Monday, 18 June 2012

စာတတ်နဲ့ ပညာတတ် . . .

သမိုင်းဦးဘုံမြေခေတ်၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ယမ်းမှုန့်ခေတ်၊ ဘာခေတ် ညာခေတ်တွေ တစ်ခေတ်ပြီးတစ်ခေတ် ဖြတ်သန်းလာလိုက်တာ လောလောဆယ် ဦးဟန်ကြည်တို့ ရပ်တည်ရှင်သန်နေတဲ့ ခေတ်ကြီးကိုတော့ ပညာခေတ် ( Knowledge age ) လို့ ပညာရှင်တွေက သတ်မှတ်ထားကြပါသတဲ့။ ကျောက်ခေတ်တုန်းကတော့ ကျောက်လက်နက်ကောင်းတွေ ပိုင်ဆိုင်တဲ့ လူစု၊ အားခွန်ဗလ ကောင်းတဲ့လူစုလက်မှာ ပါဝါရှိခဲ့ပေမယ့် ပညာခေတ်မှာ ပညာရှင်တွေလက်ထဲကို ပါဝါရွှေ့ပြောင်းလာတယ်ဆိုတာ ပို့စ်တစ်ခုမှာ ဦးဟန်ကြည် ရေးဖြစ်ခဲ့ပါသေးတယ်။

ပညာခေတ်ကြီးမှာ ရွှေပြည်သားတွေအားလုံးလိုလို ပညာနောက်ကို ကောက်ကောက်ပါအောင် လိုက်ချက်ကတော့ ပြောမယုံ၊ ကြုံဖူးမှပဲ သိကြတော့မှာပါပဲ။ ဘယ်ဂျာနယ်ကိုကောက်လှန်လှန် ပညာရေးဝန်ဆောင်မှုကြော်ငြာတွေမှ မမြင်ချင့်အဆုံး။ ဆယ်တန်းအောင်ရင် ဆေးကျောင်းတက်မယ်၊ စက်မှုတက္ကသိုလ်တက်မယ်လောက်ပဲ စိတ်ကူးခဲ့ပြီး ဆရာဝန်လုပ်ဖို့၊ အင်ဂျင်နီယာလုပ်ဖို့လောက်ပဲ ရည်မှန်းနိုင်ခဲ့တဲ့ ဦးဟန်ကြည်တို့ခေတ်နဲ့လည်း အကွာကြီးကွာခဲ့ပြီပေါ့လေ။ ကလေးပေါက်စအရွယ်ကတည်းက ILBC တို့ ELA တို့မှာ နိုင်ငံတကာအဆင့် ပညာတွေ အပြိုင်အဆိုင် သင်ယူကြပြီး GCE – O Level ပြီးတာနဲ့ နိုင်ငံခြားမှာ ပညာသင်ယူဖို့ဆိုတာ ဒီဘက်ခေတ်ကလေးတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားလာတဲ့ ဝေါဟာရသစ်တစ်ခု ဖြစ်နေပါရောလား။ ထို့နည်းတူပဲ မိဘတွေရဲ့ ပါးစပ်ဖျားမှာလည်း တို့သားကို ဘယ်နိုင်ငံ၊ ဘယ်တက္ကသိုလ်မှာ ထားတယ်ဆိုတာ မော်ဒန်ကြွားလုံးတစ်ခုဖြစ်လာပြန်ပါပေါ့။ ကိုယ့်တိုင်းပြည်က လူငယ်တွေ နိုင်ငံတကာပညာတွေ အပြိုင်အဆိုင် သင်ယူကြ၊ အားတက်သရောကြိုးစားကြတာတွေမြင်ရတော့ ဦးဟန်ကြည်ခမျာ ၀မ်းသာဝမ်းနည်းကို ဖြစ်လို့။

အနှီလိုပြောပြန်တော့ ဆရာ့နှယ် ကလေးတွေ နိုင်ငံတကာပညာကောင်းတွေ သင်ယူကြတာ ၀မ်းသာတယ်ဆိုဟုတ်သေးရဲ့ ဘယ့်နှာဖြစ်လို့ ၀မ်းနည်းတာကြီးက ပါလာရပြန်တာလည်းလို့ မေးပြန်ရင်လည်း မေးစရာပါ့လေ။ သြော် . . . ကိုယ့်တိုင်းပြည်ရဲ့ အညွန့်အဖူးလေးတွေ တကယ့်ပညာကောင်းတွေ သင်ယူခွင့်ရကြတာ ဘယ်ဝမ်းမသာဘဲ နေလိမ့်တုန်းဗျာ။ ဖြစ်နိုင်ရင် ကိုယ်တိုင်တောင် နိုင်ငံတကာပညာရေးကို မြည်းစမ်းခွင့်၊ နိုင်ငံတကာကလူတွေနဲ့ ရင်ဘောင်တမ်းပြီး ကြိုးစားပြခွင့် တစ်ပွဲတစ်လမ်းလောက်တော့ ရချင်သေးတာပဲ။ ၀မ်းနည်းရခြင်းကတော့ ကိုယ့်တိုင်းပြည်မှာ အဆင့်မီပညာရေးမျိုး မပေးနိုင်သေးတာကြောင့် ကိုယ့်ပြည်က ကလေးတွေ၊ လူကြီးတွေ ပြည်ပမှာ ငွေကြေးပေါင်းများစွာ သောက်သောက်လဲ အကုန်ခံပြီး ပညာသင်ယူနေကြတာ တွေးမိလို့ပါ့။ အနှီလို သွားသင်နေကြရတော့ ကိုယ့်တိုင်းပြည်က ရသင့်ရထိုက်တဲ့ ပညာရေးဝန်ဆောင်ခတွေကို ပြည်ပနိုင်ငံတွေက ရကုန်ကြတာတွေလည်း တွေးမိပြီး နှမြောမိတာကြောင့်လည်း ၀မ်းသာစိတ်ထဲမှာ ၀မ်းနည်းစိတ်ကလေး စွက်သွားရတယ် ဆိုကြပါစို့။

ဒီနေ့ခေတ်စားနေတဲ့ ဈေးကွက်စီးပွားရေးစနစ်ကလည်း ရောင်းလို့ရတာ အကုန်ရောင်းဆိုတဲ့ မူပေါ်မှာ အခြေခံပြန်တာကြောင့် ပညာရေးဆိုတာလည်း အရင်ခေတ်ကလို လူမှုရေးမဟုတ်တော့ဘဲ လူမှုစီးပွားရေးပုံစံဖြစ်လာပါလေရဲ့။ ၀ယ်သူရှိရာ ရောင်းသူလာဆိုတဲ့ ခေတ်သစ်ပုံစံအတိုင်း အင်တိုက်အားတိုက် ရောင်းလိုက်ကြတာ အခုဆိုရင် ရန်ကုန်တို့ မန္တလေးတို့မှာ နိုင်ငံခြားတက္ကသိုလ်တွေက ကျောင်းခွဲတွေတောင် အပြိုင်းအရိုင်း ဖွင့်ကုန်ကြပါရောလား။ ပြောရရင်တော့ ကိုယ့်ဆီကငွေတွေကို လာလာကြုံးသွားကြပေါ့ဗျာ။ ဒါတွေကို ကြည့်ရင်း ကိုယ့်ကလေးတွေ ပညာကောင်းတွေသင်ကြရတာကို မုဒိတာပွားရင်း၊ နိုင်ငံတကာတန်းဝင်ပညာရေးဝန်ဆောင်မှုတွေ ကိုယ့်ပြည်တွင်းမှာ ပြည်တွင်းကပညာရှင်တွေနဲ့ အကောင်အထည်ဖော်ပြီး နိုင်ငံခြားသားတွေ ကိုယ့်ဆီမှာ ပညာလာသင်ကြရင် ဘယ်လောက်ကောင်းလိမ့်မလဲဆိုတဲ့ ကြိတ်မနိုင်ခဲမရ အတွေးကြီးတွေနဲ့ ပျော်မောကြီးမောရပေါင်းလည်း မနည်းပေါင်။ လွန်ခဲ့တဲ့ခေတ်တွေတုန်းက ရန်ကုန်တက္ကသိုလ်မှာ နိုင်ငံခြားသားတွေတောင် လာပြီးပညာသင်ယူခဲ့ကြတဲ့ သာဓကတွေကလည်း ဦးဟန်ကြည်ကို မီးထိုးပေးပြန်သကိုး။

အနှီလို ပညာမှပညာ၊ ပညာသည်ငွေဆိုတဲ့ ရည်မှန်းချက်ကြီးတွေနဲ့ ပညာခေတ်မှာ ကြိုးစားပမ်းစား ပညာတွေသင်ယူလိုက်ကြတာ ဦးဟန်ကြည်တို့ ပတ်ဝန်းကျင်မှာ ပညာတတ်ဆိုတဲ့ လူတွေမှ ဒုနဲ့ဒေးဖြစ်လာပါရောလား။ ခက်တာက ကိုယ့်ဆီမှာက စာတတ်နဲ့ ပညာတတ်က ကွဲမှမကွဲကြဘဲကိုး။ လူတစ်ယောက် ဘွဲ့ရတယ်၊ အတန်းပညာရှိတယ်ဆိုရင်ပဲ ပညာတတ်စာရင်း ကောက်သွင်းလိုက်ကြတာချည်းပါ့။ ဦးဟန်ကြည်ကတော့ စာနဲ့ပညာကို တစ်ကဏ္ဍစီခွဲထားချင်တဲ့လူမို့ ပတ်ဝန်းကျင်မှာ ပညာတတ်တွေ ဒုနဲ့ဒေးလို့ မပြောဘဲ ပညာတတ်ဆိုတဲ့လူတွေလို့ပဲ ခပ်ဖုံးဖုံးလေး ပြောလိုက်တာပါ့ဗျာ။ အနှီလို ပြောလိုက်တော့ ဦးဟန်ကြည်တစ်ယောက် ဘွဲ့ရတွေကို တွယ်လှချေလားလို့လည်း မထင်လိုက်နဲ့ဦး။ မြင်နေ၊ တွေ့နေရတာတွေက ပြောစရာ ဖြစ်နေပြန်တော့လည်း မပြောဘဲဘယ်နေနိုင်လိမ့်တုန်း။

လွန်ခဲ့တဲ့လပိုင်းက မိတ်ဆွေတစ်ယောက်နဲ့ စကားစပ်မိလို့ မကြားဝံ့မနာသာတစ်ခု ကြားခဲ့ရသဗျား။ အမေ့ဆီမှာ ရစရာရှိတဲ့ အကြွေးကို သမီးဖြစ်သူက သူ့ယောက်ျားကိုလွှတ်ပြီး အတောင်းခိုင်းပါသတဲ့။ အကြွေးမပေးနိုင်ရင် အဘွားကြီးကို ရိုက်ပစ်ခဲ့လို့လည်း သမီးဖြစ်သူက ယောက်ျားကို မှာလွှတ်လိုက်ပါသေးသတဲ့။ သားမက်လုပ်တဲ့လူရမ်းကားကလည်း ယောက္ခမကို ရိုက်ရုံနှက်ရုံတင်အားမရဘဲ ( နားနဲ့မနာ ဖ၀ါးနဲ့ နာကြပေရော့ ) မုဒိန်းပါ ကျင့်ခဲ့ပါလေရော။ အသက် ၅၀ ကျော်အမေဖြစ်သူခမျာ သားမက်ရဲ့ လုပ်ရပ်ကို သက်ဆိုင်ရာအသိပေးပြီး တိုင်ချင်ပေမယ့် သားမက်ထောင်ကျသွားရင် သမီးဒုက္ခရောက်မှာ စိုးရှာလွန်းလို့ မတိုင်ရက်ပြန်ဘူး။ သားမက်ရဲ့လုပ်ရပ်ကို သမီးသိအောင် ပြောပြန်ရင်လည်း ပြဿနာတွေကြီးလာမှာ စိုးတာကြောင့် ပြောမထွက်ရှာဘဲ သူအင်မတန်မှ ယုံကြည်ရတဲ့ မိတ်ဆွေဆီမှာ သူ့ဒဏ်ရာတွေပြပြီး ငိုရှာတာကိုး။ မိတ်ဆွေဖြစ်သူကလည်း သမီးလုပ်တဲ့လူရဲ့ ယုတ်ညံ့တဲ့လုပ်ရပ်ကို မခံမရပ်နိုင်ဖြစ်လွန်းလို့ ဦးဟန်ကြည်ကို ဖောက်သည်ချရင်းက “ ဆရာရယ် သူ့သမီးက ရှေ့နေမဆရာရဲ့ . . . ကိုယ်တိုင် ပညာတတ်ဖြစ်နေပြီး ဒီလောက်ယုတ်မာတာ စဉ်းစားလို့တောင် မရဘူး ” ဆိုတဲ့ စကားထွက်လာပါလေရော။

အနှီမှာတင် စာတတ်နဲ့ ပညာတတ်ကိစ္စ ခေါင်းထဲမှာ အမြစ်တွယ်အောင် စဉ်းစားခန်းဝင်နေမိခဲ့တဲ့ ဦးဟန်ကြည်က “ ဟ . . . ရှေ့နေဖြစ်တာကို ပညာတတ်လို့ ယူဆရင် မှားတော့မပေါ့ . . . သူရှေ့နေဖြစ်တယ်ဆိုတာ စာကျက်နိုင်လို့ ဖြစ်တာပဲ . . .  ပညာဆိုတာ အမှားအမှန်ကို ပိုင်းခြားဝေဖန်နိုင်တဲ့ စွမ်းရည်ကို ခေါ်သဗျ . . . အမှန်ကိုသိပြီး မှန်တဲ့အတိုင်း ကျင့်နိုင်ကြံနိုင်မှ ပညာတတ်လို့ ခေါ်ရမှာပေါ့ . . .  ဆရာဝန်ဖြစ်တိုင်း၊ ရှေ့နေဖြစ်တိုင်း ပညာတတ်ဖြစ်ပြီလို့ချည်း ဇွတ်ဆွဲပြီး သတ်မှတ်လို့ ဘယ်ရမလဲ ” လို့ ခပ်စပ်စပ်ကလေး ပြောထည့်လိုက်မိပါရော။ အိမ်ပြန်ရောက်လို့ မဒမ်ကြည်ကို ဒီဖြစ်စဉ်အကြောင်း ဖောက်သည်ချမိပြန်တော့လည်း “ ပညာတတ်ဖြစ်ပြီးတော့ ” ဆိုတဲ့ စကားကို မဒမ်ကြည်ဆီမှာ ကြားရပြန်ပါရောဗျို့။ ကိုင်း . . . ဦးဟန်ကြည်တို့ဆီမှာ ပညာတတ်ဖြစ်ဖို့များ ဘယ်လောက်လွယ်လိုက်သလဲလို့။ စာအုပ်ကလေးရှေ့ချပြီး စာပုံမှန်ကျက်၊ တက္ကသိုလ်လေး မဖြစ်ညစ်ကျယ်တက်၊ အချိန်တန်ရင်ဘွဲ့ရ၊ ကိုင်း . . . ပညာတတ်ဖြစ်ပြီတဲ့ဗျာ။ ဘယ်လောက်နိပ်သလဲ။

ဦးဟန်ကြည်ဖတ်ဖူးတဲ့ မြန်မာအဘိဓာန်ထဲမှာတော့ ပညာဆိုတာ ပါဠိသက်စကားလုံးဖြစ်ပြီးတော့ “ ခွဲခြားသိမြင်နိုင်သော အသိဉာဏ် ” ကိုခေါ်ပါသတဲ့။ ခွဲခြားသိမြင်နိုင်သော အသိတရားနဲ့ယှဉ်တဲ့ အတတ်ပညာကိုလည်း ဆိုပါသတဲ့။ အမျိုးသားပညာဝန်ဦဖိုးကျား ရေးထားခဲ့တဲ့ မြန်မာ့ဂုဏ်ရည် ရာဇ၀င်ဖတ်စာရဲ့ စကားချီးမှာ “ ပညာဆိုသည်မှာ လိုအပ်သည့်အတိုင်းယူရသော် (က) လက်ရုံးရည် (ခ) ပညာရည် (ဂ) နှလုံးရည် ဤသုံးပါးပြည့်စုံခြင်းကို ဆိုရပေသည် ” လို့ ဆိုထားပါရောလား။ အနှီတော့ ဆိုခဲ့တဲ့ အချက်သုံးပါးလုံးနဲ့ ပြည့်စုံကုံလုံတဲ့လူကိုမှ ပညာတတ်လို့ ခေါင်းစဉ်တပ်ပေးရရင် မသင့်တော်ပေဘူးလားဗျာ။ အနှီအထဲမှာပဲ “ နှလုံးရည်ဆိုသည်မှာ အကျင့်စာရိတ္တ၊ စိတ်နေစိတ်ထား ကောင်းမွန်မြင့်မြတ်ခြင်းကို ဆိုလိုသည်။ မတရားမှု၊ မကောင်းမှုမှန်သမျှကို မလိုလား ရွံရှာခြင်း၊ ကောင်းမှုမှန်သမျှကို လိုလားနှစ်သက်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ၀တ္တရားကျေပွန်ခြင်း၊ မိမိနှင့်တကွ သူတပါးအကျိုးကျေးဇူးယုတ်မှုကို မပြုလိုမူ၍ အကျိုးကျေးဇူကိုသာ ပြုလိုခြင်း၊ နှလုံးသား ယဉ်ကျေး၍ မေတ္တာစိတ်များနှင့် ပြည့်စုံခြင်း၊ ရဲရင့်စိတ်၊ စွန့်စားစိတ်၊ ဇွဲကောင်းသော စိတ်များ ပြည့်စုံခြင်းတို့ကို ဆိုလိုသည် ” လို့လည်း အကျယ်ဖွင့်ထားပါသေးသဗျား။ ကိုင်း . . . အနှီတော့ အမေကိုဒုက္ခပေးတဲ့ အထက်မ ရှေ့နေမဆိုတာကို ဦးဟန်ကြည်တို့ ပညာတတ်စာရင်း သွင်းသင့်မသွင်းသင့် စဉ်းစားစရာတောင် မလိုတော့ဘူးထင်ရဲ့။

ဖတ်မိသမျှ စာပေအထောက်အထားတွေအတိုင်းဆိုရင် ပညာတတ်လို့ဆိုရင် စာပေရော၊ စာရိတ္တပါ ပြည့်စုံရမယ်လို့ ဆိုထားတာကိုး။ ဒါကြောင့် ပညာတတ်တွေများတဲ့တိုင်းပြည်ဟာ ကြီးပွားချမ်းသာတယ်ဆိုပေမယ့် တစ်နှစ်တစ်နှစ်ကို ဘွဲ့ရ၊ ဘွဲ့လွန်ပုဂ္ဂိုလ်ထူပေါင်း သောင်းသိန်းချီပြီး မွေးထုတ်ပေးနေတဲ့ ဦးဟန်ကြည်တို့ ရွှေပြည်ကြီး ဘာကြောင့်များ ဖွတ်ကြောပြာစု ဖြစ်နေရတယ်ဆိုတာလည်း စဉ်းစားလို့ ရနိုင်ကောင်းပါရဲ့။ ကိုင်းဗျာ ပို့မယ့်ပို့လည်း ကူးတို့အထိ ပို့ကြစို့ရဲ့။ ဦးဟန်ကြည်တို့ ရွှေပြည်ကြီးမှာ အရာရှိ၊ အရာခံ၊ ၀န်ထမ်းတွေ အားလုံးနီးပါးဆိုတာ ဘွဲ့တစ်ခုခုတော့ ရပြီးသားတွေချည်းပါ့။ လယ်သမားတွေကို ပေးရမယ့် ဓာတ်မြေသြဇာကို ကိုယ်ကျိုးအတွက် ရောင်းစားတဲ့ စိုက်ပျိုးရေးဦးစီးမှူး၊ ယူနီဆက်ဖ်က လှူတဲ့သွေးလွန်တုပ်ကွေးကာကွယ်ရေး ဆေးခြင်ထောင်ကို ရောင်းစားတဲ့ မြို့နယ်ဆရာဝန်ကြီး၊ နိုင်ငံတော်က လမ်းခင်းဖို့ ချပေးလိုက်တဲ့ ဘတ်ဂျက်ကို သူ့အိမ်ဆောက်တဲ့နေရာမှာ သုံးလိုက်တဲ့ စည်ပင်ဦးစီးမှူး၊ ခရီးသည်တိုင်းကို မှတ်ပုံတင် မပါရင် ၁၀၀၀၊ ပါရင် ၅၀၀ တောင်း၊ တစ်ဖက်နိုင်ငံမှာ အလုပ်လုပ်ပြီးပြန်လာတဲ့ သူများသားပျိုသမီးပျိုလေးတွေကို စစ်ဆေးဖို့အကြောင်းပြချက်နဲ့ ဆွဲထားပြီး မတရားကျင့်လွှတ်တဲ့ လ၀က၊ ဟိုတစ်နေ့က ဘလော့တစ်ခုမှာ ဖတ်လိုက်ရတဲ့ ကျောင်းသားကို အခြောက်ဇာတ်သွင်းတဲ့ ကျူရှင်ဆရာတွေဆိုတာ ဦးဟန်ကြည်တို့ ရွှေပြည်ကြီးမှာ ဘယ်လောက်များနေလဲ စဉ်းစားကြပါဦး။ ဒါတွေကို ပညာတတ်စာရင်းထဲသွင်းပြီး ကျုပ်တို့တိုင်းပြည်မှာ ပညာတတ်တွေများပါလျှက်နဲ့ ဘာဖြစ်လိုများ မွဲလို့ကောင်းနေဘာလိမ့်ဆိုတာ စေ့စေ့တွေးရင်း ရေးရေးတော့ ပေါ်နိုင်ကောင်းပါရဲ့။ ဒီလိုလူစားတွေကို ပညာတတ်စာရင်းထဲ ထည့်ချင်ကြရင်တော့လည်း ထည့်လိုက်ကြပေရော့။ အနှီလိုသာဖြင့် ဦးဟန်ကြည်ကတော့ ပညာတတ်မဖြစ်ဖို့ဘဲ ကြိုးစားရပေချိမ့်။

ရှေးပညာရှိတွေကတော့ ဆိုထားပါသဗျား။ “ ပညာတန်ဆောင်၊ ဉာဏ်အရောင်ကား၊ မိုက်မှောင်ဖျောက်ပယ်၊ ချမ်းသာကြွယ်၏ ” တဲ့။ အနှီတော့ ပြည်တွင်းဘွဲ့၊ ပြည်ပဘွဲ့တွေ တစ်သီတစ်တန်းကြီးရကြတဲ့ အမည်ခံပညာတတ်ပုဂ္ဂိုလ်ကြီးတွေ ပေါချင်တိုင်းပေါပြီး မှောင်ချင်တိုင်းမှောင်၊ မွဲချင်တိုင်းမွဲနေတဲ့ ဦးဟန်ကြည်တို့ရွှေပြည်ကြီး ဆင်းရဲတွင်းနက်နေရတာဟာ စာတတ်တွေများပြီး၊ ပညာတတ်စစ်စစ်တွေ နည်းနေသေးလို့လို့ပဲ ကောက်ချက်ချမိပါရဲ့။ ဒီပို့စ်ရေးဖို့ ကိုးကားစရာတွေ ဖတ်နေရင်းက ပညာတတ်တွေများနိုင်သမျှ များအောင်မွေးထုတ်ပေးဖို့လည်း အားသန်လိုက်မိပါသေးသဗျား။ ဒါပေမယ့် ပြောမယ့်သာပြောရတယ် ဦးဟန်ကြည်ကိုယ်တိုင်တောင် ပညာတတ်ဖြစ်ဖို့အရေး အကြိတ်အနယ်ကြိုးစားနေရတာကလား။        

22 comments:

AH said...

ဖတ်ရင်း ဖတ်ရင်းနဲ့ ပါးစပ်ကြီး ဟ ဟ လာလိုက်တာ ပြီးခါနီးတော့ ပိတ်လို့တောင် မရတော့ဘူး ဆရာဟန်ရယ်... ပြီးတော့မှ ဟင်း...ဆိုပြီး သက်ပြင်းကြီး ချလိုက်မိတယ်... ပညာ့အလင်းရောင် ဘ၀တန်ဆောင် ဆိုတာ ကျွန်တော့အမြင်တော့ လူတစ်ယောက်ခြင်းစီကို ဆိုလိုတယ် မထင်မိဘူး... လူတိုင်းလူတိုင်းနဲ့ သက်ဆိုင်တယ်လို့ မြင်မိတယ်... ကွန်ယက်အဖွဲ့အစည်းနဲ့ နေကြတဲ့ လူသားတွေအတွက် ပညာ ဆိုတဲ့အရာဟာ အကောင်း နဲ့ အဆိုး၊ အမှန်နဲ့ အမှားကို ခွဲခြားပြနိုင်တဲ့ ၀ိဇ္ဇာအသိကို ပေးလေးတော့ ငါးခုံးမတွေများလာရင် ဒီလှေဟာ မပုပ်ခံနိုင်ရိုးလား... နော့...

ကိုကိုမောင်(ပန်းရနံ့) said...

ဒီရှေ့နေမက သူ့အမှုသည်တွေကို ဘယ်လို ဆက်ဆံမယ်မှန်း မသိဘူး။ မိခင်အရင်းအပေါ်မှာတောင် အခုလို အကျင့်ယုတ်ရဲတယ်။
မနောက်လိုက် မိုက်ဖက်ပါ မဟုတ်တော့ဘဲ ကျားနောက်လိုက် မိုက်ဖက်ပါ ဖြစ်သွားလေရော့သလား မသိ။ သူ့ယောက်ျားကလဲ ဒါမျိုးဆိုရင်တော့ နားထောင်ပြီးသား ဖြစ်မယ်။ ဟုတ်တာ ခိုင်းရင်တော့ အကြောင်းပြ ငြင်းနေလောက်တယ်။

တပြည်လုံးကို ရီဆိုင်ကယ် လုပ်လိုက်မှဘဲ အဆင်ပြေတော့မယ်ထင်ပါ့။

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကျွန်မက ကျွန်မ အမေကို သိပ်ချစ်တော့ ဒီသမီးမျိုးရဲ့လုပ်ရပ်ကို တွေးကြည့်လို့တောင် မရဘူး။ တကယ့်ကို စိတ်ပျက်စရာပါပဲ။ အတန်းစာတွေ မိုးပျံအောင်တတ်တိုင်းလည်း ပညာတတ်မဖြစ်နိုင်ဘူးဆိုတာ သိပ်ကိုမှန်တယ်။အနီရောင်နဲ့ ဖော်ပြထားတဲ့စာတွေကို သေသေချာချာမှတ်သားသွားပါတယ်။

လေးစားစွာဖြင့်
မြတ်ပန်းနွယ်

လွင်ပြင်လှိုင်းငယ် said...

ဆရာရေ ဖတ်ရတာ ဗဟုသုတလဲရ...ဒေါသလဲဖြစ်ရ
အသုံးမကျတဲ့ ပညာတတ်ရှေ့နေမ ယောက္ခမဆိုတာ အမေလို့သဘောမထားပဲ ယုတ်မာတဲ့ ပညာတတ်မရဲ့လင်
ဖြတ်စားလာဒ်စား ပညာတတ်ဝန်ထမ်းတွေ အစရှိသူတို့ကို
ဘာအတွက် ပညာသင်မှန်းမသိတော့ပါဘူး။ စာကောင်းပေကောင်းတွေရေးတဲ့ ဆရာ့ကိုလဲ လေးစားပြီးရင်း လေးစားမိပါတယ် ။

စံပယ်ချို said...

အပေါ်ကလူတွေပြောတာနဲ့ကိုယ်ပြောဖို့စကားတောင်မကျန်တော့ပါဘူးဆရာရေ
လုံးဝကို အသိတရားခေါင်းပါးတဲ့အမျိုးသမီးပါပဲနော်

နွေတေးရှင်(မင်းဧရာ) said...

ဒီလိုမျိုးစာတွေကို လူအနည်းငယ်သာရှိတဲ့ သည်နယ်ပါယ်မှာတွေ့ရတာ သိပ်နှမျောဖို့ ကောင်းတယ် ဆရာ....

မြန်မာတစ်ပြည်လုံးရှိ ငါးဆယ် ရာခိုင်းနှုန်းသောအရေအတွက်က သည်လိုအသိတွေလိုအပ်နေတာအမှန်ပါ
ပညာ ဆိုတာဘာလဲလို့ လိုက်မေးကြည့်ပါလား
အမြီးအပေါက်တည့်အောင် ဖြေနိုင်တဲ့လူက အတော်ရှားနေတာတွေ့ရပါလိမ့်မယ် ဆရာ
ဖြစ်နိုင်ရင် ဒီပိုစ့်လေးကို မဂ္ဂဇင်းတိုက်ကိုပို့ပါလား ဆရာ...

အကျိုးရှိစေချင်လို့ပါ။

ချစ်စံအိမ် said...

ဆရာရေးသွားရအရမ်းသဘောကျတယ်ရှင်..
လောကမှာပညာတတ်တိုင်းအသိဥာဏ်မရှိဘူးဆိုတာမှန်လိုက်တာရှင်...

ကိုရင် said...

ဒီစနစ်ပျောက်ဖို့ ဟိုး အောက်ခြေကနေ အပေါ်ဆုံးထိ မြေလှန်ပစ်မှ ရတော့မယ်.. အထူးသဖြင့် ဒီမျိုးဆက်ပေါ့ ဆရာဟန်.. ဒီမျိုးဆက်မှာ မဖြစ်နိုင်တော့ဘူး..စံပြအနေနဲ့ သေဒဏ်တွေဘာတွေ -ပေးလိုက်ရင်တော့ ကြောက်ပြီး တကယ်လုပ်ကြမလား မသိဘူးဆရာ..

ကြယ်ပြာ said...

ဦးဟန်ကြည်ရေ .. စာတစ်ပုဒ်လုံးအရမ်းကောင်းတယ်။

"ပညာဆိုတာ အမှားအမှန်ကို ပိုင်းခြားဝေဖန်နိုင်တဲ့ စွမ်းရည်ကို ခေါ်သဗျ . . . အမှန်ကိုသိပြီး မှန်တဲ့အတိုင်း ကျင့်နိုင်ကြံနိုင်မှ ပညာတတ်လို့ ခေါ်ရမှာပေါ့ . . . ဆရာဝန်ဖြစ်တိုင်း၊ ရှေ့နေဖြစ်တိုင်း ပညာတတ်ဖြစ်ပြီလို့ချည်း ဇွတ်ဆွဲပြီး သတ်မှတ်လို့ ဘယ်ရမလဲ ” လို့ ခပ်စပ်စပ်ကလေး ပြောထည့်လိုက်မိပါရော။ " စာသားကို အနှစ်ခြိုက်ဆုံးပဲ။

မြန်မာပြည်မှာက ဘွဲ့ရပညာမတတ်တွေကော၊ ဘွဲ့မရ ပညာမတတ်တွေကော သိပ်ပေါတယ်။ နောက်ဆိုရင် ပညာတတ်ဖြစ်ပြီးတော့လို့ မပြောပဲ ပညာတွေ အများကြီးသင်ထားပြီးတော့လို့ ပြောင်းသုံးတော့မယ်လို့ စဉ်းစားမိတယ်။ ဒီပို့စ်ကို အရမ်းနှစ်သက်ကြောင်း ထပ်ပြောချင်ပါတယ်။

ကြယ်ပြာ said...

အီဖေကိုယ့် ကွန်မန့်ဘယ်ပျောက်သွားပါလိမ့် ...

ချော (အစိမ်းရောင်လင်ပြင်) said...

တစ်ချို့ပညာတတ်တွေက အသိဥာဏ် မရင့်သန်တွေ ပညာတတ်တွေပေါပြီး ဆင်းရဲနေတဲ့ နိုင်ငံဆိုတာ တကယ်ကိုမှန်ပါတယ်။
ပညာတတ်ပြီး ပညာနဲ့ထိုက်ထိုက်တန်တန် အလုပ်တွေကလည်း ရှားပါး..
ပညာတတ်သူတစ်ချို့ကျတော့လည်း အသိဥာဏ်က မရင့်သန်..
ဆိုတော့ စာတတ်တဲ့သူတွေဘဲ များနေတာပါဘဲဆရာရေ..
ကိုယ်တိုင်လည်း စာတတ်တဲ့သူဘဲ ဖြစ်နေသေးတယ်ထင်တယ်လို့ တွေးမိရပါသေးတယ်။

Han Kyi said...

အီဖေကိုယ့်ကွန်မန့်က စပမ်းထဲဝင်သွားတာဖြစ်ရမယ်...ပြန်ရှာပြီး တင်လိုက်ပါ့မဗျား...

အလွမ်းမြို့ said...

ဆရာကြည်။
ခေါင်းစဉ်လေးမြင်ကတည်းက စိတ်ဝင်စားသွားတယ်။
ဒီလို ဗဟုသုတ စာပေများ လူတိုင်းဖတ်သင့်ပါတယ်။
သိသင့်တာပေါ့။
အားပေးနေပါတယ်။

ရိုသေစွာဖြင့်
အလွမ်းမြို့

တောက်ပကြယ်စင် said...

ရှေ့နေမရဲ့ဖြစ်ရပ်ကို ဖတ်ပြီးတော့ ကြက်သီးမွေးညင်း ထသွားတယ်ဆရာရေ။ ပန်းရနံ့ပြောသလိုပဲ ကျားနောက်လိုက် မိုက်ဘက်ပါ ဖြစ်နေတယ်။ မိုက်လိုက်တဲ့ သမီးပါလား။

mstint said...

'စာတတ်နဲ့ပညာတတ်' အကြောင်းကို ဖတ်ရတာ ဗဟုသုတတွေ အများကြီးရလိုက်သလို ဒီကနေ့တီတင့် တင်လိုက်တဲ့ 'အနှိုင်းမဲ့မေတ္တာ' ပို့စ်လေးနဲ့ ဆန့်ကျင်နေတဲ့ သမီးမိုက် သားမက်မိုက် တို့ရဲ့လုပ်ရပ်ကို တွေးရင်း ဝဋ်ကြီးလွန်းတဲ့ မိခင်ဖြစ်သူကိုစာနာ သနားမိတယ် ဦးဟန်ကြည်ရယ်။
ကျန်းမာရေးအတွက် စိတ်ပူပေးလို့ ကျေးဇူးပါနော်။
အသက်ကြီးလာသူတွေ အလုပ်မရှိရင် ချော်လဲတဲ့ အလုပ်ပဲ လုပ်တယ်ဆိုတာ အခုတော့ လက်တွေ့ဖြစ်နေပြီး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

seng seng said...

let me share, thank so much .

Angelhlaing(May everybody be happy and healthy! said...

တစ်ကယ်ကို ထိထိမိမိပဲဆရာ.... ဒီလိုစာမျိုး အားလုံး ဖတ်မိစေချင်တော့တယ်.....

phung bella said...

hi beautiful blog. We have a big classified site in Myanmar. Please visit us back at: http://ads.com.mm/?cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_phung&utm_source=ads_lb_blog&utm_medium=lb_blog

ဆူးသစ် said...

ကြားရချက်ကတော့ ရင်နင့်စရာပေါ့။ ခေတ်သစ်အဇာတသတ်တွေလည်း များမှများ။ လူတွေက ယောကျာ်းလေးဆိုးတာသာမြင်ဖူးကြတာ။ ဒီတော့ ခေတ်သစ်အဇာတသတ်လို့ တင်စားကြတာ။ အမှန်က မိန်းကလေးတွေလည်း ဆိုးလာပြီဆို ယောက်ျားလေးလက်မြှောက်ရတယ်။ ပညာတတ်ပြီး ပညာမတတ်တဲ့လူတွေလို့ပဲ ဆိုရလေမလား။ စာတတ်ပြီး ပညာမတတ်တဲ့လူတွေလို့ပဲ ဆိုရတော့မလားမသိပါဘူး ကိုဟန်ကြည်ရေ။

အိမ်မက်စေရာ said...

အိမ်မက်တို့လဲ ပညာတက်ဖြစ်ပြီးတော့ ဆိုတဲ့ စကားကို ပြောနေကျလိုဖြစ်နေတာ..ခုတော့ သတိထားပြီးခွဲခြားရမယ်..စာသာတက်ပြီး ပညာမတက်တဲ့ လူစားတွေအကြောင်း သေချာ ရေးပြ ခွဲခြားပြ ထားတဲ့ အတွက်ကျေးဇူးတင်ပါတယ် ဦးဟန်ကြည်..

san htun said...

ဒီဖက်ခေတ်မှာ ဘွဲ့ ရတွေသာများတာ တကယ် ပညာမတတ်ပါဘူး ဆြာဟန်ရေ..ပညာရေးစနစ်ကလည်း ကြက်တူရွေးနှုတ်တိုက်စနစ်၊ ဘွဲ့ ရပြီးတော့လည်း သင်ကြားတတ်မြောက်ထားတဲ့ ပညာနဲ့  လုပ်ကိုင်ဖို့  အခွင့်အရေးက မရှိ..ဟူး...မောတယ်...

Htet Aung Kyaw said...

ဆရာရေ
တစ်ခြားသော အသိဥာဏ် ကြွယ်ဝစေမယ့် ဆောင်းပါးမျိုးတွေ ဖတ်ချင်ပါသေးတယ်

ဦးထိပ်ပန်ဆင်လျက်

ကြိုက်ရင်ပေါ့လေ . . .