Friday, 31 October 2014

“ ဆေးပေါင်းခ . . . ”


သီတင်းကျွတ် တန်ဆောင်မုန်း လနတ်တော်...
ကောက်ဦးပေါ်လို့ မုန့်ဆမ်းလှော်...

တိုင်းစွန်ပြည်နားမှာ ထမင်းရှာစားနေတဲ့ ဦးဟန်ကြည်တစ်ယောက် မုန့်ဆမ်း မမြင်ဖူးတာ ဆယ်နှစ်ကျော်ပြီ။ ကုန်သည်လုပ်ငန်းကို အဓိကလုပ်ကြတဲ့ သည်ဘက်နယ်မှာ မုန့်ဆမ်းကို တောင့်တနေရင် တောင့်တတဲ့လူ လူမိုက်။ ပြည်နယ်မှာနေပြီး အညာမုန့်ကို ချဉ်ခြင်းတပ်နေရင် တပ်တဲ့လူ လူ့ဟာသ။

ရောမရောက်တော့ ရောမလို ကျင့်နေရတဲ့ ဦးဟန်ကြည်တစ်ယောက် အနှီလိုနဲ့ပဲ အညာစာတွေ ငတ်တာ ကြာပြီ။ မနက်မိုးလင်းရင် ပဲရေပွကြော်ကလေးနဲ့ ထမင်းဆီဆမ်းပြီး စားလိုက်ချင်တဲ့ အာသီသကို ချိုးနှိမ်ထားရတာ ဆယ်စုနှစ်တစ်ခု။ ထမင်းရည်ပူပူလေးကို ဆားခတ် မတ်ပဲဘယာကြော်ကလေးကို ချိုးချေထည့်ပြီး တရှူးရှူးမြည်အောင် သောက်ချင်တဲ့ ဆန္ဒကို အကောင်အထည်မဖော်နိုင်တာလည်း ကြာပြီ။ ပျော်ရာမှာ နေချင်ပေမင့်လည်း တော်ရာမှာ ငွေမြင်ရပြန်တော့လည်း ဆန္ဒတွေ အာသီသတွေကို ချိုးနှိမ်ထားကြရတာကိုက လူ့ဘ၀ပဲ ထင်ပါရဲ့။

လူ့စိတ်ဆိုတာမျိုးကလည်း အခက်သား။ ဖောဖောသီသီရနေတဲ့အချိန်တုန်းကတော့ စားရလွန်းလို့ မမြင်ချင်လောက်အောင် မုန်းနေပေမင့်လည်း ရှားပဟေ့ မရှိဘူးဟေ့ဆိုတဲ့ အချိန်မျိုးကတော့လည်း စားချင်လိုက်တာမှ ငမ်းငမ်းတက်။ အညာမှာနေတုန်းကတော့ တစ်ခါလာလည်း ပဲကြီးဟင်း တမာရွက်ပြုတ် ချဉ်ပေါင်ရွက်ချဉ်ရေ၊ နောက်နေ့လာလည်း သည်ဟင်း။ စိတ်အဆင်းရဲကြီးဆင်းရဲခဲ့ရတဲ့ သည်ဟင်းစပ်ကို မစားရတာ ဆယ်နှစ်လောက်လည်း ကြာလာရော သည်အချိန်မှာ အစားချင်ဆုံး ဟင်းစပ်က အနှီဟင်းစပ် ဖြစ်နေပြန်ရော။

အညာပြန်တာ နှစ်ခါရှိပေမင့်လည်း ရာသီက တမာရွက်တုံးတဲ့ နွေခေါင်ခေါင်ကြီးဖြစ်နေပြန်တော့လည်း ဦးဟန်ကြည်ခမျာ အညာရောက်ပါလျက်နဲ့ အာသီသက မပြေခဲ့တာ ပြန်တွေးတိုင်း ရင်နာလို့မဆုံး။ သည်ဘက်က ပဲကြီးတွေ နှပ်ပြီးစားပြန်တော့လည်း ဟိုဆေး သည်ဆေးတွေနဲ့ ပြင်ထားတာဆိုတော့ ဘယ်လိုနှပ်နှပ် အလှပ်လိုက်မဖြစ်ဘဲ မာဆတ်ဆတ်။ ငွေရသလောက် ငတ်တာ ကျုပ်တို့ပါဗျို့လို့ အော်ရရင် သူများ အတော်နားကြားပြင်းကတ်မယ်ထင်ရဲ့။ တတ်နိုင်ဘူး။ ကိုယ်ငတ်တာ ကိုယ်ပဲသိတာကိုး။

ဆရာစိုင်းခမ်းလိတ်ရဲ့ ရေကြည်ထဲက လရိပ်လေး သီချင်းစာသား “ မရမှန်းသိလေ...ပိုလိုချင်မိလေ... ” ဆိုတာကလည်း မှန်ချက် ကမ်းကုန်။ ဦးဟန်ကြည်ခမျာ လက်ထဲက ပိုက်ဆံလေးတွေ ထိုင်ကြည့်ရင်း သူ့အချိန် သူ့ရာသီအလိုက် အညာမှာပေါ်တဲ့ စားဖွယ်သောက်ခင်းလေးတွေကို ထိုင်တွေးနေရတာကိုက ရာသီပေါ် ၀ဋ်တစ်မျိုး။ ကိုယ့်ကိုယ်ကို အစားနဲ့ပတ်သက်ရင် အတော်ဒုက္ခငြိမ်းတယ်လို့ ထင်ထားပေမင့်လည်း ကိုယ့်ဒေသစာလေးတွေကိုတော့ မက်မက်စက်စက်မရှိဘဲ ဘယ်နေလိမ့်တုန်းလေ။ လူများကလည်း ခက်ပါ့။ အဝေးရောက်ကြပြီဆိုမှဖြင့် ဘာရယ်မဟုတ်တဲ့ ကိုယ့်ဒေသထွက် သွားရည်စာကလေး တစ်ဆုပ်တစ်ဖဲ့ကိုတောင် တမ်းတပြီး သွားရည်ကျတတ်တာမျိုး။

အလယ်တန်းကျောင်းသားဘ၀ နွေကျောင်းပိတ်ချိန်မှာ အညာက အဘိုးအဘွားတွေရဲ့ ကိုင်းထဲဆင်း ကြက်သွန်ဥ ၀ိုင်းတူးတဲ့အခါ နေ့ခင်းမှာ အခင်းရှင်ကကျွေးတဲ့ အကြော်နှစ်ခုကို သည်နေ့အထိ ဦးဟန်ကြည်လွမ်းတုန်း။ တူးလက်စ ကြက်သွန်ခင်းထဲက ကြက်သွန်တစ်ဥကို ပုဆိုးလေးနဲ့ သုတ်၊ အခွံမခွာဘဲ ဂျွမ်းခနဲကိုက်၊ ကြက်သွန်ခင်း မြောင်းပေါင်ပေါ်မှာ အတန်းလိုက် စိုက်ထားတဲ့ နံနံပင်တစ်ပင်ကိုချိုးပြီး ပါးစပ်ထဲပစ်ထည့်၊ အကြော်တစ်ကိုက်ကိုက်၊ မြိန်လိုက်တဲ့အရသာ။ သည်အရွယ်မှာ ဘာစားစား အနှီအရသာကို မီတာမျိုး တစ်ခါဖူးမှကို မကြုံတော့တဲ့အထိ။ အညာမှာနေခဲ့တုန်းကတောင်မှ အနှီလို ဇယော်ဇယာ စားစရာလေးတွေကို ကြံကြံဖန်ဖန် တမ်းတမိတတ်တဲ့ ဦးဟန်ကြည်ခမျာ ပြည်နယ်သားလည်းဖြစ်ရော ကြီးလိုက်ပါတဲ့ စားဒုက္ခ။ ပြောပြရင် လွန်အံ့တောင် ထင်ကြပေလိမ့်။

နွေဦးကလေးများ ပေါက်ပဟဲ့ဆိုရင် လက်ပံခေါင်းချဉ်ရည်ဟင်းကို ဦးဟန်ကြည် လွမ်းပြီ။

လာဟေ့ဒွား
သွားကောက်ချေစို့
ပွင့်ခြောက်ကယ် အနားလန်
ပင်လက်ပံ ကြွေချိန်ကျပြီမို့
မိဇံလှ နင်လိုက်ဦးမလား...

ဆိုတဲ့ကဗျာကိုများ ပြန်သတိရရင် မေ့မေ့လက်ရာ ချဉ်ရည်ဟင်းကို လွမ်းလွန်လွန်းလို့ သွားရည်များတောင် ကျမိပါရဲ့။ တစ်ခါတစ်ခါတော့လည်း ဘာမဟုတ်တဲ့ ကြောက်လျှာပွင့်သုတ်ကိုတောင် လွမ်းမိပြန်ရော။ သည်ဘက်နယ်မှာက ကြောင်လျှာပွင့်ကို သုတ်စားရကောင်းမှန်း မသိတာကြောင့် အပင်အောက်မှာ အပွင့်တွေ ထောင်းလမောင်းထအောင် ကြွေနေတာကို သည်အတိုင်းပစ်ထားကြတာ မြင်ရရင် ပြေးကောက်၊ ပြုတ်သုတ်စားချင်စိတ်တောင် ပေါက်မိသေး။

ဒါတင်ဘယ်ကလိမ့်တုန်း။ ထန်းလက်ကာ ထန်းလက်မိုးထားတဲ့ တစ်ဖက်ရပ်တဲ့ကလေးထဲက ထန်းလက်နဲ့လုပ်ထားတဲ့ ကွပ်ပျစ်မှာ ထိုင်ပြီး မြူအိုးထဲက ခိုပြာရောင်ပေါက်နေတဲ့ ငှက်ခါးတောင် ပုစွန်ဆိတ်ခုန် ထန်းရည်ကို အုန်းမှုတ်ခွက်ကလေးနဲ့ ခပ်သောက်ရတဲ့ အရသာကလည်း ကြိုက်တတ်ရင် လွမ်းစရာ။ စပါးခင်းပေါတဲ့ အညာဆိုတော့လည်း လယ်ကြွက်ကြီးတွေက ဆူပါဘိသနဲ့။ တကယ်ကျွမ်းကျင်တဲ့လူက လယ်ကြွက်ကို ချင်း၊ ကြက်သွန်ဖြူ ဓားပြားရိုက်နဲ့ ကျကျနနများ ကြော်ထားတာကို ထန်းရည်နဲ့များ မြည်းလိုက်ရလို့ကတော့ “ နင့် နန်းမြေကနက် ငါ့ထန်းရည်တစ်ခွက်နဲ့ မလဲရေးချ မလဲ... ” လို့တောင် ကြွေးကြော်မိမှာ ကျိန်းသေ။

မိုးကျပြန်တော့ ပိုဆိုးရော။ ဦးဟန်ကြည်တို့ အညာမှာ မိုးရာသီဆိုရင် အသီးအနှံတယ်ပေါသကိုး။ သက်ရွက်ဆွေးတို့ နွားချေးတို့ပဲသုံးပြီး သဘာဝကျကျ စိုက်ထားတဲ့ အသီးအနှံဆိုတာ ဘယ်လိုပဲစားစား အရည်ရွှမ်းရွှမ်း၊ အရသာအပြည့်။ မုန်လာဥ လတ်လတ်ဆတ်ဆတ်တွေကို ပြုတ်ပြီး ပဲငပိဟင်း အရည်ကျဲနဲ့ တို့စားရတဲ့ ဟင်းကို ငယ်ငယ်က အင်မတန်မုန်းပေမင့် အခုအချိန်မှာ ပြန်စားရမယ်ဆိုရင် တစ်လလုံးလုံးတောင် စားလိုက်ချင်စမ်းပါရဲ့။ သည်စာကို ရေးနေရင်းနဲ့တောင် မုန်ညင်းဖူးကြော် မွှေးမွှေးလေးကို လွမ်းမိပြန်ပါရောလား။

ဆောင်းဦးပေါက်ပဟဲ့ဆိုရင်လည်း လွမ်းစရာတွေက အပြည့်။ ဆောင်းတွင်းကြီး ချမ်းချမ်းဆီးဆီးမှာ သစ်တစ်ပင်လုံးကို အလျားလိုက် တုံးလုံးလှဲပြီး မီးရှို့ထားတဲ့ မီးဖိုနံဘေးမှာ တိုးတိုးဝှေ့ဝှေ့နဲ့ ပူးကပ်ထိုင်ကြရင်း ပြာပူထိုးထားတဲ့ ထန်းမြစ် ဖောင်းဖောင်းအိအိကြီးတွေကို အလုအယက်ယူ၊ ပြာတွေစင်သွားအောင် ပုဆိုးနဲ့သုတ်၊ အခွံတွေခွာ၊ အမျှင်တွေသင်၊ ထပ်ကိုင်းခြမ်း၊ အူတိုင်ထုတ်၊ တစ်ခြမ်းချင်းကို တစ်ပိုင်းစီချိုးပြီး ပြာတွေလူးနေတဲ့ ပန်းကန်ထဲမှာ ထည့်ထားတဲ့ ဆီဆားနဲ့ တို့စားရတာများ အခုပြန်တွေးကြည့် အခုသွားရည်ကျတုန်း။ ပဲစဉ်းငုံပေါ်တဲ့အခါဆိုရင်တော့ ပဲစဉ်းငုံကို အခွံမသင်ဘဲ အိုးထဲပစ်ထည့်ပြီးပြုတ်။ ပဲစဉ်းငုံပြုတ်ကို ဆီများများ ဆားသင့်ရုံထည့်ပြီး တို့စားရတာများ ငယ်ငယ်တုန်းက နတ်သြဇာအစစ်။ ပြောကြစတမ်းဆိုရင်တော့ ဦးဟန်ကြည်တို့ အညာဆိုတာ ငွေကြေးပိုင်းဆိုင်ရာနဲ့ လူနေမှုအဆင့်အတန်းမှာ တန်းမ၀င် စံမမီပေမင့် အစားအစာကတော့ တကယ်ပေါတာကလား။ ဒါကြောင့်လည်း အညာသားများ ကျန်းမာထွားကျိုင်းပြီး ခွန်အားဗလနဲ့ ပြည့်စုံကြတာ ထင်ပါရဲ့။

ဘ၀ရဲ့ သုံးပုံနှစ်ပုံလောက် အညာစာတွေစားပြီး အညာအားအပြည့်နဲ့ အညာသားဖြစ်ခဲ့တဲ့ ဦးဟန်ကြည်ခမျာ ပြည်နယ်သားလည်းဖြစ်ရော အူနဲ့ဟောင်းလောင်း ဖြစ်ပါလေရော။ မနက်မိုးလင်းလို့ ဘာစားမလဲကြည့်လိုက်ရင် ယိုးဒယားစာ “ ကွေ့တယို ”၊ လက်ဖက်ရည်ဆိုင်က နန်းကြီးသုတ်ဆိုတာကလည်း ဦးဟန်ကြည်တို့ ခပ်ငယ်ငယ် အသုပ်စုံလုပ်တန်းကစားခဲ့တဲ့ အသုပ်ကမှ လူစဉ်မီဦးမယ်ထင်ရဲ့။ မုန့်ဟင်းခါးကလေး သောက်မဟဲ့လို့ ကြည့်လိုက်ရင် မုန့်ဖတ်က နှစ်ကျပ်သား ငှက်ပျောအူဖတ်က တစ်ပိဿာ။ ဒါတွေချည်းတွေ့နေရတော့လည်း ဦးဟန်ကြည်ခမျာ မနက်စာရယ်လို့ သတ်သတ်မှတ်မှတ် မစားတော့ဘဲ ဗိုက်ဆာမှပဲ ထမင်းအုပ်လိုက်တာ သည်ဘက်နယ် ရောက်ကတည်းက။ ကာလတွေကြာလာတော့လည်း မနက်စာဆိုတာ ကိုယ်နဲ့မဆိုင်သလိုတောင် ဖြစ်နေပါရော့လား။

ထမင်းစားပြန်တော့လည်း အရွက်တွေက မလတ်ဆတ်၊ အသီးတွေက ဆေးအုပ်၊ အသားတွေက ရေခဲရိုက်။ စိတ်ကြိုက်ဖြစ်မှသာ စားစတမ်းဆိုရင် မာလက ဈာန်ကြွတာ ကြာပေါ့။ စိတ်လိုလက်ရရှိလို့ ညစာကို ဆိုင်သွားစားပြန်ရင်လည်း ဆိုင့်တကာဆိုင်တိုင်းမှာ ချိုတိုတို စပ်တပ်တပ် ယိုးဒယားစာတွေချည်း။ ဒါမစားချင်ဘူးလို့ ညည်းနေရင်လည်း ကိုယ်ပဲငတ်မှာ သေချာနေတော့ ကြိုက်ခြင်းမကြိုက်ခြင်းကို ဘေးချိတ်ပြီး ဇွတ်မှိတ်မြိုရင်းနဲ့ “ ရသတဏှာ ” တောင် ပျောက်လုပျောက်ခင်။ တစ်ခါတစ်ခါ စိတ်ချဉ်ပေါက်လာရင် ကရင်တွေစားသလို ဘူးသီးရေလုံပြုတ်နဲ့ ထမင်းချည်းစားလိုက်ရတာတောင် ခံတွင်းလိုက်သေးရဲ့။

လူ့မနောကလည်း မဖြစ်လို့ ဇွတ်နှစ်လိုက်ရဦးတောင် ဗီဇစိတ်ဆိုတာ လွယ်လွယ်နဲ့ ဘယ်ပျောက်လိမ့်တုန်း။ အနှီတော့လည်း ရာသီချိန်ကျပြီဆိုရင် ရာသီစာကလေးတွေကို အာသီသက ရှိပြန်ပါရော။ ခက်တာက သည်ဘက်နယ်က စားဓလေ့က အညာဓလေ့နဲ့ ဖီလာ။ ကောက်ညှင်းပေါင်းကို အုန်းသီးဆံဖြူးစားတာ သူရို့ပါးစပ်နဲ့ အဟပ်ညီပေမင့် ဆီဆမ်း ဆားဖြူးပြီး ကောက်ညှင်းစေ့ပျောက်အောင် လုံးနယ်စားတဲ့ အညာဓလေ့နဲ့ကျတော့ ပြောင်းပြန်။ ထန်းမြစ်မီးဖုတ်မရနိုင်ရင်လည်း အရပ်ထဲမှာ လည်ရောင်းနေတဲ့ ထန်းမြစ်ပြုတ်ကလေးကို ချဉ်ရဲပြေစားမယ်လို့ မြည်းကြည့်ပြန်တော့လည်း လက်ညှိုးလုံးလောက် ထန်းမြစ်ကလေးတွေကို မဖြစ်ညစ်ကျယ် ပြုတ်ထားရတဲ့ကြားမှာ ထန်းမြစ်ကလည်း နုထွတ်နေပြန်တော့ ခါးချက် ကမ်းကုန်။ အနှီတော့လည်း အညာသားဦးဟန်ကြည်ခမျာ ရာသီစာဟူသမျှ သေခန်းပြတ်။

တမြန်နေ့ကတော့ Myanmar MP3.net ကနေ သီချင်းတွေ ရှာနားထောင်ရင်း ဇော်ဝင်းထွဋ်ရဲ့ “ ဆေးပေါင်းခတဲ့ည ” ဆီးရီးကို နားထောင်လိုက်မိတာ ရာသီစာ မယ်ဇလီဖူးသုတ် စားချင်တဲ့ပိုးက အလိုက်ကမ်းဆိုးမသိ ထလာပြန်ပါရောလား။ ခက်တာက သည်ဘက်နယ်မှာ မယ်ဇလီဖူးကို သုတ်စားရကောင်းမှန်းမသိဘဲ အပွင့်ပါမကျန် ရောထည့်ပြီး ဟင်းချိုချက်သောက်တာပဲ တတ်တာကိုး။ သည်ကြားထဲမှာ ဒေသကလည်း သစ်ပင်ဟေ့ဆိုရင် ဓာတ်ဗူးလောက် လုံးပတ်ရှိရင်တောင် လှဲပြီး ခွဲစိတ်ရောင်းစားကြပြန်တော့ “ ဆေးပေါင်းခ ” ချင်တဲ့ အိပ်မက်က ခပ်ဝါးဝါး။

သို့ပေမင့် “ လူမင်းဘုန်းကြီး နတ်မင်းမနေနိုင် ” ဆိုတဲ့ မြန်မာစကားပုံက အတော်မှန်ဟန်တူရဲ့။ တပည့်မတစ်ယောက်က “ ဆရာ မနက်ပိုင်းဆိုရင် ဈေးသည်တွေ မယ်ဇလီဖူး လာရောင်းတယ်ဆရာဆရာလိုချင်ရင် သမီးဝယ်ခဲ့မယ် ” လို့ မနေ့ညနေက သတင်းပို့ပါရောလား။ ကြည့်စမ်း။ တော်လိုက်တဲ့တပည့်။ ဆရာက မယ်ဇလီဖူးသုတ်စားချင်တယ်လို့ ပြောဖူးလို့ သမီးမှတ်ထားတာ ” လို့ဆက်ပြောတော့ အနှီတပည့်ကို အမှတ်ကြီးတစ်မှတ်တောင် ပေးလိုက်မိသေး။ သို့ပေမင့် သူရို့ဒေသအထာကို သဘောပေါက်ပြီးသားဆိုတော့လည်း “ ဟဲ့မယ်ဇလီဖူးက အပွင့်ဝါ၀ါတွေ မပါဘူးနော်အဖူးလေးတွေချည်းပဲ ” လို့ တိတိကျကျ ပြောလိုက်ရသေးရဲ့။

သည်နေ့ညနေခင်း သင်တန်းချိန်ရောက်တော့ တပည့်မက မယ်ဇလီဖူး ပြုတ်ပြီးသား အထုပ်သုံးထုပ် ဦးဟန်ကြည့်လက်ထဲကို လာထည့်ပါလေရော။ အစိမ်းမရလို့ ပြုတ်ပြီးသားဝယ်လာတာလို့ ဆိုပေမင့်လည်း something is better than nothing မူအတိုင်း လက်ခံထားလိုက်ရပါရဲ့။ အထုပ်ကို ဖြည်ကြည့်လိုက်တော့ မယ်ဇလီဖူးက တကယ်ပိစိလေးတွေချည်း။ နှမ်းစေ့ကတောင် သူ့ထက် အရွယ်ကြီးမယ်ထင်ရဲ့။ သည်ကြားထဲမှာ အရိုးတွေမဖယ် အညှာတွေ မသင်ဘဲ သည်အတိုင်းပြုတ်ထားလိုက်တာများ တစ်ရိုးတစ်ရိုးက လက်သန်းလောက်။ သို့ပေမင့် “ အလကားရတဲ့နွား သွားဖြဲကြည့် ” နေလို့မှ မဖြစ်ဘဲကိုး။ အနှီတော့လည်း ဆရာလုပ်တဲ့လူတွေရဲ့ ထုံးစံအတိုင်း ၀ယ်လာတဲ့တပည့် စိတ်ချမ်းသာအောင် သာဓုကလေးဘာလေးခေါ်၊ ဆုလေးဘာလေး ပေးရပေသပေါ့လေ။

အိမ်ပြန်ရောက်လို့ “ မဒမ်ရေမယ်ဇလီဖူး သုတ်စားရအောင်ဟေ့ဆေးပေါင်းခသတဲ့ကွ ” လို့ ပြောပြီး မဒမ်ကြည့်လက်ထဲ မယ်ဇလီဖူးထုပ်တွေ ထည့်လိုက်တော့ မဒမ်ကြည့်မျက်နှာက မထုံတက်သေး။ “ ဟဒီဒေသမှာက မယ်ဇလီဖူးဆိုတာ ရှားပါးပစ္စည်းကွ ” လို့ ကိုယ့်ပစ္စည်းကို role တင်လိုက်မိမှပဲ “ မယ်ဇလီဖူး သုတ်စားတာကတော့ ဟုတ်ပါပြီ.ဘယ်မလဲ အာလူးတိုဖူးကလေးကလည်း ပါဦးမှ စားကောင်းမှာ ဘယ်မလဲ တိုဖူး ” ဆိုတဲ့ မဒမ့်စကားလည်းကြားရော ဦးဟန်ကြည် ပါတောပိတ်။ အာလူးဆိုတာက ဈေးထဲသွားဝယ်ရင် ရနိုင်ပေမင့်လည်း အချိန်က ညကြီးအချိန်မတော်။ တိုဖူးဆိုတာက ပိုဆိုးသေး။ စားချင်ဦးတောင် တိုဖူးရောင်းတဲ့ဆိုင်မရှိ။ စားချင်သပဆိုရင် ပဲမှုန့်အစိမ်းဝယ်ပြီး ကျိုပေရော့ကိုယ်တိုင်။

အနှီတော့လည်းကိုင်းသည်ညတော့ ဆေးပေါင်းခမဟဲ့ ဆိုတဲ့ ဦးဟန်ကြည်ရဲ့ ဧရာမစိတ်ကူးကြီးခမျာလည်း မဒမ့်လက်ထဲက မယ်ဇလီဖူးပြုတ် ပျော့ပြဲပြဲကလေးတွေနဲ့အတူ ပုံပျက်ပန်းပျက်ဖြစ်ရော။ ဦးဟန်ကြည်တို့ ဖီလင်အောက်ပုံများကတော့ ထီပေါက်ပြီး လက်မှတ်ပျောက်တဲ့အဖြစ်နဲ့ နင်လားငါလား။ မဒမ့်မျက်နှာကြည့်လိုက်တော့ “ ကိုင်းဘယ့်နှယ်ရှိစ ” ဆိုတဲ့ မျက်နှာပေးနဲ့။ မဖြစ်ဖြစ်အောင် စီစဉ်ပြီး သုတ်ပေးကွာလို့ ပါဝါသွားပြရင်လည်း မယ်ဇလီသုံးထုပ်လုံး မိုးပျံဂီယာတပ်ခံရမှာ သေချာပေါက်။ အနှီတော့လည်း -

ကိုင်းမဒမ်ရေအနှီမယ်ဇလီဖူးလေးတွေကို ရေခဲသေတ္တာထဲမှာ ထည့်ထားလိုက်ပါ့မယ်ကွာမနက်ခင်းမှာ မယ်ဇလီဖူးတွေလည်း အကောင်းအတိုင်းရှိ၊ ဦးဟန်ကြည်လည်း စားရကံကြုံရင်တော့ ဆီချက်ကလေးချက်ပြီး ဖြစ်သလိုပဲ သုတ်စားလိုက်ကြတာပေါ့စားရကံမကြုံတော့လည်း အခါတိုင်းနှစ်တွေလိုပဲ ငတ်မြဲ ငတ်ဆဲလို့ သတ်မှတ်လိုက်ကြပါစို့ရဲ့

လို့ လေပြေကလေးထိုးရင်း ရေခဲသေတ္တာကလေးကို အသာဖွင့် အထုပ်ကလေးသုံးထုပ်ကို ထည့်ရင်း အဆင်သင့်တွေ့တဲ့ ဘီယာကလေးတစ်ဗူးကို အသာဖောက်ပြီး…“ ဘီယာလည်း ဆေးဖက်ဝင်ပါသကွာတံဆိပ်တစ်မျိုးကို ဆေးတစ်မျိုးလို့ သတ်မှတ်ပြီး ဆေးပေါင်းခသွားအောင်လို့ ဘီယာနှစ်မျိုး တွဲသောက်လိုက်ပါ့မယ်… ” လို့ အသာလျှောချလိုက်ရပါရောလား။

ဘီယာလေးနှစ်ဗူးကို စားပွဲပေါ်အသာချ၊ ကွန်ပျူတာထဲက သီချင်းတစ်ပုဒ်ကို ကောက်ဖွင့်လိုက်တော့ Rocker ကြီး ဇော်ဝင်းထွဋ်ရဲ့

***ဆေးပေါင်းခတဲ့ ညပေါ့ကွယ်
ဒီမှာကိုယ့်အနား မင်းရှိနေတယ်
ဒဏ်ရာတွေအကုန်လုံး အဝေးသို့လွင့်စင်
ကြင်နာသူ အချစ်များ ဆေးဖက်ဝင်*** ”

ဆိုတဲ့ သီချင်းသံကြီးက ဟိန်းလို့။ အင်းပေါ့လေအနားမှာ မဒမ်ကြည် ရှိနေမင့်ဟာ မယ်ဇလီဖူးတောင် ဘယ်လိုတော့လိမ့်တုန်း။ ပြောရမယ်ဆိုရင် ဘီယာလေးတောင် အဆစ်ပါသေးရဲ့ မဟုတ်လား ;)      




( ဟန်ကြည် )
၃၀.၁၀.၂၀၁၄ ( ကြာသပတေးနေ့ )

Thursday, 16 October 2014

“ တောသား . . . ”




ဦးဟန်ကြည်သည် မိမိကိုယ်ကို တောသားအစစ်ဟု ဂုဏ်တင်လိုလှသည်။ သို့သော် ဦးဟန်ကြည်ကား အညာကျေးလက်ဒေသ၏ တောနယ်ဇနပုဒ်တွင် မွေးဖွား၍ အညာရွာကလေးတွင် အခြေချနေထိုင်သော အဘိုး၊ အဘွားများ၏အိမ် လှေကားရင်းတွင် အချင်းမြှုပ်ခဲ့သော်လည်း လူလားမြောက်သောအခါတွင် တောရွာတွင်မဟုတ်ဘဲ တောမက မြို့မကျသည့် အညာမြို့ငယ်ကလေးတွင် လူဖြစ်ကြီးပြင်းခဲ့သောကြောင့် တောသားအစစ်လည်းမဟုတ်၊ မြို့ကလေးသားအစစ်လည်းမဖြစ် စိတ်ညစ်စရာ အောက်ကလိအာ အနေအထားဖြင့် လူဖြစ်ကြီးပြင်းခဲ့ရသည်ကို ယနေ့အချိန်အထိ မကျေနပ်နိုင်။ ရှိစေတော့။ လူသည် မိမိ၏ ငယ်ဘ၀ကို ပြန်လည်စီရင်ရန် မစွမ်းနိုင်သော သတ္တ၀ါ တစ်မျိုးမဟုတ်လော။ တောတွင်မွေးဖွားကြီးပြင်းခဲ့သော မိဘများက အညာမြို့တွင် အခြေစိုက်နေထိုင်ခဲ့သောကြောင့် ဦးဟန်ကြည်ပေါက်စလည်း တောမြစ်တွင် မြို့ငယ်အပွင့် ပွင့်ရသည့် “ ဘိမသာ ဘာမသိပင် ” ဖြစ်ရခြင်းကို မပြုပြင်နိုင်။

ခက်သည်က ဦးဟန်ကြည် လူဖြစ်ခဲ့သော အညာရွာသည်လည်း ရွာစစ်စစ်မဟုတ်။ မြို့၏ ဆင်ခြေဖုံးတွင်ရှိသော ရွာငယ်သာသာ။ သည်တစ်နွေဦးဟန်ကြည် အညာပြန်ရောက်ချိန်တွင် ချက်မြှုပ်အညာရွာသည်ပင် ရွာမဟုတ်တော့။ ရွာဇာတ်ပြောင်း၍ ရပ်ကွက်ဖြစ်နေလေပြီ။ အီလည်လည်ခံစားချက်ဖြင့် တောသားလည်းမဟုတ်၊ မြို့ကြီးသားလည်း မဖြစ်ရသော ဦးဟန်ကြည်မှာ ကိုယ့်ကိုယ်ကို ဘယ်အနေအထားတွင် ထားရမည်မှန်း မသိတော့။ မြို့သားဟု ခေါင်းစဉ်တပ်ပြန်လျှင်လည်း ရန်ကုန်၊ မန်းလေး မြို့ကြီးသားများက ဟားတိုက်၍ ရယ်သည်ကို ခံရပေဦးမည်။ တောသားဟု အမည်ပေးလျှင်လည်း တောကြိုအုံကြားမှ တကယ့်ဇနပုဒ်သားက “ သနားတယ် ကိုယ့်လူ ” ဟု မကြည်ဖြူသော မျက်နှာပေးမျိုးဖြင့် ဝေးဝေးကရှောင်ကြသည်ကို ခံရမည်မှာ မလွဲ။ ခက်ပဲခက်လှချည့်။ မွေးခဲ့သည့် မိဘနှစ်ပါးကိုပင် ရန်လုပ်ချင်စရာ။ သို့သော်လည်း မိမိမွေးရပ်ဇာတိ၊ မိဘရှိရာတွင် ကလေးမျက်နှာမြင်လိုသော ဦးဟန်ကြည့် မေမေ၏ အားကိုးစိတ်ကိုတော့ မလေးစား၍ မဖြစ်နိုင်ပြန်။ ခံစားချက်တို့ကို ဘေးချိတ်ရင်း ဦးဟန်ကြည် ကြီးပြင်းခဲ့ရသည့်ဘ၀ကို ပြန်သုံးသပ်လျှင်ကား တောသားလည်းမဟုတ် မြို့သားလည်း မဟုတ်သည့် “ ခပ်နုပ်နုပ် ” သတ္တ၀ါဘ၀။

တောတွင်မွေး၍ မြို့တွင် ကြီးပြင်းခဲ့သော ဦးဟန်ကြည်သည် ငယ်ဘ၀တလျှောက်လုံး “ ငါသည် မြို့သား ဖြစ်သည် ” ဟူသော ထင်တစ်လုံးဖြင့် ဘ၀င်နှလုံး ရွှင်ပြုံးရင်း မြို့နယ်တွင်းရှိ ကျေးရွာများတွင် လူလားမြောက် ကြီးပြင်းလာခဲ့သော သူငယ်ချင်းများ၊ မိတ်ဆွေအပေါင်းအသင်းများကို “ တောသား ” ဟု နာမည်တပ်၍ ခပ်ဆတ်ဆတ် ဆက်ခံခဲ့မိသည်ကိုကား မငြင်းလို။ ကိုယ့်ကိုယ်ကို ပြန်ကြည့်လျှင်ကား မြို့ကြီးသား မဟုတ်လား။ ကာလယန္တယား တိုက်စားလွန်မြောက်၍ ဦးဟန်ကြည် တက္ကသိုလ်ရောက်ပြီး စိတ်နောက်ကိုယ်ပါနိုင်စွမ်းသည့် ရွှေမန်းသား၊ တောင်ကြီးသား၊ မိုးကုတ်သား၊ မုံရွာသား ဘော်ဒါများနှင့် အပေါင်းအသင်းဖွဲ့မိလျှင်ကား ကိုယ်တိုင်လည်း မြို့ကြီးသား မဟုတ်တော့ပြီ။ ကိုယ့်ရည်းစားကပင် ကိုယ့်ဇာတိကို ထီမထင်သည့် အဟုတ်မကြွားသာသည့် ဇနပုဒ်သားပမာ ဖြစ်ရှာရလေပြီ။ ၀ဋ်သည် လည်တတ်ပေစွ။ ဘ၀သည် တရား၏။ ကိုယ်ကြည့်ခဲ့သည့်အတိုင်း ကိုယ့်ကို ပြန်မြင်ကြသည်မှာ နိယာမ။ ဦးဟန်ကြည် ဘာကိုမှ အပြစ်မတင်လို။ ကိုယ့်ကိုယ်ကို ရှက်မိသည်ကိုတော့ မငြင်း။ ခပ်ရှင်းရှင်းဝန်ခံရလျှင် ဦးဟန်ကြည်သည် ရေအိုင်ထဲမှ ဖားသူငယ်ပမာ မာနတက်ခဲ့မိသည်မဟုတ်လား။

အရွယ်ရောက် ကြီးပြင်း၍ ခေါင်းထက်တွင် ဆံပင်ဖြူများ ခပ်ကျားကျားနေရာယူလာသော ယခုအရွယ်ရောက်လျှင် တောသားမြို့သား အရေးကို စိတ်အတွင်းတွင် စစ်ဆေးကြည့်မိတိုင်း ရှင်မဟာသီလ၀ံသနှင့် ခုံတော်မောင်ကျဘန်းတို့၏ စကားစစ်ထိုးပွဲကို  ဦးဟန်ကြည် သတိရမိသည်။ ခုံတော်မောင်ကျဘန်း၏ “ ဘယ်ကိုကြွမလို့လဲ ဇနပုဒ်သား အရှင် ” ဟူသော အမေးကို “ အမရပူရကို ကြွမလို့ပါ ရွာကြီးသား ခုံမင်း ” ဟု ရှင်မဟာ သီလ၀ံသက အဖြေတော်ရှိခဲ့သည် မဟုတ်ပါလား။ အမရပူရ ဘုရင့်မြို့တော်ကြီးကို “ ရွာ ” ဟု သုံးနှုန်းခြင်းကို ခံပြင်းခဲ့သည့် မောင်ကျဘန်းကို ရှင်မဟာသီလ၀ံသက ဖြေရှင်းသည့် “ လူ့ဘုံ နတ်ရွာဟူသော စာစကားအရ နတ်တို့ပျော်စံရာ နတ်ပြည်ကိုပင် ရွာဟု ခေါ်ကြသေးလျှင် သာမန်လူတို့ နေထိုင်ရာ မင်းနေပြည်တော်ကလေးကို ရွာကြီးဟု တင်စားလိုက်ခြင်းကို နာဖွယ်ရာမရှိ ” ဟူသည့် စကားသံသည် ဦးဟန်ကြည်၏ နားအတွင်းတွင် မကြာမကြာ ပဲ့တင်ထပ်လာလေ့ရှိသည်။ ဟုတ်ပါရဲ့။ နတ်ပြည်ကိုပင် “ နတ်ရွာ ” ဟု သမုတ်သေးလျှင် ဦးဟန်ကြည်တို့ လူ့ပြည်မှာ ရှိသမျှသော မြို့ကြီးဟူသမျှကို ရွာဟု သမုတ်လျှင်လည်း နာစရာ အကြောင်းမမြင်။ အမှန်ကို ဆင်ခြင်မိလျှင် အမြင်မှားခဲ့သမျှ တရားကျဖို့သာ ကောင်းလေပြီ။

ကြည်လင်သော အတွေးစတို့ကို နှလုံးသားမှ သိမြင်လာချိန်တွင် ဦးဟန်ကြည်သည် မြို့ငယ်သားဖြစ်ရခြင်းကို မရှက်တော့။ မြို့ကြီးသား မဖြစ်ခဲ့ရခြင်းကိုလည်း ၀မ်းမနည်း။ အသည်းထဲတွင် တံဆိပ်နှိပ်ရင်း ချက်ချင်းသုံးသပ် ဆုံးဖြတ်လိုက်မိသည်မှာ “ ငါသည်…တောသား ”။ တောသားဖြစ်တော့ ဦးဟန်ကြည် ဘာများ ဂုဏ်ငယ်စရာ ရှိပါဦးမည်နည်း။ ဝေးစွခြောက်ပါး။ လားလားမျှ မရှိ။ တောသားသည် ရိုးသား၏။ တောသားသည် ပကတိ အရှိတရားကို ကိုးကွယ်သူ။ တောသားသည် အများအတွက် အသက်ဆက်ရှင်သန်နေသူ။ တောသားမရှိလျှင် မြန်မာပြည်ကြီးတွင် ကိုးကွယ်စရာ ဘုန်းကြီးနှင့် ကာကွယ်ပေးမည့် စစ်သား ဟူ၍ မရှိနိုင်တော့။ ပစ္စုပ္ပန်နှင့် သံသရာ နှစ်ဖြာသော ကာကွယ်ခြင်းကို ဆောင်နှင်းပေးနိုင်သည့် တောသားဖြစ်ရခြင်းကို ဦးဟန်ကြည် အဘယ်ကြောင့် ၀မ်းနည်းရမည်နည်း။ ကြီးမားသော ကြေကွဲခြင်းကို စာတင်ကြစတမ်းဆိုလျှင် တောသားအစစ် မဖြစ်ရခြင်းကိုပင် ဦးဟန်ကြည် ၀မ်းနည်းစရာပင် ကောင်းလှတော့သည်။

မြန်မာပြည်တွင် လူဦးရေ၏ ၇၀ ရာနှုန်းကျော်သည် တောသားများ ဖြစ်သည်။ ထို့ထက်ပိုလျှင် ပိုမည် လိုသည်ဟူ၍ မရှိနိုင်သည်မှာ အမှန်တရား။ လူအများစုသည် တောသားဖြစ်နေသော မြန်မာပြည်တွင် ဦးဟန်ကြည် တောသားဖြစ်ခြင်းသည် မဆန်း။ ၀မ်းနည်းစရာမလို။ “ တောသား ဒိုက်ဖတ် ” “ ကဒတ် ” ဟူ၍ ချိုးချင်နှိမ်ချင်သော မြို့ကြီးသားများကို “ တကယ်များ သတ္တိရှိလျှင် တောသားနဲ့ မြို့သား စစ်တိုက်တမ်း စမ်းကြစို့ ” ဟု စကားတစ်ခွန်း လက်ဆောင်ပါးလိုလှသည်။ တောသားသည် ပကာသနမရှိ။ အလှအပနတ္ထိ။ ကြည့်မကောင်းသော သတ္တ၀ါ။ စကားပြောရာတွင်လည်း ခပ်ကြမ်းကြမ်း။ လုပုံကိုကြည့်စမ်းဦး ကြမ်းတမ်းခက်တရော် ခေါ်ချင်စရာမကောင်း၊ ပေါင်းချင်စရာ ဝေးစွ၊ အဝေးကပင် ရှောင်ချင်စရာ။ ကမ္ဘလာမြေထု အခြေပြုပြီး လုပ်ကိုင်စားသောက်နေရသော တောသားထံတွင် နုနွဲ့သိမ်မွေ့ခြင်းကို ဘယ်ဒင်းမှ မတွေ့နိုင်။ နွားနှင့်ဖက်ရုန်းနေရသော တောသားထံမှ အလှတရားဆိုသည်မှာ ကာယလုပ်အားသက်သက်။ မက်ဖွယ်စက်ဖွယ် ရုပ်အဆင်းဆိုသည်မှာ တောသားတွင် မရှိ။ ကြည့်ပါ။ တောသားမှာ ရင်ခုန်စရာ ဘာများရှိနိုင်လိမ့်တုန်း။ အပြင်ပန်းကို ကြည့်၍ လူကို အကဲဖြတ်ချင်သော မြို့ကြီးသားများအမြင်တွင် တောသားသည် ပြုံးချင်စရာ။ ဟောင်ဖွာဟောင်ဖွာ ပြောတတ်သော တောသားသည် ဟားချင်စရာ။ ဘာကိုမှာ ဂဃနဏ မသိရှာသော တောသားသည် ပီဘိ ဟာသ သတ္တ၀ါစစ်စစ်။

“ အမြစ်မြေက ” ဟူသော စကားကို ဦးဟန်ကြည် ကြားကတည်းက သဘောကျသည်မှာ ယခုအရွယ်အထိ။ ကြည့်လိုက်စမ်းပါ။ အမိမြန်မာပြည်တွင် တောသားသည် အမြစ်မဟုတ်လား။ မြေထုကြားတွင် လူမမြင် သူမသိ ရှိသမျှစွမ်းအားနှင့် ကြိုးစားရုန်းကန်နေကြသော တောသားအမြစ်များ၏ စိတ်ထား၊ လုပ်ရပ် တည့်မတ်ကြံ့ခိုင်မှုကို မြေပေါ်ရှိ မြို့သား အသီးအပွင့်များ မှီခိုအားထားနေရသည်ကို မေ့လျော့ထားလျှင် ဦးဟန်ကြည် ဟားတိုက်၍ပင် ရယ်လိုက်ချင်ပါ၏။ “ ကြည့်သော မျက်စိတွင် သိသော အသိတရား မကပ်လျှင် မြင်သမျှအမှား ” ဟူသော အရှိတရားကို ဘယ်အနားတွင် ထားရပါမည်နည်း။ မြန်မာပြည်ကြီးတွင် တောသားက စပါးမစိုက်လျှင် ပေါင်မုန့်စား၍ ရှင်သန်နိုင်သူ မည်မျှ ရှိပါသနည်း။ တောသားက သီးနှံမစိုက်လျှင် အသီးအနှံကြိုက်သည့် မြန်မာ့မြို့သားကြီးများ ဘယ်နိုင်ငံက အသီးကိုစား၍ ရှင်သန်ကြမည်ကို စဉ်းစားချင်စရာ ကောင်းလှပါ၏။ ကြည့်ပါ။ ဗလချာ မွဲငတ်၍ စုတ်ပြတ်သော အ၀တ်အစားဖြင့် ကြိုးစားရုန်းကန်နေကြသည့် မြန်မာ့တောသားများသည် ကြွားရရွား ၀င့်စားနေသည့် မြို့နေပညာတတ်လူတန်းစားများ အစားတစ်လုပ်ဖြင့် လူလုပ်နိုင်ရေးအတွက် ရွှံ့ထဲနွံထဲတွင် နွားနှင့်ဖက်ရုန်းရင်း အသက်ဆက်ပေးနေကြသည့် အမြစ်များဖြစ်သည်မဟုတ်ပါလား။

အလုပ်မပါသည့်စကားများဖြင့် တောသားကို နှိမ်ကြသည်ကို တောသားဦးဟန်ကြည် မကျေနပ်။ စိတ်ဓာတ်အောက်တန်းကျခြင်းကို ဦးဟန်ကြည် မနှစ်လို။ ကိုယ့်ကိုယ်ကို တန်ဖိုးထားလျှင် တစ်ဖက်သားကို လေးစားရမည်မှာ လောကနိယာမ။ ကိုယ်က မြို့သား အကောင်းစားဟု ကြွားတ၀င့်ဝင့်ဖြင့် စကားအဆင့်ဆင့် မြှင့်နေခြင်းကို ဦးဟန်ကြည် မကြည်ညို။ ကိုယ့်ကိုယ်ကို ချစ်လျှင် တစ်ဖက်သားကို အပြစ်မမြင်စတမ်း။ ကိုယ်ထမ်းသောဝန်ကမှ အရေးကြီးသည်ဟု သွေးကြီးနေလျှင် ဦးဟန်ကြည့်အမြင်တွင် ထိုသူသည် ချဉ်ဖတ်အဆင့်ထက် တစ်ပြားသားမှ မပို။ စားနေသော ထမင်းသည် တောသား၏ ကျေးဇူးမကင်း။ ခင်းထိုင်သော သင်ဖြူးသည် တောသား၏ ချွေးစက်များ။ နွားနှင့်ဖက်ရုန်းနေသော တောသားကို လူလားမမြောက်၊  လူလောက်မတန်ဟူသော အတွေးဖြင့် အဖက်မလုပ်ချင်လျှင် ထိုသူ့ထက် ချဉ်သော ချဉ်ဖတ်မရှိနိုင်တော့။ ထိုသူမျိုးကို ဦးဟန်ကြည်မြင်ရလျှင် အန်ပင် အန်မိမည်မှာ မလွဲ။ ငါမှငါဟူသည့် လွဲမှားသော စိတ်ထားရှိသည့် ထိုထိုသော လူ့အန္ဓမျိုးကို ဦးဟန်ကြည် အိပ်မက်ထဲပင် ထည့်မမက်ချင်။ တိုးတက်ချင်သော တိုင်းပြည်ဟူသမျှ တောသားအစ၊ ရွာသားအလယ်၊ မြို့ငယ်သားအလတ်၊ ရပ်ကြီးသားအဆုံး အားလုံးချစ်ကြည် တူညီသော စိတ်ထားရှိကြရမည်မှာ အသေချာဆုံး နိယာမ။ မည်သည့်အခါတွင်မှ မလွဲနိုင်သော အမှန်တရား။ လူသားအချင်းချင်း ရိုင်းပင်းချင်းမရှိ၊ တန်းမညှိနိုင်သည့် “ ဖာတိုင်းပြည် ” တွင် ဦးဟန်ကြည် မပျော်ရွှင်။ လူစင်စစ်ဖြစ်လျှင် ထိုအနေအထားမျိုးမတွင် မကြည်လင်နိုင်သည်မှာနိယာမ။

သိလာသမျှကို သတ္ထုချကြည့်လျှင် ဦးဟန်ကြည်တို့ တိုင်းသူပြည်သား အများစုတွင် လူသားချင်း ရိုင်းပင်းစိတ်မရှိ။ ကူညီချင်စိတ် နတ္ထိ။ သနားစိတ်ကတော့ အပြည့်ရှိသည်မှာ ဧကန်။ အမှန်အတိုင်းပြောရလျှင် မြန်မာပြည်သားတို့၏ သနားစိတ်ကို ဦးဟန်ကြည် ချဉ်လိုက်သမှ ကျောက်ချဉ်ကပင် အဘခေါ်ပေလိမ့်မည်။ ဦးဟန်ကြည်တို့လူမျိုးသည် တစ်ဖက်သားကို အလွန်တရာ သနားတတ်သော လူမျိုးဖြစ်သည်။ ဟိသစ္စံ၊ မှန်၏။ တစ်ဖက်သားကို သနားတိုင်း ဦးဟန်ကြည် မလေးစား။ ဦးဟန်ကြည်တို့ တိုင်းသူပြည်သားများ တစ်ဖက်သားကို သနားခြင်းမှာ “ ကွာ…ဒီကောင်တွေ ငတ်နေ ဆင်းရဲနေတာ သနားလိုက်တာ…ကျွတ် ကျွတ်… ” ဟူသော စကားသံနောက်ကွယ်တွင် “ အေး…ငါတော့ မငတ်သေးဘူး…မင်းတို့ကို ကျွေးနိုင် ပေးနိုင်သေးတယ် ” ဟူသည့် မောဟ၊ မာန ရာခိုင်နှုန်းအတော်များများ ပါနေသည်ကို ဦးဟန်ကြည် အသိဆုံး။ နတ္ထိဆုံးနေသည့် လူဆင်းရဲတစ်ယောက် ကံကောင်းထောက်မ၍ ကြွယ်ဝချမ်းသာသွားလျှင် ကြည်လင်သောစိတ်ထားနှင့် မုဒိတာ ပွားနိုင်သည့် မြန်မာပြည်သား မည်မျှများသနည်းဟူသည်ကို ဦးဟန်ကြည်တို့ ဆန်းစစ်ကြဦးစို့။ “ ဒီကောင် အရင်က ငတ်နေတာပါ…အခုမှ ခွင်ကောင်းမိပြီး ချမ်းသာသွားတာ ” ဟူသော စကားသံများ နားနှင့်မဆန့်သည့်တိုင်းပြည်တွင် ချစ်ခင်စရာစိတ်ထား မည်မျှ ရှားပါးနေသည်ကို ဦးဟန်ကြည် စောကြောမိနေသည်မှာ ကြာပေပြီ။

ဤမျှ ချာတူးလန်သော စိတ်ဓာတ်များ ဖောင်းပွနေသည့် ရွှေပြည်ကြီးတွင် ဦးဟန်ကြည်ကား တောသား။ တောသားမစစ်သော်လည်း တောကိုချစ်သောကြောင့် တောသားဖြစ်ခြင်းကို ဂုဏ်ယူနေသည့် “ အောက်ကလိအာတောသား ”…။
သဘောတရားအဖြစ်ပြောလျှင် တောသားအစစ်မဟုတ်သော ဦးဟန်ကြည်သည်…
တောသားကို ချစ်သည်။
တောသားအဖြစ်ကို မြတ်နိုးသည်။
တောသား၏ ရိုးသားခြင်းကို ဂုဏ်ယူသည်။
တောသား၏ အသိဥာဏ်နည်းခြင်းကို ခွင့်လွှတ်သည်။
တောသား၏ ကံကြမ္မာနုံနဲ့ခြင်းကို အားမရ။
တောသား၏ နုံချာလှခြင်းကို မကျေနပ် . . .။
တောသားကို စော်ကားခြင်းကို ပြင်းထန်စွာ ဒေါသထွက်သည်။
တောသားသည် မြန်မာပြည်၏ ကျောရိုး။
တောသားသည် မြန်မာပြည်၏ ကျက်သရေ။
တောသားသည် မြန်မာပြည်၏ အနာဂတ် တက်နေ။
တောသားမရှိလျှင် မြန်မာပြည်ဟူသည် မရပ်တည်နိုင်ဟူသော ခံယူချက်ကို ဦးထိပ်ရွက်ထားမိသည်မှာ ဦးဟန်ကြည်သာလျှင် ဖြစ်လေ၏ . . .။  




Wednesday, 8 October 2014

“ ဂီတရူး နဲ့ ဂီတမိတ် . . . ”




ဦးဟန်ကြည်ဆိုတဲ့ လူကြမ်းကြီးက သီချင်းနဲ့ ပတ်သက်လာရင် Black-eyed Susan ကိုတောင် ကလေးဘတုန်းက အမြီးအမောက်တည့် ကီးကိုက်အောင်မဆိုနိုင်၊ တူရိယာနဲ့ ပတ်သက်လာရင် ၀ါးလက်ခုပ်ကိုတောင် နရီမှန်အောင် မတီးတတ်၊ အကနဲ့ ပတ်သက်လာရင် ချိုမိုင်မိုင်တောင် အပေါက်အလမ်းမတည့်ပေမင့် ဂီတသုခုမကိုတော့ ဘာမက်သလဲ မမေးနဲ့။ ဘာမြတ်နိုးသလဲ မမေးနဲ့။

မေမေ့ပြောစကားအရ မောင်ဟန်ကြည် ငတိက ပုလုကွေးအရွယ်ကတည်းက ညအိပ်ရာဝင်ရင် သီချင်းကလေးနဲ့ ချော့သိပ်မှ အိပ်ပျော်တာ ဆိုပဲ။ အံမယ် သီချင်းစာသားကို နားလည်ဖို့ထားဦး စကားတောင် မပြောတတ်သေးတဲ့ ငတိက မြူးမြူးကြွကြွ သီချင်းမျိုးဆိုပြရင် သဘောမကျတဲ့အပြင်၊ သီချင်းတစ်ပုဒ်ကို သုံးလေးညဆက်တိုက် ဆိုပြရင်လည်း နားယဉ်ပြီးသား သီချင်းကြီးကို နားမထောင်ချင်ဘူး ဆိုတဲ့ သင်္ကေတနဲ့ ပြဲပြဲလန်အောင် ငိုပါသတဲ့။ အင်း...ဦးဟန်ကြည့်အဘွားရော၊ မေမေပါ ဂီတပိုးကလေးပါခဲ့လို့ သီချင်းကလေး အမြဲညည်းနေတတ်တဲ့ ၀သီကလေး ရှိပေလို့သာပေါ့။ ခေတ်ကလည်း ငြိမ့်ငြိမ့်ညောင်းညောင်း သီချင်းတွေ ခေတ်စားခဲ့တာမို့လည်း အဆင်ပြေတယ်ထင်ပါရဲ့။ သည်ဘက်ခေတ်လို ခွေးခေါ်သံ၊ ၀က်ခေါ်သံ “ ရို့ ရို့...အို့ အို့ ” တွေနဲ့ချည်း တန်ဆာဆင်ထားတဲ့ သီချင်းတွေနဲ့ချည်း တင်းကြမ်းဖြစ်နေရင် သကောင့်သားမောင်ဟန်ကြည် ပုခက်ထဲကငချွတ်ခမျာ အိပ်လို့တောင် ပျော်ရှာမယ် မထင်ပေဘူး ;)

မောင်ဟန်ကြည် မတ်တပ်ပြေးအရွယ်ရောက်တော့ ဂီတဗီဇက ပိုလို့တောင် ပီသလာသေးတယ်ဆိုကိုး။ ထူးအိမ်သင်ရဲ့ သီချင်းစာသားကို ကိုယ်ကြားသလို ပြန်ဆိုထားတဲ့ “ နှမ်းခင်းလမ်းလေးလျှောက်ပါ...ချစ်ကလေးရယ်... ” ဆိုတဲ့ တစ်ပိုဒ်ကို ပါးစပ်ထဲက မချတမ်း ဆိုပါသတဲ့။ အနှီတစ်ကြောင်းတည်းကိုချည်း အားတိုင်းအော်နေတာကို နားကြားပြင်း ကတ်လာတဲ့ ဖေဖေက “ ငါ့သားရဲ့...ပန်းခင်းလမ်းပါကွ... ” လို့ ဘယ်လောက်ပဲ ပြင်ပြင် မောင်ဟန်ကြည်ကတော့ စိတ်ကလေးကြည်တဲ့အခါတိုင်း “ နှမ်းခင်းလမ်း ” တုန်း။ တောက်မယ့် မီးသွေးခဲများဆိုတော့လည်း ဂီတကို အနှီလောက် နားနီးဟန်တူပါရဲ့ဗျာ... ;)

နှစ်တန်း သုံးတန်း အရွယ်ရောက်လာတဲ့အခါ ကျောင်းပိတ်ရက်တွေမှာ မောင်ဟန်ကြည်  ပျောက်ချက်သား ကောင်းနေပြီဆိုရင် သေချာပြီ။ ကောက်ရိုးပုံပေါ်တက် ပက်လက်လှန်ပြီး တွေ့ကရာသီချင်းတွေ ညည်းနေပြီသာမှတ်။ ခေတ်ကလည်း အစစအရာရာ တိုရေရှားရေ နိုင်တဲ့ခေတ်ဆိုတော့ စတီရီယို ကက်ဆက်ဆိုတာ တကယ့်သူဌေးသုံးပစ္စည်း။ အိမ်မှာရှိတဲ့ အဘိုးရဲ့အမွေ National ရေဒီယိုကြီးကလည်း ကိုယ်ကြိုက်တာကို ဖွင့်နားထောင်လို့မရဘဲ သူလွှင့်တာချည်း နားထောင်နေရတဲ့အပြင် အားအားရှိရင် “ ကလေးတို့ရေ...လာကြ လာကြ...ကြားလိုက်အောင် နားစိုက်ထောင်ကြ... ” ဆိုတဲ့ ကလေးတို့ဆရာမသီချင်းတို့... ” AIDS အေ့ဒ်စ်ရောဂါ ကြောက်စရာ... ” တို့ချည်း ပတ်လည်ရိုက်အောင် လွှင့်နေတော့ သီချင်းကြိုက် မောင်ဟန်ကြည် ဘယ်အာသီသ ပြေလိမ့်တုန်း။ အနှီတော့လည်း ကောက်ရိုးပုံပေါ်တက်ပြီး ကိုယ်စိတ်ကူးပေါက်တဲ့သီချင်းကို ဆိုချင်သလို အော်ဆိုရတာကို ခံတွင်း ပိုလိုက်ပေသပေါ့။ တွေးမိသမျှကို ပေါက်ကရသံစဉ်ထည့်ပြီး ဆိုချင်သလို အော်ဆိုခဲ့တဲ့ သီချင်းတွေကို အသံသာသွင်းထားခဲ့လိုက်ရင် သည်ဘက်ခေတ် ဂျောက်ဂျက်တို့ မှောက်လျက်တို၊့ ဆင်ပေါက်တို့ ခွေးပေါက်တို့၊ ကြက်ဖတို့ ကြွက်မတို့အကုန် ထိုင်ငိုသွားရမယ့် Modern Antique သီချင်းတွေ ဖြစ်လိမ့်မယ် ထင်ပါရဲ့... ;)

ဂီတကို အနှီလောက် အရူးအမူး ဖြစ်ခဲ့ပါလျက်နဲ့ သည်အသက်သည်အရွယ် ရောက်တဲ့အခါ ဂီတဘက်မှာ ဘာတစ်ခုမှ လောက်လောက်လားလား မဖြစ်ခဲ့တာကို ပြန်တွေးမိရင် ခေတ်ကြီးကိုပဲ အပြစ်တင်ရမလား မပြောတတ်ပေါင်ဗျာ... ( သူများတွေလည်း ကိုယ်မစွမ်းလို့ မစွံခဲ့တဲ့ကိစ္စတစ်ခုခုကို လူရှေ့ချပြချင်ရင် လက်ညှိုးအရင်ပြင်ထားတာကို သတိထားမိလို့ ခေတ်မီအောင် ပင်လယ်ငါး စားလိုက်ပါသဗျား ;)  ) အနှီဘက် ၈၀ ကျော်နှစ်တွေဆိုတာ တကယ့်ခေတ်ကြီးကိုး။ သီချင်းကလေးတစ်ပုဒ်လောက် နားထောင်ဖို့ဆိုတာ လွယ်မှတ်လို့။ ကိုယ့်အိမ်မှာ ကက်ဆက်ရှိရင်သာ အခွေကလေး ထိုးထည့်၊ ခလုတ်ကလေး ဂျောက်ခနဲနှိပ်လိုက်ရုံနဲ့ သီချင်းသံထွက်လာတာကိုး။ အစစအရာရာ ဆယ်လီကျေပြီး ငွေပိုအကုန်မခံတဲ့ ဦးဟန်ကြည့်မိဘတွေဆိုတာ ကက်ဆက်ကို ဇိမ်ခံပစ္စည်း စာရင်းထဲ ထည့်ထားကြတာမို့ သီချင်းကြိုက်တဲ့ဦးဟန်ကြည်ခမျာ လက်ဖက်ရည်ဆိုင်ရှေ့ ဖြတ်လျှောက်သွားရင်း နားစွန်နားဖျား ကြားခဲ့ရတဲ့ သီချင်းတစ်ပိုင်းတစ်စလောက်ပဲ ခေါင်းထဲမှာ ရှိပါလေရော။ အနှာတောင် သီချင်းဖွင့်နေတဲ့ လက်ဖက်ရည်ဆိုင်ရှေ့ရောက်ရင် သီချင်းကြာကြာ နားထောင်ခွင့်ရဖို့အတွက် slow motion နဲ့ လမ်းလျှောက်ပေလို့သာပေါ့။ စက်ဘီးနဲ့သာ ဖြတ်သွားမိရင် ဘာသီချင်းမှ ခေါင်းထဲ ၀င်မှာမဟုတ်တာ သေချာပေါက်။

မြို့ထဲမှာ ပွဲရှိ၊ အလှူ၊ မင်္ဂလာဆောင်များရှိရင် မောင်ဟန်ကြည်တို့ ပျော်ချက်ကတော့ ကမ်းကုန်။ မပျော်နေရိုးလား။ အညာထုံးစံအတိုင်း မန်ကျည်းပင်ခွကြားမှာ လောက်စပီကာတင်ပြီး မိုင်ကုန်တင်ဖွင့်တဲ့ သီချင်းဟူသမျှကို အလကားမတ်တင်း နားထောင်ရပေသကိုး။ သို့ပေမင့် ကိုယ်နားထောင်ချင်တဲ့ စတီရီယိုသီချင်းကတော့ ခပ်ရှားရှား။ ကိုသိန်းတန်နဲ့ချည်း ညားတာက ခပ်များများ။ နွေရာသီကျောင်းပိတ်လို့ အဘိုးအဘွားတွေရဲ့ ရွာမှာသွားနေပြီး ကြက်သွန်ကလေး ဘာလေး ၀ိုင်းဝန်းတူးပေးတဲ့အချိန်ဆိုရင်တော့ ကက်ဆက်ဇာတ်လမ်းတွေ နားထောင်ရပါလေရော။ တောဆိုတော့လည်း တောအလိုက် တောအကြိုက် ဘီအီးဒီအောင်သိုက်ပေါ့လေ။ မနက်ခင်းမှာ ကြက်သွန်တူးပြီးလို့ နေခင်းမှာ ကြက်သွန်ဖြတ်၊ ဥကြီး ဥလတ်ရွေးကြတဲ့အခါ ကြက်သွန်ခင်းရှင်က ကက်ဆက်ဖွင့်ပြီး ဧည့်ခံရတာ အညာထုံးစံကိုး။

တစ်နွေမှာတော့ အဘိုးအဘွားတွေနဲ့ ခြံချင်းကပ် တောင်သူကြီးသား လူပျိုသိုးနဲ့ သူ့ခြံနဲ့မျက်နှာချင်းဆိုင်က လူပျိုသိုး နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် လူ့ငယ့်ဘာဝ ပြိုင်ကြဆိုင်ကြရင်း ကက်ဆက်တွေ အပြိုင်ဝယ်၊ sound box တွေ အပြိုင်ဆင်ပြီး နေ့ရှိသရွေ့ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲလိုက်ကြတာ တစ်ရပ်လုံး စိတ်ညစ်ကြပေမင့် စတီရီယိုသီချင်းတွေကို ဖရီးနားထောင်ခွင့်ရတဲ့ မောင်ဟန်ကြည်ကတော့ ဖိုးကြိုင်းတုတ်ကို ဖြစ်လို့။ ကိုယ့်လူနှစ်ယောက်ကလည်း မနိုင့်နိုင်အောင် အပြိုင်ဖွင့်ကြတာများ ဈေးအင်မတန်ကြီးတဲ့ sound box တွေကို တစ်လုံးကနေ နှစ်လုံး မ၀ယ်နိုင်တော့တဲ့အခါ ရေအိုးထဲမှာ speaker ထည့်ပြီးတောင် ဖွင့်လိုက်ကြသေး ;) ။ တောသားတွေဆိုပေမင့်လည်း မြို့ကို အရောက်အပေါက်ရှိကြတာမို့ တစ်ခါတစ်ခါများ Madonna ရဲ့ Like a Virgin တွေဘာတွေတောင် ဖွင့်သေးတာရယ်။ ခြံချင်းကပ်နေတဲ့ အဘိုး အဘွားတွေကတော့ စိတ်ရှုပ်ကြပေမင့်လည်း ဂီတအိုးကွဲ မောင်ဟန်ကြည် ပုလုကွေးကတော့ သူရို့ဖွင့်သမျှကို ဒိုင်ခံနားထောင်ရင်း ၀မ်းတွေကို သာလို့။ တစ်ခါတစ်ခါများ သူရို့ခြံဘက်သွားပြီး ဟိုသီချင်းကလေးဖွင့်ပါ၊ သည်သီချင်းကလေးလုပ်ပါလို့ သီချင်းသွားတောင်းရင် မောင်မင်းကြီးသားများက ၀မ်းတွေများတောင် သာလို့။ မသာနေရိုးလား။ မြို့သားကြီးကိုယ်တိုင်က တကူးတက သီချင်းလာတောင်းတာကိုး။ မောင်ဟန်ကြည်က မြို့ပိစိကွေးသားဆိုပေမင့် အညာတောကြားမှာတော့ ရူပါထွားတဲ့ စူပါစတား အငယ်စားကိုး ;)

ခက်တာက မောင်ဟန်ကြည် ဆယ်တန်းကျောင်းသားရင့်မကြီး ဖြစ်တဲ့အထိ အိမ်မှာ ကက်ဆက်တစ်လုံးမှ မရှိတဲ့အဖြစ်။ အနှီခေတ်ကလည်း မိဘကို အလိုလိုက်ရတဲ့ခေတ်ဆိုတော့ ကက်ဆက်လိုချင်လိုက်တာလို့ ဘယ်ပူဆာရဲ့လိမ့်တုန်း။ ပညာရေးနဲ့ပတ်သက်လာရင် ဘယ်လောက်ကုန်ကုန် အကုန်ခံမယ်ကျန်တဲ့ အပရိက ကိစ္စတွေအတွက်တော့ တစ်ပြားမှ အကုန်မခံဘူး ဆိုတဲ့ မိဘရဲ့ ပေါ်လစီကြီးကို ဓာတ်ပြား အပ်ဖျားတိုအောင် နေ့တိုင်းဖွင့်ပြသမျှ နားထောင်နေရတော့လည်း ကိုယ့်လိုဘကလေးကို စိတ်ထဲမှာ အသာမြိုရင်း ကက်ဆက်ရှိတဲ့သူငယ်ချင်းအိမ်ကို အလည်ရောက်ရင် သူရို့ဖွင့်ပြတာလေးတွေ နားထောင်၊ လက်ဖက်ရည်ဆိုင်ရှေ့ဖြတ်သွားရင်းနဲ့ နားစွန်နားဖျားကြားရုံလောက်နဲ့တင် ဂီတကို မ၀ရေစာကလေး မှီဝဲခဲ့ရပါလေရော။ သို့ပေမင့် ရေဒီယိုသီချင်းကတော့ ဘာနားထောင်ရသလဲ မမေးနဲ့။ အစီအစဉ်စကတည်းက ဖွင့်ထားလိုက်တာ အင်္ဂလိပ်ပိုင်းအစီအစဉ်ပြီးမှ သင်းကို အနားပေးတာ ထုံးစံ။ သင်္ချာတွက်ရင် ရေဒီယိုက သီချင်းလာတဲ့အချိန်လေးနဲ့ ချိန်ကိုက်ပြီး ရေဒီယိုရှေ့မှာ ထိုင်တွက်ရတာ အရသာတစ်ခု။ စာကျက်ချိန်ကျရင်တော့ ရေဒီယိုနား မကပ်ရဲဘူးပေါ့လေ။ တော်ကြာ ဘောဂဗေဒတွေ ကျက်ရင်းက အာရုံတွေ အကုန်ပျံ့ပြီး “ ဈေးကွက်ယန္တယားဆိုသည်မှာမောင်ညီမလေးတို့ရေပုံပြင်လေးကတော့ ဒါပါပဲကွယ် ” တွေ ဖြစ်ကုန်မှ အခက် ;)

မောင်ဟန်ကြည် ဆယ်တန်းဖြေပြီးလို့ အိမ်မှာ လတ်လျားလတ်လျား အားနေတဲ့ တစ်ရက်သားမှာ ဖေဖေက “ ကိုင်း ငါ့သား Pheasant စက်ဘီးအသစ်တစ်စီးယူမလားကက်ဆက်တစ်လုံး ၀ယ်မလား ” လို့ မေးပါလေရော။ စိတ်ထဲရှိတဲ့အတိုင်း မညာတမ်းပြောရရင်တော့ စက်ဘီးအသစ်ကို မလိုချင်ပဲ ဘယ်နေလိမ့်တုန်း။ အရွယ်ကလည်း “ ချောင်းကြည့်ပြုံးပြန်၊ လျှောက်ပြန်သံပေး၊ ခြေအေးဝမ်းယောင် ” လုပ်ပြီး လူလုံးပြထွက်ရတဲ့ အရွယ်ကိုး။ မဒီကညာတွေ ကြည်သာဖို့အတွက် Pheasant က ခရီးမဖင့်အောင် စွမ်းဆောင်ပေးနိုင်တာကို မသိဘဲ ဘယ်နေလိမ့်တုန်း။ သို့ပေမင့် သီချင်းကြိုက်သလောက် ၀၀လင်လင် နားမထောင်ခဲ့ရဘဲ တစ်သက်လုံး မစို့မပို့သီချင်းကလေးတွေကို မ၀ရေစာ နားထောင်လာခဲ့ရတာကြီးကို စိတ်အကုန်ကြီးကုန်နေတဲ့ မောင်ဟန်ကြည်ကတော့ “ မဒီတသိုက်၊ အကြည်မဆိုက်ရင်လည်းနေ၊ ကိုယ့်စိတ်ကြိုက်ဂီတနဲ့၊ အားရအောင် စိတ်ဖြေမယ် ” လို့ စိတ်တုံးတုံးချပြီး “ ကက်ဆက် ” လို့ တစ်ခွန်းတည်း ဖြေလိုက်တာကြောင့် Samsung တံဆိပ် ကက်ဆက်အသစ်တစ်လုံး နေ့ချင်းညချင်း အိမ်ပေါ်ရောက်လာပါလေရော။ အနှီခေတ်က ကက်ဆက်တိပ်ခွေ အငှားဆိုင်တွေလည်း ခေတ်စားသေးတာမို့ မုန့်ဖိုးပြတ်လို့ အခွေမ၀ယ်နိုင်ရင် ငှားပြီး နားထောင်ရတာ ထုံးစံ။ သည်ကြားထဲမှာ “ လျှပ်စစ်ဖြင့် လောကနိဗ္ဗာန်တည်ဆောက်အံ့ ” ဆိုတဲ့ ကြွေးကြော်သံကြီးကလည်း သက်တန်း ၁၀ နှစ်ကျော်လာတာတောင် လျှပ်စစ်မီးဆိုတာ ခရမ်းချဉ်သီးလို ရဲရဲလေးဆိုတဲ့အဆင့်ကနေ မတက်သေးတာမို့ သီချင်းကလေး နားထောင်ဖို့အရေး ဘက်ထရီအိုး အလေးကြီးကို တပင်တပန်းမပြီး နေ့တိုင်းအားသွားသွင်းရတဲ့ ဒုက္ခကလည်း ဘယ်သေးလိမ့်တုန်း။ မဒီကြားမှာ ကြွားရရွား ဟန်ဓာတ်ခုတ်နိုင်မယ့် စက်ဘီးအသစ်ကို ဟင့်အင်းလုပ်ပြီး ဘီးစုတ်ကြီးတဂျောက်ဂျောက်နင်းရင်း သီချင်းတွေနဲ့ ကျေနပ်နေတဲ့ မောင်ဟန်ကြည်ကတော့ အနှီလောက်ကို ဒုက္ခလို့ ဘယ်မှတ်လိမ့်တုန်း

ဂီတဆိုတဲ့အမျိုးအစားကလည်း တယ်နတ်ကြီးသကိုး။ ဂီတကို ခံစားသက်ကလေး နည်းနည်းရလာရင် ဖန်တီးချင်စိတ်ကလေးတွေ ၀င်လာတတ်တာ သူ့သဘာဝ။ ဆယ်တန်းဖြေပြီးကတည်းက ဆယ်တန်းတွေကို စာပြ၊ ဂိုက်လုပ်နေတဲ့ မောင်ဟန်ကြည့်မှာကလည်း မိဘကို အပ်သင့်သလောက်အပ်ပြီး ကုတ်ကပ်စုထားတဲ့ ငွေယားကလေးနည်းနည်းရှိလာတာနဲ့ သူငယ်ချင်းတစ်ယောက်ဆီက ဂီတာတစ်လုံး ၀ယ်ဖြစ်သွားပါရော။ သူငယ်ချင်းများကလည်း အတော်လေး ချစ်ဖို့ကောင်းပါရဲ့။ ဂီတာတီးတတ်ဖို့အသာထားလို့ လက်ယားအောင်တောင် မကိုင်ဘူးတဲ့ မောင်ဟန်ကြည့်ကို ချစ်ခြင်းအားဖြင့် ခုနစ်အိုရှစ်ဆွေး သူ့ဂီတာကြီးကို သင့်တင့်လျောက်ပတ် များမြတ်သောဈေးနဲ့ အစွံထုတ်ထည့်လိုက်ပါလေရော။ ဘာပဲဖြစ်ဖြစ် မောင်ဟန်ကြည် အူကြောင်ကြားကတော့ ဂီတာဖြစ်ရင်ပြီးစတမ်း၊ ဒေါင်ဒေါင်မြည်ရင်ကို ကျေနပ်လို့။ အံမယ်လူကသာ ၀ါးလက်ခုပ်တောင် ဖြောင့်အောင်မတီးတတ်တာရယ် အသုံးမကျတဲ့ မာနကတော့ ခပ်ကြီးကြီး။ အနှီတော့လည်း ဂီတာတီးနည်းစာအုပ်တွေဝယ်ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဂီတာတီးကျင့်ပါလေရော။ အနှီလိုမှ မတီးရင်လည်း မိုးလင်း ကျူရှင်ပြ၊ နေ့ခင်းမှာ လုပ်အားပေးကျောင်းဆရာလုပ်၊ မိုးချုပ်ရင် ဂိုက်ဝင်နေရတဲ့ မောင်ဟန်ကြည့်မှာ ကျကျနန ဂီတာတီးသင်ဖို့အသာထား ယားတာတောင် မကုတ်အားဘူးကိုး။ လူကလည်း ဂီတဘက်မှာ ပါရမီပါလို့ထင်ပါရဲ့။ သုံးလေးလလောက်လည်း အချိန်လုပြီး ကျင့်လိုက်ရော C, Am, D, G ဆိုတဲ့ ဂီတာ Chord မဟာကြီးတွေကို ကျွမ်းကျင်အောင် ကိုင်တတ်တဲ့အဆင့်ကို ရောက်ပါလေရော။ အနှီလေးကွက်ကို ပတ်လည်နှက်ပြီး ဒုံ - ဂျမ်ဒုံ ဒုံ - ဂျမ် လောက်ခတ်တတ်ရင် အဆင်ပြေတဲ့ သီချင်း လေးငါးပုဒ်လောက်ကို အပိုင်အနိုင်ရအောင် လေ့ကျင့်နိုင်လိုက်တာများ နည်းတဲ့ဗီဇမှတ်လို့ ;) ။ ငါတွေ့အရ ဘာမှ ဖြစ်မြောက်အောင် မတီးတတ်ပေမင့်လည်း စာတွေ့ကတော့ လာမစမ်းလေနဲ့။ Bossa nova, Cha Cha, Hard Rock, Slow Rock ဘယ် Beat ကို ဘယ်လိုတီးရတယ် တစ်ဘားက ဘယ်လို၊ ဘားဝက်က ဘယ်ညာ၊ Key က ဘယ်ချမ်းသာဆိုတာကို အာပေါင်အာရင်းသန်သန်နဲ့ ငြင်းဖို့ဆိုရင်တော့ လာထား ;) အားအားရှိတိုင်း ဒုံ - ဂျမ် လုပ်လိုက်ပုံများတော့ ဘယ်လက်ချောင်းထိပ်က အသားမာဆိုတာ လက်သည်းညှပ်နဲ့ နေ့တိုင်းညှပ်ယူရတာတောင် အလျဉ်မမီဘူးကိုး ;)

ပြောရမယ်ဆိုရင်တော့ အနှီအရွယ် လူငယ်ဆိုတာက ရွယ်တူချင်း အုပ်ဖွဲ့ပြီး သွားကြလာကြ၊ ဆိုကြတီးကြနဲ့ အုပ်ဖွဲ့နေလေ့ရှိတဲ့အရွယ်။ သို့ပေမင့် မောင်ဟန်ကြည့်မှာက ညနေ ၆ နာရီလောက်ကတည်းက ဂိုက်ဝင်လိုက်ရတာ နှစ်ချိန်ဆက်လည်းပြီးရော ည ၁၁ ထိုး။ အနှီတော့လည်း ဘယ်သူငယ်ချင်းတွေနဲ့မှလည်း သဝေမထိုးအားဘူးကိုး။ သည်ကြားထဲမှာ တစ်ပတ်ကို တစ်ရက်အနားရလို့ သူငယ်ချင်းတွေက ဟိုအိမ်ရှေ့သွားပြီး တီးရအောင်၊ သည်အုတ်ခုံမှာ ဆိုရအောင်လို့ အဖော်စပ်တိုင်း ခြေကန်ပြီး ငြင်းပစ်တာချည်း။ ဘယ့်နှယ်ဗျာ။ ဂီတကို မြတ်နိုးတယ်ဆိုတာက တစ်ပိုင်း၊ ဂေါ်ရေးထွင်တာက တစ်ကဏ္ဍကိုး။ ကိုယ်က လမ်းဘေးအုတ်ခုံပေါ်မှာ ချမ်းချမ်းဆီးဆီးနဲ့ ကြားကြားသမျှ သောက်ညင်ကတ်အောင် သီချင်းအော်ဆို၊ ဟိုက မဒီက စောင်ခြုံပြီး သိုးနေမယ့် ကိစ္စကြီးကိုတော့ ဖီးလ်ကို နည်းနည်းမှ မလာတာ အမှန်။ သူကသာ ဇိမ်မပျက်တာကလား။ ကိုယ့်မှာတော့ ကံကောင်းရင် လေးခွစာမိဖို့ ရာနှုန်းက ခပ်များများ။ အနှီတော့လည်း “ လမ်းဘေးအုတ်ခုံမှတဆင့် ဂီတစင်မြင့်ပေါ်သို့ တက်ကြရသည် ” ဆိုတဲ့ လမ်းစဉ်ကြီးကို အာရုံမကျတဲ့ ဦးဟန်ကြည်ခမျာ ဂီတာတီးသက် နှစ်နှစ်အတွင်းမှာ C, Am, Dm, G ကနေ မတက်တာ ဘယ်ဆန်းလိမ့်တုန်း။ သို့ပေမင့် အားတိုင်းယားတိုင်း ဒုံ - ဂျမ် အလုပ်ကောင်းလိုက်တာ သူငယ်ချင်းကောင်းကြီး အင်ထုလွှတ်လိုက်တဲ့ ဂီတာဘိုးအေကြီးက သက်တန်း နှစ်နှစ်သားလည်း ရောက်ရော အိုးတွေကွာ၊ ဖလက်တံတွေပြုတ်ပြီး ဂီတာရုပ်တောင် ပျောက်သွားတာမို့ ဂီတာတစ်လုံးကုန်အောင် တီးခဲ့တဲ့ ဦးဟန်ကြည်လို့ စာတင်ရမယ်ထင်ပါရဲ့ ;)

ဦးဟန်ကြည်က အတီးမှာသာ မစွမ်းတာ အဆိုကျတော့ ပါရမီထူးဟန်တူပါရဲ့။ အဘိုးတို့ရွာက ညောင်ရေသွန်းပွဲတော်မှာ စတိတ်ရှိုးထည့်တော့ ရွာခံတွေက အချွန်နဲ့ဝိုင်းမ-တာကြောင့် စာရင်းပေး ပိုက်ဆံထည့်ပြီး ဆိုမယ့်သီချင်းကို တစ်ပတ်တိတိ အိမ်မှာ အဆိုကျင့်နေတော့ ဂီတ၀ါသနာအိုး မေမေက အသာနားထောင်နေပါလေရော။ ( အမှန်တော့ ရွာသားငတိတွေက ဦးဟန်ကြည့်အသံကို နားထောင်ချင်လွန်းလို့ စင်ပေါ်တွန်းတင်တာမှ မဟုတ်ဘဲကိုးဆိုမယ့်လူတစ်ယောက်တိုးလာတော့ တစ်ယောက်စာ ထည့်ဝင်ကြေး ပိုများတာ အသေအချာမို့ မြို့သားအူကြောင်ကြားကို ပတ်တီးချကြတာကလား ;) ) တစ်ရက်သားမှာ ကိုထီးရဲ့ “ ချစ်တာတစ်ခုတည်းသိတယ် ” ဆိုတဲ့သီချင်းကို မုဒ်အပြည့်သွင်းပြီး အပီအပြင် မျက်စိမှိတ် အဟဲကျင့်နေတဲ့ ဦးဟန်ကြည့်ဘေးကို မေမေရောက်လာပြီး “ ငါ့သားရယ်သီချင်းမဆိုဘဲ သည်အတိုင်းနေတာကမှ ငါ့သားကို စာသိပ်တော်တဲ့ ကောင်ကလေးလို့ သူများက အထင်ကြီးကြလိမ့်ဦးမယ်ဒီအသံကြီးနဲ့ စင်ပေါ်တက်ပြီး သီချင်းဆိုရင်တော့ ရပြီးသားနာမည်လေးပါ ပလုံသွားမှာ သေချာပေါက်ပဲ ” လို့ အားပေးပါလေရော။ အနှာကိုသာကြည့်ပေရော့ပါရမီ့ရှင်တွေရဲ့ ခရီးလမ်းဆိုတာ မဖြောင့်တန်းပါဘူးဆိုမှ ;) ။ ကိုယ့်သားရဲ့ ဗီဇကို ကိုယ့်အမေက အနှီလောက်တောင် အားပေးနေမှတော့ ဘယ်စိတ်ညစ်စရာ ရှိသေးလို့တုန်း ;) ။ သို့ပေမင့် သိတော်မူတဲ့အတိုင်း ဘယ်သူဘာပြောပြော ထင်ရာလုပ်လေ့ရှိတဲ့ ဦးဟန်ကြည်ပေါက်စကလည်း မေမေဘာပဲပြောပြော အချိန်ကျတဲ့အခါ စင်ပေါ်တက်ပြီး အပီဟဲပါသဗျား။ အံမယ်အနှီတော့လည်း ရွာသားတွေ အားပေးလိုက်တာများ သောင်းသောင်းဖြဖြ။ “ မမတင်ရဲ့ သားလေးက အသံကောင်းသားပဲ ” လို့ မေမေ့ကို ၀ိုင်းပြောကြတော့ မာတာမိခင်က “ အံမလေးဟယ်နင်တို့က အခုမှ နားထောင်ရတာကိုးငါ့သား အိမ်မှာ အဆိုကျင့်နေတာကိုသာ လာနားထောင်မိရင် ခဲနဲ့ပါပေါက်ချင်စိတ်ပေါက်မှာ သေချာပေါက် ” လို့ ပြောပါသတဲ့။ အင်းရွာသားတွေကလည်း အဘိုးတောင်သူကြီး မျက်နှာနဲ့ မြေးလုပ်သူ ဂီတရူးကို ဘုံမြှောက်ကြဟန်လည်း တူပါရဲ့လေ

ဘာပဲဖြစ်ဖြစ် မတီးတတ်ရင်လည်း ဆိုလို့ရတာပဲဆိုတဲ့ အသိကလေး ရင်ထဲရောက်သွားတဲ့ ဦးဟန်ကြည်ကတော့ တက္ကသိုလ်ကျောင်းသားဘ၀တလျှောက်လုံး “ ဖိုးဆိုချင် ခင်မောင်ညွန့် ” ဖြစ်ခဲ့ပါလေရော။ တကယ်တော့ ဦးဟန်ကြည့်အသံက ဘယ်သံခပ်လုံးလုံး။ အကောင်းကြီးမဟုတ်ပေမင့် လူမကြား သူမကြား သီချင်းချည်းဆိုနေခဲ့တာဆိုတော့လည်း နည်းနည်းပါးပါးတော့ လူရုပ်ပေါက်အောင် ဆိုတတ်ပေသပေါ့။ သူငယ်ချင်းတွေထဲမှာ ကိုယ့်ထက် အသံကောင်းတဲ့လူတွေမှ ဒုနဲ့ဒေး။ တကယ်တော့ စင်ပေါ်တက်ပြီး သီချင်းဆိုဖို့ဆိုတာက အသံကောင်းဖို့ထက် စင်မကြောက်ဖို့က ပိုအရေးကြီးတာကိုး။ ဟဲ ဟဲအနှီနေရာမှာတော့ ဦးဟန်ကြည်တို့က အေးဆေး။ နှစ်နှစ်ခွဲလောက် ကျောင်းဆရာလုပ်လာခဲ့မှတော့ စတိတ်စင်လောက်ကို အေးဆေးပေါ့လေ။ မိုးလင်းကနေ မိုးချုပ် ကျောင်းသားရှေ့ထွက်ပြီး ဆရာလုပ်လာခဲ့တဲ့လူဆိုတာ ထူးပြီး မျက်နှာအပြောင်ကျင့်စရာမှ မလိုတော့ဘဲကိုး ;)

ကျောင်းသားဘ၀ လွန်မြောက်ပြီး အိမ်ထောင်သည်ဘ၀ရောက်တော့လည်း ချစ်စွာသော မဒမ်ကြည်က တကယ့်ဂီတမိတ်။ သူရို့ခရစ်ယာန်ဆိုတာက သွေးထဲသားထဲမှာကို ဂီတပိုးက ပါခဲ့ကြပြီးသားဆိုတော့ ဂီတရူး ဦးဟန်ကြည်နဲ့ ဂီတမိတ် မဒမ်ကြည်ပေါင်းလိုက်တဲ့အခါ “ ဘုန်းကြီးရူးနဲ့ လှေလူး ” ( အတော်ရုပ်ဆိုးတဲ့ စကားပုံတတ်နိုင်ဘူး ဒါပဲရှိတာကိုး ;)  ) အဆင်ကိုပြေလို့။ ခက်တာက အိမ်ထောင်ရေးဘ၀အစမှာ ဂီတဖို့နေနေသာသာ မံမံတူတူမပုန်းဖို့ပဲ အသည်းအသန်ရုန်းနေခဲ့ရတာဆိုတော့ အချိန်ရှိသမျှတော့ “ နှစ်ကိုယ်တူချစ်သမျှကို ” တွေ ဘယ်လုပ်အားလိမ့်တုန်း။ တစ်ခါသားမှာ သင်တန်းကြေးငွေကလေး လုံးခနဲ ခဲခနဲရလိုက်တာမို့ မဒမ်ကြည့်ကို “ ကိုင်းမဒမ်ဘာဝယ်မလဲ လက်စွပ်ကလေးတစ်ကွင်းလောက် ၀တ်မလား ” လို့ မေးကြည့်လိုက်တော့ “ ဂီတာတစ်လုံး ၀ယ်မယ် ” လို့ ဖြေပါလေရော။ ကဲကြည့် ဂေါနေဏ ဂေါဏောပါဆိုမှ ;) အဲရတနာရှိရာ ရတနာစုပါတယ်ဆိုမှ။ အောင်မယ်ဂီတာတစ်လုံးနဲ့ လင်မယားနှစ်ယောက် ဟန်ကိုကျလို့။ ကိုယ်ကတီးလိုက် သူကဆိုလိုက်။ သူ့ဘာသာသူ တီးပြီးဆိုလိုက်။ ကိုယ်တစ်ယောက်တည်း ညည်းလိုက်နဲ့ စိတ်ကို ငြိမ်းချမ်းလို့။ သူတီး ကိုယ်တီးဆိုလို့လည်း သိပ်တော့ အထင်မကြီးလေနဲ့ အနှီအချိန်အထိ ဦးဟန်ကြည်က C, Am, Dm, G ဆိုတဲ့ ဗျူဟာကွက်ကြီးတွေအပြင် A, B, E, F နဲ့ သူ့မိုင်နာကီးတွေကို စမ်းတ၀ါးဝါး နှိပ်တတ်ရုံထက်ကို နည်းနည်းမှ မပိုသေးတာအမှန်။ ဘာပဲဖြစ်ဖြစ် ဦးဟန်ကြည် ဂီတကို မြတ်နိုးတယ်ဆိုတာ ကိုယ်တိုင်ဖန်တီး၊ ကိုယ်တိုင်ခံစားဖို့ပဲဆိုတော့လည်း ကိုယ်တီး ကိုယ်ဆို ကိုယ်နားထောင်ဟော..ပရိသတ် မဒမ်ကြည်တောင် ရှိသေးဗျာ

တောသားဦးဟန်ကြည် ရေကြည်ရာမြက်နုရာ ရှာရင်း မြို့ရောက်လာပြီး ထမင်းကိစ္စ ဟင်းကိစ္စ ခေါင်းအေးရတဲ့အချိန်ပိုင်းရောက်တော့ ရှိရင်းစွဲ ဂီတပိုးတွေ အသားကုန် ထကြွကြပါလေရော။ သင်တန်းချိန် စောစောပြီးတဲ့ ညနေခင်းတွေဆိုရင် လင်မယားနှစ်ယောက် မြို့ထဲက ကာရာအိုကေဆိုင်ချီတက်ပြီး တစ်နာရီလောက်ကတော့ ဟဲနေကျ။ တစ်လတစ်ခါလောက်မှ အနှီလို မဟဲလိုက်ရရင် စားမ၀င် အိပ်မပျော်တောင် ဖြစ်လိုက်ချင်သေး။ ခက်တာက ဦးဟန်ကြည်နဲ့ မဒမ်ကြည်က ဂီတကို မြတ်နိုးပုံချင်း တူပေမင့်လည်း ခံစားတဲ့ ဂီတအမျိုးအစားတွေက “ တစောင်းစေးနဲ့ မျက်ချေး ” ။ ဘိုလိုဝတ်သလောက် ဗမာသီချင်းကြိုက်တဲ့ ဦးဟန်ကြည်က “ ဂန္ဓမာတောင် ” တို့ “ မြမြမောင်းမောင်း ” တို့မှ နားကြောစိမ့်သလို၊ သီချင်းဆိုရင် သဟာယဆရာတင် တို့ မြို့မငြိမ်းတို့ ရေးမှ အားရတဲ့လူစား။ စိတ်လိုလက်ရရှိရင် စိန်မွတ္တားရဲ့ လက်စွမ်းပြတီးလုံးလေးနဲ့တောင် ငြိမ့်လိုက်သေးတဲ့လူ။ မဒမ်ကြည်ကတော့ “ ချမ်းချမ်း ” တို့ “ အိုင်းရင်းဇင်မာမြင့် ” တို့ “ ချစ်သုဝေ ” တို့ကို အသည်းစွဲ။ ဦးဟန်ကြည်က အာပြဲစိန်၊ လေကြီးမိုးကြီးမ လို့ သတ်မှတ်ထားတဲ့ “ ဖြူဖြူကျော်သိန်း ” ( ဟဲ ဟဲဦးဟန်ကြည်ကတော့ မည်းမည်းကျော်သိန်း လို့ ခေါ်တာပဲ ; ) ) ဆိုရင် ကတုံးပေါက်ကေ နှုတ်ခမ်းတလန် ပန်းတလန်နဲ့ ထော်ပြရွဲ့ပြပြီး ဆိုထားတဲ့ ပထမဆုံးအခွေကတည်းက အားပေးလိုက်တာ အခုထိ။ ဘာပဲဖြစ်ဖြစ် ဂီတချစ်သူချင်းဆိုတော့လည်း အချင်းချင်း အိုခေမှာ စိုပြည်အောင် ညှိရတာပေါ့လေ။

လွန်ခဲ့တဲ့ သုံးလေးရက်ကတော့ ဦးဟန်ကြည် အွန်လိုင်းပေါ်မှာ မွှေရင်းနှောက်ရင်း ၀င်ထားတာ အတော်ကြီးကြာနေပြီဖြစ်တဲ့ “ ၇၀-၈၀-၉၀ ခုနှစ် သီချင်းသည်များ ” ဆိုတဲ့ အုပ်စုရဲ့ wall ကို အမြီးပြန်ခေါင်းပြန်မွှေရင်း ကိုယ်ငယ်ငယ်က နားစွန်နားဖျားပဲ ကြားခဲ့ဖူးတဲ့ သီချင်းတွေကို ဒေါင်းယူပြီး ပြန်နားထောင်ကြည့်တော့ စိတ်တွေကို နုပျို၊ လန်းဆန်းလာပါလေရော။ ငယ်ငယ်က သီချင်းကို သည်အရွယ်ရောက်မှ ပြန်နားထောင်တယ်ဆိုပေမင့်လည်း အရသာမပျက်တဲ့အပြင် နားဝင်ပီယံတောင် ပိုရှိနေတာ အံ့သြစရာ။ လူဆိုတာ ကျန်တဲ့နေရာမှာ အရွယ်အလိုက် အကြိုက်ပြောင်းချင်ပြောင်းမယ်၊ ဂီတနဲ့ပတ်သက်ရင်တော့ ငယ်ဘ၀ရဲ့ ဂီတကို ဘယ်အရွယ်ရောက်ရောက် နားဝင်ချိုနေတုန်းကိုး။ ကိုယ်စွဲခဲ့တဲ့ သီချင်းတွေကို ပြန်နားထောင်ရ ပြန်ညည်းရတဲ့အရသာ ချမ်းမြေ့ချက်ကတော့ ပြောမယုံ ကြုံမှသိမယ်ထင်ပါရဲ့။ လူဆိုတာ အစားကောင်းစားရရင် ချစ်တဲ့သူကို သတိရစမြဲဆိုတော့လည်း အနှီသီချင်းလေးတွေ နားထောင်ရတဲ့အခါ မဒမ်ကြည်အတွက်လည်း သီချင်းရှာရပေသပေါ့လေ။ တင်ဇာမော်တို့ မဒီတို့သီချင်းလေးတွေ ဒေါင်းပြီး မဒမ်ကြည့်ကို ပေးလိုက်တော့ မဒမ့်မျက်နှာက ပြုံးလို့။ ဂီတမိတ် ပြုံးတယ်ဆိုတော့ ဂီတရူးလည်း စိတ်ချမ်းသာပေသပေါ့လေ။

နှစ်ဦးညီမျှ
ဂီတနိဗ္ဗာန်
တေးသံသာယာ
အိမ်ဂေဟာတွင်
ပျော်ရွှင်ချမ်းမြေ့
နေ့ရက်တိုင်းသည် မင်္ဂလာ . . .။    

လက်ရှိအချိန်မှာတော့ ဂီတမိတ် မဒမ်ကြည်က သူ့သူငယ်ချင်းဆီမှာ စန္ဒယားအတီးသင်နေသလို ဂီတရူး ဦးဟန်ကြည်ကလည်း ဂီတာတီး သင်တန်းတက်ဖို့ စိုင်းပြင်းနေပါကြောင်း။ အကြောင်းအခွင့်တိုက်ဆိုင်ရင်တော့ မဒမ်ကြည်က တယောထိုး သင်ဖို့ စိတ်ကူးထားပြီး ဦးဟန်ကြည်ကလည်း ပတ္တလားတီးသင်ဖို့ အိပ်မက် မက်နေပါကြောင်း သတင်းပေးလိုက်ပါရစေဗျား :D



( ဟန်ကြည် )
၇.၁၀.၂၀၁၄ ( အင်္ဂါနေ့ )

ကြိုက်ရင်ပေါ့လေ . . .