Saturday 30 October 2010

မြန်မာကဗျာဖွဲ့နည်း . . .

မြန်မာကဗျာဖွဲ့နည်းဆိုတာ
ကိုယ်တို့ခပ်ငယ်ငယ်က အထက်တန်းအဆင့် စိတ်ကြိုက်မြန်မာစာမှာ သင်တဲ့ပြဌာန်းစာအုပ်ဖြစ်ပါတယ်။ ရှေးရိုးမြန်မာကဗျာဖွဲ့ထုံးတွေကို အခြေခံကစလို့ ကျကျနနရှင်းပြထားလို့ တော်တော်လေးကောင်းတဲ့ စာအုပ်ဖြစ်ပါတယ်။ ကိုယ့်အမေဘက်က အဒေါ်တစ်ယောက်က အထက်တန်းကျောင်းသူဘ၀က စိတ်ကြိုက်မြန်မာစာ အတွဲကိုယူခဲ့ပါတယ်။ သူ့ဆီက ဒီကဗျာဖွဲ့နည်းစာအုပ်ကို စာဖတ်တတ်ကာစ လက်တည့်စမ်းချင်နေတဲ့လေးတန်းကျောင်းသားအရွယ် ကိုယ်ကဖတ်မိတာနဲ့ ကဗျာတွေတောင်ရေး၊ မြောက်ရေးရေးရင်း အလယ်တန်းကျောင်းသားအရွယ်လောက်မှာ ဒီကဗျာဖွဲ့ထုံးအားလုံးနည်းပါးနဲ့ ယဉ်ပါးသွားပါတော့တယ်။ ခပ်ငယ်ငယ်ကတည်းက ကဗျာအခြေခံသဘောကို နားလည်သွားခဲ့တော့ အသက်ရလာလို့ ကဗျာကောင်းကောင်းရေးနိုင်တဲ့ အရွယ်ရောက်လာတော့ ကဗျာရေးရတာ အခက်အခဲမရှိတော့သလို ရေးလို့လည်း ကောင်းလာပါတယ်။ အတွေးနောက်ကို ကာရန်ပါလာပါတော့တယ်။

အဲဒီစာအုပ်က ကိုယ်အထက်တန်းကျောင်းသားအရွယ်မှာ အသိမ်းလွန်ရာကနေ ပျောက်သွားလိုက်တာ ဘယ်မှာမှရှာလို့မရတဲ့အပြင် ပြန်ရှာဝယ်တော့လည်း မရတော့ပါ။ ဒါပေမယ့် အင်တာနက်နဲ့ စေတနာနဲ့ဝေငှပေးတဲ့ စာချစ်သူတွေရဲ့ ကျေးဇူးကြောင့် မြန်မာစာအုပ်ဆိုက်တစ်ခုကနေ ပြန်ရှာတွေ့ခဲ့ပါတယ်။ ကိုယ်ရထားတဲ့စာအုပ်ကို စာပေနဲ့ယဉ်ကျေးမှုကို မြတ်နိုးတဲ့အခြားသော ပရိသတ်တွေ ဖတ်စေချင်တဲ့ဆန္ဒနဲ့ ကိုယ့်ဘလော့ပေါ်မှာ ပြန်တင်ပေးဖို့ ကြိုးစားနေတာတော်တော်ကြာနေပါပြီ။ မတင်တတ်တာကြောင့် တောင်မေး၊ မြောက်မေးနဲ့ နှစ်လကျော်လောက် စမ်းတ၀ါးဝါးဖြစ်နေရာကနေ
KP3 ရဲ့ ကျေးဇူးကြောင့် အခုတော့ တင်လို့ရသွားပါပြီ။
( KP3 ဆထက်ထမ်းပိုး အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်)

ကဗျာချစ်သူတစ်ယောက်အနေနဲ့
မော်ဒန်ကဗျာ၊ လွတ်လပ်ကာရံ၊ ပို့စ်မော်ဒန် ဘာပဲဖြစ်ဖြစ် စိတ်ကြိုက်ခံစားနိုင်ပါတယ်။ ဒါပေမယ့် ကဗျာဖွဲ့သူတစ်ယောက်အနေနဲ့ကတော့ ကဗျာဖွဲ့ထုံးပေါင်းများစွာကို ကျေကျေညက်ညက်ရှိဖို့လိုပါတယ်။ ရှေးရိုးကို ရိုးအီသွားတာကြောင့် လမ်းရိုးဟောင်းမှာ လမ်းသစ်ထွင်တာကို အားပေးပါတယ်။ ဒါဟာ ဖြစ်လည်းဖြစ်သင့်ပါတယ်။ ဒါပေမယ့် လမ်းရိုးကို မမြင်ဖူးဘဲ လမ်းသစ်ထွင်နေတာတော့ သဘာဝသိပ်မကျပါ။ ဒါပေမယ့် ဒီဘက်ခေတ်ကလေးတွေအနေနဲ့ ရှေးရိုးကဗျာဖွဲ့နည်းကို ကျကျနနသိအောင်လုပ်ဖို့ အခက်အခဲရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ကဗျာဖွဲ့နည်းသင်တန်းဆိုတာမျိုးလည်း မရှိတဲ့အပြင် ကဗျာဖွဲ့နည်းစာအုပ်လည်း မရှိတာကြောင့်ပါ။ ဒါကြောင့် ကဗျာကို မြတ်နိုးသူတွေအတွက် ပြန်ဝေငှလိုက်ပါတယ်။


မြန်မာကဗျာဖွဲ့နည်း
http://www.scribd.com/doc/40496964


မြန်မာစာပေဖွံ့ဖြိုးတိုးတက်ပါစေ...

3 comments:

ရွှေရတုမှတ်တမ်း said...

အဟင်း...
ဘကျောက်တို့ကတော့ ကဗျာဆိုရင်
ပဲပြုတ်ကို ဆီဆမ်းဇော်ဝမ်း
ဇော်ဝမ်းက်ု တူနဲ့ထု ခင်သန်းနု....
အဲခို ဟာမျိုးပဲသိတာ..
ကဗျာတွေကိုနားကိုမလည်လို့ ကဗျာ ဘလော့တွေဆို မရောက်တာများတယ်

Han Kyi said...

ဒါမို့ တို့ကိုကြီးကျောက် အသက်ရှည်တာဖြစ်မယ်...

icn2 said...

ကျနော့်ဆီမှာလည်း တစ်အုပ်ရှိတယ် ။ မိတ်ဆွေကဗျာရေးသူတစ်ယောက်လက်ဆောင်ပေးတာ ။ ဒါပေမယ့်အခု စာအုပ် အနားမှာမရှိ၊ အမေ့အိမ်မှာ။

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger