Thursday 7 October 2010

ခွေးမြီးပညာရှိ . . .

တိုင်းပြည်တစ်ခုမှာ ရှိသမျှနိုင်ငံသားအားလုံးဟာ တန်ဖိုးတူညီပါတယ်။
ဘယ်သူကမှ ဘယ်သူ့ထက် ပိုအရေးမကြီးပါ။

ကျောင်းသားဘ၀တုန်းကတော့ အဲဒီလိုအသိမျိုး မ၀င်ခဲ့ဖူးပါ။
ပွင့်ပွင့်လင်းလင်းပြောရရင် ဆေးကျောင်းသားပီပီ မာနကြီးပြီး စိတ်ကြီးတော်တော်ဝင်ခဲ့ပါတယ်။ ၀ိဇ္ဖာ၊ သိပ္ပံက ကျောင်းသားတွေကို ပညာတတ်စာရင်းတောင် သိပ်မသွင်းချင်ခဲ့ပါ။ ကိုယ့်ကိုယ်ကို ဆရာဝန်လောင်း၊ တိုင်းပြည်ရဲ့အမြင့်ဆုံးပညာကို သင်ယူနေတဲ့သူ၊ ဆယ်တန်းမှာ ဂုဏ်ထူးတွေတသီကြီးရခဲ့တဲ့သူ ဆိုတဲ့အသိတွေနဲ့ အောက်ခြေလည်းတော်တော်လေး လွတ်ခဲ့ဖူးပါတယ်။ ဂျူတီကုတ်ဖြူဖြူလေးတကြွကြွ၊ နားကြပ်ကလေးတကားကားနဲ့ သွေးကြီးခဲ့ဖူးပါတယ်။

အခုလို လူလတ်ပိုင်းအရွယ်ရောက်လာလို့ အမှန်ကိုအမှန်အတိုင်းမြင်နိုင်တဲ့ အချိန်ရောက်တော့မှပဲ အထက်ကအတွေးမျိုးဝင်လာပါတော့တယ်။ ဘာပဲဖြစ်ဖြစ် သိပ်တော့နောက်မကျသေးဘူးလို့လဲ ထင်မိပါတယ်။

သေချာပြန်စဉ်းစားရင် ပြည်သူအားလုံးအတူတူပါပဲ။ တစ်ယောက်မှ မရှိလို့မဖြစ်ပါ။ ဆရာဝန်တွေချည်းပဲ နေလို့မရသလို၊ ဆိုက်ကားသမားတွေချည်းပဲလဲ နေလို့မဖြစ်နိုင်ပါ။ အားလုံးဟာ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီပါပဲ။ ဥပမာလှလှပေးရရင် နာရီတစ်လုံးထဲက ခွေးသွားစိတ်တွေအတိုင်း ခွေးသွားစိတ်အသေးမရှိရင် အကြီးမလည်နိုင်သလို၊ ခွေးသွားစိတ် အကြီးမရှိရင်လည်း အသေးမလည်နိုင်ပါ။ ဒါကြောင့်ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ စိတ်ကြီးဝင်စရာအကွက် တစ်ကွက်မှမမြင်ပါ။

ဒါ့အပြင် ရာထူးကြီးခြင်း၊ ပညာပိုတတ်ခြင်းရဲ့ အဓိပ္ပာယ်ဟာ တာဝန်ပိုရှိခြင်းပဲ ဖြစ်ပါတယ်။ တာဝန်ယူရမှု၊ တာဝန်သိရမှုပိုများတဲ့အတွက် ပိုလို့တောင် သိမ်သိမ်မွေ့မွေ့ရှိရမှာ့ပါ။ ဒါတင်မက ပညာပိုတတ်သူ၊ ရာထူးကြီးသူတွေဟာ ပညာမတတ်သူ၊ ရာထူးငယ်သူတွေကို ဖေးမကူညီရမယ့် တာဝန်ရှိပါသေးတယ်။ ဒါကြောင့် နိမ့်ပါးသူတွေအပေါ် မောက်မောက်မာမာ မပြုသင့်ပါ။ တစ်နေရာမှာ ကိုယ်ကတာဝန်ရှိသူဖြစ်နေသလို အခြားတစ်နေရာမှာ သူကလည်းတာဝန်ရှိသူပါပဲ။ ကိုယ့်နယ်ရောက်တုန်း ကိုယ်ကနွှာလိုက်မယ်ဆိုရင် သူ့နယ်ပြန်ရောက်ရင်တော့ သူကလည်း ပြန်နွှာတော့မှာ မလွဲပါ။ ဒီလိုသာ အပြန်အလှန်ဖြစ်နေရင် ကိုယ်တို့တိုင်းပြည် တိုးတက်တော့မှာ မဟုတ်ပါ။

သူကတော့ မြေကြီးတူးတဲ့သူ၊ အိမ်သာကျင်းတူးတဲ့သူမို့ မထီမဲ့မြင်ပြုရမယ်လို့ ယောင်လို့တောင်မထင်စေချင်ပါ။ သူသည်လည်း အိမ်သာတွင်းတူးတဲ့ ပညာရှင်ဖြစ်ပါတယ်။ သူသာတူးမပေးရင် အိမ်သာတောင်တက်ရမှာမဟုတ်ပါ။ ဒါကြောင့် သူ့ကိုလည်းလေးစားမှုပေးရပါလိမ့်မယ်။ လက်တွေ့စမ်းသပ်ကြည့်ချင်ရင် ကိုယ်တို့တိုင်းပြည်မှာ ထိပ်တန်းအဆင့်ပညာရှင်တွေ၊ ဆယ်တန်းမှာ ပညာအထူးချွန်ဆုံးတွေဖြစ်ခဲ့ကြတဲ့ ဆရာဝန်တွေချည်းပဲစုပြီး မြို့တစ်မြို့တည်လို့ သီးသန့်နေခိုင်းကြည့်ပါ။ သုံးလလောက်အတွင်း ဆရာဝန်တွေ ဒုက္ခတွေ့ပါလိမ့်မယ်။ ဒါကြောင့် တိုင်းပြည်မှာ လမ်းဘေးပလတ်စတစ်ကောက်တဲ့ ကလေးကအစ သူ့နေရာနဲ့သူ အရေးပါပါတယ်။ သူမရှိရင်လည်း အမှိုက်ထဲကနေ ရွှေထွက်လာတော့မှာ မဟုတ်ပါ။ ဒါကြောင့် နိုင်ငံသားအချင်းချင်း တစ်ဦးနဲ့တစ်ဦး သာတူညီမျှစိတ်ထားကြရင် ကိုယ်တို့တိုင်းပြည်ကြီး အခုထက်ပိုတိုးတက်မှာ သေချာပါတယ်။

ဒီဆောင်းပါးကို ဘာကြောင့်ရေးဖြစ်သလဲဆိုတော့ လွန်ခဲ့တဲ့တစ်ပတ်က ကိုယ့်အမျိုးသမီးကျန်းမာရေး အခြေအနေကို အားမရတာနဲ့ မြို့ထဲက မီးယပ်သားဖွားအထူးကုဆီမှာ သွားပြရင်းရခဲ့တဲ့ အတွေ့အကြုံကို အခြေခံမိလို့ပါ။ ကိုယ်ကလည်း ကိုယ့်အလုပ်နဲ့ကိုယ် ဂျင်ခြေလည်နေတဲ့အပြင် အထူးကုဆိုတော့ ကိုယ့်ထက်ပိုတတ်မယ်ဆိုတာ သေချာနေတာမို့ သွားပြခိုင်းလိုက်တာပါ။ အဲဒီမှာ တစ်သက်တာအမှတ်တရ ဖြစ်ရတော့တာပါပဲ။

ချစ်စရာကောင်းလှစွာသော အိုဂျီမမက အမျိုးသမီးပြောသမျှရောဂါလက္ခဏာတွေကို အာရုံစိုက်ပြီးနားမထောင်တဲ့အပြင် လူကိုလည်း မတူသလိုဆက်ဆံပါသတဲ့။ ကိုယ့်အမျိုးသမီးကလည်း ကြာတော့ မခံနိုင်တော့တာနဲ့ ကျွန်မအမျိုးသားလည်း ဆရာဝန်ပါပဲလို့ ပြောယူရပါတော့တယ်။ အဲဒီမှာတင် ဆရာဝန်ကတော်ဖြစ်ပြီး ဒီလောက်တောင် ကျန်းမာရေးအသိမရှိရကောင်းလားဆိုပြီး ငေါက်ပါသတဲ့။ ဘယ်လောက်များ ချစ်ဖို့ကောင်းလိုက်ပါသလဲ။ အမျိုးသမီးက
“ညဘက်ရောက်ရင် တစ်ကိုယ်လုံးပူတယ်”လို့ ပြောတော့ ဘယ်လောက်ကြာပြီလဲလို့ မေးပါတယ်။ သုံးလလောက်ရှိပြီိလို့ဖြေတော့

“ခံလက်စနဲ့ ဆက်ပြီးခံလိုက်ပေါ့”တဲ့။

ဆရာဝန်ပါးစပ်က ထွက်တဲ့စကားဆိုတာ ယုံတောင်မယုံချင်ပါ။ ပိုဆိုးတာက အထူးကုဆရာဝန်ရဲ့စကား ဖြစ်နေပါသေးတယ်။ သှူု့ကို သင်ပေးလိုက်ရတဲ့ တိုင်းပြည်မှာ ဘယ်လောက်များနစ်နာလိုက်ပါသလဲ။ ကိုယ်တို့ ဆေးလောကကြီးရော ဘယ်လောက်များ ကျက်သရေရှိလိုက်ပါလိမ့်။ ကျိန်ခဲ့ရတဲ့ “ဟစ်ပိုကရေးတီးကျမ်းကျိန်စာ” ဘယ်ကြားမှာများ သွားထားခဲ့တယ် မသိတော့ပါ။ ဆရာဝန်ရဲ့အလုပ်ဆိုတာ ဆေးပညာဗဟုသုတ မရှိတဲ့သူတွေကို ဗဟုသုတတွေ ဖြန့်ဖြူးပေးဖို့ပါ။ မရှိရကောင်းလားလို့ ဆူဖို့ငေါက်ဖို့ မဟုတ်ပါ။ ပြီးတော့ သူ့ကိုအားကိုးတကြီး အသက်ပါပေးပြီး ယုံလို့လာတဲ့ လူနာရဲ့စကားကို အလေးအနက်ထားပြီးနားထောင်ပေးရမှာပါ။ လိုအပ်ရင် လူနာရဲ့ ပုဂ္ဂိုလ်ရေးရင်ဖွင့်စကားတွေကိုပါ နားထောင်ကောင်းနားထောင်ရပါလိမ့်မယ်။ ကိုယ့်အယူအဆကတော့ ရှင်းပါတယ်။ အဲဒီလိုမလုပ်နိုင်ရင် ကိုင်ထားတဲ့ ဆေးထိုးအပ်ကို လွှင့်ပစ်လိုက်ရုံပါပဲ။

ကိုယ့်ညီမ ဆေးကျောင်းတက်ချင်တယ်ဆိုတော့ ကိုယ်မေးပါတယ်။ “ညီမလေး...အစ်ကိုဖြစ်တဲ့သူ ဂျူတီကုတ်ကလေးနဲ့ လှလှလေးမြင်လို့ ဆရာဝန်ဖြစ်ချင်တာလား”လို့“လှချင်ရုံ၊ လူတွင်ကျယ်လုပ်ချင်ရုံနဲ့ဆိုရင်တော့ ဆေးကျောင်းမတတ်နဲ့။ အပင်ပန်းခံနိုင်မယ်၊ စေတနာ အပြည့်ထားနိုင်မယ်၊ တစ်ဘ၀လုံးကို အများအတွက်နှစ်နိုင်မယ်ဆိုရင်တော့ ဆေးကျောင်းတက်”လို့ပါ တစ်ဆက်တည်း ပြောလွှတ်လိုက်ပါတယ်။ အခုဆိုရင် ညီမလေးလည်း ဆရာဝန်ဖြစ်လို့ ကိုယ့်စကားအတိုင်း လူနာတိုင်းကို တလေးတစားနဲ့ ကုပေးနေပါတယ်။ ပါရဂူဖြစ်ခြင်း မဖြစ်ခြင်းထက် တိုင်းပြည်နဲ့ လူမျိုးကို အကျိုးပြုခြင်းကပဲ ပိုအရေးပါတယ်လို့ ကိုယ်တော့ယူဆပါတယ်။ စောစောက အထူးကုမျိုးထက်စာရင် ခရီးသည်အပေါ်မှာ စေတနာအပြည့်နဲ့ ၀န်ဆောင်မှုပေးတဲ့ ဆိုက်ကားဆရာကတောင် တိုင်းပြည်အတွက် ပိုလို့အကျိုးပြုပါတယ်။ ပိုပြီးလိုအပ်ပါတယ်။

စကားစပ်မိလို့ အမတ်ကြီးဦးပေါ်ဦးပြောဖူးတဲ့ ပညာရှိခွေးမြီးပုံပြင်လေး ပြောချင်ပါသေးရဲ့။ ဥပမာပေးလေးလှလွန်းလို့ပါ။ ပညာတတ်ပြီး ဘ၀င်မြင့်၊ အောက်ခြေလွတ်တဲ့သူများဟာ ပညာရှိခွေးမြီးတဲ့။ ဘာကြောင့်လဲဆိုရင် ပညာဆိုတာ အမြီးနဲ့တူပါသတဲ့။ ပညာရှိသူတော်ကောင်းများရဲ့ ပညာကျတော့ နွားမြီးနဲ့တူပါတယ်တဲ့။ ဘာကြောင့်လဲဆိုရင် ကိုယ့်အရှက်ကိုလုံအောင်ဖုံးနိုင်တဲ့အပြင် မှက်တွေခြင်တွေလည်း ခြောက်လို့မောင်းလို့ရပါသတဲ့။ ပညာရှိလူယုတ်မာတွေကျတော့ ပညာရှိခွေးမြီးပါတဲ့။ ဘာကြောင့်လဲဆိုရင် ခြင်တွေမှက်တွေ မခြောက်နိုင်ရုံသာမက ကိုယ့်အရှက်တောင်မလုံပါဘူးတဲ့။

ဒါကြောင့်
ပြောခဲ့သမျှတွေကို နိဂုံးချုပ်ရရင်တော့ ပညာတတ်ဖြစ်တယ်၊ ရာထူးကြီးတယ်ဆိုတာနဲ့ ကျန်တဲ့သူတွေအပေါ်မှာ မထီမဲ့မြင်ပြုနေကြရင်ဖြင့် ပညာတတ်ခွေးမြီးတွေများသထက်များပြီး ကိုယ်တို့တိုင်းပြည် တိုးတက်မှုတွေ နှေးရပါလိမ့်မယ်။ တိုင်းသူပြည်သားတွေရဲ့ အခွန်ငွေတွေနဲ့ သင်ထားကြရတဲ့ပညာကို တိုင်းသူပြည်သားတွေရဲ့ အကျိုးရှိသထက်ရှိအောင် ကြိုးစားပေးကြရင်ဖြင့် . . .


No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger