Sunday, 31 August 2014

“ ဘကုန်းကိုတမ်း...လွမ်းမိသည် . . . ”



Blog ဟူသည်မှာ -
Weblog မှဆင်းသက်လာခြင်းဖြစ်သည်။ Weblog ကို a diary on the internet ( အင်တာနက်ပေါ်မှ နေ့စဉ်မှတ်တမ်း ) ဟု Urban Dictionary က အနက်ပေးသည်။

Blogger ဟူသည်မှာ -
A person who keeps and updates a blog 
( ဘလော့တစ်ခုကို ပိုင်ဆိုင်ထိန်းသိမ်းထားပြီး မွမ်းမံပြင်ဆင်၍ စဉ်ဆက်မပြတ်တင်ပြနေသူဖြစ်သည် )
ref; The Free Dictionary

ထိုသို့ဆိုလျှင် ဦးဟန်ကြည်တို့သည် blogger များ ဖြစ်ခဲ့ကြပါသည်။ လက်ရှိအနေအထားတွင်လည်း blogger ဘ၀မှ စုတေစိတ်မကျသေးဟု ဆိုရပေလိမ့်မည်။ သို့သော် သည်မှာဘက်ကာလများတွင် ဦးဟန်ကြည်တို့ blogger အများစုသည် facebook ( ဖဦးထုပ်ရွာ ) တွင် ပျော်မွေ့နေသည်က များလေပြီ။ ထိုသို့ဆိုလျှင် blogger များသည် blog ( ဘကုန်းရွာ ) ကို သံယောဇဉ်ပြတ်ကြလေပြီလားဟု မေးစရာရှိပြန်သည်။ မဟုတ်ရေးချမဟုတ်။
Once a blogger, ever a blogger.
( blogger လို့တစ်ခါဖြစ်…ဘယ်နှစ်ပြောင်းစေ blogger ) ဟူ၍ပင် ဦးဟန်ကြည် တင်စားလိုက်ချင်သည်။ သို့သော် blogger အများစု blogging နည်းလာခြင်းကိုတော့ ၀န်ခံရပေလိမ့်မည်။ ခေတ်ကလည်း ပြောင်းလေပြီကိုး။

အစဉ်အလာကြီးမားခဲ့သော ဘကုန်းရွာအတွင်းသို့ ဦးဟန်ကြည်တစ်ယောက် မျက်စိသူငယ် နားသူငယ် ကလယ်ကလယ်နှင့် စတင်ဝင်ရောက်ခဲ့သောကာလသည် ၂၀၁၀ နှစ်ဆန်းပိုင်းကာလ။ ဘကုန်းရွာ၏ နောက်ဆုံးမီးတောက်က အလျှံညီးညီးဖြင့် အစွမ်းကုန်တောက်ပနေသော ကာလအပိုင်းအခြား။ blogger အများစုသည်လည်း ဖဦးထုပ်ရွာကို မမင်။ မင်စရာလည်းမကောင်း၊ မက်စရာလည်းမရှိဘဲကိုး။ အနှီတော့လည်း “ ကျီးကိုဘုတ်ရိုသေ၊ ဘုတ်ကို ကျီးရိုသေ ” ကြရင်း ဘကုန်းရွာတွင် စာချစ်သူတို့ စုကြသည်။ ပြည်ပရောက် မြန်မာများက မြန်မာပြည်အလွမ်းကို ဘကုန်းရွာတွင် ဖြေကြသည်။ စာတိုပေးစ ရေးချင်ကြသူများကလည်း ကိုယ်ပိုင် blog တွင် ကိုယ့်ကလောင် ကိုယ်ထမ်းကြသည်။ ကြည်နူးဖွယ်ကာလများ။

ထိုစဉ်က ဘကုန်းရွာသည် စာသမားများအတွင် အပိုင်းအခြားမရှိ၊ အတိုင်းအခြားမသိဘဲ ပျော်မွေ့စရာ စာပေတောပမာ။ weblog ဆိုသည်မှာ ဦးဟန်ကြည်တို့အတွက် “ အင်တာနက် နေ့စဉ်မှတ်တမ်း ” တစ်ခုအဆင့်မက။ ကိုယ်တိုင် ရေးသားတည်းဖြတ်တင်ဆက်ထားသော အွန်လိုင်းမဂ္ဂဇင်းတမျှ တွယ်တာရသော ရတနာတမျှပင် ဖြစ်လေသည်။ blogger အချင်းချင်း ချစ်ခင်ကြသည်။ ကိုယ့်စာသူလာဖတ်၍ သူ့စာကို ကိုယ်ပြန်ဖတ်သော “ ၀တ္တရားကျေ ခင်မင်မှု ” မျိုး မဟုတ်ခဲ့ကြ။ တစ်ဦးရေးသမျှ တစ်ဦးက ဝေဖန်ကြသည်။ တစ်ယောက်၏စာကို တစ်ယောက်က အာဂုံဆောင်ကြသည်။ တစ်ယောက်၏ကဗျာကို တစ်ယောက်က နှုတ်တက်ရွတ်ကြသည်။ ညီညွတ်ခြင်း ချစ်ခင်ခြင်း ရိုင်းပင်းကူညီခြင်းသည် ဘကုန်းရွာ၏ ဂုဏ်ရည်တစ်ခု။ စီနီယာဘလော့ဂါများက ဂျူနီယာဘလော့ဂါများကို လက်တွဲကြိုဆိုဖေးမကြခြင်းသည် ဘကုန်းရွာ၏ အလှတရား။ ဘလော့ဂါကြီးများက ဘလော့ဂါလက်သစ်များအပေါ်တွင် နွေးထွေးသလို၊ ဘလော့ဂါငယ်များကလည်း ဘလော့ဂါကြီးများအပေါ် လေးစားခြင်းသည် ဘကုန်းရွာ၏ ကျက်သရေ။

ဘကုန်းရွာတွင် ပုဂ္ဂိုလ်စွဲမရှိ၊ လူချင်းလည်းမသိ၊ စာကြည့်ကြည့်၍ ချစ်ကြသည်။ စာပေစိတ်ဖြင့် အချင်းချင်း ရိုင်းပင်းကြသည်။ ကိုယ့်ဘကုန်းရွာသားပေပဲဟူသော ရပ်စွဲရွာစွဲစိတ်ဖြင့် တွယ်တာကြသည်။ ဦးဟန်ကြည် ဖဦးထုပ်ရွာကို မျက်စိလည်၍ ရောက်မလာခင်အထိ အိမ်နားနီးချင်း blogger မောင်မျိုးမှလွဲ၍ မည်သည့် blogger နှင့်မျှ လူချင်းမဆုံ၊ ဓာတ်ပုံလည်းမမြင်ဖူး။ တစ်ဦးချင်းစီ၏ ၀ိသေသကိုလည်း အာရုံမထား။ ကိုယ်ပိုင်ဘ၀များကိုလည်း ခေါင်းထဲမထည့်။ ကဗျာကိုကြည့်၍ ရင်းနှီးသည်။ ၀တ္ထုကိုဖတ်၍ ကြည်ညိုသည်။ ထိုနယ်မြေမျိုးထက် ပိုမိုငြိမ်းချမ်းသော “ စာရိပ်မြုံ ” သည် အခြားရှိနိုင်လိမ့်မည်မထင်။
   
“ ကျန်တာမလို
စာကိုသာကြည့်
သစ္စာရှိသည့် ဘကုန်းရွာ… ”

ဘကုန်းရွာကို ခြုံငုံမိအောင် ကြည့်လိုက်မည်ဆိုလျှင် ဆေးစုံသသော ပန်းချီကားချပ်သဖွယ် တင့်တယ်မှုအပြည့်။ ရသာစုံ ဟင်းပေါင်းတစ်ခွက်နှယ် အဆီအနှစ်အပြည့်။ ဇာတ်ဆောင်စုံ ရုပ်ရှင်တစ်ကားနှယ် ရသအပြည့်။ ဘကုန်းရွာတွင် လူရွှင်တော်များ၊ လူပျော်များရှိသလို လူတည်တံ့၊ လူရည်ခန့်များလည်း မရှား။ ဆောင်းပါးရေးသူရှိသလို အက်ဆေးရေးသူလည်း မရှား။ ကဗျာသမားရှိသလို တရားသမားလည်း မရှား။ နှလုံးသားအာဟာရ ရသစာများဖြင့် အားဖြည့်ပြီးလျှင် ခန္ဓာကိုယ် အာဟာရအတွက် ဟင်းချက်နည်းများ လေ့လာလိုလျှင်လည်း အဆင်သင့်။ ဘလော့ဂါတစ်ယောက် ခရီးသွားလျှင်လည်း ကျန်ဘလော့ဂါများက နောက်တော်ပါးမှ ခွာစရာမလို။ သွားလိုရာကို ဓာတ်ပုံကြည့်ရင်း စာဖတ်ရင်းနှင့် စိတ်ကူးရွက်လွှင့်လိုက်ရုံပင်။ ထိုမျှအဆင်ပြေလှသော ဘကုန်းရွာကို ဦးဟန်ကြည်တို့ မချစ်ဘဲနေရိုးလား။ ကျန်ဘလော့ဂါများကရော မတွယ်တာဘဲ နေရိုးလား။

သို့သော် အချိန်ရထားကို တားဆီးရန်အတွက် မည်သူမျှမစွမ်းနိုင်။ နည်းပညာယန္တရားကို ဟန့်တားရန်အတွက် မည်သူမျှ အားမထုတ်နိုင်။ ရွှေပြည်ကြီးတွင် ဖွဘုတ် ( facebook ) တစ်ခေတ်ဆန်းချိန် ရောက်လာလေပြီ။ ရေးလိုရာကို ရေးတင်ရင်း၊ မိတ်ဆွေချင်းလည်း စကားစမြည်ပြောနိုင်သလို၊ ဓာတ်ပုံဆိုလျှင်လည်း လွယ်လင့်တကူတင်နိုင်ပြနိုင်သည့် ဖဦးထုပ်ရွာ၏ ဆွဲဆောင်အားကို တောင့်ခံထားနိုင်ရန် မလွယ်။ blog မှာကဲ့သို့ တစ်ခုချင်း လိုက်လည်စရာမလိုဘဲ ကိုယ့် home page ပေါ်တက်သမျှ စာတို့ကို အေးအေးလူလူ သက်တောင့်သက်သာ ထိုင်ဖတ်နိုင်သော အဆင်ပြေမှုမျိုးကို မမက်မောမိစေရန် ဟန်လုပ်ဖို့ခက်လှသည်။ ကလောင်ကို အသင့်ချီထားပြီး နေ့စဉ်စာရေးဖြစ်နေသော ဦးဟန်ကြည်သည်လည်း ရေးသမျှတင်ရန်အဆင်ပြေသော၊ ဖဦးထုပ်ကို ဖက်ရလေတော့သည်။
သို့သော်
- ဖဦးထုပ်သည် ဘကုန်းကဲ့သို့ အနှစ်မပါ၊ အဆာမပြည့်၊ အကာအတိပြီးမှန်း ဦးဟန်ကြည် သိသည်။
- နေ့မြင်ညပျောက် ဖဦးထုပ်ပေါ်တွင် ရသစာပေကို ရေးတင်ခြင်းသည် ရေပေါ်တွင် အရုပ်ရေးခြင်းဖြစ်မှန်း ဦးဟန်ကြည် နားလည်သည်။
- တစ်စက္ကန့်၏ အစိတ်အပိုင်းတစ်ခုစာမျှ အချိန်ပေး၍ ကလစ်နှိပ်လိုက်သော like တစ်ခုသည် ဘကုန်းရွာမှ ကွန်မန့်တစ်လုံးလောက် အားအင်မဖြစ်စေမှန်း သဘောပေါက်သည်။

ခက်သည်က အသိနောက်တွင် သတိရောက်သော်လည်း လက်တွေ့အခြေအနေအရ ဖဦးထုပ်ကို ဆက်လက်ဖက်တွယ်ရဦးမည်ပင်။ “ ဖဦးထုပ်ကို ကျောက်သင်ပုန်းလုပ် ” ၍ အကြမ်းခြစ်ရင်း ရင်တွင်းခံစားသမျှ ဦးဏှောက်စိတ်တိုင်းကျသည့် စာမျိုးကို “ ဘကုန်းစာရွက် ” တွင် မှတ်တမ်းတင်ရဦးမည်ပင်။  မည်သို့ပင်ဆိုစေ ရင်သည် မငြိမ်းချမ်း။ စိမ်းလန်းခဲ့ဖူးသော အတိတ်က ဘကုန်းနေ့စွဲဟောင်းများကို ဦးဟန်ကြည် တမ်းတသည်။

- မိမိဘ၀ဇာတ်ကြောင်းကို အဆိုးရော အကောင်းပါမကျန် ရှင်းရှင်းဘွင်းဘွင်းရေးတတ်ပြီး ဘ၀နောက်ဆုံးအချိန်အထိ အပြုံးမပျက်သော “ ကျောက်ဟေကို ” “ ကကြီးရေးကသတ်ကျောက် ” အစရှိသည့် နာမည်ပေါင်းများစွာတို့၏ သခင် “ ကိုကြီးကျောက် ( စိန်ရတုမှတ်တမ်း )  ( ကိုကြီးကျောက်ရေ…ရေးနေရင်းနဲ့ အတော်သတိရနေမိတယ်ဗျာ…ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးပါရစေ… )

- မြန်မာပြည်ကို ပြန်ရောက်သွားပြီးကတည်းက ဘကုန်းရွာကိုရော ဖဦးထုပ်ကိုပါ မလှည့်နိုင်တော့တဲ့ ကငြိမ်းနိုင် ( အိကု )

- ရွှေပြည်အင်တာနက်လိုင်းအခြေအနေကြောင့် အရင်လို ဘလော့မဂင်းနိုင်တော့တဲ့ မမေ ( မေဓာဝီ )

- ဆိုက်ပရပ်စ်မှာတုန်းက ဘလော့ဂါတွေရဲ့ မွေးနေ့ပွဲဟူသမျှကို ဒိုင်ခံလုပ်ပေးခဲ့ပေမင့် မြန်မာပြည်ပြန်ရောက်တဲ့အခါ ကလေးတစ်ဖက်၊ လိုင်းအပျက်နဲ့ ဘကုန်းရွာဘက် မလှည့်နိုင်တော့တဲ့ နတ်နတ် ( အဖြူရောင်နတ်သမီး )

- မလေးမှာရှိနေတုန်းက မြန်မာကဗျာချိုချိုလေးတွေ အရေးကောင်းလွန်းလို့ တခုတ်တရ သွားဖတ်ခဲ့ရပေမင့် အခု မြန်မာပြည်ပြန်ရောက်ပြီဆိုတော့ ဘလော့မဂင်းနိုင်တော့တာ သေချာသွားတဲ့ ကဧရာ ( မင်းဧရာ )

အစရှိသည့် ရေးဖော်ဟောင်းများ၊ ရေးဖက်ဟောင်းများ၏ စာကောင်းပေမွန်များကို ဦးဟန်ကြည် လွမ်းဆွတ်၊ ငတ်မွတ်သည်။

ဘကုန်းရွာတွင် ရရှိပိုင်ဆိုင်ခဲ့ဖူးသော စာပေသုခများ၊ ကြည်နူးချမ်းမြေ့ခြင်းများသည် စာကိုချစ်သော၊ စာသမားကို ကြည်ညိုသော ဦးဟန်ကြည်၏ ရင်တွင်းတွင် အမြဲအစဉ် စွဲထင်နေမည်မှာ သေချာသည်ထက်ပင် လွန်ပေလိမ့်မည်။

နောင်ဖြစ်လေရာဘ၀များစွာ၌ စာသမားဗီဇကို ဘကုန်းရွာတွင် စတင်ပျိုးချခွင့်ရနိုင်စေကြောင်း  မကြာခဏ ဆုတောင်းမိခြင်းအတွက် မိမိကိုယ်ကို ဦးဟန်ကြည် အပြစ်မတင်…။    

This post is dedicated to my pen-pals on blogspot.

( ဟန်ကြည် )

ကြိုက်ရင်ပေါ့လေ . . .