Sunday, 18 December 2011

ပါဝါ = လက်နက် ? ပညာ ?

တိုင်းပြည်မငြိမ်းချမ်းတဲ့အချိန်မှာ လက်နက်ရှိသူမှာ ပါဝါရှိတယ်…

http://image.shutterstock.com/display_pic_with_logo/52543/52543,1126393354,6/stock-photo-a-massive-pile-of-guns-mostly-ak-style-rifles-545040.jpg

တိုင်းပြည်ငြိမ်းချမ်းလာရင် ပညာရှိသူမှာ ပါဝါရှိတယ်…

 http://www.setoyaki.net/wp-content/uploads/2011/08/free-money-for-education.jpg

ဦးဟန်ကြည်တို့တိုင်းပြည်က ပညာတတ်လူငယ်တွေမှာ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှိနေခဲ့တာကြာပါပြီ။

တခြားနိုင်ငံက ပညာရှင်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် အခွင့်အရေးပိုင်း ၀င်ငွေပိုင်း တန်ဖိုးထားခံရမှုအပိုင်းတွေမှာ အစစအရာရာ ချို့တဲ့နေပြန်တာမို့ စိတ်ပျက်အားငယ်မယ်ဆိုလည်း အားငယ်စရာပါ။ အဆိုးတကာ့အဆိုးဆုံးကတော့ အရေးပါသလောက် အရာမရောက်ကြခြင်း ပါ။ ပညာရှင်တစ်ယောက်ရဲ့ အရေးပါမှုအခန်းကဏ္ဍကို အများက လက်ခံလာကြပြီဖြစ်ပေမယ့် ပညာရှင်တွေရဲ့ အရာရောက်မှုအခန်းကဏ္ဍကတော့ မှိန်ဖျော့နေဆဲပဲ ရှိနေပါသေးတယ်။ ဒါကြောင့်လဲ ပညာရှင်တွေဟာ သူတို့ရဲ့ ပညာကို ထိထိရောက်ရောက် အသုံးချနိုင်ကြမယ့် ပြည်ပတိုင်းပြည်တွေမှာ အလုပ်လုပ်နေကြရပါတယ်။ ပညာတတ်ပြီးသား ခေတ်လူငယ်တွေအတွက် သူတို့ရဲ့ပညာကို တန်ဖိုးရှိရှိသုံးနိုင်မယ့် နေရာတွေမှာ အထိုက်အလျောက်နေရာရအောင် ကြိုးစားနိုင်ကြပေမယ့် ပညာမတတ်ကြသေးတဲ့ လူငယ်တွေမှာတော့ အမြင်မှား၊ အယူအဆမှားတွေကြောင့် ပညာရဲ့ တန်ဖိုးကို အထင်သေးကုန်ကြတာ၊ ပညာတတ်ဖြစ်အောင် ကြိုးစားချင်စိတ်တွေ လျော့နည်းလာနေကြတာ မမြင်ချင့်အဆုံး မြင်နေရပါတော့တယ်။

လက်ရှိကိုယ့်တိုင်းပြည်ရဲ့ အနေအထားအရ ပညာရှင်တွေကို ထိုက်သင့်သလောက် နေရာမပေးနိုင်သေးတဲ့ အချက်တစ်ခုတည်းနဲ့ ပညာရေးကို ဥပေက္ခာပြုဖို့ စိတ်ကူးရင် မှားပါလိမ့်မယ်။
ပညာရှင်တစ်ယောက်ရဲ့ တန်ဖိုးဟာ နေရာ၊ ဒေသကိုလိုက်ပြီး ပြောင်းလဲလေ့ရှိတာကို မေ့ထားလို့မရပါ။ ဒီအချက်ကို လူငယ်တွေသဘောပေါက်စေဖို့ ပုံပြင်တစ်ပုဒ်နဲ့ ဥဒါဟရုဏ်ဆောင်ရပါလိမ့်မယ်။ တစ်ခါက အမှိုက်ကောက်တဲ့ကလေးတစ်ယောက်ဟာ အမှိုက်ပုံတစ်ပုံကိုမွှေရင်းက အရောင်လက်နေတဲ့ ကျောက်ခဲလေးတစ်ခုကို ကောက်ရပါသတဲ့။ ဘာကျောက်မှန်းမသိပေမယ့် တန်ဖိုးရှိမယ်လို့ ခန့်မှန်းနိုင်တာမို့ ကလေးကလည်း အဲဒီကျောက်ကလေးကို ကောက်ယူပြီး ထွက်လာခဲ့ပါလေရော။ လမ်းမှာ ဆိုက်ကားသမားတစ်ယောက်နဲ့ တွေ့တဲ့အခါ ဆိုက်ကားသမားက အဲဒီကျောက်ကို ငွေ ၁၀ ပေးပြီး ၀ယ်လိုက်ပါတယ်။ အဲဒီကျောက်ကလေးဟာ အမှိုက်ကောက်တဲ့ ကလေးရဲ့ လက်ထဲမှာ တန်ဖိုး ၁၀ ရှိသွားပါပြီ။

ဆိုက်ကားသမားကလည်း အဲဒီကျောက်ကို ကုန်စုံဆိုင်တစ်ဆိုင်မှာ သွားပြပြီးရောင်းတဲ့အခါ ဆိုင်ရှင်က ၁၀၀ နဲ့ ၀ယ်လို်က်ပါသတဲ့။ ဆိုက်ကားသမားလက်ထဲမှာ ကျောက်တန်ဖိုးက ၁၀၀ ဖြစ်လာပါပြီ။ ကုန်စုံဆိုင်ရှင်က ကျောက်ပွဲစားဆီမှာ ကျောက်ကိုရောင်းလိုက်ပြန်တော့ ၁သိန်းရပါလေရော။ ဆိုင်ရှင်ရဲ့လက်ထဲမှာ ကျောက်တန်ဖိုးက ၁ သိန်းဖြစ်လာပြီပေါ့။ ကျောက်ပွဲစားက အဲဒီစိန်ရိုင်းတုံးကျောက်ကလေးကို ကျကျနနသွေး၊ အရောင်တင်ပြီး ဈေးကွက်မှာရောင်းလိုက်တဲ့အခါမှာတော့ သိန်းရာကျော်တန်သွားပါတော့တယ်။

အထက်က ဥပမာမှာ ကျောက်ရဲ့တန်ဖိုးက တန်ဖိုးသတ်မှတ်မှု၊ တန်ဖိုးသတ်မှတ်မှုပေါ်မူတည်ပြီး အဆင့်ဆင့်ပြောင်းလဲသွားတာ တွေ့ပါလိမ့်မယ်။ ဒါကြောင့် တန်ဖိုးသတ်မှတ်ချက်နဲ့ ပတ်သက်ပြီး စိတ်ပျက်နေစရာ မလိုလှပါ။ တန်ဖိုးဆိုတာ သတ်မှတ်သူနဲ့ပဲ ဆိုင်တာမဟုတ်ပါလား။ ကိုယ်ကိုယ်တိုင်က စိန်ဖြစ်နေဖို့က အရေးအကြီးဆုံးပါ။ တန်ဖိုးကိုနားလည်တဲ့ နေရာမှန်ကို ရောက်လာတဲ့အချိန်မှာ ထိုက်တန်တဲ့ တန်ဖိုးရလာမှာ သေချာနေပြီးဖြစ်ပါရဲ့။ ဒါကြောင့်လဲ ရှင်တော်ဘုရားက “ ကာလံ၊ ဒေသံ၊ အဂ္ဂံ၊ ဓနံ ” လို့ ဟောညွန်ပြတော်မူခဲ့တာပါ။

ဦးဟန်ကြည်တို့ရဲ့တိုင်းပြည်မှာ ပညာရှင်ကို ထိုက်သင့်တဲ့ တန်ဖိုးထားမှုမပေးနိုင်သေးတာ မငြင်းနိုင်တဲ့ အချက်ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်တိုင်းပြည်ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ပြန်ရင်လည်း မြေရှင်ပဒေသရာဇ်စနစ်က အစချီပြီး ဒီဘက်ခေတ်အထိ အေးအေးချမ်းချမ်း၊ တည်တည်ငြိမ်ငြိမ် နေခွင့်ထိုင်ခွင့်ရတဲ့ အချိန်ပိုင်းကလည်း အင်မတန်ရှားပါးခဲ့ပါတယ်။ ပဒေသရာဇ်ခေတ် တစ်ခေတ်လုံး နယ်မြေလုတိုက်ပွဲ၊ နန်းလုတိုက်ပွဲ၊ ဂုဏ်သိက္ခာတိုက်ပွဲတွေနဲ့ တိုက်ပွဲပေါင်းများစွာကြားမှာ လူးကာလှိမ့်ကာ ဖြတ်သန်းခဲ့ရတဲ့ ဦးဟန်ကြည်တို့ တိုင်းပြည်ပါ။ အင်္ဂလိပ်လက်အောက်၊ ဂျပန်လက်အောက်ရောက်ပြန်တော့လည်း တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို အရယူနိုင်ဖို့ မဆုံးနိုင်တဲ့ တိုက်ပွဲတွေ တိုက်ကြရပြန်ပါသေးတယ်။ လွတ်လပ်ရေးရပြန်တော့လည်း နိုင်ငံရေးခံယူချက်ကြောင့် ဖြစ်ရတဲ့ စစ်ပွဲတွေနဲ့ ကြုံရပြန်ပါတယ်။ ဒါတွေပြီးပြန်တော့လည်း လူမျိုးရေး နားလည်မှုလွဲမှားမှုတွေကြောင့် ဖြစ်နေခဲ့တဲ့ တိုက်ပွဲတွေက ဒီနေ့အထိ မဆုံးနိုင်သေးပါ။ ခပ်ရှင်းရှင်းပြောရရင် တိုက်ပွဲတွေကြားထဲမှာ မသေရုံတမည် ရုန်းနေကန်နေရရှာတဲ့ ဦးဟန်ကြည်တို့ရဲ့ တိုင်းပြည်ပဲ ဖြစ်ပါတော့တယ်။

ဒီလိုတိုက်ပွဲတွေကြားထဲမှာ ဘယ်တိုင်းပြည်မဆို ခွန်အားဗလကြီးမားတဲ့သူ၊ လက်နက်ရှိတဲ့လူတွေကို ဦးစားပေးကြရမှာပါ။ လက်နက်ပိုင်တဲ့လူတွေကပဲ တိုင်းပြည်ကို ဦးဆောင်ကြမှာပါ။ ကမ္ဘာ့ရာဇ၀င်မှာ ဘယ်တိုင်းပြည်ကိုကြည့်ကြည့် ဒီသဘောတရားဟာ မလွဲနိုင်တဲ့ နိယာမတရားပဲ ဖြစ်ပါတယ်။ ဒီလိုမှမလုပ်ပြန်ရင်လည်း တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းဖို့ ဘယ်မှာဖြစ်နိုင်ပါလိမ့်မလဲ။ ဒါပေမယ့် တိုင်းပြည်ငြိမ်းချမ်းပြီး တည်ငြိမ်မှုရလာတဲ့ အချိန်မှာတော့ တိုင်းပြည်ကို ထူတောင်ဖို့အရေးမှာ ပညာရှင်တွေ၊ ပညာတတ်တွေဟာ အရေးကြီးပုဂ္ဂိုလ်တွေ ဖြစ်လာပါလိမ့်မယ်။ ဒီပညာတတ်တွေဟာ တိုင်းပြည်ရဲ့ အရေးကြီးနေရာဌာနတွေမှာ တာဝန်ယူခွင့် ရကိုရလာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် တည်ငြိမ်မှုကို တည်ဆောက်ဖို့ လက်နက်အင်အားလိုသလို တိုးတက်ဖွံ့ဖြိုးမှုကို တည်ဆောက်ဖို့ ပညာလိုအပ်နေလို့ပါ။ ဒီအချိန်ဒီကာလကို ရောက်မလာဘဲ အလဟဿပျက်စီးသွားတဲ့ တိုင်းပြည်ရယ်လို့ ကမ္ဘာ့သမိုင်းမှာတောင်မရှိခဲ့ဘဲ ဦးဟန်ကြည်တို့တိုင်းပြည်ကျမှ ပညာတတ်တွေဟာ အနာဂတ်ကာလတွေအထိ အောက်ကျနောက်ကျနေကြရမယ်ဆိုတာ လုံးဝကို မဖြစ်နိုင်တဲ့ အကြောင်းအရာပဲ မဟုတ်ပါလား။

လက်နက်ခေတ်ကြီးမှာ လက်နက်ကိုင်သူဟာ အင်အားကြီးတယ်ဆိုပေမယ့် လက်နက်ကိုင်ဖို့ဆိုတာ ပင်ပန်းတကြီးဖန်တီးယူရတဲ့ အရေးကိစ္စမဟုတ်ပါ။ ဒါကြောင့် အဲဒီကာလမျိုးမှာ ပါဝါရဖို့ဆိုတာ ခဲခဲယဉ်းယဉ်းမဟုတ်ပါ။ နှစ်ပေါင်းများစွာ အရင်းတည်ပြီးကြိုးစားဖို့လည်း မလိုပါ။ မိုက်မိုက်ကန်းကန်း လုပ်ရဲတဲ့ သတ္တိလေးကို အရင်းတည်၊ လူစုပြီး လက်နက်ကိုင်ရုံနဲ့တင် လုပ်ပိုင်ခွင့်နဲ့ အာဏာပါဝါက ပြေးမလွတ်နိုင်တာ သေချာနေပါရဲ့။ ဒါပေမယ့် တည်ငြိမ်မှုရလာတဲ့ ငြိမ်းချမ်းရေးကာလမှာလိုအပ်တဲ့ ပညာလက်နက်ကိုရဖို့ဆိုတာကတော့ အဲဒီလောက် လွယ်လွယ်ကူကူနဲ့ မရနိုင်ပါ။ ထိုက်သင့်တဲ့ ကြိုးစားအားထုတ်မှု၊ အချိန်ကာလ၊ စိတ်ဓာတ်၊ ဇွဲစတာတွေ ရင်းနှီးမြှုပ်နံမှ ရနိုင်ပါရဲ့။ ဒါတင်မကဘဲ ပညာရေးဟာ တစ်ကိုယ်ရည်ကြိုးစားမှုကို အခြေခံထားပြန်တာမို့ အုပ်စုအားကိုးနဲ့ ၀ူးဝူးဝါးဝါးလုပ်နေရုံနဲ့လဲ ရနိုင်တာမဟုတ်ပါ။ လိုအပ်လာချိန်ရောက်မှ ချက်ချင်းထလုပ်ယူလို့လည်း မရနိုင်ပါ။ ဒါကြောင့် ဒီနေ့ဒီအချိန်ကတည်းက ကြိုကြိုတင်တင် ကြိုးစားထားမှပဲ ဖြစ်ပါလိမ့်မယ်။ ဒါမှလည်း လိုအပ်လာတဲ့ အခြေအနေမှာ အဆင်သင့်ဖြစ်နေမယ် မဟုတ်ပါလား။

http://29.media.tumblr.com/tumblr_lnhm5jOHS31qe6w2qo1_500.jpg

ခေတ်ဆိုတာ ရပ်တန့်နေတဲ့အရာမဟုတ်ပါ။ အချိန်တွေ တဖြည်းဖြည်းနဲ့ကုန်သွားသလို၊ အသက်တွေ တဖြည်းဖြည်းကြီးပြင်းလာနေသလို ခေတ်ကြီးကလည်း ပြောင်းလဲနေမှာပါ။ ဘယ်အရာမှ အမြဲဆိုးသွမ်းပျက်စီးနေတယ်ဆိုတာ မရှိရိုးအမှန်ပါ။ အနိစ္စတရားရဲ့ နိယာမအောက်မှာ အဆိုးနဲ့အကောင်းဟာ တစ်လှည့်စီနေရာရစမြဲဖြစ်တာကြောင့် ငြိမ်းချမ်းလာတဲ့အချိန်လည်း အနှေးနဲ့အမြန် ရောက်လာပါလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက် မမြင်ဖူး၊ မတွေ့ဖူး၊ ရန်မဖြစ်ဖူးဘဲနဲ့ အကြောင်းမဲ့သက်သက် သတ်ဖြတ်နေကြရတဲ့ လုပ်ရပ်မျိုးကို ဘယ်သူတွေကများ မက်မက်စက်စက် တစ်သက်လုံးလုပ်ကြပါလိမ့်မလဲ။ သူ့အသက်ကို ကိုယ်သတ်သလို ကိုယ့်အသက်ကို သူများသတ်မှာ စိုးရိမ်နေရတဲ့ ဘ၀မျိုးမှာ ဘယ်လူမျိုး၊ ဘယ်လူတန်းစားကများ မြတ်နိုးပါ့မလဲ။ အနှေးနဲ့အမြန်ဆိုသလို ရောက်လာဦးမယ့် ငြိမ်းချမ်းရေးကာလမှာ တိုင်းပြည်ကို ထူထောင်ဖို့ ပညာတတ်တွေကို နေရာမပေးချင်လို့ လုံးဝမဖြစ်နိုင်ပါ။ အဲဒီအချိန်အခါမျိုးရောက်ရင်သာ ပညာတတ်ခေတ်လူငယ်တွေဘက်က ဆင်ခြေဆင်လက်တွေမပေးကြဘဲ တိုင်းပြည်အတွက် လိုအပ်တဲ့နေရာတွေမှာ အင်တိုက်အားတိုက် နေရာဝင်ယူပြီး ရွှေနိုင်ငံရဲ့ ဂုဏ်သိက္ခာကို အမြင့်ဆုံးမြှင့်တင်ဖို့ အရေးကြီးလှပါတယ်။

ဒါကြောင့် ထိုက်သင့်သလောက် နေရာမပေးနိုင်သေးတဲ့၊ နေရာမရသေးတဲ့ ဒီနေ့အချိန်အခါမှာ ပညာတတ်ဖြစ်ပြီးတဲ့ လူငယ်တွေကလည်း ကိုယ့်ပညာ၊ ကိုယ့်သိက္ခာကို သူများသတ်မှတ်ပေးတဲ့ ဈေးပေါ်မူတည်ပြီး စိတ်ဓာတ်ကျ၊ စိတ်ညစ်နေတာမျိုး မဖြစ်စေဘဲ ကိုယ့်တန်ဖိုးကို ကိုယ့်ဖာသာမြှင့်တင်ပြီး စိတ်ဓာတ်ကို မြင့်မြင့်မားမားထားဖို့၊ ပညာမတတ်သေးတဲ့လူငယ်တွေကလည်း မျက်တောင်မွှေးတဆုံးကိုပဲ မကြည့်ဘဲ အနာဂတ်အတွက် အရင်းအနှီးဖြစ်တဲ့ ပညာရေးကိစ္စကို အားသွန်ခွန်စိုက်ကြိုးစားဖို့ တိုက်တွန်းချင်ပါရဲ့။    ။

ပုံတွေကို Google ကနေ ရှာထားပါတယ် . . .

20 comments:

ကိုရင် said...

ကိုယ်ကိုယ်တိုင်က စိန်ဖြစ်နေဖို့ အရေးအကြီးဆုံးပါတဲ့..
ကောင်းတယ် ဆရာဟန်ရေ..

စိန်ဖြစ်တဲ့ဘ၀မှာလည်း ရုရှားစိန်တွေ မဖြစ်ကြဖို့တော့ လိုသဗျား..

ဟန်ကြည် said...

ဒါပေါ့ကိုရင်ရာ စိန်ဆိုမှစိန်ပေါ့ဗျာ...ဒေါင်ဒေါင်မြည် တင်းပြည့်ကျပ်ပြည့် စံမီစိန်တွေဖြစ်နေရင် ဘာကိုမှ မှုစရာမလိုဘူးပေါ့...

ကိုအောင်(ပျူနိုင်ငံ) said...

ဟုတ်တယ် ဦးဟန်ကြည်ရေ ... တစ်ကမ္ဘာလုံး ပညာခေတ်မှာ ကျနော်တို့ဆီက ပညာတတ်တွေ နေရာမရတဲ့ဘ၀က ရင်နာစရာပဲ ...

Angelhlaing(May everybody be happy and healthy! said...

တစ်ကယ့်ကို တန်ဖိုးရှိတဲ့ ပို့စ်လေး အတွက် ကျေးဇူးပါ အကို....။

မဒမ်ကိုး said...

ဟုတ်ပါတယ်ဆရာ ခုခေတ်လူငယ်တွေအတွက်ပညာကိုအားသွန်ခွန်စိုက်ကြိုးစားဖို့လိုအပ်ပါတယ်

Candy said...

ဟုတ်ကဲ့.. မှတ်သားသွားပါတယ်ရှင့်
ဦးဟန်ကြည်ပေးတဲ့ ဥပမာပုံပြင်လေး သဘောကျတယ်။ ဟုတ်တယ် ကိုယ်က စိန်ဖြစ်နေဖို့ပဲ လိုတာပါ :D

Anonymous said...

ဆြာရေ ကျွန်တော်က စိန်နဲ့တော့ အသံထွက်တူ တယ်း) စိမ် စိမ်း) ပညာတတ်ဖြစ်ချင်မိတယ် ဗျာ အခုချိန်မှာ တစ်ကနေပြန်စစေဆိုရင် ကျွန်တော်လည်း တစ်ကနေပြန်စချင်မိတယ်


မောင်ဘကြိုင်

sosegado said...

ပညာရှင်တွေကို ဘယ်လိုခိုင်းရမလဲ ဆိုတာ တတ်တဲ့ ပညာတတ်ကတော့
တကယ့်ပညာတတ်ပဲ……………………..

သတိုး said...

ဟုတ်ပ ဆရာ။ ခုဖြစ်နေတာက ပညာသင်ယူစ လူငယ်တွေကအစ သူပတ်ဝန်းကျင်ရဲ့ အရိုက်အခတ်တွေ့ကြောင့် ကိုယ်သင်ယူနေတဲ့ ပညာပေါ်မှာ သံသယ ၀င်နေကြတာပါပဲ။

သတိုး said...
This comment has been removed by the author.
jasmine(တောင်ကြီး) said...

လူငယ်တွေအားလုံးပညာတတ်ဖို့လိုတယ်
စိန်ကတော့ အာဖရိက စိန်ပါနော်

An Asian Tour Operator said...

Education is the most powerful weapon ဆိုတာလေး သဘောကျသဗျာ။

mstint said...

'တိုင်းပြည်မှာ ပညာရှင်ကို ထိုက်သင့်တဲ့ တန်ဖိုးထားမှုမပေးနိုင်သေးတာ' ဒါကြောင့်လည်း
ပညာတတ်တွေဆုံးရှုံးနေတာ နှမြောစရာပေါ့
ဦးဟန်ကြည်ရေ။ ဘယ်ကာလရောက်မှ
ဒီအခြေအနေတွေ ပြောင်းလဲသွားမယ်မသိဘူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

blackroze said...

ပညာတတ်တွေကိုထိုက်တန်တဲ့
နေရာတခုပေးနိုင်မယ်..ဆိုရင်တော့
ပိုအဆင်ပြေလာမယ်ထင်တယ်
ဆြာရေ..

ချစ်သူမောင် said...

ပညာရှင်တွေရဲ့ အရာရောက်မှုအခန်းကဏ္ဍကတော့ မှိန်ဖျော့နေဆဲပဲ ရှိနေပါသေးတယ်။

အဲဒီလိုပါပဲဦးဟန်ကြည် ပညာရှင်တွေကိုလည်းတန်ဖိုးမထားတတ်သေးတဲ့နိုင်ငံဖြစ်တဲ့အတွက်လည်း တခါတရံခံပြင်း တခါတရံဝမ်းနည်းရပါသည်

ခင်မင်လေးစားလျှက်
ချစ်သူမောင်

ချော(အစိမ်းရောင်လွင်ပြင်) said...

ပညာကိုတော့ ရသမျှ အချိန်လေးမှာ ရသလောက်တော့ ယူခဲ့တာပ ဆရာဟန်ရေ
ကိုယ့်ပညာနဲ့ အသုံးချသည်ဖြစ်စေ မချသည်ဖြစ်စေ သင်ယူခွင့်ရချိန်မှာတော့ ရသလောက် ယူချင်ခဲ့မိတာပါဘဲ
ကိုယ်တိုင်က ပညာကို လိုလားသူမို့ ပစ္စည်းဥစ္စာကို မစုဆောင်းဘဲ ပညာတွေကိုဘဲ စုဆောင်းခဲ့မိတယ်. ခုချိန်မှာတော့ ဥစ္စာစုဆောင်းသူတွေကတော့ အဆင်တွေပြေလို့ပေါ့လေ
ဒါပေမဲ့ ကိုယ့်ဘဝကို ကျေနပ်ပါတယ်။ ပညာဆိုတာ မခိုးနိုင်တဲ့ ရွှေအိုးတွေ မဟုတ်လားနော်.

ဘုန်းဘုန်းတောက် said...

ပညာရှိတွေကို နေရာပေးဖို့ ပညာရှိတွေက တိုင်းပြည်ကို ဦးဆောင်သွားဖို့ အချိန်ရောက်ရှိလာပြီလို့ ယုံကြည်မိတယ် ဆရာဟန်ရေ။ ဆရာပြောတဲ့ ဥပမာလေးကို သိပ်...သဘောကျနေမိပါရဲ့။ ကြီးပွားကြောင်းတရားလေးပါးထဲမှာ နောက်ဆုံးတစ်ပါးက "လူမိုက်ကို ခေါင်းဆောင်မတင်မိဖို့"ပါပဲ။ မတင်လည်း လက်နက်အားကိုးနဲ့ ဖြစ်နေကြတာတော့ ဘယ်တတ်နိုင်ပါ့မလည်းနော်။

ဆူးသစ် said...

ပုံပြင်လေးသဘောကျသလို Google ကရှာထားတဲ့ ပုံကိုလည်း သဘောကျလှတယ်ကိုဟန်ကြည်။ ကိုဟန်ကြည်ပြောတဲ့နေ့တစ်နေ့တော့ရောက်လာမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ကတော့ တော်တော်ကို လုပ်ယူရဦးမယ်လို့ ထင်ပါတယ်။ အဲဒီအချိန်ကျရင် ကျွန်တော်တို့လို အပြင်မှာလုပ်နေရတဲ့လူတွေတော်တော်များများလည်း
ပြန်ဝင်လာကြမှာပါ။ အချိန်တော့ယူရဦးမယ်ထင်တယ်ဗျာ။ ကျွန်တော်လည်း ကိုယ့်တိုင်းပြည်တော့ တော်တော်တိုးတက်စေချင်ပါ
တယ်။ နောက်ကျနေခဲ့ပြီကိုး။ ကျွန်တော်ပြောခဲ့ဖူးသလားတောင်မသိပါဘူး။ အခုလောလောဆယ်တော့ လုပ်ပေးနိုင်သလောက်လုပ်ပေးနေပါတယ်။ ကိုယ့်ထက်ငယ်တဲ့သူတွေရဲ့ အသိဥာဏ်ကို ရနိုင်သလောက် လိုက်ဖွင့်ကြည့်နေပါတယ်ဗျာ။ ကိုဟန်ကြည်ရဲ့ ဆိုလိုရင်းတွေနဲ့တော့ ကျွန်တော်သွားတူနေမလားဘဲ။

Anonymous said...

Post လေးကို သဘောကျလို့ သမီး. www.wytumyanmar.ning.com မှာ မျှဝေ လိုက်ပါတယ်....(ခွင့်ပြုမယ်လို့ ယုံကြည်ပါတယ်)

ဟန်ကြည် said...

credit ပေးပြီးမှ မျှဝေတဲ့အတွက် ကျေးဇူးပါ

ကြိုက်ရင်ပေါ့လေ . . .