Friday, 5 September 2014

“ စက်ဘီးများနှင့် ဆိုင်ကယ်များ . . . ”


 ဦးဟန်ကြည်တို့ ခပ်ငယ်ငယ်က ဆိုင်ကယ်ဟူသည် တကယ့်ရှားပါးပစ္စည်း။ ဇိမ်ခံပစ္စည်း။ သာမန်လူတစ်ယောက် အနားမသီနိုင်သည့် အသုံးအဆောင်။ ခေတ်ကလည်း အင်္ဂလိပ်ခေတ်လက်ကျန် Humber စက်ဘီး၊ Raleigh ( ရာလေး ) စက်ဘီး၊ မ.ဆ.လ ခေတ်သုံး “ မောင်ဗမာ ” စက်ဘီးလောက်စီးနိုင်လျှင်ပင် အထိုက်အလျောက် လူတွင်ကျယ်ဖြစ်သောခေတ်ပေကိုး။ ဦးဟန်ကြည် အလယ်တန်းကျောင်းသားဘ၀အရောက်တွင် အိန္ဒိယဘက်မှလာသော Hero စက်ဘီးများ ခေတ်စားလာသည်။ ထို့နောက်တွင် တရုတ်ပြည်မှဝင်လာသည့် “ အမြင်လှ၊ ခဏပျက် ” Five Rams ( ဆိတ်ငါးကောင် ) စက်ဘီးများ ပေါ်လာပြန်သည်။ အညာခေါ် ပန်းကမ္ဘာစက်ဘီး ( Pheasant )၊ မိကျောင်းစက်ဘီး ( Crocodile ) တစ်စီးဝယ်စီးနိုင်လျှင်ပင် အနေအစားချောင်လည်သော လူလတ်တန်းစားဖြစ်မှန်း လည်ပင်းတွင် စာဆွဲထားရန်မလိုတော့။ 


ဦးဟန်ကြည်ခပ်ငယ်ငယ်က ဖေဖေ့ Humber ယောက်ျားစီးဘီးကြီးဖြင့် အစီးသင်ရသည်။  Humber စက်ဘီးကြီးက သံထည်ကောင်းကောင်း၊ ထုထည်ခန့်ခန့်ဖြစ်လေရာ လေးလိုက်သည့်ဖြစ်ခြင်း။ စက်ဘီးစီးသင်ခါစ လူကလည်း အရပ်မမီသေးသည့်အရွယ်ဖြစ်ပြန်ရာ ယောက်ျားစီးစက်ဘီးများတွင် ပါလေ့ဖြစ်သော လူပိုထိုင်သည့် “ ဘားတန်း ” ပေါ်သို့ ခြေထောက်မကျော်နိုင်။ တကယ်တန်းဆိုလျှင် စက်ဘီးစီးသင်လျှင် ယောက်ျားစီး စက်ဘီးက အဆင်မပြေ။ ကျော်စရာခွစရာမလိုသော မိန်းမစီးစက်ဘီးနှင့်မှ အဆင်ပြေသည်။ သို့သော် ခေတ်ကလည်း စလေဦးပုည၏ ရေသည်ပြဇာတ်ထဲမှ စာသားအတိုင်း “ ဆင်းရဲခန်းကို၊ နိဒါန်းသွယ်လို့၊ ဘယ့်နှယ်ပင်ညည်းသော်လည်း၊ ဆန်နီးမည်မဟုတ် ” သည့်ခေတ်ဖြစ်ပြန်ရာ ဟိုဟာစီးချင်သည်၊ သည်ဟာစီးချင်သည်ဟု အဆာမကျယ်နိုင်။ တစ်အိမ်လုံးတွင် တစ်စီးတည်းရှိသော Humber ဘီးကြီးနှင့် အနာခံပြီးသင်နိုင်လျှင်သင်၊ မသင်နိုင်လျှင် လမ်းလျှောက်ပေရော့။

 ညာဘက်ခြေတစ်ချောင်းကို ဘားတန်းအောက်မှ လျှို၍ ခြေနင်းတစ်ဖက်ကိုနင်း၊ ဘယ်ခြေက ဘယ်ဘက်ခြေနင်းကိုနင်း၊ လက်နှစ်ဖက်က လက်ကိုင်နှစ်ဖက်ကိုကိုင်၍ မဖြစ်ဖြစ်အောင် စက်ဘီးစီးကျင့်ရသည်မှာ မသက်သာ။ လူတစ်ကိုယ်လုံးက ကုန်းကုန်းကွကွအနေအထားဖြင့် စက်ဘီးအပြင်ဘက်ရောက်ပြီး ထိုင်ခုံပေါ် ထိုင်စီးရန်လည်း မဖြစ်နိုင်သောကြောင့် မြန်မာ့မြင်းရေး ၃၇ ချင်းထဲတွင်ပါသည့် “ မြင်းဘေးတစ်ဖက်တွင် ချပ်၍ စီးခြင်း ” နှင့်ပင် တူနေပေလိမ့်မည်။ သည်ကြားထဲတွင် စက်ဘီးစီးသင်ခါစလူများ၏ ထုံးစံအတိုင်း ခြေနင်းတစ်ပတ်ပြည့်အောင် မနင်းနိုင်ဘဲ စက်ဘီးမလဲရုံ၊ ဟန်ချက်ထိန်းနိုင်ရုံအတွက် ဘယ်ခြေနင်းကို နင်း၍ တ၀က်ပြည့်လျှင်၊ ညာခြေနင်းကို တ၀က်နင်းရသည့် “ ဂျောက်ဂျက်နင်းနည်း ” အတိုင်း အစီးကျင့်ရသည်ကလည်း မချောင်။ ဟန်ချက် မထိန်းနိုင်၍ ဗိုင်းခနဲလဲလိုက်လျှင်တော့ စက်ဘီးပိမည်ကို သိပ်မစိုးရိမ်ရ။ စက်ဘီးက လူမရှိသည့် ညာဘက်ကို လဲလေ့ရှိသည်ကိုး။ သို့သော် လဲပဟေ့ဆိုသည်နှင့် တန်းအောက်လျှိုထားသည့် ညာခြေထောက်ကို “ ချိန်းဖုံး ” နှင့် ခုတ်မိဖို့က ရာခိုင်နှုန်းခပ်များများ။ သည်ကြားထဲတွင် စက်ဘီးအပေါ်မှ လူမှောက်လျက်ကျပြီး လက်ကိုင်နှင့် ဆောင့်မိသည့်အကြိမ်ပေါင်းကလည်း မရေတွက်နိုင်။ သူ့ခေတ်နှင့် သူ့အခါဆိုတော့လည်း ကံဆိုးလှသည်ဟု မညည်းသာ။ သူသူငါငါလည်း ထိုနည်းလည်းကောင်း။ ညနေခင်းစက်ဘီးစီးသင်ပြီးလျှင် ခြေထောက်မှ ပွန်းရာ၊ ရှရာများကို “ ဗိစပ်ရွက် ” ထောင်း၍ သိပ်လိုက်ရုံပင်။ ဒဏ်ရာဒဏ်ချက် မည်ရွေ့မည်မျှဟု မရေနိုင်။ စက်ဘီးစီးကျွမ်းကျင်လာချိန်တွင် ခြံတွင်းရှိ ဗိစပ်ပင်များလည်း ကုန်လုနီးနီးဖြစ်သွားသည်မှာတော့ အမှတ်ထင်ထင်။

စက်ဘီးစီးတတ်သွားလျှင် သွားရေးလာရေးက အဆင်ပြေလှသည်။ အလယ်တန်း အထက်တန်းကျောင်းသားဘ၀တလျှောက်လုံး လက်စွဲတော် မိန်းမစီး Hero စက်ဘီးကလေးနှင့် ပေါ့ပေါ့ပါးပါး ထသွားလိုက်ရုံပင်။ ကျူရှင်ဆင်းချိန်တွင် သူငယ်ချင်းတစ်အုပ် စက်ဘီးလက်ကိုင်ချင်း ယှဉ်နင်းကြရင်း စကားတပြောပြောနှင့် အသားကျနင်း၍ အိမ်ပြန်ရသည့်အရသာကို ယနေ့အထိ မမေ့နိုင်။ ညနေခင်းများတွင် စက်ဘီးကိုယ်စီနင်း၍ ရောက်တတ်ရာရာ ပြောကြ၊ ငြင်းကြရင်း အညာမြို့ခပ်သေးသေးကလေး ဟိုဘက်ထိပ်၊ သည်ဘက်ထိပ်၊ လမ်းကြိုလမ်းကြားမကျန် ရွာရိုးကိုးပေါက် လျှောက်ရသည့်အရသာကလည်း လူငယ်ဘ၀၏ အမှတ်တရများထဲမှ တစ်ခု။ သင်္ကြန်ကာလများတွင်လည်း ဟိုနေရာ သည်နေရာ ကူးလူးသွားလာရင်း ရေပက်ခံကြလျှင်လည်း စက်ဘီးကိုယ်စီ။ ယုတ်စွအဆုံး ကိုယ်စိတ်ဝင်စားသည့် မိန်းကလေးအိမ်ရှေ့တွင် “ လျှောက်ပြန်သံပေး၊ ခြေအေးဝမ်းရောင် ” လုပ်ရာတွင်လည်း စက်ဘီးကလေးတကျွီကျွီ၊ ဘဲလ်တီးသံလေး တကလင်လင်နှင့်။ သည်ဘက်ခေတ်မျက်စိဖြင့်ကြည့်လျှင် ဦးဟန်ကြည်တို့ဘ၀မှာ ဟိုနေရာသွားလျှင်လည်း စက်ဘီးနင်းရ၊ သည်နေရာသွားလိုလျှင်လည်း စက်ဘီးနင်းရနှင့် သနားစရာ။ သို့သော် စက်ဘီးစီးရခြင်း၏ အရသာများကို စက်ဘီးတစ်စီးရှိမှသာ သိနိုင်ပေလိမ့်မည်။

စက်ဘီးစီးခြင်းသည် အချိန်ချမ်းသာခြင်း၏ ပြယုဂ်။ အေးအေးလူလူရှိခြင်း၏ နိမိတ်ပုံ။ အချိန်နာရီများကို အပူအပင်ကင်းစွာ ဖြတ်ကျော်နိုင်ခြင်း၏ သင်္ကေတ။ စက်ဘီးအတူစီးကြရင်း သူငယ်ချင်းများကြားတွင် ချစ်ခြင်းမေတ္တာများ မျှဝေ ရက်ရှယ်ရခြင်း၏ အနှစ်သာရကို မည်သည့်အရာနှင့်မှ လဲနိုင်အံ့မထင်။ မြို့မှ ခြောက်မိုင်နီးပါးဝေးသော အညာရွာကလေးတွင် လုပ်အားပေးကျောင်းဆရာအဖြစ် ဦးဟန်ကြည် နှစ်နှစ်လုပ်ခဲ့စဉ်ကလည်း စက်ဘီးကလေးနှင့်။ ကိုယ့်ထက် အသက် ၁၀ နှစ်ကျော်ကြီးသော လုပ်ဖော်ကိုင်ဖက် ဆရာမများနှင့် စက်ဘီးအတူနင်းကြရင်း လေညင်းတသုန်သုန်တိုက်နေသော ကုက္ကိုတန်းလမ်းမကြီးတလျှောက် စကားတပြောပြော ရယ်ရယ်မောမောနှင့် ကျောင်းသွားရသည့် အရသာကို ယခုအရွယ်အထိ ဦးဟန်ကြည် မမေ့နိုင်။ ဆရာအလာကို ပေတစ်ရာလမ်းမအထိ ထွက်ကြိုကြသော တပည့်များက ဆရာ့စက်ဘီးကို သူတွန်း၊ ငါတွန်း ငြင်းကြ ခုန်ကြ၊ ဆရာ့အိတ်ကို သူယူငါယူ လုကြသည်ကို ပြုံးပြုံးကြီး ကြည့်နေရင်း ဆရာတပည့် ချစ်ခြင်းမေတ္တာများ ရှင်သန်ကြီးထွားခဲ့ဖူးသည်။ မိုးတွင်းကာလများတွင် ဗွက်ပေါက်နေသော ကျောင်းလမ်းမတလျှောက် စီးတော်စက်ဘီးကလေးကို တပည့်များက တစ်ယောက်တစ်လက် မကြပင့်ကြပြီး ကျောင်းအရောက်ပို့ကြသည်ကို “ အားနာ ကြည်နူး ” စိတ်ဖြင့် စောင့်ကြည့်ရင်း ဆရာစိတ်တို့ အမြစ်တွယ်ခဲ့ဖူးသည်။ ကျောင်းဆင်းချိန်တွင် ဆရာမတသိုက်နှင့် အေးအေးလူလူ စက်ဘီးနင်းပြန်ကြရင်း လမ်းခုလတ်ရှိ လမ်းဘေး ကုက္ကိုပင်ကြီးအောက်တွင် နားကြရင်း လယ်ကွင်းများကို ဖြတ်သန်းလာသော လေနုအေးကို ခံစားရင်း စကားစမြည်ပြောကြရသည့် အေးဆေးချမ်းမြေ့မှုများကို ဦးဟန်ကြည် ခံစားခဲ့ရဖူးသည်။

တက္ကသိုလ်ကျောင်းသားဘ၀တွင်လည်း Pheasant စက်ဘီး အနက်တစ်စင်းနှင့် ရွှေမန်းမြို့တခွင် ပြဲပြဲစင်အောင် ဦးဟန်ကြည် သွားခဲ့ဖူးသည်။ တက္ကသိုလ်မတက်မီစပ်ကြား ကျူရှင်ပြထားသော ကိုယ်ပိုင်ငွေကလေးနှင့် ၀ယ်ထားသည့် Pheasant စက်ဘီးကလေး သူခိုးနောက်ပါသွားစဉ်ကလည်း ဆွေးခဲ့ဖူးသည်။ ဆရာစိုင်းခမ်းလိတ်၏ “ ဘီးနံပတ် OK 022 L ” သီချင်းကို ကြားမိတိုင်း စက်ဘီးကလေးကို ပြန်လွမ်းမိတတ်သည်မှာ အမှတ်တရ။ စက်ဘီးအသစ်တစ်စီး ထပ်ဝယ်လိုက်သော်လည်း ချွေးနည်းစာ စက်ဘီးကလေးလောက် မက်မက်စက်စက်မရှိတော့သည်မှာလည်း အမှတ်ထင်ထင်။ မည်သို့ပင်ဆိုစေ ရွှေမန်းမြို့ လေးပြင်လေးရပ်စလုံး ဦးဟန်ကြည်တို့ စက်ဘီးကိုယ်စီဖြင့် မရောက်သည့်နေရာ မရှိသလောက်ဖြစ်သွားသည်မှာတော့ သေချာလှသည်။ အစားအသောက် စွယ်စုံကျမ်း သူငယ်ချင်းဖြစ်သူကလည်း ” ဘယ်ဟာစားချင်ရင် ဘယ်ဆိုင်သွားကြစို့ ” ဟု ဒက်ခနဲပြောနိုင်လောက်အောင် လေ့လာအားကောင်းသူဖြစ်ပြန်ရာ ရှမ်းခေါက်ဆွဲတစ်ပွဲစားရန်အတွက် ဗောဓိကုန်းမှ မြောက်ပြင်အထိ သွားခဲ့ဖူးသည်။ ပိုက်ကျုံးဘက်ရှိ သူငယ်ချင်းထံ စက်ဘီးကလေးနှင့် အလည်သွားရာမှ သူငယ်ချင်းနှင့်အတူ နန်းရှေ့အောင်တော်မူရှိ “ ထန်းရိပ်ညို ” အနုပညာပြခန်းရှိရာ “ ဒိတ် ” ကဖီးအထိ တစ်ကျော့ပြန်လာပြီး မန္တလာညများ၏ သန္တရသကိုလည်း မကြာမကြာ ခံစားခဲ့ဖူးသည်။ ထိုခေတ်ထိုအခါက ရွှေမန်းမြို့သည် စက်ဘီးမြို့တော်။ ညီမများရှိရာ သူနာပြုတက္ကသိုလ်ဘက်သို့ ညနေခင်းများတွင် ခြေစကြာဖြန့်ဖြစ်လျှင် မြို့ထဲတွင် အလုပ်လုပ်အပြီး ကိုယ့်အိမ်ကို ပြန်လာကြသော အလုပ်သမားများ၏ စက်ဘီးစီးရေ ရာပေါင်းများစွာတို့ သိပ္ပံလမ်းမအပြည့် နင်းလာကြသည်နှင့် ဆုံရသည်မှာလည်း မကြာခဏ။ စက်ဘီးသည် သာမန်လူတန်းစားတို့အတွက် ထမင်းအိုးရှိရာအရပ်နှင့် နှလုံးသားရှိရာအရပ်တို့ကို ပေါင်းကူးဆက်သွယ်ပေးသည် တမန်တော်။

ဦးဟန်ကြည်တို့ဘ၀သည် စက်ဘီးများနှင့် အစပြု၍ စက်ဘီးများဖြင့် ကြီးကောင်ဝင်ခဲ့ကြသည်ဟုပင် ဆိုရပေလိမ့်မည်။ စက်ဘီးများကို စီးနင်း၍ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသားဘ၀များကို ကျော်ဖြတ်ခဲ့ကြသလို တက္ကသိုလ်ကျောင်းသားဘ၀အထိ စက်ဘီးများက အသုံးဝင်နေဆဲ။ ထိုခေတ်ကာလများရောက်သည်အထိ ဆိုင်ကယ်ဟူသည်မှာ ဇိမ်ခံပစ္စည်းအဆင့်မှ မဆင်းသေးသည်ကလည်း စက်ဘီးတွင်ကျယ်ရခြင်း၏ အခြေခံအကြောင်းရင်းတစ်ခု ဖြစ်မည်ထင်၏။ ဆိုင်ကယ်စီးနိုင်သော တက္ကသိုလ်ကျောင်းသားသည် မဒီကညာ မူယာကြားတွင် “ စူပါ စတား ”။ “ စွံချင်ရင် ဖင်က မီးခိုးထွက်ရမယ် ” ဟုပင် ဦးဟန်ကြည်တို့ အရွှမ်းဖောက်ခဲ့ကြဖူးသည်။ ဂျပန်ပြည်ထုတ် Super Cub ဆိုင်ကယ်ကို “ ဂျပန် ပီယဆေးက သိပ်စွမ်းတာ ” ဟု ဦးဟန်ကြည်တို့ အမွှမ်းတင်ခဲ့ကြဖူးသည်။ အကြောင်းကြီးငယ်ရှိ၍ မန်းမြို့နေ အစ်ကို့ဆိုင်ကယ်ကို ခဏတဖြုတ် ယူစီးရလျှင်ပင် ဦးဟန်ကြည်တို့ သွေးကြွလှပြီ။ “ ဇမ္ဗူတခွင် လူမထင် ” သည့်စိတ်ကလေး ၀င်ချင်ပြီ။ ဈေးချင်းကလည်း ကွာသည်ကိုး။ Phesant တစ်စီးလျှင် သောင်းဂဏန်းမျှသာ တန်ကြေးရှိသော ထိုကာလတွင် ၂ယ နံပါတ် “ အစိမ်းရွှင်ရောင် ” Super Cub တစ်စီးလျှင် သိန်းအစိတ်မျှ တန်နေသည်ကိုး။ ဆိုင်ကယ်ကလေးရလျှင် သွေးတကြွကြွနှင့် ဟိုမှသည် ကူးလိုက်ချင် သန်းလိုက်ချင်သည့် တက္ကသိုလ်ကျောင်းသားအရွယ်ကို ယနေ့အချိန်တွင် ပြန်စဉ်းစားမိတိုင်း ဦးဟန်ကြည် ရှက်ပြုံးပြုံးမိသည်မှာ မကြာခဏ။
   
အရွယ်ကလည်း ရလာခဲ့ပြီကိုး။ ဘ၀၏ ဆယ်စုနှစ်တစ်ခုလုံးကို ရုန်းရင်းကန်ရင်းနှင့် ဦးဟန်ကြည် အံခဲ၍ မာန်တင်းနေစဉ်တွင် ခေတ်သည် တဖြည်းဖြည်းချင်း ပြောင်းလိုက်လာနေသည်။ ယနေ့သည် မနေ့နှင့် မတူတော့သလို မနက်ဖြန်သည်လည်း ယနေ့နှင့် လားလားမှမဆိုင်သည့် နေ့သစ်ဖြစ်လာခဲ့ပေပြီ။ ပြောင်းလဲခြင်းနည်းပါးသည့် အေးအေးလူလူဘ၀များဖြင့် နေသားကျနေခဲ့သော ဦးဟန်ကြည်တို့အတွက် နေ့မြင်ညပျောက်သည့် နည်းပညာသစ်များက ကလိလာချေပြီ။ တစ်နေရာမှ တစ်နေရာသို့ စိတ်အေးလက်အေးသွားရင်း နားနားနေနေ သက်တောင့်သက်သာဖြင့် ပညာသင်ခဲ့သော ဦးဟန်ကြည်တို့ ငွေရှာရချိန်တွင် အချိန်သည် ငွေဖြစ်လာနေပြီ။ လွန်လေခဲ့ပြီးသော ဆယ်စုနှစ်များကဲ့သို့ ဖြည်းဖြည်းလေးလေး သွားလာလှုပ်ရှားရန် ခေတ်အခြေအနေက မပေးတော့။ ငါးမိနစ်နောက်ကျလျှင် ငါးနှစ်တာ ကြိုးစားရုန်းကန်ခဲ့မှုများ အဟောသိကံဖြစ်ဖို့ များလာနေပြီ။ “ လေကြောင်းကို မပြောင်းနိုင်လျှင်၊ ရွက်ကို အလိုက်သင့်လွှင့်ရမည် ” ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ထားသော ဦးဟန်ကြည်လည်း ချစ်သော စက်ဘီးများကို အနားပေးရပေပြီ။ ဘ၀တိုက်ပွဲဖော် မဒမ်ကြည်ကို စက်ဘီးနောက်တွင်တင်ပြီး မြေမညီညာသော ကုန်းတက်များကို တပင်တပန်းနင်းတက်ရတိုင်း “ မောတော့မောတာပေါ့…ဒါပေမယ့် မမောဘူး ” ဟု ရယ်ကျဲကျဲနှင့် ဆိုခဲ့သော ဆရာစိုင်းခမ်းလိတ်၏ သီချင်းတစ်ပိုင်းတစ်စသည် “ တရံတခါဆီမှ ဒဏ္ဍာရီဘ၀ ” သို့ ရောက်ရလေပြီ။ အိမ်ခန်းထောင့်တွင် အငြိမ်းစားပေးထားသော ရဲဘော်စက်ဘီးကလေးကို သံယောဇဉ်မပြတ်ခင် ဦးဟန်ကြည်၏ အိမ်ရှေ့တွင် ဆိုင်ကယ်တစ်စီး ရောက်လာပြီကိုး။


ဦးဟန်ကြည်၏ ဘ၀တွင် ကိုယ်ပိုင်ငွေဖြင့် ပထမဦးဆုံး ပိုင်ဆိုင်ခဲ့ဖူးသော ဆိုင်ကယ်ကလေးသည် ယိုးဒယားထုတ် Kaze ( ကာဇီး ) တံဆိပ် ဆိုင်ကယ်အဖြူဆွတ်ဆွတ်ကလေး။ လွန်ခဲ့သော ခုနစ်နှစ်က ငွေသုံးသိန်းခွဲသည် တန်ကြေးမသေးလှ။ သို့သော် ဆိုင်ကယ်အမျိုးအစားများထဲတွင် Kaze တံဆိပ်သည် အညံ့စားတန်းဝင်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ထိုဆိုင်ကယ်ကလေးကို ဦးဟန်ကြည် မြတ်နိုးသည်။ ပညာရေးဘ၀အစက မနီးမဝေးရှိ မြို့တစ်မြို့သို့ အလုပ်ကိစ္စအတွက် ခရီးသွားရန်အတွက် ဆိုင်ကယ်ရှိသော အခြားတပည့်တစ်ယောက်ထံမှ ဆိုင်ကယ်ငှားရန်အတွက် ဦးဟန်ကြည်တားသည့်ကြားမှ ထွက်သွားသော တပည့်တစ်ယောက်ကို  “ ဆိုင်ကယ် မငှားနိုင်ဘူး…နင်တို့ဆရာက နေစရာ အိမ်မရှိ၊ ယာမရှိနဲ့…ငါ့ဆိုင်ကယ်ယူပြီး ထွက်သွားရင် ဘယ်လိုလုပ်မလဲ… ” ဟု ပြောလွှတ်လိုက်သည့် ဆိုင်ကယ်ပိုင်ရှင် ကျောင်းသားမိဘတစ်ယောက်၏ မျက်နှာကို ဦးဟန်ကြည် ပြန်မြင်မိသည်ကို မငြင်း။ ဒဏ်ရာဒဏ်ချက်များလှသော ဘ၀တွင် ချွေးနည်းစာဖြင့် တန်ဆာဆင်ထားသော Kaze ဆိုင်ကယ်သည် ဦးဟန်ကြည်အတွက် “ ရွှေထုပ်သည့် မြပ၀ါ ” မဟုတ်ပါလား။ မည်သို့ပင်ဆိုစေ သည်မှာဘက်ခေတ်တွင် ပေါ်လာခဲ့သော ထို Kaze ဆိုင်ကယ်သည် ပေါ်ဦးပေါ်ဖျား ခေတ်ဦးဆိုင်ကယ်များထက် ပိုကောင်းမည်မှာ ငြင်းချက်ထုတ်ရန်မလိုသော အမှန်တရား။

ပထမဦးဆုံးသော ဈေးကွက်ဝင် မော်တော်ဆိုင်ကယ်ကို ၁၈၈၄ တွင် အင်္ဂလန်နိုင်ငံသား Edward Butler က ပုံစံထုတ်ခဲ့သည်ဟုဆို၏။ ထိုခေတ်က ဆိုင်ကယ်ဟု အမည်မတွင်။ self-propelled bicycle ( ကိုယ်တိုင်မောင်းယာဉ်) ဟု အမည်တွင်သည်။ ဘီးကလည်း နှစ်ဘီးမဟုတ်၊ သုံးဘီး။ မောင်းနှင်အားကလည်း မြင်းကောင်ရေ တစ်ကောင်စာပင် မပြည့်။ ဂီယာလေးချက်ပါသော်လည်း ဘရိတ်စနစ်မပါ။ ဆိုင်ကယ်ရပ်လိုလျှင် ခြေနင်းနှင့်ဆက်ထားသော နောက်ဘီးအသေးတစ်လုံးကို ချပေရော့။ ဆိုင်ကယ်မောင်းသူက ရှေ့ဘီးနှစ်လုံးကြားရှိထိုင်ခုံတွင် ထိုင်ရသည်။ ယနေ့ခေတ် လူနာတင် ဘီးတပ်လှည်း ( Wheel Chair ) နှင့်ပင် ခပ်ဆင်ဆင် တူပေလိမ့်မည်။ အင်ဂျင်က ဓာတ်ဆီအင်ဂျင်။ မစွံ။ “ ၀ူး တစ်ပုလင်း…ဝေါ တစ်ဂါလံ ” နှုန်းဖြင့်ဆီထည့်ရလျှင် ယနေ့ခေတ်ဆီဈေးနှင့်ဆိုပါက အတော်ဘတ်ဂျက်ထိမည့် ဆိုင်ကယ်။ ၁၈၈၅ တွင် Daimler Reitwagen က ဒီဇိုင်းထုတ်ပေးလိုက်သောအခါတွင်မှ သုံးဘီးပျောက်၍ နှစ်ဘီးရောက်လာလေတော့သည်။ ထိုဒီဇိုင်းကို Heinrich Hidebrand , Wilhelm Hidebrand နှင့် Alois Wolfmüller တို့က ပြုပြင်ကြ မွမ်းမံကြရင်းနှင့် ၁၈၉၄ တွင် နှစ်ဘီးတပ်ဆိုင်ကယ်များကို ဈေးကွက်တွင် အင်တိုက်အားတိုက် ထုတ်လုပ်ရောင်းချနိုင်ခဲ့သည်ဆို၏။ ထိုအချိန်တွင် မြန်မာပြည်၌ သီပေါဘုရင်ပါတော်မူပြီးစ။ လေးခွကိုင်တုန်း။ နွားလှည်းမောင်းတုန်း။

ပထမကမ္ဘာစစ်ကြီးအတွင်းတွင် မော်တော်ဆိုင်ကယ်များသည် ရှေ့တန်းစစ်မြေပြင်နှင့် နောက်တန်းတို့အကြား အပြန်အလှန်ကူးလူးဆက်သွယ်နိုင်သည့် ယာဉ်အဖြစ် ထင်ရှားခဲ့သည်။ မြင်းစီးဆက်သားနေရာတွင် ဆိုင်ကယ်စီးဆက်သားတို့ အစားထိုးဝင်ရောက်လာပြီဟု ဆိုရမည်ထင်၏။ ယနေ့ခေတ်တွင် အထင်ကရဖြစ်လာမည့် Harley-Davidson ဆိုင်ကယ် ကုမ္ပဏီကြီးက စစ်သုံးဆိုင်ကယ်ထုတ်လုပ်ရေး၏ ငါးဆယ်ရာနှုန်းကို စာချုပ်ဖြင့် ထုတ်လုပ်နိုင်ခဲ့သည်ဟု ဖတ်ရသည်။ ဗြိတိသျှပိုင် Triumph Motorcycles  ကုမ္ပဏီကလည်း Triumph Type H အမျိုးအစား ဆိုင်ကယ်စီးရေပေါင်း သုံးသိန်းကျော်ကို မဟာမိတ်တပ်များသို့ တင်သွင်းခဲ့သည်ဟု ဆိုသည်။ မည်သည့်စစ်တွင်မဆို စီးပွားရေးသမားတို့ ကြီးပွားလေ့ရှိသည်မှာ သမိုင်းတလျှောက် အထင်ရှားဆုံးသက်သေ။ မည်သို့ပင်ဆိုစေ စစ်ပွဲကြီးများတွင် သူ့ထက်ငါ အသာစီးရရေးအတွက် နည်းပညာတိုးတက်မှုကို ဇောင်းပေးကြရင်း ပစ္စည်းသစ်များ၊ နည်းသစ်များ ရှာဖွေနိုင်ခဲ့သည်ကို ရှာကြံကျေးဇူးတင်ရပေဦးမည်။ ပြိုင်ကြလျှင် နိုင်ရချင်သည်မှာ လူ့သဘာဝပင် မဟုတ်ပါလား။ အနှီဂုရုကြီးများ ပြိုင်ကြထွင်ကြရင်းနှင့် ယနေ့ခေတ် ဦးဟန်ကြည်တို့ စီးစရာပေါချောင်ကောင်းကလေးတွေ လက်ဝယ်ပိုင်လာသည်ကို တွေးကြည့်လျှင် သကောင့်သားများကို ထိုင်ကန်တော့ချင်စရာကောင်းပြန်သည်။

Kaze ကလေး အိမ်ရောက်သည့်နေ့က ဖြစ်ပျက်သွားသော မဒမ်ကြည်၏ မျက်နှာကို ရှစ်နှစ်နီးပါးရှိလာသော ယနေ့အချိန်အထိ ဦးဟန်ကြည် မမေ့သေး။ “ မိန်းမရေ…ဆိုင်ကယ်ရောက်ပြီဟေ့… ” ဟူသော ဦးဟန်ကြည်၏ အသံအဆုံးတွင် အိမ်ပေါ်မှဆင်းလာသော မဒမ်ကြည်၏ မျက်နှာမှာ သိန်းထီပေါက်ပြီအမှတ်နှင့် ပျော်ခဲ့သမျှ သောင်းဆုလောက်နှင့်ကျေနပ်သွားရသူ၏မျက်နှာနှင့်မခြား။ ဟုတ်လည်းဟုတ်ပါရဲ့။ ဆိုင်ကယ်ကလေးက ဒူးကာမပါ၊ နောက်မှန်မရှိ၊ ဗိုက်ကိုင်း နတ္ထိနှင့် နွားချေးပိုးကို ထုံးသုတ်ထားသလို မွဲမွဲယောင်းယောင်းကလေးကိုး။ နေ့ခင်းစာသင်ချိန်သွားရင်း ဦးဟန်ကြည်လက်မှ လက်စွပ်ကို ချွတ်ရောင်းပြီး လိုအပ်သမျှ ဆင်လိုက်ပြင်လိုက်သောအခါတွင်မှ ဆိုင်ကယ်ရုပ်ထွက်တော့သည်။ တစ်သက်နှင့်တစ်ကိုယ် ပထမဦးဆုံး ပိုင်ဆိုင်ဖူးသည့် ဆိုင်ကယ်ကလေးကို ဦးဟန်ကြည်တို့ ရေဆေးလိုက်ရ သ-လိုက်ရသည်မှာ အမော။ ဆီစားကြမ်းသော ဆိုင်ကယ်ကလေးကို ဆီထည့်လိုက်ရသည်မှာလည်း ကုန်လိုက်သည့်ဖြစ်ခြင်း။ Kaze ကလေး တကြွကြွနှင့် လင်မယားနှစ်ယောက် ဟိုသွားသည်သွားလုပ်လိုက်ကြသည်မှာ သူများမြင်လျှင် နှာခေါင်းရှုံ့ကြမည်ထင်သည်။ ရပ်ကွက်ထဲက ဦးကရင်တစ်ယောက်ကတော့ “ ဆရာ့ဆိုင်ကယ်ကလည်း Kaze ကြီး…ဟဲ ဟဲ ” ဟု ရယ်သွမ်းသွေးဖူးသည်။ ရှိစေ။ ပစ္စည်းတန်ဖိုးကို ငွေကြေးဖြင့် အဖိုးဖြတ်လိုသော သာမန်လူများကို ဦးဟန်ကြည် စိတ်မ၀င်စား။ ငွေကြေးချင်းတူသော်လည်း တန်ဖိုးချင်းမတူညီသည်ကို ဦးဟန်ကြည်သာလျှင် သိသည်။ မတရားသဖြင့် ရထားသော၊ ဥပဒေကို ချိုးဖောက်၍ ယူထားသော၊ တစ်ဖက်သားမျက်ရည်ပေါက်ကြီးငယ်များဖြင့် တန်ဆာဆင်ထားသော ငွေသိန်းပေါင်းများစွာဖြင့် ၀ယ်ထားသည် Land Cruiser တစ်စီးထက် ကိုယ်ပိုင်ချွေးနည်းစာဖြင့် ၀ယ်ထားသည့် Kaze ကလေးကို ဦးဟန်ကြည် ပိုမြတ်နိုးသည်။ မည်မျှမြတ်နိုးသနည်းဟုဆိုလျှင် ပြည်မဘက်တွင် Kaze လူကြိုက်များ၍ တစ်စီးလျှင် ခြောက်သိန်းဖြင့် လာဝယ်သည်အထိ ဦးဟန်ကြည် မရောင်းဖြစ်။

သို့သော် ဦးဟန်ကြည်လက်ထဲတွင် Kaze ကလေး တစ်နှစ်ကျော်ကျော်သာ နေလိုက်ရသည်။ ဦးဟန်ကြည်လည်း “ လူထဲမှာနေ လူ့ဖြစ်ထွေကို အကျေသားနှင့် ” ဖြစ်လာပြီကိုး။ လူနှင့်လူချင်းတွေ့ကြလျှင် ပညာကို ချက်ချင်းမမြင်ဘဲ အသုံးအဆောင်ကို ပထမဆုံး မျက်စိကစားတတ်သည့် လူ့သဘာဝကို သဘောပေါက်လာပြီကိုး။ “ ပညာရေးလုပ်သားဟူသည်မှာ မိမိကိုယ်ကို ရောင်းစားနေရသော သတ္တ၀ါတစ်မျိုးဖြစ်သည် ” ဟူသော အဆိုအမိန့်ကို ဦးဟန်ကြည် နားလည်လာပြီကိုး။ ထိုထိုသော အကြောင်းများကြောင့်ပင် လူစိမ်းများသော ဤမှာဘက်ဒေသတွင် ကျင်လည်ရန်အတွက် ၁၉၉၉ ခုနှစ်ထုတ် Dream ဆိုင်ကယ်တစ်စီး ၀ယ်ရလေတော့သည်။ မြင်းကောင်ရေ ၁၁၀ အားရှိသော ထိုဆိုင်ကယ်သည် မြင်းတစ်ကောင်စာအားမရှိသည့် ရှေးဦးဆိုင်ကယ်ထက် ပိုမြန် ပိုကောင်းသည်မှာ အသေအချာပင်။ ထိုမျှမကသေး ဂျပန်နည်းပညာ ဂျပန်ပညာရှင်များ၏ အကူအညီဖြစ်သော ဂျပန်ပစ္စည်းများဖြင့် ဖွဲ့စည်းထားသည့် ၁၉၉၉ ခုနှစ်ထုတ် ယိုးဒယားဆိုင်ကယ်များသည် မာကြောကြံ့ခိုင်မှုတွင် စံချိန်တင်သည်ဟု ဦးဟန်ကြည် ကြားဖူးသည်။ မှန်လည်းမှန်သည်။ “ ဆိုင်ကယ်ကို ဆိုင်ကယ်လို စီး ” ပြီး ယုယပြင်ဆင်ရမည့်အလုပ်ကို ခေါင်းထဲမထည့်ချင်သော ဦးဟန်ကြည်၏လက်ထဲတွင် ထိုဆိုင်ကယ်ကလေး တစ်ခါမှ နှာမစေး၊ ချောင်းမဆိုး။ ဆိုင်ကယ်ဘီးပေါက်လိုက်လျှင်လည်း ဘီးဖာဆိုင်နှင့် မနီးမဝေးနေရာမျိုးတွင်မှ ပေါက်လေ့ရှိသည်မှာ ထုံးစံ။

ညာဉ်ကောင်းသော ထိုဆိုင်ကယ် အနီကလေးဖြင့် ဦးဟန်ကြည်တို့ ဇနီးမောင်နှံ ဘားအံဘုရားဖူး သွားဖြစ်ခဲ့ကြသည်။ တောင်ပေါ်လမ်းကြမ်းခရီးကိုလည်း သွားခဲ့ဖူးသည်။ လမ်းကြောတလျှောက်တွင် တစ်ခါမှ ဒုက္ခမပေးဖူး။ သို့သော် ထိုဆိုင်ကယ် ကောင်းမှုဖြင့် ငွေတစ်သိန်းလျော်လိုက်ရသည်မှာတော့ အမှတ်တရ။ လမ်းကြားမှထွက်၍ လမ်းသွယ်ထဲဝင်လာသော ဦးဟန်ကြည်၏ဆိုင်ကယ်ကို လူသုံးယောက်စီးပြီး အရှိန်ပြင်းပြင်းဖြင့် မျက်နှာချင်းဆိုင်မောင်းလာသော မိန်းမတစ်ယောက်၏ ဆိုင်ကယ်က ၀င်တိုက်သွားခြင်းပင်။ ထိုဆိုင်ကယ် လာပုံမူမမှန်သည်ကို သတိထားမိသော ဦးဟန်ကြည်က ခြေထောက်ပါထောက်၍ ရပ်ထားသည်ကို ၀င်တိုက်လိုက်သည့်အရှိန် ပြင်းမပြင်း မပြောနိုင်။ ဦးဟန်ကြည်၏ ဆိုင်ကယ်မှ ခြေနင်းတုံးတစ်ဖက် ပဲ့ထွက်သွားသည်ကတော့ သေချာသည်။ ဦးဟန်ကြည်က ဘာမှမဖြစ်၊ တစ်ချက်ကလေးပင် ယိုင်မသွား။ ထိုမိန်းမသုံးယောက်သားကတော့ ဆိုင်ကယ်တခြား လူတခြား ကားခနဲကျသည်။ ဦးဟန်ကြည့်ဆိုင်ကယ် နံပါတ်ပြားစွန်းနှင့်ခြစ်မိသောကြောင့် ဆိုင်ကယ်မောင်းသောမိန်းမ ခြေထောက်ပြဲသည်။ ဖြစ်စဉ်က အရှင်းကြီးပင်။ သို့သော် လူနာကိုဆွဲထူပြီး ကိုယ့်အပြစ်မဟုတ်သောကြောင့် စိတ်အေးလက်အေးထွက်လာသော ဦးဟန်ကြည်ကို ထိုမိန်းမက တိုင်ချက်ဖွင့်ထားလိုက်လေရာ တာဝန်ချိန်တွင် မူးနေသောယာဉ်ထိန်းကို စိတ်ကုန်သည်က တစ်ချက်၊ မှန်ပါလျက်နှင့် ရုံးတက်ရမည်ကို စိတ်ကုန်သည်က တစ်ရှက်ဖြစ်သော ဦးဟန်ကြည်ခမျာ “ မိနု သူ့ကြွေးရှိရင် ဆပ်ရမှာပဲ ” ဟူသည့် ဆရာတော်ဦးဗုဓ်က နန်းမတော်မယ်နုကို ဆုံးမသောစကားကို နှလုံးမူ၍ တစ်သိန်းပူဇော်လိုက်ရလေတော့သည်။ သာဓု သာဓု။

ပြောရမည်ဆိုလျှင် ဆိုင်ကယ်ဖြင့် သွားရလာရခြင်းသည် စက်ဘီးနှင့် သွားရခြင်းကဲ့သို့ အန္တရာယ်မကင်း။ အေးအေးလူလူမရှိ။ လူသက်သာ၍ အချိန်မကုန်သည့်တစ်ချက်သာ မက်လောက်စရာရှိသည်။ အမေရိကန် “ ပို့ဆောင်ရေး ၀န်ကြီးဌာန ” က ၂၀၀၅ ခုနှစ်တွင် ထုတ်ပြန်သော စာရင်းအရ အမေရိကန်ပြည်ထောင်စုတွင် မှတ်ပုံတင်ထားသော မော်တော်ဆိုင်ကယ်ပေါင်း တစ်သိန်းရှိသည့်အနက် သေနိုင်လောက်သော ယာဉ်တိုက်မှုပေါင်း ၁၈၆၂ ခု ဖြစ်ခဲ့သည်ဟု ဆိုသည်။ ထိုသို့ဆိုလျှင် လမ်းများကလည်း ချာတူးလန်၍ လူများကလည်း စည်းကမ်းမရှိသော မြန်မာနိုင်ငံတွင် ထို့ထက်ပို၍ များပေလိမ့်မည်။ သည်ကြားထဲတွင် ဘီယာကလေးခပ်ထွေထွေ၊ ၀ီစကီကလေး ခပ်ယစ်ယစ်ဖြင့် တ၀ူးဝူး တဝေါဝေါ မောင်းကြသူများကလည်း မရှား။ သည်မှာဘက်ခေတ်တွင် မူးယစ်ဆေးဝါးသုံးစွဲပြီး မောင်းကြသည့် ချာတိတ်များကလည်း တစ်နေ့ထက်တစ်နေ့ ပိုများလာပြန်ရာ ဆိုင်ကယ်ကလေးခွ၍ နေ့စဉ်အလုပ်သွားနေရသော ဦးဟန်ကြည်မှာ မနက်မိုးလင်း၍ အလုပ်သွားရန် ဆိုင်ကယ်ပေါ်တက်သည်နှင့် “ အနန္တော အနန္တငါးပါး ” ကို အမြဲကန်တော့ပြီးမှ စက်နှိုးဖြစ်သည်မှာ ထုံးစံ။ မောင်းပြန်လျှင်လည်း ခပ်ဖြေးဖြေး။ ဘေးဘီဘယ်ညာကို အာရုံမပြတ်စေရ။ မျက်လုံးတစ်လုံးက ရှေ့ကြည့်၊ ကျန်တစ်လုံးက နောက်ကြည့်မှန်ကို ကသိုဏ်းရှုရင်း မောင်းရသည်မှာ စိတ်မလွတ်လပ်။

သတိအမြဲကပ်သည့် ဦးဟန်ကြည်အတွက် ကိုယ်က သူများကို ၀င်တိုက်မိမည်ကို မစိုးရိမ်လှသော်လည်း တစ်ဖက်သားက ကိုယ့်ကိုဝင်တိုက်သွားမည်ကိုတော့ ကြောက်လှသည်။ စံမီ ကိုက်မီဖြစ်စေရန်အတွက် လွန်ခဲ့သော သုံးနှစ်က အသစ်ဝယ်စီးထားရသည့် Dream 125 ဆိုင်ကယ်ကလည်း ဈေးမသေးလှ။ ဟိုနားရပ်ထားလျှင်လည်း ပျောက်မှာကြောက်ရသည်။ သည်နားရပ်ထားလျှင်လည်း ငတိုနောက်ပါသွားမည်ကို စိုးရိမ်ရသည်။ မဖြစ်မီစိတ်ပူတတ်သည်မှာ ဦးဟန်ကြည့်ထုံးစံ။ ဖြစ်ပြီးသွားလျှင်တော့ ဦးဟန်ကြည် ၀မ်းမနည်းတတ်။ ကိုယ့်စိတ်ဓာတ်နှင့်ကိုယ် ဒုက္ခရောက်ရသည်မှာ သိပ်မနိပ်ချင်။ အများစုကမူ မဖြစ်ခင် တွေးမပူ၊ ဖြစ်ပြီးမှ ယူကြုံးမရ အပူလုံးကြွကြသည်က ခပ်များများ။ သင်းတို့ကို အားကျချင်သော်လည်း စိတ်မပါ။ ဟန်ကြည်သည် ဟန်ကြည်သာလျှင် ဖြစ်သည်မဟုတ်လား။ ကားဝယ်စီးဖို့ စိတ်မပါလေသမျှ ဆိုင်ကယ်ဒုက္ခကို ခံလိုက်ရုံပင်။

ပြောမည့်သာပြောရသည်။ ခရီးဝေးဝေးမသွားသော၊ ဖြည်းဖြည်းသက်သာ မောင်းတတ်သော ဦးဟန်ကြည်အတွက် ဆိုင်ကယ်ဒုက္ခက သိပ်မများလှ။ တစ်ခါထည့်လျှင် ဆီအပြည့်ထည့်ထားတတ်သော အကျင့်ကြောင့် ဆီပြတ်၍ တွန်းသွားရသည့် ဒုက္ခလည်းမရှိ။ သို့သော် ဘီးပေါက်သည့် ဒုက္ခနှင့်တော့ မကြာမကြာ ကြုံရလေသည်။ ယိုးဒယားထုတ်ဆိုင်ကယ်များကလည်း ယိုးဒယားလမ်းနှင့် ချိန်ကိုက်၍ လုပ်ထားသည်ထင်၏။ သင်းတို့လမ်းများက ညီညွတ် ညက်ချောနေသည်ကိုး။ ဦးဟန်ကြည်တို့ ရွှေပြည်လမ်းများမှာ ကတ္တရာခင်းထားလျှင်လည်း လမ်းလယ်တွင် ကျင်းများချိုင့်များ တင်းကြမ်း၊ အင်္ဂတေခင်းထားလျှင်လည်း ကျောက်ခဲကလေးများ ထိုးထိုးထောင်ထောင်၊ မိုးဖျက်၍ လမ်းပျက်ပြီဆိုလျှင် အင်္ဂတေလမ်းများက ပိုဆိုးတော့သည်။ ဟိုနားကကျင်း၊ သည်နားကချိုင့်၊ ဟိုနားက ကျောက်စွန်း၊ သည်နားက ကျောက်ချွန်နှင့်ချည်း ဖြစ်လေလေရာ စတိုင်နှင့်စီးရသည့် ဆိုင်ကယ်ခပ်နုနုခမျာ မကြာမကြာ ဘီးပေါက်ရှာလေတော့သည်။ ဘီးပေါက်သည့်အခါတိုင်းတွင် ဦးဟန်ကြည် အညာရောက်စဉ်က စီးဖြစ်ခဲ့သည့် တရုတ်ဆိုင်ကယ်များကိုပင် လွမ်းမိလေ၏။ လယ်ကန်သင်းရိုး ခပ်ကြမ်းကြမ်း၊ ခယောင်းလမ်းတွင် နှစ်ယောက်စီး၍ ခရီးပြင်းနှင်သော်လည်း ဘီးတစ်ခါမပေါက်သည့် တရုတ်ဆိုင်ကယ်များကား လေးစားဖွယ်ကောင်းပေစွ။ အမောင် “ အီးစံကွား ” တို့ကို အလေးပြုထိုက်ပေစွ။

ယိုးဒယားဆိုင်ကယ်စီးနေသော ဦးဟန်ကြည်မှာမူ ဆိုင်ကယ်ကျွတ် ( Tube ) လဲရသည်နှင့်ပင် ဆေးဖိုးကွမ်းဖိုးထဲမှ အတော်ပဲ့လှပြီ။ ကိုယ်တိုင်ကလည်း ဆိုင်ကယ်ပေါ်တက်ခွပြီး သော့ကလေးလှည့်၊ electric starter ကလေးကို နှိပ်လိုက်ရုံကလွဲ၍ ပြင်ဆင်ထိန်းသိမ်းသည့်အလုပ်ကို စိတ်မ၀င်စားသူဖြစ်ပြန်ရာ ဆိုင်ကယ်လေနည်းသည်ကိုလည်း နမူမစိုက်၊ အင်ဂျင်ဝိုင် လဲရမည်ကိုလည်း အာရုံမရ၊ သွားသမျှတော့ မောင်းနေလိုက်သည်မှာ တမေ့တမော။ “ မခိုင်ရင် ကျိုး…မနိုင်ရင် ပြေး ” ဟူသည့် ဤမှာဘက် ဦးကရင်တို့၏ အဆိုအမိန့်သည် ဦးဟန်ကြည်နှင့် ကွက်တိ။ ဆိုင်ကယ်ကို ရေဆေးရသည့်အလုပ်ကိုလည်း အလွန်တရာ ပျင်းကြောထူသူဖြစ်ပြန်ရာ စိတ်လိုလက်ရရှိသည့် အခါမျိုးတွင်မှ ရေဆေးဆီလိုက်သွား၍ ငါးရာဖိုး ပူဇော်လိုက်သည်က များပြန်သည်။ အနှီစိတ်လိုလက်ရ အချိန်အခါသည်လည်း တစ်လလုံးတွင်မှ နှစ်ခါမပြည့်။ ထို့ကြောင့်ပင် ဦးဟန်ကြည့်ဆိုင်ကယ် ဘီးပေါက်ပဟဲ့ဆိုလျှင် ကျွတ် ( Tube ) သာ လဲပေရော့။ “ ဟ…တစ်ခါမှ မဖာရသေးဘဲ ကျွတ်လဲရသလားဟ ” ဟု စေဒက တက်မိလျှင် “ ဆရာ့ကျွတ်က သုံးလို့မရတော့ဘူး…နန်းတိုင်ဘေးက ပြဲသွားတာ ” ဟူသော ဆိုင်ကယ် ၀ပ်ရှော့သမား၏ အကြောင်းပြချက်အဆုံးတွင် ပလုံပေရော့ ငွေ သုံးထောင်။ တစ်လတစ်လတွင် စီးတော်ယဉ်ပြင်ထိန်းစရိတ်နှင့် ဆီဖိုးက သုံးလေးသောင်း အောက်ထစ်။ စိတ်ညစ်၍လည်း အလကားပင်။ ဆိုင်ကယ်မှမစီးလျှင်လည်း ကားစီးပေရော့။ စက်ဘီးစီးဖို့အတွက် အိပ်မက်ပင် မမက်နိုင်။ ဘော်ဒီဝိတ်ကလည်း အရင်လိုမှ မဟုတ်တော့ပဲကိုး။

ရဲဘက်တော်စက်ဘီးကလေးကို သတိတရရှိ၍ ကြည့်မိသည့်အခါတိုင်းတွင် ဦးဟန်ကြည်၏ စိတ်ထဲ၍ စက်ဘီးစီးချင်သည့် ဆန္ဒများ ပေါ်လာလေ့ရှိသည်ကို မငြင်းလို။ စက်ဘီးစီးခြင်းသည် ကျန်းမာရေးနှင့် ညီညွတ်ကြောင်းလည်း ဦးဟန်ကြည်သိသည်။ မသိ၍လည်း မဖြစ်။ ဆိုင်ကယ်ကလေးကို ခွစီးရင်း သက်တောင့်သက်သာ ခရီးနှင်ပါများသည့် ဤမှာဘက်နှစ်များတွင် ဦးဟန်ကြည်၏ ဗိုက်ခေါက်အသားလည်း အတော်ထူလာပြီမဟုတ်ပါလား။ လွန်ခဲ့သောနွေက ဦးဟန်ကြည် အညာပြန်ရောက်လျှင် စက်ဘီးများနှင့် ပြန်တွေ့ရသည်။ Conservative သမား အဒေါ်လတ်က Pheasant စက်ဘီးကလေးနှင့် ရုံးတက်တုန်းကိုး။ ထိုစက်ဘီးကလေးကို မြင်လျှင် ဦးဟန်ကြည် ငယ်မူငယ်သွေးကြွမိသည်။ ငယ်စိတ်ဝင်၍ ငယ်နုချင်လာမိသည်။ လူအလစ်တွင် စက်ဘီးပေါ်တက်ခွ၍ ခြံဝန်းအတွင်းတွင် တစ်ပတ်စီးကြည့်သည်။ အဆင်မပြေ။ လက်ကိုင်က မြင့်သလို၊ ထိုင်ခုံက နိမ့်သလိုလိုနှင့်။ သည်ကြားထဲတွင် ဟန်ချက်ကလည်း မထိန်းနိုင်။ ယိုင်ထိုးယိုင်ထိုးနှင့် ခြံတစ်ပတ်ပြည့်အောင်နင်းအပြီးတွင် သွားယားလာသဖြင့် စက်ဘီးကလေးကို အသာထောင်ထားလိုက်ရသည်။ လွန်ခဲ့သော လေးနှစ်ကျော် ပုဂံခရီးစဉ်အတွင်းက Mountain Bike တစ်စီးနှင့် သဲထူထူ လမ်းကြမ်းတလျှောက် အားပါးတရနင်း၍ ခရီးပြင်းနှင်ခဲ့သည်မှာ ဤဦးဟန်ကြည်မှ ဟုတ်ပါလေစ။ ကြက်သွေးရောင် Pheasant စက်ဘီးကလေးက “ မင်း ဘ၀တလျှောက်လုံး ငါတို့နဲ့ပဲ ပတ်သက်ခဲ့တာပါကွာ…အခုမှ ဘယ်လိုဖြစ်နေတာလဲ ” ဟု ဦးဟန်ကြည်ကို ပြုံးစစနှင့် လှောင်နေသယောင်။ ဦးဟန်ကြည်၏စိတ်ကမူ ကျန်နေရစ်ခဲ့သော စီးတော်ဆိုင်ကယ်ကို သတိရလျက်။

 ရေပေါ်ဆီလူတန်းစားအတွက်မူ ဆိုင်ကယ်များ ကားများသည် ငွေကြေးကြွယ်ဝမှုကို ဖော်ပြနိုင်စွမ်းသည့် ပြယုဂ် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ ဦးဟန်ကြည်အတွက်မူ ထိုပစ္စည်းများသည် လိုအပ်ချက်အတွက် အသုံးပြုရသည့် အသုံးအဆောင်တစ်ခုထက် မပို။ ထိုစိတ်ထားအတွက် မိမိကိုယ်ကို ဂုဏ်ယူမိသော်လည်း စက်ဘီးများကို စီးနင်းရင်း ကြီးပြင်းခဲ့ရသည့် အတိတ်ကာလများကိုမူ ဦးဟန်ကြည် လွမ်းဆွတ်မိမြဲဖြစ်သည်။ သို့သော် ဘ၀ပေးအခြေအနေအရ မော်တော်ဆိုင်ကယ်များကို ဆက်လက်စီးနင်းရပေဦးမည်။ စိတ်ကူးပြောင်း၍ မော်တော်ကားစီးလာသော တစ်နေ့ရောက်လာလျှင် ရဲဘက်တော် မော်တော်ဆိုင်ကယ်များ၏ ပြက်ရယ်ပြု လှောင်ပြောင်ခြင်းကို ခံရလေဦးမည်လား မပြောတတ်တော့…။    


( ဟန်ကြည် )
၆.၉.၂၀၁၄ ( စနေနေ့ )

နံနက် ၁ နာရီ ၂၅ မိနစ်

ကြိုက်ရင်ပေါ့လေ . . .