Showing posts with label ၀ထ္ထု. Show all posts
Showing posts with label ၀ထ္ထု. Show all posts
Tuesday, 3 July 2012
သူကြီးသား ပေါက်ကြီး၏ စွန့်စားခန်းများ ( ၂ ) . . .
ကျုပ်တို့ရွာကနေ မဟာရန်ကုန်မြို့ကြီးကို ရောက်ဖို့ဆိုတာကလည်း ကားတစ်ဆင့်၊ ရထားတစ်ဆင့်စီးရတာကိုး။ ခရီးသည်တင်ကားဆိုတာကလည်း ဒီဘက်ခေတ်လို မှန်လုံကားကြီးတွေ ဘယ်ဟုတ်လိမ့်တုန်း။ ချက်ပလက်ခေါင်းတိုလို့ အညာလိုခေါ်တဲ့ စစ်လက်ကျန်ကားကြီးတွေ။ ကားတိုက်မှုဖြစ်မှာကတော့ မပူလေနဲ့။ စိတ်ပေါက်မှ လိပ်လောက်ပြေးတဲ့ကားတွေဆိုတော့ တစ်စီးနဲ့တစ်စီး သေသေချာချာ ခေါင်းချင်းဆိုင်ပြီးတိုက်ရင်တောင် ခရီးသည်တွေ အထိုင်မပျက်လောက်ဘူး။ ကားတွေကလည်း စုတ်လိုက်ချာလိုက်တာ တစ်ချို့နေရာများဆိုရင် ပြုတ်ထွက်ကုန်မှာစိုးလို့ လျှော်နဲ့တောင် တုပ်ထားရသေးတာရယ်။ ကားလို့သာခေါ်ရတယ် တကျွီကျွီတအီအီနဲ့ အသံပေါင်းစုံမြည်နေတာမို့ ဆီမထိုးဘဲထားတဲ့ ဘကြီးသာဝရဲ့ ဒေါက်လှည်းအိုကြီးပေါ် ရောက်နေတဲ့အတိုင်းပဲ။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့လို တောသားအတွက်ကတော့ ဇိမ်ပါပဲ။
ကားလမ်းတလျှောက် ကြုံသမျှအခက်အခဲတွေကိုတော့ မပြောတော့ပါဘူးလေ။ ဒီကြားထဲမှာ ရထားစီးရတာကလည်း တယ်မနိပ်လှဘူး။ တဂျုံးဂျုံး၊ တဂျောင်းဂျောင်းနဲ့ ရမ်းချက်ခါချက်ကတော့ ဘကြီးဖြိုးရဲ့ ဟာလာဆန်စက်ဇကာပေါ်တက်ထိုင်နေရသလား မှတ်ရတယ်။ ဒီကြားထဲမှာ ကြမ်းပိုးကလည်း ကိုက်ပါဘိ။ လူတွေကလည်း ငါးပိသိပ်၊ ငါးချဉ်သိပ်တင်ထားသေးတာရယ်။ အဲဒီတော့မှပဲ ကျုပ်တို့တိုင်းပြည်မှာ လူတွေဒီလောက်များမှန်း သိရတော့တာ။ တကတည်း ရထားပေါ်မှာ လူတွေသီးနေသလားလို့တောင် ထင်စရာပဲ။ အခင်းကြီး၊ အခင်းလေးသွားဖို့တောင် နေရာကမထရဲဘူး။ ထလိုက်တာနဲ့ ဘုံပျောက်ဖို့များတယ်။ ဒီကြားထဲမှာ သူများကို ကျော်ခွသွားပြန်ရင်လည်း အဆဲ၊ အဆိုခံရဦးမှာ သေချာတယ်။ ဖြစ်ချင်တော့ အရေးထဲအရာပေါ်သလို ပါတော်မူချင်တဲ့ ပြဿနာက တက်ပြန်ရော။ မတက်ဘဲနေရိုးလား။ မနေ့ညနေက ကိုရင်ခွေးနီတို့တစ်အုပ် ကျုပ်ကိုဂုဏ်ပြုလွှတ်လိုက်တဲ့ ထန်းရည်တစ်မြူက အစွမ်းပြသကိုး။ သည်လူတွေကတော့ သည်လိုချည်းပါပဲ။ ရွာထဲမှာ တစ်ခုခုဖြစ်မယ်မကြံနဲ့။ ရမယ်ရှာပြီး ထန်းတောထဲရောက်သွားတာချည်း။ ယာထဲကိုင်းထဲက ပြန်လာရင်လည်း ပင်ပန်းလို့ဆိုပြီး ထန်းတောထဲဝင်တာပဲ။ အလုပ်မရှိပြန်ရင်လည်း ပျင်းလို့ဆိုပြီး ထန်းတောထဲဝင်ပြန်တာပဲ။ အခုလည်း ကျုပ်ရန်ကုန်သွားရမှာကို အကြောင်းပြပြီး သောက်ပွဲကျင်းကြတာကိုး။ ပြောရရင်တော့ ပေါက်ကြီးတို့ ရန်ကုန်သွားရမယ်ဆိုတဲ့ သတင်းထွက်လာကတည်းက  တစ်ရွာလုံးမှာ ကျုပ်နဲ့အောင်ဘုက မင်းသားကြီးတွေကို ဖြစ်လို့။ ဟိုအိမ်က ထမင်းစားဖိတ်ရတာနဲ့၊ သည်အိမ်က ရေနွေးကြမ်းဝိုင်း ဖိတ်ရတာနဲ့၊ မျက်နှာပွင့်ချက်ကတော့ ကိုယ့်အဖြစ်ကိုယ်မယုံလွန်းလို့ ကိုယ့်ကိုယ်ကို ပြန်ဆိတ်ကြည့်နေရတဲ့ အဖြစ်။
အနှီညနေက ကိုရင်ခွေးနီရဲ့ ကောင်းမှုနဲ့ ထန်းတောထဲရောက်သွားတော့ ထန်းပိုင်ရှင် ဘကြီးသာမွှေးက ကျုပ်ကိုစကားတွေ ဘာတွေ အရေးတယူလုပ်ပြောလို့။ သည်အဘိုးကြီးက တော်ရုံလူကို သိပ်စာရင်းသွင်းတာမဟုတ်ဘူးရယ်။ သူ စိတ်ကြီးဝင်မယ်ဆိုလည်း ၀င်ချင်စရာ။ သူ့သမီး မိသင်းကြိုင်က သည်နားရွာနီးချုပ်စပ်မှာတော့ နံမည်ကြီးအလှမယ်ကိုး။ ခမျာမှာ ငွေကြေးကလည်း သိပ်မပြည့်စုံရှာတဲ့အပြင်၊ မိစုံ၊ ဖစုံလည်းမရှိရှာလို့ ရွာ့ကွမ်းတောင်ကိုင် ဖြစ်ခွင့်မရရှာပေမယ့် ကျုပ်တို့နားပတ်ဝန်းကျင်က ကာလသားတွေကတော့ “ ကျုပ်တို့နယ်တစ်နယ်လုံး၊ သည်သူငယ်မှ အလှဆုံးဖြစ်ပေမယ် ”လို့ တညီတညွှတ်ထဲ သတ်မှတ်ထားကြတာရယ်။ ထားပါ။ ကျုပ်ကလည်း သူ့ကို သိပ်ကြိုက်လှတာ မဟုတ်ပါဘူး။ သူ့အဖေကြီးက ဖော်ဖော်ရွေရွေလုပ်ပြနေတော့လည်း ရေလိုက်ငါးလိုက်လေး နေပေးရတာပ။ အံမယ် ကျုပ်ထန်းရည်နဲ့မြည်းဖို့ ဆူပေ့၊ ဖြိုးပေ့ဆိုတဲ့ လယ်ကြွယ်ကြီးနှစ်ကောင်ကို မိသင်းကြိုင်ကိုယ်တိုင်ကြော်ပြီး လာချပေးသေးတာရယ်။ ကိုရင်ခွေးနီတို့တစ်သိုက်ကတော့ ကျုပ်ကို အထင်ကြီးတဲ့မျက်လုံးရွဲကြီးတွေနဲ့ ၀ိုင်းကြည့်ကြတာပေါ့။ သည်လူတွေ မျက်လုံးရွဲဆို တစ်ယောက်စီရဲ့ဗိုက်ထဲမှာလည်း ထန်းရည်တစ်မြူစီလောက်က ၀င်ပြီးပြီကိုး။ ကျုပ်ကလည်း ပေါက်ကြီးပဲ။ ပိုင်ပါတယ်ဆိုတဲ့ အထာနဲ့ မိန့်မိန့်ကြီးပြုံးပြီး၊ ဖိန့်ဖိန့်ကြီး ထိုင်နေလိုက်တာပေါ့။ ကျုပ်နဲ့တစ်ဝိုင်းတည်းထိုင်နေတဲ့ကာလသားတွေစိတ်ထဲမှာ စာမသင်ဖြစ်ခဲ့တာ နာလိုက်လေခြင်းလို့များ တွေးနေကြမလားမပြောတတ်ဘူး။
အနှီညနေက ထန်းရည်လေးတစ်မြူနဲ့ လယ်ကြွက်ကြော် ခပ်ဆူဆူကို အရသာရှိရှိစားပြီး ဆက်ရက်မင်းစည်းစိမ်ခံခဲ့သမျှ ကားပေါ်မှာ ပြဿနာမပေါ်ဘဲ ရထားပေါ်ကျမှ ခွကျပါလေရော။ ဗိုက်ထဲကနေ တဂွီဂွီနဲ့ ရစ်ပြီးနာချက်ကတော့ တကတည်း ဝေသာလီပြည်ကိုဝင်စီးတဲ့ ဘီလူးတွေ ကျုပ်ဗိုက်ထဲရောက်နေသလား မှတ်ရတယ်။ ကျုပ်လည်း ခံနိုင်သလောက်တော့ တောင့်ခံပါသေးတယ်။ ခက်တာက သောက်ရထားက တဂျိုင်းဂျိုင်း၊ တဂျုံးဂျုံးခုန်နေတာကိုး။ အတွင်းက ပစ္စည်းတွေက အပြင်ထွက်ဖို့ တာစူနေရတဲ့အထဲမှာ အပြင်ကရထားကပါ ခုန်နေတော့ ဘာပြောကောင်းမလဲ ကိုယ့်ဆရာ။ ရထားတစ်ချက်ခုန်တိုင်း သည်တစ်ချီတော့ သွားပဟဲ့ဆိုပြီး မျက်လုံးတွေကို ပြာခနဲ၊ ပြာခနဲပဲ။ အန္တရာယ်လွယ်မထားနဲ့လို့ ရှေးလူကြီးတွေက ဒါကြောင့်ပဲ မှာခဲ့ဟန်တူတယ်။ ကျုပ်အံကြီးကြိတ်ပြီး မျက်နှာမှာ ချွေးသီးချွေးပေါက်တွေ ဆီးကင်းလောက်သီးနေတာမြင်တော့ ကျုပ်မျက်နှာကို တစ်ချိန်လုံးထိုင်ကြည့်နေတဲ့ အောင်ဘုက ကိုရင်ပေါက် ဘာဖြစ်တာတုန်းလို့ မေးသေးတာရယ်။ ကျုပ်ခမျာ သူ့မေးတာကို ပြန်ဖြေဖို့နေနေသာသာ။ အထဲက ပစ္စည်းတွေအပြင်မထွက်ဖို့အရေး ဇွဲခတ်ပြီး အံခဲထားရပါရောလား။
ခက်တာက ဒီကိစ္စမျိုးဆိုတာ အောင့်ထားလို့ရတာမျိုးမှ မဟုတ်ဘဲ။ အောင့်လေ၊ ထွက်ချင်လေဆိုတာမျိုး။ ကြာတော့ ကျုပ်လည်း ကိုင်းဘုံပျောက်ချင်လည်း ပျောက်ဆိုပြီး ဟိုလူကျော်၊ သည်လူခွနဲ့ အိမ်သာထဲကို ၀ရုန်းသုန်းကား ၀င်ရပါလေရော။ ကျုပ်ကလည်း မျက်လုံးတွေပြာနေတော့ ဘာမှသဲသဲကွဲကွဲ မြင်တော့တာ မဟုတ်ဘူးရယ်။ ဘယ်သူ့တက်နင်းလို့ ဘယ်သူ့ကိုခွခဲ့မိတယ်ဆိုတာတောင် မမှတ်မိတော့ဘူး။ တော်သေးတာပေါ့။ ကျုပ်ဖတ်ဖူးတဲ့ ဘုတ်အုပ်တစ်အုပ်ထဲမှာ ဇာတ်လိုက်က ရထားနဲ့ခရီးသွားတဲ့အခန်း ပါပေလို့။ အနှီစာအုပ်သာမဖတ်ခဲ့ဖူးရင် ရထားပေါ်မှာ ယိုအိမ်မရှိဘူးထင်ပြီး ဘယ်လောက်ဒုက္ခရောက်မယ် မသိဘူး။ ပြောမယ့်သာပြောရတာ ကျုပ်တို့ရွာမှာ အိမ်သာရယ်လို့ ဖြစ်ဖြစ်မြောက်မြောက်ရှိတာ မဟုတ်ဘူးရယ်။ ကျုပ်အဖေ သူကြီးအိမ်မှာတောင် အိမ်သာမရှိဘူးဆိုတော့ တွေးသာကြည့်ပေတော့။ ညနေနေညိုရင် ရွာတောင်ဘက်က ကွင်းကြီးထဲကို တုတ်ကလေးတစ်ချောင်းစီကိုင်ပြီး တောထိုင်ထွက်ကြတာကိုက ကျုပ်တို့ဓလေ့။ ခြုံခေါင်းကလေးထဲမှာ လေကလေးတဖြူးဖြူးနဲ့ တောထိုင်ပြီး အစာဟောင်းစွန့်ရတဲ့အရသာဆိုတာ တကယ်နိပ်တာကလား။ ကျုပ်ကတော့ ဘကြီးဘုန်းကြီးကျောင်းမှာ လူဖြစ်လာတဲ့အကောင်ဆိုတော့ ဘုန်းကြီးသုံးကုဋီတွေဘာတွေနဲ့ ရင်းနှီးခဲ့တာကိုး။ ပြောရဦးမယ် ဘုန်းကြီးကျတော့ လူတွေလို တွေ့ကရာတုတ်နဲ့ မစင်သုတ်တာမဟုတ်ဘူးရယ်။ တစ်ထွာကျော်ကျော်လောက် ခပ်ပြားပြား ၀ါးခြမ်းကလေးတွေကို အချောသတ်ထားတာနဲ့ သန့်ရှင်းရေးလုပ်တာ။ ကျုပ်တို့ဆီမှာတော့ အနှီတုတ်တံကို “ ကနုတံ ” လို့ ခေါ်တာပါပဲ။ သုတ်ရတာတော့ အဆင်ပြေပါရဲ့။ သုတ်ပြီးရင် ကုဋီထောင့်က ပုန်းတစ်လုံးထဲ ပစ်ထည့်လိုက်ရုံပဲ။ သုတ်စရာ ကနုတံတွေကုန်သွားပြီဆိုမှ ဒုက္ခနဲ့ တွေ့ရော။ တွေ့ဆို သုတ်ပြီးသား ကနုတံတွေကို ပြန်ဆေးရတာကိုး။ ဘုန်းကြီးကျောင်းသားလုပ်ရတာ အဲဒီတစ်ချက်ကတော့ တယ်မနိပ်ဘူး ကိုယ့်ဆရာ။ ဘုန်းကြီးကျောင်းသားများ ဇိမ်ချည်းပဲလို့ ထင်မနေနဲ့ဦး။
ကျုပ်ယိုအိမ်ထဲလည်းရောက်လို့ တံခါးပိတ်မယ်လည်းကြံရော တံခါးက “ဂျလက်” မပါဘူးဗျား။ ကျုပ်တို့တောမှာ ခြုံခေါင်းလေးထွင်ပြီး အခင်းကြီးသွားတာ မရှက်ပေမယ့် ဒီလိုရထားကြီးပေါ်မှာ တံခါးပေါက်ကြီးဖွင့်ပြီး ကိစ္စပြီးရမှာတော့ အတော်ရှက်ဖို့ကောင်းမယ့်အရေးအခင်း။ ဒါနဲ့ အိမ်သာပေါက်ပေါ် ဆောင့်ကြောင့်ထိုင်ပြီး လက်တစ်ဖက်နဲ့ တံခါးလက်ကိုင်ကို အတင်းဆွဲထားရပါလေရော။ အနှီလို ကုန်းကုန်းကွကွနဲ့ ကိစ္စရှင်းနေရတဲ့ကြားမှာ သောက်ရထားက တစ်ချက်တစ်ချက်ဆောင့်လိုက်ရင် ကျုပ်မှာ အိမ်သာပေါက်ထဲချော်မကျအောင် အတော်ထိန်းထားရသေးတာ။ အနှီလောက် ထိန်းထားတဲ့ကြားက သတိတစ်ချက်လွတ်သွားလိုက်တာ တစ်ချီမှာတော့ အိမ်သာပေါ်ကနေ ချော်ကျပါလေရော။ အကျတော်လို့ ကိုယ့်ပစ္စည်းနဲ့ကိုယ် ပြန်မသုတ်မိပေမယ့် အကျမကောင်းတော့ အိမ်သာနံရံနဲ့ နဖူးကို ကပ္ပိမိပါရောလား။ အိမ်သာထဲကထွက်လာပြီး ကျုပ်နေရာကျုပ်ပြန်လာတော့ ဘုံပျောက်ရောမှတ်နေတာ။ ကျုပ်လူအောင်ဘုက ဆောင့်ကြောင့်ကြီးထိုင်၊ တံတောင်ဆစ်ကြီးနှစ်ဖက်ကားထားပြီး နှစ်ယောက်စာနေရာကို တစ်ယောက်တည်း ဦးထားပေးသဗျား။ ခမျာမှာလည်း ဘယ်လောက်တောင် မာန်တင်းထားရတယ်မသိဘူး။ မေးကြောကြီးတွေတောင် ထောင်ထနေတဲ့အထိ။
ကျုပ်လည်း အလာတုန်းကလိုပဲ ကျော်ကျော်ခွခွနဲ့ အောင်ဘုဘေးလည်းရောက်ရော သကောင့်သား အတော်မြူးသွားဟန်တူရဲ့။ တကတည်း ကျုပ်မျက်နှာကို မော့ကြည့်တဲ့သင်းမျက်နှာဟာ နို့ခွဲထားတဲ့ နွားပေါက်စ သူ့အမေနို့စို့ရတော့မှာမို့ မြူးသွားတဲ့အကြည့်မျိုး။ ဖြစ်ချင်တော့ ကျုပ်နဖူးမှာ အာလူးသီးကြီး ထနေတာကို အောင်ဘုမြင်သွားတာကိုး။ အနှီတော့ “ကိုရင်ပေါက် နဖူးကြီးက ဘာဖြစ်တာတုန်းဗျ ”လုပ်လာရော။ ကျုပ်လည်း “ ဟာ မပြောချင်ပါဘူးကွာ…ငါ့မှာ ဟိုဒေါင့်ကအခန်းလေးထဲဝင်သွားမိပါ့…အထဲက ငနဲတစ်ကောင်နဲ့ ဆော်လိုက်ရတာကွာ…ဒီငနဲကလည်း အတော်သန်တယ်မောင်…ငါလိုဗလတောင် အတော်တွယ်ယူရတယ်…အနှီငနဲလည်းမှောက်ရော ငါလည်းနဖူးမှာ အာလူးသီးထတာပဲဟေ့…အနှီအခန်းဘက်များ ယောင်လို့မသွားလေနဲ့နော်…မြို့သားများ တယ်သွေးကြီးတယ် ” လို့ ခပ်ဖိန့်ဖိန့်လေး ပြောလိုက်ရတာပါ့။ ဒါမှ သည်ကျေးတောသား ကျုပ်ကို အထင်ကြီးမှာကိုး။ အောင်မယ် သည်တစ်ခါ ကျုပ်မျက်နှာကို အောင်ဘုကြည့်တဲ့အကြည့်က တကယ့်ကို တလေးတစားကြီး။ ကျုပ်က သူကြီးသားပဲဗျ။ မြို့သားကိုသာ နည်းနည်းရှိန်ချင်တာ တောသားချင်း လူပေါ်လူဇော်လုပ်နည်းလောက်တော့ ပေါက်ကြီးတို့က နောကျေပြီးသား။
----------------------------------------
ရထားပေါ်မှာ ကြုံရတဲ့ဒုက္ခ၊ သုက္ခတွေကို စာဖွဲ့ပြရရင်လည်း တောသားဖြစ်ပြီး အရေပါးတယ် ထင်ကြဦးမယ်။ တတ်နိုင်ဘူးဗျာ။ ကျုပ်တို့ တောသားလဲလူပဲဟာ။ တကတည်း လူတွေကလည်း တစ်ယောက်နဲ့တစ်ယောက် နည်းနည်းမှကို အထိမခံတာ။ ရထားဆောင့်လို့များ ကိုယ့်ဘေးကလူကို နည်းနည်းထိမိမယ်မကြံနဲ့။ မျက်ထောင့်နီကြီးနဲ့ ငှက်ဖျားတက်သလို တဟင်းဟင်း အသံပေးပြီး ချိုကြည့်ကြည့်ခံရသေးတာရယ်။ ပြောရရင်တော့ ဘကြီးဘုန်းကြီးကျောင်းက ကျောင်းခွေးတွေကို အစာကျွေးတဲ့အခါ တစ်ကောင်ကိုတစ်ကောင် စားမာန်ခုတ်ကြသလိုပေါ့။ ပထမတော့ ငါလိုသူကြီးသားနဲ့ အသားချင်းထိမိတာကို သင်းတို့က နာအံ့ထင်ရသလားဆိုပြီး စိတ်တိုသပေါ့ဗျာ။ ဒါပေမယ့် တစ်ခါက နှစ်ခါကျတော့လည်း စိတ်ကမတိုအားတော့ဘူးဗျို့။ လူနဲ့လူချင်း အဖြစ်သည်းနေတာကို ကြည့်ရင်း ပြုံးနေမိတော့တာပဲ။
ကျုပ်ကသာ စာတတ်ပေတတ်မို့လို့ ဘာကိုဖြစ်ဖြစ် တွေးတွေးဆဆလုပ်နိုင်တာ။ ကျုပ်ဘေးက အောင်ဘုတစ်ယောက်ကတော့ ဟိုလူ့ထိမိလည်း ချိုကြည့်ကြည့်ခံရ၊ သည်လူ့ထိမိရင်လည်း ခွာကြည့်ကြည့်ခံရနဲ့ဆိုတော့ ခမျာမှာ ဒူးနှစ်လုံးထောင်၊ ထောင်ထားတဲ့ဒူးနှစ်လုံးကို လက်နဲ့ပိုက်ပြီး ကျောက်ရုပ်ကြီးချထားသလို မလှုပ်မရှက် ထိုင်နေရရှာပါရောလား။ တကယ်တော့
ကျုပ်တို့နှစ်ယောက် မြို့တက်လာတယ်သာပြောရတယ်။ အနှီ အောင်ဘုဆိုတဲ့ ငနဲသားက စာရင်းတောင်ဝင်တာ မဟုတ်ဘူးရယ်။ အသက်ကလည်း ရှိလှမှ ၁၂နှစ် ၁၃နှစ်ပေါ့။ စာမတတ်၊ ပေမတတ်။ သြကာသတောင် အမြီးအမောက်တည့်အောင် ဆိုနိုင်တာ မဟုတ်ဘူး။ ရွာကထွက်ကတည်းက ကျုပ်အင်္ကျီစကို မလွှတ်တမ်းဆွဲထားတော့တာပဲ။ သူများတကာမြင်ရင် သားအဖနှစ်ယောက်လို့တောင် ထင်ချင်စရာ။ အူချက်၊ အချက်ကတော့ ပြောမနေနဲ့။ ဘာတစ်ခုမှကို မြင်ဖူး၊ ကြားဖူးတယ် မရှိဘူး။ ရွာကထွက်ကတည်းက မျက်လုံးလေးကလယ်ကလယ်နဲ့ ပါးစပ်ကဟောင်းလောင်း။ လက်ညှိုးတစ်ထိုးထိုးနဲ့ တောင်မေးမြောက်မေးလုပ်လွန်းလို့ ကျုပ်တော်တော်စိတ်ကုန်လှပြီ။ သူလုပ်ပုံနဲ့တင် ကျုပ်တို့နှစ်ယောက်ကို မြို့သားတွေ အထင်သေးတော့မှာပဲ။
ဟုတ်သလေ။ မြို့သားဆိုတာမျိုးက ကျုပ်တို့လို တောသားတွေကို အထင်အမြင်က လွှတ်သေးချင်ကြတာကလား။ ရန်ကုန်လိုမြို့ကြီးသားမပြောနဲ့ စပါးလာဝယ်တဲ့ တောမြို့ကလေးက ပွဲစားလို လူမျိုးတောင်မှ ကျုပ်တို့ကို သိပ်အထင်ကြီးတာ မဟုတ်ဘူးရယ်။ ပြောရဦးမယ်။ ပွဲစားဆိုလို့။ အဲဒီပွဲစားကလည်း ကျုပ်ရဲ့ရန်ကုန်ခရီးမှာ ကျေးဇူးရှင်စာရင်းဝင်တစ်ယောက်ပေါ့။ အခုကျုပ်ဝတ်လာတဲ့ အင်္ကျီနဲ့ ဘောင်းဘီရှည်က သူ့လက်ကျတွေလေ။ ဘောင်းဘီက အောက်နားက ခပ်ပွပွ။ ပွတာမှ အတော့်ကိုပွတာ။ လမ်းများလျှောက်လိုက်ရင် မြခြေကျင်းမငွေမြိုင် ထဘီအနားခတ်ကသလို ၀ဲခနဲ၊ ၀ဲခနဲနေတာပဲ။ သူရို့မြို့သားတွေက အဲဒီလိုဝတ်ကြဆိုပဲ။ အပေါ်ပိုင်းကျတော့လည်း ကျပ်လိုက်သမှ အသက်ရှူလို့တောင် မ၀ချင်ဘူး။ ဘယ်ရမလဲ ကျုပ်နည်းကျုပ်ဟန်နဲ့ ဘောင်းဘီအထက်နားကို ဓားနဲ့ခွဲထားလိုက်တာပေါ့။ ပြီးတော့ ကျုပ်အဖေသူကြီးရဲ့ ကျည်ဆံခါးပတ်ကြီး ကောက်ပတ်ထားလိုက်တော့ ဟန်ကိုကျလို့။ ခွဲထားတဲ့အရာလည်း လူမမြင်တော့ဘူး။ ဘောင်းဘီကျွတ်မှာလည်း ပူစရာမလိုတော့ဘူးလေ။ အင်္ကျီကလည်း ကျပ်လိုက်သမှ ကြယ်သီးတောင် အစုံအစေ့တပ်လို့မရဘူး။ ဒီကြားထဲမှာ ကြယ်သီးကပြုတ်နေသေးလို့ ရှောက်ဆူးနဲ့ထိုးပြီးတွယ်ထားရတယ်။ မြို့သားတွေစီးတယ်ဆိုတဲ့ ဘွတ်ဖိနပ်မျိုးတော့ ရွာမှာမရှိလို့ အင်္ဂလိပ်ခေတ်ကတည်းက ကျုပ်အဖေ အမြတ်တနိုးသိမ်းထားတဲ့ စစ်ဖိနပ်ပဲ စီးလာခဲ့ရတယ်။ ကျုပ်ပုံစံ အဆင်ပြေမပြေတော့ မသိဘူး။ ရွာတောင်ပိုင်းက ဗွေးတုတ်ကတော့ “ ကိုရင်ပေါက်က ဒီလိုဝတ်ထားတော့လည်း အခန့်သားတော့ ” လို့ အားပါးတရ ကောင်းချီးပေးတာပဲ။
ကျုပ်ကသာ အနှီလိုမျိုး ရုပါကို မောင်းတင်ထားတာ။ အောင်ဘုဆိုတဲ့ကောင်ကတော့ တောပုံကိုမပျောက်ဘူး။ ဘယ်ပျောက်လိမ့်မတုန်းလေ။ ၀တ်ထားတာက ဖျင်ကြမ်းတိုက်ပုံနဲ့၊ ပုဆိုးက ဒူးခေါင်းတိုက်နဲ့။ ဒီကြားထဲမှာ ဘကြီးဘုန်းကြီးအကျ ဘုန်းကြီးစီးဖိနပ်ကြီးက စွပ်ထားလိုက်ချေသေးတယ်။ ရုပ်ကလည်း ကျောက်ခေတ်ကရုပ်မျိုးဆိုတော့ ဘာပြောကောင်းမလဲ တောသားဆိုတာ စာဆွဲထားစရာမလိုအောင် ထင်းထင်းကြီးပေါ်နေပါရော့လား။ ရွာကမထွက်ခင်တုန်းက သူ့ကိုဘောင်းဘီလေးဘာလေးဝတ်ဖို့ ကျုပ်ကတိုက်တွန်းပါသေးတယ်။ ကိုယ့်လူက “ ကိုရင်ပေါက်ရယ် ကျုပ်ကဘောင်းဘီနဲ့မတည့်ဘူးဗျ။ အဲဒါကြီးတွေဝတ်ရင် ယားတယ် ” လို့ စောဒကတက်တာနဲ့ပဲ စိတ်ချမ်းသာတာ ၀တ်ပါစေလို့ လွှတ်ထားလိုက်ရတယ်။ ပုဆိုးကိုလည်း မြို့သားတွေလို ခွေးချေးတရွတ်တိုက်ဝတ်ပါလို့ပြောတာလည်း မရပြန်ဘူး။ “ ကျုပ်သာ အဲဒီလိုဝတ်လိုက်ရင် ခြေလှမ်းသုံးလှမ်းမပြည့်ခင် ကျွတ်ကျမှာ သေချာသယ် ကိုရင်ပေါက် ” လို့ တွင်တွင်ပြောတာနဲ့တင် ဒူးတင်ပေါင်တင်ကြီးကို အသာထိုင်ကြည့်နေလိုက်ရတယ်။ ဒူးနဲ့ပေါင်ကို ဖော်ထားတာ အမြင်ဆိုးပေမယ့် ရှည်ရှည်ဝတ်မိလို့ ကျွတ်ကျမှဖြင့် အမြင်မတော်တာတွေဖြစ်ကုန်ရင် ခက်ကုန်ရချေရဲ့။
ခပ်တိုတိုချုပ်ရရင် ကျုပ်တို့ဆရာတပည့်နှစ်ယောက် မဟာရန်ကုန်မြို့ကြီးကို ကားတစ်တန်၊ ရထားတစ်တန်နဲ့ မချိမဆန့် ရောက်ကြလေသတည်းပေါ့။
----------------------
အပိုင်း ( ၃ ) ဆက်ပါဦးမယ် . . .
Wednesday, 27 June 2012
သူကြီးသား ပေါက်ကြီး၏ စွန့်စားခန်းများ ( ၁ ) . . .
ကျုပ်က သူကြီးသားဗျ။
 သူကြီးသားဆိုလို့ တုံးဖလားရွာက သူကြီးမင်း ကိုကိုမောင်ကိုလည်း မျက်စိထဲမှာ သွားမမြင်နဲ့ဦး။ တုံးဖလားသူကြီးက သားရှိဖို့နေနေသာသာ သူ့ကိုယူရဲတဲ့မိန်းမတောင်မရှိရှာလို့ ငှက်ပျောပင်ကို မျက်စောင်းထိုးနေရတာရယ်။ ကျုပ်အဖေသူကြီးဆိုတာ အထက်အညာဆီက “ မန်ကျည်းတော ”ဆိုတဲ့ ရွာငယ်ဇနပုဒ်က သူကြီးပါဗျာ။ ရွာနံမည်က လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ဇာတိ
“ မန်ကျည်းတုံ ” နဲ့ဆင်ပေမယ့် ကျုပ်တို့ရွာကတော့ လက်ဝဲမပြောနဲ့ ခြေ၀ဲတောင်ထွက်တဲ့ရွာမဟုတ်ဘူး။ မထွက်ဆို တစ်ရွာလုံးလည်း စာတို့ပေတို့နဲ့ ဝေးကြသကိုး။ ကျုပ်တို့ရွာသူရွာသားတွေရဲ့ ကလေးတွေကို ရွာဦးကျောင်းက ဘကြီးဘုန်းကြီးကတော့ စာသင်ပေးပါရဲ့။ ခက်တာက ကျုပ်တို့ကလေးတွေဆိုတာကလည်း တွက်ရချက်ရတဲ့ဂဏန်းထက် ဖမ်းပြီးမီးဖုတ်စားရတဲ့ ဂဏန်းကို ပိုပြီးအာတွေ့ကြတာကလား။ ကျောက်သင်ပုန်းဆိုတာကိုလည်း စာရေးဖို့ထက် ရန်ဖြစ်တဲ့အခါ အချင်းချင်းခုတ်ရတဲ့ လက်နက်လို့ပဲ မှတ်ကြတဲ့ကောင်တွေဆိုတော့လည်း ကိုယ့်နာမည်ကိုယ် ရေးတတ်ဖတ်တတ်ရင် ကျောင်းထွက်ပြီး လယ်ထဲဆင်းကြတော့တာပဲ။ စာတတ်မှသာ ထမင်းစားရရိုးဆိုရင် ကျုပ်တို့မန်ကျည်းတောတစ်ရွာလုံး ငတ်သေတာကြာလှရောပေါ့။
ကျုပ်ကတော့ ဘကြီးဘုန်းကြီးရဲ့အချစ်ဆုံးတူအရင်းဖြစ်လို့ ကျန်တဲ့ကောင်တွေထက်တော့ စာပိုတတ်တာပေါ့လေ။ မတတ်ပဲနေပါရိုးလား။ ငါးနှစ်သားလောက်ကတည်းက ရွာဦးကျောင်းမှာ ကျောင်းအိပ်ကျောင်းစားနေပြီး ကျောင်းသားယောင်ယောင် ကပ္ပိယယောင်ယောင် လုပ်နေခဲ့တာ အခုအသက် ၂၀ လူပျိုကြီးဖားဖား ဖြစ်တဲ့အချိန်အထိကိုး။ သူများတွေလယ်ထဲဆင်းကြပေမယ့် ကျုပ်တစ်ယောက်တည်း ရွာဦးကျောင်းမှာ စာသင်နေတယ်ဆိုတော့ စာတွေအတော်တတ်မှာပဲလို့လဲ ကျုပ်ကိုအထင်မကြီးနဲ့ဦး။ ကျုပ်ကလည်း စာတတ်ချင်လွန်းလို့ ကျောင်းမှာနေတာ ဘယ်ဟုတ်လိမ့်တုန်း။ ကျုပ်အဖေသူကြီး ညနေတိုင်းမူးမူးပြီး သောင်းကျန်းတဲ့ဒဏ်ကို မခံနိုင်လွန်းလို့ ရွာဦးကျောင်းမှာ မနေချင်ဘဲသွားနေရတာ။ လယ်ထဲကိုင်းထဲဆင်းဖို့ဆိုတာများကတော့ အိပ်မက်ထဲတောင် ထည့်မမက်ဘူး။ ဘယ့်နှယ်။ ဖင်ထဲကို ရွှံ့တစ်ပိဿာခွဲလောက်ဝင်အောင် တစ်နေကုန်တစ်နေခမ်း ကုန်းရုန်းလုပ်မှ ထမင်းစားရတဲ့ အလုပ်မျိုးကို ကျုပ်လား စိတ်ဝင်စားမှာ။ ဝေးပါသေးရဲ့။ ကျုပ်ဖာသာကျုပ် ဘကြီးဘုန်းကြီးရဲ့ ကျက်သရေခန်းကို မောင်ပိုင်စီးပြီး သူစိတ်ချမ်းသာအောင် စာလေးဘာလေးဖတ်ချင်ယောင်ဆောင်၊ ညနေရောက်ရင် မနက်ကလက်ကျန် ထမင်းကြမ်းခဲကလေးယပ်ခတ်စားပြီး ဇိမ်နဲ့နှပ်နေတာကမှ သက်သာသေးတယ်။
ကျုပ်အဖေသူကြီးကလည်း ကျုပ်ကိုချစ်ရှာပါတယ်။ ငါ့သားကြီးလူပျိုဖြစ်ပြီ ရွာထဲက ဘယ်ကောင်မကိုယူချင်သလဲ အဖေရအောင်ပြောပေးမယ်ဆိုတဲ့စကားက ကျုပ်အသက် ၁၆ နှစ်လောက်ကတည်းက မကြာမကြာပြောတဲ့စကား။ ကောင်မလေး လှတပတတစ်ယောက်ယောက်မြင်တိုင်း ကျုပ်ကို မျက်စပစ်ပစ်ပြချင်သေးတာ။ တုံးဖလားသူကြီးမင်းရဲ့အဖေနဲ့များကွာပါ့။ ခမျာမှာ စွံချင်ရှာလျှက်နဲ့ အဖေညံ့လို့ လူပျိုကြီးမဖြစ်ချင်ဘဲ ဖြစ်နေရတာကလား။ ကျုပ်အဖေကျပြန်တော့လည်း ကျုပ်ကိုစွံစေချင်လွန်းလိုက်တာမှ တစ်ပိုင်းတင်မကဘူး နှစ်ပိုင်းကိုသေနေပါရော။ ဒါတောင် ကျုပ်က ဘုန်းကြီးကျောင်းသွားနေလို့ သက်သာတာ။ အဖေနဲ့များအတူနေမိရင် သူလုပ်တာနဲ့ပဲ ကျုပ်မှာ အသက် ၂၀၊ ကလေး ၃ ယောက်ဆိုတဲ့ကိန်းဆိုက်မှာ သေချာတယ်။ ကျုပ်အမေကလည်း ကျုပ်ကိုမွေးတုန်းက မီးတွင်းထဲမှာ ဆုံးသွားလေတော့ ကျုပ်အဖေခမျာလည်း နောက်တစ်ပင်ထူချင်ရှာတယ်ထင်ပါ့။ ကြောင်ကခံတွင်းပျက်နေပေမယ့် ရွာထဲကဆက်ရက်တွေကလည်း တောင်ပံမကျိုးကြတာကြောင့် စိတ်နောက်ကို ကိုယ်မပါနိုင်ရှာဘဲ စိတ်နာနာနဲ့ ကျုပ်ကိုအတင်းမြှောက်ပေးနေတာထင်ပါရဲ့။
ကျုပ်ကလည်းကျုပ်။ ရွာနားမြက်၊ ရွာနွားမစားချင်ဘူးဆိုတာ ကျုပ်အတွက် အတော်မှန်တဲ့စကား။ ရွာထဲက ထွေးညိုတို့၊ ဗွေးတုတ်တို့ကို မိန်းမလို့တောင် ကျုပ်ကထင်တာမဟုတ်ဘူးရယ်။ သနပ်ခါးဘဲကြားနဲ့ ဒီဟာမတွေကို ဘယ်အချိန်ကြည့်ကြည့် ရင်ခုန်လို့ကိုမရတာ။ ပြောပေါက်ဆိုပေါက်တွေကလည်း ရင်ခုန်ဖို့နေနေသာသာ၊ ခုန်နေတဲ့ နှလုံးတောင်ရပ်လောက်တယ်။ ထွေးညိုလို့များခေါ်ကြည့်လိုက်။ ထူးပါလိမ့်မယ် “ ဘာတုန်း ကိုရင်ပေါက် ” လို့။ ကျုပ်ဖတ်ဖူးတဲ့ ဘုတ်အုပ်တွေထဲကလို “ ရှင် ကိုကိုပေါက် ” ဆိုတာမျိုး ဝေလာဝေး။ သွားပုံလာပုံတွေကလည်း ဗြန်းဗြန်းကွဲ။ ကြားဖူးတဲ့ ဆင်မယဉ်သာတို့ သမင်လည်ပြန်တို့ ဘယ်ဟုတ်လိမ့်မတုန်း။ နာဠာဂီရိဆင်ကြီးကို အရက်ကိုးမောင်းတိုက်ထားသလို ဘောက်ဆတ်ဘောက်ဆတ်နဲ့ ဘာလုပ်လုပ် ဆိုးခနဲဆတ်ခနဲ။ မထင်ရင်မထင်သလို ထဘီစွန်တောင်ဆွဲပြီး အော်ဆဲချင် ဆဲသေးတာ။ ဒါမျိုးဟာမတွေနဲ့တော့ ကျုပ်မအိုချင်ပေါင်။ ကျုပ်အဖေသူကြီးကတော့ သူတွန်းသလောက်မရွေ့တဲ့ကျုပ်ကို မြင်ပြင်းကတ်လာဟန်တူတယ်။ တစ်ခါကတော့ “ အေး မင်းမယူလည်း ငါ့ဖာသာပဲ ယူတော့မယ် ” လို့ ဘုတောသွားလေရဲ့။ ယူပေါ့။ ကျုပ်မှမယူချင်တာ။ သူကြိုက်တာသူယူ။
----------------------------
အဲဒီလိုနဲ့ ကျုပ်သမိုင်းကျုပ်ရေးပြီး ရွာဦးကျောင်းမှာ အေးအေးလူလူ ဇိမ်တည်နေတုန်း အရေးထဲမှာ အရာပေါ်ပါလေရော။ ဖြစ်ပုံက တိုးတက်လာတဲ့ခေတ်ကြီးပေါ့။ ကျုပ်တို့ရွာမှာ ဟိုးပဝေသဏီကတည်းက နာရီဆိုတာ မြင်တောင်မြင်ဖူးကြတာ မဟုတ်ပဲကလား။ ကိုယ့်လယ်၊ ကိုယ့်ယာ၊ ကိုယ့်ရွာ၊ ကိုယ့်ကျောင်းဆိုတော့ ကိုယ်ကြိုက်တဲ့အချိန်လယ်ထဲကောက်ဆင်းလိုက်ရင် ပြီးရောမဟုတ်လား။ မြို့သားတွေလို ရုံးနောက်ကျလို့ အလုပ်ပြုတ်မှာလည်း ပူစရာမှမလိုဘဲ။ တစ်ရွာနဲ့တစ်ရွာ သွားချင်လာချင်ရင်လည်း အိမ်ကနွားနှစ်ကောင်ကို လှည်းမှာတပ်ပြီး ကြိုက်တဲ့အချိန် တက်မောင်းသွားရုံပဲ။ ဘုတ်အုပ်ထဲက မြို့သားတွေလို လိုင်းကားမမီတာတို့၊ ရုံးကားမမီတာတို့လည်း ဘယ်ရှိလိမ့်မတုန်း။ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ပဲ၊ ကိုယ်ကြိုက်သလို လုပ်ပိုင်ခွင့်ရှိတာပ။
မနက်မိုးလင်းလို့ ရွာဦးကျောင်းက တုံးမောင်းခေါက်ရင် ကျုပ်တို့တစ်ရွာလုံး အိပ်ရာထလိုက်ရုံပဲလေ။ ကာလသားတွေ ဘွန္တောဟစ်သံကြားရင် ဆွမ်းချက်လိုက်ရုံပဲပေါ့။ ဝေလီဝေလင်းဆိုရင် ယာထဲ ကိုင်းထဲဆင်း၊ ဆွမ်းစားခေါင်းလောင်းထိုးရင် မနက်ခင်းလုပ်ငန်းသိမ်းပြီး ထမင်းစား၊ နွားကျောင်းသားတွေ စားကျက်ကပြန်လာကြရင် လယ်ထဲကတက်လိုက်ရုံနဲ့တင် တစ်နေ့တာပြီးတာပါပဲ။ တစ်ယောက်နဲ့တစ်ယောက် အချိန်စကားပြောရင်လည်း “ ဆွမ်းခံပြန်ချိန်လောက် ပြန်ရောက်မယ် ” 
“ နေထန်းတစ်ဖျားလောက်ဆိုရင် လယ်ထဲကတက်မယ် ” “ အလွန်ဆုံးကြာရင် ထမင်းတစ်အိုးချက်ပေါ့ ” ဆိုတာနဲ့တင် နားလည်ကြပြီးသား။ ညဘက်ဆိုရင်လည်း “ သူငယ်အိပ်ဆိတ်ချိန်”  တို့ “ သက်ကြီးခေါင်းချချိန် ” တို့  “ ကြက်ဦးတွန်ချိန် ” ဆိုပြီး သူ့ဖာသာ အလိုက်သင့် အလျားသင့်ပိုင်းထားတဲ့အတိုင်း သတ်မှတ်လိုက်ရုံပေါ့။ ကျုပ်တို့ဘိုးဘေးများလက်ထက်ကတည်းက ဒီအတိုင်းပဲ သုံးလာကြတာ ဘာပြဿနာမှကို မပေါ်ခဲ့ပေါင်။ ခေတ်ကြီးပြောင်းလာတဲ့ ကျုပ်တို့လက်ထက်ရောက်မှ တိုင်ကပ်နာရီနဲ့ စားပွဲတင်နာရီနဲ့ လက်ပတ်နာရီနဲ့ ရှုပ်လာတော့တာ။
ကျုပ်တို့ရွာသားတွေကတော့ လေလာရာဖင်ပေး၊ အေးအေးပါပဲ။ အဲဒီနာရီဆိုတာကြီးကို ကိုယ်နဲ့မဆိုင်မှန်း သိကြပြီးသား။ ခက်တာက တစ်ရွာနဲ့ တစ်ရွာအကျောမခံကြတဲ့ ကျုပ်တို့အညာဓလေ့ပေါ့။ တောင်ဘက်ရွာက ဘုန်းကြီးကျောင်းမှာ အော်ဂင်နာရီတစ်လုံး တပ်လိုက်ရာကနေ ဒီဇာတ်လမ်းက စတော့တာပဲ။ အဲဒီအော်ဂင်နာရီက တကတည်း တစ်နာရီတစ်ခါ တဒင်ဒင်မြည်တော့တာကိုး။ နာရီသံကို တစ်ရွာလုံးကြားရအောင် လော်စပီကာနဲ့ တွဲထားပြန်သေးတာ။ လေများသင့်ရင် ကျုပ်တို့ရွာဘက်ကပါ အဲဒီနာရီသံတဒင်ဒင်ကို ကြားရတော့တာပဲ။ အဲဒီရွာက ရွာသားတွေဆိုရင် နာရီသံတစ်ချက်ကြားရင်ကို နွားပြာကြီးအောက်သွားမရှိသလို ပါးနှစ်ဖက်မေးတက်ချိတ်လောက်အောင် ဖြဲနေကြတာပ။ ဒါတင်မကသေးဘဲ ကျုပ်တို့နဲ့လမ်းမှာများဆုံရင် “ ဟေ့ မင်းတို့ရွာမှာ အော်ဂင်နာရီလေးများ မရှိကြသေးဘူးလား ” လို့ ခနဲ့သေးတာရယ်။
ကြာလာတော့လည်း ကျုပ်တို့တစ်ရွာလုံး နားကြားပြင်းကတ်လာကြဟန်တူပါ့။ ကျုပ်အဖေသူကြီးပါးစပ်ကပါ “ တောင်ရွာသားတွေ လူပါးဝချက်ကတော့ကွာ ” ဆိုတဲ့ အသံထွက်လာတော့တာပဲ။ ကျုပ်အဖေသူကြီးက ရွာထဲမှာ ဖြစ်ချင်တာဖြစ်၊ လုပ်ချင်တာလုပ်၊ လေကုန်ခံပြီး စကားထဲထည့်ပြောတဲ့လူမှ မဟုတ်ဘဲ။ သူ့မျက်စိနဲ့မတည့်ရင် လက်ညှိုးထိုးပြပြီး ထိပ်တုံးခတ်ခိုင်းလိုက်တာပဲ။ အခုဟာက တောင်ရွာသားတွေက ကြွားလုံးကြီးပုံက ကျုပ်အဖေလို အေးအေးလူလူနေတဲ့လူပါ ဒေါကန်လာလောက်အောင်ဖြစ်တယ်ဆိုတော့ ကျန်တဲ့ရွာသားတွေ စိတ်ထဲမှာ ဘယ်လောက် ကလိကလိဖြစ်မယ်ဆိုတာ စဉ်းစားသာကြည့်ပေရော့။ ဒါနဲ့ပဲ ကျုပ်တို့ရွာဦးကျောင်းမှာလည်း အော်ဂင်နာရီတစ်လုံးလောက်တော့ ရှိသင့်တယ်လို့ ဖြစ်လာပါရော။ ဘယ်တုန်းကမှ မညီညွတ်ခဲ့ဖူးဘဲ သူတစ်လူ ငါတစ်မင်းလုပ်နေခဲ့တဲ့ ကျုပ်တို့မန်ကျည်းတောတစ်ရွာလုံး ညီချက်ကတော့ ကျုပ်တစ်သက်နဲ့တစ်ကိုယ်မှာ ဒီတစ်ခါပဲ မြင်ဖူးတယ်လို့ပြောရင် လွန်တယ်ထင်ကြမယ်။ ကပ်စေးနှဲ၊ ကော်တရာ ဦးဂွတိုလိုလူမျိုးဆီကတောင် နာရီဝယ်ဖို့ရန်ပုံငွေထွက်လာတယ်ဆိုရင် ကျုပ်ပြောတာကို သဘောပေါက်ကောင်းရဲ့။
သူရို့ဖာသူတို့ နာရီဝယ်ကြတာ ကျုပ်နဲ့ဘာဆိုင်သလဲလို့တော့ မမေးလေနဲ့။ ငါးတကာယိုတဲ့ချေးက နောက်ဆုံးကျရင် ပုစွန်ဆိတ်ခေါင်းမှာ လာစုရိုးထုံးစံ ရှိရဲ့မဟုတ်လား။ အခုလည်း နာရီဝယ်ဖို့ ပိုက်ဆံလည်းပြည့်ရော ကျုပ်အဖေသူကြီး ကျုပ်ဆီကို ဆိုင်းမဆင့်ဗုံမဆင့် ပေါက်ချလာပါလေရော။ ကျုပ်ခမျာလည်း ကျောင်းဝန်းထဲကို သူဝင်လာကတည်းက မျက်ခုံးကခပ်လှုပ်လှုပ်ရယ်။ ဘယ်ကာလသမီးကိုများ မျက်စိကျပြန်ပြီလဲဆိုတာတွေးရင်း ဆင်ခြေပေးဖို့စကားလုံးတွေတောင် အဆင်သင့်စီနေမိသပေါ့။ ဒါပေမယ့် “ ဟေ့ ပေါက်ကြီး အော်ဂင်နာရီဝယ်ဖို့ မင်းမနက်ဖြန် မြို့ကိုသွားရမယ် ” လို့ ခရီးရောက်မဆိုက် တစ်ချက်လွှတ်ထုတ်လိုက်တဲ့ အမိန့်သံကြားမှပဲ ရင်ထဲကအလုံးကြီး ဂလုခနဲမြည်အောင် ပြန်ကျသွားလေရဲ့။ ရင်ထဲက အလုံးက ကျသွားပေမယ့် ခေါင်းကကြီးလာပြန်လေရောဗျို့။ ခင်ဗျားတို့ပဲ စဉ်းစားကြည့် ကျုပ်လိုရွာသိမ်ဇနပုဒ်က တောသားအတွက် မြို့ကြီးပြကြီးကို သွားရမယ့်အရေးဟာ သေးသေးဖွဲဖွဲကိစ္စမှ မဟုတ်ကပဲလားဗျာ။ ကျုပ်ကလည်း ကျုပ်ရွာမှာစာအတတ်ဆုံးဆိုပေမယ့် အနှီရန်ကုန်ဆိုတဲ့ မြို့ကြီးကို ဘုတ်အုတ်ထဲမှာပဲ ကြားဖူးတာကလား။ ဒါတောင် အဲဒီဘုတ်အုတ်တွေဆိုတာ ဘယ်ကမ္ဘာရှစ်ခုက ရေးထားတဲ့ ဘုတ်အုပ်တွေမှန်းလည်း မသိ။ ဘာပဲဖြစ်ဖြစ် ရွှေတိဂုံဘုရားကြီးကတော့ နေရာမပြောင်းတန်ဘူး အောက်မေ့ရတာပဲ။
ခပ်တိုတိုပြောရရင် ကျုပ်နဲ့အတူ အော်ဂင်နာရီစွန့်စားခန်းထွက်ဖို့ ဘကြီးဘုန်းကြီးက စိတ်ချလက်ချ ထည့်လွှတ်လိုက်တဲ့ အောင်ဘုဆိုတဲ့ ကျောင်းသားနဲ့အတူ နောက်တစ်ရက်မနက်မှာ ရွာကနေ ခွာရပါလေရောဗျို့။ အောင်မယ်။ ကျုပ်တို့ရဲ့စွန့်စားခန်းကြီးကို တစ်ရွာလုံးက သောင်းသောင်းဖျဖျ အားပေးကြသကိုး။ ကျုပ်တို့နှစ်ယောက်ကို ကားလမ်းမကိုလိုက်ပို့ဖို့ ရွာလုံးကျွတ်နီးပါး ပါလာကြပါလေရော။ ကျုပ်တို့ရွာနဲ့ ကားလမ်းကလည်း နှစ်မိုင်နီးပါးလောက်ဝေးပြန်တာမို့ လှည်းတွေတသီတတန်းကြီးနဲ့ အညာအလှူပွဲကြီးလို တပျော်တပါးကြီးပေါ့လေ။ ကလေးတွေက တအီအီ၊ ခွေးတွေက တစီစီနဲ့ ဘာမထီပေါက်ကြီးတို့ရဲ့ မဟာခရီးစဉ်ကြီးလို့ပဲ စာသံပေသံနဲ့ ပြောချင်တော့တာပါပဲ။
-----------------------------
အပိုင်း ( ၂ ) ကို ဆက်ပါဦးမယ် . . .
Tuesday, 10 April 2012
အစိမ်းရင့်ရောင် အလွမ်း ( ၅ ) ( ဇာတ်သိမ်း ) . . .
အပိုင်း ( ၄ ) မှ အဆက် . . .
            အိမ်ပြန်ရောက်လျှင်ရောက်ချင်း အ၀တ်အစားပင် မလဲနိုင်။ မီတို့အိမ်သို့ သုတ်ခြေတင်သည်။ မြက်ခင်းလွင်ပြင် အရောက်တွင် သူရပ်သည်။ မီရှိမည်လားအတွေးဖြင့် ထင်းရှူးပင်ကို လှမ်းကြည့်သည်။ မရှိကြောင်းသေချာမှ ခြေလှမ်းသွက်သွက်ဖြင့် ဆက်လျှောက်သည်။ ကြည်နူးမှုတို့ဖြင့် ညနေခင်းသည် ကျက်သရေ ရှိနေ၏။
            မီတို့ခြံဝအရောက်တွင် လူခေါ်ခေါင်းလောင်းကို တုန်ယင်စွာဖြင့် သူနှိပ်သည်။ သူ့ကို မထင်မှတ်ဘဲ တွေ့ရလျှင် အံ့သြသွားရှာမည့် ကလေးမ၏ ပုံရိပ်ကို သူစိတ်ကူးကြည့်သည်။ ပျော်ရွှင်မှုဖြင့် သူ့ရင်သည် တုန်လှုပ်နေ၏။ အတန်ကြာလျှင် အိမ်တံခါး ပွင့်လာသည်။
            မီအံ့သြသွားမည်ဟူသော အတွေးဖြင့် တံခါးဝကို သူလှမ်းမျှော်ကြည့်သည်။ သို့သော် အိမ်ထဲမှ ထွက်လာသူသည် မီမဟုတ်။ မီ၏အဒေါ်။
            သူ့ကိုမြင်လျှင် “ သြော် . . . ဒေါက်တာ . . . ” ဟု အာမေဋိတ်ပြုရင်း ခြံတံခါးကို ခပ်သွက်သွက် လာဖွင့်ပေးသည်။ “ မီရှိလား အန်တီ ” ဟု သူမေးမိသည်။ အမျိုးသမီးကြီးက တံခါးပိတ်နေသည်။ သူ့အမေးကို မကြားလိုက်ဟု ထင်မိသည်။ စိတ်လှုပ်ရှား တက်ကြွလွန်းနေသော သူ့အဖြစ်ကို ရှက်ရွံ့စွာဖြင့် သူနောက်တစ်ခွန်း ထပ်မမေးတော့ဘဲ ဆိတ်ဆိတ်နေလိုက်မိသည်။
            ပန်းခင်းထဲတွင် ကလေးမ၏ အချစ်တော် ဘော်ဘီ နေစာလှုံနေသည်။ မီရှိမည်လားဟု သူကြည့်သည်။ မတွေ့။
            အိမ်ထဲသို့ရောက်လျှင် သူ မီ့အရိပ်အယောင်ကို ရှာသည်။ သူလာသည်ကိုမြင်၍ တမင်ပုန်းနေသည်ဟူသော အတွေးဝင်လာသဖြင့် အမျိုးသမီးကြီးကို သူကြည့်မိသည်။ မီ့အဒေါ်က တည်ငြိမ်စွာဖြင့် -
            “ ထိုင်ပါဦး ဒေါက်တာ ” ဟု ဆိုသည်။ အသင့်ရှိသော ဆက်တီတစ်လုံးတွင် သူဝင်ထိုင်လိုက်ရင်း
            “ မီရှိလား အန်တီ ” ဟု ထပ်မေးသည်။
            အမျိုးသမီးကြီး၏ မျက်နှာသည် ရုတ်တရက် မှိုင်းညို့သွားသည်။ သူကြောင်နေစဉ် အမျိုးသမီးကြီး ရှိုက်ကြီးတငင် ငိုလေသည်။ အံ့အားတသင့်ဖြင့် သူ့စိတ်ထဲတွင် ထင့်သွားသည်။ “ အန်တီ ” ဟု သူစကားအစလိုက်တွင် အမျိုးသမီးကြီးက မျက်ရည်များဖြင့် သူ့ကိုကြည့်သည်။
            “ မီလေး ဆုံးသွားပြီ ဒေါက်တာ ”
            ထင်မှတ်မထားသော စကားစုတို့က သူ့နားစည်ကို ပြင်းထန်စွာ ရိုက်ခတ်သည်။
            “ မဖြစ်နိုင်ဘူး . . . မဖြစ်နိုင်ဘူး . . . ”
            သူ ကယောင်ကတမ်း ထရပ်မိသည်။
            “ မီဆုံးသွားတာ ခြောက်လလောက်ရှိပြီ ဒေါက်တာ ” ဟု အမျိုးသမီးကြီးက စကားဆက်သည်။
            သူ ထိုစကားစုတို့ကို မည်သို့မျှ မယုံကြည်နိုင်။ သို့သော် မီ့အဒေါ်သည် ထိုစကားများကို လိမ်ညာပြောဆိုမည်မဟုတ်မှန် သူသိနေသည်။ ထိတ်လန့်အံ့သြခြင်းသည် သူ့တစ်ကိုယ်လုံး၌ ပျံ့နှံ့၏။ အရာအားလုံးသည် သူ့မြင်ကွင်းထဲတွင် ၀ိုးတ၀ါး . . .
            “ မီ ဘာဖြစ်လို့ ဆုံးသွားတာလဲ  . . . ” သူ တုန်ယင်စွာ မေးမိသည်။
            “ သွေး . . . ကင် . . . ဆာ . . .ကြောင့် . . . ” ရှိုက်သံများကြားမှ သူမ ဖြေသည်။
            “ သွေးကင်ဆာ၊ လူကီးမီးယား ” သူ နာကျင်စွာ ခေါင်းခါမိသည်။ ထိုစကားလုံးများသည် နားစည်ကို ရိုက်ခတ်ပြီး နှလုံးသည်းပွတ်ကို ထိုးဖောက်သွားကြသည်။ ရောဂါဝေဒနာများကို အရေထူပြီးဖြစ်သော သမားတော်တစ်ဦး၏ ဘ၀ကို သူမေ့လျော့သွားသည်။ ရက်စက်လွန်းသော ကံကြမ္မာကို သူ နာကြည်းလာသည်။ သူ့လည်ချောင်းတို့ ဖျစ်ညှစ်ခံထားရသလို ဆွံ့အ နာကျင်နေသည်။
            “ ကလေးရယ် ” ဟူသော ကြေကွဲစွာ မြည်တမ်းသံသည် သူ့ရင်ထဲတွင် လှိုဏ်သံပါအောင် မြည်ဟည်းနေသည်။
            စီးကျလာသော မျက်ရည်ပူတို့ကို သူ မသုတ်မိ။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
            မီလဲလျောင်းရာ အုတ်ဂူဖွေးဖွေးသည် ခြံထောင့်ရှိ ထင်းရှူးပင်အောက်တွင် ရှိသည်။
            “ မယွန်းသက်မီ
            အသက် ( ၁၇ ) နှစ် ” ဟူသော အုတ်ဂူပေါ်ရှိ စာကြောင်းကို မြင်ရလျှင် သူမျက်ရည်စို့လာပြန်သည်။
            “ ဒေါက်တာကို အကြောင်းကြားပေးမယ်ပြောတော့ ဦးစိတ်ဆင်းရဲလိမ့်မယ်ဆိုပြီး မသိပါစေနဲ့လို့ ပြောရှာတယ် . . . ဒေါက်တာပေးခဲ့တဲ့ နားကြပ်နဲ့ စာအုပ်တွေကို ကိုင်ရင်း မျက်ရည်တွေ နေ့တိုင်းကျနေရှာတာပါပဲရှင် . . . ”
            “ မဆုံးခင် တစ်ပတ်လောက်က ဒေါက်တာတို့ထိုင်နေကျ ထင်းရှူးပင်ကြီးအောက်ကို လိုက်ပို့ခိုင်းတယ် . . . ထင်းရှူးပင်အောက်ရောက်တော့ မီ ဦးကို စောင့်နေမယ်နော်လို့ မျက်ရည်တွေ တတွေတွေနဲ့ တဖွဖွပြောရှာတယ် . . . ”
            “ မီလေးဟာ နောက်ဆုံးအချိန်အထိ ဒေါက်တာ့ကို တမ်းတနေရှာပါတယ် ဒေါက်တာရယ် . . .  ”
            ငိုရှိုက်သံတို့ စွန်းထင်နေသော အမျိုးသမီးကြီး၏ စကားစုတို့သည် သူ့နားထဲတွင် မကြားတစ်ချက် ကြားတစ်ချက်။ မီ နောက်ဆုံးအချိန်မတိုင်ခင်အထိ ရေးသွားခဲ့သည်ဆိုသော ဒိုင်ယာရီ စာအုပ်ကလေးက သူ့လက်တွင်းမှာ။
            မျှော်လင့်ချက်တို့ဖြင့် တက်ကြွနေတတ်သူကိုမှ ရောဂါဆိုးက တိုက်ခိုက်ဖျက်ဆီးရက်လေခြင်း။ သောကသည် သူ့ရင်ကို အလုံးအရင်းနှင့် ၀င်ရောက်တိုက်ခိုက်ပြန်၏။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
            မီတို့အိမ်မှ ပြန်ထွက်လာချိန်တွင် နေခြည်ဖျော့ဖျော့သည် လောကကို လွှမ်းခြုံထားသည်။ ညနေခင်း၏ အလှသည် သူ့ရင်တွင် မချိုမြိန်တော့။
            ထိုင်နေကျ ထင်းရှူးပင်ကို မြင်လျှင် ကလေးဆန်သော မီ့မျက်နှာကို သူမြင်ယောင်သည်။ “ လူနာတိုင်း အားကိုးရတဲ့ ဆရာဝန်ဖြစ်အောင် ကြိုးစားမယ် ” ဟူသော မီ့စကားသံကို ပြန်လည် ကြားယောင်၏။ အရာအားလုံးသည် မနေ့ကအတိုင်း သူ့အာရုံတွင် ထင်လာသည်။
            မြင်လွင်ပြင်ကိုဖြတ်လျှောက်ပြီး ထင်းရှူးပင်ဆီသို့ သူသွားသည်။ ထင်းရှူးပင်ခြေရင်းရှိ မြက်ခင်းပြင်ပေါ်တွင် ထိုင်သည်။ လက်တွင်းမှ စာအုပ်ကို ဖွင့်ကြည့်မိသည်။
            “ ဦးကို မီချစ်တယ် ”
            စာမျက်နှာပြည့်အောင် ရေးထားသော စာကြောင်းများ။ သူ့ရင်တွင် ကျဉ်ခနဲခံစားလိုက်ရသည်။ သူ့ရင်ထဲမှ နှလုံးသားသည် မြက်ခင်းပြင်ပေါ်သို့ ခုန်ထွက် လူးလွန့်နေ၏။ မပြောဖြစ်ခဲ့သော သူ့ကိုယ်သူ ဒေါသဖြစ်မိသည်။ လူကြီးတစ်ယောက်၏ လုပ်ပိုင်ခွင့်ဖြင့် ဟန်ဆောင်ကောင်းခဲ့သော သူ့ကြောင့် မီခံစားခဲ့ရပေလိမ့်မည်။ ရင်တွင်းမှ ခံစားချက်တို့သည် မျက်ရည်အဖြစ် အသွင်ပြောင်းပြီး အပြင်သို့ စိမ့်ထွက်လာကြလေ၏။
            မီနောက်ဆုံးရေးထားခဲ့သော စာမျက်နှာကို သူတွေ့သည်။
                        “ မီ မနေရတော့ပါဘူး ဦးရယ်။ ဒါပေမယ့် မီ မကြောက်ပါဘူး။ ဦးနဲ့ခွဲရမှာကိုပဲ မီဝမ်းနည်းတယ်။ မီအရမ်းဖြစ်ချင်တဲ့ ဆရာဝန်လည်း ဖြစ်ခွင့်မရတော့ဘူး ဦးရယ် . . .
            ဒါပေမယ့် မီကျေနပ်ပါတယ်။ မီချစ်တဲ့ ဦးက မီ့ကိုယ်စား ရိုးသားတဲ့ တိုင်းရင်းသားတွေကို  ဆေးကုပေးနေမှာ မီသိတယ်  . . .
            မီ့အနားမှာ ဦးရှိစေချင်လိုက်တာ . . . ။ ဒါပေမယ့် ဆရာဝန်တစ်ယောက်ဘ၀နဲ့ တခြားလူနာတွေအနားမှာ ဦးရှိသင့်ပါတယ်လေ . . .
                                                            မီ .  ကျေနပ်တယ် . . . ”
            ဝေဒနာကို အံကြိတ်ရင်ဆိုင်ရင်း တုန်ယင်စွာရေးထားသော စာလုံးရွဲ့ရွဲ့စောင်းစောင်းလေးများကိုဖတ်ပြီး သူ ခေါင်းငိုက်စိုက်ကျသွားသည်။
                        “ ကလေးရယ် . . . ”
            “ ဦး ကလေးကိုယ်စား ရိုးသားတဲ့တိုင်းရင်းသားတွေကို စောင့်ရှောက်ပေးဖို့ ကတိပေးပါတယ်ကွယ် . . . ”
                                    နာကျင်ကြေကွဲစွာ သူရေရွတ်မိသည်။
                                    တမလွန်ရောက် ကလေး ကြားနိုင်ပါစေတော့ . . .
            လေပွေတစ်ခုက ဝှေ့ရမ်းတိုက်ခတ်သည်။ ညနေခင်းသည် အရောင်ရင့်လာသည်။ လောကသည် ပူဆွေးခြင်းဖြင့် တိတ်ဆိတ်နေလေ၏။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
            အားလုံး၏ အမြင်တွင် မီသေဆုံးခဲ့ပါသည်။ သို့သော် သူ့နှလုံးသားထဲတွင် မီ ထာဝရ ရှင်သန်နေသည်။
            “ ဦးသွားနှင့် . . . မီနောက်က လိုက်ခဲ့မယ် . . . ” ဟူသော မီ့စကားသံသည် သူ့နားစည်ကို ထာဝရ ရိုက်ခတ်၏။ ရိုးသားနွမ်းပါးသော ပြည်နယ်သားများကို ကြင်နာစွာ ပြုစုကုသပေးနေသော သူ့အနီးတွင် မီရှိနေပါသည်။ မြက်ခင်းစိမ်းစိမ်းလေး အလယ်ရှိ ထင်းရှူးပင်အောက်တွင်လည်း မီရှိသည်။
            သူ့အဖို့ နေရာတိုင်းတွင် မီရှိပါသည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
            သူနေထိုင်ရာခြံ၏ အနောက်ဘက် ခပ်လှမ်းလှမ်းတွင် မြက်ခင်းစိမ်းစိမ်းနှင့် ကျယ်ပြန့်သောလွင်ပြင်တစ်ခု ရှိပါသည်။ ထိုလွင်ပြင်၏ အလယ်တွင် သစ်ပင်တစ်ပင်ရှိသည်။ မြင့်မား၍ စိမ်းစိုအုပ် ဆိုင်းလှသော ထိုသစ်ပင်သည် ရာသီဥတုဒဏ်ကိုမမှု၊ လေပြင်းကို အံတုပြီး ထီးထီးမားမားရှိလှသည်။ လွင်ပြင်ကျယ်တွင် အဖော်မဲ့စွာ တည်ရှိသော ထိုသစ်ပင်သည် အထီးကျန်ဆန်သည်ဟု ထင်ရ သော်လည်း . . .
            ထိုအရာသည် ထင်းရှူးပင် တစ်ပင်ဖြစ်ပါသည်။
            ထိုနေရာတွင် . . .
                        ဇာတ်လမ်းတစ်ပုဒ်ရှိခဲ့သည်
                        သူနှင့် သူမတို့ စတင်ဆုံဆည်းခဲ့သည်
                        သူ၏ နှလုံးသားကို တွေ့ရှိခဲ့သည်
                        နှုတ်မဆက်ဘဲ သူမ ထွက်ခွာသွားခဲ့သည်
                        အလွမ်းများနှင့် သူကျန်ရစ်ခဲ့သည်။
            ထိုနေရာတွင် . . .
                        သူမ ထာဝရ ရှိနေပါသည်။
                                    ထိုသစ်ပင်သည် . . . ။        ။
                                                                                                                                                      ချမ်းမြေ့နိုင်ကြပါစေ . . .
                                                                                                                                                                                    ဟန်ကြည် 
   မနက်ဖြန် ဧပြီ ၁၁ ရက်နေ့ဆိုရင် ဦးဟန်ကြည်ရဲ့ မွေးနေ့ရောက်ပြန်ပါပြီ။ ဦးဟန်ကြည်ထက် မွေးနေ့တစ်ရက်စောတဲ့ စိုင်းစိုင်းခမ်းလှိုင်ဆိုတဲ့ ချာတိတ်ခမျာမှာတော့ သူ့မွေးနေ့မှာ ဘတ်ဒေးရှိုးလို့ ခေါင်းစဉ်တပ်ပြီး ဘော်ချက်ပိုက်ဆံရှာတာ နှစ်တိုင်းပေါ့။ ဒါပေမယ့် အင်မတန်မှ ရိုးသားရှာတဲ့ ဘလော့ဂါဦးဟန်ကြည်ကတော့ သူငယ်ငယ်က ရေးဖူးတဲ့ ၀ထ္ထုတစ်ပုဒ်ကို ဖုန်သုတ်ပြီး ဘလော့ပေါ် ကောက်တင်လိုက်တာနဲ့တင် မွေးနေ့အထိမ်းအမှတ်ဖြစ်သွားပါလေရောဗျား။
    အစိမ်းရင့်ရောင်အလွမ်းကို အပိုင်း ၁ ကနေ ဇာတ်သိမ်းပိုင်း အပိုင်း ၅ ရောက်တဲ့အထိ မညည်းမညူ အားပေးကြတဲ့ မိတ်ဆွေများကိုလည်း ကျေးဇူးဥပကာယ အထူးတင်ကြောင်း ပြောရင်းနဲ့ ဦးဟန်ကြည်ရဲ့မွေးနေ့မှာ ဘလော့လာလည်ကြတဲ့ လူပျိုသိုး၊ အပျိုသိုးများအားလုံး စွံခြင်းကြီးစွံကြပြီး၊ စွံပြီးတဲ့ မိတ်ဆွေများလည်း ဘာရေးညာရေးတွေအားလုံး အစစအရာရာ အဆင်ပြေကြစေကြောင်း ဆုမွန်ကောင်းများ တောင်းပေးလိုက်ပါရစေဦးလား . . . 
Monday, 9 April 2012
အစိမ်းရင့်ရောင် အလွမ်း ( ၄ ) . . .
 အပိုင်း ( ၃ ) မှ အဆက် . . .
             မီတို့ အောင်စာရင်းထွက်မည်ဟူသော အသိဖြင့် သူ တစ်ညလုံး အိပ်မပျော်။ စိုးရိမ်စိတ်ဖြင့် တုန်နေရှာမည့် ကလေးမ မျက်နှာကို သူမြင်ယောင်နေမိသည်။ အိပ်မရတော့သည့်အဆုံး စာကြည့် စားပွဲတွင် သူထိုင်သည်။ စာအုပ်တစ်အုပ်ကို ဆွဲယူပြီး ဖတ်သည်။ စာထဲတွင် အာရုံဝင်စား၍မရ။ သူမ၏ ရည်မှန်းချက်တို့ အောင်မြင်မည်ဖြစ်ကြောင်း ကြိုတွေးထားမိသော်လည်း မတော်တဆရှိခဲ့သော် ဟူသောအတွေးက သူ့ကို ခြောက်လှန့်သည်။ မီ့အပေါ်တွင်ထားမိသော သူ့မေတ္တာ၏ အတိမ်အနက်ကိုလည်း သူသဘောပေါက်မိသည်။
            မနက် ငါးနာရီသည် အလင်းရောင်ပင် ကောင်းစွာမရသေးသော အချိန်။ အလင်းရောင်ကို သူမစောင့်နိုင်တော့။ နှေးကွေးလွန်းလှသော နာရီလက်တံကို ဆွဲလှည့်၍ မရကြောင်း သဘော ပေါက်သည့်အဆုံးတွင် မျက်နှာသစ်၊ အ၀တ်လဲပြီး ထင်းရှူးပင်အောက်သို့ လာခဲ့သည်။ သစ်ပင်အောက်တွင် ထိုင်နေရင်းမှ သူ့အဖြစ်ကို ပြန်စဉ်းစားမိပြီး အံ့သြမိသည်။ ရည်မှန်းချက်ကြီးသူ အဖြစ်မှ မမျှော်လင့်ဘဲ လေလွင့်ခဲ့သည်။ ထို့နောက်တွင်မှ အများအတွက် အသုံးဝင်သော ဆရာဝန်ဘ၀ကို ပြန်ရခဲ့သည်။ မီဆိုသော ကလေးမကို သူစာသင်ပေးခဲ့ပါသည်။ သို့သော် မီက ဘ၀နေနည်းကို သူ့အား ပြန်လည်သင်ကြားပေးခဲ့လေသည်။
            ရောက်တတ်ရာရာ စဉ်းစားနေစဉ်တွင် အဝေးဆီမှ ခေါ်သံသဲ့သဲ့ ကြားရသည်။ ဆံနွယ်များ ဝေ့၀ဲ၍ ပြေးလာသော ကလေးမကို သူမြင်ရသည်။ မီ့ထံသို့ သူ အမြန်လျှောက်သွားသည်။ ဖျော့တော့သော အလင်းရောက်တွင် ပြုံးရွှင်နေသော သူမ၏မျက်နှာသည် ထင်းနေ၏။
            “ ဦး . . . မီ ဘာသာစုံ ဂုဏ်ထူးပါတယ်၊ မီ ဆရာဝန်လုပ်လို့ ရတော့မယ် . . . ”
            ပြေးလာနေရင်းမှ မောသံဖြင့် သူမ အော်ပြောသည်။ သူ့ရင်ထဲတွင် ဆို့နေသော သောကအစိုင်အခဲသည် အငွေ့ပျံသွားသည်။ ချမ်းမြေ့သောအရသာကို သူခံစားရသည်။ အောင်မြင်ပျော်ရွှင် မှုများဖြင့် ဆွေ့ဆွေ့ခုန်နေသော သူမ၏ ကလေးငယ်ပမာ ဖြူစင်အပြစ်ကင်းနေခြင်းကို သူကြည်နူးသည်။ တိုင်းဆမဲ့သော ၀မ်းသာမှုဖြင့် သူ့ခြေအစုံတို့ ယိုင်နဲ့ချင်လာသည်။ ဥယျာဉ်မှူး၏ ပီတိသည် ရင်ကို လွှမ်းခြုံ၏။
            “ မီ့ကို ဆုချရဦးမယ် ” ဟု သူ အလျင်ဦးအောင် ပြောသည်။ သူမထက် အပြောဦးသွားသော သူ့ကိုကြည့်ရင်း မီ ရွှင်မြူးစွာ ရယ်လေသည်။
            မနက်ဖြန်အကြောင်း သူ မစဉ်းစားချင်။
            ကလေး ထာဝရ ပျော်နိုင်ပါစေကွယ် . . .
@@@@@@@@@@@@@@@@@@@@@@@@@@@
            ထိုညတွင် ကလေးမအတွက် သူ စာတစ်စောင်ရေးသည်။
            ကလေးရေ . . .
            ကလေးကို ဦးက ကျေးဇူးတင်နေတယ်ဆိုရင် ကလေး အရမ်းအံ့သြသွားမှာပေါ့။ မအံ့သြပါနဲ့ကွယ်။ တစ်ခါက ကလေးမေးခဲ့ဖူးတဲ့ ဘာဖြစ်လို့ ဆေးမကုတာလဲဆိုတဲ့ မေးခွန်းကို ဖြေရင်းနဲ့ ဦး ရှင်းပြပါ့မယ်။
            ဦးလည်း ကလေးလိုပဲ ငယ်ငယ်ကတည်းက ဆရာဝန်လုပ်ဖို့ ရည်မှန်းချက်ကြီးခဲ့တာပါပဲ။ ဒါပေမယ့် ဦးဘွဲ့ရပြီး မကြာခင်မှာ ဦးမေမေရဲ့ကျန်းမာရေး အတော်ဖောက်လာတယ်။ အမေတစ်ခု သားတစ်ခုဘ၀မို့ ဦးမေမေကို ဦးသိပ်ချစ်တာပေါ့။ ဒါကြောင့်လည်း ဦးမေမေကို ဂရုတစိုက်နဲ့ ပြုစုပြီး ကုပေးတာပေါ့လေ။
            မေမေ့ရောဂါက နှလုံးရောဂါဆိုတော့လည်း အခြေအနေက တစ်နေ့ရွှေ၊ တစ်နေ့ငွေပေါ့ ကလေးရယ်။ ပြန်ကောင်းလာဖို့ အခွင့်အလမ်းမရှိပေမယ့်လည်း တတ်နိုင်သမျှ အသက်သာဆုံးဖြစ်ဖို့ ကြိုးစားပေးရတာပေါ့။ တစ်ညမှာ တောဘက်က လူတစ်စု ဦးကို လာပင့်တယ်။ သူတို့လူနာ အသည်းအသန်ဖြစ်နေလို့တဲ့။ ကျန်းမာရေးအခြေမအနေအရ မေမေ့ကို မျက်စိအောက်က အပျေုာက်မခံရဲတဲ့ ဦးက လာပင့်တဲ့နောက်ကို မလိုက်ချင်ဘူးပေါ့။ ဒါပေမယ့် မေမေက သူသက်သာနေပြီတဲ့ အသက်တစ်ချောင်းကို ကယ်ကောင်းပါတယ် သားရယ်တဲ့ အားကိုးတကြီး လာပင့်တဲ့ လူနာရှင်တွေနောက်ကို လိုက်သွားပေးလိုက်ပါဆိုတော့လည်း ဦးလိုက်သွားရတာပေါ့လေ။ မေမေ့အခြေအနေကလည်း သက်သာသလိုရှိနေတာကိုး။
            လူနာရှင်တွေနောက်ကိုလိုက်သွားပြီး လူနာကိုလည်းတွေ့ရော အခြေအနေက သိပ်မျှော်လင့်ချက်မရှိမှန်း ဦးရိပ်မိတာပေါ့။ ဒါပေမယ့် လူနာရှင်တွေကတော့ သူတို့လူနာအခြေအနေကို အမှန်အတိုင်း ဘယ်သိကြပါ့မလဲ။ သူတို့စိတ်ထဲမှာ ဆရာဝန်ပြလိုက်ရင် ချက်ချင်းကောင်းသွားမယ်လို့ ယူဆထားကြပုံရတယ်။ ဦးလည်း တတ်နိုင်သလောက် နားလည်အောင်ရှင်းပြပြီး အကောင်းဆုံး ကုပေးပေမယ့် ညသန်းခေါင်ကျော်လောက်မှာပဲ လူနာဆုံးသွားပါလေရော။ လူနာရှင်တွေလည်း မျက်နှာဘယ်ကောင်းမလဲ။ ဦးလည်း စိတ်မဖြေနိုင်ဘူးပေါ့လေ။ ဘာပဲဖြစ်ဖြစ် ကိုယ့်လူနာတစ်ယောက် တစ်ခုခုဖြစ်သွားရင် ဘယ်ဆရာဝန်က စိတ်ကောင်းနိုင်ပါ့မလဲ။
            အဲဒီညက ဦးအိမ်ပြန်ရောက်တော့ လင်းအားကြီးဖြစ်နေပြီ။ ဦးမေမေ ထွက်မကြိုနိုင်ဘူးလေ။ မေမေ အိပ်ပျော်နေတယ်ထင်ပြီး မေမေ့အခန်းထဲဝင်ကြည့်မှ ဦးရင်ကျိုးရတော့တာပဲ။ ဦးမေမေ အသက်မရှိတော့ဘူး ကလေးရယ်။ ဦးအတွက်တော့ အဲဒီညက ကမ္ဘာပျက်တဲ့ညပါပဲ။ ဆရာဝန်တစ်ယောက်အနေနဲ့ ဘာတစ်ခုမှ မစွမ်းဆောင်နိုင်ခဲ့ဘူး။ လူနာရဲ့ အသက်ကို မကယ်နိုင်ခဲ့တဲ့အပြင် ကိုယ့်မေမေရဲ့ နောက်ဆုံးအချိန်မှာလည်း ပြုစုမပေးနိုင်ခဲ့ဘူး။ ကိုယ့်ကိုယ်ကို အပြစ်တင်လို့လည်း မဆုံးတော့ဘူးပေါ့။
            ဦးမေမေရဲ့ အသုဘကိစ္စပြီးလို့ နောက်ရက်မှာပဲ ဦးအတွက် နောက်ထပ်ပြဿနာတစ်ခုက စောင့်နေပြန်ရော။ မေမေဆုံးတဲ့ညက ဦးမကယ်နိုင်ခဲ့တဲ့ လူနာရှင်ရဲ့ အမျိုးတစ်ယောက်က သူတို့လူနာဆုံးရတာ ဦးအမှားကြောင့်ဆိုပြီး ကျန်းမာရေးဦးစီးဌာနကို တိုင်တယ်လေ။ လူနာရှင်မိသားစုက ရိုးရိုးအအတွေ ဆိုပေမယ့် ရွာထဲမှာ နည်းနည်းပါးပါး ပညာတတ်တဲ့လူတစ်ယောက်က အကြံပေးပြီး တိုင်ခိုင်းတာပါပဲ။ လူနာကို အရေးတကြီး ဂရုစိုက်လိုက်ရတာမို့ လူနာရှင်တွေ နားလည်အောင် အချိန်ယူပြီး ကျကျနနရှင်းမပြမိခဲ့တဲ့ ဦးရဲ့ အားနည်းချက်တွေကြောင့်ပေါ့ ကလေးရေ။ အဲဒီမှာတင် ဦးလည်း ခုံဖွဲ့ပြီး အစစ်ခံရတယ်။ ဦးဘက်က အကောင်းဆုံး လျှောက်လဲချက်ပေးနိုင်လို့သာ ဦးရဲ့ ဆ-မ အသိမ်းမခံခဲ့ရတာ။ သူတို့လူနာအတွက် ယူကြုံးမရဖြစ်နေကြတဲ့ လူနာရှင်တွေကို အပြစ်မတင်ချင်ပေမယ့် မေမေဆုံးသွားလို့ ၀မ်းနည်းနေတဲ့ ဦးကတော့ လူတွေကို တော်တော်ကြီးစိတ်ကုန်သွားတယ်။ ဝေဒနာဖြစ်ရမယ့် စေတနာတွေလည်း ထပ်ပြီးမထားချင်တော့ဘူးလေ။ အဲဒီအချိန်ကစပြီး ဦးရဲ့ဆရာဝန်ဘ၀ကို ပြည်ဖုံးကားချပစ်လိုက်မိတယ်။ လူတွေနဲ့လည်း ခပ်ကင်းကင်း နေခဲ့မိတယ်။ ပြောရရင်တော့ လောကကို အရှုံးပေးလိုက်တာပေါ့ ကလေးရေ။
            တစ်နေ့မှာ အမှတ်မထင်ဘဲ ကလေးနဲ့ဆုံတယ်လေ။ ဦးထက် အများကြီးငယ်တဲ့ကလေးရဲ့ စိတ်အားထက်သန်မှုတွေ၊ ဖြူစင်မှုတွေကို ကြည့်ရင်း ဦး အများကြီးပြောင်းလဲသွားတယ်။ တစ်ခါလဲသွားရုံနဲ့ အပြီးထိုင်ဖို့ ဆုံးဖြတ်မိတဲ့ ဦးရဲ့အမှားကိုလည်း ပြန်မြင်လာတယ်။ ဖြစ်ပြီးခဲ့တာတွေကို အတိတ်မှာထားခဲ့ပြီး ကိုယ့်ပညာနဲ့ အလုပ်အကြွေးပြုဖို့ တာဝန်တွေရှိနေသေးတာကို ပြန်ဆင်ခြင်မိလာတယ်။ အဲဒီအတွက် ကလေးကို ဦး ကျေးဇူးတင်မိတာပါ။
            နောက်တစ်ခုကတော့ ကလေးကို ဦးတောင်းပန်ချင်တာပါပဲ ကလေးရေ။ ဘာကြောင့်လဲဆိုတော့ ကလေး ဒီစာကို ဖတ်နေချိန်မှာ ဦးက ကရင်ပြည်နယ်ကိုသွားတဲ့ လမ်းပေါ်မှာ ရောက်နေမှာမို့ပါ။ ကလေးကို ကြိုမပြောခဲ့တဲ့ ဦးကို ခွင့်လွှတ်ပါ။ ကလေးမျက်ရည်ကျတာကို ဦးမမြင်ရက်လို့ပါကွယ်။ ဦးပေးထားတဲ့ နားကြပ်၊ စာအုပ်တွေနဲ့ ထူးချွန်တဲ့ ဆရာဝန်ကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားပါ။
            “ လူနာတိုင်း အားကိုးရတဲ့ ဆရာဝန် ” အဖြစ်နဲ့ ပြည်နယ်တွေ ကလေးကို ဦးစောင့်နေမယ်။       
                                                                                                                                                                                                                        ကလေးရဲ့ . . .
                                                                                                                                                                                                                            ဦး
            စာကို တစ်ခေါက်ပြန်ဖတ်သည်။ စာအိပ်ထဲထည့်၍ သေချာစွာ ပိတ်သည်။ မီနှင့် ဝေးရတော့မည်ဟူသော အသိက ရင်ကို ပူလောင်စေသည်။
            ခေါင်မိုးပေါ်သို့ မိုးပေါက်ကျသံ တဖြောက်ဖြောက် ကြားလာရသည်။ မိုးကျသံများအဆုံးတွင် ညသည် တိတ်ဆိတ်နေ၏။
                        “ ပြောတော့ပြောမည်
                        စိတ်ကရည်လျှက်
                        နှုတ်ကခက်တော့
                        အိပ်မက်တွေပဲ ကျန်တယ်မေ . . . ”
@@@@@@@@@@@@@@@@@@@@@@@@@@
            နောက်နေ့မနက်တွင် ကလေးမကို ထင်းရှူးပင်အောက်မှ သူစောင့်သည်။ သူမ ရောက်လာလျှင် သူ့လက်ဆောင်ပစ္စည်းထုပ်ကို ကြည့်ပြီးရယ်သည်။ “ နည်းနည်း လေးတယ်နော် ” ဟုဆိုပြီး သူမလက်ထဲသို့ လက်ဆောင်ထုပ်ကို သူထည့်ပေးသည်။ “ ဘာတွေလဲ ” ဟု စူးစမ်းသလိုမေးရင်း အထုပ်ကို ဖောက်ရန် သူမ ဟန်ုပြင်သည်။
            “ ဒီတစ်ခါတော့ အိမ်ရောက်မှ ဖွင့်နော် ” ဟု သူပြောသည်။
            “ သိချင်လှပြီ ” သူမ စောဒက တက်သည်။ “ ဒါဆို အိမ်ကို အမြန်ပြန်ပြေးပေါ့ ” ဟု သူဆိုသည်။
            “ ပြီးရင် ပြန်လာမှာနော် . . . ဦး စောင့်နေ ”
            သူမ လှည့်ပြီး ပြေးရန် ဟန်ပြင်သည်။ “ ကလေး ” ဟု သူလှမ်းခေါ်သည်။ “ ဘာလဲ ဦး ” ဟူသော ထူးသံအဆုံးတွင်
            “ ဦး ပြည်နယ်တွေက စောင့်နေမယ် ” ဟု သူပြောသည်။ “ ဟုတ်ကဲ့ပါ ” ဟု ဖြေရင်း သူမ လှည့်ပြေးသည်။ ထွက်ပြေးသူ၏ ကျောပြင်ကို သူမျက်စိတစ်ဆုံး ကြည့်မိသည်။ သူ့ရင်သည် နာကျင်၏။ သူ့လုပ်ရပ်သည် တရားသည်၊ မတရားသည်ကို သူ မစဉ်းစားချင်တော့။
            ထင်းရှူးပင်အောက်မှ သူလှည့်ထွက်ခဲ့သည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
            နေရာဒေသသစ်သည် သူ့အတွက် အသားမကျသေးသော်လည်း စိမ်းမနေ။ ရိုးသားသော တိုင်းရင်းသားတို့၏ ဖော်ရွေပျူငှာမှုတွင် သူ နေပျော်လာသည်။
            သူ တာဝန်ကျသော တိုက်နယ်ဆေးရုံတွင် သူရောက်လာမှ ဆရာဝန်စုစုပေါင်း နှစ်ယောက်သာ ရှိသည်။ သပ်ရပ်သော တစ်ထပ်ဆေးရုံကလေးတွင် လူနာအင်အားက မနည်း။ သူ နားချိန်ပင် သိပ်မရလိုက်။ ရောက်ပြီး နောက်တစ်နေ့တွင်ပင် အလုပ်စ၀င်ရသည်။ လုပ်ဖော်ကိုင်ဖက် ဆရာဝန်၊ ဆရာမများ၏ တွဲခေါ်မှုဖြင့် အလုပ်တွင် သူပျော်မွေ့လာသည်။
            အလုပ်တာဝန်များ မအားလပ်သည့်ကြားမှ မီ့ထံသို့ တစ်လလျှင် စာတစ်စောင် သူရေးဖြစ်သည်။ လက်ရေးဝိုင်းဝိုင်းဖြင့် ကလေးဆန်ဆန် ရေးထားသော သူမ၏ ပြန်စာများသည် သူ့ဘ၀၏ အားအင်များ ဖြစ်သည်။ လူကြီးဆန်သောအတွေး၊ ကလေးဆန်သော အရေးတို့ဖြင့် မီသည် သူ့ကို တွန်းအားပေးသည်။ “ ဆရာဝန်ဖြစ်ရင် မီလိုက်ခဲ့မယ်နော် ” ဟူသောစာကြောင်းသည် စာတိုင်းတွင် ပါစမြဲ။
            ခြောက်လမျှအကြာတွင် မီ့ထံမှ စာအဆက်အသွယ်ပြတ်သွားသည်။ စာမလာ၊ သတင်းမကြားနှင့် သူ မနေတတ်အောင် ဖြစ်ရသည်။ ဆေးတက္ကသိုလ်တက်ရန်အတွက် ပြင်ဆင်နေရသဖြင့် မအားလပ်နိုင်သောကြောင့် စာမရေးနိုင်ခြင်းဖြစ်မည်ဟု သူမ၀ံ့မရဲ တွေးသည်။ မီ သူ့ကို မေ့သွားပြီလားဟု သူမတွေးချင်။ အချိန်ကာလ၏ တိုက်စားမှုအောက်တွင် ပြောင်းလဲတတ်သောလူများထဲတွင် သူ၏မီ မပါနိုင်။ မီ့ကို သတိရသော အလွမ်းက သူ့ရင်တွင် သိပ်သည်းစွာ ဖွဲ့တည်သည်။ ညနေစောင်းချိန်ရောက်တိုင်း ထင်းရှူးပင်အောင်တွင် သူ့ကို မျှော်နေမည်ထင်သော ကလေးမကို သူ သတိရတတ်မြဲ ဖြစ်လေသည်။
            လူနာများအကြားတွင် နားချိန်မရှိနိုင်အောင် လုံးချာလိုက်နေသော သူ့အချိန်ဇယား၏ ၀ါးမြိုမှုအောက်တွင် တစ်နှစ်ဆိုသော အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွား၏။
            သူတို့ဆေးရုံကလေးသို့ လထဆရာဝန်သစ်တစ်ယောက် ထပ်ရောက်လာချိန်တွင် ခွင့်တင်၍ မီရှိရာသို့ သူပြန်လာခဲ့သည်။ ယခုတစ်ခါတွင်တော့ နှလုံးသားကို သူ အနိုင်ပေးမိလေပြီ။
            သယ်ယူပို့ဆောင်ရေးတွင် အမြန်ဆုံးဖြစ်သော လေယာဉ်ပျံပင်လျှင် သူ့စိတ်ထဲတွင် လိပ်တစ်ကောင်ပမာ နှေးကွေးလွန်းနေလေ၏။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း ( ၅ ) မှာ နိဂုံးချုပ်ပါတော့မယ် . . .
Sunday, 8 April 2012
အစိမ်းရင့်ရောင် အလွမ်း ( ၃ ) . . .
 အပိုင်း( ၂ ) မှ အဆက် . . .
            နာရီလက်တံတို့က ပုံမှန်လည်ပတ်နေကြသည်။ ပြက္ခဒိန်တစ်ရွက်နှင့်တစ်ရွက် အပြောင်းတွင် ရာသီဥတုသည် ပုံမှန်ပြောင်းလဲ၏။ ထင်းရှူးပင်အောက်ရှိ သူတို့၏ စာကြည့်ဝိုင်းလေးကား မပြောင်းမလဲရှိသည်။
            မီသည် တွေ့စကထက် အနည်းငယ် တည်ငြိမ်လာသည်။ မကြာမကြာ စိတ်ကောက်တတ်သော အကျင့်သည် ပျောက်လုလု။ တစ်ခါတစ်ရံမှသာ ထုံးစံမပျက် စိတ်ကောက်တတ်သည်။ ကလေးမကဲ့သို့ပင် ပြောင်းလဲလာသော သူ့အဖြစ်ကိုလည်း သတိထားမိသည်။ တွေ့စက သူမ စိတ်ကောက်လျှင် သူစိတ်ညစ်လေ့ရှိသော်လည်း ယခုမူ မီစိတ်ကောက်ပြေအောင် ချော့ရသည့်ကို သူ ပျော်နေတတ်ပြီ။
            အထူးဆန်းဆုံးမှာ ပစ်ပယ်ထားခဲ့သော ဆေးစာအုပ်များကို တစ်ခါတစ်ခါ ကောက်ဖတ်မိလာခြင်း ဖြစ်သည်။
            စာကျက်ရင်း ငြီးငွေ့လာသောအခါမျိုးတွင် မီက ဆရာဝန်များအကြောင်းကို စိတ်ဝင်တစား မေးတတ်သည်။ ထိုအခါ သူ့အတွေ့အကြုံများ၊ သူငယ်ချင်းများ၏ အတွေ့အကြုံများအကြောင်း ကို ပြောပြရလေသည်။ သူ့ကို လေးစားအားကျစွာ ငေးကြည့်ရင်း နားထောင်နေတတ်သော မီမျက်ဝန်းများ၏ စိုးမိုးမှုအောက်တွင် သူ၏ဆရာဝန်ဘ၀တွင် ပြန်လည်ပျော်ဝင်စ ပြုလာသည်။
            သူနှင့်မီတို့၏ သံယောဇဉ်သည်လည်း အချိန်နှင့်အမျှ ကြီးမားလာသည်။ သူနောက်ကျသော နေ့များတွင် မီသည် ထင်းရှူးပင်အောက်မှနေ၍ သူအလာကို လည်တဆန့်ဆန့်ဖြင့် မျှော်နေတတ် သလို၊ မီနောက်ကျလျှင်လည်း စိတ်ပင်ပန်းစွာဖြင့် သူမျှော်ရလေ့ရှိသည်။ များသောအားဖြင့် သူကသာ စောစီးစွာ သွားလေ့ရှိသည်။ သူနောက်ကျလျှင် မီတစ်ယောက် စိတ်ပင်ပန်းစွာဖြင့် မျှော်နေရမည်ကို   သူမမြင်ရက်သောကြောင့် ဖြစ်သည်။ ကျောင်းဆင်းလျှင်ဆင်းချင်း အ၀တ်လဲပြီး ကသုတ်ကရက် ပြေးတက်လာသော သူမကိုမြင်သော အချိန်လေးတွင် သူ့ရင်သည် ချမ်းမြေ့အေးချမ်းသွား ကြောင်း ၀န်ခံမိသည်။
            သူ့ဘ၀သည် တဖြည်းဖြည်းနှင့် အဓိပ္ပာယ်ရှိလာလေ၏။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
            အတန်းတင်စာမေးပွဲမဖြေမီ တစ်လအလိုတွင် မီသည် သူမ၏ မပြောင်းလဲသော ဘ၀ပန်းတိုင်အကြောင်း သူ့ကို တိုင်တည်ပြန်သည်။ အရွယ်နှင့်မမျှသော သူမ၏ ဖြူစင်သည့် စိတ်ထားကို သူအံ့သြလေးစားရသည်။
            “ ဦးရယ် . . .  မီတော့ ရောဂါဝေဒနာ ခံစားနေရတဲ့လူတွေကိုမြင်ရင် သိပ်သနားတယ်။ အချိန်လွန်မှ ဆေးရုံရောက်လာပြီး မဆုံးသင့်ဘဲ ဆုံးသွားရတဲ့ လူနာတွေအကြောင်းကြားရင် မီ အရမ်း ၀မ်းနည်းတယ်။ ဆရာဝန်မရောက် ဆေးမရှိတဲ့ ပြည်နယ်တွေက တိုင်းရင်းသားတွေဆို ဘယ်လိုများနေကြမလဲ မသိဘူးနော်။ မီသာ ဆရာဝန်ဖြစ်ရင် အဲဒီဒေသတွေကို သွားမယ်။ ဦး လိုက်ခဲ့နော် ”
            သူ့ကို အားကိုးတကြီး မော့ကြည့်ရင်း တတွတ်တွတ်ပြောနေသော သူမကိုကြည့်ရင်း သူ့ရင်ထဲတွင် ဝေဒနာတစ်ရပ်ကို ခံစားလာရသည်။ ဆရာဝန်တစ်ယောက်က ဘ၀ကို တန်ဖိုးမဲ့စွာ ဖြတ်သန်းကုန်ဆုံးနေချိန်တွင် ရည်မှန်းချက်ကြီးမားသော ကလေးမတစ်ယောက်က အများအတွက် စဉ်းစားနေသည်။ ဆရာဝန်အဖြစ်ကို ရရှိပြီးသူက မိမိအလုပ်နှင့်တာဝန်ကို တန်ဖိုးမထားဘဲနေစဉ် ဆေးကျောင်းတက်ရန်ပင် မသေချာသေးသော ဆယ်တန်းကျောင်းသူတစ်ယောက်က ဆရာဝန်ဘ၀ကို မြတ်နိုးတောင့်တစွာဖြင့် အများအကျိုးဆောင်ရန် ဆုံးဖြတ်ချက်ချနေသည်။ မီ တစ်ခါက ပြောခဲ့ ဖူးသော “ လူနာတိုင်းက အားကိုးရတဲ့ ဆရာဝန် ” ဟူသည့် စကားလုံးများသည် သူ့ရင်ကို အရှိန်ပြင်းစွာဖြင့် ၀င်ဆောင့်သည်။ ရှက်ခြင်းသည် သူ့တစ်ကိုယ်လုံးကို သိပ်သည်းစွာ ပျံ့နှံ့လာ၏။
            “ ဦး လိုက်ခဲ့မယ် မီ ”
            “ တကယ် ! ” အံ့သြ၀မ်းသာမှုသည် ကလေးမ၏ မျက်နှာပေါ်တွင် အထင်းသားပေါ်သည်။ “ မီ အရမ်းဝမ်းသာတာပဲ ဦးရယ် ” ဟု တုန်ယင်စွာ ပြောလေသည်။
            “ မီက ဦးကို လူနာတိုင်းက အားကိုးရတဲ့ ဆရာဝန် ဖြစ်စေချင်တာ ” မျက်ရည်များကျလျှက် မီက ဆိုသည်။
            မီ့လက်အစုံကို သူဆုပ်ကိုင် အားပေးရင်း “ ဦး ကတိပေးပါတယ် ကလေးရယ် ” ဟု ခိုင်မာစွာ ဆိုမိသည်။
            ထင်းရှူးပင်ပေါ်မှ ဥသြတွန်သံကို ကြားရ၏။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
            အချိန်သည် မေ့လျော့ထားခြင်းခံရလျှင် လျင်မြန်စွာ ကုန်ဆုံးသည်။ အ.ပ.ထ စာမေးပွဲသည် တဖြည်းဖြည်းနှင့် အနားရောက်လာ၏။ ဘာသာရပ်တိုင်းကို ကျေညက်စွာ လေ့လာထားပြီးဖြစ်၍ ကလေးမတွင် ယုံကြည်ချက်အပြည့်နှင့် ဖြစ်နေသည်။
            တစ်နှစ်တာလုံး ပုံမှန်စာကြည့်ခဲ့သော အကျိုးကြောင့် စာမေးပွဲကို မီကောင်းစွာ ဖြေဆိုနိုင်ခဲ့သည်။ တစ်ဘာသာဖြေပြီးသွားတိုင်း ရွှင်မြူးနေသော ကလေးမ၏ မျက်နှာကို မြင်ရတိုင်း သူ့ရင်တွင် ကျေနပ်ပျော်ရွှင်ရလေသည်။
            မီက စာမေးပွဲကို တည်ငြိမ်စွာဖြေနေသလောက် သူက ပျာနေအောင် စိုးရိမ်နေမိပြန်သည်။ ခေတ်ပညာတတ်တစ်ယောက်အနေဖြင့် မယုံကြည်ခဲ့သော်လည်း သူမ စာမေးပွဲကို ထူးချွန်စွာ ဖြေဆိုနိုင်ရန် ယတြာမျိုးစုံ သူချေဖြစ်သည်။ ထိုအကြောင်းကို ရှက်ရှက်ဖြင့် မီ့ကို ပြောပြမိလျှင် သူမက အားနာစွာပြုံးရင်း “ ဦးက ကလေးကျနေတာပဲ ” ဟု ဆိုလေသည်။
            မီစာမေးပွဲဖြေနေစဉ်အတွင်း ပြည်နယ်များတွင် တာဝန်ထမ်းဆောင်လိုကြောင်း ကျန်းမာရေးဝန်ကြီးဌာနသို့ သူလျှောက်လွှာတင်သည်။ ထိုအကြောင်းကို မီ့အား မပြောသေး။ တရားဝင်ခန့်စာ ရမှ သူမ အံ့သြသွားရန် ဖွင့်ပြောမည် စိတ်ကူးသည်။
            သူ ဂဏာမငြိမ်စွာ၊ ပူပန်စွာဖြင့်ပင် သူမ၏ စာမေးပွဲ ပြီးသွားခဲ့သည်။ အောင်မြင်သူ၏ အပျော်သည် သူ့ထံသို့ပါ ကူးစက်လာ၏။ “ ဦးကို မီကျေးဇူးတင်တယ် ” ဟု အထပ်ထပ်ပြောလေသည်။ “ ဦးကို ကန်တော့ပါရစေ ” ဆိုပြီး နောက်ဆုံးဘာသာ ဖြေပြီးသောနေ့က သူ့ကို ကျုံ့ကျုံ့ထိုင်ကာ ကန်တော့သည်။ သူ့ရင်တွင် ပြောမပြနိုင်အောင်ပင် ကြည်နူးရသည်။
            စာမေးပွဲပြီးသော နောက်တစ်ရက်တွင် မီတို့အိမ်သို့ ပထမဆုံးအကြိမ်အဖြစ် သူသွားသည်။ အတန်ငယ်ကျယ်ဝန်းသော ခြံထဲတွင် ပန်းမျိုးစုံတို့ စိုက်ထားသည်။ မီတို့အိမ်သည် ပန်းခင်းတို့အလယ်ရှိ တစ်ထပ်တိုက်ပြား လှလှလေး ဖြစ်သည်။ သူရောက်သွားချိန်တွင် မီသည် အချစ်တော် ဘော်ဘီနှင့် ပန်းခင်းထဲတွင် ပြေးကစားနေသည်။ သူ့ကိုမြင်လျှင် ၀မ်းသာအားရ တံခါး လာဖွင့်ပေးသည်။ “ ဦးက ဘာဖြစ်လို့ လာမယ်ဆိုတာ ကြိုမပြောတာလဲ ” ဟု အပြစ်တင်သည်။ “ ကလေး အံ့သြသွားစေချင်လို့ ” ဟု သူဖြေသည်။
            “ အန်တီနဲ့ မိတ်ဆက်ပေးမယ် ” ပြောရင်း သူ့ကို အိမ်ဆီသို့ မီခေါ်သွားသည်။
            မီတို့အိမ်၏ အလင်းအမှောင်အယူအဆ၊ ပရိဘေဂထားသိုပုံ၊ ဧည့်ခန်းအပြင်အဆင်တို့က ပညာတတ်အသိုင်းအ၀ိုင်းမှဖြစ်ကြောင်း ဖော်ပြနေသည်။
            မီ့အဒေါ်သည် တည်ငြိမ်အေးချမ်းသော မျက်နှာနှင့် တည်ငြိမ်ရင့်ကျက်သော အမျိုးသမီးကြီးဖြစ်သည်။ သိမ်မွေ့သော အပြုံးကို သူတုံ့ပြန်ရင်း အသက်ငါးဆယ်နီးပါးလောက်ရှိပြီဟု မ၀ံ့မရဲ ခန့်မှန်းမိသည်။ သူ့ကို မြင်မြင်ချင်း အမျိုးသမီးကြီးက
            “ မီလေး ပြောပြောနေတဲ့ ဒေါက်တာထင်တယ် ” ဟု ဖော်ရွေစွာ နှုတ်ဆက်သည်။ “ ဟုတ်ကဲ့ ” ဟု သူဖြေသည်။ ရင်းနှီးပွင့်လင်းသော ဆက်ဆံရေးကြောင့် သူအနေမကြုံ့။
            မီ့ကို သူမမေးဖြစ်ခဲ့သော သူမ၏ မိဘများအကြောင်းကို မီ့အဒေါ်က ပြောပြသည်။ သူမခြောက်လသမီးအရွယ်တွင်ပင် ကားမတော်တဆဖြစ်မှုတစ်ခုကြောင့် မိဘနှစ်ပါးလုံး ကွယ်လွန်ကြ ကြောင်း သူသိရသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် မိဘမဲ့ဖြစ်ရသော မီ့ကို သူသနားမိသည်။
            အပြန်တွင် သူ့ကို ခြံဝအထိ လိုက်ပို့ရင်း “ မနက်ဖြန် မီ့ကို ဘုရားအစုံလိုက်ပို့ ” ဟု မီပူဆာလေသည်။ “ စိတ်ချ ” ဟု သူဖြေရင်း လှည့်ထွက်ခဲ့သည်။
            လေအဝေ့တွင် ရွက်ဝါအချို့ ကြွေကျလာကြလေသည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
            စာမေးပွဲပြီးသွားသော်လည်း ထင်းရှူးပင်ကြီးအောက်တွင် သူတို့ ပုံမှန်ပင် ဆုံဖြစ်ကြသည်။ မီသည် သူ့ကို ထင်သည်ထင်ပင်ပို၍ သံယောဇဉ်တွယ်နေကြောင်း သူရိပ်စားမိသည်။ သူမ၏ မရှိတော့သော မိဘတို့နေရာတွင် သူ့ကို အစားထိုးပြီး တွယ်တာနေသည်လား။ သို့မဟုတ် . . .
            သူကိုယ်တိုင်ကရော။ ကလေးမကို သံယောဇဉ်ဖြစ်နေကြောင်း သူဝန်ခံသည်။ ထို့ထက်ပို၍ . . .
            သူ ဆက်မစဉ်းစားချင်။ မစဉ်းစားသင့်ဟု သူယူဆသည်။
            နွေညနေခင်းတို့သည် နေ၀င်ချိန်ရှုခင်းကို စုတ်တံဖြင့် ဖမ်းယူရင်း ၀ါဖျော့ဖျော့ မြက်ခင်းပြင်ပေါ်တွင် လမ်းလျှောက်ကြရင်းဖြင့် မသိမသာ ကုန်ဆုံးသွားကြသည်။
            ထိုရက်များအတွင်း ဆေးပညာကို သူပြန်လေ့လာဖြစ်သည်။ နှစ်နှစ်ကျော် သုံးနှစ်နီးပါးမျှ ထိတွေ့မှုကင်းခဲ့သော ပညာရပ်တို့ကို အများအတွက်ဟူသော အသိဖြင့် ပြန်လေ့လာခြင်းကြောင့် မူလထက်ပင် များစွာတိုးတက်လာကြောင်း သတိထားမိသည်။ သူ၏ ဆရာဝန်ဘ၀သည် အားသစ်အင်သစ်တို့ဖြင့် အသင့်ဖြစ်နေပေပြီ။
            ရည်မှန်းချက်ကြီးသောမီအတွက် ကောင်းနိုးရာရာ ဆေးပညာစာအုပ်များကိုလည်း သူစုဆောင်းဖြစ်သည်။
            မီတို့အောင်စာရင်းထွက်ရန် တစ်ပတ်အလိုတွင် သူ့ထံသို့ ကျန်းမာရေးဝန်ကြီးဌာနမှ အကြောင်းကြားစာ ရောက်လာသည်။ ဘာအံမြို့နယ်တွင်းရှိ တိုက်နယ်ဆေးရုံတစ်ရုံတွင် လထဆရာဝန် အဖြစ် ခန့်ထားကြောင်း အကြောင်းကြားစာ ဖြစ်သည်။ ထိုအကြောင်းကို ထိုညနေတွင် မီ့ကို သူပြောပြသည်။
            “ ဒီနေ့ ကလေးကို ၀မ်းသာစရာအကောင်းဆုံး အကြောင်းအရာတစ်ခု ပြောစရာရှိတယ် ”
            “ ဘာကိစ္စလည်း ဦး ” သူ့ကို ခေါင်းထောင်ကြည့်ရင်း မေးသည်။
            အကြောင်းကြားစာကို သူမလက်ထဲ သူထည့်သည်။ သူ့မျက်နှာကို နားမလည်သလိုကြည့်ရင်း စာရွက်ကို သူမ ဖတ်သည်။ ဖတ်နေရင်းမှပင် စာရွက်ကိုင်ထားသော လက်အစုံတို့ တုန်ယင် လာကြ၏။
            “ တကယ်နော် . . . ဒါ . တကယ်နော် . ဦး . . .၊ မီ ၀မ်းသာလိုက်တာ ဦးရယ် . . . ”
            အံ့သြ၀မ်းသာမှုဖြင့် သူမ၏ အသံသည် တုန်ခါနေ၏။ “ ကလေး စာမေးပွဲဖြေနေတုန်း ဦးလျှောက်လိုက်တာ ” ဟု သူပြောသည်။
            “ ဦးက အရင်သွားနှင့်ပေါ့၊ မီ နောက်ကလိုက်ခဲ့မယ်လေ ” ရွှင်မြူးသောလေသံ။
            တစ်စုံတစ်ခုကို သတိရသွားသလို ရုတ်တရက် သူမတွေသွားသည်။ မျက်နှာ တစ်ချက်ညှိုးသွားသည်ကို သူသတိထားမိသည်။
            “ မီတို့နှစ်ယောက် ခွဲရတော့မှာပေါ့နော် ” ဟု ငေးရင်းမှ ပြောသည်။
            “ ဦး စာရေးမှာပေါ့ ကလေးရဲ့၊ ခွင့်ရတိုင်း ပြန်လာမယ်လေ ” ဟု သူနှစ်သိမ့်သည်။
            “ မီ ဦးနဲ့မခွဲချင်ပါဘူး ဦးရယ်၊ ဒါပေမယ့် ဆရာဝန်တစ်ယောက်အဖြစ်နဲ့ လူနာတွေအနားမှာ ဦးရှိနေတာကို မီ ပိုမြင်ချင်တယ် ”
            သူမရင်ထဲမှလာသော စကားဖြစ်ကြောင်း သူခံစားမိသည်။ တကယ်ဆိုလျှင် သူမနှင့် ခွဲခွာရမည့်အဖြစ်ကို သူလည်း မလိုလားပါ။ သို့သော် သူသည် ဆရာဝန်တစ်ယောက် ဖြစ်နေလေပြီ။ လူနာတိုင်းအတွက် ၂၄ နာရီပတ်လုံး တာဝန်ရှိသူလည်း ဖြစ်သည်။ ပုဂ္ဂလိကဝေဒနာသည် ပရဟိတကိစ္စတွင် ဘေးဖယ်ထားရမည့်အရာဟု သူနားလည်သည်။ သို့သော် သူလည်း လွမ်းတတ်ပါသည်။
            “ ဦး ဘာတွေ တွေးနေတာလဲ။ ဘယ်လူနာကို ဘယ်လိုကုလိုက်မယ် သ-လိုက်မယ်နဲ့ တွေးကြည့်နေတာ မဟုတ်လား။ မီရောက်လာလို့ကတော့ ဦးလူနာတွေအကုန် မီ့ဆီရောက်အောင်ကို ကုပစ်မှာနော် ”
            ရယ်စရာဖြင့် သူတပါး၏စိတ်ကို ဖော့ပေးတတ်သော အတတ်ကို မီလည်းတတ်မြောက်နေကြောင်း သူသတိထားမိသည်။
            မည်သို့ပင်ဆိုစေ မီအောင်စာရင်းထွက်ပြီးနောက်နေ့တွင် တာဝန်ကျရာသို့ သူသွားရတော့မည်ဖြစ်ကြောင်း သူမကို မပြောဖြစ်ခဲ့ပါ။ မကြာခင် ခွဲရတော့မည်ဆိုသော အသိကြောင့် သူတုန်လှုပ်မိသော်လည်း သူမ မရိပ်မိအောင် ပိရိစွာ ဟန်ဆောင်နိုင်ခဲ့သည်။
            အဝေးဆီမှ ဥသြတွန်သံ ကြားရပြန်၏။
@@@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း ( ၄ ) ကိုလည်း အားပေးကြပါဦး . . .
ကြိုက်ရင်ပေါ့လေ . . .
Powered By Blogger