Showing posts with label ဆေး/မန်း အလွမ်းပြေ. Show all posts
Showing posts with label ဆေး/မန်း အလွမ်းပြေ. Show all posts
Tuesday, 10 April 2012
အစိမ်းရင့်ရောင် အလွမ်း ( ၅ ) ( ဇာတ်သိမ်း ) . . .
အပိုင်း ( ၄ ) မှ အဆက် . . .
            အိမ်ပြန်ရောက်လျှင်ရောက်ချင်း အ၀တ်အစားပင် မလဲနိုင်။ မီတို့အိမ်သို့ သုတ်ခြေတင်သည်။ မြက်ခင်းလွင်ပြင် အရောက်တွင် သူရပ်သည်။ မီရှိမည်လားအတွေးဖြင့် ထင်းရှူးပင်ကို လှမ်းကြည့်သည်။ မရှိကြောင်းသေချာမှ ခြေလှမ်းသွက်သွက်ဖြင့် ဆက်လျှောက်သည်။ ကြည်နူးမှုတို့ဖြင့် ညနေခင်းသည် ကျက်သရေ ရှိနေ၏။
            မီတို့ခြံဝအရောက်တွင် လူခေါ်ခေါင်းလောင်းကို တုန်ယင်စွာဖြင့် သူနှိပ်သည်။ သူ့ကို မထင်မှတ်ဘဲ တွေ့ရလျှင် အံ့သြသွားရှာမည့် ကလေးမ၏ ပုံရိပ်ကို သူစိတ်ကူးကြည့်သည်။ ပျော်ရွှင်မှုဖြင့် သူ့ရင်သည် တုန်လှုပ်နေ၏။ အတန်ကြာလျှင် အိမ်တံခါး ပွင့်လာသည်။
            မီအံ့သြသွားမည်ဟူသော အတွေးဖြင့် တံခါးဝကို သူလှမ်းမျှော်ကြည့်သည်။ သို့သော် အိမ်ထဲမှ ထွက်လာသူသည် မီမဟုတ်။ မီ၏အဒေါ်။
            သူ့ကိုမြင်လျှင် “ သြော် . . . ဒေါက်တာ . . . ” ဟု အာမေဋိတ်ပြုရင်း ခြံတံခါးကို ခပ်သွက်သွက် လာဖွင့်ပေးသည်။ “ မီရှိလား အန်တီ ” ဟု သူမေးမိသည်။ အမျိုးသမီးကြီးက တံခါးပိတ်နေသည်။ သူ့အမေးကို မကြားလိုက်ဟု ထင်မိသည်။ စိတ်လှုပ်ရှား တက်ကြွလွန်းနေသော သူ့အဖြစ်ကို ရှက်ရွံ့စွာဖြင့် သူနောက်တစ်ခွန်း ထပ်မမေးတော့ဘဲ ဆိတ်ဆိတ်နေလိုက်မိသည်။
            ပန်းခင်းထဲတွင် ကလေးမ၏ အချစ်တော် ဘော်ဘီ နေစာလှုံနေသည်။ မီရှိမည်လားဟု သူကြည့်သည်။ မတွေ့။
            အိမ်ထဲသို့ရောက်လျှင် သူ မီ့အရိပ်အယောင်ကို ရှာသည်။ သူလာသည်ကိုမြင်၍ တမင်ပုန်းနေသည်ဟူသော အတွေးဝင်လာသဖြင့် အမျိုးသမီးကြီးကို သူကြည့်မိသည်။ မီ့အဒေါ်က တည်ငြိမ်စွာဖြင့် -
            “ ထိုင်ပါဦး ဒေါက်တာ ” ဟု ဆိုသည်။ အသင့်ရှိသော ဆက်တီတစ်လုံးတွင် သူဝင်ထိုင်လိုက်ရင်း
            “ မီရှိလား အန်တီ ” ဟု ထပ်မေးသည်။
            အမျိုးသမီးကြီး၏ မျက်နှာသည် ရုတ်တရက် မှိုင်းညို့သွားသည်။ သူကြောင်နေစဉ် အမျိုးသမီးကြီး ရှိုက်ကြီးတငင် ငိုလေသည်။ အံ့အားတသင့်ဖြင့် သူ့စိတ်ထဲတွင် ထင့်သွားသည်။ “ အန်တီ ” ဟု သူစကားအစလိုက်တွင် အမျိုးသမီးကြီးက မျက်ရည်များဖြင့် သူ့ကိုကြည့်သည်။
            “ မီလေး ဆုံးသွားပြီ ဒေါက်တာ ”
            ထင်မှတ်မထားသော စကားစုတို့က သူ့နားစည်ကို ပြင်းထန်စွာ ရိုက်ခတ်သည်။
            “ မဖြစ်နိုင်ဘူး . . . မဖြစ်နိုင်ဘူး . . . ”
            သူ ကယောင်ကတမ်း ထရပ်မိသည်။
            “ မီဆုံးသွားတာ ခြောက်လလောက်ရှိပြီ ဒေါက်တာ ” ဟု အမျိုးသမီးကြီးက စကားဆက်သည်။
            သူ ထိုစကားစုတို့ကို မည်သို့မျှ မယုံကြည်နိုင်။ သို့သော် မီ့အဒေါ်သည် ထိုစကားများကို လိမ်ညာပြောဆိုမည်မဟုတ်မှန် သူသိနေသည်။ ထိတ်လန့်အံ့သြခြင်းသည် သူ့တစ်ကိုယ်လုံး၌ ပျံ့နှံ့၏။ အရာအားလုံးသည် သူ့မြင်ကွင်းထဲတွင် ၀ိုးတ၀ါး . . .
            “ မီ ဘာဖြစ်လို့ ဆုံးသွားတာလဲ  . . . ” သူ တုန်ယင်စွာ မေးမိသည်။
            “ သွေး . . . ကင် . . . ဆာ . . .ကြောင့် . . . ” ရှိုက်သံများကြားမှ သူမ ဖြေသည်။
            “ သွေးကင်ဆာ၊ လူကီးမီးယား ” သူ နာကျင်စွာ ခေါင်းခါမိသည်။ ထိုစကားလုံးများသည် နားစည်ကို ရိုက်ခတ်ပြီး နှလုံးသည်းပွတ်ကို ထိုးဖောက်သွားကြသည်။ ရောဂါဝေဒနာများကို အရေထူပြီးဖြစ်သော သမားတော်တစ်ဦး၏ ဘ၀ကို သူမေ့လျော့သွားသည်။ ရက်စက်လွန်းသော ကံကြမ္မာကို သူ နာကြည်းလာသည်။ သူ့လည်ချောင်းတို့ ဖျစ်ညှစ်ခံထားရသလို ဆွံ့အ နာကျင်နေသည်။
            “ ကလေးရယ် ” ဟူသော ကြေကွဲစွာ မြည်တမ်းသံသည် သူ့ရင်ထဲတွင် လှိုဏ်သံပါအောင် မြည်ဟည်းနေသည်။
            စီးကျလာသော မျက်ရည်ပူတို့ကို သူ မသုတ်မိ။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
            မီလဲလျောင်းရာ အုတ်ဂူဖွေးဖွေးသည် ခြံထောင့်ရှိ ထင်းရှူးပင်အောက်တွင် ရှိသည်။
            “ မယွန်းသက်မီ
            အသက် ( ၁၇ ) နှစ် ” ဟူသော အုတ်ဂူပေါ်ရှိ စာကြောင်းကို မြင်ရလျှင် သူမျက်ရည်စို့လာပြန်သည်။
            “ ဒေါက်တာကို အကြောင်းကြားပေးမယ်ပြောတော့ ဦးစိတ်ဆင်းရဲလိမ့်မယ်ဆိုပြီး မသိပါစေနဲ့လို့ ပြောရှာတယ် . . . ဒေါက်တာပေးခဲ့တဲ့ နားကြပ်နဲ့ စာအုပ်တွေကို ကိုင်ရင်း မျက်ရည်တွေ နေ့တိုင်းကျနေရှာတာပါပဲရှင် . . . ”
            “ မဆုံးခင် တစ်ပတ်လောက်က ဒေါက်တာတို့ထိုင်နေကျ ထင်းရှူးပင်ကြီးအောက်ကို လိုက်ပို့ခိုင်းတယ် . . . ထင်းရှူးပင်အောက်ရောက်တော့ မီ ဦးကို စောင့်နေမယ်နော်လို့ မျက်ရည်တွေ တတွေတွေနဲ့ တဖွဖွပြောရှာတယ် . . . ”
            “ မီလေးဟာ နောက်ဆုံးအချိန်အထိ ဒေါက်တာ့ကို တမ်းတနေရှာပါတယ် ဒေါက်တာရယ် . . .  ”
            ငိုရှိုက်သံတို့ စွန်းထင်နေသော အမျိုးသမီးကြီး၏ စကားစုတို့သည် သူ့နားထဲတွင် မကြားတစ်ချက် ကြားတစ်ချက်။ မီ နောက်ဆုံးအချိန်မတိုင်ခင်အထိ ရေးသွားခဲ့သည်ဆိုသော ဒိုင်ယာရီ စာအုပ်ကလေးက သူ့လက်တွင်းမှာ။
            မျှော်လင့်ချက်တို့ဖြင့် တက်ကြွနေတတ်သူကိုမှ ရောဂါဆိုးက တိုက်ခိုက်ဖျက်ဆီးရက်လေခြင်း။ သောကသည် သူ့ရင်ကို အလုံးအရင်းနှင့် ၀င်ရောက်တိုက်ခိုက်ပြန်၏။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
            မီတို့အိမ်မှ ပြန်ထွက်လာချိန်တွင် နေခြည်ဖျော့ဖျော့သည် လောကကို လွှမ်းခြုံထားသည်။ ညနေခင်း၏ အလှသည် သူ့ရင်တွင် မချိုမြိန်တော့။
            ထိုင်နေကျ ထင်းရှူးပင်ကို မြင်လျှင် ကလေးဆန်သော မီ့မျက်နှာကို သူမြင်ယောင်သည်။ “ လူနာတိုင်း အားကိုးရတဲ့ ဆရာဝန်ဖြစ်အောင် ကြိုးစားမယ် ” ဟူသော မီ့စကားသံကို ပြန်လည် ကြားယောင်၏။ အရာအားလုံးသည် မနေ့ကအတိုင်း သူ့အာရုံတွင် ထင်လာသည်။
            မြင်လွင်ပြင်ကိုဖြတ်လျှောက်ပြီး ထင်းရှူးပင်ဆီသို့ သူသွားသည်။ ထင်းရှူးပင်ခြေရင်းရှိ မြက်ခင်းပြင်ပေါ်တွင် ထိုင်သည်။ လက်တွင်းမှ စာအုပ်ကို ဖွင့်ကြည့်မိသည်။
            “ ဦးကို မီချစ်တယ် ”
            စာမျက်နှာပြည့်အောင် ရေးထားသော စာကြောင်းများ။ သူ့ရင်တွင် ကျဉ်ခနဲခံစားလိုက်ရသည်။ သူ့ရင်ထဲမှ နှလုံးသားသည် မြက်ခင်းပြင်ပေါ်သို့ ခုန်ထွက် လူးလွန့်နေ၏။ မပြောဖြစ်ခဲ့သော သူ့ကိုယ်သူ ဒေါသဖြစ်မိသည်။ လူကြီးတစ်ယောက်၏ လုပ်ပိုင်ခွင့်ဖြင့် ဟန်ဆောင်ကောင်းခဲ့သော သူ့ကြောင့် မီခံစားခဲ့ရပေလိမ့်မည်။ ရင်တွင်းမှ ခံစားချက်တို့သည် မျက်ရည်အဖြစ် အသွင်ပြောင်းပြီး အပြင်သို့ စိမ့်ထွက်လာကြလေ၏။
            မီနောက်ဆုံးရေးထားခဲ့သော စာမျက်နှာကို သူတွေ့သည်။
                        “ မီ မနေရတော့ပါဘူး ဦးရယ်။ ဒါပေမယ့် မီ မကြောက်ပါဘူး။ ဦးနဲ့ခွဲရမှာကိုပဲ မီဝမ်းနည်းတယ်။ မီအရမ်းဖြစ်ချင်တဲ့ ဆရာဝန်လည်း ဖြစ်ခွင့်မရတော့ဘူး ဦးရယ် . . .
            ဒါပေမယ့် မီကျေနပ်ပါတယ်။ မီချစ်တဲ့ ဦးက မီ့ကိုယ်စား ရိုးသားတဲ့ တိုင်းရင်းသားတွေကို  ဆေးကုပေးနေမှာ မီသိတယ်  . . .
            မီ့အနားမှာ ဦးရှိစေချင်လိုက်တာ . . . ။ ဒါပေမယ့် ဆရာဝန်တစ်ယောက်ဘ၀နဲ့ တခြားလူနာတွေအနားမှာ ဦးရှိသင့်ပါတယ်လေ . . .
                                                            မီ .  ကျေနပ်တယ် . . . ”
            ဝေဒနာကို အံကြိတ်ရင်ဆိုင်ရင်း တုန်ယင်စွာရေးထားသော စာလုံးရွဲ့ရွဲ့စောင်းစောင်းလေးများကိုဖတ်ပြီး သူ ခေါင်းငိုက်စိုက်ကျသွားသည်။
                        “ ကလေးရယ် . . . ”
            “ ဦး ကလေးကိုယ်စား ရိုးသားတဲ့တိုင်းရင်းသားတွေကို စောင့်ရှောက်ပေးဖို့ ကတိပေးပါတယ်ကွယ် . . . ”
                                    နာကျင်ကြေကွဲစွာ သူရေရွတ်မိသည်။
                                    တမလွန်ရောက် ကလေး ကြားနိုင်ပါစေတော့ . . .
            လေပွေတစ်ခုက ဝှေ့ရမ်းတိုက်ခတ်သည်။ ညနေခင်းသည် အရောင်ရင့်လာသည်။ လောကသည် ပူဆွေးခြင်းဖြင့် တိတ်ဆိတ်နေလေ၏။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
            အားလုံး၏ အမြင်တွင် မီသေဆုံးခဲ့ပါသည်။ သို့သော် သူ့နှလုံးသားထဲတွင် မီ ထာဝရ ရှင်သန်နေသည်။
            “ ဦးသွားနှင့် . . . မီနောက်က လိုက်ခဲ့မယ် . . . ” ဟူသော မီ့စကားသံသည် သူ့နားစည်ကို ထာဝရ ရိုက်ခတ်၏။ ရိုးသားနွမ်းပါးသော ပြည်နယ်သားများကို ကြင်နာစွာ ပြုစုကုသပေးနေသော သူ့အနီးတွင် မီရှိနေပါသည်။ မြက်ခင်းစိမ်းစိမ်းလေး အလယ်ရှိ ထင်းရှူးပင်အောက်တွင်လည်း မီရှိသည်။
            သူ့အဖို့ နေရာတိုင်းတွင် မီရှိပါသည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
            သူနေထိုင်ရာခြံ၏ အနောက်ဘက် ခပ်လှမ်းလှမ်းတွင် မြက်ခင်းစိမ်းစိမ်းနှင့် ကျယ်ပြန့်သောလွင်ပြင်တစ်ခု ရှိပါသည်။ ထိုလွင်ပြင်၏ အလယ်တွင် သစ်ပင်တစ်ပင်ရှိသည်။ မြင့်မား၍ စိမ်းစိုအုပ် ဆိုင်းလှသော ထိုသစ်ပင်သည် ရာသီဥတုဒဏ်ကိုမမှု၊ လေပြင်းကို အံတုပြီး ထီးထီးမားမားရှိလှသည်။ လွင်ပြင်ကျယ်တွင် အဖော်မဲ့စွာ တည်ရှိသော ထိုသစ်ပင်သည် အထီးကျန်ဆန်သည်ဟု ထင်ရ သော်လည်း . . .
            ထိုအရာသည် ထင်းရှူးပင် တစ်ပင်ဖြစ်ပါသည်။
            ထိုနေရာတွင် . . .
                        ဇာတ်လမ်းတစ်ပုဒ်ရှိခဲ့သည်
                        သူနှင့် သူမတို့ စတင်ဆုံဆည်းခဲ့သည်
                        သူ၏ နှလုံးသားကို တွေ့ရှိခဲ့သည်
                        နှုတ်မဆက်ဘဲ သူမ ထွက်ခွာသွားခဲ့သည်
                        အလွမ်းများနှင့် သူကျန်ရစ်ခဲ့သည်။
            ထိုနေရာတွင် . . .
                        သူမ ထာဝရ ရှိနေပါသည်။
                                    ထိုသစ်ပင်သည် . . . ။        ။
                                                                                                                                                      ချမ်းမြေ့နိုင်ကြပါစေ . . .
                                                                                                                                                                                    ဟန်ကြည် 
   မနက်ဖြန် ဧပြီ ၁၁ ရက်နေ့ဆိုရင် ဦးဟန်ကြည်ရဲ့ မွေးနေ့ရောက်ပြန်ပါပြီ။ ဦးဟန်ကြည်ထက် မွေးနေ့တစ်ရက်စောတဲ့ စိုင်းစိုင်းခမ်းလှိုင်ဆိုတဲ့ ချာတိတ်ခမျာမှာတော့ သူ့မွေးနေ့မှာ ဘတ်ဒေးရှိုးလို့ ခေါင်းစဉ်တပ်ပြီး ဘော်ချက်ပိုက်ဆံရှာတာ နှစ်တိုင်းပေါ့။ ဒါပေမယ့် အင်မတန်မှ ရိုးသားရှာတဲ့ ဘလော့ဂါဦးဟန်ကြည်ကတော့ သူငယ်ငယ်က ရေးဖူးတဲ့ ၀ထ္ထုတစ်ပုဒ်ကို ဖုန်သုတ်ပြီး ဘလော့ပေါ် ကောက်တင်လိုက်တာနဲ့တင် မွေးနေ့အထိမ်းအမှတ်ဖြစ်သွားပါလေရောဗျား။
    အစိမ်းရင့်ရောင်အလွမ်းကို အပိုင်း ၁ ကနေ ဇာတ်သိမ်းပိုင်း အပိုင်း ၅ ရောက်တဲ့အထိ မညည်းမညူ အားပေးကြတဲ့ မိတ်ဆွေများကိုလည်း ကျေးဇူးဥပကာယ အထူးတင်ကြောင်း ပြောရင်းနဲ့ ဦးဟန်ကြည်ရဲ့မွေးနေ့မှာ ဘလော့လာလည်ကြတဲ့ လူပျိုသိုး၊ အပျိုသိုးများအားလုံး စွံခြင်းကြီးစွံကြပြီး၊ စွံပြီးတဲ့ မိတ်ဆွေများလည်း ဘာရေးညာရေးတွေအားလုံး အစစအရာရာ အဆင်ပြေကြစေကြောင်း ဆုမွန်ကောင်းများ တောင်းပေးလိုက်ပါရစေဦးလား . . . 
Monday, 9 April 2012
အစိမ်းရင့်ရောင် အလွမ်း ( ၄ ) . . .
 အပိုင်း ( ၃ ) မှ အဆက် . . .
             မီတို့ အောင်စာရင်းထွက်မည်ဟူသော အသိဖြင့် သူ တစ်ညလုံး အိပ်မပျော်။ စိုးရိမ်စိတ်ဖြင့် တုန်နေရှာမည့် ကလေးမ မျက်နှာကို သူမြင်ယောင်နေမိသည်။ အိပ်မရတော့သည့်အဆုံး စာကြည့် စားပွဲတွင် သူထိုင်သည်။ စာအုပ်တစ်အုပ်ကို ဆွဲယူပြီး ဖတ်သည်။ စာထဲတွင် အာရုံဝင်စား၍မရ။ သူမ၏ ရည်မှန်းချက်တို့ အောင်မြင်မည်ဖြစ်ကြောင်း ကြိုတွေးထားမိသော်လည်း မတော်တဆရှိခဲ့သော် ဟူသောအတွေးက သူ့ကို ခြောက်လှန့်သည်။ မီ့အပေါ်တွင်ထားမိသော သူ့မေတ္တာ၏ အတိမ်အနက်ကိုလည်း သူသဘောပေါက်မိသည်။
            မနက် ငါးနာရီသည် အလင်းရောင်ပင် ကောင်းစွာမရသေးသော အချိန်။ အလင်းရောင်ကို သူမစောင့်နိုင်တော့။ နှေးကွေးလွန်းလှသော နာရီလက်တံကို ဆွဲလှည့်၍ မရကြောင်း သဘော ပေါက်သည့်အဆုံးတွင် မျက်နှာသစ်၊ အ၀တ်လဲပြီး ထင်းရှူးပင်အောက်သို့ လာခဲ့သည်။ သစ်ပင်အောက်တွင် ထိုင်နေရင်းမှ သူ့အဖြစ်ကို ပြန်စဉ်းစားမိပြီး အံ့သြမိသည်။ ရည်မှန်းချက်ကြီးသူ အဖြစ်မှ မမျှော်လင့်ဘဲ လေလွင့်ခဲ့သည်။ ထို့နောက်တွင်မှ အများအတွက် အသုံးဝင်သော ဆရာဝန်ဘ၀ကို ပြန်ရခဲ့သည်။ မီဆိုသော ကလေးမကို သူစာသင်ပေးခဲ့ပါသည်။ သို့သော် မီက ဘ၀နေနည်းကို သူ့အား ပြန်လည်သင်ကြားပေးခဲ့လေသည်။
            ရောက်တတ်ရာရာ စဉ်းစားနေစဉ်တွင် အဝေးဆီမှ ခေါ်သံသဲ့သဲ့ ကြားရသည်။ ဆံနွယ်များ ဝေ့၀ဲ၍ ပြေးလာသော ကလေးမကို သူမြင်ရသည်။ မီ့ထံသို့ သူ အမြန်လျှောက်သွားသည်။ ဖျော့တော့သော အလင်းရောက်တွင် ပြုံးရွှင်နေသော သူမ၏မျက်နှာသည် ထင်းနေ၏။
            “ ဦး . . . မီ ဘာသာစုံ ဂုဏ်ထူးပါတယ်၊ မီ ဆရာဝန်လုပ်လို့ ရတော့မယ် . . . ”
            ပြေးလာနေရင်းမှ မောသံဖြင့် သူမ အော်ပြောသည်။ သူ့ရင်ထဲတွင် ဆို့နေသော သောကအစိုင်အခဲသည် အငွေ့ပျံသွားသည်။ ချမ်းမြေ့သောအရသာကို သူခံစားရသည်။ အောင်မြင်ပျော်ရွှင် မှုများဖြင့် ဆွေ့ဆွေ့ခုန်နေသော သူမ၏ ကလေးငယ်ပမာ ဖြူစင်အပြစ်ကင်းနေခြင်းကို သူကြည်နူးသည်။ တိုင်းဆမဲ့သော ၀မ်းသာမှုဖြင့် သူ့ခြေအစုံတို့ ယိုင်နဲ့ချင်လာသည်။ ဥယျာဉ်မှူး၏ ပီတိသည် ရင်ကို လွှမ်းခြုံ၏။
            “ မီ့ကို ဆုချရဦးမယ် ” ဟု သူ အလျင်ဦးအောင် ပြောသည်။ သူမထက် အပြောဦးသွားသော သူ့ကိုကြည့်ရင်း မီ ရွှင်မြူးစွာ ရယ်လေသည်။
            မနက်ဖြန်အကြောင်း သူ မစဉ်းစားချင်။
            ကလေး ထာဝရ ပျော်နိုင်ပါစေကွယ် . . .
@@@@@@@@@@@@@@@@@@@@@@@@@@@
            ထိုညတွင် ကလေးမအတွက် သူ စာတစ်စောင်ရေးသည်။
            ကလေးရေ . . .
            ကလေးကို ဦးက ကျေးဇူးတင်နေတယ်ဆိုရင် ကလေး အရမ်းအံ့သြသွားမှာပေါ့။ မအံ့သြပါနဲ့ကွယ်။ တစ်ခါက ကလေးမေးခဲ့ဖူးတဲ့ ဘာဖြစ်လို့ ဆေးမကုတာလဲဆိုတဲ့ မေးခွန်းကို ဖြေရင်းနဲ့ ဦး ရှင်းပြပါ့မယ်။
            ဦးလည်း ကလေးလိုပဲ ငယ်ငယ်ကတည်းက ဆရာဝန်လုပ်ဖို့ ရည်မှန်းချက်ကြီးခဲ့တာပါပဲ။ ဒါပေမယ့် ဦးဘွဲ့ရပြီး မကြာခင်မှာ ဦးမေမေရဲ့ကျန်းမာရေး အတော်ဖောက်လာတယ်။ အမေတစ်ခု သားတစ်ခုဘ၀မို့ ဦးမေမေကို ဦးသိပ်ချစ်တာပေါ့။ ဒါကြောင့်လည်း ဦးမေမေကို ဂရုတစိုက်နဲ့ ပြုစုပြီး ကုပေးတာပေါ့လေ။
            မေမေ့ရောဂါက နှလုံးရောဂါဆိုတော့လည်း အခြေအနေက တစ်နေ့ရွှေ၊ တစ်နေ့ငွေပေါ့ ကလေးရယ်။ ပြန်ကောင်းလာဖို့ အခွင့်အလမ်းမရှိပေမယ့်လည်း တတ်နိုင်သမျှ အသက်သာဆုံးဖြစ်ဖို့ ကြိုးစားပေးရတာပေါ့။ တစ်ညမှာ တောဘက်က လူတစ်စု ဦးကို လာပင့်တယ်။ သူတို့လူနာ အသည်းအသန်ဖြစ်နေလို့တဲ့။ ကျန်းမာရေးအခြေမအနေအရ မေမေ့ကို မျက်စိအောက်က အပျေုာက်မခံရဲတဲ့ ဦးက လာပင့်တဲ့နောက်ကို မလိုက်ချင်ဘူးပေါ့။ ဒါပေမယ့် မေမေက သူသက်သာနေပြီတဲ့ အသက်တစ်ချောင်းကို ကယ်ကောင်းပါတယ် သားရယ်တဲ့ အားကိုးတကြီး လာပင့်တဲ့ လူနာရှင်တွေနောက်ကို လိုက်သွားပေးလိုက်ပါဆိုတော့လည်း ဦးလိုက်သွားရတာပေါ့လေ။ မေမေ့အခြေအနေကလည်း သက်သာသလိုရှိနေတာကိုး။
            လူနာရှင်တွေနောက်ကိုလိုက်သွားပြီး လူနာကိုလည်းတွေ့ရော အခြေအနေက သိပ်မျှော်လင့်ချက်မရှိမှန်း ဦးရိပ်မိတာပေါ့။ ဒါပေမယ့် လူနာရှင်တွေကတော့ သူတို့လူနာအခြေအနေကို အမှန်အတိုင်း ဘယ်သိကြပါ့မလဲ။ သူတို့စိတ်ထဲမှာ ဆရာဝန်ပြလိုက်ရင် ချက်ချင်းကောင်းသွားမယ်လို့ ယူဆထားကြပုံရတယ်။ ဦးလည်း တတ်နိုင်သလောက် နားလည်အောင်ရှင်းပြပြီး အကောင်းဆုံး ကုပေးပေမယ့် ညသန်းခေါင်ကျော်လောက်မှာပဲ လူနာဆုံးသွားပါလေရော။ လူနာရှင်တွေလည်း မျက်နှာဘယ်ကောင်းမလဲ။ ဦးလည်း စိတ်မဖြေနိုင်ဘူးပေါ့လေ။ ဘာပဲဖြစ်ဖြစ် ကိုယ့်လူနာတစ်ယောက် တစ်ခုခုဖြစ်သွားရင် ဘယ်ဆရာဝန်က စိတ်ကောင်းနိုင်ပါ့မလဲ။
            အဲဒီညက ဦးအိမ်ပြန်ရောက်တော့ လင်းအားကြီးဖြစ်နေပြီ။ ဦးမေမေ ထွက်မကြိုနိုင်ဘူးလေ။ မေမေ အိပ်ပျော်နေတယ်ထင်ပြီး မေမေ့အခန်းထဲဝင်ကြည့်မှ ဦးရင်ကျိုးရတော့တာပဲ။ ဦးမေမေ အသက်မရှိတော့ဘူး ကလေးရယ်။ ဦးအတွက်တော့ အဲဒီညက ကမ္ဘာပျက်တဲ့ညပါပဲ။ ဆရာဝန်တစ်ယောက်အနေနဲ့ ဘာတစ်ခုမှ မစွမ်းဆောင်နိုင်ခဲ့ဘူး။ လူနာရဲ့ အသက်ကို မကယ်နိုင်ခဲ့တဲ့အပြင် ကိုယ့်မေမေရဲ့ နောက်ဆုံးအချိန်မှာလည်း ပြုစုမပေးနိုင်ခဲ့ဘူး။ ကိုယ့်ကိုယ်ကို အပြစ်တင်လို့လည်း မဆုံးတော့ဘူးပေါ့။
            ဦးမေမေရဲ့ အသုဘကိစ္စပြီးလို့ နောက်ရက်မှာပဲ ဦးအတွက် နောက်ထပ်ပြဿနာတစ်ခုက စောင့်နေပြန်ရော။ မေမေဆုံးတဲ့ညက ဦးမကယ်နိုင်ခဲ့တဲ့ လူနာရှင်ရဲ့ အမျိုးတစ်ယောက်က သူတို့လူနာဆုံးရတာ ဦးအမှားကြောင့်ဆိုပြီး ကျန်းမာရေးဦးစီးဌာနကို တိုင်တယ်လေ။ လူနာရှင်မိသားစုက ရိုးရိုးအအတွေ ဆိုပေမယ့် ရွာထဲမှာ နည်းနည်းပါးပါး ပညာတတ်တဲ့လူတစ်ယောက်က အကြံပေးပြီး တိုင်ခိုင်းတာပါပဲ။ လူနာကို အရေးတကြီး ဂရုစိုက်လိုက်ရတာမို့ လူနာရှင်တွေ နားလည်အောင် အချိန်ယူပြီး ကျကျနနရှင်းမပြမိခဲ့တဲ့ ဦးရဲ့ အားနည်းချက်တွေကြောင့်ပေါ့ ကလေးရေ။ အဲဒီမှာတင် ဦးလည်း ခုံဖွဲ့ပြီး အစစ်ခံရတယ်။ ဦးဘက်က အကောင်းဆုံး လျှောက်လဲချက်ပေးနိုင်လို့သာ ဦးရဲ့ ဆ-မ အသိမ်းမခံခဲ့ရတာ။ သူတို့လူနာအတွက် ယူကြုံးမရဖြစ်နေကြတဲ့ လူနာရှင်တွေကို အပြစ်မတင်ချင်ပေမယ့် မေမေဆုံးသွားလို့ ၀မ်းနည်းနေတဲ့ ဦးကတော့ လူတွေကို တော်တော်ကြီးစိတ်ကုန်သွားတယ်။ ဝေဒနာဖြစ်ရမယ့် စေတနာတွေလည်း ထပ်ပြီးမထားချင်တော့ဘူးလေ။ အဲဒီအချိန်ကစပြီး ဦးရဲ့ဆရာဝန်ဘ၀ကို ပြည်ဖုံးကားချပစ်လိုက်မိတယ်။ လူတွေနဲ့လည်း ခပ်ကင်းကင်း နေခဲ့မိတယ်။ ပြောရရင်တော့ လောကကို အရှုံးပေးလိုက်တာပေါ့ ကလေးရေ။
            တစ်နေ့မှာ အမှတ်မထင်ဘဲ ကလေးနဲ့ဆုံတယ်လေ။ ဦးထက် အများကြီးငယ်တဲ့ကလေးရဲ့ စိတ်အားထက်သန်မှုတွေ၊ ဖြူစင်မှုတွေကို ကြည့်ရင်း ဦး အများကြီးပြောင်းလဲသွားတယ်။ တစ်ခါလဲသွားရုံနဲ့ အပြီးထိုင်ဖို့ ဆုံးဖြတ်မိတဲ့ ဦးရဲ့အမှားကိုလည်း ပြန်မြင်လာတယ်။ ဖြစ်ပြီးခဲ့တာတွေကို အတိတ်မှာထားခဲ့ပြီး ကိုယ့်ပညာနဲ့ အလုပ်အကြွေးပြုဖို့ တာဝန်တွေရှိနေသေးတာကို ပြန်ဆင်ခြင်မိလာတယ်။ အဲဒီအတွက် ကလေးကို ဦး ကျေးဇူးတင်မိတာပါ။
            နောက်တစ်ခုကတော့ ကလေးကို ဦးတောင်းပန်ချင်တာပါပဲ ကလေးရေ။ ဘာကြောင့်လဲဆိုတော့ ကလေး ဒီစာကို ဖတ်နေချိန်မှာ ဦးက ကရင်ပြည်နယ်ကိုသွားတဲ့ လမ်းပေါ်မှာ ရောက်နေမှာမို့ပါ။ ကလေးကို ကြိုမပြောခဲ့တဲ့ ဦးကို ခွင့်လွှတ်ပါ။ ကလေးမျက်ရည်ကျတာကို ဦးမမြင်ရက်လို့ပါကွယ်။ ဦးပေးထားတဲ့ နားကြပ်၊ စာအုပ်တွေနဲ့ ထူးချွန်တဲ့ ဆရာဝန်ကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားပါ။
            “ လူနာတိုင်း အားကိုးရတဲ့ ဆရာဝန် ” အဖြစ်နဲ့ ပြည်နယ်တွေ ကလေးကို ဦးစောင့်နေမယ်။       
                                                                                                                                                                                                                        ကလေးရဲ့ . . .
                                                                                                                                                                                                                            ဦး
            စာကို တစ်ခေါက်ပြန်ဖတ်သည်။ စာအိပ်ထဲထည့်၍ သေချာစွာ ပိတ်သည်။ မီနှင့် ဝေးရတော့မည်ဟူသော အသိက ရင်ကို ပူလောင်စေသည်။
            ခေါင်မိုးပေါ်သို့ မိုးပေါက်ကျသံ တဖြောက်ဖြောက် ကြားလာရသည်။ မိုးကျသံများအဆုံးတွင် ညသည် တိတ်ဆိတ်နေ၏။
                        “ ပြောတော့ပြောမည်
                        စိတ်ကရည်လျှက်
                        နှုတ်ကခက်တော့
                        အိပ်မက်တွေပဲ ကျန်တယ်မေ . . . ”
@@@@@@@@@@@@@@@@@@@@@@@@@@
            နောက်နေ့မနက်တွင် ကလေးမကို ထင်းရှူးပင်အောက်မှ သူစောင့်သည်။ သူမ ရောက်လာလျှင် သူ့လက်ဆောင်ပစ္စည်းထုပ်ကို ကြည့်ပြီးရယ်သည်။ “ နည်းနည်း လေးတယ်နော် ” ဟုဆိုပြီး သူမလက်ထဲသို့ လက်ဆောင်ထုပ်ကို သူထည့်ပေးသည်။ “ ဘာတွေလဲ ” ဟု စူးစမ်းသလိုမေးရင်း အထုပ်ကို ဖောက်ရန် သူမ ဟန်ုပြင်သည်။
            “ ဒီတစ်ခါတော့ အိမ်ရောက်မှ ဖွင့်နော် ” ဟု သူပြောသည်။
            “ သိချင်လှပြီ ” သူမ စောဒက တက်သည်။ “ ဒါဆို အိမ်ကို အမြန်ပြန်ပြေးပေါ့ ” ဟု သူဆိုသည်။
            “ ပြီးရင် ပြန်လာမှာနော် . . . ဦး စောင့်နေ ”
            သူမ လှည့်ပြီး ပြေးရန် ဟန်ပြင်သည်။ “ ကလေး ” ဟု သူလှမ်းခေါ်သည်။ “ ဘာလဲ ဦး ” ဟူသော ထူးသံအဆုံးတွင်
            “ ဦး ပြည်နယ်တွေက စောင့်နေမယ် ” ဟု သူပြောသည်။ “ ဟုတ်ကဲ့ပါ ” ဟု ဖြေရင်း သူမ လှည့်ပြေးသည်။ ထွက်ပြေးသူ၏ ကျောပြင်ကို သူမျက်စိတစ်ဆုံး ကြည့်မိသည်။ သူ့ရင်သည် နာကျင်၏။ သူ့လုပ်ရပ်သည် တရားသည်၊ မတရားသည်ကို သူ မစဉ်းစားချင်တော့။
            ထင်းရှူးပင်အောက်မှ သူလှည့်ထွက်ခဲ့သည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
            နေရာဒေသသစ်သည် သူ့အတွက် အသားမကျသေးသော်လည်း စိမ်းမနေ။ ရိုးသားသော တိုင်းရင်းသားတို့၏ ဖော်ရွေပျူငှာမှုတွင် သူ နေပျော်လာသည်။
            သူ တာဝန်ကျသော တိုက်နယ်ဆေးရုံတွင် သူရောက်လာမှ ဆရာဝန်စုစုပေါင်း နှစ်ယောက်သာ ရှိသည်။ သပ်ရပ်သော တစ်ထပ်ဆေးရုံကလေးတွင် လူနာအင်အားက မနည်း။ သူ နားချိန်ပင် သိပ်မရလိုက်။ ရောက်ပြီး နောက်တစ်နေ့တွင်ပင် အလုပ်စ၀င်ရသည်။ လုပ်ဖော်ကိုင်ဖက် ဆရာဝန်၊ ဆရာမများ၏ တွဲခေါ်မှုဖြင့် အလုပ်တွင် သူပျော်မွေ့လာသည်။
            အလုပ်တာဝန်များ မအားလပ်သည့်ကြားမှ မီ့ထံသို့ တစ်လလျှင် စာတစ်စောင် သူရေးဖြစ်သည်။ လက်ရေးဝိုင်းဝိုင်းဖြင့် ကလေးဆန်ဆန် ရေးထားသော သူမ၏ ပြန်စာများသည် သူ့ဘ၀၏ အားအင်များ ဖြစ်သည်။ လူကြီးဆန်သောအတွေး၊ ကလေးဆန်သော အရေးတို့ဖြင့် မီသည် သူ့ကို တွန်းအားပေးသည်။ “ ဆရာဝန်ဖြစ်ရင် မီလိုက်ခဲ့မယ်နော် ” ဟူသောစာကြောင်းသည် စာတိုင်းတွင် ပါစမြဲ။
            ခြောက်လမျှအကြာတွင် မီ့ထံမှ စာအဆက်အသွယ်ပြတ်သွားသည်။ စာမလာ၊ သတင်းမကြားနှင့် သူ မနေတတ်အောင် ဖြစ်ရသည်။ ဆေးတက္ကသိုလ်တက်ရန်အတွက် ပြင်ဆင်နေရသဖြင့် မအားလပ်နိုင်သောကြောင့် စာမရေးနိုင်ခြင်းဖြစ်မည်ဟု သူမ၀ံ့မရဲ တွေးသည်။ မီ သူ့ကို မေ့သွားပြီလားဟု သူမတွေးချင်။ အချိန်ကာလ၏ တိုက်စားမှုအောက်တွင် ပြောင်းလဲတတ်သောလူများထဲတွင် သူ၏မီ မပါနိုင်။ မီ့ကို သတိရသော အလွမ်းက သူ့ရင်တွင် သိပ်သည်းစွာ ဖွဲ့တည်သည်။ ညနေစောင်းချိန်ရောက်တိုင်း ထင်းရှူးပင်အောင်တွင် သူ့ကို မျှော်နေမည်ထင်သော ကလေးမကို သူ သတိရတတ်မြဲ ဖြစ်လေသည်။
            လူနာများအကြားတွင် နားချိန်မရှိနိုင်အောင် လုံးချာလိုက်နေသော သူ့အချိန်ဇယား၏ ၀ါးမြိုမှုအောက်တွင် တစ်နှစ်ဆိုသော အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွား၏။
            သူတို့ဆေးရုံကလေးသို့ လထဆရာဝန်သစ်တစ်ယောက် ထပ်ရောက်လာချိန်တွင် ခွင့်တင်၍ မီရှိရာသို့ သူပြန်လာခဲ့သည်။ ယခုတစ်ခါတွင်တော့ နှလုံးသားကို သူ အနိုင်ပေးမိလေပြီ။
            သယ်ယူပို့ဆောင်ရေးတွင် အမြန်ဆုံးဖြစ်သော လေယာဉ်ပျံပင်လျှင် သူ့စိတ်ထဲတွင် လိပ်တစ်ကောင်ပမာ နှေးကွေးလွန်းနေလေ၏။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း ( ၅ ) မှာ နိဂုံးချုပ်ပါတော့မယ် . . .
Sunday, 8 April 2012
အစိမ်းရင့်ရောင် အလွမ်း ( ၃ ) . . .
 အပိုင်း( ၂ ) မှ အဆက် . . .
            နာရီလက်တံတို့က ပုံမှန်လည်ပတ်နေကြသည်။ ပြက္ခဒိန်တစ်ရွက်နှင့်တစ်ရွက် အပြောင်းတွင် ရာသီဥတုသည် ပုံမှန်ပြောင်းလဲ၏။ ထင်းရှူးပင်အောက်ရှိ သူတို့၏ စာကြည့်ဝိုင်းလေးကား မပြောင်းမလဲရှိသည်။
            မီသည် တွေ့စကထက် အနည်းငယ် တည်ငြိမ်လာသည်။ မကြာမကြာ စိတ်ကောက်တတ်သော အကျင့်သည် ပျောက်လုလု။ တစ်ခါတစ်ရံမှသာ ထုံးစံမပျက် စိတ်ကောက်တတ်သည်။ ကလေးမကဲ့သို့ပင် ပြောင်းလဲလာသော သူ့အဖြစ်ကိုလည်း သတိထားမိသည်။ တွေ့စက သူမ စိတ်ကောက်လျှင် သူစိတ်ညစ်လေ့ရှိသော်လည်း ယခုမူ မီစိတ်ကောက်ပြေအောင် ချော့ရသည့်ကို သူ ပျော်နေတတ်ပြီ။
            အထူးဆန်းဆုံးမှာ ပစ်ပယ်ထားခဲ့သော ဆေးစာအုပ်များကို တစ်ခါတစ်ခါ ကောက်ဖတ်မိလာခြင်း ဖြစ်သည်။
            စာကျက်ရင်း ငြီးငွေ့လာသောအခါမျိုးတွင် မီက ဆရာဝန်များအကြောင်းကို စိတ်ဝင်တစား မေးတတ်သည်။ ထိုအခါ သူ့အတွေ့အကြုံများ၊ သူငယ်ချင်းများ၏ အတွေ့အကြုံများအကြောင်း ကို ပြောပြရလေသည်။ သူ့ကို လေးစားအားကျစွာ ငေးကြည့်ရင်း နားထောင်နေတတ်သော မီမျက်ဝန်းများ၏ စိုးမိုးမှုအောက်တွင် သူ၏ဆရာဝန်ဘ၀တွင် ပြန်လည်ပျော်ဝင်စ ပြုလာသည်။
            သူနှင့်မီတို့၏ သံယောဇဉ်သည်လည်း အချိန်နှင့်အမျှ ကြီးမားလာသည်။ သူနောက်ကျသော နေ့များတွင် မီသည် ထင်းရှူးပင်အောက်မှနေ၍ သူအလာကို လည်တဆန့်ဆန့်ဖြင့် မျှော်နေတတ် သလို၊ မီနောက်ကျလျှင်လည်း စိတ်ပင်ပန်းစွာဖြင့် သူမျှော်ရလေ့ရှိသည်။ များသောအားဖြင့် သူကသာ စောစီးစွာ သွားလေ့ရှိသည်။ သူနောက်ကျလျှင် မီတစ်ယောက် စိတ်ပင်ပန်းစွာဖြင့် မျှော်နေရမည်ကို   သူမမြင်ရက်သောကြောင့် ဖြစ်သည်။ ကျောင်းဆင်းလျှင်ဆင်းချင်း အ၀တ်လဲပြီး ကသုတ်ကရက် ပြေးတက်လာသော သူမကိုမြင်သော အချိန်လေးတွင် သူ့ရင်သည် ချမ်းမြေ့အေးချမ်းသွား ကြောင်း ၀န်ခံမိသည်။
            သူ့ဘ၀သည် တဖြည်းဖြည်းနှင့် အဓိပ္ပာယ်ရှိလာလေ၏။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
            အတန်းတင်စာမေးပွဲမဖြေမီ တစ်လအလိုတွင် မီသည် သူမ၏ မပြောင်းလဲသော ဘ၀ပန်းတိုင်အကြောင်း သူ့ကို တိုင်တည်ပြန်သည်။ အရွယ်နှင့်မမျှသော သူမ၏ ဖြူစင်သည့် စိတ်ထားကို သူအံ့သြလေးစားရသည်။
            “ ဦးရယ် . . .  မီတော့ ရောဂါဝေဒနာ ခံစားနေရတဲ့လူတွေကိုမြင်ရင် သိပ်သနားတယ်။ အချိန်လွန်မှ ဆေးရုံရောက်လာပြီး မဆုံးသင့်ဘဲ ဆုံးသွားရတဲ့ လူနာတွေအကြောင်းကြားရင် မီ အရမ်း ၀မ်းနည်းတယ်။ ဆရာဝန်မရောက် ဆေးမရှိတဲ့ ပြည်နယ်တွေက တိုင်းရင်းသားတွေဆို ဘယ်လိုများနေကြမလဲ မသိဘူးနော်။ မီသာ ဆရာဝန်ဖြစ်ရင် အဲဒီဒေသတွေကို သွားမယ်။ ဦး လိုက်ခဲ့နော် ”
            သူ့ကို အားကိုးတကြီး မော့ကြည့်ရင်း တတွတ်တွတ်ပြောနေသော သူမကိုကြည့်ရင်း သူ့ရင်ထဲတွင် ဝေဒနာတစ်ရပ်ကို ခံစားလာရသည်။ ဆရာဝန်တစ်ယောက်က ဘ၀ကို တန်ဖိုးမဲ့စွာ ဖြတ်သန်းကုန်ဆုံးနေချိန်တွင် ရည်မှန်းချက်ကြီးမားသော ကလေးမတစ်ယောက်က အများအတွက် စဉ်းစားနေသည်။ ဆရာဝန်အဖြစ်ကို ရရှိပြီးသူက မိမိအလုပ်နှင့်တာဝန်ကို တန်ဖိုးမထားဘဲနေစဉ် ဆေးကျောင်းတက်ရန်ပင် မသေချာသေးသော ဆယ်တန်းကျောင်းသူတစ်ယောက်က ဆရာဝန်ဘ၀ကို မြတ်နိုးတောင့်တစွာဖြင့် အများအကျိုးဆောင်ရန် ဆုံးဖြတ်ချက်ချနေသည်။ မီ တစ်ခါက ပြောခဲ့ ဖူးသော “ လူနာတိုင်းက အားကိုးရတဲ့ ဆရာဝန် ” ဟူသည့် စကားလုံးများသည် သူ့ရင်ကို အရှိန်ပြင်းစွာဖြင့် ၀င်ဆောင့်သည်။ ရှက်ခြင်းသည် သူ့တစ်ကိုယ်လုံးကို သိပ်သည်းစွာ ပျံ့နှံ့လာ၏။
            “ ဦး လိုက်ခဲ့မယ် မီ ”
            “ တကယ် ! ” အံ့သြ၀မ်းသာမှုသည် ကလေးမ၏ မျက်နှာပေါ်တွင် အထင်းသားပေါ်သည်။ “ မီ အရမ်းဝမ်းသာတာပဲ ဦးရယ် ” ဟု တုန်ယင်စွာ ပြောလေသည်။
            “ မီက ဦးကို လူနာတိုင်းက အားကိုးရတဲ့ ဆရာဝန် ဖြစ်စေချင်တာ ” မျက်ရည်များကျလျှက် မီက ဆိုသည်။
            မီ့လက်အစုံကို သူဆုပ်ကိုင် အားပေးရင်း “ ဦး ကတိပေးပါတယ် ကလေးရယ် ” ဟု ခိုင်မာစွာ ဆိုမိသည်။
            ထင်းရှူးပင်ပေါ်မှ ဥသြတွန်သံကို ကြားရ၏။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
            အချိန်သည် မေ့လျော့ထားခြင်းခံရလျှင် လျင်မြန်စွာ ကုန်ဆုံးသည်။ အ.ပ.ထ စာမေးပွဲသည် တဖြည်းဖြည်းနှင့် အနားရောက်လာ၏။ ဘာသာရပ်တိုင်းကို ကျေညက်စွာ လေ့လာထားပြီးဖြစ်၍ ကလေးမတွင် ယုံကြည်ချက်အပြည့်နှင့် ဖြစ်နေသည်။
            တစ်နှစ်တာလုံး ပုံမှန်စာကြည့်ခဲ့သော အကျိုးကြောင့် စာမေးပွဲကို မီကောင်းစွာ ဖြေဆိုနိုင်ခဲ့သည်။ တစ်ဘာသာဖြေပြီးသွားတိုင်း ရွှင်မြူးနေသော ကလေးမ၏ မျက်နှာကို မြင်ရတိုင်း သူ့ရင်တွင် ကျေနပ်ပျော်ရွှင်ရလေသည်။
            မီက စာမေးပွဲကို တည်ငြိမ်စွာဖြေနေသလောက် သူက ပျာနေအောင် စိုးရိမ်နေမိပြန်သည်။ ခေတ်ပညာတတ်တစ်ယောက်အနေဖြင့် မယုံကြည်ခဲ့သော်လည်း သူမ စာမေးပွဲကို ထူးချွန်စွာ ဖြေဆိုနိုင်ရန် ယတြာမျိုးစုံ သူချေဖြစ်သည်။ ထိုအကြောင်းကို ရှက်ရှက်ဖြင့် မီ့ကို ပြောပြမိလျှင် သူမက အားနာစွာပြုံးရင်း “ ဦးက ကလေးကျနေတာပဲ ” ဟု ဆိုလေသည်။
            မီစာမေးပွဲဖြေနေစဉ်အတွင်း ပြည်နယ်များတွင် တာဝန်ထမ်းဆောင်လိုကြောင်း ကျန်းမာရေးဝန်ကြီးဌာနသို့ သူလျှောက်လွှာတင်သည်။ ထိုအကြောင်းကို မီ့အား မပြောသေး။ တရားဝင်ခန့်စာ ရမှ သူမ အံ့သြသွားရန် ဖွင့်ပြောမည် စိတ်ကူးသည်။
            သူ ဂဏာမငြိမ်စွာ၊ ပူပန်စွာဖြင့်ပင် သူမ၏ စာမေးပွဲ ပြီးသွားခဲ့သည်။ အောင်မြင်သူ၏ အပျော်သည် သူ့ထံသို့ပါ ကူးစက်လာ၏။ “ ဦးကို မီကျေးဇူးတင်တယ် ” ဟု အထပ်ထပ်ပြောလေသည်။ “ ဦးကို ကန်တော့ပါရစေ ” ဆိုပြီး နောက်ဆုံးဘာသာ ဖြေပြီးသောနေ့က သူ့ကို ကျုံ့ကျုံ့ထိုင်ကာ ကန်တော့သည်။ သူ့ရင်တွင် ပြောမပြနိုင်အောင်ပင် ကြည်နူးရသည်။
            စာမေးပွဲပြီးသော နောက်တစ်ရက်တွင် မီတို့အိမ်သို့ ပထမဆုံးအကြိမ်အဖြစ် သူသွားသည်။ အတန်ငယ်ကျယ်ဝန်းသော ခြံထဲတွင် ပန်းမျိုးစုံတို့ စိုက်ထားသည်။ မီတို့အိမ်သည် ပန်းခင်းတို့အလယ်ရှိ တစ်ထပ်တိုက်ပြား လှလှလေး ဖြစ်သည်။ သူရောက်သွားချိန်တွင် မီသည် အချစ်တော် ဘော်ဘီနှင့် ပန်းခင်းထဲတွင် ပြေးကစားနေသည်။ သူ့ကိုမြင်လျှင် ၀မ်းသာအားရ တံခါး လာဖွင့်ပေးသည်။ “ ဦးက ဘာဖြစ်လို့ လာမယ်ဆိုတာ ကြိုမပြောတာလဲ ” ဟု အပြစ်တင်သည်။ “ ကလေး အံ့သြသွားစေချင်လို့ ” ဟု သူဖြေသည်။
            “ အန်တီနဲ့ မိတ်ဆက်ပေးမယ် ” ပြောရင်း သူ့ကို အိမ်ဆီသို့ မီခေါ်သွားသည်။
            မီတို့အိမ်၏ အလင်းအမှောင်အယူအဆ၊ ပရိဘေဂထားသိုပုံ၊ ဧည့်ခန်းအပြင်အဆင်တို့က ပညာတတ်အသိုင်းအ၀ိုင်းမှဖြစ်ကြောင်း ဖော်ပြနေသည်။
            မီ့အဒေါ်သည် တည်ငြိမ်အေးချမ်းသော မျက်နှာနှင့် တည်ငြိမ်ရင့်ကျက်သော အမျိုးသမီးကြီးဖြစ်သည်။ သိမ်မွေ့သော အပြုံးကို သူတုံ့ပြန်ရင်း အသက်ငါးဆယ်နီးပါးလောက်ရှိပြီဟု မ၀ံ့မရဲ ခန့်မှန်းမိသည်။ သူ့ကို မြင်မြင်ချင်း အမျိုးသမီးကြီးက
            “ မီလေး ပြောပြောနေတဲ့ ဒေါက်တာထင်တယ် ” ဟု ဖော်ရွေစွာ နှုတ်ဆက်သည်။ “ ဟုတ်ကဲ့ ” ဟု သူဖြေသည်။ ရင်းနှီးပွင့်လင်းသော ဆက်ဆံရေးကြောင့် သူအနေမကြုံ့။
            မီ့ကို သူမမေးဖြစ်ခဲ့သော သူမ၏ မိဘများအကြောင်းကို မီ့အဒေါ်က ပြောပြသည်။ သူမခြောက်လသမီးအရွယ်တွင်ပင် ကားမတော်တဆဖြစ်မှုတစ်ခုကြောင့် မိဘနှစ်ပါးလုံး ကွယ်လွန်ကြ ကြောင်း သူသိရသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် မိဘမဲ့ဖြစ်ရသော မီ့ကို သူသနားမိသည်။
            အပြန်တွင် သူ့ကို ခြံဝအထိ လိုက်ပို့ရင်း “ မနက်ဖြန် မီ့ကို ဘုရားအစုံလိုက်ပို့ ” ဟု မီပူဆာလေသည်။ “ စိတ်ချ ” ဟု သူဖြေရင်း လှည့်ထွက်ခဲ့သည်။
            လေအဝေ့တွင် ရွက်ဝါအချို့ ကြွေကျလာကြလေသည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
            စာမေးပွဲပြီးသွားသော်လည်း ထင်းရှူးပင်ကြီးအောက်တွင် သူတို့ ပုံမှန်ပင် ဆုံဖြစ်ကြသည်။ မီသည် သူ့ကို ထင်သည်ထင်ပင်ပို၍ သံယောဇဉ်တွယ်နေကြောင်း သူရိပ်စားမိသည်။ သူမ၏ မရှိတော့သော မိဘတို့နေရာတွင် သူ့ကို အစားထိုးပြီး တွယ်တာနေသည်လား။ သို့မဟုတ် . . .
            သူကိုယ်တိုင်ကရော။ ကလေးမကို သံယောဇဉ်ဖြစ်နေကြောင်း သူဝန်ခံသည်။ ထို့ထက်ပို၍ . . .
            သူ ဆက်မစဉ်းစားချင်။ မစဉ်းစားသင့်ဟု သူယူဆသည်။
            နွေညနေခင်းတို့သည် နေ၀င်ချိန်ရှုခင်းကို စုတ်တံဖြင့် ဖမ်းယူရင်း ၀ါဖျော့ဖျော့ မြက်ခင်းပြင်ပေါ်တွင် လမ်းလျှောက်ကြရင်းဖြင့် မသိမသာ ကုန်ဆုံးသွားကြသည်။
            ထိုရက်များအတွင်း ဆေးပညာကို သူပြန်လေ့လာဖြစ်သည်။ နှစ်နှစ်ကျော် သုံးနှစ်နီးပါးမျှ ထိတွေ့မှုကင်းခဲ့သော ပညာရပ်တို့ကို အများအတွက်ဟူသော အသိဖြင့် ပြန်လေ့လာခြင်းကြောင့် မူလထက်ပင် များစွာတိုးတက်လာကြောင်း သတိထားမိသည်။ သူ၏ ဆရာဝန်ဘ၀သည် အားသစ်အင်သစ်တို့ဖြင့် အသင့်ဖြစ်နေပေပြီ။
            ရည်မှန်းချက်ကြီးသောမီအတွက် ကောင်းနိုးရာရာ ဆေးပညာစာအုပ်များကိုလည်း သူစုဆောင်းဖြစ်သည်။
            မီတို့အောင်စာရင်းထွက်ရန် တစ်ပတ်အလိုတွင် သူ့ထံသို့ ကျန်းမာရေးဝန်ကြီးဌာနမှ အကြောင်းကြားစာ ရောက်လာသည်။ ဘာအံမြို့နယ်တွင်းရှိ တိုက်နယ်ဆေးရုံတစ်ရုံတွင် လထဆရာဝန် အဖြစ် ခန့်ထားကြောင်း အကြောင်းကြားစာ ဖြစ်သည်။ ထိုအကြောင်းကို ထိုညနေတွင် မီ့ကို သူပြောပြသည်။
            “ ဒီနေ့ ကလေးကို ၀မ်းသာစရာအကောင်းဆုံး အကြောင်းအရာတစ်ခု ပြောစရာရှိတယ် ”
            “ ဘာကိစ္စလည်း ဦး ” သူ့ကို ခေါင်းထောင်ကြည့်ရင်း မေးသည်။
            အကြောင်းကြားစာကို သူမလက်ထဲ သူထည့်သည်။ သူ့မျက်နှာကို နားမလည်သလိုကြည့်ရင်း စာရွက်ကို သူမ ဖတ်သည်။ ဖတ်နေရင်းမှပင် စာရွက်ကိုင်ထားသော လက်အစုံတို့ တုန်ယင် လာကြ၏။
            “ တကယ်နော် . . . ဒါ . တကယ်နော် . ဦး . . .၊ မီ ၀မ်းသာလိုက်တာ ဦးရယ် . . . ”
            အံ့သြ၀မ်းသာမှုဖြင့် သူမ၏ အသံသည် တုန်ခါနေ၏။ “ ကလေး စာမေးပွဲဖြေနေတုန်း ဦးလျှောက်လိုက်တာ ” ဟု သူပြောသည်။
            “ ဦးက အရင်သွားနှင့်ပေါ့၊ မီ နောက်ကလိုက်ခဲ့မယ်လေ ” ရွှင်မြူးသောလေသံ။
            တစ်စုံတစ်ခုကို သတိရသွားသလို ရုတ်တရက် သူမတွေသွားသည်။ မျက်နှာ တစ်ချက်ညှိုးသွားသည်ကို သူသတိထားမိသည်။
            “ မီတို့နှစ်ယောက် ခွဲရတော့မှာပေါ့နော် ” ဟု ငေးရင်းမှ ပြောသည်။
            “ ဦး စာရေးမှာပေါ့ ကလေးရဲ့၊ ခွင့်ရတိုင်း ပြန်လာမယ်လေ ” ဟု သူနှစ်သိမ့်သည်။
            “ မီ ဦးနဲ့မခွဲချင်ပါဘူး ဦးရယ်၊ ဒါပေမယ့် ဆရာဝန်တစ်ယောက်အဖြစ်နဲ့ လူနာတွေအနားမှာ ဦးရှိနေတာကို မီ ပိုမြင်ချင်တယ် ”
            သူမရင်ထဲမှလာသော စကားဖြစ်ကြောင်း သူခံစားမိသည်။ တကယ်ဆိုလျှင် သူမနှင့် ခွဲခွာရမည့်အဖြစ်ကို သူလည်း မလိုလားပါ။ သို့သော် သူသည် ဆရာဝန်တစ်ယောက် ဖြစ်နေလေပြီ။ လူနာတိုင်းအတွက် ၂၄ နာရီပတ်လုံး တာဝန်ရှိသူလည်း ဖြစ်သည်။ ပုဂ္ဂလိကဝေဒနာသည် ပရဟိတကိစ္စတွင် ဘေးဖယ်ထားရမည့်အရာဟု သူနားလည်သည်။ သို့သော် သူလည်း လွမ်းတတ်ပါသည်။
            “ ဦး ဘာတွေ တွေးနေတာလဲ။ ဘယ်လူနာကို ဘယ်လိုကုလိုက်မယ် သ-လိုက်မယ်နဲ့ တွေးကြည့်နေတာ မဟုတ်လား။ မီရောက်လာလို့ကတော့ ဦးလူနာတွေအကုန် မီ့ဆီရောက်အောင်ကို ကုပစ်မှာနော် ”
            ရယ်စရာဖြင့် သူတပါး၏စိတ်ကို ဖော့ပေးတတ်သော အတတ်ကို မီလည်းတတ်မြောက်နေကြောင်း သူသတိထားမိသည်။
            မည်သို့ပင်ဆိုစေ မီအောင်စာရင်းထွက်ပြီးနောက်နေ့တွင် တာဝန်ကျရာသို့ သူသွားရတော့မည်ဖြစ်ကြောင်း သူမကို မပြောဖြစ်ခဲ့ပါ။ မကြာခင် ခွဲရတော့မည်ဆိုသော အသိကြောင့် သူတုန်လှုပ်မိသော်လည်း သူမ မရိပ်မိအောင် ပိရိစွာ ဟန်ဆောင်နိုင်ခဲ့သည်။
            အဝေးဆီမှ ဥသြတွန်သံ ကြားရပြန်၏။
@@@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း ( ၄ ) ကိုလည်း အားပေးကြပါဦး . . .
Saturday, 7 April 2012
အစိမ်းရင့်ရောင် အလွမ်း ( ၂ ) . . .
ကိုယ်ရေးထားဖူးတဲ့ ၀ထ္ထုကို
ဝမ်းသာအားရနဲ့ ကြွားချင်စိတ်တွေ ငယ်ထိပ်တက်ပြီး အလောတကြီးတင်လိုက်မိပြီး သုံးရက်လောက်ကြာမှပဲ အခန်းဆက်မှန်းသိအောင် နံပါတ်စဉ်မထိုးခဲ့မိတာ ဦးဟန်ကြည် သတိထားမိပါရဲ့။ တစ်ရက်ကို တစ်ဖြတ်နှုန်းနဲ့ သုံးလေးရက်အတွင်း အပြီးတင်ဖို့ စိတ်ကူးထားမိပေမယ့် Google နဲ့ ပြဿနာတက်ပြီး account အပိတ်ခံလိုက်ရတာကြောင့် နောက်ဆက်တွဲတင်ဖို့ လေးငါးရက်လောက် အချိန်လင့်သွားတာ တောင်းပန်ရဦးတော့မှာပါပဲ။ ( တောင်းပန်လို့ကို မဆုံးနိုင်းဝ)
နောက်တစ်ပိုင်းကို မတင်ခင်မှာ ဒီဝထ္ထုဟာ ကိုယ်တွေ့မဟုတ်ကြောင်း အိမ်ရှင်မ မဒမ်ဟန်ကြည်ဆီမှာ သက်သေအထောက်အထားခိုင်လုံစွာနဲ့ ထောက်ခံချက်တောင်းပြီး ပို့စ်တင်ခွင့်ကို တရားဝင်ပါမစ်ရပြီးဖြစ်တာမို့ ဦးဟန်ကြည်ရဲ့ ဗိုက်ခေါက်ထူထူလေး လွတ်လပ်ရေးရနေပါကြောင်း သတင်းကောင်းပါးလိုက်ပါသဗျား။ ( အနှီလိုမှ ကြိုကြိုတင်တင် မပြောရင် လူပျိုသိုး သူကြီးမင်း ကိုကိုမောင်နဲ့ အပျိုကြီး ဒေါ်ချောတို့ရန် ကြောက်ရသေးသကိုး )
အစိမ်းရင့်ရောင်အလွမ်း(၂)
 အပိုင်း ( ၁ ) မှ အဆက် . . .
            နောက်နေ့များတွင် မီသည် သူ၏ တပည့်မကလေး ဖြစ်လာသည်။ သူသည်လည်း မီ၏ ဆရာအဖြစ် ရောက်ခဲ့တော့သည်။ မီ့ကို စာပြပေးရင်းမှ သူမ၏ စိတ်နေသဘောထားကို သူသိလာရ သည်။ ဆံပင် ပျော့ပျော့ရှည်ရှည်လေးများနှင့် ဂါဝန်ဖားဖားလေး ၀တ်ထားသော ကလေးမလေးသည် အလွန်ပင် ဇွဲကောင်းလှသူလေး ဖြစ်သည်။ တစ်ခါတစ်ရံတွင် အရွယ်နှင့်မလိုက်အောင် လူကြီး ဆန်သော်လည်း အရွယ်အရ သူမ၏ အပြုအမူများမှာ ပီဘိကလေးမငယ်လေးသာ ဖြစ်ပါသည်။ အဒေါ်၏ အလိုလိုက်မှုကြောင့် မထင်ရင် မထင်သလို စိတ်ကောက်တတ်သော်လည်း စိတ်ပြေလွယ် သည်။
            ကလေးဘ၀မှစ၍ မိဘနှင့် မနေခဲ့ရသဖြင့် သူ့အပေါ် တွယ်တာနေကြောင်းလည်း သူသတိထားမိသည်။
            အချိန်ကာလသည် ရစ်ဖွဲ့တတ်သော သံယောဇဉ်ကြိုးကို ခိုင်မာစေသည်။ လေးလမျှသော အချိန်သည် သူနှင့်မီကြားရှိ သံယောဇဉ်ကို ကောင်းစွာနှောင်တွယ်မိစေရန် လုံလောက်ခဲ့သည်။ ကာလများစွာ ခြောက်သွေ့ခဲ့သော သူ့ဘ၀သည်လည်း တဖြည်းဖြည်း စိုပြည်လာကြောင်း သတိထားမိသည်။
            မကြာမီ နှစ်ဝက်အစမ်းစာမေးပွဲဖြေရတော့မည်ဖြစ်၍ ကလေးမမှာ အသည်းအသန် စာကြည့်နေရရှာသည်။ ထင်းရှူးပင်အောက်သို့ သူ့ထက်ပင် စောရောက်ပြီး စာကျက်နေတတ်သည်။ စိတ်ဓာတ်ပြင်းထန်လှသော သူမကို သူပင်အံ့သြယူရသည်။ ကလေးမ၏ စာမေးပွဲအတွက် သူကိုယ်တိုင်လည်း မအားမလပ်နိုင်အောင်ရှိသည်။ မေးခွန်းဟောင်းများ ရှာဖွေရခြင်း၊ မေးနိုင်သော မေးခွန်း ပုံစံများကို မှတ်စုထုတ်ရခြင်းတို့ကြောင့် သူမထက်ပင် အလုပ်များရသည်။ မီနှင့် ပတ်သက်လျှင် တက်ကြွလွန်းနေတတ်သော သူ့အဖြစ်ကို ရယ်ချင်နေမိရပြန်သည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
            ယနေ့ မီတို့ ပထမဆုံးဘာသာဖြေသည်။ ဖြစ်ချင်စိတ် ပြင်းထန်လွန်းသော သူမအတွက် သူစိတ်ပူ၍မဆုံး။ “ စိတ်အေးအေးထားပြီးဖြေနော် ” ဟု အထပ်ထပ် မှာပြီးဖြစ်သော်လည်း စိတ်မ အေးနိုင်သည်မှာ သူကိုယ်တိုင်ဖြစ်သည်။
            မနက်လင်းကတည်းက သူယောင်ချာချာဖြစ်နေသည်။ အိပ်ယာထပြီး သွားတိုက်၊ ပလုပ်ကျင်းရုံကျင်းပြီး ရေချိုးခန်းထဲက ထွက်သည်။ အပြင်ရောက်မှ မျက်နှာမသစ်ရသေးကြောင်း သတိရပြီး ရေချိုးခန်းတွင်းသို့ ပြန်ဝင်ရသည်။
            မနက်စာ ကော်ဖီဖျော်ရာတွင် ကော်ဖီမှုန့်ကို ဇွန်းအပြည့်ထည့်ပြီး နို့ဆီမထည့်မိ။ ထမင်းစားပွဲတွင်ထိုင်ပြီး ကော်ဖီသောက်မှ ပေါ့ရွှတ်၊ ခါးသက်သော အရသာကို သတိထားမိသည်။ ကော်ဖီကို ရှက်ရှက်နှင့် ကျိတ်မှိတ်မြိုချသောအခါ ရင်ထဲတွင် ချိုမြနေသယောင် ခံစားရသည်။
            လုပ်သမျှကိုင်သမျှ မှားယွင်းနေမည့် သူ့အဖြစ်ကို သတိထားမိပြီး ခြံထဲဆင်းထိုင်သည်။ လူက ငြိမ်သွားမှ စိတ်က ပို၍မငြိမ်မသက် ဖြစ်ပြန်သည်။ စာဖြေခန်းထဲရှိ ကလေးမ၏ ပုံရိပ်ကို နာရီ တကြည့်ကြည့်နှင့် မှန်းဆနေမိသည်။ ဖြေနိုင်ပါစေဟူသော ဆန္ဒဖြင့် ရင်သည် လှိုက်ခုန်၏။ စိတ်ပင်ပန်းစွာဖြင့် ပန်းပင်များကို ရေလောင်းသည်။ စိတ်နှင့်လူက မကပ်။ သတိထားမိချိန်တွင် ပန်းပင် သည် ရေအရှိန်ဖြင့် အဖြစ်ဖွေးဖွေးပင် ပေါ်နေချေပြီ။
            သူ စိတ်ညစ်ညူးစွာဖြင့် ရေပိုက်ကို ပစ်ချပြီး အ၀တ်လဲကာ ထင်းရှူးပင်ရှိရာ လွင်ပြင်ဆီသို့ အမြန်လျှောက်သွားသည်။ နာရီကိုကြည့်လိုက်သောအခါ ကလေးမစာမေးပွဲအချိန်စေ့ရန် နာရီဝက် သာသာ ကျန်နေသေးသည်။ ထိုင်လိုက်၊ ထလိုက်၊ လမ်းလျှောက်လိုက်ဖြင့် တစ်နာရီကျော်ကျော် မျှော်လိုက်ရသည်။
            အဝေးမှ တရွေ့ရွေ့လာနေသော သူမကိုမြင်ရလျှင် သူထိုင်နေရာမှ ထ၍ရပ်သည်။ သူမဆီ လျှောက်သွားသည်။ လူချင်းသဲကွဲစွာ မြင်မြင်ချင်း “ ဖြေနိုင်လား ကလေး ” ဟု သူမေးသည်။ “ အိုကေတာပေါ့ ဦးရဲ့ ” ဟု သူမ ဖြေသည်။ ထင်းရှူးပင်ဆီသို့ လျှောက်လာကြရင်း သူမထံမှ မေးခွန်းကို သူယူကြည့်သည်။ ဟန်မဆောင်နိုင်အောင် စိတ်လှုပ်ရှားနေသော သူ့ကို သူမ ကြည့်သည်။
            “ ဦးက မီ့ကိုသာ ပြောနေတယ်။ ဦးကဖြင့် အရမ်းစိတ်လှုပ်ရှားနေပြီးတော့ . . . ”
            “ ကလေးအတွက် စိုးရိမ်လို့ပါ ” ဟု သူဖြေရင်း ထင်းရှူးပင်အောက်တွင် ထိုင်သည်။ “ မနက်ဖြန် ဖြေရမယ့်ဘာသာ ကြည့်ရအောင် ” သူမထံမှ စာအုပ်များကို သူလှမ်းယူရင်း ပြောသည်။
            ဆောင်းအ၀င်လေအေးက သူတို့နှစ်ဦးကို ညင်သာစွာ တိုက်ခတ်ကြည်စယ်သွားလေသည်။
@@@@@@@@@@@@@@@@@@@@@@@@@@@
            “ ဦး . . . မီ လေးဘာသာ ဂုဏ်ထူးပါတယ် . . . ”
            သူ့ထံသို့ အပြေးလာရင်း မီပြောသည်။ ပျော်ရွှင်မှုသည် သူမမျက်နှာပေါ်တွင် အတိုင်းသား ပေါ်၏။ သူမထက် မလျော့သော ပီတိဖြင့် သူထရပ်သည်။ ချီးကျူးရန် စကားလုံးသည် အလွယ်နှင့် ပင် ရှာမရ။
            “ ဦး . . . မီ့ကို ဆုချရမယ်နော် ” ဟူသော သူမ၏ တောင်းဆိုသံမဆုံးခင် “ ကလေးကို ဆုချရမယ် ” ဟု သူပြေသည်။ စကားချင်း ထပ်လုနီးပါး ဖြစ်သွားသောကြောင်း သူမရယ်လေသည်။ တစ်ပတ်ကျော် ပင်ပန်းထားသဖြင့် ကလေးမ အနည်းငယ် ဖျော့တော့နေရှာသည်။ အိပ်ရေးပျက်ထားသော မျက်လုံးများထဲတွင်မူ ရိုးသား၍ အပြစ်ကင်းစင်သော အလှကို မြင်နေရ၏။
            “ ဦး Final မှာ ဒီလိုပဲ ဖြေနိုင်ရင် မီ ဆေးကျောင်းတက်လို့ ရပြီပေါ့နော် . . . ”
            သူမ၏ မေးခွန်းအဆုံးတွင် သူ၏ ဆရာဝန်အဖြစ်ကို သတိရသည်။ သိက္ခာမလုံစွာပြုံးရင်း သူခေါင်းညိတ်မိသည်။ တစ်စုံတစ်ခုကို တွေးတောဟန်ဖြင့် သူမ ငြိမ်သက်သွားပြန်သည်။
            နှင်းစက်အချို့ ထင်းရှူးပင်ထက်မှ ကြွေကျလာကြလေ၏။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
            နောက်တစ်ရက်တွင် လက်ဆောင်ပစ္စည်းတစ်ထုပ်ဖြင့် ထင်းရှူးပင်အောက်မှ သူမကို သူစောင့်သည်။ မကြာခင် သူမ အပြေးရောက်လာသည်။ သူ့လက်တွင်းမှ လက်ဆောင်ဗူးကို မြင်လျှင် “ ဦးက ကတိတည်သားပဲ ” ဟု ပြောလေသည်။
            “ ဦးရဲ့ လက်ဆောင်ကို ကလေး မရယ်ရဘူးနော် ”
            ပြောရင်း လက်ဆောင်ကို သူမလက်ထဲ ထည့်သည်။ သူမက “ ဟုတ်ကဲ့ပါ ” ဟု ဆိုရင်း လက်ဆောင်ဗူးကို ပတ်ထားသော ဖဲကြိုးကို ဖြည်သည်။ လက်ဆောင်ကို မြင်ရလျှင် သူမ မည်သို့ တုံ့ပြန်မည်ကို သိလိုဇောဖြင့် သူမမျက်နှာကို သူဖတ်နေမိသည်။
            ပက်ကင်စက္ကူကိုခွာပြီး ဗူးကို သူမ ဖွင့်သည်။ စနစ်တကျခွေထည့်ထားသော နားကြပ်ကို မြင်လျှင် သူမမျက်နှာ တည်သွားသည်။ နားကြပ်ကို ထုတ်ယူရင်း သူ့ကို တစ်ချက်ကြည့်သည်။
            “ ဦးရဲ့လက်ဆောင်ကို ကြိုက်ရဲ့လား ” ဟု သူမေးမိသည်။
            “ ကျေးဇူးပဲ ဦး ” ဟုဆိုရင်း နားကြပ်ကို လည်ပင်းတွင် သိုင်းသည်။ ရည်မှန်းချက်ကြီးလွန်းသူ၏ မျက်နှာကို သူကြည့်ရင်း “ ဒီလိုဆိုတော့ ကလေးက ဆရာဝန်နဲ့ တူသားပဲ ” ဟု စိတ်ကို ဖော့ပေးသည်။
            “ ဒါပေမယ့် ဆရာဝန်နဲ့မတူတဲပ ဆရာဝန်ရှိသေးတယ် ” ဟု သူမ ဆိုသည်။ လုံးဝမထင်မှတ်သောစကား . . . ။ သူ့ရင်ထဲတွင် နင့်ခနဲ ခံစားလိုက်ရသည်။ အကြည့်ကို သူမထံမှ အဝေးရှိ တောတန်းဆီသို့ သူလွှဲယူလိုက်သည်။ ညှိုးသွားသော သူ့မျက်နှာကို ကြည့်ရင်း
            “ ဦး မီ့ကို စိတ်ဆိုးသွားသလားဟင် . . . 
            သူမ စိုးရိမ်တကြီး မေးသည်။ သူညင်သာစွာ ခေါင်းရမ်းသည်။
            “ တစ်နေ့မှာ လူနာတိုင်း အားကိုးရတဲ့ ဆရာဝန်တစ်ယောက်ဖြစ်အောင် မီကြိုးစားပါ့မယ်လို့ ဦးကို ကတိပေးပါတယ် . . . ”
            ဆုံးဖြတ်ချက်များဖြင့် ပြန်သားသော လေသံ။
            သူ သက်ပြင်းတစ်ချက် ခိုးရှိုက်ရင်း သူမဆီသို့ မျက်နှာမူသည်။
            “ ကလေး အောင်မြင်မှာပါ ” ဟု သူခိုင်မာစွာ အားပေးသည်။။ သူနားထဲတွင်မူ “ လူနာတိုင်း အားကိုးရတဲ့ ဆရာဝန် ” ဟူသော ကလေးမ၏ စကားလုံးများသည် ပဲ့တင်ထပ်လျှက် . . .
            ဆောင်းသည် အအေးဓာတ်အချို့ကို သယ်လာသည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း ( ၃) ကိုလည်း အားပေးကြပါဦး . . .
ကြိုက်ရင်ပေါ့လေ . . .
Powered By Blogger