Sunday 3 October 2010

ပင်ပန်းလိုက်တာ . . .

ပင်ပန်းလိုက်တာ...

ညည်းချင်ပေမယ့်လည်း ညည်းလို့လုံးဝမဖြစ်တဲ့ဘ၀ပါ။
ကလေးတွေအားလုံးက ကိုယ့်မျက်နှာ၊ ကိုယ့်အရိပ်အခြေကို ကြည့်နေကြတာဖြစ်လို့ ဘယ်လောက်ပဲပင်ပန်းပင်ပန်း ဟန်ဆောင်နေရတာပါပဲ။ ကိုယ့်ကိုသနားဖို့ထက် ကိုယ်ပင်ပန်းလို့ အလုပ်ထဲမှာ အာရုံစိုက်တာကျသွားတာနဲ့ ကြိုးစားအားကျပြီး လေသွားဖို့က ပိုများပါတယ်။ ဒါကလည်း ကလေးသဘာဝပါ။ ကိုယ်လည်း နားလည်ခွင့်လွှတ်ပေးပါတယ်။

ဒါပေမယ့် ကလေးတွေရဲ့ ဒီသဘာဝကို သိထားတဲ့အတွက် ဘယ်လောက်ပဲပင်ပန်းနွမ်းနယ်နေပါစေ။ ကလေးတွေရှေ့မှာတော့ တစ်ချက်ကလေးတောင် ဟန်မပျက်စေရပါ။ တစ်ခါတစ်ခါများ ညဘက် အိပ်ရေးမပြည့်တဲ့ အခါမျိုးမှာ သင်ပုန်းရှေ့မှာမတ်တပ်ရပ်ပြီး lecture ပေးနေရင်းကနေ မိုက်ခနဲ၊ မူးခနဲ ဖြစ်တတ်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ကဆရာဖြစ်နေတာကြောင့် ဘာမှမဖြစ်သလို ပြုံးပြုံးလေးနေပြရတာပါပဲ။ ဆရာကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေထဲမှာ ဟန်ဆောင်ကောင်းခြင်းဟာ ထိပ်တန်းကနေပါမယ်ထင်ပါရဲ့။

တစ်ခါတစ်ခါ အသားတစ်ဆတ်ဆတ်တုန်အောင် ဒေါသထွက်နေပေမယ့် မျက်နှာကို ချိုနိုင်သမျှချိုအောင်ထားပြရပါတယ်။ တစ်ခါတစ်ခါ စိတ်ထဲကရယ်ချင်နေပေမယ့် ဒေါသထွက်ချင်ယောင်ဆောင်ပြီး ဆူရ၊ ငေါက်ရပြန်ပါတယ်။ အဲဒီအခါမျိုးမှာများ “ရယ်ချင်ရက်နဲ့ ဇာတ်ကွက်ကိုဆ . . . ငိုလိုက်ရတယ်။ လွမ်းတသက်သက်ငိုချက်လျက်နဲ့ကွယ် . . . ခိုင်းစေချက်ညီမျှရန်ကွယ် . . . ရယ်ရပြန်တယ်” ဆိုတဲ့ ကချေသည်သီချင်းထဲက စာသားကို သွားသွားသတိရမိပါတော့တယ်။ ကလေးတွေရှေ့မှာ ဟန်ဆောင်ရတာများလွန်းလို့ တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကိုတောင် ဒေါသထွက်နေသလား၊ မထွက်ဘူးလားဆိုတာတောင် မခွဲခြားတတ်တော့ပါ။

တစ်နေ့တစ်နေ့ မိုးလင်းကနေမိုးချုပ် ကလေးတွေနဲ့ပဲ နပမ်းလုံးနေရတာများတော့
လောကကြီးကိုတောင် မေ့ချင်ချင်ဖြစ်လာပါပြီ။ ဥပုသ်မစောင့်ဖြစ်တာ တော်တော်ကြာနေပါပြီ။ လူမှုရေးပွဲတွေလည်း ကိုယ်နဲ့မဆိုင်သလိုပါပဲ။ ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ ကိစ္စတွေလည်း ကိုယ်နဲ့လားလားမှမဆိုင်တော့တာ ဒီနှစ်ဆိုရင် ခုနစ်နှစ်ထဲတောင် ၀င်လို့လာပါပြီ။ အသက်ကလည်း မငယ်တော့သလို ကြီးတော့လည်း မကြီးသေးဘူးတော့ ထင်မိပါတယ်။ Brittny Spears ရဲ့ သီချင်းထဲက Not a girl, not yet a woman ဆိုတဲ့စာသားကို ကိုးကားပြီးပြောရရင်တော့
Not a boy, not yet a man လို့ ပြောလို့ရတဲ့ အရွယ်ရောက်လာပါပြီ။ တစ်ခါတစ်ခါ သူငယ်ချင်းကျောင်းနေဖက်အချင်းချင်းပြန်တွေ့ကြရင် “တို့တွေ ကလေးလား လူကြီးလား”လို့ မေးကြရပါတယ်။

လူကြီးအလုပ်တွေ တာဝန်တွေထမ်းနေကြရပေမယ့်
အတွင်းစိတ်က ထိုက်သင့်သလောက်ရင့်ကျက်ဖို့ အချိန်နည်းနည်းလိုနေတဲ့ အရွယ်ဆိုတော့ တစ်ခါတစ်ခါလည်း စိတ်ထဲမှာတော့ ကလေးဆန်ချင်ဆန်တတ်ပါဦးမယ်။ ဒါပေမယ့် လုပ်ငန်း၊ တာဝန်တွေရဲ့ လွှမ်းမိုးမှုတွေကြောင့် ကိုယ်တို့အရွယ်တွေဟာ ကလေးစိတ်ကလေးတွေကို ဖုံးထားကြရတာပါပဲ။ အခုလည်းကြည့်လေ ပင်ပန်းလွန်းလို့ ညည်းချင်ပေမယ့် လုပ်ငန်းသဘာဝ၊ ပညာမာန၊ သိက္ခာမာနတွေက အဲဒီလိုညည်းဖို့ ခွင့်မပြုလေတော့ သိသာသိစေ၊ မမြင်စေနဲ့အချိုးမျိုးချိုးထားရပါရောလား။

ဒီလပတ်စာမေးပွဲပြီးရင်တော့ ၇ရက်နေ့တိုင်း ကျောင်းသားတွေကို နားပေးနေကျ ကိုယ့်ထုံးစံအတိုင်း တစ်ရက်လုံးလုံးအနားရပါလိမ့်မယ်။ အဲဒီနေ့မှာ ကျန်တာတွေလုပ်ဖို့ထက် တစ်နေကုန်အားရပါးရအိပ်ပစ်ဖို့ပဲ စိတ်သန်နေပါတော့တယ်။ အိပ်နေတဲ့ အချိန်ဆိုတာ လောကရော၊ သောကရော၊ တာဝန်ကိုပါ မေ့ထားနိုင်တဲ့ အချိန်တွေဖြစ်လို့ အင်မတန်မက်မောစရာကောင်းတဲ့ အချိန်ပိုင်းတွေပါပဲ။ ကိုယ်တိုင်က ညကိုမြတ်နိုးလွန်းတာကြောင့် ညတိုင်းညဥ့်နက်မှ အိပ်ဖြစ်နေတာပါ။ နေ့ဆိုရင် လူတွေကြည့်ရတာ မျက်စိနောက်စရာကောင်းလွန်းတာမို့ နားရက်မှာတော့ လူတွေနဲ့ဝေးအောင် တစ်နေ့ခင်းလုံး အားပါးတရ အိပ်ပစ်လိုက်ပါဦးမယ်။

အခုလောလောဆယ် စာမေးပွဲကာလအတွင်းမှာတော့

ပင်ပန်းလိုက်တာ
လို့

ဘယ်သူမှမသိအောင် ရင်ထဲကနေ အားပါးတရညည်းရင်း အပြင်မှာတော့ လန်းဆန်းတက်ကြွလို့ . . .

2 comments:

ရွှေရတုမှတ်တမ်း said...

ပင်ပန်းရင် ဒင်ဆမ်း စားပါ..
အားကုန်ရင် ပျားအုံလျက်ပါ..(မှတ်ချက်။ ။ ပျားတုပ်မှာမကြောက်ရသော ပျားအုံ ဖြစ်ပါစေ )

Han Kyi said...

ပျားအုံတော့ မလျက်ပါရစေနဲ့ဗျာ...ပျားရည်ပဲ ၀ယ်သောက်လိုက်ပါတော့မယ်...

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger