Thursday, 16 October 2014

“ တောသား . . . ”




ဦးဟန်ကြည်သည် မိမိကိုယ်ကို တောသားအစစ်ဟု ဂုဏ်တင်လိုလှသည်။ သို့သော် ဦးဟန်ကြည်ကား အညာကျေးလက်ဒေသ၏ တောနယ်ဇနပုဒ်တွင် မွေးဖွား၍ အညာရွာကလေးတွင် အခြေချနေထိုင်သော အဘိုး၊ အဘွားများ၏အိမ် လှေကားရင်းတွင် အချင်းမြှုပ်ခဲ့သော်လည်း လူလားမြောက်သောအခါတွင် တောရွာတွင်မဟုတ်ဘဲ တောမက မြို့မကျသည့် အညာမြို့ငယ်ကလေးတွင် လူဖြစ်ကြီးပြင်းခဲ့သောကြောင့် တောသားအစစ်လည်းမဟုတ်၊ မြို့ကလေးသားအစစ်လည်းမဖြစ် စိတ်ညစ်စရာ အောက်ကလိအာ အနေအထားဖြင့် လူဖြစ်ကြီးပြင်းခဲ့ရသည်ကို ယနေ့အချိန်အထိ မကျေနပ်နိုင်။ ရှိစေတော့။ လူသည် မိမိ၏ ငယ်ဘ၀ကို ပြန်လည်စီရင်ရန် မစွမ်းနိုင်သော သတ္တ၀ါ တစ်မျိုးမဟုတ်လော။ တောတွင်မွေးဖွားကြီးပြင်းခဲ့သော မိဘများက အညာမြို့တွင် အခြေစိုက်နေထိုင်ခဲ့သောကြောင့် ဦးဟန်ကြည်ပေါက်စလည်း တောမြစ်တွင် မြို့ငယ်အပွင့် ပွင့်ရသည့် “ ဘိမသာ ဘာမသိပင် ” ဖြစ်ရခြင်းကို မပြုပြင်နိုင်။

ခက်သည်က ဦးဟန်ကြည် လူဖြစ်ခဲ့သော အညာရွာသည်လည်း ရွာစစ်စစ်မဟုတ်။ မြို့၏ ဆင်ခြေဖုံးတွင်ရှိသော ရွာငယ်သာသာ။ သည်တစ်နွေဦးဟန်ကြည် အညာပြန်ရောက်ချိန်တွင် ချက်မြှုပ်အညာရွာသည်ပင် ရွာမဟုတ်တော့။ ရွာဇာတ်ပြောင်း၍ ရပ်ကွက်ဖြစ်နေလေပြီ။ အီလည်လည်ခံစားချက်ဖြင့် တောသားလည်းမဟုတ်၊ မြို့ကြီးသားလည်း မဖြစ်ရသော ဦးဟန်ကြည်မှာ ကိုယ့်ကိုယ်ကို ဘယ်အနေအထားတွင် ထားရမည်မှန်း မသိတော့။ မြို့သားဟု ခေါင်းစဉ်တပ်ပြန်လျှင်လည်း ရန်ကုန်၊ မန်းလေး မြို့ကြီးသားများက ဟားတိုက်၍ ရယ်သည်ကို ခံရပေဦးမည်။ တောသားဟု အမည်ပေးလျှင်လည်း တောကြိုအုံကြားမှ တကယ့်ဇနပုဒ်သားက “ သနားတယ် ကိုယ့်လူ ” ဟု မကြည်ဖြူသော မျက်နှာပေးမျိုးဖြင့် ဝေးဝေးကရှောင်ကြသည်ကို ခံရမည်မှာ မလွဲ။ ခက်ပဲခက်လှချည့်။ မွေးခဲ့သည့် မိဘနှစ်ပါးကိုပင် ရန်လုပ်ချင်စရာ။ သို့သော်လည်း မိမိမွေးရပ်ဇာတိ၊ မိဘရှိရာတွင် ကလေးမျက်နှာမြင်လိုသော ဦးဟန်ကြည့် မေမေ၏ အားကိုးစိတ်ကိုတော့ မလေးစား၍ မဖြစ်နိုင်ပြန်။ ခံစားချက်တို့ကို ဘေးချိတ်ရင်း ဦးဟန်ကြည် ကြီးပြင်းခဲ့ရသည့်ဘ၀ကို ပြန်သုံးသပ်လျှင်ကား တောသားလည်းမဟုတ် မြို့သားလည်း မဟုတ်သည့် “ ခပ်နုပ်နုပ် ” သတ္တ၀ါဘ၀။

တောတွင်မွေး၍ မြို့တွင် ကြီးပြင်းခဲ့သော ဦးဟန်ကြည်သည် ငယ်ဘ၀တလျှောက်လုံး “ ငါသည် မြို့သား ဖြစ်သည် ” ဟူသော ထင်တစ်လုံးဖြင့် ဘ၀င်နှလုံး ရွှင်ပြုံးရင်း မြို့နယ်တွင်းရှိ ကျေးရွာများတွင် လူလားမြောက် ကြီးပြင်းလာခဲ့သော သူငယ်ချင်းများ၊ မိတ်ဆွေအပေါင်းအသင်းများကို “ တောသား ” ဟု နာမည်တပ်၍ ခပ်ဆတ်ဆတ် ဆက်ခံခဲ့မိသည်ကိုကား မငြင်းလို။ ကိုယ့်ကိုယ်ကို ပြန်ကြည့်လျှင်ကား မြို့ကြီးသား မဟုတ်လား။ ကာလယန္တယား တိုက်စားလွန်မြောက်၍ ဦးဟန်ကြည် တက္ကသိုလ်ရောက်ပြီး စိတ်နောက်ကိုယ်ပါနိုင်စွမ်းသည့် ရွှေမန်းသား၊ တောင်ကြီးသား၊ မိုးကုတ်သား၊ မုံရွာသား ဘော်ဒါများနှင့် အပေါင်းအသင်းဖွဲ့မိလျှင်ကား ကိုယ်တိုင်လည်း မြို့ကြီးသား မဟုတ်တော့ပြီ။ ကိုယ့်ရည်းစားကပင် ကိုယ့်ဇာတိကို ထီမထင်သည့် အဟုတ်မကြွားသာသည့် ဇနပုဒ်သားပမာ ဖြစ်ရှာရလေပြီ။ ၀ဋ်သည် လည်တတ်ပေစွ။ ဘ၀သည် တရား၏။ ကိုယ်ကြည့်ခဲ့သည့်အတိုင်း ကိုယ့်ကို ပြန်မြင်ကြသည်မှာ နိယာမ။ ဦးဟန်ကြည် ဘာကိုမှ အပြစ်မတင်လို။ ကိုယ့်ကိုယ်ကို ရှက်မိသည်ကိုတော့ မငြင်း။ ခပ်ရှင်းရှင်းဝန်ခံရလျှင် ဦးဟန်ကြည်သည် ရေအိုင်ထဲမှ ဖားသူငယ်ပမာ မာနတက်ခဲ့မိသည်မဟုတ်လား။

အရွယ်ရောက် ကြီးပြင်း၍ ခေါင်းထက်တွင် ဆံပင်ဖြူများ ခပ်ကျားကျားနေရာယူလာသော ယခုအရွယ်ရောက်လျှင် တောသားမြို့သား အရေးကို စိတ်အတွင်းတွင် စစ်ဆေးကြည့်မိတိုင်း ရှင်မဟာသီလ၀ံသနှင့် ခုံတော်မောင်ကျဘန်းတို့၏ စကားစစ်ထိုးပွဲကို  ဦးဟန်ကြည် သတိရမိသည်။ ခုံတော်မောင်ကျဘန်း၏ “ ဘယ်ကိုကြွမလို့လဲ ဇနပုဒ်သား အရှင် ” ဟူသော အမေးကို “ အမရပူရကို ကြွမလို့ပါ ရွာကြီးသား ခုံမင်း ” ဟု ရှင်မဟာ သီလ၀ံသက အဖြေတော်ရှိခဲ့သည် မဟုတ်ပါလား။ အမရပူရ ဘုရင့်မြို့တော်ကြီးကို “ ရွာ ” ဟု သုံးနှုန်းခြင်းကို ခံပြင်းခဲ့သည့် မောင်ကျဘန်းကို ရှင်မဟာသီလ၀ံသက ဖြေရှင်းသည့် “ လူ့ဘုံ နတ်ရွာဟူသော စာစကားအရ နတ်တို့ပျော်စံရာ နတ်ပြည်ကိုပင် ရွာဟု ခေါ်ကြသေးလျှင် သာမန်လူတို့ နေထိုင်ရာ မင်းနေပြည်တော်ကလေးကို ရွာကြီးဟု တင်စားလိုက်ခြင်းကို နာဖွယ်ရာမရှိ ” ဟူသည့် စကားသံသည် ဦးဟန်ကြည်၏ နားအတွင်းတွင် မကြာမကြာ ပဲ့တင်ထပ်လာလေ့ရှိသည်။ ဟုတ်ပါရဲ့။ နတ်ပြည်ကိုပင် “ နတ်ရွာ ” ဟု သမုတ်သေးလျှင် ဦးဟန်ကြည်တို့ လူ့ပြည်မှာ ရှိသမျှသော မြို့ကြီးဟူသမျှကို ရွာဟု သမုတ်လျှင်လည်း နာစရာ အကြောင်းမမြင်။ အမှန်ကို ဆင်ခြင်မိလျှင် အမြင်မှားခဲ့သမျှ တရားကျဖို့သာ ကောင်းလေပြီ။

ကြည်လင်သော အတွေးစတို့ကို နှလုံးသားမှ သိမြင်လာချိန်တွင် ဦးဟန်ကြည်သည် မြို့ငယ်သားဖြစ်ရခြင်းကို မရှက်တော့။ မြို့ကြီးသား မဖြစ်ခဲ့ရခြင်းကိုလည်း ၀မ်းမနည်း။ အသည်းထဲတွင် တံဆိပ်နှိပ်ရင်း ချက်ချင်းသုံးသပ် ဆုံးဖြတ်လိုက်မိသည်မှာ “ ငါသည်…တောသား ”။ တောသားဖြစ်တော့ ဦးဟန်ကြည် ဘာများ ဂုဏ်ငယ်စရာ ရှိပါဦးမည်နည်း။ ဝေးစွခြောက်ပါး။ လားလားမျှ မရှိ။ တောသားသည် ရိုးသား၏။ တောသားသည် ပကတိ အရှိတရားကို ကိုးကွယ်သူ။ တောသားသည် အများအတွက် အသက်ဆက်ရှင်သန်နေသူ။ တောသားမရှိလျှင် မြန်မာပြည်ကြီးတွင် ကိုးကွယ်စရာ ဘုန်းကြီးနှင့် ကာကွယ်ပေးမည့် စစ်သား ဟူ၍ မရှိနိုင်တော့။ ပစ္စုပ္ပန်နှင့် သံသရာ နှစ်ဖြာသော ကာကွယ်ခြင်းကို ဆောင်နှင်းပေးနိုင်သည့် တောသားဖြစ်ရခြင်းကို ဦးဟန်ကြည် အဘယ်ကြောင့် ၀မ်းနည်းရမည်နည်း။ ကြီးမားသော ကြေကွဲခြင်းကို စာတင်ကြစတမ်းဆိုလျှင် တောသားအစစ် မဖြစ်ရခြင်းကိုပင် ဦးဟန်ကြည် ၀မ်းနည်းစရာပင် ကောင်းလှတော့သည်။

မြန်မာပြည်တွင် လူဦးရေ၏ ၇၀ ရာနှုန်းကျော်သည် တောသားများ ဖြစ်သည်။ ထို့ထက်ပိုလျှင် ပိုမည် လိုသည်ဟူ၍ မရှိနိုင်သည်မှာ အမှန်တရား။ လူအများစုသည် တောသားဖြစ်နေသော မြန်မာပြည်တွင် ဦးဟန်ကြည် တောသားဖြစ်ခြင်းသည် မဆန်း။ ၀မ်းနည်းစရာမလို။ “ တောသား ဒိုက်ဖတ် ” “ ကဒတ် ” ဟူ၍ ချိုးချင်နှိမ်ချင်သော မြို့ကြီးသားများကို “ တကယ်များ သတ္တိရှိလျှင် တောသားနဲ့ မြို့သား စစ်တိုက်တမ်း စမ်းကြစို့ ” ဟု စကားတစ်ခွန်း လက်ဆောင်ပါးလိုလှသည်။ တောသားသည် ပကာသနမရှိ။ အလှအပနတ္ထိ။ ကြည့်မကောင်းသော သတ္တ၀ါ။ စကားပြောရာတွင်လည်း ခပ်ကြမ်းကြမ်း။ လုပုံကိုကြည့်စမ်းဦး ကြမ်းတမ်းခက်တရော် ခေါ်ချင်စရာမကောင်း၊ ပေါင်းချင်စရာ ဝေးစွ၊ အဝေးကပင် ရှောင်ချင်စရာ။ ကမ္ဘလာမြေထု အခြေပြုပြီး လုပ်ကိုင်စားသောက်နေရသော တောသားထံတွင် နုနွဲ့သိမ်မွေ့ခြင်းကို ဘယ်ဒင်းမှ မတွေ့နိုင်။ နွားနှင့်ဖက်ရုန်းနေရသော တောသားထံမှ အလှတရားဆိုသည်မှာ ကာယလုပ်အားသက်သက်။ မက်ဖွယ်စက်ဖွယ် ရုပ်အဆင်းဆိုသည်မှာ တောသားတွင် မရှိ။ ကြည့်ပါ။ တောသားမှာ ရင်ခုန်စရာ ဘာများရှိနိုင်လိမ့်တုန်း။ အပြင်ပန်းကို ကြည့်၍ လူကို အကဲဖြတ်ချင်သော မြို့ကြီးသားများအမြင်တွင် တောသားသည် ပြုံးချင်စရာ။ ဟောင်ဖွာဟောင်ဖွာ ပြောတတ်သော တောသားသည် ဟားချင်စရာ။ ဘာကိုမှာ ဂဃနဏ မသိရှာသော တောသားသည် ပီဘိ ဟာသ သတ္တ၀ါစစ်စစ်။

“ အမြစ်မြေက ” ဟူသော စကားကို ဦးဟန်ကြည် ကြားကတည်းက သဘောကျသည်မှာ ယခုအရွယ်အထိ။ ကြည့်လိုက်စမ်းပါ။ အမိမြန်မာပြည်တွင် တောသားသည် အမြစ်မဟုတ်လား။ မြေထုကြားတွင် လူမမြင် သူမသိ ရှိသမျှစွမ်းအားနှင့် ကြိုးစားရုန်းကန်နေကြသော တောသားအမြစ်များ၏ စိတ်ထား၊ လုပ်ရပ် တည့်မတ်ကြံ့ခိုင်မှုကို မြေပေါ်ရှိ မြို့သား အသီးအပွင့်များ မှီခိုအားထားနေရသည်ကို မေ့လျော့ထားလျှင် ဦးဟန်ကြည် ဟားတိုက်၍ပင် ရယ်လိုက်ချင်ပါ၏။ “ ကြည့်သော မျက်စိတွင် သိသော အသိတရား မကပ်လျှင် မြင်သမျှအမှား ” ဟူသော အရှိတရားကို ဘယ်အနားတွင် ထားရပါမည်နည်း။ မြန်မာပြည်ကြီးတွင် တောသားက စပါးမစိုက်လျှင် ပေါင်မုန့်စား၍ ရှင်သန်နိုင်သူ မည်မျှ ရှိပါသနည်း။ တောသားက သီးနှံမစိုက်လျှင် အသီးအနှံကြိုက်သည့် မြန်မာ့မြို့သားကြီးများ ဘယ်နိုင်ငံက အသီးကိုစား၍ ရှင်သန်ကြမည်ကို စဉ်းစားချင်စရာ ကောင်းလှပါ၏။ ကြည့်ပါ။ ဗလချာ မွဲငတ်၍ စုတ်ပြတ်သော အ၀တ်အစားဖြင့် ကြိုးစားရုန်းကန်နေကြသည့် မြန်မာ့တောသားများသည် ကြွားရရွား ၀င့်စားနေသည့် မြို့နေပညာတတ်လူတန်းစားများ အစားတစ်လုပ်ဖြင့် လူလုပ်နိုင်ရေးအတွက် ရွှံ့ထဲနွံထဲတွင် နွားနှင့်ဖက်ရုန်းရင်း အသက်ဆက်ပေးနေကြသည့် အမြစ်များဖြစ်သည်မဟုတ်ပါလား။

အလုပ်မပါသည့်စကားများဖြင့် တောသားကို နှိမ်ကြသည်ကို တောသားဦးဟန်ကြည် မကျေနပ်။ စိတ်ဓာတ်အောက်တန်းကျခြင်းကို ဦးဟန်ကြည် မနှစ်လို။ ကိုယ့်ကိုယ်ကို တန်ဖိုးထားလျှင် တစ်ဖက်သားကို လေးစားရမည်မှာ လောကနိယာမ။ ကိုယ်က မြို့သား အကောင်းစားဟု ကြွားတ၀င့်ဝင့်ဖြင့် စကားအဆင့်ဆင့် မြှင့်နေခြင်းကို ဦးဟန်ကြည် မကြည်ညို။ ကိုယ့်ကိုယ်ကို ချစ်လျှင် တစ်ဖက်သားကို အပြစ်မမြင်စတမ်း။ ကိုယ်ထမ်းသောဝန်ကမှ အရေးကြီးသည်ဟု သွေးကြီးနေလျှင် ဦးဟန်ကြည့်အမြင်တွင် ထိုသူသည် ချဉ်ဖတ်အဆင့်ထက် တစ်ပြားသားမှ မပို။ စားနေသော ထမင်းသည် တောသား၏ ကျေးဇူးမကင်း။ ခင်းထိုင်သော သင်ဖြူးသည် တောသား၏ ချွေးစက်များ။ နွားနှင့်ဖက်ရုန်းနေသော တောသားကို လူလားမမြောက်၊  လူလောက်မတန်ဟူသော အတွေးဖြင့် အဖက်မလုပ်ချင်လျှင် ထိုသူ့ထက် ချဉ်သော ချဉ်ဖတ်မရှိနိုင်တော့။ ထိုသူမျိုးကို ဦးဟန်ကြည်မြင်ရလျှင် အန်ပင် အန်မိမည်မှာ မလွဲ။ ငါမှငါဟူသည့် လွဲမှားသော စိတ်ထားရှိသည့် ထိုထိုသော လူ့အန္ဓမျိုးကို ဦးဟန်ကြည် အိပ်မက်ထဲပင် ထည့်မမက်ချင်။ တိုးတက်ချင်သော တိုင်းပြည်ဟူသမျှ တောသားအစ၊ ရွာသားအလယ်၊ မြို့ငယ်သားအလတ်၊ ရပ်ကြီးသားအဆုံး အားလုံးချစ်ကြည် တူညီသော စိတ်ထားရှိကြရမည်မှာ အသေချာဆုံး နိယာမ။ မည်သည့်အခါတွင်မှ မလွဲနိုင်သော အမှန်တရား။ လူသားအချင်းချင်း ရိုင်းပင်းချင်းမရှိ၊ တန်းမညှိနိုင်သည့် “ ဖာတိုင်းပြည် ” တွင် ဦးဟန်ကြည် မပျော်ရွှင်။ လူစင်စစ်ဖြစ်လျှင် ထိုအနေအထားမျိုးမတွင် မကြည်လင်နိုင်သည်မှာနိယာမ။

သိလာသမျှကို သတ္ထုချကြည့်လျှင် ဦးဟန်ကြည်တို့ တိုင်းသူပြည်သား အများစုတွင် လူသားချင်း ရိုင်းပင်းစိတ်မရှိ။ ကူညီချင်စိတ် နတ္ထိ။ သနားစိတ်ကတော့ အပြည့်ရှိသည်မှာ ဧကန်။ အမှန်အတိုင်းပြောရလျှင် မြန်မာပြည်သားတို့၏ သနားစိတ်ကို ဦးဟန်ကြည် ချဉ်လိုက်သမှ ကျောက်ချဉ်ကပင် အဘခေါ်ပေလိမ့်မည်။ ဦးဟန်ကြည်တို့လူမျိုးသည် တစ်ဖက်သားကို အလွန်တရာ သနားတတ်သော လူမျိုးဖြစ်သည်။ ဟိသစ္စံ၊ မှန်၏။ တစ်ဖက်သားကို သနားတိုင်း ဦးဟန်ကြည် မလေးစား။ ဦးဟန်ကြည်တို့ တိုင်းသူပြည်သားများ တစ်ဖက်သားကို သနားခြင်းမှာ “ ကွာ…ဒီကောင်တွေ ငတ်နေ ဆင်းရဲနေတာ သနားလိုက်တာ…ကျွတ် ကျွတ်… ” ဟူသော စကားသံနောက်ကွယ်တွင် “ အေး…ငါတော့ မငတ်သေးဘူး…မင်းတို့ကို ကျွေးနိုင် ပေးနိုင်သေးတယ် ” ဟူသည့် မောဟ၊ မာန ရာခိုင်နှုန်းအတော်များများ ပါနေသည်ကို ဦးဟန်ကြည် အသိဆုံး။ နတ္ထိဆုံးနေသည့် လူဆင်းရဲတစ်ယောက် ကံကောင်းထောက်မ၍ ကြွယ်ဝချမ်းသာသွားလျှင် ကြည်လင်သောစိတ်ထားနှင့် မုဒိတာ ပွားနိုင်သည့် မြန်မာပြည်သား မည်မျှများသနည်းဟူသည်ကို ဦးဟန်ကြည်တို့ ဆန်းစစ်ကြဦးစို့။ “ ဒီကောင် အရင်က ငတ်နေတာပါ…အခုမှ ခွင်ကောင်းမိပြီး ချမ်းသာသွားတာ ” ဟူသော စကားသံများ နားနှင့်မဆန့်သည့်တိုင်းပြည်တွင် ချစ်ခင်စရာစိတ်ထား မည်မျှ ရှားပါးနေသည်ကို ဦးဟန်ကြည် စောကြောမိနေသည်မှာ ကြာပေပြီ။

ဤမျှ ချာတူးလန်သော စိတ်ဓာတ်များ ဖောင်းပွနေသည့် ရွှေပြည်ကြီးတွင် ဦးဟန်ကြည်ကား တောသား။ တောသားမစစ်သော်လည်း တောကိုချစ်သောကြောင့် တောသားဖြစ်ခြင်းကို ဂုဏ်ယူနေသည့် “ အောက်ကလိအာတောသား ”…။
သဘောတရားအဖြစ်ပြောလျှင် တောသားအစစ်မဟုတ်သော ဦးဟန်ကြည်သည်…
တောသားကို ချစ်သည်။
တောသားအဖြစ်ကို မြတ်နိုးသည်။
တောသား၏ ရိုးသားခြင်းကို ဂုဏ်ယူသည်။
တောသား၏ အသိဥာဏ်နည်းခြင်းကို ခွင့်လွှတ်သည်။
တောသား၏ ကံကြမ္မာနုံနဲ့ခြင်းကို အားမရ။
တောသား၏ နုံချာလှခြင်းကို မကျေနပ် . . .။
တောသားကို စော်ကားခြင်းကို ပြင်းထန်စွာ ဒေါသထွက်သည်။
တောသားသည် မြန်မာပြည်၏ ကျောရိုး။
တောသားသည် မြန်မာပြည်၏ ကျက်သရေ။
တောသားသည် မြန်မာပြည်၏ အနာဂတ် တက်နေ။
တောသားမရှိလျှင် မြန်မာပြည်ဟူသည် မရပ်တည်နိုင်ဟူသော ခံယူချက်ကို ဦးထိပ်ရွက်ထားမိသည်မှာ ဦးဟန်ကြည်သာလျှင် ဖြစ်လေ၏ . . .။  




9 comments:

Ma Tint said...

ဆရာဟန်ပြောတာတွေ သဘောကျလက္ခံပါတယ်။ အမှန်တရားတွေချည်းပဲမို့။
ဒါပေမယ့် ပြောင်းလဲလာတဲ့ခေတ်ရေစီးကြောင်းနဲ့အတူ အရင်ကလို တောသားလေးတွေ ရှားလာပြီ.... :P

ဆွေလေးမွန် said...

ရေးထားတာလေး ထိထိမိမိနဲ့ လိုရင်းရောက်ပ ဆရာဟန်ရယ်။ အဓိက ကဖြင့် မြို့ကြီးမှာနေနေ တောမှာပဲ မွေးမွေး စိတ်ရင်းကောင်းလျှင် လူလူချင်း ခွဲခြားရှုမြင် တတ်သည့် အကျင့်များ ပျောက်သွားမှာပါလေ

ဆွေလေးမွန် said...

ရေးထားတာလေး ထိထိမိမိနဲ့ လိုရင်းရောက်ပ ဆရာဟန်ရယ်။ အဓိက ကဖြင့် မြို့ကြီးမှာနေနေ တောမှာပဲ မွေးမွေး စိတ်ရင်းကောင်းလျှင် လူလူချင်း ခွဲခြားရှုမြင် တတ်သည့် အကျင့်များ ပျောက်သွားမှာပါလေ

မဒမ်ကိုး said...

ကျနော်ဆိုပိုဆိုးပါတယ်ဆြာရယ် ချက်မြုပ်တော့ မဂ်လာဒုံစစ်ဆေးရုံ နောက်ကြီးတော့မေမြို့ မိုင်းယောင်းရှမ်းပြည်တခွင် ခေါင်ပေ့ ဝေးပေ့အစွန်အဖျား တက္ကသိုလ်တက်မှရန်ကုန်ရောက်ရပါတယ် အဲဒီတော့ ကိုယ့်ကိုကိုယ်ဘာသားလို့ပြောရမှန်းမသိ ဇာတိရပ်ရွာလဲမရှိ သူများလိုမွေးရပ်မြေပြန်ရအောင်လို့ ပြောစရာလဲမရှိ ချေးကျရာပျော်နေရတဲ့ သတ္တ၀ါတစ်ကောင်ပါပဲဆြာရယ် စိတ်မကောင်းစရာကြီး ဒါပေမယ့်ဘယ်နေရာနေနေ လူပီသဖို့ဘဲအရေးကြီးတာမို့ လူပီသအောင်ပဲကြိုးစားနေထိုင်နေပါတော့တယ်

သူကြီးမင်း (တုံးဖလား) said...

တောသားကြီး ဆရာဟန်ရေးထားသော တောသားပို့စ်ကို တောသားကြီး သူကြီးမင်း လာရောက်ဖတ်သွားပါ၏ ဆရာဟန်။
ကလေးအရွယ်တုန်းကထဲက ရခဲ့ဖူးတဲ့ ကဗျာလေးတစ်ပုဒ်ရှိတယ်။

မြို့သားဆိုပြီး
မြို့ကြီးမှာဖွား
သိပ်မကြွားနဲ့
တောသားအားထုတ်
လယ်ယာလုပ်မှ
တစ်လုပ်ထမင်း
တစ်လုပ်ဟင်းနဲ့
မင်းတို့တတွေ စားရမှာ။ တဲ့။

တောသားဖြစ်ရတာ အားငယ်စရာ မဟုတ်ပါဘူး ဆရာဟန်။
ဆရာဟန်ပြောသလို ပိုတောင် ဂုဏ်ယူဖို့ ကောင်းပါသေးတယ်။

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

တောသားဖြစ်ဖြစ် မြို့သားဖြစ်ဖြစ် ဘာရယ်မှကွာတာမဟုတ်ပါဖူးဆြာရယ်နော့ အဓိက အသိစိတ်နဲ့ ကိုယ့်ပတ်ဝန်းကျင်အကျိုးကိုတက်နိုင်တဲ့ဖက်က သယ်ပိုးဖို့မဟုတ်လားဗျာ
တချို့ ဆိုက်ကိုmenတွေက အဲလိုခွဲခြားပြောဆိုတတ်ကြတယ်ဗျာ တကယ်တော့ စိတ်ဓတ်ပါပဲဆြာရယ် .....

Anonymous said...

ခုခေတ်တောသားတွေမြို့ မတက်တော့ဘူးဆရာဟန်
နိုင်ငံခြားတန်းထွက်ကုန်ပြီ။း)
တောသားမြို့ သားပြည်ပသားဘယ်လိုသမုတ်သမုတ်
လူ တစ်ဦးချင်းစိတ်ဓါတ်သာအရေးအကြီးဆုံးလို့ ထင်မိရဲ့ ။
အို်င်အိုရာ

စံပယ်ချို said...

ဆရာပြောသလိုပဲ အတုခိုးပြီးလိုက်ပြေရတော့မယ်ဆရာရေ
ကိုယ့်ဟာကို တောသူလားမြို့သူလားတောင်မသိတော့ပါဘူး အင်းလေးမှာမွေးပြီးညောင်ရွှေကိုခေါ်လာခဲ့ပါတယ် ပြီးတာနဲ့ တောင်ကြီးကိုရောက်ပါတယ် ၁၀တန်းကို ရန်ကုန်ကနေအောင်ပြီး အဲမှာပဲကောလိပ်တက်ရပါတယ် ကျောင်းပိတ်ရက်တွေရောက်တိုင်း အင်းလေးပြန်ရတယ် မော်လမြိုင်သွားရတယ် (မေမေဇာတိ)
အဖွားအိမ်ရှိတဲ့ ညောင်ရွှေ ။
ရွှေညောင် သွားရတယ် ဖေဖေအမျိုးတွေရှိလို့ တောသူတွေ တောသားတွေကပေါင်းကြည့်ရင် တကယ်ပဲရိုးသားကြပါတယ် ခုရောက်တဲ့နေရာမှာတောင် အင်းသားတွေတွေ့ရလို့အံ့ရောဆရာ မြို့မဟုတ်တော့ဘူးနော် သူတို့က ပိုပြီးမြင့်သွားပြီ USA မှာအများကြီးပဲ .............

blackroze said...

တောသားမြို့သား ဆိုတာထက်
လူသားပီသတဲ့စိတ်ဓါတ်ရှိသူဖြစ်ဖို့က
ပိုအရေးကြီးတယ်လို့ ထင်မြင်မိပါတယ်ဆရာ
အဓိက ကတော့စိတ်ဓါတ်ပါဘဲ

ကြိုက်ရင်ပေါ့လေ . . .