ကိုယ်က ခရီးသွားပျင်းသူဖြစ်တာမို့ တစ်နှစ်လုံးနေမှ တစ်ခါတောင် ခရီးထွက်ခဲပါတယ်။
သဘာဝအလှတွေကို မြတ်နိုးပေမယ့် ရလာမယ့် အာဝေနိကဒုက္ခတွေနဲ့ မကာမိတာကြောင့်လည်း ပါပါတယ်။ ဒီနှစ်တော့ ကြားဖြတ်ခရီးတိုလေးတစ်ခု အမှတ်မထင် သွားဖြစ်ခဲ့ပါတယ်။
သဘာဝအလှတွေကို မြတ်နိုးပေမယ့် ရလာမယ့် အာဝေနိကဒုက္ခတွေနဲ့ မကာမိတာကြောင့်လည်း ပါပါတယ်။ ဒီနှစ်တော့ ကြားဖြတ်ခရီးတိုလေးတစ်ခု အမှတ်မထင် သွားဖြစ်ခဲ့ပါတယ်။
အလင်းရောင်လေးမပြူ့တပြူ...
လွန်ခဲ့တဲ့ လထဲက သွားခဲ့တဲ့ အဲဒီခရီးစဉ်က ဓာတ်ပုံလေးတွေ ပြန်တင်ဖြစ်တယ်။
ကင်မရာပါမသွားတာကြောင့် ပုံကောင်းကောင်းတော့ တစ်ပုံမှမရခဲ့ပါ။ ရှိစုမဲ့စုလေးနဲ့ ကင်မရာလေးတစ်လုံးဝယ်ထားပေမယ့် Memory card ကြောင်နေလို့ ပုံဖြစ်ရင်ပြီးရောရိုက်ထားတဲ့ ပုံလေးတွေပဲ ရခဲ့ပါတယ်။ လမ်းကြောတစ်လျှောက်မှာ မြူခိုးတွေဆိုင်းနေတာကို သဘောကျတာကြောင့် ရိုက်ဖြစ်တဲ့ပုံတွေပါ။ ကိုယ်က ရေငန်သောက်၊ မြက်ခြောက်စားပြီးကြီးခဲ့တဲ့ အညာသားပီပီ မြူခိုးတွေဝေနေတာကို တစ်ခါမှ ကောင်းကောင်းမမြင်ဖူးတာကြောင့် ၀မ်းသာအားရ ရိုက်ယူဖြစ်တာလည်းပါပါတယ်။
မြူခိုးတွေမစင့်တစင်အချိန်ရောက်ပြီ...
ငယ်ငယ်ကဖတ်ဖူးတဲ့ “မြူနှင်းတို့ထာဝရဝေ”ဆိုတဲ့ ၀တ္ထုခေါင်းစဉ်လေးတောင် သွားသတိရလိုက်မိပါသေးတယ်။ ခရီးတစ်ခါတစ်ခါသွားဖို့ တော်တော်လေးအားယူရတဲ့သူမို့ သွားမိသမျှခရီးလေးကို အမှတ်တရဖြစ်အောင် ရိုက်ဖြစ်တာလည်းပါပါတယ်။ ကိုယ့်ရုပ်ကတော့ ရွက်ကြမ်းရေကြိုအဆင့်ဝင်ရုံသာသာမို့ ကိုယ့်ပုံကြီးပါပါအောင်တော့ မရိုက်ဖြစ်တော့ပါ။ တော်ကြာလှနေတဲ့ သဘာဝတရားလေးပါ အလှပျက်သွားမှာ စိုးရိမ်မိတာကြောင့်လည်း တစ်ပိုင်းပါပါရဲ့။
ပုံတွေမလှပေမယ့် အဲဒီမလှတာလေးတွေကိုက ကဗျာဆန်တယ်လို့ ကဗျာဆရာပီပီတွေးလိုက်မိလို့ အမှတ်တရဖြစ်အောင် တင်လိုက်မိပါတယ်။ ဒါကြောင့်လည်း မလှလည်းလှတယ်လို့ နွားပိန်အသားဖြည့်တွေးနည်းနဲ့တွေးပြီး ခံစားပေးဖို့ မေတ္တာရပ်ခံချင်ပါသေးရဲ့။
No comments:
Post a Comment