Monday, 4 October 2010

ပုဆိုးသွားဝယ်တယ် . . .

ပုဆိုးဝတ်စရာမရှိတော့တာနဲ့
ဝယ်နေကျဆိုင်မှာ
နေ့လည်က ပုဆိုးသွားဝယ်ပါတယ်။ ကိုယ့်မှာလည်း ပုဆိုးဆိုလို့ တပည့်လေးတွေကန်တော့ထားတဲ့ ပုဆိုးနှစ်ထည် ရေလဲပုဆိုးနှစ်ထည်ပဲ ရှိတာကြောင့် ဘုရားပွဲ၊ ကျောင်းပွဲကို မလွှဲမရှောင်သာ သွားရတဲ့အခါ တော်တော်ဒုက္ခရောက်ပါတယ်။ တစ်ခါလာလည်း ဒီပုဆိုး၊ နောက်တစ်ခါလည်း ဒီပုဆိုးနဲ့ ဆရာဒါဝတ်ဖြစ်နေတာ နှစ်ချီနေပါပြီ။

အဲဒီလိုပြောတော့
ကိုယ့်ကို အနောက်တိုင်းဝတ်စုံတကားကားနဲ့ ဘိုစော်နံတဲ့ပုဂ္ဂိုလ်ကြီးလို့ ထင်သွားရင် မှားပါလိမ့်မယ်။ ကိုယ့်အရွယ်တန်းတွေထဲမှာ ကိုယ်လောက်မြန်မာစာ၊ မြန်မာမှုကို မြတ်နိုးတဲ့သူ တော်တော်လေးရှားမယ်ထင်ပါတယ်။ ရတု၊ ရကန်၊ အဲချင်း၊ လူးတားအစ ဇာတ်သဘင်အလည် ရိုးရာအားကစားအဆုံး အားလုံးမြတ်နိုးတာပါ။

ဒီလောက်မြန်မာမှုကို မြတ်နိုးပါလျက်က
ဘာကြောင့်ပုဆိုးဝတ်ဖို့ ၀န်လေးရသလဲဆိုတော့ မတန်လို့ပါ။
ခုခေတ်ပုဆိုးဈေးကွက်မှာ ထိပ်တန်းကနေရာရထားတဲ့ ဦးဂျမ်းတံဆိပ်ပိုးတွဲတစ်ထည်ကို ၁၀၀၀၀ကျော်ပါတယ်။ အသင့်အတင့်ဆိုရင် ၅၀၀၀နီးပါးပေးရပါတယ်။ ကျန်တဲ့တံဆိပ်တွေကိုတော့ ကိုယ်လည်းသိပ်မသိပါ။ ဒါပေမယ့် ကျန်တဲ့ပုဆိုးတွေကတော့ တစ်ရေ၊ နှစ်ရေများလျှော်ပြီးသွားရင် ခြင်ထောင်လောက်နီးနီး ပါးလာပြီး နေပူထဲတောင် မထွက်ရဲလောက်အောင် ကောင်းတာတော့  သိပါတယ်။

အဲဒီကောင်းလှပါတယ်ဆိုတဲ့ ဦးဂျမ်းပုဆိုးကလည်း သုံးလေးလ၀တ်ပြီးရင် လက်နှီးစုတ်ရောင်ပေါက်ချင်ချင်ဖြစ်လာပြီး ဘယ်ပွဲမှာမှ ၀တ်လို့အဆင်မပြေတော့တာကြောင့် အိမ်နေရင်းဝတ်ရတဲ့ပုဆိုးဘ၀ ရောက်လေ့ရှိပါတယ်။ သုံးထည်လောက်ဝယ်ပြီး အလဲအလှယ်နဲ့ဝတ်ပါမှ သုံးလေးလလောက် ပွဲလည်တင့်သာရုံရှိပါတယ်။ ဘောင်းဘီရှည်တစ်ထည်ကို ၂၀၀၀၀ကျော်ကျော်ပေးပြီးဝတ်ရင် အနည်းဆုံးတော့ ၂နှစ်ကျော်ကျော် လှလှဝတ်နိုင်ပါတယ်။ ဒါတောင်အရောင်ကျခဲပါတယ်။ ကိုယ့်ဘောင်းဘီတွေကတော့ အရောင်ကျတာထက် လူကပေါင်ချိန်တက်တက်လာတာကြောင့် မတော်တော့လို့ သိမ်းထားလိုက်တာကလွဲပြီး ဘာမှတောင် ပုံမပျက်၊ အရောင်မလွင့်ပါ။ ဒါကြောင့် ဈေးတွက်တွက်လို့ ပုဆိုးကို မလွှဲသာမှဘဲ ၀တ်ပါတော့တယ်။ မြန်မာမှုကို မြတ်နိုးတာကတခြား၊ တန်ဖိုးနဲ့ထိုက်ထိုက်တန်တန်ရတာကို အားပေးတာက တခြားစီပါပဲ။

တကယ်တော့ ပုဆိုးဆိုတာ
မြန်မာအမျိုးသား အားလုံးအတွက် မရှိမဖြစ်တဲ့ အခြေခံပစ္စည်းပါ။ ထမင်းမစားဘဲနေလို့ရချင်ရပါလိမ့်မယ် ပုဆိုးမပါဘဲတော့ ဘယ်သူမှနေလို့ရမှာမဟုတ်တာ သေချာပါတယ်။ အဲဒီလောက် အခြေခံကျတဲ့ ပုဆိုးတွေဟာ အဆင်တွေ၊ အပြင်တွေလှရုံပဲ ဦးစားပေးထားပြီး
ခိုင်ခန့်မှုကို နည်းနည်းလေးမှ ဂရုမစိုက်ကြတာ စိတ်ပျက်စရာကောင်းလွန်းပါတယ်။ ပြည်တွင်းဖြစ်အရည်အသွေးကို အားမရတာများလာပြန်တော့ ကိုယ်တို့မှာ ပြည်ပအားကိုး၊ ပုဆိန်ရိုး ဖြစ်မှန်းမသိဖြစ်လာပါရော။ ပုဆိန်ရိုးဖြစ်ကာမှ ဖြစ်ရော၊ ကိုယ့်ငွေကိုတော့ အလဟဿအဖြစ်မခံနိုင်ကြတာ လူတိုင်းရဲ့ဆန္ဒပါ။ ကိုယ့်မှာလည်း အားလုံးကိုလိုက်ပြီးဆော်သြနိုင်လောက်အောင် စွမ်းတဲ့အဆင့်မဟုတ်လေတော့ ယောနိသောစိတ်လေးမွေးရင်း အဆင်ပြေတဲ့ဘောင်းဘီပဲစွတ်လို့ ချီတက်နေခဲ့ရတာ ဆယ်စုနှစ်မကတော့ပါ။

လွန်ခဲ့တဲ့လက စိတ်ကူးပေါက်တာကြောင့်
လည်ကတုံးအင်္ကျံအဖြူ သုံးလေးထည်ဝယ်ထားမိပြန်တော့ တွဲဝတ်စရာပုဆိုးက လိုလာပြန်တာမို့ ဒါဝတ်ဘ၀က ကျွတ်အောင် အထက်မှာပြောခဲ့သလို ဆိုင်သွားလို့ ပုဆိုးအ၀ယ်တော်ဖွင့်ရပါတော့တယ်။ မြင်ရင်လိုချင်တတ်တဲ့ လူ့သဘာဝအရ မြင်တာလေးတွေဝယ်လို့ ငွေရှင်းတော့ ထင်ထားတာထက်သက်သာနေတာ သတိထားမိပါတယ်။ စိတ်ထဲကတော့ ကုန်ဈေးနှုန်းတွေ တော်တော်ကျကုန်တာပဲ၊ ကောင်းလိုက်တာလို့ မုဒိတာလေးတောင် ပွားလိုက်မိပါသေးတယ်။

အိမ်ပြန်ရောက်လို့ ၀ယ်လာတာလေးတွေ စစ်ကြည့်၊ ၀တ်ကြည့်ရင်း မသင်္ကာသလိုဖြစ်လာတာကြောင့် ပစ္စည်းတွေအားလုံး စာရင်းလုပ်ပြီး သင့်ငွေကိုပေါင်းကြည့်တော့ ဆိုင်ရှင်က အတွက်မှားပြီး အမှန်တကယ်ကျသင့်ငွေအောက် တစ်သောင်းကျော်လျှော့တွက်ထားတာ သွားတွေ့ပါတော့တယ်။ မညာတမ်းဝန်ခံရရင်တော့ အလကားရရင်ပျော်တတ်တဲ့ လူ့သဘာဝအတိုင်း စိတ်ထဲမှာတော့ ပျော်သလိုလိုဖြစ်သွားပါသေးတယ်။
တစ်သောင်းကျော်ကျော်ဆိုတော့ အင်္ကျံတစ်ထည်အလကားရတာပေါ့လို့တွေးလိုက်မိသေးတာလည်း အဆစ်ပါလိုက်သေးရဲ့။

ပစ္စည်းတွေပြန်စီရင်း
ဆိုင်ရှင်ခမျာ အတွက်မှားလို့ အမြတ်အပြင်၊ အရင်းပါရှုံးနေပေမယ့် ကိုယ်ပြန်မပေးလည်း သူကတော့သိမှာမဟုတ်သလို၊ ဒီလောက်ငွေဆိုတာ သူ့အတွက် လက်ဖက်ရည်ဖိုးသာသာပဲ ရှိမှန်းလည်း ကိုယ်နားလည်ပါတယ်။ ဒါပေမယ့် ရိုးသားခြင်းဆိုတာ အသေးအဖွဲလေးတွေမှာပဲတောင် လူမသိလည်းရိုးသားမှ စစ်မှန်သောဖြူစင်ရိုးသားခြင်းဖြစ်တယ်ဆိုတာ သွားတွေးမိလိုက်တော့ စောစောကအမှတ်မထင်ပေါ်လာတဲ့ လူ့သဘာဝအခြေခံစိတ် ပျောက်သွားပြီး ချက်ချင်းပြန်ပေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ခိုင်မာသွားပါတော့တယ်။

နေပူကျဲကျဲကြီးမှာပဲ အိမ်ကထွက်ပြီး ဆိုင်ကိုပြန်သွားပြီး ၀ယ်တဲ့ပစ္စည်းစာရင်းနဲ့ သင့်ငွေကိုပြပြီး လိုနေတဲ့ငွေကို ပြန်ပေးလိုက်ပါတယ်။ ဆိုင်ရှင်ကတော့ အံ့သြချင်အံ့သြပါလိမ့်မယ်။ ကိုယ့်ကိုလည်း လူထူးဆန်းလို့ ထင်ကောင်းထင်နိုင်ပါတယ်။ သူ့ဖာသာ ဘယ်လိုထင်ထင် ကိုယ်ကတော့ ဘာမှမစဉ်းစားပါ။ အခုလိုပြန်ပေးတာကိုက သူ့ကိုစာနာစိတ်ကတစ်ပိုင်းပါသလို၊ ကိုယ့်အတ္တကို အရောင်တင်ချင်စိတ်ကလည်း မပါဘူးလို့လည်း မပြောနိုင်ပါ။

ဘာပဲဖြစ်ဖြစ်
ကိုယ်ကတော့ ကိုယ့်သိက္ခာနဲ့၊ လိပ်ပြာကို ပြန်သန့်စင်အောင်လုပ်နိုင်လို့
ရင်ထဲမှာတော်တော် ကျေနပ်သွားတာ သေချာပါရဲ့။
သိန်းထောင်ချီရင်းထားတဲ့ စတိုးဆိုင်ကြီးကနေထွက်လို့ အိမ်ပြန်လာတဲ့ အပြန်ခရီးမှာတော့ ခြစ်ခြစ်တောက်နေတဲ့နေရောင်အောက်မှာတောင်
ရင်ထဲမှာကြည်နူးအေးမြနေပါသေးရဲ့။ ။

2 comments:

ရွှေရတုမှတ်တမ်း said...

ကဲ...ရိုးရာအားကစား မြတ်နိုးရင်...ကြက်ဖခွပ်ပြိုင်ကြစို့လား..
သူ့ body နဲ့ ရှုံးမှာသေချာတယ်...အ ဟတ်ဟတ်...
ပုဆိုးကတော့ ငယ်ငယ်ကထဲကမကြိုက်လို့ ဝတ်လေ့ဝတ်ထမရှိပါဘူး..မြဲအောင်မဝတ်တတ်လို့ ခနခနကျွတ်ကျတာကြောင့်လဲပါတယ်..နောက်ပြီး ပုဆိုးက ဗမာ့အမျိုးသားဝတ်စုံမဟုတ်ဘူး..ကူလီကုလားတွေဆီကယူထားတာ ရှေးရှေးကဗမာတွေဝတ်တာက ဘောင်းဘီ..ဆရာကြီးဒေါက်တာသန်းထွန်းကိုယ်တိုင်ပြောတာ..ကျနော်တို့ဘိုးအေတွေက တောင်ရှည်ဝတ်တာ...တိုက်ပုံကတရုတ် ပုဆိုးက ကုလား မို့ ကျနော်တော့တခုမှ မဝတ်ပေါင်ဗျာ..

Han Kyi said...

အေးဗျ...ကိုကြီးကျောက်ပြောမှပဲ ပညာတိုးရတော့တယ်...ကျွန်တော်က ပုဆိုးဆိုတာ တောင်ရှည်ကနေဆင်းသက်လာတာလို့ အမှတ်မှားနေတာ...ဒါဆိုကျွန်တော်တို့က ငါတို့လူမျိုးသူခိုးရှိသည် ဖြစ်နေပါရောလား...ကိုကြီးကျောက်နဲ့တော့ ကြက်ခွပ်မပြိုင်ရဲပေါင်ဗျာ...ကြက်တက်စူးမှာကြောက်လို့...

ကြိုက်ရင်ပေါ့လေ . . .