Sunday, 26 December 2010

သွားရကံကြုံ . . .

ခရစ်စမတ်ပြန်သွားတဲ့
အိမ်ရှင်မကို သွားကြိုဖို့ မနက်ဖြန် ရန်ကုန်ဆင်းရပါမယ်။
ကိုယ့်ကျောင်းသားတွေကတော့ ကျောင်းသုံးရက်ကျော်ပိတ်ရမှာမို့ ပျော်နေကြပါရဲ့။ ဒါပေမယ့် ရန်ကုန်မှာကြာကြာမနေဘဲ အမြန်ပြန်ပြီး စာသင်ချိန်အပျက်နည်းအောင် ကြိုးစားပေးရပါလိမ့်မယ်။ စာမေးပွဲဖြေဖို့လည်း နှစ်လကျော်ပဲကျန်တော့တာမို့ပါ။

ခရီးသွားပျင်းလှတဲ့ ဦးဟန်ကြည်တစ်ယောက် ဒီတစ်ခါတော့ အိမ်ရှင်မကောင်းမှုနဲ့ ခရီးအဝေးကြီး သွားဖို့ကံကြုံရပြီ ဖြစ်ပါကြောင်း။ ။

Friday, 24 December 2010

ခရစ်တော်နှင့် ပိုက်ဆံအိတ် . . .

နောက်နာရီဝက်ဆိုရင်
ခရစ်ယာန်ဘာသာဝင်တို့ရဲ့ သခင်ခရစ်တော် မွေးဖွားသန့်စင်တဲ့ အချိန်အခါသမယကို ရောက်ပါတော့မယ်။ တစ်နည်းပြောရရင်တော့ ထူးမြတ်တဲ့ ခရစ်စမတ်အခါတော် ရောက်ပါတော့မယ်။

အခါတိုင်းနှစ်တွေဆိုရင် ဒီညမျိုးမှာ အိမ်ရှင်မနဲ့အတူ ခရစ်စမတ်ကူစောင့်ရင်း ဘုရားသီချင်းဆိုဖို့ ဂစ်တာတီးပေးနေကျပါ။ သူများတွေကတော့ သက်ဆိုင်ရာ ဘုရားကျောင်းမှာ ခရစ်စမတ်ကြိုကြရင်း ပျော်ကြပါးကြပေမယ့် ကိုယ်နဲ့အနေများလို့ ကိုယ့်စိတ်ဓာတ်ပါကူးကုန်တဲ့ အိမ်ရှင်မကတော့ ဘုရားကျောင်းသွားပြီး ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာဖြစ်မှာကို စိတ်မပါတော့တာကြောင့် အခါတော်ကျမှပဲ ဘုရားကျောင်းသွားတာ များပါတယ်။ ဒါကလည်း ကလိယုဂ်ဆုတ်ကပ်ဆိုတဲ့ သဘာဝအရ ဘာသာတရားတွေက မွန်မြတ်ကြပေမယ့် ဘာသာဝင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေက အားနည်းလာတာကို ပြနေသလိုပါ။ ဘယ်သူတွေတရားပျက်ကြပေမယ့် ကိုယ်တိုင်တရားမပျက်ဖို့လည်း အမျိုးသမီးကို မကြာမကြာ အားပေးရတာ ပြန်သတိရဖြစ်ပါတယ်။

ညနေက အိမ်ရှင်မနဲ့ ဖုန်းဆက်ဖြစ်တော့ နောက်နှစ်ဆန်းပိုင်းမှပဲ ပြန်လာမယ်လို့ ဆိုပါတယ်။ မောင်နှမတွေ စုံစုံလင်လင် တွေ့ကြတဲ့ပွဲဖြစ်တာမို့ ပျော်နေကြပုံရလို့ မုဒိတာပွားရပါတယ်။ ကိုယ့်မှာလည်း အခုထိမမြင်သေးတဲ့ ယောက်ဖတွေ၊ ခယ်မတွေကို အဝေးကလှမ်းပြီး ဖော်လံဖားနေရတာလည်း တစ်နေ့တစ်နေ့ အမောပါ။ ပါသွားတဲ့ လက်ဆောင်တွေ မျက်နှာကြောင့်လား၊ တကယ့်အရှိကိုများပြောသလား မတွေးတတ်ပေမယ့် ညနေက ဖုန်းဆက်တော့ ခယ်မတော်က “တို့အစ်ကိုကြီးက ချောတယ်”လို့ လှမ်းပြီး ထောပနာပြုလိုက်တာကြောင့် ငချိတ်ရောင်ကဲပြီး သပိတ်လိုမဲနေတဲ့ ဦးဟန်ကြည်တစ်ယောက်တော့ ဖရဏာပီတိမှာ ဂွမ်းဆီထိပြီး
“လိုတာရှိလဲ လှမ်းမှာနော်”လို့ အဆစ်ကလေးပါ ထည့်ပြောလိုက်မိပါကြောင်း...။ ။

စကားချပ်။ ။
ပါသွားတဲ့ ပိုက်ဆံတွေ ကုန်သွားတာကြောင့် ဘဏ်ဖွင့်ရင် ပိုက်ဆံလွှဲပေးဖို့ အိမ်ရှင်မက ရာဇသံပေးတဲ့အတွက် ဦးဟန်ကြည်တစ်ယောက် ပိုက်ဆံအိတ်ကို ပွတ်နေမိပါကြောင်း...

Sunday, 19 December 2010

ခြင်္သေ့လည်ပြန် . . .

အိမ်ရှင်မ ခရီးသွားနေတာ ဒီနေ့နဲ့ဆိုရင် ၅ရက်ရှိပါပြီ။

အရင်က ကိုယ်ရေးတဲ့ပို့စ်တွေမှာ အိမ်ရှင်မအကြောင်း တစ်ခါမှထည့်မရေးဖြစ်ပါ။
ကိုယ်တိုင်က ကိုယ့်အိမ်ရှင်မ တော်ကြောင်းကို သူများတွေသိအောင် ပြောရမှာ ရှက်တတ်တာကြောင့်လည်းပါသင့်သလောက်ပါသလို အရင်ကတည်းက ချစ်တယ်၊ ကြိုက်တယ်ဆိုတာတွေကို သိပ်ပြီးအလေးတယူ မရှိတတ်တာကြောင့်လဲ ပါပါတယ်။ တစ်ယောက်တည်း တွေးချင်ရာတွေး၊ ဖတ်ချင်ရာဖတ်၊ သွားချင်ရာသွားနေရတဲ့ အရသာကို မြတ်နိုးလွန်းတာကြောင့် ကျောင်းသားဘ၀တစ်လျှောက်လုံးလည်း ဘာရည်းစားမှမထားခဲ့ဘဲ ခပ်ရှင်းရှင်းပဲ နေခဲ့တာပါ။

ဒါတင်ပဲလားဆိုရင် အနားမှာလာပြီး တွတ်တီးတွတ်တာ စကားပြောတာ၊ စိတ်ကောက်တာ၊ သ၀န်တိုတာတွေကိုလည်း အင်မတန်မှ ကလေးဆန်တဲ့အလုပ်တွေလို့ ယူဆခဲ့တာပါ။ သမီးရည်းတို့ဘာသာဘာဝ လျှောက်လည်ကြတာ၊ စိတ်ထဲကမပါလည်း ကိုယ့်ရည်းစား စိတ်ချမ်းသာအောင် လိမ်ပြော၊ ညာပြောရတာ၊ မအားတဲ့ကြားက ရည်းစားစိတ်ကြိုက် လိုက်ပို့ရပြုရတာတွေကို သူငယ်ချင်းသမီးရည်းစားအတွဲတွေကို ကြည့်ရင်းကပဲ စိတ်ကုန်လွန်းတာကြောင့် ဘယ်မိန်းကလေးကိုမှ မပတ်ခဲ့သလို ပတ်သက်လာမယ်ထင်ရင်လည်း ခပ်ဝေးဝေးကပဲ ကြိုရှောင်ခဲ့ပါရဲ့။ ကိုယ်ကနည်းနည်းရှောင်လိုက်ရုံနဲ့ မိန်းကလေးတို့သဘာဝကိုက သူတို့ကို စိတ်ဝင်စားဟန်မပြရင် ပထမပိုင်းတော့ မခံချိမခံသာ ဖြစ်တတ်ကြပေမယ့် ကြာလာရင် “အတော်ကြီးကြယ်တဲ့ကောင်”လို့ သမုတ်ပြီး ကိုယ့်ကိုမြင်ရင် ခပ်ဝေးဝေးက ရှောင်ကြတော့တာများပါတယ်။ ကိုယ်လိုချင်တာကလည်း ဒီအခြေအနေမျိုးပဲမို့ ကျောင်းသားဘ၀ကို ကိုယ့်စိတ်နဲ့ကိုယ် မင်္ဂလာရှိရှိနဲ့ ပျော်ပျော်ကြီးဖြတ်သန်းခွင့်ရခဲ့ပါရဲ့။ ကြာလာတော့ ပွင့်ပွင့်လင်းလင်းရှိလှတဲ့ ကိုယ့်မေမေကပါ “သားကိုကြိုက်မယ့်လူများမရှိလို့လား”လို့ပါ မေးယူရလောက်အောင် ချစ်တာတွေ၊ မေတ္တာတွေကို စိတ်ဝင်စားမှု နည်းခဲ့တာပါ။ အဲဒီလို နေခဲ့ပေမယ့် စာရေးခြင်းအနုပညာကို ၀ါသနာထုံလွန်းတာကြောင့် ကဗျာတွေ၊ ၀ထ္ထုတိုတွေရေးရင်တော့ အငှားစိတ်ကူးယဉ်ပြီး သဘာဝမကျကျအောင်ရေးပြီး စာဖတ်သူကို လှည့်စားခဲ့နိုင်ပါတယ်။ ဒါကြောင့်လဲ ကျောင်းသားဘ၀တုန်းက ကိုယ်ရေးခဲ့တဲ့ ကဗျာတွေကိုဖတ်တဲ့ သူငယ်ချင်းတွေက မိန်းကလေးတွေကို ကိုယ်သိပ်စိတ်မ၀င်စားလှတာနဲ့ ပတ်သက်ရင် အမြဲလို သံသယရှိတာကို ကျောင်းသားဘ၀တစ်လျှောက်လုံး ခံခဲ့ရပါရဲ့။ ဒါပေမယ့် ကိုယ့်ကိုယ်ကို အသိဆုံးမို့ သူငယ်ချင်းတွေ ပြောသမျှ၊ သံသယတွေကို ရယ်ရယ်မောမောနဲ့ပဲ ရင်ဆိုင်ခဲ့နိုင်ပါတယ်။

ဒါပေမယ့် အချိန်တန်တော့ နွားပိန်ကန်စမြဲဖြစ်တဲ့ လူ့သဘာဝအရ
အခုကိုယ့်အိမ်ရှင်မ ဖြစ်လာမယ့်သူနဲ့ တွေ့ပြီး ရည်းစားထားတာ အိမ်ထောင်ပြုဖို့ ဆိုတဲ့ ကိုယ့်မူနဲ့ကိုယ်ပဲ တစ်အိုးတစ်အိမ် ထူထောင်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်တို့ရည်းစားသက်တန်းတလျှောက်မှာတော့ ကိုယ့်ဇနီးလောင်းကို မိုးလောက်ကြီးချစ်ပါတယ်၊ တစ်လောကလုံးမှာ ခင်သာအလှဆုံး၊ အာကာကိုလွှာပုံပြုလို့ မေယုကိုလည်း စုတ်တံမချီခဲ့သလို သမုဒ်ကိုလည်း မင်ရည်ဖျော်ပြီး ချစ်တယ်ကြိုက်တယ်ဆိုတဲ့ စကားတွေကို ကိုယ့်ဝထ္ထုတွေထဲက ဇာတ်ကောင်တွေလောက် ဖောချင်းသောချင်း မသုံးခဲ့ရိုးအမှန်ပါ။ ကိုယ်ကတော့ သူ့ကို ကိုယ်တို့ရှေ့ဆက်ရမယ့် ဘ၀စီမံချက်တွေကိုပဲ ပြောဖြစ်ခဲ့တာ များပါတယ်။ ခပ်ငယ်ငယ်ကလေးကတည်းက မိဘနဲ့တောင် နွေးနွေးထွေးထွေး မနေတတ်ခဲ့တဲ့ ကိုယ့်အတွက် အခုလိုနေတာထိုင်တာဟာ မထူးဆန်းပေမယ့် မိန်းကလေးဖြစ်တဲ့ သူ့ခမျာမှာတော့ ကိုယ့်ကိုတော်တော်သည်းခံခဲ့ရရှာမှာ အခုလိုဝေးနေမှပဲ သနားမိပါတော့တယ်။

အခုတော့လည်း အိမ်မှာတစ်ယောက်တည်းယောင်ချာချာဘ၀နဲ့ ခရီးသွားနေတဲ့ အိမ်ရှင်မကို သတိတရရှိရင်းက ဆရာစိုင်းခမ်းလိတ်ရေးခဲ့တဲ့ “ခြင်္သေ့လည်ပြန်”သီချင်းကိုပဲ မကြာမကြာ နားထောင်ဖြစ်နေပါရဲ့လေ။ ။




Monday, 13 December 2010

လွမ်းတတ်သလိုလွမ်းမိသည် . . .

အတူနေတာ ရှစ်နှစ်ကြာတော့
မေတ္တာသစ္စာ ရင်မှာတွယ်ရစ်
ချစ်ခြင်းတာရှည် ခိုင်မြဲသည်မို့
တစ်မြို့တစ်ရွာ ဝေးကြရာဝယ်
ရင်ဝယ်နွမ်းလျ လွမ်းရသည်...


ခရစ်စမတ်ပွဲတော်အတွက် ၁၅ရက်နေ့ကပဲ
ကိုယ့်ဇနီးသည် သူ့ဒေသကို ပြန်သွားပါတယ်။
အိမ်မပြန်တာ ၈နှစ်ကျော်လာပြီဖြစ်တော့ ပြန်ချင်ရှာမယ်လေ။
ပြီးတော့ တစ်ပြည်လုံးမှာ ပြန့်ကြဲနေကြတဲ့ သူ့မောင်နှမတွေနဲ့လဲ လွတ်လွတ်လပ်လပ်တွေ့ချင်မှာမို့ ကိုယ်လိုက်မသွားဖြစ်တော့ပါ။ နှစ်ပတ်ကျော်၊ သုံးပတ်လောက်ကြာမယ့်ခရီးဖြစ်တာမို့ ကိုယ့်ကျောင်းသားတွေကို ပစ်ထားလို့မရတာကြောင့်လည်း ပါပါတယ်။ ပစ်ထားလို့ရဦးတောင် ကိုယ့်အနေနဲ့ ဘယ်လိုမှ ပစ်မထားနိုင်ပါ။ စာမေးပွဲကြီးဖြေဖို့ သုံးလတောင် မလိုတော့တဲ့ အခုလို အချိန်မျိုးမှာ ကိုယ်တို့ပညာရေးသမားတွေအတွက် တစ်ရက်၊ တစ်မနက်ဟာလည်း ရွှေထက်တောင် အဖိုးတန်တာမို့ အင်မတန်တန်ဖိုးထားပြီး နှမြောရပါတယ်။

ခပ်ငယ်ငယ်က စာစီစာကုံးရေးကြတုန်းက ကိုယ်တို့ရေးခဲ့ကြပါတယ်။ ကျန်းမာရေးနဲ့ လွတ်လပ်ရေးဟာ လေနဲ့တူတယ်လို့။ ဘာကြောင့်လဲဆိုရင် ရှိနေတုန်းမှာ တန်ဖိုးထားရကောင်းမှန်းမသိကြဘဲ ဆုံးရှုံးတော့မှ နှမြောရတဲ့ အရာတွေဖြစ်နေလို့ပါ။ အခုလည်း အဲဒီစာသားကို ပြန်ကိုးကားရမလိုပါ။ အိမ်ရှင်မတစ်ယောက်ရဲ့ တန်ဖိုးကို သူအဝေးရောက်နေမှ ပိုသိရပါတော့တယ်။ အိမ်ရှင်မသွားလို့ နှစ်ရက်တောင်မကြာသေးပါ ကိုယ့်အိမ်တစ်ခုလုံး ပစ္စည်းတွေ နေသားတကျမရှိတော့ပါ။ ကိုယ်ကလည်း နေ့ခင်းတစ်နာရီကျော်၊ နှစ်နာရီလောက်ပဲ အိမ်ကပ်ခွင့်ရတာမို့ သန့်ရှင်းရေးတွေဘာတွေလည်း အာရုံမထားနိုင်ပါ။ နေ့ခင်းပိုင်း နားချိန်မှာ ကျန်တဲ့အရာတွေထက် ကိုယ့်လုပ်ငန်းအတွက် ပြင်ဆင်စရာတွေပြင်ဆင်ချင်ပြင်ဆင်၊ မပြင်ဆင်ချင်ရင်လည်း ညနေပိုင်း အလုပ်ချိန်မှာ အားပြည့်အင်ပြည့်ရှိအောင် တရေးတမောအိပ်ချင်အိပ်ဆိုတော့ အိမ်ရှင်မရှိတုန်းက လုပ်တဲ့အလုပ်တွေဟာ လစ်ဟာကုန်တော့တာပါ။

တကယ်ဆိုရင် ကိုယ်တို့ဆရာဝန်လူမျိုးဆိုတာ တော်တော်လေးကို အကြင်နာ၊ သံယောဇဉ် နည်းကြတဲ့လူမျိုးပါ။ ရောဂါတွေ၊ ဝေဒနာခံစားရတာတွေနဲ့ ယဉ်ပါးနေကြသူတွေမို့ တော်ရုံအရာလောက်ကို မသနားတတ်တော့သလို ဘာကိုမှလည်း တွယ်တွယ်တာတာ သိပ်မရှိတော့ပါ။ ဒီကြားထဲမှာ ကိုယ်ကလည်း ငယ်ငယ်လေးကတည်းက ဘယ်သူ့ကိုမှ တွယ်တာတာတွေဘာတွေ သိပ်မရှိခဲ့တာကြောင့် လွမ်းတယ်ဆိုတာ စိတ်ကူးယဉ်ပြီးခံစားရုံသာ ခံစားခဲ့ဖူးတာကြောင့် ဘာကိုခေါ်မှန်း လက်တွေ့မသိခဲ့ရိုးအမှန်ပါ။ အခုလို အိမ်ရှင်မ ခရီးထွက်သွားလို့ ရင်ထဲမှာ ဟာတာတာဖြစ်ကျန်ရစ်တော့မှ လွမ်းတယ်ဆိုတာ ဒါမျိုးကိုခေါ်တာဖြစ်လိမ့်မယ်လို့ ကိုယ့်ကိုယ်ကို သတိထားမိပါတော့တယ်။ အခါတိုင်း အိမ်ပြန်ရောက်ရင် မြင်နေကျနေရာမှာ မြင်နေကျသူ့ကို မမြင်ရတာလည်း တကယ့်ကို ဟာတာတာကြီး ဖြစ်လို့နေပါရဲ့။

အလုပ်ချိန်တွေမှာတော့ ကိုယ့်ကျောင်းသားတွေနဲ့ လက်မလည်အောင် အလုပ်များနေတာမို့ လွမ်းတာတွေ၊ သတိရတာတွေ သိပ်မခံစားရပါ။ ဒါကြောင့် ဒီရက်တွေမှာ အလုပ်ချိန်ကို အခါတိုင်းထက် နည်းနည်းပိုယူလိုက်ပါတယ်။ အခါတိုင်း အိမ်ကို ည၈နာရီလောက် ပြန်ဖြစ်ပေမယ့် ဒီရက်တွေမှာတော့ ၉နာရီလောက်မှပဲ သင်တန်းကို ဖြုတ်ပေးဖြစ်ပါတော့တယ်။ ကိုယ်လည်းအလွမ်းပြေ ကိုယ့်ကလေးတွေလည်း အကျိုးရှိပါတယ်။

ဆရာဆိုတော့လည်း သာမန်လူလိုမလွမ်းဘဲ ဆရာလိုပဲ လွမ်းရပေမယ့် တစ်ရက်တစ်ခါတော့ ဖုန်းမှန်မှန်ဆက်ရပါသေးရဲ့...

Saturday, 11 December 2010

အလှူ . . .

အလှူမြောက်ခဲ့ပါပြီ...
မနေ့ညနေကပဲ ဘကစာသင်ကျောင်းအတွက် စာသင်ခုံ၁၈စုံ လုပ်ထားတာကို သွားပြီးလှူဖြစ်ပါတယ်။ ဘုန်းတော်ကြီးကျောင်းကို ရောက်သွားမှ ကျောင်းသားအင်အားက ကိုယ်ထင်ထားသလို ၄၊၅ရာ မဟုတ်ဘဲ မူလတန်းအဆင့်ကျောင်းသား ၁၅၀၀ကျော်နေတာတွေ့ရတော့ အံသြမိသလို ဆရာတော်ရဲ့ စေတနာကိုလည်း လေးစားမိရပါတော့တယ်။ ဘုန်းတော်ကြီးကျောင်းဝန်းတစ်ခုလုံးလည်း ကျောင်းသားလေးတွေနဲ့ ပြည့်နေပါတယ်။ ရှိသမျှ ကျောင်းဆောင်အားလုံးလည်း သံဃာဆောင်မဟုတ်တော့ဘဲ စာသင်ဆောင်တွေဖြစ်နေကြပါတယ်။ ကလေးသုံးလေးယောက်နဲ့ နာရီဝက်လောက်ကြာအောင်နေရရင်တောင် နားတွေပူ၊ မျက်စိတွေနောက်ပြီး ဦးဏှောက်တွေပါ ပွက်ကုန်တဲ့ ကိုယ်တော့ ဒီကလေးပုစုခရုလေးတွေနဲ့ ကျောင်းတိုက်ထဲမှာ ပျော်နေတဲ့ ဆရာတော်ကို မလေးစားဘဲ မနေနိုင်ပါ။

ပိုလေးစားတဲ့ အချက်က
ဒီဘကကျောင်းမှာ ကျောင်းသားတွေကို ဘာသာမခွဲ၊ လူမျိုးမခြားဘဲ သင်ယူခွင့်ပေးတာကိုပါ။ များသောအားဖြင့် ဘာသာဝင်အများစုက ဘာသာရေးနဲ့ ပတ်သက်ရင် တစ်ကြောင်းစွဲဆန်ကြသူတွေများတာမို့ အခုလိုဘာသာရေးခေါင်းဆောင် ဆရာတော်က ဘာသာစွဲ၊ ဂိုဏ်းဂဏစွဲမထားဘဲ လူကိုသာရှေ့တန်းတင်ပြီး ပညာရေးအတွက် ၀န်ဆောင်မှုတွေကို စွမ်းစွမ်းတမန်လုပ်ပေးနေတာ ကြည်ညိုလွန်းမက ကြည်ညိုမိပါတယ်။ ဘာမှအစီအစဉ် အထွေအထူးမရှိဘဲ ရှောင်တခင်လို သွားလှူတာကြောင့် ကျောင်းတိုက်မှာ ကျောင်းသားလေးတွေအတွက် ဘာတွေလိုအပ်နေတယ်ဆိုတာ သေသေချာချာမလေ့လာမိခဲ့တာကြောင့် နောက်တစ်ခါထပ်ပြီး လှူဖို့ ဆုံးဖြတ်ထားပါသေးတယ်။

ဘာပဲဖြစ်ဖြစ်
စာသင်ခုံတွေဆိုတာ ကျောင်းသားတွေအတွက် မရှိမဖြစ်အရာတွေဖြစ်တာမို့ ကိုယ်တို့လှူတဲ့ စာသင်ခုံသစ်လေးတွေနဲ့ ကျောင်းသားလေးတွေ ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ ပညာသင်ယူနေကြတဲ့ ပုံကို မျက်စိထဲမှာ မြင်ယောင်ရင်း ဒီနေ့အထိ ကျေနပ်ပီတိဖြစ်နေမိပါသေးရဲ့။ ။

Friday, 10 December 2010

ဒီဇင်ဘာမိုး . . .

ကြံကြီးရယ်တဲ့ စည်ရာ
ဆောင်းတွင်းမှာ မိုးရွာလို့
ဘယ်ရာသီ ဘယ်ပုံပြောင်းတယ်
တွေးခက်ပါကြောင်း

မနေ့က ထူးထူးဆန်းဆန်းပဲ ဒီဇင်ဘာဆောင်းတွင်းကြီးမှာ မိုးတွေရွာပါတယ်။ ဒီနေ့လည်း တစ်နေ့ခင်းလုံး မိုးတွေတဖွဲဖွဲကျနေလေရဲ့။ သြကာသလောကကြီးလည်း ဘာတွေဖြစ်ကုန်ပြီလဲ မပြောတတ်တော့ပါ။ လောလောဆယ်တော့ ဆောင်းတွင်းကြီးမှာ မိုးကာအင်္ကျီထုတ်ဝတ်ပြီး ရာသီတော်ဦးကို ခပ်ကြောင်ကြောင်ပဲ ရင်ဆိုင်လိုက်ရပါတော့တယ်။

ရာသီဖောက်ပြန်တာကြောင့် ဒီဘက်နှစ်တွေမှာ မုန်တိုင်းတွေကလည်း နံမည်အမျိုးမျိုးနဲ့ လောကသားတွေဆီကို မကြာမကြာ အလည်လာကုန်ကြပါတယ်။ နာဂစ်၊ ဆူနာမီ၊ ဘစ်ဂ်ျလီ ကုလားလိုတစ်မျိုး စပိန်လိုတစ်ဖုံ အမျိုးတွေစုံစုံနဲ့ ကိုယ်တို့ကို နှုတ်ခွန်းတော်တွေ ဆက်သလို့ မရိုးနိုင်အောင် ကြည်စယ်တော်မူရက်ကြပါပေတယ်။ ရာသီတွေဖောက်ဆို သစ်တောတွေလည်း ပျောက်သလောက်ရှိကုန်ကြပြီ မဟုတ်ပါလား။
ကမ္ဘာ့မြေလွှာက ရသမျှ မြေပေါ်၊ မြေအောက် သယံဇာတတွေကို တိုးတက်တဲ့နည်းပညာအကူအညီနဲ့ နှစ်ပေါင်းများစွာထုတ်လိုက်ကြ သုံးလိုက်ကြတာ အခုဆိုရင် ခန်းမယ့်အရေးကိုတောင် တွေးပြီးပူနေရပါပကောလား။ ကိုယ်တို့တစ်သက်တောင် ဒါတွေကုန်မှာစိုးနေရရင် နောင်လာနောက်သားတွေအတွက်ဆိုရင်တော့ မလွယ်ရေးချမလွယ်တာ သေချာနေပေါ့။ ခက်တာက ဖောက်ပြန်လွန်းတဲ့ ဒီရာသီသဘာဝကို ပြုပြင်ကြဖို့ဆိုတာကလည်း ကိုယ်တစ်ယောက်တည်း သစ်ပင်တွေစိုက်၊ လေထုသန့်ရှင်းရေးလုပ်နေလို့ ရတာမဟုတ်တဲ့ ကိစ္စဖြစ်နေတာပါပဲ။

ကိုယ်ကတော့ ပညာရေးသမားဖြစ်တာကြောင့် ဒါတွေကို ဖြေရှင်းဖို့ လူတွေအားလုံး ပညာတတ်ရမယ်လို့ပဲ ကောက်ချက်ချမိပါတယ်။ ဒါပေမယ့် ပညာတတ်ခွေးမြီးတွေ ဖြစ်ကုန်ကြရင်လည်း တတ်တဲ့ပညာအားကိုးနဲ့ ကမ္ဘာကိုဖျက်မယ့် ပညာရှင်ကြီးတွေ ဖြစ်ကုန်ကြရင်လည်း ဆေးအတွက်လေးကုန်ပါဦးမယ်။ ဒါကြောင့် လူတွေကို ပညာရော၊ အသိပါ တွဲပြီးပေးနိုင်ရင် လှပတဲ့လောကသစ်(အားလုံးရဲ့ အိပ်မက်ထဲက ကမ္ဘာ) ကို တည်ဆောက်နိုင်မှာ မလွဲတော့ပါ။
အင်း...မနက်ဖြန်သို့မဟုတ် ဘယ်သောခါများ ဖြစ်နေမလားတော့ မပြောတတ်တော့...

Thursday, 9 December 2010

ရင်လေးတယ် . . .

ကျောင်းသားတွေကို
နားနေချိန်လုံလောက်အောင်ပေးသင့်သလား။
ဒါမှမဟုတ်...
ရသမျှအချိန်တိုင်း စာသင်သင့်သလား။

ကိုယ်လည်းစာသင်နေတဲ့ဆရာဖြစ်နေပြီမို့ ဆရာတွေရဲ့ခံစားချက်ကို နားလည်ပါတယ်။ ဆရာဆိုတာကတော့ ဖြစ်နိုင်ရင် ရသမျှအချိန်တိုင်း စာသင်နေချင်တာပါ။ တစ်ရေးနိုးထပြီးစာသင်ရရင်လည်း ကိုယ်တို့ဆရာတွေကတော့ ပျော်တာပါပဲ။ လင်မယားရန်ဖြစ်နေရင်းက ကျောင်းသားတွေရောက်လာရင်လည်း ရန်ဖြစ်နေတာကို ခဏနားပြီး စာသင်လိုက်တာပါပဲ။ စာသင်ပြီးမှ ပြန်ရန်ဖြစ်တာပေါ့လေ။

နေမကောင်းလို့ ဖျားချင်သလိုဖြစ်နေရင်လည်း စာသင်ချိန်တစ်ချိန်လောက် အင်တိုက်အားတိုက်သင်လိုက်ရင် ချွေးညီသွားပြီး အဖျားကျသွားလေ့ရှိတာပါ။ ဆောင်းရာသီချမ်းနေရင်လည်း စာသင်ရင်း လှုပ်ရှားလိုက်ရင် အပူထွက်ပြီး အချမ်းသက်သာသွားပါရဲ့။ နွေရာသီပူပူလောင်လောင်ကြီးမှာလဲ စာသင်လိုက်ရင် ချွေးထွက်လာပြီး ချွေးလေးတစ်စိုစိုနဲ့ အပူသက်သာသွားပါရော။ အိမ်ထောင်ရေးပြဿနာ၊ စီးပွားရေးပြဿနာ၊ လူမှုရေးပြဿနာတွေကြောင့် စိတ်ညစ်နေ၊ စိတ်ဆင်းရဲနေရင်လည်း စာတစ်ချိန်လောက်သင်လိုက်ရင် ကျောင်းသားတွေကြားထဲမှာ ရယ်လိုက်မောလိုက် ဆူလိုက်ငေါက်လိုက်နဲ့ မကြာခင်ပဲ စိတ်ညစ်ပြေသွားလေ့ရှိပါတယ်။

ဒါကြောင့် ဆရာဆိုတဲ့ လူမျိုးတစ်မျိုးအတွက် စာသင်ခြင်းဟာ သူ့အတွက် ရာသီဒဏ်၊ လောကဓံ၊ ပတ်ဝန်းကျင်ဒဏ်၊ အရာရာ သက်သာစေတဲ့ တကယ့်မဟာသြသဓဆေးကြီးတစ်ပါးဖြစ်ပါတယ်။

ဒါပေမယ့် စာသင်ယူခြင်းကတော့ ကျောင်းသားတွေအတွက် ဆေးခါးကြီးပါ။
ရောဂါပျောက်မှန်းသိပေမယ့် အ၀င်ဆိုးလှတဲ့ ဆေးခါးကြီးလိုပဲ ဘ၀အတွက် လိုအပ်မှန်းသိပေမယ့် ကလေးတို့ဘာဝ ပျော်ချင်ပါးချင်၊ လည်ချင်ပတ်ချင်စိတ်တွေကို ချိုးနှိမ်ပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကိုပါ စတေးကြရတာဖြစ်လို့ ကလေး၁၀၀မှာ ၁၀၀လုံးပဲ စာသင်ချိန်တွေကို ပျင်းကြလေ့ရှိပါတယ်။ ဒါကိုလည်း အပြစ်လို့မြင်လို့ မဖြစ်ပါ။ လူ့သဘာဝကို အပြစ်မြင်နေလို့ကတော့ ကိုယ်ပဲဒုက္ခရောက်ရပါလိမ့်မယ်။ ကိုယ်လည်း ငယ်ငယ်က ပျင်းခဲ့တာပါပဲ။ ဘယ်သူမဆို ကျောင်းသားဘ၀ကတော့ စာသင်ရမှာ၊ စာကြည့်ရမှာ ပျင်းခဲ့တဲ့လူတွေချည်းပါပဲ။ အရွယ်ရလာ၊ ရာထူးဌာနန္တရတွေရလာ၊ ဂုဏ်ပုဒ်တွေရှိလာမှပဲ ငယ်ငယ်က ၀ီရိယရှိခဲ့သယောင်ယောင်၊ စာကြိုးစားရမှာ စာမေးပွဲဖြေရမှာ ပျော်ခဲ့သယောင်ယောင်၊ ဆရာတွေဆိုဆုံးမတာတွေကို ကျေနပ်ခဲ့သယောင်ယောင် လုပ်ကြသူတွေချည်းပါပဲ။

ဒီတော့ ကိုယ်တို့လြူကီးတွေအနေနဲ့ ကလေးတွေရှေ့မှာ ဟိတ်ဟန်တစ်ခွဲသားနဲ့ ငယ်ငယ်ကဒီခေတ်ကလေးတွေလိုမဟုတ်ဘဲ ၀ီရိယအရာ၊ စိတ်ဓာတ်အရာမှာ ဧတဒဂ်ရခဲ့သလို ပုံဖမ်းမနေဘဲ ရိုးရိုးသားသားနဲ့ ကိုယ်တို့တွေလည်း ငယ်ငယ်က ပျင်းခဲ့ကြောင်း ရဲရဲကြီးဝန်ခံလိုက်စေချင်ပါတယ်။ ကိုယ့်တုန်းက ပျင်းခဲ့ပြီး သူများပျင်းတော့မှ နင်ပဲငဆ ဆူနေ၊ ငေါက်နေတာတွေကို ကြားရလွန်းလို့ နားကြားပြင်းကတ်ကတ်ရှိလှတာကြောင့် ဒီိပို့စ်ကိုရေးဖြစ်တာပါ။ ကလေးတွေရဲ့ သဘာဝကိုလည်း နားမလည်၊ ခေတ်ကိုလည်း မြင်အောင်မကြည့်၊ ငါနှင့်ငါသာနှိုင်းစရာဆိုတဲ့ သုံးမရတဲ့အတ္တတွေ တစ်ပုံတစ်ခေါင်းနဲ့ ပညာရေးလုပ်သားတစ်ချို့နှိပ်စက်တာကို မချိမဆန့်ခံနေရရှာတဲ့ ကိုယ်တို့ကျောင်းသားလေးတွေကို သနားလာတာကြောင့်လဲ ပါပါတယ်။

ဆရာတစ်ချို့ကပြောပါသေးတယ်။ “ပေးတဲ့ငါတို့ကတောင် ပေးနိုင်သေးတာ၊ ယူတဲ့နင်တို့က ဘာကြောင့်မယူနိုင်ရတာလဲ” တဲ့။ တော်တော်လေး မိုက်ရိုင်းတဲ့ သြ၀ါဒကထာပါပဲ။ ဒါဆိုရင် ကိုယ်တစ်ခုပြောကြည့်ချင်တယ်။ အဲဒီပုဂ္ဂိုလ်ထူးတွေကို ကိုယ့်အိမ်က အ၀တ်အစားထည့်တဲ့ ဗီရိုတစ်လုံးလက်ဆောင်ပေးမယ်။ ဒီအတိုင်းသယ်သွားရမယ်လို့။ မသယ်နိုင်ရင် ကိုယ်ပြောမယ်လေ။ “ပေးတဲ့လူကတောင်ပေးနိုင်သေးတာ၊ ယူတဲ့သူက နိုင်အောင်သယ်သွားပေါ့”လို့။

ဆရာတစ်ယောက်က ပေးတယ်ဆိုတာ ကိုယ့်ဦးဏှောက်ထဲမှာ ရှိတာကို ထုတ်ပေးတာဖြစ်လို့ သိပ်အပန်းကြီးတာမဟုတ်ပါ။ ကလေးတစ်ယောက်က ယူရတယ်ဆိုတာ တစ်ခါမှမမြင်ဖူး၊ မတွေ့ဖူးတဲ့ စာတွေကို သူ့ဦးဏှောက်ထဲကို အတင်းသွင်းယူရတာဖြစ်လို့ အင်မတန်မှ ပင်ပန်းပါတယ်။ ဒါလေးလောက်တောင် နားမလည်ဘဲ ပညာရေးလောကမှာ မင်းမူနေကြတဲ့
ချစ်လှစွာသော ၀ါရင့်(၀ါပြီးရင့်နေလို့ ကြွေရုံပဲ ကျန်တော့တဲ့) ပညာရေးဝန်ထမ်းတွေ နားမလည်နိုင်ကြရင်ဖြင့် နောင်လာနောက်သားတွေရဲ့ အနာဂတ်အရေးကို ဦးဟန်ကြည် တွေးရင်းတွေးရင်း ရင်လေးမိပါကြောင်း။ ။

Friday, 3 December 2010

ဥယျဉ်မှူး၏ သောကများ . . .

စာမေးပွဲတစ်ပတ်ပြီးသွားပြန်ပါပြီ။ ကျောင်းသားတော်တော်များများကျကုန်ကြပါတယ်။
ကျတယ်ဆိုတဲ့ ကျောင်းသားတွေကို သုံးစုခွဲကြည့်လိုက်ပါတယ်။ အဲဒီမှာ -
(၁) ကြိုးစားပါလျက်နဲ့ ထိုက်သင့်တဲ့အဆင့်မမီသေးလို့ ကျတဲ့ကျောင်းသားတွေ
(၂) ဥာဏ်ရည်ရှိပါလျက်နဲ့ မကြိုးစားလို့ ကျတဲ့ကျောင်းသားတွေ
(၃) ဥာဏ်ရည်လည်းမမီ ကြိုးလည်းမကြိုစားတဲ့ ကျောင်းသားတွေ
ဆိုပြီးတွေ့ရပါတယ်။

ဒီအုပ်စုသုံးစုထဲမှာ နောက်ဆုံးအုပ်စုအင်အားများသွားရင် ပြဿနာလှလှကြီးတက်ပါပြီ။ လောလောဆယ်တော့ ကိုယ့်မှာအဲဒီအုပ်စုဝင်ကျောင်းသား လေးယောက်တွေ့နေပါတယ်။ ဒုတိယအုပ်စုဝင်ကျောင်းသား များနေပြီးတော့ ပထမအုပ်စုဝင်ကျောင်းသား နှစ်ယောက်လောက်ရှိနေပါတယ်။ ပထမအုပ်စုနဲ့ ဒုတိယအုပ်စုက ကျောင်းသားတွေကို ပြုပြင်ထိန်းသိမ်းပေးရမှာ သိပ်ဝန်မလေးပါ။ နည်းနည်းလေး ၀ီရိယစိုက်ထုတ်ပြီး တွန်းအားပေးလိုက်ရင် လိုချင်တဲ့အတိုင်းအတာမဟုတ်သေးရင်တောင် အထိုက်အလျောက်တော့ ဖြစ်မြောက်လာပါလိမ့်မယ်။ မညာတမ်းပြောရရင်တော့ တတိယအုပ်စုဝင်ကျောင်းသားတွေကိုတော့ စိတ်ပျက်ချင်ချင်ပါ။ အားနည်းတဲ့ဥာဏ်ရည်ကို သူများထက်သာတဲ့ ကြိုးစားအားထုတ်မှုနဲ့ ဖြည့်ရမှာဖြစ်ပေမယ့် လေလာရာဖင်ပေး၊ အေးအေးနေကြတာ ဘယ်လိုမှခံစားလို့မရပါ။

ဒါကြောင့် တတိယအုပ်စုဝင်ကျောင်းသားတွေကို ဒီလနောက်ဆုံးအကြိမ်သတိပေးထားပါတယ်။ နောက်လစာမေးပွဲမှာ စိတ်ကျေနပ်လောက်တဲ့ ကြိုးစားအားထုတ်မှုမျိုးမတွေ့ရရင်တော့ သင်တန်းကနေ ပယ်ရပါလိမ့်မယ်။ ဒီလထဲမှာပဲ သင်ခန်းစာတွေကို ပြန်လှန်သင်ကြားခြင်းတွေစတော့မှာမို့ အရင်လကထက်တော့ ရလဒ်တွေပိုကောင်းရမှာပါ။ တကယ်လို့ ကောင်းမလာရင်တော့လည်း ရှင်တော်ဘုရားဟောတော်မူတဲ့ ဗြဟ္မစိုရ်တရားလေးပါးထဲက နောက်ဆုံးတစ်ပါးဖြစ်တဲ့ ဥပေက္ခာတရားကို ပီပီပြင်ပြင်ကျင့်သုံးပြီး ရေလောင်းထားတဲ့ အပင်တွေရှင်သန်ကြီးထွားဖို့ ပေါင်းနှုတ်ရပါတော့မယ်။

အင်း...ဥယျာဉ်မှူး၏ သောကများပါပဲလေ...

Tuesday, 30 November 2010

အိပ်မက်သူဌေးကြီး . . .

တက္ကသိုလ်ဝင်တန်း
စာမေးပွဲဖြေဖို့ အချိန်စာရင်း ထွက်လာပါပြီ။
မတ်လ ၇ရက်နေ့မှာ မြန်မာစာ စဖြေရပါလိမ့်မယ်။
မနှစ်ကလည်း ဒီလိုအချိန်မှာ ဖြေခဲ့တာမို့ စောလည်းမစော၊ နောက်လည်း မကျတဲ့ အချိန်ပါ။ ကိုယ်တို့တွေ ဆယ်တန်းကျောင်းသားဘ၀ကလည်း ဒီရက်ပတ်မှာပဲ ဖြေခဲ့တာမို့ နှစ်ကူးခါနီးလေလေ ရင်ပြန်ခုန်လာလေလေပါ။ အရင်တုန်းကတော့ ကိုယ့်အတွေ့အကြုံတွေကို ပြန်တွေးပြီး ရင်ပြန်ခုန်ခဲ့ပေမယ့် ပညာရေးနယ်ပယ်ထဲရောက်မှာ ကိုယ့်ကျောင်းသားတွေအတွက် တွေးပြီးရင်ခုန်ရပါရောလား။

မနှစ်က ကျောင်းသား ၁၁ယောက်တောင် တော်တော်လေးရင်ခုန်ခဲ့ရတာဆိုတော့
ဒီနှစ်ကျောင်းသား အင်အား ၃၀နီးပါးမှာ မတ်လမပြောနဲ့ ဒီဇင်ဘာမှာကတည်းက ရင်ကြိုခုန်နေပါပြီ။ မခုန်နေပါရိုးလား။
ကျောင်းသား သုံးပုံတစ်ပုံက အပျင်းစံချိန်တင်နေကြတဲ့ ကလေးတွေမို့ အပျင်းရောဂါကို ဆေးကုပေးနေရတာ အခုထိ အမြစ်မပြတ်ချင်သေးတာကြောင့် ဦးဟန်ကြည်ခမျာ ခေါင်းကိုဆင်နင်းခံရတယ်လို့ ညတိုင်းညတိုင်း အိပ်မက်မက်နေပါရဲ့။

“ပျင်းတယ်ဆိုတာ နံမည်သာဆိုးတာ လူတော့တော်တော်သက်သာတယ် ငါ့တူရဲ့”လို့
မကြာမကြာ လက်ချာပေးလေ့ရှိတဲ့ အညာက ကိုယ့်ဘကြီးသာ ကိုယ့်ကျောင်းသားငပျင်းတွေကို တွေ့ရင် သူ့ထက်ပျင်းတဲ့လူတွေ့ပြီဆိုပြီး တစ်ခါတည်း တောထွက်သွားလောက်ပါတယ်။
တစ်ခါတစ်ခါများ စိတ်ပေါက်ပေါက်နဲ့
“ငါများ အပျင်းကုမ္ပဏီထောင်ပြီး ရောင်းစားရင် ငါ့တပည့်တွေအားပေးတာနဲ့တင် စီးပွားဖြစ်မယ်”လို့
ထောပနာပြုယူရအောင် ပျင်းရက်ကြပါတယ်။ ပျင်းဖို့တာဝန်က မောင်မင်းကြီးသား၊ မယ်မင်းကြီးမလေးတွေရဲ့တာဝန်။ တော်အောင်တတ်အောင်လုပ်ပေးဖို့က ကိုယ့်တာဝန်မို့ ကလေးတွေကို ထိုးမယ့်လက်ညှိုးကို ကိုယ့်ကိုယ်ကို ပြန်ပြန်ထိုးရင်း နေ့တိုင်းအားသစ်မွေးပြီး နည်းစံနစ်သစ်တွေထွင်လို့ ကြိုးစားပေးနေဆဲပါ။

တစ်ခါတစ်ခါ စဉ်းစားပါတယ်။
ကျောင်းသားတွေ အိမ်မှာစာတစ်လုံးမှ မကြည့်ဘဲ ခေါင်းထဲကိုစာတွေ တစ်ခါတည်း ရိုက်သွင်း၊ အယူအဆတွေ တစ်ခါတည်း ထည့်ပေးနိုင်တဲ့ နည်းစံနစ်များ ရှာတွေ့ရင် ဘယ်လောက်ကောင်းလိမ့်မလဲလို့ပါ။ ဒီလိုသာဆိုရင် ကလေးတွေလည်း စိတ်တိုင်းကျ ပျင်းလို့ရ၊ ပညာလည်းတတ်၊ ဘ၀တွေလည်း လှကုန်ကြမှာသေချာပါတယ်။ ဒါပေမယ့် အဲဒီလို လုပ်ပေးနိုင်ဖို့ သင်ထောက်ကူပစ္စည်းတွေ၊ ပညာရေးပတ်ဝန်းကျင်ကောင်းတွေ အများကြီးလိုမှာဖြစ်လို့ လောလောဆယ်တော့ ကိုယ်လည်း အဲဒီလောက် မစွမ်းနိုင်သေးပါ။ သင်ထောက်ကူပစ္စည်းဆိုတဲ့ နေရာမှာလည်း အရင်ကလို စက္ကူကထ္ထူပြားပေါ်မှာ ပုံဆွဲပြီးပြရမယ့် ခေတ်မဟုတ်တော့ဘဲ နည်းပညာပစ္စည်းအကူအညီတွေ ဖြစ်နေတာကြောင့် သွားရည်ကျရုံကလွဲပြီး အိပ်မက်နဲ့ပဲ ကျိန်းကျေနေတုန်းပါ။

ဘာပဲဖြစ်ဖြစ် လူသားတစ်ယောက်အနေနဲ့ ဘာမှမပိုင်ရင်တောင် အိပ်မက်တော့ ပိုင်သေးတာမို့ ဒီနေ့အထိတော့ ကိုယ်လုပ်ချင်တဲ့ အလုပ်တွေ၊ ပေးချင်တဲ့ ၀န်ဆောင်မှုတွေကို အိပ်မက်ထဲမှာ ညစဉ်ထည့်မက်ရင်း အိပ်မက်သူဌေးကြီးဘ၀နဲ့ ပျော်ပျော်ကြီးလုပ်ငန်းခွင်ဝင်နေဆဲပါလေ။ ။

Monday, 29 November 2010

အမျိုးသားနေ့ . . .

ဒီနေ့
တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက် အမျိုးသားနေ့ ဖြစ်ပါတယ်။

ခေတ်တွေပြောင်း၊ စနစ်တွေပြောင်း၊ သင်ခန်းစာတွေ ပြောင်းကုန်တာကြောင့်
ဒီဘက်ခေတ်ကလေးတွေခမျာ အမျိုးသားနေ့ဆိုတာ ဘာမှန်းမသိကြတော့ပါ။ သိပ္ပံတွဲယူကြတဲ့ ကျောင်းသားတွေက ပိုဆိုးပါတယ်။ ဒါတောင် စကားပြေမှာ အမျိုးသားပညာဝန်ဦးဖိုးကျားရေးတဲ့ အမျိုးသားနေ့စကားပြေပါနေလို့ တော်ပါသေးတယ်။ ခက်တာက ကျောင်းသားတွေက စာဆိုတာကို စာမေးပွဲအောင်ဖို့ ရည်ရွယ်ချက်နဲ့ပဲ ကြည့်ကြတာဖြစ်လို့ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်စဉ်းစားဖို့ စိတ်မကူးတာပါ။ သမိုင်းနောက်ခံကိုလည်း ရှာဖို့ဖွေဖို့ ၀ါသနာမပါ၊ ယောင်လို့လည်း အိပ်မက်မမက်ပါ။ သူတို့မမက်လည်း ကိုယ်တို့ကတော့ အိပ်မက်တွေ အငှားထည့်ပေးနေပါတယ်။

မနေ့ကပဲ ကလေးတစ်ယောက်ကမေးပါတယ်။ အမျိုးသားနေ့ကျတော့ရှိပြီး အမျိုးသမီးနေ့ကျတော့ ဘာကြောင့် မရှိတာလဲတဲ့။ တော်တော် ရွှေဥာဏ်တော်စူးရောက်တော်မူတဲ့ သကောင့်သားကို ကျည်ပွေ့နဲ့ ဂုဏ်ပြုချင်စိတ်ပါ ပေါက်သွားပါရဲ့။ ဘာပဲဖြစ်ဖြစ် ကလေးတွေကို သမိုင်းသင်ပေးဖို့ လိုနေပြီဆိုတာတော့ သဘောပေါက်သွားမိပါတယ်။ ကြာရင် ကိုယ်တို့တွေလည်း သမိုင်းမရှိတဲ့လူမျိုးတွေ ဖြစ်ကုန်ကြပါတော့မယ်။ နောက်လှည့်ကြည့်လည်း ဗလာ၊ ရှေ့မျှော်ကြည့်လည်း ဟာလာဟင်းလင်းအဖြစ်မျိုးကတော့ စဉ်းတောင်မစဉ်းစားသင့်တဲ့ အခြေအနေပါ။ ဒါကြောင့် ကိုယ်တို့မှာ ကလေးတွေကို နောက်ကိုလည်းကြည့်တတ်၊ ရှေ့ကိုလည်း မြင်နိုင်အောင် နတ်မျက်စိပုလင်းကွဲတွေကို အတင်းဖြဲပေးနေရပါတယ်။ ဒီကြားထဲ ပုံမှန်တက္ကသိုလ်ဝင်တန်းကိုလည်း အောင်မြင်အောင် ကြိုးစားပေးနေရပါသေးတယ်။

တစ်ခါတစ်ခါ စဉ်းစားမိပါတယ်။ နိုင်ငံတကာက ကျောင်းဆရာတွေဟာ ကိုယ်တို့ထက် ပိုတော်ချင်တော်မယ်။ ကိုယ်တို့လောက်တော့ တာဝန်မကြီးဘူးလို့ပါ။ ဘာကြောင့်လဲဆိုရင် သိရသလောက်ကတော့ သူတို့ဆီမှာ ဘာမဆို ကိုယ့်တာဝန်ကိုယ်ယူကြတာများပါတယ်။ ကိုယ်တို့ဆီမှာကျတော့ အရာရာ ဆရာကိုပုံအပ်ကြလွန်းလို့ ဆရာတွေမှာ တာဝန်တွေ တစ်ပုံတစ်ခေါင်းကြီးနဲ့ ခေါင်းမဖော်နိုင်အောင် အလုပ်ရှုပ်ရလွန်းပါတယ်။ ဒီလို အပြင်တာဝန်တွေများလွန်းနေတာကြောင့် အဓိကတာဝန်ဖြစ်တဲ့ သင်ကြားမှုပိုင်းမှာ အားနည်းကုန်ကြတာဖြစ်မယ်လို့လည်း တွေးကြည့်မိပါတယ်။ ဒါကတော့ ကိုယ့်အတွေးပါ။ ဟုတ်ချင်ဟုတ်မယ်၊ ဟုတ်ချင်မှလည်း ဟုတ်မှာပါ။ ဒါပေမယ့် ကိုယ့်အဓိကတာဝန်ကိုသာ ဖိဖိစီးစီး တာဝန်ယူကြရရင် ပိုတော်လာမှာတော့ မြေကြီးလက်ခတ်မလွဲ သေချာပါတယ်။ ဒါဆို ကိုယ်တို့ကျောင်းသားတွေကို ဘယ်သူတွေက ကူညီလမ်းညွှန်ပေးကြမလဲ။ အဖြေရှာလို့ အခုထိမရသေးတဲ့ ပုစ္ဆာပါ...

ဒီလိုပါပဲ။
ရက်ကြီး နေ့ကြီးတွေရောက်ရင် တွေးစရာလေးတွေက ပေါ်လာတော့တာပါ။ တွေးတွေးပြီး အကောင်အထည်ဖော်ကြည့်လိုက်၊ မအောင်မြင်လိုက်၊ ပြန်တွေးလိုက်နဲ့ပဲ ခေါင်းကဆံပင်တောင် အနက်အရေအတွက် နည်းလာပေါ့။ ။

Saturday, 27 November 2010

ဟိုရွှေ့ သည်ပြောင်း ဖိုးသံချောင်း . . .

မနေ့ညက
၂နာရီကျော်လောက်မှာ ကိုယ့်အိမ်ဘေးကို ငှက်ပျောဖူး ၆လုံးလောက် ကျပါတယ်.

တစ်ညလုံး ကောင်းကောင်းမအိပ်ရဲပါ။ ဘာရည်ရွယ်ချက်နဲ့ ဒီလိုလုပ်သလဲဆိုတာလည်း မသိတော့ပါ။ ကံကောင်းထောက်မလို့ ငှက်ပျောဖူးတွေက မကွဲတာပါ။ အိမ်တစ်အိမ်ကတော့ ခေါင်မိုးပေါက်သွားပါတယ်။ ခြင်ထောင်ကိုဖြတ်သွားတဲ့ ငှက်ပျောဖူးက မြေကြီးထဲဝင်သွားတာ ကံကောင်းလို့ မကွဲတာလို့ ပြောပါတယ်။ မကွဲတဲ့ ငှက်ပျောဖူးတွေကို မနက်မိုးလင်းတော့ တပ်ကလာပြီး သက်စွန့်ဆံဖျား ရှင်းပေးရပါတယ်။ ဘာကြောင့်များ မငြိမ်းချမ်းအောင် လုပ်နေကြသလဲဆိုတာ မတွေးတတ်တော့ပါ။ ကိုယ့်အနေနဲ့ကတော့ လူတန်းစားအားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပျော်ရွှင်နေတာကိုပဲ မြင်ချင်တွေ့ချင်ပါတယ်။

အားလုံးအေးအေးချမ်းချမ်းဖြစ်သွားရင် ကျောင်းသူကျောင်းသားတွေလည်း တက်တက်ကြွကြွနဲ့ ပညာသင်နိုင်ပြီး တိုင်းပြည်တိုးတက်အောင် လုပ်နိုင်မှာမလွဲပါ။ ငြိမ်းချမ်းရေးကိုကိုယ်တိုင် မစွမ်းနိုင်တာကြောင့် မေတ္တာပို့ ဆုတောင်းရုံပဲ တတ်နိုင်ပါတယ်။ အေးအေးချမ်းချမ်းဖြစ်ကြရင် ကလေးတွေရဲ့ ပညာရေးကို ဒီထက်ပိုပြီး ကြိုးစားပေးဖို့တော့ ရည်ရွယ်ထားပါတယ်။

နောက်လဆန်းမှာ လူမျိုး၊ ဘာသာမရွေး ဆင်းရဲသားကလေးတွေကို အခမဲ့ပညာသင်ပေးနေတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတစ်ကျောင်းကို စာသင်ခုံတွေလှူဖို့ စီစဉ်နေပါတယ်။ ခုံ၂၀၀န်းကျင်လောက်တော့ ရမယ်လို့မှန်းထားပါတယ်။ ကျောင်းသားသစ်၊ ဟောင်းတွေရဲ့ ကုသိုလ်တစ်ဝက်၊ ကိုယ့်ကုသိုလ်တစ်ဝက်ပါ။ ဒီထက်မက လှူချင်ပါသေးတယ်။ ကိုယ်က ပညာရေးနယ်ပယ်ကဆိုတော့ ပညာရေးနဲ့ ပတ်သက်တဲ့ဌာနတွေကို လှူတာပဲ ပိုအားသန်ပါတယ်။ ဒါ့အပြင် ပညာရေးဆိုတာ တိုင်းပြည်တိုးတက်ဖို့ အခြေခံအုတ်မြစ်ဖြစ်တာကြောင့် ပညာရေးမှာလှူခြင်းဟာ တိုင်းပြည်ကို အလုပ်အကြွေးပြုခြင်းလို့မြင်တာကြောင့်လည်း ပါပါတယ်။

ဘယ်သူတွေဘာပဲ လုပ်ကြပါစေ။ ကိုယ်တို့ပညာတတ်တွေအနေနဲ့ ကျရာတာဝန်မှာ တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြရင်ဖြင့် မဝေးတော့တဲ့ အနာဂတ်မှာ ကိုယ်တို့တိုင်းပြည် ရွှေရောင်လွှမ်းလိမ့်မယ်လို့ ယုံကြည်ရင်း ဒီတစ်ညတော့ အိမ်နဲ့အဝေးမှာ အိပ်လိုက်ရပါကြောင်း။ ။

Sunday, 21 November 2010

နားနားနေနေ မနေနိုင် . . .

ဒီရက်ပတ်တွေမှာ
အရင်ကထက် နှစ်ဆကျော်ပိုပင်ပန်းသလိုပါ။

ဘာကြောင့်လဲဆိုရင် အခြေအနေအရပ်ရပ်ကြောင့် စာသင်ရက်သုံးလေးရက်လောက် နားလိုက်ရပြီးမှ ပုံမှန်စာသင်ချိန်ပြန်စလိုက်တော့ စာနဲ့သုံးလေးရက်လောက် ဝေးကွာသွားတဲ့ ကျောင်းသားတွေဟာ အစိမ်းသက်သက် ကျောင်းသားတွေပြန်ဖြစ်ကုန်ကြပါတော့တယ်။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကိုယ်တို့အလုပ်က စာမေးပွဲစစ်ချိန်မှာ ကျောင်းသားတွေ အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ပေးရမှာမို့ ကျသွားတဲ့ အရှိန်ကို အမြန်ဆုံးပြန်တင်ပေးနိုင်အောင် နှစ်ဆကြိုးစားရပါတော့တယ်။

ဒီကြားထဲမှာ ကျောင်းသားသစ်သုံးလေးယောက်လည်း တိုးလာပါသေးတယ်။ သစ်လိုက်တဲ့ကျောင်းသား သစ်သစ်သစ်သစ်နဲ့တောင် မြည်ပါသေးတယ်။ လေးငါးခြောက်လလုံး စာတစ်လုံးမှမကြည့်ခဲ့တဲ့ ကျောင်းသားတွေပါ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုအားကိုးလို့ လာအပ်တဲ့ ကျောင်းသားမိဘတွေကို စိတ်မပျက်စေရဆိုတဲ့ ကိုယ့်မူနဲ့ကိုယ်ပဲ ဒီကျောင်းသားသစ်တွေကို လက်ခံထားပါတယ်။ တစ်ခုပဲရှိပါတယ်။ နှစ်ဆတိုးပြီး ကြိုးစားတဲ့နေရာမှာ ကျောင်းသားသစ်တွေကိုပါ သင်ကြားမှုနောက်ပါနိုင်အောင် အားစိုက်ပေးရတော့တာမို့ သုံးဆကြိုးစားနေရတာ တစ်ခုပါ။ ပင်ပန်းတယ်ဆိတာထက် ကိုယ်ပိုင်အချိန်နည်းသွားတယ်ဆိုတာက ပိုမှန်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ကိုယ်က စာသင်နေရရင် ဘယ်တော့မှပင်ပန်းတယ် မထင်တတ်တဲ့ လူစားဖြစ်နေလို့ပါ။

တစ်ခုရှိတာက နားတဲ့အချိန်တွေမှာ အခါတိုင်းလို လိုင်းပေါ်သိပ်မတက်ဖြစ်တော့ဘဲ အားမွေးတဲ့အနေနဲ့ တစ်ရေးတမော အိပ်ချင်အိပ်။ မအိပ်ချင်ရင်လည်း သင်ခန်းစာတွေကြိုတင်ပြင်ဆင်နေရတာတွေကြောင့် ဒီလတော့ စာအရေးကြဲသွားပါတော့တယ်။ တစ်လလုံးနေမှ ပိုစ့်လေးငါးပုဒ်ပဲ ရပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အားရင်အားသလိုတော့ ရေးနေဖြစ်ဦးမှာမို့
အားပေးပါဦး။ ။

Friday, 19 November 2010

တန်ဆောင်တိုင်ရဲ့ ကျက်သရေ . . .

တန်ဆောင်မုန်းလပြည့်ည...

ရာသီဥတု သာသာယာယာရှိတာမို့ မင်္ဂလာရှိတဲ့ နေ့ဖြစ်ပါတယ်။ ကောင်းကင်ကို မော့ကြည့်ရင်လည်း ဖိုးလမင်းက ရွှန်းရွှန်းမြမြသာနေတာမို့ ရင်ထဲမှာ အေးချမ်းမှု သန္တရသကို ပီပီပြင်ပြင် ခံစားရပါတယ်။ ဒါပေမယ့် ယိုးဒယားဘက်ကမ်းက တထိုင်းထိုင်းဖောက်နေတဲ့ ဗြောက်အိုးသံတွေကြောင့် ရင်ထဲမှာ စိုးရိမ်စိတ်နဲ့ ဘယာနကရသပါ နည်းနည်းစွက်နေတာကိုလည်း မညာချင်ပါ။

ကိုယ်တို့လူမျိုးကိုတော့ တော်တော်ချီးကျူးပါတယ်။ ဘယ်လောက်ပဲ အခက်အခဲတွေ ထိတ်လန့်စရာတွေကြုံခဲ့ကြုံခဲ့ ပွဲလမ်းသဘင်များတွေ့ရင် ဖြစ်ပြီးသမျှအားလုံးမေ့ပြီး ခပ်ပျော်ပျော်နေကြတော့တာပါ။ ခက်တာက ဘာသာတကာ့ဘာသာထဲမှာ ကိုယ်တို့ဘာသာနဲ့၊ လူမျိုးတကာ့လူမျိုးထဲမှာ ကိုယ်တို့လူမျိုးက ပွဲလမ်းသဘင် အများဆုံးဖြစ်မယ်ထင်ပါရဲ့။ ဆယ့်နှစ်လရာသီလုံး လစဉ်ရာသီပွဲတစ်ပွဲစီရှိပါတယ်။ ဒါတွေတင်အားမရသေးပဲ ဘုရားပွဲကျောင်းပွဲတွေ ကြားဖောက်လုပ်ပါသေးတယ်။ ပြီးတော့ ဘုန်းကြီးပျံရော၊ ကျောင်းတင်ပွဲပါမကျန် ပွဲလေးလမ်းလေး ထည့်ရမှာ ကျေနပ်ချင်တဲ့လူမျိုးပါ။

ဒါပေမယ့် တစ်ခုခက်နေတာက ကိုယ်တို့လူမျိုးရဲ့ ရာသီပွဲတွေမှာ ပွဲတော်ရဲ့သရုပ်နဲ့ အနှစ်သာရကို ဖော်ထုတ်ဖို့ထက် လူစုလူဝေးနဲ့ ပျော်ချင်ပါးချင်စိတ်ကိုပဲ ရှေ့တန်းတင်နေတာပါ။ ဘုရားပွဲကျောင်းပွဲပါမကျန် ဘီယာသောက်ပွဲ မူးပွဲကြီးဖြစ်နေတာက များပါတယ်။ သောက်တယ်ဆိုတာ ဘယ်ရက်မဆို သောက်လို့ရပါလျက်နဲ့ ဒီလိုအခါကြီးရက်ကြီးကျမှ အထူးတလည် ၀ီရိယစိုက်ထုတ်ပြီး သောက်ကြတော့ ရှင်တော်ဘုရားကို ကြားထဲက အားနာမိပါသေးတယ်။ မသောက်တတ်တဲ့ မိန်းကလေးများကျပြန်တော့လည်း ဘုရားကိုပဲကြည်ညိုသယောင်ယောင်၊ ဘာသာရေးပဲ လေးစားသယောင်ယောင် ယောင်ခြောက်ဆယ်ညာတာပါတေးနဲ့ ညဘက်ပိုင်းများ ဘုရားပေါ်မှာ မိတ်ကပ်အဖွေးသား အတိုအပြတ်အထင်းသားနဲ့ ကြော်ငြာဝင်တာက များများလုပ်ကြပါသေးတယ်။

ကိုယ်တို့ငယ်ငယ်ကလည်း ဘာရယ်မဟုတ်ပဲ အခါကြီးရက်ကြီးဆိုရင် ဘုရားသွားရမယ် လိပ်ဥမတူးတောင် ညှော်လောက်တော့ခံရမယ်လို့ အနည်းအကျဉ်းတော့ ယူဆခဲ့မိတာ မညာပါ။ ဒါပေမယ့် လူကြားထဲသွားရင် ကိုယ့်အကောင်သေးသေးနဲ့ သူများနင်းမိလို့ ပြားသွားမှာစိုးရိမ်ရတာရယ် ဆရာ၊ ဆရာမတွေတွေ့ရင် အထင်သေးခံရမှာကြောက်တာရယ် ကိုယ်ကိုယ်တိုင်က ရှုပ်ရှုပ်ထွေးထွေးဝါသနာမပါတာရယ်ကြောင့် အခါကြီးရက်ကြီးညဘက်မျိုးမှာ ဘုရားကျောင်းကန်ကို မသွားဖြစ်တာ များပါတယ်။ အရွယ်လေးနည်းနည်းရောက်လာတော့ စဉ်းစားမိပါတယ်။ ကိုယ်တို့လူမျိုးဟာ သူများကို တော်တော်ခုတုံးလုပ်တတ်တဲ့ လူမျိုးပဲလို့။

ဘာကြောင့်လဲဆိုရင် အခုပဲကြည့်ပါ။
ကိုယ့်ဖာသာ သောက်ချင်စားချင် ပဲညှစ်ချင်တာကိုပဲ အခါကြီးရက်ကြီးကို အကြောင်းပြရပါသေးတယ်။ ဒါထက်ပိုဆိုးတာက ဘုရားကျောင်းကန်ဆိုတာကို သမီးရည်းစား ချိန်းတွေ့စရာနေရာ သစ္စာနှံစရာနေရာလို့ သဘောထားတာပါပဲ။ စဉ်းစားကြည့်မယ်ဆိုရင် ဘယ်ခရစ်ယာန်မှ ဘုရားကျောင်းထဲမှာ ချိန်းမတွေ့ပါ။ ဘယ်အစ္စလာမ်မှ ပလီမှာမချိန်းကြပါ။ ကိုယ်တို့ကြမှ ရှင်တော်ဘုရားကို မျက်စိရှက်အောင် ဘုရားသွားပြီး မဖွယ်မရာ ပြုမှပြုတတ်ကြပါပေရဲ့။ သူ့ဖာသာ တွဲချင်ရာနဲ့တွဲလို့ ရည်းစားဖြစ်တဲ့သူက မယုံတိုင်း ဘေးလွတ်ရာမှာ အေးအေးဆေးဆေးစံနေတော်မူတဲ့ ရှင်တော်ဘုရားကို သက်သေထူတာ တော်တော်ရက်စက်ပါပေရဲ့။ ဘုရားမျက်နှာနဲ့ တစ်ဖက်က မိန်းကလေးက ယုံမှတ်လို့ ပုံအပ်ပြန်ရင်လည်း ဘုရားခမျာ ကြားထဲက တရားခံဖြစ်ရမယ့် ကိန်းပါ။ တော်တော်ဆိုးတဲ့ ကိုယ်တို့လူမျိုးပါကလား။

ဘာပဲဖြစ်ဖြစ် မြန်မာဖြစ်မှတော့ မြန်မာ့ယဉ်ကျေးမှုဟူသမျှကို ချစ်ရတော့မှာမို့ ဒီနေ့တန်ဆောင်တိုင်ပွဲကိုလည်း စိတ်ချမ်းသာချင်ယောင်ဆောင်လို့(ကြောက်စိတ်လေး အသာဘေးဖယ်ရင်း) ကြိုဆိုလိုက်ပါတယ်။ ဆေးပေါင်းခမှန်းသိပေမယ့် မယ်ဇလီရှာလို့ မရတာကြောင့် သုတ်ပြီးတော့လည်း မစားလိုက်ရပါ။ လသာသာညမှာ အပြင်ခဏထွက်ရင်း လေညင်းခံဖြစ်ပါသေးတယ်။ ဒါပေမယ့် ၈နာရီခွဲလောက်မှာတော့ အိမ်ပြန်ရပါတယ်။ (အသက်ကိုဥာဏ်စောင့်တယ် မဟုတ်လား) အိမ်မှာနားနားနေနေ ရုပ်ရှင်ထိုင်ကြည့်ရင်း ဗြောက်အိုးသံလား ဘာသံလားနားစွင့်ရင်း မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်ကို မအေးတအေးပဲ ဖြတ်သန်းလိုက်ပါတယ်။

တစ်ခုကောင်းတာက ညကြီးမင်းကြီး ဘယ်သူမှ အပြင်သိပ်မထွက်ကြတော့တာမို့ ကျီးမနိုးပွဲနဲ့ ရောပြီး တကယ်ခိုးမယ့် (မသိရင်ဖြောင်၊ သိရင်ပြောင် လုပ်မယ့်) မောင်မင်းကြီးသားများရန်က ကင်းလွတ်တာကိုပဲ တန်ဆောင်တိုင်ရဲ့ ကျက်သရေလို့များခေါ်ရင် ကောင်းမလား စဉ်းစားမိပါကြောင်း။

ဆင်းရဲခြင်း လွတ်ကင်းအောင် . . .

ညနေပိုင်းက
ဘလော့တစ်ခုကို အလည်သွားရင်း မြန်မာလူမျိုးတွေ ဘာကြောင့်ဆင်းရဲနေကြသလဲဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာတော်တစ်ပါးက သုံးသပ်ချက် ၁၂ချက်ပေးထားတာကို ပြန်လည်ဝေငှပေးလို့ ဖတ်ခဲ့ရပါတယ်။
ဆရာတော်ထောက်ပြထားတဲ့ အချက်တွေထဲမှာ အကြိုက်ဆုံးအချက်ကတော့-

မြန်မာလူမျိုးတွေဟာ ဘာသာရေးမှာ သဒ္ဓါတရားထက်သန်သလောက် လုပ်ငန်းလုပ်ကိုင်တဲ့နေရာမှာ သဒ္ဓါတရားနည်းတယ်
ဆိုတဲ့အချက်ပါ။

ကိုယ်အပါအ၀င် အများစု သတိမထားမိတဲ့ အချက်ပါ။ ကိုယ်တို့လူမျိုးအကျင့်က ဆရာတော်ပြောသလို တကယ်လဲဟုတ်ပါတယ်။ ဘုရား၊ ကျောင်း၊ ကန်တွေမှာ သိန်းပေါင်းထောင်ချီလှူလေ့ရှိတဲ့ သူဌေးကြီး တစ်ချို့ဟာ သူတို့အိမ်က အိမ်ဖော်၊ အလုပ်သမားတွေကိုကျတော့ ကျွန်လိုဆက်ဆံပြီး ညံ့ပေ့ဆိုတဲ့ စားစရာတွေကိုပဲ ကျွေးတာ တွေ့ဖူးပါတယ်။ ဈေးထဲက ဆိုင်ရှင်တစ်ချို့ဟာ မနက်မိုးလင်းတာနဲ့ ပရိတ်ကြီး၊ စီးပွားတက်မယ့်ဂါထာပေါင်းများစွာကို အသံခပ်ကျယ်ကျယ်ရွတ်ပြီး ကြွလာတဲ့ရဟန်းသံဃာတော်တွေကို အမွန်တမြတ်လှူပေတန်းပေမယ့် ဆိုင်မှာဈေးလာဝယ်တဲ့ သူတွေအပေါ်မှာတော့ ကြုံရင်ကြုံသလို လှီးတာ၊ ရိတ်တာ၊ နွှာတာ၊ လှီးတာ မမြင်ချင့်အဆုံး မြင်နေရတာပါပဲ။

တကယ်ဆိုရင် လုပ်ငန်းလုပ်ရာမှာပါ သဒ္ဓါတရားလေးထားသင့်ပါတယ်။ ၀ယ်သူပဲဖြစ်ဖြစ်၊ အလုပ်အပ်သူကိုပဲဖြစ်ဖြစ် စေတနာအပြည့်၊ သဒ္ဓါတရားအပြည့်နဲ့ ရောင်းချ၊ ၀န်ဆောင်မှုတွေပေးကြရင် လုပ်ငန်းအောင်မြင်၊ ရောင်းပန်းလှပြီး စီးပွားရေးအဆင်ပြေမှာ မလွဲပါ။

ဆရာတော် ထောက်ပြထားတဲ့ နောက်တစ်ချက်ကိုလည်း သဘောကျမိပါတယ်။

မြန်မာလူမျိုးတွေဟာ ပျင်းရိတဲ့အကုသိုလ်ကို ရောင့်ရဲကျေနပ်တဲ့ ကုသိုလ်ထင်ပြီး အလုပ်မကြိုးစားဘဲနေကြတယ်။

သွေးထွက်အောင်မှန်တဲ့ အတွေးပါ။ ကိုယ်တို့လူမျိုးက ကိုယ့်ဖာသာ ပျင်းလို့အလုပ်မလုပ်တာကို တို့ကတော့ လောဘမကြီးပေါင်၊ ရတာလေးနဲ့ပဲ ရောင့်ရဲပြီး တရားတော်နဲ့ အညီနေတာပဲ ဆိုတဲ့လက်သုံးစကားနဲ့ ကိုယ်ပျင်းတာကို ပျင်းတယ်ဝန်မခံဘဲ ရှင်တော်ဘုရားကိုပါ အမှုတွဲထဲပါအောင် ဆွဲထည့်တတ်တဲ့ လူမျိုးပါ။ အဲဒီလိုလူမျိုးတွေများလွန်းတဲ့ ကိုယ့်တိုင်းပြည်မှာ ဘ၀တိုးတက်ရာတိုးတက်ကြောင်း ကြိုးကြိုးစားစားနဲ့ ရှာဖွေနေတဲ့လူတွေမှာ အကုသိုလ်ကောင်၊ လောဘအိုးတွေအဖြစ် သမုတ်ခံရတော့တာပါ။

တကယ်တော့ ဘာသာရေးဆိုတာ
လူတွေကို လောကီ၊ လောကုတ်နှစ်ဖြာ အကျိုးပြုဖို့ ဘုရားတွေ၊ ဖန်ဆင်းရှင်တွေက ချမှတ်ထားတဲ့ လမ်းစဉ်ဖြစ်ပါတယ်။ ဘယ်ဘုရား၊ ဘယ်ဘာသာကမှ ဘာသာရေးလုပ်ရင် ဆင်းဆင်းရဲရဲနေရမယ်လို့ သတ်မှတ်ချက်မထားပါ။ ဘာသာရေးသမားမှန်ရင် ဆင်းရဲရမယ်ဆိုလို့ကတော့ လောကမှာ ဘယ်သူမှဘာသာရေး လုပ်ကြတော့မယ်မထင်ပါ။ ရှင်တော်ဘုရားက ၀ိသမလောဘမထားဖို့ ဟောကြားခဲ့ပေမယ့် လောကီလူသားတွေမို့ သမလောဘတော့ ထားခွင့်ရှိပါတယ်။ အတ္တကိုလျှော့ပြီး အများအကျိုးပြုဖို့ ငွေကိုကြိုးကြိုးစားစား ရှာနေခြင်းဟာလည်း ကုသိုလ်ကောင်းမှုပြုခြင်းလို့ ကိုယ်တို့မြန်မာလူမျိုးတွေ ဘယ်တော့များမှ နားလည်လာမှာပါလိမ့်။

ငြိမ်းချမ်းရေး . . .

တထိတ်ထိတ်တလန့်လန့်နေရတယ် ဆိုတဲ့စကားလုံးကို
ဝထ္ထုရေးတဲ့အခါမှာ ထည့်သုံးဖြစ်ဖူးပါတယ်။ အခုမှ ကိုယ်တိုင်ကြုံရပါတယ်။

စိတ်ရင်းအမှန်ကို ပြောရရင် ဘယ်သူမှ မထိတ်လန့်စေချင်ပါ။ ဆင်းရဲတာကို လူတွေခံနိုင်ချင်ခံနိုင်ကြပါလိမ့်မယ်။ ထိတ်လန့်တုန်လှုပ်နေရတာကိုတော့ ဘယ်သူမှခံနိုင်မှာမဟုတ်ပါ။ ကြောက်လန့်တကြားစားရတဲ့ ဟင်းကောင်းတစ်ခွက်ထက် တဲကုပ်လေးထဲမှာ အေးအေးလူလူစားရတဲ့ ငါးပိရည်တစ်ခွက်ဟာ ပိုအရသာရှိပါလိမ့်မယ်။

တကယ်ဆိုရင် လူ့အသက်တန်းဟာ တိုလွန်းပါတယ်။ ကိုယ်တို့မြန်မာလူမျိုးတွေရဲ့ အသက်တန်းက ပိုလို့တောင်တိုပါသေးတယ်။ ပုံမှန်ကျန်းမာရေးရှိတဲ့ အမျိုးသားတစ်ယောက်ရဲ့ အသက်တန်းဟာ ၆၀ဖြစ်ပြီး အမျိုးသမီးတစ်ယောက်ရဲ့ အသက်တန်းဟာ ၆၅နှစ်ပဲရှိတာပါ။ တိုးတက်လာတဲ့ ခေတ်နဲ့လိုက်လျောညီထွေအောင် ရောဂါဆန်းတွေကလည်း များသထက်များလာနေပါတယ်။ ဒါတင်မကသေးဘဲ သဘာဝဘေးဆိုး၊ ကပ်ဆိုးတွေကလည်း ဒီဘက်ဆယ်စုနှစ်ပိုင်းမှာ ပိုများလာနေပါတယ်။ ကမ္ဘာကြီးလည်း ကျန်းမာရေးသိပ်မကောင်းတော့ပါ။

ဒီအခြေအနေမျိုးမှာ တစ်ယောက်နဲ့တစ်ယောက် အာဃာတတွေ ရန်ငြိုးတွေ ခ၀ါချလို့ ကမ္ဘာ့ကျန်းမာရေးကို ၀ိုင်းဝန်းတာဝန်ယူသင့်ပါတယ်။ တကယ်လို့သာ ဘေးဆိုး၊ ကပ်ဆိုးကြီးတွေဆိုက်လာရင် လူမျိုးမရွေး၊ ဘာသာမရွေး သေဘေးနဲ့ ကြုံကြမှာ မလွဲပါ။ ဒီလောက်အနေအထားဆိုးကြီးမှာ အစွဲအမျိုးမျိုးနဲ့ တိုက်နေခိုက်နေ၊ သတ်ဖြတ်နေကြတာတွေကို မြင်ရကြားရတိုင်း ရင်ထဲမှာမကောင်းပါ။

ကမ္ဘာကြီး ငြိမ်းချမ်းသင့်ပါပြီ...


Thursday, 11 November 2010

သံချောင်းတို့အဖေ . . .

ကံကောင်းလို့ မသေတဲ့ သံချောင်းတို့ အဖေတစ်ယောက် မယ်တော်မှာ နှစ်ညအိပ်လိုက်ရပြီးတော့ ၁၀ရက်နေ့မနက်ပိုင်းမှာပဲ “ပြည်တော်ဝင်”ခဲ့ပါတယ်။ မိတ်ကောင်းဆွေကောင်းတွေရဲ့ ကျေးဇူးကြောင့် သူများတကာလို ထမင်းထုပ်တော့ မစားခဲ့ရတာ ကံကောင်းပါရဲ့။ ကိုယ့်အိမ်ကိုယ့်ယာ ပြန်ရောက်ရောက်ချင်း အတိုးချပြီး အိပ်မယ်ကြံပေမယ့် ရဲရဲနီတဲ့ဗမာ့သွေးကြောင့် ကောင်းကောင်းမှေးလို့ မရခဲ့ကြောင်းပါ။ ဟိုနားက ချွတ်ခနဲ အသံကြားတိုင်း၊ ဒီနားက ချက်ကနဲအသံကြားတိုင်း အသင့်ပြင်ထားတဲ့ အထုပ်၊ အပိုးကိုပဲ မျက်စောင်းထိုးနေမိတာကြောင့်လည်း ပါပါရဲ့။

ဒီကြားထဲရက်တွေမှာ လိုင်းပေါ်လည်း မတက်နိုင်တာကြောင့် စိတ်ပူပြီး မေးကြမြန်းကြတဲ့ မိတ်ဆွေတွေကိုလည်း ကျေးဇူးတင်ရပါတယ်။ ဖိုးကံကောင်းတစ်ယောက် ခလုတ်မထိ၊ ဆူးမငြိဘဲ နိုင်ငံခြားကနေ ပြန်ရောက်လာပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ။

ဘာပဲဖြစ်ဖြစ်
တစ်သက်နဲ့တစ်ကိုယ် ဒီတစ်ခါပဲ ကြုံဖူးတဲ့ အတွေ့အကြုံကတော့ တစ်ခါတည်းနောင်ကျဉ်အောင် မှတ်သွားပါတော့တယ်။ အ၀တ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ဆိုတော့ ကိုယ့်ခမျာ သူ့တိုင်းလည်မှာ မင်းနံတာ(မင်းနန္ဒာမဟုတ်) ဖြစ်နေတာကြောင့် ရှိစုမဲ့စုလေးထုတ်ပြီး အ၀တ်အစားတစ်စုံပါ ၀ယ်ပြီးစွတ်ခဲ့ရတာကြောင့် Shopping ထွက်တယ်လို့ ကိုယ့်ကိုယ်ကိုဖြေခဲ့ရပါတယ်။

ဘလော့ဆီကိုလည်း မရောက်တာ လေးငါးရက်လောက်ကြာသွားပါတယ်။ ဒီရက်ပတ်တော့ စာရေးတာနည်းနည်းကျဲချင်ကျဲသွားနိုင်တာမို့ မရှိမဲ့ရှိမဲ့ ပရိသတ်လေးကို ကြိုတင်မေတ္တာရပ်ခံရင်း သံဗုဒ္ဓေရွတ်လို့ နားပါရစေဦး။ ။

Monday, 1 November 2010

ရာသီတွေး . . .

ဆောင်းဝင်လေပြီ

နှင်းငွေရည်လည်း
မပီတတ်သေး
ချမ်းအေးလွန်းစွ
ဝါကျွတ်လ...


ဒီနှစ် ဆောင်းဝင်တာ စောပါတယ်။ မနှစ်ကဆိုရင် ခရစ်စမတ်ကာလမှာတောင် အအေးဓာတ်က သိပ်မပီပြင်တတ်သေးပါ။ အခုတော့ သီတင်းကျွတ်ပြီး တစ်ပတ်အတွင်းမှာပဲ အအေးဓာတ်က ဆိုင်းမဆင့်၊ ဗုံမဆင့် ရောက်ချလာပါတော့တယ်။ ဒါပေမယ့် နှင်းငွေ့ကိုတော့ တစ်စက်မှမမြင်ရပါ။ အဲဒီလို နှင်းမကျဘဲ ခြောက်ခြောက်သွေ့သွေ့ အေးနေတာကြီးက အခံရဆိုးလှပါတယ်။

ဒီနှစ်နွေတုန်းကလည်း တော်တော်ဆိုးဆိုးဝါးဝါး ပူခဲ့ပြီး မိုးမှာလည်း မိုးကြီးခဲ့တာမို့ ဆောင်းလည်း တော်တော်ပြင်းပြင်းထန်ထန် အေးလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ရာသီတွေလည်း မမှန်တော့ပါ။ တစ်ခါတစ်ခါမှာ မိုးရာသီထဲမှာတင်ပဲ ဆောင်းတွင်းပိုင်းအေးသလို အေးတတ်ပါသေးတယ်။ ဆောင်းတွင်းပိုင်းကြီးမှာ မိုးတွေရွာတတ်တာလည်း မဆန်းတော့သလိုပါ။ ဒီကရှေ့ဆိုရင် နွေ၊ မိုး၊ ဆောင်းဆိုတဲ့ ရာသီတွေဟာ မည်ကာမတ္တပဲ ကျန်တော့မယ် ထင်ပါတယ်။

ရာသီတွေ ဖောက်ပြန်ရတာ သစ်တောတွေ ပြုန်းတီးကုန်တာကြောင့်လို့ ကိုယ်တော့ ဥာဏ်မီသလောက် တွေးကြည့်မိပါတယ်။ သစ်တောတွေကို ကိုယ်ကျိုးအတွက် ခုတ်ထွင်ရောင်းချနေတဲ့သူတွေကိုလည်း စိတ်တိုမိပါတယ်။ ရောင်းတဲ့သူကတော့ တိုက်ဆောက်၊ ကားစီးပြီး ချမ်းသာသွားပေမယ့် သစ်တောပြုန်းလို့ ရာသီဥတု ဖောက်ပြန်တဲ့ဒဏ်ကိုကျတော့ တိုင်းသူပြည်သားအားလုံး ညီတူမျှတူ ခံကြရပါတော့တယ်။ ပိုပြီးခံရရှာတာက အခြေခံလူတန်းစားတွေပါ။ ဒီလိုဆောင်းတွင်းပိုင်း ချမ်းချမ်းဆီးဆီးမှာ အနွေးထည်မပါဘဲ ခြေဗလာနဲ့ သွားနေကြတဲ့ ကလေးတွေကို မြင်ရတိုင်း သစ်တောနဲ့ သစ်ပင်တွေကို အလွဲသုံးစားလုပ်တဲ့သူတွေကိုပဲ နာနာမေတ္တာပို့မိပါတော့တယ်။

ဒီလိုဆောင်းတွင်းပိုင်းရောက်ရင် ကိုယ့်မိဘတွေကို ပြန်သတိရမိလေ့ရှိပါတယ်။။ ဆောင်းဝင်တော့မယ်ဆိုတာနဲ့ ကိုယ်နဲ့ကိုယ့်ဖေဖေတို့ အလုပ်ရှုပ်ကြပါပြီ။ မနက်စောစောထပြေးဖို့ စီမံကိန်းတွေချပြီး အားကစားဝတ်စုံတွေ၊ ဖိနပ်တွေ ပြင်ကြဆင်ကြပါပြီ။ ဒါပေမယ့် ကိုယ်မှတ်မိသလောက် ကိုယ်တို့သားအဖတတွေ တစ်ခါမှထမပြေးဖြစ်ပါ။ ဒါကြောင့် ဆောင်းဝင်တော့မယ်ဆိုတိုင်း ကိုယ့်မေမေက ကိုယ့်အဖေကို “ရှင်တို့သားအဖနှစ်ယောက် ဒီနှစ်ဆောင်းရော မနက်ပိုင်းထပြေးကြဦးမှာလား”လို့ ခနဲ့မေးလေး မေးလေ့ရှိပါတယ်။ ကိုယ့်အဖေကလည်း “ပြေးမှာပေါ့ မိန်းမရယ်။ တို့သားအဖ နှစ်တိုင်းပြေးလာတာ ဘယ်ထုံးစံပျက်ခံမလဲ”လို့ အညံ့မခံပြန်ပြောနေကျပါ။ ဖေဖေနဲ့ မေမေ ကျန်းမာစေကြောင်း အဝေးကနေ ဆုတောင်းမေတ္တာပို့ ပါတယ်။

ဖေဖေ့ဆီက အမွေကို အပြည့်အ၀ဆက်ခံထားတဲ့ကိုယ်လည်း ဆောင်းမနက်ခင်းတိုင်း ထပြေးဖြစ်ပါတယ်။ အိပ်မက်ထဲမှာပါ။ ဒါပေမယ့် အားကစားဝတ်စုံကတော့ တစ်ဆောင်းသစ်ရင် တစ်ခါဝယ်ဖြစ်ပါရဲ့။ စိတ်ကူးလေးများပေါက်လို့ ပြေးဖြစ်ရင် အဆင်သင့်ဖြစ်ရအောင်ပါ။ ဒါပေမယ့် ဒီနေ့အထိတော့ စိတ်ကူးက မပေါက်ဖုးသေးပါ။ ဆောင်းမနက်ပိုင်း ချမ်းချမ်းအေးအေးလေးမှာ အိပ်ရာထဲကွေးနေရာတဲ့ အရသာကို ဘာနဲ့မှ မလဲနိုင်သေးလို့ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အသက်က လူလတ်ပိုင်းအရွယ်ရောက်လာပြီဖြစ်လို့ ထိုက်သင့်တဲ့ ကျန်းမာရေးလေ့ကျင့်ခန်းတွေတော့လုပ်ဖို့ ကို်ယ့်ကိုယ်ကို မောင်းနှင်နေပါပြီ။

ကိုယ်တို့ဆရာတွေဟာ သူများတွေထက် ပိုပြီး စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ ကြံ့ခိုင်ဖို့လိုပါတယ်။ စိန်ခေါ်မှုတွေနဲ့ နေ့စဉ်ရင်ဆိုင်နေရတဲ့ အသက်မွေးဝမ်းကျောင်းဖြစ်တဲ့အပြင် ကလေးတွေရဲ့ဘ၀တွေနဲ့ရင်းနှီးပြီး လုပ်နေရတာမို့ တာဝန်ယူမှုပိုင်းကလည်း သူများတွေထက် ပိုမြင့်ပါတယ်။ ဒါတင်မက ကိုယ်ပိုင်အချိန်လည်း နည်းကြပါတယ်။ ဒါကြောင့် စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ အမြင့်ဆုံးအဆင့်အထိ မြှင့်တင်ထားမှ တော်ရာကျပါမယ်။ အဲဒီအသိတော့ ကိုယ့်ခေါင်းထဲမှာ ရှိပေမယ့် အခုထိတော့ စိတ်ပိုင်းဆိုင်ရာကိုပဲ အားစိုက်မြှင့်တင်နေဖြစ်ပါသေးတယ်။ ကျန်းမာရေး လေ့ကျင့်ခန်းဆိုလို့ ရေချိုးကာနီးမှာ အိပ်ထမတင်လေး အခါနှစ်ဆယ်လောက်လုပ်ဖို့ ဒိုက်ကလေး နဲနဲထိုးဖို့တောင် တော်တော်မောင်းနှင်ယူရပါတယ်။ အခုထိတော့ ခန္ဓာကိုယ်က ကြံ့ခိုင်မှုပြည့်နေဆဲပါ။ ဒါပေမယ့် ဒီအသက်ကနေ ရှေ့ကိုဆက်ရင်တော့ ကိုယ့်ကိုယ်ကို ပြုပြုပြင်ပြင်နေပါမှ တော်ကာကျပါတော့မယ်။

ဒါကြောင့် ဒီဆောင်းတွင်းမှာ မရိုးနိုင်တဲ့ဓာတ်ပြားဟောင်းကြီးအတိုင်းပဲ အားကစားဝတ်စုံတစ်စုံကတော့ အဆင်သင့်ပြင်ပြီး ပြေးဖို့ကြံမိပြန်ပါပြီ။ ဒါပေမယ့် ဒီမနက်ကတော့ ၆နာရီထိုးမှ အတင်းလူးလဲထပြီး စာသင်ချိန်မီအောင် အကြိတ်အနယ် လုပ်ခဲ့ရပါကြောင်း . . .။ ။

Saturday, 30 October 2010

ဆောင်းဦးကြို စာမေးပွဲ . . .

ဆောင်းဝင်ပါပြီ။

တမြန်နေ့ညနေ ၄နာရီကျော်ကျော်လောက်ကစလို့ ရာသီဥတုက အအေးဓာတ်ကဲလာပါတယ်။ တစ်နွေလုံး ခြစ်ခြစ်တောက်အောင်ပူခဲ့ရာကနေ အမှတ်မထင်စအေးလိုက်တော့ နေရထိုင်ရ တော်တော်ခက်သွားသလိုပါ။ ပြောလောက်အောင် သိသိသာသာအေးတာတော့ မဟုတ်ပေမယ့် အပူရှိန်ပြင်းပြင်းနဲ့ နေသားကျနေတာ လေးငါးလလောက်ကြာပြီဆိုတော့ ခပ်စိမ့်စိမ့်လေး အေးနေသလို ခံစားရပါတယ်။

ည၉နာရီလောက် အပြင်ထွက်တော့လည်း အေးနေပါတယ်။ ဒါပေမယ့် စနေညတို့မှာ ထမ်းဆောင်နေကျ တာဝန်ကျေပြွန်ရလေအောင် ထိုင်နေကျလက်ဖက်ရည်ဆိုင်သွားထိုင်ပြီး အင်္ဂလန်အမှတ်ပေးဘောလုံးပွဲလေးတော့ ကြည့်ဖြစ်အောင်သွားကြည့်ရပါတယ်။ လူတစ်ကိုယ်မှာ ၀ါသနာတစ်မျိုးမှ ရှိမထားရင်၊ ကိုယ့်ဝါသနာကို ကိုယ်သိမထားရင် ပျက်စီးဖို့များပါတယ်။ ဒါကြောင့် ကိုယ့်အတွက် စိတ်အပန်းဖြေစရာလည်းဖြစ်၊ အန္တရာယ်လဲမရှိနိုင်တဲ့ ဒီဝါသနာလေးကိုတော့ တယုတယ မွေးမြူထားဖြစ်ပါတယ်။ တစ်ပတ်တစ်ပတ် ဘောလုံးပွဲလေးတွေ မျှော်ရင်းအသက်ရှင်ရတာလဲ တစ်မျိုးတော့ အရသာရှိပါတယ်။ ဒါပေမယ့် ကိုယ်က သူများတွေလို ကိုယ်အားပေးတဲ့အသင်းကို ငွေအားပေးတာတော့ မဟုတ်ပါ။ လူပဲအားပေးပါတယ်။ သူများလုပ်အားကနေ ကိုယ်ပိုက်ဆံရဖို့ မျှော်လင့်တဲ့သူကတော့ မဟာလူမိုက်ကြီးဖြစ်မှာ သေချာပါရဲ့။

မနေ့ကလည်း
အေးပါတယ်။ သီတင်းလည်းကျွတ်၊ မိုးတော့မလွတ်ပေမယ့် ရာသီကတော့ ဆောင်းနဲ့တူလာပါပြီ။ ဒါပေမယ့် ခက်တာက ဒီဒေသမှာ နှင်းမမြင်ရခြင်းပါ။ လူမှန်းသိကတည်းက ဆောင်းတွင်းဆိုရင် နှင်းငွေ့ဝေေ၀ထဲမှာ ကြီးပြင်းခဲ့ရတာဖြစ်လို့ နှင်းငွေ့တွေကိုတော့ လွမ်းမိပါသေးတယ်။

ဒီနေ့တော့
လဆန်း၁ရက်နေ့ ရောက်လာပြီမို့ လပတ်စာမေးပွဲ သီတင်းပတ်ရောက်ပြန်ပါပြီ။ ညနေ၄နာရီကစလို့ ဖြေလိုက်တာ ချမ်းချမ်းအေးအေးနဲ့ ညပိုင်း၇နာရီထိုးမှပဲ ပြီးပါလိမ့်မယ်။

ဒီလကတော့ အခါတိုင်းလို ၁နာရီစာ စာမေးပွဲငယ်မဟုတ်တော့ဘဲ ၃နာရီစာ စာမေးပွဲကြီး စစ်ဖြစ်ပါတယ်။ မနှစ်ကတော့ ဒီလပိုင်းမှာ ၁နာရီခွဲစာ စာမေးပွဲလတ်စစ်ပါတယ်။ ဒါပေမယ့် အနာဂတ်ကို လှမ်းမမြင်ရတာကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စောစောစစ်ရင် ကိုယ့်ကလေးတွေ အဆင်သင့်ဖြစ်အောင် အခုကတည်းက ကြိုတင်ပြင်ဆင်နေပါပြီ။ မနှစ်ကတော့ ဒီအချိန်ဆိုရင် ကိုယ့်ကျောင်းသားတွေ ဘာမှမပြင်ဆင်ကြသေးပါ။

ဒါပေမယ့် ဒီနှစ်ကတော့ မနှစ်ကလို အေးလို့မဖြစ်ပါ။ ဘာကြောင့်လဲဆိုရင် ကျောင်းသားအင်အားက မနှစ်ကထက် နှစ်ဆဖြစ်လာသလို၊ ကိုယ့်နာမည်လည်း မနှစ်ကထက် ပိုရလာလို့ပါ။ ဒါ့အပြင် ဘယ်လိုကျောင်းသားမျိုးမဆို ထိန်းနိုင်တယ်လို့ နာမည်ရထားတာကြောင့် ဒီနှစ်ကလေးတွေမှာ လက်ရွေးစင်ကလေးတွေ ပိုများလာပါတယ်။ ကိုယ်ပြောချင်တဲ့ လက်ရွေးစင်ဆိုတာ သူများတွေလက်နဲ့ရွေးထုတ်ရာမှာ အပြင်ကိုစင်ထွက်နေရစ်တဲ့ ကလေးတွေကို ဆိုလိုတာပါ။ အများစုက မိဘက မနိုင်ကြတဲ့ကလေးတွေ ဖြစ်ပါတယ်။ မိဘမနိုင်ပေမယ့် ကိုယ်ကတော့ နိုင်အောင် ထိန်းရပါလိမ့်မယ်။ အားလုံးရဲ့ ယုံကြည်မှုနဲ့ မျှော်လင့်ချက်ကို အရောင်တင်ပေးရမှာ “ လမ်းပြကြယ် ” ရဲ့ အဓိက တာဝန်ပါ။

ခါတိုင်းလတွေမှာတော့ တစ်ဝိုင်းကို မေးခွန်းတစ်စုံထုတ်ပေးပြီး ကိုယ့်ဝိုင်းမှာကိုယ်ပဲ ဖြေခိုင်းပါတယ်။ ဒီစာမေးပွဲကိုတော့ ၀ိုင်းအားလုံး၊ ကျောင်းသားအားလုံးပေါင်းပြီး မေးခွန်းတစ်စုံတည်းကို ဖြေခိုင်းထားပါတယ်။ ဒါမှ တစ်ယောက်ချင်းစီရဲ့ အနေအထားနဲ့ အဆင့်အတန်းကို သိနိုင်မှာမို့ပါ။ ဒီစာမေးပွဲရမှတ်ဟာ ကျောင်းသားတွေရဲ့ တကယ့်အနေအထားမှန်ကိုတော့ တိတိကျကျမဖော်ပြနိုင်သေးပေမယ့် တစ်ယောက်ချင်းစီရဲ့ လုပ်အားနှုန်းနဲ့ လေးစားမှု၊ အာရုံစိုက်မှုကိုတော့ အကောင်းဆုံး သုံးသပ်နိုင်အောင် အထောက်အကူပြုပါလိမ့်မယ်။ ဒီစာမေးပွဲရလာဒ်ကို အခြေခံပြီး လာမယ့်သုံးလစာအတွက် သင်ကြားမှုစံနစ်ကို ပြန်ပြီးရေးရမှာပါ။ တစ်ယောက်ချင်းစီရဲ့ တိုးတက်မှုနဲ့ လိုအပ်ချက်တွေကိုလည်း အကောင်းဆုံးဖြည့်ပေးနိုင်အောင် စီမံကိန်းပြန်ဆွဲပေးရပါလိမ့်မယ်။

ဒီသုံးလဟာ တော်တော်အရေးကြီးပါတယ်။ ကိုယ်ကတော့ ၉၊ ၁၀၊ ၁၁ သုံးလကို ကျောင်းသားသင်္ချိုင်းလတွေလို့ သတ်မှတ်ထားပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီလပိုင်းတွေဟာ ကျောင်းဖွင့်တာ သုံးလကျော်လာပြီဖြစ်လို့ ကျောင်းသားတွေရဲ့ တက်ကြွမှုနဲ့ လေးနက်မှု ကျဆင်းစပြုလာတဲ့ လတွေဖြစ်ပါတယ်။ ဒါ့အပြင် တက္ကသိုလ်ဝင်တန်းဖြေဖို့ကလည်း လေး၊ ငါးလလောက် လိုသေးတာဖြစ်လို့ ကြောက်စရာလန့်စရာနဲ့လည်း ဝေးနေပါတယ်။ ဒီကြားထဲမှာ သီတင်းကျွတ်ပြီဆိုတာနဲ့ ပွဲလမ်းသဘင်တွေကလည်း မှိုလိုပေါက်အောက် ပေါလာလေ့ရှိပါသေးတယ်။ ကိုယ့်ကျောင်းသားတွေကို ဘယ်လောက်ပဲ စိတ်ဓာတ်ကောင်းအောင် ကျင့်ပေးထားပေမယ့် ဆိုင်းသံ၊ ဗုံသံကြားရင် မနေနိုင်ကြတဲ့ ကလေးသာသာ အရွယ်တွေမို့ ဒီလပိုင်းတွေမှာ အာရုံကို တော်တော်စုစည်းနိုင်အောင် ကျင့်ပေးနေရပါတယ်။

ဒါ့အပြင် လူ့သဘာဝအရ ပုံစံတူ တစ်ခုထဲကို ထပ်ကာ၊ ထပ်ကာလုပ်နေရရင် ငြီးငွေ့လာလေ့ရှိပါတယ်။ ဒါကြောင့် သင်ကြားမှုပုံစံနဲ့ အနေအထားကို မကြာမကြာ ပြောင်းပေးမှပဲ အဆင်ပြေပါတယ်။ ဒါပေမယ့် စာသင်ချိန်တွေကိုတော့ တတ်နိုင်သလောက် တည်ငြိမ်မှုရှိအောင် ထိန်းထားပါတယ်။ ဘာကြောင့်လဲဆိုရင် လူရဲ့ဦးဏှောက်ဟာ သူအကျင့်ရနေတဲ့ အချိန်မှာပဲ အဆင်သင့်ဖြစ်နေတတ်တာမို့ပါ။ ဒါတွေတင်မကဘဲ ကျောင်းသားတွေ အမြဲတမ်းတက်ကြွမှုရှိအောင် အခက်အခဲတွေကို တစ်မျိုးပြီးတစ်မျိုး မရိုးရအောင် ဖန်တီးပေးရပါတယ်။ အခက်အခဲဆိုတာမျိုးဟာ လူတွေရဲ့ ဇွဲ၊ စိတ်ဓာတ်နဲ့ ကြိုးစားမှုကို မြှင့်တင်ပေးနိုင်စွမ်းတဲ့ အကောင်းဆုံး မိတ်ဆွေတွေ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ဓာတ်ကျလွယ်တဲ့ အရွယ်တွေဖြစ်တာမို့ အခက်အခဲက ကြီးလွန်းနေရင် အရှုံးပေးချင်စိတ်တွေ ပေါ်လာတတ်တာမို့ အမြဲချိန်ဆပြီး ပေးရပါတယ်။ ဒါ့ကြောင့် ဒီပညာရေးဝန်ဆောင်မှုအလုပ်ကို ဆရာဝန်အလုပ်နဲ့ သဘောသဘာဝချင်းဆင်တူတယ်လို့ ကိုယ်ယူဆဖြစ်တာပါ။

မနှစ်တုန်းကတော့ ကိုယ့်ကျောင်းသားတွေထဲမှာ နှစ်တက်ကျောင်းသားတွေက နှစ်ကျတွေထက် ပိုပြီးထူးချွန်ပါတယ်။ ဒီနှစ်မှာတော့ နှစ်တက်ကလေးတွေက နှစ်ကျတွေထက် ပိုအားနည်းနေပြန်ပါတယ်။ ဒါကြောင့် ပိုအာရုံစိုက်ပေးနေရပါတယ်။ ဘာကြောင့်လဲဆိုရင် နှစ်ကျကျောင်းသားဆိုတာ အထက်တန်းကျောင်းကို သွားစရာမလိုတာကြောင့် ကိုယ်ပိုင်အချိန်တွေများကြပါတယ်။ ဒီအချိန်တွေမှာ ကိုယ့်စိတ်ကြိုက် မောင်းနှင်ပေးလို့ရပါတယ်။ နှစ်တက်ကလေးတွေမှာတော့ အထက်တန်းကျောင်းမှာ အချိန်အတော်များများပေးထားရတာဖြစ်လို့ ကိုယ့်လက်ထဲမှာ အချိန်သိပ်မရှိပါ။ ရသမျှအချိန်လေးမှာ အတင်းလုပ်ပေးနေရပါတယ်။

ဒီကြားထဲမှာ ကလေးအများစုက ငပျင်းလေးတွေဖြစ်နေတော့ ပိုတောင်သတိထားရပါသေးတယ်။ ဘယ်လောက်ပဲပျင်းပျင်း အချိန်တန်ရင်တော့ သူတို့လည်း အောင်ချင်ကြမှာတော့ သေချာတာထက်တောင် ပိုပါသေးတယ်။ ဒါကြောင့် သူတို့ကိုလည်း ကိုယ့်သင်ကြားမှုနောက်ကိုပါလာအောင် ကြိုးစားပေးရပါတယ်။ အိမ်မှာစာမကျက်ရင်တောင် ကိုယ့်ဆီမှာ နေ့တိုင်းကျောင်းတက်ရင် တစ်ချို့တစ်ဝက်ကို မကျက်ရဘဲ ခေါင်းထဲထည့်ပေးနိုင်အောင် အပင်ပန်းခံကြိုးစားပေးပါတယ်။ သူတို့စာမဖတ်ရင် ကိုယ်ကပဲ သူတို့နဲ့အတူ ၀ိုင်းဖတ်ပေးပါတယ်။ သူတို့စာမကျက်ရင် ကိုယ်ပါဝိုင်းကျက်ပေးပါတယ်။ အိမ်မှာဘာမှ အလုပ်မလုပ်တဲ့ကလေးတွေကို ကိုယ့်မျက်စိအောက်မှာပဲ အားလုံးလုပ်ခိုင်းပါတယ်။

ကိုယ့်အနေနဲ့ ဒီအသက်အရွယ်အထိ ဘယ်ကျောင်းသားကိုမှ အိမ်မှာစာကို ပြင်းပြင်းထန်ထန်ကျက်တယ်လို့ မယုံခဲ့ပါ။ ရည်မှန်းချက်ကြီးခဲ့တဲ့ ကိုယ်တို့တောင် တစ်ခါတစ်ခါ ပျင်းစိတ်ဝင်တတ်ပါသေးတယ်။ ကျောင်းသားဘ၀ကဆိုရင် ကျောင်းသွားရမှာပါ ပျင်းတဲ့အခါတွေ ရှိပါသေးတယ်။ မိဘရဲ့ ပံ့ပိုးမှုတွေ ကောင်းလွန်းလို့သာ ဒီအဆင့်ကို ရောက်ခဲ့တာပါ။ ဒီဘက်ဒေသက မိဘများကတော့ ကိုယ်တိုင်က ပညာမတတ်ရှာကြရုံသာမက စားဝတ်နေရေးအတွက်ကို ပိုလို့အာရုံထားကြရတာကြောင့် သားသမီးပညာရေးကို ကိုယ်တို့မိဘတွေလောက် ပံ့ပိုးမှုမပေးနိုင်ပါ။ ဒါကြောင့် ကိုယ်ကပဲ အစစအရာရာ တာဝန်ယူမှ အဆင်ပြေပါတယ်။

ဘာပဲဖြစ်ဖြစ် ကလေးပျင်းလေးတွေများလေ ကိုယ်တို့အစွမ်းပိုပြရလေမို့ ကျေနပ်ပါတယ်။
ပျင်းချင်သလောက်ပျင်း၊ ဖျင်းချင်သလောက်ဖျင်းပါစေ အချိန်တန်ရင်တော့ အောင်မြင်မှုရအောင် ယူနိုင်ဖို့ အခုထဲက ခါးတောင်းကြိုက်မဖြုတ်တမ်းပေါ့။ ။





မြန်မာကဗျာဖွဲ့နည်း . . .

မြန်မာကဗျာဖွဲ့နည်းဆိုတာ
ကိုယ်တို့ခပ်ငယ်ငယ်က အထက်တန်းအဆင့် စိတ်ကြိုက်မြန်မာစာမှာ သင်တဲ့ပြဌာန်းစာအုပ်ဖြစ်ပါတယ်။ ရှေးရိုးမြန်မာကဗျာဖွဲ့ထုံးတွေကို အခြေခံကစလို့ ကျကျနနရှင်းပြထားလို့ တော်တော်လေးကောင်းတဲ့ စာအုပ်ဖြစ်ပါတယ်။ ကိုယ့်အမေဘက်က အဒေါ်တစ်ယောက်က အထက်တန်းကျောင်းသူဘ၀က စိတ်ကြိုက်မြန်မာစာ အတွဲကိုယူခဲ့ပါတယ်။ သူ့ဆီက ဒီကဗျာဖွဲ့နည်းစာအုပ်ကို စာဖတ်တတ်ကာစ လက်တည့်စမ်းချင်နေတဲ့လေးတန်းကျောင်းသားအရွယ် ကိုယ်ကဖတ်မိတာနဲ့ ကဗျာတွေတောင်ရေး၊ မြောက်ရေးရေးရင်း အလယ်တန်းကျောင်းသားအရွယ်လောက်မှာ ဒီကဗျာဖွဲ့ထုံးအားလုံးနည်းပါးနဲ့ ယဉ်ပါးသွားပါတော့တယ်။ ခပ်ငယ်ငယ်ကတည်းက ကဗျာအခြေခံသဘောကို နားလည်သွားခဲ့တော့ အသက်ရလာလို့ ကဗျာကောင်းကောင်းရေးနိုင်တဲ့ အရွယ်ရောက်လာတော့ ကဗျာရေးရတာ အခက်အခဲမရှိတော့သလို ရေးလို့လည်း ကောင်းလာပါတယ်။ အတွေးနောက်ကို ကာရန်ပါလာပါတော့တယ်။

အဲဒီစာအုပ်က ကိုယ်အထက်တန်းကျောင်းသားအရွယ်မှာ အသိမ်းလွန်ရာကနေ ပျောက်သွားလိုက်တာ ဘယ်မှာမှရှာလို့မရတဲ့အပြင် ပြန်ရှာဝယ်တော့လည်း မရတော့ပါ။ ဒါပေမယ့် အင်တာနက်နဲ့ စေတနာနဲ့ဝေငှပေးတဲ့ စာချစ်သူတွေရဲ့ ကျေးဇူးကြောင့် မြန်မာစာအုပ်ဆိုက်တစ်ခုကနေ ပြန်ရှာတွေ့ခဲ့ပါတယ်။ ကိုယ်ရထားတဲ့စာအုပ်ကို စာပေနဲ့ယဉ်ကျေးမှုကို မြတ်နိုးတဲ့အခြားသော ပရိသတ်တွေ ဖတ်စေချင်တဲ့ဆန္ဒနဲ့ ကိုယ့်ဘလော့ပေါ်မှာ ပြန်တင်ပေးဖို့ ကြိုးစားနေတာတော်တော်ကြာနေပါပြီ။ မတင်တတ်တာကြောင့် တောင်မေး၊ မြောက်မေးနဲ့ နှစ်လကျော်လောက် စမ်းတ၀ါးဝါးဖြစ်နေရာကနေ
KP3 ရဲ့ ကျေးဇူးကြောင့် အခုတော့ တင်လို့ရသွားပါပြီ။
( KP3 ဆထက်ထမ်းပိုး အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်)

ကဗျာချစ်သူတစ်ယောက်အနေနဲ့
မော်ဒန်ကဗျာ၊ လွတ်လပ်ကာရံ၊ ပို့စ်မော်ဒန် ဘာပဲဖြစ်ဖြစ် စိတ်ကြိုက်ခံစားနိုင်ပါတယ်။ ဒါပေမယ့် ကဗျာဖွဲ့သူတစ်ယောက်အနေနဲ့ကတော့ ကဗျာဖွဲ့ထုံးပေါင်းများစွာကို ကျေကျေညက်ညက်ရှိဖို့လိုပါတယ်။ ရှေးရိုးကို ရိုးအီသွားတာကြောင့် လမ်းရိုးဟောင်းမှာ လမ်းသစ်ထွင်တာကို အားပေးပါတယ်။ ဒါဟာ ဖြစ်လည်းဖြစ်သင့်ပါတယ်။ ဒါပေမယ့် လမ်းရိုးကို မမြင်ဖူးဘဲ လမ်းသစ်ထွင်နေတာတော့ သဘာဝသိပ်မကျပါ။ ဒါပေမယ့် ဒီဘက်ခေတ်ကလေးတွေအနေနဲ့ ရှေးရိုးကဗျာဖွဲ့နည်းကို ကျကျနနသိအောင်လုပ်ဖို့ အခက်အခဲရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ကဗျာဖွဲ့နည်းသင်တန်းဆိုတာမျိုးလည်း မရှိတဲ့အပြင် ကဗျာဖွဲ့နည်းစာအုပ်လည်း မရှိတာကြောင့်ပါ။ ဒါကြောင့် ကဗျာကို မြတ်နိုးသူတွေအတွက် ပြန်ဝေငှလိုက်ပါတယ်။


မြန်မာကဗျာဖွဲ့နည်း
http://www.scribd.com/doc/40496964


မြန်မာစာပေဖွံ့ဖြိုးတိုးတက်ပါစေ...

Thursday, 28 October 2010

ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင် . . .

ဒီနေ့ခေတ်ကျောင်းသားလေးတွေမှာ နားချိန်မရှိပါ...

မနက်၅နာရီခွဲလောက်ကစလို့ အိမ်ကထွက်သွားကြရတာ ညဘက်၈နာရီလောက်မှပဲ အိမ်ပြန်ရောက်ကြပါတော့တယ်။ ပုံမှန်ကျောင်းတွေမှာ မနက်၉နာရီကစကျောင်းတက်လို့ ညနေ၃နာရီခွဲမှ ကျောင်းလွှတ်တာဖြစ်ပြီး ကြားထဲမှာထမင်းစားချိန် တစ်နာရီပဲနားပေးတာကြောင့် စုစုပေါင်းစာသင်ချိန်၆နာရီရှိပါတယ်။ ဒီစာသင်ချိန်ကတော့ မနည်းလွန်း၊ မများလွန်းပါ။ ကျောင်းသားတွေအတွက် သင့်တော်ပါတယ်။

ဒါပေမယ့် ကိုယ့်ကျောင်းသူ၊ ကျောင်းသားတွေကတော့ မနက်၈နာရီကစလို့ ကျောင်းတက်ရပါတယ်။ စနေနေ့တွေမှာလည်း ကျောင်းမပိတ်ပါ။ အခုလိုသီတင်းကျွတ်ကျောင်းပိတ်ရက်မှာတောင် တစ်တိုင်းပြည်လုံးကကျောင်းတွေပိတ်ပေမယ့် သူတို့ကျောင်းကတော့ လပြည့်နေ့နဲ့ လပြည့်ကျော်တစ်ရက်နေ့ စုစုပေါင်းနှစ်ရက်ပဲကျောင်းပိတ်ပေးပြီး ကျန်ရက်တွေမှာ ပုံမှန်စာသင်ချိန်အတိုင်းသင်ပါတယ်။ များများသင်ရင် များများတတ်မယ်လို့ ယူဆထားကြဟန်တူပါရဲ့။

ဒီကြားထဲမှာ ကျောင်းသားအများစုက ကျောင်းစာတစ်ခုထဲနဲ့ အားမရကြတာမို့ ကျူရှင်ယူကြရပါတယ်။ ကိုယ်တို့ငယ်ငယ်ကလည်း ကျူရှင်ယူခဲ့တာပါပဲ။ ဆေးကျောင်းသားဘ၀မှာလည်း ကျူရှင်နဲ့မကင်းလွတ်ခဲ့ပါ။ သင်ကြားမှုညံ့ရင် ထမင်းအိုးပျောက်တတ်တဲ့ သဘာဝရှိတာကြောင့် ကျူရှင်ဆရာတွေဟာ ပုံသေလစာကတော့ အမြဲရနေမှာဖြစ်တဲ့ ၀န်ထမ်းဆရာ၊ ဆရာမတွေထက် ပိုကြိုးစားကြတာ ထုံးစံပါ။ ဒါတင်မက ကျူရှင်ဆရာဆီကိုလာတက်တဲ့ကျောင်းသူကျောင်းသားများက တကယ်အားကိုးလို့လာကြတာဖြစ်ပါတယ်။ ကျောင်းကဆရာ၊ ဆရာမဆီမှာကျတော့ အားကိုးတယ်၊ မကိုးဘူးစဉ်းစားလို့မရဘဲ သူသင်ပေးတာကို တာဝန်အရ လက်ခံရတာပါ။ ဒါ့အပြင် ကျူရှင်ဆရာဆိုတာ သူ့ကျောင်းသူကျောင်းသားကို ထိန်းသိမ်းဖို့ သူ့ကိုယ်သူပဲ အားကိုးရပါတယ်။ ကျောင်းပျက်တဲ့ကျောင်းသား၊ စာမကြိုးစားတဲ့ကျောင်းသား၊ စဉ်းကမ်းမလိုက်နာတဲ့ကျောင်းသားတွေကိုလည်း သူ့ဖာသာအဆင်ပြေအောင် ထိန်းသိမ်းယူရပါတယ်။ အဲဒီလိုကျောင်းသားမျိုးကို ကျူရှင်ကနေထုတ်ပစ်မယ်လို့ ခြိမ်းခြောက်လို့လဲမရနိုင်ပါ။ ဒီကျူရှင်က ထုတ်လိုက်ရင် တခြားကျူရှင်မှာ ရင်ကော့ပြီးသွားတက်လို့ရတဲ့ မောင်ကျောင်းသားက အဲဒီလိုစကားလုံးမျိုးကို ရင်တောင်ခုန်မှာ မဟုတ်ပါ။ ဒါပေမယ့် အထက်တန်းကျောင်းမှာတော့ ဆရာ၊ ဆရာမတွေဟာ ကျောင်းသားထိန်းသိမ်းရတာ သက်သာပါတယ်။ ပြောမရ၊ ဆိုမရရင် ကျောင်းအုပ်ကြီးရုံးခန်းကိုပဲ ပို့မလား၊ မိဘခေါ်ပြီး ပြန်အပ်ရမလား နည်းမျိုးစုံနဲ့ ထိန်းချုပ်နိုင်ပါတယ်။ လုပ်လည်း လုပ်နေကြပါတယ်။ အကျိုးဆက်ကတော့ ကျူရှင်ဆရာတွေဟာ ကျောင်းသားထိန်းသိမ်းနိုင်မှုအပိုင်းမှာ ၀န်ထမ်းဆရာတွေထက် ပိုပြီးကျွမ်းကျင်လာကြခြင်းပါပဲ။

ဒါပေမယ့် အဓိကပြောချင်တာက ကျောင်းတွေကရော၊ ကျူရှင်တွေကပါ စာသင်ချိန်တွေ သူ့ထက်ငါ အပြိုင်အဆိုင်ယူပြီး တွန်းသင်နေကြတာကိုပါ။ ကျောင်းသားဟာ မနက်၆နာရီထိုးရင် ကျူရှင်ရောက်နေပါပြီ။ ညနေကျောင်းဆင်း ၃နာရီခွဲတာနဲ့ ကျူရှင်သွားလိုက်တာ ၆နာရီလောက်မှ ပြန်ရပါတယ်။ ညတန်းပါ ယူကြတဲ့ကျောင်းသားများကတော့ အိမ်မှာနာရီဝက်လောက် နားပြီးရင် ၆နာရီခွဲလောက်ကစလို့ ည၁၁နာရီကျော်လောက်ထိ ကျူရှင်မှာပြန်ဝင်ပြီး အဲဒီမှာပဲ အိပ်ကြပါတယ်။ အဲဒီကလေးတွေဟာ မနက်ဆိုရင်လည်း ၄နာရီခွဲထပြီး စာသင်ကြရပါတယ်။ ဒီတော့ ကလေးတစ်ယောက်ရဲ့ အိပ်ချိန်ဟာ ၅နာရီသာသာပဲ ကျန်ပါတော့တယ်။ ကျူရှင်မှာ အိပ်ရေးမ၀ကြတဲ့ ကျောင်းသားကျောင်းသူတွေဟာ အထက်တန်းကျောင်းမှာ သွားပြီးတော့ ငိုက်ကြပါတော့တယ်။ အဲဒီလောက် မနားမနေစာသင်နေကြရတဲ့ ဘယ်ကျောင်းသားမှ ခေါင်းထဲမှာ စာဝင်နိုင်မှာ မဟုတ်တော့ပါ။ သက်မဲ့ဖြစ်တဲ့ ကွန်ပျုတာတောင် ဆက်တိုက်ခိုင်းရင် စက်ပူပြီးလုပ်အားနှုန်း ကျသွားလေ့ရှိတာပါ။ ဒီတော့ တပင်တပန်းနဲ့ မနားမနေစာသင်နေကြရတဲ့ ကျောင်းသားတွေရဲ့ လုပ်အားနှုန်းကျဆင်းရတာ မထူးဆန်းတော့ပါ။

ကျောင်းသားတစ်ယောက်ကို ဆရာကောင်းကောင်းက ဘယ်လောက်ပဲသင်သင် သူ့ကိုယ်ပိုင်စာကြည့်ချိန်မရှိရင် ဘယ်လိုမှမတတ်နိုင်ပါ။ စာဆိုတာ ကိုယ်တိုင်ကြည့်မှရတာပါ။ ဆရာလုပ်သူက နည်းပေးလမ်းပြရုံ၊ ကြပ်မတ်ရုံပဲ လုပ်ပေးနိုင်တာပါ။ ငါဟဲ့ဝါရင့်ဆရာဆိုတဲ့ မာနကြီးတစ်ခွဲသား လက်ကိုင်ထားလို့ အတင်းဖိသင်နေပြီး ကလေးတွေကို ကိုယ်ပိုင်စာကြည့်ချိန်နဲ့ နားချိန်ပေးမထားရင် ကျောင်းသားရော၊ ဆရာပါ လုံးပါးပါးပြီး နစ်နာပါလိမ့်မယ်။ ပင်ပန်းလွန်းပြီး ပျော်ရွှင်စရာမကောင်းတဲ့ ဘယ်အရာကိုမှ လူတွေစိတ်ဝင်စားလေ့မရှိတာ သဘာဝပါ။ ဒီလိုပါပဲ ကျောင်းသားတွေမှာလည်း ပင်ပန်းလွန်းအားကြီးရင် စာကိုအာရုံဝင်စားကြတော့မှာ မဟုတ်ပါ။ စာဘက်မှာ အားနည်းသွားရုံသာမက ကျန်းမာရေး၊ ကိုယ်ကာယကြံ့ခိုင်ရေး၊ လူမှုရေး၊ စိတ်ဓာတ်ရေးရာ၊ အထွေထွေဗဟုသုတရေးရာတွေမှာ အချိန်မပေးနိုင်တော့တာကြောင့် ဘက်စုံထောင့်စုံက အရှုံးကြီးရှုံးကုန်ကြပြီး အစစအရာရာ ကျဆင်းသွားပါလိမ့်မယ်။

စာသင်ချိန်တစ်ချိန်ဆိုတာ ကျောင်းသားတွေအတွက်ရော၊ ဆရာတွေအတွက်ပါ အင်မတန်အရေးကြီးပါတယ်။ ဆရာရော၊ ကျောင်းသားတွေပါ အချိန်ရော၊ လုပ်အားပါ ပေးကြရတာပါ။ သိသာထင်ရှားအောင်ပြောရရင် အားလုံးရဲ့ဘ၀ရော လုပ်အားပါပေးထားရတာပါ။ အဲဒီလောက် အရင်းအနှီးကြီးကြီးပေးပြီး လုပ်ထားရတဲ့ စာသင်ချိန်တစ်ချိန်အပြီး ကျောင်းသားရဲ့ခေါင်းထဲမှာ စာတစ်လုံးမှ ၀င်မသွားခဲ့ဘူးဆိုရင် အားလုံးရှုံးသွားပါပြီ။ ဒါကြောင့် စာသင်ချိန် နည်းတယ်၊ များတယ်ဆိုတာထက် တစ်ချိန်ချင်းစီမှာ အကျိုးရှိအောင် ဘယ်လိုလုပ်ပေးကြမလဲ ဆိုတာကိုပဲ ပိုပြီးအလေးထားရပါလိမ့်မယ်။ ဒီနေ့လက်ခံကျင့်သုံးနေကြတဲ့ Student centered education ကျောင်းသား ဗဟိုပြုသင်ကြားရေးစံနစ်မှာ ပေးသူဖြစ်တဲ့ ဆရာတွေထက်၊ လက်ခံသူတွေဖြစ်တဲ့ ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့ ပိုကြိုးစားရပါမယ်။ ကိုယ်ဖြစ်ချင်တဲ့ပုံစံထက် သူတို့နဲ့လိုက်ဖက်မယ့် ပုံစံမျိုးကို ဦးစားပေးပြီး ရွေးချယ်ပေးသင့်ပါတယ်။ ဒါမှလည်း တိုးတက်မှု ရှိပါလိမ့်မယ်။

နိုင်ငံတကာမှာ ကိုယ်တို့မြန်မာကျောင်းသားတွေလောက် တပင်တပန်းပညာသင်ယူကြတာ ဘယ်မှာမှမရှိပါ။ ဒါပေမယ့် အစစအရာရာမှာ နိုင်ငံတကာကို မမီနိုင်သေးပါ။ သင်သလောက်သာ တတ်ကြမယ်ဆိုရင် ကမ္ဘာပေါ်မှာ ကိုယ်တို့ကျောင်းသားတွေ ထိပ်တန်းကတောင် ဆင်းမယ်မထင်ပါ။ ဒါဟာ ဘာကြောင့်လဲဆိုရင် မလိုအပ်ဘဲ စာသင်ချိန်တွေများလွန်းနေတာကြောင့်ပါ။ နားနေချိန်ရှားပါးလွန်းတာကြောင့်ပါ။

နောက်တစ်ချက်က ကျောင်းသားတွေ သင်ကြားမှုမှာ အာရုံဝင်စားမှုရအောင် သင်ကြားတဲ့နေရာနဲ့ ပတ်ဝန်းကျင်ဟာ သက်တောင့်သက်သာဖြစ်ဖို့ လိုပါတယ်။ ပျော်စရာဖြစ်နေရင် ပိုလို့ကောင်းပါသေးတယ်။ ဒီနေ့ခေတ်ကြီးမှာ ကိုယ်တို့တိုင်းပြည်ဟာလည်း တဖြည်းဖြည်းနဲ့ ခေတ်မီလာနေပါပြီ။ အင်တာနက်၊ လက်ကိုင်ဖုန်း၊ ဆိုင်ကယ်၊ တယ်လီဗေးရှင်းဆိုတာတွေဟာ ဇိမ်ခံပစ္စည်းဘ၀ကနေ လူတွေရဲ့ နေ့စဉ်ဘ၀ထဲကိုပါ ရောက်လာပါပြီ။ ကိုယ်တို့ငယ်ငယ်တုန်းကဆိုရင် အိမ်တစ်အိမ်မှာ ရေဒီယိုတစ်လုံးတောင် ရှိကြတာမဟုတ်ပါ။ အဲဒီလို အစစအရာရာ တိုးတက်လာနေပေမယ့် စာသင်ကျောင်းတွေမှာတော့ ကိုယ်တို့ငယ်ငယ်က သင်ယူခဲ့ကြရတဲ့ ပတ်ဝန်းကျင်၊ သင်ကြားမှုပုံစံအတိုင်း သင်နေကြတုန်းပါ။ တကယ်ဆိုရင် စာသင်ကျောင်းတွေလည်း ဘက်စုံထောင့်စုံ တိုးတက်သင့်နေပါပြီ။ သင်ထောက်ကူပစ္စည်းတွေ အစုံအလင်၊ နည်းပညာသုံးအထောက်အကူပစ္စည်းတွေ အစုံအလင်နဲ့ အအေးခန်းစာသင်ခန်းတွေ ဖြစ်သင့်ပါပြီ။
ကိုယ်တို့ခေတ်ကျောင်းသားတွေအတွက် ဒီကျောင်းတွေဟာ ပျော်စရာဖြစ်ခဲ့ပေမယ့် ဒီနေ့အိုင်တီခေတ်ကျောင်းသားတွေကတော့ ကိုယ်တို့ခေတ်ကစာသင်ကျောင်းတွေ၊ သင်ကြားမှုပုံစံတွေကို ပျော်စရာလို့ မြင်နိုင်မှာမဟုတ်တော့ပါ။
ဒါကြောင့် စာသင်ကျောင်းတွေနဲ့ သင်ကြားမှုပုံစံတွေကိုလည်း ခေတ်မီတဲ့ပုံစံ ပြောင်းပေးနိုင်ကြရင် ကျောင်းသားတွေရဲ့ အာရုံစိုက်မှုကို ပြန်ရလာမှာ မလွဲပါ။

ကျောင်းတွေမှာ စာရိတ္တချိန်၊ ဖွံ့ဖြိုးရေးချိန်၊ ကာယချိန်၊ ဂီတချိန်ဆိုပြီး အချိန်တွေတရားဝင် သတ်မှတ်ပေးထားပါတယ်။ ဒါပေမယ့် ကျောင်းတော်တော်များများကတော့ ဒီအချိန်တွေကို အသုံမချပါ။ ချမှတ်ထားတဲ့မူဝါဒကို လက်တွေ့အကောင်အထည် မဖော်ပါ။ အဲဒီအချိန်တွေမှာ စာကိုပဲ ဖိသင်ပါတယ်။ မြင်နေရှိနေပါလျက်နဲ့ အသုံးချခွင့်မရတဲ့ ကျောင်းသားလေးတွေမှာ ဘယ်လောက်မခံချိ၊ မခံသာဖြစ်ကြလိမ့်မလဲ။ တကယ်လို့သာ အဲဒီအချိန်တွေကို သတ်မှတ်ထားတဲ့အတိုင်းသာ အတိအကျ အကောင်အထည်ဖော်ပေးနိုင်ရင် ကလေးတွေ တော်တော်တိုးတက်လာပါလိမ့်မယ်။ တကယ်တော့ စံနစ်ကတော့ အဆင်ပြေနေပါတယ်။ ဒါကို အကောင်အထည်ဖော်နိုင်မှုမှာ အားနည်းနေသေးတာပါ။ တိတိကျကျနဲ့ ထိထိရောက်ရောက်လုပ်ကြရင် မဖြစ်နိုင်စရာ ဘာမှမရှိပါ။ လုပ်ကြည့်ကြဖို့ လိုပါတယ်။

ဆရာဆိုတဲ့ အင်္ဂလိပ်စာလုံးပေါင်းဟာ
T = Teaching
E = Expert
A = Active
C = Clever
H = Honest
E = Education
R = Research minded

စတဲ့ စာလုံးတွေကို စုပေါင်းထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဆရာတွေမှာ သုတေသီစိတ်ထားမျိုးရှိဖို့ လိုပါတယ်။ နည်းစံနစ်အသစ်တွေကို စူးစမ်းရှာဖွေပြီး စမ်းသပ်အသုံးချကြည့်ဖို့ လက်မနှေးသင့်ပါ။ ဆေးလောကမှာ ကျွမ်းကျင်ပါတယ်ဆိုတဲ့ ပါရဂူကြီးတွေတောင် လူနာကိုဆေးပေးရာမှာ ပေးတဲ့ဆေးရဲ့ ထိရောက်မှုကို မကြာမကြာ Monitor လုပ်ပြီး ကုသမှုကို လိုအပ်သလို ပြောင်းပေးရလေ့ ရှိပါတယ်။ ဒီလိုပါပဲ ကျောင်းတွေက ဆရာတွေ၊ ဆရာမတွေလည်း သင်ကြားမှုနည်းစံနစ်သစ်၊ ပုံစံသစ်တွေကို စမ်းသပ်ကြည့်ကြပြီး ထိရောက်မှုတွေကို မှတ်တမ်းတင်လို့ ကျောင်းသားတွေနဲ့ ကိုက်ညီမှုရှိမယ့် နည်းစံနစ်တွေကို အသုံးပြုပြီး တိုးတက်မှုကို အားသွန်ခွန်စိုက် လုပ်ပေးသင့်လှပါတယ်။


ကလေးတွေကို ကစားချိန်၊ နားချိန် ကျကျနနသတ်မှတ်ပေးထားပြီး ကျန်တဲ့ ဘက်စုံဖွံ့ဖြိုးမှုတွေလည်း မျက်ခြေမပြတ်စေရဘဲ တိုးတက်ခေတ်မီတဲ့ ပညာရေးပတ်ဝန်းကျင်သစ်၊ နည်းစံနစ်သစ်တွေနဲ့ ကြိုးစားပေးကြမယ်ဆိုရင် လာမယ့်ဆယ်စုနှစ် နှစ်ခုလောက်အကြာမှာ မြန်မာတွေလည်း မညံ့ကြတာ ကမ္ဘာကို ကြွားနိုင်မှာဖြစ်ကြောင်း ရဲရဲကြီး ယုံကြည်မိပါတော့တယ်။

Wednesday, 27 October 2010

ချမ်းသာချင်တဲ့ ဦးဟန်ကြည် . . .

တစ်ရက်တစ်ရက်နဲ့ အသက်တွေလည်း ကြီးလို့လာပါပြီ...
ဒါပေမယ့် အလုပ်ထဲမှာ နစ်နေတာကြောင့် အသက်ကိုတောင် သတိမထားမိတာ ကြာပါပြီ။

ကိုယ့်အလုပ်ကလည်း နားရက်ယူလို့ မဖြစ်တဲ့အပြင်
မနက်၆နာရီလောက်ကတည်းက ဇယ်စက်သလို အလုပ်တွေလုပ်လိုက်ရတာ နေ့လည် ၁နာရီလောက်မှ အိမ်ပြန်ရပါတော့တယ်။ အိမ်ရောက်ရင် ရေချိုး၊ ထမင်းစားပြီး ၂နာရီလောက်ကစပြီး အလုပ်ခွင်ပြန်ဝင်လိုက်တာ ည၉နာရီလောက်ရောက်မှ တစ်နေ့တာအလုပ်ပြီးပါတယ်။ အိမ်ပြန်ရောက်ရင် ဘာမှမလုပ်ချင်မကိုင်ချင်တော့လောက်အောင် အားကုန်နေပါပြီ။ တစ်လကုန်လို့ လဆန်း၇ရက်နေ့ရောက်မှပဲ တစ်ရက်တာ အနားရပါတယ်။ ကိုကြီးကျောက်ပြောသလို အားကုန်လို့ ပျားအုံစားရမယ့်ကိန်းပါ။

တစ်ခါတစ်လေတော့လည်း တွေးမိပါတယ်။
ဘာကြောင့်များ ဒီလောက်ကြိုးကြိုးစားစား လုပ်နေမိပါလိမ့်လို့ပါ။ လူဖြစ်လာတဲ့ဘ၀မှာ သူများထက်ပိုတော်၊ ပိုတတ်၊ ပိုအောင်မြင်ချင်တဲ့ အတ္တကြောင့်လို့ပဲ ပြောလို့ရမယ် ထင်ပါတယ်။ နောက်တစ်ချက်က ကိုယ်ကအင်မတန်မှ ချမ်းသာချင်ပါတယ်။ လောဘကြီးတယ်ပြောရင်လည်း ပြောကြပါစေ။ ဆင်းရဲမှာ အင်မတန်ကြောက်ပါတယ်။ သိပ္ပံပညာရှင်တစ်ယောက်ပြောဖူးသလို ဆင်းရဲမှာကြောက်တယ်၊ ဆင်းရဲရင် ဘာမှလုပ်လို့မရတော့ဘူးတဲ့။ ပညာတွေပိုတတ်လာအောင်၊ သူများကိုများများကူညီနိုင်အောင်ဆိုတာ ကိုယ့်လက်ထဲမှာ ငွေများများရှိမှ ဖြစ်တာပါ။ လက်ဗလာနဲ့တော့ လူမှုရေးလုပ်လို့ဖြစ်မှာမဟုတ်ပါ။

လောကမှာ ကိုယ်ဝမ်းအနည်းဆုံးအချိန်ဟာ သူများက အကူအညီလာတောင်းတာကို မပေးနိုင်တဲ့အချိန်ဖြစ်ပါတယ်။ ကိုယ်တိုင်ထမင်းတစ်လုပ်အတွက် တပင်တပန်းကြိုးစားနေရချိန်ကဆိုရင် သူများတွေရဲ့ဒုက္ခကို မြင်နေလျက်နဲ့ မတတ်နိုင်လို့ လက်ပိုက်ကြည့်ခဲ့ရတာ အင်မတန်ဝမ်းနည်းခဲ့ရပါတယ်။ ဆင်းရဲနွမ်းပါးတဲ့လူတွေကို ကူညီဖို့၊ လူမှုရေးလုပ်ငန်းတွေလုပ်ဖို့ဆိုတာ လက်ထဲမှာငွေမရှိရင်တော့ အိပ်မက်သာသာပဲ ဖြစ်သွားပါလိမ့်မယ်။ မဖြစ်ဖြစ်အောင်ကူညီရင်တော့ ရနိုင်ပေမယ့် ဆင့်ပါးစပ်နှမ်းပက်သလိုဖြစ်ရုံရှိမှာမို့ ဘာမှထိရောက်မှု ရှိမယ်မထင်ပါ။ ကိုယ်က ငွေကြေးတတ်နိုင်လို့ စက်ရုံတစ်ခုထောင်နိုင်တယ်ဆိုရင် အနည်းဆုံးတော့ စက်ရုံအလုပ်သမားတွေကို အလုပ်ပေးထားနိုင်ပါသေးတယ်။ အဲဒီလိုမှမဟုတ်ဘဲ လက်ဗလာနဲ့ ပရဟိတလုပ်ချင်နေရင် သူများအိမ်မှာ ရေသွားထမ်းပေးတာပဲ လုပ်လို့ရပါလိမ့်မယ်။ ဒါမျိုးသာဆိုရင်တော့ ကိုယ့်မာနတစ်ခွဲသားနဲ့ ဒီတစ်သက် ပရဟိတလုပ်ဖြစ်မှာတောင် မဟုတ်တော့ပါ။ ဒါကြောင့် ဒီလုပ်ငန်းတွေအတွက် ကိုယ့်မှာငွေလိုပါတယ်။

နောက်တစ်ချက်က ကိုယ့်ကို လူနေခြုံကြား စိတ်နေဘုံဖျားလို့ပြောရင်လည်း မတတ်နိုင်ပါ။ နိုင်ငံတကာမှာ လုပ်နေကြတဲ့ ပညာရေးဝန်ဆောင်မှုလုပ်ငန်းကြီးတွေကို အင်မတန်မှအားကျပါတယ်။ ကိုယ်ပိုင်တက္ကသိုလ်ကြီးမှာ ကိုယ့်ကျောင်းသူကျောင်းသားတွေကို ကိုယ့်စိတ်ကြိုက်ဘာသာရပ်တွေကို နိုင်ငံတကာအဆင့်မီအောင် သင်ကြားပေးပြီး မြေတောင်မြှောက်ပေးချင်တာ တကယ့်ဆန္ဒပါ။ နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်မယ့် မြန်မာလူမျိုး ပညာတတ်ကြီးတွေဖြစ်အောင် မွေးထုတ်ပြီး ကိုယ့်တိုင်းပြည်ကြီးတိုးတက်အောင် လုပ်ချင်ပါတယ်။ မကုန်ခမ်းနိုင်တဲ့ ပညာရင်းမြစ်တွေကို နိုင်ငံတကာကို တင်ပို့ရောင်းချပြီး တိုင်းပြည်ချမ်းသာအောင် တစ်ဖက်တစ်လမ်းက လုပ်ချင်ပါတယ်။ ဒီလိုလုပ်ဖို့ဆိုတာ လက်ထဲမှာ နှစ်ပဲတစ်ပြားရှိရုံနဲ့ လုပ်လို့မရနိုင်ပါ။ အခုဆိုရင် အစိုးရက ပုဂ္ဂလိကကျောင်းတွေတည်ထောင်ခွင့်ပေးထားတာကို ၀မ်းပါးမိပေမယ့် အနည်းဆုံးသိန်းသုံးလေးထောင်ရှိမှ ထူထောင်နိုင်မှာဖြစ်တာမို့ ဝေးဝေးကပဲ လွမ်းနေရပါတယ်။ ကြော်ငြာတစ်ခုထဲမှာ ဒွေးပြောသလို
လက်ထဲမှာ ငွေမရှိသေးတော့ အိုင်ဒီယာတွေကို ဘေးပုံချထားရပါရဲ့။

ဒီအတွေးတွေနဲ့ တစ်ရက်တစ်ရက် မနားမနေကြိုးစားနေပေမယ့် အခုထိတော့ ဦးဟန်ကြည်တစ်ယောက် သူဌေးမဖြစ်သေးပါ။ ဆရာစိုင်းခမ်းလိတ်ရဲ့ သီချင်းထဲကစာသားကို ကိုးကားပြီးပြောရရင်တော့ -
“ဒုက္ခကိုမျက်ခြေပြတ်အောင် ပြေးခဲ့တဲ့ခရီးပါ...
ဒီဘ၀ကြီး...
အခုထိတော့ မျက်ခြေပြတ်အောင် ဖြတ်လို့မရလည်း နည်းနည်းတော့ အသက်ရှူ...
ချောင်လာစ...”
လို့ပဲ ဆိုရပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် တစ်နေ့တစ်လံပုဂံဘယ်မှမရွေ့နိုင်တာ အမှန်ပဲမို့ တစ်ရက်တစ်ရက် အကောင်းမြင်အတွေးတွေနဲ့ အားသစ်တွေမွေးရင်း မျှော်လင့်ချက်မနက်ဖြန်တွေနဲ့အတူ ရှင်သန်နေဆဲပါ။

Tuesday, 26 October 2010

ကိုယ့်မူ၊ ကိုယ့်ဟန် . . .

တဖြည်းဖြည်းနဲ့
အချိန်တွေ ကုန်လိုက်လာတာ ကိုယ့်ကျောင်းသားတွေ တက္ကသိုလ်ဝင်တန်းဖြေဖို့ ၄လကျော်ပဲ ကျန်ပါတော့လား။

သင်ခန်းစာကတော့ သုံးပုံနှစ်ပုံပြတ်အောင် သင်ပြီးနေပါပြီ။ တစ်ရက်ကိုမှ နည်းနည်းပဲသင်ပြီး သင်ခန်းစာကျေညက်မှုကို ဦးစားပေးထားခဲ့တာဖြစ်လို့ ပြန်လှန်သင်ကြားမှုပိုင်းကို သိပ်တော့စိတ်မပူမိပါ။ တစ်ပတ်တစ်ခါ၊ နှစ်ခါလောက် သင်ခန်းစာတွေကို ပိုင်းပြီးစာမေးပွဲငယ်လေးတွေ စစ်ပေးထားတာမို့ ကျောင်းသားတွေကိုယ်တိုင် ပြန်လှန်လေ့ကျင့်ပြီး ဖြစ်အောင်လုပ်ပေးထားပါသေးတယ်။ စာသင်ချိန်မှာ နည်းစံနစ်ထက် သဘောတရားကို ဦးစားပေးပြီး သင်ထားပါတယ်။ သဘောတရားကို ပိုင်ပိုင်နိုင်နိုင်ရှိသွားရင် နည်းစံနစ်ဆိုတာ ကိုယ်တိုင်ရှာဖွေယူလို့ ရတာပါပဲ။ ကိုယ်ပြောနေကျစကားနဲ့ဆို ဘယ်လိုလုပ်ရမလဲဆိုတဲ့ How ထက်၊ ဘာကြောင့်လုပ်ရသလဲဆိုတဲ့ Why ကို နားလည်သဘောပေါက်အောင် ကြိုးစားပေးထားပါတယ်။ သင်ခန်းစာတွေကို Must know(သိကိုသိရမယ့်စာ)၊ Should know(သိသင့်တဲ့စာ)၊ Good to know(သိရင်တော့ပိုကောင်းသလို၊ မသိရင်လည်း ပြဿနာသိပ်မရှိတဲ့စာ) ဆိုပြီး ပိုင်းခြားပေးထားပါသေးတယ်။

ဒါပေမယ့် ကိုယ်ကဘယ်လောက်ပဲ ပေးနေပါစေ ခံယူသူသာ အဓိကဖြစ်တာမို့ အူကြောင်ကြားဖြစ်ကျန်ရစ်တဲ့ ငတိတွေလည်း ရှိနေပါသေးတယ်။ မျိုးစေ့ဘယ်လောက်ပဲကောင်းပါစေ မြေဆီမြေနှစ်ပေါ်မှာမူတည်ပြီး အပင်သန်မှုခြင်းကွာတတ်တာ သဘာဝမို့ သိပ်တော့လည်းဝမ်းမနည်းမိပါ။ ပညာရေးလောကထဲကို စ၀င်ကာစကတော့ ကိုယ်ပေးသလောက်မရရင် တော်တော်ကြီးကို ၀မ်းနည်းမိခဲ့ပါတယ်။ ဒါပေမယ့် အတ္တာဟိ၊ အတ္တနော၊ နာထော(မိမိကိုယ်သာကိုးကွယ်ရာ)ဖြစ်တာမို့ သူတို့ဘ၀အတွက် သူတို့က ပိုကြိုးစားရမှာကို မကြိုးစားရင်တော့လည်း ဘုရားဟောတရားတော်ထဲကလို နိုင်သလောက်လုပ်ပေးပြီး သဗ္ဗေသတ္တာကမ္မသကာလုပ်ရပါတော့တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘက်ကတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးမှုကတော့ ဆံချည်တမျှင်စာလောက်တောင် မလျော့စေရပါ။

ကိုယ့်နည်းစံနစ်က သူများတွေနဲ့ တကယ့်ပြောင်းပြန်ပါ။ စာသင်ခန်းတွင်းမှာ ကျောင်းသူကျောင်းသားတွေကို လွတ်လွတ်လပ်လပ်နေခိုင်းပါတယ်။ သင်္ချာတွက်ချိန်မှာဆို လိုအပ်ရင် သီချင်းပါဖွင့်ထားပေးလိုက်ပါသေးတယ်။ သီချင်းလေးညည်းရင်းတွက်တော့ ဉာဏ်ရည်တောင် ပိုလို့ထက်ပါသေးတယ်။ ဆရာ၊ တပည့်ပွင့်ပွင့်လင်းလင်း နွေးနွေးထွေးထွေးရှိအောင် အာရုံစိုက်ပြီး ကြိုးစားပေးပါတယ်။ သင်တန်းချိန်မှာ ဆရာကို ကြောက်နေဖို့မလိုပါ။ ၀ါသနာပါရင် ငြင်းလို့တောင်ရပါသေးတယ်။ ဒါပေမယ့် သင်တန်းချိန်ပြင်ပမှာတော့ ဆရာ၊ တပည့်ဒွေးရောယှက်တင် နေခွင့်မပေးပါ။ ဆရာရော၊ တပည့်ပါ သိက္ခာအကျမခံပါ။ စာသင်ကြားမှုကိုလည်း ဖေဖော်ဝါရီလပိုင်းထိ ဖိသင်ထားပြီး လလယ်လောက်ကစလို့ သင်ကြားမှုကို လျှော့ချလိုက်ပါတယ်။ ကျန်းမာရေးကို ဦးစားပေးပြီး စိတ်ဓာတ်တက်ကြွလာအောင်ပဲ စစ်ဆင်ရေးလုပ်ပါတယ်။ စာမေးပွဲတွင်းမှာ စာအသစ်မသင်ပါ။ ညဘက်မှာ ၁၀နာရီခွဲရင် အားလုံးအိပ်ခိုင်းပါတယ်။ ဒီအချိန်မှာ တစ်နှစ်တာလုပ်ထားတဲ့ အလုပ်ကပဲ စကားပြောတာပါ။ ဘာတွေထပ်သင်လို့မှာ အကျိုးမရှိတော့ပါ။

နောက် ကိုယ်ကဘယ်တော့မှ တစ်ကြိုခန့်မှန်းမေးခွန်း ထုတ်မပေးပါ။ သင်ခန်းစာအားလုံး မနိုင်တဲ့ကျောင်းသားကို သင်ခန်းစာတစ်ဝက်ကိုပဲ နိုင်အောင်၊ ကျေညက်အောင် ကြည့်ခိုင်းပါတယ်။ ပြီးတော့ ကိုယ်လုပ်ရဲရင် ခံရဲအောင် ကျင့်ပေးထားပါတယ်။ စာမကြိုးစားတဲ့ကျောင်းသား၊ စိတ်ဓာတ်မကောင်းတဲ့ ကျောင်းသားဆိုရင် ဘယ်လိုမှအအောင်မခံနိုင်ပါ။ ဒီလိုစိတ်ဓာတ်ညံ့ဖျင်းတဲ့ကလေးတစ်ယောက် ပညာတတ်အသိုင်းအ၀ိုင်းထဲရောက်လာရင် လောကနာပါလိမ့်မယ်။ အချောင်သမားစိတ်ဓာတ်နဲ့ကလေးတစ်ယောက်များ တိုင်းပြည့်ခေါင်းဆောင်ဖြစ်သွားခဲ့ရင် တိုင်းပြည့်အရေး မတွေးဝံ့စရာဖြစ်သလို သူ့ကိုသင်ပေးလိုက်မိတဲ့ ဆရာမှာလည်း ရင်ထုမနာဖြစ်ရပါလိမ့်မယ်။

ကိုယ့်ကလေးတွေကို ကိုယ်အမြဲပြောလေ့ရှိပါတယ်။ ကိုယ်သင်ပေးထားတဲ့ပညာဟာ သူများကို စော်ကားဖို့၊ ကိုယ့်ကိုယ်ကို စိတ်ကြီးဝင် ဘ၀င်မြင့်ဖို့ လုံးဝမဖြစ်စေရဘူးလို့ပါ။ သူများကို ကူညီဖို့ ၊ တိုင်းပြည်ကို အလုပ်အကြွေးပြုဖို့ သင်ပေးထားတာဖြစ်မှန်း သိအောင် ရိုက်သွင်းပါတယ်။ ကိုယ်ခံယူချက်ကတော့ ရှင်းပါတယ်။ တိုင်းပြည်ကို ဒုက္ခပေးမယ့် ဘယ်လိုလူမျိုးမှ ကိုယ့်ပညာကို မရစေရပါ။ ထမင်းတစ်လုပ်အတွက် ထင်းခုတ်စားလို့ ရတဲ့ဒီတိုင်းပြည်မှာ ဘယ်တော့မှ ကိုယ့်ခံယူချက် မပျက်စေရပါ။ ကိုယ့်အယူအဆကို အများကလက်မခံတော့တဲ့ နေ့ရောက်ရင် ဒီလောကကနေ ကိုယ်နားပါတော့မယ်။

လောလောဆယ်တော့ ကိုယ့်ဦးဆောင်မှုအောက်မှာ ကလေးတွေရော မိဘတွေပါ တစ်သွေးတည်းတစ်သားတည်း ရှိနေတာမို့ မကြာခင်ရောက်လာတော့မယ့် စာမေးပွဲအတွက် အားသွန်ခွန်စိုက်လုပ်ပေးဖို့ အခုကတည်းက ကြိုတင်ပြင်ဆင်နေရင်း ကျေနပ်နေဆဲပါ။ ။

Monday, 25 October 2010

ဆရာ၊ ဒကာ ညီညာစွာဖြင့် . . .

သာသနာဆိုတာ ဆရာ၊ ဒကာပေါင်းစည်းညီညာစွာနဲ့ ထိမ်းသိမ်းပေးမှ စည်ပင်ဖွံ့ဖြိုးတာပါ။

ဒီအတွေးကို ဘာကြောင့်ကောက်ခါငင်ခါ တွေးမိရသလဲဆိုရင် ထိုင်ရင်းနေရင်း ကိုယ့်ရှေ့မှာအမြင်မတော်လွန်းတဲ့ မြင်ကွင်းကို မြင်နေရလို့ပါ။ ကိုယ်စာသင်တဲ့ ၀ိုင်းတစ်ဝိုင်းရဲ့ ရှေ့တည့်တည့်မှာ မွတ်စလင် လက်ဖက်ရည်ဆိုင် တစ်ဆိုင်ရှိပါတယ်။ ဒီနေ့လည် ကျောင်းသားတွေကို စာမေးပွဲငယ်တစ်ခုစစ်နေရင်း အိမ်ရှေ့ဝရန်တာကနေ အပြင်ကိုမျှော်ကြည့်မိတော့ အဲဒီမွတ်စလင်ဆိုင်က လမ်းဘေးအကျဆုံးစားပွဲမှာ ထိုင်တော်မူပြီး လက်ဖက်ရည်ဘုဉ်းပေးတော်မူနေကြတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးလေးပါးကို တွေ့လိုက်ရပါရဲ့။ နှစ်ပါးကတော့ ပဉ္ဇင်းထင်ပါတယ်။ သက်တော် ၄၀၀န်းကျင်ရှိလို့ မှန်းကြည့်လိုက်တာပါ။ နှစ်ပါးကတော့ ကိုရင်ငယ်လေးတွေပါ။ သင်္ကန်းကိုတော့ ကျကျနနရုံထားတာ တွေ့နေရပါတယ်။

ခက်တာက ကိုယ်တော်တွေ လက်ဖက်ရည်ဘုဉ်းပေးနေတဲ့ အချိန်က မွန်းလွဲ၃နာရီ ဖြစ်နေတာပါပဲ။ ဒီအချိန်ဆိုတာ ကိုယ်တို့သာမန်လူဝတ်ကြောင်တွေတောင် သီလယူထားရင် လက်ဖက်ရည်သောက်လို့ မရတော့တဲ့ အချိန်ကြီးပါ။ ဒါကို ကိုယ်တော်တို့က ဘယ်လိုများ ရွှေဥာဏ်တော်စူးရောက်ပြီး လက်ဖက်ရည်ဘုဉ်းပေးတော်မူနေကြပါလိမ့်ဆိုတာ စဉ်းစားလို့တောင်မရပါ။ ကိုရင်ငယ်လေးတွေမို့ မလိမ်မိုး၊ မလိမ်မာ မှားကြတာဆိုရင်လည်း သည်းခံလို့ ရနိုင်ပါသေးတယ်။ အခုလိုပဉ္ဇင်းအရွယ်သံဃာတော်တွေကိုယ်တိုင် မသင့်တော်တာတွေလုပ်နေတာ မြင်ရတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို သူတို့ကိုယ်စား မျက်နှာပူမိပါတော့တယ်။

အဆိုးတကာ့ အဆိုးဆုံးက သူများဘာသာဝင်တွေရှေ့မှာ မသင့်တော်တာတွေကို လုပ်ပြတာပါပဲ။ ကျန်တဲ့ဘာသာဝင်တွေမှာ (ခရစ်ယာန် Roman Catholic ဂိုဏ်းတွေကလွဲရင်) ဘာသာရေးခေါင်းဆောင် ပုဂ္ဂိုလ်တွေရဲ့ ၀တ်စားဆင်ယင်မှုဟာ သာမန်လူတွေနဲ့ ထူးထူးခြားခြားမကွာလှတာမို့ သူတို့တွေအပြစ်တစ်ခုခုလုပ်ရင် သိပ်မသိသာပါ။ ကိုယ်တို့ဘာသာမှာက သံဃာတော်ဆိုတာ ဘယ်ကနေကြည့်ကြည့် သိသာမြင်သာထင်ရှားလွန်းတဲ့ သင်္ကန်းကြီးတွေနဲ့ဆိုတော့ အခုလိုမျိုး လုပ်နေတာ ကြားထဲကနေ မျက်နှာမထားတတ်အောင် ရှက်မိပါတယ်။ ဒီကိုယ်တော်တွေ ဒီလိုလုပ်နေရင် သူတို့ကိုယ်ကိုးကွယ်ဝတ်ပြုနေကြတဲ့ ကိုယ်တို့တွေကို ကျန်တဲ့ဘာသာဝင်တွေက ဘယ်လိုမြင်ကြမှာပါလိမ့်။ ကိုယ်တော်များကတော့ စဉ်းစားတော်မူကြဟန်မတူပါ။ ဒါကြောင့်မို့လည်း အခုလိုမျိုး အစ္စလာမ်လက်ဖက်ရည်ဆိုင်မှာ နေ့ခင်းကြောင်တောင် လက်ဖက်ရည်ဘုဉ်းပေးတော် မူနေကြတာ ဖြစ်မယ်ထင်ပါရဲ့။

ဘယ်နေရာမှာမဆို ခေါင်းဆောင်ဆိုတာ ကျန်တဲ့နောက်လိုက်တွေထက် ပိုပြီးထိန်းသိမ်းရပါတယ်။ တာဝန်ပိုယူရပါတယ်။ နောက်လိုက်တွေရဲ့ အပြစ်တွေကိုတောင် ခေါင်းဆောင်ဖြစ်သူက တာဝန်ခံပေးရလေ့ ရှိပါတယ်။ အခုတော့ ဘာသာရေးခေါင်းဆောင်တွေဖြစ်တဲ့ ဒီကိုယ်တော်တွေလုပ်နေတာက သူတို့လုပ်သမျှအပြစ်တွေကို ကိုယ်တို့ဒကာ၊ ဒကာမတွေက ၀ိုင်းဝန်းခံကြရတော့မလို ဖြစ်နေပါရဲ့။

တစ်ခါတစ်ခါများ ကိုယ့်မျက်စိရှေ့မှာ အမြင်မတော်တာတွေ တွေ့ရတာများလွန်းတော့ ကိုယ်နေနေတာ ထေရ၀ါဒ ဗုဒ္ဓဘာသာခေါင်းဆောင် တိုင်းပြည်ဟုတ်မှ ဟုတ်ပါလေစလို့ တွေးယူရပါတယ်။ စဉ်းစားကြည့်ပါ။ ဘုရားပွဲရန်ပုံငွေအတွက် လောင်းကစားဝိုင်းတွေ ဘုန်းကြီးကျောင်းထဲမှာ လုပ်ခွင့်ပြုပါသတဲ့။ ၀ိုင်းသေးတစ်ဝိုင်းကို ဘယ်လောက်၊ ၀ိုင်းကြီးတစ်ဝိုင်းကို ဘယ်လောက်လို့ သတ်မှတ်ပြီး အကောက်ကောက်ပါတယ်။ အဲဒီရငွေဟာ တစ်ညကို သိန်း၂၀လောက်ရှိပါတယ်။ အဲဒီငွေနဲ့ ဘုရားတည်ကျောင်းဆောက်လုပ်တယ်ဆိုပါဦးတော့ ကိုယ်တို့တွေ ဘယ်လိုအသိတရား၊ ဘယ်လိုဦးဏှောက်မျိုးတွေနဲ့ ဒီဘုရားကျောင်းကန်တွေကို ရှိခိုးကန်တော့ရမှာပါလိမ့်။

တကယ်ဆိုရင် ဒကာ၊ ဒကာမတွေ လောင်းကစားလုပ်နေရင်တောင် ဆရာဘုန်းကြီးက တားရပြုရမှာပါ။ အခုတော့ ကိုယ်တော်မြတ်ကြီးတွေကပါ ဦးစီးဦးဆောင် ပြုတော်မူနေကြတော့ ပိဋကတ်သုံးပုံထဲမှာ ကစားဝိုင်းသုတ်များပါလေရော့သလား တွေးချင်စရာ ဖြစ်နေရပါပြီ။

တစ်ခါတစ်လေမှာ ဘုရားပွဲရှိလို့ ညဘက် ပွဲဈေးတန်းလမ်းလျှောက်ဖြစ်ရင် အကုသိုလ်တွေ အောတိုက်နေအောင် ရပြီးမှ အိမ်ပြန်ရောက်ပါတော့တယ်။ စဉ်းစားကြည့်ပါ။ မိန်းကလေးသုံးလေးယောက်လောက် ဒိုင်ခံနေတဲ့ အံကလုံဝိုင်း( အံစာတုံးမျက်နှာခြောက်ဖက်လုံးမှာ အရုပ်တွေဆွဲထားပါတယ်။ အဲဒီလို အံစာတုံးမျိုး လေးလုံး၊ တချို့က ခြောက်လုံး၊ ရှစ်လုံးကို တန်းပေါ်မှာတင်ထားပါတယ်။ အံစာတုံးပေါ်က အရုပ်တွေကို အောက်မှာခင်းထားတဲ့ ပတ္တူပေါ်မှာဆွဲပေးထားပါတယ်။ ကိုယ်ထိုးချင်တဲ့ အရုပ်ပေါ်မှာ ပိုက်ဆံထည့်ပြီးလို့ လူစုံရင် အံစာတုံးတွေတင်ထားတဲ့ တန်းကိုကြိုးနဲ့ ဆွဲချပါတယ်။ အောက်ကျလာတဲ့ အံစာတုံးတွေရဲ့ အပေါ်မျက်နှာပြင်က အရုပ်တွေကို ထိုးထားတဲ့သူက အလျော်ရပါတယ်။ အံစာတုံးနှစ်တုံးမှာ ကိုယ်ထိုးတဲ့အရုပ်ပေါ်ရင် နှစ်ဆ၊ သုံးတုံးမှာပါရင် သုံးဆစသည်ဖြင့် လျော်ပေးတဲ့ လောင်းကစားပါ။ အညာမှာတော့ ခပ်လွယ်လွယ်ပဲ ဂလုန်းဂလုန်းလို့ခေါ်ပါတယ်) မှာ သံဃာတော်တွေချည်းပဲ ဆယ်ပါး၊ ဆယ့်ငါးပါးလောက် အော်လိုက်ဟစ်လိုက်နဲ့ လောင်းကစားလုပ်နေတဲ့ စိတ်ညစ်စရာမြင်ကွင်းမျိုးတွေကို ဘယ်သူခံစားနိုင်မလဲလေ။ အထူးသဖြင့် ကိုယ့်ဘေးမှာ တစ်ခြားဘာသာဝင်တစ်ယောက် ပါနေတဲ့အခါမျိုးမှာ ပိုဆိုးပါသေးတယ်။ ကိုယ့်မှာ မျက်နှာပူပူနဲ့ မမြင်ဟန်ဆောင်ရတော့တာပါပဲ။ အဲဒီအခါမျိုးမှာ ကိုယ့်မိတ်ဆွေကများ တစ်ခုခုကို သဘောကျလို့ ပြုံးရင် သိက္ခာမလုံတော့သလို နေရထိုင်ရတာလည်း မချမ်းမြေ့တော့ပါ။ ဗုဒ္ဓဘာသာကို မြတ်မြတ်နိုးနိုးရှိကြတဲ့ တခြားလူတွေလည်း ကိုယ်လိုပဲထပ်တူထပ်မျှ ခံစားဖူးကြမယ်ထင်ပါတယ်။

ကိုယ်ဆေးကျောင်းတတ်နေတုန်းကပါ။ ကိုယ့်မိတ်ဆွေ ဂျာမနီနိုင်ငံသား သုံးယောက်နဲ့အတူ မြို့ထဲကိုထွက်လည်ကြရင်း မိတ်ဆွေဂျာမန်အမျိုးသမီးက ကိုယ့်ကိုမေးပါတယ်။ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတွေ ဘယ်လိုနေထိုင်စားသောက်ကြသလဲပေါ့။ သဘောရိုးနဲ့ သိချင်လို့မေးတာပါ။ ကိုယ်ကလည်း ၀မ်းသာအားရနဲ့ပဲ ရှင်းပြပါတယ်။ ရဟန်းတော်တွေဟာ တစ်သက်တာပတ်လုံး ညနေစာဘုဉ်းမပေးကြတဲ့ အကြောင်းပါထည့်ပြီး ရှင်းပြပါတယ်။ ကိုယ်က အဲဒီလိုရှင်းပြနေချိန်မှာပဲ ထမင်းဆိုင်တစ်ဆိုင်ကနေ ကိုယ်တော်လေးနှစ်ပါး ဟင်းထုပ်တွေဆွဲပြီးထွက်လာကြတာ မြင်ကြရပါရော။ ကိုယ့်မိတ်ဆွေအမျိုးသမီးရဲ့ အကြည့်က အဲဒီကိုယ်တော်နှစ်ပါးဆီရောက်သွားတော့တာမို့ ကိုယ့်မှာကိုယ့်သံဃာတွေ သိက္ခာမကျရအောင် ဒါကသူတို့ကျောင်းမှာ ရှိကြတဲ့ ဧည့်သည်တွေကိုကျွေးရအောင် ဟင်းလာဝယ်ကြတာလို့ ယုတ္တိတန်သည်၊ မတန်သည် မစဉ်းစားနိုင်တော့ပဲ လိမ်ရပါတော့တယ်။ စိတ်ထဲမှာတော့ ၀မ်းနည်းလိုက်တာ မပြောပါနဲ့တော့။

သံဃာတော်တွေဆိုတာ ကိုယ်တို့မြတ်စွာဘုရားရှင်ရဲ့ ကိုယ်ပွားတော်တွေမို့ ကိုယ်အင်မတန်ပဲ ကြည်ညိုပါတယ်။ ဘာသာဝင်တိုင်းကလည်း ကိုယ့်လိုပဲ ကြည်ညိုကြမှာ မလွဲပါ။ ကြည်ညိုသဒ္ဓါပွားလွန်းလို့ပဲ တပင်တပန်းရှာဖွေထားကြတဲ့ စည်းစိမ်ဥစ္စာတွေကို အမြတ်တနိုး လှူဒါန်းကြတာပါ။ ကြည်ညိုလွန်းလို့ပဲ ကိုယ့်ထက်အသက်အဆမတန်ငယ်ကြတဲ့ ကိုရင်လေးတွေကိုတောင် ဦးချကန်တော့ကြတာပါ။ သူများကြည်ညိုလေးစားတာ၊ အားကိုးအားထားပြုခံရတဲ့သူတွေဟာ လုံးဝမှားလို့မရတဲ့သူတွေဖြစ်ပါတယ်။ အခုလို သူများကိုးကွယ်ခံရတဲ့ ကိုယ်တော်တွေဆိုရင်တော့ ပိုပြီးတော့တောင် တာဝန်ပိုကြီးပါလိမ့်မယ်။

အထက်မှာပြောခဲ့သလို ဆရာနဲ့၊ ဒကာဆိုတာ ကျွန်းကိုင်းမီ၊ ကိုင်းကျွန်းမီဖြစ်တာမို့ ဒကာလမ်းမှားရင် ဆရာတော်သံဃာတော်တွေက ပြုပြင်ပေးသလို၊ သံဃာတော်တွေကို လမ်းမှားမရောက်အောင် ထိန်းသိမ်းကြဖို့လည်း ဒကာတွေမှာ တာဝန်ရှိပါတယ်။ တကယ်ဆိုရင် မှားတဲ့သူကို မှန်အောင်ပြုပြင်ပေးခြင်းဟာ ကုသိုလ်အင်မတန်ရတဲ့ အလုပ်ပါ။
ဒါကိုပဲ သာသနာပြုခြင်းလို့ ခေါ်ပါတယ်။ ဘုရားတည်၊ ကျောင်းဆောက်တဲ့ အလုပ်ထက်ပိုပြီး အရေးကြီးပါသေးတယ်။ အဲဒီလို တစ်ဦးကိုတစ်ဦး ၀ိုင်းဝန်းထိန်းသိမ်းကြရင်ဖြင့် ကိုယ်တို့ရဲ့ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ဟာ နေလို၊ လလိုထွန်းပလာမှာ မလွဲပါ။

တကယ်လို့များ ဒီပို့စ်ကို ဆရာတော်၊ သံဃာတော်တွေများ ဖတ်မိခဲ့ရင် တပည့်တော်တို့ဒကာ၊ ဒကာမတွေရဲ့ ခံစားချက်ကို နားလည်စာနာပြီး သာသနာသန့်စင်ကြည်လင်ရေးအတွက် ၀ိုင်းဝန်းထိန်းသိမ်းပေးတော်မူကြဖို့ ရိုသေညွှတ်နိုး လက်စုံမိုးပြီး ရှိခိုးတောင်းပန်အပ်ပါတယ်ဘုရား။ ။

နာလေးနာ . . .

စိတ်တိုလိုက်တာ...

စိတ်တိုရင် ကျောဘယ်ဘက်ခြမ်း(နှလုံးရှိတဲ့နောက်ဘက်)က အောင့်အောင့်လာတယ်။
စိတ်မတိုအောင်နေမယ်လို့ ဆုံးဖြတ်ထားပေမယ့် တိုမိရပြန်ပြီ။ ကျန်တဲ့ကိစ္စအားလုံးမှာ စိတ်မတိုအောင် ထိန်းလို့ရနိုင်ပေမယ့် ဆရာတစ်ယောက်ဖြစ်နေတာမို့ ကရုဏာဒေါသကတော့ မထွက်ချင်လည်း ထွက်နေရတော့တာပါပဲ။

ကျောင်းသားတွေကို စာတင်မကဘဲ ဘက်စုံထောင့်စုံက တော်စေ၊ ကောင်းစေချင်တာ ကိုယ့်ဆန္ဒပါ။ အစစအရာရာ သူများထက်ထူးချွန်ကြတဲ့၊ သူများထက်ဝီရိယကောင်းတဲ့၊ သူများထက်စေတနာပိုတဲ့၊ သူများထက်အနစ်နာခံနိုင်တဲ့၊ သူများထက်ပိုအသိရှိတဲ၊့ သူများထက်ပိုဇွဲကောင်းတဲ့၊ သူများထက်ပိုပြီးလူရေးလူမှုနားလည်တဲ့၊ သူများထက်ပိုပြီးမိဘကိုအလုပ်အကြွေးပြုမယ့်၊ သူများထက်ပိုပြီးတိုင်းပြည်ကိုတိုးတက်စေမယ့် ကလေးတွေဖြစ်စေချင်လှပါတယ်။ တကယ်တော့ ကိုယ်တို့တွေ လုပ်နေ၊ ကိုင်နေ၊ ကြိုးစားနေ၊ ပြောနေ၊ ဆိုနေသမျှဟာ သူတို့လေးတွေအတွက်တွေချည်းပါ။ သူတို့လျှောက်မယ့်လမ်း ဖြောင့်ဖြူးအောင်၊ သူတို့စားမယ့်တမင်း ဟင်းကောင်းအောင်၊ သူတို့နေမယ့်တိုက် ပိုခမ်းနားအောင်၊ သူတို့မွေးလာမယ့်သားသမီး ဂုဏ်ပိုရှိအောင်၊ သူတို့ကို သူများတွေက ပိုလေးစားအောင် ရည်ရွယ်ချက်တွေ အပြည့်အသိပ်နဲ့ပါ။

ပညာရေးနယ်ပယ်ထဲကို စ၀င်လိုက်ကတည်းက ကိုယ့်မှာလုပ်သမျှအလုပ်၊ ဖတ်သမျှစာ၊ တွေးသမျှအတွေးအားလုံး ကိုယ့်ကျောင်းသူကျောင်းသားတွေအတွက်ချည်းပါပဲ။ ကိုယ်အားသန်တဲ့ ရသစာပေဘက်ကိုတောင် ခေါင်းသိပ်မလှည်ြ့ဖစ်တော့ဘဲ ကျောင်းသားစိတ်ပညာ၊ သင်ကြားမှုနည်းစံနစ်တွေ၊ ကလေးသူငယ်ပြုပြင်ထိန်းသိမ်းရေးစာပေတွေ၊ သင်ရိုးညွှန်းတန်းတွေ၊ သင်ထောက်ကူပစ္စည်းတွေ၊ သူတို့တွေဗဟုသုတဖြစ်စေမယ့် အကြောင်းအရာတွေ၊ ကုန်ကုန်ပြောရရင် သူတို့တွေ အိပ်ငိုက်တတ်တဲ့အချိန်မျိုးမှာ ပြောပြရအောင် ဟာသတိုလေးတွေပဲ အားစိုက်ဖတ်ရပါတယ်။ တွေးမျှအတွေးတိုင်းမှာလည်း ဘယ်ကျောင်းသားကို ဘယ်လိုလုပ်ပေးရမလဲဆိုတာတွေပဲ ပါနေပါတယ်။ ဒီလိုစိတ်မျိုးနဲ့ တစ်ရက်တစ်ရက်မှာ ၁၂နာရီလောက် သူတို့ဘ၀ကောင်းကျိုးကို အားသွန်ခွန်စိုက် သင်လိုက်၊ ကြားလိုက်၊ ဆိုဆုံးမလိုက်နဲ့ လုပ်လိုက်ရတာ အိမ်ပြန်ရောက်ရင် ပါးစပ်တောင်မဟနိုင်တော့တဲ့ အထိဆိုပါတော့။

တကယ်ဆို ကိုယ့်ဘ၀တစ်ခုလုံးဟာ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ တည်ဆောက်ထားတာပါ။ သူတို့အောင်မြင်မှုဟာ ကိုယ့်အောင်မြင်မှုပါ။ သူတို့အနာဂတ်ဟာ ကိုယ့်အနာဂတ်ပါ။ သူတို့သမိုင်းကြောင်းဟာလည်း ကိုယ့်သမိုင်းကြောင်းပါပဲ။ ဒါကို ကိုယ့်ကိုယ်ကိုကလွဲလို့ ဘယ်သူမှမသိကြပါ။ သိဖို့လည်း မလိုအပ်ပါ။ သိလည်း သိစရာမလိုပါ။ သိလည်းမသိစေချင်ပါ။ ဒါပေမယ့် အရင်းကြီးကြီးထည့်ထားရရင် အမြတ်များများလိုချင်တဲ့ လူ့သဘာဝအရ ကိုယ့်ဘ၀တစ်ခုလုံး ရင်းနှီးထားရတဲ့ ကိုယ့်ကျောင်းသူကျောင်းသားတွေဆီက အကောင်းတကာ့အကောင်းဆုံးတွေ ပြန်ရချင်တာ ကိုယ့်အပြစ်လို့ ဆိုကြရင်လည်း ရင်ကော့ပြီးခံဖို့ အသင့်ရှိနေပါတယ်။

ဒါကြောင့် ကိုယ့်ကလေးတွေ ပုံစံမကျသေးတာ တွေ့ရရင် ဘယ်လိုမှစိတ်ထိန်းလို့မရအောင် စိတ်တိုမိပါတယ်။ ဒါပေမယ့် ပညာရှိအမျက်အပြင်မထွက်ဆိုပြီး ဘယ်သကောင့်သားကမှန်းမသိ ဆိုရိုးထားခဲ့တာကြောင့် ကိုယ့်မှာဘယ်သူမှမသိအောင် ကိုယ့်ဒေါသကို ပြန်ပြန်မြိုချနေရတာ တော်တော်ဆိုးလှပါတယ်။ ဘယ်လောက်ပဲ စိတ်တိုနေပါစေ ကိုယ့်ဒေါသယမ်းအိုးကို လူမမြင်အောင် ထိန်းသိမ်းရင်း ဟန်မပျက်နေရတာ တော်တော့်ကို အခံရခက်လှပါရဲ့။

ကြားဖူးတဲ့ စကားတစ်ခုက
ဆရာဆိုတာ “စေတနာ၊ ၀ါသနာ၊ အနစ်နာ” နာသုံးနာနဲ့ ပြည့်ရပါမယ်တဲ့။ ကိုယ့်မှာတော့ နာသုံးနာတင်မက “နှလုံးနာ”ပါ ထပ်တိုးလို့ အခုဆိုရင် နာလေးနာဖြစ်နေပါပေါ့လား။ ။

Saturday, 23 October 2010

တင် . . . ပျောက် . . .

သီတင်းကျွတ်လပြည့်ညအကြောင်း
အမှတ်တရ တစ်ပုဒ်ရေးပြီးတင်လိုက်တာ ဘယ်ရောက်သွားတယ်မသိ။ ပျောက်ခြင်းမလှ ပျောက်သွားတယ်။ စိတ်ပျက်သွားတယ်။ ထပ်ရေးရင်ရမှန်းသိပေမယ့် ခံစားချက်ချင်းက မတူနိုင်တော့ဘူး။ ဒါကြောင့် နောက်နေ့မှ ပြန်ရေးဖြစ်တော့မယ်။

ဒါပေမယ့် အမှတ်တရ နေ့စွဲဆိုတာ နှစ်ခါပြန်မရတာမို့ တစ်ခုခုတော့ရေးပြီး တင်ဖြစ်အောင်တင်လိုက်ပါတယ်။

သီတင်းကျွတ်ပြန်ပြီ . . .

သီတင်းတစ်ခါ ကျွတ်ပြန်ပါပြီ...

လူ့ဘ၀သက်တန်းတစ်လျှောက် သီတင်းကျွတ်ပေါင်းများစွာ ကြုံခဲ့ရာမှာ ဒီနှစ်သီတင်းကျွတ်လောက် သီတင်းကျွတ်နဲ့ မတူတာ တစ်ခါမှ မတွေ့ခဲ့ဖူးပါ။ ငယ်ငယ်ကတည်းက သင်ခဲ့ဖူးတဲ့စာတွေထဲမှာ “သီတင်းလဲကျွတ်၊ မိုးလည်းလွတ်” လို့ ပါခဲ့ပေမယ့် ဒီနှစ်သီတင်းကျွတ်ကတော့ မိုးထဲလေထဲမှာပဲ ကျွတ်သွားပါတော့တယ်။

ဒီနေ့သီတင်းကျွတ်လပြည့်နေ့ဖြစ်တာကြောင့် ကျောင်းသားတွေကို ကျောင်းတစ်ရက် ပိတ်ပေးလိုက်ရပါတယ်။ မပိတ်ဘဲထားရင် ဖြစ်ပေမယ့် စိတ်ကစာထဲမှာ ရှိကြမှာမဟုတ်တာ ကြိုသိနေပါရဲ့။ ဒါကြောင့် မပိတ်ချင်ပိတ်ချင်နဲ့ပဲ ပိတ်ပေးလိုက်ပါတယ်။ မနက်ဖြန်ကျောင်းတစ်ရက် ပိတ်ပေးမယ်လည်း ပြောလိုက်ရော မောင်မင်းကြီးသား၊ မယ်မင်းကြီးမလေးတွေ သိပ်တော့မပျော်ရှာပါ။ ဟေးခနဲအော်လိုက်ကြတာ လန့်တောင်သွားရပါရော။

သီတင်းကျွတ်လပြည့်နေ့ဖြစ်ပေမယ့် ကိုယ်ကတော့ ဘုန်းကြီးကျောင်းမသွားဖြစ်လိုက်ပါ။ ရှားရှားပါးပါး နားရက်လေးမှာ အကျိုးရှိအောင် အင်တိုက်အားတိုက် အိပ်နေရပါရဲ့။ ဥပုသ်ယူဖို့ စိတ်သန်ပေမယ့် လူတွေတအုပ်တမကြီး အတင်းပြောကြ ကြွားကြ၀ါကြတာတွေကို ကြိုမြင်နေတာကြောင့် ကုသိုလ်တစ်ပဲ ငရဲတစ်တင်းဖြစ်မှာကြောက်တာကြောင့် မသွားဖြစ်ပါ။ ငယ်ငယ်ကတည်းက ကျန်တဲ့နေ့တွေမှာ သီလယူကောင်းယူဖြစ်ပေမယ့် ဒီလိုရက်ကြီးမျိုးမှာ သူများယောင်လို့ယောင်ရမှာကိုတော့ တစ်ခါမှမလုပ်ခဲ့ဖူးတာကြောင့်လဲ ပါမယ်ထင်ပါရဲ့။

ကိုယ့်တရားကိုယ်စီရင်ပြီး တစ်မနက်ခင်းလုံး တမေ့တမောအိပ်နေလိုက်တာ ကန်တော့ဖို့လာကြတဲ့ ကလေးတွေရောက်မှပဲ အိပ်ရာကလူးလဲထရပါတော့တယ်။ နာရီကြည့်တော့ ၁၀နာရီတောင် ထိုးနေပါပြီ။ ဒါနဲ့ပဲ မျက်နှာကို အပြေးအလွှားသစ်ပြီး ကန်တော့ခံရပါတော့တယ်။ ဒီနှစ်က ကျောင်းသားအင်အားလည်း ၂၅ယောက်လောက် ရှိနေတာဖြစ်တာကြောင့် ကလေးတွေအားလုံးလာကန်တော့ကြတာ စောင့်နေရင်းက နေ့လည် ၁နာရီကျော်သွားပါတော့တယ်။

နေကလည်း ပူလွန်းတာမို့ နေ့ခင်းဘက်ဘယ်မှ မသွားဖြစ်ဘဲ သီချင်းနားထောင်ရင်း အေးအေးလူလူပဲ စာဖတ်နေဖြစ်ပါတယ်။ ဒီနေ့ခင်းတစ်ခုလုံး အလုပ်အကြောင်း ခေါင်းထဲကနေ အားလုံးထုတ်ထားလိုက်ပါတော့တယ်။ တစ်ခါတစ်လေ အခုလိုမျိုး လောကနဲ့မဆိုင်သလိုလေး နေလိုက်ရတာလည်း အရသာတစ်မျိုး ရှိနေပါရဲ့။

ညနေ၄နာရီထိုးတော့ ဘုရားသွားဖို့ စိတ်ကူးပေါ်လာတာကြောင့် အပြင်ထွက်ဖြစ်ပါတယ်။ လမ်းမှာပဲ မိုးတဖွဲဖွဲရွာလာပါတော့တယ်။ ရွာနေတဲ့မိုးက သည်းလာတာကြောင့် ဘုရားထဲဝင်ပြီး မိုးခိုလိုက်ရပါတယ်။ ဘုရားထဲမှာလည်း ကိုယ်လိုမိုးခိုနေကြတဲ့သူတွေ တစ်အုပ်တစ်မကြီး ရှိနေပါရဲ့။ လူတွေကြားကပဲ ဘုရားကို တိုးတိုးဝှေ့ဝှေ့နဲ့ ဦးချပြီး နီးရာလက်ဖက်ရည်ဆိုင်မှာပဲ သွားပြီးမိုးခိုရပါတယ်။ ညနေမှောင်စပျိုးချိန်အထိ ကိုရွှေမိုးကလည်း တစ်စိမ့်စိမ့်နဲ့ ရွာတော်မူရှာပါပေရဲ့။

မိုးရွာနေတာကြောင့် ဆီမီးတွေထွန်းထားတာလည်း မတွေ့ရပါ။ ဗြောက်အိုးဖောက်သံလည်း မကြားရပါ။ လူမှန်းသိကတည်းက သီတင်းကျွတ်ပြီဆိုရင် ဗြောက်အိုးဖောက်သံနဲ့ ယဉ်ပါးခဲ့တာဖြစ်လို့ ဒီသီတင်းကျွတ်ကတော့ ကိုယ့်အတွက် အူကြောင်ကြောင်ဖြစ်လို့ နေပါရဲ့။

မိုးလေးနည်းနည်းစဲတော့မှ လူရှင်းမယ်ထင်တဲ့ ဘုရားတစ်ဆူဘက်ကို သွားဖြစ်ပါတယ်။ အဲဒီဘုရားရောက်ပြန်တော့လည်း လူတွေတစ်အုံတစ်မကြီး ရှိနေပြန်ပါရောလား။ ကိုယ်တို့လူမျိုးကလည်း ကျန်တဲ့နေ့တွေဆို ဘုရားနဲ့ရန်ဖြစ်ထားကြသလား အောက်မေ့ယူရအောင် ကင်းကွာသလောက် အခါကြီးရက်ကြီးများဆိုရင်တော့ အပြေးအလွှားလာပြီး မျက်နှာပြတဲ့ အကျင့်ကလည်း ရှိသေးတယ်မဟုတ်ပါလား။ ဒီကြားထဲမှာ ဘုရားလာပြီး လိပ်ဥတူးကြတဲ့ သကောင့်သားများကလည်း ဒုနဲ့ဒေး ရှိနေပါဦးမယ်။ ဘုရားဖူးလာကြတဲ့ အစ်မတော်ဘုရားများကလည်း မရှိရှိတာဖော်လို့ အတိုအပြတ်၊ အပြဲအကွဲတွေနဲ့ အမြင်မတော်လွန်းတာတွေ မြင်ရတာကြောင့် ကိုယ့်ဒေါသကိုယ်အသိဆုံးဖြစ်တာမို့ ရှင်တော်မြတ်ဘုရားကို အားနာနာနဲ့ပဲ ခွင့်တင်လိုက်ရပါတော့တယ်။

ဒီလိုအခါကြီးရက်ကြီးဆိုရင် သောက်တော်ကြူးရမယ်လို့ တရားသေသတ်မှတ်ထားကြတဲ့ မသူတော်တွေကလည်း များလှတာမို့ ယာဉ်အန္တရာယ်ကြောက်တာကြောင့် ခပ်စောစောပဲ အိမ်ပြန်ခဲ့ပါတယ်။
ဒီနေ့လိုရက်မျိုးသေတော်ခေါ်သွားရင် နိဗ္ဗာန်တစ်ခါတည်းရောက်မယ်ဆိုလည်း တစ်မျိုးပေါ့လေ။

အိမ်ရောက်တော့ တပည့်တစ်ယောက် မနေ့က ခူးလာပေးတဲ့ မယ်ဇလီဖူးကို သုပ်ပြီးအရသာခံရင်း သီတင်းတစ်ခါတော့ ယောင်ချာချာနဲ့ ကျွတ်ခဲ့ရပြန်ပေါ့။ ။

( ဒီပို့စ်ကိုတင်နေရင်းပျောက်သွားလို့ လိုက်ရှာတာ Draft ထဲမှာ တစ်ဝက်တစ်ပျက်မှတ်ပြီးသား ဖြစ်နေတာတွေ့ရလို့ ဖြည့်ရေးပြီး ပြန်တင်လိုက်ပါတယ်။ ပို့စ်နှစ်ခုကတော့ အပေါ်နဲ့အောက် ပြောင်းပြန်ဖြစ်သွားရရှာပေါ့ )

Friday, 22 October 2010

ခွေးကလေးတွေရဲ့ အပြုအမူဆိုင်ရာ ပြဿနာ၁၀မျိုး . . .

အတွေ့အကြုံရင့်ကြတဲ့
ခွေးပိုင်ရှင်တွေကတော့ ခွေးကလေးတွေရဲ့ အပြုအမူဆိုင်ရာ ပြဿနာတွေကို ကောင်းကောင်းနားလည် သဘောပေါက်ပြီး ဖြစ်ကြပါတယ်။ ဒါပေမယ့် အချို့လူတွေအနေနဲ့တော့ ခွေးတွေဟာ ဘာကြောင့် ဒီလိုအပြုအမူတွေ ရှိနေရတယ်ဆိုတာနဲ့ ပတ်သက်လို့ အံ့သြစရာတွေ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ဟောင်ခြင်း၊ ကိုက်ခြင်း၊ ကိုက်ဝါးခြင်းနဲ့ ခွေးကလေးတွေရဲ့ အခြားသောအပြုအမူတွေကို ခွေးပိုင်ရှင်တွေဟာ မကြာခဏဆိုသလို မှားယွင်းသဘောပေါက်လေ့ရှိကြပြီး မှားယွင်းစွာကိုင်တွယ်ကြလေ့ ရှိကြပါတယ်။

ခွေးပိုင်ရှင်အသစ်တစ်ယောက်ပဲဖြစ်ဖြစ်၊ ခွေးမွေးဖို့ စိတ်ကူးနေတဲ့သူတစ်ယောက်ပဲဖြစ်ဖြစ် ကိုယ့်ခွေးရဲ့ အပြုအမူတွေနဲ့ ပတ်သက်လို့ သိနားလည်ထားပြီး ကိုယ့်ခွေကို အကောင်းဆုံးကိုင်တွယ်ထိန်းသိမ်းလိုကြပါတယ်။ ခွေးကလေးတွေရဲ့ အပြုအမူတွေကို အကောင်းဆုံးနားလည်ထားခြင်းဟာ ကိုယ့်ခွေးနဲ့ပတ်သက်တဲ့ ပြဿနာတွေကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းဖို့နဲ့ ကိုယ့်ခွေးကို ကာကွယ်ပေးနိုင်ဖို့ ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။

ခွေးကလေးတွေရဲ့ အပြုအမူတွေနဲ့ အဓိပ္ပာယ်တွေကို အောက်မှာဖော်ပြပေးထားပါတယ် . . .

(၁) ဟောင်ခြင်း
ခွေးအများစုဟာ ဟောင်တာ၊ အီတာ၊ အူတာတွေကို အဆင့်အမျိုးမျိုးနဲ့ လုပ်လေ့ရှိကြပါတယ်။ ပြင်းပြင်းထန်ထန်ဟောင်နေခြင်းကတော့ အပြုအမူဆိုင်ရာ ပြဿနာဖြစ်ပြီး ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ပြဿနာကို မဖြေရှင်းခင်မှာ ကိုယ့်ခွေးဟာဘာကြောင့် ဒီလိုဟောင်နေရသလဲဆိုတာကို နေရာမှာတင် အရင်စဉ်းစားသင့်ပါတယ်။ ခွေးတွေဟာ အောက်ပါအချက်တွေကြောင့် ဟောင်လေ့ရှိကြပါတယ်။
- သတိပေးခြင်း၊ အချက်ပေးခြင်း
- ကစားမြူးထူးခြင်း၊ စိတ်လှုပ်ရှားခြင်း
- အာရုံစိုက်ခြင်း၊ ရှာဖွေခြင်း
- စိုးရိမ်ပူပန်ခြင်း
- ပျင်းရိငြီးငွေ့ခြင်း
- အခြားခွေးများကို အချက်ပေးခြင်း

(၂) ကိုက်ဝါးခြင်း
အရာဝထ္ထုတွေကို ကိုက်ဝါးခြင်းဟာ ခွေးတွေရဲ့ သဘာဝဖြစ်သလို စိတ်ညစ်စရာအကောင်းဆုံး အလေ့အကျင့်လည်း ဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်ခွေးဟာ ကိုက်ဝါးတဲ့အဆင့်ကနေ ဖျက်ဆီးတဲ့အဆင့်ထိ ရောက်လာရင်တော့ အပြူအမူဆိုင်ရာ ပြဿနာဖြစ်လာပါပြီ။ ခွေးတွေကိုက်ဝါးရခြင်း အကြောင်းရင်းတွေကတော့
- ခွေးသားပေါက်လေးတွေ သွားပေါက်လာခြင်း
- ပျင်းရိငြီးငွေ့ခြင်း၊ စွမ်းအင်များပိုလျှံခြင်း
- စိုးရိမ်ပူပန်ခြင်း
- ခွေးငယ်လေးများ သိလိုစိတ်ပြင်းပြခြင်း
ကိုယ့်ခွေးဟာ ကိုက်ဝါးတတ်တဲ့ ၀ါသနာဆိုးဆိုးဝါးဝါးရှိနေရင် ကိုက်ဝါးနိုင်တဲ့ အရုပ်များများထားပေးပြီး ကိုက်ဝါးစေသင့်ပါတယ်။ အရေးကြီးတဲ့ ပစ္စည်းတွေကို ခွေးနဲ့အဝေးမှာ ထားပါ။ ကိုယ်အပြင်သွားစရာရှိရင် ခွေးကိုပျက်စီးနိုင်မှုအနည်းဆုံးနေရာမှာ ထားခဲ့သင့်ပါတယ်။ ခွေးဟာ မကိုက်ဝါးသင့်တာကို ကိုက်ဝါးနေတာတွေ့ခဲ့ရင် မလုပ်ဖို့ ငေါက်နိုင်ဆူနိုင်ပါတယ်။ ပြီးရင် သူကိုက်ဝါးနေတဲ့ အရာကို ကိုက်ဝါးစရာ အရုပ်တစ်ခုနဲ့ အစားထိုးပေးပါ။

(၃) တူးဆွခြင်း
အခွင့်အရေးသာရရင် ခွေးကအများစုဟာ တူးလို့ဆွလို့ရသမျှနေရာတိုင်းမှာ တူးကြယက်ကြပါလိမ့်မယ်။ ဒါဟာ သူတို့ရဲ့ ပင်ကိုဗီဇဖြစ်ပါတယ်။ Terriers လိုခွေးမျိုးတွေဟာ သူတို့ရဲ့ အမဲလိုက်တဲ့အလေ့အကျင့်ရာဇ၀င်အရ ပိုပြီးတူးကြဆွကြလေ့ ရှိပါတယ်။ ယေဘုယျအားဖြင့်တော့ ခွေးတွေဟာ အောက်ပါအကြောင်းတွေကြောင့် တူးကြဆွကြပါတယ်။
- ပျင်းရိခြင်း၊ စွမ်းအင်ပိုလျှံခြင်း
- စိုးရိမ်ခြင်း၊ ကြောက်ရွံ့ခြင်း
- အမဲလိုက်ဗီဇ
- ပိုင်ဆိုင်မှု(အရိုး၊ အရုပ်စသည်)ကို သိုဝှက်ရန်
- လွတ်မြောက်ရန်၊ တစ်နေရာရာသို့ ၀င်ရောက်ရန်
ကိုယ့်ခွေးဟာ ကိုယ့်ခြံထဲမှာ တူးဆွနေရင်တော့ တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်ဖို့ ကောင်းပါတယ်။ ဘာကြောင့်တူးနေသလဲဆိုတာကို လေ့လာပြီး ဆုံးဖြတ်လုပ်ကိုင်ပါ။ ဘယ်လိုမှပြောလို့မရအောင် တတူးထဲတူးနေရင်တော့ သဲသေတ္တာလိုမျိုး သူတို့တွေစိတ်ကြိုက်တူးလို့ဆွလို့ရမယ့် အရာတစ်ခုထားပေးလိုက်တာ ပိုအဆင်ပြေပါလိမ့်မယ်။

(၄) စွန့်ပစ်ခံရမှာ စိုးရိမ်ပူပန်ခြင်း
စွန့်ပစ်ခံရမှာကို စိုးရိမ်ပူပန်ခြင်းဟာ ခွေးတွေမှာတွေ့ရလေ့ရှိတဲ့ အပြုအမူဆိုင်ရာ ပြဿနာတစ်ခု ဖြစ်ပါတယ်။ သိသာထင်ရှားတဲ့ သွင်ပြင်လက္ခဏာတွေဖြစ်တဲ့ အသံပေးခြင်း၊ ကိုက်ဝါးခြင်း၊ သဘာဝမကျစွာ ဆီးသွားခြင်း၊ ၀မ်းသွားခြင်း၊ အခြားသဘာဝမကျတဲ့ အပြုအမူများစွာတို့ဟာ ပိုင်ရှင်ဖြစ်သူက စွန့်ပစ်ခံရတဲ့ ခွေးတစ်ကောင်မှာ တွေ့လေ့ရှိပါတယ်။ အထက်ဖော်ပြပါ အပြုအမူအားလုံးကို တွေ့ရဖို့တော့ မျှော်လင့်ထားလို့ မရပြန်ပါ။ စွန့်ပစ်ခံရမှာစိုးရိမ်ပူပန်တဲ့ လက္ခဏာတွေဟာ အောက်ပါအကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။
- ခွေးပိုင်ရှင်ထွက်ခွာဖို့ ပြင်ဆင်နေရင် ခွေးဟာ စွန့်ပစ်ခံရမှာ စိုးရိမ်ပူပန်ပါတယ်
- ပိုင်ရှင်ထွက်သွားပြီး ၁၀မိနစ်က ၁၅မိနစ်အတွင်းမှာ သဘာဝမကျတဲ့ အပြုအမူတွေ ပြလေ့ရှိပါတယ်
- ခွေးဟာ ပိုင်ရှင်နောက်ကို ပြေးလိုက်ဖို့ ပြင်ဆင်မယ်
- ပိုင်ရှင်ကို ထိတွေ့နိုင်သမျှ ထိတွေ့ဖို့ ကြိုးစားမယ်

(၅) မသင့်တော်သော အညစ်အကြေးစွန့်ခြင်း
အညစ်အကြေးကို မဆင်မခြင်စွန့်တာဟာ ခွေးတွေရဲ့ စိတ်ပျက်စရာအကောင်းဆုံး အပြုအမူဖြစ်ပါတယ်။ ဒီလိုအကျင့်ဆိုးဟာ ကိုယ့်အိမ်ကို ညစ်ပတ်စေရုံသာမက အပြင်သွားတဲ့အခါ၊ အလည်အပတ်သွားတဲ့အခါမျိုးမှာ ခွေးကိုခေါ်သွားလို့ မဖြစ်အောင် ဆိုးပါတယ်။ ဒီလိုမျိုး အညစ်အကြေးတွေစွန့်နေရင် တိရစ္ဆာန်ဆရာဝန်နဲ့ ပထမဆုံး တိုင်ပင်ပြီး ခွေးမှာ ကျန်းမာရေးပြဿနာရှိနေသလား အရင်စစ်ဆေးသင့်ပါတယ်။ ကျန်းမာရေးဆိုင်ရာ ပြဿနာမရှိရင်တော့ အောက်ပါအချက်တွေထဲက ဘယ်အချက်တွေကြောင့် ဖြစ်သလဲဆိုတာ လေ့လာကြည့်ဖို့ လိုပါလိမ့်မယ်။
- နယ်မြေသတ်မှတ်ခြင်း
- စိုးရိမ်ပူပန်ခြင်း
- အာရုံစိုက်ခံရအောင် လုပ်ခြင်း
- အိမ်ညစ်ပတ်ပေရေနေခြင်း
ခွေးသားပေါက်ကလေးတွေမှာတော့ ၁၂ပတ်သားအရွယ်အထိ ကြုံရာနေရာမှာ အညစ်အကြေးစွန့်တာကို မရှေင်မလွှဲသာ လက်ခံရပါလိမ့်မယ်။ ခွေးကြီးတွေမှာဆိုရင်တော့ ဒီအကျင့်ဆိုးကို ပျောက်အောင် ပြင်းပြင်းထန်ထန် လုပ်ပေးမှ ဖြစ်ပါလိမ့်မယ်။

(၆) အစာတောင်းခြင်း
အမြဲတမ်းစားစရာတောင်းနေတတ်တာ ခွေးတွေရဲ့ အကျင့်ဆိုးတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ခွေးပိုင်ရှင်အများစုကတော့ တောင်းတိုင်းကျွေးလေ့ရှိကြပါတယ်။ အဲဒီလိုသာ တောင်းတိုင်းကျွေးနေရင် ခွေးတွေရဲ့ အစာခြေဖျက်မှုမှာ ပြဿနာဖြစ်နိုင်တဲ့အပြင် အ၀လွန်ရောဂါဖြစ်လာနိုင်ပါတယ်။ ခွေးတွေက အစားမက်ကြတာကြောင့် တောင်းကြတာမှန်ပေမယ့် စားကြွင်းစားကျန်ကိုတော့ မကျွေးသင့်ပါ။ မှတ်ထားသင့်တာက အစာကျွေးခြင်းဟာ ခွေးကိုချစ်တာ မဟုတ်ပါ။ ကိုယ့်ခွေးက ကိုယ့်ကို တအီအီအစာတောင်းနေတာကို မကျွေးဘဲနေဖို့ဆိုတာ တော်တော်လေးတော့ ခဲယဉ်းပါလိမ့်မယ်။ ဒါပေမယ့် သူတောင်းတိုင်း ချချကျွေးနေရင်တော့ ရေရှည်မှာ ပြဿနာနဲ့ ကြုံရနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အစာမစားခင်မှာ ကိုယ့်ကိုငေးကြည့်လို့ မမြင်နိုင်တဲ့ နေရာမျိုးမှာ ခွေးကိုနေခိုင်းသင့်ပါတယ်။ ဖြစ်နိုင်ရင် အခြားအခန်းတစ်ခုမှာ ထားသင့်ပါတယ်။ ခွေးက ကောင်းကောင်းမွန်မွန်နေမယ်ဆိုရင် ကိုယ်နဲ့ကိုယ့်မိသားစု စားသောက်ပြီးတဲ့အခါမှာ သူ့ကိုဆုချတဲ့အနေနဲ့ ကောင်းကောင်းမွန်မွန် ကျွေးမွေးပြုစုပေးရင် ပိုကောင်းပါလိမ့်မယ်။

(၇) နောက်ကလိုက်ခြင်း
ခွေးတွေဟာ လှုပ်ရှားနေတဲ့ အရာဝထ္ထုတွေနောက်ကနေ ပြေးလိုက်လေ့ရှိတာဟာ သူတို့ရဲ့ ဗီဇကလာတဲ့ အကျင့်ဖြစ်ပါတယ်။ ခွေးတွေဟာ ပြေးလွှားနေတဲ့ အခြားတိရစ္ဆာန်တွေ၊ ကားတွေနဲ့ လူတွေနောက်ကို ပျော်ပျော်ကြီး ပြေးလိုက်လေ့ ရှိကြပါတယ်။ အဲဒီအကျင့်ရဲ့ ရလာဒ်ကတော့ အန္တရာယ်ဖြစ်ခြင်းနဲ့ ပျက်စီးဆုံးရှုံးခြင်းတွေပါပဲ။ ခွေးတွေရဲ့ အဲဒီလို ပြေးလိုက်လေ့ရှိတဲ့ အကျင့်ကို ပြင်ပေးဖို့မတတ်နိုင်ရင်တော့ အပျက်အစီးနည်းနိုင်သမျှနည်းအောင် အောက်ပါကြိုတင်ကာကွယ်ရေးတွေကို ဆောင်ရွက်ထားသင့်ပါတယ်။
- အိမ်ထဲမှာမဟုတ်တဲ့ အချိန်တိုင်းမှာ ခွေးကို လည်ပတ်ပတ်ပြီး ကြိုးချည်ထားသင့်ပါတယ်
- ကိုယ့်ခွေးကို ကိုယ်ခေါ်ရင်လာအောင် ကျင့်ပေးထားပါ
- ခွေးကကိုယ့်ကို အာရုံစိုက်စေမယ့် ခရာပဲဖြစ်ဖြစ် ဆူဆူညံညံ အသံပေးနိုင်မယ့်အရာပဲဖြစ်ဖြစ် လက်လှမ်းမီရာမှာ ထားပါ
- လိမ့်နေတဲ့အရာတွေ ခုန်ပေါက်နေတဲ့အရာတွေကို အမြဲသတိထားပါ
အကောင်းဆုံးကတော့ ကိုယ့်ခွေးကို စံနစ်တကျ လေ့ကျင့်ပေးထားတာပဲဖြစ်ပါတယ်။ အဲဒီလိုလေ့ကျင့်ပေးခြင်းအားဖြင့် ကိုယ့်ခွေးရဲ့အသက်အန္တရာယ်ကိုပါ ကာကွယ်ပေးရာရောက်ပါတယ်။

(၈) ခုန်ပေါက်ခြင်း
ခွေးငယ်လေးတွေဟာ သူတို့ရဲ့မိခင်ကို ကြိုဆိုဖို့၊ နှုတ်ဆက်ဖို့နဲ့ အမေနဲ့ ထိတွေ့နိုင်ဖို့ ခုန်ပေါက်လေ့ရှိကြပါတယ်။ နောက်ပိုင်းမှာတော့ လူတွေကို နှုတ်ဆက်ဖို့အတွက်ပါ ခုန်ပေါက်ကြလေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာ သူတို့မှာ လွှမ်းမိုးနိုင်စွမ်းရှိတာကို ဖော်ပြနိုင်ဖို့လည်း ခုန်ပေါက်လေ့ရှိပါသေးတယ်။ ခုန်ပေါက်နေတဲ့ ခွေးတစ်ကောင်ဟာ အနှောင့်အယှက်ဖြစ်ရသလို အန္တရာယ်လဲ ကြီးပါတယ်။ ခွေးတွေခုန်ပေါက်တဲ့အကျင့်ကို ဖျောက်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပေမယ့် အောင်အောင်မြင်မြင်တော့ မဖျောက်နိုင်သေးပါ။ ခွေးရဲ့ခြေထောက်ကို ပင့်ပေးလိုက်တာ၊ လက်သည်းတွေကို ဆုပ်ကိုင်လိုက်တာ၊ ခွေးကို တွန်းလိုက်တာတို့ဟာ တစ်ခါတစ်ခါမှာ အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် ခွေးအများစုအတွက်တော့ ဒီလိုလုပ်ခြင်းကြောင့် ခွေးရဲ့အထင်လွဲမှုကို ရနိုင်ပါတယ်။ ခုန်ပေါက်တာဟာ တစ်ခါတစ်ရံမှာ လူရဲ့အာရုံစိုက်မှုကို ရဖို့လုပ်တဲ့ အပြုအမူလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခွေးကဒီလို ခုန်ပေါက်တာဟာ ကိုယ့်အတွက် ဆုလာဘ်ဖြစ်တယ်ဆိုတာ သိထားသင့်ပါတယ်။ ဒါကိုမလိုချင်ရင်တော့ ဂရုမစိုက်ဘဲ ရှောင်ထွက်သွားတာဟာ အကောင်းဆုံးနဲ့ အရိုးဆုံးနည်းလမ်းဖြစ်ပါတယ်။ ခွေးနဲ့ မျက်လုံးချင်းမဆုံပါစေနဲ့။ ခွေးကို စကားလည်းမပြောပါနဲ့။ ထိလည်းမထိပါနဲ့၊ ကိုယ့်အလုပ်ကိုသာ ဟန်မပျက်ဆက်လုပ်နေလိုက်ပါ။ ခွေးက ငြိမ်ငြိမ်သက်သက်ဖြစ်သွားရင် ဆုချလိုက်ပါ။ ဒီလိုလုပ်ပေးရင် မကြာခင်မှာပဲ ခွေးက ကိုယ့်သဘောထားကို နားလည်လာပါလိမ့်မယ်။

(၉) ကိုက်ခြင်း
ခွေးတွေဟာ ဗီဇနဲ့ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာကြောင့် ကိုက်ကြလေ့ ရှိပါတယ်။ ခွေးငယ်လေးတွေဟာ အခြားခွေးတွေနဲ့ လူတွေကို သူတို့ရဲ့ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာဖို့နဲ့ သူတို့နေတဲ့နေရာအကြောင်း လေ့လာဖို့ ကိုက်လေ့ခဲလေ့ ရှိကြပါတယ်။ သွားဖြဲတာနဲ့ ကိုက်ခဲတာဟာ လက်သင့်မခံနိုင်တဲ့ အပြုအမူဖြစ်ကြောင်း ခွေးပိုင်ရှင်က ကိုယ့်ခွေးငယ်လေးတွေကို သိအောင်လုပ်ပေးရပါလိမ့်မယ်။ ခွေးငယ်လေးဘ၀ကရလာတဲ့ အကျင့်အပြင် အောက်ပါအကြောင်းတွေကြောင့်လည်း ကိုက်ခဲလေ့ရှိကြပါတယ်။
- ကြောက်ရွံ့ခြင်းနှင့် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့
- ပိုင်ဆိုင်မှုကို ကာကွယ်ဖို့
- နာကျင်ခြင်းနှင့် ဖျားနာခြင်း
- အင်အားကြီးကြောင်း ပြသဖို့
- အမဲလိုက်တဲ့ ဗီဇ
အချို့ခွေးမျိုးတွေဟာ အန္တရာယ်ပေးနိုင်တယ်လို့ ယူဆကြပေမယ့် ခွေးအမျိုးအစားရွေးပြီး မွေးဖို့လည်း မလိုပါ။ ဘာကြောင့်လဲဆိုရင် ပိုင်ရှင်နဲ့ ခွေးမွေးသူတွေဟာ ကိုယ့်ခွေးကို လေ့ကျင့်ပေးတာ၊ ပတ်ဝန်းကျင်နဲ့ အသားကျအောင် လုပ်ပေးတာတွေနဲ့ ကိုက်ခဲတတ်တဲ့ ဗီဇစိတ်ကို လျော့အောင်လုပ်ပေးနိုင်သူတွေ ဖြစ်ကြလို့ပါ။

(၁၀) စိတ်တိုသောင်းကျန်းခြင်း
စိတ်ဆိုးနေတဲ့ ခွေးတစ်ကောင်ဟာ ဟိန်းဟောင်ခြင်း၊ မာန်ဖီခြင်း၊ သွားဖြဲပြခြင်း၊ ကိုက်ခဲခြင်းနဲ့ ခုန်အုပ်ဖို့အတွက် အသင့်ဖြစ်နေတဲ့ လက္ခဏာတွေကို ပြလေ့ရှိပါတယ်။ အဲဒီအပြုအမူတွေကို တွေ့ရရင်တော့ ကိုယ့်ခွေးဟာ စိတ်တိုသောင်းကျန်းဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ သတိပြုပြီး အရင်က ဘယ်လိုသဘောကောင်းတယ်ဆိုတာ မေ့ပစ်ဖို့ လိုလာပါပြီ။ ဒါပေမယ့် အလွယ်တကူအကြမ်းဖက်လေ့ရှိပြီး နိုင်ထက်စီးနင်းပြုလေ့ရှိတဲ့ ရာဇ၀င်ရှိတဲ့ခွေးတွေနဲ့ စိတ်တိုသောင်းကျန်းလေ့ရှိတဲ့ မိဘတွေက ပေါက်ဖွားလာတဲ့ ခွေးတွေဟာ အခြားခွေးတွေနဲ့ လူတွေအပေါ်မှာ စိတ်တိုသောင်းကျန်းအနိုင်ကျင့်ချင်တဲ့ လက္ခဏာမျိုးတွေ အလွယ်တကူ ပြလေ့ရှိပါတယ်။ စိတ်တိုသောင်းကျန်းရတဲ့ အခြေခံအကြောင်းရင်းဟာ ကိုက်ရတဲ့ အကြောင်းရင်းနဲ့ ဆင်တူပါတယ်။ ကိုယ်မွေးထားတဲ့ ခွေးမှာ စိတ်တိုလွယ်ပြီး ကိုက်ချင်ခဲချင်တဲ့ အပြုအမူတွေရှိနေရင်တော့ တိရိစ္ဆာန်ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါယ်။ ဘာကြောင့်လဲဆိုတော့ ကျန်းမာရေးပြဿနာတွေကြောင့်လည်း ခွေးတွေဟာ စိတ်တိုသောင်းကျန်းလေ့ရှိလို့ ဖြစ်ပါတယ်။ ခွေးမှာ ကျန်းမာရေးပြဿနာ မရှိခဲ့ရင်တော့ ကျွမ်းကျင်တဲ့ ခွေးလေ့ကျင့်ရေးဆရာနဲ့ တိုင်ပင်ရပါလိမ့်မယ်။ တော်တော်ကြီးကို ဆိုးဆိုးဝါးဝါး သောင်းကျန်းတဲ့ခွေးတွေကိုတော့ ပတ်ဝန်းကျင်နဲ့ လူတွေကို အနှောင့်အယှက်မပေးနိုင်အောင် သတိထားပြီး ထိန်းသိမ်းပေးဖို့ လိုပါလိမ့်မယ်။

ခွေးကလေးတွေရဲ့ အပြုအမူတွေဟာ အတော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူတို့မှာ ခံစားတတ်တဲ့ နှလုံးသားလည်း ရှိသလို လူတွေလိုပဲ အကျင့်စရိုက်တွေ ရှိနေတာကြောင့် လူနဲ့နီးစပ်တယ်လို့ ခေါ်တာဖြစ်မယ်ထင်ပါရဲ့။

Most experienced dog owners are familiar with common dog behavior problems, but some may wonder why dogs exhibit these behaviors. Barking, biting, chewing and many other common dog behaviors are often misunderstood and mishandled by dog owners. Perhaps you are new to dog ownership, considering getting a dog, or just wish to better manage your dog's behavior problems. Thoroughly understanding the most common dog behavior problems is the first step to solving and preventing them. A solid foundation of obedience training will help you prevent or better control common dog behavior problems.

1. Barking

Most dogs bark, howl and whine to some degree. Excessive barking is considered a behavior problem. Before you can correct barking, determine why your dog is vocalizing in the first place. These are the most common types of barking:
  • Warning or Alert
  • Playfulness/Excitement
  • Attention-seeking
  • Anxiety
  • Boredom
  • Responding to Other Dogs

2. Chewing

Chewing is a natural action for all dogs - it's just a part of the way they are wired. However, chewing can quickly become a behavior problem if your dog causes destruction. The most common reasons dogs chew are as follows:
  • Puppy Teething
  • Boredom / Excess Energy
  • Anxiety
  • Curiosity (especially puppies)
Encourage your dog to chew on the right things by providing plenty of chew toys. Keep personal items away from your dog. When you are not home, keep your dog crated or confined to an area where less destruction can be caused. If you catch your dog chewing the wrong thing, quickly correct him with a sharp noise. Then, replace the item with a chew toy. One of the most important things you can do: make sure your dog gets plenty of exercise!

3. Digging

If given the chance, most dogs will do some amount of digging - it's a matter of instinct. Certain breeds, like Terriers, are more prone to digging because of their hunting histories. In general, most dogs dig for these reasons:
  • Boredom or Excess Energy
  • Anxiety or Fear
  • Hunting Instinct
  • Comfort-Seeking (such as nesting or cooling off)
  • Hiding Possessions (like bones or toys)
  • To Escape or Gain Access
If your dog digs up your yard, it can get pretty frustrating for you. Try and determine the cause of the digging, then work to eliminate that source. Spend more time with your dog, give him more exercise, and work on extra training. If digging is inevitable, set aside an area where your dog can learn it is "okay" to dig, like a sand box.

4. Separation Anxiety

Separation anxiety is one of the most commonly discussed dog behavior problems. Manifestations include vocalization, chewing, inappropriate urination and defecation, and other forms of destruction that occur when a dog is separated from his owner. Not all of these actions are the result of separation anxiety. Signs of true separation anxiety include:
  • Dog becomes anxious when owner prepares to leave
  • Misbehavior occurs in the first 15-45 minutes after owner leaves
  • Dog wants to follow owner around constantly
  • Dog tries to be touching owner whenever possible
True separation anxiety requires dedicated training, behavior modification and desensitization exercises. Medication may be recommended in extreme cases, but this should be a last resort.

5. Inappropriate Elimination

Inappropriate urination and defecation are among the most frustrating dog behaviors. They can damage areas of your home and make your dog unwelcome in public places or at the homes of others. It is most important that you discuss this behavior with your veterinarian first to rule out health problems. If no medical cause is found, try to determine the reason for the behavior, which can come down to one of the following: Inappropriate elimination is unavoidable in puppies, especially before 12 weeks of age. Older dogs are another story - many require serious behavior modification to rid them of the habit because you must often alter their perception of themselves.

6. Begging

Begging is a bad habit, but many dog owners unfortunately encourage it. This can lead to digestive problems and obesity. Dogs beg because they love food - but table scraps are not treats, and food is not love! Yes, it is hard to resist that longing look, but giving in "just this once" creates a problem in the long run. In a pack setting, a subordinate would never beg from alpha dogs without reprimand. When you teach your dog that begging is permitted, you jeopardize your role as pack leader. Before you sit down to eat, tell your dog to stay, preferably where he will not be able to stare at you. If necessary, confine him to another room. If he behaves, give him a special treat only after you and your family are completely finished eating.

7. Chasing

A dog's desire to chase moving things is simply a display of predatory instinct. Many dogs will chase other animals, people and cars. All of these can lead to dangerous and devastating outcomes! While you may not be able to stop your dog from trying to chase, you can take steps to prevent disaster.
  • Keep your dog on a leash at all times (unless directly supervised indoors).
  • Train your dog to come when called.
  • Have a dog whistle or noisemaker on hand to get your dog's attention.
  • Stay aware and watch for potential triggers, like joggers.
Your best chance at success is to keep the chase from getting out of control. Dedicated training over the course of your dog's life will teach him to focus his attention on you first - before running off.

8. Jumping Up

Puppies jump up to reach and greet their mothers. Later, they may jump up when greeting people. Dogs may also jump up to exert dominance. A jumping dog can be annoying and even dangerous. There are many methods to stop a dog's jumping, but not all will be successful. Lifting a knee, grabbing the paws, or pushing the dog away might work for some, but for most dogs this sends the wrong message. Jumping up is often attention-seeking behavior, so any acknowledgment of your dog's actions provide a reward! The best method: simply turn away and ignore your dog. Do not make eye contact, speak, or touch your dog. Go about your business. When he relaxes and remains still, calmly reward him. It won't take long before your dog gets the message.

9. Biting

Dogs bite for reasons that can be traced back to instinct and pack mentality. Puppies bite and nip on other dogs and people as a means for exploring their environment and learning their place in the pack. Owners MUST teach their puppies that mouthing and biting are not acceptable. Beyond puppy behavior, the motivation to bite or snap typically comes from the following:
  • Fear or Defensiveness
  • Protection of Property
  • Pain or Sickness
  • Dominance Assertion
  • Predatory Instinct
Though some breeds are thought to be dangerous, it is my belief that breed specific legislation is not the answer. Owners and breeders are the ones who can help decrease the tendency for any type of dog to bite through proper training, socialization and breeding practices.

10. Aggression

Dog aggression is exhibited by growling, snarling, showing teeth, lunging and biting. It is important to know that any dog has the potential to become aggressive, regardless of breed or history. However, dogs with violent or abusive histories and those bred from dogs with aggressive tendencies are much more likely to exhibit aggressive behavior towards people or other dogs. Reasons for aggression are basically the same as the reasons a dog will bite or snap, but overall canine aggression is a much more serious problem. If your dog has aggressive tendencies, consult your vet first - it may stem from a health problem. Then, seek the help of an experienced dog trainer. Serious measures should be taken to keep others safe from aggressive dogs!


ကြိုက်ရင်ပေါ့လေ . . .