Sunday 8 April 2012
အစိမ်းရင့်ရောင် အလွမ်း ( ၃ ) . . .
 အပိုင်း( ၂ ) မှ အဆက် . . .
            နာရီလက်တံတို့က ပုံမှန်လည်ပတ်နေကြသည်။ ပြက္ခဒိန်တစ်ရွက်နှင့်တစ်ရွက် အပြောင်းတွင် ရာသီဥတုသည် ပုံမှန်ပြောင်းလဲ၏။ ထင်းရှူးပင်အောက်ရှိ သူတို့၏ စာကြည့်ဝိုင်းလေးကား မပြောင်းမလဲရှိသည်။
            မီသည် တွေ့စကထက် အနည်းငယ် တည်ငြိမ်လာသည်။ မကြာမကြာ စိတ်ကောက်တတ်သော အကျင့်သည် ပျောက်လုလု။ တစ်ခါတစ်ရံမှသာ ထုံးစံမပျက် စိတ်ကောက်တတ်သည်။ ကလေးမကဲ့သို့ပင် ပြောင်းလဲလာသော သူ့အဖြစ်ကိုလည်း သတိထားမိသည်။ တွေ့စက သူမ စိတ်ကောက်လျှင် သူစိတ်ညစ်လေ့ရှိသော်လည်း ယခုမူ မီစိတ်ကောက်ပြေအောင် ချော့ရသည့်ကို သူ ပျော်နေတတ်ပြီ။
            အထူးဆန်းဆုံးမှာ ပစ်ပယ်ထားခဲ့သော ဆေးစာအုပ်များကို တစ်ခါတစ်ခါ ကောက်ဖတ်မိလာခြင်း ဖြစ်သည်။
            စာကျက်ရင်း ငြီးငွေ့လာသောအခါမျိုးတွင် မီက ဆရာဝန်များအကြောင်းကို စိတ်ဝင်တစား မေးတတ်သည်။ ထိုအခါ သူ့အတွေ့အကြုံများ၊ သူငယ်ချင်းများ၏ အတွေ့အကြုံများအကြောင်း ကို ပြောပြရလေသည်။ သူ့ကို လေးစားအားကျစွာ ငေးကြည့်ရင်း နားထောင်နေတတ်သော မီမျက်ဝန်းများ၏ စိုးမိုးမှုအောက်တွင် သူ၏ဆရာဝန်ဘ၀တွင် ပြန်လည်ပျော်ဝင်စ ပြုလာသည်။
            သူနှင့်မီတို့၏ သံယောဇဉ်သည်လည်း အချိန်နှင့်အမျှ ကြီးမားလာသည်။ သူနောက်ကျသော နေ့များတွင် မီသည် ထင်းရှူးပင်အောက်မှနေ၍ သူအလာကို လည်တဆန့်ဆန့်ဖြင့် မျှော်နေတတ် သလို၊ မီနောက်ကျလျှင်လည်း စိတ်ပင်ပန်းစွာဖြင့် သူမျှော်ရလေ့ရှိသည်။ များသောအားဖြင့် သူကသာ စောစီးစွာ သွားလေ့ရှိသည်။ သူနောက်ကျလျှင် မီတစ်ယောက် စိတ်ပင်ပန်းစွာဖြင့် မျှော်နေရမည်ကို   သူမမြင်ရက်သောကြောင့် ဖြစ်သည်။ ကျောင်းဆင်းလျှင်ဆင်းချင်း အ၀တ်လဲပြီး ကသုတ်ကရက် ပြေးတက်လာသော သူမကိုမြင်သော အချိန်လေးတွင် သူ့ရင်သည် ချမ်းမြေ့အေးချမ်းသွား ကြောင်း ၀န်ခံမိသည်။
            သူ့ဘ၀သည် တဖြည်းဖြည်းနှင့် အဓိပ္ပာယ်ရှိလာလေ၏။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
            အတန်းတင်စာမေးပွဲမဖြေမီ တစ်လအလိုတွင် မီသည် သူမ၏ မပြောင်းလဲသော ဘ၀ပန်းတိုင်အကြောင်း သူ့ကို တိုင်တည်ပြန်သည်။ အရွယ်နှင့်မမျှသော သူမ၏ ဖြူစင်သည့် စိတ်ထားကို သူအံ့သြလေးစားရသည်။
            “ ဦးရယ် . . .  မီတော့ ရောဂါဝေဒနာ ခံစားနေရတဲ့လူတွေကိုမြင်ရင် သိပ်သနားတယ်။ အချိန်လွန်မှ ဆေးရုံရောက်လာပြီး မဆုံးသင့်ဘဲ ဆုံးသွားရတဲ့ လူနာတွေအကြောင်းကြားရင် မီ အရမ်း ၀မ်းနည်းတယ်။ ဆရာဝန်မရောက် ဆေးမရှိတဲ့ ပြည်နယ်တွေက တိုင်းရင်းသားတွေဆို ဘယ်လိုများနေကြမလဲ မသိဘူးနော်။ မီသာ ဆရာဝန်ဖြစ်ရင် အဲဒီဒေသတွေကို သွားမယ်။ ဦး လိုက်ခဲ့နော် ”
            သူ့ကို အားကိုးတကြီး မော့ကြည့်ရင်း တတွတ်တွတ်ပြောနေသော သူမကိုကြည့်ရင်း သူ့ရင်ထဲတွင် ဝေဒနာတစ်ရပ်ကို ခံစားလာရသည်။ ဆရာဝန်တစ်ယောက်က ဘ၀ကို တန်ဖိုးမဲ့စွာ ဖြတ်သန်းကုန်ဆုံးနေချိန်တွင် ရည်မှန်းချက်ကြီးမားသော ကလေးမတစ်ယောက်က အများအတွက် စဉ်းစားနေသည်။ ဆရာဝန်အဖြစ်ကို ရရှိပြီးသူက မိမိအလုပ်နှင့်တာဝန်ကို တန်ဖိုးမထားဘဲနေစဉ် ဆေးကျောင်းတက်ရန်ပင် မသေချာသေးသော ဆယ်တန်းကျောင်းသူတစ်ယောက်က ဆရာဝန်ဘ၀ကို မြတ်နိုးတောင့်တစွာဖြင့် အများအကျိုးဆောင်ရန် ဆုံးဖြတ်ချက်ချနေသည်။ မီ တစ်ခါက ပြောခဲ့ ဖူးသော “ လူနာတိုင်းက အားကိုးရတဲ့ ဆရာဝန် ” ဟူသည့် စကားလုံးများသည် သူ့ရင်ကို အရှိန်ပြင်းစွာဖြင့် ၀င်ဆောင့်သည်။ ရှက်ခြင်းသည် သူ့တစ်ကိုယ်လုံးကို သိပ်သည်းစွာ ပျံ့နှံ့လာ၏။
            “ ဦး လိုက်ခဲ့မယ် မီ ”
            “ တကယ် ! ” အံ့သြ၀မ်းသာမှုသည် ကလေးမ၏ မျက်နှာပေါ်တွင် အထင်းသားပေါ်သည်။ “ မီ အရမ်းဝမ်းသာတာပဲ ဦးရယ် ” ဟု တုန်ယင်စွာ ပြောလေသည်။
            “ မီက ဦးကို လူနာတိုင်းက အားကိုးရတဲ့ ဆရာဝန် ဖြစ်စေချင်တာ ” မျက်ရည်များကျလျှက် မီက ဆိုသည်။
            မီ့လက်အစုံကို သူဆုပ်ကိုင် အားပေးရင်း “ ဦး ကတိပေးပါတယ် ကလေးရယ် ” ဟု ခိုင်မာစွာ ဆိုမိသည်။
            ထင်းရှူးပင်ပေါ်မှ ဥသြတွန်သံကို ကြားရ၏။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
            အချိန်သည် မေ့လျော့ထားခြင်းခံရလျှင် လျင်မြန်စွာ ကုန်ဆုံးသည်။ အ.ပ.ထ စာမေးပွဲသည် တဖြည်းဖြည်းနှင့် အနားရောက်လာ၏။ ဘာသာရပ်တိုင်းကို ကျေညက်စွာ လေ့လာထားပြီးဖြစ်၍ ကလေးမတွင် ယုံကြည်ချက်အပြည့်နှင့် ဖြစ်နေသည်။
            တစ်နှစ်တာလုံး ပုံမှန်စာကြည့်ခဲ့သော အကျိုးကြောင့် စာမေးပွဲကို မီကောင်းစွာ ဖြေဆိုနိုင်ခဲ့သည်။ တစ်ဘာသာဖြေပြီးသွားတိုင်း ရွှင်မြူးနေသော ကလေးမ၏ မျက်နှာကို မြင်ရတိုင်း သူ့ရင်တွင် ကျေနပ်ပျော်ရွှင်ရလေသည်။
            မီက စာမေးပွဲကို တည်ငြိမ်စွာဖြေနေသလောက် သူက ပျာနေအောင် စိုးရိမ်နေမိပြန်သည်။ ခေတ်ပညာတတ်တစ်ယောက်အနေဖြင့် မယုံကြည်ခဲ့သော်လည်း သူမ စာမေးပွဲကို ထူးချွန်စွာ ဖြေဆိုနိုင်ရန် ယတြာမျိုးစုံ သူချေဖြစ်သည်။ ထိုအကြောင်းကို ရှက်ရှက်ဖြင့် မီ့ကို ပြောပြမိလျှင် သူမက အားနာစွာပြုံးရင်း “ ဦးက ကလေးကျနေတာပဲ ” ဟု ဆိုလေသည်။
            မီစာမေးပွဲဖြေနေစဉ်အတွင်း ပြည်နယ်များတွင် တာဝန်ထမ်းဆောင်လိုကြောင်း ကျန်းမာရေးဝန်ကြီးဌာနသို့ သူလျှောက်လွှာတင်သည်။ ထိုအကြောင်းကို မီ့အား မပြောသေး။ တရားဝင်ခန့်စာ ရမှ သူမ အံ့သြသွားရန် ဖွင့်ပြောမည် စိတ်ကူးသည်။
            သူ ဂဏာမငြိမ်စွာ၊ ပူပန်စွာဖြင့်ပင် သူမ၏ စာမေးပွဲ ပြီးသွားခဲ့သည်။ အောင်မြင်သူ၏ အပျော်သည် သူ့ထံသို့ပါ ကူးစက်လာ၏။ “ ဦးကို မီကျေးဇူးတင်တယ် ” ဟု အထပ်ထပ်ပြောလေသည်။ “ ဦးကို ကန်တော့ပါရစေ ” ဆိုပြီး နောက်ဆုံးဘာသာ ဖြေပြီးသောနေ့က သူ့ကို ကျုံ့ကျုံ့ထိုင်ကာ ကန်တော့သည်။ သူ့ရင်တွင် ပြောမပြနိုင်အောင်ပင် ကြည်နူးရသည်။
            စာမေးပွဲပြီးသော နောက်တစ်ရက်တွင် မီတို့အိမ်သို့ ပထမဆုံးအကြိမ်အဖြစ် သူသွားသည်။ အတန်ငယ်ကျယ်ဝန်းသော ခြံထဲတွင် ပန်းမျိုးစုံတို့ စိုက်ထားသည်။ မီတို့အိမ်သည် ပန်းခင်းတို့အလယ်ရှိ တစ်ထပ်တိုက်ပြား လှလှလေး ဖြစ်သည်။ သူရောက်သွားချိန်တွင် မီသည် အချစ်တော် ဘော်ဘီနှင့် ပန်းခင်းထဲတွင် ပြေးကစားနေသည်။ သူ့ကိုမြင်လျှင် ၀မ်းသာအားရ တံခါး လာဖွင့်ပေးသည်။ “ ဦးက ဘာဖြစ်လို့ လာမယ်ဆိုတာ ကြိုမပြောတာလဲ ” ဟု အပြစ်တင်သည်။ “ ကလေး အံ့သြသွားစေချင်လို့ ” ဟု သူဖြေသည်။
            “ အန်တီနဲ့ မိတ်ဆက်ပေးမယ် ” ပြောရင်း သူ့ကို အိမ်ဆီသို့ မီခေါ်သွားသည်။
            မီတို့အိမ်၏ အလင်းအမှောင်အယူအဆ၊ ပရိဘေဂထားသိုပုံ၊ ဧည့်ခန်းအပြင်အဆင်တို့က ပညာတတ်အသိုင်းအ၀ိုင်းမှဖြစ်ကြောင်း ဖော်ပြနေသည်။
            မီ့အဒေါ်သည် တည်ငြိမ်အေးချမ်းသော မျက်နှာနှင့် တည်ငြိမ်ရင့်ကျက်သော အမျိုးသမီးကြီးဖြစ်သည်။ သိမ်မွေ့သော အပြုံးကို သူတုံ့ပြန်ရင်း အသက်ငါးဆယ်နီးပါးလောက်ရှိပြီဟု မ၀ံ့မရဲ ခန့်မှန်းမိသည်။ သူ့ကို မြင်မြင်ချင်း အမျိုးသမီးကြီးက
            “ မီလေး ပြောပြောနေတဲ့ ဒေါက်တာထင်တယ် ” ဟု ဖော်ရွေစွာ နှုတ်ဆက်သည်။ “ ဟုတ်ကဲ့ ” ဟု သူဖြေသည်။ ရင်းနှီးပွင့်လင်းသော ဆက်ဆံရေးကြောင့် သူအနေမကြုံ့။
            မီ့ကို သူမမေးဖြစ်ခဲ့သော သူမ၏ မိဘများအကြောင်းကို မီ့အဒေါ်က ပြောပြသည်။ သူမခြောက်လသမီးအရွယ်တွင်ပင် ကားမတော်တဆဖြစ်မှုတစ်ခုကြောင့် မိဘနှစ်ပါးလုံး ကွယ်လွန်ကြ ကြောင်း သူသိရသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် မိဘမဲ့ဖြစ်ရသော မီ့ကို သူသနားမိသည်။
            အပြန်တွင် သူ့ကို ခြံဝအထိ လိုက်ပို့ရင်း “ မနက်ဖြန် မီ့ကို ဘုရားအစုံလိုက်ပို့ ” ဟု မီပူဆာလေသည်။ “ စိတ်ချ ” ဟု သူဖြေရင်း လှည့်ထွက်ခဲ့သည်။
            လေအဝေ့တွင် ရွက်ဝါအချို့ ကြွေကျလာကြလေသည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
            စာမေးပွဲပြီးသွားသော်လည်း ထင်းရှူးပင်ကြီးအောက်တွင် သူတို့ ပုံမှန်ပင် ဆုံဖြစ်ကြသည်။ မီသည် သူ့ကို ထင်သည်ထင်ပင်ပို၍ သံယောဇဉ်တွယ်နေကြောင်း သူရိပ်စားမိသည်။ သူမ၏ မရှိတော့သော မိဘတို့နေရာတွင် သူ့ကို အစားထိုးပြီး တွယ်တာနေသည်လား။ သို့မဟုတ် . . .
            သူကိုယ်တိုင်ကရော။ ကလေးမကို သံယောဇဉ်ဖြစ်နေကြောင်း သူဝန်ခံသည်။ ထို့ထက်ပို၍ . . .
            သူ ဆက်မစဉ်းစားချင်။ မစဉ်းစားသင့်ဟု သူယူဆသည်။
            နွေညနေခင်းတို့သည် နေ၀င်ချိန်ရှုခင်းကို စုတ်တံဖြင့် ဖမ်းယူရင်း ၀ါဖျော့ဖျော့ မြက်ခင်းပြင်ပေါ်တွင် လမ်းလျှောက်ကြရင်းဖြင့် မသိမသာ ကုန်ဆုံးသွားကြသည်။
            ထိုရက်များအတွင်း ဆေးပညာကို သူပြန်လေ့လာဖြစ်သည်။ နှစ်နှစ်ကျော် သုံးနှစ်နီးပါးမျှ ထိတွေ့မှုကင်းခဲ့သော ပညာရပ်တို့ကို အများအတွက်ဟူသော အသိဖြင့် ပြန်လေ့လာခြင်းကြောင့် မူလထက်ပင် များစွာတိုးတက်လာကြောင်း သတိထားမိသည်။ သူ၏ ဆရာဝန်ဘ၀သည် အားသစ်အင်သစ်တို့ဖြင့် အသင့်ဖြစ်နေပေပြီ။
            ရည်မှန်းချက်ကြီးသောမီအတွက် ကောင်းနိုးရာရာ ဆေးပညာစာအုပ်များကိုလည်း သူစုဆောင်းဖြစ်သည်။
            မီတို့အောင်စာရင်းထွက်ရန် တစ်ပတ်အလိုတွင် သူ့ထံသို့ ကျန်းမာရေးဝန်ကြီးဌာနမှ အကြောင်းကြားစာ ရောက်လာသည်။ ဘာအံမြို့နယ်တွင်းရှိ တိုက်နယ်ဆေးရုံတစ်ရုံတွင် လထဆရာဝန် အဖြစ် ခန့်ထားကြောင်း အကြောင်းကြားစာ ဖြစ်သည်။ ထိုအကြောင်းကို ထိုညနေတွင် မီ့ကို သူပြောပြသည်။
            “ ဒီနေ့ ကလေးကို ၀မ်းသာစရာအကောင်းဆုံး အကြောင်းအရာတစ်ခု ပြောစရာရှိတယ် ”
            “ ဘာကိစ္စလည်း ဦး ” သူ့ကို ခေါင်းထောင်ကြည့်ရင်း မေးသည်။
            အကြောင်းကြားစာကို သူမလက်ထဲ သူထည့်သည်။ သူ့မျက်နှာကို နားမလည်သလိုကြည့်ရင်း စာရွက်ကို သူမ ဖတ်သည်။ ဖတ်နေရင်းမှပင် စာရွက်ကိုင်ထားသော လက်အစုံတို့ တုန်ယင် လာကြ၏။
            “ တကယ်နော် . . . ဒါ . တကယ်နော် . ဦး . . .၊ မီ ၀မ်းသာလိုက်တာ ဦးရယ် . . . ”
            အံ့သြ၀မ်းသာမှုဖြင့် သူမ၏ အသံသည် တုန်ခါနေ၏။ “ ကလေး စာမေးပွဲဖြေနေတုန်း ဦးလျှောက်လိုက်တာ ” ဟု သူပြောသည်။
            “ ဦးက အရင်သွားနှင့်ပေါ့၊ မီ နောက်ကလိုက်ခဲ့မယ်လေ ” ရွှင်မြူးသောလေသံ။
            တစ်စုံတစ်ခုကို သတိရသွားသလို ရုတ်တရက် သူမတွေသွားသည်။ မျက်နှာ တစ်ချက်ညှိုးသွားသည်ကို သူသတိထားမိသည်။
            “ မီတို့နှစ်ယောက် ခွဲရတော့မှာပေါ့နော် ” ဟု ငေးရင်းမှ ပြောသည်။
            “ ဦး စာရေးမှာပေါ့ ကလေးရဲ့၊ ခွင့်ရတိုင်း ပြန်လာမယ်လေ ” ဟု သူနှစ်သိမ့်သည်။
            “ မီ ဦးနဲ့မခွဲချင်ပါဘူး ဦးရယ်၊ ဒါပေမယ့် ဆရာဝန်တစ်ယောက်အဖြစ်နဲ့ လူနာတွေအနားမှာ ဦးရှိနေတာကို မီ ပိုမြင်ချင်တယ် ”
            သူမရင်ထဲမှလာသော စကားဖြစ်ကြောင်း သူခံစားမိသည်။ တကယ်ဆိုလျှင် သူမနှင့် ခွဲခွာရမည့်အဖြစ်ကို သူလည်း မလိုလားပါ။ သို့သော် သူသည် ဆရာဝန်တစ်ယောက် ဖြစ်နေလေပြီ။ လူနာတိုင်းအတွက် ၂၄ နာရီပတ်လုံး တာဝန်ရှိသူလည်း ဖြစ်သည်။ ပုဂ္ဂလိကဝေဒနာသည် ပရဟိတကိစ္စတွင် ဘေးဖယ်ထားရမည့်အရာဟု သူနားလည်သည်။ သို့သော် သူလည်း လွမ်းတတ်ပါသည်။
            “ ဦး ဘာတွေ တွေးနေတာလဲ။ ဘယ်လူနာကို ဘယ်လိုကုလိုက်မယ် သ-လိုက်မယ်နဲ့ တွေးကြည့်နေတာ မဟုတ်လား။ မီရောက်လာလို့ကတော့ ဦးလူနာတွေအကုန် မီ့ဆီရောက်အောင်ကို ကုပစ်မှာနော် ”
            ရယ်စရာဖြင့် သူတပါး၏စိတ်ကို ဖော့ပေးတတ်သော အတတ်ကို မီလည်းတတ်မြောက်နေကြောင်း သူသတိထားမိသည်။
            မည်သို့ပင်ဆိုစေ မီအောင်စာရင်းထွက်ပြီးနောက်နေ့တွင် တာဝန်ကျရာသို့ သူသွားရတော့မည်ဖြစ်ကြောင်း သူမကို မပြောဖြစ်ခဲ့ပါ။ မကြာခင် ခွဲရတော့မည်ဆိုသော အသိကြောင့် သူတုန်လှုပ်မိသော်လည်း သူမ မရိပ်မိအောင် ပိရိစွာ ဟန်ဆောင်နိုင်ခဲ့သည်။
            အဝေးဆီမှ ဥသြတွန်သံ ကြားရပြန်၏။
@@@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း ( ၄ ) ကိုလည်း အားပေးကြပါဦး . . .
10 comments:
Cameron said...
ဆောရီးပါဆရာရေ... မရောက်ဖြစ်တာနဲ့ အပိုင်းတစ်နဲ့ နှစ်ကိုမဖတ်လိုက်ရဘူး ....သွားဖတ်ပါဦးမယ်... ၀တ္ထုလေးသိပ်ကောင်းတယ် ...ကိုယ်တွေ့မဟုတ်ဘူးလို့ အပိုင်းနှစ်အစပိုင်းမှာတွေ့လို့သာ ယုံလိုက်တယ်နော်...။ အရေးအသားကိုတော့အရမ်းခိုက်သွားပြီ..။
ကိုကိုမောင်(ပန်းရနံ့) said...
အင်း... ဥသြတွန်လိုက် သစ်ရွက်ကြွေလိုက်နဲ့ အစိမ်းရင့်ရောင်က ဘယ်အချိန်မှာမှများ အလွမ်းအဖြစ်သို့ ကူးပြောင်းမှာပါလိမ့်။ ဖတ်မိပြီးမှတော့ မတတ်နိုင်တော့ဘူး။ အပိုင်း၎ကို စောင့်မျှော်ရုံဘဲပေါ့။
ကြောင်ဖမ်းဆရာတော်အကြောင်း အပိုင်းတွေ ခွဲရေးခဲ့လို့ ၀ဋ်လိုက်လာပြီထင်ပါ့။
ဆရာရေ..
ဖတ်ရတာ ခံစားချက်တွေ ပြည့်လွန်းတယ်နော်။ ဒါ.. ဒါ..ဒါ စိတ်ကူးယဉ်သက်သက် ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။း)
နွေလ said...
ဆရာကတော့ ညည်းဆဲမလား မမေးနဲ့
တစ်ခါတည်း တင်လိုက်ပါတော့လား
အခုတော့ ဆန့်တငင်ငင် နဲ့ဗျာ
အလွမ်းတွေ ဘယ်တော့ အစိမ်းရင့်ရောင့်ဖြစ်မှာလဲ
ဟန်ကြည် said...
ဝထ္ထုတိုမဟုတ်ဘဲ ၀ထ္ထုလတ်ဖြစ်နေတော့ တစ်ခါတည်းတင်ရင် ပို့စ်အရှည်ကြီးဖြစ်ပြီး ညည်းငွေ့ကုန်မှာစိုးလို့ပါ...
ပို့စ်ကို အခုလို ခွဲတင်တဲ့နည်းဗျူဟာကို အထက်က ကွန်မန့်ပေးထားတဲ့ သူကြီးမင်း(ကိုကိုမောင်)ဆီကနေ စနစ်တကျ သင်ယူတတ်မြောက်ခဲ့ပါကြောင်းဗျား...း)
နေ၀သန် said...
၂ နဲ့ ၃ ကိုပေါင်းဖတ်သွားတယ်.. ဆရာကြည်... မြန်မြန်ဆက်တင်ပါ.. ပြီးမှ အကြောင်းအကျိုးရေးတော့မယ်..း))
ခင်မင်လျက်
နေ၀သန်
စံပယ်ချို said...
ဆရာရေ
ခုချိန်ထိအောင်ရင်ထဲက သံယောဇဉ်တွေမပြရသေးပါလား
ခွဲပဲ ခွဲရတော့မယ်
ကူးကူးလှိုင် said...
အပိုင်း - ၄ ကိုစောင့်မျှော်နေပါတယ်...
လွင်ပြင်လှိုင်းငယ် said...
ဦးရယ်...ဟုတ်ပါဘူး ဆရာရယ် ကုလားအုပ်ဖြစ်ပါစေ
စောင့်လို့တာ ဖတ်ပါ့မယ်
နွေးတေးရှင်(မင်းဧရာ) said...
ဆက်ရန်မြန်မြန်...........။
မြန်မြန်ဆက်ပါ ဆရာရယ်။
San San Htun said...
တဂျီးမင်း မန့် ကို ဖတ်ပြီး ရယ်လိုက်ရတာ ဆရာဟန်ရေ..အပိုင်း ၄ ကို ဖတ်လိုက်ဦးမယ်..ဘာဆက်ဖြစ်မလဲလို့  သိချင်တယ်
ကြိုက်ရင်ပေါ့လေ . . .
Powered By Blogger