Saturday, 31 December 2011

၂၀၄၂ . . .

“ နှစ်သစ်ကူးလို့ ချစ်ဦးကိုရှာဖွေ . . .
 ဘယ်ရပ်ဌာနေ ဘယ်ဆီများသွားပါလိမ့် . . . နေစိမ့်တဲ့သူရေ . . .”

ချမ်းချမ်းဆီးဆီး ဆောင်းတွင်းကြီးမှာ ဦးဟန်ကြည်တစ်ယောက် တစ်ကိုယ်တော် သင်္ကြန်ကျနေခြင်း မဟုတ်ပါ။ နာရီပိုင်းအတွင်း ရောက်လာမယ့် ၂၀၁၂ နှစ်ဦးကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုဆိုဖို့ သီချင်းညည်းနေခြင်းပဲ ဖြစ်ပါရဲ့။ အသက်အရွယ်အရလည်း ဘိုးတော်အငယ်စားစာရင်းထဲကို ၀င်စပြုလာပြန်တဲ့အပြင် ခေတ်သီချင်း ဒိုးဒိုးဒေါင်ဒေါင်၊ ၀ူးဝူးဝါးဝါးတွေကိုလည်း နားကြားပြင်းကတ်သူဖြစ်တာမို့ ရင်ထဲကို စိမ့်ဝင်နေခဲ့တဲ့ အလင်္ကကျော်စွာ ဆရာမြို့မငြိမ်းရဲ့ “ နှစ်သစ်ချစ်ဦး ” နဲ့ပဲ ကြိုလိုက်ပါတော့တယ်။ နှစ်ဟောင်းချစ်ဦးက အိမ်ရှင်မရာထူးကို အမြိုင့်သားယူထားတာမို့ ဦးဟန်ကြ
ည်တစ်ယောက် နှစ်သစ်မှာ အချစ်ဦးရှာဖို့ စိုင်းပြင်းနေတယ်လို့တော့ အမှုကြီးအောင် မတွေးကြဖို့ မေတ္တာရပ်ခံထားပါရစေဦး။

အခါတိုင်းနှစ်တွေမှာတော့ နှစ်ဟောင်းက ဖာသိဖာသာကုန်သွားသလို နှစ်သစ်ကလည်း တိတ်တိတ်ဆိတ်ဆိတ်ကလေး အစားဝင်လာတာမို့ တစ်ခါမှ မှတ်မှတ်ရရ မဖြစ်မိပါ။ လုပ်ငန်းသဘာဝအရ ဒီနှစ်ကူးက ကိုယ်နဲ့သိပ်မဆိုင်တာကလည်း နှစ်ကူးနဲ့ခပ်စိမ်းစိမ်းဖြစ်စေရခြင်းရဲ့ အကြောင်းခံတစ်ရပ် ဖြစ်မယ်ထင်ပါရဲ့။ ဦးဟန်ကြည်တို့ရဲ့ ပညာရေးပြက္ခဒိန်ကလည်း မတ်လလယ်လောက်ရောက်မှပဲ နှစ်ဟောင်းကုန်ပေသကိုး။

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုရောက်လာတာကို ဦးဟန်ကြည်တို့ ရွှေမြန်မာတွေ ကြိုဆိုပုံက အင်မတန်မှသင်းပါသတဲ့။ င်္ဘီယာရေချိုးလို့ ၀ီစကီကိုမီးလှုံ အမြည်းတောင်လိုပုံအောင် သောက်သောက်လဲ ၀ှဲချီးဆင်နွှဲကြတဲ့ ရွှေ့ပြည်သားတွေကို ဆင်းရဲလှချေရဲ့လို့ သနားကြတဲ့ အနောက်ဟိုပြည်က မောင်တွေကို သနားစရာတောင်ကောင်းလှပါရဲ့။ ည ၇ နာရီဝန်းကျင်လောက်ကစလို့ လမ်းပေါ်မှာ ကားတ၀ီဝီ၊ ဆိုင်ကယ် တဒီဒီနဲ့ ငမူးပွဲတော်ဆင်နွှဲနေလိုက်ကြတာ အခု ည ၁၁ နာရီခွဲတဲ့အထိ မရပ်သေးပါ။ ၁၂ ရာသီပွဲတော်တွေနဲ့တင်အားမရဘဲ အစ်၊ ဒီပါဝလီ၊ ခရစ်စမတ်၊ နှစ်ကူးပါမကျန် မူးပွဲ၊ သောက်ပွဲကျင်းရမှ ကျေနပ်ပေသကိုး။ အနာဂတ်အတွက် အားထားရမယ့် ဦးဟန်ကြည်တို့ရဲ့ လူငယ်မျိုးဆက်သစ်တွေကတော့ ဘီယာဘူးတွေကို လက်မှာကိုင်လို့ အထီးရော၊ အမပါမကျန် မြိုင်လိုက်ရင်း နှစ်ကူးကြဖို့ ရည်ရွယ်ကြဟန်တူပါတယ်။ အမေ့အမွေပစ္စည်းတွေကို အရှိအရှိအတိုင်း ထုတ်ပြပြီး လမ်းသလားနေကြပါလေရဲ့။

အိမ်နားက ခွေးသူတောင်းစားတစ်အုပ်ကတော့ နားမခံသာစရာကောင်းတဲ့ သီချင်းပေါင်းစုံကို မိုင်ကုန်တင်ဖွင့်ပြီး အောက်တန်းစားဖြစ်ကြောင်း ကြေညာနေကြလေရဲ့။း ဆရာဝန်ဦးဟန်ကြည်တစ်ယောက် ရပ်ကွက်ကို သနားတာကြောင့် တိုးတိုးဖွင့်ဖို့ တောင်းပန်ပေမယ့် အားနာပါးနာနဲ့ ဟုတ်ကဲ့လို့ပြောပြီး ခဏပဲ အသံတိုးပြီး မိုင်ကုန်တင်မြဲတင်လျှက်ပဲ ရှိပါတယ်။ နှစ်ကူးဟာ ဒီလိုကလေက၀တွေပျော်တဲ့ ပွဲများလား။ ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာဆိုတဲ့ စကားက မှန်လှချေရဲ့။ ဦးဟန်ကြည်တို့ ရွှေပြည်က နွားတွေဟာ ဆင်းရဲငတ်ပြတ်နေမှ လူစိတ်ဝင်ကြဟန်တူပါရဲ့။ ဒီလိုစိတ်ဓာတ်၊ ဒီလို အကျင့်တွေနဲ့ ဒီမိုကရေစီကို အားမနာတမ်းတောင်းနေကြတာ ရင်နာစရာကောင်းလှချေရဲ့။ ဒီမိုကရေစီကို အသာထားဦး လူအချင်းချင်း ကိုယ်ချင်းစာတရားတောင်မရှိနိုင်တဲ့ ဒီနွားတွေကြားထဲမှာ လူစိတ်မွေးနေရတဲ့ ဦးဟန်ကြည်တို့ တိုင်းသူပြည်သားတွေကို အမောင်နိုင်ငံရေးသမားများ သနားစိတ်ဝင်တော်မူကြပါကုန်။

ဒီတိုင်းပြည်မှာ ပညာတတ်ဖြစ်ရတဲ့ ဘ၀ကို ဦးဟန်ကြည်တစ်ယောက် အင်မတန်စိတ်ကုန်နေပါပြီ။ ဘာခံယူချက်မှမရှိ၊ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာတစ်ခုမှ လုပ်မပေးဘဲ လက်နက်အားကိုးနှဲ့ ဥပဒေကို ချိုးဖောက်ချင်တိုင်း ချိုးဖောက်ပြီး ချမ်းသာနေကြတဲ့ ဒီတိုင်းပြည်မှာ လူလာဖြစ်ရတာ ဦးဟန်ကြည်တစ်ယောက် စိတ်အပျက်ကြီးပျက်နေပါပြီ။ လူမျိုးရေးယောင်ယောင်၊ နိုင်ငံရေးယောင်ယောင် အဖွဲ့အစည်းတွေထဲဝင်ပြီး ဥပဒေရော၊ လူ့ကျင့်ဝတ်ရောပါ ချိုးဖောက်ချင်တိုင်း ချိုးဖောက်ပြီး အလကားရတဲ့ ပိုက်ဆံတွေနဲ့ အောက်တန်းကျချင်တိုင်းကျနေကြတဲ့ ဒီတိုင်းပြည်မှာ ဘာကြောင့်များ လူစိတ်ဝင်နေမိပါလိမ့်လို့ စဉ်းစားနေမိပါရဲ့။ ဖင်မှန်းခေါင်းမှန်းမသိတဲ့ နိုင်ငံရေးသမား ခွေးသူတောင်းစားတွေကလည်း အသံကောင်းဟစ်၊ နာမည်ကောင်းယူပြီး ဦးဟန်ကြည်တို့ တိုင်းသူပြည်သားတွေကို မသေသေအောင် သတ်နေကြပါသေးတယ်။ နိုင်ငံရေးသမား အားလုံးကို ဦးဟန်ကြည် ရွံပါတယ်၊ မုန်းပါတယ်။

ဒီနေ့ခေတ်လူငယ်တွေကို ကြည့်လိုက်ပါ။ ယောက်ျားလေးတွေက ဘောင်းဘီဖင်ကျပ်နဲ့ နံပိန်ဗလနဲ့ အချောက်ဏှာဘူးတွေ ဖြစ်နေကြပါပြီ။ မိန်းမတွေက ပိုက်ဆံမရဘဲ ကိုယ့်ပစ္စည်းကို ရောင်းစားနေကြပါပြီ။ ဘယ်နိုင်ငံရေးသမားကများ ဒီလူငယ်တွေအရေးကို အရေးယူ အာရုံစိုက်ပါသလဲ။ အသက်ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ ကိုယ်ချင်းစာတရားမရှိ၊ လူ့ကျင့်ဝတ်ကို တစ်စိုးတစ်စေ့မှ နားမလည်ကြတော့ပါ။ လင်တရူးဖို့။ မယားတရူးဖို့ အင်တိုက်အားတိုက် ကြိုးပမ်းကြတာကို ဘယ်သူကများ စကားထဲထည့်ပြောပါသလဲ။ ဗိုလ်ချုပ်ပြောခဲ့ဖူးတဲ့ “ ဖာနိုင်ငံကြီး ” မှာ ဦးဟန်ကြည်တို့ နေကြရပါသတဲ့။

ဦးဟန်ကြည်တို့ ဖွတ်ကြားတိုင်းသူပြည်သားတွေဟာ ဒီမိုကရေစိနဲ့များတန်လို့လား။ အမောင်စိတ်ကူးယဉ်သမား နိုင်ငံရေးသမားများ လူထဲကို နှံ့နှံ့စပ်စပ်ဝင်ပြီး လေ့လာတော်မူကြပါကုန်။ စိတ်ဓာတ်ရော အကျင့်စာရိတ္တပါ အောက်တန်းကျချင်တိုင်း ကျနေတဲ့ ဒီတိုင်းပြည်ဟာ အာဏာရှင်စနစ်တောင်မှ ဖြုတ်ထုတ်သတ်စနစ်နဲ့ပဲ ထိုက်တန်ပါရဲ့။ အခု ည ၁၂ နာရီထိုးကာနီးပါပြီ။ ခွေးသူတောင်းစားတစ်အုပ် သီချင်းမိုင်ကုန်တင်ဖွင့်နေတုန်းပါ။ မူးမူးရူးရူးနဲ့ မကြားဝံ့မနာသာ အော်ဟစ်နေကြတုန်းပါ။ လက်ထဲမှာ သေနတ်ရှိရင် ဒီနွားတွေကို ဦးဟန်ကြည် သေချာပေါက် ပစ်သတ်ပါတယ်။

လာမယ့်နှစ်ပေါင်း သုံးဆယ်မှာ ဦးဟန်ကြည်တို့ အိုပါလိမ့်မယ်။ ဒီခွေးသူတောင်းစားတွေရဲ့လက်ထဲမှာ ဦးဟန်ကြည်တို့တိုင်းပြည်ကို ထိုးအပ်ရပါဦးမယ်။ နိုင်ငံခြားကနေပြီး တိုင်းပြည်နဲ့ အစိုးရကို အပစ်တင်နေကြတဲ့ ဖွတ်ကြားများကရော ဒီကိစ္စကို ဘယ်လိုဖြေရှင်းပေးချင်ပါသလဲ။ အဝေးကနေ အသံကောင်းဟစ်ပြီး စိတ်ကူးယဉ်နေကြတာတွေ ရပ်တော်မူကြပါကုန်။ ဦးဟန်ကြည်လက်ထဲကို တိုင်းပြည်အာဏာရောက်မလာအောင် ဆုတောင်းကြပါကုန်။ ဦးဟန်ကြည်လက်ထဲမှာ တိုင်းပြည်အာဏာရလာရင်တော့ ကိုယ့်ကိုယ်ကိုယ်က အစထားလို့ မျိုးဆက်သုံးဆက်လောက်ကို အမြစ်ပြုတ်အောင် သတ်ပါလိမ့်မယ်။ အာဒံနဲ့ ဧ၀လို မျိုးကောင်းမျိုးသန့် တစ်စုံလောက်နဲ့ပဲ တိုင်းပြည်ကို အသစ်ပြန်တည်ဆောက်ပစ်ပါလိမ့်မယ်။ မကျေနပ်ရင်လည်း မတတ်နိုင်ပါ။ တိုင်းပြည်ကို ချစ်တဲ့ ဦးဟန်ကြည်တစ်ယောက် အောက်တန်းကျတဲ့ တိုင်းသူပြည်သားတွေကို ရွံပါတယ်၊ မုန်းပါတယ်။ မကျေနပ်ရင်လည်း မတတ်နိုင်ပါ။ ဒီတိုင်းသူပြည်သားတွေကြောင့် ဒီိတိုင်းပြည် သိက္ခာကျရတာကို ဘာကြောင့် မသိချင်ယောင် ဆောင်နေကြပါလိမ့်။ အဲဒီနိုင်ငံရေးသမားတွေကို ရှေ့မှာတွေ့ရင် အမှုန့်ကြိတ်ပစ်ဖို့ ရဲရဲကြီး အာမခံပါတယ်။ ဒီပို့စ်ကို လာဖတ်တဲ့ နိုင်ငံရေးသမားများလည်း သတိထားတော်မူကြပါကုန်။

ဒီနှစ်သစ်ကူးဟာ နားဒုက္ခ မျက်စိဒုက္ခပေါင်းများစွာနဲ့ စိတ်အဆင်းရဲကြီးဆင်းရဲပြီး လူသတ်ချင်စိတ် ဒေါသစိတ် ချောင်းချောင်းထရကြောင်း နိုင်ငံတကာရောက် ဘောလာ့ဖတ်သူများသိစေဖို့ သတင်းကောင်းပါအပ်ပါရဲ့။

ဟုတ်ကဲ့ ကျက်သရေယုတ်လှသော နှစ်ဟောင်း အမြန်ကုန်ပြီး နှစ်သစ်အမြန်ရောက်ပါစေတော့။ နားဒုက္ခသက်သာရင် ကျေနပ်ပါပြီ။

Tuesday, 27 December 2011

ကြောက်လို့တိုက်တဲ့ စစ်ပွဲတွေ . . .

မသေချာ၊ မရေရာတဲ့ မြေကမ္ဘာပေါ်မှာ စစ်ပွဲတွေဖြစ်လိုက်ကြတာ။
 ဟိုတိုင်းပြည်မှာလည်း တဒိုင်းဒိုင်း တဒက်ဒက်၊ ဒီလူမျိုးစုကြည့်ပြန်ရင်လည်း တ၀ုန်းဝုန်း တဒိုင်းဒိုင်းနဲ့ ပစ်လိုက်ကြ၊ ခတ်လိုက်ကြ၊ သတ်လိုက်ကြ၊ သေလိုက်ကြတာတွေ မကြားချင့်အဆုံး၊ မမြင်ချင့်အဆုံးပါ။ ခပ်စိပ်စိပ် ကြုံလာနေရတဲ့ သဘာဝဘေးအန္တရာယ်၊ ကပ်ဆိုးကြီးတွေကြားမှာ ကလိယုဂ်ဆုတ်ကပ်ဖြစ်လို့ တိုလာနေတဲ့ အသက်တန်းကိုတောင် မငဲ့ညှာနိုင်အောင် သေမျိုးအချင်းချင်း သတ်ဖို့ဖြတ်ဖို့ကိစ္စကို ဘာကြောင့်များ အင်တိုက်အားတိုက် လုပ်နေကြပါလိမ့်။ တစ်ယောက်နဲ့ တစ်ယောက် ရန်ငြိုးရန်စရှိဖို့အသာထား မြင်တောင်မမြင်ဖူးကြတဲ့ လူအချင်းချင်း အယူဝါဒမတူရုံ၊ လူမျိုးချင်းကွဲပြားရုံနဲ့တင် ဘာကြောင့်များ မညှာမတာ သတ်ကြဖြတ်ကြဖို့ အားတက်သရော ရှိနေကြပါလိမ့်။

ဆရာဝန်စာရေးဆရာမ “ ဂျူး ” ကတော့ “ အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ ” ဆိုတဲ့ခေါင်းစဉ်နဲ့ စာတစ်အုပ်ရေးဖူးပါတယ်။ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ လူတန်းစားတစ်လွှာနဲ့တစ်လွှာ၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုး နာကြည်းမုန်းတီးမှုတွေကြောင့် ဆိုးရွားရက်စက်တဲ့ စစ်ပွဲကြီးတွေဖြစ်ကြရပါသတဲ့။ ဒီအချက်ဟာ စစ်ပွဲတွေဖြစ်စေတဲ့ အခြေခံအချက်ဖြစ်တယ်ဆိုတာ ငြင်းစရာမလိုအောင် သေချာလှပါတယ်။ ဒါပေမယ့် ဦးဟန်ကြည်ကတော့ ဂျူးရဲ့အဆိုကို အပြည့်အ၀ မထောက်ခံချင်ပါ။ ဘာကြောင့်လဲဆိုရင် တစ်ချို့တစ်ချို့သော စစ်ပွဲတွေဟာ -
“ ကြောက်လို့တိုက်တဲ့ စစ်ပွဲတွေ ” ဖြစ်နေလို့ပါ။

http://www.ww2incolor.com/d/29835-8/Abascalsa

နိုင်ငံတစ်နိုင်ငံက အခြားတစ်နိုင်ငံကို စီးပွားရေးအတွက်ပဲဖြစ်ဖြစ်၊ ဂုဏ်သိက္ခာအတွက်ပဲဖြစ်ဖြစ် ကျူးကျော်သိမ်းပိုက်ရင် ကျူးကျော်ခံရတဲ့ တိုင်းပြည်က ရှိသမျှအင်အားနဲ့ စွမ်းနိုင်သလောက်တော့ ရေကုန်ရေခမ်း ပြန်တိုက်ပါလိမ့်မယ်။ ဒါဟာ ကျူးကျော်သူတွေကို မုန်းတီးစိတ်ကြောင့်ခံတိုက်တယ်လို့ ဆိုနိုင်ပေမယ့် တကယ်တမ်းပြောရရင် ကိုယ့်တိုင်းပြည်၊ ကိုယ့်ပိုင်ဆိုင်မှု၊ ကိုယ့်အနေအထား ပျက်စီးမှာကို ကြောက်တဲ့စိတ်ကြောင့်ပဲ ပြန်တိုက်ကြတာပါ။ နားလည်လွယ်တဲ့ ဝေါဟာရနဲ့ ပြောရရင် “ ကြောက်ခံခံ ” ကြတာပါ။ လာတိုက်တဲ့နိုင်ငံကလည်း တိုက်ပွဲရှုံးလို့ သိက္ခာကျမှာ ကြောက်သလို၊ အကျိုးအမြတ်တွေ ရသင့်သလောက်မရမှာကိုလည်း ကြောက်ကြပြန်ပါတယ်။ အကြောက်တရားဟာ အချင်းချင်းကို စည်းလုံးစေပါတယ်။ ကြောက်တဲ့လူအချင်းချင်း ကျောချင်းကပ်ကြပါတယ်။ ရင်ချင်းအပ်ကြပါတယ်။ တစ်ခုခုကို အတူတကွကြောက်ကြတဲ့လူတွေ စုစည်းမိပြီး ဆန့်ကျင်ဘက်အရပ်နှစ်ခုမှာ ရပ်တည်မိကြတဲ့အခါမှာ စစ်ပွဲကြီးတွေ ဖြစ်ကြတော့တာပါပဲ။

တိုင်းရင်းသားလူမျိုးစုတစ်စုနဲ့တစ်စု တိုက်ကြခိုက်ကြတဲ့ တိုက်ပွဲတွေဟာလည်း အကြောက်တရားကို အရင်းခံပါတယ်။ လူမျိုးတစ်မျိုးကိုတစ်မျိုးက မယုံကြည်ခြင်းဆိုတာ ကြောက်ခြင်းရဲ့ ပုံသဏ္ဌာန်တစ်မျိုးပဲ မဟုတ်ပါလား။ သတ္တိရှိပြီး ရဲဝံ့တဲ့လူဟာ ယုံကြည်ချက်ခိုင်မာမြင့်မားပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်သလို တစ်ဖက်သားကိုလည်း စိတ်ချပါတယ်။ ဥပမာပြရရင် လွတ်လပ်ရေးခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ကို ဘယ်သူကမှ လုပ်ကြံမှာမဟုတ်ဘူးလို့ ယုံကြည်ချက်ထားသလိုပါ။ တစ်မျိုးကို တစ်မျိုး ကြောက်ကြလန့်ကြတာကြောင့် လက်နက်တွေ အသင့်ကိုင်ထားကြရပါတယ်။ တစ်ဖက်ကိုတစ်ဖက် မျက်ခြေအပြတ်မခံဘဲ စောင့်ကြည့်ကြရပါတယ်။ သူများက လက်ဦးသွားလို့ ကိုယ့်လူမျိုး ဒုက္ခရောက်ရတာမျိုးကို စိုးရိမ်ကြ၊ ကြောက်ကြတဲ့အတွက် ကိုယ်ကလက်ဦးမှုရအောင် တိုက်ဖို့ခိုက်ဖို့ စိုင်းပြင်းကြပါတယ်။ တစ်ဖက်ကနိုင်သွားရင် ကိုယ့်လူမျိုးကို အမှုန့်ခြေမှာ အနိုင်ကျင့်မှာ ကြောက်ရပြန်တာကြောင့်လည်း မနိုင့်နိုင်အောင် သူသေကိုယ်သေ တိုက်ကြပြန်ပါတယ်။ သံသရာလည်နေတဲ့ အကြောက်တရားကြောင့်ပဲ ဒီနေ့ကမ္ဘာပေါ်မှာ တိုက်ပွဲတွေ မပြီးနိုင်မစီးနိုင်ဖြစ်နေကြပါတော့တယ်။ တစ်ဖက်နဲ့တစ်ဖက်ကြားက အကြောက်တရားတွေ မပျောက်ကွက်သမျှကာလပတ်လုံး တိုက်ပွဲတွေ ဆက်ဖြစ်နေကြဦးမှာကတော့ သေချာနေပါရဲ့။ အစ္စရေးနဲ့ ပါလက်စတိုင်းတို့တိုက်နေကြတာကိုပဲ ကြည့်ပါ။ နှစ်ပေါင်းများစွာကြာနေပြီဖြစ်ပေမယ့် အကြောက်မပြေကြသေးတာကြောင့် ဒီနေ့အထိ တိုက်လို့ကောင်းနေကြတုန်း မဟုတ်ပါလား။

တစ်ချို့ကပြောကြပါတယ်။ သတ္တိရှိလို့ လက်နက်ကိုင်တာပါတဲ့။ မှားပါတယ်။ ကြောက်တတ်လို့ လက်နက်ကိုင်ကြတာပါ။ တစ်နည်းအားဖြင့် ကိုယ့်ကိုယ်ကို မယုံလို့ လက်နက်ကို အားကိုးရတာပါ။ ကိုယ့်စည်းလုံးမှုကို စိတ်မချလို့ လက်နက်ဆောင်ထားရတာပါ။ ဦးဟန်ကြည်ရဲ့တပည့်လေးတွေပြောသလို “ သိုင်းတတ်ရင် တုတ်ကိုင်စရာမလိုပါဘူး ” လို့ ပြောရပါလိမ့်မယ်။ ကိုယ့်ကို သူများရန်စမှာ အနိုင်ကျင့်မှာ စိတ်မချတဲ့အတွက်၊ ကြောက်ရတဲ့အတွက် သွားလေရာ၊ လာလေရာမှာ သေနတ်တွေ တကားကားနဲ့ သွားနေကြရတာ မဟုတ်ပါလား။ ချေးယို၊ သေးပေါက်တဲ့ အချိန်မှာတောင် သေနတ်ကို ခါးကြားကမချဘဲ ဆောင်ထားရတဲ့လူလောက် ကြောက်တတ်တာ ဘယ်မှာရှိပါ့မလဲ။ ကိုယ်က သူများကို သတ်မိတဲ့အတွက် ကိုယ့်ကိုပြန်သတ်ခံရမှာစိုးရိမ်တဲ့ အကြောက်တရားတွေကြောင့်ပဲ ကိုယ့်စိတ်ကို ကိုယ့်ဖာသာ ထောင်ချထားသလို ဖြစ်နေကြပါတော့တယ်။ မည်းမည်းမြင်သမျှကို ရန်သူထင်ပြီး သစ်ရွက်လှုပ်တာကလေးကိုတောင် ရန်သူလာဝိုင်းတယ်လို့ အမြင်မှားပြီး ကျီးလန့်စာစားဖြစ်နေရတဲ့ လူတွေရဲ့ပါးစပ်က သတ္တိစကားကြားရတာတော့ အင်မတန်ကောင်းတဲ့ ပျက်လုံးတစ်ပုဒ်လို့ပဲ ဆိုရပါလိမ့်မယ်။

ကမ္ဘာ့သမိုင်းတစ်လျှောက်မှာ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ အကြောက်လွန်ကြတာကြောင့်ပဲ “ လက်နက်အသင့် ငြိမ်းချမ်းရေးကာလ ” ဆိုတာ ဖြစ်လာခဲ့ရတာပါ။ အမေရိကန်က ဆိုဗီယက်ကို ကြောက်တာကြောင့် နြူကလီးယားတွေ ထုတ်ပါတယ်။ ဆိုဗီယက်ကလည်း အမေရိကန်ကို လန့်ပြီး နြူလက်နက်တွေ အသင့်ပြင်ထားပါတယ်။ တစ်ယောက်ရဲ့လက်နက်အင်အားကို တစ်ယောက်က မျက်ခြေပြတ်မခံရဲရှာကြပါ။ ထစ်ခနဲရှိရင် ကိုယ့်လက်နက်တွေကို အသင့်ပြင်ကြပါတော့တယ်။ တစ်ဖက်ကလှုပ်ရင် တစ်ဖက်က မျက်ကလဲဆန်ပြာ ဖြစ်ကြပါတယ်။ ဘယ်လောက်များဆိုးတဲ့ အကြောက်တရားတွေပါလဲ။

အဲဒီအကြောက်တရားတွေကြောင့်ပဲ အချင်းချင်းယှဉ်ပြိုင်တာတွေ၊ အနိုင်လုတာတွေ၊ မုန်းတီးကြတာတွေ ဖြစ်ရပါတယ်။ ဆိုဗီယက်နိုင်ငံက လူသားလိုက်ပါစီးနင်းတဲ့ အာကာသယဉ်ကို ကမ္ဘာပတ်လမ်းကြောင်းထဲအရောက် ပထမဆုံးအဖြစ် လွှတ်တင်နိုင်တဲ့အခါမှာ ကမ္ဘာ့သမိုင်းမှာ အောက်ကျနောက်ကျဖြစ်ကျန်ရစ်မှာကြောက်တဲ့ အမေရိကန်ကြီးက လပေါ်ကို ပထမဆုံးခြေချနိုင်တဲ့ နိုင်ငံဖြစ်ဖို့ အသည်းအသန်ကြိုးစားပါတော့တယ်။ သူများထက် ညံ့သွားမှာကို ကြောက်စိတ်ကြောင့်ပဲ ကိုယ့်ထက်သာတဲ့လူတွေကို မနာလိုစိတ်၊ မုန်းတီးစိတ်တွေ ဖြစ်လာရတယ် မဟုတ်ပါလား။ အောက်ကျနောက်ကျဖြစ်မှာကို ကြောက်စိတ်ကြောင့်ပဲ တိုးတက်သင့်သလောက် တိုးတက်လာတာ မှန်ပေမယ့် ကြောက်လွန်းမကကြောက်လို့ ဖြစ်လာရတဲ့ စစ်ပွဲကြီးတွေကတော့ အင်မတန်မှ ရွံစရာ၊ မုန်းစရာ ကောင်းလှပါတယ်။

အကြောက်တရားကြောင့်ဖြစ်တဲ့စစ်ပွဲတွေ ငြိမ်းချမ်းရေးရဖို့ ဘယ်လိုလုပ်ရပါလိမ့်မလဲ . . .

အပြောလွယ်ပါတယ်။ အလုပ်မလွယ်ပါ။
တစ်ဖက်က တစ်ဖက်ကို အပြတ်အသတ်ခြေမှုန်းနိုင်လိုက်ရင် ဒီသံသရာကြီးရပ်သွားမယ်လို့ လူပြိန်းတွေး တွေးလို့ရနိုင်စကောင်းပါတယ်။ ဒါပေမယ့် အနိုင်ရသွားတဲ့ဘက်ကလည်း ရှုံးတဲ့လူက ပြန်ပြီးလက်စားချေမှာကိုတွေးပြီး တထိတ်ထိတ်တလန့်လန့် နေရဦးမှာပါ။ ကိုယ့်လုံခြုံရေးအတွက် တစ်ဖက်ကို စောင့်ကြည့်နေရဦးမယ် မဟုတ်ပါလား။ ဘယ်သူပဲနိုင်နိုင် အကြောက်တရားကိုတော့ အရှုံးပေးထားရပါဦးမယ်။ အကြောက်တရားမကင်းသရွေ့ ဘယ်မှာစစ်ပွဲကင်းနိုင်ပါဦးမလဲ။ တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ တိုက်ပွဲတွေ ပြန်ပေါ်လာပါဦးမယ်။

တစ်ဖက်ဖက်က သတ္တိရှိပြလိုက်မှဘဲ ဒီစစ်ပွဲတွေ ရပ်ပါလိမ့်မယ်။ အကြောက်တရားကြောင့် ရန်စောင်နေတဲ့ လူတစ်ယောက်ရဲ့ရှေ့မှာ မကြောက်မရွံ့ဘဲ အေးအေးဆေးဆေးနေပြလိုက်ရင် ရန်ပွဲဆိုတာ ဖြစ်လာစရာ အကြောင်းမရှိတော့ပါ။ တစ်ဖက်သားကို လက်နက်တွေမကိုင်ဖို့ ကြောက်ကြောက်နဲ့ ကြုံးအော်နေမယ့်အစား ကိုယ့်လက်နက်ကို ဘေးပစ်ချပြီး သတ္တိရှိရှိ နေပြလိုက်ရင် အနှေးနဲ့အမြန်ဆိုသလို စစ်ပွဲတွေ ရပ်ကုန်ပါလိမ့်မယ်။ တစ်ဖက်ကို မကြောက်ရတော့ရင် ကိုင်ထားတဲ့လက်နက်တွေက ဘာများအဓိပ္ပာယ်ရှိပါဦးမလဲ။ ကြောက်လွန်းလို့ကိုင်ထားရတဲ့ လက်နက်တွေဟာ မကြောက်ရတော့တဲ့အချိန်၊ ကိုယ်သတ္တိရှိလာတဲ့ အချိန်မှာ အသုံးမလိုတော့ပါ။ စဉ်းစားကြည့်ရင် စားရမယ့်၊ သုံးရမယ့်၊ ဖွံ့ဖြိုးမှုအတွက် ရင်းနှီးရမယ့် ငွေကြေးတွေကို လူသတ်လက်နက်တွေအတွက် ဘယ်သူကများ အကုန်ခံချင်ကြပါလိမ့်မလဲ။ လူသတ်လက်နက်ကြီးကို ဖက်တွယ်ပြီး ဘယ်သူကများ ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါလိမ့်မလဲ။ တစ်ယောက်ကိုတစ်ယောက် မကြောက်ကြတော့တဲ့၊ မကြောက်ရတော့တဲ့ အချိန်ရောက်ရင် အဲဒီငွေတွေဟာ အားလုံးရဲ့ဘ၀တွေအတွက် အကောင်းဆုံးအထောက်အပံ့တွေဖြစ်လာမှာ သေချာနေတယ် မဟုတ်ပါလား။

အကြောက်တရားကနေ လွတ်ကင်းဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်တယ်လို့ ဆိုနိုင်ပေမယ့် မဖြစ်နိုင်ဘူးလို့တော့ ကောက်ချက်ချလို့မရပါ။ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမှာ သေချာနေတဲ့ လောကကြီးဖြစ်တာမို့ တစ်ဖက်စီကသာ လုံလောက်တဲ့သတ္တိနဲ့ ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစားရှိကြရင် ဒီနေ့ကမ္ဘာပေါ်မှာ ရှိသမျှ စစ်ပွဲတွေ အားလုံးနိဂုံးချုပ်ပြီး ငြိမ်းချမ်းရေးချိုးသိမ်းငှက်ရဲ့ တောင်ပံခတ်သံတွေကို နေရာတိုင်းမှာ ကြားလာရမှာဖြစ်ကြောင်း ထပ်လောင်းပြီး အသိပေးချင်ပါတော့တယ်။               ။

မကြာခင်ရောက်လာတော့မယ့် ၂၀၁၂ နှစ်သစ်မှာ လူအားလုံးရဲ့ အကြောက်တရားတွေ ကင်းစင်ပပျောက်ပြီး သာယာငြိမ်းချမ်းတဲ့ လောကလူ့ဘောင်သစ်ကို အတူတကွ လက်တွဲဖော်ဆောင်နိုင်ကြဖို့ ၀ိုင်းဝန်းဆုမွန်ခြွေကြပါစို့ . . .

Tuesday, 20 December 2011

ခရစ်စမတ်နဲ့ နှစ်ကူးမှာ . . . ( တက်ဂ်ပို့စ် )

ရာသီအေးအေးမှာ အသာတကြည်ကွေးရင်း
စာစီရေးဖို့ ပျင်းကြောဆွဲနေပါတဲ့ ဦးဟန်ကြည်တစ်ယောက်ဇိမ်တည်နေတာကို မမြင်ရက်၊ မကြည့်နိုင်ပါတဲ့ ရို့စ် က တဂ်စာတစ်ပုဒ်နဲ့ လှုပ်နှိုးလာပါတယ်။ တဂ်စာတွေဟာ ဘလော့ရွာမှာပဲ တွေ့ရတဲ့ ချစ်စရာမေတ္တာလက်ဆောင်တွေဖြစ်တာမို့ ဦးဟန်ကြည်ကတော့ ၀မ်းမြောက်ဝမ်းသာရေးလေ့ရှိပါရဲ့။ ဒါကြောင့် နေ့စဉ်နေ့တိုင်း စာရေးဖြစ်ပေမယ့် ဘလော့ဂ်ပေါ်တင်ရမှာရွံ့နေတဲ့ ဦးဟန်ကြည်ကို “ သူတော်ကောင်း၊ နတ်ကောင်းစောင်မ ” ဆိုတဲ့ စကားအတိုင်း ( စတည်ကတည်းက အပြတ်ယူထားမှ ) ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ အနှီတဂ်စာကို အောက်ပါအတိုင်း မြိုင်မြိုင်ဆိုင်ဆိုင် ရေးချလိုက်ပါသတတ်။

ရို့စ်ရဲ့ တဂ်စာက တစ်မျိုးပါ။ ခေါင်းစဉ်တစ်ခုတည်ပေးပြီး ရေးခိုင်းတာမျိုးမဟုတ်ဘဲ မေးခွန်းတွေဖြေရပါမယ်တဲ့။  
( သူကိုယ်တိုင်ကျတော့ ဖြေမထားပါ။ အတော်တရားတဲ့ ကလေးမ ) ပွင့်ပွင့်လင်းလင်းပြောရရင် မေးခွန်းများများမြင်လိုက်ရင် ဦးဟန်ကြည်ခမျာ မျက်ခုံးခပ်လှုပ်လှုပ်ရယ်ပါ။ ဆေးကျောင်းကို စရောက်ကာစက စိတ်ပညာရေးဖြေမေးခွန်းပေါင်း ၃၂၀ ကို ၂ နာရီအတွင်း ဖြေရတဲ့စာမေးပွဲမှာ ဖုန်းခနဲမြည်အောင်ကျပြီးကတည်းက မေးခွန်းတွေ တသီတတန်းကြီးမြင်ရရင် ဖျားချင်သလိုလို ဖြစ်လာတတ်တာ ဒီနေ့အထိလို့ ဆိုရမယ်ထင်ပါရဲ့။ စိတ်ပညာရေးဖြေမှာက အမှတ်နည်းရင်လည်း ကျသလို၊ ဂုဏ်ထူးထွက်ရင်လည်း ကျတတ်ပါသတဲ့။ အဲဒီစာမေးပွဲမှာ ဂုဏ်ထူးနဲ့ကျခဲ့ပေမယ့် ( အမှတ်နည်းလို့ကျတာထက်တော့ ကြားလို့ကောင်းသပ ) အခုမေးခွန်းတွေမှာတော့ ပေးမှတ်၊ အောင်မှတ်၊ ဂုဏ်ထူးမှတ် သတ်မှတ်မထားတာကြောင့် မျက်စိစုံမှိတ်ပြီး ဖြေလိုက်ရမှာပါ။

ကိုင်း…တဂ်စာတစ်ဖြစ်လဲ တဂ်မေးခွန်းတွေကို အကြောင်းညီညွတ်အောင် နှာခေါင်းဆီဆွတ်ပြီး ဖြေလိုက်ပါပြီ။ ဘောင်းဘီဝတ်ပြီး ဖတ်ကြလေကုန် …

http://4.bp.blogspot.com/_FJ1ycxNG1gU/SVRNTIUdXYI/AAAAAAAAAAc/i81ILSkP9vw/s320/X-Mas19.gif

♥ ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။
ဟုတ်ကဲ့။ စိတ်လှုပ်ရှားသပ။ စိတ်တင်မကဘဲ ပိုက်ဆံအိတ်ပါ လှုပ်ရှားပေသပေါ့ ဗျာတို့ရယ် ( ကဖိုးငွေ၏ လေသံကို အတုခိုးပြီးရေးသည် )။ အိမ်ရှင်မက ခရစ်ယာန်၊ ဦးဟန်ကြည်က ဗုဒ္ဓဘာသာဝင်ဖြစ်တာမို့ သူ့ပွဲကိုယ့်ပွဲကို အပြန်အလှန် အသိအမှတ်ပြုကြရတာကလား။ ဒီအချိန်၊ ဒီကာလ ရောက်ပြီဆိုမှဖြင့် ခရစ်စမတ်လက်ဆောင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အိမ်ရှင်မအတွက် မျက်နှာလုပ်ဖို့ မဟာ့မဟာ အခွင့်အလမ်းကြီး ရတော့တာကိုး။ ကိုယ့်အိမ်ရှင်မကို ကိုယ်ပြန်ပြီး လက်ဆောင်ပေးရတာ ကိုယ့်အိတ်ထဲကိုပြန်ဖိတ်တဲ့ကိစ္စဖြစ်တာမို့ စိတ်မလှုပ်ရှားပဲ နေပါရိုးလား။

♥  ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။
အိမ်ရှင်မကတော့ ခရစ်စမတ်သစ်ပင်တွေ၊ ကြယ်တွေ၊ မီးလုံးတွေနဲ့ အလှဆင်ချင်ဟန်တူရဲ့။ ထင်းရှူးပင်ပေါတဲ့ဒေသမှာ ခရစ်စမတ်သစ်ပင်ကို အလကားမတ်တင်းရနိုင်ပေမယ့် ဦးဟန်ကြည်တို့ဒေသမှာ ထင်းရှူးပင်အသာထားဦး လက်မောင်းလုံးလောက် သစ်ပင်ကိုတောင် ခွဲစိတ်ဖြတ်တောက်ပြီး ပရိဘောဂလုပ်ပစ်ကြတာမို့ ခရစ်စမတ်သစ်ပင် အတုကိုပဲ သုံးကြရပါရဲ့။ အတုဆိုတာ အစစ်ထက်ဈေးပိုကြီးရိုးထုံးစံရှိပြန်တာမို့ တစ်တောင်ထွာလောက်ပဲမြင့်တဲ့ အနှီပလတ်စတစ်ထင်းရှူးပင် ပိစိကွေးလေးတစ်ပင်ကိုတောင်မှ မြန်မာကျပ်ငွေ ၃ သောင်းလောက်ပေးရတဲ့အပြင် လက်ဆောင်တွေဘာတွေ ချိတ်ရဆွဲရ၊ မီးအလှတွေပါ ဆင်ရသရရင် ဖွတ်ကလိဒင်္ဂါးပေါင်းများစွာ ပလုံစွပ်ဖြစ်မှာမို့ ပေသီးခေါက်ပါရဂူ အိမ်ရှင်မခမျာ ဆိုင်မှာသွားသွားကြည့်ပြီး အာသာဖြေရှာပါသတဲ့။ ( ဒီနှစ်တော့ အိမ်ရှင်မကို မျက်နှာလုပ်ဖို့ သစ်ပင်ကြီးကြီးတစ်ပင်လောက် surprise ၀ယ်ပေးဖို့ ဦးဟန်ကြည် ကြံစည်နေပါကြောင်း )

♥ နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။
နှင်းတွေခဲနေတဲ့နေရာကို သွားလည်ချင်သပေါ့ကွယ်။ ဒါပေမယ့် နေတော့မနေချင်ပေါင်။ မနက်စောစော ကိုယ့်အိမ်ရှေ့က နှင်းထုကို ဂေါ်ပြားနဲ့ကျုံးရမယ့် အရေးက အင်မတန်မှ စိတ်ညစ်စရာ ကောင်းတန်ရဲ့။ နှင်းတွေဗွက်ပေါက်ပြီး ညစ်ထပ်ထပ်အရောင်ဖြစ်သွားရင်လည်း အတော့်ကို စိတ်ပျက်ဖို့ကောင်းတာကလား။ ရေငန်သောက် မြက်ခြောက်စားတဲ့ အညာသား ဦးဟန်ကြည်ကတော့ နှင်းကျတာ၊ မကျတာအပထားလို့ ဖွတ်ကလိဒင်္ဂါးများများရတဲ့ ဒေသမျိုးကို ပိုပြီးအာသီသရှိပါသတဲ့။ ဖြစ်နိုင်ရင်တော့ snow flake တွေ ဖွေးဖွေးလှုပ်နေအောင်ကျပြီး မီးရောင်စုံတွေ ထိန်ထိန်ညီး၊ X’mas Carol သံတွေဝေစည်နေတဲ့ ငြိမ်းချမ်းသော ခရစ်စမတ်ညတစ်ညလောက်ကိုတော့ တစ်ခါဖူးလောက် ကြုံဖူးချင်သပ။ ( ပါရမီဖြည့်ချင်သူများထံမှ လေယာဉ်လက်မှတ်ခများနှင့် တည်းခိုစရိတ်များကို ပက်ပက်စက်စက် လက်ခံမည် ဖြစ်ပါကြောင်း )

♥ ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။
အနှီခရစ်စမတ်ဆိုတာ သူတကာတွေအတွက် မင်္ဂလာအပေါင်းနဲ့ ခညောင်းတဲ့ ပိတ်ရက်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဦးဟန်ကြည်အတွက်တော့ အစဉ်အလာမပြောင်းဘဲ ခါးညောင်းတဲ့ ဖွင့်ရက်တွေ ဖြစ်ပါရဲ့။ မနက် ၈ နာရီကနေကျောင်းသွား၊ နေ့လည် ၁၂ ကနေ ၁ အထိ ထမင်းစားနား၊ ညနေ ၄ နာရီမှ ကျောင်းလွှတ်၊ ညပိုင်းကို ၅ နာရီကနေ ၉ နာရီအထိ ညပိုင်းအချိန်ပို တက်နေရပြီး စာသင်ချိန်နဲ့ တတ်မြောက်မှု ပြောင်းပြန်အချိုးကျအောင် ပြောင်မြောက်လှတဲ့ ဒီဘက်ဒေသက ကလေးတွေ ခရစ်စမတ်နေ့ တစ်ရက်တော့ နေ့ရောညပါ နားရက်ရကြပါမတဲ့။
( ကျန်တဲ့ရက်တွေကတော့ မနက်တစ်ပိုင်းနဲ့ ညပိုင်းအချိန်ပိုတက်ရမယ်ဆိုပဲ ) အနှီလို နေ့တစ်ပိုင်း နားနေကြရတဲ့ ရတောင့်ရခဲ ပိတ်ရက်မှာ ဒုတိယနှစ်ဝက်စာ သင်ခန်းစာတွေကို ပြန်နွှေးပေးရမယ့် ဦးဟန်ကြည်ခမျာ ခရီးထွက်ဖို့ ဝေလာဝေး မနက် ၅ နာရီခွဲလောက်ကတည်းကစလို့ ညပိုင်း ၈ နာရီလောက်အထိ တစ်ချိန်ပြီးတစ်ချိန် အာပေါက်အောင် စာသင်ရပါကြောင်း။
( ခရစ်စမတ်အားလပ်ရက်မှာ ခရီးယာယီထွက်နိုင်ကြတဲ့ ဖိုးကံကောင်း၊ မယ်ကံကောင်းများကို မနာလိုရှိလှပါဘိတော့ )

♥ ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။
ဒီနှစ်မှာတော့ ခရစ်စမတ်ပွဲတော်လာတဲ့ ချစ်မိတ်ဆွေတွေကို ရေတိုက်ပြီး၊ သွားကြားထိုးတံ ဝေလွှတ်ဖို့ စိတ်ကူးထားပါရဲ့။ ( အပြန်မှာ သွားကြားထိုးတံလေးတွေ ကိုက်ပြီးပြန်ကြတော့ အသားဟင်းနဲ့ကျွေးလွှတ်လိုက်လို့ သွားကြားညပ်ကုန်ကြတယ် ထင်စရာပေါ့။ ခရစ်စမတ်ပါတီပွဲကို ပျော်ပျော်ကြီးနွှဲချင်ကြကုန်သော ဘလော့ဂါ ဘလော့ဂီအပေါင်းတို့ ဦးဟန်ကြည်နဲ့ ဆက်သွယ်ကြကုန် )။ ခင်တဲ့သူတွေကိုတော့ လက်ဆောင်မပေးပါရစေနဲ့လား မရွှေရိုစ့်ရယ်။ ဒီလောက်မိတ်ဆွေတွေ များနေမင့်ဟာ။ ရှိစုမယ့်စု စည်းစိမ်လေးပါ ပြုတ်ပြုတ်ပြုန်းရချေရဲ့။ ချစ်တဲ့သူကိုတော့ လက်ဆောင်ပေးရပေသပေါ့။ ( မပေးလို့ ဘယ်ရလိမ့်တုန်း၊ နဂါးမျက်စောင်းထက် ပါဝါပိုများတဲ့ အိမ်ရှင်မမျက်စောင်းနဲ့တိုးရင် ဦးဟန်ကြည်ရဲ့ ဘော်ငွေရောင်ဆံကေသာတွေ ပြောင်တလင်းခါရချေရဲ့။ ) ဘယ်လိုလက်ဆောင်မျိုးပေးသလဲဆိုရရင်ဖြင့် ထုံးစံအတိုင်း မဒမ်ဟန်ကြည် အကြိုက်ဆုံးပစ္စည်းတွေကို တန်းစီစာရင်းပြုစုကြည့်ပြီး ဈေးအကြီးဆုံးအရာကို ရွေးပြီးဝယ်ပေးရပေသပေါ့။ ( ဒီရက်မျိုးမှ မျက်နှာမရရင် တစ်နှစ်ပတ်လုံး မျက်နှာရဖို့လမ်းမမြင်ဘူး မဟုတ်လား။ ဗယ်လင်တိုင်းမှာ အမြန်အစားထိုးရင်တောင် သုံးလေးရက်လောက်ကတော့ အကောက်တော်ဖြည်ရတာနဲ့တင် ဖတ်ဖတ်မောရချိမ့်။ )

♥ ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။
မိဘအိမ်မှာနေတဲ့အချိန်ကတော့ ခရစ်စမတ်က ကိုယ်နဲ့ဘယ်ဆိုင်လိမ့်တုန်း။  အိမ်ရှင်မနဲ့ တွေ့မှပဲ ခရစ်စမတ်နဲ့ ဦးဟန်ကြည် နဖူးတွေ့ဒူးတွေ့ တွေ့ရတော့ရဲ့။ အိမ်ထောင်သက်ပဲ ကိုးနှစ်ထဲဝင်လာမင့်ဟာ ခရစ်စမတ်အမှတ်တရပေါင်းက တစ်ပြုံတစ်မကြီး ရှိပေသပေါ့။ လွန်ခဲ့တဲ့ ၆ နှစ်က ခရစ်စမတ်ညမှာ တပည့်တွေနဲ့ ထမင်းချက်ပြီး စားဖြစ်ကြတာတော့ မှတ်မှတ်ရရ ရှိလှပါရဲ့။ ( ခရစ်စမတ် အမှတ်တရတွေကို ပို့စ်တစ်ခုရေးဖို့ စဉ်းစားမိတာကြောင့် မေးခွန်းထဲမှာ ထည့်မဖြေလိုက်တာ သည်းခံကြကုန် )


ရို့စ်ရဲ့မေးခွန်းတွေက နောက်ဆက်တွဲ ကျန်ပါသေးတယ်။
ဒီမေးခွန်းတွေကတော့ နှစ်သစ်ကူးမေးခွန်းတွေပဲ ဖြစ်ပါသတဲ့။ ကျောင်းသားတွေကို မေးခွန်းပေါင်းများစွာနဲ့ နှိပ်စက်လေ့ရှိတဲ့ ဦးဟန်ကြည်တစ်ယောက် အခုမှပဲ ကောင်းကောင်းကြီး ၀ဋ်လည်ပါရောလား။ မေးခွန်းတွေကလည်း လူကြီးတွေ အဖြေရကြပ်လှချေရဲ့။ ကိုင်း … ဖြစ်ချင်ရာဖြစ်…ချဲလက်စနဲ့ ဆက်ပြီးချဲကြဦးစို့ရဲ့ …

http://glittermagic.files.wordpress.com/2011/01/happy-new-year.gif

♥ နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။
မေးရက်ပါပေ့ကွယ်။ မေးခွန်းသဘာဝကိုလေ့လာကြည့်ရင် အနှီမေးခွန်းက “ ခေါ်မေးခွန်း ” ဖြစ်နေသကိုး။ ဦးဟန်ကြည်ကတော့ “ ရှေးအထက်က၊ အသက်အသွင်၊ ငါချစ်ခင်တဲ့၊ ကြင်သည်းအူ ” အိမ်ရှင်မနဲ့အတူ မန်ယူပွဲလေးတစ်ပွဲလောက်ထိုင်ကြည့်နေချင်သပ။ တဂ်စာရေးရမယ့် ကျန်ပုဂ္ဂိုလ်များလည်း ကိုယ်သန်ရာသန်ရာ ဖြေကြလေကုန်။

♥ New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။
ဦးဟန်ကြည်သည် မည်သည့်အခါကမျှ  နှစ်သစ်ကူး countdown မလုပ်ခဲ့ဖူးခဲ့လေရာ အမှတ်တရလည်း မရှိခဲ့ပါလေ ( ဤကား သူကြီးမင်း ကိုကိုမောင်၏ လေသံ )။ များသောအားဖြင့် လဆန်းတစ်ရက်နေ့မှာ ဖြေလေ့ရှိတဲ့ လပတ်စာမေးပွဲအတွက် မေးခွန်းတွေထုတ်ရင်း၊ အဖြေလွှာတွေပြင်ဆင်ရင်း သူ့နှစ်သစ်က သူ့ဖာသာ ကူးသွားပါလေရဲ့။ နှစ်သစ်တစ်ခါကူးတိုင်း အသက်တစ်နှစ်ကြီးလာပြန်တာမို့ အနှီနှစ်သစ်ကို သူ့စရိတ်နဲ့သူ လွှတ်ထားလိုက်တာ ကောင်းရဲ့မဟုတ်ပါလား။ ( နှစ်သစ်မှာ အချစ်စစ်နဲ့ပျော်တဲ့အချိန်တွေကလည်း ကုန်လွန်ခဲ့ပြီကော )
 
♥ နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ။
 စာမသင်ရ၊ ကျောင်းသားတွေကို မမြင်ရရင် ဖျားချင်၊ နာချင်တဲ့ ဦးဟန်ကြည်ကတော့ အင်တိုက်အားတိုက်ကြိုးစားကြမယ့် ချစ်စရာတပည့်တွေရှိတဲ့ နေရာမျိုးမှာပဲ နှစ်သစ်ရော နှစ်ဟောင်းပါမကျန် ကုန်ဆုံးချင်သပ။ နှစ်သစ်ကူးတစ်ရက်နေ့မှာ ဖြေမယ့် လပတ်စာမေးပွဲမှာ တပည့်တွေ ရမှတ်ကောင်းကောင်းထွက်အောင် ဖြေနိုင်ကြရင်ပဲ စိတ်ကူးထဲမှာတင် သုခဘုံကို ရောက်နေမင့်ဟာ အလည်အပတ်ခရီးနဲ့ သီးသန့်နေရာ ဘယ်လိုလိမ့်မလဲ။

♥ နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ။
သူ့ဖာသာကူးသွားတဲ့ နှစ်သစ်ကူးကို သတိတောင်မထားမိတတ်တာကြောင့် ဘာ resolution မှ မလုပ်ဖြစ်၊ ဘာဆုံးဖြတ်ချက်မှ မချဖြစ်တာတော့ သေချာပါရဲ့။ မနက်မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်တာနဲ့ “ ဒီနေ့ အကောင်းဆုံးကြိုးစားမယ်။ ကျောင်းသားတွေကို အကောင်းဆုံး သင်ကြားမှုပေးမယ် ” လို့ ဆုံးဖြတ်ချက်ချရိုးထုံးစံရှိတာကြောင့် အနှီနှစ်ကူးကျမှ တကူးတက ဆုံးဖြတ်ချက် မချတော့ပါ။ ရို့စ်မြှောက်ပေးလို့ ဆုံးဖြတ်ချက်ချရရင်ဖြင့် ဒီနှစ်အတွင်းမှာ Land Cruiser သုံးစင်းနဲ့ Marcedes ငါးစင်းလောက် ပိုင်ရမယ်လို့ ဆုံးဖြတ်ချက်ချရုံပါပဲ။

♥ နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။
နှစ်သစ်ကူးမှာ ကိုယ့်အလုပ်နဲ့ကိုယ် ယားလို့တောင်မှ မကုတ်အားတာကြောင့် ကုန်သွားတာတွေကိုလည်း မနှမြောသလို မရောက်သေးတာကြီးကိုလည်း ရင်မခုန်မိရိုး အမှန်ပါ။ သူ့ဖာသာ သွားချင်သလိုသွား၊ ကုန်ချင်သလို ကုန်မယ့် အနှီအချိန်ယန္တယားကြီးကို ရပ်ထားလို့မှ မရတာကလား။ ရပ်လို့များရခဲ့ရင်ဖြင့်လည်း တက္ကသိုလ်ကျောင်းသားအရွယ် အသက် ၂၀ လောက်ကတည်းက တစ်ခါတည်း အပြီးရပ်ထားလိုက်ပြီပေါ့။ ဘာပဲဖြစ်ဖြစ် နှစ်တစ်နှစ်တော့ ကုန်သွားပြီ၊ ဦးဟန်ကြည်လည်း အသက်တစ်နှစ်ကြီးပြန်ပြီ၊ ဒါပေမယ့် ဂိမ်းဘောမဆိုက်သေးဘူး၊ တစ်နှစ်တာ အတွေ့အကြုံတွေလည်း ရခဲ့ပြီ၊ လာမယ့်နှစ်မှာ ဆံပင်တွေပိုပြီး ငွေရောင်လက်လာဦးမယ်လို့တော့ တစ်ခါတစ်ခါ တွေးပြီးပျော်ပါကြောင်း။

♥ နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား။
ဦးဟန်ကြည်တို့ ရွှေပြည်ကြီးမှာ အနှီလိုစိတ်ကူးမျိုး ယောင်လို့တောင်မှ မကူးရဲပါကြောင်း။ စာပို့ဌာနရဲ့ အလုပ်လေးစားမှုကြောင့် နိုဝင်ဘာလဆန်းလောက်က ကြိုတင်ပြီး နှစ်ကူးပို့စ်ကဒ်ပို့ထားမှ နှစ်ကူးလောက်မှာ လိုရာရောက်မှာ သေချာနေပါရဲ့။ ဒါပေမယ့် နိုဝင်ဘာမှာ နှစ်ကူးကဒ်တွေကလည်း ဆိုင်ပေါ်မှာ တင်မရောင်းတာကြောင့် ဆင်ခြေကောင်းကောင်းနဲ့ တစ်ခါမှ မပို့ဖြစ်တာ သေချာပါရဲ့။ e-card ပို့ဖို့ဆိုတာကလည်း အင်တာနက်မရှိတဲ့ တောနယ်တွေက ဆွေမျိုးတွေအတွက် ဘယ်လိုလုပ်ဖြစ်နိုင်လိမ့်တုန်း။ သေချာပေါက်ရောက်ချင်ရင်တော့ လူကိုယ်တိုင်သွားပို့ရမယ့်ကိန်း ဖြစ်တာမို့ အနှီအလုပ်မျိုးကို လူဖြစ်ကတည်းက တစ်ခါမှ မလုပ်ဖူးပါကြောင်း။

♥ ထပ်ပြီး ဖြည့်စွက် ရေးချင်တာက....။
၁၉၈၉ ခုနှစ်လောက်မှာ ဌာနဆိုင်ရာဝန်ထမ်းတွေကို သက်ဆိုင်ရာက မေးခွန်း ၃၀ ကျော်ပါတဲ့ စာရွက်တွေထုတ်ပေးပြီး အဖြေခိုင်းပါတယ်။ အဲဒီမေးခွန်းတွေကလည်း အတော်ကိုပြောင်မြောက်တဲ့မေးခွန်းတွေဖြစ်တာမို့ မိတ်ဆွေအရာရှိ၊ အရာခံတွေ၊ စာရေး၊ စာချီတွေ တသီတတန်းကြီး တာဝန်ကနေ ရပ်စဲခံကြရပါရောလား။ ( အထုတ်ခံရတယ်လို့ပြောရင် ဘယ်ကောင်းမလဲ ) ဒီမေးခွန်းတွေမှာတော့ အဲဒီလို နည်းဗျူဟာဆင်ထားတာမျိုးမပါတာကြောင့်လည်း ကျောင်းသားတစ်သိုက် သူရို့သင်ခန်းစာတွေနဲ့ ခေါင်းချင်းဆိုင်ပြီး အလုပ်များနေတုန်းမှာ စိတ်အေးလက်အေး ဖြေလိုက်ပါကြောင်း။        

Sunday, 18 December 2011

ပါဝါ = လက်နက် ? ပညာ ?

တိုင်းပြည်မငြိမ်းချမ်းတဲ့အချိန်မှာ လက်နက်ရှိသူမှာ ပါဝါရှိတယ်…

http://image.shutterstock.com/display_pic_with_logo/52543/52543,1126393354,6/stock-photo-a-massive-pile-of-guns-mostly-ak-style-rifles-545040.jpg

တိုင်းပြည်ငြိမ်းချမ်းလာရင် ပညာရှိသူမှာ ပါဝါရှိတယ်…

 http://www.setoyaki.net/wp-content/uploads/2011/08/free-money-for-education.jpg

ဦးဟန်ကြည်တို့တိုင်းပြည်က ပညာတတ်လူငယ်တွေမှာ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှိနေခဲ့တာကြာပါပြီ။

တခြားနိုင်ငံက ပညာရှင်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် အခွင့်အရေးပိုင်း ၀င်ငွေပိုင်း တန်ဖိုးထားခံရမှုအပိုင်းတွေမှာ အစစအရာရာ ချို့တဲ့နေပြန်တာမို့ စိတ်ပျက်အားငယ်မယ်ဆိုလည်း အားငယ်စရာပါ။ အဆိုးတကာ့အဆိုးဆုံးကတော့ အရေးပါသလောက် အရာမရောက်ကြခြင်း ပါ။ ပညာရှင်တစ်ယောက်ရဲ့ အရေးပါမှုအခန်းကဏ္ဍကို အများက လက်ခံလာကြပြီဖြစ်ပေမယ့် ပညာရှင်တွေရဲ့ အရာရောက်မှုအခန်းကဏ္ဍကတော့ မှိန်ဖျော့နေဆဲပဲ ရှိနေပါသေးတယ်။ ဒါကြောင့်လဲ ပညာရှင်တွေဟာ သူတို့ရဲ့ ပညာကို ထိထိရောက်ရောက် အသုံးချနိုင်ကြမယ့် ပြည်ပတိုင်းပြည်တွေမှာ အလုပ်လုပ်နေကြရပါတယ်။ ပညာတတ်ပြီးသား ခေတ်လူငယ်တွေအတွက် သူတို့ရဲ့ပညာကို တန်ဖိုးရှိရှိသုံးနိုင်မယ့် နေရာတွေမှာ အထိုက်အလျောက်နေရာရအောင် ကြိုးစားနိုင်ကြပေမယ့် ပညာမတတ်ကြသေးတဲ့ လူငယ်တွေမှာတော့ အမြင်မှား၊ အယူအဆမှားတွေကြောင့် ပညာရဲ့ တန်ဖိုးကို အထင်သေးကုန်ကြတာ၊ ပညာတတ်ဖြစ်အောင် ကြိုးစားချင်စိတ်တွေ လျော့နည်းလာနေကြတာ မမြင်ချင့်အဆုံး မြင်နေရပါတော့တယ်။

လက်ရှိကိုယ့်တိုင်းပြည်ရဲ့ အနေအထားအရ ပညာရှင်တွေကို ထိုက်သင့်သလောက် နေရာမပေးနိုင်သေးတဲ့ အချက်တစ်ခုတည်းနဲ့ ပညာရေးကို ဥပေက္ခာပြုဖို့ စိတ်ကူးရင် မှားပါလိမ့်မယ်။
ပညာရှင်တစ်ယောက်ရဲ့ တန်ဖိုးဟာ နေရာ၊ ဒေသကိုလိုက်ပြီး ပြောင်းလဲလေ့ရှိတာကို မေ့ထားလို့မရပါ။ ဒီအချက်ကို လူငယ်တွေသဘောပေါက်စေဖို့ ပုံပြင်တစ်ပုဒ်နဲ့ ဥဒါဟရုဏ်ဆောင်ရပါလိမ့်မယ်။ တစ်ခါက အမှိုက်ကောက်တဲ့ကလေးတစ်ယောက်ဟာ အမှိုက်ပုံတစ်ပုံကိုမွှေရင်းက အရောင်လက်နေတဲ့ ကျောက်ခဲလေးတစ်ခုကို ကောက်ရပါသတဲ့။ ဘာကျောက်မှန်းမသိပေမယ့် တန်ဖိုးရှိမယ်လို့ ခန့်မှန်းနိုင်တာမို့ ကလေးကလည်း အဲဒီကျောက်ကလေးကို ကောက်ယူပြီး ထွက်လာခဲ့ပါလေရော။ လမ်းမှာ ဆိုက်ကားသမားတစ်ယောက်နဲ့ တွေ့တဲ့အခါ ဆိုက်ကားသမားက အဲဒီကျောက်ကို ငွေ ၁၀ ပေးပြီး ၀ယ်လိုက်ပါတယ်။ အဲဒီကျောက်ကလေးဟာ အမှိုက်ကောက်တဲ့ ကလေးရဲ့ လက်ထဲမှာ တန်ဖိုး ၁၀ ရှိသွားပါပြီ။

ဆိုက်ကားသမားကလည်း အဲဒီကျောက်ကို ကုန်စုံဆိုင်တစ်ဆိုင်မှာ သွားပြပြီးရောင်းတဲ့အခါ ဆိုင်ရှင်က ၁၀၀ နဲ့ ၀ယ်လို်က်ပါသတဲ့။ ဆိုက်ကားသမားလက်ထဲမှာ ကျောက်တန်ဖိုးက ၁၀၀ ဖြစ်လာပါပြီ။ ကုန်စုံဆိုင်ရှင်က ကျောက်ပွဲစားဆီမှာ ကျောက်ကိုရောင်းလိုက်ပြန်တော့ ၁သိန်းရပါလေရော။ ဆိုင်ရှင်ရဲ့လက်ထဲမှာ ကျောက်တန်ဖိုးက ၁ သိန်းဖြစ်လာပြီပေါ့။ ကျောက်ပွဲစားက အဲဒီစိန်ရိုင်းတုံးကျောက်ကလေးကို ကျကျနနသွေး၊ အရောင်တင်ပြီး ဈေးကွက်မှာရောင်းလိုက်တဲ့အခါမှာတော့ သိန်းရာကျော်တန်သွားပါတော့တယ်။

အထက်က ဥပမာမှာ ကျောက်ရဲ့တန်ဖိုးက တန်ဖိုးသတ်မှတ်မှု၊ တန်ဖိုးသတ်မှတ်မှုပေါ်မူတည်ပြီး အဆင့်ဆင့်ပြောင်းလဲသွားတာ တွေ့ပါလိမ့်မယ်။ ဒါကြောင့် တန်ဖိုးသတ်မှတ်ချက်နဲ့ ပတ်သက်ပြီး စိတ်ပျက်နေစရာ မလိုလှပါ။ တန်ဖိုးဆိုတာ သတ်မှတ်သူနဲ့ပဲ ဆိုင်တာမဟုတ်ပါလား။ ကိုယ်ကိုယ်တိုင်က စိန်ဖြစ်နေဖို့က အရေးအကြီးဆုံးပါ။ တန်ဖိုးကိုနားလည်တဲ့ နေရာမှန်ကို ရောက်လာတဲ့အချိန်မှာ ထိုက်တန်တဲ့ တန်ဖိုးရလာမှာ သေချာနေပြီးဖြစ်ပါရဲ့။ ဒါကြောင့်လဲ ရှင်တော်ဘုရားက “ ကာလံ၊ ဒေသံ၊ အဂ္ဂံ၊ ဓနံ ” လို့ ဟောညွန်ပြတော်မူခဲ့တာပါ။

ဦးဟန်ကြည်တို့ရဲ့တိုင်းပြည်မှာ ပညာရှင်ကို ထိုက်သင့်တဲ့ တန်ဖိုးထားမှုမပေးနိုင်သေးတာ မငြင်းနိုင်တဲ့ အချက်ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်တိုင်းပြည်ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ပြန်ရင်လည်း မြေရှင်ပဒေသရာဇ်စနစ်က အစချီပြီး ဒီဘက်ခေတ်အထိ အေးအေးချမ်းချမ်း၊ တည်တည်ငြိမ်ငြိမ် နေခွင့်ထိုင်ခွင့်ရတဲ့ အချိန်ပိုင်းကလည်း အင်မတန်ရှားပါးခဲ့ပါတယ်။ ပဒေသရာဇ်ခေတ် တစ်ခေတ်လုံး နယ်မြေလုတိုက်ပွဲ၊ နန်းလုတိုက်ပွဲ၊ ဂုဏ်သိက္ခာတိုက်ပွဲတွေနဲ့ တိုက်ပွဲပေါင်းများစွာကြားမှာ လူးကာလှိမ့်ကာ ဖြတ်သန်းခဲ့ရတဲ့ ဦးဟန်ကြည်တို့ တိုင်းပြည်ပါ။ အင်္ဂလိပ်လက်အောက်၊ ဂျပန်လက်အောက်ရောက်ပြန်တော့လည်း တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို အရယူနိုင်ဖို့ မဆုံးနိုင်တဲ့ တိုက်ပွဲတွေ တိုက်ကြရပြန်ပါသေးတယ်။ လွတ်လပ်ရေးရပြန်တော့လည်း နိုင်ငံရေးခံယူချက်ကြောင့် ဖြစ်ရတဲ့ စစ်ပွဲတွေနဲ့ ကြုံရပြန်ပါတယ်။ ဒါတွေပြီးပြန်တော့လည်း လူမျိုးရေး နားလည်မှုလွဲမှားမှုတွေကြောင့် ဖြစ်နေခဲ့တဲ့ တိုက်ပွဲတွေက ဒီနေ့အထိ မဆုံးနိုင်သေးပါ။ ခပ်ရှင်းရှင်းပြောရရင် တိုက်ပွဲတွေကြားထဲမှာ မသေရုံတမည် ရုန်းနေကန်နေရရှာတဲ့ ဦးဟန်ကြည်တို့ရဲ့ တိုင်းပြည်ပဲ ဖြစ်ပါတော့တယ်။

ဒီလိုတိုက်ပွဲတွေကြားထဲမှာ ဘယ်တိုင်းပြည်မဆို ခွန်အားဗလကြီးမားတဲ့သူ၊ လက်နက်ရှိတဲ့လူတွေကို ဦးစားပေးကြရမှာပါ။ လက်နက်ပိုင်တဲ့လူတွေကပဲ တိုင်းပြည်ကို ဦးဆောင်ကြမှာပါ။ ကမ္ဘာ့ရာဇ၀င်မှာ ဘယ်တိုင်းပြည်ကိုကြည့်ကြည့် ဒီသဘောတရားဟာ မလွဲနိုင်တဲ့ နိယာမတရားပဲ ဖြစ်ပါတယ်။ ဒီလိုမှမလုပ်ပြန်ရင်လည်း တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းဖို့ ဘယ်မှာဖြစ်နိုင်ပါလိမ့်မလဲ။ ဒါပေမယ့် တိုင်းပြည်ငြိမ်းချမ်းပြီး တည်ငြိမ်မှုရလာတဲ့ အချိန်မှာတော့ တိုင်းပြည်ကို ထူတောင်ဖို့အရေးမှာ ပညာရှင်တွေ၊ ပညာတတ်တွေဟာ အရေးကြီးပုဂ္ဂိုလ်တွေ ဖြစ်လာပါလိမ့်မယ်။ ဒီပညာတတ်တွေဟာ တိုင်းပြည်ရဲ့ အရေးကြီးနေရာဌာနတွေမှာ တာဝန်ယူခွင့် ရကိုရလာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် တည်ငြိမ်မှုကို တည်ဆောက်ဖို့ လက်နက်အင်အားလိုသလို တိုးတက်ဖွံ့ဖြိုးမှုကို တည်ဆောက်ဖို့ ပညာလိုအပ်နေလို့ပါ။ ဒီအချိန်ဒီကာလကို ရောက်မလာဘဲ အလဟဿပျက်စီးသွားတဲ့ တိုင်းပြည်ရယ်လို့ ကမ္ဘာ့သမိုင်းမှာတောင်မရှိခဲ့ဘဲ ဦးဟန်ကြည်တို့တိုင်းပြည်ကျမှ ပညာတတ်တွေဟာ အနာဂတ်ကာလတွေအထိ အောက်ကျနောက်ကျနေကြရမယ်ဆိုတာ လုံးဝကို မဖြစ်နိုင်တဲ့ အကြောင်းအရာပဲ မဟုတ်ပါလား။

လက်နက်ခေတ်ကြီးမှာ လက်နက်ကိုင်သူဟာ အင်အားကြီးတယ်ဆိုပေမယ့် လက်နက်ကိုင်ဖို့ဆိုတာ ပင်ပန်းတကြီးဖန်တီးယူရတဲ့ အရေးကိစ္စမဟုတ်ပါ။ ဒါကြောင့် အဲဒီကာလမျိုးမှာ ပါဝါရဖို့ဆိုတာ ခဲခဲယဉ်းယဉ်းမဟုတ်ပါ။ နှစ်ပေါင်းများစွာ အရင်းတည်ပြီးကြိုးစားဖို့လည်း မလိုပါ။ မိုက်မိုက်ကန်းကန်း လုပ်ရဲတဲ့ သတ္တိလေးကို အရင်းတည်၊ လူစုပြီး လက်နက်ကိုင်ရုံနဲ့တင် လုပ်ပိုင်ခွင့်နဲ့ အာဏာပါဝါက ပြေးမလွတ်နိုင်တာ သေချာနေပါရဲ့။ ဒါပေမယ့် တည်ငြိမ်မှုရလာတဲ့ ငြိမ်းချမ်းရေးကာလမှာလိုအပ်တဲ့ ပညာလက်နက်ကိုရဖို့ဆိုတာကတော့ အဲဒီလောက် လွယ်လွယ်ကူကူနဲ့ မရနိုင်ပါ။ ထိုက်သင့်တဲ့ ကြိုးစားအားထုတ်မှု၊ အချိန်ကာလ၊ စိတ်ဓာတ်၊ ဇွဲစတာတွေ ရင်းနှီးမြှုပ်နံမှ ရနိုင်ပါရဲ့။ ဒါတင်မကဘဲ ပညာရေးဟာ တစ်ကိုယ်ရည်ကြိုးစားမှုကို အခြေခံထားပြန်တာမို့ အုပ်စုအားကိုးနဲ့ ၀ူးဝူးဝါးဝါးလုပ်နေရုံနဲ့လဲ ရနိုင်တာမဟုတ်ပါ။ လိုအပ်လာချိန်ရောက်မှ ချက်ချင်းထလုပ်ယူလို့လည်း မရနိုင်ပါ။ ဒါကြောင့် ဒီနေ့ဒီအချိန်ကတည်းက ကြိုကြိုတင်တင် ကြိုးစားထားမှပဲ ဖြစ်ပါလိမ့်မယ်။ ဒါမှလည်း လိုအပ်လာတဲ့ အခြေအနေမှာ အဆင်သင့်ဖြစ်နေမယ် မဟုတ်ပါလား။

http://29.media.tumblr.com/tumblr_lnhm5jOHS31qe6w2qo1_500.jpg

ခေတ်ဆိုတာ ရပ်တန့်နေတဲ့အရာမဟုတ်ပါ။ အချိန်တွေ တဖြည်းဖြည်းနဲ့ကုန်သွားသလို၊ အသက်တွေ တဖြည်းဖြည်းကြီးပြင်းလာနေသလို ခေတ်ကြီးကလည်း ပြောင်းလဲနေမှာပါ။ ဘယ်အရာမှ အမြဲဆိုးသွမ်းပျက်စီးနေတယ်ဆိုတာ မရှိရိုးအမှန်ပါ။ အနိစ္စတရားရဲ့ နိယာမအောက်မှာ အဆိုးနဲ့အကောင်းဟာ တစ်လှည့်စီနေရာရစမြဲဖြစ်တာကြောင့် ငြိမ်းချမ်းလာတဲ့အချိန်လည်း အနှေးနဲ့အမြန် ရောက်လာပါလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက် မမြင်ဖူး၊ မတွေ့ဖူး၊ ရန်မဖြစ်ဖူးဘဲနဲ့ အကြောင်းမဲ့သက်သက် သတ်ဖြတ်နေကြရတဲ့ လုပ်ရပ်မျိုးကို ဘယ်သူတွေကများ မက်မက်စက်စက် တစ်သက်လုံးလုပ်ကြပါလိမ့်မလဲ။ သူ့အသက်ကို ကိုယ်သတ်သလို ကိုယ့်အသက်ကို သူများသတ်မှာ စိုးရိမ်နေရတဲ့ ဘ၀မျိုးမှာ ဘယ်လူမျိုး၊ ဘယ်လူတန်းစားကများ မြတ်နိုးပါ့မလဲ။ အနှေးနဲ့အမြန်ဆိုသလို ရောက်လာဦးမယ့် ငြိမ်းချမ်းရေးကာလမှာ တိုင်းပြည်ကို ထူထောင်ဖို့ ပညာတတ်တွေကို နေရာမပေးချင်လို့ လုံးဝမဖြစ်နိုင်ပါ။ အဲဒီအချိန်အခါမျိုးရောက်ရင်သာ ပညာတတ်ခေတ်လူငယ်တွေဘက်က ဆင်ခြေဆင်လက်တွေမပေးကြဘဲ တိုင်းပြည်အတွက် လိုအပ်တဲ့နေရာတွေမှာ အင်တိုက်အားတိုက် နေရာဝင်ယူပြီး ရွှေနိုင်ငံရဲ့ ဂုဏ်သိက္ခာကို အမြင့်ဆုံးမြှင့်တင်ဖို့ အရေးကြီးလှပါတယ်။

ဒါကြောင့် ထိုက်သင့်သလောက် နေရာမပေးနိုင်သေးတဲ့၊ နေရာမရသေးတဲ့ ဒီနေ့အချိန်အခါမှာ ပညာတတ်ဖြစ်ပြီးတဲ့ လူငယ်တွေကလည်း ကိုယ့်ပညာ၊ ကိုယ့်သိက္ခာကို သူများသတ်မှတ်ပေးတဲ့ ဈေးပေါ်မူတည်ပြီး စိတ်ဓာတ်ကျ၊ စိတ်ညစ်နေတာမျိုး မဖြစ်စေဘဲ ကိုယ့်တန်ဖိုးကို ကိုယ့်ဖာသာမြှင့်တင်ပြီး စိတ်ဓာတ်ကို မြင့်မြင့်မားမားထားဖို့၊ ပညာမတတ်သေးတဲ့လူငယ်တွေကလည်း မျက်တောင်မွှေးတဆုံးကိုပဲ မကြည့်ဘဲ အနာဂတ်အတွက် အရင်းအနှီးဖြစ်တဲ့ ပညာရေးကိစ္စကို အားသွန်ခွန်စိုက်ကြိုးစားဖို့ တိုက်တွန်းချင်ပါရဲ့။    ။

ပုံတွေကို Google ကနေ ရှာထားပါတယ် . . .

Wednesday, 30 November 2011

အမေဂျမ်းတို့ရွာ . . .

 ညနေ ၆ နာရီ . . .
http://us.123rf.com/400wm/400/400/scusi/scusi1005/scusi100500063/6952338-pig-electric-bulb.jpg
မီးတစ်ချက်ပြတ်မည်။ စက္ကန့်ပိုင်းအတွင်း မီးပြန်လာမည်။
ကိစ္စမရှိပါ။ မီးပြန်လာသည်ပဲ။ စက္ကန့်ပိုင်းလောက်နှင့်တော့ မည်သည့်စီးပွားရေးလုပ်ငန်းမှလည်း ဆိုးဆိုးရွားရွား ထိခိုက်မည်မဟုတ်။ ကွန်ပျူတာသုံးနေလျှင်တော့ UPS ခံမထားလျှင် လုပ်သမျှ အလုပ်အားလုံး တစ်ကပြန်စရပေမည်။ ကိုရီးယားကားကြည့်နေကြသော ပရိသတ်များ ကိုရီးယားတိုင်းပြည်မှ ရွှေမြန်ပြည်သို့ စက္ကန့်ပိုင်းခန့် ပြန်ရောက်လာကြမည်။ မည်သို့ပင်ဆိုစေ စက္ကန့်ပိုင်းအတွင်း ကိုရီးယားတိုင်းပြည်သို့ ပြန်ရောက်မည်မှာမလွဲ…။

သို့သော် ထိုစက္ကန့်ပိုင်းသည် အချို့သောပုဂ္ဂိုလ်များအတွက် စိန်စီထားသော စက္ကန့်များဖြစ်နေပါသည်။ ထိုစက္ကန့်ပိုင်းကလေးအတွင်း ရလိုက်သော အကျိုးခံစားမှုများကို တစ်လစာပေါင်းလိုက်လျှင် ဇနီးမယားကို မျက်နှာလုပ်ရန်၊ သမီးသားတို့ ဖြုန်းတီးရန်၊ ကိုယ်ကိုယ်တိုင် အနှိပ်ခန်းသွားရန် လုံလောက်ရုံမျှမက ပိုလျှံနေသေးသော ငွေပမာဏကို ရနိုင်သည် မဟုတ်ပါလား။

အဘယ်ကြောင့်၊ အဘယ်ပုဂ္ဂိုလ်များအတွက် ထိုစက္ကန့်ပိုင်းက လွန်စွာတန်ဖိုးရှိနေရပါသနည်း…

အဖြေကရှင်းသည်။ စက္ကန့်ပိုင်းလောက်မီးပြတ်အပြီး နောက်တစ်ကြိမ် မီးပြန်အလာတွင် ဆောင့်တက်လာသော လျှပ်စစ်မီးအားကြောင့် မီတာသုံးလေးပတ်လောက် ၀ီခနဲလည်သွားတတ်သည် မဟုတ်ပါလား။ မီတာသုံးပတ်ပဲ လည်သည်ထားဦး ယူနစ်တစ်ဝက်လောက် မီတာခ ပိုရသွားသောကြောင့် တစ်အိမ်ထောင်လျှင် ငွေ ၁၀၀ကျပ်ဝန်းကျင်ခန့်သည် လျှပ်စစ်ရုံးအတွက် ဘေးပေါက်မဟုတ်သော၊ အလည်ပေါက် ၀င်ငွေအဖြစ် အခန့်သား ၀င်ရောက်သွားချေပြီ။ မီတာလုံးရေပေါင်း ထောင်သောင်းချီနေသော ဤဒေသတစ်ခုမှ တစ်ရက်လျှင် သိန်းချီနေသော အဆိုပါဝင်ငွေသည် ဖျတ်ခနဲတစ်ချက် ပြတ်သွားပြီး ပြန်လင်းလာသော လျှပ်စစ်မီးမှ ရလိုက်သည် မဟုတ်ပါလား။ မည်သူမှ သတိမထားမိသည်ဖြစ်စေ၊ သတိထားမိပါလျှက်နှင့် လေကုန်မခံလိုသောကြောင့် ဖွင့်မပြောကြသည်ဖြစ်စေ စိန်စီထားသော ထိုစက္ကန့်ငယ်များမှ အမှတ်ထင်ထင်ဝင်လာသော ငွေများကား ဆရာသမားတို့၏ အိပ်ကပ်အတွင်းဝယ် အခန့်သား၊ အစန့်သား ၀င်ရောက်နေရာယူနေသည်မှာ တစ်လကျော်၍ နှစ်လနီးပါးပင်တိုင်နေခဲ့ပေပြီ။

တိုက်ရိုက်မီတာ၊ တစ်ဆင့်ခံမီတာ စသည်ဖြင့် လျှပ်စစ်မီးကို နည်းမျိုးစုံဖြင့် ရယူသုံးစွဲနေကြရသော ဤဒေသတွင် ကောက်ယူသော မီတာခများက ကွာခြားလှသည်။ တိုက်ရိုက်မီတာသမားများမှာ အိုးပိုင်အိမ်ပိုင်များဖြစ်လေ့ရှိကြပြီး မီတာခတစ်ယူတစ်လျှင် မြန်မာကျပ်ငွေ ၁၀၀ ကျော်ကျော်သာ ကျသင့်သော်လည်း ထိုမီတာများထံမှ တစ်ဆင့်ပြန်သွယ်ယူကြရသော ဆင်းရဲသားများ၊ ကိုယ်ပိုင်မီတာမရှိသူများမှာ တစ်ယူနစ်လျှင် ၂၀၀ ကျော်ကျော် ပေးကြရသည်။ တစ်ရက်လျှင် ငွေ ၁၀၀ ကျော်အလဟဿဖြစ်ခြင်းက မဆိုစလောက်သော်လည်း ရထားသော အခွင့်အရေးကို အလွဲသုံးစားလုပ်ခြင်းက မကျေနပ်စရာကောင်းလှသည်။ အဆိုးဆုံးက ကျန်မြို့သူမြို့သားအားလုံးကို မသိနားမလည်၊ လူနုံ၊ လူညံ့ဟု ယူဆလိုက်ခြင်းပင်ဖြစ်သည်။ မြေနိမ့်ရာလှံစိုက်လိုကြသော လောကလူသားများကား ဗြဟ္မစိုရ်တရား ဟူသည်ကို ကြားဖူးကြဟန်မတူ။ တရားပွဲကြီးများ ခြိမ့်ခြိမ့်သည်းသည်း ၀ှဲချီးကျင်းပခြင်း၊ ကမ္ပည်းထိုး၍ သိန်းသန်းချီလှူဒါန်းခြင်းအလုပ်ကိုသာ စိုက်လိုက်မတ်တပ်လုပ်ကြပြီး ရှင်တော်ဘုရား၏ နှုတ်မြွတ်တရားတော်များကိုမူ အခြေခံကျင့်ဝတ်ငယ်ဖြစ်သည့် ကိုယ်ချင်းစာတရားကိုမျှ လိုက်နာခြင်းမရှိကြတော့။ လဲနေသူထူပေးပါဟူသော သူငယ်တန်းဖတ်စာတွင်းရှိ စာကြောင်းသည်လည်း မည်သည့်အရပ်သို့ ခရီးထွက်သွားသည် မသိနိုင်တော့ပါ။  နိုင်ငံတကာက သနားကြင်နာစွာဖြင့် ကယ်တင်ရန်ကြိုးစားနေကြသော်လည်း နိုင်ငံသားအချင်းချင်းကမူ  လက်ဦးသူက ဓားပါးပါးဖြင့် နုပ်နုပ်စဉ်းနေကြခြင်းက ရင်နာစရာကောင်းလွန်းလှသည်။

ငယ်စဉ်အရွယ် ကလေးဘ၀က ကြားဖူးနားဝရှိခဲ့သော နတ်သမိုင်းတစ်ပုဒ်၌ ၃၇ မင်းနတ်စာရင်းတွင် အပါအ၀င်ဖြစ်သော အမေဂျမ်းသည် မီးနှင့်ရေကို နိုင်နင်းသည်ဟု အဆိုရှိသည်။ နတ်ကန္နားပွဲများတွင် မီးထွန်းထားသော ဖယောင်းတိုင် လေးငါးတိုင်၏ မီးညွှန့်များကို အမေဂျမ်းဝင်ပူးနေသော နတ်ဝင်သည်က ပါးစပ်ထဲထည့်၍ မပူမလောင် ၀ါးမြိုပြသည်ကိုလည်း မြင်ခဲ့ဖူးသည်။ ပူလောင်လှသော ဖယောင်းတိုင်မီးညွှန့်သည် နတ်ဝင်သည်၏ ခံတွင်းကို လောင်ကျွမ်းခြင်းမရှိ။ အဆိုပါ မီးစားပြသော ပြကွက်ကြောင့် နတ်ဝင်သည်သည် ပို၍ထင်ရှားလာသည်၊ တန်ခိုးထွားလာသည်၊ ပူဇော်ပသသူ များလာသည်။ မီးကိုနိုင်နင်းသော၊ မီးကို စားပြနိုင်သော အမေဂျမ်းပါပေ။

ယခုလည်း မီးကိုနိုင်နင်းသော၊ ထားရာနေ၊ စေရာသွားအောင် ဖန်တီးနိုင်စွမ်းသော အမေဂျမ်းလက်သစ်များကို တွေ့နေရပြန်ချေပြီ။ သို့သော် ထိုအမေဂျမ်းလက်သစ်များသည် ပ၀ါအနီကို ရင်ဘတ်တွင် စည်းနှောင်မထားကြ၊ မင်္ဂလာရယ်မှ မဏ္ဍိုင်လေ…အစချီသော နတ်ချင်းများကိုလည်း မသီဆိုကြ၊ လမ်းဆုံလမ်းခွတွင်ထိုးထားသော ကန္နားဖျင်းများတွင် မူးယစ်ရီဝေစွာဖြင့် ခြေလက်တို့ကို မြှောက်ချီပြီး ကခုန်ခြင်းမရှိကြတော့။ သူတို့သည် ခမ်းနားသော တိုက်အိမ်ကြီးများတွင် နေကြ၏။ နောက်ဆုံးပေါ် ကားများကို စီးကြ၏။ အနောက်နိုင်ငံမှလာသော ယစ်ရွှေရည်ကို မှီဝဲကြ၏။ မဒီကညာအနိပ်များခြံရံကာ ဘီယာကို နှိပ်ကြကုန်၏။ ညှီနံ့သင်းသော ကာရာအိုကေဆိုင်များတွင်သာ သီချင်းဆိုကြ၏။ ငွေစက္ကူများကို ရေတွက်ရခြင်းကြောင့် ညောင်းညာပင်ပန်းကြသောအခါများတွင် အင်္ဂလိပ်စကားကို မြန်မာမှုပြု၍ “ မာဆတ် ” ဟုခေါ်ဝေါ်ကြသော အနှိပ်ခန်းများသို့သွား၍ အညောင်းအညာဖြေကြကုန်၏။ မီးကိုစားပုံခြင်းတူသော်လည်း အကျိုးရပုံခြင်းကား မတူကြတော့ချေ။ ခေတ်သစ်အမေဂျမ်းများကို မူလလက်ဟောင်း အမေဂျမ်းမြင်လျှင် မိမိထက် တန်ခိုးပါဝါပိုမိုကြီးမားနေသော ထိုသူများကို အံတုရန် မစွမ်းသာသောကြောင့် ကိုယ့်ကို်ယ်ကို မလောင်လောင်အောင် မီးဖြင့်မြှိုက်ပြီး နတ်စိမ်းဘ၀မှ နတ်ကျက်ဘ၀သို့ ပြောင်းရှာမည်ထင်၏။

ကျောင်းသားဘ၀က သင်ခဲ့အံခဲ့ရသော မြန်မာ့သမိုင်းစာတစ်ပုဒ်တွင် “ ဘူလင်ဂျာပူးဟုခေါ်သော ကုန်သည်ကြီးများအသင်းက ဈေးဆွဲခြင်း၊ ဈေးကစားခြင်းများ ပြုလုပ်သောကြောင့် စပါးဈေးများ ကျဆင်းပြီး လယ်သမားများ ဆင်းရဲဒုက္ခရောက်ကြသည် ” ဟူသော စာတစ်ကြောင်းကို မှတ်မှတ်သားသား ရှိနေမိသည်။ “ ဈေးဆွဲခြင်း၊ ဈေးကစားခြင်း ” ဟူသည့် စီးပွားရေးဆိုင်ရာ ဝေါဟာရများကို နားမလည်နိုင်သေးသော ကျောင်းသားဘ၀က ထိုစာကြောင်း၏ ဆိုလိုရင်းအဓိပ္ပာယ်ကို ကောင်းစွာသဘောမပေါက်ခဲ့ဘဲ စာမေးပွဲတွင် အမှတ်ကောင်းကောင်းရရန် ဦးတည်ချက်တစ်ခုတည်းဖြင့် နှုတ်တိုက်အာဂုံဆောင်ခဲ့ရဖူးသည်။ ကြီးရင့်လာ၍ လောကအကြောင်းကို နားလည်စပြုလာသော ယခုအချိန်ရောက်ကာမှ “ မီးဆွဲခြင်း၊ မီးကစားခြင်း ” ဟူသော ဝေါဟာရဆန်းနှင့် ကြုံနေရပြန်ချေပြီ။ ထိုဝေါဟာရဆန်းကို ကောင်းစွာနားလည်ပြီး ထိုဝေါဟာရ၏ အဓိပ္ပာယ်အတိမ်အနက်၊ အကျိုးဆက် အနည်းအများကို ကောင်းစွာသဘောပေါက်သော်လည်း လူမှုရေးစာမေးပွဲတွင် လောက၀တ်ဘာသာရပ်၌ အမှတ်ကောင်းမရမည်ကို စိုးရိမ်ရပြန်သောကြောင့် ထုတ်ဖော်ပြောဆိုခြင်း မပြုနိုင်ပြန်ပါချေ။ ဆိုးရွားလှသော ကံကြမ္မာကိုသာ မျက်မှောက်ပြုရတော့မည့်နှယ် ရှိချေတော့သည်။

လူထုဦးလှ၏ “ ကျောင်းကန်အနီးမှ မြန်မာပုံပြင်များ ” စာအုပ်မှ ကောက်နုတ်ဘာသာပြန်ထားသော Too much knowledge maketh fools “ အတတ်ကြူး၊ အရူးဖြစ် ” ဟူသော သင်ခန်းစာကို ယနေ့ခေတ် အင်္ဂလိပ်စာပြဌာန်းစာအုပ်တွင် ဖတ်မိသည့်အကြိမ်တိုင်း မချိပြုံးပြုံးမိရသည်ချည်းသာဖြစ်သည်။ အတတ်၊ အသိနှင့် သတိတို့ သင့်တင့်မျှတစွာ မယုတ်မလွန် ရှိနေပါလျှက် လုပ်ပိုင်ခွင့်၊ ပြောပိုင်ခွင့် မရှိခြင်းကလည်း အရူးဖြစ်စေသည်ဟုပင် သင်ခန်းစာကို ပြင်ဆင်ချင်စိတ်လည်း တဖွားဖွားပေါ်မိတတ်စမြဲ။  မြင်နေသောမျက်လုံးများ၊ ကြားနေသောနားများက မလိမ်ညာတတ်ကြခြင်းသည်လည်း များစွာစိတ်ညစ်ညူးစေပြန်၏။ အမြင်၊ အကြားအာရုံတို့သည် ဦးဏှောက်အာရုံလှိုင်းများအတွင်း ကောင်းမွန်ငြိမ်သက်စွာ မနေတတ်ကြ။ အသိစိတ်၊ မသိစိတ်တို့ကို နှိုးဆွကြပြန်သည်။ လောကပါလပေတံဖြင့် တိုင်းထွာ စံယူကြပြန်သည်။ မည်သို့ပင်ဆိုစေ ထိုအသိစိတ်၊ မသိစိတ်တို့သည် နှုတ်ထွက်စကားများအဖြစ် ထွက်လာခွင့်ကား မရှိပြန်ပါချေ။ ကမောက်ကမနိုင်လှသော လောက၏ မောစရာများကို၊ ရယ်စရာများဖြစ်အောင် နွားပိန်အသားဖြည့်ကြည့်နည်းဖြင့် စိတ်ကိုဖြေရင်း ပြုံးမျက်နှာဖုံးတုတစ်ခုကို တပ်ထားရခြင်းသည်ကား ပင်ပန်းလှပေစွ။ ထိုအပြုံးသည် ထေ့ပြုံး၊ လှောင်ပြုံး၊ မချိပြုံးသာဖြစ်ကြောင်း မိမိကိုယ်မိမိသာ နားလည်နိုင်စွမ်းသော ဦးဟန်ကြည်သည်လည်း လွန်စွာမှ ပျော်ဖွယ်၊ မက်ဖွယ်၊ စက်ဖွယ်၊ ချစ်ကြည်ညိုဖွယ်ကောင်းလှသော လူ့အန္ဓများကြားတွင် ပျော်ဝင်စီးမြောကာ အမေဂျမ်းတို့ဒေသတွင် ထမင်းနပ်မှန်ရေးအတွက် နေ့စဉ်ရက်ဆက် ရုန်းကန်ရင်း . . . ။                       ။ 


စာကြွင်း . . .

လွန်ခဲ့တဲ့ တစ်လခွဲလောက်က ရေးထားဖြစ်တဲ့ ပို့စ်ပါ။ ပို့စ်ရေးပြီး တင်မယ်လုပ်တဲ့ နောက်တစ်ရက်မှာတော့ ပို့စ်ထဲကလို မီးမပျက်တော့ဘဲ ကောင်းကောင်းမွန်မွန် မီးလာနေတာ အခုအချိန်အထိပါ။ ဘာပဲဖြစ်ဖြစ် အက်ဆေးဆန်ဆန်ရေးထားဖြစ်တဲ့ ကိုယ့်အရေးအသားကို ကိုယ်သဘောကျတာကြောင့် မပြင်တော့ဘဲ တင်လိုက်ပါတယ်။ အနုပညာကို အနုပညာလို့ပဲယူဆပြီး သတင်းအချက်အလက်ကို ဦးစားမပေးဘဲ ဖတ်ကြဖို့ တောင်းပန်ပါရစေ။           ။

Monday, 28 November 2011

အချစ်ဆိုတဲ့ မဆလာ . . .

“ ပညာရှာစဉ်
အသည်းနန်းပလ္လင်မှာ
အချစ်ဘုရင်ကို နန်းမတင်နှင့် ”
ဦးဟန်ကြည်တို့ ကျောင်းသားဘ၀တုန်းက စာသင်နှစ်ကုန်ခါနီးလို့ Autograph တွေ အပြန်အလှန်ရေးကြတဲ့အခါတိုင်းမှာ မကြာခဏဆိုသလို မြင်ရ၊ တွေ့ရတဲ့ ကဗျာစာသားလေး တစ်ပိုင်းတစ်စပါ။ ဦးဟန်ကြည်တို့တစ်တွေလည်း အနှီ အချစ်ဘုရင်လက်ထဲမှာ ဘ၀ထီးနန်းကို စောစောစီးစီးမအပ်ရဖို့ နည်းပေါင်းစုံနဲ့ ကာကွယ်ခဲ့ရပါရဲ့။ ဒါကြောင့်လည်း ဒုက္ခသုက္ခကင်းကင်းနဲ့ လူငယ်ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီနေ့ခေတ်လူငယ်တွေမှာတော့ မွေးကတည်းက အချစ်ကို အိမ်ရှေ့စံရာထူးပေးထားသလားထင်မှတ်ရလောက်အောင် လူမှန်းသူမှန်းသိတာနဲ့တပြိုင်နက် အသည်းပလ္လင်ထက်မှာ မောင်မင်းကြီးသားက အခန့်သာစံမြန်းပါတော့တယ်။

လူငယ်ဘ၀ဆိုတာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်၊ ခင်ခင်မင်မင် သွားကြလာကြ၊ စကြနောက်ကြရမှ ပီပြင်တဲ့အရသာကို ခံစားနိုင်မှာပါ။ ဦးဟန်ကြည်တို့ လူငယ်ဘ၀ကလည်း စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ သွားလိုက်လာလိုက်၊ လည်လိုက်ပတ်နဲ့ ကျကျနနကို ကုန်ဆုံးစေခဲ့တာမို့ ထိုက်တန်တဲ့လူငယ်ဘ၀ကို တင်းပြည့်ကြပ်ပြည့်ရခဲ့ပါတယ်။ ဒါပေမယ့် ဒီဘက်ခေတ်လူငယ်တွေခမျာ ဖြူစင်ပွင့်လင်းပြီး အင်မတန်မှပျော်စရာကောင်းတဲ့ လူငယ်ဘ၀ကို စောစောစီးစီး ဆုံးရှုံးနေကြရတာမြင်ရတဲ့အခါ စိတ်မကောင်းဖြစ်မိပါရဲ့။ ကျောင်းနေတဲ့ကျောင်းသားအရွယ်မှာ မလိုအပ်ဘဲ စာသင်ချိန်တွေယူလွန်းတဲ့ ကျောင်းတွေကြောင့် မိုးလင်းမိုးချုပ် ကျောင်းစာနဲ့ အချိန်ကုန်လွန်ရလို့ ကစားချိန်၊ လည်ချိန်ပတ်ချိန်နည်းရတဲ့ကြားမှာ ကိုကို၊ မောင်မောင်၊ ချစ်မမ၊ ချစ်ညီမ တွေနဲ့ ချစ်ရည်လူးဖို့ အင်တိုက်အားတိုက် ကြိုးပမ်းနေကြရပြန်တာကြောင့် ပြန်မရတဲ့ လူငယ်ဘ၀တွေဟာ ဗုံမဟုတ်၊ ပတ်မဟုတ်နဲ့ အလဟဿဖြစ်ကုန်ကြပါတော့တယ်။

လူအပါအ၀င် သတ္တ၀ါတိုင်းမှာ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားစိတ်ဟာ သန္ဓေအရ၊ ဗီဇထဲမှာ မွေးကတည်းက ရှိနေခဲ့ပြီးသားပါ။ ဥာဏ်ရည်နိမ့်ပါးတဲ့ တိရစ္ဆာန်တွေက ဖိုမစပ်ယှက်ရာမှာ သူတို့ရဲ့ ဗီဇကို အသုံးချကြပေမယ့် ဦးဏှောက်အဖွံ့ဖြိုးဆုံး လူသားတွေကတော့ အချစ်၊ မေတ္တာဆိုတဲ့ အကွယ်အကာတစ်ခုအောက်မှာ ဗီဇစိတ်ကို ဖောက်ခွဲကြလေ့ရှိပါတယ်။ ဒါကြောင့်လဲ Love is disguised in sex လို့ အနောက်တိုင်းသားတွေက ဆိုကြတာ ဖြစ်ပါလိမ့်မယ်။ ဒီကိစ္စဟာ ဗီဇကိုအရင်းခံကြတာမို့ စွဲလမ်းစေတဲ့ အရာတစ်ခုလည်း ဖြစ်ပါရဲ့။ ဒါကြောင့်လဲ အသိဥာဏ်က ဗီဇစိတ်ကို အကောင်းဆုံး ထိန်းချုပ်နိုင်တဲ့ အရွယ်မရောက်သေးခင်မှာ ဗီဇစိတ်ကို လွှတ်ပေးလိုက်မိရင်တော့ သောက်လေသောက်လေငတ်မပြေတဲ့ ဒီတဏှာတောမှာ ပက်လက်မြောမှာသေချာပါတော့တယ်။

ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်သူတွေအတွက် အချစ်ဆိုတာ တွန်းအားတစ်ခုဖြစ်ပါတယ်။ ဘ၀ကို အကောင်းဆုံးပဲ့ကိုင်ထိန်းကျောင်းဖို့ လိုအပ်တဲ့ စိတ်ဓာတ်ခွန်အားတွေကို အဲဒီအချစ်ဆီက ရပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်သူတွေအတွက် အချစ်ဟာ အဖျက်သမား ရန်သူစစ်စစ်ဖြစ်ပါတယ်။ စိတ်ဓာတ်ပျော့ညံ့မှု၊ ယုံကြည်ချက်ကျဆင်းမှုတွေကို အချစ်လို့ ခေါင်းစဉ်မှားတပ်ပြီး တွေဝေရှုံးနိမ့်မှုတွေနဲ့ ဘ၀ရဲ့တန်ဖိုးတွေ ပျက်သုဉ်းရပါလိမ့်မယ်။ အချစ်အတွက် အသက်ကိုစွန့်မယ်ဆိုတဲ့ “ ရင်ငြိမ်းပွင့် ” နောက်ကိုလိုက်ရဖို့လည်း များပါတယ်။ ဥပမာပေးရရင် အချစ်ဟာ မီးနဲ့တူလှပါရဲ့။ အသုံးချတတ်သူတွေရဲ့လက်ထဲမှာ အကောင်းဆုံးအသုံးဝင်ပြီး ဘ၀တန်ဖိုးကို ဖြည့်စွက်ပေးမှာဖြစ်ပေမယ့် အသုံးမချတတ်သူတွေရဲ့လက်ထဲမှာတော့ ဘ၀ပျက်၊ စီးပွားပျက်အောင် လောင်ကျွမ်းလိမ့်မယ် မဟုတ်ပါလား။

အချစ်ဟာ သိပ်သည်းလျှို့ဝှက်မှုများစွာနဲ့ ဖွဲ့စည်းထားတာမို့ လူ့ဘ၀ရဲ့ ထူးဆန်းအံ့သြဖွယ်ရာတွေထဲမှာ ထိပ်ဆုံးမှာနေရာယူထားတဲ့ စိတ်ခံစားချက်လည်း ဖြစ်ပါသေးတယ်။ ကုသိုလ်ရစေမယ့် မေတ္တာစိတ်ကအစထားလို့ ညစ်နွမ်းစေတဲ့ တဏှာလောဘစိတ်အထိ အမျိုးအစားပေါင်းများစွာ သရုပ်ခွဲနိုင်တဲ့ ဒီအချစ်စိတ်ကို ဘ၀အတွက် အထောက်အပံ့ဖြစ်အောင် သုံးဖို့အရေးဟာ အပြောမလွယ်သလို အလုပ်လည်းခက်လှပါရဲ့။ အချစ်ဆီကရမယ့် ကောင်းကျိုးနဲ့ ဆိုးကျိုးဟာလည်း အလွှာပါးပါးလေးပဲ ကွာခြားတာကလား။ ခေါင်းနဲ့ပန်းလို ကျောချင်းကပ်နေတဲ့ ချစ်ခြင်းမေတ္တာရဲ့ မျက်နှာစာနှစ်ဖက်ကို ဥာဏ်မမီဘဲ ကံအားကိုးနဲ့ ဗလာချီပြီး ဇွတ်တိုးလိုက်မိရင် အကျိုးနည်းဖို့က ရာနှုန်းတော်တော်များလှပါတယ်။
  ဥာဏ်မခိုင်၊ ကံကိုင်လို့တိုးရင်ဖြင့်
ဆိုးကျိုးတွေ တောင်လိုပုံပါလို့
ချစ်မှော်ရုံတဏှာကြောမှာ
နစ်မြောကာ ခွေယိုင်နွမ်းကြွေလျော့
နည်းပေါ့ကိုယ်ကျိုး ”
( ဟန်ကြည် )
ဒါကြောင့် ဆန္ဒကို အသိဥာဏ်ချွန်းမအုပ်နိုင်သေးခင်မှာ အချစ်ဆိုတဲ့ မာယာတောနဲ့ ခပ်ကင်းကင်းနေတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

 
“ အချစ်ဆိုတာ မဆလာနဲ့တူတယ် ” လို့ ဦးဟန်ကြည်က ဥပမာပေးချင်ပါတယ်။
ဘ၀နဲ့တူတဲ့ ကြက်သားဟင်းတစ်ခွက်မှာ အချစ်နဲ့တူတဲ့ မဆလာဖြူးလိုက်ရင် အင်မတန်မှ အရသာရှိပြီး ထူးခြားကောင်းမွန်သွားမှာ မလွဲပါ။ ကြက်သားနဲ့ မဆလာဟာ လိုက်ဖက်ညီလှသလို အချစ်နဲ့ဘ၀ဟာလည်း အညီညွတ်အသင့်တော်ဆုံး အတွဲအဖက်မဟုတ်ပါလား။ မဆလာမပါတဲ့ ကြက်သားဟင်းဟာ ပေါ့ပျက်ပျက်နိုင်သလို အချစ်မပါတဲ့ဘ၀ဟာလည်း ခြောက်ခြောက်သွေ့သွေ့နိုင်မှာ သေချာပါရဲ့။


http://cdn.sailusfood.com/wp-content/uploads/2006/06/spicy_chicken_masala_curry.JPG
အရသာရှိလှတဲ့ ကြက်မဆလာဟင်း ...
ဒါပေမယ့် မဆလာမပါတဲ့ ကြက်သားဟင်းဟာ အနံ့အရသာ အားနည်းတာကလွဲလို့ သူ့ချည်းပဲ စားလို့ဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် ကြက်သားမပါတဲ့ မဆလာကိုတော့ သူ့ချည်းပဲစားလို့ မဖြစ်နိုင်ပါ။ မဆလာချည်းစားလိုက်မိရင် ရင်ပူပါလိမ့်မယ်။ အဲဒီလိုပဲ အချစ်မပါတဲ့ ဘ၀ဟာ ပေါ့ပျက်ပျက်နိုင်ကောင်းနိုင်မှာဖြစ်ပေမယ့် ရပ်တည်လို့တော့ ရနိုင်ပါသေးရဲ့။ ဘ၀မပါတဲ့ အချစ်ကတော့ အရသာမတွေ့ဘဲ ရင်ပူရုံပဲ ရှိပါလိမ့်မယ်။ ကိုယ့်ရှေ့ကလူတွေ၊ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုကြည့်ပါ ဘ၀မပါတဲ့ အချစ်၊ ကြက်သားမပါတဲ့ မဆလာကြောင့် ပူလောင်ခံစားနေကြရတာတွေ တစ်အုပ်တစ်မကြီးတွေ့ရပါလိမ့်မယ်။ ဒါဟာ concept, hypothesis မဟုတ်ပါ။ ထာဝရမှန်ကန်ချက် Theory ပဲ ဖြစ်ပါတယ်။
 
 
http://www.finecooking.com/assets/uploads/posts/5347/ING-garam-masala-2_sql.jpg
မဆလာရဲ့ ပါဝင်ပစ္စည်းတွေ ...
 
အဲဒီ Theory ကို ကောင်းကောင်းသဘောမပေါက်ဘဲ ယုန်မရခင် သံပုရာရှာသလို ဘ၀ကို ခိုင်ခိုင်မာမာ မတည်ဆောက်နိုင်သေးဘဲ အချစ်ကို စမ်းသပ်မိရင်တော့ -
“ အချစ်ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ်တစ်ခု …
ဘယ်သူမပြု မိမိမှု … စဉ်းစားကြည့်ပါအခု … ”
ဆိုတဲ့ လျှံထွန်း(မြန်မာစာ)ရဲ့ သီချင်းကို တစ်ယောက်တည်းအော်ဆိုရင်း အချစ်ရဲ့ ကျကျနန ပြစ်ဒဏ်ပေးမှုကို လှလှပပကြီး ခံစားရုံပဲ ရှိပါတော့တယ်။ အချစ်ကြောင့် ပူဆွေးဝမ်းနည်းတယ် ဆိုတဲ့နေရာမှာလည်း ဗိုက်ထဲမှာ အစာရှိဦးမှဖြစ်တာမို့ ဘ၀က ခိုင်ခိုင်မာမာမရှိတဲ့အခါမှာ ၀မ်းရေးအတွက် ရုန်းရင်းကန်ရင်းနဲ့တင် အချစ်ရဲ့ခြေရာ အလွမ်းလည်း သက်ဆိုးရှည်ရှာတော့မယ် မဟုတ်ပါ။

တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ လူသားတွေသာ ရယူပိုင်ဆိုင်ခွင့်ရှိတဲ့ လောကရဲ့ အမွန်မြတ်ဆုံးလက်ဆောင်တစ်ခုပါ။ ဒါပေမယ့် အဲဒီလက်ဆောင်ကို တန်ဖိုးထားတတ်ဖို့ကလည်း အင်မတန်မှ အရေးကြီးလှပါတယ်။ ခြင်္သေ့ဆီဟာ သိင်္ဂီရွှေခွက်နဲ့မှပဲ ထိုက်တန်တာပါ။ ထို့နည်းတူ ချစ်ခြင်းမေတ္တာဟာလည်း ထိုက်တန်တဲ့ တည်ဆောက်မှု၊ ကြိုးစားအားထုတ်မှုတွေနဲ့ ထုံမွှမ်းထားတဲ့ ဘ၀အိမ်မှာပဲ တည်တံ့ခိုင်မြဲပါလိမ့်မယ်။ ဆင်းရဲခြင်းက အိမ်ရှေ့တံခါးက ၀င်ရောက်လာရင်တော့ ချစ်ခြင်းမေတ္တာခမျာ အိမ်နောက်ဖေးပေါက်ကနေ ခုန်ချထွက်ပြေးရမှာ သေချာပါရဲ့။ ဒါကြောင့် အချစ်ကိုမှ ဘ၀ထင်ပြီး၊ အချစ်ကိုပဲ ကိုးကွယ်ချင်တဲ့ ဦးဟန်ကြည်တို့ရဲ့ မျိုးဆက်သစ်တွေအတွက် ချစ်ခြင်းမေတ္တာရဲ့ မှန်ကူကွက်အောက်မှာ သိမ်မွေ့ကြည်သာတဲ့ သိင်္ဂါရ ရသကို ညံ့ညံ့သက်သက် ခံစားရနိုင်စေဖို့ ဘ၀ကို အရင်တည်ဆောက်ပါလို့ ပြောလိုက်ချင်ပါတယ်။

တကယ်လို့များ ဘ၀ကို မတည်ဆောက်နိုင်သေးခင်၊ ဘ၀ပန်းတိုင်ကို မမြင်နိုင်သေးခင်မှာ အချစ်ဘုရင်ကို နန်းတင်ချင်စိတ်ဝင်လာခဲ့ရင်တော့ မီးဖိုဆောင်ထဲက မဆလာတစ်ထုပ်ကို ရေဖျော်ပြီး သောက်ကြည့်လိုက်ဖို့ပဲ အကြံပေးလိုက်ချင်ပါရဲ့။               

Tuesday, 15 November 2011

မဝေခင်က ကြွေနှင့်သည် . . .

ဦးဟန်ကြည်ရဲ့ ကျောင်းသူတစ်ယောက်
ကျောင်းပျက်နေတာ နှစ်ရက်ရှိနေပြီမို့ ညနေက အဲဒီကျောင်းသူရဲ့ မိဘတွေအိမ်ဘက်ကို လမ်းကြုံတာနဲ့ပဲ ၀င်စုံစမ်းမိပါတယ်။ ကျောင်းသူဘယ်ပျောက်နေသလဲလို့ မေးမိတဲ့အခါ ကျောင်းသူရဲ့ အမေဖြစ်သူက မျက်ရည်လည်ရွှဲနဲ့ “ ကျွန်မတို့လည်း အဲဒါကိုပဲ လိုက်စုံစမ်းနေတာပါပဲ ဆရာရယ် ” လို့ ဆိုပါတော့တယ်။ သေချာပါပြီ။ ထုံးစံကို ဗုန်းမှန်လို့တောင် အပျက်မခံတဲ့ ဦးဟန်ကြည်တို့ရဲ့ တစ်နှစ်မှာ ကျောင်းသူတစ်ယောက် ယောက်ျားရလေ့ရှိတဲ့ ဓလေ့ထုံးတမ်းစဉ်လာနဲ့အညီ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်အတွက် ကျောင်းသူတစ်ယောက် အတောင်ပေါက်သွားပါပြီ။

http://jollyenglish.edublogs.org/files/2010/04/YoungStudentInClass.jpg

သင်ကြားမှုသက်တန်းတစ်လျှောက်လုံး သတိထားမိသလောက် ဦးဟန်ကြည်တို့ရဲ့ ဒီဘက်ဒေသမှာ ဦးဟန်ကြည်ရဲ့ ကျောင်းသားတွေ အိမ်ထောင်စောစောကျတာ၊ မိန်းမခိုးပြေးကြတာ တစ်ခါမှ မကြုံဖူးပါ။ ဒါပေမယ့် ကျောင်းသူတွေကတော့ အထက်ကပြောခဲ့သလို တစ်နှစ်ကို တစ်ယောက်နှုန်းနဲ့ မှန်မှန်ကြီး ခိုးရာလိုက်ကြပါတယ်။ ခေတ်ကြီးကိုပဲ အပြစ်တင်ရမလို၊ ကိုယ့်ကိုယ်ကိုပဲ မေတ္တာပို့ရမလိုလိုပါ။ ပညာရေး၊ ကျန်းမာရေး၊ ဗဟုသုတ၊ စိတ်ဓာတ်ရေးရာ၊ ဘာသာရေးပါမကျန် အမြဲသွန်သင်ဆုံးမပေးနေတဲ့ကြားက ဗွေဖောက်ဖောက်နေကြတာတွေကို တွေ့နေရတာမို့ ဥပေက္ခာပါရမီကိုပဲ ပြောင်းပြီးဖြည့်ရကောင်းနိုးနိုး စဉ်းစားနေရပါပြီ။ လောကကို အလှဆင်ဖို့ စိတ်ကူးတွေ တသီတတန်းနဲ့ စိုက်ထား၊ ပျိုးထားတဲ့ ပန်းပင်လေးတွေ ဝေကာနီး၊ ပွင့်ကာနီးအချိန်ရောက်မှ ပိုးကိုက်ကုန်တာကို မြင်ရတဲ့ ဥယျာဉ်မှူးခမျာ အတော့်ကို ခံစားရပါတယ်။ ဆရာတပည့်ဆက်ဆံရေးဆိုတာကလည်း မြန်မာ့လူ့ဘောင်က သတ်မှတ်ထားလို့သာ နှီးနွယ်ပတ်သက်နေကြပေမယ့် တကယ်တန်းကျပြန်တော့ ဆိုင်သာဆိုင်၊ မပိုင်ကြသူတွေက ဆရာတွေပဲ မဟုတ်ပါလား။ နောက်ဆုံးမှာတော့ သူများသားသမီးလေးတွေကို မပိုင်ဝက်မွေးဘ၀နဲ့ သံယောဇဉ်တွယ်ပြီး အောင်မြင်စေချင်လွန်းတဲ့ ဆရာတွေပဲ စိတ်မကောင်းဖြစ်ပြီး ကျန်ရစ်ရုံပါပဲ။

တဖွဖွသွန်သင်ဆုံးမနေတဲ့ကြားက လမ်းကြောင်းမှားချင်တိုင်း မှားနေကြတဲ့ တပည့်မတွေအတွက် စိတ်မကောင်းဖြစ်နေတဲ့ ဦးဟန်ကြည်ကို အိမ်ရှင်မကတော့ အားပေးရှာပါတယ်။
“ ရှင့်ကလေးတွေက ရှင်မဆုံးမခင်ကတည်းက ရည်းစားတွေရှိပြီးသားဆိုတော့ ဆုံးမစကားက ဘယ်တိုးတော့မလဲ ” လို့ ပြောတော့မှ ကိုယ့်ကိုယ်ကို အပြစ်တင်လို့မဆုံးဖြစ်နေတဲ့ ဦးဟန်ကြည်လည်း စိတ်ဖြေရာ ရပါလေရော။ ဟုတ်လည်းဟုတ်ပါရဲ့။ ရောဂါတွေကျွမ်းနေမှဖြင့် ဘယ်ဆေးက တိုးပါလိမ့်မလဲ။

ဒီဘက်ခေတ် ကာလသားသမီးများက ကျန်တဲ့နေရာမှာ ခေတ်မီမမီမပြောတတ်ပေမယ့် ရည်စားထားတဲ့နေရာမှာတော့ ခေတ်ကို လွန်ပါလေရော။ တစ်ခါတစ်ခါများ ဒီဘက်ကာလမှာ ကလေးဆိုတာ မရှိတော့ဘူးလို့တောင် တွေးမိပါရဲ့။ အရှင်မွေး နေ့ချင်းကြီးဆိုသလို ကိုယ့်အမြင်မှာ ကလေးလို့ သတ်မှတ်ထားတဲ့ တပည့်လေးတွေ မကြာမကြာဆိုသလို ကလေးတွေ တိုးလို့တွဲလောင်းနဲ့ ချီတက်နေကြတာကို မြင်နေရတာလည်း စိတ်မချမ်းမြေ့ပါ။ အသက်အရွယ်အရ တည်ငြိမ်မှုရှိပြီး ဘ၀ကို အကောင်းဆုံး ထိန်းကျောင်းနိုင်တဲ့ အနေအထားမှာတောင် အိမ်ထောင်တစ်ခု သာယာဖို့ အင်မတန်ဝါယမစိုက်ထုတ်ရတာကို ကိုယ်တွေ့ကြုံနေတဲ့ ဦးဟန်ကြည်တစ်ယောက် အနှီကလေးတွေ ဒန့်ကျွဲပင်ကို ပုခက်ဘယ်လိုဆင်ကြသလဲဆိုတာ သိချင်စမ်းပါဘိတော့တယ်။ အမေ့နို့နံ့တောင် မစင်သေးတဲ့ ဒီကလေးတွေကတော့ ဒီကိစ္စကို အိမ်ထောင်ပြုတမ်းကစားနေကြတယ်လို့များ ထင်နေကြရော့သလားမသိ။

ထုံးစံအရ မိန်းကလေးများက ယောက်ျားလေးများထက် ဖွံ့ဖြိုးမှုစောတာကို ဦးဟန်ကြည်သတိထားမိပြီးသား။ ယောက်ျားလေးတွေ ဂေါ်လီရိုက်လို့ကောင်းနေတုန်း ခုနစ်တန်း၊ ရှစ်တန်းအရွယ်မှာ တချို့မိန်းကလေးတွေ ရည်စားထားကုန်ကြတာလည်း ဦးဟန်ကြည်အသိ။ ဒါပေမယ့် အိမ်ထောင်တွေပြုကုန်ကြအောင်တော့လည်း မိုက်မဲကြလိမ့်မယ်လို့ မတွေးမိတာအမှန်။ မီးကိုတိုးကြတယ်လို့ သမုတ်ရအောင်လည်း အနှီသကောင့်သားမလေးတွေက ပိုးဖလံမဟုတ်ကြပြန်။ ဘာကိုမဆို မီးခိုးကြွက်လျှောက် တွေးရမှ ကျေနပ်တဲ့ ဦးဟန်ကြည်တစ်ယောက် ကလေးတွေ အိမ်ထောင်ပြုစောရခြင်းအကြောင်းကို တွေးဖြစ်ရပြန်ပါပြီ။

ဦးဟန်ကြည်တို့ ကလေးဘ၀တုန်းက ကျောင်းသားတွေကို အဖြူ၊ အစိမ်း ကျောင်းဝတ်စုံသတ်မှတ်ပေးထားပေမယ့် ဘောင်းဘီတို၊ ဘောင်းဘီရှည်၊ စကတ် စသည်ဖြင့် ကိုယ်ကြိုက်သလို ၀တ်ခွင့်ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ဦးဟန်ကြည်တို့ ခုနစ်တန်း၊ ရှစ်တန်းအရွယ်အထိ ကလေးစိတ်မကုန်သေးဘဲ ယောက်ျားမိန်းမ နပမ်းသတ်လို့ကောင်းတုန်း၊ ကျောစီးပြီး ထွေခင်းလို့ကောင်းတုန်း၊ တစ်ယောက်လက် တစ်ယောက်ဆွဲပြီး ဒီတိုးတန်း ကစားလို့ကောင်းကြတုန်းပါ။ ဒီဘက်ခေတ်မှာတော့ မယောင်ရာကို ဆီလူးရမှ စားဝင်အိပ်ပျော်ပြီး အပေါ်ယံအလုပ်တွေကို ၀ါယမစိုက်ထုတ်လွန်းတဲ့ ဦးဟန်ကြည်တို့ တိုင်းပြည်ရဲ့မူအတိုင်း လူကြီးတွေ မျက်စိပသာဒဖြစ်ဖို့ ရည်ရွယ်ချက်ကလေးတစ်ခုနဲ့ ငါးတန်းအရွယ်ကစပြီး ကျောင်းသားတွေက ပုဆိုးဝတ်ကြရပြီး၊ ကျောင်းသူတွေက လုံချည်နဲ့ ရင်ဖုံးဝတ်ကြရပါသတဲ့။ ကိုယ့်ကိုယ်ကို လူကြီးအ၀တ်အစားနဲ့ ပြန်မြင်နေကြရတဲ့ ဒီခေတ်ကျောင်းသားလေးတွေ အချိန်မတိုင်ခင် အရွယ်မရောက်ပဲ နေပါရိုးလား။ ဒီကြားထဲမှာ ခပ်ကဲကဲ မိဘများက သားသမီး ငချွတ်ကလေးတွေကို အလှပြင်ပစ္စည်းတွေ၊ အ၀တ်အစားတွေနဲ့ ၀ိုင်းဝန်းပံ့ပိုးတဲ့နောက်တော့ ကလေးတွေ အလုပ်က အလှပြင်ပြီး ရည်စားထားဖို့ပဲ ရှိတော့တယ် မဟုတ်ပါလား။

ဒါတွေတင်အားမရသေးဘဲ မြ၀တီ၊ MRTV စတဲ့ နိုင်ငံပိုင် ရုပ်သံလွှင့်ဌာနတွေကလည်း ကလေးတွေ လင်ယူစောစေဖို့ ကိုရီးယားဇာတ်လမ်းတွဲတွေကို နေ့မအား၊ ညမနား အင်တိုက်အားတိုက် ထုတ်လွှင့်ပေးပြီး ပါရမီဖြည့်ကြပြန်ပါသေးရဲ့။ ဦးဟန်ကြည် သတိထားမိသလောက် ရွှေပြည်ကြီးမှာ ပြသမျှ၊ ခွေဆိုင်မှာ ရောင်းသမျှ ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာ ထမင်းစားတာ၊ ဆေးရုံတတ်တာ၊ ရည်းစားထားတာကလွဲလို့ ဘာတစ်ကွက်မှ အတုယူစရာ၊ လေးစားအားကျစရာ မကောင်းပါ။ ဒီကြားထဲမှာ အနှီကိုရီးယားဇာတ်ကားတွေထဲက သရုပ်ဆောင်မတွေဟာ အားရင်အားသလို “ ဆိုဂျု ” လို့ခေါ်တဲ့ အရက်ကို သောက်ပြကြပါသေးတယ်။ ယောက်ျားလေးတွေကို မိန်းမတွေက ၀ိုင်းလိုက်၊ ၀ိုင်းကြိုက်ကြတာကိုလည်း မြိန်ရည်ရှက်ရည် ပြကြပါသေးတယ်။ မကောင်းတာဟူသမျှ အတုယူရမှ ခေတ်မီတယ်ထင်ကြလေတဲ့ ဦးဟန်ကြည်တို့ရဲ့ ရွှေပြည်သူများလည်း ကိုရီးယားစတိုင်ဝတ်၊ ကိုရီးယားလို ဆိုဂျုသောက်ပြီး ကိုရီးယားလို ရည်းစားထားကြပါတော့တယ်။ ခုနစ်အိုရှစ်ဆွေး အဘွားကြီး အမယ်ကြီးတွေတောင် သုံးဆစ်ချိုးဗိုက်ခေါက်ကို လူမြင်အောင် Body fit ၀တ်၊ အမာရွတ်တင်းကြမ်းနဲ့ တင်းပုတ်ခြေသလုံးကို မြင်သူမက်စေဖို့ Mini-skirt တို့ one-quarter short pant  တို့ကိုစစ်ကူတောင်း၊ ဆံပင်ကို နီကြောင်ကြားဆေးဆိုးလို့ ကိုရီးယားစတိုင်ဖမ်းပြီး ဘီယာဗူးကို လက်ကမချဘဲ Boy friend ရှာဖို့ လုံးပမ်းနေကြတာမို့ အမှားအမှန်မဆင်ခြင်နိုင်သေးတဲ့ ဦးဟန်ကြည်တို့ရဲ့ သမီးလေးတွေ ခပ်စောစော လင်ယူကြတာ ဆန်းတော့ဆန်းအံ့မထင်။

ဒီလောက် အတုယူမှားစရာတွေ တင်းကြမ်းပြည့်နေတဲ့ကြားထဲမှာ ခေတ်မီချင်လွန်းတဲ့ မိဘများက သားသမီးတွေကို လွတ်လပ်ရေးအပြည့်ပေးထားပြန်တဲ့အပြင် ဆရာ၊ ဆရာမတွေရဲ့ သွန်သင်မှုက အားနည်း၊ ဘာသာရေးအဆုံးအမက မရှိ၊ ကျန်းမာရေးအသိက နတ္တိဖြစ်ကြပြန်တဲ့ မျိုးဆက်သစ်ကလေးတွေမှာ ဖြစ်ချင်သလိုဖြစ်ပြီး၊ ပျက်ချင်သလို ပျက်ကုန်ကြပါတော့တယ်။ တိုးတက်နေတဲ့ခေတ်ကြီးမှာ လိင်ကိစ္စကိုလည်း အင်တာနက်ပေါ်မှာ၊ MP 4 player တွေထဲမှာ၊ မိုဘိုင်းဖုန်းတွေထဲမှာ၊ လမ်းဘေးဆိုင်တွေမှာအလွယ်တကူရနိုင်တဲ့ DVD ခွေတွေထဲမှာ ဖောချင်းသောချင်းတွေ့နေ၊ မြင်နေနိုင်တာကလည်း လူငယ်တွေကို အဆင်းဘီးတပ်ပေးသလို ဖြစ်နေပြန်ပါရဲ့။ လိင်ကိစ္စကို ပွင့်ပွင့်လင်းလင်းရှိကြတဲ့ အနောက်နိုင်ငံတွေမှာ ဖိုနဲ့မ သံဝါသ အမှုကိစ္စဟာ မထူးခြားတဲ့ဖြစ်ရိုးဖြစ်စဉ်အနေနဲ့ ခေါက်ရိုးကျိုးပြီးသား ဖြစ်နေပေမယ့် ဗုဒ္ဓဘာသာယဉ်ကျေးမှုရဲ့ အဆုံးအမအောက်မှာ ဟီရိ၊ သြတ္တပ္ပတရားနဲ့ နေခဲ့ရတဲ့အပြင် လိင်ကိစ္စမှာလည်း သိုသိုဝှက်ဝှက်ရှိခဲ့ရာက အခုလို ဖောဖောသီသီမြင်နိုင်တွေ့နိုင်တဲ့ အနေအထားကို နေ့ချင်းညချင်းရောက်လာပြန်တော့ မျိုးဆက်သစ် ကျောင်းသားလူငယ်လေးတွေမှာ နွားငတ်ရေကျ ဖြစ်ရတာ ဆန်းတော့ မဆန်းလှပါ။ လူတိုင်းမှာရှိစမြဲဖြစ်တဲ့ တဏှာ၊ ရာဂစိတ်ရိုင်းတွေကို ထိန်းသိမ်းနိုင်ဖို့ အသက်အရွယ်၊ အသိအမြင်၊ ကိုယ်ကျင့်တရားစတာတွေ လိုပြန်တာမို့ အဲဒီအချက်တွေ မပြည့်စုံနိုင်သေးတဲ့ ကျောင်းသားအရွယ်ကလေးငယ်တွေဟာ သမီးရည်းစားဘ၀ကို အိမ်ထောင်သည်အကြိုလေ့ကျင့်ခန်းကာလလို့ သဘောထားကြပါတော့တယ်။

ယောက်ျား၊ မိန်းမ နှစ်ဦးလုံး လိင်ကိစ္စပွင့်လင်းတဲ့ အနောက်နိုင်ငံတွေမှာတော့ သွေးသားဆန္ဒကို ဖြေဖျောက်ရုံအတွက်ပဲ အရေးထားပြီး ဖြစ်လာမယ့် နောက်ဆက်တွဲ ကိစ္စတွေကို မိန်းကလေးကိုယ်တိုင်က သွေးအေးအေးနဲ့ ဖြေရှင်းလေ့ရှိတာမို့ ပြဿနာသိပ်မရှိလှပါ။ သူရို့လူမျိုးက ဒီကိစ္စကို ဖြစ်ရိုးဖြစ်စဉ်ကိုစ္စလို့ပဲ သဘောထားကြတာ မဟုတ်ပါလား။ ဒါပေမယ့်
အရှက်နဲ့ လူလုပ်ကြတဲ့ ဦးဟန်ကြည်တို့ရဲ့ သမီးငယ်လေးတွေခမျာမှာတော့ မလိမ္မာတစ်ခါမိုက်မိရုံနဲ့ ကိုယ့်ကိုယ်ကို ပန်းကောင်းအညွန့်ကျိုးသွားပြီလို့ ယူဆပြီး ပေါက်တဲ့နဖူးကို မထူးဇာတ်ခင်းကြရရှာပါတော့တယ်။ ဒီကြားထဲမှာ ယောက်ျားလေးဖြစ်သူက သန့်စင်မွန်မြတ်တဲ့ ချစ်ခြင်းမေတ္တာကို ခုတုံးလုပ်ပြီး တဏှာရာဂ သွေးသားဆန္ဒဖြေဖျောက်ဖို့ကို ရှေ့တန်းတင်တဲ့လူစားမျိုးဖြစ်ခဲ့ရင်တော့ မိန်းကလေးဘ၀ဟာ နစ်သည်ထက် နစ်ရုံပဲ ရှိပါတော့တယ်။ နောက်ဆုံးမှာ မဖုံးနိုင် မဖိနိုင်ဘ၀နဲ့ အရှက်တကွဲ အကျိုးနည်းဖြစ်ရတဲ့ မိန်းကလေးတွေလည်း မနည်းလှပါ။ မိဘမောင်ဘွားတွေကို ရင်မဆိုင်ရဲတော့ဘဲ လေလွင့်ပျက်စီးပြီး ဘ၀ဇာတ်သိမ်းမလှကြတော့တဲ့ သမီးလေးတွေလည်း ဘယ်လောက်များ ရှိနေကြပြီလဲ မသိနိုင်တော့ပါ။ ဘ၀ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေကို မျက်ရည်စက်လက်နဲ့ စွန့်လွှတ်ပြီး လတ်တလောရင်ဆိုင်နေရတဲ့ ပြဿနာပြေလည်ဖို့ မျက်စိစုံမှိတ်ပြီး အိမ်ထောင်ပြုလိုက်ကြရတဲ့ ကျောင်းသူအရွယ် သမီးလေးတွေရော ဘယ်လောက်များနေပါပြီလဲ။ ဦးဟန်ကြည်တစ်ယောက် ဆက်မတွေးရဲတော့ပါ။ မတွေးချင်တော့ပါ။

ကလေးတွေဟာ တိုင်းပြည်ရဲ့ အနာဂတ်အညွန့်အဖူးတွေပဲ ဖြစ်ပါတယ်။ ဦးဟန်ကြည်တို့တစ်တွေ အသက်အရွယ်ကြီးရင့်လာတဲ့တစ်နေ့မှာ သူတို့ကျွေးတာကို စားကြရမှာပါ။ သူတို့စီမံတဲ့အတိုင်း နာခံကြရမှာပါ။ သူတို့ဖန်တီးတဲ့ ပတ်ဝန်းကျင်မှာပဲ နေကြရမှာပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကို ဒုက္ခမရောက်စေချင်တဲ့၊ ကိုယ့်ကိုယ်ကိုချစ်တဲ့ ဦးဟန်ကြည်တို့ ယနေ့လူကြီးတွေဟာ အနာဂတ်လူကြီးတွေဖြစ်တဲ့ ကလေးသူငယ်၊ ကျောင်းသားလူငယ်တွေကို ချစ်ကိုချစ်ရပါလိမ့်မယ်။ ဒီကလေးတွေကို စောင့်ရှောက်ခြင်းဟာ ကိုယ့်အနာဂတ်ကို တည်ဆောက်ခြင်းလို့ ခေါ်နိုင်တာမို့ ကျောင်းနေအရွယ်ကလေးတွေ အချိန်မတိုင်ခင် အိမ်ထောင်ကျပြီး လူမှုဒုက္ခတွေနဲ့ နဖူးတွေ့ဒူးတွေ့ကြုံကြရတာမျိုး မဖြစ်ရလေအောင် ၀ိုင်းဝန်းပံ့ပိုးကြပါစို့လား။                 

ကြိုက်ရင်ပေါ့လေ . . .