အပိုင်း ( ၃ ) မှ အဆက် . . .
မီတို့ အောင်စာရင်းထွက်မည်ဟူသော အသိဖြင့် သူ တစ်ညလုံး အိပ်မပျော်။ စိုးရိမ်စိတ်ဖြင့် တုန်နေရှာမည့် ကလေးမ မျက်နှာကို သူမြင်ယောင်နေမိသည်။ အိပ်မရတော့သည့်အဆုံး စာကြည့် စားပွဲတွင် သူထိုင်သည်။ စာအုပ်တစ်အုပ်ကို ဆွဲယူပြီး ဖတ်သည်။ စာထဲတွင် အာရုံဝင်စား၍မရ။ သူမ၏ ရည်မှန်းချက်တို့ အောင်မြင်မည်ဖြစ်ကြောင်း ကြိုတွေးထားမိသော်လည်း မတော်တဆရှိခဲ့သော် ဟူသောအတွေးက သူ့ကို ခြောက်လှန့်သည်။ မီ့အပေါ်တွင်ထားမိသော သူ့မေတ္တာ၏ အတိမ်အနက်ကိုလည်း သူသဘောပေါက်မိသည်။
မနက် ငါးနာရီသည် အလင်းရောင်ပင် ကောင်းစွာမရသေးသော အချိန်။ အလင်းရောင်ကို သူမစောင့်နိုင်တော့။ နှေးကွေးလွန်းလှသော နာရီလက်တံကို ဆွဲလှည့်၍ မရကြောင်း သဘော ပေါက်သည့်အဆုံးတွင် မျက်နှာသစ်၊ အ၀တ်လဲပြီး ထင်းရှူးပင်အောက်သို့ လာခဲ့သည်။ သစ်ပင်အောက်တွင် ထိုင်နေရင်းမှ သူ့အဖြစ်ကို ပြန်စဉ်းစားမိပြီး အံ့သြမိသည်။ ရည်မှန်းချက်ကြီးသူ အဖြစ်မှ မမျှော်လင့်ဘဲ လေလွင့်ခဲ့သည်။ ထို့နောက်တွင်မှ အများအတွက် အသုံးဝင်သော ဆရာဝန်ဘ၀ကို ပြန်ရခဲ့သည်။ မီဆိုသော ကလေးမကို သူစာသင်ပေးခဲ့ပါသည်။ သို့သော် မီက ဘ၀နေနည်းကို သူ့အား ပြန်လည်သင်ကြားပေးခဲ့လေသည်။
ရောက်တတ်ရာရာ စဉ်းစားနေစဉ်တွင် အဝေးဆီမှ ခေါ်သံသဲ့သဲ့ ကြားရသည်။ ဆံနွယ်များ ဝေ့၀ဲ၍ ပြေးလာသော ကလေးမကို သူမြင်ရသည်။ မီ့ထံသို့ သူ အမြန်လျှောက်သွားသည်။ ဖျော့တော့သော အလင်းရောက်တွင် ပြုံးရွှင်နေသော သူမ၏မျက်နှာသည် ထင်းနေ၏။
“ ဦး . . . မီ ဘာသာစုံ ဂုဏ်ထူးပါတယ်၊ မီ ဆရာဝန်လုပ်လို့ ရတော့မယ် . . . ”
ပြေးလာနေရင်းမှ မောသံဖြင့် သူမ အော်ပြောသည်။ သူ့ရင်ထဲတွင် ဆို့နေသော သောကအစိုင်အခဲသည် အငွေ့ပျံသွားသည်။ ချမ်းမြေ့သောအရသာကို သူခံစားရသည်။ အောင်မြင်ပျော်ရွှင် မှုများဖြင့် ဆွေ့ဆွေ့ခုန်နေသော သူမ၏ ကလေးငယ်ပမာ ဖြူစင်အပြစ်ကင်းနေခြင်းကို သူကြည်နူးသည်။ တိုင်းဆမဲ့သော ၀မ်းသာမှုဖြင့် သူ့ခြေအစုံတို့ ယိုင်နဲ့ချင်လာသည်။ ဥယျာဉ်မှူး၏ ပီတိသည် ရင်ကို လွှမ်းခြုံ၏။
“ မီ့ကို ဆုချရဦးမယ် ” ဟု သူ အလျင်ဦးအောင် ပြောသည်။ သူမထက် အပြောဦးသွားသော သူ့ကိုကြည့်ရင်း မီ ရွှင်မြူးစွာ ရယ်လေသည်။
မနက်ဖြန်အကြောင်း သူ မစဉ်းစားချင်။
ကလေး ထာဝရ ပျော်နိုင်ပါစေကွယ် . . .
@@@@@@@@@@@@@@@@@@@@@@@@@@@
ထိုညတွင် ကလေးမအတွက် သူ စာတစ်စောင်ရေးသည်။
ကလေးရေ . . .
ကလေးကို ဦးက ကျေးဇူးတင်နေတယ်ဆိုရင် ကလေး အရမ်းအံ့သြသွားမှာပေါ့။ မအံ့သြပါနဲ့ကွယ်။ တစ်ခါက ကလေးမေးခဲ့ဖူးတဲ့ ဘာဖြစ်လို့ ဆေးမကုတာလဲဆိုတဲ့ မေးခွန်းကို ဖြေရင်းနဲ့ ဦး ရှင်းပြပါ့မယ်။
ဦးလည်း ကလေးလိုပဲ ငယ်ငယ်ကတည်းက ဆရာဝန်လုပ်ဖို့ ရည်မှန်းချက်ကြီးခဲ့တာပါပဲ။ ဒါပေမယ့် ဦးဘွဲ့ရပြီး မကြာခင်မှာ ဦးမေမေရဲ့ကျန်းမာရေး အတော်ဖောက်လာတယ်။ အမေတစ်ခု သားတစ်ခုဘ၀မို့ ဦးမေမေကို ဦးသိပ်ချစ်တာပေါ့။ ဒါကြောင့်လည်း ဦးမေမေကို ဂရုတစိုက်နဲ့ ပြုစုပြီး ကုပေးတာပေါ့လေ။
မေမေ့ရောဂါက နှလုံးရောဂါဆိုတော့လည်း အခြေအနေက တစ်နေ့ရွှေ၊ တစ်နေ့ငွေပေါ့ ကလေးရယ်။ ပြန်ကောင်းလာဖို့ အခွင့်အလမ်းမရှိပေမယ့်လည်း တတ်နိုင်သမျှ အသက်သာဆုံးဖြစ်ဖို့ ကြိုးစားပေးရတာပေါ့။ တစ်ညမှာ တောဘက်က လူတစ်စု ဦးကို လာပင့်တယ်။ သူတို့လူနာ အသည်းအသန်ဖြစ်နေလို့တဲ့။ ကျန်းမာရေးအခြေမအနေအရ မေမေ့ကို မျက်စိအောက်က အပျေုာက်မခံရဲတဲ့ ဦးက လာပင့်တဲ့နောက်ကို မလိုက်ချင်ဘူးပေါ့။ ဒါပေမယ့် မေမေက သူသက်သာနေပြီတဲ့ အသက်တစ်ချောင်းကို ကယ်ကောင်းပါတယ် သားရယ်တဲ့ အားကိုးတကြီး လာပင့်တဲ့ လူနာရှင်တွေနောက်ကို လိုက်သွားပေးလိုက်ပါဆိုတော့လည်း ဦးလိုက်သွားရတာပေါ့လေ။ မေမေ့အခြေအနေကလည်း သက်သာသလိုရှိနေတာကိုး။
လူနာရှင်တွေနောက်ကိုလိုက်သွားပြီး လူနာကိုလည်းတွေ့ရော အခြေအနေက သိပ်မျှော်လင့်ချက်မရှိမှန်း ဦးရိပ်မိတာပေါ့။ ဒါပေမယ့် လူနာရှင်တွေကတော့ သူတို့လူနာအခြေအနေကို အမှန်အတိုင်း ဘယ်သိကြပါ့မလဲ။ သူတို့စိတ်ထဲမှာ ဆရာဝန်ပြလိုက်ရင် ချက်ချင်းကောင်းသွားမယ်လို့ ယူဆထားကြပုံရတယ်။ ဦးလည်း တတ်နိုင်သလောက် နားလည်အောင်ရှင်းပြပြီး အကောင်းဆုံး ကုပေးပေမယ့် ညသန်းခေါင်ကျော်လောက်မှာပဲ လူနာဆုံးသွားပါလေရော။ လူနာရှင်တွေလည်း မျက်နှာဘယ်ကောင်းမလဲ။ ဦးလည်း စိတ်မဖြေနိုင်ဘူးပေါ့လေ။ ဘာပဲဖြစ်ဖြစ် ကိုယ့်လူနာတစ်ယောက် တစ်ခုခုဖြစ်သွားရင် ဘယ်ဆရာဝန်က စိတ်ကောင်းနိုင်ပါ့မလဲ။
အဲဒီညက ဦးအိမ်ပြန်ရောက်တော့ လင်းအားကြီးဖြစ်နေပြီ။ ဦးမေမေ ထွက်မကြိုနိုင်ဘူးလေ။ မေမေ အိပ်ပျော်နေတယ်ထင်ပြီး မေမေ့အခန်းထဲဝင်ကြည့်မှ ဦးရင်ကျိုးရတော့တာပဲ။ ဦးမေမေ အသက်မရှိတော့ဘူး ကလေးရယ်။ ဦးအတွက်တော့ အဲဒီညက ကမ္ဘာပျက်တဲ့ညပါပဲ။ ဆရာဝန်တစ်ယောက်အနေနဲ့ ဘာတစ်ခုမှ မစွမ်းဆောင်နိုင်ခဲ့ဘူး။ လူနာရဲ့ အသက်ကို မကယ်နိုင်ခဲ့တဲ့အပြင် ကိုယ့်မေမေရဲ့ နောက်ဆုံးအချိန်မှာလည်း ပြုစုမပေးနိုင်ခဲ့ဘူး။ ကိုယ့်ကိုယ်ကို အပြစ်တင်လို့လည်း မဆုံးတော့ဘူးပေါ့။
ဦးမေမေရဲ့ အသုဘကိစ္စပြီးလို့ နောက်ရက်မှာပဲ ဦးအတွက် နောက်ထပ်ပြဿနာတစ်ခုက စောင့်နေပြန်ရော။ မေမေဆုံးတဲ့ညက ဦးမကယ်နိုင်ခဲ့တဲ့ လူနာရှင်ရဲ့ အမျိုးတစ်ယောက်က သူတို့လူနာဆုံးရတာ ဦးအမှားကြောင့်ဆိုပြီး ကျန်းမာရေးဦးစီးဌာနကို တိုင်တယ်လေ။ လူနာရှင်မိသားစုက ရိုးရိုးအအတွေ ဆိုပေမယ့် ရွာထဲမှာ နည်းနည်းပါးပါး ပညာတတ်တဲ့လူတစ်ယောက်က အကြံပေးပြီး တိုင်ခိုင်းတာပါပဲ။ လူနာကို အရေးတကြီး ဂရုစိုက်လိုက်ရတာမို့ လူနာရှင်တွေ နားလည်အောင် အချိန်ယူပြီး ကျကျနနရှင်းမပြမိခဲ့တဲ့ ဦးရဲ့ အားနည်းချက်တွေကြောင့်ပေါ့ ကလေးရေ။ အဲဒီမှာတင် ဦးလည်း ခုံဖွဲ့ပြီး အစစ်ခံရတယ်။ ဦးဘက်က အကောင်းဆုံး လျှောက်လဲချက်ပေးနိုင်လို့သာ ဦးရဲ့ ဆ-မ အသိမ်းမခံခဲ့ရတာ။ သူတို့လူနာအတွက် ယူကြုံးမရဖြစ်နေကြတဲ့ လူနာရှင်တွေကို အပြစ်မတင်ချင်ပေမယ့် မေမေဆုံးသွားလို့ ၀မ်းနည်းနေတဲ့ ဦးကတော့ လူတွေကို တော်တော်ကြီးစိတ်ကုန်သွားတယ်။ ဝေဒနာဖြစ်ရမယ့် စေတနာတွေလည်း ထပ်ပြီးမထားချင်တော့ဘူးလေ။ အဲဒီအချိန်ကစပြီး ဦးရဲ့ဆရာဝန်ဘ၀ကို ပြည်ဖုံးကားချပစ်လိုက်မိတယ်။ လူတွေနဲ့လည်း ခပ်ကင်းကင်း နေခဲ့မိတယ်။ ပြောရရင်တော့ လောကကို အရှုံးပေးလိုက်တာပေါ့ ကလေးရေ။
တစ်နေ့မှာ အမှတ်မထင်ဘဲ ကလေးနဲ့ဆုံတယ်လေ။ ဦးထက် အများကြီးငယ်တဲ့ကလေးရဲ့ စိတ်အားထက်သန်မှုတွေ၊ ဖြူစင်မှုတွေကို ကြည့်ရင်း ဦး အများကြီးပြောင်းလဲသွားတယ်။ တစ်ခါလဲသွားရုံနဲ့ အပြီးထိုင်ဖို့ ဆုံးဖြတ်မိတဲ့ ဦးရဲ့အမှားကိုလည်း ပြန်မြင်လာတယ်။ ဖြစ်ပြီးခဲ့တာတွေကို အတိတ်မှာထားခဲ့ပြီး ကိုယ့်ပညာနဲ့ အလုပ်အကြွေးပြုဖို့ တာဝန်တွေရှိနေသေးတာကို ပြန်ဆင်ခြင်မိလာတယ်။ အဲဒီအတွက် ကလေးကို ဦး ကျေးဇူးတင်မိတာပါ။
နောက်တစ်ခုကတော့ ကလေးကို ဦးတောင်းပန်ချင်တာပါပဲ ကလေးရေ။ ဘာကြောင့်လဲဆိုတော့ ကလေး ဒီစာကို ဖတ်နေချိန်မှာ ဦးက ကရင်ပြည်နယ်ကိုသွားတဲ့ လမ်းပေါ်မှာ ရောက်နေမှာမို့ပါ။ ကလေးကို ကြိုမပြောခဲ့တဲ့ ဦးကို ခွင့်လွှတ်ပါ။ ကလေးမျက်ရည်ကျတာကို ဦးမမြင်ရက်လို့ပါကွယ်။ ဦးပေးထားတဲ့ နားကြပ်၊ စာအုပ်တွေနဲ့ ထူးချွန်တဲ့ ဆရာဝန်ကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားပါ။
“ လူနာတိုင်း အားကိုးရတဲ့ ဆရာဝန် ” အဖြစ်နဲ့ ပြည်နယ်တွေ ကလေးကို ဦးစောင့်နေမယ်။
ကလေးရဲ့ . . .
ဦး
စာကို တစ်ခေါက်ပြန်ဖတ်သည်။ စာအိပ်ထဲထည့်၍ သေချာစွာ ပိတ်သည်။ မီနှင့် ဝေးရတော့မည်ဟူသော အသိက ရင်ကို ပူလောင်စေသည်။
ခေါင်မိုးပေါ်သို့ မိုးပေါက်ကျသံ တဖြောက်ဖြောက် ကြားလာရသည်။ မိုးကျသံများအဆုံးတွင် ညသည် တိတ်ဆိတ်နေ၏။
“ ပြောတော့ပြောမည်
စိတ်ကရည်လျှက်
နှုတ်ကခက်တော့
အိပ်မက်တွေပဲ ကျန်တယ်မေ . . . ”
@@@@@@@@@@@@@@@@@@@@@@@@@@
နောက်နေ့မနက်တွင် ကလေးမကို ထင်းရှူးပင်အောက်မှ သူစောင့်သည်။ သူမ ရောက်လာလျှင် သူ့လက်ဆောင်ပစ္စည်းထုပ်ကို ကြည့်ပြီးရယ်သည်။ “ နည်းနည်း လေးတယ်နော် ” ဟုဆိုပြီး သူမလက်ထဲသို့ လက်ဆောင်ထုပ်ကို သူထည့်ပေးသည်။ “ ဘာတွေလဲ ” ဟု စူးစမ်းသလိုမေးရင်း အထုပ်ကို ဖောက်ရန် သူမ ဟန်ုပြင်သည်။
“ ဒီတစ်ခါတော့ အိမ်ရောက်မှ ဖွင့်နော် ” ဟု သူပြောသည်။
“ သိချင်လှပြီ ” သူမ စောဒက တက်သည်။ “ ဒါဆို အိမ်ကို အမြန်ပြန်ပြေးပေါ့ ” ဟု သူဆိုသည်။
“ ပြီးရင် ပြန်လာမှာနော် . . . ဦး စောင့်နေ ”
သူမ လှည့်ပြီး ပြေးရန် ဟန်ပြင်သည်။ “ ကလေး ” ဟု သူလှမ်းခေါ်သည်။ “ ဘာလဲ ဦး ” ဟူသော ထူးသံအဆုံးတွင်
“ ဦး ပြည်နယ်တွေက စောင့်နေမယ် ” ဟု သူပြောသည်။ “ ဟုတ်ကဲ့ပါ ” ဟု ဖြေရင်း သူမ လှည့်ပြေးသည်။ ထွက်ပြေးသူ၏ ကျောပြင်ကို သူမျက်စိတစ်ဆုံး ကြည့်မိသည်။ သူ့ရင်သည် နာကျင်၏။ သူ့လုပ်ရပ်သည် တရားသည်၊ မတရားသည်ကို သူ မစဉ်းစားချင်တော့။
ထင်းရှူးပင်အောက်မှ သူလှည့်ထွက်ခဲ့သည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
နေရာဒေသသစ်သည် သူ့အတွက် အသားမကျသေးသော်လည်း စိမ်းမနေ။ ရိုးသားသော တိုင်းရင်းသားတို့၏ ဖော်ရွေပျူငှာမှုတွင် သူ နေပျော်လာသည်။
သူ တာဝန်ကျသော တိုက်နယ်ဆေးရုံတွင် သူရောက်လာမှ ဆရာဝန်စုစုပေါင်း နှစ်ယောက်သာ ရှိသည်။ သပ်ရပ်သော တစ်ထပ်ဆေးရုံကလေးတွင် လူနာအင်အားက မနည်း။ သူ နားချိန်ပင် သိပ်မရလိုက်။ ရောက်ပြီး နောက်တစ်နေ့တွင်ပင် အလုပ်စ၀င်ရသည်။ လုပ်ဖော်ကိုင်ဖက် ဆရာဝန်၊ ဆရာမများ၏ တွဲခေါ်မှုဖြင့် အလုပ်တွင် သူပျော်မွေ့လာသည်။
အလုပ်တာဝန်များ မအားလပ်သည့်ကြားမှ မီ့ထံသို့ တစ်လလျှင် စာတစ်စောင် သူရေးဖြစ်သည်။ လက်ရေးဝိုင်းဝိုင်းဖြင့် ကလေးဆန်ဆန် ရေးထားသော သူမ၏ ပြန်စာများသည် သူ့ဘ၀၏ အားအင်များ ဖြစ်သည်။ လူကြီးဆန်သောအတွေး၊ ကလေးဆန်သော အရေးတို့ဖြင့် မီသည် သူ့ကို တွန်းအားပေးသည်။ “ ဆရာဝန်ဖြစ်ရင် မီလိုက်ခဲ့မယ်နော် ” ဟူသောစာကြောင်းသည် စာတိုင်းတွင် ပါစမြဲ။
ခြောက်လမျှအကြာတွင် မီ့ထံမှ စာအဆက်အသွယ်ပြတ်သွားသည်။ စာမလာ၊ သတင်းမကြားနှင့် သူ မနေတတ်အောင် ဖြစ်ရသည်။ ဆေးတက္ကသိုလ်တက်ရန်အတွက် ပြင်ဆင်နေရသဖြင့် မအားလပ်နိုင်သောကြောင့် စာမရေးနိုင်ခြင်းဖြစ်မည်ဟု သူမ၀ံ့မရဲ တွေးသည်။ မီ သူ့ကို မေ့သွားပြီလားဟု သူမတွေးချင်။ အချိန်ကာလ၏ တိုက်စားမှုအောက်တွင် ပြောင်းလဲတတ်သောလူများထဲတွင် သူ၏မီ မပါနိုင်။ မီ့ကို သတိရသော အလွမ်းက သူ့ရင်တွင် သိပ်သည်းစွာ ဖွဲ့တည်သည်။ ညနေစောင်းချိန်ရောက်တိုင်း ထင်းရှူးပင်အောင်တွင် သူ့ကို မျှော်နေမည်ထင်သော ကလေးမကို သူ သတိရတတ်မြဲ ဖြစ်လေသည်။
လူနာများအကြားတွင် နားချိန်မရှိနိုင်အောင် လုံးချာလိုက်နေသော သူ့အချိန်ဇယား၏ ၀ါးမြိုမှုအောက်တွင် တစ်နှစ်ဆိုသော အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွား၏။
သူတို့ဆေးရုံကလေးသို့ လထဆရာဝန်သစ်တစ်ယောက် ထပ်ရောက်လာချိန်တွင် ခွင့်တင်၍ မီရှိရာသို့ သူပြန်လာခဲ့သည်။ ယခုတစ်ခါတွင်တော့ နှလုံးသားကို သူ အနိုင်ပေးမိလေပြီ။
သယ်ယူပို့ဆောင်ရေးတွင် အမြန်ဆုံးဖြစ်သော လေယာဉ်ပျံပင်လျှင် သူ့စိတ်ထဲတွင် လိပ်တစ်ကောင်ပမာ နှေးကွေးလွန်းနေလေ၏။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း ( ၅ ) မှာ နိဂုံးချုပ်ပါတော့မယ် . . .
9 comments:
အင်း.. မြင်ယောင်မိသေးတယ်။
ဒီတစ်ခါလဲ ဘာကို ညာကို စိတ်နာလို့ ဆိုပြီး ဆရာဝန်အဖြစ်ကို ရာသက်ပန် စွန့်လွှတ်ပြီး ကလေးတွေကို စာပြပေးတဲ့ နာသုံးနာ စာသင်ဆရာဘဲ လုပ်ဖြစ်နေတော့တယ် ဆိုပြီးတော့လေ။း )
ဆရာရေ။
သူကြီးမှန်းရင်တော့ လွှဲခဲတယ်နော့။ ဟာ ဟ။
သူကြီးကိုတော့ မနိုင်တော့ဘူးဗျို့...
ဒီဝထ္ထုရေးတော့ သားသားအလေးပဲ ရှိပါသေးသဗျာ...ကျောင်းသားဘ၀က ရေးထားဖြစ်တာပါ...ပညတ်သွားရာ ဓာတ်သက်ပါပြီး စာသင်စားနေရတာကတော့လည်း ဘယ်လိုကနေ ဘယ်လိုဖြစ်ကုန်တယ် မပြောတတ်တော့ဘူး...
နောက်တစ်ပိုင်းကျရင်တော့ အပြီးသတ်အမြန်တင်မှ...ကြာရင် သူကြီးလက်ချက်နဲ့ အိမ်ရှင်မကပါ ယုန်ထင်ကြောင်ထင် ထင်လာရချည်ရဲ့...
ဟီဟီ ဆရာ ဇာတ်ကွဲပြီထင်တယ်.
စောင့်မျှော်လျှက်ပါဆရာ...
ဇာတ်ပေါင်းလေးတော့လုပ်ပါနော်ဆရာ..
အပိုင်းလိုက်ပြန်ဖတ်မယ် ဆြာ
မောင်ဘကြိုင်
ဇာတ်ရှိန်တော့ တက်လာပြီ ဆရာ
မနေ့က အွန်လိုင်းပေါ်တက်လာသေးတယ်
အပိုင်း(၄) တင်မလားလို့ စောင့်စားရင်းနဲ့ . . .
အပိုင်း(၅) ကိုလည်း စောင့်စားနေပါတယ် ဆရာ
ဇာတ်ရှိန်တော့ တက်လာပြီ ဆရာ
မနေ့က အွန်လိုင်းပေါ်တက်လာသေးတယ်
အပိုင်း(၄) တင်မလားလို့ စောင့်စားရင်းနဲ့ . . .
အပိုင်း(၅) ကိုလည်း စောင့်စားနေပါတယ် ဆရာ
တခါတည်းချုပ်တာမဟုတ်ဘူး.. အဲဒီဆရာဟန်ဟာလေ... ကူးရုံပဲဟာကို.... တကတည်း.. ညဉ်းဆဲတတ်ပါပေ့... :P
ခင်မင်လျက်
နေ၀သန်
ဆရာ့အရေးအသားလေးတွေသိပ်လှတယ်...။ ဇာတ်ရှိန်ကအရမ်းကိုဆွဲခေါ်နေပြီ...အပိုင်း၅မြန်မြန်တင်ဗျာ...။ အလွမ်းနဲ့ပဲဇာတ်သိမ်းမယ်ဆိုတာ ခန့်မှန်းမိပြီးသားပါ...။ ကြိုက်တယ် မိုးငွေ့က အလွမ်းကိုပိုနှစ်သက်သူကိုးးး...။
တဂျီးမင်းကတော့ တတ်လည်းတတ်နိုင်ပါ့..ဘယ်လိုသိမ်းမလဲ သိချင်လိုက်တာ ဆရာဟန်ရေ
Post a Comment