Monday, 31 December 2012

နှစ်ဦးကြိုလေပြီ . . .

၂၀၁၂သည် မကြာမီအချိန်အတွင်း လောကကို လက်ပြနှုတ်ဆက်ရပေတော့မည်။ နောင်မည်သည့်အခါတွင်မှ ပြန်လည်တွေ့ဆုံရတော့မည်မဟုတ်။ ပြန်မဆုံနိုင်သော ထာဝရခွဲခွာခြင်းမျိုးဖြင့် လောကတွင်းမှ မထွက်ခါခင်အထိ လက်ကျန်အချိန်ကာလပိုင်းများကို တတ်နိုင်သလောက် ဖက်တွယ်ထားလိုဟန်ရှိသော ၂၀၁၂သည် နာရီသံတစ်ချက်ချက်ကြားတွင် အိုမင်းရင့်ရော်သည်ထက် ရင့်ရော်လာချေပြီ။    သင်္ခါရတရားသည် သက်မဲ့ဖြစ်သော ခုနှစ်သက္ကရာဇ်ကိုပင် အလွတ်မပေး။

သက္ကရာဇ်တစ်ခု ကုန်လွန်နှုတ်ဆက်သွားတိုင်း သက္ကရာဇ်သစ်တို့က အဆင်သင့်စောင့်နေကြသည်။ နှစ်ဟောင်း၏ အသက်တန်းသုံးလေးလအလိုကတည်းက နှစ်သစ်ကြိုမည့် ပြက္ခဒိန်တို့က ပလူပျံသလိုထွက်ပေါ်လာကြ၏။ အဟောင်းကိုပစ်၍ အသစ်ကိုမင်သော လူတို့၏ မတည်မြဲဖောက်ပြန်သော သဘောထားကို ၂၀၁၂သည် ရင်နာနာနှင့် သည်းခံခဲ့ရရှာပေမည်။ သူသည်လည်း ညီတော် ၂၀၁၁ကို ထို့နည်းနှင်နှင် လောကတွင်းမှ မောင်းနှင်ထုတ်ခဲ့သည် မဟုတ်ပါလား။ ၀ဋ်သည် လည်တတ်လွန်းပေစွ။

၂၀၁၁ခုနှစ်၏ အသက်တန်းကုန်ဆုံးချိန်ကို စိတ်မရှည်စွာစောင့်ဆိုင်းခဲ့စဉ်က နှေးကွေးလွန်းလှသော နာရီလက်တံများသည် မိမိကို နှုတ်ဆက်မည့်အချိန်တွင် မြန်လွန်းနေသည်ဟု ၂၀၁၂ မချိတင်ကဲ တွေးမိသည်။ အိုင်းစတိုင်း၏ ရီလေတီဗတီသီအိုရီ မှန်ကန်ကြောင်းကို အသက်နှင့်ရင်း၍ သက်သေပြနေရသည့်နှယ် ခံစားလာရပြန်၏။ နာရီစက္ကန့်တံ၏ ချက်ခနဲ ချက်ခနဲရွေ့လျားမှုနှင့်အတူ ၂၀၁၂၏ လက်ကျန်အသက်တန်းသည် တို၍တို၍လာနေချေပြီ။ မည်သည့်အရာကိုမှ ဆုပ်ကိုင်ထားရန် မစွမ်းသာသော အနတ္တသဘောကို ဆင်ခြင်မိရပြန်သည်။ လူသားတို့၏ ဘ၀နှင့် အသက်တန်းကို စိုးမိုးချုပ်ကိုင်ထားနိုင်စွမ်းသော သက္ကရာဇ်တစ်ခုသည်ပင် မိမိ၏ အသက်တန်းကို ဆုပ်ကိုင်ထားရန် မစွမ်းနိုင်။ လောကသည် တရားမျှတခြင်းဖြင့် တန်ဆာဆင်အပ်သော အမြတ်နိုးဆုံး ရတနာပင် ဖြစ်ပေသည်တကား။

လောက၏ တရားမျှတခြင်းသဘော အစိုးမရခြင်းသဘောကို မဆင်ခြင်နိုင်သော လူသားတို့ကား ကုန်လွန်တော့မည့် ၂၀၁၂ကို လွမ်းမောတသရန်ဝေးစွ။ လက်ပြနှုတ်ဆက်ရန်ပင် အလေးမမူ။ ကောင်းမည် ဆိုးမည် မဝေခွဲနိုင်သေးသည့် လာလတ္တံ့သော၂၀၁၃ နှစ်သစ်ကို ကြိုဆိုရန်သာ အားသန်နေကြသည်။ နှစ်သစ်သည် ကောင်းမြတ်ခြင်းများကို ယူဆောင်လာနိုးနိုးဖြင့် လည်တဆံ့ဆံ့ စောင့်စားနေကြသော လူသားတို့သည် ကုန်လွန်သွားတော့မည့်  ၂၀၁၂ နှင့်အတူ မိမိတို့၏ အသက်ရှင်သန်ခွင့်တစ်နှစ် ကုန်ဆုံးသွားကြောင်း သိမှသိကြပါလေစ။ နောက်ပြန်လှည့်ခွင့်မရသော ဘ၀၏ အချိန်ကာလတစ်ခု ကုန်လွန်ဖြတ်သန်းသွားပြီး သေဆုံးခြင်း ပန်းတိုင်ကို တရွေ့ရွေ့နီးလာကြောင်းကို အာရုံမ၀င်စားသော လူသားတို့သည် ဘ၀ဟူသည်ကို ပန်းတိုင်အရောက် အပြေးပြိုင်ရသည့် မာရသွန်ပြေးပွဲဟု မှတ်ယူနေကြဟန်တူ၏။ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ကမ္ဘာပျက်မည်ဟူသည့် မရေရာသော ခန့်မှန်းချက်ကြီးကို အစိုးရိမ်ကြီးပြီး အလန့်ကြီးလန့်ခဲ့ကြသော လူသားတို့သည် အသက်တစ်နှစ်ကြီးရင့်ပြီး မိမိတို့၏ ဘ၀အဆုံးရောက်ရန် တစ်နှစ်ပိုနီးလာခြင်းဟူသည့် သေချာသော နိယာမတရားကို ကြောက်လန့်ခြင်းအလျဉ်းမရှိ။ လူသားသည် မသေချာ၊ မရေရာမှုများကိုသာ အလေးဂရုပြုတတ်လွန်းသော သတ္တ၀ါတစ်မျိုးပင် ဖြစ်နေပြန်၏။

နာရီလက်တံသည် တစ်ချက်ချက် သွားနေ၏။ ညဥ့်သည်လည်း တဖြည်းဖြည်း ရင့်ရော်လာနေသည်။ နှစ်ဦးကြိုရန် စုဝေးနေကြသော လူစုလူဝေးများထံမှ “ တစ်ဆယ် . . . ကိုး . . . ရှစ် . . . ခုနစ်  . . .” ဟူသည့် ပြောင်းပြန်ရေတွက်သံတို့ သံပြိုင်ထွက်လာကြပြန်သည်။ ၂၀၁၂၏ ရှင်သန်ခွင့်သည် စက္ကန့်ပိုင်းအတွင်း ကုန်ဆုံးပေတော့မည်။ “ ခြောက် . . . ငါး . . . လေး . . . သုံး . . . ” ရေတွက်သံတို့ ပိုမိုကျယ်လောင်လာကြသည်။ အနတ္တလူသားသည် အနိစ္စတရားကို ဥပေက္ခာပြုရန် အဆင်သင့်ဖြစ်နေကြပြီတကား။ “ နှစ် . . . တစ် . . .” ၂၀၁၂ သည် နောက်ဆုံးထွက်သက်ကို ပင်ပန်းကြီးစွာ မှုတ်ထုတ်လိုက်သည်။ “ Happy new year ” ဟူသည့် ကျယ်လောင်သည့် ကြိုဆိုသံကို ၂၀၁၂ ကြားမသွားနိုင်တော့။ သက္ကရာဇ်တစ်ခု၏ ရှင်သန်ခြင်း မှတ်တမ်းတစ်ခုသည် သမိုင်းမှတ်တမ်းဖြစ်သွားချေပြီ။
               
၂၀၁၃ သည် ပြန်လည်နုပျိုလာသော နာရီသစ်နှင့်အတူ လောကတွင်းသို့ နုပျိုလတ်ဆတ်စွာ ၀င်ရောက်လာ၏။ နှစ်ဟောင်းညတစ်ည၏ နိဂုံးသည် နှစ်ဦးနေ့သစ်တစ်ခု၏ နိဒါန်းနှင့်အတူ ညှိုးရော်ပျောက်ကွယ် သွားပြန်လေပြီ။ မကြာမီ လင်းရောင်ပျို့လာလိမ့်မည်။ အရုဏ်တက်လာလိမ့်မည်။ လောကသည် ပြန်လည်ဆန်းသစ်လာလိမ့်ဦးမည်မှာလည်း မြေကြီးလက်ခတ်မလွဲ။ သို့သော် . . . လူသားတို့၏ အသက်တန်းသည်ကား ပြန်လည်နုပျိုခြင်းသို့ ဦးတည်ခြင်းငှာ မစွမ်းနိုင်။ အိုမင်းရင့်ရော်ခြင်းဘက်သို့သာ တရွေ့ချင်း ဦးတည်လျက်။ ပြန်လည်မရနိုင်တော့သော နုပျိုခြင်းများ၊ နာရီ၊ ရာသီ၊ အမှတ်တရများသည်ကား ၂၀၁၂နှင့်အတူ သမိုင်းဖြစ်သွားလေပြီ။ သမိုင်းသစ်ကို အိုမင်းရင့်ရော်ခြင်းများဖြင့် ရေးကြလေဦးမည်မှာ မုချ။

နာရီလက်တံသည် တစ်ချက်ချက် သွားနေပြန်လေသည်။ နှစ်ဦးဖြစ်သော ၂၀၁၃သည်လည်း အိုမင်းရင့်ရော်ခြင်းဆီသို့ ဦးတည်လျက်ပင် ရှိချေသည်တကား။        ။

( ၂၀၁၂ ခုနှစ် ည ၁၁ နာရီ ၃၀ မိနစ် )

Tuesday, 30 October 2012

ရတုဆက်ဆက် ချီတက်စေ . . .


( နိုဝင်ဘာလ ၂ ရက်နေ့မှာ မင်္ဂလာသက်တန်း ပုလဲရတုတိုင်မယ့် အန်တီတင့်တို့ ဇနီးမောင်နှံအတွက် အမှတ်တရ )


“ . . . အသွင်မတူတာတွေ ညှိကြရင်းနဲ့ . . .
. . . မပြင်နိုင်တာကို ခွင့်လွှတ်ခြင်းနဲ့ . . .
. . . မာနလေးများ လျှော့ချရင်းကွယ် . . .
. . .  ကြည်ဖြူခဲ့ကြတယ် . . . ”

ဦးဟန်ကြည်တို့ ခပ်ငယ်ငယ်ကတည်းက အမှတ်ထင်ထင်ရှိနေခဲ့ဖူးတဲ့ စိုးလွင်လွင်ရဲ့ သီချင်းတစ်ပုဒ်ပါ။
ဒါပေမယ့် ဆန့်ကျင်ဘက်လိင်မြင်ရင် ပစ်ခတ်ပြီး ရင်ခုန်ပစ်လိုက်ချင်တဲ့ ကာလသားပေါက်အရွယ်ဆိုတော့လည်း သီချင်းစာသားရဲ့ အတိမ်အနက်ကို ဂဃနဏတော့ သဘောမပေါက်ခဲ့ရိုးအမှန်။ အရွယ်ကလေးရလာပြီး အိမ်ထောင်သည်ဘ၀ကို အရှင်လတ်လတ်ကြီးရောက်တော့မှပဲ အနှီသီချင်းရဲ့ အဓိပ္ပာယ်ကို အနုလုံ၊ ပဋိလုံ စဉ်းစားမိပါလေရော။ ရူးတုန်းမိုက်တုန်းအရွယ်၊ တစ်ချစ်တည်းချစ်နေချင်တဲ့ အရွယ်က အမှန်တရားတွေဆိုတာကလည်း ရင့်ကျက်လာတဲ့ အခုအရွယ်ရောက်လာတော့ ပြန်တွေးတိုင်း ရယ်စရာ၊ ပြန်ပြောတိုင်း ရှက်စရာကြီးတွေ ဖြစ်လို့။

ဦးဟန်ကြည်ခပ်ငယ်ငယ် လူပျိုတက်စအရွယ်တုန်းက မာတာမိခင်ကြီးက ” ငါ့သား…ချစ်တယ်ကြိုက်တယ်ဆိုတာ သမီးရည်းစားအရွယ်မှာပဲ နားထောင်လို့ကောင်းတာ…အိမ်ထောင်သည် ဘ၀ကိုရောက်လာရင် နားလည်မှုက ပိုအရေးကြီးတယ်…“ လို့ သြ၀ါဒပေးခဲ့ဖူးပေမယ့် အသိဥာဏ်ကို အရွယ်တိမ်သလ္လာဖုံးနေခဲ့တာမို့ အလေးအနက်မထားခဲ့မိရုံတင်မကဘဲ ” မေမေ့နှယ် ချစ်ခြင်းမေတ္တာကို တန်ဖိုးမထားလေခြင်း ” လို့တောင် အထင်မှားခဲ့မိသေး။ ဒါပေမယ့် အိမ်ထောင်သက်ရလာတဲ့ သည်နေ့၊ သည်အချိန်ရောက်လာတော့ မာတာမိခင်ကြီး ပြောလေ့ရှိတဲ့ နားလည်မှုတရားကို မျိုးဆက်သစ်ကလေးတွေကို လက်ဆင့်ကမ်းနေရပြန်ရော။ အနှီလိုလက်ဆင့်ကမ်းနေရင်းက သည်ဘက်ခေတ် မြီးကောင်ပေါက်၊ ကျီးအတောင်ပေါက်ကလေးတွေက သူရို့ဆရာ ဦးဟန်ကြည်ကို မေတ္တာတရားကို နားမလည်တဲ့ ရုပ်ဝါဒသမားကြီးလို့ ကွယ်ရာမှာ ခေါင်းစဉ်တပ်ကြမှာလည်း ပြေးကြည့်မိသလို သဘောပေါက်ပါရဲ့။

ဦးဟန်ကြည်တို့ ကျောင်းသားဘ၀တုန်းကတော့ ဝေါဟာရကြွယ်တဲ့ သူငယ်ချင်းတစ်ယောက်က ပြောဘူးပါရဲ့။ “ ငါတော့ အိမ်ထောင်ရက်သား ကျချင်သကွာ… ” တဲ့။ သူ့စကားကို အထာမပေါက်တဲ့ ခပ်အူအူ ဦးဟန်ကြည်အလောင်းလျာက “ အသက်ငယ်ငယ်ပဲ ရှိသေးတာကွာ…အိမ်ထောင်ရေးစကား မပြောစမ်းပါနဲ့…” လို့ ဟန့်လိုက်မိတော့ မောင်မင်းကြီးသားက “ အေးလေ…အဲဒါကြောင့် ငါက အိမ်ထောင်အကြာကြီး မကျဘဲ ရက်သားပဲ ကျချင်တာပေါ့…” လို့ ပြန်ပြောပါလေရော။ ပြန်တွေးကြည့်တော့ နားလည်မှု၊ အနစ်နာခံမှုဆိုတဲ့ ဝေါဟာရကို အနက်ဖွင့်ဖို့ အတွေးတိမ်နေသေးတဲ့ ဆယ်ကျော်သက်အရွယ်မှာ အိမ်ထောင်ပြုလိုက်ရင်လည်း အနှီအိမ်ထောင်က ရက်သားလောက်ပဲ အသက်ရှည်မှာ သေချာသကိုး။ စလယ်ဝင်အိုး ဖင်မမည်းခင်ထိမရောက်ဘဲ၊ နို့ဆီဗူး တစ်ဗူးဝင်အိုး ဖင်မည်းအောင်တောင် သက်ဇိုးရှည်ရင် ကံကောင်း။

တစ်ယောက်နဲ့ တစ်ယောက် ချစ်ခြင်းတစ်ခုကို အကြောင်းပြုပြီး တစ်အိုးတစ်အိမ် ( စကားလုံး လှလှသုံးရရင် နှစ်ယောက်တစ်ကမ္ဘာ ) ထူထောင်ကြတယ်ဆိုပေမယ့် တစ်ကယ်တော့ တစ်မိသားနဲ့ တစ်မိသား အကြောင်းဆက်၊ ပေါင်းဖက်ကြတာကလား။ ဘ၀တစ်လျှောက်လုံး ကိုယ့်မိဘ၊ ကိုယ့်အသိုင်းအ၀ိုင်းမှာ ကိုယ့်ပုံစံနဲ့ကိုယ် သီးခြားစီ ရှင်သန်ကြီးပြင်းခဲ့ကြတဲ့ လူသားနှစ်ယောက် ကာလရှည် အတူလက်တွဲဖို့ဆိုတာ တော်ရုံတန်ရုံ နားလည်မှုရှိရုံနဲ့ ဘယ်ရလိမ့်တုန်း။ ဆွေမတော် မျိုးမစပ်တဲ့ လင်မယားကို အသာထား၊ တစ်အူထုံ့ဆင်း မောင်နှမ၊ ညီအစ်မချင်းတောင် တစ်အိမ်တည်း အတူနေဖို့ ထင်သလောက်လွယ်တာမှ မဟုတ်ဘဲကိုး။ နားလည်ခွင့်လွှတ်နိုင်မှုစွမ်းရည် အတော်အတန်မြင့်မားလို့ လင်ကိုယ်မယား အဆင်ပြေပြေ ပေါင်းဖက်နိုင်ဦးတောင် သူ့မိသားစုနဲ့ ကိုယ့်မိသားစု သဟဇာတဖြစ်ဖြစ် သင့်မြတ်ဖို့ကျပြန်တော့ စည်းရုံးရေးစွမ်းရည်နဲ့ ညှိနှိုင်းပေးနိုင်စွမ်း လိုလာပြန်ရော။

သူများအိမ်ထောင်တွေတော့ ဘယ်လိုနေမယ် မပြောတတ်ပေမယ့် ဦးဟန်ကြည်တို့ ဇနီးမောင်နှံကတော့ တစ်ယောက်နဲ့ တစ်ယောက် ကြီးပြင်းလာတဲ့ အခြေခံခြင်း၊ ကြီးပြင်းတဲ့ဒေသချင်း၊ အကြိုက်ချင်း လားလားမှကို မတူတာကလား။ အနှီလို မတူညီတာတွေထဲက ပြင်နိုင်တာတွေကို ညှိကြ၊ နှိုင်းကြ၊ မပြင်နိုင်ကြတာတွေကို ခွင့်လွှတ်နားလည်ကြနဲ့ လူးကာလှိမ့်ကာ ဖြတ်သန်းလိုက်ခဲ့ကြတာ အခုဆိုရင် ဘာရတုလို့ ခေါ်ရမှန်းမသိလို့ အွန်လိုင်းပေါ်တက်မွှေကြည့်တော့ သံဖြူရတု ( Tin anniversary ) လို့ခေါ်တဲ့ ဆယ်စုနှစ်တစ်ခုအတွင်းကို ၀င်လာပါပကော။

 မောင်နှမနှစ်ယောက်တည်း ကြီးပြင်းလာခဲ့တဲ့ ဦးဟန်ကြည်က တစ်ယောက်ချင်းစီရဲ့ သီးသန့်လွတ်လပ်မှုကို တန်ဖိုးထားသလောက်၊ မောင်နှမတွေ တပြုံကြီးနဲ့ ကြီးပြင်းခဲ့တဲ့ မဒမ်ဟန်ကြည်ကျပြန်တော့ တစ်ယောက်နဲ့တစ်ယောက် နွေးထွေးဖော်ရွေမှုကို ပိုပြီးတန်ဖိုးထားပြန်ရော။ ဦးဟန်ကြည်က တစ်ယောက်တည်း အေးအေးလူလူ စာအုပ်ကလေးဖတ်၊ စာလေးရေး၊ သီချင်းလေး နားထောင်နေရုံနဲ့တင် လောကစည်းစိမ်တွေ့တတ်ပေမယ့် မဒမ်ဟန်ကြည်ကျတော့ လင်စုံမယားဖက် လက်ချင်းဆက်ပြီး ဟိုဟိုသည်သည် သွားသွားလာလာလုပ်တာမျိုးကိုပဲ အာသီသ ပိုရှိတတ်တာကိုး။ မဒမ်ဟန်ကြည်ရဲ့ အလိုကိုလိုက်တာ ဘေးကင်းသဟဲ့ဆိုပြီး ဖတ်လက်စ စာအုပ်ဘေးချ အပြင်သွားကြပြန်ရင်လည်း တစ်ရေးပြီး နောက်တစ်ရေး ပေါ်တတ်ပြန်သေးသဗျား။ မဒမ်ဟန်ကြည်က မိန်းမပီပီ လမ်းဘေးဆိုင်တွေမှာ ထိုင်ပြီး တွေ့ကရာ စားချင်ပေမယ့် ဆေးပညာလေး မတောက်တခေါက် တတ်နေတဲ့ ဦးဟန်ကြည်ကျတော့ ဆိုင်နဲ့ကန္နားနဲ့ ကျကျနန သန့်သန့်ပြန့်ပြန့် စားချင်ပြန်တာကိုး။ အနှီတော့လည်း တစ်ခါတစ်လေမှာ သူစားချင်တဲ့နေရာကို ကိုယ်လိုက်စား၊ နောက်တစ်ခါကျရင် ကိုယ်စားချင်တဲ့နေရာမျိုးမှာ သူလိုက်စားပြီး ပြေလည်အောင် ဖြေရှင်းရပြန်ရော။

အစားအသောက်ကျပြန်တော့လည်း ရေငန်သောက်၊ မြက်ခြောက်စားတဲ့ အညာသား ဦးဟန်ကြည်နဲ့ မြန်မာပြည်အောက်ပိုင်းသူ မဒမ်ဟန်ကြည်က ပြဒါးတစ်လမ်းသံတစ်လမ်း။ ပဲကြိုက်တဲ့ ဦးဟန်ကြည်နဲ့ ပဲကိုကြည့်လို့တောင်မရတဲ့ မဒမ်ဟန်ကြည်တို့ရဲ့ ထမင်းဝိုင်းကို စဉ်းစားသာကြည့်ပေရော။ ပဲနဲ့အာလူးချက်တဲ့ နေ့များဆိုရင် ဦးဟန်ကြည်က ထမင်းကို ၀က်ခေါင်းထိုးစားသလောက် မဒမ်ဟန်ကြည်က တို့ကနန်း၊ ဆိတ်ကနန်း။ သူ့အကြိုက်ငါးဟင်းချက်တဲ့ နေ့ဆိုရင်လည်း ဦးဟန်ကြည်က စားတယ်ဆိုရုံ မည်ကာမတ္တ။ မဒမ်ဟန်ကြည်က အစပ်ကြိုက်၊ ဦးဟန်ကြည်က အစပ်ပါရင် ထမင်းမစားနိုင်ပြန်။ မဒမ်ဟန်ကြည်က ကြက်ဟင်းခါးသီးကို ကြိုက်သလောက်၊ ဦးဟန်ကြည်က အနှီ ဘုတွေထစ်တွေ ထောင်းလမောင်းထနေတဲ့ အရုပ်ဆိုးဆိုး ကြက်ဟင်းခါးသီးမြင်ရင် လွှင့်ပစ်လိုက်ချင်တာမှ လက်ကိုယားလို့နေရော။ ကိုယ့်အိမ်ကိုယ့်ယာမှာ တစ်ယောက်စီနေကျရင်တော့ ကိုယ်စားချင်ရာပဲ စားဖြစ်မှာ သေချာပေမယ့် တစ်ယောက်ကိုတစ်ယောက် နားလည်မှုပေးရတဲ့ အိမ်ထောင်သည် ဘ၀ဆိုပြန်တော့လည်း သူ့ဘက်၊ ကိုယ့်ဘက် ပြေလည်အောင် ကြားချယူရတာကလား။

အစားအသောက်ကိစ္စတင်ဘယ်ကလိမ့်တုန်း။ ခံစားကြတဲ့ ဂီတအမျိုးအစားချင်းကလည်း မတူရေးချမတူ။ နန်းတော်ရှေ့ဆရာတင်တို့၊ ဆရာမြို့မငြိမ်းတို့၊ ဆရာရွှေပြည်အေးတို့၊ သဟာယ ဆရာတင်တို့ကို တလေးတစားရှိတဲ့ ဦးဟန်ကြည်နဲ့ ချမ်းချမ်းတို့၊ နေနေတို့၊ N ကိုင်ရာတို့ရဲ့ သီချင်းတွေကိုမှ နားဝင်ပီယံရှိတဲ့ မဒမ်ဟန်ကြည် ဖြစ်နေကြပြန်တော့ တစ်ယောက်က သူအားသန်တဲ့ ဂီတကို ခံစားနေရင် ကျန်တဲ့တစ်ယောက်က မကြားချင်ယောင်ဆောင်နေရုံပ။ အနှီလိုမှ မဟုတ်ရင်လည်း ကိုယ်နားထောင်ချင်တဲ့ သီချင်းကို MP3 ပြောင်းပြီး ကိုယ့်ဖုန်းထဲမှာ ထည့်ထားလိုက်ရုံ။ ဦးဟန်ကြည်ကလည်း အနှီအဆိုတော်တွေဆိုတဲ့ သီချင်းကို တစ်လုံးမှ နားမလည်သလို၊ မဒမ်ဟန်ကြည်ကလည်း Beethoven တို့ Chopin တို့ကို ကြည့်လို့ကို မရတာကလား။ အနှီတော့လည်း ညှိလို့မရနိုင်တဲ့ အရာကို ခွင့်လွှတ်ပေးကြစတမ်းပေါ့လေ။ သို့ပေမင့် အနောက်တိုင်းက POP သီချင်းတွေကို ခံစားလို့ရတာချင်းတော့ ဘုံယူလို့ရသေးလို့ တော်ပေသေးရဲ့။ The Corrs အဖွဲ့ကိုတော့ နှစ်ယောက်စလုံး ခံစားလို့ရတာမို့ နှစ်ယောက်လုံး အိမ်ကပ်တဲ့နေ့ဆိုရင် The Corrs နဲ့ ငြိမ့်ကြရတာ ထုံးစံ။

ကျန်တဲ့အသေးအဖွဲကိစ္စတွေ မတူတာကို ဘေးဖယ်လို့ရတယ်ထား ဘာသာတရား ယုံကြည်မှုပိုင်းမှာလည်း တစ်လိုင်းစီ။ ဦးဟန်ကြည်က မိရိုးဖလာအဆင့်ထက်ပိုတဲ့ ဗုဒ္ဓဘာသာ။ နှစ်တန်းကျောင်းသားအရွယ်ကစပြီး ရှစ်တန်းကျောင်းသားအရွယ်အထိ နွေရာသီကျောင်းပိတ်တိုင်း ဘုန်းကြီးကျောင်းမှာ ပိဋကတ်စာတွေ သင်ခဲ့၊ တက်ခဲ့တဲ့လူ။ မဒမ်ဟန်ကြည်က ကျမ်းစာကျောင်းတက်ခဲ့တဲ့ ခရစ်ယာန်စစ်စစ်ကြီး။ အနှီတော့လည်း သူ့ဘက်ကိုယ့်ဘက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးပေါ့လေ။ တစ်ယောက်ကိုချစ်လို့ တစ်ယောက်ရဲ့ဘာသာကို ပြောင်းလဲကိုးကွယ်ကြတာမျိုးကိုတော့ ဦးဟန်ကြည်တို့နှစ်ယောက်စလုံး စိတ်မ၀င်စားတာအမှန်။ ကိုယ်စွဲမြဲယုံကြည်တဲ့ ဘာသာရေးယုံကြည်ချက်ကို အချစ်အတွက်လို့ ခေါင်းစဉ်တပ်ပြီး ပြောင်းလဲပစ်တာမျိုးကိုလည်း နှစ်ယောက်စလုံးက အယုံအကြည်မရှိ။ စဉ်းစားကြည့်ရင် မနေ့တစ်နေ့ကမှ ကိုယ့်ဘ၀ထဲရောက်လာတဲ့ လူတစ်ယောက်အတွက် ကိုယ့်မိဘဘိုးဘွား အစဉ်အဆက် ကိုးကွယ်အားထားခဲ့တဲ့ ဘာသာတရားဆိုင်ရာ ခံယူချက်ကို မြေလှန်ပစ်တယ်ဆိုတာ မရိုးသားမှု မဆန်ပေဘူးလား။ အနှီလောက်တောင် စွဲမြဲမှုမရှိတဲ့ လူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကိုတော့ ဦးဟန်ကြည်တို့ အထင်ကြီးလို့ကို မရတာကလား။

ဘယ်လိုမှ ညှိလို့မရနိုင်တဲ့ ညှိလို့လည်း မရကောင်းတဲ့ ဘာသာရေးကိစ္စမှာ ဦးဟန်ကြည်တို့နှစ်ယောက် အပြန်အလှန်နားလည်မှုပေးလိုက်ကြတော့ အဆင်ကိုချောလို့ဗျား။ မဒမ်ဟန်ကြည်ရဲ့ အကြိုက်ဆုံး စာအုပ်က ဆရာတော်ဦးဇောတိကရဲ့ စာအုပ်တွေဖြစ်နေပြီးတော့ ဦးဟန်ကြည်ပြောတဲ့ စကားတွေထဲမှာလည်း သမ္မာကျမ်းစာ ကိုးကားချက်တွေ ပါနေပြန်ရော။ မဒမ်ဟန်ကြည် ဘုရားကျောင်းသွားရင် ဦးဟန်ကြည်လိုက်ပို့၊ စိတ်ကူးပေါက်ရင် ၀င်ဆွေးနွေး၊ အိမ်မှာ အလှူခံလာရင် မဒမ်ဟန်ကြည်က အလှူငွေထည့်နဲ့ နားလည်မှုပေးလိုက်ကြတာ အခုဆိုရင် အိမ်ဝမှာ အလှူခံရပ်ရင် အလှူခံပုဂ္ဂိုလ်က ဦးဟန်ကြည်ကို ဖုတ်လေတဲ့ငပိ ရှိတယ်တောင် သဘောမထားဘဲ “ ဆရာမရေ…အလှူခံ…” လို့ တန်းအော်တော့တာကိုး။ သားသမီးတွေ ထွန်းကားလာရင်လည်း မိဘလွှမ်းမိုးမှုကြောင့် ဘာသာဝင်အလိုအလျောက်ဖြစ်တာကို သဘောမတွေ့တဲ့ လူနှစ်ယောက်ဖြစ်တာမို့ သူကြိုက်တဲ့ဘာသာတရားကို သူ့ဖာသာ ယုံကြည်ခွင့်ပေးကြဖို့ ဆုံးဖြတ်ထားပြီးသား။ ဟုတ်သလေ မိဘနဲ့ သားသမီးပဲဖြစ်ဖြစ်၊ လင်နဲ့မယားပဲဖြစ်ဖြစ် သံသရာတို့ လားရာဂတိတို့ဆိုတာ တစ်ယောက်ချင်းစီရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကိုး။

ဦးဟန်ကြည်တို့နှစ်ယောက် မတူပုံများတော့ စိတ်နေစိတ်ထားချင်းလည်း တခြားစီ။ မိဘတွေရဲ့ ပုံသွင်းပေးမှုနဲ့ ကြီးပြင်းခဲ့တဲ့ ဦးဟန်ကြည်က Independent type ဘယ်သူ့ကိုမှ မမှီတွယ်ချင် အားမကိုးချင်  ကိုယ့်အတွင်းစည်းထဲ သိပ်အ၀င်မခံချင်။ တစ်ယောက်နဲ့ တစ်ယောက်ဖေးဖေးမမနဲ့ ကြီးပြင်းခဲ့ရတဲ့  Dependent type မဒမ်ဟန်ကြည်က အစစအရာရာ ဦးဟန်ကြည်ကို အားထားချင်နေပြန်ရော။ ဘယ်လောက်အထိလဲဆိုရင် အ၀တ်အစားဝယ်ရင်တောင် ဦးဟန်ကြည်က လှတယ်ပြောမှ ၀ယ်တဲ့အထိ။ အပြင်ထွက်ဖို့ အ၀တ်လဲပြန်ရင်လည်း သူဝတ်ထားတာ လှရဲ့လား မေးရတာ အမော။ “ မိန်းမရယ် မင်းစိတ်ထဲမှာ လှတယ်ထင်ရင် ၀တ်သာဝတ်စမ်းပါ…အနှီလောက်တော့ လွတ်လပ်ခွင့်ရှိသင့်ပါတယ်” လို့ ပြောလိုက်မိတုန်းကများ စိတ်ကောက်လို့ကို မပြီးတော့တာရယ်။ အစစအရာရာ အရှိန်ပြင်းပြင်းနဲ့ ပြောင်းလဲနေတဲ့ သည်ဘက်ခေတ်ကြီးမှာ ကိုယ့်ခံယူချက်နဲ့ကိုယ် ခိုင်ခိုင်မာမာ ရပ်တည်ရှင်သန်နိုင်ဖို့ အရေးကြီးတဲ့အကြောင်း တရားဟောဖန်များမှပဲ အနှီဒုက္ခကင်းတော့တာကလား။ သို့ပေမင့် မဒမ်ဟန်ကြည်ကို ဒုတိယ ဦးဟန်ကြည်ဖြစ်အောင် ပုံသွင်းတာ သဘာဝမကျသလို၊ ဦးဟန်ကြည်လည်း ဒုတိယ မဒမ်ဟန်ကြည်ဖြစ်သွားရင် ဘယ်နိပ်တော့မလဲ။ ကိုယ်စီရှိထားကြတဲ့ သီးခြားအလှတရားတွေ ပျက်စီးကုန်ပေမပေါ့။

ဒါတင်ဘယ်ကဦးမလဲ။ အစိုးရကျောင်းမှာ လူလားမြောက်ခဲ့တဲ့ ဦးဟန်ကြည်က အပြင်လောကမှာ ကြီးပြင်းခဲ့လေတော့ လူတွေရဲ့ စိတ်ဓာတ်တွေ၊ အကျင့်စရိုက်ဆိုးတွေနဲ့ အသားတကျရှိနေခဲ့ပေမယ့် ဘာသာရေးကျောင်းမှာ လူလားမြောက်ပြီး ဘာသာရေးပတ်ဝန်းကျင်မှာ အသားကျခဲ့တဲ့ မဒမ်ဟန်ကြည်အတွက်တော့ အပြင်လောကရဲ့ သာမန်လူတွေဟာ စိတ်ညစ်စရာ ကောင်းနေပြန်ရော။ လူညစ်တစ်ယောက်၊ လူကောက်တစ်ယောက်နဲ့ ကြုံခဲ့ရင် ဦးဟန်ကြည်က အထိုက်အလျောက် သင့်တင့်အောင် နှလုံးသွင်းနိုင်ပေမယ့် မဒမ်ဟန်ကြည်ကျတော့ စိတ်မဖြေနိုင်အောင် ဖြစ်နေတတ်တာ သဘာဝ။ မဒမ်ဟန်ကြည် ဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်းကို ဂရုမထားမိရင် အရေပါးလွန်းတယ်လို့ ဒေါမနဿပွားစရာ ဖြစ်နိုင်ပေမယ့် ဦးဟန်ကြည်ကတော့ အလိုက်သင့်အလျားသင့် အဆင်ပြေအောင် ညှိနှိုင်းပေးရပြန်ပါရဲ့။

မဒမ်နဲ့ ဦးဟန်ကြည်နဲ့က အနှီလိုကွာခြားချက်တွေများပေမယ့် သူများကို ကူညီချင်စိတ်ရှိတာကျတော့ တူသဗျား။ တစ်ဖက်သားကို အားနာတတ်တဲ့ အသုံးမကျတဲ့ အကျင့်ချင်းလည်း တူသဗျား။ ကိုယ့်ကြောင့် တစ်ဖက်သား အနှောင့်အယှက်ဖြစ်မှာကိုလည်း ကြောက်တတ်ကြသဗျား။ ကိုယ့်ကို အကူအညီလာတောင်းရင် နှစ်ယောက်လုံးက မရှိရှိတာ ရှာကြံပြီး အကူအညီပေးပုံချင်းကလည်း တူနေပြန်လွန်းလို့ အချင်းချင်း အပြန်အလှန်သတိပေးနေကြရသေးရဲ့။ ရှိစုမယ့်စုလေးတွေ သူများကို စိတ်တူကိုယ်တူ အကူအညီပေးလိုက်မိလို့ ရေသောက်နေရပေါင်းကလည်း မရေနိုင်ဘူးကိုး။ သူ့မိဘ၊ ဆွေမျိုးဘက်ကို ပံ့ပိုးဖို့ကိစ္စဆိုရင် ဦးဟန်ကြည်က တက်တက်ကြွကြွ ဦးဆောင်သလို၊ ဦးဟန်ကြည်ရဲ့ မိဘတွေကို ပံ့ပိုးဖို့ဆိုရင်လည်း မဒမ်ဟန်ကြည်က နိုးနိုးကြားကြား ရှိလွန်းပြန်ရော။

အနှီလောက် နားလည်မှုတွေ ပြည့်နေတော့ ဦးဟန်ကြည်တို့ ဇနီးမောင်နှံမှာ ကတောက်ကဆဖြစ်စရာ၊ စိတ်ဆိုး စိတ်ကောက်စရာတွေ မရှိတော့ဘူးရယ်လို့တော့ မထင်လေနဲ့။ တစ်ပါးစပ်တည်းမှာ အတူရှိနေတဲ့ လျှာနဲ့သွားပဲ မကိုက်မိကြဘဲ ဘယ်နေလိမ့်မတုန်း။ ကိုယ့်ဘက်ကမှန်တယ်ထင်တဲ့ ကိစ္စတွေဆိုတာလည်း သူ့ဘက်ကကြည့်ပြန်ရင် မှားချင်မှားနေတတ်တဲ့ ဒွန္တယာကြီးမှာ မထင်မှတ်တဲ့ အသေးအဖွဲလေးတွေကလည်း ပြဿနာဖြစ်တတ်သေးတာကိုး။ ဘာပဲဖြစ်ဖြစ် အမှိုက်ကစပြီး ပြသာဒ်မီးမလောင်ဖို့၊ အပျက်အပျက်နဲ့ နှာခေါင်းသွေး မထွက်ဖို့ကိုတော့ နှစ်ယောက်စလုံးက သတိထားရပါရဲ့။ အိမ်တွင်းရေးပြဿနာတွေကို အပြင်မထုတ်ဖို့ တစ်နည်းပြောရရင်တော့ အိမ်တွင်းမီးကို အိမ်ပြင်မသယ်ဖို့၊ အိမ်ပြင်က ပြဿနာတွေကို အိမ်သယ်မလာဖို့ နှစ်ယောက်လုံးက အလေးဂရုပြုကြလွန်းလို့သာ ဆယ်စုနှစ်တစ်ခုတိုင်လာခဲ့တာကလား။

ကိုယ့်နောက်ကို ပြန်လှည့်လိုက်တော့ ဆယ်နှစ်ဆိုတဲ့ ကာလက တကယ့်ကို တိုတိုလေးပဲကိုး။ သို့ပေမယ့် ရှေ့ကိုမျှော်ကြည့်လိုက်ရင် မဆုံးနိုင်တဲ့ ဘ၀ခရီးဆိုတာ မမြင်နိုင်အောင် ရှည်လွန်းနေပြန်ရော။ အနှီဘ၀ခရီးကြီး တလျှောက်လုံး လင်ကိုယ်မယား တစ်ယောက်ကို တစ်ယောက် နားလည်မှုရှိရှိ၊ ဖေးဖေးမမနဲ့ အောင်အောက်မြင်မြင် ဖြတ်သန်းသွားနိုင်ဖို့ဆိုတာ ကြိုတွေးကြည့်လိုက်ရင် ရင်မောစရာကြီးပ။ ဘာပဲဖြစ်ဖြစ် အိမ်ထောင်သည်ဆိုတာမျိုးကလည်း သည်ကွေ့မှာ သည်တက်နဲ့လှော်၊ ဟိုကွေ့ရောက်ရင် ဟိုတက်နဲ့လှော်ပြီး မီးစင်ကြည့်ကကြရတာကို အသားကျနေပြီးသား မဟုတ်လား။ အိမ်ထောင်ရေးစကားပုံထဲမှာတော့ “ အိမ်ထောင်ရေးဟာ ရန်သူတွေ အ၀ိုင်းခံထားရတဲ့ ရဲတိုက်နဲ့ တူတယ် ” လို့ ခပ်ပြောင်ပြောင် အနက်ပေးထားပါရဲ့။ ဘာကြောင့်လဲဆိုရင် အပြင်ကလူတွေက အထဲဝင်ချင်ပြီးတော့ အထဲကလူတွေက အပြင်ထွက်ချင်ကြလို့ ဆိုပဲ။ လူပြိုကြီး၊ အပြိုကြီးတွေဖြစ်တဲ့ သူကြီးမင်းတို့၊ မင်းဧရာတို့၊ ကိုဘကြိုင်တို့၊ ဒေါ်ချောတို့၊ ဂျယ်ရီပစ်ပစ်တို့၊ မိုးငွေ့တို့၊ စန်းထွန်းတို့ ကတော့ အထဲဝင်ချင်ကြပေမပေါ့။ ဘာပဲဖြစ်ဖြစ် ဦးဟန်ကြည်ကတော့ ဆယ်နှစ်တာအတွင်းမှာ အပြင်ထွက်ချင်စိတ်မပေါ်ခဲ့တာပဲ ဂုဏ်ယူရတာပါ့ဗျာ။

ကုန်လွန်ဖြတ်သန်းခဲ့တဲ့ အိမ်ထောင်သက်တစ်လျှောက် ညှိခဲ့ရ နားလည်ပေးခဲ့ရ၊ လောလောဆယ်မှာ ညှိနေဆဲ နားလည်ပေးနေရဆဲ၊ နောင်လာမယ့် သက်တန်းတစ်လျှောက်လုံးမှာလည်း ညှိနေရဦး နားလည်ပေးနေရဦးမယ့် မတူညီမှုပေါင်းစုံကို ကိုယ့်ဝမ်းနာကိုယ်သာသိတဲ့ ဦးဟန်ကြည်က အိမ်ထောင်သက် ရှည်ကြာလေးမြင့်အောင် စာနာနားလည်မှုတွေနဲ့ ထိန်းသိမ်းတည်ဆောက်နိုင်ခဲ့ကြတဲ့ မိတ်ဆွေစုံတွဲတွေကို အင်မတန်မှ လေးစားပြီး အထွတ်အမြတ်ထားမိပါရဲ့။ အပြင်လောကက အနှီလို မိတ်ဆွေတွေကိုတော့ စကားစပ်မိတိုင်း အိမ်ထောင်သက်အတွက် လေးစားကြောင်း ပြောဖြစ်စမြဲ။ ဘလော့ရွာပေါ်မှာတော့ ဂုဏ်ပြုပို့စ်ပေါ့လေ။ ဒါကြောင့်လည်း ဘလော့ရွာရဲ့ အရိုသေခံဖြစ်ပြီး လာမယ့်နိုဝင်ဘာ ၂ ရက်နေ့မှာ အိမ်ထောင်သက် ပုလဲရတုတိုင်မယ့် အန်တီတင့် တို့စုံတွဲကို အခုပို့စ်နဲ့ ဂုဏ်ပြုချင်ပါရဲ့။

ဘာကြောင့်လဲဆိုရင် ဦးဟန်ကြည်တို့ဇနီးမောင်နှံ ၁၀ နှစ်တာအတွင်းမှာ တွေ့ကြုံဖြတ်သန်းခဲ့ရတဲ့ ညှိယူရခြင်း၊ နားလည်မှုပေးရခြင်းဆိုတဲ့ အခက်အခဲတွေဟာ အန်တီတင့်တို့ ကြုံတွေ့ဖြတ်သန်းခဲ့သမျှရဲ့ သုံးပုံတစ်ပုံပဲ ရှိဦးမှာ သေချာသကိုး။ တစ်မိသားနဲ့ တစ်မိသား သဟဇာတဖြစ်အောင် အိမ်ထောင်သာယာစိုပြည်အောင် သည်လောက်နှစ်တွေကြာတဲ့အထိ မယိုင်မလဲ တည့်မတ်ထိန်းသိမ်းနိုင်ခဲ့တဲ့ ဘလော့ဂါအန်တီတင့်တို့ ဇနီးမောင်နှံကို လှိုက်လှိုက်လှဲလှဲ အရိုအသေ အလေးအမြတ်ပြုရင်း နောင်လာမယ့်နှစ်ပေါင်းများစွာအထိ သာယာချစ်ကြည်လေးမြတ်စွာနဲ့ နွေးထွေးချမ်းမြသော မိသားစုဘ၀ကို ဆက်လက်တည်ဆောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။             

စာကြွင်း။                        
ပို့စ်ရေးဖို့ အွန်လိုင်းပေါ်တက်ကြည့်တော့ Tin anniversary အတွက် လက်ဆောင်ပေးရမယ့်ပန်းက Daffodil ဆိုပါလား။ Pearl anniversary အတွက်ကျတော့ Lily ပေးရမတဲ့။ အန်တီတင့်ရဲ့ အိမ်ဦးသခင်ကတော့ ဘယ်လိုနေမယ်မသိဘူး။ ပန်းဆိုရင် စပယ်ပန်းနဲ့ သပြေပန်းလောက်ပဲ သိတဲ့ ဦးဟန်ကြည်ကတော့ အနှီ anniversary ရောက်ရင် ကိုင်း မဒမ်ဟန်ကြည်ရေ မင့်ဖာသာ ကြိုက်တဲ့ပန်းပဲ ရှာဝယ်ချေတော့လို့ပဲ ပြောရင်ကောင်းမလား စဉ်းစားမိပါရဲ့။ ( ခေါင်းမှာ ဆိုင်ကယ်ဦးထုပ်ဆောင်း၊ ဗိုက်မှာ ခေါင်းအုံး ကပ်ပြီး ပြောရင် ပိုပြီးဘေးကင်းမယ် )

Wednesday, 24 October 2012

ကိုင်း…နှောလိုက်ဦးမယ် နတ်သံ . . .

ဦးဟန်ကြည်တစ်ယောက် 
 အလကားမတ်တင်းရတဲ့ ဘလော့လေးဆောက်ပြီး ကိုယ်စိတ်ထင်တာလေးတွေ ချောက်ချီးချောက်ချက် စပြီးရေးပဟေ့ဆိုတဲ့ အချိန်ကတည်းက တစ်လကို အနည်းဆုံး ပို့စ်တစ်ခုလောက်ကတော့ မပျက်မကွက် တင်ဖြစ်ခဲ့သပေါ့။ သို့ပေမင့် လွန်ခဲ့တဲ့ လေးလ၀န်းကျင်လောက်ကတည်းက ဘလော့လည်းမဂင်းဖြစ်၊ ဖွဘွတ်လည်း ဟုတ်ဟုတ်ငြားငြား မသုံးဖြစ်လေတော့ ဘလော့ရွာကြီး ဘာတွေဖြစ်လို့ ဘာတွေပျက်ကုန်ပြီဆိုတာ နကမ္ပတ္တိ နကန်းတစ်လုံးမှကို မသိဘဲဖြစ်နေပါရောလား။ ၀ါဆိုဦးကတည်းက အနှီလို ပျောက်ချက်သားကောင်းလိုက်တာ အခုလို သီတင်းကျွတ်ကာနီးမှ ဆိုင်းမဆင့်၊ ဗုံမပါ ပြန်ပေါ်လာတော့တာမို့ ဦးဟန်ကြည်တစ်ယောက်ဖြင့် လူ့ပြည်ညည်းလို့ နတ်ထီးစံ ( ဟုတ်ပေါင် . . . )  လောကီညည်းလို့ မြိုင်ကြီးစံတယ်လို့များ အထင်တော် မမှားကြဖို့ သတင်းမပျက်အောင် ရှင်းချက်ကလေးတော့ အရင်ဆောင်ရဦးမယ် ထင်ရဲ့။

ချစ်လှစွာသော မဒမ်ဟန်ကြည်ကို ခင်ပွန်းဝတ္တရားငါးပါးနဲ့ အညီပြုစုလုပ်ကျွေးဖို့ တာဝန်ကြီးရှိနေတဲ့ ဦးဟန်ကြည်ခမျာ တောထွက်ဖို့ နေနေသာသာ တစ်နေ့တာ အလုပ်ချိန်ပြီးရင်တောင် ဟိုဟိုသည်သည် သဝေမထိုးရဲဘဲ အချိန်တန်ရင် ချည်တိုင် ( ဟုတ်ပေါင် . . .  ) အိမ်ပြန်ရပါသဗျား။ တရားရဖို့အတွက်ကိုတော့ တောထွက်စရာမလိုဘဲ ရွှေပြည်က လူကြီးသူမတွေရဲ့ လုပ်ရပ်တွေ၊ စိတ်ဓာတ်တွေကို ထိုင်ကြည့်ရင်း၊ နားထောင်ရင်းနဲ့တင် တရားတင်မကဘဲ၊ သံဝေဂပါအဆစ်ရရှာတဲ့ ရွှေပြည်သားစစ်စစ်ကြီး မဟုတ်ပါလား မိတ်ဆွေတို့ရေ။ အနှီလို မျက်စိတစ်ချက်ဝေ့ရုံနဲ့တင် စိတ်အကြံမြောက်၊ အဓိဋ္ဌာန်ပေါက်ပြီး အဆင်သင့်ရင် အရှင်လတ်လတ် နိဗ္ဗာန်ပါရောက်နိုင်တဲ့ ပါရမီထူး၊ ဓာတ်ခံထူးတွေ ပွင့်ဖူးစည်ပင်ရာ ရွှေပြည်မဟာကို တမြတ်တနိုး ရှိလွန်းလို့လည်း ဖောရင်းမလားဘူးတဲ့ တောတွင်းသားဦးဟန်ကြည်အဖြစ်ကို သည်နေ့သည်အချိန်အထိ ကျားပိန်တွယ် တွယ်ထားရရှာပါသဗျား။

စာမရေးရရင် စားမ၀င်အိပ်မပျော်ချင်တဲ့ ၀ဋ်နာကံနာဆိုးကြီး မွေးကတည်းက ပါလာရှာတဲ့ ဦးဟန်ကြည်ကို ဘယ်ဒင်းသော ပါပဂြိုဟ်စီးဂြိုဟ်နင်းများက ကူညီကာဝိုင်းပြီး မှိုင်းမတော်မူကြရှာရော့သလား၊ ဒါမှမဟုတ် မွေးသမိခင်နဲ့ မွေးသဖခင်က တဖွဖွနားချနေတဲ့ကြားက မြန်မာပီသနိုင်သမျှပီသအောင်ဆိုတဲ့ ဆင်ခြေကြီး တစ်ခွဲသားနဲ့ ကွမ်းတဖွတ်ဖွတ်ဝါးနေတဲ့ အကျင့်ဆိုးကြီးကို အမြစ်က ကျွတ်စေချင်တဲ့ သမ္မာဒေ၀နတ်အပေါင်းတို့ကပဲ အကြောင်းညီညွတ်အောင်၊ ဘောင်းဘီချွတ်ပေးတော်မူကြသလား မပြောတတ်ပေါင်ဗျာ။ စာသင်ချိန်မှာ နက်ဘွတ်ကလေးနဲ့ မေးခွန်းထုတ်နေရင်း ကွမ်းတံတွေးထွေးဖို့ ထွေးခံအယူမှာ ကီးပက်ပေါ်ကို ကွမ်းတံတွေး သုံးလေးစက်မှောက်ပြီး ရှိစုမဲ့စု နက်ဘွတ်ကလေးက ကီးသုံးလုံး မာလကီးယားပါလေရော။ တိုင်းခြားက ဘလော့ဂါ၊ ဘလော့ဂီများဆိုရင်တော့ ကီးပက်တစ်ခုပျက်၊ တစ်ခုဝယ်စွပ်လိုက်ဖို့ လွယ်ပေမင့် ရွှေပြည်သားကျောမွဲ ဦးဟန်ကြည်အဖို့မှာတော့ အနှီလောက် ဘယ်လွယ်လိမ့်တုန်း။ မျက်နှာလေးကို ဇီးရွက်လောက်ဖြစ်အောင် ရှုံ့နိုင်သမျှ ရှုံ့ပြီး  မြို့ထဲက ကွန်ပျူတာဆိုင်သွားပြီး ကယ်ပါဇာတ်ခင်းယူရတာကိုး။ ရွှေပြည်က နည်းပညာအရောင်းဆိုင်များကလည်း ၀န်ဆောင်မှု ဘာကောင်းသလဲ မေးတော်မမူနဲ့။ ဦးဟန်ကြည်ရဲ့ နက်ဘွတ်ပိစိညှောက်တောက်ကလေးကို တစ်ချက်လောက် ကြည့်ချင်ယောင်ဆောင်ပြီး “ ဘာမှမပူနဲ့ ဆရာရေ . . . ကီးပက်ကတော့ပြင်လို့ မရတော့ဘူး . . . ” လုပ်ပါလေရော။

အံမယ် အနှီလောက်ကတော့ ဦးဟန်ကြည်တို့က ဘယ်ဖြုံလိမ့်တုန်း။ အွန်လိုင်းပေါ် တောင်မွှေမြောက်မွှေလုပ်ပြီး ကွန်ပျူတာရောင်းတဲ့ ၀က်ဆိုဒ်၊ ကြက်ဆိုဒ်တွေမှာ ဈေးနှုန်းတွေ စုံစမ်းထားပြီးသား မဟုတ်လား။ အနှာနဲ့ “ ကွာ  . . . ပြင်လို့မရလည်း အသစ်ဝယ်ထည့်တာပေါ့ကွာ . . . ကီးပက်အသစ်တစ်ခု ဘယ်လောက်ရှိတာမှတ်လို့ . . . ” ဆိုတဲ့စကားနဲ့ ခပ်ဖိန်းဖိန်းလေး ဥပစာယ လုပ်လိုက်မိမှပဲ မောင်မင်းကြီးသားက “ မထင်နဲ့ဆရာရေ . . . ဆရာ့နက်ဘွတ်အမျိုးအစားက ကီးပက်အတော်ရှားသဗျား . . . အကောင်းဆုံးကတော့ နောက်ထပ်ကွန်ပျူတာတစ်လုံး အသစ်သာ ၀ယ်ပေရော့ . . . ” လို့ စေတနာဗလပွနဲ့ ဦးဟန်ကြည်လည်း အသစ်ရ၊ သူ့ဆိုင်လည်း အမြတ်ရအောင် အချွန်နဲ့ မ-တော်မူလိုက်တာ နဂိုက ဇီးရွက်သာသာမျက်နှာခမျာ ထင်ရှူးရွက်လောက်ပဲ ကျန်ပါလေရော။ အနှီထင်းရှူးရွက်ကို အီးမှန်တဲ့ မျက်ခွက်နဲ့ အောင့်သက်သက်အိမ်ပြန်ပြီး နက်ဘွတ်ကို ချောင်ထိုးပြီး ရွှေပြည်သားဖြစ်ရခြင်းရဲ့ ကောင်းကျိုးတွေကို အနုလုံပဋိလုံ ထိုင်စဉ်းစားနေလိုက်တာ ဘာပြောကောင်းမလဲ တစ်လကျော်ကြာတဲ့အထိတောင် သောက်ကျိုးနည်းကောင်းကွက်တွေ ကုန်တောင် မကုန်နိုင်ဘဲကိုး။

သည်ကြားထဲမှာ တွေ့သမျှ ကွန်ပျူတာအရောင်းဆိုင်၊ အပြင်ဆိုင်တွေသာမက နည်းပညာသမား ကြီး၊ ငယ်၊ လတ်မရွေးဆီမှာပါမကျန် ကီးပက်ကို ပြင်လို့ရရင် ပြင်ပေးတော်မူကြဖို့၊ ပြင်လို့မရရင်လည်း အသစ်မှာရင်မှာပေးတော်မူကြဖို့ ကိုယ့်ပစ္စည်း၊ ကိုယ့်ငွေနဲ့ကို အောက်ကျနောက်ကျ နတ်သံနှောရတာများ ကြာတော့ အရေမရ၊ အဖတ်မရတဲ့ စာရေးတဲ့အလုပ်ကိုပဲ ဇွဲမျိုးကြီးလွန်းတဲ့ ကိုယ့်ကိုယ်ကိုပါ သောက်မြင်ကတ်ပြီး ဖင်ပိတ်ကန်စိတ် ပေါ်လာတဲ့အထိ။ စာမရေးရမနေနိုင်ပြန်လို့ အိမ်ရှင်မရဲ့ desk top ကို သူအလစ်မှာ အပိုင်စီးပြီး စာရေးပြန်တော့လည်း နုနုရွရွ နက်ဘွတ်ကီးပက်နဲ့ အထာကျနေတဲ့ လက်ချောင်းများက တဂျောင်းဂျောင်းအသံမြည်တဲ့ ကီးဘုတ်မာမာကြီးကို ဖင်ခေါင်းကျယ်တော်မူကြပြန်လေရောဗျား။ သည်ကြားထဲမှာ ညကြီးသန်းခေါင်သန်းလွဲမှာ ပီစီက ကီးဘုတ်ကြီးကို တဂျောင်းဂျောင်းမြည်အောင် ရိုက်ရပြန်တော့ မဒမ်ဟန်ကြည်က အိပ်ရေးပျက်ရန်ကောဆိုပြီး မျက်စောင်းက ထိုးပြန်ပါလေရော။ နဂါးမျက်စောင်းက အကြောင်းသုံးပါးပဲ မရွေးတာ၊ မဒမ်ဟန်ကြည့်မျက်စောင်းက အကြောင်းတစ်သိန်းလောက်မရွေးမှန်း ကိုယ်တွေ့သိထားတဲ့ ဦးဟန်ကြည်ခမျာ ကွန်ပျူတာနဲ့စာရေးခြင်းအမှုကို ဝေရာမဏိလုပ်ပြီး ရှေးမူမပျက် စာရွက်နဲ့ဘောပင်ကိုင်ပြီး ရသေ့စိတ်ဖြေလုပ်ရရှာသပေါ့။ ( ကတောက် . . . ရေးနေရင်းနဲ့တောင် ကိုယ့်ကိုယ်ကို အတော်သနားလာပါရောလား . . . )

တစ်နေ့သားမှာတော့ ရေးနေကျစာမရေးရလို့ နေမထိ၊ ထိုင်မသာဖြစ်နေတဲ့ ဦးဟန်ကြည်ကို ကြည့်ရင်း မဒမ်ဟန်ကြည်ခမျာ သနားသွားဟန်တူရဲ့ ( သောက်ညင်ကတ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်သပဗျာ . . . ဒါပေမယ့် ကောင်းတဲ့ဘက်ကပဲ တွေးကြစတမ်း . . . ) နေပြည်တော်က သူ့မတ်တော်မောင် ကွန်ပျူတာသမားကို လှမ်းပြီးအပူကပ်ပေးပါလေရော။ ( အနှီလိုကျပြန်တော့ မဒမ်ဟန်ကြည်က ချစ်စရာ တယ်ကောင်းသကိုး . . . သူကြီးမင်း၊ ကိုဘကြိုင်၊ မောင်မျိုး၊ မင်းဧရာတို့ကဲ့သို့သော ဘလော့ဂါလူပြိုသိုးများ အားကျမုဒိတာပွားတော်မူကြကုန် . . .  ) မဒမ်ဟန်ကြည်ရဲ့ ညီမကို ယူထားမိရှာတဲ့ မတ်တော်မောင်ခမျာလည်း သူ့မရီးကို မျက်နှာလုပ်ဖို့ သမိုင်းပေးတာဝန်က ရှိလေတော့ “ စိတ်သာချ . . . ရစေရမယ် ” လို့ အာမဘန္တေခံပါလေရော။ အနှီလိုနဲ့ ရန်ကုန်ရွှေမြို့တော်ကြီးက သူ့အဆက်အသွယ် ကွန်ပျူတာပစ္စည်းဆိုင်မှာ အကူအညီတောင်းလိုက်တာ တစ်လအလိုမှာ ကီးပက်ရပြီလို့ အကြောင်းပြန်ပါလေရော။ အနှာပေမယ့် မဟာရန်ကုန်မြို့ကနေ ဦးဟန်ကြည်မှီတင်းနေထိုင်တဲ့ သူတော်ကောင်း၊ သူမြတ်လောင်းတို့ ကြီးစိုးမင်းမူရာ ဖွတ်ကြောပြာစုမြို့ကို လှမ်းပို့ဖို့ လမ်းကြောက ရှာလို့ မရ ဖြစ်ပြန်ပါရော။ အနှီလိုနဲ့ မောင်မင်းကြီးသား ကီးပက်ခမျာ ၁၅ ရက်ကြာအောင် စောင့်ရတဲ့ လူကြုံနဲ့ နေပြည်တော်သွားတောလားရွတ်ပြီး နေပြည်တော်ဒေသမြတ်ကို လားပြန်ချေသပေါ့။

အနှီနေပြည်တော်က ကီးပက် ဦးဟန်ကြည်လက်ထဲရောက်ဖို့ မော်ရွှေမြိုင်မြို့က မိတ်ဆွေတွေကို ဖုန်းတဂွမ်ဂွမ်ဆက်၊ အပူကပ်ပြီး နေပြည်တော်ကနေ ရွှေမြိုင်ကို ကားတစ်ဆင့်၊ ရွှေမြိုင်မြို့ကနေ ဦးဟန်ကြည်နေတဲ့ အနှီဖွတ်ကြောပြာစုမြို့ကို ကားတစ်ဆင့် ငွေလမ်းခင်းပြီး တစ်လိမ့်ချင်းရောက်တော်မူပါရော။ အနှီလောက် အဆင်ပြေချောမွေ့တော်မူပါတဲ့ ရွှေပြည်ရဲ့ DHL ကြီးတွေကိုး။ အနှာတောင်မှ မဒမ်ဟန်ကြည်ရဲ့ မတ်တော်မောင်က သူ့မယားညီအစ်ကို ဦးဟန်ကြည်အတွက် စေတနာဗလပွနဲ့ ကီးပက်ဖိုး မြန်မာကျပ်ငွေ သုံးသောင်းခုနစ်ထောင်တိတိကို အလကားမတ်တင်း အလှူဒါန ပြုလိုက်ပေလို့ ထိုက်သင့်သလောက် ဖွတ်ကလိဒင်္ဂါးကုန် သက်သာရချေသေး။

လွန်ခဲ့တဲ့လထဲက ကီးပက်ရောက်လာတော့ စာသင်ချိန်မှာ ဇောကပ်နေတဲ့ ဦးဟန်ကြည် ကြိုကြိုတင်တင် ၀မ်းသာရအောင် မဒမ်ဟန်ကြည်က ဖုန်းဆက်ပြီး သတင်းပေးပါလေရော။ ( အနှီလောက် ချစ်စရာကောင်းတဲ့ မဒမ်ဟန်ကြည်ကိုး . . .  ) အံမယ်မင်း အနှီနေ့က နာရီလက်တံများ နှေးချက်။ တော်တော်နဲ့ကို ညကိုးနာရီမခွဲနိုင်ဘူးဗျား။ စာသင်ချိန်ပြီးတာနဲ့ အိမ်ကို ၀ရုန်းသုန်းကားပြန်ပြေးပြီး ပါဆယ်ထုပ်ကိုဖွင့် ကီးပက်အသစ်ကို ကြည့်လိုက်မိပါမှပဲ ဦးဟန်ကြည်ခမျာ ခဲလေသမျှ ပဲရေပွပါလေရောလား။ သူ့ကီးပက်က ဦးဟန်ကြည်ရဲ့ နက်ဘွတ်နဲ့ ကီးမှမကိုက်ဘဲကိုး။ အံမယ်မင်း . . . ပါဆယ်ထုပ်ပေါ်မှာတော့ Ben Q Joybook lite U 106 လို့ အကျအနရေးထားပေမယ့် အထဲမှာကျတော့ ဘယ်ဒင်းက ကီးပက်ကြီးမှန်း မသိတဲ့ သကောင့်သားကြီး ဖြစ်နေပါရောလား။ ဦးဟန်ကြည်ခမျာ မင်္ဂလာဦးညမှာ သတို့သမီးနောက်လင်ယူသွားတဲ့ သတို့သား အသစ်စက်စက်လို ငိုရမလို၊ ရယ်ရမလို ဖြစ်ပါလေရော အရပ်ကတို့ရေ။

အနှီလောက်တောင် အိုးတော်လုပ် ဖုတ်ရင်းကမကျက်ဖြစ်ပါများလွန်းတော့ ဘာမထီ၊ ဇာနည် ဦးဟန်ကြည်ကတော့ ရွှေပြည်သားပီပီ ယောနိသောမနသိကာယ ဆိုတဲ့ ရှင်တော်ဘုရားရဲ့ “ သင့်တင့်လျှောက်ပတ်စွာ နှလုံးသွင်းဆင်ခြင်ခြင်း ” ဆိုတဲ့ တရားတော်ကို အတိအကျလိုက်နာလိုက်ရပါလေရော။ ခပ်ပြောင်ပြောင်ပြောရရင်တော့ “ အိမ်း. . . ရွှေပြည်သားဖြစ်ပါလျက်ကနဲ့ ရွှေပြည်သားလိုမနေမိတဲ့ ငမိုက်သား  . . . တရားရလေရော့  . . . ” လို့ ကိုယ့်ကိုယ်ကို တရားချယူရတာကိုး။ အနှာပေမယ့် မဒမ်ဟန်ကြည်ကတော့ ဇွဲကောင်းသဗျား။ နေပြည်တော်က သူ့ညီမနဲ့ တစ်မိနစ်ကို မြန်မာကျပ်ငွေ ခြောက်ဆယ်၊ ဖုန်းကဒ်တစ်ကဒ်ကို မြန်မာကျပ်ငွေ တစ်သောင်းကျပ်တိတိနဲ့ အလွန်တရာမှ ဈေးသက်သာပြီး လိုင်းဆွဲအား ကောင်းလွန်လွန်းလို့ ခေါင်းကဆံပင်တွေပါ အချောင်းလိုက် မိုးပေါ်ထောင်တဲ့ MPT မြန်မာစီဒီအမ်အေဖုန်းကို သုံးရက်အတွင်း ဖုန်းကဒ်နှစ်ကဒ်ကုန်အောင် ကွန်တက်ယူပြီး ဆုံးခန်းမတိုင်သေးတဲ့ ကီးပက်အရေးတော်ပုံကြီးကို ဆက်လှုပ်ရှားပြန်ပါလေရော။ သူတို့ချင်း ဘယ်ဒင်းက ဘယ်လို ဆက်သွယ်လိုက်မှန်းမသိဘဲ ဦးဟန်ကြည်တို့ ဖွတ်ကြောပြာစုမြို့ကို ကုန်ဆင်းဝယ်တဲ့ နေပြည်တော်က ကုန်သည်တစ်ယောက်အပြန်မှာ ကီးပက်အမှားကို ပြန်ထည့်ပေးပြီး ကီးပက်အသစ်နဲ့ ပြန်လဲဖို့ စီမံပြန်သဗျား။

ဒါတင်အားမရသေးဘဲ ရန်ကုန်ရွှေမြို့တော်ကြီးကို ကိစ္စတစ်ခုနဲ့ ခရီးသွားမယ့် မိတ်ဆွေတစ်ယောက်နဲ့အတူ ဦးဟန်ကြည်ရဲ့ ကီးပက်အဟောင်းကို ထည့်ပေးပြီး ရှာဝယ်ပေးဖို့ အကူအညီတောင်းပေးပြန်ရဲ့။ ( အင်း . . . ရေးနေရင်းကပဲ မဒမ်ဟန်ကြည်ရဲ့ ကျေးဇူး အတော်များနေတာ သတိထားမိပါသေး . . . ) အနှီမိတ်ဆွေကလည်း မဒမ်ဟန်ကြည်ရဲ့ အမှာစကားကို အတော်လေး နားစိုက်ဟန်တူရဲ့။ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ရန်ကုန်ကပြန်ရောက်လာပေမယ့် သူ့သားအတွက် ကွန်ပျူတာဝယ်ဖို့ စုံစမ်းရင်း ကီးပက်ကိစ္စမေ့လာပါသတဲ့ဗျား။ အင်း . . . ဆွမ်းခံစားရတာ ချက်စားရသလောက် ဘယ်ဝလိမ့်တုန်း။ မဒမ်ဟန်ကြည်ရဲ့ ညီမ လွှတ်ပေးလိုက်တဲ့ လူကြုံကတော့ နောက်သုံးလေးရက်ဆိုရင် ရန်ကုန်ရောက်မယ်ဆိုရဲ့။ ကီးပက်လဲလို့မရရင် အသစ်ဝယ်ဖို့ မဒမ်ဟန်ကြည်က သူ့ညီမကို တစ်ချက်လွှတ်အမိန့်တော်ချလိုက်ပါသတဲ့။ အင်း . . . ကီးပက်တစ်ခုနဲ့တင် သက်ဆိုင်ရာ သက်ဆိုင်ကြောင်းတွေလည်း အတော်ခေါင်းခဲကြရရှာမှာ စဉ်းစားရင်းနဲ့တင် စာရေးချင်စိတ် လွန်လွန်းကဲလွန်းတဲ့ ကိုယ့်ဝသီကိုတောင် ပြန်ဆန်းစစ်မိပါရောလား။

ကီးပက်မရတဲ့အတောအတွင်း မဒမ်ဟန်ကြည်တစ်ယောက် သူ့ညီမနဲ့ ကွန်တက်မပြတ်ရေး အရေးကြီးနေတဲ့ကြားမှာ ဖွတ်ကြောပြာစုမြို့က ဦးဟန်ကြည်တို့ ကျောမွဲရပ်ကွက်ကို မီးပေးတဲ့ ထရန်စဖော်မာ ဂန့်သွားပြန်တာကြောင့် မီးမမြင်ရတာ သည်နေ့ဆိုရင် လေးရက်မြောက်ပါရောလား။ ဖွတ်ကြောပြာစုမြို့ကို မီးပေးဖို့ လေလံယူထားတဲ့ ဘာဘာညာညာရဲ့ မကင်းရာမကင်းကြောင်း သူတော်ကောင်းမမရဲ့ ဖြူစင်မွန်မြတ်တဲ့ ပရဟိတစိတ်ဓာတ်နဲ့ လူကြီးလူကောင်းစိတ်ထားကို ရာနှုန်းပြည့်ယုံကြည်ပြီးသား ဦးဟန်ကြည်ကတော့ တစ်လနီးပါးလောက် အက်ဒီဆင်ကြီးကို ဂုဏ်ပြုရကိန်းမြင်ကြောင်း တစ်ထစ်ချ ယုံကြည်ထားလိုက်ရသေးသဗျား။ အနှီတော့ ရွှေပြည်သား ဦးဟန်ကြည်ခမျာ နေ့လည်ဘက်စာသင်သွားရင် ဘာဘာညာညာရဲ့ မကင်းရာမကင်းကြောင်း ပုဂ္ဂိုလ်တွေကြီးစိုးတဲ့ လမ်းကုမ္ပဏီက ကွန်ကရစ်လမ်းအပေါက်တွေကို မြေဖို့ပြုပြင်ခြင်းဆိုတဲ့ ကမ္ဘာမှာမရှိတဲ့ လမ်းပြုပြင်ခြင်း နည်းပညာအသစ်နဲ့ လမ်းပြင်ထားတာကြောင့် အညာတောပိုင်းအလွမ်းပြေ ဖုန်လုံးကြီးတွေ တလိမ့်လိမ့်တက်နေတဲ့ မြို့ရဲ့အထင်ကရလမ်းမကြီးပေါ်မှာ ရှိရှိသမျှ ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ အားသွင်းမီးအိမ်တွေ တနင့်တပိုးသယ်ပြီး လုံးခနဲ၊ လုံးခနဲထနေတဲ့ ဖုန်လုံးကြီးတွေ ပါးစပ်ထဲမ၀င်အောင် surgical mask တစ်ခုတပ်လို့ ရှိစုမယ့်စု ဖွတ်ကလိဒင်္ဂါးလေးနဲ့ ခြစ်ခြစ်ကုတ်ကုတ်ဝယ်ထားတဲ့ ဆိုင်ကယ်လေးကို စမ်းတ၀ါးဝါးမောင်းရင်း မီးရှိတဲ့နေရာက မီးသယ်တဲ့လုပ်ငန်းကို သည်ရက်ပတ်အတွင်းမှာ တတပ်တအားလုပ်နေရပြန်ပါကြောင်း နတ်သံနှောလိုက်ရပါရဲ့ ဘလော့ဂါအပေါင်းတို့ရေ။

စာကြွင်း။            
အနှီပို့စ်ကို အနောက်ရွာကို မြန်မာမှုပြုထားတဲ့ စတိုင်အရ နက်ဘုတ်မှာ desk top ကီးပက်အကြီးကြီး တပ်ပြီး ဖယောင်းတိုင်တစ်တိုင်နဲ့ ရေးလိုက်ပါသဗျား။ နောက်တစ်ပတ်ကြာလို့မှ ရန်ကုန်ကကီးပက်မရောက်ရင် ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်ဝန်ကိုယ်ထမ်းရမယ့် ရွှေပြည်သားထုံးကို နှလုံးမူလို့ မိထွေးတော်တိုင်းပြည်ဘက်ချီတက်ပြီး ကီးပက်အရေးတော်ပုံဆင်နွှဲမယ့်အကြောင်း ကြေငြာမောင်းခတ်လိုက်ပါကြောင်း . . .။                

Tuesday, 3 July 2012

သူကြီးသား ပေါက်ကြီး၏ စွန့်စားခန်းများ ( ၂ ) . . .



ကျုပ်တို့ရွာကနေ မဟာရန်ကုန်မြို့ကြီးကို ရောက်ဖို့ဆိုတာကလည်း ကားတစ်ဆင့်၊ ရထားတစ်ဆင့်စီးရတာကိုး။ ခရီးသည်တင်ကားဆိုတာကလည်း ဒီဘက်ခေတ်လို မှန်လုံကားကြီးတွေ ဘယ်ဟုတ်လိမ့်တုန်း။ ချက်ပလက်ခေါင်းတိုလို့ အညာလိုခေါ်တဲ့ စစ်လက်ကျန်ကားကြီးတွေ။ ကားတိုက်မှုဖြစ်မှာကတော့ မပူလေနဲ့။ စိတ်ပေါက်မှ လိပ်လောက်ပြေးတဲ့ကားတွေဆိုတော့ တစ်စီးနဲ့တစ်စီး သေသေချာချာ ခေါင်းချင်းဆိုင်ပြီးတိုက်ရင်တောင် ခရီးသည်တွေ အထိုင်မပျက်လောက်ဘူး။ ကားတွေကလည်း စုတ်လိုက်ချာလိုက်တာ တစ်ချို့နေရာများဆိုရင် ပြုတ်ထွက်ကုန်မှာစိုးလို့ လျှော်နဲ့တောင် တုပ်ထားရသေးတာရယ်။ ကားလို့သာခေါ်ရတယ် တကျွီကျွီတအီအီနဲ့ အသံပေါင်းစုံမြည်နေတာမို့ ဆီမထိုးဘဲထားတဲ့ ဘကြီးသာဝရဲ့ ဒေါက်လှည်းအိုကြီးပေါ် ရောက်နေတဲ့အတိုင်းပဲ။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့လို တောသားအတွက်ကတော့ ဇိမ်ပါပဲ။

ကားလမ်းတလျှောက် ကြုံသမျှအခက်အခဲတွေကိုတော့ မပြောတော့ပါဘူးလေ။ ဒီကြားထဲမှာ ရထားစီးရတာကလည်း တယ်မနိပ်လှဘူး။ တဂျုံးဂျုံး၊ တဂျောင်းဂျောင်းနဲ့ ရမ်းချက်ခါချက်ကတော့ ဘကြီးဖြိုးရဲ့ ဟာလာဆန်စက်ဇကာပေါ်တက်ထိုင်နေရသလား မှတ်ရတယ်။ ဒီကြားထဲမှာ ကြမ်းပိုးကလည်း ကိုက်ပါဘိ။ လူတွေကလည်း ငါးပိသိပ်၊ ငါးချဉ်သိပ်တင်ထားသေးတာရယ်။ အဲဒီတော့မှပဲ ကျုပ်တို့တိုင်းပြည်မှာ လူတွေဒီလောက်များမှန်း သိရတော့တာ။ တကတည်း ရထားပေါ်မှာ လူတွေသီးနေသလားလို့တောင် ထင်စရာပဲ။ အခင်းကြီး၊ အခင်းလေးသွားဖို့တောင် နေရာကမထရဲဘူး။ ထလိုက်တာနဲ့ ဘုံပျောက်ဖို့များတယ်။ ဒီကြားထဲမှာ သူများကို ကျော်ခွသွားပြန်ရင်လည်း အဆဲ၊ အဆိုခံရဦးမှာ သေချာတယ်။ ဖြစ်ချင်တော့ အရေးထဲအရာပေါ်သလို ပါတော်မူချင်တဲ့ ပြဿနာက တက်ပြန်ရော။ မတက်ဘဲနေရိုးလား။ မနေ့ညနေက ကိုရင်ခွေးနီတို့တစ်အုပ် ကျုပ်ကိုဂုဏ်ပြုလွှတ်လိုက်တဲ့ ထန်းရည်တစ်မြူက အစွမ်းပြသကိုး။ သည်လူတွေကတော့ သည်လိုချည်းပါပဲ။ ရွာထဲမှာ တစ်ခုခုဖြစ်မယ်မကြံနဲ့။ ရမယ်ရှာပြီး ထန်းတောထဲရောက်သွားတာချည်း။ ယာထဲကိုင်းထဲက ပြန်လာရင်လည်း ပင်ပန်းလို့ဆိုပြီး ထန်းတောထဲဝင်တာပဲ။ အလုပ်မရှိပြန်ရင်လည်း ပျင်းလို့ဆိုပြီး ထန်းတောထဲဝင်ပြန်တာပဲ။ အခုလည်း ကျုပ်ရန်ကုန်သွားရမှာကို အကြောင်းပြပြီး သောက်ပွဲကျင်းကြတာကိုး။ ပြောရရင်တော့ ပေါက်ကြီးတို့ ရန်ကုန်သွားရမယ်ဆိုတဲ့ သတင်းထွက်လာကတည်းက  တစ်ရွာလုံးမှာ ကျုပ်နဲ့အောင်ဘုက မင်းသားကြီးတွေကို ဖြစ်လို့။ ဟိုအိမ်က ထမင်းစားဖိတ်ရတာနဲ့၊ သည်အိမ်က ရေနွေးကြမ်းဝိုင်း ဖိတ်ရတာနဲ့၊ မျက်နှာပွင့်ချက်ကတော့ ကိုယ့်အဖြစ်ကိုယ်မယုံလွန်းလို့ ကိုယ့်ကိုယ်ကို ပြန်ဆိတ်ကြည့်နေရတဲ့ အဖြစ်။

အနှီညနေက ကိုရင်ခွေးနီရဲ့ ကောင်းမှုနဲ့ ထန်းတောထဲရောက်သွားတော့ ထန်းပိုင်ရှင် ဘကြီးသာမွှေးက ကျုပ်ကိုစကားတွေ ဘာတွေ အရေးတယူလုပ်ပြောလို့။ သည်အဘိုးကြီးက တော်ရုံလူကို သိပ်စာရင်းသွင်းတာမဟုတ်ဘူးရယ်။ သူ စိတ်ကြီးဝင်မယ်ဆိုလည်း ၀င်ချင်စရာ။ သူ့သမီး မိသင်းကြိုင်က သည်နားရွာနီးချုပ်စပ်မှာတော့ နံမည်ကြီးအလှမယ်ကိုး။ ခမျာမှာ ငွေကြေးကလည်း သိပ်မပြည့်စုံရှာတဲ့အပြင်၊ မိစုံ၊ ဖစုံလည်းမရှိရှာလို့ ရွာ့ကွမ်းတောင်ကိုင် ဖြစ်ခွင့်မရရှာပေမယ့် ကျုပ်တို့နားပတ်ဝန်းကျင်က ကာလသားတွေကတော့ “ ကျုပ်တို့နယ်တစ်နယ်လုံး၊ သည်သူငယ်မှ အလှဆုံးဖြစ်ပေမယ် ”လို့ တညီတညွှတ်ထဲ သတ်မှတ်ထားကြတာရယ်။ ထားပါ။ ကျုပ်ကလည်း သူ့ကို သိပ်ကြိုက်လှတာ မဟုတ်ပါဘူး။ သူ့အဖေကြီးက ဖော်ဖော်ရွေရွေလုပ်ပြနေတော့လည်း ရေလိုက်ငါးလိုက်လေး နေပေးရတာပ။ အံမယ် ကျုပ်ထန်းရည်နဲ့မြည်းဖို့ ဆူပေ့၊ ဖြိုးပေ့ဆိုတဲ့ လယ်ကြွယ်ကြီးနှစ်ကောင်ကို မိသင်းကြိုင်ကိုယ်တိုင်ကြော်ပြီး လာချပေးသေးတာရယ်။ ကိုရင်ခွေးနီတို့တစ်သိုက်ကတော့ ကျုပ်ကို အထင်ကြီးတဲ့မျက်လုံးရွဲကြီးတွေနဲ့ ၀ိုင်းကြည့်ကြတာပေါ့။ သည်လူတွေ မျက်လုံးရွဲဆို တစ်ယောက်စီရဲ့ဗိုက်ထဲမှာလည်း ထန်းရည်တစ်မြူစီလောက်က ၀င်ပြီးပြီကိုး။ ကျုပ်ကလည်း ပေါက်ကြီးပဲ။ ပိုင်ပါတယ်ဆိုတဲ့ အထာနဲ့ မိန့်မိန့်ကြီးပြုံးပြီး၊ ဖိန့်ဖိန့်ကြီး ထိုင်နေလိုက်တာပေါ့။ ကျုပ်နဲ့တစ်ဝိုင်းတည်းထိုင်နေတဲ့ကာလသားတွေစိတ်ထဲမှာ စာမသင်ဖြစ်ခဲ့တာ နာလိုက်လေခြင်းလို့များ တွေးနေကြမလားမပြောတတ်ဘူး။

အနှီညနေက ထန်းရည်လေးတစ်မြူနဲ့ လယ်ကြွက်ကြော် ခပ်ဆူဆူကို အရသာရှိရှိစားပြီး ဆက်ရက်မင်းစည်းစိမ်ခံခဲ့သမျှ ကားပေါ်မှာ ပြဿနာမပေါ်ဘဲ ရထားပေါ်ကျမှ ခွကျပါလေရော။ ဗိုက်ထဲကနေ တဂွီဂွီနဲ့ ရစ်ပြီးနာချက်ကတော့ တကတည်း ဝေသာလီပြည်ကိုဝင်စီးတဲ့ ဘီလူးတွေ ကျုပ်ဗိုက်ထဲရောက်နေသလား မှတ်ရတယ်။ ကျုပ်လည်း ခံနိုင်သလောက်တော့ တောင့်ခံပါသေးတယ်။ ခက်တာက သောက်ရထားက တဂျိုင်းဂျိုင်း၊ တဂျုံးဂျုံးခုန်နေတာကိုး။ အတွင်းက ပစ္စည်းတွေက အပြင်ထွက်ဖို့ တာစူနေရတဲ့အထဲမှာ အပြင်ကရထားကပါ ခုန်နေတော့ ဘာပြောကောင်းမလဲ ကိုယ့်ဆရာ။ ရထားတစ်ချက်ခုန်တိုင်း သည်တစ်ချီတော့ သွားပဟဲ့ဆိုပြီး မျက်လုံးတွေကို ပြာခနဲ၊ ပြာခနဲပဲ။ အန္တရာယ်လွယ်မထားနဲ့လို့ ရှေးလူကြီးတွေက ဒါကြောင့်ပဲ မှာခဲ့ဟန်တူတယ်။ ကျုပ်အံကြီးကြိတ်ပြီး မျက်နှာမှာ ချွေးသီးချွေးပေါက်တွေ ဆီးကင်းလောက်သီးနေတာမြင်တော့ ကျုပ်မျက်နှာကို တစ်ချိန်လုံးထိုင်ကြည့်နေတဲ့ အောင်ဘုက ကိုရင်ပေါက် ဘာဖြစ်တာတုန်းလို့ မေးသေးတာရယ်။ ကျုပ်ခမျာ သူ့မေးတာကို ပြန်ဖြေဖို့နေနေသာသာ။ အထဲက ပစ္စည်းတွေအပြင်မထွက်ဖို့အရေး ဇွဲခတ်ပြီး အံခဲထားရပါရောလား။

ခက်တာက ဒီကိစ္စမျိုးဆိုတာ အောင့်ထားလို့ရတာမျိုးမှ မဟုတ်ဘဲ။ အောင့်လေ၊ ထွက်ချင်လေဆိုတာမျိုး။ ကြာတော့ ကျုပ်လည်း ကိုင်းဘုံပျောက်ချင်လည်း ပျောက်ဆိုပြီး ဟိုလူကျော်၊ သည်လူခွနဲ့ အိမ်သာထဲကို ၀ရုန်းသုန်းကား ၀င်ရပါလေရော။ ကျုပ်ကလည်း မျက်လုံးတွေပြာနေတော့ ဘာမှသဲသဲကွဲကွဲ မြင်တော့တာ မဟုတ်ဘူးရယ်။ ဘယ်သူ့တက်နင်းလို့ ဘယ်သူ့ကိုခွခဲ့မိတယ်ဆိုတာတောင် မမှတ်မိတော့ဘူး။ တော်သေးတာပေါ့။ ကျုပ်ဖတ်ဖူးတဲ့ ဘုတ်အုပ်တစ်အုပ်ထဲမှာ ဇာတ်လိုက်က ရထားနဲ့ခရီးသွားတဲ့အခန်း ပါပေလို့။ အနှီစာအုပ်သာမဖတ်ခဲ့ဖူးရင် ရထားပေါ်မှာ ယိုအိမ်မရှိဘူးထင်ပြီး ဘယ်လောက်ဒုက္ခရောက်မယ် မသိဘူး။ ပြောမယ့်သာပြောရတာ ကျုပ်တို့ရွာမှာ အိမ်သာရယ်လို့ ဖြစ်ဖြစ်မြောက်မြောက်ရှိတာ မဟုတ်ဘူးရယ်။ ကျုပ်အဖေ သူကြီးအိမ်မှာတောင် အိမ်သာမရှိဘူးဆိုတော့ တွေးသာကြည့်ပေတော့။ ညနေနေညိုရင် ရွာတောင်ဘက်က ကွင်းကြီးထဲကို တုတ်ကလေးတစ်ချောင်းစီကိုင်ပြီး တောထိုင်ထွက်ကြတာကိုက ကျုပ်တို့ဓလေ့။ ခြုံခေါင်းကလေးထဲမှာ လေကလေးတဖြူးဖြူးနဲ့ တောထိုင်ပြီး အစာဟောင်းစွန့်ရတဲ့အရသာဆိုတာ တကယ်နိပ်တာကလား။ ကျုပ်ကတော့ ဘကြီးဘုန်းကြီးကျောင်းမှာ လူဖြစ်လာတဲ့အကောင်ဆိုတော့ ဘုန်းကြီးသုံးကုဋီတွေဘာတွေနဲ့ ရင်းနှီးခဲ့တာကိုး။ ပြောရဦးမယ် ဘုန်းကြီးကျတော့ လူတွေလို တွေ့ကရာတုတ်နဲ့ မစင်သုတ်တာမဟုတ်ဘူးရယ်။ တစ်ထွာကျော်ကျော်လောက် ခပ်ပြားပြား ၀ါးခြမ်းကလေးတွေကို အချောသတ်ထားတာနဲ့ သန့်ရှင်းရေးလုပ်တာ။ ကျုပ်တို့ဆီမှာတော့ အနှီတုတ်တံကို “ ကနုတံ ” လို့ ခေါ်တာပါပဲ။ သုတ်ရတာတော့ အဆင်ပြေပါရဲ့။ သုတ်ပြီးရင် ကုဋီထောင့်က ပုန်းတစ်လုံးထဲ ပစ်ထည့်လိုက်ရုံပဲ။ သုတ်စရာ ကနုတံတွေကုန်သွားပြီဆိုမှ ဒုက္ခနဲ့ တွေ့ရော။ တွေ့ဆို သုတ်ပြီးသား ကနုတံတွေကို ပြန်ဆေးရတာကိုး။ ဘုန်းကြီးကျောင်းသားလုပ်ရတာ အဲဒီတစ်ချက်ကတော့ တယ်မနိပ်ဘူး ကိုယ့်ဆရာ။ ဘုန်းကြီးကျောင်းသားများ ဇိမ်ချည်းပဲလို့ ထင်မနေနဲ့ဦး။

ကျုပ်ယိုအိမ်ထဲလည်းရောက်လို့ တံခါးပိတ်မယ်လည်းကြံရော တံခါးက “ဂျလက်” မပါဘူးဗျား။ ကျုပ်တို့တောမှာ ခြုံခေါင်းလေးထွင်ပြီး အခင်းကြီးသွားတာ မရှက်ပေမယ့် ဒီလိုရထားကြီးပေါ်မှာ တံခါးပေါက်ကြီးဖွင့်ပြီး ကိစ္စပြီးရမှာတော့ အတော်ရှက်ဖို့ကောင်းမယ့်အရေးအခင်း။ ဒါနဲ့ အိမ်သာပေါက်ပေါ် ဆောင့်ကြောင့်ထိုင်ပြီး လက်တစ်ဖက်နဲ့ တံခါးလက်ကိုင်ကို အတင်းဆွဲထားရပါလေရော။ အနှီလို ကုန်းကုန်းကွကွနဲ့ ကိစ္စရှင်းနေရတဲ့ကြားမှာ သောက်ရထားက တစ်ချက်တစ်ချက်ဆောင့်လိုက်ရင် ကျုပ်မှာ အိမ်သာပေါက်ထဲချော်မကျအောင် အတော်ထိန်းထားရသေးတာ။ အနှီလောက် ထိန်းထားတဲ့ကြားက သတိတစ်ချက်လွတ်သွားလိုက်တာ တစ်ချီမှာတော့ အိမ်သာပေါ်ကနေ ချော်ကျပါလေရော။ အကျတော်လို့ ကိုယ့်ပစ္စည်းနဲ့ကိုယ် ပြန်မသုတ်မိပေမယ့် အကျမကောင်းတော့ အိမ်သာနံရံနဲ့ နဖူးကို ကပ္ပိမိပါရောလား။ အိမ်သာထဲကထွက်လာပြီး ကျုပ်နေရာကျုပ်ပြန်လာတော့ ဘုံပျောက်ရောမှတ်နေတာ။ ကျုပ်လူအောင်ဘုက ဆောင့်ကြောင့်ကြီးထိုင်၊ တံတောင်ဆစ်ကြီးနှစ်ဖက်ကားထားပြီး နှစ်ယောက်စာနေရာကို တစ်ယောက်တည်း ဦးထားပေးသဗျား။ ခမျာမှာလည်း ဘယ်လောက်တောင် မာန်တင်းထားရတယ်မသိဘူး။ မေးကြောကြီးတွေတောင် ထောင်ထနေတဲ့အထိ။

ကျုပ်လည်း အလာတုန်းကလိုပဲ ကျော်ကျော်ခွခွနဲ့ အောင်ဘုဘေးလည်းရောက်ရော သကောင့်သား အတော်မြူးသွားဟန်တူရဲ့။ တကတည်း ကျုပ်မျက်နှာကို မော့ကြည့်တဲ့သင်းမျက်နှာဟာ နို့ခွဲထားတဲ့ နွားပေါက်စ သူ့အမေနို့စို့ရတော့မှာမို့ မြူးသွားတဲ့အကြည့်မျိုး။ ဖြစ်ချင်တော့ ကျုပ်နဖူးမှာ အာလူးသီးကြီး ထနေတာကို အောင်ဘုမြင်သွားတာကိုး။ အနှီတော့ “ကိုရင်ပေါက် နဖူးကြီးက ဘာဖြစ်တာတုန်းဗျ ”လုပ်လာရော။ ကျုပ်လည်း “ ဟာ မပြောချင်ပါဘူးကွာ…ငါ့မှာ ဟိုဒေါင့်ကအခန်းလေးထဲဝင်သွားမိပါ့…အထဲက ငနဲတစ်ကောင်နဲ့ ဆော်လိုက်ရတာကွာ…ဒီငနဲကလည်း အတော်သန်တယ်မောင်…ငါလိုဗလတောင် အတော်တွယ်ယူရတယ်…အနှီငနဲလည်းမှောက်ရော ငါလည်းနဖူးမှာ အာလူးသီးထတာပဲဟေ့…အနှီအခန်းဘက်များ ယောင်လို့မသွားလေနဲ့နော်…မြို့သားများ တယ်သွေးကြီးတယ် ” လို့ ခပ်ဖိန့်ဖိန့်လေး ပြောလိုက်ရတာပါ့။ ဒါမှ သည်ကျေးတောသား ကျုပ်ကို အထင်ကြီးမှာကိုး။ အောင်မယ် သည်တစ်ခါ ကျုပ်မျက်နှာကို အောင်ဘုကြည့်တဲ့အကြည့်က တကယ့်ကို တလေးတစားကြီး။ ကျုပ်က သူကြီးသားပဲဗျ။ မြို့သားကိုသာ နည်းနည်းရှိန်ချင်တာ တောသားချင်း လူပေါ်လူဇော်လုပ်နည်းလောက်တော့ ပေါက်ကြီးတို့က နောကျေပြီးသား။

----------------------------------------
ရထားပေါ်မှာ ကြုံရတဲ့ဒုက္ခ၊ သုက္ခတွေကို စာဖွဲ့ပြရရင်လည်း တောသားဖြစ်ပြီး အရေပါးတယ် ထင်ကြဦးမယ်။ တတ်နိုင်ဘူးဗျာ။ ကျုပ်တို့ တောသားလဲလူပဲဟာ။ တကတည်း လူတွေကလည်း တစ်ယောက်နဲ့တစ်ယောက် နည်းနည်းမှကို အထိမခံတာ။ ရထားဆောင့်လို့များ ကိုယ့်ဘေးကလူကို နည်းနည်းထိမိမယ်မကြံနဲ့။ မျက်ထောင့်နီကြီးနဲ့ ငှက်ဖျားတက်သလို တဟင်းဟင်း အသံပေးပြီး ချိုကြည့်ကြည့်ခံရသေးတာရယ်။ ပြောရရင်တော့ ဘကြီးဘုန်းကြီးကျောင်းက ကျောင်းခွေးတွေကို အစာကျွေးတဲ့အခါ တစ်ကောင်ကိုတစ်ကောင် စားမာန်ခုတ်ကြသလိုပေါ့။ ပထမတော့ ငါလိုသူကြီးသားနဲ့ အသားချင်းထိမိတာကို သင်းတို့က နာအံ့ထင်ရသလားဆိုပြီး စိတ်တိုသပေါ့ဗျာ။ ဒါပေမယ့် တစ်ခါက နှစ်ခါကျတော့လည်း စိတ်ကမတိုအားတော့ဘူးဗျို့။ လူနဲ့လူချင်း အဖြစ်သည်းနေတာကို ကြည့်ရင်း ပြုံးနေမိတော့တာပဲ။

ကျုပ်ကသာ စာတတ်ပေတတ်မို့လို့ ဘာကိုဖြစ်ဖြစ် တွေးတွေးဆဆလုပ်နိုင်တာ။ ကျုပ်ဘေးက အောင်ဘုတစ်ယောက်ကတော့ ဟိုလူ့ထိမိလည်း ချိုကြည့်ကြည့်ခံရ၊ သည်လူ့ထိမိရင်လည်း ခွာကြည့်ကြည့်ခံရနဲ့ဆိုတော့ ခမျာမှာ ဒူးနှစ်လုံးထောင်၊ ထောင်ထားတဲ့ဒူးနှစ်လုံးကို လက်နဲ့ပိုက်ပြီး ကျောက်ရုပ်ကြီးချထားသလို မလှုပ်မရှက် ထိုင်နေရရှာပါရောလား။ တကယ်တော့
ကျုပ်တို့နှစ်ယောက် မြို့တက်လာတယ်သာပြောရတယ်။ အနှီ အောင်ဘုဆိုတဲ့ ငနဲသားက စာရင်းတောင်ဝင်တာ မဟုတ်ဘူးရယ်။ အသက်ကလည်း ရှိလှမှ ၁၂နှစ် ၁၃နှစ်ပေါ့။ စာမတတ်၊ ပေမတတ်။ သြကာသတောင် အမြီးအမောက်တည့်အောင် ဆိုနိုင်တာ မဟုတ်ဘူး။ ရွာကထွက်ကတည်းက ကျုပ်အင်္ကျီစကို မလွှတ်တမ်းဆွဲထားတော့တာပဲ။ သူများတကာမြင်ရင် သားအဖနှစ်ယောက်လို့တောင် ထင်ချင်စရာ။ အူချက်၊ အချက်ကတော့ ပြောမနေနဲ့။ ဘာတစ်ခုမှကို မြင်ဖူး၊ ကြားဖူးတယ် မရှိဘူး။ ရွာကထွက်ကတည်းက မျက်လုံးလေးကလယ်ကလယ်နဲ့ ပါးစပ်ကဟောင်းလောင်း။ လက်ညှိုးတစ်ထိုးထိုးနဲ့ တောင်မေးမြောက်မေးလုပ်လွန်းလို့ ကျုပ်တော်တော်စိတ်ကုန်လှပြီ။ သူလုပ်ပုံနဲ့တင် ကျုပ်တို့နှစ်ယောက်ကို မြို့သားတွေ အထင်သေးတော့မှာပဲ။

ဟုတ်သလေ။ မြို့သားဆိုတာမျိုးက ကျုပ်တို့လို တောသားတွေကို အထင်အမြင်က လွှတ်သေးချင်ကြတာကလား။ ရန်ကုန်လိုမြို့ကြီးသားမပြောနဲ့ စပါးလာဝယ်တဲ့ တောမြို့ကလေးက ပွဲစားလို လူမျိုးတောင်မှ ကျုပ်တို့ကို သိပ်အထင်ကြီးတာ မဟုတ်ဘူးရယ်။ ပြောရဦးမယ်။ ပွဲစားဆိုလို့။ အဲဒီပွဲစားကလည်း ကျုပ်ရဲ့ရန်ကုန်ခရီးမှာ ကျေးဇူးရှင်စာရင်းဝင်တစ်ယောက်ပေါ့။ အခုကျုပ်ဝတ်လာတဲ့ အင်္ကျီနဲ့ ဘောင်းဘီရှည်က သူ့လက်ကျတွေလေ။ ဘောင်းဘီက အောက်နားက ခပ်ပွပွ။ ပွတာမှ အတော့်ကိုပွတာ။ လမ်းများလျှောက်လိုက်ရင် မြခြေကျင်းမငွေမြိုင် ထဘီအနားခတ်ကသလို ၀ဲခနဲ၊ ၀ဲခနဲနေတာပဲ။ သူရို့မြို့သားတွေက အဲဒီလိုဝတ်ကြဆိုပဲ။ အပေါ်ပိုင်းကျတော့လည်း ကျပ်လိုက်သမှ အသက်ရှူလို့တောင် မ၀ချင်ဘူး။ ဘယ်ရမလဲ ကျုပ်နည်းကျုပ်ဟန်နဲ့ ဘောင်းဘီအထက်နားကို ဓားနဲ့ခွဲထားလိုက်တာပေါ့။ ပြီးတော့ ကျုပ်အဖေသူကြီးရဲ့ ကျည်ဆံခါးပတ်ကြီး ကောက်ပတ်ထားလိုက်တော့ ဟန်ကိုကျလို့။ ခွဲထားတဲ့အရာလည်း လူမမြင်တော့ဘူး။ ဘောင်းဘီကျွတ်မှာလည်း ပူစရာမလိုတော့ဘူးလေ။ အင်္ကျီကလည်း ကျပ်လိုက်သမှ ကြယ်သီးတောင် အစုံအစေ့တပ်လို့မရဘူး။ ဒီကြားထဲမှာ ကြယ်သီးကပြုတ်နေသေးလို့ ရှောက်ဆူးနဲ့ထိုးပြီးတွယ်ထားရတယ်။ မြို့သားတွေစီးတယ်ဆိုတဲ့ ဘွတ်ဖိနပ်မျိုးတော့ ရွာမှာမရှိလို့ အင်္ဂလိပ်ခေတ်ကတည်းက ကျုပ်အဖေ အမြတ်တနိုးသိမ်းထားတဲ့ စစ်ဖိနပ်ပဲ စီးလာခဲ့ရတယ်။ ကျုပ်ပုံစံ အဆင်ပြေမပြေတော့ မသိဘူး။ ရွာတောင်ပိုင်းက ဗွေးတုတ်ကတော့ “ ကိုရင်ပေါက်က ဒီလိုဝတ်ထားတော့လည်း အခန့်သားတော့ ” လို့ အားပါးတရ ကောင်းချီးပေးတာပဲ။

ကျုပ်ကသာ အနှီလိုမျိုး ရုပါကို မောင်းတင်ထားတာ။ အောင်ဘုဆိုတဲ့ကောင်ကတော့ တောပုံကိုမပျောက်ဘူး။ ဘယ်ပျောက်လိမ့်မတုန်းလေ။ ၀တ်ထားတာက ဖျင်ကြမ်းတိုက်ပုံနဲ့၊ ပုဆိုးက ဒူးခေါင်းတိုက်နဲ့။ ဒီကြားထဲမှာ ဘကြီးဘုန်းကြီးအကျ ဘုန်းကြီးစီးဖိနပ်ကြီးက စွပ်ထားလိုက်ချေသေးတယ်။ ရုပ်ကလည်း ကျောက်ခေတ်ကရုပ်မျိုးဆိုတော့ ဘာပြောကောင်းမလဲ တောသားဆိုတာ စာဆွဲထားစရာမလိုအောင် ထင်းထင်းကြီးပေါ်နေပါရော့လား။ ရွာကမထွက်ခင်တုန်းက သူ့ကိုဘောင်းဘီလေးဘာလေးဝတ်ဖို့ ကျုပ်ကတိုက်တွန်းပါသေးတယ်။ ကိုယ့်လူက “ ကိုရင်ပေါက်ရယ် ကျုပ်ကဘောင်းဘီနဲ့မတည့်ဘူးဗျ။ အဲဒါကြီးတွေဝတ်ရင် ယားတယ် ” လို့ စောဒကတက်တာနဲ့ပဲ စိတ်ချမ်းသာတာ ၀တ်ပါစေလို့ လွှတ်ထားလိုက်ရတယ်။ ပုဆိုးကိုလည်း မြို့သားတွေလို ခွေးချေးတရွတ်တိုက်ဝတ်ပါလို့ပြောတာလည်း မရပြန်ဘူး။ “ ကျုပ်သာ အဲဒီလိုဝတ်လိုက်ရင် ခြေလှမ်းသုံးလှမ်းမပြည့်ခင် ကျွတ်ကျမှာ သေချာသယ် ကိုရင်ပေါက် ” လို့ တွင်တွင်ပြောတာနဲ့တင် ဒူးတင်ပေါင်တင်ကြီးကို အသာထိုင်ကြည့်နေလိုက်ရတယ်။ ဒူးနဲ့ပေါင်ကို ဖော်ထားတာ အမြင်ဆိုးပေမယ့် ရှည်ရှည်ဝတ်မိလို့ ကျွတ်ကျမှဖြင့် အမြင်မတော်တာတွေဖြစ်ကုန်ရင် ခက်ကုန်ရချေရဲ့။

ခပ်တိုတိုချုပ်ရရင် ကျုပ်တို့ဆရာတပည့်နှစ်ယောက် မဟာရန်ကုန်မြို့ကြီးကို ကားတစ်တန်၊ ရထားတစ်တန်နဲ့ မချိမဆန့် ရောက်ကြလေသတည်းပေါ့။

----------------------
အပိုင်း ( ၃ ) ဆက်ပါဦးမယ် . . .

ကြိုက်ရင်ပေါ့လေ . . .