Wednesday, 30 October 2013

မေတ္တာသွန်းဖြိုး . . . ပန်းပျိုးစေ . . .

ရက်ကိုလစား၊ လကိုနှစ်စားပြီး
 ပြက္ခဒိန်တွေတစ်ခုပြီးတစ်ခု ပြောင်းချိတ်ရင်းနဲ့ပဲ ဦးဟန်ကြည်ရဲ့ ပညာရေးလုပ်သားလုပ်သက်ကလေး ဆယ်စုနှစ်တစ်ခုတောင် အတော်စွန်းလာပါပကောလား။
 
 သည်လောက၊ သည်ကလေး၊ သည်မိဘတွေနဲ့ လုံးလည်ချာလည်လိုက်ပြီး နိစ္စဓူဝ ဖြတ်သန်းကုန်လွန်နေရင်း လူမှုရေးမေ့၊ နိုင်ငံရေးမေ့၊ လူမျိုးရေးမေ့နဲ့ အမေ့ကောင်းကြီးမေ့နေလိုက်တာ ကိုယ့်ခေါင်းပေါ်မှာ ဆံပင်အနက်တွေ မရှိသလောက်ရှားနေတာကိုတောင် မနေ့တစ်နေ့ကမှ နောက်စေ့ရှေ့မှာမှန်တစ်ချပ်ထောင်ပြီး မျက်နှာမူထားတဲ့မှန်တစ်ချပ်ထဲကနေ စစ်စစ်ပေါက်ပေါက်ကြည့်မိတော့မှပဲ သတိထားမိတော့တဲ့အထိ။ ဖတ်သမျှစာဆိုတာကလည်း ပညာရေးနဲ့ပတ်သက်တဲ့ စာအုပ်စာတမ်း၊ လေ့လာသမျှပညာကလည်း ပညာရေးနဲ့ပတ်သက်တဲ့ပညာ၊ ခေါင်းထဲမှာထည့်ထားတဲ့အတွေးကလည်း ပညာရေးဆိုင်ရာအတွေးအခေါ်တွေ၊ မက်လိုက်တဲ့အိပ်မက်ကလည်း ပညာရေးအိပ်မက်တွေချည်းပဲဆိုတော့ ဦးဟန်ကြည်ခမျာ ပညာရေးကလွဲလို့ ကျန်တဲ့နေရာတွေမှာ နလပိန်းတုံး ဖြစ်မှန်းမသိကို ဖြစ်ပါလေရော။ တတ်နိုင်ဘူး ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်လို့ ဆိုရိုးကလည်း အရှိသားမဟုတ်လား။ သဲတိုင်အောင်ငုပ်ဆိုလို့ ဦးဟန်ကြည်တို့ ငုပ်ချက်ကတော့ ပညာရေးဘ၀အစမှာ စားစရာမရှိလို့ ထမင်းနှစ်ရက်ငတ်ပြီး လင်မယားနှစ်ယောက် ရေသောက်ဗိုက်မှောက်နေရတဲ့အထိ။ သို့ပေမင့် အခုအချိန်အထိ အဖျားမရောက်သေးတာကတော့ ဦးဟန်ကြည် မတက်နိုင်လို့လို့ပဲ ပြောရမှာပါ့လေ။

သိုပေမင့် ဦးဟန်ကြည် ဂဏန်းမျိုးကလည်း အဖျားရောက်ခြင်း၊ မရောက်ခြင်းကို ခေါင်းထဲထည့်တဲ့လူမှ မဟုတ်ဘဲ။ ကိုယ်စွမ်းသလောက်၊ ကိုယ်တတ်သလောက်ကိုယ်လုပ်နေရရင် ကျေနပ်တဲ့လူစား။
 ကိုယ်မှန်တယ်ထင်တာကိုယ်လုပ် ပတ်ဝန်းကျင်ကို အရေးမလုပ်တဲ့လူစား။ အနှီတော့လည်း ကိုယ့်တရားကိုယ် စီရင်ပြီး ကိုယ့်ကလေးတွေနဲ့ကိုယ် ပျော်ရွှင်နေရတာကိုက လောကစည်းစိမ်ဖြစ်ပြီးသား။ အနှီ ဦးဟန်ကြည်ရဲ့ ကလေးတွေဆိုတာကလည်း အများအမြင်မှာ လူဆိုး၊ လူသွမ်း၊ လူသရမ်းကလေးတွေက ခပ်များများ။ မိဘများကလည်း လူဆိုးထိန်းဦးဟန်ကြည်ကို အတော်အထင်ကြီးကြဟန်တူပါရဲ့။ ကျောင်းသားတစ်ယောက် လာအပ်ပြီဆိုတာနဲ့ မိဘလုပ်တဲ့လူက “ ဆရာ…ကျွန်မသားသမီးကို ရိုက်သာရိုက်ဆရာ…မကျိုးမကန်းရင်ပြီးတာပဲ…ဒီကောင်တွေက အနှီလို ရိုက်ပေးမှ မှတ်တာ… ” လို့ကို အင်တိုက်အားတိုက် ပြောတော့တာကိုး။ ဘယ့်နှာ သည်လူတွေ ခက်လည်းခက်ပါရဲ့။ သူရို့က ဆရာဆိုတဲ့ ပုဂ္ဂိုလ်ကို ကြေးစားလူမိုက်များ ထင်နေရော့သလား မသိပေါင်ဗျာ။ ဦးဟန်ကြည် စိတ်ကောင်းဝင်နေတဲ့အချိန်မှာတော့ ပြုံးနေလိုက်ပေမယ့် နှာတင်းနေတဲ့အချိန်မျိုးနဲ့ ဆုံလို့ကတော့ “ ဟ…ခင်ဗျားတို့က ကျုပ်ကို လူမိုက်ငှားတာလား…မပူနဲ့ လိုအပ်ရင် ဆုံးမမယ်…အလကားသက်သက် ရိုက်နေရအောင်ကတော့ ဦးဟန်ကြည် လူမိုက်မဟုတ်လို့ သည်းခံပေရော့… ” လို့ ဘုနှိပ်မိပါလေရော။ 

ဘာပဲဖြစ်ဖြစ် ဆိုးလှ ရမ်းလှပါတယ်ဆိုတဲ့ သူရို့သားသမီးတွေဟာ ဦးဟန်ကြည်ဆီမှာတော့ လိမ္မာလိုက်၊ ယဉ်ကျေးလိုက်ကြတာများ သူရို့မိဘကို ပြန်ပြောရင် ခမျာများမှာ သူရို့သားသမီးအကြောင်းကြားရတာတောင် သူရို့နားကို သူရို့မယုံတဲ့အထိ။ ပြောမယ်ဆိုလည်း ပြောစရာ။ ကိုယ့်ကလေးတွေကလည်း အိမ်မှာလည်းဆိုး၊ လမ်းမှာလည်း တစ်စက်ကလေးမှ မကောင်းကြတာလေးတွေချည်း။ အနှီတော့ တစ်ချို့မိဘတွေက ဦးဟန်ကြည်ကိုမေးပါသဗျား။ သူရို့ကလေးတွေက သူရို့ဆီမှာ ဘာကြောင့်ဆိုးပြီး ဆရာ့ဆီမှာ ဘာကြောင့်လိမ္မာကြသလဲပေါ့။ ဦးဟန်ကြည်ကတော့ “ ဟ…ခင်ဗျားတို့က သူရို့ကို လူဆိုးလို့ သတ်မှတ်ထားတာကိုး…အနှီတော့ ဆိုးပြမှာပေါ့…ကျုပ်ဆီမှာ သူရို့ကို လူလိမ္မာလို့ သတ်မှတ်ထားတော့ လိမ္မာကြတာ မဆန်းပေါင်ဗျာ ” လို့ ခပ်ပြုံးပြုံးဖြေတာပါပဲ။ သို့ပေမင့် သည်ဘက်နယ် သည်ဘက်ဒေသက မိဘဆိုတာကလည်း ငွေကလွဲပြီး ကျန်တဲ့အကြောင်း ခေါင်းထဲမသွင်းတာများလေတော့ ကလေးစိတ်ပညာတွေ၊ လူမှုရေးသိပ္ပံတွေ ဘယ်သိလိမ့်တုန်း။ အနှီတော့လည်း ဦးဟန်ကြည်ပြောသမျှကို နားလည်ချင်ယောင်ဆောင်ပြီး ခေါင်းလေးတညိတ်ညိတ်နဲ့ အသာပြန်လစ်သွားကြတာတွေချည်း။

စဉ်းစားကြည့်လေ။ ဦးဟန်ကြည်တွေးသလို လူပြိန်းတွေးပဲတွေး။ လူဆိုတာ ကိုယ့်ကို ကောင်းတယ်လို့သတ်မှတ်တဲ့လူရှေ့မှာပဲ ကောင်းပြချင်မှာပေါ့။ ကိုယ်ဘာလုပ်လုပ် အဆိုးချည်းမြင်နေတဲ့လူရှေ့မှာ ဘယ်လိုလုပ်ကောင်းပြချင်မှာလဲ။ ဟာကွာ…သည်လူကြီးရှေ့မှာ ဘာပဲလုပ်လုပ် တစ်ကွက်မှအကောင်းမမြင်ဘဲ ငါလုပ်ချင်ရာလုပ်တာပဲအေးပါတယ်လို့ သောက်ညင်ကတ်ကတ်နဲ့ ရှိရင်းစွဲထက်တောင် ပိုပြီးဆိုးပြချင်ကြသေးတာ သဘာဝ။ “ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း၊ မဖဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနဲ့ယှဉ်၊ ရှေးရှုနှင်လော့ ” ဆိုတဲ့ မဃဒေ၀လာ အမှာစကားဆိုတာ အပြောလွယ်သလောက် အင်မတန်မှ အလုပ်ခက်တာကလား။ ဦးဟန်ကြည်တို့လို အထိုက်အလျောက် စာလေးပေလေး မတောက်တခေါက် ဖတ်ထားတဲ့လူတောင် ကိုယ့်ကိုယ်မဲ့ပြရင် ပြန်ပြုံးပြဖို့ထက် ပြန်မဲ့မပြဖြစ်အောင် အကြိတ်အနယ် ကြိုးစားနေရတာ ကိုယ်တိုင်သိ။ အနှီတော့ မနေ့တစ်နေ့ကမှ လူဖြစ်လာကြတဲ့ စာသင်သားအရွယ် လူမမယ်လေးတွေကို ဘယ်သို့ဘယ်ပုံ ဆက်ဆံပေးရမယ်ဆိုတာ အသိသာချည်း။ ဦးဟန်ကြည်ဆိုတဲ့ ပုဂ္ဂိုလ်ကလည်း ပတ်ဝန်းကျင်စကားကို နားအယားခံပြီး ခေါင်းထဲအ၀င်မခံတဲ့လူစားဖြစ်နေတော့ အဆင်ကိုချောလို့။ 

ကလေးတစ်ယောက် လာအပ်လို့ သူရို့မိဘက သူရို့ကလေး ဘယ်လောက်ဆိုးကြောင်း၊ တေကြောင်း၊ လေကြောင်း ပြောရင်လည်း ခေါင်းထဲမထည့်။ ပတ်ဝန်းကျင်မှာ အနှီကလေး ဘယ်ရွေ့ဘယ်မျှ သောင်းကျန်းကြောင်း သတင်းတွေကိုလည်း စိတ်မ၀င်စား။ ဘယ်လောက်တော်ကြောင်း၊ လိမ္မာကြောင်း ပြောနေရင်လည်း ရင်မခုန်။ ဘယ်ကလေးကိုမဆို မြင်ကတည်းက သဘာဝအခြေအနေ ( Natural state ) မှာ ထားလိုက်ပြီးသား။ တစ်နည်းအားဖြင့် သည်ကလေးကို အရည်အသွေးပြဂရပ်မှာ “ သုညမှတ် ” ပေါ်တင်ထားလိုက်တဲ့သဘော။ သူရို့လေးတွေကို ကောင်းကောင်းမွန်မွန်၊ ချိုချိုသာသာ ပြောဆိုဆက်ဆံ၊ နွေးနွေးထွေးထွေး ကြိုဆိုဖို့ဆိုတာ ဦးဟန်ကြည်ရဲ့အလုပ်။ သည်အလုပ်ကလည်း ထူးဆန်းတာမှမဟုတ်ဘဲ။ အထိုက်အလျောက် အသိပညာလေးရှိရင်တောင် လူတစ်ဖက်သားကို ကြီးငယ်မဟူ တန်ဖိုးထားပြီး ယဉ်ယဉ်ကျေးကျေး ချေချေငံငံဆက်ဆံရမယ်ဆိုတာ သိပြီးသားချည်း။ အနှီတော့ ကိုယ့်ရှိရင်းစွဲအကျင့်အတိုင်းပဲ သည်ကလေးကို ဆက်ဆံလိုက်ရုံ။ ကိုယ့်ဘက်က ကောင်းနိုင်သမျှကောင်း၊ အနှီအပေါ်မှာ ကလေးရဲ့တုံ့ပြန်မှုကို အကဲဖြတ်ပြီး သူ့ရဲ့အရည်အသွေးပြဂရပ်မှာ အပေါင်းပြချင်ပြ၊ အနုတ်တပ်ချင်တပ်။ အပေါင်းပြတယ်ဆိုရင် မူလလမ်းစဉ်အတိုင်းဆက်သွား။ အနုတ်တက်လာရင် ဆရာ့ဘက်က လိုအပ်တာပြင်။ လုပ်ထုံးလုပ်နည်းက ငှက်ပျောသီးအခွံနွှာတာထက်တောင် လွယ်သေး။

ဦးဟန်ကြည်ရဲ့အတွေ့အကြုံအရပြောရရင် သည်ဘက်ခေတ်ကလေးတွေဆိုတာ မိဘတို့၊ ဆရာတို့က ကောင်းကောင်းမွန်မွန် တန်ဖိုးထားပြီး ဆက်ဆံပေးလိုက်ရုံနဲ့တင် ခမျာများ ပျော်လွန်း၊ ၀မ်းသာလွန်းလို့ လိမ္မာနိုင်သမျှ အစွမ်းကုန် လိမ္မာလိုက်ကြတာမှ အားနာစရာတောင် ကောင်းနေပါရော။ ပုစ္ဆာကလေးတစ်ပုဒ်လောက် မှန်အောင်တွက်နိုင်လို့ “ ဟ…ငါ့တပည့် အတော်ဟုတ်လာပြီပဲ ” လို့ တစ်ခွန်းသာ ပြောလိုက်။ ဘယ်လောက်ခက်တဲ့ပုစ္ဆာမဆို မရမချင်း ဇွဲခတ်ပြီး တွက်တော့တာကလား။ ကျောင်းကိုအမြဲတမ်းနောက်ကျမှလာတတ်တဲ့ကလေးတစ်ယောက် တစ်ရက်လောက် ကျောင်းချိန်မီအောင်ရောက်လာရင် လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်။ သည်ကလေး နောက်ရက်တွေမှာ တတ်နိုင်သလောက်တော့ ကျောင်းချိန်မီအောင် ကြိုးစားတော့တာချည်း။ လူပဲ၊ ကိုယ့်ကိုယ် အကောင်းမြင်တဲ့လူရှေ့မှာ ဘယ်သူက အဆိုးဖြစ်ချင်မှာလဲ ဟုတ်ဘူးလား။ တကယ်ဆို ဦးဟန်ကြည်တို့ လုပ်ရမယ့်အလုပ်က သူ့လုပ်ရပ်ကောင်းကလေးတွေကို တွေ့အောင်ရှာပြီး ချီးမွမ်းပေးရုံ။ စဉ်းစားကြည့် အလကားမတ်တင်းရတဲ့ လေကလေးစိုက်ထုတ်လိုက်ရုံ၊ အပြုံးကလေးတစ်ပွင့် ပေးလိုက်ရုံကလေးနဲ့တင် ကလေးတစ်ယောက်ရဲ့ဘ၀ ဘယ်လောက်အထိ ပြောင်းလဲသွားနိုင်တယ်ဆိုတာ။ အလကားမတ်တင်းရတဲ့ အပြုံးကလေးတစ်ပွင့် ချီကျူးစကားလေးတစ်လုံးတောင် မသဒ္ဓါဘဲ မပေးချင်၊ မပေးနိုင်ရင်တော့လည်း မိဘမလုပ်၊ ဆရာမလုပ်ဘဲ နေကြတာ တိုင်းပြည်အတွက် အကျိုးရှိမယ်ထင်ပါရဲ့။

ဦးဟန်ကြည်တို့တစ်တွေ သည်အသက်သည်အရွယ်ရောက်လာကြပေမယ့် ပြန်စဉ်းစားကြည့်ရင် ကျောင်းသားအရွယ်၊ ကျောင်းသားဘ၀ကို ဖြတ်သန်းဖူးကြတဲ့လူတွေချည်း။ ကိုယ်ကျောင်းသားဘ၀တုန်းက ကိုယ်လေးစားတဲ့ဆရာတွေရဲ့ မျက်နှာတွေပြန်မြင်ယောင်ကြည့်၊ သူရို့လုပ်ရပ်တွေပြန်စဉ်းစားကြည့်။ သေချာတာတစ်ခုကတော့ ကိုယ်လေးစားတဲ့ ဆရာတွေအားလုံးဟာ ကိုယ့်ကိုအရေးတယူပြု၊ အလေးဂရုထားပြီး လူရာသွင်းတဲ့ဆရာတွေချည်း ဖြစ်နေတာ သတိထားမိကြပါလိမ့်မဗျား။ လူရာသွင်း၊ အရာပေး၊ အရေးတယူပြုခံရတယ်ဆိုတာ ကလေးဘ၀မှာ အလိုချင်ဆုံး ဆုလာဘ်ကြီး။ ဒါတင်ဘယ်ကလိမ့်တုန်း အိုကြီးအိုမ သေမင်းပြည် ခြေတစ်ချောင်းလှမ်းနေတဲ့အရွယ်တွေတောင် သူရို့ကို အရာပေး၊ အရေးတယူလုပ်တာ ကြိုက်တတ်ကြသေးတာကလား။ အနှီတော့ ကိုယ့်သားသမီးက ကိုယ့်ကိုမြတ်နိုးလေးစားတာ လိုချင်ရင်၊ ကိုယ့်တပည့်က ကိုယ့်ကိုချစ်ခင်ကြည်ညိုတာ ခံချင်ရင် ကိုယ့်ကလေးတွေကို အရာပေး၊ အလေးထားပြီး ဆက်ဆံရုံပေါ့။ ကိုင်း…အနှီလောက်လွယ်တဲ့ နည်းဗျူဟာ ဘယ်မှာရှိလိမ့်တုန်း။ သူရို့ပြောတဲ့စကားလေးတွေကို အလေးတယူနားထောင်၊ သူရို့ရင်ဖွင့်တာတွေကို ခံစားပေး၊ သူရို့အတွေးတွေကို မျှဝေ၊ သူရို့ခံစားချက်တွေကို နားလည်ပေးလိုက်ရင် ကလေးတစ်ယောက် ဘယ်လောက်ပျော်သွားတယ်ဆိုတာ ကိုယ်တွေ့ကြုံဖူးမှ သိကြမှာပ။

 သေချာစဉ်းစားကြည့်ရင် သည်ဘက်ခေတ် ကလေးတွေခမျာ သနားစရာ။ “ အိမ်နေ အဖေရိုက်၊ ကျောင်းလေ ဆရာရိုက်၊ လမ်းနေ ပုရွက်ဆိတ်ကိုက် ” ဆိုတဲ့ ဘ၀မျိုးတွေ ခပ်များများ။ သည်ကြားထဲမှာ ကျောင်းကတစ်မျိုး၊ ကျူရှင်ကတစ်သွယ်၊ မိဘကတစ်ဖုံ အချင်းချင်း Cooperate မလုပ်ဘဲနဲ့ ကိုယ်ထင်ရာကိုယ်စိုင်းပြီး သင်ချင်ရာသင်၊ ပေးချင်တဲ့စည်းကမ်းပေးလွှတ်ကြပြန်တော့ ကလေးခမျာ “ ကမ္ဘာကြီးသည် ကျောင်းတွင်လုံး၍ အိမ်တွင်ပြားပါသည် ” လုပ်နေကြရတာ ဦးဟန်ကြည် ရင်နာလို့မဆုံး။ သြော်…ရွှေပြည်ကြီးများ တရားကျဖို့လည်းကောင်းပါရဲ့။ ကလေးတွေကို ပြုစုပျိုးထောင်ပေးရမယ့် တာဝန်တူ၊ ရည်ရွယ်ချက်ချင်းတူကြတဲ့ ပညာရေးဝန်ထမ်းအချင်းချင်းတောင် ပူးပေါင်းဆောင်ရွက်ချင်စိတ်မရှိကြဘဲနဲ့များ လူတန်းစားအားလုံး ပူးပေါင်းကြိုးစားမှုကို ရှေ့တန်းတင်ထားတဲ့ Democracy ဆိုတာကြီးကို သွားဖြဲနားဖြဲအော်တောင်းနေကြတာ သနားဖို့တောင် ကောင်းသေးတော့။ ဒီမိုကရေစီဆိုတာ သူများပေးတိုင်းရတယ်လို့များ ထင်နေကြရော့သလားမသိ။ ရှိစေတော့…ရှိစေတော့ ဆန်စဉ်ရာ ကျည်ပွေ့လိုက်နေရရင်လည်း ကိုယ့်ကိုယ်ကိုကအစထားပြီး ဆဲခန်းဖွင့်ရတာနဲ့တင် ဆုံးခန်းတိုင်မယ်မထင်တာကြောင့် ကလေးတွေဘက်ပဲ ပြန်လှည့်ကြဦးစို့။

ကလေးတွေကို အရာပေးပြီး အရေးတယူပြုရမယ်ဆိုတော့ အနှီအကလေးတွေကို ခေါင်းပေါ်ရွက်ထားပြီး ဖူးဖူးမှုတ်ရမယ်လို့လည်း မထင်လေနဲ့ဦး။ လူရာသွင်းတယ်ဆိုတာ ဖားတာနဲ့ မဆိုင်ရေးချမဆိုင်။ ပိုက်ဆံရှိတဲ့ကလေး၊ စာတော်တဲ့ကလေးကို ဦးစားပေးပြီး ဆက်ဆံတာမျိုး၊ ရွှေပေါ်မြတင်ထားတာမျိုးကတော့ သောက်ညင်ကတ်စရာ အကျင့်ဆိုး၊ လူနဲ့လူချင်း ခွဲခြားဆက်ဆံတဲ့ အကျင့်ဆိုးကြီးဖြစ်တာကြောင့် အဖားခံရတဲ့ကလေးကလည်း စိတ်ကြီးဝင် ဘ၀င်လေဟပ်၊ အနှိမ်ခံရတဲ့ကလေးကလည်း စိတ်ဓာတ်ကျ စိတ်ဒဏ်ရာဖြစ်ရုံကလွဲပြီး အကျိုးတစ်ပြားသားမှကို မရှိတာကလား။ သည်ကြားထဲမှာ ကျောင်းသားချင်း စည်းလုံးမှု၊ ရိုင်းပင်းမှုပါ ပြိုကွဲသွားတာကြောင့် သည်ဘက်ပညာရေးခေတ်သစ်ကြီးမှာ ကျယ်ကျယ်လောင်လောင် အော်ဟစ်နေကြတဲ့ ဒီမိုကရေစီအခြေခံ Co-operative learning system နဲ့ ဝေးပါလေရော။ အလေးတယူလုပ်တယ်ဆိုတာ ကလေးတစ်ယောက်ချင်းစီရဲ့ ခံစားချက်ကို အသိအမှတ်ပြုတာ၊ တစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်ကို စွမ်းနိုင်သလောက်ဖြည့်ပေးဖို့ ကြိုးစားပေးတာကို ဆိုပါသဗျား။ သူရို့လေးတွေ ဘာတွေလိုအပ်နေတယ်ဆိုတာကို မပြောဘဲနဲ့ မိဘတို့ ဆရာတို့က သိနိုင်ကြရင်တော့ အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားပေါ့လေ။ ဈေးကွက်စီးပွားရေးနည်းဗျူဟာမှာ “ သူလိုတာသိမှ ကိုယ်လိုတာ ရမယ် ” လို့ ဆိုသကိုး။ အနှီတော့ ကလေးတွေရဲ့ လိုအပ်ချက်ကို ကိုယ်ကသိအောင်ကြိုးစားနိုင်ရင် ကိုယ်လိုချင်တဲ့အရာလည်း ကလေးတွေဆီက ပြန်ရလာရောပေါ့။ အရေးတယူပြုတယ်ဆိုတာ ကလေးတစ်ယောက် အပြစ်ဒဏ်ကျူးလွန်ရင် နားလည်အောင် ပြောဆိုဆုံးမတာလည်း လုပ်ဖို့ လိုသေးတာကလား။ တကယ်တော့ ကျောင်းသားသူငယ်ဆိုတာ အသက်အရွယ်ပိုင်းနဲ့ နှိုင်းစာကြည့်ရင် ကိုယ်ကမွေးတဲ့ ကိုယ့်သားသမီးအရွယ်လောက်သာသာရယ်။ အနှီတော့ မပြည့်ဝသေးတဲ့ အသိဥာဏ်၊ မဖွံ့ဖြိုးသေးတဲ့ စိတ်ဓာတ်၊ မရင့်ကျက်သေးတဲ့ နှလုံးသားတွေ ပိုင်ဆိုင်ထားကြတဲ့ ကလေးတွေကို ကိုယ်နဲ့နှိုင်းပြီး အပြစ်ပေးလို့တော့ ဘယ်တရားပါ့မလဲ။ အပြစ်တစ်ခုကျူးလွန်ရင် အနှီအပြစ်ကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ကလေးနားလည်အောင် ရှင်းပြပြီးမှ ထိုက်သင့်တဲ့အပြစ်ဒဏ်ပေးဖို့ ပြင်ဆင်သင့်တာကလား။ မိဘ၊ ဆရာတွေရဲ့ ဆိုဆုံးမမှုဟာ သူရို့အတွက်ပဲလို့ နားလည်သဘောပေါက်လာပြီဆိုရင် ကလေးတစ်ယောက် တိုးတက်ဖွံ့ဖြိုးဖို့ လမ်းစပေါ်လာပြီမဟုတ်လား။

သည်နေရာမှာ အပြစ်ပေးတာကိုလည်း သရုပ်ခွဲဖို့ လိုသေးတာကြောင့် လေကြောရှည်ပါရစေဦး။ ဦးဟန်ကြည်တို့ ရွှေပြည်ကြီးမှာ မိဘပဲဖြစ်ဖြစ် ဆရာပဲဖြစ်ဖြစ် ကလေးတစ်ယောက် အမှားတစ်ခုခု ကျူးလွန်လိုက်ပြီဆိုရင် လက်အစ၊ တုတ်အဆုံး မိရာသုံးပြီး ရိုက်နှက်ဆုံးမပစ်လိုက်ကြတာတွေက အားလုံးနီးပါး။ စဉ်းစားကြည့်ကြစို့ရဲ့။ ကြိမ်တို့ ၀ါးခြမ်းစိတ်တို့ဆိုတာ ခွေး၊ နွား တိရစ္ဆာန်တွေကို မောင်းတဲ့နှင်တဲ့နေရာမှာသုံးတဲ့ လက်နက်ကိရိယာတွေမဟုတ်လား။ ကိုယ်ကမွေးထားတဲ့ ကိုယ့်သားသမီး၊ ကိုယ့်ကိုအားကိုးနေတဲ့ တပည့်တွေကို တိရိစ္ဆာန်အဆင့် တွန်းချပြီး မညှာမတာ ရိုက်နှက်ဆုံးမတယ်ဆိုတာ ဘယ်လောက်များ ရက်စက်လိုက်တဲ့ လုပ်ထုံးလုပ်နည်းကြီးပါလိမ့်။ အနှီလို ရိုက်နှက်ပစ်လိုက်တော့ရော သည်ကလေးတစ်ယောက် လိမ္မာလာရောလား။ ဦးဟန်ကြည်မထင်။ ကလေးတစ်ယောက် ဆေးလိပ်ခိုးသောက်လို့ ရိုက်နှက်ဆုံးမတယ်ဆိုပါစို့။ ကြိမ်ဒဏ်ကိုကြောက်လို့ သည်ကလေး ဆေးလိပ်ပြတ်ကောင်းပြတ်သွားပေမပေါ့။ သို့ပေမင့် ဘယ်မိဘ၊ ဘယ်ဆရာကရော သည်ကလေးဘ၀တစ်လျှောက်လုံး အရိပ်ကြည့်ပြီး ကြိမ်နဲ့လိုက်ရိုက်နေနိုင်ပါ့မလဲ။ သူကြောက်ရမယ့် ကြိမ်မမြင်ရတဲ့ တစ်နေ့မှာ သည်ကလေး ဆေးလိပ်ပြန်သောက်ဖို့ ရာခိုင်နှုန်းအတော်များများ သေချာပါသဗျား။

 စိတ်ပညာသီဝရီတွေ ဘေးချိတ်ပြီး မျက်မြင်ကို သုံးသပ်ကြည့်ရရင် ရိုက်နှက်ဆုံးမခံရတဲ့ ကလေးတစ်ယောက်ဟာ သည်အပြစ်ကို နောက်တစ်ခါ မလုပ်ဖို့ စွဲစွဲမြဲမြဲမှတ်မိသွားကောင်း မှတ်မိနိုင်ပေမယ့် အရှက်တရား၊ အမုန်းတရားနဲ့ ယှဉ်တဲ့ မှတ်မိခြင်းမျိုးဖြစ်နေပါရောလား။ ကြိမ်ကိုင်ထားတဲ့ မိဘ၊ ဆရာရဲ့ရှေ့မှာ လက်ပိုက်ပြီး ရပ်နေရတဲ့ ကလေးတစ်ယောက်ရဲ့ ရင်တွင်းက အကြောက်တရား ဘယ်လောက်ကြီးမားမယ်ဆိုတာ ကိုယ်ချင်းစာကြည့်စေချင်ပါရဲ့။ ကလေးရဲ့ ရင်ထဲမှာ သူ့အကျိုးအတွက် ရိုက်တယ်ဆိုတာ ဘယ်လိုလုပ်သိနိုင်မှာပါလိမ့်။ သူ့အကျိုးအတွက် သူ့အသားကို နာအောင်ရိုက်တယ်ဆိုတာ ဘယ်လိုလုပ် တွေးယူနိုင်မှာပါလိမ့်။ သူ့ဥာဏ်မီသလောက်ကလေးနဲ့ သူ့လုပ်ရပ်ကို မိဘနဲ့ ဆရာက မကြိုက်ဘူးလို့ပဲ တွေးနေမယ့်ကလေးတစ်ယောက် ကြီးပြင်းလာရင် အမှား၊ အမှန်ဆိုတာထက် အထက်လူကြီးမကြိုက်တာကို မလုပ်ရဲတဲ့ ကျွန်ကောင်းလေးတွေ ဖြစ်လာရုံကလွဲရင် ဘာတွေများ ဖြစ်ထွန်းလာနိုင်ပါ့မလဲ။ ရိုက်တဲ့လူလည်း လက်နာ၊ ခံရတဲ့ကလေးလည်း အသားနာ၊ အသည်းနာ၊ အကျိုးကျေးဇူးလည်း တစ်ကွက်မှမမြင်တဲ့ အနှီရိုက်နှက်ဆုံးမတဲ့ စနစ်ကြီးကို ရွှေပြည်ကြီးမှာ ဘာဖြစ်လို့များ မက်မက်စက်စက် လက်ကိုင်ထားနေကြပါလိမ့်ဆိုတာ ဦးဟန်ကြည် စဉ်းစားလို့ မရနိုင်ပေါင်ဗျာ။ ဦးဟန်ကြည် ဘ၀တစ်သက်မှာ တစ်တန်းကျောင်းသားဘ၀က တစ်ချက်၊ လေးတန်းကျောင်းသားဘ၀က တစ်ချက်၊ ခုနစ်တန်းကျောင်းသားဘ၀က တစ်ချက် အရိုက်ခံခဲ့ရတာ အခုထိ မမေ့နိုင်သေးတာ။ ဦးဟန်ကြည်ရဲ့ ဖေဖေရိုက်ခဲ့တဲ့ သုံးချက်ကို မှတ်မိနေတာကိုပဲ စဉ်းစားကြည့်ပေရော့။ သေရာပါသွားမယ့် အနာတရတွေချည်း မဟုတ်ပါလား။ အနှီတော့ ကိုယ့်ကလေး၊ ကိုယ့်တပည့်ကို ချစ်ရိုးမှန်ရင် ပြင်းပြင်းထန်ထန် ရိုက်နှက်မဆုံးမကြဖို့ မေတ္တာရပ်ခံချင်ပါရဲ့။

နောက်ဆုံးစကားအနေနဲ့ ရွှေပြည်သား ဆရာများနဲ့ မိဘများကို
“ ကြောက်လို့ မလုပ်တာကို လိမ္မာတယ်လို့ သတ်မှတ်တဲ့ အကျင့်ဆိုးကြီး အမြစ်တွယ်နေသမျှ ကာလပတ်လုံး ဘယ်မျိုးဆက်သစ်မှ တိုးတက်လာမှာမဟုတ်ဘူး… ”
ဆိုတဲ့ စကားတစ်ခွန်းကို သည်ဘ၀အတွက်သာမကဘဲ သေပြီးနောက်ဘ၀အထိ စွဲစွဲမြဲမြဲ မှတ်သားတော်မူကြဖို့ မေတ္တာလက်ဆောင် ပါးလိုက်ပါရစေဗျား…..။  

Monday, 21 October 2013

လူးလိုက်စမ်းမယ် မယောင်ရာတွေ . . .

 မြန်မာစကားပုံများကို ဦးဟန်ကြည် နှစ်ခြိုက်သည်။
တိုတိုနှင့် လိုရင်းကို ဒင်းခနဲနေအောင် နှက်ထည့်လိုက်နိုင်သည်မှာ စကားပုံများပင် မဟုတ်လော။ သို့သော် ဒင်းခနဲမြည်လွန်းသဖြင့် ထိုစကားပုံများကို ဦးဟန်ကြည် လန့်မိပြန်သည်။ မလန့်နေပါရိုးလား။ ဖြစ်စဉ်တိုင်းအတွက် စကားပုံတစ်ခုစီက အဆင်သင့်။ ဦးဟန်ကြည်တို့ ရွှေပြည်ကြီးတွင် ဆင်ဖမ်းမယ် ကျားဖမ်းမယ်နှင့် ဓာတ်တိုင်ကွေးမယ် ညောင်ပင်နှုတ်မယ်ဟု လေကြီးမိုးကြီး ကြွေးကြော်နေသော်လည်း ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် အကောင်အထည်မပေါ်သေးသည်ကို “ တစ်ညလုံး ကတော်တဲ့ကြက် ဥတော့တစ်လုံးထဲ ” ဟူသည့် စကားပုံတစ်ခုတည်းနှင့်ပင် လုံလောက်နေပြီ။  ဘာမဟုတ်သည့် သာမညောင်ည အရေးအခင်းကလေး တစ်ခုမျှအတွက် အင်အားအပြည့်သုံး၍ ဆောင်ရွက်နေကြသည်ကိုလည်း “ ကြက်ဥပြုတ် သံတုတ်နှင့်ချ ” “ နှံပြည်စုတ် အမြောက်နှင့်ချိန် ” ဟု ပြောလိုက်လျှင် အံဝင်ခွင်ကျ။ ကိုယ်ကျူးလွန်ခဲ့သမျှ အပြစ်ဟူသမျှအတွက် ဟိုလူ့ကို လက်ညှိုးထိုး သည်လူ့ကို လွှဲချလုပ်နေကြသည်များကို “ ငါ့ဖင်ကချေး ဘယ်သူ့ချေးလည်း ” ဟူသော စကားပုံတစ်ခုဖြင့် ခြုံငုံမိပေပြီ။ မည်သည့်အရာကိုမျှ ဂဃနဏ ကျွမ်းကျင်ပိုင်နိုင်အောင် မလေ့လာဘဲ “ အသံကြားတရားနာ ” လုပ်နေသည်များကို “ သူများယောင်လို့ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိ ” ဟူသည့် စကားပုံကိုကိုးကား၍ ပြောပြန်လျှင် လွန်အံ့မထင်။ သည်ကြားထဲတွင် သူတပါးတပင်တပန်းလုပ်ခဲ့ကိုင်ခဲ့ကြစဉ်က ငါးခြောက်တစ်ဖတ် ပါရမီ မဖြည့်ခဲ့ဘဲ အထိုက်အလျောက်အောင်မြင်မှုကလေး ရလာကာမှ “ ရောင်တော်ပြန်နှင့် ရောလွှတ် ” နေကြသည်များကလည်း ဒုနှင့်ဒေး။ စကားပုံများကလည်း ထိတော်မူနိုင်လွန်းသည်။ မည်မျှ ဥာဏ်ပြေးသော ရှေးမြန်မာကြီးများပါနည်း။ ဒင်းခနဲမြည်သည် မဟုတ်လော။

လတ်တလောအခြေအနေတွင် ရွှေပြည်သားတို့ လုပ်သမျှ ကိုင်သမျှနှင့် လိုက်လျောညီထွေ ဖြစ်လွန်းလှသော “ မယောင်ရာ ဆီလူး ” ဟူသည့်စကားပုံကို ဦးဟန်ကြည် ခံတွင်းလိုက်နေသည်။ ယောင်သည့်နေရာကတခြား ဆီလူးနေသည်က တလွဲ။ ကောင်းပါလေ့။ ခေတ်ကပဲ ကလိယုဂ်ဖြစ်နေလေသလော။ လူတွေကပဲ ငပိဖုတ်အစားများ၍ ယူရီးယားလောင်ကုန်ကြလေသလော မပြောတတ်တော့။ နိုင်ငံတကာနှင့် ရင်ပေါင်တန်းလိုက်ချင်ကြသည်မှာလည်း မြင်ပြင်းကတ်စရာ။ ခက်သည်က ရင်ပေါင်တန်းသင့်သည့်နေရာတွင် ရင်ပေါင်မတန်းဘဲ ဖင်ထောင်ပန်းနေကြသည်ကိုး။ နိုင်ငံတကာနှင့် တန်းဝင်စံချိန်မီသည့် ကမ္ဘာကြည့်ကြည့်တတ်သော မြန်မာများအဖြစ်ကို အရှင်လတ်လတ် ရောက်နိုင်စေမည့် စိတ်ဓာတ်၊ စည်းကမ်းအခြေခံများကို ပေယျာလကန် ပြုတော်မူလိုက်သည်မှာ “ ဖုတ်လေတဲ့ငပိကို ရှိသည်ဟုပင် ထင်ပုံမရ ”။ “ ဘယ်သူသေသေ ငတေမာရင်ပြီးရော ” ဟူသည့် စိတ်ဓာတ်များကလည်း အားကောင်းမောင်းသန်ဖြစ်နေဆဲ။  “ ထမင်းရည်ပူလာ လျှာလွှဲ ” ချင်ကြသည့် ဗီဇကလည်း ဒုံရင်းအစ်စ်ဒုံရင်း။ “ ဘူးသီးမှ အရီးတော်ချင်သည့် ” ဇာတိမာန်ကလည်း ထုံးစံကို ဗုန်းမှန်၍ပင် မပျက်သေး။ ယခုလည်းကြည့်။ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် ပြိုင်လိုက်ကြသည့် ဟိုဒင်းမယ် သည်ဒင်းမယ်တွေ။ မောက်စ်တစ်ခု လေးငါးထောင် အပျက်အစီးခံ၍ ဇာတိမာန်များ ထကြွလိုက်ကြ ဗုတ်လိုက်ကြသည်မှာလည်း ကြား၍ပင်မကောင်း။ သြော…တယ်ဟုတ်တဲ့ တို့ဗမာ။ တယ်မျိုးချစ်စိတ်ဓာတ်ရှိတဲ့ တို့ဗမာ။ “ တလွဲဆံပင်ကောင်း ” သည့်နေရာတွင် ဧတဒဂ်ရသည့် တို့ဗမာ။

တို့ဗမာများ မျိုးချစ်စိတ်ဓာတ် ထက်သန်လိုက်ကြသည်မှာ “ တို့လူလေးများ ဆိုသလေး…ဝေလေလေ ” ထဲတွင် မပါလိုသောကြောင့် ကိုယ့်ခံယူချက်နှင့်ကိုယ် နိုင်ရာဝန်ထမ်းပြီး ခပ်အေးအေးနေလိုသော ဦးဟန်ကြည်ပင် မျက်စိနောက်လာသည်အထိ။ “ မောင်မောင်ခေါ်လေ ထီးရိုးရှည် ” နေသည်များကို မြင်ပြင်းကတ်သဖြင့် ဘေးထွက်ထိုင်နေသည်ပင် လွတ်ငြိမ်းချမ်းသာခွင့်မရ။ မျက်စိနောက်စရာများကို မြင်ပါများလာလျှင် “ လေလာရာဖင်ပေး အေးအေး မနေနိုင်ပြီ ”။ ပြောမယ့်သာပြောရသည် ရွှေပြည်ကြီးရှုပ်သမျှ ပေယျာလကန်နေခဲ့သော ဦးဟန်ကြည်မှာ ပြိုင်သမျှမယ်မင်းတို့၏ နာမည်ကိုပင် သေသေချာချာမသိ။ ခပ်၀၀သော ခပ်ရွရွသော မသဲကွဲ။ နောက်တစ်ယောက်ကိုလည်း နမ်းချင်စရာလော မည်သူလော သေသေချာချာမသိ။ နောက်ဆုံးပေါ်မယ်ကိုလည်း ပန်းသီးဝိုင်လော မက်မန်းဝိုင်လော အတိအကျမသိ။ ဦးဟန်ကြည်သိသည်မှာ ထိုထိုသော မယ်များအရေးကို ရွှေပြည်သားများ သည်းသည်းလှုပ်လွန်းနေသည့် အရေးအခင်း။ သူသူငါငါ ဗုတ်ကြ အီးစံကွားမယ်လော အာရဗီမယ်လော ငြင်းကြခုန်ကြ။ ခပ်ပြောင်ပြောင်ပြောရလျှင် သင်းဘာသာ လင်ဗဂွီနီကားကြီးပဲစီးစီး လင်ဆာကားကြီးပဲစီးစီး ကိုယ့်အရေးမှ မဟုတ်ပေပဲ။ အနှီမယ်ဟိုဒင်း နိုင်ဂျံဂါးသွားပြိုင်၍ ဟိုဆုသည်ဆုများရလျှင်လည်း လယ်သမားများ အသိမ်းခံထားရသော လယ်များယာများ ပြန်ရမည်မဟုတ်။ သူဌေးကြီးစက်လှေမှောက်သည်ကို ရေးကြီးခွင့်ကျယ်လုပ်နေကြသော ရွှေပြည်သားများကို “ သူတောင်းစားခွက်ပျောက် ” နေသည့်မြင်ကွင်းများကြောင့် ရင်နာနေသော ဦးဟန်ကြည် တအံ့တသြဖြစ်မိပါ၏။

အွန်လိုင်းပေါ်တွင် မယ်စကြ၀ဠာ ( အိမ်း…ခေါ်ရသည်မှာ ပါးစပ်အပြည့် ရှိလှပါဘိ ) သတင်းများ သည်းသည်းလှုပ်နေစဉ်က သင်းတို့ဝက်ဘ်ဆိုဒ်ဘက်သို့ ဦးဟန်ကြည် မောက်စ်စိလည်၍ ရောက်သွားမိသည်။ အောင်မယ်မင်း။ သင်းကလေးတို့အတွက် သတ်မှတ်လျာထားသော ဆုကြေးများက မက်လောက်စရာအတိ။ မြန်မာကျပ်ငွေ သိန်းတစ်ရာ၊ ဟွန်ဒါဖစ်ကားတစ်စီး၊ ပွဲတက်ဝတ်စုံ စပွန်ဆာများ၊ အောင်မယ်မင်း ပရဟိတလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ခွင့်ပင် မကျန်စေရ။ သူ့အမေပေးထားသော ရုပ်ကလေးများက ပါရမီထူးလှပါဘိ။ အနှီသိန်းတစ်ရာကြီးက ဦးဟန်ကြည် မျက်စိထဲက မထွက်။ အနှီငွေနှင့်ဆိုလျှင် အညာလယ်သမားတစ်ရွာကို တစ်လနီးပါး ထမင်းကျွေးနိုင်ပေပြီ။ ဟွန်ဒါဖစ်ကြီးကို လယ်ထွန်စက်အသွင်ပြောင်းလိုက်လျှင် တို့တောသူတောင်သား လူ့နင်းပြားများ လယ်ကောင်းကောင်းထွန်နိုင်ပေပြီ။ သြော်…ရှိစေတော့၊ ရှိစေတော့။ တောသူတောင်သား လယ်သမားဆိုသည်မှာ လူစာရင်းမှ မ၀င်ပေပဲ။ သင်းတို့နွားရုန်း ကျွဲရုန်းရုန်း၍ ဖင်ထဲတွင် ရွှံ့တစ်ပိဿာခွဲဝင်အောင် ကုန်းရုန်းစိုက်ပျိုးထားသော စပါးများကိုစား၍ လူဖြစ်လာကြသော ရွှေပြည်သားများမှ ဟုတ်ပါလေစ။ နိုင်ငံတကာနှင့် ဖင်ထောင်ပန်းနိုင်ရေးအတွက် စံချိန်မီချေးတုံး အရောင်လှလှထွက်စေရန် ပေါင်မုန့်ကိုများ ယိုသုတ်၍ စားနေကြပြီလော မပြောတတ်။ ကိုင်း…သခင်မျိုးဟေ့ တို့ဗမာပါဗျား။

သခင်မျိုးဟေ့ တို့ဗမာများ မြင်ချင်သည့်နေရာတွင်မြင်၍ ကန်းချင်သည့်နေရာတွင် ကန်းချက်က သြချလောက်ပေသည်။ လွန်ခဲ့သော တစ်ပတ်ကျော်က ကျောက်မဲအထက်တန်းကျောင်းမှ ဦးဟန်ကြည်၏ မိတ်ဆွေအထက်တန်းပြ ဆရာမတစ်ယောက် ဖွဘုတ်ပေါ်တွင် တင်လိုက်သော လူရည်ချွန်ဆုနှင်းသဘင်ဓာတ်ပုံကလေးကိုတော့ မည်သူမျှမမြင်။ မြို့နယ်အလိုက် ထူးချွန်ခဲ့သော ထိုမိကံဆိုး လူရည်ချွန်မယ်ကလေးအတွက် ဆုလာဘ်သည် ဂုဏ်ထူးဆောင် ဆုတံဆိပ်ကဒ်ပြားကလေးတစ်ခုနှင့် ဗလာစာအုပ် တစ်ဒါဇင်။ ဘယ်ဒင်းကမှ စပွန်ဆာမပေး။ ဘယ်သကောင့်သားကမှ လင်ဗဂွီနီဖြင့် လာမကြို။ ဆုနှင်းသဘင်ကို ဆိုက်ကားနှင့်များ သင်းကလေး ကြွချီတော်မူရှာလေသလော မပြောတတ်။ ကောင်းပါလေ့။ သင်းကလေးက ဟိုဝိုင် သည်ဝိုင်မှ မဟုတ်ဘဲကိုး။ ဘီကီနီတူးပိစ်မှ မ၀တ်ပေပဲကိုး။ ကိုယ့်ပေါင်ကို ထောင်းလက်စဖြင့် အားမနာတမ်းဆက်ထောင်းရလျှင် ဟိုးလွန်ခဲ့သော ဆယ့်ငါးနှစ်ဝန်းကျင်က တက္ကသိုလ်ဝင်တန်းတွင် မြန်မာတစ်နိုင်ငံလုံးအဆင့် ထူးချွန်ခဲ့သဖြင့် အဆင့်တစ်မှ တစ်ဆယ်အတွင်း ၀င်ခဲ့လေသော ကျောင်းသားများ ဆိုင်ရာဆိုင်ရာ တက္ကသိုလ်များသို့ ရောက်ကြလျှင် စေတနာသဒ္ဒါတရား ထက်သန်တော်မူလှသော ရွှေပြည်အစိုးရက ရက်ရောတော်မူလှသဖြင့် မတွန့်မတို ချီးမြှင့်တော်မူသော တစ်လလျှင် မြန်မာကျပ်ငွေ သုံးရာကျပ်ကို မျက်စိထဲပြေးမြင်မိပါ၏။ လက်ဖက်ရည်တစ်ခွက်လျှင် မြန်မာကျပ်ငွေ ငါးဆယ်ပေးရသော ထိုခေတ်တွင် ထိုစတိုင်ပင်ကား လက်ဖက်ရည် လေးခွက်နှိပ်လိုက်လျှင် ပလုံစွပ်ပေပြီ။ ထိုခေတ်က မယ်ပြိုင်ပွဲများတွင် ဆုရမယ်များကိုမူ ပထမဆု ဆယ်သိန်းဟူ၏။ ကောင်းပါလေ့။ ရွှေပြည်ကြီးကို ပညာနှင့် မတည်ဆောက်ချင်ကြဘူး ထင်သည်။ အနှီလိုဆိုလျှင်လည်း မယ်များဖြင့်သာ တည်ဆောက်ကြပေရော့ဟု ခပ်ရွတ်ရွတ်ပြောထုတ်လိုက်ရုံပင်။ ရွှေပြည်သားတို့ကား အလှကြည့်ရုံ ညှော်ခံရုံကိစ္စများကို အထူးဝါယမစိုက်ကြသည် ဖြစ်ပေလိမ့်မည်။

ဆယ်စုနှစ်တစ်ခုကျော် ကျော်လွန်ခဲ့သော ယခုကာလတွင် စိတ်မှတ်ကြီးလှသော ဦးဟန်ကြည်ကား ထိုခေတ်က မယ်များကို မျက်ချည်မပြတ် လှမ်းကြည့်သည်။ ဆယ်သိန်းတန် ထိုမယ်များကား ဘဘတို့၏ မယားငယ်ဖြစ်သည်ကဖြစ်၊ စီးပွားရေးကြောင်ဖားကြီးများ၏ ကီပင်ဖြစ်သူကဖြစ်။ ဦးဟန်ကြည်တို့၏ ရွှေပြည်ကြီးအတွက် ထိုဆယ်သိန်းတန်များက မည်သည့်ကောင်းကျိုးကိုမျှ မပေးခဲ့နိုင်။ အစိုးရထံမှ မသဒ္ဓါရေစာ မြန်မာကျပ်ငွေ သုံးရာရခဲ့သော ပညာတတ်များကား ယူခဲ့မိသည့် စတိုင်ပင်အတွက် တောကြိုအုံကြားတွင် ငှက်ဖျားဒဏ်ကို အံတုရင်း နိုင်ရာတာဝန်ကို ဦးလည်မသုန်ထမ်းလျှက် ရှိကြလေသည်။ ဆရာဝန်ဖြစ်နေကြသော သုံးရာကျပ်တန် ထိုကျောင်းသားဟောင်းတို့၏ ကျေးဇူးဖြင့် လူပေါင်းမည်မျှ အသက်ဘေးမှ ကင်းလွတ်ခဲ့ကြမည်ကို စဉ်းစားကြည့်ကြပေရော့။ ခေတ်မည်မျှပင်ပြောင်းပြောင်း မည်သည့်စနစ်ပဲ ကျင့်သုံးသည်ဟု ခေါင်းစဉ်တပ်တပ် ရွှေပြည်သားတို့၏ သောက်ကျင့်များကို ထောက်ချင့်၍ မဆင်ခြင်သမျှ ရွှေပြည်ကြီး မွဲသက်ရှည်ပေဦးတော့မည်။ အညာလယ်သမား နွားတစ်ရှဉ်းလူခိုးခံရသည့်အရေးထက် လင်ဗဂွီနီအရေးကို ရှေ့တန်းတင်နေကြလျှင် ကျွန်သက်ရှည်ကြပေဦးတော့မည်။ ကျောမွဲလယ်သမား၏ ဓာတ်မြေသြဇာ လေးငါးအိတ်ဖိုးမျှ တန်ဖိုးရှိသော ဟိုမယ်သည်မယ်များ၏ အတွင်းခံဘောင်းဘီအရေးကို ရေးကြီးခွင့်ကျယ် လုပ်မြဲတိုင်းလုပ်နေကြလျှင် ရွှေပြည်ကြီး ထမင်းငတ်ဖို့ နီးသည်ထက် နီးလာပေပြီ။ ကောင်းပါလေ့။ စပါးမရှိလျှင် ပေါင်မုန့်စားကြပေရော့။ မေရီအင်တွိုင်းနက် မိဘုရား၏ ပြောင်မြောက်တော်မူလှသော ကောက်ချက်ချစကားအတိုင်း “ ပေါင်မုန့်မရှိလျှင် ကိတ်မုန့်စားကြပေရော့”။ မြင်မြင်သမျှကို ရင်ဝခပ်နာနာဖြင့် ဦးဟန်ကြည် အင်တိုက်အားတိုက် ကြွေးကြော်ပါရစေဦး။ သခင်မျိုးဟေ့…တို့ဗမာ…။




သခင်မျိုးများ ကမ္ဘာနှင့်အညီ ဖင်ထောင်ပန်းနိုင်ရေးအတွက် ဆီထပ်လူးရန် မယောင်ရာများကလည်း ဒုနှင့်ဒေး ကျန်နေသေးသည်။ မနက်ဖြန် အောက်တိုဘာလ ၁၃ ရက်နေ့သည် No bra day ဟူ၏။ နိုင်ငံတကာနှင့်အညီ ခင်ဟောင်းလောင်းဘွဲ့ခံနိုင်ရန်အတွက် မယ်မင်းကြီးမတို့ ကြိုးစားကြပါဦး။ မောင်မင်းကြီးသားတို့ သွားရည်တမြားမြားကျကြပါဦး။ စပွန်ဆာအန်ကယ်တို့ ဖွတ်ကလိဒင်္ဂါးသံ တချွမ်ချွမ်ပေးတော်မူကြပါဦး။ ဦးဟန်ကြည်ကတော့ ဘရာစီယာမဲ့ ထိုနေ့အတွက် Buty bust လူးဆေးများ ဆီလီကွန်များကို စပွန်ဆာပေးရန် စိုင်းပြင်းနေပါ၏။

ကိုင်း…ထုံးစံမပျက်ရလေအောင် မယောင်ရာတွေ ဆီလူးလိုက်ကြပါဦးစို့ရဲ့ . . .။ တလွဲဆံပင်ကောင်းကြပါဦးစို့ရဲ့ . . .။ သခင်မျိုးဟေ့ တို့ဗမာ . . .။   ။

( photo credit to Google )

Saturday, 12 October 2013

လူမှုဘ၀ထဲက သင်္ကေတဗေဒ . . .




မြန်မာစာပါမောက္ခ ဦးခင်အေး ကလောင်နာမည် ဆရာမောင်ခင်မင် ( ဓနုဖြူ )က သင်္ကေတဗေဒ နိဒါန်းဆိုတဲ့ ခေါင်းစဉ်နဲ့ စာတစ်အုပ်ရေးခဲ့ဖူးလို့ ဦးဟန်ကြည် ကျကျနန ဖတ်ကြည့်ခဲ့ဖူးပါတယ်။ symbolism လို့ခေါ်တဲ့ သင်္ကေတဗေဒနဲ့ ပတ်သက်လို့ မင်းသား Tom Hank ရဲ့ Da Vinci code ဆိုတဲ့ ဇာတ်ကားမှာလည်း အကျဉ်းသဘော ကြည့်ဖူးပါရဲ့။ သို့ပေမင့် အနှီသင်္ကေတဗေဒဟာ လူမှုဘ၀မှာ အကျုံးဝင် ပတ်သက်ပြီး အကျိုးသက်ရောက်မှု ရှိလိမ့်မယ်လို့ ဦးဟန်ကြည် မမျှော်လင့်ခဲ့မိရိုးအမှန်။

လွန်ခဲ့တဲ့ သုံးလေးရက်ကျော်က ထုံးစံအတိုင်း ညပိုင်းမှာ လက်ဖက်ရည်ဆိုင်ထိုင်ပြီး မိတ်ဆွေလ၀ကဦးစီးမှူးဟောင်းတစ်ယောက် စည်ပင်ဦးစီးတစ်ယောက်နဲ့ စကားဝိုင်းဖွဲ့ကြတော့မှ သင်္ကေတဗေဒဟာ လူမှုဘ၀မှာ အကျိုးသက်ရောက်မှု ဘယ်လောက်ကြီးမားတယ်ဆိုတာ ဦးဟန်ကြည် သဘောပေါက်မိပါသဗျား။ အနှီစကားဝိုင်းမှာ စာအကြောင်း၊ ပေအကြောင်း တိုင်းပြည်အကြောင်းတွေ ရောက်ရာပေါက်ရာ ပြောကြရင်း ဒေသန္တရ မြို့ပြအုပ်ချုပ်ရေးအဖွဲ့လို့ခေါ်တဲ့ စည်ပင်ကူအဖွဲ့အကြောင်း စကားစပ်မိကြတာကိုး။ အနှီစည်ပင်ကူအဖွဲ့ရဲ့ ဦးစီးပုဂ္ဂိုလ်ကို အရပ်ခေါ်အရ မြို့တော်ဝန်လို့ ခေါ်မယ်ထင်ပါရဲ့။ အနှီမြို့တော်ဝန်က စာမတတ်၊ ပေမတတ်ရတဲ့ကြားမှာ လုပ်ပိုင်ခွင့်က အတော့်ကိုကြီးကြီးမားမား ရထားတာကြောင့် တရားဝင်လုပ်ထုံးလုပ်နည်းတွေ ဘေးချိတ်ပြီး သူ့အောက်မှာ ပြားပြားမှောက်နေတဲ့ စည်ပင်ဌာနအကြောင်း မိတ်ဆွေက ရင်ဖွင့်ပါလေရော။

သူရင်ဖွင့်မယ်ဆိုလည်း ဖွင့်ချင်စရာ။ အနှီပုဂ္ဂိုလ်က စည်ပင်မှာရှိတဲ့ ဦးစီးက အစထားလို့ AE, SAE စတဲ့ ပညာရှင်ဝန်ထမ်းတွေကိုပါ ခပ်ချဉ်ချဉ်ဖြစ်ပြီး ခွင်ထဲဝင်တိုင်း ညက်ညက်ကျေအောင် ဖွပ်တာကိုး။ ဦးစီးလစာလေးနဲ့ မလောက်ငှလို့ အိမ်ကမိန်းမကိုပါ အကြော် ကြော်ရောင်းခိုင်းပြီး အရိုးသားဆုံးရပ်တည်နေတဲ့ ဘာသာရေးသမား စည်ပင်ဦးစီးခမျာ သူရို့ဌာနကို ဘာကြောင့်များ အနှီလောက် လူထုကချဉ်နေတယ်ဆိုတာ သဘောမပေါက်နိုင် ဖြစ်နေပါလေရော။ သူက အနှီလို သဘောမပေါက်နိုင် ဖြစ်နေပေမယ့် ထိုင်နားထောင်နေတဲ့ ဦးဟန်ကြည်ကတော့ ဆရာမောင်ခင်မင်ရဲ့ စာအုပ်ကျေးဇူးနဲ့ ဟိုဘက်ကမ်းလွန်အောင် သဘောပေါက်လှပါရဲ့။  ဒါနဲ့ပဲ မိတ်ဆွေကြီးရေ စိတ်တော့မရှိနဲ့ဗျာ...မြန်မာပြည်သူလူထုရဲ့ မျက်စိထဲမှာ စည်ပင်ဆိုတာ သူခိုးဌာနလို့ သတ်မှတ်ထားပြီး စည်ပင်ဝန်ထမ်းဟူသမျှကို သူခိုးတွေလို့ ယူဆထားကြသဗျား...လို့ အားနာနာနဲ့ ပြောလိုက်မိပါရော။ အနှာကို သင်္ကေတ ဗေဒလို့ ခေါ်တာကိုး။ လူတွေရဲ့ စိတ်ထဲမှာ စွဲနေတဲ့ နိမိတ်ပုံတွေကို ဖျောက်ဖျက်ဖို့ဆိုတာ ရိုးသားတဲ့ စည်ပင်ဦးစီး တစ်ယောက်တည်းလုပ်လို့လည်း မဖြစ်နိုင်တာမို့ ၀န်ထမ်းဘ၀က မထွက်နိုင်သေးသမျှတော့ ပေပြီးတော့သာ ခံပေရော့လို့ အားပေးလိုက်မိပါရဲ့။ ခမျာမှာလည်း နှစ်ပေါင်းများစွာ လုပ်ခဲ့ကိုင်ခဲ့ရတဲ့ လုပ်သက်တွေ ရင်းနှီးခဲ့ရတဲ့ အချိန်တွေကို နှမြောတာနဲ့ပဲ အနှီဝန်ထမ်းဘ၀ကို မစွန့်နိုင်ရှာသေးတော့ မျက်နှာခပ်အိုအိုနဲ့ ခေါင်းတညိတ်ညိတ် လုပ်ရှာရတာပေါ့လေ။ သူ့ကိုကြည့်ရင်း စိတ်မရွှင်တော့တဲ့ ဦးဟန်ကြည်လည်း သင်္ကေတဗေဒရဲ့ လွှမ်းမိုးနိုင်စွမ်းတွေအကြောင်းကို ဆက်စဉ်းစားမိပါသဗျား။

ဦးဟန်ကြည်တို့ရဲ့ ဒွန္တယာကြီးမှာ သင်္ကေတတွေရဲ့ လွှမ်းမိုးမှုကလည်း ရှိသင့်တာထက်ကို ပိုနေတာကိုး။ အထူးသဖြင့် မြန်မာရုပ်ရှင်တွေထဲမှာ ပိုလို့တောင် တွေ့နိုင်ပါရဲ့။ လူကြမ်းက မင်းသမီးကို ခပ်ကြမ်းကြမ်းပွေ့ပိုက်ပြီး အခန်းထဲခေါ်သွင်းသွားပြီးရင် နှင်းဆီပန်းကလေး ကြွေကျသွားတာ ရိုက်ပြလိုက်ရုံနဲ့ ဘာဖြစ်သွားပြီဆိုတာ ပရိသတ် သိပြီ။ အမေအိုကြီးကို သားလုပ်တဲ့လူက ဖက်ငိုနေပြီးတော့ ရေအိုးတစ်လုံးကို ပေါက်ခွဲလိုက်တဲ့ အကွက်ကို ပြလိုက်ရင် အနှီအမေအိုကြီး အနိစ္စရောက်ပြီဆိုတာ ပရိသတ် သဘောပေါက်ပြီးသား။ ဒီတစ်ခန်းပြီးလို့ နောက်တစ်ခန်းမှာ အဘွားကြီးက ကျန်းကျန်းမာမာနဲ့ လမ်းလျှောက်သွားလာနေတာကို ပြလိုက်ရင် ပရိသတ်က ဘ၀င်မကျတော့ဘူးကိုး။ တကယ်တန်း စဉ်းစားကြည့်ရင် ဒါရိုက်တာက ရေအိုးတစ်လုံး ပေါက်ခွဲလိုက်တဲ့အခန်းကို သူ့စိတ်ကူးနဲ့သူ ပြချင် ပြမှာပေါ့။ ဒီရေအိုးကွဲတာနဲ့ အဘွားကြီးသေတာဟာ ဘာပတ်သက်မှုမှ မရှိဘဲ။ ဒါပေမယ့် ဒီအခန်းပြလိုက်ရင် ဘာဖြစ်ရမယ်လို့ ကြိုတင်သတ်မှတ်ထားတဲ့ ပရိသတ်ကသာ ဖြစ်ရိုးဖြစ်စဉ်သဘောကို သင်္ကေတနဲ့ တွဲပြီး မှတ်ထားလိုက်ကြလို့ ဒီလိုပြရင် တစ်ယောက်သေပြီလို့ ဇွတ်အတင်း သတ်မှတ်ပစ်ကြတာကလား။ ကိုင်း...အနှီတော့ လူတွေရဲ့စိတ်ထဲမှာ စွဲနေတဲ့ သင်္ကေတတွေဟာ ဘယ်လောက်အထိ ပြဿနာ ပေးတယ်ဆိုတာ စဉ်းစားသာ ကြည့်ပေရော့။

သင်္ကေတ တစ်ခုချင်းစီအပေါ်မှာ လူတွေရဲ့ စိတ်ခံစားမှုနဲ့ တုံ့ပြန်မှုကလည်း လူမျိုး၊ သမိုင်းကြောင်း၊ ယဉ်ကျေးမှုတွေနဲ့ တိုက်ရိုက် ပတ်သက်နေသေးတာကလား။ ဟစ်တလာ သုံးခဲ့တဲ့ စကြာပုံ “ ဆွာစတိက ” တံဆိပ်ဟာ ဂျူးလူမျိုးတွေအတွက် စိတ်ထိခိုက် နာကျည်းစရာ နိမိတ်ပုံဖြစ်မှာ သေချာတာပေါ့။ သို့ပေမင့် ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ အနှီတံဆိပ်ဟာ ဘာသာတရားရဲ့ ကြည်ညိုဖွယ်ရာ ကောင်းခြင်းကို သက်သေထူထားတဲ့ သင်္ကေတဖြစ်နေပြန်ပါရော။ ဗုဒ္ဓရုပ်ပွားတော်တစ်ချို့ရဲ့ နဖူးသင်းကျစ်တော်နဲ့ ဖြန့်ထားတဲ့ လက်ဖ၀ါးတော်ထဲက ဆွာစတိကတံဆိပ်က ဗုဒ္ဓဘာသာဝင်တွေအတွက် ကြည်ညိုလေးမြတ်စိတ်ကိုပဲ ဖြစ်စေတာ မထူးဆန်းပေဘူးလား။ အနှီတော့ သင်္ကေတဗေဒကို လေ့လာမယ်ဆိုရင် လူမျိုးအလိုက် ယဉ်ကျေးမှုအလိုက် ခွဲခြားလေ့လာဖို့ လိုပြန်ပါရော။ ကိုင်း...ဦးဟန်ကြည်က ရွှေပြည်ကြီးသား ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်ဖြစ်ပြန်တော့ ကိုယ်လက်လှမ်းမီတဲ့ နယ်ပယ်ကနေပဲ ချဉ်းကပ်ကြဦးစို့။

ဦးဟန်ကြည်တို့ မြန်မာလူမျိုးတွေရဲ့ စိတ်အာရုံထဲမှာ Made in China ဆိုတဲ့ စာတမ်းကို အရည်အသွေးညံ့ဖျင်းမှုရဲ့ သင်္ကေတလို့ တစ်ကြောင်းစွဲ သတ်မှတ်ကြတာကိုး။ တကယ်တော့ ပစ္စည်းရဲ့ အရည်အသွေးကို ဖော်ဆောင်တဲ့ သင်္ကေတက အနှီစာတမ်းမှ မဟုတ်ဘဲ။ ဦးဟန်ကြည် အညာပြန်လို့ ယိုးဒယားပစ္စည်းတွေ လက်ဆောင်ဝယ်သွားရင် Made in China လို့ရေးထားတဲ့ ယိုးဒယား-တရုတ် ဖက်စပ်ပစ္စည်းတွေကို ယူမသွားမိဖို့ သတိကြီးကြီး ထားရပါရဲ့။ ယိုးဒယားဘက်ကို ၀င်လာတဲ့ တရုတ်ပစ္စည်းတွေဟာ အရည်အသွေးစစ်ဆေးမှု ခံယူပြီးသား QC passed ပစ္စည်းတွေဖြစ်ကြောင်း ရွှေပြည်သားတွေမှ မသိဘဲကိုး။ ရွှေပြည်သားအတွက်ကတော့ “ တရုတ်စက်...တစ်ရက်စုတ် ” လို့ သတ်မှတ်ထားပြီးသား။ ယိုးဒယားပစ္စည်းကိုတော့ made in Thailand ဆိုတဲ့ စာတမ်းမြင်ရုံနဲ့ ပစ္စည်းကောင်းလို့ တစ်ကြောင်းစွဲ သတ်မှတ်လိုက်ကြပြီးသား။ ယိုးဒယားကလာနေတဲ့ ပစ္စည်းခပ်ညံ့ညံ့တွေရှိတယ်ဆိုတာ လူတွေ မသိကြပြန်ဘူး။ အားဆေးဆိုရင် ကိုရီးယား ဂျင်ဆင်းမှ ကောင်းတယ်လို့ ယူဆနေကြတာကလည်း ရှိသေး။ ဒါတင် ဘယ်ကလိမ့်တုန်း။ ကျောင်းသားတွေ စာမေးပွဲနီးလာရင် မိဘတိုင်းက Brand's Bird's Nest ဘရင်းငှက်သိုက်ရည်တို့ ကြက်ပေါင်းရည်တို့ ၀ယ်တိုက်ကြပြန်ပါရော။ ဘာကြောင့်လဲဆိုရင် အနှီကြက်ပေါင်းရည်ကိုသောက်ရင် သူရို့သားသမီးတွေ ဥာဏ်ရည်တိုးတက်ပြီး စာမေးပွဲကောင်းကောင်းဖြေနိုင်ကြလိမ့်မယ်လို့ ယူဆထားကြတာကိုး။ ဘရင်းကြက်ပေါင်းကလည်း အနှီသင်္ကေတကို လူထုကြားရောက်စေဖို့ ထူးချွန်ကျောင်းသားတွေကို သုံးပြီး ကြော်ငြာတွေ အင်တိုက်အားတိုက် ရိုက်ထားတာကိုး။ အနှီတော့ ထမင်းရည်သောက်ပြီး စာကျက်လို့ ဂုဏ်ထူးတွေ တသီကြီး ထွက်လာတဲ့ ကျောင်းသားကိုလည်း ဘရင်းကျေးဇူးနဲ့ ဂုဏ်ထူးထွက်တာလို့ ထင်ကုန်ကြတာ ဘယ်ဆန်းလိမ့်တုန်း။

ကျန်တဲ့လူမျိုးတွေ နိုင်ငံသားတွေကတော့ သင်္ကေတတွေရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကနေ အတတ်နိုင်ဆုံး ကင်းလွတ်အောင် နေနိုင်ကြတယ်ဆိုတာ သူရို့က လူကို လူလို့ပဲ မြင်ကြတာကိုး။ ဦးဟန်ကြည်တို့ ရွှေပြည်သားတွေကတော့ လူကို ရုပ်ဝထ္ထု ပစ္စည်းရဲ့ လွှမ်းမိုးမှုအောက်မှာ အပြည့်အ၀ ထားကြတဲ့ လူမျိုးတွေ ဖြစ်နေတာကလည်း သင်္ကေတတွေရဲ့ လွှမ်းမိုးမှုအောက်မှာ ပြားပြားမှောက်ရခြင်း အကြောင်းတစ်ရပ် ဖြစ်မယ်ထင်ပါရဲ့။ ဒါကြောင့်လဲ မကြာခဏဆိုသလို စားနေကျ ကြောင်ဖားတွေရဲ့ အနိုင်ကျင့်တဲ့ဒဏ်ကို ခံရတာ ဖြစ်ပေလိမ့်မယ်။ ဘတ်စ်ကားတွေပေါ်မှာ ကိုယ့်အနားကို အ၀တ်အစား ခပ်စုပ်စုပ် လူတစ်ယောက် ကပ်လာရင် သူသူကိုယ်ကိုယ် သတိထားကြပြီ။ အနှီလူကို ခါးပိုက်နှိုက်လို့ ထင်ကြတာကိုးဗျ။ တကယ်တော့  Attache case ကိုင်ထားပြီး ကိုယ့်ဘေးနားမှာ မိန့်မိန့်ကြီး ရပ်နေတဲ့ မောင်မင်းကြီးသားကမှ ခါးပိုက်နှိုက်အစစ်။ ဘယ်ခါးပိုက်နှိုက်မှ ခါးပိုက်နှိုက်နဲ့တူအောင် ခပ်စုပ်စုပ်ဝတ်မထားတာကို လူတွေမှ မသိကြပဲကိုး။ မိန်းမတစ်ယောက် ယောဂီရောင် ၀တ်ထားရင် သူတော်ကောင်းလို့ သတ်မှတ်လိုက်ပြန်ပြီ။ တိုက်ပုံကြီးဝတ်ပြီး မောင့်ကျက်သရေခေါင်းပေါင်းကြီး ပေါင်းထားရင် လူကြီးလူကောင်းလို့ သတ်မှတ်လိုက်ပြန်ပြီ။ အနှီယောဂီဝတ်မိန်းမတွေပဲ ပစ္စည်းအလစ်သုတ်ပြီး ခေါင်းပေါင်းသမားတွေပဲ အနှိပ်ခန်း သွားတတ်ကြတာ လူတွေ မသိကြပြန်ဘူး။ ကိုင်း...မခက်လားဗျာ။

သင်္ကေတတွေရဲ့ နှိပ်စက်တဲ့ဒဏ်ကို ခံရတဲ့လူတွေထဲမှာ ဦးဟန်ကြည်ရဲ့ သူငယ်ချင်း ဗိုလ်ကြီးဆရာဝန် မေ့ဆေးပါရဂူတစ်ယောက်လည်း ပါပါသဗျား။ သူ့ခမျာ တပ်ထဲမှာ မစားလောက်လို့ တပ်ပြင်ထွက်ပြီး အထူးကုဆေးခန်းမှာ လာထိုင်ရရှာတာကိုး။ စကားအပြောအဆိုကလည်း ဦးဟန်ကြည်ထက် နူးညံ့၊ စိတ်ထားကလည်း ဦးဟန်ကြည်ထက် အဆထောင်ပေါင်းများစွာ ပိုဖြူစင်တဲ့ အနှီသူငယ်ချင်းခမျာ တပ်ပြင်ထွက်ရင် ဘယ်တော့မှကို ယူနီဖောင်း မ၀တ်ရှာဘူး။ ဘာကြောင့်လဲဆိုတော့ အနှီယူနီဖောင်းဝတ်ရင် လူအများစုက သူ့ကို ခပ်ရှိန်ရှိန်ဖြစ်သွားကြတာ စိတ်ကုန်လို့တဲ့။ ကိုင်းစဉ်းစားကြည့်။ တကယ်ဆိုရင် ကိုယ်နဲ့ပတ်သက်နေတာ လူမဟုတ်ဘူးလား။ ယူနီဖောင်းကြီးက စကားပြောတတ်တာမှ မဟုတ်ဘဲ။ ဦးဟန်ကြည်က ဆံပင်ရှည်ကြီး ကျောလည်မှာစည်း၊ လက်မှာဆေးမင်ကြောင်တွေ မည်းနေအောင်ထိုးပြီး ဂျင်းဝမ်းဆက်ဝတ်ထားရင် ပါးစပ်က ဘယ်လောက်ပဲ သိမ်သိမ်မွေ့မွေ့ပြောနေပေမယ့် တစ်ဖက်သားကတော့ ခပ်လန့်လန့် ဖြစ်နေမှာ သေချာတာပေါ့။ ဘာကြောင့်လဲဆိုတော့ အနှီလိုဝတ်ထားတတ်တာက လမ်းသရဲလို့ အများက ယူဆထားကြတာကိုး။

သင်္ကေတနဲ့ ပတ်သက်တဲ့ လူတွေရဲ့ စိတ်ခံစားချက်တွေဟာ အခြေအနေ၊ အချိန်အခါတစ်ခု ပြောင်းလဲလာတာနဲ့ အမျှ ပြောင်းလဲလာလေ့ရှိပါသဗျား။ ဒါကလည်း ဖြတ်ကျော်လာတဲ့ သမိုင်းကြောင်းနဲ့ သက်ဆိုင်မယ် ထင်ပါရဲ့။ တစ်ခေတ်တစ်ခါတုံးကဆိုရင် တပ်မတော်သားဆိုတာ သစ္စာရှိခြင်း ကူညီတတ်ခြင်းရဲ့ နိမိတ်ပုံမဟုတ်လား။ “ ဗမာ့သွေးကို နှမပေးလိက်ချင်ပါတယ် ” တို့ “ ရဲဘော်အပေါင်းကို ကိုယ့်အသွေးအသားမို့ အစဉ်မမေ့အပ်ပေသည် ” ဆိုတဲ့ သီချင်းတွေက လူထုရဲ့ နှလုံးသားထဲက လာခဲ့တဲ့ သီချင်းတွေမဟုတ်လား။ ဆံသဆိုင်တွေမှာ ရေးထားတဲ့ “ ရဲဘော်တစ်ဝက်ခ ” ဆိုတဲ့ စာတန်းတွေက အလကားသက်သက် ရေးထားခဲ့ကြတာမှ မဟုတ်ဘဲ။ ၈၀ ပြည့်လွန်နှစ်တွေရောက်မှသာ တိုင်းပြည်ရဲ့ သမိုင်းကြောင်းကို အခြေခံပြီး ရဲဘော်တွေအပေါ် လူအများစုရဲ့ ထင်မြင်ချက်တွေ ပြောင်းပြန်ဖြစ်ကုန်တာကိုး။ ဒီဘက်နောက်ပိုင်း ခေတ်တွေမှာတော့ တပ်မတော်ရော၊ ကျန်တဲ့ဌာနဆိုင်ရာတွေကပါ လူထုနဲ့ ကင်းကွာကုန်ကြတာမို့ သူရို့အကြောင်းကိုလည်း တိတိကျကျ သိနိုင်ဖို့ ခဲယဉ်းလာပြီး သူရို့အပေါ်မှာ လူထုရဲ့ သင်္ကေတ သတ်မှတ်ချက်တွေကို မပြင်နိုင်ဘဲ ဖြစ်ကုန်ကြတာကလား။ အနှီမှာတင် သင်္ကေတတစ်ခုတည်း ကြည့်ပြီး သုံးသပ်တဲ့ အပြင်လူနဲ့ အထဲကို ထဲထဲဝင်ဝင်မြင်ထားတဲ့ အတွင်းလူရဲ့ကြားမှာ ပြဿနာတွေ တက်ကြပါလေရော။

တကယ်တော့ သင်္ကေတတွေဆိုတာဟာ လူတွေရဲ့ ရင်ထဲက ထင်မြင်ချက် သက်သက်ပါ။ ထင်ယောင်ထင်မှားဖြစ်ခြင်း Hallucination တစ်ခုပါ။ သင်္ကေတတစ်ခုက လမ်းညွှန်ထားတဲ့ စိတ်ခံစားချက်ဆိုတာ မသေချာ မရေရာပါ။ ယေဘုယျသဘော တင်စားချက်ပဲ ဖြစ်ပါသဗျား။ အနှီတော့ သင်္ကေတတွေက ပေးနေတဲ့ သတင်းအချက်အလက် message တွေနောက်ကိုပဲ လိုက်မနေဘဲ ဖြစ်စဉ်အရပ်ရပ်ကို ယထာဘူတကျကျ သုံးသပ်နိုင်ကြရင်တော့ ပြဿနာတွေ နည်းလာသလို သင်္ကေတကို ခုတုံးလုပ်ပြီး အလိမ်အညာခံရတာတွေလည်း အတော်နည်းသွားပါလိမ့်မယ်။ ကျန်တဲ့တိုင်းပြည်တွေမှာ သင်္ကေတတစ်ခုဟာ အထိုက်အလျောက် တိကျတဲ့ နိမိတ်ပုံကို ဖော်ဆောင်ပေမယ့် ဦးဟန်ကြည်တို့ တိုင်းပြည်မှာတော့ ဘယ်သင်္ကေတကမှ တိကျမှုကို မပေးနိုင်ပါ။ ကောင်းမြတ်ခြင်းကို သရုပ်ဖော်တဲ့ သင်္ကေတအောက်မှာ ယုတ်မာနေကြတာတွေ တွေ့နိုင်သလို၊ ဆိုးသွမ်းမှုလို့ အများယူဆထားတဲ့ သင်္ကေတ တစ်ခုအောက်မှာ မွန်မြတ်ဖြူစင်ခြင်းတွေလည်း တွေ့ကောင်းတွေ့နိုင်ပါရဲ့။

သင်္ကေတဗေဒနဲ့ ပတ်သက်လို့ကတော့ ဦးဟန်ကြည်တို့ ထပ်ပြီးဆွေးနွေးစရာတွေ  တစ်ပုံတစ်ခေါင်းကြီး ရှိပါသေးသဗျား။ သို့ပေမင့် ဘာသာဗေဒဆိုတာကလည်း လိုအပ်တာထက် ပိုရှင်းရင် လိုက်လေဝေးလေ ဖြစ်တတ်တာကြောင့် “ သင်္ကေတဆိုတာ ယေဘုယျသဘော သတ်မှတ်ချက် တစ်ခုသာ ဖြစ်တာမို့ သင်္ကေတတွေရဲ့ လွှမ်းမိုးချုပ်ကိုင်မှုအောက်မှာ ကိုယ့်ရဲ့အသိဥာဏ် ဆင်ခြင်တုံတရားနဲ့ အမှန်တရားကို မစတေးကြပါနဲ့ ” လို့ပဲ အကျဉ်းချုပ် ပြောလိုက်ချင်ပါရဲ့။     ။


( photo credit to Google )

Sunday, 6 October 2013

ဗုန်းမှန်လို့ဖြင့် မပျက်နိုင် . . .

credit to Google


ဦးဟန်ကြည် ဖျားနေသည်။
 သွေးနှင့်ကိုယ် သားနှင့်ကိုယ် သာမညောင်ည လူမည်ကာမတ္တသာဖြစ်သော ဦးဟန်ကြည်ဖျားသည်မှာ မထူးဆန်း။ ဖျားစရာရှိလျှင် ဖျားမည်။ နာစရာရှိလျှင်လည်း နာမည်။ သေချိန်တန်လျှင်လည်း သေရဦးမည်မှာ မုချ။ အသိတရားတို့ မည်မျှရှိသည်ထားဦး တကယ်တန်းဖျားပြီ နာပြီဆိုလျှင် ရှိနှင့်ခဲ့သော အသိတရားတို့ကား ဝေးဝေးသို့ ပြေးကြသည်ချည်းဖြစ်လေ၏။ ဝေဒနာကို ဥာဏ်ဖြင့်ယှဉ်ပြီး သတိဖြင့် ထိန်းချုပ်ရမည်ဟူသော တရားသဘောတို့သည်လည်း ဖျားနာချိန်တွင် အနားသို့ မသီနိုင်တော့ပြီ။ အာဂန္တုအဖျားအနာကလေး ကြုံရုံမျှဖြင့် အသိနှင့် တရားသဘောတို့ကို မျက်မှောက်မပြုနိုင်တော့သော မိမိကိုယ်ကို ဦးဟန်ကြည် အလန့်ကြီး လန့်မိလေတော့သည်။ ကြံ့ခိုင်ပါသည် မာကြောပါသည်ဟု ထင်တစ်လုံးဖြင့် ကျေနပ်နေမိသမျှ မှားယွင်းနေကြောင်း အမှတ်ထင်ထင် သိလိုက်ရသော အခိုက်အတန့်သည် ဖျားနာခြင်း ဝေဒနာဆိုးထက် ပိုမိုပြင်းထန်သော စိတ်ဝေဒနာကို ကိန်းအောင်းစေတော့သည်။ ဦးဟန်ကြည်သည် သာမညောင်ညအဆင့်ပင် မရှိသေးပါလား။ လူ့အန္ဓသာသာပါလား။


တရားကပ်နိုင်ခဲသော လူ့အန္ဓတို့၏ ထုံးဟောင်းကို လိုက်နာ၍
 ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော်လုပ်ရလျှင် ဦးဟန်ကြည်သည် တော်ရုံတန်ရုံဖြင့် ဖျားတတ်နာတတ်သူမဟုတ်။ ပုလုကွေးအရွယ်က တစ်မိသားစုလုံး တုပ်ကွေးမိချိန်တွင်ပင် မဖျားဘူးခဲ့။ အရွယ်ရောက်လာ၍ ငှက်ဖျားတောတွင် ကျင်လည်သွားလာနေခဲ့သော်လည်း နှာစေး ချောင်းဆိုးမှလွဲ၍ ကြီးကြီးမားမား မဖျားစဖူး။ ဖျားလျှင်လည်း ထိုအဖျားသည် တစ်ရက်နှစ်ရက်ထက် ပို၍မကြာ။ သို့သော် အရွယ်ရလာသည်နှင့်အမျှ ခန္ဓာကိုယ်သည် ယိုယွင်းလာလေပြီ။ လွန်ခဲ့သော သုံးလေးနှစ်ခန့်မှစ၍ တစ်နှစ်လျှင် တစ်ကြိမ် မှန်မှန်ကြီး ဖျားလေတော့သည်။ ဖျားလိုက်လျှင်လည်း မသက်သာ။ တစ်ရက်လျှင် လေးငါးခြောက်နာရီ မိုးတိုးမတ်တပ်ဖြင့် စာသင်ခဲ့ရသော ဒဏ်တို့က ဖျားပဟေ့ဆိုလျှင် ဒဏ်ပြန်ပေါ်လေတော့သည်။ ခြေဆစ်လက်ဆစ်တို့ ကိုက်ခဲပြီး တဟီးဟီး ညည်းရလေတော့သည်။ မိုးလင်းမှ မိုးချုပ် အနားမပေးဘဲ မညှာမတာ အခိုင်းခံခဲ့ရသော မျက်လုံးအစုံကလည်း ဖျားသည်နှင့် တပြိုင်တည်း ဦးဟန်ကြည်ကို ပညာပေးပြန်လေသည်။ မျက်ရိုးကိုက်လိုက်သည်မှာလည်း ပေါက်ထွက်မတတ်။ အအိပ်အနေကို မဆင်ခြင်သော ဒဏ်ကလည်း ခံရသေးသည်။ဖျားပြီဆိုသည်နှင့် ခေါင်းကိုက်လိုက်သည်မှာ ငယ်ထိပ်ကို ဆယ်ပေါင်တူနှင့် ထုနေသည်နှင့်ပင် တူတော့သည်။ ငယ်နုစဉ်က တစ်ရက်နှစ်ရက်ဖြင့် နာလန်ထနိုင်ခဲ့သော မောင်ဟန်ကြည် မဟုတ်တော့ပြီ။ နာလန်ထဖို့ သုံးလေးရက် အရှိန်ယူရသော ဦးဟန်ကြည် ဖြစ်နေလေပြီ။ သည်ကရှေ့တွင် ပို၍ပင် ဆိုးပေဦးတော့မည်။ တမြတ်တနိုး ကျွေးမွေးသုတ်သင်ပြုစုထားခဲ့ရသော ခန္ဓာကိုယ်ကြီးက တစ်နှစ်ထက်တစ်နှစ် ပို၍သစ္စာဖောက်ပေဦးတော့မည် မဟုတ်ပါလား။


မနေ့မနက်က အိပ်ရာထလိုက်ချိန်တွင် ဦးဟန်ကြည် အခြေအနေမကောင်း။ တစ်ကိုယ်လုံး ကိုက်ခဲနေသည်။ တကျွတ်ကျွတ် စုတ်သပ်ပြီး အိပ်ရာမှ ထရ၏။ ခေါင်းကလည်း မကြည်။ ရီဝေေ၀ မူးနောက်နောက်နှင့် မသောက်ရဘဲ မူးနေ၏။ အိပ်ရာထက်တွင် လှဲနေချင်သော်လည်း မလှဲနိုင်။ လစဉ်လတိုင်း၏ ပထမပတ်သည် ဦးဟန်ကြည်၏ သင်တန်းသားများအတွက် စာမေးပွဲ သီတင်းပတ် မဟုတ်ပါလား။ ကိုက်နေသော မျက်လုံးအစုံကို မရမက ပြူးပြဲဖွင့်ပြီး မေးခွန်းထုတ်ရသည်။ ခေါင်းနောက်နောက်ဖြင့် မည်သည့်ပုစ္ဆာများကို မည်သို့မေးလိုက်မိမှန်းပင် မစဉ်းစားနိုင်တော့။ မေးခွန်းထုတ်ခြင်း၏ အခြေခံမူဝါဒတို့ကိုလည်း မစဉ်းစားနိုင်။ Bloom’s Taxonomy သည်လည်း ဘယ်ပြေးမှန်း မသိတော့။ မတတ်နိုင်။ ကိုယ်မချိလျှင် အမိသော်လည်း သားတော်ခဲသည် မဟုတ်လား။ စာသင်ချိန်သို့ရောက်၍ ကျောင်းသားများကို မေးခွန်းနှင့် အဖြေလွှာများ ဝေပြီးလျှင် ဦးဟန်ကြည် မဟန်နိုင်တော့ပြီ။ မကြည်နိုင်တော့ပြီ။ Dream bed တစ်လုံးပေါ်တွင် စန့်ရင်း တဟီးဟီး ညည်းရလေတော့သည်။ မျက်စိမှိတ်ရင်း အဖျားတက်နေသော်လည်း ဇိမ်ရှိရှိ မဖျားရ။ ဆယ်မိနစ်တစ်ခါလောက် မျက်စိဖွင့်ပြီး စာမေးပွဲဖြေနေသော ကျောင်းသားများကို ကြည့်ရလေသည်။ ဆရာအိပ်မနေကြောင်း သင်းကလေးတို့ သိစေရန် အသံပေးရပြန်လေသည်။ စိတ်ညစ်ဖွယ် ကောင်းလေစွ။ စာမေးပွဲဖြေပြီးလျှင် သင်လက်စ သင်ခန်းစာကို ဆက်သင်ရသေးသည်။ ခေါင်းကိုက်ကိုက်နှင့် သင်္ချာပုစ္ဆာရှင်းပြရသည်မှာ အရသာ တစ်စက်ကလေးမျှ မရှိ။ Geometric progression သင်ခန်းစာသည် ကျန်းမာလန်းဖြာနေသောအချိန်တွင် သင်ကြားရသည်မှာ အင်မတန်အရသာရှိသော သင်ခန်းစာ။ ပုစ္ဆာ၏ လှပသော လှည့်ကွက်များကို ကျောင်းသားများ သဘောပေါက်စေရန် ရှင်းပြရသည်မှာ အလွန်အာတွေ့ဖို့ကောင်းသည်။ သို့သော် ဖျားနေချိန်တွင်မူကား ထိုသင်ခန်းစာသည် အင်မတန်မှပင် မုန်းဖို့ကောင်းလှ၏။ ခက်ခက်ခဲခဲ ပုစ္ဆာဆင်ထားသော ရွှေဥာဏ်ရှင်များကိုပင် စိတ်ထဲမှ ကျိန်ဆဲမိတော့သည်။


စာသင်ချိန်တစ်ချိန်ပြီးအောင် ဇွဲခတ်၍ သင်ပြီးလျှင် ဦးဟန်ကြည် ချာဂျင်ခန်းလေပြီ။ မတ်တပ်ပင် ကောင်းကောင်း မရပ်နိုင်တော့။ နောက်တစ်ချိန်ကို အနားပေးပြီး အိမ်ပြန်၍ အနားယူလိုလှသည်။ သို့သော် ကျောင်းသားသစ်နှစ်ယောက် လာအပ်ထားသည်က ရှိသေးသည်။ ကျောင်းသားသစ်က ပထမဆုံး စာသင်ချိန် လာတက်ချိန်တွင် ဆရာဖြစ်သူက ကျောင်းပျက်နေလျှင် သဘာဝမကျ။ ထို့ကြောင့်ပင် စာသင်ချိန်ကို မရောက်ရောက်အောင် ဦးဟန်ကြည် ကုန်းရုန်းသွားရပေဦးတော့မည်။ သည်ကြားထဲတွင် ရာသီဥတုက ဦးဟန်ကြည်ဘက်မပါ။ တစ်နေ့ခင်းလုံး ကြည်ကြည်လင်လင်ရှိနေရာမှ ပထမစာသင်ချိန်အပြီးတွင် ရွာလိုက်သည့်မိုးက သည်းကြီးမည်းကြီး။ မတတ်နိုင်။ မိုးကာအင်္ကျီကို ထုတ်ဝတ်ပြီး စီးတော်ဆိုင်ကယ်ကိုခွ၍ နောက်တစ်ဝိုင်း ကူးရလေတော့သည်။ ဖျားရသည့်ကြားတွင် မိုးမိသည်မှာ အခံရဆိုးပေစွ။ ချမ်းလိုက်သည်မှာလည်း မေးချင်းရိုက်မတတ်။ ဒုတိယ၀ိုင်းမှ ကျောင်းသားများကား သူရို့ဆရာကို ရုပ်အတော်ဖမ်းယူရပေလိမ့်မည်။ မျက်လုံးအစုံ နီရဲနေသည့် ခေါင်းစုတ်ဖွားနှင့် ဦးဟန်ကြည်ကား အခါတိုင်းကဲ့သို့ စတိုင်မတင်းနိုင်တော့ပြီကိုး။ ဖျားရသည့်ကြားတွင် သင်ရသည့် သင်ခန်းစာကလည်း လေအတော်ကုန်ပြန်သည်။ ကျောင်းသားသစ် နှစ်ယောက်ကလည်း ဘုရားစူး ဆယ်တန်းဟု ခေါ်ရပေချိမ့်။ ကျောင်းသားဟောင်းများကား ဦးဟန်ကြည်၏ သင်နည်းစနစ်နှင့် အသားကျနေ၍ မထောင်းတာသော်လည်း ကျောင်းသားသစ်နှစ်ယောက်က မျက်စိသူငယ်နှင့်။ သင်းကလေးတို့နှစ်ယောက် စိတ်ဓာတ်မကျစေရန် တစ်ယောက်ချင်းစီ ပြန်ရှင်းပြ ပြန်သင်ရပြန်သည်။ သောက်ထားသော Paracetamol တစ်လုံးကပဲ စွမ်းလေသလော မောင်ကျောင်းသားတို့ကပဲ စွမ်းလေသလော မပြောတတ်တော့ စာသင်ချိန် တစ်နာရီ မပြည့်ခင်ပင် ဦးဟန်ကြည် ချွေးစို့လာချေပြီ။ ဆရာတစ်ယောက်၏ အဖျားဖြတ်ဆေးကား စာသင်ကြားခြင်းပင် ဖြစ်မည်ထင်၏။


ချွေးစို့၍ အထိုက်အလျောက် အဖျားသက်သာသွားသော်လည်း ခြေဆစ်လက်ဆစ်တို့ ကိုက်သည့်ဒဏ်က မသက်သာသေး။ အခါတိုင်းကဲ့သို့ စာသင်ချိန်အပြည့် မသင်နိုင်။ ပုံမှန်စာသင်ချိန်ထက် တစ်နာရီစော၍ ကျောင်းလွှတ်ပေးလိုက်ရတော့သည်။ မောင်ကျောင်းသားများကား အတော်ပင် မြူးသွားကြလေသည်။ ဦးဟန်ကြည် နေ့တိုင်းဖျားပါစေဟုများ စိတ်တွင်းမှ ဆုတောင်းနေကြမည်လား မပြောတတ်။ စာသင်ရာမှ အိမ်အပြန်လမ်းတွင်ကား ဦးဟန်ကြည် ဟန်မဆောင်နိုင်တော့ပြီ။ ဆိုင်ကယ်ပေါ်တွင်ပင် တဟီးဟီး ညည်းရလေတော့သည်။ အိမ်ပြန်ရောက်လျှင် မဒမ်ဟန်ကြည်လည်း ပုံပျက်ပန်းပျက်ဖြစ်လာသော ဦးဟန်ကြည်ကို ကြည့်ရင်း ခြေမကိုင်မိ လက်မကိုင်မိ။ ဦးဟန်ကြည်ကလည်း ဖျားနေလျှင် ဒေါသကြီးတတ်ပြန်လေရာ မဒမ်ဟန်ကြည် ပျာယာခတ်မည်ဆိုလည်း ခတ်စရာပင်။ မဒမ်ဟန်ကြည် နှိပ်နယ်ပေးသောကြောင့် အကိုက်အခဲ အတန်အသင့် သက်သာသော်လည်း ခေါင်းကမထူနိုင်။ မူးလိုက်ဝေလိုက်သည်မှာလည်း ဆိုဖွယ်ရာပင်မရှိ။ စောစောစီးစီး အိပ်ရာမ၀င်ဖြစ်သည်မှာ ဆယ်စုနှစ်တစ်ခုမျှ ရှိသော အကျင့်ဆိုးကြီးက တစ်ဒုက္ခဖြစ်ပြန်သည်။ ဖျားနေသောကြောင့် အိပ်ပျော်လိုသော်လည်း အိပ်မပျော်။ အိပ်ပျော်သွားမည်ကိုလည်း မသိစိတ်က ကြောက်နေပြန်သည်။ ငယ်စဉ်ကတည်းက ဖျားပဟေ့ဆိုလျှင် အိပ်မက်ဆိုးများ မက်တတ်သည် မဟုတ်ပါလား။ နိုးလာလျှင် တစ်လုံးတစ်ပါဒမျှ မမှတ်မိသော ထိုအိပ်မက်ဆိုးကား မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို မမှန်းနိုင်။ ထိုအိပ်မက်ကြီး မက်ပြီးလျှင် အပြင်းအထန် အဖျားတက်၍ ကော့နေအောင် အန်ရသည်မှာ အမြဲလိုလို ဖြစ်သည်။ ယခုတစ်ခါ အိပ်ပျော်သွားလျှင်လည်း ဖျားနေကျ ထုံးစံအတိုင်း အိပ်မက် မက်ပြန်သည်။ သို့သော် အခါတိုင်း မက်နေကျ အိပ်မက်ဆိုး မဟုတ်တော့။ အိပ်မက်ထဲတွင် ဦးဟန်ကြည် လူကြီးဖြစ်နေသည်။ ဟိုလူ့ကို ဟိုနေရာပို့ သည်လူ့ကို သည်နေရာပို့ လုပ်နေသည်မှာ တစ်ညလုံးပင်။ ဟိုပို့သည်ပို့ လုပ်၍ အားရလျှင် လန့်နိုးပြန်သည်။ ပြန်အိပ်ပျော်သွားလျှင် ဟိုပို့သည်ပို့ လုပ်ပြန်၏။ မပို့ချင်လျှင်လည်း မရ။ အိပ်မက်ကို ဦးဟန်ကြည်မှ မပိုင်ဘဲ။


မနက်မိုးလင်းလျှင် အဖျားအတော်ကျသွားလေပြီ။ သောက်ထားသော ဆေးစွမ်းကြောင့်လား၊ မဒမ်ဟန်ကြည် နှိပ်နယ်ပေးသောကြောင့်လား၊ ဟိုပို့သည်ပို့ လုပ်ခဲ့သော အိပ်မက်ကြောင့်လားတော့ မပြောတတ်။ အိပ်ရာမှထလျှင် မေးခွန်းထုတ်သည်။ စာသင်ချိန်သို့ သွားသည်။ ဆရာဖြစ်သူက ဖျားနေသည့်ကြားမှ ကုန်းရုန်း၍ စာသင်ချိန်သို့ ရောက်လာပါလျှက် ကျောင်းသား သုံးယောက်က ကျောင်းပျက်နေပြန်သည်။ စာမေးပွဲသီတင်းပတ်တွင် ကျောင်းပျက်ခြင်းသည် ဦးဟန်ကြည်၏ သင်တန်းတွင် အကြီးမားဆုံး ပစ်မှုကျူးလွန်ခြင်း ဖြစ်တော့သည်။ ကျန်းကျန်းမာမာရှိနေလျှင် ဦးဟန်ကြည်၏ ဒေါသယမ်းအိုးကား မီးခိုးမဆုံး မိုးမဆုံး ပေါက်ကွဲပေဦးတော့မည်။ ယခုမူကား သင်းကလေးတို့အရေးထက် ကိုယ့်အရေးကို ပဓာနထားနေရသောကြောင့် ဒေါသမထွက်နိုင်။ အဖျားကောင်းကောင်း မပျောက်ခင် ဒေါသထွက်မိလျှင် ခေါင်းကိုက်ဦးမည်မှာ မုချ။ ထို့ကြောင့်ပင် နင်မလာရင်လည်း နင်စာမရရုံပေါ့ဟယ်ဟု ခပ်ပြတ်ပြတ်ပင် တွေးပစ်လိုက်သည်။ မတတ်နိုင်။ တစ်ခါတစ်ရံတွင်လည်း ဆရာဖြစ်သူက ကိုယ့်ဘက်ကို ကြည့်ပါဦးမှ။ သင်းကလေးတို့ဘက်ချည်း ကြည့်ရင်း ငဲ့ရင်း ကိုယ့်ကိုယ်ကို ဘာကောင်မှန်းပင် မသိတော့သော အကြိမ်ပေါင်းက မနည်းတော့ပြီကိုး။ စာမေးပွဲစစ်ပြီးလျှင် စာသင်ချိန်မဆက်နိုင်တော့ပြီ။ နာလန်ထအချိန်ကား အင်မတန် နုံး၏။ ကျောင်းသားများကို တန်းဖြုတ်ပေးလိုက်လျှင် တဟေးဟေး တဟားဟားဖြင့် ပျော်ကြလေတော့သည်။ ကလေးများကား သည်လိုချည်းပင် ဖြစ်သည်။ နောက်တစ်ချိန်ကိုလည်း မသွားနိုင်တော့ပြီ။ ညနေစောင်းလျှင် အဖျားတက်ချင်သည် မဟုတ်လား။ အိမ်ပြန်၍ တီဗီရှေ့ထိုင်ကာ သီချင်းကလေး နားထောင်ရင်း အားမွေးရန် စိတ်ကူးသည်။


အိမ်ပြန်ရောက်လျှင် တီဗီရှေ့တွင် ဦးဟန်ကြည် နေရာမရ။ မဒမ်ဟန်ကြည်နှင့် သူ့ကွန်ပျူတာသင်တန်းသားတို့က နေရာဦးပြီးနေလေပြီ။ ဘာတွေ သင်နေသည် မသိ။ မဒမ်ဟန်ကြည်ကလည်း လင်မယားချင်းပင် မာနအတော်ကြီးသည်။ သူစာသင်နေလျှင် ဦးဟန်ကြည် မကြည့်ရ။ သူသင်တာ မှန်သည် မှားသည် ဖြစ်ချင်ရာဖြစ် ဦးဟန်ကြည် ၀င်မပါရ။ သူမှားနေ၍ ဦးဟန်ကြည် ထောက်ပြလျှင်လည်း လက်မခံ။ ဟုတ်ကဲ့ အေးပါ လုပ်မှ ကျေနပ်လေသည်။ ကောင်းပါလေ့။ သီချင်းနားမထောင်ဘဲ အိပ်ရာထဲမှာ လှဲနေလိုက်ရင်လည်း အားပြည့်သွားမှာပါပဲလေဟု ဦးဟန်ကြည် အတွေးပြောင်းလိုက်ရသည်။ အိပ်ခန်းထဲဝင်၍ နှပ်နေလိုက်ရသော်လည်း ခေါင်းက သိပ်မကြည်သေး။ ဘယ်ကြည်လိမ့်တုန်း။ အိပ်ရန် ပြန်လာခဲ့သည်မှ မဟုတ်ဘဲကိုး။ စာအုပ်တစ်အုပ်ယူ၍ ဖတ်သော်လည်း စာထဲတွင် အာရုံမရ။ အိပ်သော်လည်း မပျော်။ ခဏကြာလျှင် မဒမ်ဟန်ကြည်က ဆန်ပြုတ်တစ်ပန်းကန် လာပို့သည်။ မသောက်ချင်ဟု ငြင်း၍လည်း မရ။ ဦးဟန်ကြည် ဘယ်သောက်ချင်မလဲ။ ခံတွင်းပျက်သည်မှ မဟုတ်ဘဲကိုး။ ရှိစေတော့ သဒ္ဓါနှင့်ကျွေးလျှင် သေဆေးတောင် စားရသေးသည် မဟုတ်လား။ တစ်ပန်းကန်ကုန်အောင် ဖျစ်ညှစ်၍ သောက်လိုက်ရသည်။ သမီးတော် ချီလီကို ကုတင်ပေါ် ကောက်တင်ထားလိုက်သည်။ သမီးတော် ခင်နန့်နန့်စိန်ကလည်း မျောက်ခြောက်ချက်က ကမ်းကုန်သည်။ ဦးဟန်ကြည် ဖျားနေသည်ကိုလည်း သင်းကလေးမသိ။ ကိုက်လိုက်ခဲလိုက် ဆွဲလိုက်နှင့် အားရအောင် ကမြင်း၍ အားရမှ ခုတင်ပေါ်မှ ဆင်းသွားလေ၏။ ချီလီဆင်းသွားမှ ဦးဟန်ကြည်လည်း အိပ်ကောင်းခြင်း အိပ်ရတော့သည်။ အိပ်ရာမှတရေးနိုးလျှင် တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲရွှဲစိုနေလေပြီ။ တစ်နှစ်တစ်ခါ ဖျားမြဲထုံးစံကို မည်သည့်နည်းနှင့်မျှ အပျက်မခံသော ဦးဟန်ကြည်၏ ရာသီဖျားကား လွန်မြောက်ခဲ့ချေပြီတည်း။


အိပ်ခန်းတွင်းမှ အပြင်သို့ထွက်လိုက်လျှင် ကွန်ပျူတာ သင်တန်းသား မရှိတော့။ ဦးဟန်ကြည် သီချင်းနားထောင်ရန် အခွင့်သာပေပြီ။ အွန်လိုင်းပေါ်မှ စိတ်ကြိုက်ရွေးချယ်ပြီး ဒေါင်းယူထားသော သီချင်းများစုစည်းထားသည့် Memory stick ကို evd player တွင်တပ်သည်။ မာမာအေး၏ မြို့မသီချင်းများကို သာယာနာပျော်ဖွယ်ဖြစ်အောင် အသံကိုညှိ၍ဖွင့်သည်။ ပြီးလျှင် တီဗီရှေ့တွင် dream bed ကို သက်တောင့်သက်သာဖြစ်အောင် ခင်း၍ ကျကျနနကြီး ကျောခင်းချလိုက်လေတော့သည်။ အဖျားကြောင့် ယုတ်လျော့ကုန်ဆုံးသွားခဲ့သော ဦးဟန်ကြည်၏ ကိုယ်ခံအားများကို အလင်္ကာကျော်စွာ ဆရာငြိမ်းက အလင်္ကာဂီတစွမ်းဖြင့် တစ်မုဟုတ်ချင်း ဖြည့်ပေးပေလိမ့်မည်။ မြန်မာ့ဂီတသည် ဦးဟန်ကြည်အတွက် နှလုံးသား၏ ဓာတ်စာပင် မဟုတ်ပါလား။


ထိုအချိန်တွင် ချစ်စွာသော မဒမ်ဟန်ကြည်ကား မြန်မာသီချင်းများကို ဦးဟန်ကြည်ဖွင့်တိုင်း လုပ်မြဲလမ်းစဉ်ကို လိုက်နာ၍ အိပ်ခန်းတွင်းဝင်ကာ ကွန်ပျူတာတစ်လုံးဖြင့် ဖွဘုတ်သုံးကာ နေလေတော့သည်။ ထုံးစံကို ဗုန်းမှန်၍ပင် ပျက်နိုင်ပါအံ့နည်း . . .း) ။  

ကြိုက်ရင်ပေါ့လေ . . .