Wednesday, 26 March 2014

“ ငရဲတမန် MPT . . . ”



သန်ဘက်ခါ မတ်လ ၂၇ ရက်။
 ဦးဟန်ကြည်၏ နွေရာသီခရီးရှည်သည် ထိုနေ့မှ အစပြုပေလိမ့်မည်။ ခရီးစဉ်အတွက် လိုအပ်သောပြင်ဆင်မှုများကို တစ်ဆင့်ချင်း ပြင်ဆင်နေခဲ့သည်မှာလည်း ပြည့်စုံသလောက်ရှိပြီ။ နောက်ဆုံးပြင်ဆင်မှုအဖြစ် ရွှေပြည်ကြီးတွင် သုံးရန်အတွက် MPT ဖုန်းကဒ်တစ်ကဒ် ၀ယ်ရန်သာ ကျန်တော့၏။ သို့သော် ဦးဟန်ကြည် မ၀ယ်ချင်။ ထုတ်ဈေး ၁၅၀၀ ကျပ် အပြင်ပေါက်ဈေး တစ်သိန်းကျော် မတန်တဆကြီးကို အားမပေးလို။

ရွှေပြည်ကြီးကား မိုဘိုင်းကိစ္စနှင့်ပတ်သက်လျှင် အစဉ်အလာရှိပြီးသား။ ဆင့်ပါးစပ် နှမ်းပက်သော လုပ်ရပ်မျိုးသည် ရွှေပြည်သား တာဝန်ရှိသူတို့အတွက် ခေါက်ရိုးကျိုးနေပြီးသား ဖော်မြူလာ။ ၂၀၀၀ ခုနှစ်ဝန်းကျင်ကတည်းက ပေါက်ဈေး ၅ သိန်းသာသာ GSM များကို အပြင်ပေါက်ဈေး သိန်း ၃၀ ၀န်းကျင်ဖြင့် ၀ယ်ဖူးခဲ့ကြပြီ။ မိုဘိုင်းဖုန်းကို ခါးချိတ်ထားခြင်းသည် ကုဋေကြွယ် သူဌေးစတိုင်ဟု ယူဆခဲ့ကြရပြီးပြီ။ ရှိစေတော့။ ထိုခေတ်ထိုအခါတုန်းက ဦးဟန်ကြည်လည်း မိုဘိုင်းဖုန်း မကိုင်နိုင်။

မေတ္တာတော်အနန္တဖြင့် GSM တစ်ကဒ်ကို မြန်မာကျပ်ငွေ ဆယ်သိန်းဖြင့် ရက်ရက်ရောရော ရောင်းပေးခဲ့စဉ်ကလည်း ဦးဟန်ကြည် စိတ်မ၀င်စား။ ငွေယားကလည်း မရှိ။ လွန်ခဲ့သော လေးနှစ်ကျော်က CDMA 450 တစ်ကဒ်လျှင် မြန်မာငွေ ငါးသိန်း ဖြစ်လာသောအခါတွင်မူ မဒမ်ကြည် ရောဂါထလေသည်။ ဦးဟန်ကြည်လည်း စိတ်ကူးပေါက်လာသည်ကို ၀န်ခံရပေမည်။ နွေရာသီ အပန်းဖြေခရီးထွက်နေစဉ်ကာလအတွင်း လုပ်ငန်းအခြေစိုက်ရာ ဒေသနှင့် အဆက်အသွယ်မပြတ်ရေးအတွက် တစ်ကဒ်ဝယ်ခဲ့ရသည်။

MPT စေတနာကောင်းသလို ဆက်သွယ်ရေးတာဝန်ခံကလည်း အတောင်းအရမ်း ရက်ရောလှ၏။ ထုတ်ဈေး ငါးသိန်းဖြစ်သော်လည်း ပေါက်ဈေး ၅ သိန်းခွဲဟု ဈေးဖွင့်၏။ မတတ်နိုင်။ သင်းလက်ခုပ်ထဲကရေကိုး။ သွန်လိုသွန် မှောက်လို မှောက်ပေရော့။ နံပါတ်ကလေးလှလှလိုချင်ရင် ရတယ်ဆရာဟု လောကွတ်ချော်သော သကောင့်သားကို ယုံစား၍ ခုနစ်လေးလုံးပူးနေသော နံပါတ်ကို လက်ညှိုးထိုးပြလိုက်မိလျှင် နံပါတ်ရွေးခ မြန်မာငွေ နှစ်သောင်း ပလုံပြန်၏။ သာဓု သာဓု။ မောင်မင်းကြီးသား MPT အ၀ီစိ မြန်မြန်ရောက်ပါစေ။

ဖုန်းတစ်လုံးဝယ်ထားသော်လည်း ထိုဖုန်းကို ဦးဟန်ကြည် မပိုင်။ မဒမ်ကြည်သာ ပိုင်လေသည်။ ရှိစေ။ ဦးဟန်ကြည်တွင်လည်း ဖုန်းခေါ်စရာ မိတ်ဆွေသင်္ဂဟ များများစားစား မရှိ။ မဒမ်ကြည်ခရီးသွားလျှင် ဖုန်းယူသွားတတ်လေရာ ထိုအခါမျိုးတွင်မူ ဦးဟန်ကြည်လည်း ဖုန်းတစ်လုံး လိုချင်လှသည်။ ဖုန်းဆိုင်များကလည်း တစ်မိနစ်လျှင် မြန်မာငွေ ၁၀၀ ကျပ်နှုန်းဖြင့် အပီအပြင် နွှာသည် မဟုတ်လား။ သို့သော် ဖုန်းတစ်ကဒ်လျှင် မြန်မာငွေ နှစ်သိန်းသည် မတန်တဆ။ ဦးဟန်ကြည် မ၀ယ်ဖြစ်။

MPT ခေတ်နှောင်းပိုင်းတွင် ဖုန်းတစ်ကဒ်လျှင် မြန်မာငွေ ၁၅၀၀ ကျပ်ဖြင့် လက်သင့်ရာ မဲနှိုက်ပေးသည့်စနစ်အရ ဝေပုံကျပေးသော်လည်း ဦးဟန်ကြည် မရလိုက်။ ၀မ်းမနည်း။ ပုဆိန်ရိုးဦးဟန်ကြည်နှင့် MPT သည် တစောင်းစေးနှင့် မျက်ချေး။ ယခုနှစ် ခရီးထွက်ရန်အတွက်ကား MPT ကို မချစ်သော်လည်း အောင့်ခါနမ်းရပေတော့မည်။ ချစ်စွာသော မဒမ်ကြည်က အင်တာနက်မရှိလျှင် မနေနိုင်ပါဟု စောဒက တက်လေသည်ကိုး။ လက်စွဲတော် CDMA 450 က အင်တာနက် သုံး၍မရ။ ကော်တစ်ရာဦးဟန်ကြည်တစ်ယောက် GSM တစ်လုံးဝယ်ရန် စိုင်းပြင်းရတော့သည်။ မိတ်ဆွေတစ်ယောက်က အင်တာနက်သုံးရန်အတွက် CDMA 800 က ပိုကောင်းသည်ဟု အကြံပေး၏။ CDMA 800 ၀ယ်လျှင် သင်းအတွက် ဖုန်းတစ်လုံးပါ ထပ်ဝယ်ရမည်ကို စိတ်မ၀င်စားသော ဦးဟန်ကြည်ကား အင်းမလှုပ် အဲမလှုပ်ဖြစ်။

သည်နေ့ညနေခင်းတွင် ဖုန်းကဒ်ဝယ်ရန်အတွက် အပြင်ထွက်၍ စနည်းနာသော ဦးဟန်ကြည်ကိုမြင်လျှင် တပည့်ကျော်တစ်ယောက်က ကျွန်တော့်ဖုန်းကဒ်ကို ယူသွားပါဆရာဟု ရက်ရက်ရောရော ဥပစာယပြုလေသည်။ ကောင်းလေစွ။ ကော်တရာပါရမီဖြည့်ပေးသော တပည့်ကျော် ဂုဏ်ထူးပေါင်း သောင်းခြောက်ထောင်လောက်နှင့် ဆယ်တန်းအောင်ပါစေဟု ကျကျနနဆုပေးပြီး ဖုန်းကဒ်ကို ယူလာခဲ့လေသည်။ မြန်မာငွေ ငါးထောင်တန် ငွေဖြည့်ကဒ်တစ်ကဒ်ဖြည့်အပြီးတွင် ဟိုဟိုသည်သည် ဆက်ကြည့်သည်။ မရ။ မျက်စိရှေ့ရှိ စားပွဲပေါ်တွင် တင်ထားသော ဖုန်းကို လှမ်းခေါ်ကြည့်သည်။ ဆက်သွယ်မှုဧရိယာ ပြင်ပရောက်နေသည်ဟု သတင်းပို့၏။

ဆယ်ခါခန့် ကြိုးစားကြည့်မှ ဖုန်းတစ်ခါဝင်လေသည်။ ၀မ်းသာအားရဖြင့် ဟဲလိုတစ်ခွန်းပြောအပြီးတွင် ဖုန်းလိုင်းကျသွားပြန်၏။ လိုင်းတုံးလည်း တစ်တုံးမှ မကျန်။ ဒေါသကုမ္မာရ ဦးဟန်ကြည် အသက်ရှူသံ မြန်လာလေပြီ။ ချစ်စွာသော အညာသူ ညီမထံသို ဖုန်းခေါ်ကြည့်သည်။ မရ။ လေးငါးခြောက်ခါ ခေါ်အပြီးတွင် လက်စွဲတော် NOKIA C-6 ပါ hang သွားလေတော့သည်။ လေးနှစ်တိတိ နှာမစေး ချောင်းမဆိုးခဲ့သော C-6 ဂန့်သည်ကို မြင်ရလျှင် ဦးဟန်ကြည် ပေါက်ကွဲလာလေပြီ။ ဖုန်းကို restart ချပြီး ပြန်ကြိုးစားသည်။ လိုင်းမရှိ။ ခေါ်ကြည့်သည်။ network error ပြပြန်သည်။ ဆယ့်ငါးခါခေါ်အပြီးတွင် တစ်ကောဝင်လေ၏။ အထိတ်ထိတ်အလန့်လန့်ဖြင့် ဟဲလိုတစ်ခွန်းပြောကြည့်သည်။ ဖုန်းမကျသေး။ ၀မ်းသာအားရဖြင့် ညီမလေးရေ...အစ်ကိုပါဟ...ဟု ပြောအပြီးတွင် ဖုန်း hang သွားပြန်သည်။ ဦးဟန်ကြည် ဆဲမိလေပြီ။ ဖွတ်ကြား MPT။ ကလေလ၀ MPT။ လူလိမ်လူညာ MPT။

မဒမ်ကြည်၏ ဖုန်းတွင် MPT ကဒ်ထည့်ပြီး ခေါ်ကြည့်သည်။ အောက်အီးလည်းမမြည်။ အွတ်အွတ်သံလည်း မကြားရ။ အယုတ်တမာ MPT။ ဦးဟန်ကြည်၏ သည်းခံနိုင်စွမ်း ကုန်လေပြီ။ ဖုန်းကဒ်ကိုထုတ်ပြီး လွှင့်ပစ်ရန် စိတ်ကူးသည်။ တပည့်ကျော်၏ မျက်နှာကို ကွက်ခနဲမြင်မိသောကြောင့် ပစ်လုဆဲဆဲလက်ကို အမြန်ဘရိတ်အုပ်ရ၏။ ကိုယ်ပိုင်ကဒ်ဖြစ်လျှင် အိမ်သာထဲပစ်ချပြီး ရေဆွဲချလိုက်မည်မှာ သေချာသလောက်နီးနီး။

ဖုန်းကဒ်လက်ဝယ်ရောက်ပြီးကတည်းက ဒေါသထွက်လိုက်ရသည်မှာ အကြိမ်ပေါင်းမနည်း။ ဆဲလိုက်ဆိုလိုက် ကြိမ်းမောင်းလိုက်မိသည်မှာလည်း အကြိမ် နှစ်ဆယ်မက။ တော်သေးပြီ။ သကောင့်သား MPT နှင့် ရေရှည်ပေါင်းမိလျှင် လူလည်း အောက်တန်းစားဖြစ်ပေတော့မည်။ ပါးစပ်ကြမ်းတမ်းသည့် လူသရမ်း ဘ၀ ပြောင်းပေရော့မည်။ အနှီ MPT သည် ရွှေပြည်သူ ရွှေပြည်သားများကို ဒေါသအိုး ပေါက်ကွဲစေရန် ဆဲနည်းပေါင်းစုံ ဆဲတတ်စေရန် အတတ်ဆိုးများ သင်ပေးနေသည့် ငရဲတမန်ပင် ဖြစ်တန်ရာ၏။ လူယဉ်ကျေးဖြစ်စေရန်အတွက် လျှာတစ်ချောင်းကို အနိုင်နိုင်ထိန်းနေရသော ဦးဟန်ကြည်တစ်ယောက် MPT ကို ဝေါင်ဝေါင်ရှေးဖို့ ဆုံးဖြတ်လိုက်လေပြီ။ ခရီးစဉ်က ပြန်ရောက်၍ ဖုန်းကဒ်ကို ပိုင်ရှင်တပည့်ကျော်လက်ထဲ ပြန်ထည့်ပေးပြီးလျှင် ပုဆိန်ရိုးပီပီ DTEC ကဒ်ဖြင့် oversea ခေါ်တော့မည်။ ငွေကုန်လျှင် ကုန်ပါစေတော့။ ငရဲတော့ဖြင့် မလိုချင်တော့ပြီ။ ကျေးဇူး MPT...ထွီ...း( ။ ။

( ဟန်ကြည် )
၂၅.၃.၂၀၁၄ ( အင်္ဂါနေ့ )

Saturday, 15 March 2014

“ လက်ဖက်ရည်ဋီကာ . . . ”


 

ဦးဟန်ကြည်က လက်ဖက်ရည်မကြိုက်တတ်တာကြောင့် လက်ဖက်ရည်သိပ်မသောက်ဖြစ်ဘူးပေါ့ဗျာ...အဲ စိတ်ကူးပေါက်ရင်တော့လည်း ပေါင်းခံရေလေးဘာလေး မှီဝဲပေသပေါ့...ထားပါတော့...း)

မြန်မာနိုင်ငံမှာ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုက ဘယ်ခေတ်လောက်က စထွန်းကားခဲ့တယ်တော့ မပြောတတ်ဘူး…ဦးဟန်ကြည်တို့ လူလားမြောက်တဲ့အချိန်ရောက်တော့ လက်ဖက်ရည်ယဉ်ကျေးမှုက အတော်ထွန်းကားနေပြီ…ရပ်ကွက်တစ်ခုမှာ လက်ဖက်ရည်ဆိုင် လေးငါးဆိုင်ကတော့ အနည်းဆုံး…အနှီခေတ်တုန်းကတော့ လက်ဖက်ရည်ဆိုင်ထိုင်တယ်ဆိုတာ ၀န်ထမ်းတွေရဲ့ ဖက်ရှင်…အနှီခေတ်က ၀န်ထမ်းဆိုတာကလည်း ပြောလောက်အောင် အလုပ်သိပ်များသလို သည်ဘက်ခေတ်တွေလို ဘီယာယဉ်ကျေးမှုကလည်း ခေတ်စားသေးတာမှ မဟုတ်ဘဲကိုး…ဘာကိစ္စ ညာကိစ္စကလေးတွေ အောင်မြင်ချင်ရင် လက်ဖက်ရည်ဖိုးပေးရင် အိုခေပြီဆိုတဲ့ခေတ်…

သည်ဘက်ခေတ်ရောက်လာတော့ လက်ဖက်ရည်ဆိုင်တွေ ဆိုင်တွေဆိုတာကလည်း လမ်းတစ်လမ်းမှာ လေးငါးခြောက်ဆိုင် အပြိုင်ရှိလာကြတော့တာမို့ သူ့ထက်ငါ လူဝင်များအောင် အသည်းအသန် ကြိုးစားကြရတော့တာကိုး...အပြင်အဆင် အရသာတွေ ကောင်းသည်ထက်ကောင်းအောင် ကြိုးစားရုံတင်အားမရဘဲ အခေါ်အဝေါ်ပါ ဆန်းအောင် ကြိုးစားကြပြန်လေတော့ လာသောက်တဲ့ ပရိသတ်ခမျာ တစ်ခါတစ်ခါ မျက်စိတောင် လည်ချင်စရာ...

ချစ်ကောင်းတစ်ခွက် ” ဆိုတာက ကော်ဖီခါးခါးတစ်ခွက် ( ကော်ဖီခါးခါးဆိုတာ ဦးချစ်ကောင်းရဲ့ နာမည်ကြီးသီချင်းကိုး )

ပန်းတောင်းတစ်ခွက် ” ဆိုတာက လက်ဖက်ရည်ချိုချိုတစ်ခွက် ( ကျောက်ပန်းတောင်းနယ်က ထန်းလျက်တို့ ကြံသကာတို့ နာမည်ကြီးလေတော့ အနှီအချက်ကို အစွဲပြုပြီး ခေါ်ဟန်တူပါရဲ့ )

ကျဆိမ့် ဂိတ်ဆုံးတစ်ခွက် ” ကျဆိမ့်ကို ကျနိုင်သမျှကျအောင် ဖျော်ခိုင်းတာကိုးဗျ ( ဂိတ်ဆုံးဆိုတာကတော့ အဆုံးစွန်ထိလို့ ဆိုလိုဟန်တူပါရဲ့ ) ခပ်နောက်နောက် လူတစ်ယောက်ကတော့ “ ကျဆိမ့် ဂိတ်ဆုံး ပတ်စီး တစ်ခွက် ” လို့မှာထည့်လိုက်တာ အဖျော်ဆရာခင်မျာ မျက်စိတောင် လည်ရှာပါလေရော...

လက်ဖက်ရည်တစ်ဂေါက် ” ဒါကတော့ အညာစတိုင်ဗျို့...လက်ဖက်ရည်မှာ ပါသင့်ပါထိုက်တဲ့ ပါဝင်ပစ္စည်းအကုန်ထည့်ပေမင့် ခွက်အပြည့်မဖျော်ဘဲ လက်ဖက်ရည်ပန်းကန်လုံးရဲ့ အပေါ်ကိုင်းအထိရောက်အောင်ပဲ ထည့်ထားတာကို ခေါ်ပါသတဲ့...နည်းနည်းဘိုဆန်တဲ့ ငတိတွေကတော့ “ ဟပ်ဖ်တီး ” လို့ ခေါ်ပါသဗျား…ဆိုလိုရင်းကတော့ အတူတူပဲပေါ့…အပြည့်မဖျော်ဘဲ တစ်ဝက်ကျော်လောက်ပဲ ဖျော်ခိုင်းတာဆိုပဲ…အတ္တနောမတိနဲ့ ပြောကြည့်ရရင်တော့ နည်းနည်း ဂန်ကျယ်တဲ့ ငတိတွေပေါ့လေ…

ပုံမှန် ဖန်ကဲ ဟပ်ဖ်တီး ” ဆိုတာကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ လက်ဖက်ရည်သောက်နည်း...ပုံမှန်အချိုးကျဖျော်ထားတဲ့အထဲမှာ အကျရည်နည်းနည်း ပိုထည့်ပြီး ကိုင်းအထိပဲ ဖျော်ခိုင်းတာဆိုပဲ...

ချိုပေါ့ကျ တိုင်ကီ ၀မ်း” ဆိုတာကတော့ လက်ဖက်ရည် အချိုခပ်ပေါ့ပေါ့မှာ အကျရည်လေး ကဲထားတာကို ရိုးရိုးလက်ဖက်ရည်ခွက်နဲ့ မထည့်ဘဲ Mug ခွက်လို ခွက်ကြီးကြီးနဲ့ ထည့်ထားတာကို သညာပေးထားတာဆိုပဲ...ကြားခါစတုန်းကတော့ အလို သည်လူတွေ လက်ဖက်ရည်ကြိုက်ချက်ကတော့ တိုင်ကီနဲ့တစ်လုံးတောင် ကုန်အောင်သောက်မယ့်သဘောထင်ပါရဲ့လို့တောင် တွေးမိသေးတာရယ်...

သည်ကြားထဲမှာ “ ချိုကျ ” “ ချိုပျစ် ” ဆိုတာတွေက ရှိသေးပြန်ရော...ဒါတင်ဘယ်ကလိမ့်တုန်း...“ ချိုပက်လန် ” ဆိုတာတောင် ရှိချေသေး...ချိုလွန်းလို့ ပက်လက်တောင် လန်သွားရမယ်လို့ ဆိုလိုပါသတဲ့...

တစ်ခါသားမှာတော့ “ ချိုပက်လန် တောသားကြီး ပစ်လဲ ” လို့မှာလိုက်တာလည်း ကြားဖူးပါသဗျား...ချိုလွန်းမကျချိုလိုက်တော့ အချိုကြိုက်လှပါတယ်ဆိုတဲ့ အညာတောသားကြီးတောင် ပစ်လဲသွားနိုင်တဲ့ လက်ဖက်ရည်လို့ တင်စားတယ်ဆိုလား...

အညာက လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကတော့ လက်ဖက်ရည်ကို ဒန်အိုးကြီးထဲမှာ တစ်ခါတည်းဖျော်ထားပြီး ဘာပဲမှာမှာ သည်အထဲကပဲ ခပ်ပြီးရောင်းပါသတဲ့...သောက်တဲ့လူက နို့ဆီနည်းနည်းလို့ အထွန့်တက်ရင် နို့ဆီထည့်ပေး...အဖန်ရည်လေးကဲပါဦးဆိုမှ အဖန်ရည်ထည့်ပေးလိုက်တော့ အိုခေဆိုပဲ...အကြောင်းသိတဲ့လူတွေကတော့ သူ့ဆိုင်မှာ ၀င်သောက်ရင် “ အိုးဖျော် တစ်ခွက် ” လို့ မှာကြပါလေရော...

ရွှေမန်းမြို့က လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာတော့ ကြက်ဥအစိမ်းကို ဖောက်ထည့်ပြီး သံပုရာရည်ညှစ် သကြားထည့်ထားတဲ့ သောက်စရာ “ ကြက်သံ ” ကို “ ရှင်သန်ခြင်း ” လို့ နာမည်ပြောင်ပြောင်မြောက်မြောက် ပေးထားတာကိုလည်း ကြုံဖူးပါရဲ့...

အညာဆိုင်တစ်ဆိုင်မှာတော့ ပလာတာပေါ်မှာ ကြက်ဥတင်ပြီး ကြော်ထားတဲ့ စားစရာကို “ ခိုင်သင်းကြည် ” လို့ နာမည်ပေးထားပါလေရော...ထူးဆန်းလွန်းလို့ စုံစမ်းကြည့်တော့ အနှီစားစရာကို “ တင်ကြော် ” လို့ နာမည်ပေးထားပေမင့် ခိုင်သင်းကြည်က ဇွန်စီ ကြော်ငြာမှာ သူတင်ပါးကို အပြကောင်းလွန်းတာကနေ အစပြုပြီး တင်ကြော်မှသည် ခိုင်သင်းကြည်လို့ နာမည်ပြောင်းပါလေရောတဲ့...

သည်ကြားထဲမှာ အီကြာကွေ့ကို “ ဂျုံရှည်ကြော် ” နံပြားကို “ ဂျုံပြားကင် ” လို့ နာမည်ပေးတာလည်း ရှိပါသေးရဲ့...

လက်ဖက်ရည်မှာတဲ့နေရာမှာတော့ ဦးဟန်ကြည်ရဲ့ အဘိုး ဦးမြကြီးကို မီတဲ့လူ ရှိမယ်မထင်ဘူး…အဘိုးက ကပ်စေးနှဲတာမှ နှပ်ချေးကိုတောင် ငပိလုပ်ခတ်တယ်ဆိုတဲ့ လူစား…မောင်ဟန်ကြည် ခပ်ငယ်ငယ်က အဘိုးဆီအလည်သွားတဲ့အခါ ငါ့မြေးကြီးကို လက်ဖက်ရည်တိုက်ရမယ်ဆိုပြီး လက်ဖက်ရည်ဆိုင်ခေါ်သွားတော့ ကလေးပီပီ ၀မ်းသာပေသပေါ့လေ…သောက်ရချေသေးပေါ့…လက်ဖက်ရည်ဆိုင်ရောက်လို့ ထိုင်လည်းထိုင်ပြီးရော မဟာကော်တရာအဘိုးက ကောင်တာကိုလှမ်းပြီး “ လက်ဖက်ရည် တစ်ခွက်ခွဲ…နှစ်ခွက်မျှထည့်လိုက်… ” လို့ ခပ်တည်တည် အော်ပြီးမှာလိုက်တာ တစ်ဆိုင်လုံးရှိတဲ့လူတွေခမျာ မကြားဖူးတာကြားရပြီး အံ့သြလွန်းလို့ အသံတွေကို တစ်ချက်တည်းတိတ်…အဖျော်ဆရာလည်း အူကြောင်ကြောင်ကို ဖြစ်လို့…အဘိုးကတော့ ခပ်တည်တည်…မောင်ဟန်ကြည်ခမျာ မချိသွားဖြဲ…
မဟာကော်တရာ ဂန္ထ၀င်ဦးကပ်စေးအဘိုးက လက်ဖက်ရည်တစ်ခွက် ၅၀ ကို နှမြောတော်မူတာကြောင့် နှစ်ခွက်စာ ငွေ ၁၀၀ အကုန်မခံဘဲ တစ်ခွက်ခွဲစာ ၇၅ ကျပ်ပဲ အကုန်ခံတော်မူတာကိုးဗျ…အဘိုးရဲ့ လက်တွေ့ချွေတာရေးဖော်မြူလာကို လက်တွေ့သုံးချင်ရင်တော့ မှတ်သာထားကြပေရော့…း)

လက်ဖက်ရည်သောက်ရင် ရင်တုန်တတ်လွန်းလို့ ဝေါင်ဝေါင်ရှေးထားပေမင့် မြန်မာ့ယဉ်ကျေးမှုအရ မိတ်ဆွေအပေါင်းအသင်းနဲ့ဆုံရင် လက်ဖက်ရည်ဆိုင်ပဲ ခေါ်သွားရလေတဲ့ ဦးဟန်ကြည်ခမျာ တစ်ဆိုင်ရောက်ရင် အခေါ်အဝေါ်တစ်မျိုး ဗဟုသုတရ နောက်တစ်ဆိုင် နောက်တစ်မျိုးနဲ့ မြန်မာစကားအသစ်တွေ အတော်များများတောင် စုဆောင်းမိနေပါရောလား...။ ။


photo credit to Google.

Monday, 10 March 2014

“ ကြောက် . . . ”


“ ကြောက် . . . ”



အကြောက်တရားနဲ့
ခြောက်ခြားတဲ့လူ့ပြည် ( ပြေ )
အမှုပွေသည်တစ်ခေတ်မှာလ
လူညစ်တွေဘယ်ညာဝိုင်းပြန်တော့
ရိုင်းတဲ့ဖြစ်ထွေ။

ကြောက်စရာ
တစ်ယောက်မှာတစ်ထွေဆန်းပြန်တော့
ပြည်နွမ်းအောင်ကျွမ်းလောင်မြှိုက်ပါလို့
အမှောင်တိုက် ပူပင်လယ်
လူတွင်ကျယ်ရှိဘူး။

ရှောင်တခင်
ကြိုမမြင် အကြောက်မျိုးနဲ့
ကြိုတင်မြင် အကြောက်မျိုးပါတဲ့
ဘယ်ဒင်းဟာ အလေးသာပါလိမ့်
အတွေးမှာ တိုင်းထွာကြည့်မိတော့
ရိုင်းပါဘိ ခက်ဖွယ်
ကွက်မလည် သည်အရေး။

အကြောက်နယ်
ပတ်လည်မှာ မှိုလိုပေါက်ပါလို့
စိတ်နောက်လို့ ရုပ်ကြေ
ရှုပ်ပွေသည့် ပြည်တွင်းမှာလ
လက်ငင်းမှာ ကြောက်တာဝပြီကွဲ့
နောင်ခါလာ နောင်ခါဈေးသာမို့
ကြိုကြောက်တာ လာမမေးလေနဲ့
တွေးကြောက်ဖို့ဝေး။    

( ဟန်ကြည် )
၁၀.၃.၂၀၁၄ ( တနင်္လာနေ့ )

The most fearful thing in this world is the fear itself.
“ ကြောက်စရာအကောင်းဆုံးအရာဟာ အကြောက်တရားပါပဲ ”

ဘယ်ဆိုရိုးက ဘယ်လိုပဲဆိုဆို ဘယ်ပညာရှိက ဘယ်ပုံပဲ ဆုံးမ ဆုံးမ၊ ဘယ်ဘာသာတရားက ဘယ်လိုနည်းနဲ့ပဲ သွန်သင် သွန်သင် ကြောက်တတ်တာကိုက ဦးဟန်ကြည်တို့ လူသားသဘာဝ။ အနှီတော့ လူပီသစွာပဲ ကြောက်စရာရှိရင် ကြောက်ကြရပေမပေါ့။ လန့်စရာရှိရင် လန့်ရပေမပေါ့ဗျာ။ ဟုတ်ဘူးလား။ တကယ်တမ်းပြောရရင် သူရဲကောင်းဆိုတာတွေလည်း အရေးအကြောင်းဆိုရင် ကြောက်တာချည်းပဲကိုး။ ဗိုလ်မှူးကြီး(ဟောင်း) တင်မောင် ( စာရေးဆရာ မြတ်ထန် ) ရေးထားတဲ့ “ တိုင်းပြည်ကနုနု မုန်တိုင်းက ထန်ထန် ” ဆိုတဲ့ စာအုပ်ထဲမှာ ကတုတ်ကျင်းနှုတ်ခမ်းမှာတက်ရပ်ပြီး ရဲဘော်တွေကို အမိန့်ပေးရတဲ့ အချိန်တွေမှာ သူဘယ်လောက်ကြောက်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ရေးထားပါရဲ့။ ရဲဘော်တွေ မကြောက်လေအောင် ခေါင်းဆောင်ပီပီ ဟန်ဆောင်နေရပေမင့် သူလည်းလေ လောကီသားပဲကိုး။ ဘယ်ကောင်ပစ်မှန်းမသိတဲ့ ကျည်ဆံထိပြီး တိုက်ပွဲကျမှာတော့ မကြောက်ဘဲနေရိုးလား။

တကယ်တော့ သူရဲကောင်းလို့ သတ်မှတ်ခံထားရတဲ့လူတွေဆိုတာ ကြောက်စိတ်မရှိတဲ့လူတွေ ဘယ်ဟုတ်လိမ့်တုန်း။ ကိုယ်ကြောက်တာကို သူများမသိအောင် ဖုံးဖိထားနိုင်တဲ့လူတွေချည်းပေါ့။ “ ဟေ့…အာဇာနည်ကွ…ဘာမှကို မကြောက်ဘူး ” လို့ စွတ်ပြီးကြွေးကြော်နေရင်တော့ လူတွင်ကျယ်လုပ်ချင်လို့ဖြစ်ရင်ဖြစ်၊ ကိုယ့်နောက်ကလူတွေ မကြောက်စေချင်လို့ ဟန်လုပ်တာဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ်ရင်တော့ စိတ်ပိုင်းဆိုင်ရာ စံလွဲနေလို့ပဲ ဖြစ်မှာသေချာပါသဗျား။ အောင်မယ် ဘာမှမကြောက်ဘူးလို့ အော်နေတဲ့ ပုဂ္ဂိုလ်ကြီး အနှီလို စွတ်အော်နေတာလည်း ကြောက်တတ်လို့ အော်နေတာဗျို့။ သူ့ကို သူများက ငကြောက်လို့ထင်မှာ ကြောက်ရှာလွန်းလို့ အနှီလို အသံကောင်းဟစ်နေရတာကိုး။ ကိုင်းဗျာ ဦးဟန်ကြည် မပြောလား။ လူဆိုတာ ကြောက်တတ်ပါတယ်လို့။ အနှီလိုကြောက်တတ်လို့ပဲ ဟိုဟာကိုးကွယ်၊ သည်ဟာကိုးကွယ်၊ ဟိုဘုရားတ သည်ဘုရားတ လုပ်နေကြရတာ မဟုတ်လား။ အောင်မယ် ဘာသာရေးမှာတောင် ကြောက်စရာ ပိုများသေး။ ဘယ်ဘာသာကြည့်ကြည့် ငရဲဆိုတာ ကြက်သီးထစရာတွေချည်း။ ဟိုဟာလေး မလုပ်လေနဲ့ ဒယ်အိုး၊ သည်ဟာလေး မကလိလေနဲ့ ဒယ်အိုးနဲ့ ညှော်နံ့လေးတွေရနေလေတော့ လူတွေခမျာလည်း ကြောက်ကြောက်နဲ့ပဲ လိမ္မာချင်ယောင် ဆောင်ကြရပါလေရော။

အကြောက်တရားဆိုတာ ကောင်းသလားဆိုတော့ သဘောသဘာဝအရတော့ ဘယ်ကောင်းမလဲဗျာ။ ကြောက်နေရမှတော့ ဘယ်နေပျော်လိမ့်တုန်း။ သို့ပေမင့် လောကကိုစောင့်ရှောက်တဲ့ လောကပါလတရား နှစ်ပါးက ဟီရီ နဲ့ သြတ္တပ္ပ ဆိုတဲ့ ရှက်ခြင်းနဲ့ ကြောက်ခြင်းလို့ ဆိုကြသကိုး။ အနှီတော့ ကြောက်တာ ရှက်စရာ မဟုတ်ပေါင်ဗျာ။ ကြောက်သင့်တာကို ကြောက်ရပေမပေါ့၊ ရှက်သင့်တာကို ရှက်ရပေမပေါ့။ ဘာကိုကြောက်တယ် ဘာကိုရှက်တယ်ဆိုတာကို မူတည်ပြီး လူတစ်ယောက်ရဲ့ စာရိတ္တတို့ တိုင်းပြည်တစ်ပြည်ရဲ့ အနာဂတ်တို့ကို ပုံဖော်ကြရတာ မဟုတ်လား။ ကြောက်တယ်…ကြောက်တယ်…မခိုးရ မ၀ှက်ရလို့ သူများထက်ဆင်းရဲမှာကြောက်တယ်ဆိုရင် သည်ငတိ သူခိုးပေါ့။ ကြောက်တယ်…ကြောက်တယ်…သူများပစ္စည်းကို ခိုးလို့ သူများစိတ်ဆင်းရဲမှာကြောက်တယ်ဆိုရင် သည်ငတိ သူတော်ကောင်းပေါ့။ ဟုတ်ဘူးလား။

တစ်ခုတော့ ရှိပေသပေါ့။ ကြောက်တိုင်းလည်း မကောင်းသလို၊ မကြောက်တိုင်းလည်း အဆင်မပြေဘူးကိုးဗျ။ ဟိုဒင်းလည်းကြောက် သည်ဒင်းလည်းကြောက်ဆိုရင်တော့ သည်ပုဂ္ဂိုလ်ဟာ မသေခင်ကတည်းက တစ်ပိုင်းပုပ်နှင့်နေပြီကိုး။ အနှီတော့ အကြောက်တရားဆိုတာကလည်း ဘိန်းပါတဲ့ဆေးများလို တန်ဆေး၊ လွန်ဘေးပေါ့လေ။ မန်လည်ဆရာတော်ရဲ့ “ မဃဒေ၀ ” ထဲက စာသားကို စာမြှောင်ကပ်ပြီး ကဗျောင်လုပ်ရရင်တော့ -
“ အကြောက်ဟူဘိ ထိုငတိကား
မရှိမကောင်း၊ ရှိမကောင်း
မပေါင်းလည်းခက်၊ ပေါင်းလည်းခက်
လို့ ဆိုရမယ်ထင်ပါရဲ့…း)။

ပူမှုရယ်တဲ့ ဆယ်ကုဋေမကတဲ့ ဒွန္တယာကြီးမှာ နေကြရတဲ့လူတွေဆိုတော့လည်း ကြောက်စရာတွေက များပါဘိ။ ရန်သူမျိုးငါးပါးကြောက်ရ၊ ၀ိပ္ပတ္တိတရားလေးပါးကြောက်ရ၊ ဗျဿနတရားငါးပါးကြောက်ရ၊ ကပ်ကြီးသုံးပါးလည်းကြောက်ရနဲ့ ကြောက်စရာတွေမှ ပတ်လည်ကိုဝိုင်းလို့။ သာမန်လူတစ်ယောက် ကြောက်သင့်ကြောက်ထိုက်တာလေးတွေကို ကြောက်တယ်ဆိုရင်တော့ ဘာအရေးလဲ။ သည်ငတိလူကောင်းပေါ့။ အနှီလိုမဟုတ်ဘဲ သူများထက်ထူးပြီး ပိုကြောက်နေရင်တော့ Phobia ဆိုတဲ့ အကြောက်လွန်ရောဂါဖြစ်ပြီး ရွာသာကြီးနဲ့ ညားဖို့သာပြင်။ ဖိုးဘီးယားလို့ခေါ်တဲ့ အကြောက်လွန်ရောဂါ ဘယ်လောက်များသလဲ စပ်စုချင်ကြရင်တော့ http://phobialist.com/ မှာသာ သွားကြည့်တော်မူကြပေရော့။ သူ့ဟာတွေသာ အကုန်ရေးထည့်ရရင် စာတစ်အုပ်တောင် ဖြစ်ရချေရဲ့။ ကိုယ့်ပတ်ဝန်းကျင်မှာ ကြောက်စရာတွေ သည်လောက်များနေမင့်ဟာကို အားမရသေးဘဲ မမြင်ရတာကြီးကို တွေးကြောက်တဲ့လူက ရှိသေးတာကလား။ အမှန်က မမြင်ရတာကြီးကို တွေးကြောက်တယ်ဆိုကတည်းက ငတိတော့ လွဲနေပြီကိုး။ စဉ်းစားကြစို့။

သေချာပေမင့် မမြင်ရတဲ့အကြောက်တရားထဲမှာ “ သေခြင်း ” ထက်သေချာတာ ဘာရှိလို့တုန်း။ ကြိုတင်ပြီးတော့ မမြင်ရပေမင့် တစ်နေ့ မာလကဈာန်ကြွမှာ မြေကြီးလက်ခတ်မလွဲ။ သို့ပေမင့် ငါတော့ တစ်နေ့သေရမှာပဲလို့ တွေးတွေးပြီး ငိုနေတဲ့လူကောင်း တစ်ယောက်မှ မမြင်ပေါင်ဗျာ။ စားမြဲတိုင်းစား သွားမြဲတိုင်းသွား၊ လုပ်မြဲတိုင်းလုပ်ပြီး ဟန်မပျက်နေကြတဲ့လူတွေချည်း။ အနှီလောက် သေချာနေတာကြီးကိုတောင် မေ့မေ့လျော့လျော့နေနိုင်သေးတဲ့ လူသားသတ္တ၀ါကြီးက မနက်ဖြန် စာမေးပွဲဖြေရမှာကြောက်လိုကြောက်၊ လူကြီးလာရင် အဆဲခံရမှာ ကြောက်လိုကြောက်၊ ဘီယာမူးပြီး ပြန်လာရင် အိမ်ကမိန်းမက ကလော်တုတ်မှာ ကြောက်လိုကြောက်နဲ့ သောက်ညင်ကတ်ဖို့တောင် ကောင်းသေး။ တကယ်တော့ ကြိုမမြင်နိုင်တာကြီးကို ကြောက်နေတယ်ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိရာကနေ စလာတဲ့ ပြဿနာကိုးဗျ။ ကိုယ့်အလုပ်ကို ကျကျနန မလုပ်ခဲ့ခြင်းရဲ့ အကျိုးဆက်ကိုး။ လုပ်သင့်လုပ်ထိုက်တာကို ပိုင်ပိုင်နိုင်နိုင်လုပ်ထားရင် မနက်ဖြန်ဆိုတာ အေးဆေးပေါ့။ ဟုတ်ဘူးလား။ မနက်ဖြန်ရောက်လာလို့ ပြဿနာတက်တော့လည်း ကြောက်စရာရှိရင် ကြောက်လိုက်ရုံပေါ့ဗျာ။ ဘာအရေးလဲ။ လူဆိုတာ ကြောက်တတ်ပါတယ်ဆိုမှ။ မကြောက်တတ်လို့ ရွာသာကြီးသွားနေရရင် မနိပ်ဘူးကိုး။

ဦးဟန်ကြည်က အနှီလို ကြီးကြီးကျယ်ကျယ်ပြောနေလို့ သည်ပုဂ္ဂိုလ်ကြီးက တယ်ဟန်ပါလားလို့လည်း တွေးတော်မမူလေနဲ့။ ပြောခဲ့ပြီးပါပကော။ လူပါဆိုမှ။ မနက်ဖြန်ကိုလည်း နည်းနည်းတော့ တွေးလန့်ပေသပေါ့။ အလန့်ကနေ အကြောက်မဖြစ်အောင် ထိန်းရတာကိုက ဘ၀နေနည်း အနုပညာကိုးဗျ။ ကြောက်စရာရှိရင် ကြောက်ပြီး အမြန်အကြောက်ပြေအောင် ကြိုးစားခြင်းကပဲ တကယ့်ဘ၀။ တစ်ခါကြောက်လိုက်တာ တစ်သက်လုံး သေရာကိုပါရောဆိုတာမျိုး မဖြစ်အောင်တော့ သတိထားရပေသပေါ့။ အင်း ပြောမယ့်သာပြောရတယ်။ ဦးဟန်ကြည်နေတဲ့ ဒေသဆိုတာကလည်း ထစ်ခနဲရှိရင် တဖောင်းဖောင်း တဂျိန်းဂျိန်းနဲ့ လုပ်တတ်တဲ့ သူရဲကောင်းတွေချည်း စုနေတဲ့ဒေသဖြစ်လေတော့လည်း ဟိုဒင်းကြောက်ရ သည်ဒင်းကြောက်ရနဲ့ အကြောက်များပြီး ထုံပေပေဖြစ်သွားတယ်ထင်ပါရဲ့။ အခုများတော့ ကိုယ့်ကိုယ်ကိုကလွဲရင် ကျန်တာကို သိပ်မကြောက်တတ်တော့တာတောင် ကြာပေါ့။ ကိုယ့်ရှေ့မှာဝဲနေတဲ့ သေနတ်ကြီးကြည့်နေရမှတော့ မနက်ဖြန် ထမင်းစားဖို့မရှိမှာ တွေးမကြောက်တော့ဘူးပေါ့ဗျာ။ ဟုတ်ဘူးလား။    

Image credit to - Google
   

ကြိုက်ရင်ပေါ့လေ . . .