Sunday 10 October 2010

အသက်နှစ်ထောင် ဂုရုကျောက် . . .

အားကျတယ် . . .

ဒီပုံက ကိုယ်လေးစားတဲ့ ဘလော့ဂါကြီး အသက်နှစ်ထောင် ဂုရုကျောက်ပုံပါ

ကိုယ့်ဘ၀မှာ အားကျခဲ့တဲ့သူ တော်တော်များများတော့ ရှိခဲ့ပါတယ်။ ကျောင်းသားဘ၀တုန်းက ကိုယ့်ထက်ထူးချွန်ကြတဲ့ ကျောင်းသားကြီးတွေကို လေးစားအားကျပြီး ကြိုးစားခဲ့ပါတယ်။ လူမှုရေးလောကထဲရောက်ပြန်တော့ ကိုယ့်ထက်လူမှုဆက်ဆံရေး ပါးနပ်ကောင်းမွန်တဲ့သူတွေကို အားကျခဲ့ပါတယ်။ ဘယ်နေရာမှာမဆို၊ ကိုယ့်ထက်တစ်ခုခု ထူးချွန်တဲ့သူတွေ့ရင် ဘယ်သူ့ကိုမဆို အားကျစိတ်နဲ့ အတုယူပြီး ကြိုးစားခဲ့တာ ဒီနေ့အထိပါ။

လူဆိုတာ အားလုံးကောင်းနေမယ်လို့ မျှော်လင့်ထားလို့မရတဲ့ သတ္တ၀ါတစ်မျိုးပါ။ ဒါ့အပြင် အားလုံးဆိုးတယ်လို့လဲ ကောက်ချက်ချလို့လဲ မရပြန်ပါ။ တစ်နေရာမှာကောင်းပေမယ့် တစ်နေရာမှာဆိုးနေနိုင်ပါတယ်။ အားလုံးဆိုးတယ်လို့ထင်ရပေမယ့် ကောင်းကွက်တစ်ကွက်လေးတော့လည်း ရှိနေနိုင်ပြန်ပါတယ်။ ကိုယ်ကတော့ ဘယ်သူ့ကိုမဆို ကောင်းကွက်လေးတွေမြင်အောင်ကြည့်လို့ လေးစားအတုယူစမြဲပါ။ ကိုယ်လေးစားအားကျသူတွေထဲမှာ နိုင်ငံကျော်ပုဂ္ဂိုလ်ကြီးတွေပါသလို ဆိုက်ကားသမား၊ ကားစပယ်ယာ၊ ခေါင်းရွက်ဈေးသည်တွေအထိ ပါပါတယ်။

ဒီဘလော့လောကထဲကို ယောင်လည်လည်ရောက်လာပြန်တော့လည်း လေးစားရမယ့်သူတွေ၊ အားကျရမယ့်သူတွေ အများကြီးထပ်ရပြန်ပါတယ်။ ဂုဏ်ယူစွာနဲ့ပဲ ၀မ်းသာအားရ အတုယူဖြစ်ပါတယ်။ အလုပ်များတဲ့သူမို့ ဘလော့တိုင်းကိုတော့လည်း မဖတ်ဖြစ်ပါ။ ဖတ်မိသလောက်ဘလော့တွေမှာတော့ ဘလော့ဂါတိုင်းလိုလိုမှာ တစ်ခုကောင်းလေးတွေရှိနေတာတွေ့ရတော့
ဒီလောကကို ရောက်လာရတာ ပျော်မိပါရဲ့။

မနေ့က စာရေးဖို့ ကိုယ့်ဘလော့ကိုရောက်တော့ ကိုယ်အားကျတဲ့ ကိုကြီးကျောက်ရဲ့ “ရွှေရတုမှတ်တမ်း”ဘလော့မှာ ပို့စ်အသစ်တက်နေတာတွေ့လို့ ၀မ်းသာအားရသွားဖတ်မိပါတယ်။ ကိုကြီးကျောက်က သရော်စာအရေးကောင်းတဲ့၊ ပွင့်ပွင့်လင်းလင်းလင်းရှိလွန်းတဲ့ ဘလော့ဂါကြီးဖြစ်တာမို့ သရော်စာသစ်တစ်ပုဒ်တော့ ဖတ်ရပြီအထင်နဲ့ သွားတာပါ။ ခေါင်းစဉ်ပေးထားတာလည်း
“ယမမင်းထံသို့ ခြေလှမ်း၁၈၀”ဆိုတော့ ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ ကျော်သူပါတဲ့ဇာတ်ကား “နေမင်းသို့ခြေလှမ်းကိုးဆယ်” ကိုသွားသတိရမိတာကြောင့်လည်းပါပါတယ်။

“ရွှေရတုမှတ်တမ်း”ကိုရောက်တော့ အထင်နဲ့အမြင် ပါစင်အောင်လွဲနေပါရော။ ကိုကြီးကျောက်က အသည်းကင်ဆာဖြစ်နေလို့ နောက်ဆုံးရက်ရောက်ဖို့ ခြောက်လပဲ လိုတော့တဲ့အကြောင်းကို ဟာသလေးနှောလို့ ရေးထားတာပါ။ ဖတ်ရင်းနဲ့ စိတ်မကောင်းဖြစ်မိသလို လေးလည်းလေးစား၊ အားလည်းကျမိပါရဲ့။ ဆရာဝန်ကိုယ်တိုင်က ဒီလိုသတ်မှတ်လိုက်တာတောင် ဟာသဖောက်မပျက်တဲ့လူမျိုး ဘယ်နှစ်ယောက်များရှိနိုင်လို့လဲလေ။ လူဆိုတာ ဘယ်လောက်ပဲသတ္တိကောင်းပါတယ်ပြောပြော နောက်ဆုံးအချိန်နဲ့ ရင်ဆိုင်ရတော့မယ်ဆိုတာသိရင်တော့ ကြောက်တတ်ကြတာ များပါတယ်။ ဒါပေမယ့် ကိုယ်တို့ဘလော့ဂါကြီးကတော့ ယမမင်းဆီမှာမေးမဲ့မေးခွန်းတွေ ဖြေနိုင်အောင် ကျူရှင်ပါယူချင်သေးတဲ့ပုံပါပဲ။

အသက်ဇီဝကို ဆွဲဆန့်တဲ့နေရာမှာ စိတ်ပိုင်းဆိုင်ရာက ပိုလို့အရေးပါပါတယ်။
“စိတ်ထောင်းတော့ ကိုယ်ကြေ” “စိတ်ပျိုတော့ ကိုယ်နု” စတဲ့ မြန်မာစကားပုံတွေလိုပါပဲ အသက်ရှင်သန်မှုဟာ စိတ်နဲ့တော်တော်ဆိုင်ပါတယ်။ ကိုယ်တို့ရဲ့ ကိုကြီးကျောက်ကတော့ နဂိုကတည်းက ခပ်ပျော်ပျော်၊ ခပ်ရွတ်ရွတ်ဆိုတော့ ဆရာဝန်ပြောတာထက်တော့ ပိုလို့အသက်ရှည်ဖို့များပါတယ်။ ပိုလို့လည်း ရှည်စေချင်ပါတယ်။ ဇာတာထဲမှာရေးထားတဲ့ အသက်၁၂၀ရှည်စေသော်ဝ်ဆိုတဲ့ ဆုတောင်းပြည့်တဲ့အထိ ရှည်ရင်ပိုလို့တောင် ကောင်းပါလိမ့်ဦးမယ်။
ဒါမှ ကိုယ်တို့ဘလော့တိုင်းပြည်ကြီး သာယာစည်ကားပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် စိတ်ဓာတ်ကြံ့ခိုင်လှတဲ့ ကိုယ်တို့ရဲ့နောင်တော်ကြီးကို ကြည့်ရင်းအားကျမိပါတယ်။ ဘယ်လိုအနေအထား၊ အခြေအနေမျိုးမှာပဲဖြစ်ဖြစ် အပြုံးမပျက်တဲ့ စိတ်ဓာတ်ကို လေးစားလို့လည်း မဆုံးနိုင်ပါ။ ဘ၀မှာ တစ်ခုခုကြောင့်စိတ်ညစ်ရင် ကိုကြီးကျောက်လို စိတ်ဓာတ်ကြံ့ခိုင်ဖို့ ကိုယ်ကြိုးစားပါဦးမယ်။ ရလာတဲ့ဘ၀မှာ ဖြစ်ချင်တာဖြစ် စိတ်မညစ်ကြေးဆိုတဲ့ အာဇာနည်စိတ်ဓာတ်တွေ မွေးနိုင်အောင်လည်း ကျင့်ရပါဦးမယ်။ ဒီလိုအသိတွေဝင်အောင်လုပ်ပေးတဲ့ ကိုယ်တို့ရဲ့အသက်နှစ်ထောင်ဂုရုကျောက်ကိုလည်း ကျေးဇူးတွေတင်လို့မဆုံးပါ။

ဂုရုကျောက်တစ်ယောက် ကျန်းမာအသက်ရှည်ပါစေဗျာ...

No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger