ကျောင်းသားတွေ ကို အားမရသေးပါ...
ဒီတစ်ပတ်စာမေးပွဲစစ်လိုက်တာ ကလေးတွေ တော်တော်ကျကုန်တာ တွေ့ရပါတယ်။ မေးရိုးမေးစဉ်ကနေ ပုံစံပြောင်းပြီး ကလေးတွေရဲ့ နားလည်မှုစွမ်းရည်နဲ့ ပင်ကိုယ်အသိဖွံ့ဖြိုးမှုကို စစ်ကြည့်လိုက်မိလို့ပါ။ ကိုယ်တို့ကလေးတွေဟာ ဒါမြင်ရင်ဒါလုပ်ဆိုတဲ့ ကြက်တူရွေးစာသင် နည်းစံနစ်နဲ့ ခေါက်ရိုးကျိုးနေကြတာဖြစ်လို့ ဆက်စပ်တွေးခေါ်တတ်တဲ့ Consequential thinking ဥာဏ်ရည်ပိုင်းဆိုင်ရာမှာ တော်တော်ကြီးကို ဆိုးဆိုးဝါးဝါး အားနည်းနေတာတွေ့ရပါတယ်။ ကိုယ်လည်း နည်းပေါင်းစုံသုံးလို့ ပြုစုပျိုးထောင်ပေးနေပေမယ့် အခုထိတော့ လိုချင်တဲ့ပုံစံကို မရောက်လာသေးပါ။
ခက်တာက
ဒီဘက်ခေတ် ကျောင်းသားတွေရော၊ မိဘတွေကပါ အောင်ရင်ပြီးရောဆိုတဲ့ အတွေးမျိုးတွေ ခေါင်းထဲမှာ ၀င်နေကြတာပါပဲ။ တတ်မတတ်က လူမသိဘူး၊ အောင်မအောင်ဘဲ လူသိတယ်ဆိုတဲ့ ခပ်ညံ့ညံ့အတွေးတွေရှိနေကြတဲ့ ကလေး၊ လူကြီးတွေနဲ့ ရင်ဆိုင်နေရတာဆိုတော့ ကိုယ့်မှာသူ့အကြိုက်၊ ကိုယ့်အကြိုက်ညှိလို့ အောင်လည်းအောင်၊ တတ်လည်းတတ်ဖြစ်အောင် ကြိုးစားပေးနေရပါတယ်။ မတတ်ရင်လည်း ကိုယ့်တာဝန်မကျေသလို၊ တိုင်းပြည်ကို ဒုက္ခပေးဖို့
တတ်ယောင်ကား ဘွဲ့ရလူပိုတစ်ယောက်မွေးထုတ်ပေးမိပါလိမ့်မယ်။ တတ်ပြီးမအောင်ပြန်ရင်လည်း ကိုယ့်ထမင်းအိုး မှောက်ပါလိမ့်မယ်။
ဒီအနေအထားနှစ်ရပ်လုံးက
ကင်းအောင်လုပ်ရတဲ့အသက်မွေးဝမ်းကြောင်းဟာ အမြင်သက်သာမယ်ထင်ရသလောက်
လက်တွေ့သိပ်မသက်သာလှပါ။
ကိုယ့်ဆီကိုရောက်လာကြတဲ့ ကျောင်းသူ၊ ကျောင်းသားအများစုကတော့ ဘုရားစူးတက္ကသိုလ်ဝင်တန်း ကျောင်းသားတွေများပါတယ်။ ဒီတစ်ပတ်စာမေးပွဲမှာ သင်္ချာကို ဘဲဥမကွဲအောင် ဖြေပြသွားတဲ့ကျောင်းသူက ရှိပါသေးတယ်။ အသက်၁၆နှစ်အရွယ် တက္ကသိုလ်ဝင်တန်းအဆင့် ကျောင်းသူတစ်ယောက်ဟာ
၁၀၀၀၀ထဲက ၃၄၈ကို မနုတ်တတ်တာ ပြောမယုံကြုံဖူးမှပဲ သိပါလိမ့်မယ်။ ဂဏန်းတွက်နေရင် လက်ချိုးပြီးပေါင်းနေကြတုန်းပါပဲ။ ၁၅၀ကို ၁၃နဲ့ မစားတတ်ပါ။ အနုတ်ကိန်းအချင်းချင်းတွေ့ရင် ပေါင်းပေးရမယ်ဆိုတာ မသိပါ။ အင်္ဂလိပ်စာမှာ Subject, verb, object ဆိုတာ ဘာတွေကိုခေါ်သလဲ မသိပါ။ ခပ်ရှင်းရှင်းပြောရရင်တော့ မြန်မာအက္ခရာစုစုပေါင်းဘယ်နှစ်လုံးရှိသလဲဆိုတာလည်း မသိပါ။ ဋသံလျင်းချိတ်ကို မရေးတတ်ပါ။ ဒီကလေးတွေကို တတ်လည်းတတ်၊ အောင်လည်းအောင်ရအောင် ကြိုးစားနေရတဲ့ အနေအထားဆိုတော့ ဘယ်လောက်ခက်မလဲဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။
ရောက်လာတဲ့ကျောင်းသား ၈၀ရာခိုင်နှုန်းက အောက်သက်မကျေပါ။ အခြေခံပညာ တစ်စက်ကလေးတောင် မပါလာပါ။ ဒီလိုပြောလို့ ကိုယ်ကတော့ ကျောင်းသားတွေကို သင်နေရတာ တော်တော်စိတ်ပျက်နေတယ်လို့လည်း ယောင်လို့တောင် မတွေးစေချင်ပါ။ အောက်ခြေမပါတဲ့ကလေးကို တတ်အောင်သင်ရတာဟာ ကိုယ့်ရဲ့အရည်အသွေးကို အစွမ်းကုန်ထုတ်ပြီး ကြိုးစားပေးရတာမို့ ကိုယ့်ရည်ကိုယ်သွေး ပိုတိုးတက်စေတာမို့ ပျော်ပါတယ်။ ဒါပေမယ့် ကလေးတွေအကျိုးအတွက် တွေးလိုက်မိတိုင်း ရင်ထဲမှာ ဘယ်လိုမှမကောင်းပါ။ သူ့အဆင့်၊ သူ့အတန်းနဲ့ ထိုက်သင့်တဲ့ အသိဥာဏ်မျိုးသာ အောက်ခြေအတန်းတွေတုန်းက ထည့်ပေးလိုက်ရင် တက္ကသိုလ်ဝင်တန်းအဆင့်မှာ အခုလို တပင်တပန်းလုပ်စရာမလိုသလို အောင်မြင်မှုလည်း ပိုရမှာသေချာပါတယ်။ တစ်ခါတစ်ခါ ခပ်လွယ်လွယ်ပုစ္ဆ္တာလေးကိုတောင် ခက်ခက်ခဲခဲဖြေရှင်းနေရတဲ့၊ အင်္ဂလိပ်စာ တစ်လုံးဖတ်ဖို့ ရေးဖို့ အကြိတ်အနယ်ကြိုးစားနေရတဲ့ ကျောင်းသားလေးတွေကို ကြည့်ရင်း ရင်ထဲမှာ တော်တော်ခံစားရပါတယ်။ တကယ်ဆို ကလေးတွေဒီလောက် မပင်ပန်းသင့်ပါ။
ကလေးတွေပင်ပန်းတာ လူကြီးတွေအသုံးမကျလို့ပါ။
ကျောင်းသားတွေ မသက်သာတာ ဆရာတွေညံ့လို့ပါ။
အခုတော့
အခြေခံကို ကျေညက်အောင်ထည့်မပေးနိုင်ဘဲ အထက်ဆင့်ကိုတင်လွှတ်တာကြောင့် ကလေးတွေမှာ ၀န်ပိကုန်ပြီးတော့ သင်ခန်းစာတွေကိုရော၊ ပညာရေးကိုပါ အာရုံစိုက်မှုကျကုန်တော့တာပါပဲ။ မရရင်ရအောင်ကြိုးစားမယ်၊ မလွယ်ရင်လွယ်အောင်နည်းလမ်းရှာမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ကျောင်းသားဆိုတာ တစ်ရာမှာသုံးယောက်တောင် မရှိပါ။ ဒါလည်း သဘာဝကျပါတယ်။ ကလေးဆိုတာ နိုင်တဲ့ဝန်ပဲထမ်းချင်ကြတာချည်းပါပဲ။ အခုတော့ ကိုယ်ခံပညာမတတ်ဘဲနဲ့ သတ်ကွင်းထဲကိုလွှတ်ခံရသလို ဖြစ်နေကြတဲ့ ကျောင်းသားလေးတွေမှာ တစ်ဘက်ရန်သူက တိုက်ခိုက်တာကို လည်စင်းအသေခံဖို့ စောင့်နေကြသလိုပါပဲ။ စာမေးပွဲကျဖို့ အချိန်ကုန်၊ ငွေကုန်ခံနေကြရတာကြီးကိုက နည်းနည်းမှ သဘာဝမကျလှပါ။
ကိုယ်တို့ တက္ကသိုလ်ဝင်တန်းအဆင့်ဆရာတွေမှာ ဘာမှရွေးစရာမရှိပါ။
အောက်တန်းတွေက မတတ်တစ်တတ်နဲ့ အတန်းတင်လွှတ်လိုက်တဲ့ကလေးတွေကို မတတ်လည်းတတ်အောင်၊ အတင်းကြိတ်မှိတ်ပြီး ရုန်းကန်ပေးကြရတော့တာပါပဲ။ တကယ်လို့ အောက်တန်းအဆင့်ဆရာများကသာ သူတို့တင်ပေးတဲ့ကျောင်းသားအပေါ်မှာ တာဝန်ကျေရင်၊ အောင်စာရင်းအပေါ်မှာ တန်ဖိုးထားရင်၊ ကိုယ့်အလုပ်ကိုလေးစားရင် ဘယ်လောက်လှပလိမ့်မလဲလို့ မကြာမကြာတွေးမိပါတယ်။ အခုတော့ ကိုယ်တို့အဆင့်က ဆရာတွေမှာ ငါးတကာယိုထားတဲ့ချေးတွေ ပုဇွန်ခေါင်းမှာလာစုနေသလို အတန်းစဉ်ဖျက်ဆီးခံထားရသလိုဖြစ်နေတဲ့ ကလေးတွေကို သနားစိတ်တွေနဲ့ သိက္ခာတွေရင်းပြီး တွန်းတင်ပေးနေကြရပါပေါ့လား . . .
အတွေးတွေ အသိတွေထက် အလုပ်က ပိုများရမှာ နိယာမဖြစ်ပါတယ်။
ရွေးစရာမရှိသလို၊ ရွေးလည်းမရွေးသင့်တဲ့ အနေအထားမှာ ကိုယ့်အလုပ်ကတော့ ရောက်လာသမျှကလေးတွေအတွက် အကောင်းဆုံးဖြစ်အောင် နည်းပေါင်းစုံသုံးပြီး သူတို့အောင်မြင်မှုအတွက် ကြိုးစားပေးရမှာပါ။ သူတို့အောင်မြင်မှုဆိုတာ တကယ်တမ်းဆိုရင် ကိုယ်အောင်မြင်မှုပဲမို့ ကလေးတွေမျက်နှာကို မှန်လိုကြည့်ရင်း ဒီထက်တိုးတက်လာအောင် ကြိုးစားပေးရုံကလွဲလို့ ဘာမှလုပ်စရာမရှိပါ။ ဘယ်သူ့ကိုမှလည်း အပြစ်မပြောချင်တော့ပါ။ အပြစ်တင်နေရင် အချိန်ကုန်ရုံသာရှိမှာမို့ လုပ်စရာရှိတာကိုပဲ ဆက်လုပ်ရပါလိမ့်မယ်။ ဒါမှကိုယ့်ကို သင်ပေးထားတဲ့ပညာ၊ ကိုယ်ရပ်တည်နေတဲ့ တိုင်းပြည်၊ ကိုယ်ပြောနေတဲ့စကား၊ ကိုယ်စားနေတဲ့ထမင်းအပေါ် တာဝန်ကျေနိုင်မယ် မဟုတ်ပါလား။ ။

No comments:
Post a Comment