Monday, 23 April 2012

ချီလေတဲ့ချီလေ ( ၂ ) . . .


ဦးဟန်ကြည်တို့ လင်ကိုယ်မယား စကားတပြောပြောနဲ့
 တောင်ငေးမြောက်ငေး ခပ်ဖြည်းဖြည်း မောင်းလာကြရင်း အရိပ်တွေ့ရင် ခဏထိုင်၊ စားသောက်ဆိုင်မြင်ရင် ခဏနား၊ လမ်းဘေးရှုခင်းကောင်းရင် ဓာတ်ပုံရိုက်ကြပြီး ရောက်ချင်တဲ့အချိန်ရောက်ဆိုတဲ့စိတ်ကူးနဲ့ စိတ်လွတ်ကိုယ်လွတ်သွားလိုက်ကြတာ ကရင်ပြည်နယ်ရဲ့ပြည်နယ်မြို့တော်ဘားအံကို ညနေ ၄ နာရီခွဲလောက်မှာ ဒုတ်ဒုတ်ထိရောက်လာကြပါလေရော။

ကွင်းပြင်ကျယ်ကြီးထဲက လက်ဝှေ့ရုံ . . .
 ဘားအံမြို့ကြီးက လမ်းတွေကတော့ စံချိန်မီအောင် ကျယ်ပါပေ့။ ဒါပေမယ့် လမ်းလယ်ပလက်ဖောင်းမရှိတာကြောင့် ဦးဟန်ကြည်ခမျာ လမ်းကူးရင် သံဗုဒ္ဓေရွတ်ရပါရောလား။ မြို့ထဲလမ်းဘေးမှာ ရေပက်နေကြတဲ့ အုပ်စုတွေတော့ ဟိုတစ်စု သည်တစ်စု တွေ့ပါရဲ့။ ဒါပေမယ့် သူရို့က အပက်ခံချင်တဲ့လူလောက်ပဲ ရွေးပက်တာမို့ ဦးဟန်ကြည်တို့နှစ်ယောက်ကိုတော့ ဘေးမယ့်ပေးကြတာ များသကိုး။ ကောင်းလှောင့်တေး။ မြို့ထဲရောက်တော့ လွန်ခဲ့တဲ့ သုံးနှစ်လောက်က တည်းခဲ့ဖူးတဲ့ ခရစ်ယာန်ဘုရားကျောင်းနားက ကန်သာဦး တည်းခိုခန်းကို အရင်သွားပြီး အခန်းယူပြီး ရေမိုးချိုး၊ လူယောင်ဖန်ဆင်းမယ် စိတ်ကူးထားပေမယ့် အခန်းပြည့်နေတာမို့ မှန်းချက်နဲ့ နှမ်းထွက်က လွဲပါလေရော။ ဒါနဲ့ပဲ မိတ်ဆွေစိုက်ပျိုးရေး ခရိုင်မန်နေဂျာကို ဖုန်းဆက်ပြီး သူ့အိမ်ကို အရင်သွားကြဖို့ ဆုံးဖြတ်ချက်ချလိုက်ရပါရဲ့။

မြို့ကွက်မကျဘဲ သပွတ်အူလို လိမ်နေတဲ့ ဘားအံလမ်းတွေကြားမှာ ဦးဟန်ကြည်တို့ မောင်နှံ တလည်လည်နဲ့ ဟိုဝင်လိုက်၊ သည်ထွက်လိုက်၊ ဖုန်းဆက်ပြီး မေးလိုက်နဲ့ သွားလိုက်ကြတာ ၅ နာရီ ကျော်မှပဲ မိတ်ဆွေအိမ်ကို ရောက်ကြပါရော။ တစ်လမ်းလုံး ရေမရွှဲခဲ့သမျှ ဟိုဝင်သည်ထွက်နဲ့ အိမ်လိုက်ရှာမှဘဲ နှစ်ယောက်လုံး ကြွက်စုတ်ဖြစ်ရော ဆိုပါစို့။ မဖြစ်ဘဲ နေရိုးလား တစ်လမ်းကို နှစ်ခေါက်သုံးခေါက်လောက် ၀င်ရထွက်ရတော့တာမို့ ရေပက်နေတဲ့ သကောင့်သားကလေးများ စိတ်ကြိုက်ပက်ကြစေသတည်း ဖြစ်ပြီကိုး။ မိတ်ဆွေခရိုင်ဂျာဆီရောက်တော့ သယ်လာတဲ့ လက်ဆောင်လေးတွေ ထုတ်ပေးပြီး တည်းခိုခန်းကိစ္စစုံစမ်းရပါတော့တယ်။ ခရိုင်ဂျာကလည်း တည်းခိုခန်းသန့်သန့်ကို သူလည်းမသိရှာပါဘူးတဲ့။ ကောင်းပါလေရော။ သူ့အိမ်မှာတင်တည်းဖို့ အတင်းတိုက်တွန်းနေပေမယ့် သွားချင်ရာသွား၊ စားချင်ရာစားပြီး ပြန်ချင်တဲ့အချိန်ပြန်တတ်တဲ့ ကိုယ့်အကျင့်ကို သိနေတဲ့ ဦးဟန်ကြည်တို့ မောင်နှံလည်း ဇွတ်အတင်းငြင်းပြီး နေမကွယ်ခင် တည်းခိုခန်းရှာဖို့ စိုင်းပြင်းရပါတော့တယ်။

နေစောင်းပေမယ့် ရေလောင်းကြတုန်း . . .
ဘယ်သွားသွား တလည်လည်မဖြစ်ရရင် မကျေနပ်တဲ့ မွေးရာပါအကျင့်အတိုင်း 
တည်းခိုခန်းလိုက်ရှာလိုက်ကြတာ တွေ့မည့်တွေ့တော့ အညံ့တကာ့အညံ့ဆုံး တည်းခိုခန်းနဲ့မှ တည့်တည့်ကို တိုးပါလေရော။ တည်းခိုခန်းက ကားလမ်းမကြီးဘေးဖြစ်ပြန်တော့ အထင်တကြီးပေါ့လေ။ အအေးခန်းဧည့်ရိပ်သာလို့လည်း ရေးထားပေသကိုး။ နှစ်ယောက်ခန်းဆိုရင် ဖင်မလှည့်သာ၊ ခေါင်းမလှည့်သာအောင် ကျဉ်းတတ်တဲ့ မြန်မာပြည်တည်းခိုခန်းတွေအကြောင်းကို နောကျေနေတဲ့ ဦးဟန်ကြည်တို့နှစ်ယောက် အဲကွန်းပါတဲ့ သုံးယောက်ခန်းတစ်ခန်းယူပြီး အပေါ်ထပ်တက်သွားမှပဲ မှားခြင်းကြီးမှားမှန်းသိပါလေရော။ ဘယ့်နှာ သူ့ဟာက အခန်းထဲမှာ စားပွဲတစ်လုံး၊ အ၀တ်တန်းတစ်ခု၊ နှစ်ယောက်အိပ်ကုတင်တစ်လုံး၊ တစ်ယောက်အိပ်တစ်လုံး၊ အဲကွန်းဖွတ်ချက်တစ်လုံးကလွဲလို့ ကျန်တာနတ္တိ။ ရေချိုးချင်ရင်လည်း အပြင်ထွက်ချိုး၊ အိမ်သာသွားချင်ရင်လည်း အပြင်ထွက်၊ ကောင်းရော။ ပြောရရင်တော့ သူရို့ရေချိုးခန်းထဲမှာ ဆပ်ပြာခဲတောင် မရှိရှာဘူး။ အခန်းထဲက ကြမ်းပြင်မှာလည်း သဲတွေတရှပ်ရှပ်ဆိုတော့ ဘယ်လောက်အဆင့်မြင့်လေမလဲ စဉ်းစားသာကြည့်ပေရော့။ ကျန်တာသာ စံချိန်မမီရှိရမယ် တည်းခိုခန်းခကတော့ စံချိန်မီပါ့ဗျား။

ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် . . .
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရွာမှာကြက်ဖ၊ သူများရွာရောက်ရင် ကြက်မ လို့ ရှေးလူကြီးတွေက ဆိုထားပြန်တော့ ထိုင်ရင်းနေရင်း ကြက်မဖြစ်သွားရှာတဲ့ ဦးဟန်ကြည်တို့လည်း သူ့အရပ်နဲ့ သူ့ဇာတ် လိုက်လျောညီထွေရှိအောင် ကျင့်ရတော့တာကိုး။ ဒါကြောင့် အများသုံးရေချိုးခန်းမှာပဲ ရေချိုး၊ အ၀တ်အစားလဲကြရုံပေါ့။ လမ်းမပေါ်မှာ ရေမပက်တော့တဲ့ ည ၇ နာရီလောက်မှာ အပြင်ထွက်ပြီး ဗိုက်ဖြည့်မယ်ကြံပြန်တော့လည်း စားသောက်ဆိုင်က ရှာရပြန်ရော။ အရေးထဲ ပြည်နယ်မြို့တော်ကြီးကလည်း သောက်ကျိုးနည်း မီးမှောင်လိုက်တာ လွန်ပါရော။ မီးတိုင်တွေမှာ ပိုးစုန်းကြူးလား၊ ခရမ်းချဉ်သီးလားမသိတဲ့ ရဲရဲလေးတွေမှ တန်းကိုစီလို့။ ဒါပေမယ့် သူ့ဒေသသားတွေကတော့ သွားနေလာနေလိုက်ကျတာ ချောလို့ဗျား။ ဦးဟန်ကြည်မှာသာ စမ်းတ၀ါးဝါးနဲ့ သူများကိုဝင်တိုက်မိမှာကြောက်ရ၊ ကိုယ့်ကိုဝင်တိုက်မှာလန့်ရနဲ့ တုန်ချိတုန်ချိမောင်းရင်း မဖြစ်ချေဘူးဆိုပြီး လမ်းဘေးမှာတွေ့တဲ့ စည်ဘီယာဆိုင်တစ်ဆိုင်ထဲကို ထိုးဝင်လိုက်ရပါရောလား။ ဒါပေမယ့် သူ့ဆိုင်မှာ အရည်ရော၊ အဖတ်ပါ စိတ်ကြိုက်စားတာမှ တစ်သောင်းကျော်ကျော်ပဲ ကျတာကြောင့် ဘ၀င်ကျသွားရပါရဲ့။

အသားစိမ်းကောဆိုပဲ . . .
ညဦးပိုင်းမှာ ရောက်တုန်းရောက်ခိုက် ပြည်နယ်မြို့တော်ကြီးကို လှည့်ပတ်ကြည့်မှပဲ စိတ်နဲ့ကိုယ်နဲ့က ညစ်ခြင်းမလှ ညစ်ရပြန်ပါရော။ ဘယ့်နှာ။ သူရို့မြို့ကြီးကလည်း မှောင်ချက်က ကမ်းကိုကုန်ရော။ လမ်းပေါ်မှာ ကားတွေ၊ ဆိုင်ကယ်တွေက ထိုးထားတဲ့ မီးရောင်ပဲရှိတာကိုး။ နေပြည်တော်နဲ့များကွာပါ့း(။ နေပြည်တော်မှာဆို လူမနေတဲ့ တောကြိုအုံကြားက လမ်းမပါမကျန် မာကြူရီမီးတွေမှ ထိန်ထိန်ကိုလင်းလို့။ ကမ်းနားဘက်ကို ယောင်နနနဲ့ မောင်းသွားတော့ ဗဟိုမဏ္ဍပ်မှာ ယိမ်းကနေတာတွေ့ရပါရဲ့။ ဒါပေမယ့် လူတွေပြုံနေတာမို့ ခပ်လှမ်းလှမ်းကပဲ ဓာတ်ပုံရိုက်ပြီး ဆိုင်ကယ်ဘီးတည့်ရာ ဆက်ထွက်ခဲ့ပါရော။ လမ်းမပေါ်မှာ မှောင်လှအောက်မေ့နေတဲ့ ဦးဟန်ကြည်တစ်ယောက် ကမ်းနားရောက်မှ ကောက်ချက်ချတာ စောသွားမှန်းသိရတော့တာပ။ လမ်းမပေါ်မှာမှ ပိုးစုန်းကြူးရှိသေးရဲ့၊ ကမ်းနားမှာ ဘာစုန်းကြူးမှကို မရှိတဲ့ ပကတိပလိန်း ပိန်းပိတ်အောင်ကို မှောင်နေတာကိုး။ အိမ်တွေမှာ မီးရောင်လေးတွေမြင်နေရသေးတာကိုပဲ ကောင်းချီးမင်္ဂလာတစ်ပါးလို့ ယူဆရသေး။

ကမယ့်လူမရှိလည်း မဏ္ဍပ်မြင်တာနဲ့တင် စိတ်ချမ်းသာပ . . .
လမ်းဘေးတွေမှာ ဆောက်ထားတဲ့ ရိုးရာရေသဘင်မဏ္ဍပ်တွေသာ မရှိခဲ့ရင်တော့ ဦးဟန်ကြည်တစ်ယောက် လာခဲ့မိမှားလေခြင်းရယ်လို့ ခြုံးပွဲချငိုမိမယ်တင်ပါရဲ့။ ကရင်လူမျိုးတွေ အများစုနေတဲ့ ဒီဒေသမှာ မြန်မာ့ရိုးရာကို အထိုက်အလျောက် ထိန်းသိမ်းထားတာကတော့ အမှတ်ကြီးကြီး တစ်မှတ်ပေးရဦးမှာပါပဲ။ ကမ်းနားတစ်နေရာက မဏ္ဍပ်တစ်ခုမှာ ကလေးမလေးတစ်အုပ် ယိမ်းကနေတာမြင်တော့ ဦးဟန်ကြည်တို့နှစ်ယောက် ၀မ်းသာအားရနဲ့ ရပ်ကြည့်ဖြစ်ကြပါသေးတယ်။ ဒီလိုအကလေးတွေ မမြင်ရတာကလည်း နှစ်အတော်ကြာပြီကိုး။ ဒါပေမယ့် ကတဲ့ကလေးတွေက အင်တိုက်အားတိုက် ကနေကြရှာပေမယ့် ထိုင်ကြည့်နေတဲ့ ပရိသတ်ကဖြင့် လက်တစ်ဖက်စာတောင် မရှိ။ ဘာပဲဖြစ်ဖြစ် ကလေးတွေ ကနေတာပဲ ကျေးဇူးတင်ရသေးတော့။ မဏ္ဍပ်ရှေ့အသာရပ်ပြီး ကင်မရာထုတ်ရိုက်တော့ ကလေးတွေခမျာ အတော်ပျော်သွားကြဟန်တူရဲ့။ တီးနေတဲ့ ဒိုးဆရာလည်း ခပ်မြူးမြူးလေး တီးလာသလို၊ အကကလည်း သွက်လာပါလေရော။ မဒမ်ဟန်ကြည်က ကလေးတွေရှေ့သွားရပ်ပြီး အသေအချာ ဓာတ်ပုံသွားရိုက်ပြန်တော့ အတိုင်းထက်အလွန်ပေါ့။

ကလည်းက လှလည်းလှ . . .
 မဏ္ဍပ်က တာဝန်ရှိတဲ့လူတစ်ယောက်က ဦးဟန်ကြည်တို့ကို လာပြီး သူ့မဏ္ဍပ်နဲ့ သူ့ကလေးတွေအကြောင်း ရှင်းပြပါသေးတယ်။ သူရို့ရပ်ကွက်က ဆင်းရဲတော့ သူများရပ်ကွက်တွေလို ကားတွေဘာတွေနဲ့ မလှည့်နိုင်ဘူး ဆိုကိုး။ ကနေကြတဲ့ ကလေးတွေကလည်း ငယ်ကြပြန်တော့ လာကြည့်ကြတဲ့လူတွေက ယိမ်းသမလေးတွေ နို့ဘူးယူမလားလို့ စကြတယ်ဆိုပဲ။ အသက် ၁၀ နှစ်ကျော်ရင်ပဲ ထွန့်ထွန့်လူးပြီး နန့်နန့်တက်နေတဲ့ ဒီခေတ်ကြီးမှာ ဒီကလေးတွေ စိတ်ပါလက်ပါ ကနေကြတာကိုက အားရဖို့ကောင်းနေပါပြီလို့ ဦးဟန်ကြည်ကတောင် ပြန်ပြောမိပါရဲ့။ သင်္ကြန်တွင်းမှာ မလည်ရ၊ မကဲရတဲ့ ဒီယိမ်းသမလေးတွေ စိတ်ကျေနပ်သွားအောင် သင်္ကြန်ပြီးရင် ရပ်ကွက်ရန်ပုံငွေနဲ့ ချောင်းသာကို အလည်ပို့ပေးပါသတဲ့။ သူရို့စနစ်ကလည်း ခပ်ကောင်းကောင်း။

မြို့တော်ဗဟိုမဏ္ဍပ် . . .
ယိမ်းမဏ္ဍပ်က ထွက်လာပြီး ကမ်းနားတမ်းတလျှောက် မောင်းလာလိုက်မိတော့ သူ့လမ်းကြောက တစ်ကြောတည်းဖြစ်နေပါရောလား။ ညကပဲ မှောင်လေသလား၊ ဦးဟန်ကြည်ပဲ မွဲလေရော့သလားတော့မသိ၊ လမ်းမပေါ်ကို ပြန်တက်မယ့်လမ်းကို မရှိ။ တွေ့သမျှ လမ်းသွယ်တွေကလည်း မြစ်ဆိပ်ဘက်ကိုချည်း ဦးတည်နေတာမို့ စွတ်ရွတ်သွားလိုက်မိရင် သံလွင်မြစ်ထဲမှာ ရေဆင်းကူးနေရမယ့်ကိန်းဆိုက်နေတာမို့ လာလမ်းအတိုင်း တပ်ပြန်ခေါက်ပြီး တည်းခိုခန်းကို ညရှစ်နာရီခွဲမှာ ပြန်ရောက်ပါတော့တယ်။ ဘုရားစူးတည်းခိုခန်းမှာလည်း အိပ်ရုံကလွဲပြီး ဘာတစ်ခုမှ အပန်းဖြေစရာမရှိပြန်တော့ အောက်ထပ်ကောင်တာကယူလာတဲ့ ဂျာနယ်နှစ်စောင်ကို တစ်ယောက်တစ်လှည့်ဖတ်ပြီး စိတ်ပေါက်ပေါက်နဲ့ မိုင်ကုန်တင်ဖွင့်ထားတဲ့ ဖြစ်ကတတ်ဆန်း အဲကွန်းခန်းထဲမှာ အိပ်မပျော်မချင်း အောင်းကြရပါရောလား။ အရေးထဲမှာ ယူလာမိတဲ့ သတင်းဂျာနယ်ကလည်း မြန်မာစာကို အထိုက်အလျောက် ကျွမ်းကျင်တဲ့ ဦးဟန်ကြည်တောင် နားမလည်နိုင်တဲ့ မြန်မာဝေါဟာရတွေ၊ ၀ါကျဖွဲ့စည်းပုံတွေနဲ့ ကျကျနနတန်ဆာဆင်ထားပြန်လေတော့ ဖတ်ရင်း၊ ဒေါကန်ရင်းနဲ့ သင်္ကြန်အကျနေ့ကတော့ ကသောင်းကနင်းနဲ့ ကုန်သွားရှာပါရဲ့။  ။

ဆက်ပါဦးမယ် . . .

22 comments:

ahphyulay said...

ရေးချင်တာသာ... ဆိုတော့ ...
အင်း အားလုံးကြည့် ဖတ်ခဲ့ ပြီးမှ
ဘာ......... သွားတွေ့ တယ်မှတ်လဲ ..၊
“အသားစင်းကော” တဲ့ ဗျာ။
အဲ့ ဒါအကြိုက်ဆုံး..၊
ကျန်တဲ့ အနုအရွ အလှအပတွေ
မခံစားနိုင်တော့ ဘူးဆရာရေ့ ၊
စကားများရဲ့  ကောင်းကင် အဲ..
စကားလုံးမှားတဲ့ ကောင်းကင်အောက်မှာ
တလူလူလွင့် နေတဲ့  “ခွပ်ဒေါင်း” အလံ
နောက်လိုက်နေမိခဲ့ တာ ၃လကျော်
၎လထဲ ဝင်နေမိလို့  ရွာလည်းမရောက်
ကိုယ့် အိမ်လည်း မဝင်မိဖြစ်ခဲ့ ရလို့ 
လာရောက်ဂါရဝပြု တောင်းပန်ရပါကြောင်း။
အော်.. ဒါနဲ့  ဆရာရေ့ ..
ကျွန်တော်တို့  ဘယ်တော့  ဂိုးသွင်းရမလဲ
ဟင်...။

ခင်မင်မိတဲ့ 
(အဖြေးလူ)

သိင်္ဂါကျော် said...

မှောင်မှောင်မည်းမည်း ထဲက မဏ္ဍပ်တွေကို လာကြည့်သွားပါတယ်.. :D

AH said...

လက်ဝှေ့ပွဲ တစ်ချီ တစ်မောင်း မကြည့်ခဲ့ဖူးလား ဆရာ.... မှောင်မှောင်မဲမဲထဲက မဏ္ဍပ် လင်းလင်းလေးတွေ ကြည့်သွားပါကြောင်း....

ခင်မင်စွာဖြင့်
AH

ချစ်စံအိမ် said...

လာကြည့်သွားပါတယ်ဆရာရှင့်
အပိုင်၃ကိုစောင့်မျှော်လျှက်ပါရှင်..

မိုးငွေ့...... said...

မသိဘူးဗျာ.... ပြည်နယ်မြို့ကြီးက ပကတိမှောင်မိုက်နေလို့ ... ကင်မရဖရှက်ခ်ျနဲ့ ရိုက်ထားတဲ့ ဟင်းပွဲလေးတွေကိုပဲ လင်းလင်းထင်းထင်း သရေကျသွားပါကြောင်း..။

blackroze said...

ဆရာဟန်ရယ်
ဘားအံရောက်မှမီးပျက်ရတယ်လို့နော်..

ခင်တဲ့ပစ်ပစ်

နေ၀သန် said...

ဘားအံရဲ့ ဇွဲကပင်အလှလေးတွေ သဘောကျတယ်..း)).. ကျန်တာတော့သိဘူး.. :D..

ခင်မင်လျက်
နေ၀သန်

မဒမ်ကိုး said...

ကြက်ဖြစ်သွားတဲ့ ဆြာကြည်ရဲ့ သင်္ကြန်စွန့်စားခန်းကတော့ဖြင့် မှောင်မှောင်နဲ့မဲမဲပါလားဆြာရယ်း))


ဂျာရစ်

လွင်ပြင်လှိုင်းငယ် said...

ဆရာရေ ပုံလေးတွေကြည့် စာလေးတွေဖတ်ရင်း အပိုင်း(၃)ကို မျှော်နေပါတယ်

kokoseinygn said...

ခရီးသွားမှတ်တမ်းကို
ဖတ်ပြီးသကာလ ခရီးသွားချင်နေမိ
ပြန်ပါကြောင်း....
ဆ၇ာ့ေ၇.

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်တယ် ဆရာရေ
အသားစင်းကောကို ပိုစိတ်ဝင်စားတယ်
လုပ်နည်းလေးပါ သိချင်တာ :P
ကနည်းတော့ မသိချင်တော့ပါဘူး ကိုယ်တိုင်လည်း ကမှမကတတ်တာဆိုတော့လေ။
ဘားအံကို ရောက်ဖူးတာ ကြာပြီ
ခုတော့ ထပ်သွားချင်သေးတယ်

ကိုရင် said...

ဘလော့ရေးခွင့် လိုင်စင်ပြပါ..
ဓါတ်ပုံတင်ခွင့် ထောက်ခံစာ ပေးပါ..
:D

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ဆြာဟန်ဒီနှစ်သက်ြန် တန်သွားပြီ
ရိုးရာဟန်လေး ပြပြရေးရေးတွေ့ခဲ့သေးတာကိုး
မောင်ဘကြိုင်တော့ မတွေ့ခဲ့ရပေါင်

ကိုကိုမောင်(ပန်းရနံ့) said...

ဆရာတို့ စုံတွဲက အခုမှ ဟန်နီးမွန်း ထွက်ရတာ ထင်တယ်။း)

အင်း.. အခုခရီးက ဟန်းနီးမွန်းထက် ပို ရင်ခုန်ဖို့ကောင်းလောက်တယ်။ ရင်တမမနဲ့ မောင်းနင်နေရတာကိုး။း)

ချစ်သူမောင် said...

ပျော်စရာပါဦးဟန်ကြည်


ခင်မင်လေးစားလျှက်
ချစ်သူမောင်

ဒုတိယလူ said...

အားကျတယ် တယ်ဆရာရေ
ဘာပဲ ဖြစ်ဖြစ် အမှက်တရ
တခုတော့ ဖြစ်ခဲ့တယ်မဟုတ်လား
း)

မြစ်ကျိုးအင်း said...

ဆရာဟန် အနောက်က လိုက်ရတာလည်း သိပ်မနှိပ်ပါလားဗျာ။ မှောင်မှောင်နဲ့မဲမဲ မြစ်ထဲ ဒိုင်ဗင်ဆင်းကိန်းချည်းပဲ တိုးနေတော့တယ်။ ဗျစ်ရွှေရည်ခွက်လေးတောင် မမြင်လိုက်ရဘူး

ဆူးသစ် said...

လင်မယားနှစ်ယောက်သွားတဲ့ခရီးဆိုတော့ ကြည်နူးရမလားမှတ်တယ်။ ကိုဟန်ကြည်တစ်ယောက်တော့ စိတ်ပင်ပန်းရတော့တာကိုး။ ပြည်နယ်တွေလည်း တိုးတက်ဖို့တော်တော်လိုသေးတယ်ထင်တယ်ဗျာ။ ဘားအံကိုခဏတော့ရောက်ဖူးတယ်။ သေသေချာချာကြီးတော့ မနေခဲ့ရဘူး။ အလုပ်နဲ့သွားတာပါ။ ဘာပဲဖြစ်ဖြစ်သင်္ကြန်တွင်းဆိုတော့လည်း ထူးထူးဆန်းဆန်းလေးတွေမြင်ရတာပေါ့ဗျာ။ ကျွန်တော်တို့တိုင်းပြည်မှာလူမရှိတဲ့နေရာတွေ မီးလင်းနေပြီး လူရှိတဲ့နေရာတွေမီးမှိန်နေသရွေ့ တိုင်းပြည်ကတော့ နောက်ကျကျန်သေးတယ်ဆိုတဲ့လက္ခဏာတွေပဲပေါ့ဗျာ။

Anonymous said...

ဒီလိုမျိုးလေး အေးအေးလူလူ ခရီးထွက်ကြတာ ပျော်စရာကောင်းပါတယ်..အိမ်မက်တောင် ကရင်လူမျိုးဖြစ်ပြီး ဘားအံတစ်ခါမှ မရောက်ဖူးဘူးလေ..မြန်မာနိုင်ငံမှာ ရှိစဉ်က မငြိမ်မသက်ဖြစ်တယ်ကြားပြီး အိမ်က စိတ်မချဘူး.. ဦးဟန်ကြည်တို့ သွားလည်တာကို ပဲ လာကြည့်ရင်း စိတ်ကူးနဲ့ ပဲသွားလိုက်တော့မယ်..ဒုတိယပိုင်း မျှော်နေမယ်နော်.
အိမ်မက်စေရာ

san htun said...

ဆရာဟန့်  အဖြစ်ကလည်း မြစ်ထဲ ဒိုင်ဗင်ထိုးမယ့်ကိန်းပါလား..နောက်အပိုင်းတွေ မျှော်နေတယ် ဆရာရေ

ထော်ဦး said...

ဆရာ ဦးဦးဟန်ကြည်ရေ...
ဆရာလာမှ ဘားအံက မီးပျက်ရတယ်လို့ ...
ကော့ဂွန်းဂူ မသွားဖြစ်ဘူးလားဟင်း...
ကော့ဂွန်းဂူက နှစ်ဆန်ဒတစ်ရက်နေ့ လား၊နှစ်ရက်နေ့ လားမသိဘူး ဘုရားပွဲ ရှိတယ်လေ...
နောက်တစ်ခါ ဘားအံကို လာလည်ရင်
ကျွန်တော့်ကို အကြောင်းကြားလိုက်ရင် လည်စရာတွေ
ညွန်ပြပေးမယ်လေ ဦးဦး
ခင်တဲ့
ထော်ဦး(ဘားအံကွန်ပျူတာ)

မန်းကိုကို said...

ကွန်မန့်ပေးကာမှ သိက္ခာကျစရာ ဖြစ်တော့မှာပဲ ၊ ဓါတ်ပုံကြည့်ပြီး ဘယ်နေရာလည်း သိသလိုလိုနဲ့ ပြောမတတ်ဘူး ဖြစ်နေတယ် :-)

ပုံထဲပါတဲ့ ဗန်ဒါပင်က နေရာတိုင်းတော့ မရှိပါဘူး ၊ မြို့အဝင် ကားဂိတ်ကြီးနားတို့ ပြည်နယ်ရုံးဖက်နားတို့နဲ့ အခြားနေရာ အနည်းကျဉ်းပဲရှိတတ်တာ မမှတ်မိဘူး ဖြစ်နေတယ် ။ လမ်းလယ်က ကွန်ကရစ်တုံးတွေ တွေ့ပြန်တော့ ချောင်ကြိုချောင်ကြားလဲ မဟုတ်ပြန်ဘူး ။ ထားပါတော့ ။

တည်းခိုခန်းကတော့ ကိုဟန်ကြည် အခန်းမရလိုက်တဲ့ တည်းခိုခန်းတွေက သီးသန့် အိမ်တွဲကလေးတွေနဲ့မို့ အနည်းဆုံးတော့ လွတ်လပ်တာ သေချာတယ် ၊ ကျန်တဲ့ တည်းခိုခန်းတွေကတော့ ကိုယ့်မြို့ကို တည်းလို့ မရဘူးဆိုတော့ မပြောတတ်ဘူးဗျ ၊ ပတ်သက်ဖူးသူတွေလောက်ပဲ သိတတ်ကြတာကိုး ။

ဒါပေမယ့် ကိုဟန်ကြည်တစ်ယောက် ပတ်ဝန်းကျင်နဲ့ သဘာဝကို ခံစားတတ်အောင် မြို့မှောင်မှောင်နဲ့ ဧည့်ခံနိုင်တာကိုတော့ ဂုဏ်ယူပါတယ်ဗျာ :-)

လက်ဝှေ့ရုံကတော့ လွန်းညဖက်မှာလား ၊ အိန္ဒုဖက်လား ၊ ဇွဲကပင်တောင်ခြေ ခလောက်နို့ဖက်လားပဲ ။

ကြိုက်ရင်ပေါ့လေ . . .