Thursday, 14 June 2012

ချစ်သော ချီလီ . . .


ပါပီကလေး ပုတုတု . . .
သူ့စကားက ၀ုဝု၀ု . . .
သူ့စကား လူမသိ . . .
လူ့စကား သူမသိ . . .
သနားစရာ ကောင်းပါဘိ . . .။           ။

http://www.littlepuppy.org/wp-content/uploads/2011/10/puppies-2.jpg

ဘယ်သူရေးထားတဲ့ ကဗျာမှန်းတော့ မသိပေါင်။ ခပ်ငယ်ငယ်က ဖတ်ဖူးမှတ်ဖူးထားလို့ စိတ်ထဲစွဲနေတာပဲ ထင်ပါရဲ့။ တစ်ခါတစ်ခါများကျတော့လည်း ကဗျာတို၊ ကဗျာစတွေ ဟိုဟာကောက်ကျက်၊ သည်ဟာကောက်ကျက်နဲ့ ခေါင်းထဲမှာ ရောကုန်ပြီး အချိန်ကြာလာတော့ ကိုယ်ပဲရေးတာလိုလို၊ သူများရေးတာလိုလို ယောင်ဝါးဝါးဖြစ်တတ်တာကိုက ဦးဟန်ကြည်ရဲ့ မူပိုင်အကျင့်။ ကိုင်း . . . ထား။ ပြောချင်တာက ဦးဟန်ကြည်၏ ချစ်လှစွာသောဆိုတဲ့ ပါပီလေးချီလီကိစ္စ။

ကဏန်းမျိုး ဦးဟန်ကြည်က လူတွေနဲ့သာ ကီးသိပ်မကိုက်ချင်တာ အနှီချစ်လှစွာသော ပါပီကလေးတွေနဲ့ကတော့ သဟဇာတ ဖြစ်မှဖြစ်။ တယ်ရီယာ၊ ဒိုဘာမန်၊ ချီဝါ၀ါ၊ ဂရိတ်ဒိန်း၊ ရှိဇု၊ ဘူးလ်ဒေါ့၊ အယ်လ်ဇေးရှင်းတင်မကဘဲ အရပ်ထဲကခွေးဝဲစား အယ်လ်ချီးစားပါမကျန် ဦးဟန်ကြည်ရဲ့ ချစ်လှစွာသောချည်းပါ့။ ကိုယ်တော်များကလည်း လူရိပ်လူကဲက သိမှသိ။ ဦးဟန်ကြည်နဲ့ မဒမ်ကြည် အတူထိုင်နေရင်တောင် သူရို့ကိုပိုချစ်တဲ့ ဦးဟန်ကြည်ကိုမှ ရွေးပြီးခခယယလုပ်လေ့ရှိရဲ့။ အသန့်ကြိုက် မဒမ်ကြည်က ခွေးလှလှကလေးတွေကိုတော့ ချစ်ရှာသား။ အမွေးဖွားဖွားနဲ့ တယ်ရီယာလေးတွေကတော့ မဒမ်ကြည်ရဲ့ ဖေးဘရိတ်ပေါ့လေ။

ဦးဟန်ကြည်ကတော့ ခွေးဖြစ်ရင်ပြီးရော ဘယ်ခွေးမဆို ချစ်ပြီးသား၊ သဒ္ဓါပြီးသားချည့်။ ဒါပေမယ့် သူရို့ဘိုခွေးတွေထက်တော့ ကိုယ့်မြန်မာပြည်ခွေးမျိုးကိုတော့ စေတနာ နည်းနည်းပိုသပေါ့လေ။ ဘာကြောင့်လဲဆိုရင် သူရို့ခွေးမျိုးက အဆာအတော်ကျယ်သကိုး။ တချို့သော ပါပီများဆိုရင် လူထက်တောင် ကရိကထများသေးရဲ့။ တကတည်း ခွေးရေချိုးတဲ့ ဆပ်ပြာနဲ့၊ ခွေးရေမွှေးနဲ့၊ ခွေးစာဆိုလည်း သီးသန့်။ မိတ်ဆွေတစ်ယောက်အိမ်က အယ်လ်ဇေးရှင်းတစ်ကောင်ကို တစ်ရက်စာ အမဲသား ငါးဆယ်သားလောက်ကျွေးရတယ်ဆိုကိုး။ အနှီလောက် အသားပမာဏဆိုရင် ဦးဟန်ကြည်တို့ လင်ကိုယ်မယား ညမနက်စားလို့ရပါ့။ ကိုယ့်ထက်တောင် မြင့်ချင်နေတဲ့ အနှီကောင်တွေကိုတော့ ပါရမီထူးလွန်းလို့ မနာလိုတောင် ဖြစ်မိပါသေးဗျား။

မှတ်မှတ်ရရ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်တုန်းက တပည့်တစ်ယောက်က လက်ဆောင်ပေးလို့ တယ်ရီယာလေးတစ်ကောင် မွေးဖူးပါရဲ့။ တယ်ရီယာလေးကလည်း လမ်းလျှောက်တတ်ကာစအရွယ် တောက်တက်ပြေးဆိုတော့ မဒမ်ကြည်တစ်ယောက်က တုန်နေအောင် ချစ်တာပေါ့လေ။ သားသမီးမရှိသေးတဲ့ ဦးဟန်ကြည်လည်း အနှီပါပီပုပုလေးကို ကိုယ့်သမီးလို့တောင် သဘောထားတာကလား။ အံမယ် နာမည်ပေးတာတောင် ပစ္စလက္ခတ်ပေးတာ မဟုတ်ဘူးရယ်။ အွန်လိုင်းပေါ်တက်ပြီး ခွေးနာမည်ပေးတဲ့ဆိုဒ်တစ်ခုမှာ သုံးရက်လောက်နေအောင် မွှေနှောက်ရှာဖွေလိုက်သေးသဗျား။ နာမည်ပေါင်းစုံ ခေါင်းကိုက်အောင်စဉ်းစားပြီးမှ နောက်ဆုံးတော့ ဣတ္ထိလိင်လည်းဖြစ် ခေါ်ရလည်းလွယ်တဲ့ Chilly ချီလီလို့ ပေးလိုက်ပါလေရော။ အဆိုတော် ရန်ရန်ချန်းနဲ့ တွဲနေတဲ့ အဆိုတော်မ ချီလီသာသိရင်တော့ သူ့ကိုနာမည်ဖျက်ရပါ့မလားဆိုပြီး ဦးဟန်ကြည်ကို အ၀ှာများပြုလေမလား မပြောတတ်ဘူး။

မဒမ်ကြည်ကတော့ သူ့ချီလီကို ကျန်တဲ့ပါပီလေးတွေကို ကျွေးသလို dog food တွေ၊ အသားတွေ ပေါင်းလန်အောင် ကျွေးချင်ရှာတာပါ့။ ဒါပေမယ့် အစားတစ်လုပ်အတွက် ၀ိထ္ထာရချဲ့တာကို အင်မတန်မှ မြင်ပြင်းကပ်တဲ့ ဦးဟန်ကြည်ကတော့ ဘယ်လက်သင့်ခံလိမ့်တုန်းဗျာ။ ဟေ့ . . . သူ့ဖာသာ တယ်ရီယာမကလို့ ဘာရီယာပဲဖြစ်ဖြစ် ကိုယ့်ဆီရောက်လာရင် ကိုယ်စားတာပဲစားရမှာပဲ လို့ တစ်ချက်လွှတ်ရာဇသံထုတ်ပြီး ကိုယ်စားတဲ့ ပန်းကန်ထဲကပဲ ခွဲဝေကျွေးဖို့ ဆုံးဖြတ်ချက် ချပါလေရော။ ဟုတ်သလေ။ ကိုယ်နဲ့တန်းတူထားတာကိုက သင်္ဂဟော မဟုတ်လား။ ကိုယ့်ဆီက ခွေးများဆိုရင် ထမင်းရည်လောက်နဲ့တောင် အကျေနပ်ကြီးကျေနပ်ကြသေးတာကိုး။ ဒါပေမယ့် စိန်ချီလီတို့ကတော့ ဒီလိုဘယ်ဟုတ်လိမ့်တုန်း။ အကြောကလည်း ဘာမာသလည်း မမေးနဲ့။ အသီးအရွက်ဆိုတာ စားစရာလို့တောင် မှတ်တာမဟုတ်ဘူးရယ်။ အသားဟင်းနဲ့ ထမင်းရောကျွေးရင်တောင် အသားဟင်းကိုပဲ ရွေးတုတ်ပြီး ထမင်းကို ယောင်လို့တောင်မှ ပါးစပ်ထဲ အ၀င်ခံတော်မမူဘူးဗျား။

စိန်ချီလီရဲ့ အကျင့်ကို တစ်ရက်ကနေ နှစ်ရက် သည်းညည်းခံနိုင်ပေမယ့် နှစ်ရက်ကနေ သုံးရက်ရောက်လာတော့ ဦးဟန်ကြည် ဒေါကန်လာပါလေရော။ အံမယ် ဒီငတိမလေးက သူ့ကိုယ်သူ ခွေးဖြစ်တာမသိသေးဘူးထင်ရဲ့ . . . ဟိုဟာကြေးများ သည်ဟာကြေးများနဲ့ အင်မတန်အဆာကျယ်လှတာ မှတ်လောက်သားလောက်အောင် ပညာပေးမှလို့ အကြံကလည်းပေါက်လာလေရဲ့။ ဦးဟန်ကြည်ဆိုတာကလည်း ကျောင်းသားဆိုး၊ ကျောင်းသားကပ်တွေကိုတောင် လူကောင်းလူမွန်ဖြစ်လာအောင် စိတ်ရှည်လက်ရှည် ပုံသွင်းပေးနိုင်ခဲ့သေးတာ အနှီလို သုနက္ခလေးလောက်ကတော့ သုံးလေးရက်လောက် ထရိန်နင်ပေးလိုက်ရင် အပိုးကျိုး၊ အချိုးကျသွားရမှာပါ့ဆိုတဲ့ အတွေးကလည်းဝင်လာတော့တာကိုး။ အနှီလိုနဲ့ပဲ စိန်ချီလီကို ထမင်းနဲ့ ဟင်းအနှစ်နဲ့ပဲ နယ်ဖတ်ကျွေးပြီး ထရိန်နင်ပေးပါလေရော။ အံမယ် . . . ငတိမကလည်း ခပ်တင်းတင်းဗျား။ ထမင်းကို တစ်ချက်နမ်းကြည့်ပြီးတော့ ခပ်တည်တည်ပဲ လှည့်ထွက်သွားပါလေရော။ ယောင်လို့တောင်မှ နှုတ်သီးလေးနဲ့ မွှေမသွားရှာဘူး။ သူ့အရိပ်အချည်ကို အသာစောင့်ကြည့်နေတဲ့ ဦးဟန်ကြည်ကတော့ အင်း . . . လုပ်ထားဦးပေါ့လေ . . . သင်း ဗိုက်ဆာရင် မစားဘဲ ဘယ်နေနိုင်လိမ့်တုန်း ဆိုတဲ့ အတွေးနဲ့ ပြုံးတာပေါ့လေ။

ဒါပေမယ့် စိန်ချီလီကလည်း ထင်တာထက်တောင် အကြောမာသေးသဗျား။ တစ်နေသာကုန်သွားတယ် ထမင်းပန်းကန်နားကို ယောင်လို့တောင် မလာဘူး။ ဦးဟန်ကြည်ကလည်း မစားချင်နေပေါ့ဆိုပြီး အသာပစ်ထားလိုက်တာပဗျာ။ ဒီငတိမ နေနိုင်လှ တစ်ရက်ပါ့။ နောက်ရက်ဆိုရင်တော့ စားတော့မှာပဲလို့လည်း အပိုင်တွက်ထားပြီးသား။ နောက်တစ်ရက်ရောက်တော့လည်း ပထမနေ့ကအတိုင်းပဲ ထမင်းနဲ့ အနှစ်နဲ့နယ်ပြီး ကျွေးပြန်တာပဲ။ ဒါလည်း ဒေါ်ကြီးကျယ်လေးက မစားပြန်ဘူးဗျား။ နေနှင့်ဦးပေါ့လေဆိုပြီး ဦးဟန်ကြည်ကလည်း ခပ်မာမာပဲ ပစ်ထားလိုက်တာပါ့။ ညနေပိုင်းလောက်ရောက်တော့ ငတိမလေး ဗိုက်ဆာပါလေရော။ မဆာပဲနေရိုးလား။ နှစ်ရက်လုံးလုံး ရေသောက်ပြီး ဆန္ဒပြနေတော့ ဗိုက်ထဲမှာ အစာမှ မရှိတာကိုး။ ဒါနဲ့ပဲ ထမင်းပန်းကန်နားကို အသာကပ်ပြီး ထမင်းပန်းကန်ကို နှုတ်သီးနဲ့ မွှေပါလေရော။ ကြည့်နေတဲ့ ဦးဟန်ကြည်ကတော့ အောင်မြင်ပဟဲ့ဆိုတဲ့ ထင်တစ်လုံးနဲ့ ပြုံးပြုံးကြီးပေါ့လေ။ ဒါပေမယ့် ထင်သလို ဘယ်ဟုတ်လိမ့်တုန်း။ ကိုယ်တော်မက ထမင်းထဲမှာ အသားပါနိုးနိုးနဲ့ မွှေကြည့်တာကိုး။ အသားဖတ်မပါတာလည်းသိရော ထုံးစံအတိုင်း ထမင်းပန်းကန်နားကခွာပြီး ချောင်မှာသွားခွေပြန်ပါရော။

ပြောရရင် တယ်ရီယာဆိုတဲ့ ခွေးမျိုးက ဉာဏ်ရည်ဉာဏ်သွေးလည်း အင်မတန်မြင့်တာကလား။ သူကြီးကျယ်နေတာကို ဒေါဖောင်းလာတဲ့ ဦးဟန်ကြည်က စိတ်ပေါက်ပေါက်နဲ့ ခပ်ငေါက်ငေါက်ကလေး ဆူလိုက်ပြောလိုက်မိတာ တစ်ခါတည်း စိတ်ကောက်ပြီး ဆက်တီအောက်မှာ သွားခွေနေလိုက်တာ ဘယ်လိုချော့ခေါ်ခေါ် ထွက်လာတော် မမူတော့ဘူးဗျား။ အခါတိုင်းဆိုရင် ညအိပ်ရင် ဦးဟန်ကြည်တို့ခေါင်းရင်းလာပြီး ခေါင်းအုံးအောက်တိုးအိပ်တတ်ပေမယ့် သူ့ကိုငေါက်လိုက်မိတဲ့ညက အိပ်ယာထဲမလာတော့ဘဲ ဆက်တီအောက်မှာပဲ ပေပြီးအိပ်နေလေရဲ့။ ၀ါးနုက ၀ါးရင့်ကို ပတ်တာ အင်မတန်ဒေါကန်တဲ့ ဦးဟန်ကြည်ကလည်း ကိုင်း . . . နင့်ဟာနင် နေချင်ရာနေဆိုပြီး လှည့်မကြည့်ဘဲ ပစ်ထားလိုက်ပါလေရော။

နောက်တစ်ရက်မနက်ခင်းရောက်ပြန်တော့လည်း ထုံးစံအတိုင်း ထမင်းနဲ့အနှစ် ကျွေးကြည့်ပြန်တာပေါ့လေ။ စိန်ချီလီကလည်း ထုံးစံအတိုင်း လာနမ်းကြည့်ပြီး ခွေမြဲပြန်ခွေတာပါပဲဗျား။ ဒါပေမယ့် နှစ်ရက်လုံးလုံး အစာမာမစားဘဲနေတဲ့ ငတိမလေးခမျာ လမ်းတောင် သန်သန်မလျှောက်နိုင်ရှာတော့ဘူးကိုး။ ကလေးကို သူ့စိတ်ကြိုက်ကျွေးချင်ပေမယ့် စည်းကမ်းပိုင်းနဲ့ပတ်သက်ရင် နည်းနည်းမှ အထိမခံချင်တဲ့ ဦးဟန်ကြည်ကို မပြောသာလို့ အသာကြည့်နေရတဲ့ မဒမ်ကြည်ခမျာလည်း ချီလီကိုကြည့်ရင်း မျက်ရည်စို့လာပါလေရော။ အနှီတော့မှ ဒီအတိုင်းသာ ဆက်လုပ်နေရင်ဖြင့် မြွေပါလည်းဆုံး၊ သားလည်းဆုံးမယ့်ကိန်းဆိုက်ဖို့ များနေတာ သဘောပေါက်လာတဲ့ ဦးဟန်ကြည်လည်း ကိုင်း . . . အိမ်ရှင်မရေ . . . မင့်သမီးကို ငါတော့လက်မြှောက်လိုက်ပြီဗျား . . . သူ့စိတ်ကြိုက်၊ မင့်စိတ်ကြိုက်သာကျွေးပေရော့လို့ အလံဖြူထောင်ပြလိုက်ရပါလေရဲ့။ ဘယ်အချိန်ကတည်းက ကျွေးချင်နေမှန်းမသိတဲ့ မဒမ်ကြည်လည်း ထိုင်ရာကနေ ထတဲ့ပြီး အသားတွေပန်းကန်ထဲထည့် ချကျွေးမှ ဒေါ်ကြီးကျယ်ချီလီတစ်ကောင် အားပါးတရ စားတော့တာကိုး။ အမြီးလေးနန့်လိုက်၊ စားလိုက်၊ ရေလေးပြေးသောက်လိုက်၊ နောက်တစ်ခါပြန်လာစားလိုက်လုပ်နေတဲ့ ချီလီကို ကြည့်ရင်း ဦးဟန်ကြည်ခမျာ ဆရာ၊ ဆရာမတွေ ဘာကြောင့် သူရို့သားသမီးကို ဆုံးမလို့ မနိုင်တာကို ခပ်ရေးရေး သဘောပေါက်လာပါလေရော။ ကျောင်းသားတွေကို ပုံသွင်းနိုင်ခဲ့ပေမယ့် ချီလီနဲ့တွေ့မှ သိက္ခာပလုံသွားရတဲ့ ကိုယ့်အဖြစ်ကိုလည်း ပြန်တွေးရင်း ရှက်ပြုံးလေးပြုံးမိပါပေါ့လား။

ချီလီတစ်ကောင် ဦးဟန်ကြည်တို့နှစ်ယောက်နဲ့ တစ်လနီးပါးလောက်နေလို့ အိမ်သားတစ်ပိုင်းဖြစ်ပြီး အသားကျသွားတဲ့ အချိန်မှာ တခြားမြို့က တပည့်မတစ်ယောက်  သူရို့အမျိုးအဆွေတွေဆီကို အလည်လာရင်း ဦးဟန်ကြည်တို့မြို့ကို ရောက်လာပါလေရော။ အနှီတပည့်မကလည်း ခွေးချစ်ချက်ကတော့ တုန်လို့ဆိုတဲ့ အစားထဲက။ သူရို့အမျိုးတွေဆီကို အလည်လာရတဲ့ ရည်ရွယ်ချက်ကလည်း တယ်ရီယာတစ်ကောင် ၀ယ်ချင်လို့တဲ့ဗျား။ သူရို့အမျိုးအဆွေတွေနဲ့ တစ်မြို့လုံး သုံးလေးရက်လောက် မွှေနှောက်ရှာဖွေလို့ တယ်ရီယာလည်း မရရော ထုံးစံအတိုင်း သူ့ဆရာကို သတိရပါလေရော။ ဆရာရေ . . . သမီးကို တယ်ရီယာတစ်ကောင်လောက် ၀ယ်ပေးပါလို့လည်း အပူကပ်ရော တပည့်တွေအတွက် အဲဗားရယ်ဒီ ဦးဟန်ကြည်ကလည်း ဒါလေးများပေါ့။ ဒါပေမယ့် မြို့ထဲက မိတ်ဆွေတွေဆီမှာ စုံစမ်းမှပဲ တယ်ရီယာက ရှားတော်မူလိုက်တာမှ တစ်ကောင်မှကို မတွေ့ဘဲဖြစ်နေပါလေရော။ မဲ့ဆောက်ကိုလှမ်းမေးပြန်တော့လည်း တယ်ရီယာကုန်နေပြန်သတဲ့။ တပည့်မကလည်း နောက်တစ်ရက်ဆို ပြန်ရတော့မှာမို့ အချိန်ကလည်း မရဖြစ်နေပြန်တော့ ဦးဟန်ကြည် ခေါင်းခြောက်ရပြီပေါ့လေ။ ဖြစ်ချင်တော့ တပည့်တကာ့ တပည့်ထဲမှာ အနှီတပည့်မက ဦးဟန်ကြည်တို့ ဇနီးမောင်နှံရဲ့ အသည်းကျော်။ မဒမ်ကြည်ကလည်း အနှီတပည့်မလေး မည်းမည်းတူးတူးကို သူ့ညီမအရင်းလောက် အောက်မေ့တာကလား။

တယ်ရီယာကို ဘယ်လိုမှ ရှာလို့မရတဲ့ အဆုံးမတော့ တပည့်တွေ တောင်းသမျှအကူအညီကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ဖြည့်ပေးပြီး ဆရာကောင်းဖြစ်ချင်လွန်းလှတဲ့ ဦးဟန်ကြည်နဲ့ သူ့အချစ်တော် တပည့်မကို ပျော်စေချင်တဲ့ မဒမ်ကြည်တို့နှစ်ယောက် ခေါင်းချင်းရိုက်ကြရပါလေရော။ နောက်ဆုံးတော့ မရ- ရသကချိုင်ဆိုတဲ့ စကားအတိုင်း သမီးတော်ချီလီကိုပဲ တပည့်မလက်ထဲ ထည့်ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်ရပါရဲ့။ မဒမ်ကြည်ရဲ့ပါးစပ်က တယ်ရီယာရှာလို့မတွေ့ရင်လည်း ချီလီကိုပဲ ပေးလိုက်ကြတာပေါ့လေ ဆိုတဲ့ စကားသံလည်းထွက်လာရော ဦးဟန်ကြည်ခမျာ ကိုယ့်နားကိုတောင် မယုံနိုင်အောင်ကိုဖြစ်လို့။ သားသမီးမရှိသေးတာမို့ ဦးဟန်ကြည် အပြင်မှာ စာသင်ချိန်သွားနေတဲ့ အချိန်တိုင်းမှာ ချီလီတစ်ကောင်ကို သမီးအရင်းလို ပြုစုတွယ်တာနေတဲ့ မဒမ်ကြည်တစ်ယောက် သူ့မွေးစားသမီးကို ဘယ်လောက်ချစ်တယ်ဆိုတာ ဦးဟန်ကြည် အသိဆုံးမဟုတ်လား။ မဒမ်ကြည်အသံတုန်နေတာကို မသင်္ကာလို့ မျက်နှာကို ကြည့်လိုက်တော့ မျက်ရည်တွေတောင် စို့နေပါရောလား။ ပြောရရင် ဦးဟန်ကြည်လည်း ရင်ထဲက ခပ်နာနာပေါ့လေ။ ကိုယ်တိုင်ကလည်း ခွေးချစ်ရတဲ့အထဲမှာ ချစ်လှစွာသော သမီးတော်လေး စိန်ချီလီကလည်း ပြောစမှတ်ဖြစ်စရာတွေ တစ်ပုံတစ်ခေါင်းကြီး လုပ်ထားခဲ့တာကိုး။

ဒီလိုနဲ့ပဲ ညနေစောင်းမှာပဲ ချစ်သောချီလီကို ချစ်သောတပည့်မဆီသွားပေးလိုက်ရပါလေရော။ ချီလီကိုပွေ့ရင်း အမြူးကြီးမြူးနေတဲ့ တပည့်မကိုကြည့်ရင်း ဦးဟန်ကြည်တို့နှစ်ယောက်ကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေလိုက်မိကြပါသေး။ ကိုယ့်ထက်ပိုပြီး ပြုစုနိုင်၊ ကျွေးမွေးစောင့်ရှောက်နိုင်တဲ့လူလက်ထဲ ကိုယ့်ကလေးကို ထည့်ပေးလိုက်ရတာမို့ နည်းနည်းတော့ ဖြေသာပေမယ့် သံယောဇဉ်ဆိုတာကလည်း အခက်သားကလား။ မဒမ်ကြည်တစ်ယောက် တပည့်မရဲ့ မိဘတွေနဲ့ စကားပြောနေရင်း အသံမတုန်အောင် မနည်းထိန်းနေရရှာတာ ဦးဟန်ကြည် ဒီနေ့အထိ အမှတ်ထင်ထင်ရှိနေပါရဲ့။ ချီလီကိုပို့ပြီး အိမ်ပြန်လာတဲ့ လမ်းတစ်လျှောက်လုံးလည်း မဒမ်ကြည်တစ်ယောက် ဆိုင်ကယ်နောက်က ထိုင်လိုက်ရင်း မျက်ရည်တစို့စို့နဲ့။ ဒါကြောင့်လဲ ဦးဟန်ကြည်ရဲ့ မေမေက ခွေးမမွေးချင်တော့ဘူး သားရယ် . . . ကိုယ်ကလည်း သံယောဇဉ်ကြီးတာနဲ့ မွေးထားတဲ့ ခွေးကလေးတွေ တစ်ခုခုဖြစ်သွားရင် မခံစားနိုင်လွန်းလို့ လို့ ပြောခဲ့ရှာတာကိုး။

ချီလီလေးကို တပည့်မဆီပေးလိုက်ပြီး နှစ်နှစ်လောက်ကြာတော့ ပွဲတစ်ခုဖိတ်တာနဲ့ အနှီတပည့်မတို့မြို့ကို ဦးဟန်ကြည်တို့ သွားရပါလေရော။ နှစ်နှစ်ဆိုတဲ့ အချိန်အတွင်းမှာ ချီလီတစ်ကောင် အထွားကြီးထွားလာလိုက်တာ ဦးဟန်ကြည်ခမျာ ရုပ်တောင် အတော်ဖမ်းယူရပါရဲ့။ တစ်အိမ်လုံးက ဖူးဖူးမှုတ်ထားလို့ ဆိုးချင်တိုင်းဆိုးနေတဲ့ စိန်ချီလီကလည်း လာသမျှလူတိုင်းကို အသံလေးညောင်နာနာနဲ့ တ၀ုတ်ဝုတ်ထိုးဟောင်နေလေရဲ့။ သူရို့ခြံထဲကို ၀င်လာတဲ့ ဦးဟန်ကြည်တို့နှစ်ယောက်ဆီကို ဟောင်ရင်းပြေးလာတဲ့ ချီလီ ဦးဟန်ကြည်ခြေရင်းလည်းရောက်ရော ဟောင်တာရပ်ပြီး မျက်နှာကိုမော့ကြည့်လိုက်၊ ခြေထောက်ကို နမ်းကြည့်လိုက်လုပ်နေပြီး အတော်ကြာတော့ အမြီးနန့်ပြပါလေရော။ သူ့ခမျာ ကလေးပိစိဘ၀တုန်းက ပိုင်ရှင်ဟောင်းကို ခပ်ဝါးဝါးပဲ မှတ်မိရှာတော့တာကိုး။ တပည့်မက ချီလီနောက်ကနေ ပြေးလိုက်လာရင်း “ အံမယ် . . . အံမယ် အိန်ဂျယ်က ဆရာ့ကို မှတ်မိသေးတာကိုး ” လို့ ပြောလိုက်တော့ ဦးဟန်ကြည်တို့ ဇနီးမောင်နှံ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြပါလေရော။ နောက်ဆုံးမတော့ ဦးဟန်ကြည်ရဲ့ ချီလီလေးတစ်ကောင် အိန်ဂျယ်ဖြစ်နေပါရောလား။

သြော် . . . ချစ်သောချီလီ။               ။

16 comments:

မိုးငွေ့........ said...

ဟိဟိ ဆရာ့ချီလီက သာမီးရဲ့ အိမ်ဂျယ်ဖြစ်သွားရောလား...။ ချစ်စရာလေးနေမယ်နော်..။ ဒါပေသိ ခွေးမှမဟုတ် ဘာအကောင်ပလောင်မှမချစ်တတ်တာခက်တယ်..။

စံပယ်ချို said...

ဆရာရဲ့ချီလီလေးကဆရာတို့ကိုမမေ့သေးဘူးကိုး
သူလေးက အိန်ဂျယ်တောင်ဖြစ်သွားတယ်နော်
ခွေးတွေကြောင်တွေကိုချစ်တတ်သူ
စံပယ်

ကိုကိုမောင်(ပန်းရနံ့) said...

ဆရာရေ...
သံယောဇဉ် အကြောင်းကတော့ မပြောပါနဲ့တော့။ သံယောဇဉ် ဖြစ်တတ်လွန်းလို့ကို တစ်ယောက်ထဲ နေနေတာ။ ဘာညာတွေလဲ မွေးမထားဘူး။ ဘာညာတွေကိုလဲ ကျွေးမထားဘူး။
သံယောဇဉ်ကြီးလွန်းလို့။း)))

AH said...

ဟုတ်ပ ဆရာရေ... ခွေးဆိုလို့ကတော့ မွေးချင်တာမှ တပိုင်းသေနေတာ.. အရင်မြို့ နန်တုန်မှာတုန်းက တစ်ကောင်မွေးလိုက်သေးတယ် နောက် မြို့လည်းပြောင်းရော သူများကို ပေးခဲ့ရပြန်ရော... ဒါနဲ့ပဲ ခွေးမမွေးဖြစ်တော့တာ... ရွှေပြည်အပြီးပြန်ဖြစ်ရင်တော့ ၁ ဒါဇင်လောက်ကို မွေးဦးမှာ.... ငယ်ငယ်တုန်းက အိမ်မှာ ခွေးက ဆယ့်လေး ငါးကောင်လောက်ရှိတာ... အကုန်လုံးက အလ်ချားစီးတွေကြီးဘဲ....

နွေတေးရှင်(မင်းဧရာ) said...

ဆရာပြောပြလိုက်မှ ခွေးမျိုးတွေကို စုံအောင်သိရတော့တယ်ဗျာ...

ကျွန်တော်တို့က အညာသားတွေဆိုတော့ ခွေး ကိုပိုမွေးကြတာပေါ့ဗျာ လူမရှိတဲ့အချိန် အိမ်စောင့် ရသလို နွေအခါဆိုလည်း တပြုံတမကြီးနဲ့ တောလည်ရတာ ပျော်စရာကြီး ။

ဒါပေမယ့်လို့
အဲလို နိုင်ငံခြားခွေးတော့ မမွေးနိုင်ပါဘူးဗျာ
ကိုယ့်ဝမ်းစာကိုမှ အနိုင်နိုင်ရယ်။

kokoseinygn said...

ဆ၇ာေ၇
သံယောဇဉ်ကတော့သတ္တ၀ါတွေ အပေါ်
ဖြတ်မရတာခက်ပါတယ်....
စာတွေအများကြီးဖတ်ဖြစ်တယ်ဆရာ။

နေ၀သန် said...

အိန်ဂျယ်လှိုင်ကိုများ စောင်းပြောလေသလား.. ဆရာကြည့်.... :P.. ဟိဟိ... ခွေးကတော့ ဟုတ်တယ် ဆရာရေ... မမွေးချင်တော့ဘူး... သံယောဇဉ်ကြီးလွန်းလို့... တစ်ခုခုဖြစ်သွားရင် အတော်ခံစားရတာ....

ခင်မင်လျက်
နေ၀သန်

ချစ်စံအိမ် said...

လမင်းတော့ ဘာမှသံယောဇဉ်မထားချင်တော့လို့ 
ဘာမှမမွေးဘူး. ဆရာရေ အမေဆို ခွေးလေးတစ်ကောင်မွေးမိပါတယ်.. ပျောက်သွားလို့ အခုထိ စိတ်တဇဖြစ်နေတာ ဆရာရေ..

Angelhlaing(May everybody be happy and healthy! said...

သံယောဇဉ်...နော်..အကို.. ခွေးချစ်သူမို့ စာနာမိပါရဲ့..

နွေလ said...

ကျွန်တော့်မှာလည်း အရမ်းချစ်ရတဲ့
ခွေးလေးတစ်ကောင် ရှိခဲ့ဖူးတယ်
အခုတော့ သေသွားပါပြီ
အရမ်းခံစားရတယ်
အခုတော့ ခွေးမမွေးတော့ဘူး

pigpig said...

အိန်ဂျယ်တဖြစ်လဲ ချီလီပေါ့ဆရာရယ်..
ပစ်ပစ်ဆို ခွေးတွေ ကြောင်တွေ မချစ်ဘူး

san htun said...

ကဏန်းမျိုး ဦးဟန်ကြည်က လူတွေနဲ့သာ ကီးသိပ်မကိုက်ချင်တာ အနှီချစ်လှစွာသော ပါပီကလေးတွေနဲ့ကတော့ သဟဇာတ ဖြစ်မှဖြစ်။
ဆရာနဲ့  တူတယ်..နယ်မှာတုန်းက အိမ်နားက ခွေးတွေဆို မနက်တိုင်း စန်းထွန်းတောင် မနိုးသေးဘူး..ဒင်းတို့ က အိမ်ရှေ့ ရောက်နေပြီ အစာတောင်းဖို့ ..ခွေးမွေးချင်တာ ဆန္ဒသာရှိတယ် အကောင်အထည် မဖော်နိုင်သေးပါဘူး ဆရာရယ်..လူတောင် အနိုင်နိုင်ရယ်..ခွေးကျောင်းဖို့  နေနေသာသာ..ကိုယ့်ကိုကိုယ်တောင် မကျောင်းနိုင်လို့ ..စိန်ချီလီလေး အကြောမာတာလေးကိုက ချစ်စရာလေး..ဆရာတို့ ကို မှတ်မိတာတော့ ကျေနပ်ဖို့  ကောင်းတယ်...

အိမ်မက်စေရာ said...

ဒီလို သံယောဇဉ်မျိုးတော့ ကိုယ်ချင်းစာတယ် အိမ်မက်တို့လဲ ဒီအချစ်တော်လေးတွေ အတွက် မျက်ရည်တဝဲဝဲနဲ့ ဘယ်နှစ်ခါ ရှိပြီလဲ မသိ..ခုလဲ အိမ်မှာ တစ်ကောင်ရှိသေး ဦးဟန်ကြည် ချီလီလေးနဲ့ အမျိုးတူပဲ..သူ့အကြောင်းရေးမယ်လို့ မနေ့ကတောင်တွေးမိနေတာ..ဦးဟန်ကြည်နဲ့ အကြံချင်းတူနေတယ်..

အိမ်မက်

Mary Grace said...

Hi looks so impressive and interesting blogs, come and visit us back too:
http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog

တောက်ပကြယ်စင် said...

ကျောင်းထိုင်မှပဲ မွေးတော့မယ်ဆရာရေ။ ဟုတ်ပါ့၊ သံယောဇဉ်ဆိုတာလည်း တွယ်မိရင် အခက်သားကလား။

richelle co said...

Hi, Very Interesting post you have here... It would be my pleasure if you visit my website too. Here's the link http://motors.com.mm/?utm_campaign=mot_mm_lb_blog_riche&utm_source=mot_lb_blog

ကြိုက်ရင်ပေါ့လေ . . .