Wednesday, 27 June 2012

သူကြီးသား ပေါက်ကြီး၏ စွန့်စားခန်းများ ( ၁ ) . . .


ကျုပ်က သူကြီးသားဗျ။

 သူကြီးသားဆိုလို့ တုံးဖလားရွာက သူကြီးမင်း ကိုကိုမောင်ကိုလည်း မျက်စိထဲမှာ သွားမမြင်နဲ့ဦး။ တုံးဖလားသူကြီးက သားရှိဖို့နေနေသာသာ သူ့ကိုယူရဲတဲ့မိန်းမတောင်မရှိရှာလို့ ငှက်ပျောပင်ကို မျက်စောင်းထိုးနေရတာရယ်။ ကျုပ်အဖေသူကြီးဆိုတာ အထက်အညာဆီက “ မန်ကျည်းတော ”ဆိုတဲ့ ရွာငယ်ဇနပုဒ်က သူကြီးပါဗျာ။ ရွာနံမည်က လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ဇာတိ
“ မန်ကျည်းတုံ ” နဲ့ဆင်ပေမယ့် ကျုပ်တို့ရွာကတော့ လက်ဝဲမပြောနဲ့ ခြေ၀ဲတောင်ထွက်တဲ့ရွာမဟုတ်ဘူး။ မထွက်ဆို တစ်ရွာလုံးလည်း စာတို့ပေတို့နဲ့ ဝေးကြသကိုး။ ကျုပ်တို့ရွာသူရွာသားတွေရဲ့ ကလေးတွေကို ရွာဦးကျောင်းက ဘကြီးဘုန်းကြီးကတော့ စာသင်ပေးပါရဲ့။ ခက်တာက ကျုပ်တို့ကလေးတွေဆိုတာကလည်း တွက်ရချက်ရတဲ့ဂဏန်းထက် ဖမ်းပြီးမီးဖုတ်စားရတဲ့ ဂဏန်းကို ပိုပြီးအာတွေ့ကြတာကလား။ ကျောက်သင်ပုန်းဆိုတာကိုလည်း စာရေးဖို့ထက် ရန်ဖြစ်တဲ့အခါ အချင်းချင်းခုတ်ရတဲ့ လက်နက်လို့ပဲ မှတ်ကြတဲ့ကောင်တွေဆိုတော့လည်း ကိုယ့်နာမည်ကိုယ် ရေးတတ်ဖတ်တတ်ရင် ကျောင်းထွက်ပြီး လယ်ထဲဆင်းကြတော့တာပဲ။ စာတတ်မှသာ ထမင်းစားရရိုးဆိုရင် ကျုပ်တို့မန်ကျည်းတောတစ်ရွာလုံး ငတ်သေတာကြာလှရောပေါ့။

ကျုပ်ကတော့ ဘကြီးဘုန်းကြီးရဲ့အချစ်ဆုံးတူအရင်းဖြစ်လို့ ကျန်တဲ့ကောင်တွေထက်တော့ စာပိုတတ်တာပေါ့လေ။ မတတ်ပဲနေပါရိုးလား။ ငါးနှစ်သားလောက်ကတည်းက ရွာဦးကျောင်းမှာ ကျောင်းအိပ်ကျောင်းစားနေပြီး ကျောင်းသားယောင်ယောင် ကပ္ပိယယောင်ယောင် လုပ်နေခဲ့တာ အခုအသက် ၂၀ လူပျိုကြီးဖားဖား ဖြစ်တဲ့အချိန်အထိကိုး။ သူများတွေလယ်ထဲဆင်းကြပေမယ့် ကျုပ်တစ်ယောက်တည်း ရွာဦးကျောင်းမှာ စာသင်နေတယ်ဆိုတော့ စာတွေအတော်တတ်မှာပဲလို့လဲ ကျုပ်ကိုအထင်မကြီးနဲ့ဦး။ ကျုပ်ကလည်း စာတတ်ချင်လွန်းလို့ ကျောင်းမှာနေတာ ဘယ်ဟုတ်လိမ့်တုန်း။ ကျုပ်အဖေသူကြီး ညနေတိုင်းမူးမူးပြီး သောင်းကျန်းတဲ့ဒဏ်ကို မခံနိုင်လွန်းလို့ ရွာဦးကျောင်းမှာ မနေချင်ဘဲသွားနေရတာ။ လယ်ထဲကိုင်းထဲဆင်းဖို့ဆိုတာများကတော့ အိပ်မက်ထဲတောင် ထည့်မမက်ဘူး။ ဘယ့်နှယ်။ ဖင်ထဲကို ရွှံ့တစ်ပိဿာခွဲလောက်ဝင်အောင် တစ်နေကုန်တစ်နေခမ်း ကုန်းရုန်းလုပ်မှ ထမင်းစားရတဲ့ အလုပ်မျိုးကို ကျုပ်လား စိတ်ဝင်စားမှာ။ ဝေးပါသေးရဲ့။ ကျုပ်ဖာသာကျုပ် ဘကြီးဘုန်းကြီးရဲ့ ကျက်သရေခန်းကို မောင်ပိုင်စီးပြီး သူစိတ်ချမ်းသာအောင် စာလေးဘာလေးဖတ်ချင်ယောင်ဆောင်၊ ညနေရောက်ရင် မနက်ကလက်ကျန် ထမင်းကြမ်းခဲကလေးယပ်ခတ်စားပြီး ဇိမ်နဲ့နှပ်နေတာကမှ သက်သာသေးတယ်။

ကျုပ်အဖေသူကြီးကလည်း ကျုပ်ကိုချစ်ရှာပါတယ်။ ငါ့သားကြီးလူပျိုဖြစ်ပြီ ရွာထဲက ဘယ်ကောင်မကိုယူချင်သလဲ အဖေရအောင်ပြောပေးမယ်ဆိုတဲ့စကားက ကျုပ်အသက် ၁၆ နှစ်လောက်ကတည်းက မကြာမကြာပြောတဲ့စကား။ ကောင်မလေး လှတပတတစ်ယောက်ယောက်မြင်တိုင်း ကျုပ်ကို မျက်စပစ်ပစ်ပြချင်သေးတာ။ တုံးဖလားသူကြီးမင်းရဲ့အဖေနဲ့များကွာပါ့။ ခမျာမှာ စွံချင်ရှာလျှက်နဲ့ အဖေညံ့လို့ လူပျိုကြီးမဖြစ်ချင်ဘဲ ဖြစ်နေရတာကလား။ ကျုပ်အဖေကျပြန်တော့လည်း ကျုပ်ကိုစွံစေချင်လွန်းလိုက်တာမှ တစ်ပိုင်းတင်မကဘူး နှစ်ပိုင်းကိုသေနေပါရော။ ဒါတောင် ကျုပ်က ဘုန်းကြီးကျောင်းသွားနေလို့ သက်သာတာ။ အဖေနဲ့များအတူနေမိရင် သူလုပ်တာနဲ့ပဲ ကျုပ်မှာ အသက် ၂၀၊ ကလေး ၃ ယောက်ဆိုတဲ့ကိန်းဆိုက်မှာ သေချာတယ်။ ကျုပ်အမေကလည်း ကျုပ်ကိုမွေးတုန်းက မီးတွင်းထဲမှာ ဆုံးသွားလေတော့ ကျုပ်အဖေခမျာလည်း နောက်တစ်ပင်ထူချင်ရှာတယ်ထင်ပါ့။ ကြောင်ကခံတွင်းပျက်နေပေမယ့် ရွာထဲကဆက်ရက်တွေကလည်း တောင်ပံမကျိုးကြတာကြောင့် စိတ်နောက်ကို ကိုယ်မပါနိုင်ရှာဘဲ စိတ်နာနာနဲ့ ကျုပ်ကိုအတင်းမြှောက်ပေးနေတာထင်ပါရဲ့။

ကျုပ်ကလည်းကျုပ်။ ရွာနားမြက်၊ ရွာနွားမစားချင်ဘူးဆိုတာ ကျုပ်အတွက် အတော်မှန်တဲ့စကား။ ရွာထဲက ထွေးညိုတို့၊ ဗွေးတုတ်တို့ကို မိန်းမလို့တောင် ကျုပ်ကထင်တာမဟုတ်ဘူးရယ်။ သနပ်ခါးဘဲကြားနဲ့ ဒီဟာမတွေကို ဘယ်အချိန်ကြည့်ကြည့် ရင်ခုန်လို့ကိုမရတာ။ ပြောပေါက်ဆိုပေါက်တွေကလည်း ရင်ခုန်ဖို့နေနေသာသာ၊ ခုန်နေတဲ့ နှလုံးတောင်ရပ်လောက်တယ်။ ထွေးညိုလို့များခေါ်ကြည့်လိုက်။ ထူးပါလိမ့်မယ် “ ဘာတုန်း ကိုရင်ပေါက် ” လို့။ ကျုပ်ဖတ်ဖူးတဲ့ ဘုတ်အုပ်တွေထဲကလို “ ရှင် ကိုကိုပေါက် ” ဆိုတာမျိုး ဝေလာဝေး။ သွားပုံလာပုံတွေကလည်း ဗြန်းဗြန်းကွဲ။ ကြားဖူးတဲ့ ဆင်မယဉ်သာတို့ သမင်လည်ပြန်တို့ ဘယ်ဟုတ်လိမ့်မတုန်း။ နာဠာဂီရိဆင်ကြီးကို အရက်ကိုးမောင်းတိုက်ထားသလို ဘောက်ဆတ်ဘောက်ဆတ်နဲ့ ဘာလုပ်လုပ် ဆိုးခနဲဆတ်ခနဲ။ မထင်ရင်မထင်သလို ထဘီစွန်တောင်ဆွဲပြီး အော်ဆဲချင် ဆဲသေးတာ။ ဒါမျိုးဟာမတွေနဲ့တော့ ကျုပ်မအိုချင်ပေါင်။ ကျုပ်အဖေသူကြီးကတော့ သူတွန်းသလောက်မရွေ့တဲ့ကျုပ်ကို မြင်ပြင်းကတ်လာဟန်တူတယ်။ တစ်ခါကတော့ “ အေး မင်းမယူလည်း ငါ့ဖာသာပဲ ယူတော့မယ် ” လို့ ဘုတောသွားလေရဲ့။ ယူပေါ့။ ကျုပ်မှမယူချင်တာ။ သူကြိုက်တာသူယူ။

----------------------------

အဲဒီလိုနဲ့ ကျုပ်သမိုင်းကျုပ်ရေးပြီး ရွာဦးကျောင်းမှာ အေးအေးလူလူ ဇိမ်တည်နေတုန်း အရေးထဲမှာ အရာပေါ်ပါလေရော။ ဖြစ်ပုံက တိုးတက်လာတဲ့ခေတ်ကြီးပေါ့။ ကျုပ်တို့ရွာမှာ ဟိုးပဝေသဏီကတည်းက နာရီဆိုတာ မြင်တောင်မြင်ဖူးကြတာ မဟုတ်ပဲကလား။ ကိုယ့်လယ်၊ ကိုယ့်ယာ၊ ကိုယ့်ရွာ၊ ကိုယ့်ကျောင်းဆိုတော့ ကိုယ်ကြိုက်တဲ့အချိန်လယ်ထဲကောက်ဆင်းလိုက်ရင် ပြီးရောမဟုတ်လား။ မြို့သားတွေလို ရုံးနောက်ကျလို့ အလုပ်ပြုတ်မှာလည်း ပူစရာမှမလိုဘဲ။ တစ်ရွာနဲ့တစ်ရွာ သွားချင်လာချင်ရင်လည်း အိမ်ကနွားနှစ်ကောင်ကို လှည်းမှာတပ်ပြီး ကြိုက်တဲ့အချိန် တက်မောင်းသွားရုံပဲ။ ဘုတ်အုပ်ထဲက မြို့သားတွေလို လိုင်းကားမမီတာတို့၊ ရုံးကားမမီတာတို့လည်း ဘယ်ရှိလိမ့်မတုန်း။ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ပဲ၊ ကိုယ်ကြိုက်သလို လုပ်ပိုင်ခွင့်ရှိတာပ။

မနက်မိုးလင်းလို့ ရွာဦးကျောင်းက တုံးမောင်းခေါက်ရင် ကျုပ်တို့တစ်ရွာလုံး အိပ်ရာထလိုက်ရုံပဲလေ။ ကာလသားတွေ ဘွန္တောဟစ်သံကြားရင် ဆွမ်းချက်လိုက်ရုံပဲပေါ့။ ဝေလီဝေလင်းဆိုရင် ယာထဲ ကိုင်းထဲဆင်း၊ ဆွမ်းစားခေါင်းလောင်းထိုးရင် မနက်ခင်းလုပ်ငန်းသိမ်းပြီး ထမင်းစား၊ နွားကျောင်းသားတွေ စားကျက်ကပြန်လာကြရင် လယ်ထဲကတက်လိုက်ရုံနဲ့တင် တစ်နေ့တာပြီးတာပါပဲ။ တစ်ယောက်နဲ့တစ်ယောက် အချိန်စကားပြောရင်လည်း “ ဆွမ်းခံပြန်ချိန်လောက် ပြန်ရောက်မယ် ” 
“ နေထန်းတစ်ဖျားလောက်ဆိုရင် လယ်ထဲကတက်မယ် ” “ အလွန်ဆုံးကြာရင် ထမင်းတစ်အိုးချက်ပေါ့ ” ဆိုတာနဲ့တင် နားလည်ကြပြီးသား။ ညဘက်ဆိုရင်လည်း “ သူငယ်အိပ်ဆိတ်ချိန်”  တို့ “ သက်ကြီးခေါင်းချချိန် ” တို့  “ ကြက်ဦးတွန်ချိန် ” ဆိုပြီး သူ့ဖာသာ အလိုက်သင့် အလျားသင့်ပိုင်းထားတဲ့အတိုင်း သတ်မှတ်လိုက်ရုံပေါ့။ ကျုပ်တို့ဘိုးဘေးများလက်ထက်ကတည်းက ဒီအတိုင်းပဲ သုံးလာကြတာ ဘာပြဿနာမှကို မပေါ်ခဲ့ပေါင်။ ခေတ်ကြီးပြောင်းလာတဲ့ ကျုပ်တို့လက်ထက်ရောက်မှ တိုင်ကပ်နာရီနဲ့ စားပွဲတင်နာရီနဲ့ လက်ပတ်နာရီနဲ့ ရှုပ်လာတော့တာ။

ကျုပ်တို့ရွာသားတွေကတော့ လေလာရာဖင်ပေး၊ အေးအေးပါပဲ။ အဲဒီနာရီဆိုတာကြီးကို ကိုယ်နဲ့မဆိုင်မှန်း သိကြပြီးသား။ ခက်တာက တစ်ရွာနဲ့ တစ်ရွာအကျောမခံကြတဲ့ ကျုပ်တို့အညာဓလေ့ပေါ့။ တောင်ဘက်ရွာက ဘုန်းကြီးကျောင်းမှာ အော်ဂင်နာရီတစ်လုံး တပ်လိုက်ရာကနေ ဒီဇာတ်လမ်းက စတော့တာပဲ။ အဲဒီအော်ဂင်နာရီက တကတည်း တစ်နာရီတစ်ခါ တဒင်ဒင်မြည်တော့တာကိုး။ နာရီသံကို တစ်ရွာလုံးကြားရအောင် လော်စပီကာနဲ့ တွဲထားပြန်သေးတာ။ လေများသင့်ရင် ကျုပ်တို့ရွာဘက်ကပါ အဲဒီနာရီသံတဒင်ဒင်ကို ကြားရတော့တာပဲ။ အဲဒီရွာက ရွာသားတွေဆိုရင် နာရီသံတစ်ချက်ကြားရင်ကို နွားပြာကြီးအောက်သွားမရှိသလို ပါးနှစ်ဖက်မေးတက်ချိတ်လောက်အောင် ဖြဲနေကြတာပ။ ဒါတင်မကသေးဘဲ ကျုပ်တို့နဲ့လမ်းမှာများဆုံရင် “ ဟေ့ မင်းတို့ရွာမှာ အော်ဂင်နာရီလေးများ မရှိကြသေးဘူးလား ” လို့ ခနဲ့သေးတာရယ်။

ကြာလာတော့လည်း ကျုပ်တို့တစ်ရွာလုံး နားကြားပြင်းကတ်လာကြဟန်တူပါ့။ ကျုပ်အဖေသူကြီးပါးစပ်ကပါ “ တောင်ရွာသားတွေ လူပါးဝချက်ကတော့ကွာ ” ဆိုတဲ့ အသံထွက်လာတော့တာပဲ။ ကျုပ်အဖေသူကြီးက ရွာထဲမှာ ဖြစ်ချင်တာဖြစ်၊ လုပ်ချင်တာလုပ်၊ လေကုန်ခံပြီး စကားထဲထည့်ပြောတဲ့လူမှ မဟုတ်ဘဲ။ သူ့မျက်စိနဲ့မတည့်ရင် လက်ညှိုးထိုးပြပြီး ထိပ်တုံးခတ်ခိုင်းလိုက်တာပဲ။ အခုဟာက တောင်ရွာသားတွေက ကြွားလုံးကြီးပုံက ကျုပ်အဖေလို အေးအေးလူလူနေတဲ့လူပါ ဒေါကန်လာလောက်အောင်ဖြစ်တယ်ဆိုတော့ ကျန်တဲ့ရွာသားတွေ စိတ်ထဲမှာ ဘယ်လောက် ကလိကလိဖြစ်မယ်ဆိုတာ စဉ်းစားသာကြည့်ပေရော့။ ဒါနဲ့ပဲ ကျုပ်တို့ရွာဦးကျောင်းမှာလည်း အော်ဂင်နာရီတစ်လုံးလောက်တော့ ရှိသင့်တယ်လို့ ဖြစ်လာပါရော။ ဘယ်တုန်းကမှ မညီညွတ်ခဲ့ဖူးဘဲ သူတစ်လူ ငါတစ်မင်းလုပ်နေခဲ့တဲ့ ကျုပ်တို့မန်ကျည်းတောတစ်ရွာလုံး ညီချက်ကတော့ ကျုပ်တစ်သက်နဲ့တစ်ကိုယ်မှာ ဒီတစ်ခါပဲ မြင်ဖူးတယ်လို့ပြောရင် လွန်တယ်ထင်ကြမယ်။ ကပ်စေးနှဲ၊ ကော်တရာ ဦးဂွတိုလိုလူမျိုးဆီကတောင် နာရီဝယ်ဖို့ရန်ပုံငွေထွက်လာတယ်ဆိုရင် ကျုပ်ပြောတာကို သဘောပေါက်ကောင်းရဲ့။

သူရို့ဖာသူတို့ နာရီဝယ်ကြတာ ကျုပ်နဲ့ဘာဆိုင်သလဲလို့တော့ မမေးလေနဲ့။ ငါးတကာယိုတဲ့ချေးက နောက်ဆုံးကျရင် ပုစွန်ဆိတ်ခေါင်းမှာ လာစုရိုးထုံးစံ ရှိရဲ့မဟုတ်လား။ အခုလည်း နာရီဝယ်ဖို့ ပိုက်ဆံလည်းပြည့်ရော ကျုပ်အဖေသူကြီး ကျုပ်ဆီကို ဆိုင်းမဆင့်ဗုံမဆင့် ပေါက်ချလာပါလေရော။ ကျုပ်ခမျာလည်း ကျောင်းဝန်းထဲကို သူဝင်လာကတည်းက မျက်ခုံးကခပ်လှုပ်လှုပ်ရယ်။ ဘယ်ကာလသမီးကိုများ မျက်စိကျပြန်ပြီလဲဆိုတာတွေးရင်း ဆင်ခြေပေးဖို့စကားလုံးတွေတောင် အဆင်သင့်စီနေမိသပေါ့။ ဒါပေမယ့် “ ဟေ့ ပေါက်ကြီး အော်ဂင်နာရီဝယ်ဖို့ မင်းမနက်ဖြန် မြို့ကိုသွားရမယ် ” လို့ ခရီးရောက်မဆိုက် တစ်ချက်လွှတ်ထုတ်လိုက်တဲ့ အမိန့်သံကြားမှပဲ ရင်ထဲကအလုံးကြီး ဂလုခနဲမြည်အောင် ပြန်ကျသွားလေရဲ့။ ရင်ထဲက အလုံးက ကျသွားပေမယ့် ခေါင်းကကြီးလာပြန်လေရောဗျို့။ ခင်ဗျားတို့ပဲ စဉ်းစားကြည့် ကျုပ်လိုရွာသိမ်ဇနပုဒ်က တောသားအတွက် မြို့ကြီးပြကြီးကို သွားရမယ့်အရေးဟာ သေးသေးဖွဲဖွဲကိစ္စမှ မဟုတ်ကပဲလားဗျာ။ ကျုပ်ကလည်း ကျုပ်ရွာမှာစာအတတ်ဆုံးဆိုပေမယ့် အနှီရန်ကုန်ဆိုတဲ့ မြို့ကြီးကို ဘုတ်အုတ်ထဲမှာပဲ ကြားဖူးတာကလား။ ဒါတောင် အဲဒီဘုတ်အုတ်တွေဆိုတာ ဘယ်ကမ္ဘာရှစ်ခုက ရေးထားတဲ့ ဘုတ်အုပ်တွေမှန်းလည်း မသိ။ ဘာပဲဖြစ်ဖြစ် ရွှေတိဂုံဘုရားကြီးကတော့ နေရာမပြောင်းတန်ဘူး အောက်မေ့ရတာပဲ။

ခပ်တိုတိုပြောရရင် ကျုပ်နဲ့အတူ အော်ဂင်နာရီစွန့်စားခန်းထွက်ဖို့ ဘကြီးဘုန်းကြီးက စိတ်ချလက်ချ ထည့်လွှတ်လိုက်တဲ့ အောင်ဘုဆိုတဲ့ ကျောင်းသားနဲ့အတူ နောက်တစ်ရက်မနက်မှာ ရွာကနေ ခွာရပါလေရောဗျို့။ အောင်မယ်။ ကျုပ်တို့ရဲ့စွန့်စားခန်းကြီးကို တစ်ရွာလုံးက သောင်းသောင်းဖျဖျ အားပေးကြသကိုး။ ကျုပ်တို့နှစ်ယောက်ကို ကားလမ်းမကိုလိုက်ပို့ဖို့ ရွာလုံးကျွတ်နီးပါး ပါလာကြပါလေရော။ ကျုပ်တို့ရွာနဲ့ ကားလမ်းကလည်း နှစ်မိုင်နီးပါးလောက်ဝေးပြန်တာမို့ လှည်းတွေတသီတတန်းကြီးနဲ့ အညာအလှူပွဲကြီးလို တပျော်တပါးကြီးပေါ့လေ။ ကလေးတွေက တအီအီ၊ ခွေးတွေက တစီစီနဲ့ ဘာမထီပေါက်ကြီးတို့ရဲ့ မဟာခရီးစဉ်ကြီးလို့ပဲ စာသံပေသံနဲ့ ပြောချင်တော့တာပါပဲ။

-----------------------------

အပိုင်း ( ၂ ) ကို ဆက်ပါဦးမယ် . . .

19 comments:

ကိုကိုမောင်(ပန်းရနံ့) said...

တော်ပါသေးရဲ့ဗျာ... သူကြီးသား ပေါက်ကြီး ဆိုတဲ့ စကားလုံး မြင်လိုက်ချင်း ဆရာဟန်ကြည်တစ်ယောက် သူကြီးမင်း အတွင်းရေးတွေသိပြီး ဖွင့်ချတော့မယ် ထင်နေတာ။ ဖတ်ပြီးမှဘဲ ဂလု ကနဲ အပူလုံးကြီး ကျသွားပါရောလား။ တော်သေးတာပေါ့ တစ်ခြားသူကြီးသား ပေါက်ကြီး ဖြစ်နေလို့။း)

အစမှ အဆုံး တပြုံးပြုံး ဖတ်နေမိတယ်။ သူကြီးမင်းတို့ဆီလဲ အော်ဂင်နာရီ အသံကို စကြားဖူးတာ တစ်ခြားရွာက ဘုန်းကြီးကျောင်းကပါဘဲ။ လော်စပီကာကြီးနဲ့ ဂျွိုင်းထားတာလေ။ ကိုးနာရီထိုးတဲ့ တီးလုံးလေးဆို ကြိုက်မှ ကြိုက်ရယ်။ ဘုမသိဘမသိ စစချင်းကြားရတဲ့ ညကဆို အိပ်ပျော်နေတဲ့အချိန်လေ။ ညပိုင်းမှ စ အသုံးပြုတယ်ထင်ပါရဲ့။ သံစုံတီးလုံးလေးကို အိပ်ပျော်နေရင်း ကြားရာကနေ အိပ်မက်ထမက်ပါရောလား။ ဇာတ်ပွဲကြီးတစ်ပွဲ သွားကြည့်နေရတယ်လို့လေ။ ဖြစ်ပုံပြောပါတယ်။ ဟား ဟား ဟား။

ဒုတိယပိုင်းကို မြန်မြန်ဆက် ဆရာရေ။ စောင့်နေမယ်။
စာရေးတာ သွက်လက်တော့ ဖတ်လို့ ပိုကောင်းတယ်။

ဒါနဲ့...
သူကြီးမင်းက အပူမရှာချင်လို့ ဂလိုလေး လွတ်လွတ်လပ်လပ် နေနေတာနော် ဆရာ။ မစွမ်းနိုင်လို့ မဟုတ်ဘူး။ ငှက်ပြောတုန်းဆောင်ထားတာက မုန့်ဟင်းခါး ချက်ဖို့ပါ။း)

mstint said...

'သူကြီးသား' ဆိုကထဲက တဂျီးမင်း ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုတာ သိပြီးသား :P
ဦးဟန်ကြည်ရဲ့ အတွေးလေးတွေမှန်ခဲ့ပါတယ်။ အိမ်မှာမနေပဲ ရွာဦးကျောင်းမှာ နေခဲ့လို့ မဒမ်နဲ့ရေစက်ပါတယ်လို့ ဆိုရမယ် နို့မို့ဆိုလွယ်ဘူးး)
အော်ဂင်နာရီကိုစိတ်ဝင်စားလို့ စောင့်မျှော်လျှက်ပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အလွမ်းမြို့ said...

ဆရာဟန်ရေ။။

သူကြီးသားဆိုတာလေးဖတ်ပြီး (သူကြီးသမီး) မိလွမ်း အတွက်ပါ ရေးပေးပါဦး။ အားပေးသွားတယ် ဆရာ။



ရိုသေလျှက်
အလွမ်းမြို့

စံပယ်ချို said...

ဘာမထီပေါက်ကြီးတို့ရဲ့ မဟာခရီးစဉ်ကြီး
အပိုင်း(၂)ကိုမျော်နေပါတယ်ရှင်

Anonymous said...

ဆရာဦးဟန်ကြည်ရေ..မြန်မြန်လေးဆက်ပါဗျို့..
ဖတ်လို့ကောင်းလို့..့ .. ဖတ်ချင်လှပြီ ဒုတိယပိုင်း..
ဆရာဝတ္ထုရှည်တွေ ဘာတွေ အားရင်ရေးပါလား... ဆရာရေးရင် တအားဖတ်ကောင်းမှာ..း))

အိမ်မက်စေရာ

Angelhlaing(May everybody be happy and healthy! said...

အကိုရဲ့ စာလေးဖတ်ပြိး သူကြိးမင်းကွန်မန့်ကျမှ ဝါးခနဲ ဝလုံးကွဲ ရယ်မိတယ်... ငှက်ပျော်တုံးစိုက်ထားတာ မုန့်ဟင်းခါး ချက်ဖို့ပါတဲ့...:P:P မှတ်ထားမှ သူများတွေ ပြန်ပြောလို့ ရအောင်..:):)
ဒုတိယပိုင်းကို စောင့်မျှော်နေပါ့မယ်အကို...

လွင်ပြင်လှိုင်းငယ် said...

ဖတ်လို့ကောင်းလိုက်တာ ဆရာရေ။ဖတ်ရင်းတစ်ပုဒ်လုံးပြီးသွားတယ် အပြုံးကမပြီးသေးဘူး တွေးတွေးပြီးသဘောကျနေတာ ဒုတိယပိုင်းလေးလဲ မျှော်နေပါတယ်။

richelle co said...

Hi, Inspiring and Interesting blog you have here... It would be my pleasure if you visit my website too. Here's the link
http://ads.com.mm/?cid=4fe2db67e4b0d19a0f5e0b1e&utm_campaign=ads_mm_lb_blog_riche&utm_source=ads_lb_blog&utm_medium=lb_blog

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

အာာာ သဂျီးတိုတိုမှောင်ကိုစောင်းတွယ်ပြီး ရေးသွားလိုက် တာ ငယ်ငယ်က ဘုန်းကြီးကျောင်းမှာတပ်တဲ့ အော်ဂင်နာရီနဲ့ လော်စပီကာကြီးအသံကြားယောင်မိတယ် ဆြာ

ကျွန်တော်တို့ငယ်ငယ်ကလည်း ခေတ်စားခဲ့ပါရောလား ရန်ကုန်မှာ သယ်ကြီးသားဘယ်သို့ဘယ်ပုံဆိုတာ စောင့်မျှော်နေမယ်ဗျားး)

ချစ်စံအိမ် said...

သူကြီးသားအကြောင်းလာဖတ်သွားပါတယ်ရှင့်

တောက်ပကြယ်စင် said...

ဆရာ့ရဲ့ ဒီပိုစ်ကို ဖတ်မှပဲ တောစရိုက်၊ တောဓလေ့တွေကို မျက်စိထဲ အထင်းသား မြင်ယောင်နေမိပြန်တယ်။ ဘုန်းဘုန်းတို့ရွာနဲ့ ဟိုပုံးမြို့နဲ့က မိုင်နှစ်ဆယ်ခန့် ဝေးပါတယ်။ အဖေတို့က ဟိုပုံးမြို့ကိုသွားပြီး လယ်သွားလုပ်တာကိုး။ အဲဒါနဲ့ "သားလည်းလိုက်ချင်တယ်"ဆိုပြီး ပူဆာတော့ အဖေက "သားရယ် မသွားချင်ပါနဲ့အုံး၊ သားကြီးလာရင် မသွားချင်လည်း သွားကို သွားရမှာပါ"တဲ့။ ဆရာပြောမှပဲ ရွာဦးကျောင်းက အော်ဂင်နာရီသံကြီးကို ပြန်ကြားယောင်နေမိသလိုပဲ။

ချော (အစိမ်းရောင်လင်ပြင်) said...

အော်ဂင်နာရီ အဝယ်သွားတဲ့ သူဂျီးသား
ဘယ်သို့ ဘယ်ပုံ ကြုံရမယ်ဆိုတာ စိတ်ဝင်စားစရာပါလား ဆရာဟန်..
စောင့်ဖတ်ပါဦးမယ်။
တောဓလေ့နဲ့ ထုံမွန်းပြီးရေးထားတော့လည်း တောကို လွမ်းရပါသရှင်..

နွေလ said...

ဆရာရေ . . .
ရောက်ခဲ့တယ်ဗျာ
တောစရိုက် . . . တောဓလေ့လေးတွေ
ဖတ်ရတာ စိတ်ထဲမှာ တစ်မျိုးပဲ
စာက သွက်တော့ အရမ်းဖတ်လို့ကောင်းတယ်
ဆက်လာဦးမယ့် စီးရီးစ်တွေလည်း စောင့်နေလျက်

နွေလ

AH said...

တဂျီးမင်း ကဗျာတွေကြီးပဲ လှမ့်ရေးနေလို့ ဆရာဟန် ကလိပြီ ထင်နေတာ.. အော်ဂင် နာရီကြီးတွေ့တော့မှ ပြုံးပြုံး၊ ပြုံးပြုံး ဖြစ်သွားတော့တယ်... အပိုင်း ၂ မျှော်နေမယ်နော်.. ဆရာ..

နွေတေးရှင်(မင်းဧရာ) said...

ဟိုထိပ်ဆုံးက သူကြီမင်း
ကိုယ့်ဖာသာလုံအောင်နေပါ
ငှက်ပျောတုန်းတွေက မျက်စောင်းထိုးနေပြီး)။


အပီအပြင်ကို ရေးတာပါလား ဆရာ..
ဟုတ်ပါ့ ကျွန်တော့်တို့ရွာမှာလည်း သို့ကလိုပါဘဲဗျာ
ရောက်ခါစ ဆိုတော့ အထူးအဆန်းကြီးဖြစ်နေရသကိုး
နောက်တစ်ပိုင်းကို စောင့်နေလျှက်ပါ ဆရာ။

...အလင်းစက်များ said...

ငယ်ငယ်တုန်းက ထန်းတပင်ရွာကို လိုက်လည်ဖူးတယ် ဆရာ။ မိုးအုံမျက်မှန်တပ်တာကို အထူးအဆန်း ၀ိုင်းကြည့်ကြတာ အမှတ်ရတယ်။ ဒါတောင် ရန်ကုန်နဲ့  ဘာမှ ဝေးတာမဟုတ်ဘူးရယ်။

ဟီး... အဲ့သည်ရွာက အပျိုတွေလဲ အဲ့လိုပဲဗျ။ မထင်ရင် ထဆဲတာ..... ရင်ခုန်ခဲ့ဘူး။

အပိုင်း ၂ မျှော်နေပါမယ် ဆရာရေ။

တွတ်တွတ် said...

ကျွန်တော်အင်မတန်ကြိုက်နှစ်သက်တဲ့အရေးအသားပဲဗျာ...ကုန်ခဲ့တဲ့လတွေက..အညာဖက်ဒေသရောက်ခဲ့တာတောင် ပြန်လည်အမှတ်ရမိတယ်ဗျာ..ဒုတိယပိုင်းကိုသာ..မြန်မြန်ဆွဲပါတော့လား...ဆြာကြည်

san htun said...

အရေးအသားက ဂွတ်သဗျား..အပိုင်း၂ သွားဖတ်လိုက်ဦးမယ်...

အလင်းသစ် said...

သွားတွေ အအေးပတ်ပြီး ပါးတွေပါ ရွဲ့ကုန်မှာ စိုးရတယ်.. ရယ်ရချက်ကတော့...ဟီးးးးးးးး

ကြိုက်ရင်ပေါ့လေ . . .