Wednesday, 20 February 2013

ချစ်သောအညာ ( ၆ ) . . .



ညနေစောင်းရင်တော့ ကာလသမီးတွေ ရေခပ်ဆင်းကြပြီ။ အနှီအချိန်မျိုးကမှ တကယ့်ကို ကြယ်စုံည၊ လှတဲ့ညနေ။ တစ်ရွာလုံးက အပျိုတွေ သနပ်ခါးဘဲကြားရိုက်ပြီး ရေအိုးကိုယ်စီနဲ့ အလှူအတွက် ရေခပ်ဆင်းကြတဲ့ကာလလောက် အလှစုံတာ ဘယ်မှာရှိလိမ့်တုန်း။ အညာမှာတော့ ကာလသမီးတွေကို “ ကုမ္မာရီ ” လို့ သညာပေးကြပါရဲ့။ “ ကညာ ” တို့ “ ဂေါရီ ” တို့ “ ကုမ္မာရီ ” တို့ဆိုတာ ဘုရားရှင်လက်ထက်တော်ကတည်းက မိန်းကလေးတွေကို အရွယ်အရ ပိုင်းခြားပြီးခေါ်တဲ့စကားလုံး။ မောင်ဟန်ကြည်ခပ်ငယ်ငယ်ကတော့ “ ကုမ္မာရီ အမျိုးသမီးများခင်ဗျား ” လို့ လောက်စပီကာကနေ အော်ခေါ်တဲ့အသံကြားတိုင်း အမျိုးသမီးတွေ ဘာဖြစ်လို့ကုန်သွားပါလိမ့်လို့ ခေါင်းကုတ်မိသေး။ နားထဲမှာက “ ကုန်ပါပြီ ” လို့ချည်း စွတ်ကြားနေတာကိုး။ 

အခါတိုင်းညနေခင်းမျိုးမှာတော့ “ ပျိုလေးတွေ ရေခပ်ဆင်းကို ခြင်းခတ်လို့ချောင်း ” ခဲ့တဲ့ ကာလသားတွေခမျာ အနှီညနေမျိုးမှာတော့ ဘယ်ချောင်းအားလိမ့်တုန်း။ သူရို့မှာလည်း အလုပ်တွေမှပုံလို့။ အိုးသူကြီးအဖွဲ့ ချက်ဖို့ပြုတ်ဖို့အတွက် နေရာတွေပြင်ဆင်၊ ထမင်းချက်ဖို့ မီးဖိုကျင်းရှည်ကြီးတွေတူး၊ ထမင်းရည်ငှဲ့ဖို့ လိုက်ကျင်းတွေတူး၊ ထမင်းထည့်ဖို့ အညာလှေကြီးတွေကို မီးဖိုဘေးရွှေ့နဲ့ ချွေးသံတရွှဲရွှဲ။ သည်ကြားထဲမှာ ထင်းတွေက ခွဲရစိတ်ရ၊ ဖြတ်ရပေါက်ရသေးတာ။ မဏ္ဍပ်ထဲမှာ သာသနာ့အလံလေးတွေတပ်တာကအစ လစ်ဟင်းလို့ ဖြစ်တာမဟုတ်။ ရှင်လောင်းလှည့်တဲ့နေရာမှာသုံးမယ့် ထမ်းစင်တို့ ရွှေထီးတို့ကလည်း ရွာဦးကျောင်းကနေ ကြိုကြိုတင်တင် သယ်ထားပြုထားမှ။ ရွာဘုံ ပန်းကန်ခွက်ယောက်တွေ သယ်ဖို့ပြုဖို့ကလည်း သတိတရ ရှိကြရသေးတာ။ ကျွေးရုံထဲမှာ ခင်းမဲ့ စားပွဲတွေ၊ ထိုင်ခုံတွေကိုလည်း သည်ညနေခင်းကတည်းက ကြိုပြီးနေရာချထားမှ မဏ္ဍပ်ဝင်နေ့မှာ မကသီမှာ။ သည်ကြားထဲမှာ အလှူလှည့်အဖွဲ့နဲ့အတူ လိုက်ရမယ့် ရွာခံဗြောအဖွဲ့သားတွေကလည်း အားချင်းတီးဝိုင်းတိုက်။ ပြဇာတ်ခင်းမယ့် အဖွဲ့သားတွေကလည်း ကိုယ်ကျရာဇာတ်ရုပ်ကို အပီအပြင် သရုပ်ဆောင်နိုင်ဖို့အရေး ကျေညက်အောင် တိုက်ကြပြုကြနဲ့ တစ်ရွာလုံး အုံးအုံးကျွက်ကျွက်။

ညနေ နေ၀င်ရီတရောအချိန်ရောက်ပြီဆိုရင် အိုးသူကြီးအဖွဲ့ အလုပ်များရပြီ။ လူပေါင်းထောင်ချီပြီး ကျွေးမယ့်မွေးမယ့် အနှီအလှူပွဲကြီးအတွက် မဏ္ဍပ်မ၀င်ခင်ညကတည်းက ကြိုကြိုတင်တင် ချက်ပြုတ်ထားမှ အနေတော်။ အိုးသူကြီးအဖွဲ့မှာက ထမင်းချက်နဲ့ ဟင်းချက် နှစ်မျိုးခွဲထားသေးတာရယ်။ အရင့်အရင်တုန်းကတော့ တစ်အိမ်ကို ဆန်နို့ဆီဗူးဘယ်နှစ်လုံး ဝေငှပေးပြီး အလှူထမင်းကို တစ်ရွာလုံး ၀ိုင်းကူချက်ပေးခဲ့ကြရသပ။ သို့ပေမင့် ထမင်းပေါင်းတဲ့နည်းစနစ်ပေါ်လာတော့ အဆင်ပိုချောသွားရော။ အဆင့်တွေပါတဲ့ ထမင်းချက်စင်ကို ရေပွက်ပွက်ဆူနေတဲ့ ဒယ်အိုးကြီးထဲမှာထည့်။ အဆင့်တစ်ဆင့်စီမှာ ဆေးပြီးသားဆန်တွေကို သတ္တုလင်ပန်းတွေနဲ့ထည့်ပြီး အစီအရီတင်။ ပြီးရင် ဆန်တွေတင်ထားတဲ့စင်ကို သတ္တုပေါင်းချောင်ရှည်ကြီးနဲ့ ဒယ်အိုးနှုတ်ခမ်းတိုက် အုပ်ချလိုက်။ သတ်မှတ်ထားတဲ့ အချိန်စေ့ရင် ပေါင်းချောင်ကြီးဖွင့်ကြည့်။ ဆန်လင်ပန်းတွေအားလုံး ထမင်းလင်ပန်းတွေ ဖြစ်နေရော။ အနှီထမင်းတွေကို ငှက်ပျောဖက်ခံထားတဲ့ ထန်းခေါက်တောင်းကြီးတွေထဲ ထည့်ပြီးသိမ်းချင်သိမ်း။ ဒါမှမဟုတ်ရင် ပက်လက်လှန်ထားတဲ့ အညာလှေကြီးတွေရဲ့ လှေဝမ်းထဲမှာ ငှက်ပျောဖက်ခင်းပြီး ပုံချင်ပုံ။ အချိန်ကျရင် ကျွေးဖို့အဆင်သင့်။ ဒါတောင်မှ ထမင်းချက်အဖွဲ့ခမျာ တစ်ညလုံးပေါက်ချက်ကြရရှာတာ။

ဟင်းအိုးသူကြီးကတော့ အလှူတစ်ခုလုံးရဲ့ အခရာ။ သူစွမ်းရင်စွမ်းသလောက် အလှူနာမည်ရသလို သူချာရင်ချာသလောက် အလှူတစ်ခုလုံး သဲထဲရေသွန်ဖြစ်မှာ သေချာသပေါ့။ ဘာပဲဖြစ်ဖြစ် အညာရွာတွေမှာ တစ်ရွာကို အိုးသူကြီးကောင်းတစ်ယောက် ရှိစမြဲ။ အနှီအိုးသူကြီးတွေကလည်း ပွဲတိုးဖူးတဲ့ ၀ါရင့်အိုးသူကြီးတွေ။ ဟင်းချက်ရင်း ကြုံတတ်တဲ့ အခက်အခဲဟူသမျှကို ခေါင်းအေးအေးနဲ့  ဖြေရှင်းနိုင်တဲ့သူတွေချည်း။ အိုးသူကြီးတစ်ဖွဲ့မှာ အနည်းဆုံးကတော့ လူငါးယောက်လောက် ပါမှ။ လူပေါင်းများစွာအတွက် ဟင်းချက်ဖို့ အချိန်ရတဲ့ တစ်ညတာအတွင်းမှာ အထစ်အငေါ့မရှိ ချက်နိုင်ပြုတ်နိုင်ဖို့ အနှီ အိုးသူကြီးတွေရဲ့ စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းရည်က အခရာ။ ကျင်းမီးဖိုရှည်ကြီးတွေထဲမှာ ဒယ်အိုးကြီးတွေ တန်းစီပြီး တစ်လံသာသာ သစ်သားယောက်မကြီးတွေနဲ့ အားကြိုးသနွဲ ချက်နေပြုတ်နေကြတဲ့ ထောင်ထောင်မောင်းမောင်း အညာသားကြီးတွေက အညာအလှူရဲ့ ကန့်လန့်ကာနောက်ကွယ်က အလှတရား။ 

 သည်နေရာမှာ အညာသားတွေရဲ့ တီထွင်ဖန်တီးမှု ထိုးထွင်းဥာဏ်ကိုလည်း တွေ့နိုင်သေးရဲ့။ အနှီအရာကတော့ ကြက်သွန်လှီးတဲ့ ဓားစက်။ ပိဿာပေါင်းများစွာလိုမယ့် ကြက်သွန်နီတွေကို သည်အတိုင်းထိုင်လှီးနေရလို့ကတော့ ဘယ်ပြီးတော့မလဲ။ အနှီတော့ အခွံသင်ထားတဲ့ ရွှေဖလားကြက်သွန်နီ( ကြက်သွန်နီ ၀ိုင်းဝိုင်းပြားပြား ရွှေရောင်တောက်နေတဲ့ လက်ရွေးစင်ကြီးတွေကို အညာခေါ် ရွှေဖလားလို့ ခေါ်တာကိုး )အလုံးလိုက်တွေကို ခါးစောင်းလောက်မြင့်တဲ့ ဓားစက်ထဲထည့်ပြီး လက်ကိုင်ဒလက်ကို လှည့်ပေးနေရုံနဲ့ လှီးပြီးသား ကြက်သွန်လေးတွေ အကွင်းလိုက် အကွင်းလိုက် ဓားစက်ဘေးပေါက်မှာ အဆင်သင့်ချထားတဲ့ ထန်းခေါက်တောင်းထဲကို ဝေါခနဲ ဝေါခနဲကျ။ လိုတဲ့အချိန်မှာ လိုသလောက်ထည့်ပြီးလှည့်။ အချိန်မကုန်ဘဲ အဆင်ကိုချောလို့။ မောင်ဟန်ကြည်တို့ ငယ်ငယ်ကတော့ အနှီကြက်သွန်လှီးစက်ကထွက်လာတဲ့ ကြက်သွန်နီအကွင်းလေးတွေကို ကြည့်ရင်း ဘယ်လိုလုပ်လိုက်ပါလိမ့်ဆိုတာ တအံ့တသြ။ အရွယ်လေးရောက်လို့ စက်ကို သေချာကပ်ကြည့်မှ ကြက်သွန်နီဥတွေ ကျမယ့်လမ်းမှာ နွားစာစဉ်းဓားသုံးချောင်းလောက်ကို ကြားမှာ ကြက်သွန်ဥ၀င်သာရုံ နေရာချန်ထားပြီး ပတ်လည်တပ်ထားတာမြင်မှ သဘောပေါက်တော့တာရယ်။ စက်ဘေးက ဒလက်ကို လှည့်လိုက်ရင် ဓားတွေလည်ပြီး အပေါ်ကလိမ့်ကျလာတဲ့ ကြက်သွန်ဥတွေကို အကွင်းလိုက်လှီးပြီးသား။ အညာသားများ ပိုင်ချက်။

ငါးခြောက်ပြုတ်ထားတာက တစ်ဒယ်။ ပဲကြီးက တစ်ဒယ်။ ကြက်သွန်နီကြော်က တစ်ဒယ်။ ဒယ်အိုးတွေ နှုတ်ခမ်းတိုက်။ မွှေတဲ့လူကမွှေ။ မြည်းတဲ့ အိုးသူကြီးကမြည်း။ မီးထိုးတဲ့လူကထိုး။ အိုးသူကြီးအဖွဲ့ဘေးက ဖျာကြမ်းတစ်ချပ်ပေါ်မှာ ရေနွေးကြမ်းတစ်အိုးနဲ့ ဆေးလိပ်ခွက်တစ်ခွက်။ မြေပဲဆားလှော်က တစ်ပန်းကန်။ အဖန်ရည်လေး တစ်ကြိုက် ရှူးခနဲသောက်လိုက် မြေပဲဆားလှော်လေး ပါးစပ်ထဲပစ်ထည့်လိုက်နဲ့ စကားဝိုင်းဖွဲ့နေတဲ့ အိုးသူကြီးအဖွဲ့သားတွေက တစ်ညလုံး အိပ်ပျက်ခံပြီး ချက်ရပြုတ်ရမှာကို လားလားမှ မမှုတဲ့လူတွေ။ သူရို့အဖွဲ့က နှစ်ညလုံးလုံး ညလုံးပေါက်အောင် ချက်ကြရမှာ။ အလှူပွဲမတိုင်ခင် နောက်တစ်ညဆိုရင် သံဃာတော်တွေအတွက် “ ဘုန်းကြီးပွဲ ” ဆိုတာကလည်း မမေ့မလျော့ ချက်ပေးရစမြဲ။ အလှူပွဲလာ ရွာသားတွေနဲ့ မတူတဲ့ ဟင်းကောင်းကျွေးကောင်းကိုမှ သံဃာတော်တွေကို အမွန်တမြတ် ကပ်ချင်လှူချင်ကြတာကလည်း အညာထုံးစံ။ ဘုန်းကြီးပွဲလို့ သညာပေးထားပေမယ့် ပိုနိုင်သမျှပို၊ လျှံနိုင်သမျှလျှံအောင် ချက်ထားရသေးတာရယ်။ ဘာဖြစ်လို့လဲဆိုရင် မြို့ကနေ တကူးတကန့်လာပြီး ချီးမြှင့်ကြမယ့် ဧည့်သည်တွေကိုလည်း အနှီဟင်းတွေနဲ့ ၀တ်ပြုချင်ကြသေးတာကလား။ မြို့သားတွေဆိုတာ သူရို့တောသားတွေစားသလို စားနိုင်မှာမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကို နှိမ့်ချပြီးတွေးလေ့ရှိတာကိုက အညာသားရဲ့ ရိုးဂုဏ်။ အောင်မယ် မြို့သားလည်းလူပဲ တို့များစားသလို စားပေါ့ ဆိုတဲ့ မလိုတမာအတွေးမျိုး မ၀င်ကြဘဲ ကိုယ့်ရွာကိုယ့်ရပ်မှာ ရတတ်သမျှထဲက ကောင်းပေ့ညွှန့်ပေ့ဆိုတာတွေချည်း ဧည့်ခံတတ်ကြတဲ့ အညာအလှူထုံးစံကတော့ ပြောမယုံ ကြုံဖူးမှပဲ သိကြမှပါ့။

မနက်အရုဏ်တက်လို့ လောက်စပီကာက သုတိသာယာဖွယ်ကောင်းတဲ့ “ ရေကင်းသံ ” သီချင်းကို မိုင်ကုန်တင်ပြီး ဖွင့်လိုက်တာနဲ့ အလှူပွဲရဲ့ မဏ္ဍပ်ဝင်နေ့က စပြီ။ အလင်းရောင်ပျို့လာပြီဆိုရင် ဆိုင်ရာဆိုင်ရာ ကာလသား၊ ကာလသမီးတွေ ၀တ်ကောင်းစားလှတွေဝတ်ကြဆင်ကြပြီ။ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ် တတ်သလို မှတ်သလို ပြင်ထားဆင်ထားကြတဲ့ အညာရဲ့ လှပျိုဖြူတွေကို မြို့သူမရွှေချောတွေသာ မြင်ရင် “ တောသူ၊ ဒိုက်ဖတ် ” ဆိုပြီး ရယ်ကြပေလိမ့်။ ဗူးပြားပြား ၀ိုင်းဝိုင်းကြီးထဲက မိတ်ကပ်ကို ရေဆွတ်ထားတဲ့ တို့ဖတ်နဲ့ သုတ်ယူပြီး မျက်နှာမှာ လိမ်းရတဲ့ “ ရေစိုမိတ်ကပ် ” ဆိုတာ အညာမှာတော့ ရတနာတစ်ပါး။ ယိုးဒယားကလာတဲ့ “ အာချီ ” ( Arche ) တို့ “ ပရိုမီနာ ” ( Promia ) တို့ဆိုတာတွေကလည်း အပျိုအရွယ်ရှိတဲ့ အညာအိမ်ရဲ့ မှန်တင်ခုံတိုင်းမှာ ရှိစမြဲ။ သို့ပေမင့် ခါးလှဖို့ထက် ၀မ်းဝဖို့ကို အားစိုက်နေရတဲ့ အညာသူတွေဖြစ်ပြန်တော့ မိတ်ကပ်ကို ရွှေလောက်နီးနီးတန်ဖိုးထားပြီး ရွရွကလေး ကော်ယူပြီး၊ ဖွဖွကလေးပဲ လိမ်းကြရရှာတာကလား။ “ ဒိုရူး ” ( Doru ) တို့ “ ရှီရှဲဒိုး ” ( Shesido ) တို့ “ ရယ်ဗလွန် ” ( Revlon ) တို့ ကြော်ငြာတွေကို ဦးဟန်ကြည်မြင်တိုင်းမြင်တိုင်း အောက်ခံမိတ်ကပ်ခပ်ပါးပါးပေါ်မှာ သနပ်ခါး ထူထူအုပ်ထားတဲ့ အညာသူ ညိုပြာညက်တွေကို လွမ်းမိတော့တာချည်း။ ခမျာများမှာ မိတ်ကပ်ကို တန်ဖိုးထားကြရတဲ့ ဘ၀တွေမို့ မျက်နှာတစ်ခုတည်း အသားပေးလိမ်းပြီး လည်ပင်းကိုတော့ သနပ်ခါးကြမ်းလောက်ပဲ ပွတ်နိုင်ကြတာကိုး။ အနှီတော့လည်း လည်တိုင်ညိုစိမ့်စိမ့်ပေါ်က ဖြူဖြူပြာပြာ မိတ်ကပ်မျက်နှာလေးတွေနဲ့ ဂျပန်ပြဇာတ်မင်းသမီးလေးတွေနဲ့တောင် တူနေသေး။ ဘာပဲဖြစ်ဖြစ် အညာသား လူပျိုတွေရဲ့ မျက်လုံးထဲမှာတော့ အနှီကုမ္မာရီညိုပြာညက်ကလေးတွေဟာ စိုးမြတ်သူဇာလည်း ဟုတ်လောက်ရဲ့။ တင်တင်ညိုလည်း ဖြစ်လောက်ရဲ့။ နီနီဝင်းရွှေနဲ့လည်း မှားလောက်ရဲ့။ ဘာပဲဖြစ်ဖြစ် ကိုယ်ထင် ခုတင်ရွှေနန်းကိုးဗျာ။

မနက် ရှစ်နာရီလောက်ရှိရင် အလှူပွဲလာတွေ တဖွဲဖွဲ လာကုန်ကြပြီ။ “ အလှူပွဲသွားပြီး မကူဘဲစားမယ့် ” လူတွေလည်း ရောက်ကြပြီ။ တခြားအလှူကနေ ပွဲကူးလာတဲ့ ဆိုင်းဝိုင်းကြီးကလည်း မဏ္ဍပ်ထဲမှာ နေရာယူပြီးပြီ။ အညာနွေ ပူပူလောင်လောင်ကြီးမှာ ဆိုင်းနားထောင်ကြမယ့် ပရိတ်သတ်ကလည်း ဆိုင်းဆရာ ပတ်စာကပ်အပြီးကို နားစွင့်နေကြပြီ။ “ ညောင်ရွက်ပြာနဲ့ ထမင်းစေး ”ကို ရောပြီးနှယ်ထားတဲ့ ပတ်စာကို ပတ်လုံးတစ်လုံးစီမှာကပ်လိုက်။ လက်ဖျားကလေးနဲ့ တို့ရင်းခတ်ရင်း အသံစမ်းလိုက်။ အသံမကြိုက်သေးရင် လက်မကို တံတွေးလေး အသာဆွတ်ပြီး ပတ်စာဖြည့်လိုက် နှုတ်လိုက်လုပ်နေတဲ့ ရွာစားကလည်း မောင့်ကျက်သရေ ခေါင်းပေါင်းစကြီး တလူလူနဲ့။ တစ်တောင်လောက်ရှည်တဲ့ နှဲကြီးကို နှုတ်ခမ်းမှာတေ့ပြီး တပ်ထားတဲ့ “ နှဲခင် ” အဆင်ပြေမပြေ မှုတ်စမ်းနေတဲ့ နှဲဆရာကလည်း မင်မောင်းအပြည့်။ “ နှဲချောရင် တယော ” လို့ အဆိုထားကြလေတော့ သူကလည်း ဆိုင်းဝိုင်းထဲမှာ အခရာကိုး။ ဆိုင်းနောက်ကနေ ၀စနာလင်္ကာရနဲ့ ပရိသတ်ကို ဖျော်ဖြေကြမယ့် “ ဆိုင်းနောက်ထ ” နှစ်ယောက်ကလည်း ၀ိုင်းထဲမှာတင် ရေစိုမိတ်ကပ်အကူအညီနဲ့ လူယောင်ဖန်ဆင်းနေကြလေရဲ့။ ၀ိုင်းနောက်က မှန်စီရွှေချ ပဉ္စရူပရုပ်ကြီးနှစ်ခုကတော့ ၀င့်ဝင့်ကြွားကြွား။ ဆိုင်းမင်းသမီးကလေးကလည်း တတ်သလောက်မှတ်သလောက် အလှတွေပြင်လို့။ နှုတ်ခမ်းနီကလေးရဲရဲ၊ ရုပ်ရည်လေး သနရုပ္ပနဲ့ အသံချိုချို အနှီဆိုင်းမင်းသမီးလေးကို ထမင်းစားဖိတ်ချင်ကြတဲ့ ကာလသားတွေကလည်း မနည်း။ တစ်ဝိုင်းလုံး သူ့နေရာနဲ့သူ အဆင်ချောသွားရင် ရွာစားနှုတ်ကထွက်လာတဲ့ “ ဟိတ် ” ဆိုတဲ့ အချက်ပေးသံနဲ့အတူ မိုးထက်ဝဠာညံမယ့် ဆိုင်းတော်မင်္ဂလာရဲ့ လက်စွမ်းပြ တီးကွက်တွေက မဏ္ဍပ်ထဲမှာ ဟီးထွက်လာပါလေရော။ ဆိုင်းဝိုင်းထဲမှာ မိုက်ကရိုဖုန်း သုံးလေးလုံးတပ်ပေးထားပြီး လောက်စပီကာနဲ့ တစ်ခါတည်း ဆက်ပေးထားပြန်တော့ ရွာစားဆရာရဲ့လက်သံဟာ မန်ကျီးပင်ခွကြားမှာ လေးပွင့်ဆိုင်တပ်ထားတဲ့ လောက်စပီကာတွေကနေ ရွာနီးချုပ်စပ်တွေအထိ သောသောကို ညံလို့။     ။

ဆက်ပါဦးမယ် . . .

Saturday, 16 February 2013

ချစ်သောအညာ ( ၅ ) . . .



အလှူရက်မတိုင်ခင် တစ်ပတ်လောက်အလိုရောက်ရင် မောင်ရှင်လောင်းတွေကို ရွာဦးကျောင်းပို့ပြီး သင်္ကန်းတောင်းတွေဘာတွေ တက်ခိုင်းထားဖို့ကလည်း အရေးကြီးသေးရဲ့။ “ သကလ၊ ၀ဋ္ဋ…” ဘာဘာညာညာစတဲ့ သင်္ကန်းတောင်းကို ကြိုကြိုတင်တင်ရမထားရင် ရှင်လောင်းတာဝန်မကျေမှာ စိုးတဲ့အတွက် ရှင်လောင်းတွေခမျာလည်း ကြိုးကြိုးစားစား ကျက်ကြရှာတာပါပဲ။ သင်္ကန်းတောင်း ညက်သွားရင် “ ၀ိသုဒ္ဓာရုံ ရှင်ကျင့်ဝတ် ” တွေ ဘာတွေလည်း ကျက်ကြရတာပေါ့လေ။ အနှာတွေရမှ ကိုရင်ပီပီသသ ဖြစ်တော့မှာကိုး။ ရှင်ကျင့်ဝတ်တွေ ကျကျနန လိုက်နာနိုင်တဲ့ အနေအထားကို အညာမှာတော့ “ သင်္ကန်းနိုင်တယ် ” လို့ခေါ်ကြတာကိုး။ မောင်ဟန်ကြည်တို့ ရှင်လောင်းဘ၀တုန်းကတော့ သင်္ကန်းနိုင်သလားလို့မေးရင် သင်္ကန်းကို ကောက်မလိုက်ပြီး သင်္ကန်းနိုင်ပါ့. . .ဟောသည်မှာ ပေါ့ပေါ့လေးလို့ ခပ်ရွတ်ရွတ်ပြောမိတာ များပါရဲ့။ အလှူမပေးခင် ကာလစပ်ကြားကတော့ မောင်ရှင်လောင်းတွေကို တစ်ရွာလုံးက မျက်စိအောက်ကကို အပျောက်မခံတော့တာကလား။ သစ်ပင်လည်းမတက်ရ၊ မြစ်ထဲဆင်းပြီးလည်း ရေမချိုးရ၊ ယုတ်စွအဆုံး စက်ဘီးတောင် မစီးရတော့တဲ့အထိ။ ဘာဖြစ်လို့လဲဆိုတော့ သာသနာ့အမွေခံဖြစ်တော့မယ့် မောင်ရှင်လောင်းတွေကို မနာလိုမရှုစိမ့်တဲ့ မာရ်နတ်က သည်အချိန်သည်ကာလမျိုးမှာ ရှင်လောင်းတွေကို အနှောင့်အယှက်ပေးတတ်တယ်ဆိုကိုး။ ကလေးပီပီ မျောက်ရှုံးအောင် ဆော့ချင်တဲ့ ရှင်လောင်းတွေအတွက်တော့ အင်မတန်မှ ခြေချုပ်မိတဲ့ကာလပေါ့လေ။

အလှူပေးဖို့ သုံးလေးရက်အလိုလောက်ရောက်ရင် မြို့ပေါ်က မိတ်ဆွေတွေကို အလှူဖိတ်စာတွေ ဝေကြရပြီ။ ဖိတ်စာဝေတဲ့နေရာမှာလည်း မိတ်ရင်းဆွေရင်းတွေ မကျန်ရအောင် သတိထားရသေးတာ။ ဖိတ်စာရိုက်ကတည်းက လူ၂၀၀လောက်ဖိတ်မယ်မှန်းရင် ၂၅၀လောက် ပိုပိုလိုလို ရိုက်ထားပြီးသား။ ရွာနီးချုပ်စပ် လေးငါးရွာလောက်ကတော့ “ ဗျိုး ” ဟစ်လိုက်ရုံနဲ့ ရွာလုံးကျွတ်၊ မီးခိုးတိတ် အားပေးကြဖို့ သေချာပြီးသား။ ဗျိုးဟစ်တယ်ဆိုတာက အညာခေါ်။ ကျန်တဲ့ဒေသတွေမှာတော့ ဘယ်လိုခေါ်တယ် ဦးဟန်ကြည် မသိပေါင်။ ဦးဟန်ကြည်တို့ အညာရွာမှာတော့ ညနေ မှောင်စပျိုးလို့ တစ်ရွာလုံး တိတ်ဆိတ်နေတဲ့ အချိန်မှာ ရွာဆော် ( အညာခေါ် “ ရဆော် ” ) လုပ်တဲ့လူက ရွာထဲက လမ်းဆုံလမ်းခွမှာ ရပ်ပြီး “ ကြားကြားသမျှဗျိုး…ဘယ်နေ့ဘယ်ရက် ဘယ်အချိန်မှာ အလှူ့ဒကာ ဦးဘယ်သူနဲ့ အလှူ့အမ ဒေါ်ဘယ်ဝါတို့ရဲ့ အလှူအိမ်သို့ ကြွရောက်ချီးမြှင့်တော်မူကြပါတဲ့ဗျိုး… ” လို့ အသံရှည်ရှည်ဆွဲပြီး ဟစ်လိုက်တာကို ဗျိုးဟစ်တယ်လို့ ခေါ်တာပါပဲ။ သို့ပေမင့် မောင်ရှင်လောင်းထမ်းစင်ထမ်းမယ့် ကာလသားတွေကိုတော့ စီးကရက်တစ်ဗူးစီနဲ့ ဖိတ်ရပါသဗျား။ မောင်ရှင်စောင်တို့၊ ခေါင်းအုံးတို့ ရွက်ကြမယ့် အမျိုးအဆွေတွေကိုတော့ စတီးပန်းကန်ပြားတို့ ကြွေပန်းကန်ပြားတို့နဲ့ တသီးတသန့် ဖိတ်ရသလို၊ ကွမ်းတောင်ကိုင် အပျိုချောတွေကိုလည်း ကျကျနန ဖိတ်မှဖြစ်တာ။ ကိုယ့်ရွာက ကွမ်းတောင်ကိုင်တင်မကဘဲ ကျန်တဲ့ရွာက ကွမ်းတောင်ကိုင်တွေကိုလည်း တခုတ်တရ ဖိတ်ထားဖို့ကလည်း လိုသေးသပ။ ပြောရရင် အလှူကြီးဆိုတာက သူ့ရွာကိုယ့်ရွာ အလှပြိုင်ကြတဲ့ ပွဲတစ်မျိုး။

စကားစပ်လို့ ပြောရရင် ကွမ်းတောင်ကိုင်ဆိုတာက ရွာတစ်ရွာရဲ့ ပြယုဂ်။ သည်ရွာသူတွေ ဘယ်လောက်လှတယ်၊ ဘယ်လောက် ကျက်သရေရှိတယ်ဆိုတာကို ထင်ဟပ်ဖော်ပြမယ့် နိမိတ်ပုံ metaphor။ ကွမ်းတောင်ကိုင်ဖြစ်ဖို့ဆိုတာ အရွယ်ရောက်လာတဲ့ ကာလသမီးတိုင်းရဲ့ စိတ်ကူးယဉ်အိပ်မက်။ သို့ပေမင့် ကွမ်းတောင်ကိုင်ဖြစ်ဖို့ဆိုတာက လွယ်မှတ်လို့။ မိစုံ၊ ဖစုံကရှိဦးမှ။ ငွေကြေးကလည်း တောင့်တောင့်တင်းတင်းရှိမှ။ ရုပ်ရည်ချောဖို့ ကျက်သရေရှိဖို့ဆိုတာကတော့ ပြောစရာမလိုတဲ့ အဓိက လိုအပ်ချက်။ အကျင့်စာရိတ္တကောင်းဖို့ကလည်း အခြေခံလိုအပ်ချက်ထဲမှာ ထည့်ထားဖို့ လိုသေးသပါ့။ မိဘတွေက ရွာနီးချုပ်စပ်အထိ နာမည်ကြီးတဲ့ မျိုးရိုးဖြစ်ရင်တော့ အတိုင်းထက်အလွန်ပေါ့လေ။ ဒါတောင်မှ တစ်သက်လုံး ကွမ်းတောင်ကိုင်လုပ်ခွင့်ရတာ မဟုတ်ဘူးရယ်။ အိမ်ထောင်ကျပြီဆိုတာနဲ့ ကွမ်းတောင်ကိုင်ဘ၀က နားရပြီ။ တစ်ယောက်နားမှ နောက်ထပ်တစ်ယောက် ကွမ်းတောင်ကိုင် ဖြစ်ခွင့်ရှိလေတော့ ကိုယ်အပျိုအရွယ်မှာ ရှိနေတုန်းမှာ ကွမ်းတောင်ကိုင်ဟောင်း အနားယူသွားမှ ကွမ်းတောင်ကိုင်ဖြစ်ဖို့ မျှော်လင့်ခွင့်ရှိတာကလား။ အနှီကွမ်းတောင်ကိုင်သစ်ရွေးတဲ့နေရာမှာတော့ ရွာက အပျိုခေါင်းရဲ့ တာဝန်။ အစိုးရဌာနတွေမှာသာ လာဘ်ပေးပြီး နားလည်မှုနဲ့ ရာထူးယူလို့ ရပေမယ့် အညာက ကွမ်းတောင်ကိုင်ရွေးတဲ့ နေရာမှာတော့ သမာသမတ်ကျသလားမမေးနဲ့။ ကိုယ့်ရွာ ကိုယ့်ရပ်ကို ကိုယ်စားပြုမယ့် ကွမ်းတောင်ကိုင်ကိုတော့ ခြောက်ပစ်ကင်း သဲလဲစင်ဖြစ်အောင် ဂရုတစိုက် ရွေးကြတာကလား။

အလှူပေးဖို့ နှစ်ရက်လောက်အလိုရောက်ရင် အလှူ့ရှင်အိမ်ဝိုင်းထဲမှာ ၀ါးလုံးတိုင်ထောင် ဖျာကြမ်းမိုးထားတဲ့ မဏ္ဍပ်ကြမ်းတစ်ခုထိုးပြီး ကာလသမီးတွေ ကြက်သွန်ခွာတာတို့ ဆန်ရွေးတာတို့ စလုပ်ကြရပြီ။ အလှူအိမ်ခေါင်းရင်းက မန်ကျီးပင်ခွကြားမှာတင်ထားတဲ့ လောက်စပီကာကလည်း တွံတေးသိန်းတန်တို့ ဟင်္သာတထွန်းရင်တို့ရဲ့ ကျေးလက်တေးသံတွေ ညံလို့စည်လို့ပေါ့။ သည်ကြားထဲမှာ ဘီအီးဒီအောင်သိုက်ရဲ့ ကက်ဆက်ဇာတ်လမ်းတွေကလည်း မပါမဖြစ်။ ရွှေမန်းတင်မောင်ရဲ့ ဇာတ်တော်ကြီးတွေကတော့ အဘိုးကြီး၊ အမယ်ကြီးတွေရဲ့ ဓာတ်စာ။ “ ဟုတ်ပါ့မလား မောင်ကာဠုရဲ့…သည့်ထက်တောင်ပိုသေးဘုရား ” ဆိုတဲ့ ဘုရားလောင်းတောထွက်တော်မူခန်းထဲကစာသားက အညာသားတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းအစားဆုံး စာသား။ နီနီဝင်းရွှေရဲ့ သီချင်းတွေကလည်း မြူးမြူးကြွကြွ လတ်လတ်ဆတ်ဆတ်။ “ တောသူဆိုတာ တကယ့်ကိုရိုးတယ် . . . ဘာဘာညာညာတွေလည်း နားမလည် . . . မြို့ကြီးသူ မယ်တို့လို မပြင်တတ်တယ်. . .  မဆင်တတ်တယ် . .  ” လို့ ဆိုပြန်တော့ ညိုပြာညက်တို့များ ပြုံးလို့ ရွှင်လို့။ ကက်ဆက်ဇာတ်လမ်းလေးတွေ နားထောင်ရင်း ကြက်သွန်ခွာလိုက်၊ ဆန်ရွေးလိုက်၊ စကားတသောသော ရယ်လိုက်မောလိုက်နဲ့ ကြည်နူးစရာ  အညာအလှူရဲ့မြင်ကွင်းကတော့ ကျေးလက်ရဲ့ ဟာမိုနီကိုး။ အနှီလို လုပ်ကြကိုင်ကြတဲ့နေရာမှာ အလှူ့ရှင်နဲ့ အလှူ့အမကို ကြက်သွန်နီအခွံလေးတောင် အနွှာမခံဘဲ ရွှေပေါ်မြတင် ထားကြသေးတာ။ ကိုယ့်ရွာကို မျက်နှာလှအောင် အလှူပေးတဲ့ ရွာ့ကျေးဇူးရှင်လို့ သတ်မှတ်ပြီး တခုတ်တရ တန်ဖိုးထားတာကလား။ အလှူထမင်းကတော့ သည်လိုနေ့တွေကတည်းက စပြီးကျွေးနေပြီ။ သို့ပေမင့် အလှူလာဝိုင်းတဲ့ လူတွေကိုချည်းကျွေးတာဆိုတော့ အိုးသူကြီးလည်း သက်တောင့်သက်သာပေါ့။

အနှီအချိန်မျိုးမှာ ကာလသားတစ်အုပ်ကတော့ အလှူ့အိမ်နဲ့ မနီးမဝေးမှာ ထမင်းကျွေးရုံဆောက်ဖို့ စိုင်းပြင်းနေကြရပြီ။ ခြံကျယ်ဝန်းကျယ်ပေါလှပါတယ်ဆိုတဲ့ အညာဒေသမှာတောင် ကျွေးရုံက တစ်ရုံတည်းဆောက်လို့ လောက်တာမဟုတ်ဘူးရယ်။ အနည်းဆုံး နှစ်ရုံလောက်တော့ ဆောက်ထားမှ။ ကျွေးရုံတစ်ရုံဆိုတာကလည်း ပေ၁၀၀ ပတ်လည်ရှိတဲ့ ခြံဝန်းတစ်ခုအပြည့် ဆောက်ချပစ်တာဆိုတော့ အလှူတစ်ခုမှာ လာကြစားကြမယ့် ပရိသတ် ဘယ်လောက်များမယ်ဆိုတာ စဉ်းစားသာကြည့်ပေရော့။ ၀ါးပေါတဲ့အညာဒေသပီပီ ၀ါးလုံးတိုင်ထောင်၊ ဖျာကြမ်းကာ၊ ဖျာကြမ်းမိုးတဲ့ ကျွေးရုံကြီးတစ်ရုံကို ကာလသားတွေ ဆောက်လိုက်တာ မျက်လှည့်ပြသလို တကယ့်တစ်ညနေခင်းကလေးပဲ ကြာတာကလား။ တိုင်ထူဖို့အတွက် ၀ါးနှစ်လုံးစာဆန့်တဲ့ ကျင်းတွေ တန်းစီပြီးတူး။ တစ်ကျင်း တစ်ကျင်းမှာ ၀ါးနှစ်လုံးစီ လျာထား။ အနှီဝါးနှစ်လုံးကို အောက်ပိုင်းတွေ လျှော်နဲ့တုပ်။ အပေါ်ပိုင်းက ၀ါးနှစ်လုံးကြားမှာ တန်းဝါးတွေညှပ်။ အားလုံးအဆင်သင့်ဖြစ်ရင် တိုင်တစ်လုံးကို ကာလသားတစ်ယောက်ကိုင်ပြီး “ တစ်၊ နှစ်၊ သုံး ” ဆိုတာနဲ့ ဆိုင်ရာဆိုင်ရာ ကျင်းထဲကို တပြိုင်တည်းစိုက်ထည့်လိုက်ရင် ကိစ္စပြတ်ပြီ။ အနိမ့်အမြင့်မညီသေးရင် တိုင်ရင်းမှာ သဲထည့်ပြီး ညှိလိုက်ပြုလိုက်တာနဲ့ အိုခေ။ တန်းဝါးတွေပေါ်မှာ ကန့်လန့်တန်းတွေတင်ပြီး လျှော်နဲ့တုပ်လိုက်ရင် ကျွေးရုံကိုယ်ထည်ပြီးပြီ။ အပေါ်မှာ ဖျာကြမ်းတွေတင် ပတ်လည်မှာ ဖျာကြမ်းတွေကာလိုက်တာနဲ့ ကျွေးရန်အသင့်။ ကျွေးရုံရှေ့မှာ အပေါ်ပိုင်းအဆစ်ကို ဓားနဲ့မွှာထားတဲ့ နှစ်တောင်သာသာ ၀ါးပိုးပိုင်းတွေ လေးငါးလုံး တန်းစီပြီး စိုက်ထားတာက သောက်ရေအိုးတင်ဖို့။ ကျွေးရုံဖွင့်ကာနီးရင် မွှာထားတဲ့ ၀ါးဆစ်ကြားထဲကို ရေအိုးတင်လိုက်ရုံနဲ့တင် အညာလက်ဖြစ် ရေအိုးစင်ကလေးတွေက သောက်ချင့်စဖွယ် လှနေရော။

အလှူပေးဖို့ တစ်ရက်အလိုလောက်ရောက်ရင်တော့ အလှူ့ရှင်ရဲ့ ခြံဝန်းထဲမှာ မဏ္ဍပ်ကြီးထိုးပြီ။ စက္ကူနဲ့လုပ်ပြီး ရွှေမင်သုတ်ထားတဲ့ မဏ္ဍပ်ကြီးတွေကလည်း ကြိုကြိုတင်တင် ငှားထားရတာ။ သုံးပင်လေးခန်း၊ ငါးခန်းပတ်လည် စသည်ဖြင့် အရွယ်အစားကိုလိုက်ပြီး ဈေးကအမျိုးမျိုး။ မဏ္ဍပ်ကြမ်းကတော့ ရွာသားတွေလက်ရာ ၀ါးဖရိန်။ ပွဲနီးလာရင် မြို့ကမဏ္ဍပ်ဆရာအိမ်က မဏ္ဍပ်အကာတွေကို လှည်းတွေလှည်းတွေနဲ့ တိုက်ပြီး ( အညာမှာက လှည်းနဲ့သွားသယ်တာကို လှည်းနဲ့တိုက်တယ်လို့ ခေါ်သဗျ ) မဏ္ဍပ်ကြမ်းရှေ့မှာပုံထား။ မဏ္ဍပ်ဆရာရောက်လာရင် သူ့ညွှန်ကြားချက်အတိုင်း ဟိုအပိုင်းကို ဟိုတိုင်မှာချည်။ ဟိုအကန့်ကို ဟိုတန်းမှာတုပ်။ မကြာခင်မှာပဲ နန်းတော်ပုံချိုးထားတဲ့ မဏ္ဍပ်ကြီး ရုပ်လုံးပေါ်ပါလေရော။ စုလစ်မွန်းချွန်တွေ၊ ခန်းဝင်ပန်းချီကားတွေ ထည်ထည်ဝါ၀ါ၊ ဘုံအဆင့်ဆင့်မှာ ရွှေရောင်လက်နေတဲ့ မဏ္ဍပ်ကြီးကို မြင်လိုက်တာနဲ့တင် တစ်ရွာလုံး မြူးလို့ပျော်လို့။ မဏ္ဍပ်ထဲမှာ တရားပေးမယ့် သံဃာတော်တွေထိုင်ဖို့ သံဃာစင်ကိုလည်း မမေ့စေရ။ မဏ္ဍပ်ထောင့်က ကန်တော့ပွဲကလေးက ရှင်ဥပဂုတ်မထေရ်မြတ်ကို ပူဇော်ထားတာ။ ဘာကြောင့်လဲဆိုရင် အလှူတွင်းမှာ မိုးရွာပြီး ပွဲမပျက်ရလေအောင် မထေရ်မြတ်ကြီးကို မိုးတားပေးတော်မူဖို့ မေတ္တာရပ်ခံထားမှ။ အနှီဓလေ့က ပထမသင်္ဂါယနာတင်တဲ့ အချိန်ကို ပြန်သတိရမိအောင် လုပ်နေသလို။ ဘာဖြစ်လို့လဲဆိုတော့ သီရိဓမ္မာသောကမင်းကြီးရဲ့ အလှူပွဲမှာ ပွဲဖျက်မယ့် မာရ်နတ်က မိုးတွေရွာ၊ လေတွေတိုက်အောင်လုပ်တော့ ရှင်ဥပဂုတ္တမထေရ်ကြီးက ကာကွယ်တားဆီးပေးတော်မူခဲ့တာကိုး။

မဏ္ဍပ်ထိုးပြီးတာနဲ့ တစ်ရွာလုံး အုတ်အော်သောင်းသည်း အလုပ်များကြပြီ။ နောက်တစ်ရက်ဆိုရင် အလှူရက်။ အနှီပထမရက်ကို အညာမှာတော့ “ မဏ္ဍပ်ဝင် ”လို့ ခေါ်ကြပါရဲ့။ အလှူကိုလာကြမယ့် ကိုယ့်မိတ်ဆွေတွေကို ဧည့်ခံဖို့ ကျွေးမွေးဖို့ အိမ်တိုင်းလိုလို အဆင်ပြေမယ့် မုန့်တွေလုပ်ကြရပြီ။ ဆီပေါ၊ ကောက်ညှင်းပေါတဲ့ အညာဒေသဖြစ်ပြန်တော့ ကောက်ညှင်းတို့ ဆန်ကြမ်းတို့ကို အခြေခံထားတဲ့ အညာမုန့်တွေက ဗိုက်တာမင် ပြည့်တာထက်တောင် လျှံနေသေး။ အများဆုံးလုပ်ကြတာက မုန့်ဆီကြော်။ ကောက်ညှင်းဆန်နှစ်မှုန့်ကို ထန်းလျက်ရည်နဲ့ရောပြီး အိုးကင်းပြန့်ပေါ်မှာ ဆီနဲ့ကြော်၊ သောင်သာတဲ့လူက ထောပတ်ထည့်ထားတဲ့ မုန့်ဆီကြော်တစ်ခုတစ်ခုဆိုတာ ခေါင်းပေါ်တင်လိုက်ရင် နားနှစ်ဖက်ကိုပါ အုပ်ကျသွားတဲ့အထိ အားပါးတရကြီးတွေ။ ငှက်ပျောပင်ဆိုတာကလည်း အလေ့ကျလောက်နီးနီး ပေါက်နေပြန်တာမို့ ကောက်ညှင်းထုပ်၊ မုန့်ဖက်ထုပ်ဆိုတာကတော့ မမြင်ချင့်အဆုံး။ ကြံသကာတို့ မြေပဲယိုတို့ကလည်း စုံစုံလင်လင်။ ဟိုအိမ်သွားလည်း အညာမုန့်၊ သည်အိမ်သွားလည်း အညာမုန့်။ မြို့သားများကတော့ အနှီလောက်များလွန်းတဲ့ မုန့်တွေကို တစ်ခါလောက်မြင်ဖူးသွားရင် တစ်သက်မုန်းလောက်ပေမယ့် ကျေးတောက အညာသားတွေကတော့ ဘယ်အချိန်မှာ ဘယ်လောက်များများကို ဘယ်နှစ်ခါပဲစားစား မုန်းကိုမမုန်းနိုင်တာကလား။ ဧည့်သည်စောင်သည်လာရင် ကြည့်ပျော်ရှုပျော်ရှိအောင် အိမ်ကလေးတွေကို လှည်းကျင်းသုတ်သင်။ အိမ်မှာရှိသမျှ ပန်းကန်ခွက်ယောက်အသစ်တွေ ထုတ်ချ။ အကောင်းဆုံးထားတဲ့ စားပွဲခင်းတွေ ထုတ်ခင်း။ ညအိပ်နားမယ့် ဧည့်သည်တွေအတွက် မခြုံရက် မသုံးရက်ဘဲ ထန်းခေါက်ဖာထဲထည့်သိမ်းထားကြတဲ့ စောင်တွေ ခြင်ထောင်တွေထုတ်။ အညာသားဆိုတာ ဧည့်သည်ကို တကယ်ချစ်တဲ့ လူစားမျိုး။

ကာလသမီးတွေကလည်း သူရို့အပ်ထားတဲ့ အ၀တ်အစားတွေ အလှူရက်အမီရဖို့ စက်ဆိုင်တွေကို လောဆော်။ ခါတော်မီ ဆံပင်ပြေးကောက်တဲ့လူကကောက်။ သည်ပွဲမျိုးမှ အလှမပြင်ရင် ဘယ်ပွဲပြင်ရလိမ့်တုန်း။ ပြောမယ့်သာပြောရတယ် အညာကျေးတောသူဆိုတာ ဒီဇိုင်နာတွေ ဘာတွေ ဘာသိတာမှတ်လို့။ စက်ဆိုင်နံရံမှာ တော်သလိုလျော်သလို နှီးစနဲ့ထိုးပြီးညှပ်ထားတဲ့ ပြက္ခဒိန်တွေထဲက ကိုယ်ကြိုက်တဲ့ မင်းသမီးဝတ်ထားတဲ့ အင်္ကျီကိုလက်ညှိုးထိုးပြပြီး အဲသာမျိုးချုပ်ပေးတော်လို့ ပြောပစ်ခဲ့တဲ့သူတွေချည်း။ မောင်ဟန်ကြည်တို့ခပ်ငယ်ငယ်ကတော့ “ မောင့်ပက်လက်လန် ” တို့ ဘီဘဲတို့ ခေတ်စားတာမှတ်မိသေးရဲ့။ မောင့်ပက်လက်လန်ဆိုတဲ့ အင်္ကျီစက မှန်သားရောင် ခပ်ကြည်ကြည် အသားမှာ မန်ကျည်းရွက်ပုံစံ အဖတ်ကလေးတွေ အစီအရီ ကပ်နေတဲ့ ဒီဇိုင်း။ အိမ်ရှင်ထီးတွေ မျက်လုံးပြူးပြီး ပက်လက်လန်သွားအောင် ဈေးကြီးလွန်းလို့ အနှီနာမည်တွင်တယ် ထင်တာပါပဲ။ အထိုက်အလျောက် တတ်နိုင်ကြရင်တော့ ဇာလေးဘာလေးဝတ်တာပေါ့လေ။ အလှူ့အမကတော့ အနှီကာလမှာ စတားပေါ့။ သူရို့ကျတော့ တောမြို့လေးနဲ့တင် ဘယ်ကျေနပ်လိမ့်တုန်း။ မန္တလေးပြေးပြီး ပိုးချိတ်တွေဘာတွေ ၀ယ်ကြသပေါ့။ အလှူ့အမ၀တ်တဲ့ ဘယ်ချိတ်ကဘယ်လောက်ပေးရတာဆိုတဲ့ အသံက သည်ကာလမှာ အရေးကြီးပြန်သေးရဲ့။     ။

ဆက်ပါဦးမယ် . . .

( သကလ ၀ဋ္ဋ နဲ့ ရှင်ဥပဂုတ္တမထေရ်နဲ့ ပတ်သက်တဲ့ သတ်ပုံမှားနဲ့ အချက်အလက်အမှားတွေကို စေတနာရှေ့ထားပြီး ပြင်ဆင်ထောက်ပြပေးခဲ့တဲ့ အရှင်ဇနက ( အင်္ဂါမောင် ) ကို အထူးကျေးဇူးတင်ကြောင်း လျှောက်တင်ပါရစေ )

Tuesday, 12 February 2013

ချစ်သောအညာ ( ၄ ) . . .



တာဝန်ကျေ စပါးသွင်း၊ စပါးပေးယူထားတဲ့ အကြွေးတွေဆပ်ပြီးရင်တော့ ကျီထဲမှာ ကျန်တဲ့စပါးဟာ လယ်သမားရဲ့ တစ်နှစ်တာ လုပ်အားခပေါ့လေ။ ဘာပဲဖြစ်ဖြစ် အနှီကာလကတော့ အညာရွာတွေမှာ ဆိုင်းသံဗုံသံတွေ ဆူဆူညံတဲ့ကာလ။ အလှူပွဲတွေ ခြိမ့်ခြိမ့်သဲပြီး ထမင်းရည်တွေ ချောင်းစီးတဲ့ ကာလကြီးပေါ့။ ဟိုရွာသည်ရွာ အလှူကြီးပြိုင်ကြတဲ့ ကာလကြီးဆိုရင်လည်း မမှားပေဘူးပေါ့။ အလှူပွဲတွေထဲမှာ အညာတောအလှူဟာ ပျော်စရာ အကောင်းဆုံးလို့ ဦးဟန်ကြည်ထင်ပါရဲ့။ အနှီလိုပြောလို့ ဒေသစွဲစိတ်နဲ့ လိုရာဆွဲပြောတယ်လို့လည်း မထင်လေနဲ့။ အညာသားရဲ့ အညာသွေး၊ အညာဗီဇက တောအလှူတွေမှာမှ အထင်းသားပေါ်တာ ပြောမယုံ ကြုံဖူးမှ သိကြမှာပ။

ရွာတစ်ရွာမှာ အလှူရှိတယ်ဆိုရင် အလှူမတိုင်ခင် တစ်လကိုးသီတင်းလောက်ကတည်းက တစ်ရွာလုံး အုံးအုံးကြွက်ကြွက် လှုပ်ရှားကြရော။ ကာလသား၊ ကာလသမီးတွေကလည်း မြို့တက်ပြီး အင်္ကျီအ၀တ်အစား ၀ယ်တဲ့လူဝယ်၊ စက်ဆိုင်မှာ အပ်တဲ့လူအပ်။ လူကြီးပိုင်းကလည်း လုပ်စရာကိုင်စရာရှိတာတွေကို ပြင်ကြဆင်ကြ။ ကလေးတွေကလည်း မြူးကြပျော်ကြ၊ တစ်ရွာသားနဲ့ တစ်ရွာသားဆုံရင် ငါတို့ရွာက သည်နွေမှာ ဘယ်နှစ်လှူ၊ မင်းတို့ရွာက ဘယ်နှစ်လှူဆိုတာ ပြိုင်ကြရတာ အမော။ အလှူဆိုတာက အညာအသုံးအနှုန်းနဲ့ ပြောရရင် အလှူလေးနဲ့ အလှူကြီးဆိုပြီး နှစ်မျိုးရှိသေးတာရယ်။ အလှူလေးဆိုတာကတော့ ထမင်းတစ်နပ်ကျွေးပြီး ဆိုင်းတွေဝိုင်းတွေမပါဘဲ လောက်စပီကာ ( အညာခေါ် လော်စပီကာ ) ဖွင့်ပြီး အကျဉ်းရုံး သင်္ကန်းစည်းပေးတဲ့ပွဲ။ အလှူကြီးကတော့ ထမင်းသုံးနပ်အနည်းဆုံးကျွေးပြီး ဆိုင်းတွေ၊ ဘိသိတ်တွေနဲ့ ကြီးကြီးကျယ်ကျယ် ၀ှဲချီးကျင်းပတဲ့ပွဲကြီး။ တော်ရုံတောင်သူ အနားမကပ်နိုင်ဘဲ လယ်ဧက လေးငါးခြောက်ဆယ်ပိုင်တဲ့ တောင်သူကြီးတွေ လုပ်လေ့ရှိတဲ့ အလှူကြီးမျိုး။ ရွာတစ်ရွာမှာ အလှူကြီးတစ်ခုရှိပဟေ့ဆိုရင် တစ်ရွာလုံးကို မြူးလို့ရွှင်လို့။ မလိုတမာစိတ်ရှိတယ်လို့လည်း မကြားဖူးပေါင်။ မုဒိတာပွားပြီး   ပီတိဖြစ်နေကြတာချည်း။

အလှူလေးမှာက ဗူးသီးနဲ့ဝက်သား သားပြွမ်းကျွေးတာကများတာပါပဲ။ ဘာကြောင့်လဲဆိုတော့ အကုန်အကျ နည်းတာကိုး။ ဗူးသီးနဲ့ဝက်သားသာဆိုတယ် ပြောရရင် ဧက ၂၀ လောက်ကျယ်တဲ့ ဗူးခင်းကြီးထဲမှာ ငါးပိဿာလောက်ပဲ အချိန်စီးမယ့် ၀က်ပေါက်ကလေးတစ်ကောင် ဖြတ်ပြေးသလောက်ပဲ ရှိတာကလား။ လက်ဦးတဲ့လူက အမြန်နှိုက်ဆယ်နိုင်ပါမှ ပါလေကာ ၀က်သားဖတ်ကလေး ထမင်းပန်းကန်ထဲရောက်မယ်။ လက်နှေးတဲ့လူများကတော့ ဟင်းချိုပန်းကန်ထဲ ရေငုပ်ရှာမှ ၀က်သားဖတ် မြင်ရမယ့်ကိန်း။ အရံဟင်းကတော့ ပဲတီချဉ်သနပ်၊ ပဲကြီးနှပ်နဲ့ ငရုတ်သီးအတောင့်ကြော်တွေ အကျွေးများတာ သတိထားမိပါရဲ့။ အလှူကြီးမှာတော့ ငါးခြောက်ထောင်းကြော်၊ ပဲတီချဉ်သနပ်၊ မှန်ရောင်ဟင်းချို၊ ပဲကြီးနှပ်၊ ငရုတ်သီးတောင့်ကြော်တွေ အကျွေးများတာပါပဲ။ အနှီမှာ မှန်ရောင်ဟင်းချိုဆိုတာက ရေထဲမှာ ကြက်သွန်ဖြူ၊ နီနဲ့ ပုစွန်ခြောက်ကလေး ပါလေရုံခပ်ပြီး ပန်းကန်ပေါ်မှာ ဆီကလေးတွေ ဝေ့ရုံဝေ့နေတဲ့ ဟင်းချိုကို ခေါ်တာရယ်။ သူ့အရောင်က ကြည်ကြည်လင်လင်ဆိုတော့ အညာထုံးစံအတိုင်း မှန်ရောင်ဟင်းချိုလို့ နာမည်ပေးထည့်လိုက်တာ မပိုင်လားဗျာ။ အလှူတစ်ခုမှာတော့ ငါးခြောက်နဲ့ အုန်းနို့နှပ်ပြီးကျွေးတာ တုတ်ခဲ့ဖူးပါရဲ့။ အညာသားကတော့ ဘာစားစား မမြိန်ဘူးဆိုတာကို မရှိတာ။ ဗူးသီးဟင်းချိုဆိုလည်း တရှူးရှူးနဲ့ သောက်ထည့်လိုက်ကြတာ အညာလေနဲ့ ပြောရရင် “ လှေထိုးတဲ့အတိုင်း ” ပေါ့။

သည်ဘက်နယ်က မိတ်ဆွေတစ်ယောက်က သူအညာရောက်တုန်းက အလှူမှာ ငါးခြောက်ထောင်းကြော်ကျွေးတာကို တအံ့တသြနဲ့ လာပြောတော့ ဦးဟန်ကြည် ပြုံးမိသေးရဲ့။ သူ့အထင်က ကပ်စေးနှဲလို့ ငါးခြောက်ကျွေးတယ်ထင်တာကိုး။ ငါးခြောက်ထောင်းကြော်က သူဌေးမှ ကျွေးနိုင်တာ ကိုယ့်ဆရာလို့ ရှင်းပြလိုက်တော့မှ အနှီပုဂ္ဂိုလ် ပါးစပ်အဟောင်းသားကို ဖြစ်လို့။ ဘာကြောင့်လဲဆိုတော့ မိုးခေါင်ရေရှား အထက်အညာဒေသမှာ ငါးကြီးခြောက်ဆိုတာ ရွှေလောက်ရှားတာကိုး။ သည်ကြားထဲမှာ ငါးခြောက်ဆိုတာမျိုးက ဆီထည့်ရင် ထည့်သလောက် ၀င်သေးတာရယ်။ ဆီများလေ စားကောင်းလေဆိုတာမျိုး။ ငါးခြောက်အကောင်ကြီးတွေကို ပြုတ်၊ အသားနွှင်၊ ခုတ်စဉ်းပြီး ကြက်သွန်နီနဲ့ရောကြော်တဲ့ အညာစတိုင် ငါးခြောက်ကြော်မျိုးကို သတိရလွန်းလို့ ကိုယ့်ဖာသာ အိမ်မှာ ကြော်စားကြည့်ရင် အလှူမှာ စားရသလောက် မစွဲပေါင်ဗျာ။ အလှူငါးခြောက်ကြော်က ဒယ်အိုးကြီးတွေနဲ့ ကြော်တဲ့ “ ဒယ်ကြီးချက် ” ဆိုတော့ ပိုကောင်းတယ်လို့တော့ မေမေက ရှင်းပြဖူးပါရဲ့။ အနှီတော့ မောင်ဟန်ကြည်တို့မှာ ဒယ်ကြီးချက် စားရဖို့အရေး ငါးခြောက်ထောင်းကြော်ကျွေးမဲ့ အလှူကြီးကို နွေရောက်တိုင်း မျှော်ရတာမှ မောလို့။

အလှူတစ်ခုပေးတော့မယ်ဆိုရင် အလှူ့ရှင်၊ အလှူ့အမက သက်ကြီးဝါကြီး အတွေ့အကြုံများတဲ့လူတွေနဲ့ ကြိုတင်တိုင်ပင်ကြရတာရယ်။ သူရို့ကမှ ထောင့်စေ့ကို လမ်းညွှန်နိုင်တာကိုး။ အညာက သက်ကြီးဝါကြီးတွေဆိုတာ တကယ့်ကို အပူဇော်ခံ၊ အားကိုးအားထားရာတွေ။ မြို့ပြတွေမှာ သေခါနီး ဖွဲတစ်ဆုပ်တောင် မနည်းချီနေရတဲ့ အရွယ်တွေ အနှိပ်ခန်းသွား၊ ဘီယာချ၊ ကီပင်ထားနေကြတာတွေမြင်တိုင်းမြင်တိုင်း အညာက သက်ကြီးဝါကြီးတွေကို ဦးဟန်ကြည် စိတ်ကူးနဲ့မှန်းပြီး ဦးချမိတာ အခါခါ။ အလှူအစည်းအဝေးတွေမှာ ကာလသားခေါင်း၊ ကာလသမီးခေါင်းတွေပါ ပါပြီးသား။ အလှူအတွက် ထင်းခွေဖို့၊ ရေခပ်ဖို့ သူရို့ဖာသာ တာဝန်ခွဲသွားလိုက်ကြတာမှ ထောင့်ကိုစေ့လို့။ အလှူထင်းအတွက် လိုအပ်ရင် ကိုယ့်အိမ်ကိုယ့်ခြံထဲက သစ်ပင်ကြီးတွေကို စိတ်ကြိုက်ခုတ်ယူခွင့်ပြုပြီး ဒါနအကူပါကြတာကိုက ချစ်စရာ အညာဓလေ့။ အနှီလို ခုတ်လို့ထစ်လို့မှ မလောက်သေးရင် ကာလသားတစ်အုပ် လှည်းကိုယ်စီပြင်ပြီး တောခြေတက် ထင်းခုတ်ပေးကြသေးတာ။ အလှူအတွက် ငွေအားမတတ်နိုင်ကြရင်တောင် နိုင်တဲ့ဘက်က လူအားပါဝင်ခွင့်ရရင်ကို ပျော်ပျော်ကြီး ကျေနပ်ကြတာ ဘယ်မှာမှ မတွေ့နိုင်တဲ့ ချစ်စရာ အညာဓလေ့။ မြစ်နားချောင်းနားနီးတဲ့ ရွာတွေမှာတော့ အလှူမတိုင်ခင်ကတည်းက သဲသောင်ပြင်ထဲမှာ ပဲတီတွေ အပင်ဖောက်ဖို့ပျိုးထားတာက ရွာက သက်ကြီးဝါကြီးတွေရဲ့ တာဝန်။ ရွာဘုံပစ္စည်းတွေဖြစ်တဲ့ ပန်းကန်ခွက်ယောက်တွေ၊ အိုးတွေ၊ ဒယ်တွေက ရွာဦးကျောင်းမှာ အဆင်သင့်။ ပွဲနီးလာတာနဲ့ ကာလသားတွေ သွားပြုသယ်ပြီး ဆေးလိုက်ကြောလိုက်ကြရုံနဲ့ အိုခေ။ အနှီလိုမှ မလောက်သေးရင် ရွာနီးချုပ်စပ်က ဘုန်းကြီးကျောင်းတွေမှာ သွားငှားလိုက်ရုံ။

သည်ကြားထဲမှာ ကွမ်းတောင်တွေထိုးဖို့ပြုဖို့ကိစ္စကို ကာလသမီးခေါင်းက စီစဉ်ထားပြီးသား။ အနှီဖက်ကွမ်းတောင်ထိုးတဲ့ အလုပ်ကလည်း သူ့ကျွမ်းကျင်မှုနဲ့သူ။ အလှူလှည့်ရာမှာ သုံးမယ့် တံခွန်တွေ ကုက္ကားတွေ ကိုက်ဖို့ညှပ်ဖို့က သက်ကြီးဝါကြီးတွေရဲ့ အခန်းကဏ္ဍ။ မဏ္ဍပ်ထဲမှာ ထိုင်ကြနားကြဦးမယ့် အလှူပွဲလာ ပရိသတ်ကို ဧည့်ခံဖို့ ငှက်ပျောသီးတွေ မှည့်အောင်အုပ်ဖို့ကလည်း ရှိသေး။ အနှီအလုပ်ကလည်း ကြိုကြိုတင်တင် လုပ်ထားရသေးတာ။ အလှူရက်နဲ့ကိုက်ပြီး ငှက်ပျောသီးမှည့်ဖို့ဆိုတာကလည်း နားလည်တဲ့လူက စီစဉ်ပေးရတဲ့ ကိစ္စ။ လက်ဖက်တို့ ဂျင်းတို့ကိုလည်း မေ့ထားလို့ မဖြစ်ပြန်။ မြင်းခြံနယ်ကထွက်တဲ့ သနပ်ဖက်ဆေးလိပ်တွေလည်း အစည်းပေါင်းရာချီပြီး မှာထားမှ။ ဘာကြောင့်လဲဆိုတော့ အလှူမှာ အကူငွေထည့်တဲ့ မိတ်ဆွေတွေကို ဆေးလိပ်ပြန်ကမ်းပေးရဦးမှာကိုး။ မောင်ဟန်ကြည်တို့ အလှူပေးတုန်းကတော့ ငွေငါးကျပ်အကူငွေထည့်ရင် ဆေးလိပ်တစ်လိပ် ပြန်ကမ်းတာ မှတ်မိပါရဲ့ ။ ဒါတင်မကသေးဘဲ အလှူယပ်တောင်ကိုလည်း မြို့ထဲက ယပ်တောင်လုပ်ငန်းမှာ ကြိုကြိုတင်တင် အပ်ထားရသေးတာ။ အညာကြိုက်ပြောင်းဖူးဖက်ဆေးလိပ်ကြီးတွေ လိပ်ထားဖို့ကိုလည်း မလစ်ဟင်းစေရ။ ဘာဖြစ်လို့လဲဆိုတော့ အလှူပွဲလာ အဘိုးကြီးအမယ်ကြီးတွေက ပြောင်းဖူးဖက်ဆေးလိပ် တစ်တောင်လောက်ကြီးတွေကို ခဲရမှ အာသာပြေကြတာကိုး။ အနှီတော့လည်း ခုတ်စဉ်းထားတဲ့ ဥနှဲသားကို ဗာဂျီးနီးယားဆေးနဲ့စပ်ပြီး ချိုပြင်းရှဖြစ်အောင် ပျားရည်ကလေးတောက်ထားတဲ့ ပြောင်းဖူးဖက်ဆေးစပ်ကောင်းကောင်းရဖို့ အညာသူ အမယ်ကြီးတွေ လုံးပမ်းကြရပြန်ရော။

ဒါတင်မကသေးပဲ မြို့ကဧည့်သည်တွေကို ဖိတ်ဖို့ကြားဖို့ အလှူဖိတ်စာရိုက်ရမယ့် ကိစ္စကလည်း ရှိသေး။ ဖိတ်စာမှာ ပါသင့်ပါထိုက်တဲ့ ဆွေမျိုးတွေလည်း စုံစုံလင်လင် ထည့်ဦးမှ။ ဟိုအမျိုးပါပြီး သည်အမျိုးမပါခဲ့ရင် အငြိုငြင်ခံရဖို့က သေချာပြီးသား။ အလှူဖိတ်စာတို့ မင်္ဂလာဖိတ်စာတို့ဆိုတာ အညာသားတွေအတွက် ဆွေမျိုးတောင့်ကြောင်း ကြွားစရာ၊ ၀ါစရာ နေရာတစ်ခု။ ထည့်ရမယ့် ဆွေမျိုးစာရင်းတွေ နေရာကျရင် ဖိတ်စာကောင်းကောင်းရေးတတ်တဲ့ ရွာက စာတတ်ပေတတ် ပညာရှိဆီကို ချဉ်းကပ်ပေရော့။ သူတို့ကမှ စာသံပေသံပေါက်အောင် တဖွဲ့တနွဲ့ ရေးတတ်ချွတ်တတ်ကြတာကိုး။ “ အသရေမညှိုးတဲ့ ပေတိုးရွာက၊ နောင်အကျိုးမြော်သည့် မောင်ဖိုးထော်၏ တူ …ဘာညာကွိကွ ” နဲ့ ရေးမှသားမှ သဘောကျကြတာကလား။ အနှီလိုမဟုတ်ဘဲ တုံးတိတိနဲ့ ရေးထားလို့ကတော့ မင်းတို့ရွာမှာ စာတတ်ပုဂ္ဂိုလ် အနှီလောက် ရှားရသလားလို့ စကားတင်းဆိုခံရဦးမှာကလည်း သေချာရဲ့။ သို့ပေမင့် သည်ဘက်ခေတ်ရောက်တော့လည်း ဆီလျော်တဲ့ စကားပြေနဲ့ပဲ ရေးကုန်ကြတာ များတာပါပဲ။

ဖိတ်စာကိစ္စစီစဉ်နေတုန်းမှာ လည်လည်ပတ်ပတ်ရှိတဲ့ ရွာသားတစ်ချို့နဲ့ အလှူ့ရှင်ရဲ့ ကိုယ်စားလှယ်တစ်ယောက်ယောက်က မြို့တက်ပြီး ဆိုင်းတို့ ဘိသိတ်တို့က ငှားကြရသေးတာ။ အနှီကာလကတော့ ဆိုင်းဆရာတွေ ဘိသိတ်ဆရာတွေ တယ်ပဏ္ဍာစားတဲ့ ကာလ။ အူစိုတဲ့ ရာသီတွေပေါ့လေ။ ဆိုင်းကလည်း နာမည်ကြီးရင် ကြီးသလို ဈေးကခေါ်သေးတာရယ်။ ကိုယ်လိုချင်တဲ့ရက်နဲ့ ဆိုင်းဆရာပေးနိုင်တဲ့ရက် အဆင်ချောဖို့ တစ်ချို့များဆိုရင် သုံးလေးလလောက်ကတည်းက ကြိုပြုပြီး ဆိုင်းငှားကြရသေးတာ။ အလှူ့ရှင်ခမျာလည်း ငွေကုန်ကြေးကျခံပေမယ့် ကိုယ်ငှားတဲ့ဆိုင်းက ရွာကကြိုက်တဲ့ဆိုင်းဖြစ်ဖို့ အတော်ဦးစားပေးရသေးတာ။ များသောအားဖြင့်တော့ ရွာကလူကြီးတွေက ဘယ်ဆိုင်းဘယ်ဆိုင်းတော့ ကောင်းသကွာလို့ လမ်းညွှန်တာကိုပဲ လိုက်နာကြရတာ များပါရဲ့။ အလှူနားကပ်လို့ ဖုတ်ပူမီးတိုက် ဆိုင်းသွားငှားလို့ကတော့ ဆိုင်းဆရာလုပ်တဲ့လူက ဆိုင်းပွဲရှိတဲ့ရက်တွေကို ကြက်ခြေတွေ ခြစ်ထားတဲ့ သူ့ပြက္ခဒိန်ကြီး တလှန်လှန်လုပ်တာနဲ့တင် ဆိုင်းငှားတွေခမျာ မျက်စိပျက် မျက်နှာပျက်။ ဆိုင်းကိစ္စ ရင်အေးရရင် ဘိသိတ်ဆရာဆီပြေး။ ဘိသိတ်ကလည်း အာဝဇ္ဇန်းကောင်းကောင်းနဲ့ ကျအောင်ပြောနိုင်မှ အဆင်ပြေတာကလား။ ရိုးရိုးဘိသိတ်ဆရာမဟုတ်ဘဲ နာမည်နောက်မှာ BA တို့ B.Sc တို့ အမြီးငုတ်တုတ်ပါတဲ့ မြို့ကြီးပြကြီးက ဘိသိတ်ဆရာမျိုးသာဖြစ်ရင် အညာသားတွေ မနောကိုခွေ့လို့။

တစ်ချို့တတ်နိုင်တဲ့ အလှူ့ရှင်များကျတော့ အလှူလှည့်တာကိုတောင် ရိုးရိုးမလှည့်ဘဲ ၀င်းခင်းကြသေးတာ။ ၀င်းကလည်း မင်းညီမင်းသားတွေပုံစံ ၀တ်ဆင်ပြီး လှည့်တဲ့ “ ရာဇာဝင်း ” တို့ နတ်တွေသိကြားတွေပုံစံဝတ်ပြီးလှည့်တဲ့ “ ဒေ၀ါဝင်း ” တို့ဆိုပြီး ခွဲထားလိုက်သေး။ ရာဇာဝင်းမှာတောင်မှ “ ပုဂံဝင်း ” “ ကုန်းဘောင်ဝင်း ” ဘာဘာညာညာ ခေါင်းစဉ်ခွဲတွေက ရှိသေး။ အလှူ့ရှင်စိတ်ကြိုက်ဝင်းကို ရွေးပြီးရင် အ၀တ်အစားငှားတဲ့ လုပ်ငန်းမှာ စရံသတ်ထားမှ။ အနှီဝင်းခင်းတဲ့ ကိစ္စကျတော့ အ၀တ်အစားကို အလှူ့ရှင်က တာဝန်ယူပြီး မိတ်ကပ်ဘာညာကတော့ ရွာသူရွာသားတွေ ကိုယ့်တာဝန်ကိုယ်ယူကြပေါ့လေ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရွာ၊ ကိုယ့်အလှူကို တတ်နိုင်သမျှ စည်စည်ကားကား သိုက်သိုက်ဝန်းဝန်းဖြစ်တယ်ဆိုရင်ကို အညာသားက ပျော်ပြီးသား။ မောင်ရှင်လောင်းတွေ ၀တ်မယ့်ဆင်မယ့် ဗောင်း၊ နားတောင်းတွေ လက်ကြပ်တွေပါတဲ့ မင်းဝတ်မင်းစားတွေနဲ့ နားသမယ့် သမီးတွေ ၀တ်ဖို့ မလိက္ကာတန်ဆာတွေကိုလည်း မေ့လို့မဖြစ်ပြန်။ အလှူ့ရှင်နဲ့ ရှင်လောင်းတွေအတွက် မြို့က မိတ်ကပ်ဆရာကိုလည်း ကြိုကြိုတင်တင် ငှားထားဦးမှ။ ဓာတ်ပုံဆရာကိုလည်း မကျန်စေနဲ့ဦး။ ဖြစ်နိုင်ရင် ဗီဒီယိုသမားလေးလည်း ပါမှ။     ။

ဆက်ပါဦးမယ် . . .

ကြိုက်ရင်ပေါ့လေ . . .