Wednesday, 23 May 2012

ဒုံရင်း အစ်စ် ဒုံရင်း . . .

ပို့စ်မတင်ဖြစ်တာ တစ်လနီးပါးတောင် ရှိသွားပါပေါ့လား။

 ပို့စ်မတင်ဖြစ်ဆို လွန်ခဲ့တဲ့လတုန်းက စိတ်ကူးချိုချိုက စာအုပ်ဈေးပွဲတော်ဆိုပြီး စာအုပ်လာရောင်းတာနဲ့ ကြုံတာကြောင့် စာအုပ်တွေ နွားငတ်ရေကျ ၀ယ်ထားဖြစ်လိုက်သကိုး။ ပင်ရင်းစာအုပ်တိုက်ကတော့ အနှီလို နယ်လှည့်ရောင်းတဲ့လူတွေကို မူရင်းတန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းလျှော့ပေးပြီး တစ်ဆင့်ပြန်ရောင်းတဲ့အခါ ၅ ရာခိုင်နှုန်းကော်မရှင်ပြန်လျှော့ရောင်းဖို့ မူချထားလေရဲ့။ ဒါပေမယ့် လွန်ခဲ့တဲ့ လေးနှစ်ကျော်က ဖြိုးသာရလာရောင်းတဲ့ ပထမဆုံးအခေါက်ကပဲ ကော်မရှင်လျှော့ပေးတာကြုံဖူးသား။ နောက်တစ်ခါထပ်လာတော့ ဖြိုးသာရလည်း စာတတ်သွားတယ်ထင်ပါ့။ တိုက်ထုတ်ဈေးအတိုင်းပဲ ချပါလေရော။ နောင်နှစ်နောင်နှစ်တွေကျတော့လည်း ထိုနည်းလည်းကောင်းပဲ ကြိတ်တော့တာပါပဲ။ အံမယ် သူရို့ကြော်ငြာဆိုင်းဘုတ်က စိတ်ကူးချိုချိုစာအုပ်တိုက် စာအုပ်အထူးလျှော့ဈေးရောင်းပွဲတော်လို့ ရေးထားတာကို နယ်လှည့်အရောင်းသမား သကောင့်သားတွေက ဘယ်လိုလုပ်ကြတယ်မှတ်လဲ။ အထူးလျှော့ဈေးဆိုတဲ့ စာလုံးတွေကို တိပ်နဲ့ကပ်ပြီး ပိတ်ထားလိုက်သဗျား။ ဈေးကွက်နည်းဗျူဟာ ဘယ်လောက်မြင့်လိုက်သလဲ။ မကျေနပ်လည်း မ၀ယ်ရုံပ။ ဘာပဲဖြစ်ဖြစ် တိုက်ထုတ်မူရင်းဈေးအတိုင်း ၀ယ်ရတာကိုပဲ ဦးဟန်ကြည်တို့က ၀မ်းမြောက်ဝမ်းသာဖြစ်ပြီးသား။ အနှီလိုမှမဟုတ်ရင် တစ်ဆင့်ခံ၊ နှစ်ဆင့်ခံအရောင်းသမားတွေဆီမှာ မတန်တဆဈေးနဲ့ ၀ယ်နေရတာကိုး။

 စာအုပ်တွေ အငမ်းမရဖတ်နေရလို့ စာရေးကြဲတာလား ဆိုပြန်တော့လည်း အနှီတစ်ခုတင် မကပြန်ဘူး။ အစိုးရပညာရေးပြက္ခဒိန်အရဆိုရင် နောက်လာမယ့် ဇွန်လဆန်းမှ ပညာသင်နှစ်သစ်စပေမယ့် ဦးဟန်ကြည်တို့ အပြင်ကျောင်းတွေရဲ့ ပညာသင်နှစ်ကတော့ ဧပြီလကတည်းက စလေရဲ့။ အနှီတော့လည်း လာလတ္တံ့သော အနာဂတ်ရဲ့ခေါင်းဆောင်လောင်းလေးတွေနဲ့ ဦးဟန်ကြည်နဲ့ကတော့ တစ်နှစ်တာလုံး မပြတ်တမ်းထိတွေ့နေရရော ဆိုပါစို့။ သူရို့တွေ တစ်သက်လုံးက အရိုးစွဲလာတဲ့ Parrot learning နဲ့ Spoon feeding education ကြီးကို အမြစ်ကချွတ်ပြီး အရေခွံလဲပေးတဲ့အလုပ်ကို စာသင်နှစ်ရဲ့ ပထမလနဲ့ ဒုတိယလ နှစ်လလုံးလုံး အင်တိုက်အားတိုက် လုပ်နေရတာကလည်း စာရေးကြဲရခြင်းရဲ့ အကြောင်းပြချက်တစ်ခုပေါ့လေ။ အမှန်တော့ အကြောင်းပြဖို့လည်း သိပ်တော့ မလိုပေါင်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ဦးဟန်ကြည်ကိုယ်၌က မီဂါစတားဘလော့ဂါကြီးမှ မဟုတ်ပေပဲ။ သာမညောင်ည ဘလော့ဂါပေါက်စလေးမို့ ရေးချင်ရေး၊ မရေးချင်နေ ဘယ်သူမှ အာရုံမထားတာ သေချာပါ့။ သို့ပေတဲ့ အနှီလိုလေး ကြော်ငြာဝင်လိုက်တော့ အခုမှဘလော့လာလည်ဖူးတဲ့ မိတ်ဆွေများက ဟယ်…သည်တစ်ယောက်ကဖြင့် တကယ့်မဟာ့မဟာ ဂရိတ်စူပါ ဘလော့ဂါကြီးထင်ရဲ့လို့ ထင်တစ်လုံးရသွားရင်လည်း မနိပ်ပေဘူးလားဗျာ။

အထက်မှာပြောခဲ့တဲ့အတိုင်း စာသင်နှစ်တစ်ခု စပြီဆိုတာနဲ့ လက်ရွေးစင်ကျောင်းသား၊ ကျောင်းသူတွေ ဆားပုလင်းဦးဟန်ကြည်ဆီကို ရောက်လာကြပါလေရော။ ဆားပုလင်းဆိုတော့ အနှီဆရာအတော်ငန်မယ်ထင်ရဲ့လို့လည်း အတွေးမချော်လေနဲ့ဦး။ ဘိလပ်လို Surveillance ငါးပိလို ဆားပုလင်းဆိုတာက လူဆိုးထိန်းလို့ အနက်တွင်တာမို့ ဆားပုလင်းဦးဟန်ကြည်ဆိုတော့ လူဆိုးထိန်းဦးဟန်ကြည် မည်ပါသတဲ့။ ဆားပုလင်းဆိုတဲ့အတိုင်း ပညတ်သွားရာဓာတ်သက်ပါချက်ကတော့ လက်ရွေးစင်တပည့်တွေနဲ့ပဲ နပမ်းလုံးနေရတော့တာကိုး။
 အဘိဓာန်ထဲမှာ လက်ရွေးစင်ဆိုတာကို ဘယ်လိုအနက်ဖွင့်ထားတယ်တော့ မပြောတတ်ဘူး။ ဦးဟန်ကြည်ရဲ့ လက်ရွေးစင်ဆိုတာကတော့ သူများတကာတွေ စိတ်ကြိုက်ရွေးထုတ်ပြီးလို့ စင်ကျန်ခဲ့တဲ့ သကောင့်သားတွေကို ဆိုပါသတဲ့ဗျား။ အနှီတော့လည်း ပုဂ္ဂိုလ်ကျော်လေးတွေကို ကျောင်းစာတစ်ခုထဲတင်မကဘဲ စိတ်ဓာတ်၊ စည်းကမ်းအစ၊ဗဟုသုတကအလည်၊ ဘာသာရေး၊ နိုင်ငံရေးအထိ ဖြည့်ပေးနေရတော့ ဆရာရည်၊ ဆရာသွေးကတော့ ဘာတက်သလဲမမေးနဲ့။ ဖတ်သမျှစာကလည်း အနှီပုဂ္ဂိုလ်လေးတွေအတွက်၊ ရေးသမျှစာကလည်း အနှီပုဂ္ဂိုလ်လေးတွေအကြောင်းက မကင်းရုံတင်ဘယ်ကလိမ့်တုန်း မက်တဲ့အိပ်မက်ထဲမှာတောင် သကောင့်သားလေးတွေကိုချည်း စိတ်စွဲပြီး ဆုံးမသြ၀ါဒစကားခြွေနေရလွန်းနေလို့ အိမ်ရှင်မတောင် အိပ်မက်ထဲမှာတောင် နေရာမရရှာဘူးရယ်။

http://cwstatic.ringierchina.cn/files/images/2011/08/01/image-20110801-2mbjwtgupk8xzgk07bu9.jpeg
Punk ကေဟုခေါ်သတတ် . ..
 
တပည့်အများစုကလည်း ဆားပုလင်းဦးဟန်ကြည်ဆီမရောက်ခင်အချိန်အထိက ဒီဘက်ခေတ် ချာတိတ်တွေဒီဇိုင်းက အပြည့်ဗျား။ အနောက်တိုင်းမှာ Punk လို့ခေါ်တဲ့ အစုတ်ပလုတ်၊ အပေအတေ၊ ကလေကချေ၊ အုတ်ကြားမြက်ပေါက်၊ ခြုံကြားချေးယို၊ ဓာတ်တိုင်သေးပန်း၊ အလှူရှိမှထမင်းစား ( ဘာသာပြန်တာ နည်းများနည်းနေရော့သလားမသိ ) ဒီဇိုင်းတွေကိုမှ မက်မက်စက်စက် အားကျတဲ့ ကလေးတွေက ပါသေးသဗျား။ အမေရိကန်အကျဉ်းထောင်တွေမှာ ယောက်ျားချင်းလိင်တူဆက်ဆံဖို့ အဆင်သင့်ဖြစ်နေတယ်ဆိုတဲ့ သင်္ကေတအဖြစ်နဲ့ ဘောင်းဘီကိုတစ်ဝက်လျှောပြီး အတွင်းခံဘောင်းဘီ လက်တစ်ဝါးလောက် ပေါ်အောင်ဖော်ပြထားကြတာကို ဘုမသိ၊ ဘမသိနဲ့ ဇွတ်ရောအတင်းပါ အတုခိုးတဲ့ ငတိလေးတွေလည်း ပါလိုက်ချေသေး။ မှတ်မိသေးရဲ့။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က တပည့်တစ်ယောက်က ဦးဟန်ကြည်ကို ဆရာတဲ့ ဂျစ်ပဆီတွေ မိုက်တယ်နော်တဲ့ ကျွန်တော်သဘောကျတယ်လို့ အဆိုတင်သွင်းပါလေရော။ အကြောင်းအရာ တစ်ခုခုကို ဂဃနဏမသိဘဲ စွတ်ရွတ်ပြီး ထောက်ခံတဲ့ မ၊ဆ၊လ သောက်ကျင့်ကို အင်မတန်မှ မြင်ပြင်းကတ်တဲ့ ဦးဟန်ကြည်က ဟုတ်ပါပြီဗျာ…ခင်ဗျားသဘောကျချင်လည်းကျပါ…ဒါနဲ့နေပါဦး Gypsy ဆိုတာ ဘာလဲ သိရဲ့လားလို့ မေးလိုက်တော့ ကိုယ်တော်မြတ်က ဘယ်သိလိမ့်တုန်း။ အနှီတော့မှ ဦးဟန်ကြည်က စိတ်ပေါက်ပေါက်နဲ့ Gypsy ဆိုတာ အမေရိကန်မှာ နေစရာအိမ်ခြေယာခြေ မရှိလို့ လျှောက်သွားနေရတဲ့ လူမျိုးစုတွေဟေ့…မြန်မာပြည်မှာဆိုရင်တော့ သူတောင်းစားတွေလိုမျိုးပေါ့လို့ စိတ်ပေါက်ပေါက်နဲ့ ရှင်းပြလိုက်မှပဲ ကိုယ်တော်မြတ်ပါးစပ်က ဂျစ်ပဆီသံ ပျောက်ပါလေရော။ တတ်နိုင်ဘူး။ ဒီက ဆရာလုပ်သူကလည်း မပြောမှနေရော၊ ပြောလိုက်ရင် ပိဿာလေးနဲ့ နံဘေးကို အားရပါးရ ပစ်ထည့်လိုက်သလို ဆော်ရမှ ကျေနပ်တဲ့ လူမျိုးဖြစ်နေတာကိုး။

http://i126.photobucket.com/albums/p83/malanikai/Ghetto2.jpg
Ready ပဲတဲ့ ကိုယ့်ဆရာ . . .
 
အနှီသကောင့်သားလေးတွေကို သူရို့အားကျတဲ့ သတ္တ၀ါတွေဟာ ဘယ်လိုသတ္တ၀ါတွေဖြစ်တယ်ဆိုတာ သဘောပေါက်အောင် စကားလုံးပြင်းပြင်းနဲ့ နှစ်ခါလောက် ရှင်းပြလိုက်ရင်တော့ ကိုယ်တော်မြတ်များ အစွဲကျွတ်တာများပါရဲ့။ ကိုယ်တိုင်က အညာသားဖြစ်နေတာမို့ စကားပြောတဲ့အခါ နာမ၀ိသေသန၊ ကြိယာဝိသေသနတွေကို အားရှိအောင်ရွေးပြောတတ်တဲ့ ဗီဇရှိနေတော့ ခပ်ကောင်းကောင်း။ ကလေးတစ်ယောက် ဘောင်းဘီဖင်လျှောဝတ်လာရင် အထီးပဲဖြစ်ဖြစ်၊ အမပဲဖြစ်ဖြစ် “ ဟေ့ ဘောင်းဘီတင်ဝတ်စမ်း ဖင်ထဲကို ကြွက်ဝင်သွားမယ် ” လို့ အော်ရတာပ။ အနှီလိုမှ အော်လို့ သဘောမပေါက်ဘဲ အခွက်ပြောင်နေသေးရင် ဦးဟန်ကြည်က နောက်ဆုံးဆေးသုံးပြီး တပည့်တွေကို “ ဟေ့ မင်းတို့ စတိုးဆိုင်တွေ ရောက်ဖူးလားကွ ” လို့ မဆီမဆိုင်မေးရော။ ငတိလေးတွေလည်း မျက်စိကလည်ကလည်နဲ့ “ ရောက်ဖူးပါတယ်ဆရာ ” လုပ်ရတာပ။ ကလေးတွေဆီက အနှီလိုအဖြေရရင် “ စတိုးဆိုင်တွေမှာ ရောင်းချင်တဲ့ ပစ္စည်းကို လူမြင်အောင်ပြသလား၊ လူမမြင်အောင် ၀ှက်ထားသလား ” ဆက်လုပ်ပါလေရော။ တပည့်တွေကလည်း “ လူမြင်အောင် ပြရပါတယ်ဆရာ ” ပေါ့လေ။ အနှီတော့မှ “ သြော်…ဒါဆိုရင် မင်းတို့တွေ ဘောင်းဘီဖင်လျှော ၀တ်တာကလည်း စတိုးဆိုင်တွေမှာလုပ်သလို ရောင်းကုန်ကို လူမြင်အောင်ပြတာလား ” လို့ အပြီးသတ်အုပ်ထည့်လိုက်မှ လဒလေးတွေ အမြီးကုပ်ပြီး အကျင့်ပျောက်ကြပါလေရော။ ဟုတ်သလေ။ တကတည်း ဘောင်းဘီနောက်ပိုင်းကို တလျှောတည်းလျှောပြီး မမြင်မြင်အောင်ပြနေမှဖြင့် ရောင်းကုန်မို့ လူမြင်အောင်ပြတာပေါ့။ ဒီ့အပြင်ဘာရှိရဦးမလဲဗျာ။

ယောက်ျားဖြစ်ပြီး လက်သည်းအရှည်ထား၊ နားကပ်ဝတ်၊ လက်သည်းဆိုးပြီး ဦးဟန်ကြည်တို့ တစ်သက်နဲ့တစ်ကိုယ်မှာ မိန်းမစီးဖိနပ်လို့ သိထားတဲ့ “ ယင်းမာ ” ဖိနပ်ကိုစီးထားတဲ့ သကောင့်သားများကိုတွေ့ရင် ဦးဟန်ကြည်က “ ဟေ့ … ဘော်လီဝတ်ခဲ့လား ” လို့ မေးတာပဲ။ ဒါနဲ့တောင် မရသေးရင် “ ယောက်ျားဖြစ်ရင် ယောက်ျားအ၀တ်ဝတ်ပြီး ယောက်ျားလိုနေစမ်းပါကွာ…မီးယပ်နဲ့ သွေးဆုံးမကိုင်ချင်စမ်းပါနဲ့ ” လို့ ဆက်ပြီးတွယ်ရတာပ။ တွယ်ရက်တယ်လို့လည်း မထင်လေနဲ့။ ဒီဘက်ခေတ်မှာက အခြောက်ဏှာဗူးတွေက ခပ်များများ။ လူလေးတွေကြည့်ရင် ဖင်လေလျှော့ထားသလို ဖင်ရှူးလေးတွေနဲ့၊ ဘာကဘာမှန်းခွဲမရအောင် ခြေသလုံးနဲ့ပေါင် ၀မ်းဆက်ဖြစ်နေတဲ့ ခနော်နီခနော်နဲ့ ဖရိမ်နဲ့၊ စကားပြောရင် ကနွဲ့ကလျနဲ့ လုံးရာကပြားတဲ့ ဒီဇိုင်းဖြစ်နေပေမယ့် အမမြင်ရင် ဖြူသောမည်းသောမရှောင်ငမ်းချင်၊ အခွန်မဆောင်ရတိုင်း ဖွန်ကြောင်ချင်တဲ့ ငတိတွေချည်းမြင်မြင်နေရတော့ အလိုလိုမှ စိတ်မကြည်ရတဲ့ကြားမှာ ကိုယ့်တပည့်က အနှီလိုပုံဖမ်းလာရင် ဘာပြောကောင်းမလဲ ဒေါသတွေထွက်လိုက်သမှ အချောင်းလိုက်၊ အတောင့်လိုက်။ ယောက်ျားဆိုတာ “ ဗလငါးတန် ” ပြည့်စုံရမယ်လို့ မှတ်ထားဖူးပါရဲ့။ ဘယ့်နှာ ဒီခေတ်ရောက်မှ ကိုယ့်တိုင်းပြည်ကို သူများက လာစော်ကားလို့ ပြန်တိုက်ချင်ရင်တောင် လက်ပစ်ဗုန်းကို လက်နှစ်ဖက်နဲ့ ကိုင်ပြီးပစ်ရမယ့် မဟာ့မဟာဘုရားစူး ပုရိသကောင်းကြီးတွေ များသထက်များလာရင် ဦးဟန်ကြည်သမီးမွေးလို့မှ ပေးစားစရာ ယောက်ျားမရှိပေဘူး။

အ၀တ်အစားတင် ဘယ်ကလိမ့်တုန်း။ ကျောင်းနေအရွယ်ကလေးတွေ အရွယ်မရောက်ခင် ရည်းစားထားကြ၊ လင်ယူသားမွေးတဲ့ အလုပ်ကို အာရုံစူးစိုက်ကြတာတွေကိုလည်း ဒီစာသင်နှစ်အစမှာတင် သြ၀ါဒတရား တွင်တွင်မြွက်ကြားပြီး ဆုံးမရသေးသပဗျာ။ ဦးဟန်ကြည်တို့ခေတ်က ကျောင်းသားအရွယ်မှာ ရည်းစားထားတယ်ဆိုတာ အတော့်ကို ဂျပိုးကျတဲ့ အကောင်တွေမှ လုပ်တာကလား။ အနှီကောင်မျိုးကိုလည်း ကျောင်းသားအများစုက ၀ိုင်းပယ်ထားတာမို့ သူရို့ခမျာ ခပ်ကုပ်ကုပ်လေး နေကြရတာကလား။ ဒါပေမယ့် ဒီဘက်ခေတ်ကျတော့ မဟုတ်ပေါင်ဗျာ။ မှတ်မိပါသေးရဲ့။ လွန်ခဲ့တဲ့ ရှစ်နှစ်ကျော်က ကျောင်းသားတစ်ယောက်ရဲ့ လွယ်အိပ်ထဲမှာ ရည်းစားစာတွေ့လို့ သူ့မိဘကို ပြောမိတော့ မိဘက ဘာပြေတယ်မှတ်လည်း။ “ ဆရာရယ် ” တဲ့ “ ဒါကတော့ ကျွန်မတို့ ငယ်ငယ်ကလည်း ထားခဲ့တာပါပဲ ” တဲ့ ။ သေရော။ ပြောတဲ့မိဘက ကျောင်းဆရာမဗျား။ အဲဒီမှာ နှစ်ခါပြန်သေရော။ ဒါတင်ဘယ်ကလိမ့်လဲ။ လွန်ခဲ့တဲ့ သုံးနှစ်တုန်းကတော့ တပည့်မတစ်ယောက်က ဘာပြောတယ်မှတ်လဲ။ “ ဆရာရယ် ” တဲ့ “ သမီးတို့ရည်းစားထားတာ ဘာဘာညာညာမဟုတ်ပါဘူး ” တဲ့ “ ရင်ခုန်ကြည့်တာပါ ” တဲ့။ ဦးဟန်ကြည် ဒေါပွလိုက်တာမှ ဘာပြောကောင်းမလဲ။ တပည့်မဟုတ်ဘဲ ကိုယ့်သမီးသာဆိုရင် နေရာမှာတင် ဖနောင့်နဲ့ပေါက်သတ်တယ်။ သူရို့ဟာက ရင်ခုန်ရုံတင်မကဘဲ ဟိုဒင်းအ၀ှာပါ ခုန်နေကြတာ ဒီကဆရာလုပ်တဲ့လူ မသိရင်ခက်မယ်။ စိတ်ပေါက်ပေါက်နဲ့ “ အေး နင်တို့ဖာသာ ရည်းစားထားချင်ထား၊ မထားချင်နေ၊ တစ်ခုပဲ မှတ်ထား မိမိပစ္စည်း၊ မိမိတာဝန် ပဲ ” လို့ ခပ်ကြမ်းကြမ်းပြောထည့်မိပါရော။ ဟုတ်သလေ။ ခေတ်ကိုက ကိုယ့်ပစ္စည်းကိုယ် တန်ဖိုးမထားတဲ့ခေတ်။ အနှီအချိန်ကစပြီး “ မိမိပစ္စည်း၊ မိမိတာဝန် ” ဆိုတဲ့ စကားက ကျောင်းသူ၊ ကျောင်းသားတွေကို နှစ်စဉ်နှစ်တိုင်း မပြောမဖြစ် ထည့်ပြောရတဲ့ သြ၀ါဒ ဖြစ်ပါလေရော။

ဦးဟန်ကြည်တစ်ယောက် ပါးစပ်ကနေ အမြှုပ်တစီစီထွက်ပြီး လိပ်ခေါင်းပါထွက်မတတ် ဆုံးမနေပေမယ့် ခြောက်တန်းလောက်ကတည်းက ရည်းစားထားလာတဲ့ ကလေးတွေကိုကျတော့ ဘယ်ဆုံးမလို့ ရတော့လိမ့်တုန်း။ သူ့ရောဂါက ကျွမ်းနေမင့်ဟာ။ သြ၀ါဒနဲ့ နားဝေးချက်ကတော့ ရှင်တော်ဘုရားရဲ့ တရားရေအေးတိုက်ကျွေးတာတောင် နားထဲမ၀င်နိုင်တဲ့ ဂိဇ္ဈကုဋ်တောင်က တီကောင်တွေနဲ့တောင် ထူရဲ့။ အနှီလိုသတ္တ၀ါမျိုးလေးတွေကျတော့ “ အေး မင်းတို့က လူမှန်းသိကတည်းက ရည်းစားထားတဲ့ သောက်ကျင့်ရနေတော့ ဆရာလည်း မတတ်နိုင်ဘူး…တစ်ခုဘဲရှိတယ် မကောင်းတာလုပ်စားတဲ့ မိန်းမထက်တော့ အဆင့်မနိမ့်စေနဲ့ ” လို့ ခပ်ပြောင်ပြောင်နှိပ်ရပြန်ရော။ ပါးချင်တဲ့နေရာပါးပြီး ထူချင်တဲ့နေရာကျတော့ သူမတူအောင် ထူကြတဲ့ ကလေးတွေက ဆရာလုပ်သူကို မျက်စိလေးတွေ ပေကလပ်ပေကလပ်နဲ့ ဘုမသိဘမသိမော့ကြည့်နေမှ “ မှတ်ထားကွ…မကောင်းတာလုပ်စားတဲ့ မိန်းမက အနှီကိစ္စအတွက် ပိုက်ဆံရသကွ…ရည်းစားထားပြီး လင်မယားလိုနေတဲ့ သတ္တ၀ါမများကျတော့ အနှီကိစ္စအတွက် ပိုက်ဆံမရတဲ့အပြင် ကိုယ့်အိတ်ထဲကပိုက်ဆံပါကုန်သေးတယ်…ဒါကြောင့် အနှီဟာမတွေက ကြက်ထက်နိမ့်တယ် ” လို့ ရှင်းရှင်းနဲ့ ဘွင်းဘွင်းကြီးကို ပြောထည့်ရတာကလား။ ဒါလောက်ပြောတာမှ နားမ၀င်၊ မလိုက်နာရင်တော့လည်း အသက်စွန့်ပြီးလာကယ်တာကို လက်မခံတဲ့ စောလူးမင်းကို ကျန်စစ်သားမင်းကပြောသလို
“ ဒီလောက်ကယ်တာတောင်မှ အကောင်းမထင်တဲ့ မင်းဆိုးမင်းညစ်…ရန်သူ့လက်မှာ ခွေးသေသေရစ်ပေတော့ ” ပြောပြီး ပစ်ထားရုံပဗျာ။ ဒီ့ထက်တော့လည်း ဦးဟန်ကြည်တို့ မတတ်နိုင်ပေဘူး။ အနာဂတ်ရဲ့ မျိုးဆက်သစ်လေးတွေကို လမ်းမမှားအောင် ဆုံးမရတာ၊ ပဲ့ပြင်ရတာနဲ့တင် ဦးဟန်ကြည်မှာလည်း ပါးစပ်အတော်မိုက်ရိုင်းနေရပြီကော။

ဦးဟန်ကြည်တစ်ယောက် ကိုယ့်ပညာ၊ ကိုယ့်ဂုဏ်သိက္ခာ ( မများပေမယ့် နည်းတော့လည်း မနည်းဘူးပေါ့လေ ) ကိုမှမထောက် ကလေးတွေကို မကြားဝံ့မနာသာစကားလုံးတွေနဲ့ ခပ်ကြမ်းကြမ်းဆုံးမလှချေလားလို့ အပြစ်တင်မစောလေနဲ့ဦး။ အနှီစကားတွေက ကိုယ့်ခေတ်တုန်းကသာ မကြားဝံ့မနာသာရယ်။ ဒီဘက်ခေတ်မှာဖြင့် ငါးတန်းအရွယ်လောက်ရောက်ရင် အထီးအမ သံဝါသအမှုကိုတောင် ကောင်းကောင်းကြီး နားလည်ကုန်ကြပြီဗျား။ ကျန်တာတွေ ဘယ်လောက်သိနေကြမယ်ဆိုတာတော့ ကိုယ့်ဖာသာပဲ စဉ်းစားယူပေရော့။ ဒီတော့လည်း အိုးရွဲ့နဲ့တန်အောင် စလောင်းရွဲ့ပဲ ဖုံးပေးရတော့တာပ။ ကြာတော့လည်း ကိုယ့်ဖာသာကိုယ်ပြန်စဉ်းစားမိရင် သိပ္ပံမောင်ဝရဲ့ “ အင်းလေလံ ” အစမ်းစာထဲက စာတစ်ပိုဒ်ကိုပဲ ပြေးပြေးသတိရပါရဲ့။ သူ့စာပိုဒ်က -
“ မောင်လူအေးကား ယခင်ကမောင်လူအေးတည်း။ ယခုမူကား မောင်လူအေးမဟုတ်တော့ပြီ။ လူကြမ်းတွေနဲ့ပေါင်းပြီး လူသရမ်းဖြစ်နေပြီတကား ” ဆိုလား။     ။

ဒီပို့စ်နဲ့ဆိုရင် ဦးဟန်ကြည်ရေးခဲ့သမျှ ကိုယ်ရေးကိုယ်တာ ပို့စ် ၁၀၀ ပြည့်ပါပြီ။ ရာပြည့်ပို့စ်အတွက် ဟိုဟာရေး၊ သည်ဟာရေးနဲ့ အကြောင်းအရာပေါင်းစုံရေးဖြစ်ပေမယ့် နောက်ဆုံးတော့လည်း ဒုံရင်း အစ်စ် ဒုံရင်း မူအတိုင်း နောင်တစ်ခေတ်ရဲ့ အောင်စစ်သည် ( ဟုတ်ပေါင် ) မျိုးဆက်သစ်၊ ဦးဟန်ကြည်ရဲ့ တပည့်ချစ်တွေအကြောင်းပဲ တင်မိပါရောလား။ တတ်နိုင်ဘူး။ ဦးဟန်ကြည်မှာလည်း ပညာရေးလောကသားဖြစ်ကတည်းက လူမှုရေးရယ်လို့တောင် သိပ်မှမရှိတာကလား။ ကိုယ်ရေးကိုယ်တာဆိုတော့လည်း ကိုယ်နဲပတ်သက်နေတဲ့ ပညာရေးနဲ့ လူငယ်တွေအကြောင်းပဲ ရေးရတာပဗျာ။

ကြိုက်ရင်ပေါ့လေ . . .