Friday, 31 October 2014

“ ဆေးပေါင်းခ . . . ”


သီတင်းကျွတ် တန်ဆောင်မုန်း လနတ်တော်...
ကောက်ဦးပေါ်လို့ မုန့်ဆမ်းလှော်...

တိုင်းစွန်ပြည်နားမှာ ထမင်းရှာစားနေတဲ့ ဦးဟန်ကြည်တစ်ယောက် မုန့်ဆမ်း မမြင်ဖူးတာ ဆယ်နှစ်ကျော်ပြီ။ ကုန်သည်လုပ်ငန်းကို အဓိကလုပ်ကြတဲ့ သည်ဘက်နယ်မှာ မုန့်ဆမ်းကို တောင့်တနေရင် တောင့်တတဲ့လူ လူမိုက်။ ပြည်နယ်မှာနေပြီး အညာမုန့်ကို ချဉ်ခြင်းတပ်နေရင် တပ်တဲ့လူ လူ့ဟာသ။

ရောမရောက်တော့ ရောမလို ကျင့်နေရတဲ့ ဦးဟန်ကြည်တစ်ယောက် အနှီလိုနဲ့ပဲ အညာစာတွေ ငတ်တာ ကြာပြီ။ မနက်မိုးလင်းရင် ပဲရေပွကြော်ကလေးနဲ့ ထမင်းဆီဆမ်းပြီး စားလိုက်ချင်တဲ့ အာသီသကို ချိုးနှိမ်ထားရတာ ဆယ်စုနှစ်တစ်ခု။ ထမင်းရည်ပူပူလေးကို ဆားခတ် မတ်ပဲဘယာကြော်ကလေးကို ချိုးချေထည့်ပြီး တရှူးရှူးမြည်အောင် သောက်ချင်တဲ့ ဆန္ဒကို အကောင်အထည်မဖော်နိုင်တာလည်း ကြာပြီ။ ပျော်ရာမှာ နေချင်ပေမင့်လည်း တော်ရာမှာ ငွေမြင်ရပြန်တော့လည်း ဆန္ဒတွေ အာသီသတွေကို ချိုးနှိမ်ထားကြရတာကိုက လူ့ဘ၀ပဲ ထင်ပါရဲ့။

လူ့စိတ်ဆိုတာမျိုးကလည်း အခက်သား။ ဖောဖောသီသီရနေတဲ့အချိန်တုန်းကတော့ စားရလွန်းလို့ မမြင်ချင်လောက်အောင် မုန်းနေပေမင့်လည်း ရှားပဟေ့ မရှိဘူးဟေ့ဆိုတဲ့ အချိန်မျိုးကတော့လည်း စားချင်လိုက်တာမှ ငမ်းငမ်းတက်။ အညာမှာနေတုန်းကတော့ တစ်ခါလာလည်း ပဲကြီးဟင်း တမာရွက်ပြုတ် ချဉ်ပေါင်ရွက်ချဉ်ရေ၊ နောက်နေ့လာလည်း သည်ဟင်း။ စိတ်အဆင်းရဲကြီးဆင်းရဲခဲ့ရတဲ့ သည်ဟင်းစပ်ကို မစားရတာ ဆယ်နှစ်လောက်လည်း ကြာလာရော သည်အချိန်မှာ အစားချင်ဆုံး ဟင်းစပ်က အနှီဟင်းစပ် ဖြစ်နေပြန်ရော။

အညာပြန်တာ နှစ်ခါရှိပေမင့်လည်း ရာသီက တမာရွက်တုံးတဲ့ နွေခေါင်ခေါင်ကြီးဖြစ်နေပြန်တော့လည်း ဦးဟန်ကြည်ခမျာ အညာရောက်ပါလျက်နဲ့ အာသီသက မပြေခဲ့တာ ပြန်တွေးတိုင်း ရင်နာလို့မဆုံး။ သည်ဘက်က ပဲကြီးတွေ နှပ်ပြီးစားပြန်တော့လည်း ဟိုဆေး သည်ဆေးတွေနဲ့ ပြင်ထားတာဆိုတော့ ဘယ်လိုနှပ်နှပ် အလှပ်လိုက်မဖြစ်ဘဲ မာဆတ်ဆတ်။ ငွေရသလောက် ငတ်တာ ကျုပ်တို့ပါဗျို့လို့ အော်ရရင် သူများ အတော်နားကြားပြင်းကတ်မယ်ထင်ရဲ့။ တတ်နိုင်ဘူး။ ကိုယ်ငတ်တာ ကိုယ်ပဲသိတာကိုး။

ဆရာစိုင်းခမ်းလိတ်ရဲ့ ရေကြည်ထဲက လရိပ်လေး သီချင်းစာသား “ မရမှန်းသိလေ...ပိုလိုချင်မိလေ... ” ဆိုတာကလည်း မှန်ချက် ကမ်းကုန်။ ဦးဟန်ကြည်ခမျာ လက်ထဲက ပိုက်ဆံလေးတွေ ထိုင်ကြည့်ရင်း သူ့အချိန် သူ့ရာသီအလိုက် အညာမှာပေါ်တဲ့ စားဖွယ်သောက်ခင်းလေးတွေကို ထိုင်တွေးနေရတာကိုက ရာသီပေါ် ၀ဋ်တစ်မျိုး။ ကိုယ့်ကိုယ်ကို အစားနဲ့ပတ်သက်ရင် အတော်ဒုက္ခငြိမ်းတယ်လို့ ထင်ထားပေမင့်လည်း ကိုယ့်ဒေသစာလေးတွေကိုတော့ မက်မက်စက်စက်မရှိဘဲ ဘယ်နေလိမ့်တုန်းလေ။ လူများကလည်း ခက်ပါ့။ အဝေးရောက်ကြပြီဆိုမှဖြင့် ဘာရယ်မဟုတ်တဲ့ ကိုယ့်ဒေသထွက် သွားရည်စာကလေး တစ်ဆုပ်တစ်ဖဲ့ကိုတောင် တမ်းတပြီး သွားရည်ကျတတ်တာမျိုး။

အလယ်တန်းကျောင်းသားဘ၀ နွေကျောင်းပိတ်ချိန်မှာ အညာက အဘိုးအဘွားတွေရဲ့ ကိုင်းထဲဆင်း ကြက်သွန်ဥ ၀ိုင်းတူးတဲ့အခါ နေ့ခင်းမှာ အခင်းရှင်ကကျွေးတဲ့ အကြော်နှစ်ခုကို သည်နေ့အထိ ဦးဟန်ကြည်လွမ်းတုန်း။ တူးလက်စ ကြက်သွန်ခင်းထဲက ကြက်သွန်တစ်ဥကို ပုဆိုးလေးနဲ့ သုတ်၊ အခွံမခွာဘဲ ဂျွမ်းခနဲကိုက်၊ ကြက်သွန်ခင်း မြောင်းပေါင်ပေါ်မှာ အတန်းလိုက် စိုက်ထားတဲ့ နံနံပင်တစ်ပင်ကိုချိုးပြီး ပါးစပ်ထဲပစ်ထည့်၊ အကြော်တစ်ကိုက်ကိုက်၊ မြိန်လိုက်တဲ့အရသာ။ သည်အရွယ်မှာ ဘာစားစား အနှီအရသာကို မီတာမျိုး တစ်ခါဖူးမှကို မကြုံတော့တဲ့အထိ။ အညာမှာနေခဲ့တုန်းကတောင်မှ အနှီလို ဇယော်ဇယာ စားစရာလေးတွေကို ကြံကြံဖန်ဖန် တမ်းတမိတတ်တဲ့ ဦးဟန်ကြည်ခမျာ ပြည်နယ်သားလည်းဖြစ်ရော ကြီးလိုက်ပါတဲ့ စားဒုက္ခ။ ပြောပြရင် လွန်အံ့တောင် ထင်ကြပေလိမ့်။

နွေဦးကလေးများ ပေါက်ပဟဲ့ဆိုရင် လက်ပံခေါင်းချဉ်ရည်ဟင်းကို ဦးဟန်ကြည် လွမ်းပြီ။

လာဟေ့ဒွား
သွားကောက်ချေစို့
ပွင့်ခြောက်ကယ် အနားလန်
ပင်လက်ပံ ကြွေချိန်ကျပြီမို့
မိဇံလှ နင်လိုက်ဦးမလား...

ဆိုတဲ့ကဗျာကိုများ ပြန်သတိရရင် မေ့မေ့လက်ရာ ချဉ်ရည်ဟင်းကို လွမ်းလွန်လွန်းလို့ သွားရည်များတောင် ကျမိပါရဲ့။ တစ်ခါတစ်ခါတော့လည်း ဘာမဟုတ်တဲ့ ကြောက်လျှာပွင့်သုတ်ကိုတောင် လွမ်းမိပြန်ရော။ သည်ဘက်နယ်မှာက ကြောင်လျှာပွင့်ကို သုတ်စားရကောင်းမှန်း မသိတာကြောင့် အပင်အောက်မှာ အပွင့်တွေ ထောင်းလမောင်းထအောင် ကြွေနေတာကို သည်အတိုင်းပစ်ထားကြတာ မြင်ရရင် ပြေးကောက်၊ ပြုတ်သုတ်စားချင်စိတ်တောင် ပေါက်မိသေး။

ဒါတင်ဘယ်ကလိမ့်တုန်း။ ထန်းလက်ကာ ထန်းလက်မိုးထားတဲ့ တစ်ဖက်ရပ်တဲ့ကလေးထဲက ထန်းလက်နဲ့လုပ်ထားတဲ့ ကွပ်ပျစ်မှာ ထိုင်ပြီး မြူအိုးထဲက ခိုပြာရောင်ပေါက်နေတဲ့ ငှက်ခါးတောင် ပုစွန်ဆိတ်ခုန် ထန်းရည်ကို အုန်းမှုတ်ခွက်ကလေးနဲ့ ခပ်သောက်ရတဲ့ အရသာကလည်း ကြိုက်တတ်ရင် လွမ်းစရာ။ စပါးခင်းပေါတဲ့ အညာဆိုတော့လည်း လယ်ကြွက်ကြီးတွေက ဆူပါဘိသနဲ့။ တကယ်ကျွမ်းကျင်တဲ့လူက လယ်ကြွက်ကို ချင်း၊ ကြက်သွန်ဖြူ ဓားပြားရိုက်နဲ့ ကျကျနနများ ကြော်ထားတာကို ထန်းရည်နဲ့များ မြည်းလိုက်ရလို့ကတော့ “ နင့် နန်းမြေကနက် ငါ့ထန်းရည်တစ်ခွက်နဲ့ မလဲရေးချ မလဲ... ” လို့တောင် ကြွေးကြော်မိမှာ ကျိန်းသေ။

မိုးကျပြန်တော့ ပိုဆိုးရော။ ဦးဟန်ကြည်တို့ အညာမှာ မိုးရာသီဆိုရင် အသီးအနှံတယ်ပေါသကိုး။ သက်ရွက်ဆွေးတို့ နွားချေးတို့ပဲသုံးပြီး သဘာဝကျကျ စိုက်ထားတဲ့ အသီးအနှံဆိုတာ ဘယ်လိုပဲစားစား အရည်ရွှမ်းရွှမ်း၊ အရသာအပြည့်။ မုန်လာဥ လတ်လတ်ဆတ်ဆတ်တွေကို ပြုတ်ပြီး ပဲငပိဟင်း အရည်ကျဲနဲ့ တို့စားရတဲ့ ဟင်းကို ငယ်ငယ်က အင်မတန်မုန်းပေမင့် အခုအချိန်မှာ ပြန်စားရမယ်ဆိုရင် တစ်လလုံးလုံးတောင် စားလိုက်ချင်စမ်းပါရဲ့။ သည်စာကို ရေးနေရင်းနဲ့တောင် မုန်ညင်းဖူးကြော် မွှေးမွှေးလေးကို လွမ်းမိပြန်ပါရောလား။

ဆောင်းဦးပေါက်ပဟဲ့ဆိုရင်လည်း လွမ်းစရာတွေက အပြည့်။ ဆောင်းတွင်းကြီး ချမ်းချမ်းဆီးဆီးမှာ သစ်တစ်ပင်လုံးကို အလျားလိုက် တုံးလုံးလှဲပြီး မီးရှို့ထားတဲ့ မီးဖိုနံဘေးမှာ တိုးတိုးဝှေ့ဝှေ့နဲ့ ပူးကပ်ထိုင်ကြရင်း ပြာပူထိုးထားတဲ့ ထန်းမြစ် ဖောင်းဖောင်းအိအိကြီးတွေကို အလုအယက်ယူ၊ ပြာတွေစင်သွားအောင် ပုဆိုးနဲ့သုတ်၊ အခွံတွေခွာ၊ အမျှင်တွေသင်၊ ထပ်ကိုင်းခြမ်း၊ အူတိုင်ထုတ်၊ တစ်ခြမ်းချင်းကို တစ်ပိုင်းစီချိုးပြီး ပြာတွေလူးနေတဲ့ ပန်းကန်ထဲမှာ ထည့်ထားတဲ့ ဆီဆားနဲ့ တို့စားရတာများ အခုပြန်တွေးကြည့် အခုသွားရည်ကျတုန်း။ ပဲစဉ်းငုံပေါ်တဲ့အခါဆိုရင်တော့ ပဲစဉ်းငုံကို အခွံမသင်ဘဲ အိုးထဲပစ်ထည့်ပြီးပြုတ်။ ပဲစဉ်းငုံပြုတ်ကို ဆီများများ ဆားသင့်ရုံထည့်ပြီး တို့စားရတာများ ငယ်ငယ်တုန်းက နတ်သြဇာအစစ်။ ပြောကြစတမ်းဆိုရင်တော့ ဦးဟန်ကြည်တို့ အညာဆိုတာ ငွေကြေးပိုင်းဆိုင်ရာနဲ့ လူနေမှုအဆင့်အတန်းမှာ တန်းမ၀င် စံမမီပေမင့် အစားအစာကတော့ တကယ်ပေါတာကလား။ ဒါကြောင့်လည်း အညာသားများ ကျန်းမာထွားကျိုင်းပြီး ခွန်အားဗလနဲ့ ပြည့်စုံကြတာ ထင်ပါရဲ့။

ဘ၀ရဲ့ သုံးပုံနှစ်ပုံလောက် အညာစာတွေစားပြီး အညာအားအပြည့်နဲ့ အညာသားဖြစ်ခဲ့တဲ့ ဦးဟန်ကြည်ခမျာ ပြည်နယ်သားလည်းဖြစ်ရော အူနဲ့ဟောင်းလောင်း ဖြစ်ပါလေရော။ မနက်မိုးလင်းလို့ ဘာစားမလဲကြည့်လိုက်ရင် ယိုးဒယားစာ “ ကွေ့တယို ”၊ လက်ဖက်ရည်ဆိုင်က နန်းကြီးသုတ်ဆိုတာကလည်း ဦးဟန်ကြည်တို့ ခပ်ငယ်ငယ် အသုပ်စုံလုပ်တန်းကစားခဲ့တဲ့ အသုပ်ကမှ လူစဉ်မီဦးမယ်ထင်ရဲ့။ မုန့်ဟင်းခါးကလေး သောက်မဟဲ့လို့ ကြည့်လိုက်ရင် မုန့်ဖတ်က နှစ်ကျပ်သား ငှက်ပျောအူဖတ်က တစ်ပိဿာ။ ဒါတွေချည်းတွေ့နေရတော့လည်း ဦးဟန်ကြည်ခမျာ မနက်စာရယ်လို့ သတ်သတ်မှတ်မှတ် မစားတော့ဘဲ ဗိုက်ဆာမှပဲ ထမင်းအုပ်လိုက်တာ သည်ဘက်နယ် ရောက်ကတည်းက။ ကာလတွေကြာလာတော့လည်း မနက်စာဆိုတာ ကိုယ်နဲ့မဆိုင်သလိုတောင် ဖြစ်နေပါရော့လား။

ထမင်းစားပြန်တော့လည်း အရွက်တွေက မလတ်ဆတ်၊ အသီးတွေက ဆေးအုပ်၊ အသားတွေက ရေခဲရိုက်။ စိတ်ကြိုက်ဖြစ်မှသာ စားစတမ်းဆိုရင် မာလက ဈာန်ကြွတာ ကြာပေါ့။ စိတ်လိုလက်ရရှိလို့ ညစာကို ဆိုင်သွားစားပြန်ရင်လည်း ဆိုင့်တကာဆိုင်တိုင်းမှာ ချိုတိုတို စပ်တပ်တပ် ယိုးဒယားစာတွေချည်း။ ဒါမစားချင်ဘူးလို့ ညည်းနေရင်လည်း ကိုယ်ပဲငတ်မှာ သေချာနေတော့ ကြိုက်ခြင်းမကြိုက်ခြင်းကို ဘေးချိတ်ပြီး ဇွတ်မှိတ်မြိုရင်းနဲ့ “ ရသတဏှာ ” တောင် ပျောက်လုပျောက်ခင်။ တစ်ခါတစ်ခါ စိတ်ချဉ်ပေါက်လာရင် ကရင်တွေစားသလို ဘူးသီးရေလုံပြုတ်နဲ့ ထမင်းချည်းစားလိုက်ရတာတောင် ခံတွင်းလိုက်သေးရဲ့။

လူ့မနောကလည်း မဖြစ်လို့ ဇွတ်နှစ်လိုက်ရဦးတောင် ဗီဇစိတ်ဆိုတာ လွယ်လွယ်နဲ့ ဘယ်ပျောက်လိမ့်တုန်း။ အနှီတော့လည်း ရာသီချိန်ကျပြီဆိုရင် ရာသီစာကလေးတွေကို အာသီသက ရှိပြန်ပါရော။ ခက်တာက သည်ဘက်နယ်က စားဓလေ့က အညာဓလေ့နဲ့ ဖီလာ။ ကောက်ညှင်းပေါင်းကို အုန်းသီးဆံဖြူးစားတာ သူရို့ပါးစပ်နဲ့ အဟပ်ညီပေမင့် ဆီဆမ်း ဆားဖြူးပြီး ကောက်ညှင်းစေ့ပျောက်အောင် လုံးနယ်စားတဲ့ အညာဓလေ့နဲ့ကျတော့ ပြောင်းပြန်။ ထန်းမြစ်မီးဖုတ်မရနိုင်ရင်လည်း အရပ်ထဲမှာ လည်ရောင်းနေတဲ့ ထန်းမြစ်ပြုတ်ကလေးကို ချဉ်ရဲပြေစားမယ်လို့ မြည်းကြည့်ပြန်တော့လည်း လက်ညှိုးလုံးလောက် ထန်းမြစ်ကလေးတွေကို မဖြစ်ညစ်ကျယ် ပြုတ်ထားရတဲ့ကြားမှာ ထန်းမြစ်ကလည်း နုထွတ်နေပြန်တော့ ခါးချက် ကမ်းကုန်။ အနှီတော့လည်း အညာသားဦးဟန်ကြည်ခမျာ ရာသီစာဟူသမျှ သေခန်းပြတ်။

တမြန်နေ့ကတော့ Myanmar MP3.net ကနေ သီချင်းတွေ ရှာနားထောင်ရင်း ဇော်ဝင်းထွဋ်ရဲ့ “ ဆေးပေါင်းခတဲ့ည ” ဆီးရီးကို နားထောင်လိုက်မိတာ ရာသီစာ မယ်ဇလီဖူးသုတ် စားချင်တဲ့ပိုးက အလိုက်ကမ်းဆိုးမသိ ထလာပြန်ပါရောလား။ ခက်တာက သည်ဘက်နယ်မှာ မယ်ဇလီဖူးကို သုတ်စားရကောင်းမှန်းမသိဘဲ အပွင့်ပါမကျန် ရောထည့်ပြီး ဟင်းချိုချက်သောက်တာပဲ တတ်တာကိုး။ သည်ကြားထဲမှာ ဒေသကလည်း သစ်ပင်ဟေ့ဆိုရင် ဓာတ်ဗူးလောက် လုံးပတ်ရှိရင်တောင် လှဲပြီး ခွဲစိတ်ရောင်းစားကြပြန်တော့ “ ဆေးပေါင်းခ ” ချင်တဲ့ အိပ်မက်က ခပ်ဝါးဝါး။

သို့ပေမင့် “ လူမင်းဘုန်းကြီး နတ်မင်းမနေနိုင် ” ဆိုတဲ့ မြန်မာစကားပုံက အတော်မှန်ဟန်တူရဲ့။ တပည့်မတစ်ယောက်က “ ဆရာ မနက်ပိုင်းဆိုရင် ဈေးသည်တွေ မယ်ဇလီဖူး လာရောင်းတယ်ဆရာဆရာလိုချင်ရင် သမီးဝယ်ခဲ့မယ် ” လို့ မနေ့ညနေက သတင်းပို့ပါရောလား။ ကြည့်စမ်း။ တော်လိုက်တဲ့တပည့်။ ဆရာက မယ်ဇလီဖူးသုတ်စားချင်တယ်လို့ ပြောဖူးလို့ သမီးမှတ်ထားတာ ” လို့ဆက်ပြောတော့ အနှီတပည့်ကို အမှတ်ကြီးတစ်မှတ်တောင် ပေးလိုက်မိသေး။ သို့ပေမင့် သူရို့ဒေသအထာကို သဘောပေါက်ပြီးသားဆိုတော့လည်း “ ဟဲ့မယ်ဇလီဖူးက အပွင့်ဝါ၀ါတွေ မပါဘူးနော်အဖူးလေးတွေချည်းပဲ ” လို့ တိတိကျကျ ပြောလိုက်ရသေးရဲ့။

သည်နေ့ညနေခင်း သင်တန်းချိန်ရောက်တော့ တပည့်မက မယ်ဇလီဖူး ပြုတ်ပြီးသား အထုပ်သုံးထုပ် ဦးဟန်ကြည့်လက်ထဲကို လာထည့်ပါလေရော။ အစိမ်းမရလို့ ပြုတ်ပြီးသားဝယ်လာတာလို့ ဆိုပေမင့်လည်း something is better than nothing မူအတိုင်း လက်ခံထားလိုက်ရပါရဲ့။ အထုပ်ကို ဖြည်ကြည့်လိုက်တော့ မယ်ဇလီဖူးက တကယ်ပိစိလေးတွေချည်း။ နှမ်းစေ့ကတောင် သူ့ထက် အရွယ်ကြီးမယ်ထင်ရဲ့။ သည်ကြားထဲမှာ အရိုးတွေမဖယ် အညှာတွေ မသင်ဘဲ သည်အတိုင်းပြုတ်ထားလိုက်တာများ တစ်ရိုးတစ်ရိုးက လက်သန်းလောက်။ သို့ပေမင့် “ အလကားရတဲ့နွား သွားဖြဲကြည့် ” နေလို့မှ မဖြစ်ဘဲကိုး။ အနှီတော့လည်း ဆရာလုပ်တဲ့လူတွေရဲ့ ထုံးစံအတိုင်း ၀ယ်လာတဲ့တပည့် စိတ်ချမ်းသာအောင် သာဓုကလေးဘာလေးခေါ်၊ ဆုလေးဘာလေး ပေးရပေသပေါ့လေ။

အိမ်ပြန်ရောက်လို့ “ မဒမ်ရေမယ်ဇလီဖူး သုတ်စားရအောင်ဟေ့ဆေးပေါင်းခသတဲ့ကွ ” လို့ ပြောပြီး မဒမ်ကြည့်လက်ထဲ မယ်ဇလီဖူးထုပ်တွေ ထည့်လိုက်တော့ မဒမ်ကြည့်မျက်နှာက မထုံတက်သေး။ “ ဟဒီဒေသမှာက မယ်ဇလီဖူးဆိုတာ ရှားပါးပစ္စည်းကွ ” လို့ ကိုယ့်ပစ္စည်းကို role တင်လိုက်မိမှပဲ “ မယ်ဇလီဖူး သုတ်စားတာကတော့ ဟုတ်ပါပြီ.ဘယ်မလဲ အာလူးတိုဖူးကလေးကလည်း ပါဦးမှ စားကောင်းမှာ ဘယ်မလဲ တိုဖူး ” ဆိုတဲ့ မဒမ့်စကားလည်းကြားရော ဦးဟန်ကြည် ပါတောပိတ်။ အာလူးဆိုတာက ဈေးထဲသွားဝယ်ရင် ရနိုင်ပေမင့်လည်း အချိန်က ညကြီးအချိန်မတော်။ တိုဖူးဆိုတာက ပိုဆိုးသေး။ စားချင်ဦးတောင် တိုဖူးရောင်းတဲ့ဆိုင်မရှိ။ စားချင်သပဆိုရင် ပဲမှုန့်အစိမ်းဝယ်ပြီး ကျိုပေရော့ကိုယ်တိုင်။

အနှီတော့လည်းကိုင်းသည်ညတော့ ဆေးပေါင်းခမဟဲ့ ဆိုတဲ့ ဦးဟန်ကြည်ရဲ့ ဧရာမစိတ်ကူးကြီးခမျာလည်း မဒမ့်လက်ထဲက မယ်ဇလီဖူးပြုတ် ပျော့ပြဲပြဲကလေးတွေနဲ့အတူ ပုံပျက်ပန်းပျက်ဖြစ်ရော။ ဦးဟန်ကြည်တို့ ဖီလင်အောက်ပုံများကတော့ ထီပေါက်ပြီး လက်မှတ်ပျောက်တဲ့အဖြစ်နဲ့ နင်လားငါလား။ မဒမ့်မျက်နှာကြည့်လိုက်တော့ “ ကိုင်းဘယ့်နှယ်ရှိစ ” ဆိုတဲ့ မျက်နှာပေးနဲ့။ မဖြစ်ဖြစ်အောင် စီစဉ်ပြီး သုတ်ပေးကွာလို့ ပါဝါသွားပြရင်လည်း မယ်ဇလီသုံးထုပ်လုံး မိုးပျံဂီယာတပ်ခံရမှာ သေချာပေါက်။ အနှီတော့လည်း -

ကိုင်းမဒမ်ရေအနှီမယ်ဇလီဖူးလေးတွေကို ရေခဲသေတ္တာထဲမှာ ထည့်ထားလိုက်ပါ့မယ်ကွာမနက်ခင်းမှာ မယ်ဇလီဖူးတွေလည်း အကောင်းအတိုင်းရှိ၊ ဦးဟန်ကြည်လည်း စားရကံကြုံရင်တော့ ဆီချက်ကလေးချက်ပြီး ဖြစ်သလိုပဲ သုတ်စားလိုက်ကြတာပေါ့စားရကံမကြုံတော့လည်း အခါတိုင်းနှစ်တွေလိုပဲ ငတ်မြဲ ငတ်ဆဲလို့ သတ်မှတ်လိုက်ကြပါစို့ရဲ့

လို့ လေပြေကလေးထိုးရင်း ရေခဲသေတ္တာကလေးကို အသာဖွင့် အထုပ်ကလေးသုံးထုပ်ကို ထည့်ရင်း အဆင်သင့်တွေ့တဲ့ ဘီယာကလေးတစ်ဗူးကို အသာဖောက်ပြီး…“ ဘီယာလည်း ဆေးဖက်ဝင်ပါသကွာတံဆိပ်တစ်မျိုးကို ဆေးတစ်မျိုးလို့ သတ်မှတ်ပြီး ဆေးပေါင်းခသွားအောင်လို့ ဘီယာနှစ်မျိုး တွဲသောက်လိုက်ပါ့မယ်… ” လို့ အသာလျှောချလိုက်ရပါရောလား။

ဘီယာလေးနှစ်ဗူးကို စားပွဲပေါ်အသာချ၊ ကွန်ပျူတာထဲက သီချင်းတစ်ပုဒ်ကို ကောက်ဖွင့်လိုက်တော့ Rocker ကြီး ဇော်ဝင်းထွဋ်ရဲ့

***ဆေးပေါင်းခတဲ့ ညပေါ့ကွယ်
ဒီမှာကိုယ့်အနား မင်းရှိနေတယ်
ဒဏ်ရာတွေအကုန်လုံး အဝေးသို့လွင့်စင်
ကြင်နာသူ အချစ်များ ဆေးဖက်ဝင်*** ”

ဆိုတဲ့ သီချင်းသံကြီးက ဟိန်းလို့။ အင်းပေါ့လေအနားမှာ မဒမ်ကြည် ရှိနေမင့်ဟာ မယ်ဇလီဖူးတောင် ဘယ်လိုတော့လိမ့်တုန်း။ ပြောရမယ်ဆိုရင် ဘီယာလေးတောင် အဆစ်ပါသေးရဲ့ မဟုတ်လား ;)      




( ဟန်ကြည် )
၃၀.၁၀.၂၀၁၄ ( ကြာသပတေးနေ့ )

8 comments:

စံပယ်ချို said...

ဖတ်ပြီးတာနဲ့ တခုခုစားချင်လာသလို ဗိုက်ပဲဆာလာသလို အမြဲမြင်နေကျ ပီဇာကိုမုန်းလာသလိုလို(မုန်းနေပါပြီ) မယ်ဇလီဖူးသုပ်လေးစဉ်းစားရင်းဂလုဂလုနဲ့ ဆရာရေးခဲ့သလိုပါပဲ -----ရှားပဟေ့ မရှိဘူးဟေ့ဆိုတဲ့အချိန်မှာ စားချင်တာငမ်းငမ်းတက်---

Anonymous said...

ကျမကိုများစောင်းပြောနေသလားလို့ ....း)
မယ်ဇလီဖူးမရှိလို့ ထိုင်းကလာတဲ့မယ်ဇလီရွက်ဘူးကိုအမြဲဝယ်ထားပြီးစားချင်စိတ်ပေါ်တိုင်းသုပ်စားတယ်။ ကံကောင်းတဲ့အခါများဆိုရင်တော့အဖူးလေးတွေပါလာတတ်တယ်။
ရှားတာကိုမဟုတ်ဘူး။ မရှိတဲ့အရပ်ရောက်နေမှဟိုအရင်ကမကြိုက်ခဲ့မစားခဲ့တာတွေပါကြိုက်လာစားချင်လာပါရောလားဆရာဟန်ရေ။
အိုင်အိုရာ

blackroze said...

ဆရာဟန်ရေ
ဖတ်ပြီးတော့ သရေတောက်တောက်ကျသွားလေသည်
ကောက်ညှင်းပေါင်းကိုဆုပ်ဆုပ်ပြီး မစားရတာကြာပေါ့
ဒီအလုပ်ပိတ်ရက်အိမ်မှာ ပေါင်းစားဦးမယ်..
လက်ပံခေါင်းချဉ်ရည်ဟင်းကို တခါမှ ကိုမစားဖူးဘူး..

နန်း ရွှေမှုံ said...

အညာသူနန်းရွှေမှုံတို့လဲ ထိုင်းအစားအစာ ချိုချိုစပ်စပ်ကို မစားတတ်လို့ မဖြစ်ဖြစ်အောင် ရှာဖွေ၊ ကြံဖန်၊ စားသောက်ရတယ်ဆရာဟန်ရေ...။ မြန်မာပြည်မပြန်ခင်ကတည်းက စားချင်တာတွေကို စာရင်းပြုစုထားပြီး ပြန်ရောက်ရောက်ချင်း လိုက်ရှာပြီးစားတော့တာပဲ။ ပြန်မယ်လို့စီစဉ်ပြီးကတည်းက သတိရတိုင်း ဖုန်းတဂွမ်ဂွမ်ဆက်ပြီး အမ ဘာစားချင်တယ်၊ ညာစားချင်တယ်လို့လဲ ပါးစပ်က တကြော်ကြော်အော်နေလို့ အမလုပ်သူက ငါ့ညီမ ဘန်ကောက်ကနေ ငတ်ပြီးပြန်လာမယ် မှတ်ချက်ပြုခံရဖူးတယ်။ >.< ကိုယ်ငတ်တာ ကိုယ်ပဲသိတယ်အမရေ... လို့ပဲ ပြန်ပြောလိုက်ပါတယ်။ :P

Ma Tint said...

ဆေးပေါင်းမခလိုက်ရပေမယ့် အစားထိုးလိုက်ရလို့ ခံသာတယ်မဟုတ်လား ဆရာဟန်ရယ် ... :)
ပြီးပြည့်စုံတယ်ရယ်လို့ မရှိတဲ့လောကကြီးမို့ တောမှာနေစဉ်က ၀၀လင်လင် စားချင်တာလေးတွေ စားပြီးခဲ့ပြီပဲ အခုတော့ ငွေမျက်နှာကြောင့် မက်မက်စက်စက်လေးတွေ မစားရတာကို သည်းခံလက်စနဲ့သည်းခံလိုက်ပါတော့ .... :P
စကားမစပ် (လပြည့်နေ့) ၆ရက်နေ့ည ၁၁နာရီခွဲကနေ ၁၂နာရီအတွင်း စားတဲ့ မယ်ဇလီဖူးသုပ်က ဆေးအာနိသင်ထက်တယ်လို့ ဆရာတော်တစ်ပါးပြောတယ်။

ဆုမြတ်မိုး said...

မယ်ဇလီကိုချက်စားလည်းကောင်းတယ်ဗျ......။
ပုဇွန်ခြောက် ဆီ ဆား ငပိ ၊ ရေ အနေတော်လေးထည့်ပြီး သုံးရေလေးရေ ခမ်းအောင်ချက်ရင် အသုတ်ထက်တောင်ဆိမ့်သေးတာ ။

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

အမ်မလေး တောင့်တချိန်မှာ ဘီယာလေးများရှိနေလို့ကတော့လားးးးးးဗျာာာား)

Myint Thein said...

ဆေးပေါင်းခ တယ် လို့ ခုမှဘဲ ကြားဖူးတော့တယ်။ ဆေးမျိုးစုံလား။ ဗီတာမင် Cevit ကော ပါလား။

ကြိုက်ရင်ပေါ့လေ . . .