ကဲ့။ စာအိတ်မှာကပ်ထားတဲ့ တံဆိပ်ခေါင်းမှာ နေ့စွဲတံဆိပ်ရိုက်မထားရင်တောင် ခွာယူပြီး ခိုးပါသတဲ့။ အနှီတံဆိပ်ခေါင်းကို ဘယ်သူက ခိုးပြီး ပြန်ရောင်းမယ်ဆိုတာ စဉ်းစားကြည့်တော်မူပါကုန်။ အရင်ခေတ်က စာပို့ခ တစ်စောင် ၇ ကျပ်၊ ဒီဘက်ခေတ်မှာ တစ်စောင် ၂၀၀ ကျပ်။ အမြန်ချောပို့ခ တစ်စောင်ကို ၅၀၀ ကျပ်။ ကုန်ကျစရိတ် တိုးတက်ချက်က အံ့မခမ်းရှိလှပါရဲ့။ ဒါပေမယ့် ငွေကုန်သလောက် စိတ်မချရမှဖြင့် ဦးဟန်ကြည်တစ်ယောက် သူ့ရဲ့ ဆက်၊ စာ၊ ကြေး ကို သံယောဇဉ် ပြတ်ရှာပါပြီ။ အတန်းပညာရယ်လို့ ဖြစ်မြောက်အောင် မတတ်ရှာဘဲ အသက်မွေးဝမ်းကြောင်းနေကြရတဲ့ ကားဒရိုင်ဘာ၊ စပယ်ယာတွေလောက်တောင်မှ စိတ်မချရတဲ့ ပညာတတ်ဘွဲ့ရတွေ စုစည်းထားတဲ့ ဆက်စာကြေးကို အတော်လေး ရေစက်ကုန်သွားပါပြီ။ ဒါပေမယ့် ထွက်ပြီးတဲ့ဆင်စွယ်သာ ပြန်ဝင်ရိုးထုံးစံရှိကောင်းရှိနိုင်ပေမယ့် သူများလက်ထဲရောက်သွားပြီးတဲ့ ပိုက်ဆံကို ကိုယ်ပြန်ရဖို့ဆိုတာ မဖြစ်နိုင်လွန်းတဲ့ ရွှေပြည်ကြီးမှာ ကုန်သွားတဲ့ အသပြာ ကျပ်တစ်သောင်းကို နှမြောတာကြောင့် ပို့မယ့်ပစ္စည်းလေးတွေ ဘေးမသီရန်မခစေကြောင်း သံဗုဒ္ဓေအုပ်စုံရွတ်လို့ ဒေ၀တာအပေါင်းတို့ ကူညီကာဝိုင်းလို့ မှိုင်းမစေကြောင်း ဆုအလီလီတောင်းရင်း ဆက်စာကြေးလက်ထဲမှာ ပစ္စည်းလေးတွေကို နောက်ဆံတငင်ငင်နဲ့ ၀ကွက်ပြီး အပ်ထားခဲ့ရပါသတဲ့ ပရိသတ်အပေါင်း ဘလော့မိတ်ဆွေ သူတော်ကောင်းတို့ရေ။                   ။


နောက်ဆက်တွဲ . . .
၃ ရက်နေ့က ဆက်စာကြေးမှာ ပစ္စည်းတွေအပ်ထားခဲ့တဲ့အချိန်ကစလို့ ဒီနေ့၎ရက်နေ့ ( လွတ်လပ်ရေးနေ့ ) ညပိုင်းရောက်တဲ့အထိ ကိုယ့်ပစ္စည်းတွေပျောက်မယ့်အရေးကို တွေးမိတိုင်း ဦးဟန်ကြည်ခမျာမှာ စိတ်အဆင်းရဲကြီး ဆင်းရဲမိပါသတဲ့။ ဒါကြောင့် လွတ်လပ်ရေးနေ့တစ်ရက်ခံနေတာကြောင့် ချောစာထုပ်မထွက်နိုင်သေးတာကို အခွင့်အရေးယူလို့ မနက်ဖြန်မနက် ရုံးဖွင့်ဖွင့်ချင်း ကိုယ့်ချောထုပ်ကို ကိုယ်ပြန်ထုတ်ယူပြီး ( ပိုက်ဆံဆုံးချင်လည်း ဆုံးပါစေတော့ ) အိမ်ရှင်မကိုယ်တိုင် ရန်ကုန်အထိဆင်းပြီး ရန်ကုန်ကနေတစ်ဆင့် ဦးဟန်ကြည်ရဲ့မိဘတွေအိမ်အရောက် ကားကြုံနဲ့ပို့ပေးဖို့ စိတ်တုံးတုံးချပြီး ဆုံးဖြတ်လိုက်ပါတော့တယ်။ ဟုတ်ကဲ့ … အခိုးခံရလို့ ပျောက်ခြင်းမလှပျောက်ရင်လည်း ခေတ်ပညာတတ် နိုင်ငံ့ဝန်ထမ်းတွေလက်ချက်နဲ့ မဟုတ်တာကိုပဲ ဂုဏ်ယူလိုက်ဖို့ပါ။

နိုင်ငံတစ်ခု တိုးတက်လာစေဖို့ နိုင်ငံ့ဝန်ထမ်းကောင်းတွေ အမြောက်အများလိုပါတယ်။ ဦးဟန်ကြည်တို့ ချစ်တဲ့၊ မြတ်နိုးတွယ်တာရတဲ့ ရွှေပြည်ကြီး အရှိန်အဟုန်ပြင်းပြင်းနဲ့ တိုးတက်စည်ပင်လာစေဖို့အတွက် တာဝန်ကျေပွန်ပြီး ကတိသစ္စာတည်ကြည်ခိုင်မြဲကြတဲ့ နိုင်ငံဝန်ထမ်းကောင်းတွေ အမြောက်အများပေါ်ထွက်ပါစေကြောင်း ဒီပို့စ်နဲ့အတူ ဆုမွန်ကောင်းများ တောင်းလိုက်မိပါတော့တယ်။  ။

ကြိုက်ရင်ပေါ့လေ . . .