ဦးဟန်ကြည်တို့ ရွှေပြည်ကြီးမလဲ ကောလဟလတွေ
သောက်သောက်လဲ ဖောင်းပွလွန်းတဲ့ အကျင့်က ထုံးစံကြီးတစ်ခု ဖြစ်နေခဲ့တာ ကြာပါပေါ့လား။
လွန်ခဲ့တဲ့ ၅ လပိုင်း ၂၇ ရက်နေ့တုန်းက ဆယ်တန်း
( အခုခေတ်အခေါ် Grade 11 ) တွေ အောင်စာရင်းထွက်မယ်ဆိုတဲ့ သတင်းထွက်လာပါလေရော။ အခါတိုင်းနှစ်တွေဆိုရင်
၆ လပိုင်းလောက်မှ အောင်စာရင်းထွက်တတ်မှန်း သတိထားမိပေမယ့် ဘာကိုမှ ပုံသေကားကျ သတ်မှတ်ထားလို့မရတဲ့
ရွှေပြည်ကြီးရဲ့ ထုံးစံကို နောကျေနေခဲ့ပြန်တာကြောင့် ဦးဟန်ကြည်တို့လည်း သူ့သတင်းကို
ဟုတ်ကောင်း၏ဆိုတဲ့ အတွေးနဲ့ ၂၇ ရက်နေ့ မနက်စောစောမှာ ထွက်မဲ့ အောင်စာရင်းကို ရင်တခုန်ခုန်နဲ့
စောင့်တာပေါ့လေ။
အောင်စာရင်းထွက်မယ်လို့ သတင်းထွက်တဲ့ နေ့မရောက်ခင်
တစ်ညသားမှာတော့ တပည့်မတစ်ယောက်က ဦးဟန်ကြည်ကို ပြူးပြူးပြာပြာနဲ့ ဖုန်းဆက်ပါလေရော။
ဘာဖြစ်လို့ဆက်သလဲဆိုတော့ ကြောက်လို့တဲ့။ ဟယ် . . . နင့်ဖာသာကြောက်တာ ဆရာက ဘာလုပ်ပေးရမှာလဲ
လို့ ပြန်မေးမိတော့ ဘာမှမဟုတ်ပါဘူးဆရာတဲ့ ဆရာ့ဆီဖုန်းဆက်တော့ အကြောက်လေးမှ ပြေလိုပြေငြားပေါ့
လို့ ပြန်ဖြေပါလေရော။ ဟုတ်တော့လည်း ဟုတ်ပါရဲ့။ ဆယ်တန်းအောင်စာရင်းဆိုတဲ့ အရာကြီးက ကလေးတွေအတွက်တော့
အင်မတန်မှ ကြောက်စရာကောင်းတာကိုး။ တစ်နှစ်ပတ်လုံး ဘာပဲလုပ်ခဲ့လုပ်ခဲ့၊ စာမေးပွဲမှာ
ဘယ်လိုပဲဖြေခဲ့ဖြေခဲ့ အချိန်တန်လို့ အောင်စာရင်းထွက်ပဟေ့ဆိုရင် အောင်စာရင်းစာရွက်မှာ
ကိုယ့်နာမည်လေးမြင်ချင်ကြတာကိုက သူရို့သဘာဝ။ ပြောမယ့်သာပြောရတယ် ကိုယ့်ကလေး ဘယ်လောက်ပဲ
ဖွတ်ကြားကျကျ၊ အချိန်တန်လို့ အောင်စာရင်းထွက်ရင် ကိုယ့်ကလေးတွေ နာမည်ဟူသမျှကို အောင်စာရင်းစာရွက်မှာ
တွေ့ချင်တာကလည်း ဦးဟန်ကြည်တို့ဆရာတွေနဲ့ ကျောင်းသားမိဘတွေရဲ့ မရိုးနိုင်တဲ့ အတ္တ။ အနှီတော့
အောင်စာရင်းမထွက်ခင် တစ်ညကတော့ ကလေးတွေကလည်း သူရို့သဘာဝအရ ရင်ခုန်၊ ဦးဟန်ကြည်တို့ကလည်း
ကိုယ့်အတ္တနဲ့ကိုယ် နှလုံးတုန်။ ပြောရရင်တော့ နှလုံးတုန်၊ ပြောမရဆိုမရလို့ တစ်နှစ်ပတ်လုံး
ကီးညှိလို့မရတဲ့ တပည့်တစ်ချို့နဲ့တောင် ဆရာနဲ့ ရင်ခုန်သံချင်းညီကုန်ကြတာ အနှီလိုညမျိုးပါ့။
ကိုယ်တိုင်ဆယ်တန်းဖြေခဲ့တုန်းက ရင်မခုန်၊
ဖင်မတုန်ဘဲ မနက်ခင်း ၈ နာရီထိုးမှ အောင်စာရင်းကို အေးအေးဆေးဆေးသွားကြည့်ခဲ့တဲ့ ဦးဟန်ကြည်ခမျာ
ဆရာဖြစ်တော့မှပဲ အောင်စာရင်းဆိုတာ ရင်ခုန်ရကောင်းမှန်း သိရှာပါရောလား။ အောင်စာရင်းမထွက်ခင်
တစ်ညသားကတော့ တကတည်း စားလည်း အရသာမတွေ့၊ အိပ်လည်း မပျော်၊ အင်မတန်မှ ဖွယ်တယ်တယ်နိုင်တဲ့
ညဆိုးကြီးကိုး။ ဆရာရော တပည့်ပါ ရင်တခုန်ခုန်နဲ့ စောင့်ခဲ့ကြတဲ့ မောင်မင်းကြီးသား အောင်စာရင်းက
အနှီ ၂၇ ရက်နေ့မှာ မထွက်ပြန်ပါဘူးဗျား။ ကိုင်း စဉ်းစားသာကြည့်ပေရော။ ခုန်မိတဲ့ ရင်တွေပဲ
တူနဲ့ထုပစ်ဖို့ မကောင်းပေဘူးလား။
ပထမနေ့မှာ မထွက်ခဲ့တဲ့ အောင်စာရင်းက ၆ လပိုင်း
၃ ရက်နေ့မှာ တကယ်ထွက်မယ်လို့ သတင်းတစ်ခါထွက်လာပြန်ပါရော။ ဒီတစ်ခါတော့ အရင်တစ်ခါလောက်တော့
ရင်မခုန်တော့ဘူးပါ့လေ။ ဒါပေမယ့် ရင်မခုန်ပေမယ့် နှလုံးတော့ သိပ်မငြိမ်ဘူးလို့ပဲ ဆိုရမယ်ထင်ပါ့။
အထိုက်အလျောက်တော့ နေမထိ ထိုင်မသာ ဖြစ်ကိုဖြစ်တာကလား။ မျက်စိထဲမှာ တစ်နှစ်ပတ်လုံး စာကောင်းကောင်းမကြိုးစား၊
ပြောစကား ကောင်းကောင်းနားမ၀င်ခဲ့တဲ့ ချစ်စွာသော တပည့်မိုက်များရဲ့ မျက်နှာတွေကို တန်းစီပြီး
မြင်မြင်နေတော့ ဘယ်အိပ်လို့ ပျော်ပြန်လိမ့်မလဲ။ ပြောရရင် ဆပ်ကပ်ထဲမှာ ကြိုးတန်းလမ်းလျှောက်နေတာကို
အောက်ကနေ မော့ကြည့်ပြီး အားပေးနေရတဲ့ ပရိသတ်နဲ့တောင် တူသေးရဲ့။ လျှောက်တဲ့လူကတော့ ကြောက်လို့ကြောက်ရမှန်းမသိဘဲ
သူ့ဖာသာသူ ဟုတ်တိပတ်တိ လျှောက်နေပေမယ့် အောက်ကကြည့်ရတဲ့ ပရိသတ်ကတော့ ဒီပုဂ္ဂိုလ် ပြုတ်ကျမှာကို
တွေးရင်းတွေးရင်း အင်မတန်ရင်မောရတာကလား။ ဦးဟန်ကြည်တို့ ဆရာတွေနဲ့ မိဘတွေရော ကိုယ့်တပည့်တွေ၊
သားသမီးတွေကို စောင့်ကြည့်ရင်း ရင်မောရတဲ့ အဖြစ်က အနှီပရိသတ်နဲ့ ဘာကွာလိမ့်လဲ။
ဒီတစ်ခေါက်လည်း အောင်စာရင်းက ထွက်မလာပြန်ဘဲ
၁၀ ရက်နေ့ကျမှ တကယ်ထွက်မယ် လုပ်လာပြန်တော့ ဦးဟန်ကြည်တို့တွေ ရင်ခုန်ရတာ ဟပ်ကော့ကြီး
ဖြစ်ပြန်ပါလေရော။ တစ်ခါက နှစ်ခါ ရင်ခုန်ပေမယ့် နှစ်ခါကနေ သုံးခါဖြစ်လာတော့ ဦးဟန်ကြည်တို့လည်း
သူ့အောင်စာရင်းကို အရေမထူဘဲ ဘယ်နေလိမ့်တုန်း။ ၉ ရက်နေ့ညမှာ ယူရို ၂၀၁၂ ကိုစောင့်ကြည့်ရင်း
ပထမပွဲမပြီးခင်မှာတင် စက်တော်ခေါ်ပြီး ပျော်တော်မူသွားလိုက်တာ မနက်ခင်း စာသင်ချိန်သွားရမယ့်
၆ နာရီထိုးမှပဲ နိုးပါရောလား။ စာသင်ချိန်သွားဖို့ ပညာရေးမှူးရုံးရှေ့က ဖြတ်ရင်း အောင်စာရင်းစာရွက်လေးတွေကပ်ထားတာမြင်တော့မှ
သြော် . . . တကယ်ထွက်ပဟဲ့လို့ မှတ်ချက်ချပြီး ကျောင်းသားသစ်တွေကို သင်မြဲအတိုင်းစာသင်နေလိုက်တာပါ့။
မရှက်တမ်းဝန်ခံရရင်တော့ စာသာသင်နေရတယ် စိတ်နဲ့စာနဲ့က ခပ်ကွာကွာ။ တစ်ယောက်ဆီကမှလည်း
ဖုန်းဝင်မလာတော့ စိတ်ကလည်း ပူချင်ချင်။
စာသင်လို့ နာရီဝက်သာသာလောက်ကြာမှ ကိုယ့်ဖုန်းထဲမှာ
ကလေးတွေသိတဲ့ ဖုန်းနံပါတ်မဟုတ်ဘဲ နံပါတ်သစ်ပြောင်းထားလိုက်မိတာ သတိရတော့တာကလား။ ဒါနဲ့ပဲ
နံပါတ်သစ် sim card ကို ဖြုတ်ပြီး နံပါတ်ဟောင်းပြန်ထည့်လိုက်မှပဲ ဖုန်းတွေ တဂွမ်ဂွမ်ဝင်ပါလေရော။
လက်စသတ်တော့ ကလေးတွေက အောင်စာရင်းကြည့်ပြီးကတည်းက သူရို့ဆရာကို တစ်ချိန်လုံး ဖုန်းခေါ်နေကြပေမယ့်
ဖုန်းနံပါတ်ကပြောင်းနေတော့ ခေါ်မကြား၊ အော်မကြား ဖြစ်နေကြတာကိုး။ တစ်ယောက်က ဖုန်းဆက်လိုက်၊
ဆရာ သမီးအောင်တယ် ပြောလိုက်၊ နောက်တစ်ယောက်က ဖုန်းဆက်ပြီး ဆရာ သားလည်းအောင်တယ် ပြောလိုက်နဲ့
အောင်မယ်မင်း ဖုန်းတစ်လုံးဝင်လာတိုင်း သူရို့ဆရာမျက်နှာကြီး ပြုံးပြုံးလိုက်လာတာကို
ထိုင်ကြည့်နေကြတဲ့ တပည့်သစ်တွေတောင် အပျော်တွေကူးပြီး မြူးကုန်ကြတဲ့အထိ။
ကျန်တဲ့ဒေသတွေမှာတော့ ဆယ်တန်းအောင်တယ်ဆိုတာ
ထမင်းစားရေသောက်ကိစ္စလောက်နီးနီး ဖြစ်နေတာမို့ အောင်တယ်ဆိုရုံလောက်ကတော့ ဘယ်ပျော်စရာကောင်းလိမ့်မလဲဗျာ။
ဒါပေမယ့် ဦးဟန်ကြည်တို့ ဒီဘက်ဒေသမှာက ဆယ်တန်းအောင်ဖို့ဆိုတာ အင်မတိ၊ အင်မတန် ခက်ခဲတဲ့
အလုပ်ကြီးတစ်ခု ဖြစ်နေတာကလား။ ဒီကြားထဲမှာ ဦးဟန်ကြည်ရဲ့ တပည့်တွေဆိုတာကလည်း သူရို့အစိုးရကျောင်းမှာ
ဘိတ်လွတ်ရုံသာသာ အဆင့်လေးတွေလည်း ဖြစ်နေတဲ့အပြင် သက်ဆိုင်ရာ ဆရာတချို့ကတောင် မအောင်နိုင်ဘူးလို့
ထင်ကြေးပေးထားတဲ့ ကလေးတွေဖြစ်နေတော့ အောင်စာရင်းမှာ ကိုယ့်နာမည်လေးကို မြင်ရုံနဲ့တင်
ဒီကလေးတွေ ဘယ်လောက်ဝမ်းသာကြမယ်ဆိုတာ စဉ်းစားသာ ကြည့်ကြပေရော့။ အနှီတော့လည်း ကိုယ့်ကလေးတွေအကြောင်း
ကိုယ်ပဲအသိဆုံးဖြစ်တဲ့ ဆားပုလင်းဦးဟန်ကြည်တစ်ယောက် ဘယ်လောက်များ ဖရဏာပီတိကို ဂွမ်းဆီထိ၊
ရွှန်းပီတိဖြစ်မယ်ဆိုတာ မှန်းသာကြည့်ကြပေရော့။ ဒီကြားထဲမှာ ကလေးတစ်ယောက်က ဘောဂဗေဒတစ်ဘာသာ
ဂုဏ်ထူးရပြန်တော့ ဘာပြောကောင်းမလဲ သင်နေတဲ့စာတောင် ဆက်မသင်နိုင်တော့အောင် ၀မ်းသာလုံးဆို့ပါလေရော။
စာသင်တဲ့ဆရာတင်ဘယ်ဟုတ်လိမ့်တုန်း၊ အိမ်မှာ
ကျန်နေခဲ့တဲ့ မဒမ်ဟန်ကြည်ခမျာလည်း အောင်စာရင်းထွက်တဲ့ သတင်းကြားကတည်းက ဦးဟန်ကြည်ကို
ဖုန်းတဂွမ်ဂွမ်ဆက်ပြီး အောင်သတင်းကို တမေးတည်းမေးပါလေရော။ အနှီတော့လည်း ကျောင်းသားတစ်ယောက်ဆီက
ဖုန်းဝင်ပြီး အောင်သတင်းလာတိုင်း မဒမ်ဟန်ကြည်ကို ဖုန်းပြန်ဆက်ပြီး အောင်သတင်းလက်ဆင့်ကမ်းရပြန်သေးရဲ့။
ဘယ်သူတော့ အောင်သဟေ့လို့ ပြောလိုက်ရတဲ့ စကားဟာ တစ်နှစ်တာလုံး ပြောရတဲ့ စကားထဲမှာ အရသာအရှိဆုံးနဲ့
ခံတွင်းအဆိမ့်ဆုံး၊ နားကြောအစိမ့်ရဆုံး စကားလုံးဖြစ်မှန်း ပြောမယုံ၊ ကြုံဖူးမှပဲ သိရမယ့်
အရသာကိုး။
အရသာရှိလွန်း၊ ပျော်လွန်းလို့မြူးပြီး စာသင်တာတွေ
ကပေါက်တိ ကပေါက်ချာဖြစ်ကုန်တဲ့ ဦးဟန်ကြည်လည်း သတ်မှတ်စာသင်ချိန်ထက် နာရီဝက်လောက်စောပြီး
ကလေးတွေကို လွှတ်ပေးလိုက်ရပါလေရော။ သင်တန်းကနေ အိမ်ကိုပြန်လာတဲ့ လမ်းတလျှောက်မှာ ကိုယ့်တပည့်လေးတွေအတွက်
ဝမ်းသာလွန်း၊ ကြည်နူးလွန်းလို့ ဦးဟန်ကြည်ဖြင့် ဖင်နဲ့ဆိုင်ကယ်ထိုင်ခုံနဲ့တောင် ထိမှထိခဲ့ရဲ့လားဆိုတာ
ပြန်စဉ်းစားလို့တောင် မရပေါင်ဗျာ။ ကလေးတွေက ဆရာ့အိမ်ကို သားတို့၊ သမီးတို့လာမယ်လို့
တဖွဖွပြောနေကြပေမယ့် ဆရာဖြစ်တဲ့ ဦးဟန်ကြည်ကတော့ ကိုယ့်ကလေးတွေ ပျော်ကြ၊ ရွှင်ကြတာတွေကို
မြင်ရဖို့ ဘယ်စောင့်နိုင်ပါတော့မလဲ။ အနှီတော့လည်း မဒမ်ဟန်ကြည်ကိုပါခေါ်ပြီး ကလေးတစ်ယောက်ချင်းစီအိမ်ကို
ဝမ်းသာအားရချီတက်ဖို့ ထွက်လာကြပါလေရော။ ကလေး တချို့တ၀က်ကလည်း ဆရာ့အိမ်ကို အားရ၀မ်းသာ
ထွက်အလာ၊ ဦးဟန်ကြည်နဲ့ လမ်းမမှာဆုံကြတော့ မြူးနေ ပြုံးနေကြတဲ့ ကလေးတွေမျက်နှာဟာ မြင်ရသမျှ
မျက်နှာတွေထဲမှာ အလှဆုံးနဲ့ ကျက်သရေအရှိဆုံး မျက်နှာတွေလို့များ တင်စားလိုက်ရင် လွန်အံ့တောင်
မထင်ဘူး။
လမ်းမှာတွေ့တဲ့ ကလေးတွေကို အအေးဆိုင်တစ်ဆိုင်ခေါ်သွားပြီး
ကိုင်း . . . စားချင်တာစားဆိုပြီးကြွေးတော့ ကလေးတွေခမျာ ၀မ်းသာလုံးဆို့နေကြလို့ သိပ်တောင်မစားနိုင်တော့တဲ့အထိ။
စားသောက်ပြီးတော့ ဦးဟန်ကြည်တို့ ဇနီးမောင်နှံနဲ့ တပည့်တစ်အုပ် အောင်တဲ့ကျောင်းသားအိမ်တွေကို
ပတ်ပြီးသွားကြပါလေရော။ အနှီမှာတင် ကိုယ့်ကလေးတွေ ဆယ်တန်းအောင်တာ မြင်ရတဲ့ မိဘတွေမျက်နှာဟာ
ဘယ်လောက်စိတ်ချမ်းသာစရာကောင်းမှန်း သိရတော့တာကိုး။ တပည့်မိုက်တစ်ယောက်ရဲ့ အမေခမျာ သူ့သားအောင်တာ
ဝမ်းသာရှာလွန်းလို့ မျက်ရည်ပါကျတဲ့ အထိ။ ဦးဟန်ကြည် မှတ်မိပါသေးတယ်။ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက
ဆယ်တန်းနှစ်ခါကျထားခဲ့တဲ့ တပည့်တစ်ယောက် အောင်သွားတော့ အမေဖြစ်သူမှာ ပျော်ရှာလွန်းလို့
ပညာရေးမှူးရုံးရှေ့မှာတင် ကွေးနေအောင် က ရုံတင်အားမရဘဲ အိမ်ကိုပြန်တဲ့လမ်းတစ်လျှောက်ပါ
က-ခုန်ပြီး ပြန်သွားပါလေရော။ ကနေတဲ့ ကျောင်းသားမိဘရဲ့ မျက်လုံးတွေမှာလည်း ပီတိမျက်ရည်တွေ
ပြည့်နေရှာလေရဲ့။
သားသမီးကို ချစ်ကြတဲ့ မိဘတိုင်းကို ပျော်ရွှင်ကြည်နူးစေချင်တဲ့
ဦးဟန်ကြည်လည်း သူရို့ပျော်တာမြင်တော့ ထပ်ဆင့်တိုးပြီး ကြည်နူးတာပါပဲ။ အပွင့်လင်းဆုံးပြောရရင်
ဆိုဆုံးမရ အင်မတန်ခက်တဲ့ တပည့်မိုက်၊ တပည့်ဆိုးတွေကို တပင်တပန်းသင်ပေးနေတာကိုက မိဘတွေကို
သနားလွန်း၊ မိဘချင်း ကိုယ်ချင်းစာလွန်းလို့ပဲ မဟုတ်ပါလား။ တပည့်မိုက်လေးတွေမှာ သူရို့ဘ၀တစ်လျှောက်လုံး
မိဘရဲ့ စိတ်ဆင်းရဲမျက်ရည်ပေါက်ပေါင်းများစွာ ခြွေချနေခဲ့ကြတဲ့ အပြစ်ကြွေးတွေကလည်း နည်းမှမနည်းတာကလား။
အနှီတော့ ကလေးတွေရဲ့ မိုက်ပြစ်မိုက်ကြွေးတွေ လုံးဝကျေအောင် မဆပ်နိုင်သေးရင်တောင် မိဘဆီက
ဝမ်းသာမျက်ရည် တစ်ပေါက်လောက်ကြွေအောင် ခြွေနိုင်ရင်ပဲ သူရို့အပြစ်လေးတွေ လျော့မှာလျော့ကြပါစေဆိုတဲ့
ဆန္ဒလည်း ပါပါရဲ့။ ကိုယ့်ဆီမှာ တစ်နှစ်ပတ်လုံး သွန်သင်ဆုံးမပြီးလို့ မိဘကို စိတ်ချမ်းသာစေမဲ့
သားကောင်းသမီးကောင်းလေးတွေအဖြစ် ဆိုင်ရာဆိုင်ရာ မိဘတွေလက်ထဲ အပ်လိုက်နိုင်ရင် ဦးဟန်ကြည်တို့
ဝမ်းသာလှပါပြီ။ ကိုယ့်ကလေးတွေနဲ့ သူရို့မိဘတွေ ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင်ရှိနေတာကို
မြင်နေရရင် ဦးဟန်ကြည်တို့ သုံးရာသီလုံး ပင်ပန်းခဲ့သမျှတွေ ပျောက်ပါပြီလေ။
အောင်စာရင်းကို ကောက်ချက်ဆွဲလိုက်တဲ့အခါ
၂၀၁၁ - ၂၀၁၂ ပညာသင်နှစ်မှာ ဦးဟန်ကြည်ရဲ့ လက်ရွေးစင်တပည့်တွေအနက် နှစ်ယောက်အပေါ်မှာတော့
တာဝန်မကျေနိုင်ခဲ့ပါ။ စိတ်ဓာတ်ပိုင်း၊ စည်းကမ်းပိုင်း၊ ကြိုးစားအားထုတ်မှုပိုင်း၊ ဉာဏ်ရည်ပိုင်း
အစစ အရာရာ အားနည်းလွန်းတဲ့ အနှီကလေးတွေဟာ အောင်မြင်မှုနဲ့ အတော့်ကိုဝေးမှန်း နှစ်လည်ပိုင်းလောက်ကတည်းက
သိခဲ့ပေမယ့် ကိုယ်မျက်နှာလွှဲတာနဲ့ စင်ထွက်သွားမဲ့ အနှီကလေးတွေကို စိတ်ရှည်လက်ရှည်နဲ့
လမ်းကြောင်းပေါ်တင်ပေးဖို့ ကြိုးစားခဲ့ပေမယ့် ထင်သလိုဖြစ်မလာခဲ့တာကို ပြန်တွေးမိရင်
ဦးဟန်ကြည် ကိုယ့်ကိုယ်ကို အားမရပါ။ ရှင်တော်ဘုရားတောင်မှ ကျွတ်ထိုက်တဲ့လူတွေကိုပဲ
ကျွတ်တမ်းဝင်ဖို့ ၀ါယမစိုက်တော်မူတာကို ဦးဟန်ကြည်သိပေမယ့် တပည့်အားလုံးဟာ ကျွတ်ထိုက်တဲ့လူတွေချည်းပဲလို့
စာရင်းသွင်းထားတဲ့ ဦးဟန်ကြည်ကတော့ လာမယ့်နှစ်တွေ နှစ်တွေမှာ တပည့်တိုင်းကို အောင်မြင်မှုလမ်းစပေါ်ကို
ဆွဲတင်ပေးပြီး သူရို့မိဘတွေ စိတ်ချမ်းသာစေဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ဇွဲခတ်ပြီး
ကြိုးစားပေးဖို့ ဆုံးဖြတ်ချက်ချလိုက်မိပါရဲ့။
မနက်ဖြန်ရောက်ရင်တော့ အောင်မြင်ခဲ့ကြတဲ့
တပည့်တွေနဲ့ သူရို့မိဘတွေကို ဆိုင်တစ်ဆိုင်မှာ ဂုဏ်ပြုဧည့်ခံပွဲလေးတစ်ခု လုပ်ပေးပြီး
ဂုဏ်ထူးထွက်ခဲ့တဲ့ တပည့်ကိုတော့ ဂုဏ်ထူးတစ်ဘာသာပါရင် တစ်သိန်းဆုချမယ်လို့ နှစ်စကတည်းက
ထားခဲ့တဲ့ ဦးဟန်ကြည်ရဲ့ ကတိအတိုင်း ဆုပေးရပါဦးမယ်။ အစစအရာရာ ပေသီးခေါက်ပြီး ဆယ်လီကျေလွန်းတဲ့
ဦးဟန်ကြည်တစ်ယောက် ဒီတစ်ခါတော့ ဧည့်ခံပွဲအတွက် ကုန်မယ့်ငွေပမာဏကိုတွက်ရင်း နှမြောစိတ်တွန့်တိုစိတ်တွေ
တစ်စိုးတစ်စေ့မှမရှိဘဲ ဂုဏ်ပြုခွင့်ရတာကိုပဲ ၀မ်းသာပီတိတွေ ဝေနေပါကြောင်းဗျား။ ။
၁၀ . ၆ . ၂၀၁၂
( စနေနေ့ )
10 comments:
ဒီနှစ်ဆယ်တန်းအောင်ချက်ရာခိုင်နှုန်းက
တော်တော်ကောင်းတယ်ဆိုရမယ်နော်ဆရာ.
ကိုယ့်ပတ်ဝန်းကျင်ကော၊မိသားစုထဲမှာပါ
ကလေးတွေတော်တော်များများအောင်ကြတယ်။
ဆယ်တန်းဆိုတာဘ၀ရဲ့အဆုံးအဖြတ်ဖြစ်သလို
တက်လမ်းအစလဲဖြစ်တာမို့အရေးကြီးပါတယ်။
ဆရာတို့လို ဆရာကောင်း၊သမားကောင်းတွေရှိတာ
ကလေးတွေအတွက်အများကြီးကံကောင်းသလို
နိုင်ငံအတွက်လဲအများကြီးအကျိုးရှိပါတယ်။
နောက်ဆုံးစာပိုဒ်ကဂုဏ်ပြုဆုကြေးလေးမြင်မိတော့
ဆရာဟန်ရဲ့ကျောင်းမှာပြန်တက်ပြီး
ဆယ်တန်းပြန်ဖြေချင်စိတ်တောင်ပေါက်သွားရပါတယ်း)
သိတတ်လိမ္မာပြီး၊ရိုးသားကြိုးစားတဲ့ နိုင်ငံဂုဏ်ဆောင်
ပညာရှိလေးတွေ..မွေးထုတ်ပေးနိုင်ပါစေဆရာ..
ဆရာတို့ဇနီးမောင်နှံလည်း..စေတနာ၊ပီတိကိုစားရင်း
ဒီ့ထက်မက တိုးတက်အောင်မြင်ပါစေရှင်..
စာဖတ်ရင်း အပျော်တွေ ကူးစက်သွားတယ်။ အင်း အခုလိုမျိုး အပျော်ဗိုင်းရပ်ကူးစက်ခံရတာကတော့ ကျေနပ်ဂုဏ်ယူမိသဗျား။ ဆရာတစ်ယောက်ရဲ့ ပီတိအလှိုင်ဆုံး အချိန်ပေါ့။
မိဘနေရာက မခံစားဘဲ ဆရာနေရာကနေ ၀င်ခံစားပြီး ပြုံးဖြီးဖြီးကြီး ဖြစ်နေကြောင်းပါ ဆရာ။
ပင်ပင်ပန်းပန်းနဲ့ အလုပ်က ပြန်ရောက်စမှာဝင်ဖတ်လိုက်တဲ့ ပိုစ့်က တကယ့်ကို အပျော်တွေ ကူးစက်လို့ပေါ့ ဆရာ...
သိပ်ကိုလည်း ကြည်နူးရပါတယ်။
ဟို အရင်က ပိုစ့်တစ်ခုမှာ
အဆိုးတကာ့ထိပ်ခေါင် လက်ရွေးစင် မောင်/မယ် တွေ တပည့်တာဝန်တွေကျေကြ မငြီးမငြူ တစ်နှစ်ပတ်လည်းလုံး ဖေးကူထိန်းကျောင်း ဆရာကောင်းရဲ့ လက်အောက်မှာ အခုလိုကြည်နူးပျော်ရွှင်ကြရတာပေါ့ ။
ဆရာပျော်နေမယ်ဆိုတာမပြောလဲသိနေရပါတယ် ကျွန်မတို့၁၀တန်းဖြေတဲ့အချိန်လဲမိဘတွေဆရာတွေ
ဘယ်သူမှမအားရပါဘူးဆရာ
ဦးဟန်ကြည်လိုဆရာမျိုးများများလိုအပ်ပါတယ်
ဘ၀မှာ အိပ်ရေးမ၀ဆုံးသောအချိန်ဆိုတာ ၁၀တန်းဖြေတဲ့အချိန်လို့ထင်ခဲ့ရလောက်အောင်ကိုဖြစ်ခဲ့ရတယ်
ခုတော့လဲရယ်စရာလိုပါပဲဆရာရယ်ခုချိန်မှာတော့ဆရာတွေနဲ့မိဘကို ကိုယ်ချင်းစာတတ်နေပါပြီ
ဆရာရဲ့ပီတိတွေလဲကူးစက်ရပါတယ်
ဆရာတပည့်တွေအတွက်
ကွန်ဂရင်ကျူလေးရှင်းပါ ဆရာ..
ပစ်ပစ်တို့ကိုရော
ဘာကျွေးမှာလည်းဆြာ..
ဖတ်ရင်းဖတ်ရင်း ကြက်သီးတွေတောင်ထတယ်.ကျွန်တော်အကျင့်က ကြည်နူးရင် ကြက်သီးထတတ်တယ် ။ကျွန်တော် ၁၀တန်းအောင်စရင်းသွားကြည့်တုန်းက ရင်ခုန်သံတောင်
ပြန်ကြားရသလိုပဲ။
ဆရာရေ ... ဆရာ့ပို့စ်နဲ့အတူတူ ဆယ်တန်းအောင်စာရင်း တစ်ခါပြန်ကြည့်သွားတယ်။
ဝမ်းသာစရာပဲနော်။
ခင်မင်လျက်
ကျွန်တော့်ကလေးနှစ်ယောက် အဲ ကလေးဟုတ်ဖူးနော်
ဆယ်တန်းဖြေတဲ့ ကလေးနှစ်ယောက်မှာ တစ်ယောက်ပဲ အောင်တယ် ဆြာရယ်
တစ်ယောက်က အလုပ်တဖက်နဲ့အပြင်ဖြေကျတယ် သနားပါတယ် တစ်ယောက်ကတော့ အောင်လို့ တော်သေးတယ်လို့ သက်မချမိရဲ့ သတို့စာကျက် စာဖြေချိန် ကျွန်တော်လည်း ပင်ပန်းပါ့ အခုတော့ ၅၀ရခိုင်နှုန်း ပင်ပန်းရကျိုးနပ်ပါဖူးဗျာ
အပျော်တွေ ကူးစက်လာတယ်...
Post a Comment