Sunday, 22 April 2012

ချီလေတဲ့ချီလေ ( ၁ ) . . .

ဦးဟန်ကြည်တစ်ယောက်တည်းရဲ့ 
ပုဂ္ဂလဓိဌာန်စိတ်ကူးအရဆိုရင် လူအုပ်အုပ်၊ လူရှုပ်ရှုပ်ရှိတဲ့ နေရာများကို အင်မတန်မှ စိတ်ကုန်သပေါ့။ ဒါပေမယ့်လည်း ချစ်လှစွာသော မဒမ်ဟန်ကြည်ခမျာ ဦးဟန်ကြည်အပြင်ထွက်မှ နောက်တော်ပါးက တဖ၀ါးမခွာလိုက်ရရှာသူ ဖြစ်ပြန်တာကြောင့် “ မိန်းမရိုသေ၊ အသက်ရှည် ” “ မိန်းမရှိခိုး၊ သွားမကျိုး ” မူကို အပြည့်အ၀လိုက်နာပြီး သင်္ကြန်တွင်းမှာ ခရီးတိုထွက်ဖို့ မချိသွားဖြဲနဲ့ ဆုံးဖြတ်ချက်ချလိုက်ရပါရောလား။ ဆုံးဖြတ်ချက်ချတယ်လို့ ပြောမယ့်သာပြောရတယ် တကယ်တန်းက မဒမ်ဟန်ကြည် တင်သွင်းလာတဲ့အဆိုကို “ ဟုတ်ကဲ့…အေးပါ ” လို့ အယာခေါင်းညိတ်ပြလိုက်ရတာကလား။ အို…ဘာပဲဖြစ်ဖြစ် ဘယ်သူသိတာမှတ်လို့၊ ဦးဟန်ကြည်ကတော့ ကိုယ့်ကိုယ်ကို ဆုံးဖြတ်ချက်ချမှတ်သူနေရာကနေ တစ်ပြားသားမှမလျှော့၊ အနှီရာထူးကနေ တစ်ဖ၀ါးသားမှကို နောက်မဆုတ်။ တေဇာ ( လရောင်လမ်း )ရဲ့ စာသားအတိုင်း ပြောရရင်တော့
 “ နံရံမှာကျောမှီရင်း တစ်လက်မမှ နောက်မဆုတ်နိုင်ခြင်းအကြောင်း အထပ်ထပ်ငြင်းမယ် ” ပေါ့။ ကိုင်း ဒီတော့လည်း မဒမ်ဟန်ကြည်တင်သွင်းသမျှ အဆိုဟူသမျှကို ဟုတ်ကဲ့…အေးပါ လုပ်တဲ့ ဧရာမရာထူးပိုင်ရှင်ကြီး ဦးဟန်ကြည်ပါတဲ့။

အခါတိုင်း ည ၂ နာရီ ၀န်းကျင်လောက်မှ အိပ်ယာဝင်တတ်တဲ့ ဦးဟန်ကြည်ခမျာလည်း မဒမ်ဟန်ကြည်က အိပ်ခန်းထဲကထွက်ထွက်ပြီး  ခရီးသွားမယ့် မနက်ခင်းမှာ စောစောမထနိုင်မှာကို စိုးရိမ်တယ်ဆိုပြီး မျက်စောင်းလက်နက်နဲ့ ချောင်းချောင်းနှက်တာနဲ့ပဲ သင်္ကြန်အကြိုနေ့ညမှာတော့ ၁၂ နာရီဝန်းကျင်လောက်မှာပဲ အိပ်တန်းတက်ခဲ့ရပါသတဲ့။ အနှီလိုနဲ့ သင်္ကြန်အကျနေ့မှာပဲ စီးတော်ဆိုင်ကယ်ကို ဇက်ခွံ့၊ အစာကျွေး ( အင်ဂျင်ဝိုင်လဲ၊ တာယာတွေစစ်၊ ဆီထည့် ) ပြီး လင်မယားနှစ်ယောက် မိုင်တစ်ရာနီးပါးခရီးကို ကိုယ့်မြင်းကိုယ်စိုင်း ( ဟုတ်ပေါင် ) ကိုယ့်ဆိုင်ကယ်ကိုယ်စီးပြီး ခရီးပြင်းနှင်ကြပါလေရော။ ရေတစ်ဖလားနဲ့ မနေမနားသောင်းကျန်းမယ့် သကောင့်သား၊ သကောင့်သမီးတွေရန်ကို ကြောက်တာကြောင့် မနက် ၆ နာရီလောက်မှာ ထွက်လာခဲ့ကြတာမို့ ခရီးအစမှာ ရေပက်ခံရတဲ့ ပြဿနာတော့ ကင်းပေသပေါ့။ သွားရတဲ့ခရီးက တောင်ဆင်းလမ်းကြမ်းကြီးဖြစ်တာကြောင့် ရေပက်မယ့်သူမရှိတာကလည်း တစ်ကြောင်းပေါ့လေ။

 တောင်ပေါ်လမ်းကလည်း ကြမ်းချက်ကတော့ ကျောက်ခဲမြိုသွားရင်တောင် အစာကျေကောင်းရဲ့။ ဟန်းနီးမွန်းထွက်သလို တယ်ပြီးရင်ခုန်ရသကိုး။ မခုန်ဘဲနေပါရိုးလား အနှီလောက်လမ်းကြမ်းကြမ်းမှာ ချိုင့်တွေခွက်တွေ တင်းကြမ်းရှိနေပြန်တော့ ဆိုင်ကယ်နဲ့လူတောင် သိပ်ထိချင်တာမဟုတ်ဘူးရယ်။ ဂျုံးခနဲ၊ ဂျိုင်းခနဲဆိုရင် လူတွေကို မြောက်တတ်သွားတဲ့အထိ။ ဒီကြားထဲမှာ တောင်ပေါ်လမ်းကျဉ်းရဲ့ ဘေးတစ်ဘက်က အောက်ခြေကိုမမြင်ရတဲ့ ချောက်ကမ်းပါးကြီးတွေကိုကြည့်နေရတာကလည်း သည်းထိပ်ရင်ဖိုစရာကောင်းသေး။ လမ်းတစ်လျှောက်လုံး တောင်အောက်ကတက်လာနေတဲ့ ဆယ်ဘီးကားကြီးတွေ၊ ခရီးသည်တင်ကားကြီးတွေနဲ့ ထိပ်တိုက်ဆုံရင် ချောက်ဘေးကို ကပ်နိုင်ကမျှကပ်ပြီး ရှောင်ပေးရတာမို့ ခြေတစ်ချက်ချော်တာနဲ့ ဝေဟင်ခရီး လေယာဉ်စီးပြီး ချောက်ထဲကို ဖရီးဖောကျပြီသာမှတ်။ ကိုင်း ဘလော့ဂါစုံတွဲများ တင်းပြည့်ကျပ်ပြည့် ရင်ခုန်ချင်ကြရင်ဖြင့် ဦးဟန်ကြည်တို့ လမ်းစဉ်သာလိုက်ပေရော့။

လမ်းနဲ့ ခပ်ဆင်ဆင်တူတဲ့နေရာ...
လမ်းကြမ်းကြမ်းမှာ တပင်တပန်းမောင်းရတဲ့ကြားမှာ တောင်အဆင်းလမ်းတစ်ဝက်က စစ်ဆေးရေးဂိတ်ရောက်တော့ ပြဿနာက တက်လိုက်ချေသေးရဲ့။ စစ်ဆေးရေးဂိတ်မှာ ထိုင်နေတဲ့ ရဲမေဖက်တီးမတစ်ယောက်က မဒမ်ဟန်ကြည်ကို မှတ်ပုံတင်စစ်ပါလေရော။ သင်္ကြန်တွင်း ဟိုနားသည်နား ခရီးသွားရတာတောင် မပုတင်ကို ဖင်ကြားညှပ်သွားရတဲ့ အဖြစ်ကို စဉ်းစားသာကြည့်ကြပေရော့။ သူတောင်းတဲ့ မပုတင် ထုတ်ပေးပြန်တော့ အနှီဂန်းမက မဒမ်ဟန်ကြည်ကို ဘယ်မှာနေသလဲလို့ ရစ်ပြန်ပါရော။ မဒမ်ဟန်ကြည်မှာက ပြည်မမပုတင်နဲ့မဟုတ်လား။ ဒီမြို့မှာပဲ နေပါတယ်လို့ မဒမ်ကဖြေပြန်တော့ ပုံစံ ၁၀ ပါသလား လုပ်ပြန်ရော။ ကြားကြားသမျှ အရပ်ကတို့ရေ ပုံစံ ၁၀ ကြီးပါထည့်ပြီး ခရီးသွားရမယ့်ကိန်းပါလား။ အနှီလောက်ရဲကျင့်ရဲကြံနဲ့ရစ်လာတော့ မဒမ်ဟန်ကြည် ဒေါကန်ပြီပေါ့။ ခရီးသွားရင် ဘယ်သူက ပုံစံ ၁၀ ကြီး အိတ်ထဲထည့်သွားလို့လဲလို့ ပြန်အော်ပါလေရော။ ခပ်လှမ်းလှမ်းမှာ ဆိုင်ကယ်ရပ်ပြီး စောင့်နေတဲ့ ဦးဟန်ကြည်က မဒမ်ဟန်ကြည်မျက်နှာကို ကြည့်လိုက်တော့ အခြေအနေကို သဘောပေါက်ပြီ။ ဒါနဲ့ သူရို့နားအမြန်သွားပြီး “ ကျွန်တော်ဆရာဝန်ပါ…ဒါက ကျွန်တော့်အမျိုးသမီး ” လုပ်လိုက်မှ ဖက်တီးမလည်း ပါတောပိတ်ပါလေရော။

အမှန်တော့ မဒမ်ဟန်ကြည်က ဘောင်းဘီရှည်လည်းဝတ်လာ၊ ဒီဇိုင်းကလည်း လွင့်နေပြန်တော့ ယိုးဒယားဘက်ကမ်းက စက်ရုံမှာ အလုပ်လုပ်ပြီး သင်္ကြန်တွင်းမှာ ပြည်တော်ပြန်လာတဲ့လူလို့ ဖက်တီးမက ထင်နေသကိုး။ ဒါကြောင့်လည်း မပုတင် ပါရင် ၅၀၀ မပါရင် ၁၀၀၀၊ တစ်ဖက်သားအူရင်အူသလောက်ဖျောင်မယ့် သူတောင်းစားပေါ်လစီကို အသုံးချဖို့ စိတ်ကူးနဲ့ ရစ်တာပေါ့လေ။ ရှုတင်းတင်း မျက်နှာပေးနဲ့ ဦးဟန်ကြည်ကိုလည်း မြင်ရော သူတောင်းစားခွက်ပျောက်မယ့်ကိန်းဆိုက်ပြီမို့ စကားရောဖောရောနဲ့ လွှတ်ပေးလိုက်ရရော ဆိုကြပါစို့။ မဒမ်ဟန်ကြည်ကတော့ တဖျစ်တောက်တောက်နဲ့ ဒေါကန်လို့ မဆုံးဘူးပေါ့။ ကိုယ့်ရှေ့က ကရင်အဘိုးကြီး၊ အဘွားကြီးစုံတွဲကိုတော့ မှတ်ပုံတင်ကြည့်ပြီး တစ်ယောက်ငါးရာစီတောင်းလို့ မောင်းထုတ်လိုက်ပါရော။ အနှီ စုံတွဲဆိုရင် ကရင်ပြည်နယ်သားတွေ စစ်သမှ ရေတောင်မရောပေါင်ဗျာ။ ကိုယ့်ပြည်နယ်တွင်းမှာ ဟိုနားသည်နား ခရီးသွားတာတောင် သူတောင်းစားကြေးပေးနေရတာ ဘယ်လောက်များ စိတ်နာစရာကောင်းလိုက်သလဲ စဉ်းစားသာကြည့်ကြပေရော့။ နောက်တစ်ခါဆိုရင်တော့ စနစ်တွေပြောင်းပြီဆိုပေမယ့် သောက်ကျင့်တွေမပြောင်းသေးတဲ့ အနှီသူတောင်းစားတွေကို ကင်မရာဝှက်နဲ့ဗီဒီယိုရိုက်ပြီး You Tube ပေါ်တင်ရုံနဲ့ အားမရဘဲ နေပြည်တော်ကိုလှမ်းပြီးတိုင်ဖို့ ဦးဟန်ကြည် မောင်းတင်ထားလိုက်ပါရဲ့။ အနှီလောက် ယုတ်ညံ့တဲ့ ကိုယ်ကျင့်တရားနဲ့ သူများပိုက်ဆံကို အလွယ်တကူရချင်တဲ့ ဖွတ်ကြားတွေ အလုပ်ပြုတ်ကုန်မှပဲ ရွှေပြည်ကြီးမှာ ထမင်းတစ်လုပ်စားဖို့ ဘယ်လောက်တပင်တပန်း အလုပ်လုပ်ရတယ်ဆိုတာ လက်တွေ့သိကြပေရော့။

ကောက်သောလမ်းမှာ အသည်းတယားယား...
 
သူများတကာ  ၁နာရီခွဲသာသာလောက်မောင်းရတဲ့ တောင်အဆင်းခရီးကို ၃ နာရီခွဲလောက်ကြာအောင် တုန်ချိတုန်ချိနဲ့ အင်တိုက်အားတိုက်မောင်းပြီး တောင်ခြေက မြို့ကလေးကို ၁၀ နာရီလောက်မှာ ရောက်ပါလေရော။ အချိန်က ရေပက်သန်တဲ့အချိန်ဖြစ်ပေမယ့် မျက်နှာထားကြီးနဲ့ လက်တယမ်းယမ်းလုပ်လာတဲ့ ဦးဟန်ကြည်ကြောင့် ဆိုးဆိုးဝါးဝါးတော့ ရေအပက်မခံရဘူးပေါ့။ အနှီမျက်နှာမျိုးမထားရင်လည်း ဒီကလေးတွေ လက်ချက်နဲ့ လင်မယားနှစ်ယောက်လုံး လိုရာခရီးရောက်ရင် ကျောတွေတောင် ပါကြတော့မယ်မထင်ဘူး။ သူရို့ဟာက တစ်ဖက်သားကို ရေရွှဲအောင် ပက်တာမျိုးမဟုတ်ဘဲ နို့ဆီခွက်၊ ရေသန့်ဘူးခေါင်းပြတ်တို့ထဲမှာ ရေထည့်ပြီး “ ကိုင်းဟာ ” လို့ ခွက်စောင်းခုတ်ပြီး တစ်ဖက်သား အသားနာရေးကို ရှေ့တန်းတင်ကြသကိုး။ ကောင်းလိုက်တဲ့ ရိုးရာသင်္ကြန်စိတ်ဓာတ်။ အသားနာလို့ ဒေါကန်ပြီး ကလေးတွေကို အော်ပြန်ရင်လည်း ထိုင်ကြည့်နေကြတဲ့ မိဘတွေက “ သင်္ကြန်ကျလို့ ရေပက်တာ ဘာဖြစ်လဲ…ဘာလဲ…ညာလဲ ” နဲ့ ရန်ထောင်ဖို့က အသင့်။ အင်း…ချင်းစကားပုံထဲကလို  နွားနောက်ကျားက နွားကျားပဲ မွေးတာပေါ့လေ။

တောင်ခြေမြို့က မိတ်ဆွေအိမ်မှာ တစ်ထောက်နားရင်း သူရို့ကျွေးတဲ့ မနက်စာတစ်နပ်ကို အားနာပါးနာနဲ့ သွားဖြဲနားဖြဲ အားပေးရသေးရဲ့။ ညာတကာနဉ္စသင်္ဂဟော လို့ ရှင်တော်ဘုရားက ဟောတော်မူရဲ့ မဟုတ်လား။ ဒါနလေးမြောက်သွားအောင် ဘုဉ်းပေးပြီးပြန်တော့ နာရီဝက်သာသာလောက် တောင်ရောက်မြောက်ရောက် စကားရောဖောရော လုပ်ကြပြီး ၁၂ နာရီထိုး နေပူကြဲကြဲကြီးမှာ ပြည်နယ်မြို့တော် ဘားအံရှိရာကို ခရီးဆက်ကြရပါတော့တယ်။ နားရွက်ပါလုံတဲ့ ဆိုင်ကယ်ဦးထုပ်ကိုယ်စီကို ရှေ့မှန်ပါချပြီးဆောင်း၊ မိုးကာအင်္ကျီကိုယ်စီဝတ်၊ နေကာမျက်မှန် ကိုယ်စီတပ်ပြီး ပူပြင်းတဲ့နေရောင်ကို မျက်စိလည်အောင်လုပ်၊ ဆိုင်ကယ်မောင်းတဲ့ ဦးဟန်ကြည်က အာရုံခြောက်ပါးလုံး မနားရအောင် သတိအပြည့်ထည့်ပြီး လိပ်စပိနဲ့ တစ်လိမ့်ချင်းမောင်းလို့ သင်္ကြန်ခရီးပြင်းကို မပြီးမချင်းသွားကြရော ဆိုကြပါစို့။

ရုပ်တည်ကြီးနဲ့ မောင်းလာတဲ့ ဦးဟန်ကြည်ကိုမြင်တဲ့ သင်္ကြန်ပျော်ငမူး ကာလသားများကတော့ ရေမပက်ဘဲ လက်ရှောင်ကြပါသတဲ့။ ( မယုံရင် ပုံပြင်လို့ မှတ်ကြပေရော့ ) ဒါပေမယ့် ကလေးတွေကတော့ ဘာကောင်၊ ညာကောင်ဆိုတာ စိတ်မ၀င်စားဘဲ ရှေ့ကဖြတ်သွားရင် ဗွမ်းလိုက်တာပဲမို့ ဦးဟန်ကြည်လည်း အရှုံးပေးထားလိုက်ပြီးတော့ သူရို့တွေ အမုန်းကျွေးသမျှ နှလုံးအေးရပါလေရော။ ဒါပေမယ့် လေးခါမှာ တစ်ခါလောက်ပဲ ရေပက်ခံရတာမို့ နည်းနည်းတော့ ခံသာပါရဲ့။ ဒီဘက်ဒေသမှာ ရေပက်ရုံတင်မကဘဲ သနပ်ခါးရေနဲ့ မျက်နှာကို သုတ်တာကတော့ အင်မတန် စိတ်ပျက်စရာ ကောင်းသကိုး။ အနှီလောက် ရေပေါတဲ့ ဒေသမှာ သနပ်ခါးသုတ်နေတာကတော့ သနပ်ခါးကိုဗန်းပြပြီး မိန်းကလေးတွေမျက်နှာကို ကိုင်ချင်တဲ့ ဏှာကျင့်၊ ဏှာကြံမို့ သနပ်ခါးမြင်တာနဲ့ ဦးဟန်ကြည် မိုင်ကုန်တင်ပြီး မောင်းပြေးပါလေရော။ အထီးဖြစ်ဖြစ် အမဖြစ်ဖြစ် ကိုယ့်ပါးကိုလာကိုင်တာကိုတော့ ဦးဟန်ကြည် ဘယ်သဘောကျလိမ့်တုန်း။     ။

ဆက်ပါဦးမယ်...

( တောင်ပေါ်အဆင်းတုန်းက ကားရှုပ်ရှုပ်မှာ အသက်ကိုဖက်နဲ့ထုပ်ပြီး မောင်းဆင်းခဲ့ရတာမို့ ဓာတ်ပုံမရိုက်နိုင်ခဲ့ပါ။ ဒါကြောင့် လူရှင်းရှင်းနဲ့ မောင်းတက်ခဲ့ရတဲ့ အပြန်ခရီးမှာ ရိုက်လာတဲ့ ဓာတ်ပုံတွေကိုပဲ ပို့စ်အတွက် အဆင်ပြေအောင် ထည့်သုံးလိုက်ပါတယ်...)

15 comments:

ကိုရင် said...

ဟုတ်ကဲ့..အေးပါ”
တစ်လက်မမှ နောက်မဆုတ်နိုင်ကြောင်း အထပ်ထပ်ငြင်းမယ် ဆိုတာတွေက ဆရာဟန်ဟာ ဆရာဖြစ်ဖြစ်ကြောင်း ပြတာတွေပဲ.. အိမ်ထောင် သက်ကြာလေ သဘာပြလေပဲ :D

လင်မယားဖြစ်ကြောင်း ထောက်ခံစာ မပြခဲ့ရတာပဲ ကံကောင်းတယ်မှတ်ပါ.. စိတ်ပေါက်ပေါက်နဲ့ ဖင် ပိတ်ကန်ခဲ့ရမှာ..

ဘားအံရောက်တာများ ပသိချောင်းဘက် ကူးသွားပြီးတာပဲ.တကယ် လှတဲ့နေရာဗျ

ချစ်စံအိမ် said...

ပိုစ့်လေးဖတ်ပြီခရီးသွားရင်ဘာယူသွားရမယ်ဆိုတာ
သေချာမှတ်ထားလိုက်ပါမယ်ဆရာရှင်:D

စံပယ်ချို said...

လက်ထပ်စာချုပ်တွေဘာတွေမတောင်းတာပဲ
ကျေးဇူးတင်သင့်ပါတယ်ဆရာ
အခုအခြေအနေက မပုတင်နဲ့မရတာ့ဘူးထင်တယ်

AH said...

ဟုတ်ကဲ့.. ဖတ်သွား.. အဲလေ ယောင်လို့
အင်း... မပုတင် နဲ့ ၅၀၀ တန်နဲ့ ဈေးတူတူဖြစ်နေပါရော့လား။ ဘားအံဘက်ကို မရောက်ဖူးတော့ ဆရာ့ဟန့် ဒုတိယပိုင်းကို ဆက်ပြီး ဖတ်ဦးမယ်ဗျို့...

ဒါနဲ့ စကားမစပ်... နောက်ဆုံး ၀ါကျလေးမှာတော့ (ကွင်းစ ကွင်းပိတ် လိုမယ်နော့.. မဒမ်ဟန်ကြည်မှလွဲ၍ ဆိုပြီးတော့) :P

ခင်မင်စွာဖြင့်
AH

နေ၀သန် said...

အိမ်း.. ဒီဆရာဝန်ဆိုတဲ့ ဂုဏ်ပုဒ်က အတော်အသုံးဝင်လေရဲ့..း))... ဆရာဟန်ကြည်ရဲ့ အရေးအသားကတော့ မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်းမြင်လာအောာင် ပုံဖော်ပေးနိုင်ရဲ့..း))

ခင်မင်လျက်
နေ၀သန်

Anonymous said...

သင်္ကြန်ရေတရက်ပဲ စိုလိုက်ရတယ် ဆြာ
ဒါတောင် လမ်းထဲက ခလေးတွေကျောကိုဗြင်းထည့်လိုက်တာ
း) တောင်ဆင်းတောင်တက်ခရီးကိုတော့ ဂရုစိုက်ဆြာရေး)
နှစ်သစ်မှာပျော်ရွှင်ပါစေဗျာ


မောင်ဘကြိုင်

နွေလ said...

ဆရာကကလည်း
ကျွန်တော်က ဆရာဝန်ပါဆိုပြီး
ပိန်ဆေးကျွေးလိုက်ရမှာဗျ
ကျွန်တော်တို့က မပုတင်တောင်းလို့မရဘူး
ကျောင်းသားဝတ်စုံ ဝတ်သွားလိုက်တာ
သြော် ကျောင်းက ပြန်လာတာလား ဆိုပြီး
ဘာမလုပ်ရဲပေါင်
( အဟိ . . . ငါကွ )

Anonymous said...

နောက်တခါ ဗီဒီယို ရိုက်ပြီး youtube ပေါ်တင်ဖြစ်အောင် တင်မယ်ဆိုတဲ.အစီအစဉ်ကို လုံးဝဥသုံ ထောက်ခံပါကြောင်း။
အဲ.လို သူတောင်းစားတွေကိုအဲ.လိုလဲလုပ်ဦးမှ။
သူတို.ကိုယ်သူတို. ဘာထင်နေတယ်မသိ၊ ယူနီဖောင်းဝတ် သူတောင်းစားတွေ

...အလင်းစက်များ said...

ဟုတ်မှာ ဒါ့ကြောင့် ကျနော်တောင် သင်္ကြန်တုန်းက ရေလာ မလောင်းရဲတာ :D ။ အဲ့သည် စစ်တာ ဆေးတာ ရိတ်တာ ဖြတ်တာတွေ ခုထိ မပျောက်နိုင်သေးဘူးလားဗျာ။ လေပါတယ် ဆရာရယ်။ တကယ်ပါပဲ။

မဒမ်ကိုး said...

ဟဟဟ ရုပ်တည်ကြီးနဲ့ဆိုင်ကယ်မောင်းလာတဲ့ဆြာကြည့်ကို မျက်လုံးထဲမြင်ယောင်မိလို့ ဟဟဟဟ လို့တောင် အော်မရီနိုင်ပါဘူးဆြာရယ် ဟီးးးဟီးးဟီးး

ဟိုကြော်ငြာလို ကျနော်ဆရာဝန်ပါဆိုပြီး ဗိုက်လှန်ခိုင်းလိုက်ရမှာဗျး)))))

ခင်မင်လျှက်

ဂျာရစ်

Myat Pan Nwe (မြတ်ပန်းနွယ်) said...

မိုင်တစ်ရာကျော်ကို ဆိုင်ကယ်တစ်ယောက်တစ်စီးစီနဲ့ မောင်းကြတယ်ဆိုတာကို အလိုလို သဘောကျသွားတယ်။ ရှေ့သွားနောက်လိုက်ညီမှ အဲလို ခရီးကို အသာတကြည် သွားနိုင်မယ် ယုံကြည်မိလို့ပါ။

လေးစားလျက်
မြတ်ပန်းနွယ်

ဆူးသစ် said...

ကျွန်တော်က ကိုဟန်ကြည်ဘယ်မှာနေပါလိမ့်လို့ပဲစဉ်းစားနေတာ။ ရှေ့ကပို့စ်တွေမှာပါချင်ပါနိုင်ပေမယ့် ကျွန်တော်မသိခဲ့ဘူး။ သနပ်ခါးလိမ်းတဲ့ဓလေ့ရှိတယ်တဲ့လား။ ၀န်ထမ်းတွေရဲ့အကျင့်ဆိုးဆိုတာကတော့ ကျွန်တော့်အမြင်ပြောရရင်အားလုံးနဲ့ဆိုင်မယ်ထင်တယ်ကိုဟန်ကြည်။ လွယ်တော့မလွယ်ဘူးဗျ။ ဘာပဲဖြစ်ဖြစ်ကိုဟန်ကြည်နဲ့အတူ ခရီးလိုက်သွားကြည့်ပါဦးမယ်။ ဟာသကတော့ တစ်ပြားမှမလျော့ဘူးဗျို့။ သဘောကျမိပါရဲ့။

မြစ်ကျိုးအင်း said...

ဖတ်လာသမျှ နောက်ဆုံးရောက်မှ သနပ်သုတ်ခန်းမှာ မောင်းပြေးရတာ ဖတ်မိတော့ ရီမိပါလေရော။
နောက်အပိုင်း ဆက်ဖတ်လိုက်အုံးမယ်။ စာမဖတ်တာ ကြာလို့ စာကြွေးတွေ ရှင်းရအုံးမယ်။

san htun said...

ကိုယ်ပြည်တွင်း ခရီးသွားတာတောင် ဒင်းတို့ ကြောင့် စိတ်ရှုပ်ရပါ့..သနပ်ခါးသုတ်တဲ့ ဓလေ့ကတော့ ဆန်းသား..

မန်းကိုကို said...

ဟင် ... အစကတော့ လူပြိုဆို ... :)

ဘားအံအကြောင်း ပါလာတော့လည်း ရေးဦးမှပါပဲ ။

* ပထမ စရှင်းရမှာက သနပ်ခါးနဲ့ သုတ်တယ် ဆိုတာပါ ။ ကျနော်တို့တုန်းက မရှိပေါင်ဗျာ ၊ ယိုးဒယားက ပေါင်ဒါသုတ်တဲ့ အလေ့ကို အတုခိုးထားတာ ဖြစ်ပါလိမ့်မယ် ။

* ဆရာ လာတဲ့လမ်းမှာ ကလေးတွေ သင်္ကြန်မကျခင် တစ်လလောက်ကတည်းက ရေကြိုပက်နေကြတာ မကြုံဖူးသေးဘူးထင်တယ် ။ အိန္ဒုရွာကနေ မော်လမြိုင် အထွက်လမ်းဖက်က ရွာတစ်ရွာကတော့ ကြမ်းတယ်ဗျ ၊ သတိထား ရေပက်ဖို့ မရပ်ပေးတဲ့ ကားဆရာတွေကိုတောင် ဝိုင်းရိုက်တတ်တယ် ။ ကရင်ရွာတော့ မဟုတ်ပါဘူး ။

* ကိုဟန်ကြည်ဓါတ်ပုံထဲက လမ်းနဲ့ခပ်ဆင်ဆင် တူတယ်ဆိုတဲ့နေရာက တယ်ကောင်းလာပါလားဗျ ၊ အစက ကျောက်လမ်းကြီးကို :-)

ပြီးတော့ ဧပြီလသာဆိုတယ် ဘေးမှာ စိမ်းစိုနေတာပဲ ၊ အမြဲဆို ခြောက်သွေ့ပြီး စစ်သားတွေရှို့ထားတဲ့ မီးတွေနဲ့ လမ်းဘေးမှာ မဲနေတာပဲဗျ ။

* ဆရာ့ မပုတင်ကိစ္စက အသေးမွှားပါဗျာ ၊ မြဝတီသား စစ်စစ်ကိုတောင် မင်းကို ထောင်အနှစ် ၂၀ ချလိုက်လို့ရတယ် ဆိုတဲ့ ပြည့်သူ့ သားကောင်းကြီးများနဲ့ မကြုံသေးလို့ပါ ။ ယောင်နန လုပ်လို့ကတော့ ပါတာအကုန် ချွေမယ့်သူ ၊ မိန်းကလေးဆို ခဏထိန်းသိမ်းပြီး စောင်မကြည့်ရှူမယ့် သူတွေကို ဆရာ မကြုံသေးပါဘူး ။ အဲ .. ကရင်ဆိုလို့ .. ကျနော်တို့လည်း ကိုယ့်ပြည်နယ်ထဲ တရားမဝင် နေထိုင်သူတွေ ဖြစ်နေတာ ကြာကြာလှပေါ့ဗျာ ၊ ခုမှ မဟုတ်ပါဘူး ၊ ပြောလည်း ကြုံမှ ယုံကြတော့ အသာငြိမ် စိတ်လျှော့နေရသကိုး ခင်ဗျ ။

ကြိုက်ရင်ပေါ့လေ . . .