Monday 11 October 2010

ဝီရိယပြည့် မနက်ဖြန် . . .

ဝီရိယနည်းလိုက်တာ...

ကိုယ့်ကိုယ်ကို မညှာမတာပြောလိုက်မိပါတယ်။
တကယ်ပါ။ ကိုယ့်မှာရှိတဲ့ အဆိုးဆုံးအားနည်းချက်က ၀ီရိယ နည်းခြင်းပါပဲ။ လူတစ်ယောက်အောင်မြင်ဖို့ ကံ၊ ဥာဏ်၊ ၀ီရိယ သုံးပါးလိုအပ်မှန်း ခပ်ငယ်ငယ်ကတည်းက သိပြီးသားဖြစ်ပေမယ့် အဲဒီအားနည်းလွန်းတဲ့ ၀ီရိယကို ဒီအရွယ်ရောက်တဲ့အထိ လုံလောက်အောင် မဖြည့်နိုင်တာက ကိုယ့်အပြစ်ပါ။

ပိုဆိုးတာက ကိုယ့်အကျင့်က ညကိုမြတ်နိုးလွန်းခြင်းပါ။ တိတ်ဆိတ်၊ ငြိမ်သက်လို့ မျက်စိရောနားပါ အေးချမ်းလှတဲ့ ညပိုင်းအချိန်တွေကို အိပ်ပစ်ရမှာ အတော်ကြီးကို နှမြောပါရဲ့။ ညဘက်တွေမှာ အစောဆုံးအိပ်ဖြစ်တဲ့ရက်ဆိုရင် ၁၂နာရီပါ။ များသောအားဖြင့်တော့ ၁နာရီနောက်ပိုင်းမှပဲ အိပ်ဖြစ်ပါတယ်။ တစ်ချို့ရက်တွေမှာဆိုရင် မနက်လင်းအားကြီး ၃နာရီလောက်မှပဲ အိပ်ဖြစ်တတ်ပါသေးတယ်။ အဲဒီလောက်ညဥ့်နက်အောင်နေတဲ့ အကျိုးကတော့ မနက်ဘက်မှာ အိပ်ရာထနောက်ကျလေ့ရှိခြင်းပါ။

မနက်ဆိုရင် ၆နာရီအမီ မနည်းကုန်းရုန်းထယူရလေ့ရှိပါတယ်။
အခြေခံပညာကျောင်းသားဘ၀ကရော၊ တက္ကသိုလ်ကျောင်းသားဘ၀တုန်းကပါ မနက် ၅နာရီမှာ အိပ်ရာထတဲ့ရက် မရှိသလောက်ရှားပါတယ်။ ခရီးသွားစရာရှိလို့ စောစောထရမယ်ဆိုရင်တော့ တစ်ညလုံးမအိပ်ဘဲနေလိုက်တာက ပိုသေချာပါတယ်။ မနက်လင်းအားကြီးပိုင်းမှာကန်တဲ့ ဘောလုံးပွဲတွေကြည့်ချင်ရင်လည်း နှိုးစက်ချပြီးအိပ်ရာကထတာထက် မအိပ်ဘဲထိုင်စောင့်မှ အဆင်ပြေပါတယ်။ မအိပ်ဘဲနေလို့ရပေမယ့် အိပ်လိုက်မိရင်တော့ အထခက်လွန်းတာကြောင့်ပါ။ ကျောင်းသားဘ၀က ကိုယ်က family အတွင်းရေးမှူးဖြစ်တာကြောင့် ပျော်ပွဲစားခရီးတွေ စီစဉ်ရလေ့ရှိပါတယ်။ အဲဒီလိုအခါမျိုးဆိုရင်တော့ ညလုံးပေါက်မအိပ်ဘဲနေရတဲ့အပြင် နောက်ရက်တစ်ရက်လုံးလည်း တစ်မှေးမှမှေးခွင့်မရဘဲ ခရီးစဉ်စီစဉ်ရပေမယ့် အိပ်ငိုက်ခြင်းပြုခြင်းတော့ တစ်ခါမှမရှိခဲ့ဖူးပါ။ ဒါပေမယ့် အိပ်ရာထဲဝင်လိုက်မိရင်တော့ နှစ်ရက်လောက်တောင်ဆက်တိုက်အိပ်ယူရလေ့ရှိပါတယ်။

တကယ်ဆို မနက်အိပ်ရာထပျင်းရခြင်းဟာ ကိုယ့်ငယ်ငယ်က ဘ၀နေမှုပုံစံနဲ့ အများကြီးဆိုင်မယ်ထင်ပါရဲ့။ ကိုယ့်မိဘနှစ်ယောက်လုံးက ၀န်ထမ်းတွေဖြစ်တာကြောင့် မနက်ဆိုရင် ၇နာရီကျော်မှ အိပ်ရာတလေ့ရှိတာပါ။ ဈေးသူ၊ ဈေးသားတွေကတော့ မနက်၎နာရီထိုးရင် အိပ်ရာထကြရတာကြောင့် သားသမီးတွေပါ စောစာထရင်း အကျင့်ရကုန်တယ်ထင်ပါရဲ့။ ကိုယ့်မှာတော့ ငယ်ဘ၀တစ်လျှောက်လုံး ကျင့်ခဲ့တဲ့ ဒီအကျင့်ဆိုးကြောင့် တော်တော်လေးကို ပြဿနာဖြစ်ရပါရဲ့။ ကိုယ်ပိုင်လုပ်ငန်းခွင်ထဲရောက်တော့ မနက်စောစောထရပါရောလား။ အဲဒီမှာတင် မကြာခဏဆိုသလို အိပ်ရာထနောက်ကျတဲ့ ဆိုးကျိုးကြီးကို ခံရပါရဲ့။ ညဘက်အအိပ်အနေနဲတဲ့အပြင် မနက်စောစောထတဲ့ အကျင့်ကလည်း ကောင်းကောင်းမရှိတာကြောင့် ကိုယ့်ကိုယ်ကို စိတ်ညစ်ရပေါင်းလည်း မနည်းတော့ပါ။

နှိုးစက်ချပြီးအိပ်ပြန်တော့လည်း နှိုးစက်ကိုပိတ်ပြီး ပြန်အိပ်မိတတ်ပါသေးတယ်။
တစ်ခါတစ်ခါ မနက်မိုးလင်းရင် ကိုယ်ပိတ်ခဲ့တဲ့ နှိုးစက်ကိုပြန်ကြည့်ရင်း ဘယ်သူများပိတ်သွားပါသလဲဆိုတာတောင် ပြန်စဉ်းစားယူရပါသေးရဲ့။ နှိုးစက်မြည်ရင် ထပိတ်ရမယ်ဆိုတာကို စိတ်ရောခန္ဓာကိုယ်ကပါ အလိုအလျောက်လုပ်တဲ့အထိ ၀ီရိယကောင်းလွန်းပါတယ်။ ပြီးရင်တော့ ခပ်တည်တည်နဲ့ ပြန်အိပ်ပါလေရော။ အဆိုးတကာ့ အဆိုးဆုံးကတော့ ကိုယ်အိပ်တာကို သူများလာနှိုးရင် စိတ်တိုတတ်ခြင်းပါ။ ပြောမပြတတ်အောင် စိတ်တိုလေ့ရှိတာကြောင့် ကိုယ်အိပ်နေရင် မနှိုးရဲကြတာ များပါတယ်။ တော်တော့်ကို အားကျစရာကောင်းတဲ့ ဂုဏ်အပုတ်တွေပဲလို့ ကိုယ့်ကိုယ်ကို အမွှမ်းတင်လိုက်ချင်ပါသေးရဲ့။

ဒီမနက်လည်း ၇နာရီထိုးကာနီးမှ အိပ်ရာကနိုးလာတာကြောင့် သင်တန်းချိန်တစ်ချိန်လွတ်ရပါတော့တယ်။ စိတ်တိုလိုက်တာ မပြောပါနဲ့တော့။ ခက်တာက စိတ်တိုရမှာက ကိုယ့်ကိုယ်ကိုဖြစ်နေတာကြောင့် ဆူလို့၊ ငေါက်လို့ မရတဲ့သူဖြစ်နေလေရဲ့။ စိတ်ပျက်လက်ပျက်နဲ့ ဆိုင်တစ်ဆိုင်ဝင်လို့ မနက်စာစားရင်း ဒီpostကို ရေးမိပါတယ်။ ကိုယ့်ဝီရိယကို ဂုဏ်ယူလို့ မရှက်တမ်းကြွားခြင်းလို့လည်း ယူဆချင်ယူဆလို့ ရနိုင်ကောင်းပါတယ်။

ဒါပေမယ့် နောက်တစ်ခါ ဒီpostမျိုးထပ်တင်စရာမလိုအောင် ကိုယ်ကျိုးစားပါတော့မယ်။ ညဘက်သန်းခေါင်ကျော်ထိမနေတော့ဘဲ မနက်ပိုင်းကို ၅နာရီကျော်ကျော်လောက်မှာ ထနိုင်အောင် ပြင်းပြင်းထန်ထန်(ကိုယ့်အတွက်တော့ တော်တော်ကြီးကို ပြင်းထန်ပါတယ်) လေ့ကျင့်ရပါလိမ့်မယ်။
လူဆိုတာ ကိုယ့်အားနည်းချက်ကိုသိရင် ပြင်မှပဲတိုးတက်မယ် မဟုတ်ပါလား။
သိလျက်နဲ့ ပေတေပြီး လူမိုက်လုပ်နေခဲ့တာတွေကို ဒီနေ့နောက်ဆုံး ပြည်ဖုံးကားချလို့
ဝီရိယအပြည့်နဲ့နိုးထလာမယ့် နေ့သစ်မနက်ဖြန်ကို စောင့်ရင်း...

No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger