twitter
rss
Pages
ဦးဟန်ကြည်တစ်ယောက် 
ကျောင်းပိတ်ရက်မှာ နားချိန်တွေရနေသလို စာတွေလည်း ရေးဖြစ်နေပေမယ့် ပို့စ်ဘ၀ကိုတော့ တစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် ရောက်မလာခဲ့ပါ။ ဗီရိုတစ်လုံးစာ စာကြွေးတွေကို အင်တိုက်အားတိုက် ဖတ်ဖြစ်နေရင်း တစ်နေ့တော့ ဆေးကျောင်းသားဘ၀တုန်းက သူငယ်ချင်းတွေနဲ့ စုပြီးထုတ်ဖြစ်ခဲ့တဲ့ ၀ထ္ထုတိုပေါင်းချုပ်တစ်အုပ်ကို ပြန်လှန်ဖြစ်ပါလေရော။ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုနီးပါး၊ အသက်အရွယ် နုစဉ်တုန်းက ရေးဖြစ်ခဲ့တဲ့ ကိုယ့်ဝထ္ထုတိုကို ဒီအသက်အရွယ်ရောက်မှ ပြန်ဖတ်တော့ နည်းနည်း ခပ်ရှက်ရှက်ခံစားရပါရဲ့။ ဘာကြောင့်လဲဆိုတော့ အနှီအသက်၊ အနှီအရွယ် ဆိုတာကလည်း အချစ်သရဏံဂစ္ဆာမိကြတာချည်းမို့ မောင်ဟန်ကြည်ပေါက်စလည်း အများနည်းတူ အချစ်ဝထ္ထုပဲ ရေးဖြစ်သကိုး။ ၀ထ္ထုတိုဆိုတာ လူထု၊ လူတန်းစားကို ကိုယ်စားပြုရမယ်၊ လူထုနဲ့ တသားတည်းဖြစ်ရမယ်ဆိုတဲ့ စံတွေ၊ ဘောင်တွေထဲမှာလည်း ဘယ်ဝင်လိမ့်တုန်း။
            ဘာပဲဖြစ်ဖြစ် ဆောင်းပါးနဲ့ ကဗျာပဲ အားသန်တဲ့ ဦးဟန်ကြည်ရဲ့ ဘ၀တစ်လျှောက်မှာ ကိုးတန်းကျောင်းသားဘ၀က မြို့နယ်စာပေနဲ့ စာနယ်ဇင်းက လုပ်တဲ့ စာဆိုတော်နေ့ အထိမ်းအမှတ် ၀ထ္ထုတိုပြိုင်ပွဲမှာ ဆုရခဲ့တဲ့ “ စေတနာပန်းနံ့ သင်းပျံ့လှိုင် ” ဆိုတဲ့ ၀ထ္ထုတိုတစ်ပုဒ်ရယ်၊ ဒီတစ်ပုဒ်ရယ် စုစုပေါင်းမှ ၀ထ္ထုတိုနှစ်ပုဒ်ပဲ ရေးဖြစ်ခဲ့တာမို့ အမှတ်တရအဖြစ် စာပြန်စီပြီး ပို့စ်အဖြစ် တင်ဖြစ်လိုက်ပါတယ်။ ဒီဝထ္ထု သန္ဓေတည်တဲ့ ကာလနဲ့ ဒီဘက်ကာလ ကြားထဲမှာ နည်းပညာ တိုးတက်မှုတွေ၊ လူတွေရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ အများကြီး ဖြတ်သန်းခဲ့တာမို့ တစ်ချို့အချက်အလက်တွေကို ဒီဘက်ခေတ်မျက်လုံးနဲ့ကြည့်ရင်တော့လည်း သဘာဝယုတ္တိကနေ ကင်းကွာကောင်း ကင်းကွာနိုင်ပါရဲ့။ ဒါကြောင့် ဒီဝထ္ထုတိုကို မဖတ်ခင်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ၀န်းကျင်ဆီရောက်အောင် ကိုယ့်စိတ်ကို ပြန်ပို့ပြီးမှဖတ်ရင် ပိုပြီးအဆင်ပြေမယ်လို့ မျှော်လင့်မိပါသဗျား။
ဒီဝထ္ထုကိုရေးဖြစ်တာက သူငယ်ချင်းတွေစုပြီး ၀ထ္ထုတိုပေါင်းချုပ်ထုတ်ဖို့ ရေးဖြစ်တာမို့ ရည်ရွယ်ချက်က သိပ်မဆန်းလှပေမယ့် ရေးချင်တာကတခြား ရေးမိတာကတလွဲ ဖြစ်သွားတာကတော့ ထူးဆန်းပါရဲ့။ ဇာတ်ကိုစတည်ပြီး နှစ်ခန်းလောက်အကြမ်းလောင်းနေတုန်းကတော့ ကိုယ်တည်ထားတဲ့ လမ်းကြောင်းအတိုင်း ချောချောမောမော သွားနေပေမယ့်။ သုံးခန်းမြောက်လဲရောက်ရော တည်ထားတဲ့အတိုင်း မဟုတ်တော့ဘဲ သူသွားချင်ရာ သွားပါလေရော။ စာရေးဆရာကြီးတွေပြောတဲ့ ကိုယ့်ဇာတ်ကို ကိုယ်မနိုင်ဘူးဆိုတာ ဒါမျိုးပဲ ဖြစ်မယ်ထင်ပါရဲ့။ ဒါနဲ့ပဲ သူသွားတဲ့အတိုင်း နောက်ကနေမှေးလိုက်သွားလိုက်တာ “ အစိမ်းရင့်ရောင် အလွမ်း ” ဖြစ်သွားရော ဆိုပါစို့။ မနက် ၈ နာရီလောက်က စာရေးစားပွဲမှာထိုင်ပြီး တစ်ထိုင်တည်းရေးချလိုက်တာ ညနေ ၃ နာရီလောက်မှာ အပြီးသတ်လိုက်နိုင်တာမို့ အထစ်အငေါ့မရှိဘဲ ရေးဖြစ်သွားတဲ့ ၀ထ္ထုလို့လည်း ဆိုနိုင်ပါရဲ့။ ၀ထ္ထုတိုခေါင်းစဉ်အောက်မှာ ထားပေမယ့် သတ်မှတ်ထားတဲ့ စာလုံးရေ တစ်သောင်းနှစ်ထောင်ထက် မကျော်သင့်ဘူးဆိုတဲ့ ( သူရိယကန္တိ - မြန်မာဝထ္ထုတိုများ၊ ဂန္ထလောကမဂ္ဂဇင်း၊ အတွဲ ၂၁၊ ဇွန်လ၊ ၁၉၃၅ ) ရဲ့ အဆိုနဲ့ မကိုက်ညီတာမို့ ၀ထ္ထုလတ်လို့ ခေါ်ရင်လည်း ရကောင်းရဲ့လို့ ယူဆမိပါကြောင်း။
အစိမ်းရင့်ရောင်အလွမ်း
( ဟန်ကြည် )
            သူနေထိုင်ရာခြံ၏ အနောက်ဘက် ခပ်လှမ်းလှမ်းတွင် မြက်ခင်းစိမ်းစိမ်းနှင့် ကျယ်ပြန့်သောလွင်ပြင်တစ်ခု ရှိပါသည်။ ထိုလွင်ပြင်၏ အလယ်တွင် သစ်ပင်တစ်ပင်ရှိသည်။ မြင့်မား၍ စိမ်းစိုအုပ် ဆိုင်းလှသော ထိုသစ်ပင်သည် ရာသီဥတုဒဏ်ကိုမမှု၊ လေပြင်းကို အံတုပြီး ထီးထီးမားမားရှိလှသည်။ လွင်ပြင်ကျယ်တွင် အဖော်မဲ့စွာ တည်ရှိသော ထိုသစ်ပင်သည် အထီးကျန်ဆန်သည်ဟု ထင်ရ သော်လည်း . . .
            ထိုအရာသည် ထင်းရှူးပင် တစ်ပင်ဖြစ်ပါသည်။
            ထိုနေရာတွင် . . .
                        ဇာတ်လမ်းတစ်ပုဒ် ရှိခဲ့သည်
                        သူနှင့် သူမတို့ စတင်ဆုံဆည်းခဲ့ကြသည်
                        နှုတ်မဆက်ဘဲ သူမ ထွက်ခွာသွားခဲ့သည်
                        အလွမ်းများနှင့် သူကျန်ရစ်ခဲ့သည်
                                    ထိုသစ်ပင်သည် . . .
@@@@@@@@@@@@@@@@@@@@@@@@@@@
            အေးချမ်းဆိတ်ငြိမ်ခြင်းကို နှစ်သက်သော သူ့အတွက် ခြံနောက်လွင်ပြင်ရှိ ထင်းရှူးပင်လေးသည် စိတ်အပန်းဖြေစရာ နေရာဖြစ်သည်။ ထင်းရှူးပင်အောက်ရှိ ပြန့်ပြူးသော မြက်ခင်းပြင်ပေါ် တွင်ထိုင်၍ အဝေးရှိ မှုန်ပျပျ တောတန်းကို ငေးကြည့်ခြင်းသည် သူ၏ညနေပိုင်းတာဝန်တစ်ရပ်လို ဖြစ်နေခဲ့သည်။ တစ်ခါတစ်ရံတွင် တောတန်းလေးအပေါ်၌ နေမင်း မေးတင်နေသော မရိုးနိုင်သည့် မြင်ကွင်းကို သူပန်းချီဆွဲလေ့ရှိသည်။
            ထိုနေရာလေးသည် သူ့ဘ၀၏ အိုအေစစ်ဖြစ်သည်။
            တစ်နေ့တွင် သူ၏ အိုအေစစ်အတွင်းသို့ ရုတ်တရက်ဖြင့် သူမ ရောက်ရှိလာခဲ့သည်။
            “ ဟဲ့ . . . ဘော်ဘီ ပြန်လာခဲ့ . . . ဖြူဖွေး . . . ဘော်ဘီ . . .  ဘော်ဘီ . . .  မလုပ်နဲ့လေ . . . ဘော်ဘီ . . .ဘော်ဘီ . . . ”
စီစီညံညံ အသံနှင့်အတူ စည်းချက်မညီသော ပုံရိပ်တစ်ချို့ သူ့မြင်ကွင်းထဲသို့ ၀င်လာသည်။ ကြောင်ဖြူလေးတစ်ကောင်ကို အမွေးဖွားဖွား ခွေးညိုလေးတစ်ကောင်က သဲကြီးမဲကြီး လိုက်နေသည်။ ပိုင်ရှင်ဖြစ်ဟန်တူသော မိန်းကလေးတစ်ယောက်က တကြော်ကြော်အော်ရင်း နောက်မှ အပြေးလိုက်လာနေသည်။
            လွင်ပြင်ကို ဖြတ်ပြေးလာသော ကြောင်သည် သူ့အနီးရှိ ထင်းရှူးပင်ကို အားထားရာအဖြစ် သတ်မှတ်လိုက်ပုံရသည်။ သူမင်သက်မိနေစဉ်တွင် ကြောင်ဖြူလေးသည် သူ့အနီးမှဖြတ်၍ ထင်းရှူးပင်ပေါ်သို့ တွယ်ကပ်တက်သွားသည်။ နောက်မှလိုက်လာသော ခွေးငယ်သည် ဆွဲလက်စ ပန်းချီကားတပ်ထားသော ဒေါက်တိုင်ရော သူ့ကိုပါ အရှိန်ပြင်းစွာဖြင့် ၀င်တိုးသည်။ မထင်မှတ်သော အရှိန်ဖြင့် ၀င်တိုက်ခံလိုက်ရသဖြင့် သူယိုင်သွားစဉ် ဒေါက်တိုင်များက သူ့အပေါ် ပိကျလာသည်။ ဟန်ချက်မထိန်းနိုင်ဘဲ သူလဲကျ၏။
            ဒေါက်တိုင်ကို တွန်းဖယ်ရန် ကြိုးစားနေစဉ် နောက်မှ အပြေးလိုက်လာသော မိန်းမပျို ရောက်လာပြီး ဒေါက်တိုင်ကို သူ့အပေါ်မှ ဖယ်ပေးသည်။ အားနာသော မျက်နှာဖြင့် သူ့ကို တောင်းပန် သည်။
            “ မီ တောင်းပန်ပါတယ် ဦးရယ်၊ ဖြူဖွေးကိုမြင်တာနဲ့ ဘော်ဘီက အတင်းရုန်းထွက်သွားတာ မီ ဘယ်လိုမှ ဆွဲလို့ကို မနိုင်ဘူး၊ ဘော်ဘီကလည်း ဖြူဖွေးကိုဆို အရမ်းနိုင်ချင်တာ . . . ”
            မိန်းကလေးက သူ့တိရစ္ဆာန်ကလေးများအကြောင်း ညည်းညူရင်း ဒေါက်တိုင်ကို ပြန်ထောက်သည်။ လွင့်ကျနေသော ပန်းချီကားကို ပြန်တပ်ပေးသည်။ တစ်စစီ ပြန့်ကျဲနေသော စုတ်တံများ ကို ကောက်သည်။
            “ ရပါတယ် ကလေးရယ်။ ဦးလည်း ရုတ်တရက်မို့ပါ . . . ”
            အားနာနေသော ကလေးမ အနေမခက်စေရန် သူပြုံး၍ပြောရင်း မတ်တပ်ရပ်သည်။ ဆေးစပ်ဘုတ်ပြားနှင့် စုတ်တံများကို သူ့လက်ထဲလာထည့်ပေးရင်း ကလေးမက မိတ်ဆက်စကား ဆို လေသည်။
            “ မီတို့ ဒီမြို့ကို ပြောင်းလာတာ သိပ်မကြာသေးဘူး ဦးရဲ့။ ဟိုတောင်ကုန်းပေါ်က အိမ်မှာနေတယ်လေ။ ဦး အားရင်လာလည်ပေါ့။ တောင်းပန်တဲ့အနေနဲ့ မုန့်ကျွေးမယ်လေ . . . ”
            “ ရပါတယ် ကလေးရယ်။ ဦးလမ်းကြုံရင် ၀င်လည်ပါ့မယ် ”
            “ ဦး မီ့ကို စိတ်မဆိုးဘူးနော် . . . ” စိုးရိမ်သောအသံ။
            “ ဦး စိတ်မဆိုးတတ်ပါဘူး ”
            “ ဒါဆို ဘော်ဘီနဲ့ ဖြူဖွေးကိုရော . . . ”
            သူ ပြုံးရင်း ခေါင်းခါလိုက်သည်။ ပျော်ရွှင်ခြင်းသည် ကလေးမ၏ မျက်နှာပေါ်တွင် ထင်၏။ သူ့ပန်းချီကားကိုကြည့်ရင်း “ ဦးက ပန်းချီဆရာလား ” မေးသည်။ “ ၀ါသနာအရပါ ” ဟု အလိုက် သင့် သူဖြေသည်။ “ မီလည်း ပန်းချီဝါသနာပါတယ် ” ပြောရင်း သူမ ရယ်လေသည်။
            ဘော်ဘီကမူ ဖြူဖွေးကို ဇွဲကောင်းကောင်းနှင့် ဟောင်နေဆဲ။ သူမက ဘော်ဘီကို ကြိုးမှ ဆွဲခေါ်သည်။ ယက်ကန်ယက်ကန်ဖြင့် ဘော်ဘီပါလာသည်။ “ မီ ပြန်တော့မယ် ဦး ” ဟု နှုတ်ဆက် ပြီး သူ့ကို ကျောခိုင်းသည်။ သုံးလေးလှမ်း လမ်းလျှောက်သွားပြီးနောက် သူ့ဘက်ပြန်လှည့်ကြည့်သည်။
            “ ဦးက ညနေတိုင်း ဒီမှာ ရှိတာလား . . . ”
            မဆီမဆိုင် မေးသည်။ သူခေါင်းညိတ်အပြတွင် ဘော်ဘီ့ကိုဆွဲ၍ သူမပြေးလေသည်။
            ဖြူဖွေးကား သစ်ပင်ပေါ်တွင် တုန်နေရှာဆဲ ရှိ၏။
@@@@@@@@@@@@@@@@@@@@@@@@@
            ဖျော့တော့သော နေရောင်ခြည်သည် လောကကို ရစ်သိုင်းထားသည်။ ရွှေဝါရောင် နေခြည်အောက်တွင် အရာအားလုံးသည် ပန်းချီဆန်စွာ လှပနေ၏။
            ထင်းရှူးပင်အောက်တွင် စာအုပ်တစ်အုပ်ကို စိတ်ဝင်တစား ဖတ်နေရင်းမှ လောကအလှကို သူခေါင်းထောင်ကြည့်မိသည်။ တောတန်းလေးအထက်တွင် နေမင်းက လှပစွာ တည်ရှိနေသည်။ ရုတ်တရက် သူ့ရှေ့သို့လာရပ်သော ခြေအစုံကြောင့် သူ့အတွေးစတို့ ပြတ်သွားကြသည်။ လှပသော ခြေထောက်တို့ပိုင်ရှင်ကို သူမော့ကြည့်မိသည်။ မိန်းကလေးသည် သူ့ကို အပြစ်ကင်းစင်စွာ ပြုံး၍ ကြည့်နေ၏။
            “ မီလေ . . . ဦးရဲ့၊ မမှတ်မိတော့ဘူးလား။ တစ်ရက်ပဲ ရှိသေးတာနော် . . . ”
            “ မှတ်မိပါတယ် ကလေးရယ်၊ ရုတ်တရက်ဆိုတော့ အံ့သြသွားလို့ပါ ”
            “ ဦး ဒီနေ့ ပန်းချီမဆွဲဘူးလား ” ဟု သူမ မေးသည်။ လက်တွင်းမှ စာအုပ်ကို သူထောင်ပြသည်။ သူမက “ ဘော်ဘီ့ကို ကြောက်သွားလို့ပေါ့ ” ဟု ဆိုသည်။ သူပြန်မဖြေဖြစ်။ ပြုံးနေလိုက် သည်။
            “ ဦးက ဆရာဝန်ဆို . . . ”
            သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ရင်း မေးလာသည်။ မထင်မှတ်သော မေးခွန်း။ ကလေးမ ဘယ်က စုံစမ်းလာသည်မသိ။
            “ ထားပါတော့ ” ဟု သူစိတ်မပါသလို ဖြေသည်။
            “ ဆေးမကုဘူးဆို . . . ”
            သူ ခေါင်းညိတ်ပြသည်။ “ ဘာဖြစ်လို့လဲဟင် . . . ” ဟူသော အမေးစကားတွင် အံ့သြမှုတို့ ရောစွက်နေသည်။ သူမဖြေမိ။
            “ မီလေ . . . ဆရာဝန် အရမ်းဖြစ်ချင်တာပဲ။ ဒါကြောင့် ဆရာဝန်ဖြစ်အောင် ကြိုးစားနေတာ ”
            “ ကလေး ဘယ်နှစ်တန်းရောက်ပြီလဲ ” သူမေးသည်။
            “ ဆယ်တန်းရောက်ပြီ ” ဟူသော အဖြေစကားတွင် အားမာန်အပြည့်။
            ထိုနေ့က သူတို့ စကားတော်တော်များများ ပြောဖြစ်ကြသည်။ သူမတွင် မိဘ မရှိတော့ကြောင်း။ အဒေါ်အပျိုကြီးနှင့် နေကြောင်း ပြောသည်။ မီသည် ကလေးဆန်စွာ ဆိုးနွဲ့တတ်ကြောင်း သူ အကဲခတ်မိသည်။ ပြန်ခါနီးတွင် -
            “ ဦး မီ့ကို စာပြပေးနော် ” ဟု ပူဆာသည်။ သူစဉ်းစားနေစဉ် သူမက မြက်ခင်းပြင်ကို ဖြတ်၍ ပြန်ပြေးနေပြီ။
@@@@@@@@@@@@@@@@@@@@@@@@@@@
16 ယောက်အကြံပြုသွားတယ်:
  1. ဆရာရှင့်ဝထ္ထုတိုလေးဖတ်သွားပါတယ်..
  1. ကိုအောင်(ပျူနိုင်ငံ)
    2 April 2012 10:12
    ဖတ်လို့ အရမ်းကောင်းတယ် ဦးဟန်ကြည် ...
  1. ဟန်ကြည်
    2 April 2012 10:50
    ကျေးဇူးတင်ပါတယ်...
  1. ဆရာ ခင်ဗျာ... မြန်မြန်လေးတင်ပေးပါနော်... ဇာတ်ရှိန်တက်နေတော့ ဆန့်ငင် ဆန့်ငင်ကြီး ဖြစ်နေလို့ပါ ခင်ဗျာ :P
  1. ကိုကိုမောင်(ပန်းရနံ့)
    2 April 2012 16:49
    အပိုင်း ၁ လို့ ရေးထားတာ မတွေ့တော့ တစ်ခါထဲ အပြီးထင်နေတာ။
    ဒါ ဇာတ်လမ်းသက်သက် မဟုတ်လောက်ဘူး။ ဆရာ့ကိုယ်တွေ့ဘဲ ဖြစ်ရမယ်။ ၀ုတ်တယ် မှုတ်လား။း)
  1. တောတန်းလေးအပေါ်၌ နေမင်း မေးတင်နေတယ်ဆိုတဲ့
    အသုံးအနှုန်းလေးက ကဗျာဆန်တယ်။
    ဖျော့တော့သော နေရောင်ခြည်သည် လောကကို ရစ်သိုင်းထားသည် အဲ့ဒီစကားလုံးလေးက ပန်းချီဆန်တယ်။ ဇာတ်အိမ်က ရိုးရိုးလေးနဲ့ နောက်ပိုင်းဆန်းမယ်လို့ မျှော်လင့်မိတယ်
    လေးစားအားကျလျက်
  1. ဆက်ရန်ဆိုတာ မပါတော့ ဖင်လှန်ခေါင်းလှန်ပြန်ကြည့်မိတယ်.. ဘယ်လိုများပြီးသွားသလဲပေါ့..း))
    ခင်မင်လျက်
    နေ၀သန်
  1. ဆရာကလည်း ကိုးရီးယားကားလို လုပ်နေပြန်ပြီ
    ဖတ်လို့ကောင်းနေမှ
    ဆရာရေ . . .
    မြန်မြန်လေး တင်ပေးပါဗျာ
  1. ဆက်ရန်လေးတော့အမြန်ဆုံးတင်ပေးပါဆရာ
    ခွေးနဲ့ကြောင်နဲ့ ဦးနဲ့သမီးနဲ့လား
    ဆရာဇာတ်များလား
    ခေါင်းစဉ်ကတော့လွှဲပေးရမယ့်အနေအထားဖြစ်နေပြီနော်ဆရာ
  1. အင်းလေ အပိုင်း-၁ တွေဘာတွေမတွေ့တော့ တစ်ခါတည်းအပြီးဖတ်ရမှာပဲဆိုပြီး စိတ်ချလက်ချဖတ်လိုက်ခါမှ
    ဆက်ရန်ကြီးဖြစ်နေတယ် အမြန်တင်ပေးပါနော်...
  1. သမီးနဲ့ ဦး ဇတ်လမ်းဖတ်သွားတယ်ဆရာဟန်
  1. ဘာတုန်းဗျ ဆရာကြည်
    မပြောမဆိုနဲ့ ရပ်သွားတယ်
    အဲလို ဆန့်ငင် ဆန့်ငင်မလုပ်ပါနဲ့..
    အင်း ဆေးမကုတဲ့ ဆရာဝန်ဆိုတော့
    သိတဲ့ သူတစ်ဦးဦးများ ဖြစ်နေမလား မသိဘူးး)
    စိတ်ဝင်စားစရာဘဲ
    မဒမ်ကြည်တော့ ဗိုက်ခေါက်ဆွဲနေလောက်ပြီထင်ပါတယ် :P
  1. ဦးဟန်ကြည်ရဲ့ အရေးအသားလေးတွေကို အတုခိုးမလားကြံရွယ်နေမိတယ်း)
    ခေတ်နဲ့လည်းညီ စကားလုံးလေးတွေကလှ သဘောကျမိတယ်။ အပိုင်းဆက်ကလေးတွေကို အားမနာတမ်းရေးပါအုံးနော်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
  1. ဟန်ကြည်
    7 April 2012 01:47
    ပို့စ်တင်လိုက်တာ နံပါတ်စဉ်ထိုးဖို့မေ့သွားလို့ တောင်းပန်ရဦးတော့မှာပဲ...အလန်းအသွက်မဟုတ်ပေမယ့်...အခန်းဆက်ဖြစ်သွားလို့ စိတ်တော်မငြိုကြဖို့ ၀န္ဒာမိရင်း...လွန်တာရှိရင်ပြေစေဖို့...အပိုင်း ၂ ကို တင်လိုက်ပါပြီဗျား...
  1. အပြတ်ဖတ်မယ်အားခဲပြီးလာတာပါပဲ။ နောက်ဆက်တွဲတွေ မြင်တာနဲ့ နောက်မှပဲအားလုံးပေါင်းပြီးလာဖတ်တော့မယ်ကိုဟန်ကြည်။ ကျွန်တော်လည်း မရောက်တောတော်တော်ကြာပေါ့။ ရေးနိုင်တဲ့လူတွေအားကျပါရဲ့။ ခုတော့ရေးဖို့ရော၊ လည်ဖို့ပါ မနည်းကြိုးစားနေရကြောင်းပါဗျား။ အေးအေးမှလာပြီးအားလုံးစုရှင်းပါရစေ။
  1. ဦးရဲ့  မီ အပိုင်း ၁ ဖတ်ပြီး နောင်အပိုင်းတွေကို စိတ်ဝင်တစား ဖတ်နေပြီ ဆရာဟန်ရေ
ကြိုက်ရင်ပေါ့လေ . . .
Facebook မှာမျှဝေဖို့ . . .