ဒီညအင်တာနက် လိုင်းကောင်းလိုက်တာ။
စိတ်ချမ်းသာစရာပဲ။ ကိုယ့်မှာ 3G Network လဲ မသုံးနိုင်သေးတော့ 2G နဲ့ မှိန်းသုံးနေရတယ်။ ဘာပဲဖြစ်ဖြစ် အဆင်ပြေပြေလေး သုံးနေရတာပဲ ကျေးဇူးတင်ရဦးမယ်။
ပြဿနာက အွန်လိုင်းသုံးနေတဲ့အချိန်မှာ ဖုန်းဆက်လို့မရတာပါပဲ။ အွန်လိုင်းသုံးဖို့ Mobile Modem ၀ယ်ရပြန်တော့လည်း အလကားနေရင်း ငွေနှစ်သိန်းလောက်ချောမယ့်အရေးဆိုတော့ နှမြောပါတယ်။ ဒါကြောင့် ရှိတဲ့ဖုန်းလေးကိုပဲ USB နဲ့ချိတ်ပြီး အွန်လိုင်းသုံးရပါတော့တယ်။
နေ့လည်ပိုင်းတွေဆိုရင် လိုင်းပေါ်သိပ်မတက်ရဲပါ။ တော်ကြာ အရေးကြီးတဲ့ဖုန်းတွေဝင်လာရင် ကိုယ့်ကိုခေါ်လို့မရတာကြောင့် ခက်မှာစိုးရပါသေးတယ်။ တစ်လတစ်လကို ဖုန်းပြောလို့ကုန်တဲ့ငွေက မြန်မာငွေ ၂၀၀၀တောင် သိပ်မကျော်ချင်ပေမယ့် အွန်လိုင်းစရိတ်ကတော့ ၁၀၀၀၀နီးပါးလောက်ချောပါတယ်။ ဒါပေမယ့်လည်း အိုးမကွာ၊ အိမ်မကွာလေး အွန်လိုင်းပေါ်တက်နေနိုင်တာကိုပဲ ၀မ်းသာရပါဦးမယ်။
အွန်လိုင်းပေါ်တက်တယ်ဆိုပေမယ့် ကိုယ့်မှာက သူများတွေလို စကားပြောဖော်မိတ်ဆွေ သိပ်မရှိတာကြောင့်
( ကိုယ်တိုင်ကလည်း မိတ်ဆွေများများထားဖို့ အားမသန်ပါ) Gtalk လည်း သိပ်မသုံးဖြစ်ပါ။ မိတ်ဆွေဆိုလို့ အိပ်မက်မှာကဗျာရေးဖက်၊ စာရေးဖက်ဖြစ်တဲ့ ဆော်ဒီရောက် ကိုလင်းရယ်၊ စင်္ကာပူမှာဘွဲ့လွန်တက်နေကြတဲ့ သူငယ်ချင်းသုံးလေးယောက်ရယ်၊ မြန်မာပြည်အရပ်ရပ်မှာ တာဝန်ကျနေကြတဲ့
သူငယ်ချင်းနှစ်ယောက်ရယ်ပဲ ရှိတာပါ။ ဒါကြောင့် သူများတွေလို လိုင်းပေါ်တက်တိုင်း စကားပြောနေရတဲ့ ဒုက္ခကတော့ တော်တော်ကင်းပါတယ်။ ကိုယ်ဝါသနာပါတဲ့ စာလေးတွေဖတ်၊ ကိုယ့်လုပ်ငန်းနဲ့သက်ဆိုင်တဲ့ စာတွေလေ့လာ၊ ကိုယ့်မဖြစ်ညစ်ကျယ်ဘလော့လေးမှာ ရေးချင်ရာလေးတွေရေးနဲ့ တော်တော်လေးတော့ စိတ်ချမ်းသာစရာကောင်းတယ်လို့ ထင်တာပါပဲ။
မနေ့တစ်နေ့ကတော့ အင်တာနက်ဂျာနယ်မှာ British Council ကနေ အွန်လိုင်းအင်္ဂလိပ်စာအခမဲ့သင်တန်းအကြောင်း ရေးထားတာဖတ်လိုက်ရတယ်။ ကိုယ့်အင်္ဂလိပ်စာလေး တိုးတက်အောင်တော့ သင်ဦးမှလို့ စိတ်ကူးရပါတယ်။ ပညာလိုအိုသည်မရှိဆိုတာသိပေမယ့် ကောင်းတာလုပ်ရမှာ ရှက်တတ်တဲ့ ဗမာပီပီ ကြီးကောင်ကြီးမနဲ့ အင်္ဂလိပ်စာသင်တန်းမှာ သွားထိုင်ရမှာရှက်တဲ့ ကိုယ်တို့လိုလူတွေအတွက် အကောင်းဆုံးဝန်ဆောင်မှုပေးတဲ့ ဌာနကို ကျေးဇုးတင်သလို အင်တာနက်ကိုလည်း ကျေးဇူးအနန္တပါ။ ။

No comments:
Post a Comment