Friday, 19 November 2010

ဆင်းရဲခြင်း လွတ်ကင်းအောင် . . .

ညနေပိုင်းက
ဘလော့တစ်ခုကို အလည်သွားရင်း မြန်မာလူမျိုးတွေ ဘာကြောင့်ဆင်းရဲနေကြသလဲဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာတော်တစ်ပါးက သုံးသပ်ချက် ၁၂ချက်ပေးထားတာကို ပြန်လည်ဝေငှပေးလို့ ဖတ်ခဲ့ရပါတယ်။
ဆရာတော်ထောက်ပြထားတဲ့ အချက်တွေထဲမှာ အကြိုက်ဆုံးအချက်ကတော့-

မြန်မာလူမျိုးတွေဟာ ဘာသာရေးမှာ သဒ္ဓါတရားထက်သန်သလောက် လုပ်ငန်းလုပ်ကိုင်တဲ့နေရာမှာ သဒ္ဓါတရားနည်းတယ်
ဆိုတဲ့အချက်ပါ။

ကိုယ်အပါအ၀င် အများစု သတိမထားမိတဲ့ အချက်ပါ။ ကိုယ်တို့လူမျိုးအကျင့်က ဆရာတော်ပြောသလို တကယ်လဲဟုတ်ပါတယ်။ ဘုရား၊ ကျောင်း၊ ကန်တွေမှာ သိန်းပေါင်းထောင်ချီလှူလေ့ရှိတဲ့ သူဌေးကြီး တစ်ချို့ဟာ သူတို့အိမ်က အိမ်ဖော်၊ အလုပ်သမားတွေကိုကျတော့ ကျွန်လိုဆက်ဆံပြီး ညံ့ပေ့ဆိုတဲ့ စားစရာတွေကိုပဲ ကျွေးတာ တွေ့ဖူးပါတယ်။ ဈေးထဲက ဆိုင်ရှင်တစ်ချို့ဟာ မနက်မိုးလင်းတာနဲ့ ပရိတ်ကြီး၊ စီးပွားတက်မယ့်ဂါထာပေါင်းများစွာကို အသံခပ်ကျယ်ကျယ်ရွတ်ပြီး ကြွလာတဲ့ရဟန်းသံဃာတော်တွေကို အမွန်တမြတ်လှူပေတန်းပေမယ့် ဆိုင်မှာဈေးလာဝယ်တဲ့ သူတွေအပေါ်မှာတော့ ကြုံရင်ကြုံသလို လှီးတာ၊ ရိတ်တာ၊ နွှာတာ၊ လှီးတာ မမြင်ချင့်အဆုံး မြင်နေရတာပါပဲ။

တကယ်ဆိုရင် လုပ်ငန်းလုပ်ရာမှာပါ သဒ္ဓါတရားလေးထားသင့်ပါတယ်။ ၀ယ်သူပဲဖြစ်ဖြစ်၊ အလုပ်အပ်သူကိုပဲဖြစ်ဖြစ် စေတနာအပြည့်၊ သဒ္ဓါတရားအပြည့်နဲ့ ရောင်းချ၊ ၀န်ဆောင်မှုတွေပေးကြရင် လုပ်ငန်းအောင်မြင်၊ ရောင်းပန်းလှပြီး စီးပွားရေးအဆင်ပြေမှာ မလွဲပါ။

ဆရာတော် ထောက်ပြထားတဲ့ နောက်တစ်ချက်ကိုလည်း သဘောကျမိပါတယ်။

မြန်မာလူမျိုးတွေဟာ ပျင်းရိတဲ့အကုသိုလ်ကို ရောင့်ရဲကျေနပ်တဲ့ ကုသိုလ်ထင်ပြီး အလုပ်မကြိုးစားဘဲနေကြတယ်။

သွေးထွက်အောင်မှန်တဲ့ အတွေးပါ။ ကိုယ်တို့လူမျိုးက ကိုယ့်ဖာသာ ပျင်းလို့အလုပ်မလုပ်တာကို တို့ကတော့ လောဘမကြီးပေါင်၊ ရတာလေးနဲ့ပဲ ရောင့်ရဲပြီး တရားတော်နဲ့ အညီနေတာပဲ ဆိုတဲ့လက်သုံးစကားနဲ့ ကိုယ်ပျင်းတာကို ပျင်းတယ်ဝန်မခံဘဲ ရှင်တော်ဘုရားကိုပါ အမှုတွဲထဲပါအောင် ဆွဲထည့်တတ်တဲ့ လူမျိုးပါ။ အဲဒီလိုလူမျိုးတွေများလွန်းတဲ့ ကိုယ့်တိုင်းပြည်မှာ ဘ၀တိုးတက်ရာတိုးတက်ကြောင်း ကြိုးကြိုးစားစားနဲ့ ရှာဖွေနေတဲ့လူတွေမှာ အကုသိုလ်ကောင်၊ လောဘအိုးတွေအဖြစ် သမုတ်ခံရတော့တာပါ။

တကယ်တော့ ဘာသာရေးဆိုတာ
လူတွေကို လောကီ၊ လောကုတ်နှစ်ဖြာ အကျိုးပြုဖို့ ဘုရားတွေ၊ ဖန်ဆင်းရှင်တွေက ချမှတ်ထားတဲ့ လမ်းစဉ်ဖြစ်ပါတယ်။ ဘယ်ဘုရား၊ ဘယ်ဘာသာကမှ ဘာသာရေးလုပ်ရင် ဆင်းဆင်းရဲရဲနေရမယ်လို့ သတ်မှတ်ချက်မထားပါ။ ဘာသာရေးသမားမှန်ရင် ဆင်းရဲရမယ်ဆိုလို့ကတော့ လောကမှာ ဘယ်သူမှဘာသာရေး လုပ်ကြတော့မယ်မထင်ပါ။ ရှင်တော်ဘုရားက ၀ိသမလောဘမထားဖို့ ဟောကြားခဲ့ပေမယ့် လောကီလူသားတွေမို့ သမလောဘတော့ ထားခွင့်ရှိပါတယ်။ အတ္တကိုလျှော့ပြီး အများအကျိုးပြုဖို့ ငွေကိုကြိုးကြိုးစားစား ရှာနေခြင်းဟာလည်း ကုသိုလ်ကောင်းမှုပြုခြင်းလို့ ကိုယ်တို့မြန်မာလူမျိုးတွေ ဘယ်တော့များမှ နားလည်လာမှာပါလိမ့်။

2 comments:

ရွှေရတုမှတ်တမ်း said...

ကိုင်း..ကိုရွှေကိုမျိုးများ...ကိုယ့်အကြောင်းကိုယ် သိကြပြီလား...
အင်း..ခုထိလဲ သိပုံ..သဘောပေါက်ပုံလဲ ရသေးမထင်ပါဘူး

မောင်မိုး said...

အနောက်တိုင်းစီးပွားရေးပညာရှင်တယောက်( နာမည်မေ့နေ)က သုတေသနပြုထားတာ ဖတ်ဖူးတယ်။ မြန်မာလူမျိုးတွေဘာလို့ ဒီလိုဖြစ်နေတယ်ဆိုတဲ့အကြောင်းပါ။ သူသုံးသပ်ထားတာလဲ ဒီအကြောင်းအရာနဲ့တော်တော်ဆင်တယ်။ အဓိကတော့ သာသနိကအဆောက်အဦးတွေမှာ မလိုအပ်ပဲ အလွန်အကျွံလှူဒါန်းနေတာကို ဝေဖန်ထားတယ်ဗျ။ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ကာလမှာ ဒီလိုလှူဒါန်းတာမျိုးဟာ မှားတယ်ပေါ့ဗျာ။

ကြိုက်ရင်ပေါ့လေ . . .