Thursday, 20 June 2013

ထိုမနက်ခင်း . . .


မနေ့ညက မိုးရွာသည်။ ရာသီဥတုသည် အေးအေးမြမြနှင့် သာတောင့်သာယာရှိလှ၏။ မနက်စောစောထစရာမလိုသော ဖိုးကံကောင်းများအတွက် အိပ်ယာထဲတွင် ဟိုလူးသည်လှိမ့်ဖြင့် နှပ်ရင်း ဇိမ်တည်ရန်ကောင်းသော ရာသီဥတုပင်တည်း။ ပါးစပ်လှုပ်မှ ပါးစပ်လှုပ်ရရှာသော ဦးဟန်ကြည်ကား အိပ်ယာထဲတွင် မနှပ်နိုင်။ မနက်ခင်း ခြောက်နာရီထိုးသည်နှင့်တပြိုင်တည်း အိပ်ယာမှ လူးလဲထရလေတော့သည်။ မနေ့ညက ဆယ့်တစ်နာရီထိုးတွင် အိပ်ယာဝင်ခဲ့မိသည်မှာ ခပ်ကောင်းကောင်းပင်။ အခါတိုင်းညများတွင် ဦးဟန်ကြည်၏ အစောဆုံး အိပ်ယာဝင်ချိန်သည် သန်းခေါင်ကျော် တစ်ချက်တီးချိန်လောက် ဖြစ်လေသည်။ မနေ့ညကမူ လက်ဝဲဘက်နားက တစစ်စစ် ကိုက်ခဲနေသဖြင့် စိတ်လက်မကြည်မသာဖြစ်ကာ ခပ်စောစောပင် အိပ်ယာဝင်ဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် မိုးအေးအေးနှင့် ချိုးကွေးကွေးရန် အသင့်တော်ဆုံးဖြစ်သော အရုဏ်ဦးအချိန်၌ အိပ်ယာမှ ကြည်ကြည်လင်လင်နိုးထနိုင်ခဲ့ခြင်း မဟုတ်လော။ မကွယ်မထောင့်ဝန်ခံရလျှင် ဦးဟန်ကြည်မည်သော လူထူးဆန်းသည် ညအချိန်တွင် အိပ်စက်ရမည်ကို အလွန်တရာ နှမြောသလို၊ မနက်ခင်းတွင် စောစောအိပ်ယာထရမည်ကိုလည်း အလွန်တရာမှပင် စက်ဆုပ်လှပေ၏။ ကျောင်းသားဘ၀တလျှောက်လုံး မနက်ခြောက်နာရီတွင် တစ်ခါမှ အိပ်ယာမထခဲ့ဖူးချေ။ သို့သော် ကျောင်းဆရာဘ၀သို့ရောက်သောအခါတွင် ငယ်ဘ၀ကဲ့သို့ ပျင်းကြောဆွဲရန် အခွင့်မသာတော့။ ဆရာတစ်ယောက်၏ အာဝေနိက ဒုက္ခများတွင် မနက်စောစော အိပ်ယာထရခြင်းလည်း တစ်ခုအပါအ၀င်ဖြစ်သည်ဟု ဦးဟန်ကြည် အနက်ဖွင့်လိုက်ချင်တော့သည်။ ၀ီရိယကောင်းလှသော လုပ်ဖော်ကိုင်ဖက် ကျောင်းဆရာများကို အားကျပေစွ။

အိပ်ယာမှ စိတ်လက်ကြည်ကြည်လင်လင်ဖြင့် နိုးထခဲ့သော်လည်း ခန္ဓာကိုယ်ကား မကြည်လင်လှ။ လက်ဝဲဘက်နားသည် ညကထက်ပိုမိုပြင်းထန်သော ကိုက်ခဲခြင်းမျိုးဖြင့် တစစ်စစ် ကိုက်ခဲနေဆဲပင် ဖြစ်သည်။ ဤအသက်အရွယ်ရောက်သည်အထိ နားကိုက်သည့်ဝေဒနာကို တစ်ခါမျှ မခံစားဖူးခဲ့သော ဦးဟန်ကြည်အတွက် ထိုဝေဒနာအသစ်အဆန်းသည် အခံရဆိုးလွန်းလှပေစွ။ မျက်နှာဘယ်ခြမ်းတစ်ခုလုံးသို့ နာကျင်မှုဝေဒနာက ဖိစီးနေ၏။ ဇရာမဖိစီးချင် ဗျာဓိရောက်ချင်သည်ထင်၏။ မည်သို့ပင်ဆိုစေ မရဏသန္တ၀ီထိ မကျသေးသည်ကိုပင် ကျေးဇူးတင်ရပေတော့မည်။ နားအနာသက်သာနိုးနိုးဖြင့် လှုပ်လီလှုပ်လဲ့ ဆင်မယဉ်သာလျှောက်ရင်း အိပ်ခန်းမှထွက်ကာ စွန့်ခြင်း၊ သန့်ခြင်းလုပ်ငန်းများကို တတ်နိုင်သမျှ အညင်သာဆုံး ဆောင်ရွက်သည်။ သတိထား၍ မျက်နှာသစ်သည့်ကြားမှ အလိုက်မသိသော လက်က လက်ဝဲဘက်နားကို ခပ်ဆတ်ဆတ် အဖျားခတ်မိပြန်သည်။ မအော်မိအောင် အံကြိတ်ထားရပြန်၏။ နားကိုက်နေချိန်တွင် သွားတိုက်ရသည်မှာလည်း ဝေဒနာတစ်ရပ်ဟု အမှတ်ထင်ထင် သတိထားမိပြန်သည်။ ဝေဒနာကို ဥာဏ်ဖြင့်ယှဉ်ရန် အားထုတ်သည်။ ထင်သလောက်မလွယ်ကူလှ။ သက်ပြင်းချရင်း ရေချိုးခန်းမှထွက်ရသည်။ အ၀တ်တန်းပေါ်တွင် အသင့်တွေ့ရသော အင်္ကျီခပ်လတ်လတ်တစ်ထည်ကို ယူဝတ်သည်။ ပုဆိုးခပ်သန့်သန့်တစ်ထည်ကို ကောက်စွပ်ပြီး လူယောင်ဖန်ဆင်းသည်။ ဆရာဟူသော သတ္တ၀ါသည် မိမိကိုယ်ကိုပါ ရောင်းကုန်စာရင်းတင်နေရသော သနားစရာသတ္တ၀ါဖြစ်မည်ထင်၏။

မနက်ခြောက်နာရီခွဲလျှင် ဦးဟန်ကြည်၏ တစ်ဦးတည်းသော န၀မတန်းကျောင်းသား ရောက်လာချေပြီ။ မောင်ကျောင်းသားကား အချိန်မှန်လွန်းပေစွ။ ၀ီရိယကောင်းလွန်းသည်ဟု အချီးကျူး မစောလေနှင့်။ မောင်ကျောင်းသားသည်လည်း ဦးဟန်ကြည်နည်းနှင်နှင် အိပ်ယာထ ခပ်ပျင်းပျင်းပင် ဖြစ်လေသည်။ မအေနှင့် အစ်မဖြစ်သူက ရိုက်မောင်းပုတ်မောင်းဖြင့် ဇွတ်အတင်းနှိုးလွှတ်လိုက်သဖြင့်သာ ကျောင်းချိန်မီရောက်လာခြင်း ဖြစ်ပေလိမ့်မည်။ တာဝန်မကျေမည်ကို ကြောက်စိတ်ဖြင့် အိပ်ယာထရသော ဦးဟန်ကြည်နှင့် မိဘမောင်ဘွားကို ကြောက်စိတ်ဖြင့် အိပ်ယာထရသော မောင်ကျောင်းသားတို့မှာ အနေအထားချင်း သိပ်မကွာလှ။ သူတော်ချင်းချင်းဖြစ်သောကြောင့်သာ သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ကြသည်ဖြစ်ပေလိမ့်မည်။ စာကြည့်စားပွဲတွင် ဆရာတပည့်နှစ်ယောက်ထိုင်သည်။ ဆရာဖြစ်သူ ဦးဟန်ကြည်က တပည့်ဖြစ်သူကို မြန်မာသဒ္ဒါစာအုပ်ဖွင့်ရန် အမိန့်ပေးသည်။ ခေတ်ကာလ ကျောင်းသားများ မြန်မာစာ အားနည်းလွန်းလှခြင်းကို ဦးဟန်ကြည် ဘ၀င်မကျ။ ထို့ကြောင့်ပင် တစ်ဦးတည်းသော န၀မတန်းကျောင်းသားကို အလျဉ်းသင့်တိုင်း မြန်မာသဒ္ဒါကို ဖိသင်၏။ ကျယ်ကျယ်ပြန့်ပြန့်သင်၏။ ကိုးတန်းသည် ကျောင်းစစ်ဖြစ်သည်ဟု မောင်ကျောင်းသား၏ အတန်းပိုင်က ခနဲ့ပြောပြောသည်ဟု မောင်ကျောင်းသားက ဦးဟန်ကြည်ကို တိုင်လေသည်။ အောင်မှတ်သည် သူမလက်ထဲတွင် ရှိသည်ဟု ဆိုလိုရင်းဖြစ်ပေလိမ့်မည်။ ဦးဟန်ကြည် စိတ်မ၀င်စား။ အောင်ခြင်း၊ ကျခြင်းသည် အဓိကမဟုတ်၊ တတ်ခြင်း မတတ်ခြင်းသည် ပဓာနဟု နှလုံးပိုက်လေသော ဦးဟန်ကြည်ကို အသင်ဆရာမ လျှော့တွက်လေခြင်းဟု တစ်ချက်ပြုံးမိသည်။ သူမ၏ ကျူရှင်တွင် ကိုးတန်းကျောင်းသား သုံးလေးဆယ်ရှိနေပြီကိုပင် မကျေနပ်နိုင်သေးဘဲ ဦးဟန်ကြည်၏ တစ်ဦးတည်းသော ကျောင်းသားကို မျက်စောင်းထိုးနေသော ထိုဆရာမကို ဦးဟန်ကြည် သနားမိပြန်သည်။ စစ်စစ်ဆိုလျှင် ဦးဟန်ကြည်သည် ကိုးတန်းသင်သော ဆရာမဟုတ်။ ကိုးတန်းသင်ရန်လည်း စိတ်မ၀င်စား။ မိမိကို အားကိုးအားထားပြုနေကြရှာသော တက္ကသိုလ်ဝင်တန်း အညံ့ပန်းကလေးများ ပတ်လည်ဖြင့် ယားလို့ပင် မကုတ်အားလေ။ တပည့်ဟောင်းဖြစ်သော မောင်ကျောင်းသား၏ အစ်မဖြစ်သူနှင့် မိသားစုဝင်ကဲ့သို့ဖြစ်နေသော မောင်ကျောင်းသား၏ မိခင်ဖြစ်သူတို့က အားကိုးတကြီးဖြင့် အပ်နှံသောကြောင့်သာ ဦးဟန်ကြည် အိပ်ရေးပျက်ခံနေခြင်း ဖြစ်လေ၏။ အများဝေဖန်တိုက်ခိုက်သော စကားတစ်ခွန်းစီသာ သဲတစ်ပွင့်စီဖြစ်ခဲ့မည်ဆိုလျှင် ဦးဟန်ကြည်တစ်ယောက် ယခုအချိန်တွင် ကန္တာရအလယ်တွင် ငုတ်တုတ်ထိုင်နေရလောက်ပေပြီ။ ရှိစေတော့။ ဦးဟန်ကြည်သည် အများနည်းတူ တည့်တည့်မသွားတတ်သော ဂဏန်းမျိုးပင် မဟုတ်ပါလော။

မောင်ကျောင်းသားကို မြန်မာသဒ္ဒါလာ ကြိယာဝိသေသနများအကြောင်း တစ်နာရီနီးပါးကြာအောင် ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြောဆိုပြီးလျှင် လေ့ကျင့်ခန်းများလုပ်ရန် တာဝန်ပေးလိုက်သည်။ မောင်ကျောင်းသားကား ဖင်ကုတ်ခေါင်းကုတ်ဖြင့် ရှိစုမဲ့စု ဥာဏ်ရည်ဥာဏ်စွမ်းတို့ကို ဇွတ်အတင်းညှစ်ထုတ်ရင်း စွမ်းနိုင်သမျှ ဖြေလေတော့သည်။ ခက်ခဲသော မေးခွန်းနှင့်တိုးလျှင်လည်း ဦးဟန်ကြည်ကို ပြန်မမေးရဲ။ မေးပြန်လျှင်လည်း သူ့ဆရာဦးဟန်ကြည်က “ မှန်တာ မှားတာ ငါ့အလုပ်…စွမ်းသလောက်ဖြေရမှာ မင်းအလုပ် ” ဟူသည့် ဓာတ်ပြားဟောင်းကြီးကို ဖွင့်ပြပေဦးတော့မည်။ ကိုယ်စွမ်းကိုယ်စကို ရှေ့တန်းတင်လွန်းသော ဆရာဖြစ်သူ၏ စိတ်ရင်းကို သိလေပြီးဖြစ်သော မောင်ကျောင်းသားကား လေ့ကျင့်ခန်းအတွင်း စိတ်နှစ်ရင်း တုတ်တုတ်မျှ မလှုပ်။ မောင်ကျောင်းသား အလုပ်ရှုပ်နေချိန်တွင် ဆရာဖြစ်သူ ဦးဟန်ကြည် အနားမရသေး။ ဆယ်တန်းကျောင်းသားများအတွက် သင်ထောက်ကူ စာအုပ်ထုတ်ရန် ပြင်ဆင်နေရလေသည်။ ကွန်ပျူတာကိုဖွင့်ပြီး သင်ရိုးညွှန်းတန်း စာအုပ်ငယ်ကို ရှာသည်။ စာအုပ်ငယ်ကိုတွေ့လျှင် ရှိစုမဲ့စုဖြင့် ခြစ်ကုတ်ဝယ်ထားသော Samsung ML 1640 Laser printer ကို ပါဝါဖွင့်သည်။ ဦးဟန်ကြည်၏ အလုပ်စားပွဲသည် အမှိုက်ပုံသာသာ။ ထိုအမှိုက်ပုံတွင်းမှ Double A အမျိုးအစား A4 စက္ကူထုပ်ကို ရှာသည်။ တွေ့လျှင် စာရွက်အချို့ကို ဆွဲထုတ်ပြီး printer တွင်းသို့ထည့်သည်။ booklet ထုတ်ခြင်းသည် ကရိကထ အလွန်များသော အလုပ်ပင်တည်း။ ကွန်ပျူတာနှင့် printer ကိုချိတ်ဆက်ပြီး မနံပါတ်ပါသော စာမျက်နှာများချည်း တစ်စုံထုတ်ရန် အမိန့်ပေးရသည်။ ထွက်လာသော စာရွက်များကို တစ်ရွက်ချင်း အပေါ်အောက်ပြောင်းပြန်လှန်ပြီး printer အတွင်းသို့ တစ်ခါပြန်ထည့်ရသည်။ စုံနံပါတ်ပါသော စာမျက်နှာများချည်း တစ်စုံထုတ်ရန် ကွန်ပျူတာမှတဆင့် အမိန့်ပေးရပြန်သည်။ လေးငါးစုံထုတ်ရန် ဘိုင်ကြံကြံပြီး အမိန့်မပေးရဲ။ စာရွက်နှစ်ရွက်ပူးပြီး ထွက်သွားသဖြင့် စုံနှင့်မ မတွဲမိဘဲ စာရွက်တစ်ရာခန့် အမှိုက်ခြင်းအတွင်း ၀င်သွားဖူးကတည်းက ဦးဟန်ကြည် တရားပေါက်ခဲ့ပြီးသား ဖြစ်လေသည်။ ထို့ကြောင့်ပင် ထိုင်လိုက်၊ ထလိုက်ဖြင့် ကိုယ့်ကိုယ်ကိုသာ မညှာတမ်း နှိပ်စက်ရလေတော့၏။

ရဲဘော်ကြီး ML 1640
















စာအုပ်လေးအုပ်မြောက်ထုတ်အပြီးတွင် မောင်ကျောင်းသား ခေါင်းထောင်လာပြန်သည်။ လေ့ကျင့်ခန်း ပထမပိုင်းကို ဖြေပြီးသွားပြီဟု ဆို၏။ ဦးဟန်ကြည် စစ်ပေးရပြန်သည်။ အယူအဆအမှားများကို တစ်ခေါက်ပြန်ရှင်းပြရပြန်၏။ သဘောပေါက်သလောက်ရှိလျှင် လေ့ကျင့်ခန်း နောက်တစ်ပိုင်း ထပ်ပေးလိုက်ရပြန်သည်။ မောင်ကျောင်းသား နောက်တစ်ချီအလုပ်များသွားပြန်လျှင် စာအုပ်ထပ်ထုတ်ရန် ဟန်ပြင်သည်။ ထုတ်ထားပြီးသား စာမျက်နှာများကို တစ်ချက်လှန်ကြည့်လိုက်လျှင် ဦးဟန်ကြည် မျက်လုံးပြူးသွားလေတော့သည်။ printer တွင်းရှိ Toner နည်းနေသည်ထင်၏။ စာလုံးများကား ယခင်နေ့ကကဲ့သို့ နက်မှောင်ရှင်းလင်းခြင်း မရှိတော့။ အကောင်းကြိုက်သော ဦးဟန်ကြည် မနေနိုင်လေ။ printer ကိုဖွင့်သည်။ Toner cartridge ကို ဆွဲထုတ်သည်။ အံဆွဲတွင်းရှိ ၀က်အူလှည့်ကို ထုတ်ယူပြီး cartridge ကို ဖွင့်သည်။ လွန်ခဲ့သော တစ်ပတ်က ၀ယ်ထားသော Toner refill ဘူးကို ရှာရပြန်၏။ တွေ့လျှင် cartridge တွင်းသို့ လောင်းထည့်သည်။ ကျောမွဲရွှေပြည်သားဖြစ်ရသည်မှာ ဂုဏ်ငယ်လွန်းပေစွ။ အနောက်နိုင်ငံများတွင် Toner ကုန်လျှင် cartridge ကို လွှင့်ပစ်ပြီး အသစ်တစ်ချောင်း ၀ယ်ထည့်ကြပေလိမ့်မည်။ ဦးဟန်ကြည်ကား ထိုသို့မလုပ်နိုင်ရှာလေ။ တတ်နိုင်သမျှ စွမ်းသမျှဖြင့် မန်းရင်းမှုတ်ရင်း အဆင်ပြေအောင် စခန်းသွားရရှာ၏။ cartridge ကို စက်အတွင်း ပြန်ထည့်ပြီး စာတစ်မျက်နှာ အစမ်းထုတ်သည်။ အရောင်မထူးခြား။ ဖျော့နေဆဲ၊ ဖျော့နေမြဲ။ cartridge ကို ပြန်ထုတ်သည်။ ဖင်ပြန်ခေါင်းပြန်ကြည့်ရင်း အပြစ်ရှာနေစဉ် မောင်ကျောင်းသား ခေါင်းထောင်လာပြန်သည်။ လေ့ကျင့်ခန်း ဒုတိယပိုင်း ပြီးသွားပြီဆိုသည့် သဘော။ cartridge ကို ဘေးချပြီး လေ့ကျင့်ခန်း စစ်ပေးရပြန်သည်။ အယူအဆ အမှားများကို ပြန်ရှင်းပြရပြန်သည်။ ဆရာတပည့်နှစ်ယောက် အလုပ်ရှုပ်နေစဉ် အိမ်ရှေ့မှ ဆိုင်ကယ်ဟွန်းတီးသံ ကြားရ၏။ ရှစ်နာရီခွဲပေပြီ။ မောင်ကျောင်းသားကို ကျောင်းပို့ရန်အတွက် သူ၏လက်စွဲတော် ဆိုင်ကယ်တက်စီသမား ရောက်လာပေပြီ။ မောင်ကျောင်းသား ကျက်ရန်မှတ်ရန် စာများ၊ လေ့ကျင့်ခန်းများကို တက်သုတ်ရိုက်ပြီး တာဝန်ပေးရ၏။ စာအုပ်စာတမ်းများသိမ်းပြီး မောင်ကျောင်းသား နှုတ်ဆက်ထွက်သွားလျှင် ပြင်လက်စ cartridge နှင့် နပမ်းဆက်လုံးရန် ဦးဟန်ကြည် တာစူရပြန်သည်။

 
ML 1640 cartridge

တတ်သလောက် မှတ်သလောက် ပြင်ပြီးသော cartridge ကို စက်တွင်းပြန်ထည့်သည်။ စာရွက်တစ်ရွက် ထုတ်ကြည့်ပြန်၏။ မထူးခြား။ printer ကိုပြန်ဖွင့်သည်။ cartridge ကို ပြန်ထုတ်သည်။ အလုပ်စားပွဲအောက်တွင် စီထားသော cartridge ဗူးအဟောင်းများထဲမှ တစ်ချောင်းချင်းထုတ်သည်။ စက်ထဲတွင်ထည့်ပြီး တစ်အုပ်ထုတ်ကြည့်သည်။ ပိုဆိုးလေတော့၏။ တစ်ချောင်းမရ၊ နောက်တစ်ချောင်း မဟန်လျှင် ဦးဟန်ကြည် ခေါင်းကုတ်ရလေပြီ။ cartridge အသစ်တစ်ချောင်း ထပ်ဝယ်ရန် ဘဏ္ဍာရေးမှူးမဒမ်ဟန်ကြည်ထံ ဘတ်ဂျက်တင်ပြရပေဦးတော့မည်။ ဦးဟန်ကြည်ကား ထိုသို့လုပ်ရမည်ထက် ကျားမြီးကိုသာ မလွတ်တမ်းဆွဲလိုက်ချင်တော့၏။ cartridge တစ်ချောင်း တန်ဖိုးငွေ သုံးသောင်းခွဲအတွက် ကျောက်ခဲကို ရေမညှစ်လိုသေးပြီ။ ထို့ကြောင့်ပင် မူလ cartridge ကို ပြန်ယူသည်။ နောက်တစ်ကြိမ်ထပ်ကလိကြည့်သည်။ printer ထဲတွင် ပြန်တပ်သည်။ သံဗုဒ္ဓေအထပ်ထပ်ရွတ်ရင်း စာတစ်ရွက် အစမ်းထုတ်ကြည့်ပြန်သည်။ သံဗုဒ္ဓေကပဲ စွမ်းလေသလော၊ ဦးဟန်ကြည်ကပဲ စွမ်းလေသလော မပြောတတ်တော့။ ထွက်လာသော စာရွက်သည် ယခင်ကလောက် အရောင်မဖျော့တော့။ မိုးအေးအေးတွင် ချွေးပြန်နေသော ဦးဟန်ကြည်ကို သနားသွားဟန်တူ၏။ ထုံးစံအတိုင်း စာအုပ်တစ်အုပ် ရရန်အတွက် စုံတစ်ခါ၊ မတစ်ခါထုတ်သည်။ လုံလောက်သော စာအုပ်အရေအတွက်ရလျှင် အမှိုက်ပုံကို ဖွပြန်သည်။ ရေခံစာမျက်နှာအတွက် ၀ယ်ထားသော color paper ထုပ်ကို ရှာတွေ့လျှင် စာရွက်တစ်ချို့ကို printer တွင်းထည့်သည်။ ကဗျာရူး၊ စာရူး ဦးဟန်ကြည်သည် သူ၏ သင်ထောက်ကူစာအုပ် ရေခံစာမျက်နှာကိုပင် အလွတ်မထား။ တပည့်များ စိတ်ဓာတ်ခွန်အားဖြစ်စေမည့် ကဗျာတစ်တို၊ စာတစ်ညိုလောက်တော့ ရိုက်ထည့်ရမှ ကျေနပ်သည့် လူစားဖြစ်လေသည်။ ထို့ကြောင့်ပင် အသင့်စာစီပြီးသား ရေခံစာမျက်နှာကို ကွန်ပျူတာအတွင်း လိုက်ရှာသည်။ တွေ့လျှင် လိုအပ်သော အရေအတွက် ထုတ်ယူရန် ကွန်ပျူတာကို အမိန့်ပေးပြန်၏။ ရေခံစာမျက်နှာများ ထွက်လာလျှင် စာအုပ်တစ်စုံစာ စာရွက်တစ်ပုံတွင် ရေခံတစ်ရွက်ထပ်သည်။ samsung ML 1640 ၏ တာဝန်ကား နိဂုံးချုပ်လေပြီ။

ဈေးအပေါဆုံး ip 2770


ML 1640 ကို ပါဝါပိတ်ပြီး inkjet printer ထဲတွင် ဈေးအပေါဆုံးဖြစ်သော cannon ip 2770 ကို ပါဝါဖွင့်ပြန်သည်။ တဂျိုးဂျိုး တဂျောင်းဂျောင်းဖြင့် စက်နိုးလာလေ၏။ ဦးဟန်ကြည် သူ၏အမှိုက်ပုံကို တစ်ခါထပ်မွှေပြန်သည်။ သုံးလက်စ ဓာတ်ပုံစက္ကူထုပ်ကို အလွယ်တကူ ရှာမတွေ့။ ဒေါင်းတောက်အောင်ရှာမှ ကိုယ်တော်မြတ်က ထွက်လာတော်မူလေသည်။ ဓာတ်ပုံစက္ကူတစ်ထပ်ထုတ်ယူပြီး printer အတွင်းထည့်သည်။ ကွန်ပျူတာထဲရှိ စာအုပ်မျက်နှာဖုံးကို ရှာသည်။ တွေ့လျှင် High quality ဖြင့်ထုတ်ရန် ကွန်ပျူတာကို အမိန့်ပေးသည်။ printer မည်သံ တဂျောင်းဂျောင်းမည်လာလေ၏။ High qualtiy ဖြင့်ထုတ်လျှင် လိုအပ်သော စာရွက်ရေရရန်အတွက် အချိန်အတော်ပေးရပေတော့မည်။ ဦးဟန်ကြည်ဟူသော လူစားသည် အလကားထိုင်နေတတ်သူမဟုတ်ပြန်။ ထို့ကြောင့် ကွန်ပျူတာအတွင်းတွင် အလကားမတ်တင်းထည့်ထားသော Microsoft words 2010 ကိုဖွင့်ပြီး ဤမနက်ခင်းအကြောင်း ပို့စ်တစ်ပုဒ်ရေးရန် ဟန်ပြင်သည်။ နားကိုက်သော ဝေဒနာကို သတိထားမိလျှင် မနက်ခင်းကလောက် မဆိုးတော့သည်ကို သတိထားမိသည်။ မနက်ခင်းက မဒမ်ဟန်ကြည် တိုက်သော ဆေးတစ်ခွက်က အစွမ်းပြသည်ဖြစ်ပေလိမ့်မည်။ ဦးဟန်ကြည်သည် လူနာများရှေ့တွင်သာ ဆေးသမား၊ မဒမ်ဟန်ကြည်ရှေ့တွင်မူ လူနာပြန်ဖြစ်ရပေါင်း မနည်းပြီ။ ကိုယ့်အတွေးနှင့်ကိုယ်ပြုံးရင်း ပို့စ်တစ်ကြောင်းစ နှစ်ကြောင်းစ ရိုက်သည်။ စာထဲတွင် အာရုံဝင်သွားသောကြောင့် Printer ကို သတိမထားမိ။ စာသုံးလေးပိုဒ်ရေးပြီးချိန်တွင်မှ printer သံ တဂျောင်းဂျောင်း မမြည်ခြင်းကို သတိမူမိသည်။ ကွန်ပျူတာတွင် printer အတွင်း၌ စာရွက်ညပ်နေကြောင်း သတိပေးချက်ပေါ်နေ၏။ ထိုင်ရာမှထပြီး ကိုယ်တော်မြတ်ကို ကလိရပြန်သည်။ ညပ်သွားသော စာရွက်ကိုဆွဲထုတ်ပြီး အသစ်လဲသည်။ ကွန်ပျူတာကို ပြန်ပြီး အမိန့်ပေးသည်။ အဖုံးစာမျက်နှာ တစ်ရွက်ထွက်လာသည်ကို စောင့်ကြည့်သည်။ ဦးဟန်ကြည် မျက်လုံးပြူးရပြန်၏။ ip 2770 မင်အနီရောင် ကုန်လုနေပြီတကား။ ထွက်လာသော အဖုံးစာမျက်နှာတွင် အနီရောင်တစ်ခုမျှ မပါလေတော့။ အနီရောင်သည် ရဲရင့်ဝင့်ထည်ခြင်းဟု မိမိဘာသာ သတ်မှတ်ပြီး အနီရောင်ခပ်များများဖြင့် ရောစပ်ထားသော စာအုပ်အဖုံးသည် ပျောက်တိပျောက်ကြားအဆင်းဖြင့် ထွက်လာလေတော့သည်။ စိတ်ပျက်လက်ပျက်ဖြင့် printer ကိုဖွင့်ပြီး cartridge ကို ထုတ်သည်။ အသင့်ဝယ်ထားသော မင်ဗူးကို အလုပ်စားပွဲအောက်မှ ထုတ်ယူပြီး မင်အရည်များကို ဆေးထိုးအပ်ဖြင့် စုတ်ယူသည်။ cartridge အပေါ်မျက်နှာစာတွင် ဖောက်ထားသော အပေါက်သုံးပေါက်အနက်မှ အနီရောင်ရေမြှုပ်ရှိသော အပေါက်တွင်းသို့ ဆေးရည်များကို ထိုးထည့်သည်။ လူကိုဆေးထိုးရသည်ထက်ပင် ဂရုစိုက်ရသော အလုပ်ပင်တည်း။ မင်များသွားလျှင် စာလုံးများပြားပြန်၏။ မင်နည်းသွားပြန်လျှင်လည်း စာလုံးမပီပြန်လေ။ cartridge ကို နေသားတကျပြန်တပ်ပြီး printer ကို restart ချသည်။ စာရွက်ကြမ်းတစ်ရွက်ဖြင့် မင်အခြေအနေကို ထုတ်ကြည့်သည်။ မင်မနည်း၊ မများ။ အဟောသုခံ ချမ်းသာပေစွ။ စက်အတွင်း ထည့်ထားသော ဓာတ်ပုံစက္ကူတစ်ထပ်ကို အနေအထားမှန်မမှန် တစ်ချက်ပြန်စစ်ပြီး လိုအပ်သော အရေအတွက်ရရန် ကွန်ပျူတာမှ အမိန့်ပေးလိုက်သည်။ ယခုတစ်ခါတွင်မူ ပစ်မထားရဲတော့ပြီ။ စာအုပ်အဖုံးများ ထွက်လာသည်ကို တစ်ရွက်ချင်း စိတ်ရှည်ရှည်စောင့်ကြည့်ရပြန်၏။

စာရွက်အဖုံးများ အားလုံးထွက်လာလျှင် ရေခံစာမျက်နှာများပေါ်တွင် တစ်ရွက်စီထပ်သည်။ ပြီးလျှင် ဗီရိုကိုဖွင့်ပြီး stapler ကိုရှာရပြန်သည်။ မောင်မင်းကြီးသားကိုတွေ့လျှင် ဖွင့်ကြည့်သည်။ pin တစ်ချောင်းမှ မကျန်တော့။ pin ဗူးကို ရှာရပြန်သည်။ မတွေ့။ ထုံးစံအတိုင်း မဒမ်ဟန်ကြည်ကို စစ်ကူတောင်းရပြန်သည်။ စည်းကမ်းမဲ့ရန်ကောဟူသည့် မဒမ်ဟန်ကြည်၏ နဂါးမျက်စောင်းသည် ဦးဟန်ကြည်၏ ငယ်ထိပ်ကို ဒေါင်ခနဲမှန်၏။ မချိသွားဖြဲနေရပြန်သည်။ ဘဏ္ဍာရေးမှူးကို မထီမဲ့မြင်မပြုရဲ။ ဦးဟန်ကြည်ကား ရာထူးလက်ကိုင်မရှိ ၀န်ကြီးမဟုတ်ပါလော။ မဒမ်ဟန်ကြည် စိတ်တော်ညိုသွားလျှင် ဦးဟန်ကြည်၏ တစ်ရက်တာ ဘတ်ဂျက်ကို ဖြတ်ပေလိမ့်မည်။ မဒမ်ဟန်ကြည်က သူရှာတွေ့သော pin ဗူးကို ဦးဟန်ကြည်လက်ထဲထည့်ပေးလိုက်လျှင် တစ်ချက်ပြုံးပြပြီး ကျေးဇူးပဲဟု ပြောရပြန်၏။ တစ်ချက်ကလေးမှ သတိမလွတ်ရဲရှာလေ။ pin ဗူးတွေ့လျှင် stapler ကို pin ဖြည့်သည်။ စာအုပ်ချုပ်ရန်ပြင်သည်။ စာအုပ်များကို အဖုံး၊ ရေခံနှင့် အတွင်းစာရွက်များ နေသားတကျ ရှိမရှိ တစ်ချက်ကြည့်ပြီး အနှောင့်ညီအောင် စားပွဲပေါ်တွင် တစ်ချက်နှစ်ချက် ထောင်လိုက်ဆောင့်သည်။ စာရွက်များ မလှုပ်ရှားစေရန် ညှပ်ထားရမည့် clip က အဆင်သင့်မရှိ။ ယခုတစ်ကြိမ်တွင်မူ မဒမ်ဟန်ကြည်ကို အရှာမခိုင်းရဲတော့ချေ။ ဟိုဗူးဖွင့်၊ သည်ဗီရိုဖွင့်၊ ထိုအမှိုက်ပုံကိုဖွရင်း clip ရှာသည်။ ဇွဲကောင်းကောင်းနှင့်ရှာမှ မောင်မင်းကြီးသားက ထွက်တော်မူလာလေသည်။ စားပွဲပေါ်တွင်တင်ထားသော စာရွက်ပုံကို တစ်ခါထပ်ပြီး စားပွဲမျက်နှာပြင်နှင့် ထောင်လိုက်ဆောင့်ရပြန်၏။ အနှောင့်ညီလျှင် clip ဖြင့်ညှပ်သည်။ stapler ဖြင့် တစ်ချက်ချုပ်သည်။ ပြီးလျှင် စာအုပ်ကို ပြောင်းပြန်ပြန်လှည့်ပြီး ကျန်တစ်ဖက်ကို ချုပ်သည်။ ပုံထားသော စာအုပ်ပုံကို ကြည့်ရင်း သက်ပြင်းတစ်ချက်ချမိ၏။ သက်ပြင်းချရင်းမှပင် နောက်တစ်အုပ်ကိုယူပြီး ယခင်နည်းအတိုင်း ချုပ်ရပြန်သည်။

ချုပ်ပြီးသော စာအုပ်များကို စားပွဲပေါ်တွင် ပုံသည်။ အနားသားများကို ဖြတ်ရပေဦးမည်။ လက်ဆွဲအိတ်အတွင်းတွင် အမြဲဆောင်ထားသော စာရွက်ဖြတ်ဓားကို ယူသည်။ သံပေတံလိုက်ရှာသည်။ မတွေ့။ သံပေတံ ပျောက်ပေါင်းလည်း မနည်းပြီ။ ကိုယ့်ပိုက်ဆံနှင့်ကိုယ် ၀ယ်ရသည်မို့သာ တော်ပေတော့သည်။ ခပ်ငယ်ငယ်ကျောင်းသားဘ၀ကလို မိဘပိုက်ဆံဖြင့်သာ ၀ယ်နေရလျှင် မေမေ့လက်ချက်ဖြင့် ဗိုက်ခေါက်ပြတ်ပေလိမ့်မည်။ တစ်ပတ်အတွင်း နှစ်ချောင်းမြောက်ဝယ်ထားရသော သံပေတံကား ဗီရိုချောင်ကြားတွင် ဦးဟန်ကြည်ကို ပြောင်လှောင်နေသယောင်ရှိလေ၏။ ဦးဟန်ကြည် အလုပ်စားပွဲပေါ်တွင် တင်ထားခဲ့သော ပစ္စည်းပစ္စယ ဟူသမျှကို ဗီရိုထဲကောက်ထည့်ပြီး သိမ်းလေ့ရှိသော မဒမ်ဟန်ကြည်ကို ကျေးဇူးတင်ရပေဦးတော့မည်။ သို့သော် မဒမ်ဟန်ကြည် အသိမ်းကောင်းသဖြင့် ဦးဟန်ကြည်၏ တိုလီမိုလီများ အထားမှားပေါင်းလည်း မနည်း။ ပေတံနှင့် ဓားအဆင်သင့်ဖြစ်လျှင် စာအုပ်တစ်အုပ်ချင်းစီကို ချုပ်ရာအတိုင်း အလယ်မှ ခေါက်သည်။ အနှောင့်များကို ဓားဖြင့် ညီညီညာညာဖြတ်သည်။ စိတ်ရှည်လက်ရှည်ဖြတ်ရ၏။ ဒေါသကုမ္မာရ ဦးဟန်ကြည်တစ်ယောက် စိတ်နောက်ကိုယ်ပါ မလုပ်ရဲရှာလေ။ လွန်ခဲ့သောနှစ်က အလောတကြီးဖြတ်မိသဖြင့် လက်မလက်သည်းတစ်ပိုင်း ဓားစာမိခဲ့ဖူးပြီ မဟုတ်ပါလော။ စာအုပ်များကို ဖြတ်ရင်း အွန်လိုင်းပေါ်တွင် သွားရည်ကျခဲ့ဖူးသည့် စာအုပ်ချုပ်စက်ကို သတိရသည်။ စာအုပ်ရွေပေါ်ထိုးသည့်စက်ကို မြင်ယောင်သည်။ လိုချင်ပါဘိတောင်း။ မည်သို့ပင်ဆိုစေ ကျောမွဲကား ကျောမွဲနှင့်တန်ရုံသာ နေရပေဦးတော့မည်။ လောဘစိတ်ကို မာနနှင့် ထိန်းချုပ်ရင်း စာအုပ်များကို တစ်အုပ်ချင်း ဖြတ်သည်။ ထွက်လာသော စာအုပ်များ ညီညီညာညာ လှလှပပရှိသည်ကို မြင်ရလျှင် ကိုယ့်ကိုယ်ကို အသံတိတ်ချီးကျူးလိုက်၏။ တယ်တော်တဲ့ ဦးဟန်ကြည်။

မြင်သာမြင်ရ...မကြင်ရ မောင့်မှာ...


စာအုပ်များကို ပိပိပြားပြား သပ်သပ်ရပ်ရပ်ဖြစ်စေရန် အနှောင့်များကို ဖိပေးနေရင်းမှ နာရီကို ကြည့်မိသည်။ ၁၁ နာရီ ၅ မိနစ်။ မေးခွန်းထုတ်ရပေဦးတော့မည်။ စာအုပ်ပုံကို ဘေးသို့တွန်းရွှေ့ပြီး မေးခွန်းတစ်စုံထုတ်သည်။ ML 1640 ကို ပြန်ဖွင့်ပြီး မေးခွန်းများကို အပြင်ထုတ်လိုက်သည်။ အရောင်ခပ်ဖျော့ဖျော့။ မတတ်နိုင်ပြီ။ အချိန်မရှိတော့။ မေးခွန်းများကို စိတ်မသက်မသာကြည့်ပြီး လက်ဆွဲအိတ်အတွင်း ထိုးထည့်သည်။ စာအုပ်များကို ပလတ်စတစ်အိပ်နှင့် ထုပ်ပြီး လက်ဆွဲအိတ်အတွင်း ထည့်ရပြန်သည်။ မိုးက အစိုးမရ။ နာရီက ၁၁ နာရီ ၁၅ မိနစ်ကို ပြနေလေပြီ။ စားပွဲမှထကာ ကသုတ်ကရက် ရေချိုးသည်။ သတိကြီးစွာ ထားနေသည့်ကြားမှပင် အလိုက်မသိသောလက်က ခေါင်းလျှော်ရင်း၊ ဆပ်ပြာတိုက်ရင်းမှ ကိုက်နေသော နားရွက်ကို မကြာမကြာ ခလုပ်တိုက်ပြန်သည်။ ၀ဋ်ကြီးပါဘိတောင်း။ ဦးဟန်ကြည်တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ဖြတ်ကတတ်ဆန်း ရေချိုးနေသည်မှာ ကျီးကန်းရေချိုးနှင့်ပင် တူပေဦးတော့မည်။ ရှိစေတော့။ အထိုက်အလျောက် လူနံ့ထွက်လျှင်ပင် တော်ပေပြီ။ အလှပြင်ရသော အရွယ်သည် မည်သည့်အချိန်ကပင် ကုန်လွန်ခဲ့သည်ကို မမှတ်မိ။ အ၀တ်ဗီရိုကိုဖွင့်ပြီး အင်္ကျီရှာသည်။ မနေ့က၀တ်ထားသော အင်္ကျီကို သတိရလျှင် ဗီရိုကို ပြန်ပိတ်ရသည်။ တစ်ရက်တစ်ထည် ၀တ်ကောင်းကောင်းနှင့် ၀တ်နေလျှင် မဖြစ်။ ရာသီဥတုက စိုစိုထိုင်းထိုင်းရှိလှသည်။ လျှော်ထားသော အ၀တ်တို့က ခြောက်ခဲလှသည်။ မိုးရာသီတွင် အ၀တ်အစားကို ချွေတာပြီးဝတ်ရန် မဒမ်ဟန်ကြည်က သြဇာပေးထားသည်ကို မေ့၍မဖြစ်။ အ၀တ်အစားအပြည့်အစုံဝတ်၍ လူယောင်ဖန်ဆင်းပြီးလျှင် မှန်တစ်ချက်ကြည့်သည်။ လူနှင့်တူသေးသည်ဟု မိမိကိုယ်ကို အားပေးလိုက်၏။ နာရီကို ကြည့်လိုက်လျှင် ၁၁ နာရီ ၃၅။ အချိန်နည်းနည်း ကျန်သေးသည့်သဘော။ မဒမ်ဟန်ကြည် ပြင်ပေးသည့် မနက်စာကို ၀တ္တရားကျေ ထိုင်စားရင်း ကွန်ပျူတာကိုပြန်ဖွင့်ပြီး ရေးလက်စ ပို့စ်ကို အဆုံးသတ်သည်။ ကရောသောပါး။ မတတ်နိုင်။ ဦးဟန်ကြည်ကား ရပ်ကျော်၊ ရွာကျော်၊ နိုင်ငံကျော် စာရေးဆရာမဟုတ်။ သူ၏တပည့်များကပင် သူရို့ဆရာ စာတိုပေစများ ရေးနေချွတ်နေကြောင်း မသိကြလေ။ ကောင်းလေစွ။

ယနေ့ ၂၀ ရက်နေ့။ ၁၂ နာရီထိုးမှ နောက်စာသင်ချိန်တစ်ချိန် သွားစရာလိုသည်။ ရသမျှ နားချိန်လေးအတွင်း သင်ထောက်ကူ စာအုပ်များ စီစဉ်ထားရပေလိမ့်မည်။ ယခုလကုန်လျှင် နှစ်ကျကျောင်းသားများအတွက် မနက် ၉ နာရီမှစပြီး စာသင်ချိန် တစ်ချိန် ထပ်ဖြည့်ပေးရပေတော့မည်။ မနက် ၆ နာရီခွဲမှ ည ၇ နာရီခွဲအထိ အလုပ်ချိန်။ ထမင်းစားချိန် တစ်နာရီလောက်တော့ မရအရ ချန်ရပေလိမ့်မည်။ မနက်ပိုင်းတွင် စောစောထနိုင်ရန်အတွက် မလုပ်ချင်ဆုံးသော အိပ်ယာစောစောဝင်သည့်အလုပ်ကို ဇွဲခတ်ပြီး လုပ်ရပေဦးတော့မည်။ ည ၁၂ နာရီထိုးလောက်တွင် မအိပ်ချင်သေးဘဲ ဇွတ်မှိတ်ပြီးအိပ်ရတော့မည်ထင်၏။ အိမ်အပြင်တွင် မိုးက ခပ်ဖွဲဖွဲ ရွာနေဆဲ။         

Saturday, 1 June 2013

အဓိက စည်းကမ်းချက် ၅၅ ချက် . . .


 
 အဓိက စည်းကမ်းချက် ၅၅ ချက် Essential 55 ကို မဖတ်ခင်မှာ စာရေးသူ Ron Clark နဲ့ အရင် မိတ်ဆက်ပေးရပါလိမ့်မယ်။ Ron Clark ဆိုတာ ဘယ်သူများပါလိမ့်။ ဟုတ်ကဲ့ . . .Ron L. Clark, Jr ကို ၁၉၇၂ မှာ မွေးပါတယ်။ East Carolina University မှာ ပညာသင်ကြားခဲ့ပြီး ၁၉၉၄ မှာ ဘွဲ့ရခဲ့ပါတယ်။ ဘွဲ့ရပြီး လေးနှစ်အကြာမှာ Harlem တောပိုင်းဒေသက ပညာရေး၊ လူမှုရေးနောက်ခံအားနည်းတဲ့ ကျောင်းသားတွေကို သင်ကြားပေးနေတဲ့ မူလတန်းကျောင်းကိုသွားပြီး တာဝန်ထမ်းခဲ့ပါတယ်။ အဲဒီဒေသက ထိန်းသိမ်းကိုင်တွယ်ရခက်တဲ့ ကျောင်းသားတွေကို အပင်ပန်းခံပြီး အခက်အခဲပေါင်းများစွာနဲ့ လမ်းကြောင်းမှန်ပေါ်ရောက်အောင် ဆွဲတင်ပေးနိုင်ခဲ့တာကြောင့် 2000 ခုနှစ်မှာ Disney Teacher of the Year ဆုကို ရခဲ့ပါတယ်။


ဆရာ Ron Clark နဲ့ ချစ်စွာသော တပည့်များ . . .


 
Ron Clark ရဲ့ Harlem ကျောင်း ပထမနှစ်အတွေ့အကြုံတွေကို အခြေပြုပြီး The Ron Clark Story ဇာတ်ကားကို မင်းသား Matthew Perry က Ron Clark အဖြစ် သရုပ်ဆောင်ပြီး ၂၀၀၆ ခုနှစ်မှာ ရိုက်ကူးခဲ့ပါတယ်။ ဒီရုပ်ရှင်အတွက် Emmy ဆုပေးပွဲမှာ ဆန်ကာတင် နာမည်စာရင်းအတင်ခံခဲ့ရတဲ့ ရုပ်ရှင်ဖြစ်ခဲ့ပါတယ်။ ( ဦးဟန်ကြည်လည်း အနှီရုပ်ရှင်ကို ကြည့်ရင်းကနေ သူ့အကြောင်းကို မီးခိုးကြွက်လျှောက် လေ့လာဖြစ်သွားတာပါ။ သူ့ရုပ်ရှင်ကို ကြည့်နေရင်းကနေ ကိုယ့်ကိုယ်ကို ဆရာလို့ နာမည်တပ်ရမှာတောင် မ၀ံ့မရဲဖြစ်သွားတာလည်း ၀န်ခံရဦးမှာပါပဲ… )


ရုပ်ရှင်ကြော်ငြာ. . .


Ron Clark ဟာ ဆန်းသစ်တီထွင်နိုင်စွမ်းနဲ့ ဖန်တီးနိုင်စွမ်းတွေကို သူ့ရဲ့ အဓိကစည်းကမ်းချက် ၅၅ ချက်နဲ့ ပေါင်းစပ်ထားတဲ့ ပြိုင်ဘက်ကင်း နည်းစနစ်တွေကိုသုံးပြီး ကျောင်းသားတွေရဲ့ စာမေးပွဲရမှတ်တွေကို မြင့်မားအောင် ဆွဲတင်ပေးနိုင်တဲ့ စွမ်းရည်ကြောင့် ထင်ရှားကျော်ကြားပါတယ်။ သူဟာ ရုပ်သံအစီအစဉ်ပေါင်းများစွာမှာ တင်ဆက်ခံခဲ့ရပြီး Oprah Winfrey ရဲ့ The Oprah Winfrey Show မှာ နှစ်ကြိမ်တိတိ ပါဝင်ခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။ Ms. Wingrey က Ron Clark ကို သူမရဲ့ ပထမဆုံးသော “ အံ့ဖွယ်လူသား ” လို့ နာမည်ပေးခံရသူလည်း ဖြစ်ပါတယ်။

Ron Clark ဟာ The Essential 55 နဲ့ The Excellent 11 စာအုပ်တွေကို ရေးခဲ့ပါတယ်။ စက်တင်ဘာလ ၄ ရက် ၂၀၀၇ မှာ The Ron Clark Academy ကို စပြီးဖွင့်လှစ်ခဲ့ပါတယ်။ ဒီအကယ်ဒမီမှာ နှစ်စဉ်စာသင်နှစ်တစ်နှစ်စီအတွက် လျှောက်လွှာပေါင်း ၃၅၀ လောက်ထဲက ကျောင်းသား ၅၀ ကိုပဲ လက်ခံသင်ကြားပေးပါသတဲ့။ တက်ခွင့်ရတဲ့ ကျောင်းသားမိဘတိုင်းဟာ သဘောတူညီချက်စာချုပ်တစ်ခုကိ လက်မှတ်ထိုးကြရပြီး မိဘတိုင်းဟာ သင်တန်းကာလ တစ်ခုစီမှာ ၁၀ နာရီ လုပ်အားပေးဖို့ သဘောတူကြရပါတယ်။ ဒါတင်မကသေးဘဲ သူတို့ရဲ့ သားသမီးတွေကို သင်ရိုးညွှန်းတန်း လိုအပ်ချက်အရ လေ့လာရေးခရီးတွေ ထွက်ကြရတာကို သဘောတူညီကြောင်းလည်း လက်မှတ်ထိုးရပါသေးတယ်။ ဒီဇင်ဘာ ၂၀၀၈ မှာ Oprah Winfrey က Ron Clark ရဲ့ ပညာသင်ကြားမှုအပေါ်မှာ သက်ဝင်ယုံကြည် အားထုတ်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့အကယ်ဒမီအတွက် ဒေါ်လာ 365,000 လှူခဲ့ပါကြောင်း။     

( Ron Clark ရဲ့ စည်းကမ်းချက်တွေမှာ တချို့အချက်တွေဟာ ဦးဟန်ကြည်တို့ မြန်မာကျောင်းသားတွေ တပင်တပန်းလိုက်နာစရာမလိုတဲ့ ဆရာသမားနဲ့ လူကြီးသူမကို လေးစားမှုပေါ်မှာ အခြေတည်တဲ့ စည်းကမ်းချက်တွေလည်း ပါပါတယ်။ တစ်ချို့စည်းကမ်းချက်တွေကတော့ ကျောင်းသားတွေတင်မကဘဲ ဆရာတွေကိုယ်၌ပါ လိုက်နာရမယ့် စည်းကမ်းချက်တွေလို့ မြင်ပါတယ်။ ထမင်းစားခန်းစည်းကမ်းချက်တွေကတော့ မြန်မာနားနဲ့ စိမ်းကောင်းစိမ်းနေပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သိထားတာ မမှားဘူးလို့ ယူဆရမှာပါပဲ။ တချို့စည်းကမ်းချက်တွေဟာ ကျောင်းသားတွေကို လက်ဖျားနဲ့တောင် တို့ခွင့်မရှိတဲ့ အနောက်နိုင်ငံပညာရေးစနစ်အရ ခပ်ကြမ်းကြမ်း စည်းကမ်းချက်တွေလို့ အနောက်ရှုထောင့်နဲ့ ကြည့်နိုင်ပေမယ့် မြန်မာပြည်မှာ ဆရာတချို့ရဲ့ ကျောင်းသားတွေကို ကိုင်တွယ်ပုံနဲ့ယှဉ်ကြည့်လိုက်ရင် အတော်လေးကို ပျော့ပျောင်းသလို ဖြစ်နေဦးမှာ သေချာနေပါရဲ့။ Ron Clark ရဲ့ စည်းကမ်းချက်တွေကို လေ့လာကြည့်ရင် Academic aspect တင်မကဘဲ လူမှုပတ်ဝန်းကျင်မှာ လူရည်မွန်တွေဖြစ်ရေးအတွက်ပါ ရည်ရွယ်ထားတာကို သဘောကျစရာကောင်းအောင် တွေ့ရပါလိမ့်ဦးမယ်။ လေ့လာရေးခရီးမှာ လိုက်နာရမယ့်စည်းကမ်းချက်တွေကို ဖတ်မိပြန်တော့ ကိုယ်ကိုယ်တိုင် အနှီလို အခွင့်အရေးမျိုး စတိတ်ကျောင်းသားဘ၀က တစ်ခါမှ မရခဲ့တာကို ပြန်စဉ်းစားရင်း နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် ဘာတွေ လုပ်ပေးသင့်တယ်ဆိုတာ ခပ်ရေးရေးကလေး မြင်လာရင်တော့ Ron Clark ကြီး အင်မတန် ၀မ်းသာရှာမယ် ထင်ပါတယ်။ ဖြစ်နိုင်ရင်တော့ The Ron Clark Story ကို တစ်ခါလောက် ကြည့်ကြဖို့ ပညာရေးစိတ်ဝင်စားတဲ့လူတွေကို တိုက်တွန်းပါရစေ။ Julia Robert ရဲ့ Monalisa Smile နဲ့ Hilary Swank ရဲ့ Freedom Writers ကိုလည်း ကြည့်သင့်ပါကြောင်း ထပ်လောင်းအကြံပြုလိုက်ပါရစေဦး . . . )


“ The Essential 55 ”
By – Ron Clark





၁ - ကိုယ့်ထက်အသက်ကြီးတဲ့လူတစ်ယောက်ကို စကားပြန်ပြောတဲ့အခါ “ ဟုတ်ကဲ့ မဒမ် ” ဒါမှမဟုတ် “ မဟုတ်ပါဘူး ဆရာ ” လို့ ပြောပါ။ ဟုတ်တယ်၊ မဟုတ်ဘူး ပြောဖို့အတွက် ခေါင်းရမ်းပြတာ၊ ခေါင်းညိတ်ပြတာတွေဟာ လက်ခံနိုင်စရာကောင်းတဲ့ အပြုအမူ မဟုတ်ဘူး။

၂ - အကြည့်ချင်းဆုံပါ။ တစ်ယောက်ယောက်က မင်းကိုစကားပြောနေတဲ့အချိန်မှာ မင်းမျက်လုံးဟာ စကားပြောနေတဲ့လူကို တစ်ချိန်လုံး အာရုံစိုက်ကြည့်ပါ။ တခြားတစ်ယောက်က စကားဖြတ်ပြောလိုက်ရင် ပြောလိုက်တဲ့လူဘက်ကို မျက်နာမူလိုက်ပါ။

၃ - တစ်ယောက်ယောက်က စာသင်ခန်းထဲမှာ ကစားပွဲတစ်ခု အနိုင်ရလိုက်တာပဲဖြစ်ဖြစ်၊ တစ်ခုခုကို ပြောင်ပြောင်မြောက်မြောက် လုပ်ပြလိုက်နိုင်တာပဲဖြစ်ဖြစ် ငါတို့အားလုံးက အဲဒီတစ်ယောက်ကို ချီးကျူးဂုဏ်ပြူဖို့ လိုအပ်တယ်။ လက်နှစ်ဖက်လုံးနဲ့ သုံးစက္ကန့်လောက်ကြာအောင် သင့်တော်တဲ့အသံအကျယ်နဲ့ လက်ခုပ်တီးပြီး ဂုဏ်ပြုသင့်တယ်။

၎ - အချင်းချင်း ဆွေးနွေးပြောဆိုချိန်မှာ တခြားကျောင်းသားရဲ့ မှတ်ချက်တွေ၊ ထင်မြင်ချက်တွေ၊ စိတ်ကူးစိတ်သန်းတွေကို လေးစားရလိမ့်မယ်။ ဖြစ်နိုင်မယ်ဆိုရင် “ ဂျွန်ပြောတာကို ကျွန်တော်သဘောတူပါတယ်…ကျွန်တော်လည်း သူပြောသလို…လုပ်ဖို့ စိတ်ကူးရပါတယ် ” ဒါမှမဟုတ် “ ကျွန်တော်ကတော့ ဆာရာပြောတာကို သဘောမတူပါဘူးခင်ဗျာ…သူပြောသွားတာ ကောင်းပါတယ်…ဒါပေမယ့် ” ဒါမှမဟုတ် “ ကျွန်တော်ကတော့ ဗစ်တာပြောသွားတာ အင်မတန်ကောင်းတဲ့ သုံးသပ်ချက်လို့ ထင်ပါတယ်…အဲဒီအချက်ဟာ ဖြစ်နိုင်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ် ” လို့ ပြောသင့်တယ်။

၅ - တကယ်လို့ မင်းက တစ်ခုခုကို အနိုင်ရလိုက်ရင် ဒါမှမဟုတ် တစ်ခုခုကို ကောင်းကောင်းမွန်မွန် လုပ်ပြလိုက်နိုင်ရင် လူမြင်ကပ်စရာကောင်းလောက်အောင် ၀င့်ကြွားမပြပါနဲ့။ တကယ်လို့ မင်းရှုံးခဲ့ရင်လည်း ဒေါသထွက်မပြပါနဲ့။ အဲဒီလို ဒေါသထွက်မယ့်အစား “ အခုလိုယှဉ်ပြိုင်ရတာကို ကျွန်တော် အလွန်သဘောကျပါတယ်…ခင်ဗျားနဲ့ နောက်တစ်ခါ ယှဉ်ပြိုင်ခွင့်ရဖို့လည်း မျှော်လင့်ပါတယ် ” ဒါမှမဟုတ် “ တကယ့်ပွဲကောင်းပဲ ” လို့ ထုတ်ဖော်ချီးကျူးပါ။ ဒါမှမဟုတ်ရင် ဘာတစ်ခုမှ မပြောပါနဲ့။ ကိုယ့်ဒေါသကို ထုတ်ပြဖို့ ဒါမှမဟုတ် သူများကို ထေ့ငေါ့ဖို့အတွက် “ ငါ ဒီနေ့ ကောင်းကောင်းမကစားနိုင်ဘူးကွာ ” ဒါမှမဟုတ် ” တကယ်တော့ မင်းက ပြောလောက်အောင် ကောင်းတာမဟုတ်ပါဘူးကွာ ” လို့ပြောခြင်းဟာ ကိုယ့်အားနည်းချက်ကို ထုတ်ပြတာနဲ့ တူတယ်။

၆ - တစ်ယောက်နဲ့တစ်ယောက် စကားပြောကြရင်းနဲ့ မင်းကို မေးခွန်းတစ်ခု အမေးခံရရင် အပြန်အလှန်အနေနဲ့ မင်းကလည်း မေးခွန်းတစ်ခု ပြန်မေးသင့်တယ်။
ကျွန်တော် - မင်း အားလပ်ရက်မှာ ပျော်ခဲ့ရဲ့လားဟေ့
သင် - ပျော်တာပေါ့။ တကယ့်အချိန်ကောင်းတွေပဲ။ ငါ့မိသားစုနဲ့ငါနဲ့ ဈေးဝယ်ထွက်ကြတယ်လေ။ မင်းရော။ ပျော်စရာကောင်းတဲ့ အားလပ်ရက် ရခဲ့ရဲ့လား
တစ်စုံတစ်ယောက်က မင်းကို စိတ်ဝင်စားသလို မင်းကလည်း သူ့အပေါ်မှာ ထပ်တူထပ်မျှ စိတ်ဝင်စားမှုရှိကြောင်း ပြတာဟာ ယဉ်ကျေးမှုကို ဖော်ပြတဲ့ တစ်ခုတည်းသော နည်းလမ်းကောင်းဖြစ်တယ်။

၇ - တကယ်လို့ မင်းချောင်းဆိုးတာတို့၊ နှာချေတာတို့၊ လေချဉ်တက်တာတို့ လုပ်ချင်းရင် မင်းခေါင်းကို လူမရှိတဲ့ဘက်ကို လှည့်ပြီး ပါးစပ်တစ်ခုလုံးလုံအောင် လက်နဲ့ပိတ်ပြီးမှ လုပ်ပါ။ လက်သီးဆုပ်နဲ့ ပါးစပ်ကိုပိတ်တာဟာ မယဉ်ကျေးရာရောက်တယ်။ မင်းကိစ္စပြီးသွားရင် “ ခွင့်ပြုပါခင်ဗျာ ” လို့ ပြောသင့်တယ်။

၈ - ပါးစပ်ကို လက်နဲ့ရိုက်ပြီး အသံထွက်အောင်မလုပ်ပါနဲ့၊ စုတ်မသတ်ပါနဲ့၊ ဒါမှမဟုတ် သူများကိုစော်ကားဖို့အတွက် အမူအရာလုပ်မပြပါနဲ့။

၉ - ဆရာက မင်းကို တစ်ခုခုပေးတဲ့အခါတိုင်းမှာ ကျေးဇူးတင်ပါတယ်လို့ ပြောပါ။ ပေးလိုက်တဲ့ပစ္စည်းကို လက်ခံပြီး သုံးစက္ကန့်အတွင်းမှာ ကျေးဇူးတင်ပါတယ်လို့ မပြောရင် အဲဒီပစ္စည်းကို ဆရာပြန်ယူသွားရလိမ့်မယ်။ ကျေးဇူးတင်ကြောင်းပြသဖို့ ပျက်ကွက်တဲ့အတွက် ဘယ်ဆင်ခြေမှ ပေးလို့မရဘူးဆိုတာ သိထားပါ။

၁၀ - တစ်ယောက်ယောက်က မင်းကို တစ်ခုခုပေးရင် လက်ဆောင်အကြောင်း မကောင်းပြောပြီး ပေးတဲ့လူကို မစော်ကားပါနဲ့။ ပေးလိုက်တဲ့လက်ဆောင်ကို မကြိုက်တဲ့အကြောင်းပြောပြီး တစ်ဖက်သားကို မစော်ကားပါနဲ့။

၁၁ - အခြားလူတစ်ယောက်ကို ကြင်နာသနားမှု အမှတ်မထင်ပြပြီး တအံ့တသြဖြစ်ပါစေ။ တစ်စုံတစ်ယောက်ကို ရက်ရောမှုနဲ့ အံ့သြစရာကောင်းတဲ့ ကြင်နာမှုတစ်ခုခုကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တစ်လတစ်ကြိမ်လောက်တော့ လုပ်ပါ။

၁၂ - တစ်ခါတစ်လေမှာ ငါတို့ဟာ တခြားကျောင်းသားတွေရဲ့ အဖြေလွှာတွေကို အုပ်စုလိုက် တစ်လှည့်စီ စစ်ဆေးကြရလိမ့်မယ်။ တခြားကျောင်းသားရဲ့ အဖြေလွှာကို အဆင့်သတ်မှတ်ပေးတဲ့အခါမှာ ထိုက်တန်တာထက် ပိုပေးတာပဲဖြစ်ဖြစ် လျှော့ပေးတာပဲဖြစ်ဖြစ် ပေးလိုက်ရင် မင်းပေးလိုက်တဲ့အမှတ်နဲ့ ရသင့်ရထိုက်တဲ့ အမှတ်ရဲ့ ခြားနားခြင်းနုတ်လဒ်ကို မင်းရဲ့ကိုယ်ပိုင်အဖြေလွှာထဲကနေ ပြန်နုတ်ခံရမယ်။

၁၃ -  အတန်းထဲမှာ အတူတူ စာဖတ်နေတဲ့အခါမှာ မင်းလည်းအာရုံစိုက်ပြီး မှတ်သားရမယ်။ တကယ်လို့ ဆရာက မင်းကို စာပိုဒ်ဖတ်ခိုင်းရင် အရင်လူဖတ်နေတဲ့နေရာကို တိတိကျကျသိပြီး အဲဒီနေရာကနေ ချက်ချင်း ဆက်ဖတ်နိုင်ရမယ်။

၁၄ - မေးခွန်းတွေကို ဖြေတဲ့အခါမှာ ပြည့်ပြည့်စုံစုံ ပြန်ဖြေပါ။ ဥပမာပေးရရင် မေးခွန်းက “ ရုရှနိုင်ငံရဲ့ မြို့တော်ဟာ ဘာလဲ ” လို့မေးထားရင် “ ရုရှနိုင်ငံရဲ့ မြို့တော်သည် မော်စကိုဖြစ်သည် ” လို့ ပြည့်ပြည့်စုံစုံ ရေးပြီး ဖြေရမယ်။ တကယ်လို့ တခြားတစ်ယောက်နဲ့ စကားပြောတဲ့အခါမှာလည်း အဲဒီလူမေးတဲ့မေးခွန်းကို ရိုသေသောအားဖြင့် ပြည့်ပြည့်စုံစုံ ပြန်ဖြေဖို့ အရေးကြီးတယ်။ ဥပမာအားဖြင့် တစ်ယောက်ယောက်က မင်းကို “ နေကောင်းရဲ့လား ” လို့ မေးရင် “ ကောင်းပါတယ် ” လို့ တစ်ခွန်းတည်း ဖြေမယ့်အစား “ ကျွန်တော် နေကောင်းပါတယ်။ ကျေးဇူးပါ။ ခင်ဗျားရော နေကောင်းရဲ့လား ” လို့ ပြည့်ပြည့်စုံစုံ ဖြေပါ။

၁၅ - စာသင်နှစ်တစ်လျှောက်လုံးမှာ ဆရာက မင်းတို့ရဲ့ အမူအကျင့်ကောင်းတွေ၊ ပညာရေးဆောင်ရွက်ချက်တွေ၊ ချီးကျူးဖို့ကောင်းတဲ့ လုပ်ရပ်တွေအတွက် ဆုပေးလိမ့်မယ်။ မင်းတို့က ဆုလိုချင်လို့ ဆရာ့ကို လာတောင်းရင်တော့ ပေးမှာမဟုတ်ဘူး။ ဆုရဖို့အတွက် ကြိုးစားတာမျိုးမဟုတ်ဘဲ မင်းဘ၀အတွက် မင်းစိတ်နဲ့မင်းကိုယ် ကောင်းကောင်းမွန်မွန်နေပြီး အကောင်းဆုံးကြိုးစားသင့်တယ်။ များသောအားဖြင့် သင်ခန်းစာဆုံး စာမေးပွဲတွေမှာ အမှတ် ၁၀၀ ပြည့်ရင် ဆရာက ဆုပေးလေ့ရှိတယ်။ ဒါပေမယ့် မင်းက ရမှတ် ၁၀၀ ရလို့ ဆရာ့ဆီကနေ ဆုလာတောင်းတယ်ဆိုရင် အဲဒီအချိန်ကစပြီး အမှတ် ၁၀၀ ပြည့်တဲ့ ဘယ်ကျောင်းသားကိုမှ ဘာဆုမှ မပေးတော့ဘူး။

၁၆ - ဘာသာရပ်တိုင်းအတွက် ကျောင်းသားတိုင်းကို နေ့စဉ်နေ့တိုင်း အိမ်စာတွေပေးလိမ့်မယ်။ ဘာအကြောင်းပြချက်ပေးလို့မှ ရှောင်လွဲလို့ရမှာ မဟုတ်။

၁၇ - တကယ်လို့ ဘာသာတစ်ခုကနေ တခြားတစ်ခုကို ပြောင်းလဲသင်ကြားတဲ့အခါမှာ မြန်မြန်ဆန်ဆန်၊ တိတ်တိတ်ဆိတ်ဆိတ်နဲ့ စနစ်တကျ လုပ်ကြရမယ်။ စာအုပ်တစ်အုပ်ကနေ နောက်တစ်အုပ်ကို မြန်မြန်ဆန်ဆန် ပြောင်းပြီး ဖွင့်ထားနိုင်ရမယ်။ နောက်ဘာသာသစ်အတွက် လိုအပ်တဲ့ အိမ်စာတွေ၊ ကိရိယာတန်ဆာပလာတွေကို မြန်မြန်သမျှ မြန်အောင် အဆင်သင့်လုပ်ကြရလိမ့်မယ်။ သင်ခန်းစာပြောင်းဖို့လိုအပ်တဲ့ ကြာချိန်ဟာ ဆယ်စက္ကန့်အောက် နည်းသင့်တယ်။ နောက်ပိုင်းမှာ ခုနစ်စက္ကန့်လောက်နဲ့ ပြောင်းလဲနိုင်အောင် ရည်မှန်းချက်ထားပြီး ပြင်ဆင်ကြရလိမ့်မယ်။

၁၈ - စနစ်တကျ လုပ်တတ်ကိုင်တတ်ဖို့အတွက် အစွမ်းရှိသလောက် ကြိုးစားကြရမယ်။

၁၉ - ဆရာက မင်းတို့ကို အိမ်စာပေးတဲ့အခါမှာ ညည်းသံထွက်တာတို့၊ ဆင်ခြေပေးတာတို့ မရှိစေချင်ဘူး။ တကယ်လို့ ညည်းသံတို့ ဆင်ခြေပေးသံတို့ထွက်လာရင် အိမ်စာကို နှစ်ဆပေးခံရမယ်။

၂၀ - တကယ်လို့ အစားထိုးဆရာတစ်ယောက် စာသင်နေရင် ဆရာမင်းတို့နဲ့အတူရှိနေတဲ့အတိုင်းပဲ အရင်ရှိတဲ့စည်းကမ်းတွေကို ကျကျနန လိုက်နာကြရမယ်။ ( ဒီကိစ္စက ခက်ခဲမယ်လို့ ဆရာထင်တယ်။ ဒါပေမယ့် အရေးအကြီးဆုံးလည်း ဖြစ်တယ်။ )

၂၁ - ငါတို့ဟာ စာသင်ခန်းလုပ်ထုံးလုပ်နည်းတွေကို လေးစားလိုက်နာကြရလိမ့်မယ်။ ငါတို့ဟာ စနစ်တကျရှိရမယ်၊ သက်တောင့်သက်သာ ဖြစ်ရမယ်၊ အလုပ်တွင်ကျယ်ရမယ်။ အဲဒီလိုလုပ်နိုင်ဖို့အတွက် အောက်က စည်းကမ်းတွေကို ငါတို့လိုက်နာကြရလိမ့်မယ်။
          ၁။ ခွင့်ပြုချက်မရဘဲ စာသင်ခုံကနေ မထပါနဲ့။ ခြွင်းချက်အနေနဲ့ တကယ်လို့ မင်းနေမကောင်းဖြစ်ခဲ့ရင်တော့ ချက်ချင်းခွင့်ယူပြီး ထွက်သွားပါ။
          ၂။ လက်မထောင်ဘဲ၊ ဒါမှမဟုတ် ဆရာက မမေးဘဲ စကားလုံးဝ မပြောပါနဲ့။ တကယ်လို့ ဆရာက မင်းကို မေးခွန်းတစ်ခုမေးရင် ဖြေဖြစ်အောင်ဖြေပါ။

၂၂ - မင်းဟာ ရေတစ်ပုလင်းယူလာပြီး မင်းရဲ့စာသင်ခုံမှာ ထားနိုင်တယ်။ ဆရာစာသင်နေတဲ့အချိန်မှာ ရေသောက်နိုင်မလားလို့ လာမမေးပါနဲ့။ တခြားကျောင်းသားတစ်ယောက်က မမြင်မချင်း၊ မင်းစားတဲ့အသံကို ဆရာမကြားမချင်း စားစရာကို မင်းခုံစောင်းထဲမှာ ထည့်ထားနိုင်သေးတယ်။

၂၃ - မင်းကျောင်းမှာ ရှိတဲ့ ဆရာတွေရဲ့ နာမည်တွေကို အမြန်ဆုံး မှတ်သားပါ။ သူတို့ကိုနှုတ်ဆက်တဲ့အခါမှာ နာမည်ပါထည့်ပြီး “ ကောင်းသောနံနက်ခင်းပါ မစ္စတာ ဂရေဟမ် ” “ ကောင်းသောညနေခင်းပါ မစ္စ အိုးတစ်စ်။ ဆရာမ ၀တ်ထားတဲ့ အင်္ကျီလေး အရမ်းလှတာပဲ ” လို့ နှုတ်ဆက်ပါ။ ( မှတ်ချက် - တကယ်လို့ မင်းဟာ ကျောင်းသားအားလုံးနဲ့အတူတူ တန်းစီနေတယ်ဆိုရင် ဆရာ့ကို စကားပြောခွင့်မရှိဘူး။ ဘာကြောင့်လဲဆိုရင် လူအများတန်းစီချိန်မှာ စကားမပြောရဆိုတဲ့ ဥပဒေရှိနေလို့ ဖြစ်တယ်။ မင်းအနေနဲ့ တခြားဆရာတစ်ယောက်ကို စာသင်ခန်းထဲကို မင်းဝင်လာတဲ့အချိန်ပဲဖြစ်ဖြစ်၊ ကျောင်းကနေ ပြန်ထွက်သွားတဲ့ အချိန်မှာပဲဖြစ်ဖြစ်၊ နားနေချိန်၊ ကျောင်းဖွံ့ဖြိုးရေးချိန် ( errand )၊ စာသင်ခန်းပြောင်းတဲ့အချိန်တို့မှာ စကားပြောနိုင်တယ် )

၂၄ - သန့်စင်ခန်းသုံးပြီးတဲ့အခါတိုင်းမှာ အိမ်သာကို ရေဆွဲချပါ။ လက်ဆေးပါ။ အများသုံး သန့်စင်ခန်းဖြစ်ရင် လက်မဆေးခင်မှာ စက္ကူလက်သုတ်ကို လုံလုံလောက်လောက် ကြိုယူထားပါ။ လက်ဆေးပြီးရင် ရေပိုက်ခေါင်းကိုပိတ်ဖို့၊ အခြောက်ခံစက် ခလုတ်ကိုနှိပ်ဖို့၊ လက်ကိုအခြောက်ခံဖို့အတွက် နောက်ထပ်စက္ကူထပ်ယူပါ။ ဒါမှမဟုတ်ရင် အခြောက်ခံစက် ခလုပ်ကို နှိပ်ဖို့အတွက် လက်သုတ်ပုဝါကို သုံးပါ။ မင်းမလုပ်ချင်ဆုံးအလုပ်က တခြားလူတွေ လက်ညစ်ပတ်တွေနဲ့ ကိုင်ထား၊ ထိထားတဲ့နေရာကို မင်းရဲ့လက်သန့်သန့်နဲ့ မထိချင်တာပဲ ဖြစ်ပါလိမ့်မယ်။

၂၅ - တစ်ခါတစ်ရံမှာ ဆရာတို့ကျောင်းကို ဧည့်သည်တွေ လာကြလိမ့်မယ်။ တကယ်လို့ ကျောင်းကို ဧည့်သည်တစ်ယောက်လာခဲ့ရင် အဲဒီဧည့်သည်ကိုကြိုဖို့ ကျောင်းတံခါးဝဆီကို ဆရာက ကျောင်းသားနှစ်ယောက် လွှတ်ပေးလိမ့်မယ်။ အဲဒီနှစ်ယောက်က ဧည့်သည်ကို ကြိုဆိုဖို့ ဖော်ရွေတဲ့ ပုံစံမျိုး ပြဖို့လိုအပ်တယ်။ ဧည့်သည်တွေ ရောက်လာရင် မင်းတို့က လက်ဆွဲနှုတ်ဆက်ပြီး မင်းဘယ်သူဖြစ်တယ်ဆိုတာကို ပြောရမယ်၊ ကျောင်းကိုလာလည်တာကို ကြိုဆိုကြောင်း ပြောကြရမယ်။ အဲဒီဧည့်သည်တွေကို စာသင်ခန်းထဲခေါ်မလာခင်မှာ ကျောင်းအဆောက်အဦတွေကို ခဏလောက် လှည့်ပတ်ပြီး ပြပေးဖို့လည်း လိုအပ်တယ်။

၂၆ - နေ့လည်စာစားခန်းထဲမှာ ကိုယ့်သူငယ်ချင်းအတွက် ခုံကို ကြိုပြီးဦးမထားပါနဲ့။ တကယ်လို့ တစ်ယောက်ယောက်က ထိုင်ချင်တယ်ဆိုရင် ထိုင်ခိုင်းလိုက်ပါ။ ဘယ်သူ့ကိုမှ ဖယ်ထုတ်ပစ်ဖို့ မကြိုးစားပါနဲ့။ ဆရာတို့အားလုံးဟာ မိသားစုဝင်တွေဖြစ်တယ်။ ဒါကြောင့် တခြားလူတိုင်းကို လေးစားမှုနဲ့ ကြင်နာခြင်းအပြည့်နဲ့ ဆက်ဆံဖို့ လိုအပ်တယ်။

၂၇ - တကယ်လို့ ဆရာကပဲဖြစ်ဖြစ် တခြားဆရာတစ်ယောက်ယောက်ကပဲဖြစ်ဖြစ် ကျောင်းသားတစ်ယောက်ကို စကားပြောနေရင် ဒါမှမဟုတ် ဆုံးမနေရင် အဲဒီကျောင်းသားကို မကြည့်ပါနဲ့။ တကယ်လို့ မင်းသာ ဒုက္ခရောက်နေရင် ဒါမှမဟုတ် အပြစ်ပေးဆုံးမခံနေရရင် တခြားလူတွေ မင်းကိုဝိုင်းကြည့်တာကို ကြိုက်မှာမဟုတ်တာ သေချာတယ်။ ဒါကြောင့် အဲဒီလို အခြေအနေမျိုးရောက်နေတဲ့ တခြားတစ်ယောက်ကို ၀ိုင်းမကြည့်ပါနဲ့။ တကယ်လို့ ဆုံးမခံနေရတဲ့ ကျောင်းသားက မင်းဖြစ်နေတယ်ဆိုရင်လည်း ၀ိုင်းကြည့်နေတဲ့ ကျောင်းသားတွေကို ဒေါသမထွက်ပါနဲ့။ ရေးကြီးခွင်ကျယ်လုပ်ပြီး စိတ်ရှုပ်မနေပါနဲ့။ ဆရာ့ကိုပြောပါ။ ဒီပြဿနာကို ဆရာဖြေရှင်းပေးမယ်။

၂၈ - တကယ်လို့ အိမ်စာနဲ့ပတ်သက်ပြီး အခက်အခဲရှိလို့ တစ်ခုခု မေးချင်ရင် ဆရာ့ဆီကို ဖုန်းခေါ်ပါ။ တကယ်လို့ ဆရာအိမ်မှာ မရှိရင် “ ဟိုင်း..မစ္စတာ ကလာ့ခ်…ကျွန်တော် . . . . . ပါ။ . . . . . အိမ်စာနဲ့ ပတ်သက်ပြီး အကူအညီတောင်းချင်လို့ပါ။ ကျွန်တော့်ကို . . . . .  နာရီမထိုးခင် ဖုန်းပြန်ခေါ်ပေးပါ။ ကျေးဇူးတင်ပါတယ် ” လို့ ဖုန်းလက်ခံစက်ထဲမှာ ပြောထားခဲ့ပါ။ အဲဒီအကြောင်းအရာကို ဆယ့်လေးငါးခါလောက် ထပ်ခါထပ်ခါ ပြောဖို့မလိုဘူးဆိုတာ သိထားရလိမ့်မယ်။

၂၉ - အစာစားတဲ့အချိန်မှာ မင်းတို့လိုက်နာကြရမယ့် အမူအကျင့်ကောင်းတွေ အများကြီးရှိတယ်။ အဲဒါတွေကို ဆရာကတော့ ကျင့်ဝတ် ABC လို့ နာမည်ပေးထားတယ်။

          က။ အစာစားဖို့အတွက် ထိုင်လိုက်တာနဲ့ မင်းရဲ့လက်သုတ်ပုဝါကို ပေါင်ပေါ်မှာ ချက်ချင်း ဖြန့်ခင်းပါ။ တကယ်လို့ မင်းရဲ့ဇွန်း၊ ခက်ရင်းတွေကို လက်သုတ်ပုဝါနဲ့ ထုပ်ထားရင် မင်းထိုင်ပြီးပြီးချင်း ဖြေပြီး လက်သုတ်ပုဝါကို ပေါင်ပေါ်မှာ အမြန်ဆုံးတင်ပါ။

          ခ။ မင်း စားသောက်ပြီးသွားရင် မင်းရဲ့လက်သုတ်ပုဝါကို မင်းစားထားတဲ့ ပန်းကန်ပြားရဲ့ဘယ်ဘက်မှာထားပြီး စားပွဲပေါ် တင်ထားပါ။ ပန်းကန်ပြားဘေးမှာ ခပ်ဖွဖွကလေး တင်ထားပါ။ ခြေမွမပစ်ပါနဲ့။ ဘာကြောင့်လဲဆိုရင် မသပ်မရပ်ဖြစ်နေတာကို မင်းမြင်ချင်မှာ မဟုတ်လို့ပဲ။ အလွန့်အလွန် သေသေသပ်သပ် ကျကျနနကြီးလည်း ခေါက်မထားပါနဲ့။ ဘာကြောင့်လဲဆိုရင် ဒီလက်သုတ်ပုဝါကို နောက်တစ်ခါထပ်သုံးလို့ရတယ်လို့ စားသောက်ခန်းတာဝန်ခံက ယူဆလိုက်တာကို မင်းကြိုက်မှာ မဟုတ်လို့ပဲ။ မင်းရဲ့လက်သုတ်ပုဝါကို မင်းထိုင်တဲ့ ကုလားထိုင်ပေါ်မှာလည်း ချန်မထားခဲ့ပါနဲ့။ အဲဒီလိုလုပ်ခြင်းဟာ ဒီလက်သုတ်ပုဝါဟာ စားပွဲပေါ်မှာ တင်ထားလို့မရအောင် အလွန့်အလွန် ညစ်ပေနေတယ်လို့ ဖော်ပြရာရောက်တယ်။ တချို့ယဉ်ကျေးမှုတွေမှာဆိုရင် လက်သုတ်ပုဝါကို ကုလားထိုင်ပေါ်မှာ ထားခဲ့တာဟာ ဒီစားသောက်ဆိုင်၊ စားသောက်ခန်းကို နောက်တစ်ခါ ထပ်မလာတော့ဘူးလို့ ဆိုလိုရာရောက်တယ်။

          ဂ။ စားပွဲပေါ်ကို လက်မထောက်ပါနဲ့။

          ဃ။ အစားအစာကို ဖြတ်နေချိန်နဲ့ ထောပတ်သုတ်နေချိန်ကလွဲပြီး ကျန်တဲ့အချိန်တွေမှာ လက်တစ်ဖက်နဲ့ပဲ စားပါ။ လက်တစ်ဖက်က ခက်ရင်းကို ကိုင်ပြီး ကျန်တဲ့တစ်ဖက်က ဖန်ခွက်ကို ကိုင်ထားတာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။

          င။ လက်မစုပ်ပါနဲ့။ လက်ကို လျှာနဲ့မလျက်ပါနဲ့။ မင်းရဲ့လက်တွေကို သန့်ရှင်းရေးလုပ်ဖို့အတွက် လက်သုတ်ပုဝါတွေ ပေးထားတယ်။ မင်းကိုမင်း သန့်ရှင်းရေးလုပ်ဖို့အတွက် လျှာနဲ့လျက်ဖို့ မလိုဘူးဆိုတာ သိထားပါ။

          စ။ နှုတ်ခမ်းတွေကို တပျတ်ပျတ်မြည်အောင် မစုပ်ပါနဲ့။ ဆူဆူညံညံ အသံထွက်အောင် ၀ါးမစားပါနဲ့။

          ဆ။ ပါးစပ်ကြီးဟပြီး အစာကို ၀ါးမစားပါနဲ့။

          ဇ။ ပါးစပ်ထဲမှာ စားစရာ ပလုပ်ပလောင်းနဲ့ စကားမပြောပါနဲ့။ တစ်ခါတစ်ရံမှာ တစ်ချို့လူတွေဟာ သူတို့ပါးစပ်ကို လက်နဲ့ကွယ်ပြီး စကားပြောတာမျိုး တွေ့ဖူးကြလိမ့်မယ်။ အဲဒီလိုမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။ စကားပြောဖို့အတွက် မင်းပါးစပ်ထဲက အစားအစာတွေကို မျိုချပြီးတဲ့အချိန်အထိတော့ စောင့်ပါ။

          စ်။ သွားကြားထဲမှာ တစ်ခုခု ညပ်နေရင် ညပ်ညပ်ချင်း ကလော်မထုတ်ပါနဲ့။ သန့်စင်ခန်းထဲရောက်အောင်သွားပြီးမှ ဖယ်ပစ်ပါ။

          ည။ ဖျော်ရည်၊ ဟင်းရည်တွေကို အသံမြည်အောင် စုပ်မသောက်ပါနဲ့။

          ဋ။ စားစရာတွေနဲ့ မကစားပါနဲ့။

          ဌ။ တကယ်လို့ မင်းရဲ့ ဇွန်း၊ လက်သုတ်ပုဝါ၊ ဒါမှမဟုတ် တစ်ခုခု ကြမ်းပြင်ပေါ် ပြုတ်ကျသွားရင် စားပွဲပေါ် ပြန်ကောက်မတင်ပါနဲ့။ ကြမ်းပေါ်ကျထားတဲ့ ပစ္စည်းတစ်ခုခုကို စားပွဲပေါ် ပြန်တင်တာဟာ အလွန့်အလွန် ရိုင်းစိုင်းပြီး သန့်ရှင်းမှုမရှိတဲ့ လုပ်ရပ်ဖြစ်တယ်။ တကယ်လို့ ပြုတ်ကျသွားတဲ့ တစ်ခုခုကို ပြန်ကောက်ပြီးရင် စားပွဲထိုး တစ်ယောက်ယောက်ဆီကို လက်ဆင့်ကမ်းလိုက်ပါ။ ပြီးရင် အစာဆက်မစားခင်မှာ လက်ကို သန့်ရှင်းအောင် သွားဆေးဖို့ လိုလိမ့်မယ်။ အဲဒီလိုအခြေအနေမျိုးမှာ ပြုတ်ကျသွားတဲ့ ပစ္စည်းကို သည်အတိုင်း ပစ်ထားလိုက်ပြီး စားပွဲထိုးဆီကနေ နောက်တစ်ခု ထပ်တောင်းလိုက်တာ အကောင်းဆုံးဖြစ်လိမ့်မယ်။

          ဍ။ အစားအစာ အားလုံးနီးပါးကို စားဖို့အတွက် မင်းရဲ့ စားသောက်ခန်း ကိရိယာတန်ဆာပလာတွေကို သုံးရမယ်။ လက်နဲ့ကိုင်ပြီး စားနိုင်တဲ့ အစားအစာ ဆယ်မျိုးကို အောက်မှာ ပြထားတယ်။
          ၁။ ပီဇာ Pizza
          ၂။ ၀က်ပေါင်ခြောက် Bacon
          ၃။ ကွတ်ကီး
          ၄။ ပေါင်မုန့် ( ပေါင်မုန့်ကို မင်းစားနိုင်သလောက်အရွယ် ဖဲ့ပြီးစားပါ။ ပေါင်မုန့်ကို ထောပတ်သုတ်မယ်ဆိုရင် တစ်လုံးလုံး မသုတ်ပါနဲ့။ မင်းဖဲ့ထားတဲ့ အပိုင်းကိုပဲ သုတ်ပါ။ နောက်တစ်ပိုင်း မဖဲ့ခင်မှာ လက်ထဲမှာ ရှိနေတဲ့ အပိုင်းကို အရင်ဆုံး ကုန်အောင်စားပါ )
          ၅။ ပြောင်းဖူးတင်ပေါင်မုန့်လုံး ( ပတ်ပတ်လည် ၀ိုင်းပတ်ကိုက်စားတာထက် ကန့်လန့်ဖြတ် ကိုက်စားတာဟာ ပိုပြီး ယဉ်ကျေးတယ် )
          ၆။ အသားညှပ်ပေါင်မုန့်၊ ဟမ်ဘာဂါ၊ ဟော့ဒေါ့၊ ဘီစကစ်
          ၇။ အာလူးချောင်းကြော်နဲ့ အာလူးပြားကြော်
          ၈။ ကြက်ကြော်
          ၉။ ကညွတ် Asparagus
          ၁၀။ အခိုင်လိုက်ပါတဲ့ စပျစ်သီးလို သေးငယ်တဲ့ အသီးတွေ၊ ပန်းသီး၊ လိမ္မော်သီး၊ မုန်လာဥနီစတာတွေ

          ဎ။ သူများပန်းကန်ကို ကျော်ပြီး ဘယ်အရာကိုမှ လှမ်းမယူပါနဲ့။ တစ်ခုခုလိုချင်ရင် “ ကျေးဇူးပြုပြီး ဆားပုလင်းကလေး လှမ်းလိုက်စမ်းပါ ” လို့ တောင်းယူပါ။

          ဏ။ ခုံမှာ မထိုင်ရသေးခင် ပန်းကန်ထဲက အစားအစာတွေကို နှိုက်မစားပါနဲ့။

          တ။ စားသောက်ခန်းမှာ စားနေကြရင် ကိုယ့်စားပွဲမှာထိုင်နေတဲ့ လူတိုင်းမှာ အစားအစာရောက်မလာသေးရင် တစ်ယောက်တည်း စမစားပါနဲ့။

          ထ။ အစားအစာအတွက် တန်းစီရတဲ့ လူတန်းက ရှည်လွန်းတာတို့၊ စောင့်နေရတာတို့၊ စားစရာက သိပ်မကောင်းတာတို့အတွက် ဘယ်တော့မှ ညည်းညူပြီး ဆင်ခြေမပေးသင့်ဘူး။ တခြားလူတွေရဲ့ ပျော်ရွှင်သာယာတဲ့ အခြေအနေကို ဖျက်ဆီးပစ်လေ့ရှိတဲ့ အဖျက်သမားတစ်ယောက်အဖြစ်ကို  မင်းရချင်လိမ့်မယ်တော့ မထင်ဘူး။

          ဒ။ ဘယ်အသုံးအဆောင်နဲ့ စပြီးစားရမယ်ဆိုတာ မသေချာရင် မင်းနဲ့အဝေးဆုံးမှာ ရှိနေတဲ့ ခက်ရင်း၊ ဒါး ဒါမှမဟုတ် ဇွန်းနဲ့ စစားပါ။ မင်းရဲ့ဘယ်ဘက် အနီးဆုံးမှာ အသုတ်စား ခက်ရင်းရှိလိမ့်မယ်။ သူနဲ့ကပ်လျှက်မှာ ညစာစား ခက်ရင်းထားတယ်။ မင်းရဲ့ညာဘက်အစွန်းဆုံးမှာ ဟင်းရည်သောက်ဇွန်းရှိမယ်။ ဒါ့အပြင် ကော်ဖီတို့ လက်ဖက်ရည်တို့ ဖျော်ရင် မွှေဖို့အတွက် ဇွန်းတစ်ချောင်းလည်းရှိမယ်။ အသုတ်လှီးဖို့ ဓားရှိမယ်။ ညစာစား ဓားရှိလိမ့်မယ်။ မင်းပန်းကန်ပြားရဲ့ ထိပ်ဘက်မှာ ရှိတဲ့ အသုံးအဆောင်တွေက အချိုပွဲစားတဲ့အခါမှာ သုံးဖို့ ဖြစ်တယ်။

          န။ စားသောက်ပြီးသွားရင် မင်းရဲ့ပန်းကန်ပြားကို ကိုယ်နဲ့အဝေးကို တွန်းမပို့လိုက်ပါနဲ့။ သူ့နေရာအတိုင်း ရှိပါစေ။ မင်း စားပြီးသွားတဲ့အကြောင်းကို ပြချင်ရင် မင်းရဲ့ခက်ရင်းနဲ့ ဓားကို ပန်းကန်ပြားပေါ်မှာ ကန့်လန့်ဖြတ်ပြီး အတူတူ တင်ထားလိုက်ပါ။ ခက်ရင်းထားတဲ့အခါမှာ ကော့နေတဲ့အဖျားကို အောက်စိုက်ပြီးထားပါ။ ဓားရဲ့ အသွားကိုလည်း အောက်ဘက်လှည့်ပြီး တင်ပါ။ အဲဒီနှစ်ခုထဲမှာ ခက်ရင်းဟာ မင်းနဲ့အနီးဆုံးမှာ ရှိသင့်တယ်။

          ပ။ ကိုယ်သုံးပြီးသွားတဲ့ ဇွန်း၊ ခက်ရင်း၊ ဓား စတာတွေကို စားပွဲပေါ်မှာ ဘယ်တော့မှ ပြန်မတင်ပါနဲ့။ ပန်းကန်ပြားတစ်ချပ်ပေါ်မှာ တင်ထားပါ။

          ဖ။ အစားအသောက် မှာတာပဲဖြစ်ဖြစ်၊ မေးခွန်းထုတ်တာပဲဖြစ်ဖြစ်၊ ကျေးဇူးတင်စကားဆိုတာပဲဖြစ်ဖြစ် လုပ်နေချိန်မှာ စားပွဲထိုးနဲ့ မျက်လုံးချင်းဆုံအောင် ကြည့်ပါ။

          ဗ။ စားပွဲထိုးက သူ့နာမည်ထုတ်ပြောပြီး မိတ်ဆက်တဲ့အခါမှာ နာမည်ကို မှတ်မိအောင် လုပ်ပါ။ အစားအစာပွဲတွေ တစ်ပွဲပြီးတစ်ပွဲ အကူးအပြောင်းမှာ စားပွဲထိုးရဲ့ နာမည်ကို ဖြစ်နိုင်သမျှ မကြာမကြာ ထည့်ပြီး ခေါ်ပြောပါ။

          မ။ စားသောက်နေရင်းနဲ့ သန့်စင်ခန်းသွားချင်တယ်ဆိုရင် မတ်တပ်ရပ်ပြီး “ ခွင့်ပြုပါဦးနော် ” လို့ တစ်ဝိုင်းတည်း စားဖော်စားဖက်တွေကို ပြောပြီးမှ သွားပါ။

          ယ။ အချိုပွဲစားဖို့ အချိန်မှာပဲဖြစ်ဖြစ် “ ဘယ်အရံဟင်းမျိုးကို သဘောကျပါသလဲခင်ဗျာ ” တို့ “ အသုတ်ပေါ်မှာ ဘယ်အနှစ်ဆမ်းစေချင်ပါသလဲခင်ဗျာ ” ဆိုတဲ့ မေးခွန်းတွေ မေးလာရင်ပဲဖြစ်ဖြစ် “ မင်းရော ဘယ်လိုသဘောရသလဲ ” လို့ ပြန်မေးလိုက်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ ဒီနည်းအားဖြင့် စားသောက်ဆိုင်မှာ မရှိနိုင်တဲ့ အစားအသောက်တွေကို မှာမိတဲ့ ဖြစ်ရပ်မျိုးက ရှောင်ရှားနိုင်လိမ့်မယ်။

          ရ။ စားပွဲထိုးနဲ့ စားပွဲထိုးမယ်တွေကို အစေခံတွေလို ဆက်ဆံပြောဆိုတာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။ သူတို့ကို လေးစားမှုအပြည့် ကြင်နာမှုအပြည့်နဲ့ ပြောဆိုဆက်ဆံပါ။ သူတို့ဟာ မင်းအတွက် အစားအစာတွေကို ပြင်ဆင်ပြီး ယူလာပေးနေကြတယ်ဆိုတာ သတိရပါ။ စားပွဲထိုးနဲ့ ရန်သူဖြစ်သွားတာမျိုး မင်းလိုချင်မှာ မဟုတ်တာတော့သေချာတယ်။

၃၀ - စားသောက်ပြီးတဲ့အခါမှာ ကိုယ့်ဘာသာကိုယ် သန့်ရှင်းရေး လုပ်ရလိမ့်မယ်။ အဲဒီလိုသန့်ရှင်းရေးလုပ်တဲ့အခါမှာ စားပွဲတွေကိုလည်း သန့်ရှင်းရမယ်၊ စားတဲ့သောက်တဲ့ နေရာတ၀ိုက်နဲ့ ကြမ်းပြင်ပေါ်မှာ အစားအစာ အစအနတွေ မကျန်ခဲ့အောင်လည်း ဂရုစိုက်ဖို့ လိုအပ်တယ်။ မင်းဘယ်နေရာမှာပဲရောက်နေနေ ကိုယ့်ရဲ့အကြွင်းအကျန် အမှိုက်သရိုက်အတွက် ကိုယ်တာဝန်ယူဖို့နဲ့ အမှိုက်မဖွမိဖို့ အရေးအကြီးဆုံး ဖြစ်တယ်။

၃၁ - ဟိုတယ်မှာ တည်းတဲ့အခါမှာ ငါတို့ထွက်သွားရင် အခန်းသန့်ရှင်းဖို့ တာဝန်ယူထားရတဲ့ ဟိုတယ်အလုပ်သမားတွေအတွက် ခေါင်းအုံးပေါ်မှာ မုန့်ဖိုးချန်ထားပေးခဲ့တာဟာ သင့်လျော်တဲ့ လုပ်ရပ်ဖြစ်တယ်။ ကိုယ်တည်းတဲ့အခန်းရဲ့ ကျသင့်တဲ့အခန်းခပေါ်မူတည်ပြီး တစ်ညတာအတွက် နှစ်ဒေါ်လာ သို့မဟုတ် သုံးဒေါ်လာဟာ ဆီလျော်ညီညွှတ်တဲ့ ပမာဏဖြစ်တယ်။

၃၂ - ဘတ်စ်ကားစီးတဲ့အခါမှာ ငါတို့ဟာ ရှေ့တည့်တည့်ကိုပဲ မျက်နှာမူပြီး စီးလေ့ရှိကြတယ်။ တခြားကျောင်းသားတွေနဲ့ စကားပြောဖို့အတွက် နောက်ကိုလှည့်ထိုင်တာတို့၊ ပြတင်းပေါက်တွေ အပြင်ဘက်မှာ တစ်ခုခု ကပ်တာတို့၊ ထိုင်ခုံကနေ ထသွားတာတို့ ဘယ်တော့မှ မလုပ်ရဘူး။ ဘတ်စ်ကားပေါ်ကနေ ဆင်းရင် ကားဆရာကို ကျေးဇူးတင်တဲ့အကြောင်းနဲ့ ကောင်းသောနေ့ဖြစ်ပါစေဆိုတဲ့ ဆုတောင်းစကားကို အမြဲတမ်း ပြောကြရမယ်။

၃၃ - ငါတို့တွေ လေ့လာရေးခရီးထွက်တဲ့အခါမျိုးမှာ ခြားနားတဲ့ လူပေါင်းစုံနဲ့ တွေ့ကြ ဆုံကြရလိမ့်မယ်။ မင်းတို့ကို လူတွေနဲ့ ဆရာက မိတ်ဆက်ပေးရင် သူတို့နာမည်တွေကို မင်းတို့ ဂရုတစိုက်နဲ့ မှတ်သားထားဖို့ လိုလိမ့်မယ်။ တို့တွေ ခရီးစဉ်ပြီးလို့ ပြန်ကြတဲ့အခါမှာ သူတို့ကို လက်ဆွဲနှုတ်ဆက်ပြီး သူတို့နာမည်တပ်ပြီး ကျေးဇူးတင်စကားပြောဖြစ်အောင် ပြောပါ။

၃၄ - မင်းတို့ကို စားစရာ တစ်ခုခု ကျွေးတဲ့အခါမျိုးမှာ ကိုယ်တိုင်ယူစနစ် Buffet ကျွေးတာပဲဖြစ်ဖြစ် စာသင်ခန်းထဲမှာ ချကျွေးတာပဲဖြစ်ဖြစ် ကိုယ်စားနိုင်တာ၊ စားသင့်တာထက် ပိုမယူပါနဲ့။ ကိုယ်ရသင့်တာထက် ပိုယူတတ်တဲ့ လောဘသမားဖြစ်တာမျိုး မင်းကြိုက်မှာ မဟုတ်တာ သေချာတယ်။ အဲဒီလို လုပ်ခြင်းဟာ ဖြုန်းတီးရာရောက်သလို ကိုယ်က ပိုယူလိုက်တဲ့အတွက် လုံလောက်အောင် မရတော့တဲ့ ကျန်တဲ့လူတွေကို မရိုမသေပြုရာ ရောက်တယ်။

၃၅ - စာသင်ခန်းထဲမှာပဲဖြစ်ဖြစ် လေ့လာရေးခရီးထွက်တဲ့အခါမှာပဲဖြစ်ဖြစ် တစ်ယောက်ယောက်က တစ်ခုခု ကျကျန်ခဲ့တာတွေ့ရင် ကောက်ပြီး လက်ဆင့်ကမ်း ပြန်ပေးပါ။ တကယ်လို့ ပစ္စည်းကျသွားတဲ့လူဟာ ကျသွားတဲ့ ပစ္စည်းနဲ့ နီးနေရင် ပစ္စည်းပြန်ကောက်ဖို့ လက်ဟန်ခြေဟန်နဲ့ ပြတာဟာ ယဉ်ကျေးတဲ့ လုပ်ရပ်ဖြစ်တယ်။

၃၆ - ကိုယ်က တံခါးဆီကို သွားနေတဲ့အချိန်မှာ ကိုယ့်နောက်မှာ တစ်ယောက်ယောက် ပါလာရင် တံခါးကို သူဖြတ်သွားပြီးတဲ့အချိန်အထိ ကိုင်ထားပါ။ တံခါးက ဆွဲတံခါးဖြစ်နေရင် ဆွဲဖွင့်ပါ။ ပြီးရင် ဘေးကပ်ရပ်ပြီး တခြားလူတွေကို ကိုယ့်အရင် ဖြတ်သွားခိုင်းလိုက်ပါ။ ပြီးမှ မင်းသွားပါ။ တံခါးက တွန်းတံခါးဖြစ်နေရင် တံခါးကို ပြန်တွန်းမပိတ်သေးဘဲ နောက်လူ သွားပြီးမှ ပြန်တွန်းပိတ်ပါ။

၃၇ - တစ်ယောက်ယောက်နဲ့ မတော်တဆ ထိခိုက်မိတဲ့အခါမျိုးမှာ “ ဆောရီးပါ…တောင်းပန်ပါတယ် ” လို့ ပြောဖို့ ၀န်မလေးပါနဲ့။ တကယ်လို့ မင်းရဲ့အမှား မဟုတ်ရင်တောင် ကိုယ်ကဦးအောင် တောင်းပန်လိုက်ပါ။

၃၈ - လေ့လာရေးခရီးထွက်တဲ့ အချိန်မျိုးမှာ အများပြည်သူနဲ့ဆိုင်တဲ့ စက်ရုံ၊ အလုပ်ရုံ၊ ဆေးရုံစတာတွေကို ၀င်ကြည့်ရင် တိတ်တိတ်ဆိတ်ဆိတ်နဲ့ စည်းကမ်းရှိရှိ သွားပါ။

၃၉ - လေ့လာရေးခရီးထွက်နေတဲ့ အချိန်မျိုးမှာ ကိုယ်အလည်ရောက်နေတဲ့ နေရာဒေသအကြောင်း ချီးကျူးပြောဆိုတာဟာ ကောင်းတဲ့လုပ်ရပ်ဖြစ်တယ်။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်ရဲ့အိမ်ကို ငါတို့အလည်သွားကြရင် သူတို့အိမ်က ခန်းဆီးလိုက်ကာတွေ ဘယ်လောက်လှကြောင်း အိမ်ရှင်ကို ပြောခြင်းဟာ ကောင်းတဲ့အမူအကျင့်ဖြစ်တယ်။ လူတွေဟာ သူတို့အိမ်ကို ဧည့်သည်တွေရောက်လာကြရင် ကိုယ့်ကိုယ်ကို စိတ်မလုံမခြုံဖြစ်လေ့ရှိတတ်ကြတယ်။ ဒါကြောင့် မင်းတို့က သူတို့ကို သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးဖို့ လိုအပ်တယ်။ တကယ်လို့ ပြခန်းတို့ ဇာတ်ရုံတို့ကို လေ့လာရေးသွားကြရင်လည်း ဗိသုကာလက်ရာတွေ ဘယ်လောက်လှကြောင်း၊ ၀န်ဆောင်မှုက ဘယ်လောက်ကောင်းကြောင်း ဧည့်လမ်းညွှန်ကို ပြောခြင်းဟာလည်း ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်တယ်။

၄၀ - ကျောင်းသားစုံညီ စုဝေးသဘင် assembly မှာ စကားမပြောပါနဲ့ ဟိုဟိုသည်သည် လျှောက်မကြည့်ပါနဲ့။ တခြားအခန်းက မင်းသူငယ်ချင်းတွေရဲ့ အာရုံစူးစိုက် စိတ်ဝင်စားမှုရအောင် ကြိုးစားပါ။ ငါတို့ဟာ အတူတကွ လှုပ်ရှားဆောင်ရွက်ကြတယ်ဆိုတဲ့ ပုံရိပ်ကို အများသိအောင် ပြကြရလိမ့်မယ်။

၄၁ - အိမ်မှာ ဖုန်းပြောတဲ့အခါမှာ အများနားဝင်ချိုတဲ့ အသံနဲ့ ပြောပါ။

၄၂ - လေ့လာရေးခရီးက ပြန်လာတဲ့အခါမှာ ဆရာ့ကိုလည်း လက်ဆွဲနှုတ်ဆက်ပါ။ မင်းတို့ ခရီးထွက်ဖို့အတွက် အချိန်ပေးတဲ့ ဆရာတို့ကို ကျေးဇူးတင်သင့်ပါတယ်။ ဒါတင်မကသေးဘဲ ဒီလိုအခွင့်အရေးမျိုး ရတဲ့အတွက် မင်းတို့ ဘယ်လောက်ကျေနပ်ပျော်ရွှင်တယ်ဆိုတာကို ဆရာတို့ကို အသိပေးသင့်ပါတယ်။ ဒီလိုပြောတာဟာ မင်းတို့ရဲ့ ကျေးဇူးတင်ခံရတာကို ဆရာက အလွန်အမင်း ခံယူချင်လွန်းလို့ ပြောနေခြင်း မဟုတ်ပါ။ တစ်ယောက်ယောက်က မင်းတို့ကို ကူညီတဲ့အခါမှာ ဘယ်လိုကျေးဇူးတင်ရမယ်ဆိုတာကို မင်းတို့သိအောင် သင်ပေးနေခြင်းပဲ ဖြစ်တယ်။

၄၃ - လေ့လာရေးခရီးထွက်တဲ့အခါမှာ ငါတို့ဟာ စက်လှေကား စီးရကောင်း စီးရလိမ့်မယ်။ အဲဒီလိုစီးတဲ့အခါမှာ ညာဘက်ခြမ်းမှာ ကပ်ပြီးရပ်ပါ။ အဲဒီလိုလုပ်ခြင်းအားဖြင့် စက်လှေကားပေါ်မှာ လမ်းလျှောက်ပြီးတက်ကြမယ့် အရေးကြီးနေတဲ့လူတွေအတွက် ဘယ်ဘက်ခြမ်းမှာ လမ်းပေးထားပြီးသား ဖြစ်သွားလိမ့်မယ်။ တကယ်လို့ ဓာတ်လှေကားတို့၊ မြေအောက်လမ်းတို့၊ စင်္ကြန်လမ်းတို့ကို ၀င်တော့မယ်ဆိုရင် ငါတို့မ၀င်ခင်မှာ အတွင်းကလူတွေ အကုန် အပြင်ထွက်ပြီးတဲ့အချိန်အထိ စောင့်ပါ။

၄၄ - စီတန်းလမ်းလျှောက်တဲ့အခါမျိုးမှာ တစ်ယောက်တန်း တန်းပါ။ ကိုယ့်ရှေ့ကလူနဲ့ ကိုယ့်ကြားမှာ နှစ်ပေ၊ သုံးပေလောက် ကွာပါစေ။ ရှေ့ဘက်ကို အမြဲတမ်း မျက်နှာမူထားပါ။ စီတန်းချိန်မှာ စကားလုံးဝ ပြောခွင့်မရှိ။

၄၅ - စီတန်းထားတဲ့ လိုင်းမှာ ဘယ်တော့မှာ ကြားဖြတ်ပြီး တန်းမစီပါနဲ့။ တကယ်လို့ တစ်ယောက်ယောက်က မင်းရှေ့မှာ ကြားဖြတ်ဝင်ပြီး တန်းစီရင် မင်းဘာမှ မပြောပါနဲ့၊ ဘာမှ မလုပ်ပါနဲ့။ လွှတ်ထားလိုက်ပါ။ ဒါပေမယ့် ဆရာ့ကိုတော့ အသိပေးပါ။ ဒီပြဿနာကို ဆရာရှင်းပေးမယ်။ ကြားဖြတ်ဝင်တဲ့တစ်ယောက်နဲ့ မင်းနဲ့  ပူညံပူညံလုပ်နေရင် မင်းလည်း ပြဿနာဖြစ်သွားလိမ့်မယ်။ မင်းနဲ့ အဲဒီပြဿနာနဲ့ မထိုက်တန်ဘူး။ ဒါကြောင့် ဘာဖြစ်သလဲဆိုတာ ဆရာ့ကိုသာ ပြောပါ။ ကျန်တဲ့အတန်းသူ အတန်းသားတွေနဲ့ ဖြစ်တဲ့ ပဋိပက္ခတွေမှာလည်း အဲဒီနည်းအတိုင်းပဲ ကိုင်တွယ်ဖြေရှင်းပါ။ ပြဿနာကို မင်းကိုယ်တိုင် မဖြေရှင်းခင် ဆရာ့ဆီကို လာပြီး အကြောင်းကြားပါ။

၄၆ - ရုပ်ရှင်ရုံကို ငါတို့သွားကြတဲ့အခါ ရုံထဲမှာတစ်ယောက်နဲ့ တစ်ယောက် ဆူဆူညံညံ စကားမပြောပါနဲ့။ ဆရာနေမကောင်းလို့ ဗီဒီယိုခွေနဲ့ စာသင်တဲ့အဝေးသင် စာသင်ချိန်မျိုးမှာ စကားမပြောပါနဲ့။ ( Ron Clark က ကျန်းမာရေးမကောင်းလို့ ဆရာဝန်က အိမ်မှာ အနားယူခိုင်းတဲ့အခါမှာ သူ့ကျောင်းသားတွေ သင်ခန်းစာနောက်မကျစေဖို့အတွက် တစ်ရက်စာသင်ခန်းစာတွေ သူရှင်းပြနေတာကို အိမ်မှာ ဗီဒီယိုရိုက်ပြီး ကျောင်းသားတွေကို စာသင်ခန်းထဲမှာ ဖွင့်ပြပြီး သင်တဲ့စနစ်ကို သုံးခဲ့ပါတယ် )

၄၇ - ကျောင်းအဆောက်အဦထဲကို Doritos ( ကြက်ဥ၊ ပြောင်းဖူးမှုန့်တွေနဲ့ လုပ်ထားတဲ့ အမေရိကန် အာလူးကြော်တစ်မျိုး ) တွေ ယူမလာပါနဲ့။

၄၈ - ကျောင်းမှာရှိတဲ့ကလေးတစ်ယောက်က မင်းကို စရင်၊ နောက်ရင်၊ အနှောင့်အယှက်ပေးရင် ဆရာ့ကို အသိပေးပါ။ ဆရာဟာ မင်းရဲ့ဆရာဖြစ်တယ်။ ဒီနေရာမှာ ဆရာရှိနေခြင်းဟာ မင်းတို့ကို စောင့်ရှောက်ဖို့နဲ့ ကာကွယ်ပေးဖို့ဖြစ်တယ်။ ဒီကျောင်းမှာရှိတဲ့ ဘယ်သူကမှ မင်းကို အနိုင်ကျင့်စော်ကားတာ၊ စိတ်မသက်မသာဖြစ်အောင်လုပ်တာမျိုး ဆရာခွင့်မပြုနိုင်ဘူး။ အပြန်အလှန်အားဖြင့် ပြဿနာကို မင်းကိုယ်တိုင် ကိုယ်ထိလက်ရောက် ဖြေရှင်းတာမျိုးကိုလည်း ဆရာခွင့်မပြုနိုင်ဘူး။ အဲဒီကျောင်းသားကို ဆရာကိုယ်တိုင် ကိုင်တွယ် ဖြေရှင်းပါရစေ။

၄၉ - မင်းယုံကြည်တဲ့ အရာအတွက် ခိုင်ခိုင်မာမာ ရပ်တည်ပါ။ မင်းရဲ့နှလုံးသားနဲ့ စိတ်အာရုံက ဦးဆောင်ညွှန်ပြပြီး မင်းကိုယ်တိုင် စွဲစွဲမြဲမြဲလက်ခံယုံကြည်တဲ့ အရာအတွက် ဘာအဖြေမှ ပေးစရာ မလိုဘူး။

၅၀ - အကောင်းမြင်ဝါဒထားပြီး ဘ၀ကို ပျော်ရွှင်ခံစားပါ။ တချို့အကြောင်းအရာတွေဟာ စိတ်အနှောင့်အယှက်ဖြစ်ဖို့ မထိုက်တန်တဲ့အရာတွေ ဖြစ်တယ်။ အရာရာတိုင်းကို ရှုထောင့်စုံကကြည့်ပြီး မင်းရဲ့ဘ၀မှာ ကောင်းကျိုးရဖို့အတွက်ပဲ အာရုံစိုက်ပါ။

၅၁ - ဘ၀မှာ ဘယ်တော့မှ နောင်တမရအောင် ရှင်သန်နေထိုင်ပါ။ မင်းလုပ်ချင်တာ တစ်ခုခုရှိရင် လုပ်သာလုပ်ပစ်လိုက်ပါ။ မင်းလုပ်မယ့်အလုပ်၊ မင်းလျှောက်မယ့်လမ်းမှာ ဘယ်အကြောက်တရား၊ ဘယ်သံသယ၊ ဘယ်အတားအဆီးမှ အ၀င်မခံပါနဲ့။ မင်းလိုချင်တာ တစ်ခုခုရှိခဲ့ရင် မင်းရဲ့ စိတ်ရော နှလုံးသားပါနှစ်ပြီး မရရအောင် ကြိုးစားပြီး ယူပါ။ မင်းလုပ်ချင်တာ တစ်ခုခုရှိခဲ့ရင် မင်းလုပ်ချင်တာ မလုပ်ရသရွေ့ မရပ်မနား ရအောင်ကြိုးစားပါ။ မင်း ဖြစ်ချင်တာ တစ်ခုခုရှိခဲ့ရင် အဲဒီအိပ်မက် ရှင်သန် အထမြောက်ဖို့ အဲဒီအိပ်မက်ထဲမှာ ရှင်သန်နေထိုင်ဖို့ လိုအပ်တာဟူသမျှ ကြိုးစားလုပ်ပါ။

၅၂ - မင်းဟာ မှားတတ်တဲ့လူ၊ မှားနိုင်တဲ့လူဆိုတာ လက်ခံလိုက်ပါ။ အဲဒီအမှားတွေကနေ သင်ခန်းစာယူပြီး ရှေ့ဆက်ပါ။

၅၃ - ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အစဉ်သဖြင့် ရိုးသားဖြောင့်မတ်ပါ။ တစ်ခုခု အမှားအယွင်း လုပ်ခဲ့မိရင် ဆရာ့ကို ဖွင့်ပြောပြီး ၀န်ခံလိုက်တာ အကောင်းဆုံး နည်းလမ်းဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလုပ်ရပ်ကို ဆရာက လေးစားလို့ပဲ ဖြစ်တယ်။ မကြာခဏဆိုသလို မင်းရဲ့ ရိုးသားပွင့်လင်းမှုအတွက် မင်းတို့ရဲ့ စည်းကမ်းဖောက်တဲ့ ပြစ်ဒဏ်တွေကို ဆရာမေ့သွားလေ့ရှိတယ်။

၅၄ - “ Carpe Diem ” အကြောက်တရားတွေ၊ စိုးရိမ်သောကတွေကို ဘေးဖယ်ပြီး “ ဒီနေ့ကို အပိုင်သိမ်းလိုက် ” ( လက်တင်စကားမှ ဆင်းသက်သည်။ စာရေးဆရာကြီး Horace မကြာခဏ လက်စွဲသုံးသော စကားစုဖြစ်သည် ) မင်းဟာ ဒီနေ့ကို တစ်ကြိမ်တစ်ခါပဲ ကြုံတွေ့ဖြတ်သန်းခွင့်ရှိတယ်။ ဒါကြောင့် ဒီနေ့ကို မဖြုန်းတီးလိုက်နဲ့။ ဘ၀ဆိုတာ စိုးရိမ်သောကတွေကို လေထဲမှာ လွှင့်ပစ်လိုက်ပြီတော့ လုပ်စရာရှိတဲ့ အလုပ်တွေကို ပျော်ပျော်ရွှင်ရွှင်လုပ်လိုက်နိုင်တဲ့ အထူးအချိန်ကာလ အပိုင်းအခြားလေးတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပဲ ဖြစ်တယ်။ ဒါကြောင့် “ ဒီနေ့ကို အပိုင်သိမ်းလိုက် ”။

၅၅ - မင်းကိုယ်ကို ဖြစ်နိုင်သမျှအထိ အကောင်းဆုံး ဖြစ်ပါစေ။
     
( စည်းကမ်းချက် ၃၇၊ ၃၈ နဲ့ ၄၆ က မူရင်း ဖိုင်ထဲမှာ မပါဘဲ ပျောက်နေပါတယ်။ နောက်တစ်ဖိုင်တွေ့ပေမယ့် စည်းကမ်းချက် ၅၅ ချက်ကို အကျဉ်းချုပ်၊ အနှစ်တိုက်ပြီး ရေးထားတာတွေ ဖြစ်နေတာကြောင့် အကျဉ်းကို အကျယ်ချဲ့ပြီး ဆီလျော်အောင် ပြန်ရေးထားခြင်းပါ။ )

ကြိုက်ရင်ပေါ့လေ . . .