Thursday, 29 August 2013

စာပေတောသား ဦးဟန်ကြည် . . .

အင်း…ကိုယ့်အကြောင်းကိုပြောရင်း ကိုယ့်ပေါင်ကို လှန်ထောင်းဖို့ ခေါင်းစဉ်သာတည်လိုက်ရတယ်၊ ရေးရမှာကလည်း ခပ်ရွံ့ရွံ့။ ပြောရမှာကလည်း ခပ်ရှက်ရှက်။ တတ်နိုင်ဘူး။ တည်မိတဲ့ဘုရား ဠဒပဲနားနား ကိုးကွယ်ရတော့မှာပဲဆိုတဲ့ ဗမာ့ထုံးဟောင်းကို အကောင်းလုပ်ပြီး ရေးရတော့မှာပဲ။ အနှီလိုမှ မဟုတ်ရင် ဦးဟန်ကြည် အနုံညတကို ဂုရုကြီးထင်ပြီး အာစရိစာရင်း သွင်းကုန်ကြရင် ခက်ပေလိမ့်။ စာပေကျောမွဲကို ဆယ်လဗျစ်တီအမှတ်နဲ့ သူသူငါငါ ကိုးကွယ်ဆည်းကပ်ကုန်ကြရင်လည်း မအပ်မရာ။ တော်ကြာ ရာဇပလ္လင်ပေါ်တက်ထိုင်မိတဲ့ ဘုန်းမွဲ ကျောမွဲ ကျေးတောသားများလို ဘုန်းပိပြီး ၀မ်းတော်လားလို့ လျှောဘရားသားဖြစ် ဂိန်းဘောဆိုက်သွားရင်ဖြင့် မဒမ်ဟန်ကြည်ခမျာ မျက်စိသူငယ် နားသူငယ်နဲ့ ကျန်ရစ်ရှာလိမ့်။ အနှီတော့ အပေါင်းအသင်းတထွေးကြီးကြားမှာ ( အင်း ကာရန်ကိုငဲ့လိုက်လို့သာရယ်…ကိုယ့်မှာက ပြေးကြည့်လို့မှ လက်ရင်းမိတ်ဆွေက ငါးယောက်တောင် တယ်မပြည့်ချင်ဘူးး) ကောင်းသတင်းမွှေးပြီးသား ( အို…ဟုတ်သော်ရှိ မဟုတ်သော်ရှိး) ဦးဟန်ကြည်ဆိုသော သပိတ်ရောင်အတ္တဘောကို ကေသာငွေနားသတ်ထားလေတဲ့ အူကြောင်ကြား ငနဲသားသည် ဘာကောင်မှမဟုတ်တဲ့ သာမညောင်ညဖြစ်ကြောင်း၊ ရုပ်ဆောင်ထားတဲ့ အပုပ်ကောင်သာလျှင်ဖြစ်ကြောင်းကို ကိုယ့်ထမင်းကိုယ်အုပ်ပြီး ကိုယ့်အတင်းကိုယ်တုပ်လိုက်ပါသတဲ့ဗျား။

cerdit to google

အနှီလိုဖြင့် ဦးဟန်ကြည်က ဘာကြီးတုန်း။ ဘာကြီးမှ မဟုတ်ပေါင်ဗျာ။ စာမြင်ရင် မဖတ်ရမနေနိုင်လွန်းလို့ ချေးကုန်းစက္ကူမှာ ရေးထားတဲ့ စာကအစ၊ အိမ်သာနံရံမှာ ရွှေမြန်မာတွေ လက်စွမ်းပြရေးထားတဲ့ ညစ်တီးညစ်ပတ် ဆဲစာအဆုံး သိမ်းကြုံးပြီး ဖတ်မိနေတဲ့ စာကျွန်ကြီးသက်သက်လို့ ပြောရင်တော့ ရကောင်းပါရဲ့။ အနှီလို စာမြင်တိုင်း ဖတ်မိလွန်းလို့ ဖွဘုတ်ပေါ်က ကိုယ့် home ပေါ်တက်လာတဲ့ စာတွေနှိပ်စက်တာ ခံရပေါင်းကလည်း မနည်းဘူးကိုး။ ငယ်စဉ်တောင်ကျေး ပုလုကွေးကတည်းက တွေ့ကရာရှစ်သောင်းတွေကို ထောင်းလမောင်းကျေအောင်ဖတ်၊ အရွယ်နဲ့မလိုက်အောင် စာကြီးပေကြီး အလေးကြီးတွေ မနိုင်မနင်းရွက်ခဲ့လို့လည်း အရပ်အမောင်းက အခုထက်ထိ မြန်မာနေရှင်နယ်အရပ် သုံးလုံးတစ်တောင်ဘ၀ကနေ မတက်တော့တာပဲကြည့်။ ပုစွန်ဦးဏှောက်၊ ဖြုတ်ဦးဏှောက် ပေါက်စိကွေးကလေးနဲ့ ဒဿနတွေဖတ်၊ နီတိတွေလေ့လာ၊ ဟိုဟာသည်ဟာတွေ ခေါင်းထဲသွင်းခဲ့မိပြန်တာကြောင့် လောကကြီးမှာ မြင်မြင်သမျှ ဘုနဲ့ခွချည်းဖြစ်နေတာကလည်း အနှီဦးဟန်ကြည်။ မတောက်တခေါက် သင်ခဲ့ဖူးတဲ့ ဆေးပညာကလည်း လူတစ်ယောက်ကိုကြည့်ရင် ရောဂါကိုအရင်မြင်အောင် ကျင့်ပေးလိုက်တဲ့ကြားမှာ ထမင်းစားဖို့ လုပ်နေရတဲ့အလုပ်က ကျောင်းသားတွေရဲ့ အားနည်းချက်တွေချည်း လိုက်ကြည့်နေရတဲ့ ကျောင်းဆရာဖြစ်နေပြန်လေတော့ ဘယ်နားကြည့်ကြည့် အကောင်းကို မမြင်တတ်တော့တာကလည်း တယ်ဆိုးသကိုး။ ကြားဖူးတာကတော့ ဦးဟန်ကြည်လို အပြစ်ကြည့်သမား ( ဘိုလိုနှိပ်ရရင်တော့ pessimism ) တွေကို အနောက်နိုင်ငံကုမ္ပဏီကြီးတွေက လစာမြင့်မြင့်ပေးပြီး သူရို့လုပ်ငန်းရဲ့ အပြစ်တွေကို အရှာခိုင်းကြတယ်ဆိုပဲ။ အနှီဓလေ့သာ ရွှေပြည်ကြီးရောက်လာရင် ဦးဟန်ကြည်ကတော့ ဘေးထိုင်ဘုပြောကုမ္ပဏီတစ်ခုလောက်ထောင်ပြီး CEO တို့ MD လုပ်စားရင် အတော်နိပ်မယ်လို့တောင် တွေးမိပါသေးရဲ့။

မြန်မာစာပေထုံးတမ်းစဉ်လာအရ အရာရာကို အပြုသဘောနဲ့ မြင်ရမယ်လို့ ဆိုရိုးက ရှိပြန်လေတော့ အနှီလို ခွသမား ဦးဟန်ကြည်ခမျာ စာရေးသမားဖြစ်ဖို့ ဘယ်လွယ်လိမ့်တုန်း။ ဟုတ်သလေ။ စဉ်းစားကြည့်။ သူတကာတွေက လှအောင် ပ-အောင် ဘယ်သို့ပြင်ပြီး ဘယ်ပုံဝတ်တယ်၊ ဘယ်ဒင်းက ဘယ်သို့ဘယ်ပုံ စက်စက်ယိုလှပြီး ဘယ့်နှယ်ဘယ့်ညာ ထွဋ်ထွဋ်တက်နေလေရဲ့ဆိုတာတွေကို အာပေါင်အာရင်းသန်သန်နဲ့ ပြောနေ ရေးနေတဲ့အချိန်မှာ ဦးဟန်ကြည်က ဟမ် သင်းဘယ်လောက်ပြင်ပြင် ဘယ်လောက်လှလှ အိမ်သာတက်ရင် ဖင်လှန်ရမယ်၊ လေလည်ရင် နံလိမ့်မယ်ချည်း တွေးနေမိတာကိုး။ စက်ဆီတို့ ကြက်ဆီတို့ ထွန့်ထွန့်တက် နန့်နန့်ထိုးနေတဲ့ ကမြင်းကြောခေတ်ကြီးမှာ စက်ဆီသံကြားတိုင်း အနောက်နိုင်ငံက pole dance တို့ lap dance တို့ go go တို့ ယိုးဒယားက coyote တို့ချည်း ပြေးမြင်မိနေတာကလည်း ဆိုးပြန်ရော။ အာကာမိုးမြင့်ထွဋ်ခေါင်ကျော်တို့ မေမိုးမြင့်မြတ်မွန်မွန်တို့လို အရပ်ထဲက လူတွေမမှည့်တဲ့ ထွဋ်ထွဋ်လန်ဇာတ်ကောင်နာမည်တွေ ထောင်းလမောင်းကျေအောင် ဖောင်းပွပြီး သူသူငါငါ သည်းခြေကြိုက်ဖြစ်နေတဲ့ခေတ်ကြီးမှာ ဦးဟန်ကြည် ဇာတ်ကောင်မွေးလိုက်မိရင် ဂွက်ထော်နဲ့ ချက်ကြီးလောက်ပဲ ထွက်နေတာကလည်း တစ်ဒုက္ခ။ တစ်ချစ်တည်းချစ် တစ်ကြိုက်တည်းကြိုက်နေကြတဲ့  သိင်္ဂါရလွန်ကာလကြီးမှာ ဘာမှလုပ်ကိုင်မစားဘဲ
တချစ်တည်းချစ်နေလို့ကတော့ သောက်ကျိုးနည်း လျှာမြက်ပေါက်မယ့်ကိန်း၊ တညုထဲညု တခရာထဲခရာနေရင် ငတ်ကြီးကျမယ့်အကွက်လို့ချည်း တွေးမိနေပြန်တော့ မခက်လား။ ဆိုဂျုတွေ ဂျယ်ဂျူဒိုတွေ ဗလပွသုံးတဲ့ခေတ်မှာ ဘီအီးနဲ့ တောင်ပြုံးပွဲလောက်ပဲ လက်လှမ်းမီတာကလည်း တစ်မှု။ အများယောင်ရင် လိုက်ယောင်၊ အများညီရင် “ ဤ ” ကို “ ကျွဲ ” လို့ဖတ်ပြီး တို့လူလေးများဆိုသလေးလို့ တစ်ယောက်ကတိုင်ပေးလိုက်ရင် နောက်ကနေ ဝေလေလေလို့ ကြုံးအော်ကြတဲ့ ဒီဘက်ဒွန္တယာကြီးမှာ ကိုယ်မှန်တယ်ထင်တာကို ဘယ်ဒင်းမျက်နှာမှမထောက်ဘဲ ခပ်ရမ်းရမ်းရေးချင်တဲ့ ဦးဟန်ကြည်က စာရေးဆရာဖြစ်ဖို့ စိတ်ကူးယဉ်မိရင်တော့ ကိုယ့်သေတွင်းကို တူးရတာကမှ ပိုပြီးမင်္ဂလာရှိပေလိမ့်။

ဒါတင်ဘယ်ကလိမ့်တုန်း။ စာရေးချင်ရင် စာဖတ်ရမယ်ဆိုပေမင့် ဦးဟန်ကြည် လူ့ခွစာက သက္ကရာဇ် ၂၀၀၀ ခေတ်လွန်စာရေးဆရာတွေရေးသမျှကို ယောင်လို့တောင် ကိုင်မကြည့်ချင်တဲ့ ထင်ရာစိုင်းဝါဒကြီးကိုမှ တရားသေစွဲထားပြန်ပါလေရော။ တစ်လတစ်ခါ စာအုပ်မ၀ယ်ရမနေနိုင်တဲ့ ၀သီဆိုးကြီးကြောင့် စာအုပ်ဆိုင်သွားမိရင် တစ်ခါလာလည်း သိပ္ပံမောင်ဝ၊ မောင်ထင်၊ မြသန်းတင့်၊ နောက်တစ်ခါလာလည်း သိန်းဖေမြင့်၊ မန်းတင်၊ ဆင်ဖြူကျွန်းအောင်သိန်းဆိုတဲ့ classical series တွေကလွဲလို့ ကျန်တဲ့ရသစာအုပ်များကို ဖုတ်လေတဲ့ငပိ ရှိတယ်တောင်မထင်ပြန်တော့ မခက်လား။ ဖတ်တဲ့ဂျာနယ်ကလည်း အင်တာနက်ဂျာနယ်။ အလကားမတ်တင်းကောက်လှန်ပြီး ဟိုကြည့်သည်ကြည့် ကြည့်မိပြန်ရင်လည်း ဘောလုံးဂျာနယ်ဖြစ်နေပြန်တော့ သည်ဘက်ခေတ် စာရေးဆရာတွေကို ကိုယ့်ဖင်ပိတ်ကန်သွားရင်တောင် ဘယ်သူဘယ်ဝါမှန်း မသိလောက်အောင် ပိန်းနေပါလေရော။ ဖွတ်ကလိဒင်္ဂါး ကပ်စေးနှဲလွန်းလို့ သက်တန်းမတိုးဘဲပစ်ထားတဲ့ sky net ရုပ်သံလိုင်းက အလကားမတ်တင်းကြည့်ရတဲ့ နှစ်လိုင်းတည်းသော MNTV နဲ့ MITV မှာ တစ်ခါတစ်လေ စာပေအင်တာဗျူးတွေများလာရင် အလို အနှီငချွတ်ကလေးက စာရေးဆရာဆိုတဲ့ သတ္တ၀ါဆန်းကြီးကိုးလို့ တအံ့တသြတွေဖြစ်ပြီး သင်းကလေးတို့ မိန့်မြွက်ကြားတဲ့ စာပေဆိုင်ရာ သြ၀ါဒထူးတွေကို တရိုတသေနာကြားရင်း ကြည်ညိုဦးချကန်တော့ချင်စိတ်ပေါက်မိရတာ အကြိမ်ပေါင်း ဘယ်နည်းလိမ့်တုန်း။

အင်တာနက်ကို ဈေးပေါပေါရနေလေတော့ အလကားမတ်တင်းရနေတဲ့ ကျေးဇူးရှင်ဘလော့စပေါ့ကို အနန္တောအနန္တစာရင်းသွင်းပြီး စာမရေးရရင် ထမင်းမြိုမကျတဲ့ ဘဝေဘ၀က ၀ိပါက၀ဋ်ကလေးမှ သက်သာလို သက်သာငြား၊ စိတ်အာသာပြေ၊ ၀သီအယားဖြောက်ဖို့ စာတိုပေစလေးတွေ ရေးချွတ်နေပေမင့် ကိုယ့်စာကို ပြန်ဖတ်ပြီး ကိုယ့်ကိုယ်ကို သရဏဂုံတင် ( ဟုတ်ပေါင် ) အမွှမ်းတင်ဖို့ကလွဲပြီး ကျန်တာဖြစ်လာဖို့ ဘယ်မှန်းရဲလိမ့်တုန်းဗျာ။ ကျောင်းနေဘက် ငယ်ဖော်တွေနဲ့ ငယ်ကျိုးငယ်နာတွေဖော်ဖို့ ဘလော့ဂါဖော်တစ်သင်းနဲ့ မလျော်တာ အပျော်ကမြင်းဖို့ ဖွဘုတ်ဖွင့်ပြီး ဟိုလူ့ကြည့်လိုက်ရင်လည်း စာရေးဆရာကြီး ဘယ်သူဘယ်ဝါနဲ့ ရင်းနှီး၊ သည်မဒီကြည့်လိုက်ပြန်ရင်လည်း စာရေးဆရာမကြီး ဘယ်ဒင်းဘယ်ဟာနဲ့ ဘော်ဒါဘော်ဂျွတ်တွေ ဖြစ်နေတာတွေ မြင်ရပြန်တော့ ဦးဟန်ကြည်ခမျာ ငိုမဲ့မဲ့နဲ့ မုဒိတာပွားရပေါင်းလည်း အကြိမ်ပေါင်းကမနည်း။ ဦးဟန်ကြည်နဲ့ ရင်းနှီးတဲ့ စာရေးဆရာတွေကို လက်ချိုးရေလိုက်ပြန်ရင် အင်း…လေး…သုံး…နှစ်…တစ်…သုံည…ထွမ်…တစ်ယောက်မှကို မရှိပါပဲကလား။ မရှိရှိရာ ရှာကြံဂုဏ်ဖော်ရရင်တော့ ဆယ်တန်းကျောင်းသားဘ၀တုန်းက မြန်မာစာသင်ပေးခဲ့တဲ့ ဆရာကြီးက ဟိုမဂ္ဂဇင်း သည်မဂ္ဂဇင်းတွေမှာ စာတိုပေစလေးတွေ ရေးတတ်ချွတ်တတ်လေရဲ့။ အောင်မယ်…ဒါတင်ဘယ်ကလိမ့်တုန်း။ ဆယ်တန်းအောင်ပြီးစ လုပ်အားပေးကျောင်းဆရာဘ၀တုန်းက ကျောင်းအုပ်ကြီးကလည်း ထူးခြားဆန်းကြယ်တို့ နက္ခတ္တရောင်ခြည်တို့မှာ ၀က်ကမွေးတဲ့ဆင်တို့ ငှက်ပျောပင်က သရက်သီးသီးတာတို့ကို ဓာတ်ပုံလိုက်ရိုက်ပြီး Stuart Ripley ရဲ့ Believe it or not “ ယုံချင်ယုံ မယုံချင်နေ ” ဆန်ဆန် ရွှေပြည်သားလူပြိန်းကြိုက်စာမျိုးတွေ ရေးသဗျို့။ စဉ်းစားရင်းနဲ့တောင် တစ်အားတက်လာပါရောလား…း)။ စာပေနယ်နဲ့ ဦးဟန်ကြည် နီးစပ်ချက်ကတော့ ထုတ်ဝေသူဆိုတာ လစာထုတ်ရင် ကြွေးရှင်တွေကို ဝေရတဲ့ ဦးဟန်ကြည်တို့ မိဘတွေလို ၀န်ထမ်းမျိုး မှတ်တာကလား။ ဒါတင်ဘယ်ကလိမ့်တုန်း Publisher နဲ့ Publica တောင် တယ်မကွဲချင်ဘူး။ လေထန်ကုန်း လက်ဘက်ရည်ဆိုင်ဆိုတာ ရန်ကုန်ရောက်တုန်း သွားကြည်ပြီး စာရေးဆရာတွေကို ၀င်ဖူးမြော်ဦးမှလို့ စိတ်တော့ကူးမိသား။ သို့ပေမင့် အနှီဆိုင်သွားရင် ဘောင်းဘီရှည်ဝတ်သွားမှ အဆင်ပြေမယ်လို့တွေးမိတာကြောင့် ကော်လာကတုံးနဲ့ ယောပုဆိုးဝတ်ပြီး မြန်မာဆန်ဆန်လေး နမာမိလုပ်ချင်တဲ့ ဦးဟန်ကြည် တစ်ခါသားမှကို မရောက်ဖြစ်တာ။ လေထန်ကုန်းဆိုတာ အနှီလောက် လေဒလဟော တိုက်နေမှဖြင့် ယောပုဆိုးသမားဦးဟန်ကြည် လေပြင်းဒဏ်ကြောင့် လန်ကုန်ရင် ဟိုဟာဖုံးရ သည်ဟာဖိရနဲ့ အတော်ပြဿနာများမယ်မဟုတ်လား။

အနှီလို စာပေအရည်အချင်း ဂုဏ်ပုပ် ( ဂုဏ်ပုဒ် မဟုတ်ပေါင်ဗျာ ) တွေနဲ့ ပြည့်စုံနေတဲ့ကြားမှာ ကိုယ့်နာမည်ကြီးကိုယ် ပြန်ကြည့်လိုက်မိရင်လည်း သောက်ကျိုးနည်း တုံးချက်၊ တိုက်ဂေါချက်က ကမ်းကိုကုန်ပါလေရော။ ဟုတ်သလေ။ ဘယ့်နှာ စံမမီ၊ ကံမပီ၊ “ ဟန်ကြည် ” ရယ်လို့။ ကောက်ရိုးနံ့၊ တမန်းနဲ့ ထောင်းထောင်းကိုထနေပါရော။ သူများကလောင်နံမည်တွေများကြည့် ဆန်းချက်၊ ညွန့်ချက်များ စက်စက်ကိုယို၊ တောက်တောက်ကိုကျလို့။ တစ်ခါတစ်ခါများ သူရို့နာမည်တွေ လိုက်ဖတ်မိရင် အထီးအမတောင် အတော်ခွဲယူရလောက်အောင်ကို အလင်္ကာဂုဏ်မြောက်တာကလား။ အနှီတော့ ဦးဟန်ကြည် လူပြိန်းခမျာ အများသည်းခြေကြိုက် စာရေးသမားဖြစ်ဖို့ နာမက္ခရကျမ်းတောင် ပြန်ဖတ်ရပေလိမ့်။ ကိုယ့်နာမည်ကို အားမရတာကြောင့် ဘဘတို့အဖေကြီး ဒေါက်တာ ( ပါးစပ်ယားလိုက်လေခြင်းဗျာ ) မင်းသိင်္ခဆီသွားပြီး နာမည်လှလှ အရွေးခိုင်းမယ် စိတ်ကူးတုန်းရှိသေး မောင်မင်းကြီးသားက ထွက်ပေါက်ရပ်ပြီး ကြံတော ထိန်ပင် ရေဝေးဘက်ကို အသေထွက် ထွက်တော်မူသွားတော့ ဇာတ်လမ်းက ပြတ်ပါလေရော။ ကောင်းပါလေ့။

အင်း…ပသို့ပဲဆိုစေ ( လုပ်ပြန်ပြီ…အနှီဘိုးတော်ဘုရားလေးဘက်ကုန်း နိုင်တီးဂွမ်တီးက အသုံးအနှုန်းတွေချည်း အာတွေ့နေလို့ သူများသောက်ညင်ကတ်တာ…း) “ ဂူးဂဲကျေးဇူး၊ အထူးမှတ်ရည်၊ ဦးဟန်ကြည်ဘုန်း၊ မိုးသို့ချုန်း၊ ပွေးပုန်းပေါင်မှာ မနေသာ ” ဆိုတဲ့အတိုင်း အားအားယားယား ကလောင်ကမြင်းသမျှ ငြင်းတော်မမူတဲ့ ဘလော့စပေါ့ကျေးဇူး၊ ကိုယ်ရေးသမျှ ပေါက်ကရကို သူများ wall ပေါ် ဂွပ်ခနဲပေါ်အောင် ကြံစည်တော်မူပေးတဲ့ ဇခါးဘတ်ရဲ့ ဖွဘုတ်ကျေးဇူးတွေကြောင့် အနုံညတ ဦးဟန်ကြည်ခမျာလည်း စာမျက်နှာထက်က စာရေးဆရာမဖြစ်ဦးတောင် ဂုဏ်တော့ မငယ်ရှာပါဘူး အရပ်ကတို့ရယ်။ အောင်မယ်….သဟာမျိုးကျ ( သည်းခံတော်မူကြပါ…နောက်ပြန်ဆွဲတာ သောက်ကျင့်ပါနေလို့…း) ဇခါးဘတ်ကြီးက ဖက်နမ်းဖို့ ပိုကောင်းပြန်ရော။ ဦးဟန်ကြည်ရေးသမျှ note တွေ status တွေကို ဖတ်သော်ရှိ မဖတ်သော်ရှိ like တစ်ချက် ကလစ်လိုက်ရုံနဲ့တင် အရူးဘုံမြှောက်ပြီးသားဖြစ်အောင် စောင်မကြည့်ရှုတော်မူထားပေသကိုး။ ( ဠဒကြီး…သင်းလုပ်လို့ ဦးဟန်ကြည် အိုကြီးအိုမခမျာ အလကားရတဲ့ ခဲလုံးပဲ အရင်းစိုက်ပြီး ကြက်သားစားဖို့ကြံတဲ့ ကာလသားတဏှာရူးတွေပေးသမျှ ရည်းစားစာကို ပီတိဖြာ အီအီးပါပြီး တခွိခွိဖတ် ကျေနပ်နေတဲ့ ရည်းစားထားတတ်စ ငှက်စာဆော်အရွယ် အပျိုမဒမ်းမလို note တစ်ခုတင်ပြီးတိုင်း သူများပေးသမျှ like တွေကို တစ်like နှစ်like ထိုင်ထိုင်ရေနေရတဲ့ ၀ဋ်ဆင်းရဲကြီး ခံစားရတာ…) ကိုင်း…ရှိစေတော့ ရှိစေတော့။ စာကျွန်ဆိုတော့လည်း စာဝဋ်တော့ ခံရပေမပေါ့။

အနှီတော့ ဥဒါဟရုဏ်ဆောင်ရရင် ( တတ်သလောက် မှတ်သလောက် ပါဠိစကားလေးလည်း ရောကြိတ်လိုက်ဦးမယ်…သောက်ညင်မှ နည်းနည်းပိုကတ်ကတ်…း) ဘယ်ပေတံနဲ့တိုင်းတိုင်း ဘယ်စံနဲ့ညှိညှိ တစ်စက်ကလေးမှကို အနုပညာတန်းမ၀င်လေတဲ့ ရွှေပြည်က ဖွတ်ကြားအနုပညာရှင် မြင်းလား ( သည်းခံကြပါ…း) မင်းသား၊ မင်းသမီးတွေကြားကိုတောင် မ၀င်သာဘဲ ဂျပန်ငပုနဲ့ နယ်ချဲ့ဗြစ်တစ်သျှတွေကို ပါးပါးလှီး တောက်တောက်စဉ်းတတ်တဲ့ ပါရမီ့ရှင်၊ တောသားမှန်သမျှ အချိန်ရှိတိုင်း ထန်းရည်ချ၊ ဘီအီးနှိပ်ပြီး ထစ်ခနဲရှိရင် တဂိုးဂိုး တဂွပ်ဂွပ် ထိုးတတ်ကြိတ်တတ်တဲ့ လဋူတွေလို့ သတ်မှတ်တော်မူကြတဲ့ ရွှေဥာဏ်ရှင်၊ ဖွတ်အောက်က ပဒတ်သာသာ တောမင်းသားတွေတောင် သူ့ဈေးကွက်နဲ့သူ ရှိသေးတယ် မဟုတ်လားဟရို့။ ကိုင်း…သဟာဖြင့်…အများသိတော်မူကြတဲ့ ဦးဟန်ကြည် လူ့ခွစာ စာကန့်လန့်သမားဆိုတာ အနှီတောမင်းသားတွေလို ဘလော့မိတ် လေးငါးယောက်ရှိရုံနဲ့ မေးဖျားထောက် ဘ၀င်ကိုင်နေတဲ့ အညာမြေထန်းတောကြားက စာပေတောသားလို့ပဲ စကားနိမိတ်နဲ့ အသားတံဆိပ်နှိပ်တော်မူကြဖို့ ကိုယ့်ထမင်းကိုအုပ်ရင်း ကိုယ့်အတင်းကိုတုပ်လိုက်ကြောင်းပါဗျား…း)။   

Wednesday, 14 August 2013

ဦးဟန်ကြည်နှင့် မြန်မာမှု ( ၂ ) . . .

မဟာဂီတကို တစ်ကိုယ်တော်နားထောင်ရင်း ဦးဟန်ကြည် စဉ်းစားခန်းဖွင့်မိသည်။ မြန်မာလူမျိုးသည် မည်သို့သော လူမျိုးဖြစ်သနည်း။ ကမ္ဘာပေါ်တွင် ထိုလူမျိုးကဲ့သို့ ဇာတိပုည ဂုဏ်မာန ထက်သန်သော ခပ်ရိုင်းရိုင်းဆိုရလျှင် ဖင်ခေါင်းကျယ်သော အခြားလူမျိုး ရှိမည်မထင်။ ထစ်ခနဲရှိလျှင် မြန်မာကွ ဟုကြွေးကြော်တတ်သော ထိုလူမျိုးသည် အပေါ်ယံ ရွှေမှုန်ကြဲ၍ အထဲတွင် နွားချေးခံထားသော လူမျိုးဖြစ်တန်ရာ၏။ မြန်မာမှုကိုမသိ၊ မြန်မာ့ယဉ်ကျေးမှုကို နားမလည်၊ မြန်မာ့သမိုင်းကို မလေးစားဘဲ မြန်မာကွဟု ကုန်းအော်နေသည်မှာ ရယ်စရာပင် ကောင်းနေလေတော့သည်။ အများယောင်လို့ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိသော မြန်မာများကား အများသနားစရာ၊ ဟားစရာပင် ဖြစ်ပေလိမ့်မည်။ လွန်ခဲ့သောသုံးလေးလခန့်က တပည့်တစ်ယောက်၏ နိဗ္ဗာန်ကုန်ဆိုင်သို့ ထဘီဝတ်ထားသော နိုင်ငံခြားသူတစ်ယောက် ဈေးလာဝယ်ရင်း “ မြန်မာပြည်က မြန်မာမိန်းကလေးတွေ ဘာကြောင့် ထဘီမ၀တ်ကြတာလဲ ” ဟု အံ့သြတကြီး မေးလေသည်။ ထိုဆိုင်ရှင် မဖြေနိုင်လေ။ ဦးဟန်ကြည်ကို လာမေးလျှင်ကား “ မြန်မာမတွေက ထဘီဝတ်ရင် ဖင်ယားလို့တဲ့ ” ဟု ခပ်ရိုင်းရိုင်း ဖြေပေလိမ့်မည်။ ဦးဟန်ကြည်တို့ ပတ်ဝန်းကျင်တွင် ထဘီမ၀တ်တတ်သော မြန်မာမိန်းမ မည်မျှများနေပြီနည်း။ လေ့လာကြလေကုန်။ မြန်မာထဘီသည် ဂျပန်ကီမိုနိုကဲ့သို့ ၀တ်ရမခက်သေး။ ပတ်လိုက်ရုံ ခါးတွင်ထိုးလိုက်ရုံဖြင့် အလုပ်ဖြစ်လေသည်။ ခပ်တိုတိုဝတ်မည်လော ရသည်။ ခပ်ရှည်ရှည် ၀တ်လိုသလော အဆင်ပြေ၏။ မကျေနပ်သေးလျှင် ခါးတောင်းပင်ကြိုက်နိုင်သေးသည်။ လေ၀င်လေထွက်ကောင်း၍ ကျန်းမာရေးနှင့်ပင် ညီသေးသည် မဟုတ်ပါလော။ မမများကား ထိုသို့မဟုတ်။ လေ၀င်လေထွက်ကောင်းစေရန် စကတ်ကို ပေါင်လည်ရောက်ဝတ်နေကြလေသည်။ အတွင်းခံဘောင်းဘီ ကြော်ငြာခရသည် ထင်၏။ မြင်သမျှ တွေ့သမျှ လူတိုင်းကို လက်ရောက်မှု မြောက်စေရန် သွေးဆောင်နေရော့သလား မပြောတတ်။ ပုဒ်မ ၃၇၆ ဖြင့် ယောက်ျားတစ်ယောက် ထောင်ဆယ်နှစ်ကျလျှင် ထိုယောက်ျား မရိုးမရွဖြစ်စေရန် လော်လော်မာမာ ၀တ်ပြနေသော ထိုမိန်းမကိုပါ တရားခံနံပါတ်နှစ်နေရာမှ ထောင်ငါးနှစ်ချသင့်သည်ဟုပင် ဦးဟန်ကြည်တို့ ကျောင်းသားဘ၀က အကြေအလည်ဆွေးနွေးဖူးလေသည်။ နေရာတကာတွင် ရင်ဖုံးအင်္ကျီတကားကား၊ ထဘီကြီးတလွှားလွှားနှင့်နေရမည်ဟု ဦးဟန်ကြည် မဆိုလို။ သူ့နေရာနှင့်သူ ၀တ်ကြဆင်ကြရပေလိမ့်မည်။ နေရာဒေသနှင့် လိုက်လျောညီထွေဖြစ်အောင် ၀တ်တတ်ဆင်တတ်၊ နေတတ်ထိုင်တတ်ခြင်းသည် လူကြီးလူကောင်းတို့၏ ထင်ရှားသော ၀ိသေသ မဟုတ်ပါလား။
 
မြန်မာ့ဂီတသည်လည်း ချောင်ကြားတွင် ခေါင်းမပြူနိုင်။ ဆိုင်းသံဗုံသံ ပလုံပလုံကြားရလျှင် နှာခေါင်းရှုံ့ချင်ကြ၏။ ဒိတ်အောက်ကုန်ပါပြီဟု ပြောသူသာ များလေ၏။ နတ်ဝင်သည်များသည်ပင် မြန်မာဆိုင်းဖြင့် ကန္နားမစီးကြတော့။ ၀ါကာဝါကာ ဖြစ်ကုန်ကြလေပြီ။ ဇာတ်သဘင်သည်လည်း မည်သည့်သချူင်္ိင်းသို့ ဦးတည်နေသည်မသိ။ နောက်ပိုင်းဇာတ်တော်ကြီးသည် ၀ိုးတို့ဝါးတား။ ဘုရားကန်တော့ခန်း၊ နတ်ဝင်ခန်းသည်ပင် ကိုရီးယားဆန်နေပြန်သည်။ မင်းသားလေးများကလည်း အကနှင့် အခုန်ကို မခွဲခြားနိုင်။ ဇာတ်သဘင်တိုင်းလိုလို ဟောင်းလောင်းဖော် စတိတ်ရှိုးနှင့်ပင် သန်းခေါင်ချဉ်းသည်က ခပ်များများ။ လူရွှင်တော်များကလည်း သမားစဉ်ကို မလေးစားတော့။ ပြက်လုံးထုတ်လျှင် ခါးအောက်ပိုင်းမှ အပေါ်မတက်ရဟု သတ်မှတ်ထားကြပုံရသည်။ သင်းတို့၏ ပျက်လုံးများကို ဦးဟန်ကြည် မရယ်ဝံ့။ ရယ်လိုက်မိလျှင် တဏှာရူး ဖြစ်ပေလိမ့်မည်။ စိတ်ညစ်စရာ ကောင်းပေစွ။ မြန်မာကျေးလက်သီချင်းကို ဆိုနေကြသော အဆိုတော်များကလည်း အားမကိုးရ။ မိုးရာသီဟုဆိုလျှင် တ၀ါဆိုတည်း ၀ါဆိုကြလေသည်။ ကျေးလက်တေးတွင် ၀ါဆိုပါရမည်ဟု အဘယ်မဟာပညာကျော်က သမုတ်လေသည် မသိ။ ကြားရသည်မှာ နားကလောလှသည်။ မြင်ရသည်မှာ မျက်စိကလောလှသည်။ ဂစ်တာသံတညံညံဖြင့် တဂွမ်ဂွမ်တီးနေသော ဂီတကို အဘယ်သကောင့်သားက မြန်မာ့ဂီတဟု ခေါင်းစဉ်တပ်လေသည်မသိ။ သင်္ကြန်ကာလတွင်ပင် တူးပို့သံတို့ ဆိတ်သုဉ်းနေလေပြီ။ မြန်မာ့ဂီတကား ဖုတ်လှိုက်ဖုတ်လှိုက်ဖြင့် အသက်ငင်နေ၏။ မြန်မာစာပေသည်လည်း ကျန်းမာရေးမကောင်း။ မြန်မာ့သမိုင်းသည် ကိုရီးယားသမိုင်းလောက် ရှေ့တန်းတင်မခံရ။ မြန်မာသူရဲကောင်းများကား သမိုင်းထဲတွင် သဂြိုလ်ခြင်း ခံကြရလေပြီ။ မြန်မာလူမျိုးသည် အဘယ်သို့ ဦးတည်နေသည်ကို မသိတတ်တော့။ မြန်မာဖြစ်ရသည်ကို ဂုဏ်ငယ်သည်ဟုများ ထင်နေရော့သလား ဦးဟန်ကြည် မတွေးတတ်တော့။ ခက်လှချေရဲ့ ရွှေတိုင်းပြည်။

ဦးဟန်ကြည်တို့ မြန်မာမှု၊ မြန်မာ့အနုစာပေများသည် ခေတ်ဟောင်းကုန်လေသည်မှာ မှန်၏။ သို့သော် ရှေးဟောင်းပစ္စည်းများသည် ဟောင်းလေ၊ ရှေးကျလေ တန်ဖိုးတက်လေဟူသည်ကို ညံ့ချက်ကမ်းကုန်နေသော မြန်မာသကောင့်သားတို့ နားလည်ကြဟန်မတူ။ ဖွတ်ကြားကျလှပေစွ။ အသစ်သည် ချက်ချင်းလုပ်ယူ၍ ရသော်လည်း၊ အဟောင်းဖြစ်ရန်မှာ ချက်ချင်းမရနိုင်။ အချိန်ကာလကို စောင့်ရလေသည်။ နှစ်ပေါင်း သုံးလေးရာ ကြာမှ ခေတ်ဟောင်းဖြစ်လာရသော ထိုထိုယဉ်ကျေးမှု၊ အနုပညာတို့ကို ဟောင်းလေသည်၊ ဒိတ်အောက်လေပြီဟု စောဒကတက်လိုလျှင် ကိုးကွယ်နေကြသော ဘာသာတရားများကိုလည်း စွန့်ပစ်ပြီး ဘာသာသစ်တစ်ခု တည်ထောင်ကာ ကိုးကွယ်ရန်သာ ရှိပေတော့မည်။ ဘာသာတရားများ၊ ဘုရားများ၏ ဆုံးမသြ၀ါဒများသည် နှစ်ပေါင်း နှစ်ထောင်ကျော် သုံးထောင်ရှိနေပြီဖြစ်သောကြောင့် ဒိတ်အောက်နေပြီ မဟုတ်ပါလား။ ဟောင်းတိုင်း ဒိတ်အောက်သည်၊ ပစ်ရမည်ဟုဆိုလျှင် ထိုဘာသာတရားများကိုလည်း လွှင့်ပစ်ရန် သင့်လှပေ၏။ မြန်မာမှုကို မြတ်နိုးလေသော ဦးဟန်ကြည်တို့ကို ခေတ်မမီဟု သမုတ်လိုသူကလည်း မရှား။ မီခြင်းမမီခြင်းဟူသည်မှာ အဘယ်နည်း။ အရင်ရောက်သူ အရင်ရွေးသူက မီစတမ်းမဟုတ်ပါလော။ ဦးဟန်ကြည်တို့ အရင်ရောက်၊ အရင်မီခဲ့သောခေတ်ကို နောက်ပေါက်များ မီပင်မမီလိုက်။ သူခိုးကလူဟစ်၊ ငပြူးက သူတပါးကို ပြဲသည်ဟုဆိုနေပါရောလား။ ခက်ခက်ရချေရဲ့။ လိုရာဆွဲတွေးသော နေရာတွင် မြန်မာလူမျိုးသည် ရှေ့တန်းမှလိုက်လေသည်။ ဂုဏ်ယူကြလေကုန်။

သမိုင်းကြောင်းနဲ့ တို့မြန်မာ . . .

လူမျိုးတစ်မျိုးဖြစ်ရန်မှာ ရွေးချယ်ယူနိုင်သော အရာမဟုတ်။ ကံကြမ္မာက ပစ်ချသည့်အတိုင်း လူမျိုးတစ်မျိုးအဖြစ်ကို ရကြပေလိမ့်မည်။ ရလာသော လူမျိုးအဖြစ်ကို မလိုချင်၍ ညည်းညူနေ၍လည်း မပြောင်းလဲနိုင်။ မည်သည့်လူမျိုးဘ၀ကို ရသည်ဖြစ်စေ မိမိဖြစ်လေရာ လူမျိုး၏ တာဝန်ကိုကျေပွန်ရမည်မှာ လူမျိုးတိုင်း၏ တာဝန်ဖြစ်သည်။ မိမိလူမျိုး၏ ယဉ်ကျေးမှုနှင့် အမျိုးသားအမွေကို ထိန်းသိမ်းရမည်မှာ ရှောင်လွှဲ၍ရသော ၀တ္တရားမျိုးမဟုတ်။ ကြိုက်ခြင်း မကြိုက်ခြင်းသည် အမျိုးသားရေးကိစ္စတွင် ထည့်သွင်းစဉ်းစားရန်မလို။ အမျိုးသား စာပေနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းရန်မှာ ထိုစာပေနှင့် ယဉ်ကျေးမှုကို ကြိုက်ခိုင်းခြင်း၊ နှစ်သက်ခိုင်းခြင်း မမည်။ လူတစ်ယောက်ကို ပစ္စည်းတစ်ခု ထိန်းသိမ်းရန် တာဝန်ပေးအပ်လိုက်သည်ဆိုပါစို့။ ထိုလူသည် ထိုပစ္စည်းကို ကြိုက်သည် မကြိုက်သည် ငြင်းချက်ထုတ်စရာ အကြောင်းမရှိ။ သူ၏ တာဝန်မှာ ထိန်းသိမ်းရန်တာဝန်ရှိသည့် ပစ္စည်းကို မပျောက်ပျက်၊ မပျက်စီးစေရန် ကာကွယ်ဖို့သာလျှင် ဖြစ်သည်။ ထိုပစ္စည်းကို ကြိုက်လျှင်သုံး၊ မကြိုက်လျှင်လည်း ကာကွယ်ရပေလိမ့်မည်။ မြန်မာလူမျိုးများအတွက် မြန်မာမှုနှင့် မြန်မာ့စာပေ၊ မြန်မာ့အနုပညာကို ထိန်းသိမ်းရန်မှာ တာဝန်တစ်ရပ်သာဖြစ်သည်။ ထို့ကြောင့် မြန်မာဖြစ်လျှင် ထိုတာဝန်ကို ဦးလည်မသုန် ထမ်းကြရပေလိမ့်မည်။ ထိုသို့မထမ်းလိုလျှင် မြန်မာမလုပ်ဘဲ နေကြရုံ။ မြန်မာလူမျိုးက မြန်မာမလုပ်လိုလျှင် မည်သည့်လူမျိုး လုပ်ကြပါမည်နည်း။ မရနိုင်။ အရှင်းဆုံးမှာ မြန်မာဖြစ်ပြီး မြန်မာမှုကို မထိန်းသိမ်းလို၊ မစောင့်ရှောက်လိုလျှင် ကိုယ့်ကျင်းကိုယ်တူးပြီး သေရန်ပင်ရှိတော့သည်။ ထိုသို့သေကြလျှင်လည်း သတ္တိပြောင်သော ထိုလူများအတွက် ဦးဟန်ကြည် ဂုဏ်ယူမိပေလိမ့်မည်။ ယခုမူကား မြန်မာဂယောင်များကြားတွင် ဦးဟန်ကြည်တို့ အနေအထိုင် ကျပ်လှပေ၏။

အနောက်တိုင်း ဂီတ၊ အနောက်တိုင်း အကတစ်ခုကို သင်ယူရန် လေ့လာရန်မှာ သူ့လမ်းစဉ်၊ သူ့နည်းလမ်းအတိုင်း လေ့လာပါက တစ်နှစ်ခန့်ရှိလျှင် အထိုက်အလျောက် ကျွမ်းကျင်နိုင်ပေသည်။ မြန်မာ့ဂီတနှင့် အနုပညာကား ထိုသို့မဟုတ်။ ကျွမ်းကျင်တတ်မြောက်ရန်အတွက် အချိန်များစွာ ပေးရသည်၊ တစ်ဘ၀လုံး ရင်းနှီးကြရသည်။ အပျိုတော်အက ကတတ်ရန်ပင် အတော်ကျင့်ယူရလေသည်။ မြန်မာအကကို သုံးနှစ်တိတိ သင်ယူထားသည့် “ ယုလျာ ” ဟူသော အနောက်တိုင်းသူတစ်ယောက် ကပြဖျော်ဖြေသည့် အငြိမ့်ခွေတစ်ခုကို လွန်ခဲ့သော ခြောက်နှစ်ခန့်က ဦးဟန်ကြည် ကြည့်ဖူးသည်။ သုံးနှစ်သင်ယူထားသော ထိုယုလျာသည် စည်းဝါးနိုင်သော်လည်း လက်ကျိုးအောင်ပင် မချိုးနိုင်ရှာသေး။ ဘိုအကကို စနစ်တကျမဟုတ်ဘဲ ထင်သလို လေ့ကျင့်ခဲ့သော မြန်မာမ “ ခေမီကို ” ကား အနောက်တိုင်းသူထက်ပင်ပိုကဲ၍ ဖော်တတ်၊ ကော့ပြတတ်နေလေပြီ။ မြန်မာအက မည်မျှခက်သည်ကို နှိုင်းယှဉ်ကြည့်နိုင်ပါ၏။ ဂစ်တာတဒေါင်ဒေါင် တီးတတ်ခတ်တတ်စေရန် တစ်လနီးပါး လေ့ကျင့်ရုံဖြင့် အထိုက်အလျောက် ရနိုင်သော်လည်း စောင်းတီးတတ်ရန်မှာ ထိုမျှနှင့်မရ။ တစ်လဆိုသော အချိန်ကာလသည် စောင်းကြိုးညှိတတ်လျှင်ပင် တော်လှပေပြီ။ ထို့အတူ ဆိုင်းသမားတစ်ယောက်ဖြစ်ရန်လည်း နှစ်ပေါင်းများစွာ ကျင့်ရပေသည်။ ပါးစပ်က လေမှုတ်တတ်လျှင် အသံမည်သော နှဲမှုတ်သည့်ပညာကိုပင် လွယ်လွယ်နှင့်မရ။ မယုံလျှင် နှဲတစ်လက်ကောက်ယူပြီး စမ်းမှုတ်ကြည့်စေချင်လှသည်။ ဆက်ဇိုဖုန်းကဲ့သို့ လေ၀င်တိုင်း အသံထွက်သည့်တူရိယာစာရင်းတွင် နှဲမပါ။ အနောက်တိုင်း Drum set တစ်စုံကို မည်သူတီးတီး တူညီသော အသံမြည်နိုင်သော်လည်း မြန်မာဆိုင်းကား ထိုသို့မရ။ တီးခတ်သူမတူလျှင် အသံကွဲပေလိမ့်မည်။ ပတ်စာကပ်သည့်အတတ်ပင် အတော်လေး သင်ယူရလေ၏။ မိုးအုံ့လျှင် တစ်မျိုး၊ နေသာလျှင်တစ်ဖုံ လိုတိုးပိုလျှော့ပတ်စာကပ်ရသော မြန်မာ့ဆိုင်းကို ရွာစားကျော် စိန်ဗေဒါကြီး ရတနာဂီရိသို့သွား၍ သီပေါဘုရင်ကို ဖျော်ဖြေစဉ်ကတည်းကပင် အင်္ဂလိပ်လူမျိုးတို့ လက်ဖျားခါခဲ့ရလေပြီ။ ထိုကဲ့သို့ နှစ်ပေါင်းများစွာ ၀ါသနာအရင်းခံပြီး လေ့ကျင့်မှ ကျွမ်းကျင်နိုင်သော မြန်မာ့အနုပညာ တေးဂီတတို့ကို ခေတ်ဆွေးလှပြီဟု ငြူစူအထင်သေးသော မြန်မာတို့ကား အောက်တန်းစားလူမျိုးများသာလျှင် ဖြစ်ပေလိမ့်မည်။ မြန်မာ့ဂီတ၏ လေးနက်ခက်ခဲပုံကို ဦးဟန်ကြည် ရှင်းပြ၍မျှ အားမရလျှင် melody world ၊ အိမ်ကြက်ဖော်ရာ ( အိပ်မက်ဆုံရာ ) တို့မှ မော်ဒယ်၊ ဖော်မယ်များကို အောင်ခြင်းရှစ်ပါး တစ်ပုဒ်လောက် အစမ်းဆိုခိုင်းကြည့်ကြရုံသာ ရှိတော့သည်။  မယ်မင်းတို့ စည်းဝါးညီညီ၊ ဌာန်ကရိုဏ်းကျကျ ဆိုနိုင်လျှင် ဦးဟန်ကြည် ထိုင်ကန်တော့လိုက်ချင်ပါ၏။

မြန်မာ့စောင်း . . .

မြန်မာ့ဂီတသည် ခက်လှသည်ဟူ၍ ဦးဟန်ကြည် ဂုဏ်တင်နေသော်လည်း ဂုဏ်မယူ။ ထိုကဲ့သို့ သင်ယူရန်ခက်ခြင်းကို ဂုဏ်ယူခဲ့ကြသော မြန်မာ့ဂီတပညာရှင်များ၏ တလွဲဆံပင်ကောင်းမှုကြောင့် မြန်မာ့ဂီတ တိမ်ကောရခြင်းပင် မဟုတ်ပါလော။ အချိန်ပေးရသော မြန်မာ့ဂီတကို မည်သူက စနစ်တကျသင်ယူလိုပါမည်နည်း။ စားဝတ်နေမှုအတွက် အလုပ်တစ်ဖက်လုပ်နေရသော ဦးဟန်ကြည်သည်ပင် ပတ္တလားအတီး သင်လိုလှသော်လည်း အချိန်မပေးနိုင်။ အနောက်တိုင်း ဂီတကဲ့သို့ Notes ဖြင့် အလွယ်တကူ တီးခတ်နိုင်စေရန် ကြိုးစားကြမည့် ပညာရှင်များလည်း မရှိကြတော့။ လွန်ခဲ့သော နှစ်ပေါင်းများစွာက အလင်္ကာကျော်စွာ “ စောင်းဦးဘသန်း ” တစ်ယောက်ကတော့ ထိုသို့ကြိုးစားဖူးသည်ဟု မှတ်တမ်းများက ဆိုသည်။ ယခုကဲ့သို့ တိုးတက်သောခေတ်တွင် မည်သူမျှ စကားဦးမသန်း။ မြန်မာ့ဂီတဘက်တွင် ခေတ်ပညာတတ်များ မရှိရော့လေသလား မပြောတတ်။ “ ဖိုးသင်္ကြန် ” ကဲ့သို့သော ခေတ်ပညာတတ်လူငယ်များ ဆိုင်းဝိုင်းအတွင်းထိုင်နေသည်ကိုမြင်ရလျှင် ဦးဟန်ကြည် ၀မ်းမြောက်၍မဆုံးပြီ။ မြန်မာ့ဂီတသည် တောတွင်းသားတို့၏ ဂီတမဟုတ်၊ လူပြိန်းတို့၏ ဂီတမဟုတ်၊ အဆင့်အတန်းမြင့်သော ဂီတဖြစ်လေသည်။ ထိုဂီတကို လူတစ်စုလက်တွင်းမှ လူထုလက်တွင်းသို့ မည်သို့ပို့ဆောင်ရမည်ကို နည်းလမ်းရှာကြရပေလိမ့်မည်။ ယခုမူကား မြန်မာ့ဂီတသည် သဘင်သည်တို့၏ ကြားတွင်သာ “ ထမင်းစားပညာ ” အဖြစ် တွင်ကျယ်နေရှာလေသည်။ မည်သည့်အခါတွင် မြန်မာတို့၏ ဧည့်ခန်းဆောင်သို့ ပြန်ရောက်လေမည်မသိ။ ဆရာကြီး ဦးသုခ၏ စကားတစ်ခွန်းကို ဦးဟန်ကြည် သတိရသည်။ ဆရာကြီးက “ ဒီခေတ်လူတွေ မြန်မာ့ဂီတကို မကောင်းဘူးလို့ ပြောနေတာ လူငယ်တွေ အပြစ်မဟုတ်ဘူး…တို့လူကြီးတွေကလည်း မြန်မာ့ဂီတ ဘယ်လောက်ကောင်းတယ်ဆိုတာကို လူငယ်တွေသိအောင်မှ လုပ်မပြဘဲကိုး … ” ဟု ဆိုလေသည်။ မှတ်သားဖွယ်ပင်။ မြန်မာ့ဂီတ၏ ကောင်းကွက်များကို မြန်မာများသိစေရန် ဦးဟန်ကြည်ကဲ့သို့သော စိတ်သက်ရင့်သည့် အဘိုးကြီးပေါက်စများ စုပေါင်းကြိုးစားကြရပေလိမ့်မည်။ ဤခရီးသည် နီးမည်မဟုတ်၊ သို့သော် သွားနေသမျှ တစ်နေ့ရောက်ရမည်သာ။

ပုဂံယိမ်း . . .

ယခုရက်ပိုင်းအတွင်း အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် ပတ်သက်သည့်အသံများ စီစီညံညံကြားနေရသည်။ အဖွင့်သီချင်း၊ အထိန်းအမှတ်သီချင်းပြိုင်ပွဲသံများလည်း ကြားရပါ၏။ ထိုပွဲသို့ အနောက်နိုင်ငံ၊ အရှေ့နိုင်ငံများမှ လေ့လာသူများ လာကြမည်မှာမလွဲ။ ထိုပုဂ္ဂိုလ်များကို မည်သည့်အနုပညာများ ချပြကြမည်နည်း။ “ ၀ါကာဝါကာ ” ဆိုပြလျှင် မြန်မာတို့ မဟာအရှက်တော် ကွဲကိန်းပင် ဖြစ်သည်။ ခြောက်ကြိုးကဝေဟု မိမိဘာသာ အမည်ပေးထားသော ချစ်စမ်းမောင်ကို ခေါ်၍ ဂစ်တာတီးပြခိုင်းကြမည်လား။ ချစ်စမ်းမောင်က ဂစ်တာကို လျှာဖြင့်တီးပြသည်ဟု ဦးဟန်ကြည်ကြားဖူးသည်။ ထိုသို့ဆိုလျှင် အနောက်နိုင်ငံသားက ထိုဂစ်တာကို ဟိုဒင်းဖြင့်ပင် တီးပြလိုက်ပေလိမ့်မည်။ သူရို့၏ တူရိယာကို သူရို့က အခြားလူထက်ပို၍ ကျွမ်းကျင်လေမည်မှာမလွဲ။ “ ခေမီကို ” ကိုခေါ်ပြီး အကော့ခိုင်းမည်လော။ အနောက်နိုင်ငံသူက ဖြဲပင်ဖြဲပြသွားပေလိမ့်မည်။ သူရို့လောက်ဖြဲနိုင်လျှင် ဖြဲပြပေရော့။ ထိုသို့ဆိုလျှင် သင်းတို့ကို ဖျော်ဖြေရန်အတွက် မြန်မာမှု မြန်မာ့ဂီတကို သတိရကြရပေဦးတော့မည်။ မြန်မာတို့က ခေတ်ဟောင်း၍ ပျင်းစရာကောင်းသည်ဟု သမုတ်ထားကြသော မဟာဂီတသည် ထိုအနောက်နိုင်ငံသားတို့ကြားတွင် ကောင်းသတင်းမွှေးမည်မှာ မုချ။ Beethoven, Mozart, Tchaikovsky တို့၏ Concerto များကို အရသာခံတတ်လေသော သင်းတို့နိုင်ငံသားများကို မြန်မာဖွတ်ကြားတို့က ဒိုးဒိုးဒန့်ဒန့်ကောင်များဟု အထင်သေးလျှင် မှားပေလိမ့်မည်။ ထိုလူမျိုးတို့၏ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားရခြင်းမှာ ယဉ်ကျေးမှုက ထူးထွေ၍ကောင်းခြင်းကြောင့်မဟုတ်။ စဉ်ဆက်မပြတ်ထိန်းသိမ်းခြင်းကြောင့်ပင် ဖြစ်ပေသည်။ အနောက်နိုင်ငံများတွင် ဒစ္စကိုကပွဲများ၊ ညကလပ်များ အားကောင်းသလို Broadway တွင် ပြဇာတ်များကလည်း တခဲနက်၊ Ballet Opra များကလည်း အင်တိုက်အားတိုက်။ Michael Learn, Bon Jovi, Bono, Taylor Swift တို့ထင်ရှားသလို Luciano Pavarotti နှင့် Celtic Thunder သည်လည်း ဂုဏ်မငယ်။ အသစ်ကို မပစ်သလို အဟောင်းကိုလည်း ထိန်းသိမ်းတတ်သော သင်းတို့လူမျိုးကို ဦးဟန်ကြည်တို့ အဘယ်ကြောင့် အတုမယူကြလေသနည်း။

မည်သို့ပင်ဆိုစေ ချေးယိုချင်မှ အိမ်သာတွင်းတူးတတ်လေသော ဦးဟန်ကြည်တို့ မြန်မာလူမျိုးတို့သည် အရှေ့တောင်အာရှ အားကစားပွဲအတွက် မြန်မာမှုများကို ဖုန်သုတ်ပြီး စင်ပေါ်တင်ကြပေဦးမည်။ မြန်မာအကများကို ပြန်၍ဖော်ထုတ်ကြပေဦးမည်။ မြန်မာဆိုင်းသံများကိုလည်း မကြားချင့်အဆုံး ကြားရပေဦးတော့မည်။ မြန်မာမှုကို မြတ်နိုးသော ပညာရှင်များအနေဖြင့် ကောက်ရိုးမီးတမျှ ဟုန်းခနဲထပြီး ဖွတ်ခနဲငြိမ်းတတ်သည့် ကိုယ့်လူမျိုး၏ သောက်ကျင့်ကို ထောက်ချင့်ဆင်ခြင်ပြီး အရှိန်ပေါ်တွင် အဟုန်ဆင့်ကာ မြန်မာ့အနုပညာ၊ စာပေတို့ကို စင်မြင့်တွင် အသွင်တင့်စေရန် ကြိုးစားသင့်လှပေသည်။ ဦးဟန်ကြည်သည်လည်း မဟာဂီတကို နားဝင်ပီယံရှိရှိ ကြားလိုလှပါ၏။ မြန်မာပြည်၊ မြန်မာပြည်သားတို့ကြားဝယ် မြန်မာ့ဂီတ၊ မြန်မာ့အနုပညာ၊ မြန်မာစာပေတို့သည် ပြောင်လျှက်ဝင်းလျှက် ထင်းပါစေသတည်း။  

( တလွဲဆံပင်ကောင်းနေကြတဲ့ ကိုယ့်လူမျိုးကို သောက်မြင်ကတ်ကတ်နဲ့ ခပ်စပ်စပ်ကလေးရေးရင်း ခပ်ကြမ်းကြမ်းစကားလုံးတွေ သုံးထားလို့ တစ်ချို့နေရာတွေမှာ ဂမ္မဒေါသသင့်နေတာတွေကို သဘောကြီးကြီးထားပေးကြဖို့ ဆောရီးစကား ဆိုပါရစေဦး။ သို့ပေမင့် ကျေးဇူးရှင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ ထင်ရှားတဲ့ မိန့်ခွန်းပေါင်းများစွာထဲက “ ဖာသည်တိုင်းပြည်ဖြစ်မှာပဲ ” ဆိုတဲ့ မိန့်ခွန်းတစ်ခုကိုပဲ နားဝင်ပီယံရှိလွန်းကြတဲ့ ဦးဟန်ကြည်တို့ ရွှေမြန်မာတွေအတွက် အနှီစကားလုံးလေးတွေလောက်တော့ ပျင်းတောင်ပျင်းသေးတယ် ဖြစ်နေမယ်လို့ ခန့်မှန်းမိပါသဗျား…း)

ကြိုက်ရင်ပေါ့လေ . . .