Sunday, 25 March 2012

တောင်ရောက်မြောက်ရောက် စာကိုစီ . . .

ကလေးတွေစာမေးပွဲပြီးသွားကတည်းက ဦးဟန်ကြည်တို့ လွတ်လပ်ရေးရနေလိုက်တာ စာတောင်မရေးဖြစ်တဲ့အထိ။ စည်းကမ်းပျက်နေတဲ့ ကလေးများလို ညဘက်လည်း ညဥ့်နက်သန်းခေါင်ရောက်တဲ့အထိ ဂိမ်းကစားလိုက်၊ ရုပ်ရှင်ကြည့်လိုက်၊ မနက်လည်း ထချင်တဲ့အချိန်ထလိုက်နဲ့ နေချင်သလိုနေ၊ စားချင်သလိုစားပြီး လွတ်လပ်ခြင်းရဲ့ အရသာကို ပြည့်ရုံတင်မကဘဲ လျှံပါလျှံထွက်အောင် ခံစားနေမိပါရဲ့။ အနှီလောက်လွတ်လပ်ရေးရနေပြန်ရင်လည်း ကြာလာရင် ကျန်းမာရေးတောင် ထိခိုက်ဖို့များနေပါရောလား။ သူများတကာကတော့ အားချိန်၊ နားချိန်ရပဟေ့ ဆိုတာနဲ့ သွားစရာ၊ လည်စရာ၊ ပတ်စရာတွေ ဖောချင်းသောချင်းရှိပေမယ့် လူအများနဲ့ ပေါင်းရသင်းရတာကို စိတ်မပါလှတဲ့ ဦးဟန်ကြည်မှာတော့ သွားစရာ၊ လည်စရာကလည်း မရှိသလောက် ရှားတယ်မဟုတ်လားလေ။ စိတ်လိုလက်ရရှိရင်တော့လည်း ကွန်ပျူတာဆိုင်က မိတ်ဆွေတစ်ယောက်နဲ့ စစ်တုရင်ကစားဖြစ်ပေသပေါ့။ ဒါကလည်း ဆယ်ခါ့တစ်ခါ။

ဒါကြောင့်လဲ အအုပ်အထိမ်း၊ အကွပ်အညပ် မရှိခြင်းဆိုတာ ကောင်းကျိုးရော၊ ဆိုးပြစ်ပါ ရှိတယ်လို့ ဆိုကြပေတာကိုး။ အကွပ်မဲ့ကြမ်း၊ ပရမ်းပတာလို့တောင် စကားပုံရှိသေးရဲ့ မဟုတ်လား။ လူဆိုတဲ့ သတ္တ၀ါမျိုးကလည်း ပုံမှန်လည်ပတ် လှုပ်ရှားနေရမှပဲ နေသာထိုင်သာရှိတာကလား။ လုပ်ရိုးလုပ်စဉ်ကနေ သွေဖဉ်ရပြီဆိုတာနဲ့ ကပေါက်တိ ကပေါက်ချာ ဖြစ်ကုန်တာမျိုး။ စာသင်နှစ်တစ်နှစ်လုံး မနက် ၆ နာရီအိပ်ရာထ စာသင်၊ နေ့လည် ၁၂ ထိုးရင် အိမ်ပြန်လာ၊ ထမင်းစား။ ညနေ ၃ နာရီလောက် တစ်ခါ စာပြန်သင်၊ ည ၉ နာရီလောက်ကို အိမ်ပြန်ရောက်ဆိုတဲ့ အချိန်ဇယားကြီးအတိုင်း လည်ပတ်နေခဲ့ရာက အခုလို ဘာမှလုပ်စရာ၊ ကိုင်စရာ သတ်သတ်မှတ်မှတ်မရှိတဲ့ အနေအထားကို ဗြုန်းခနဲ ဒိုင်းခနဲလဲ ရလာရော ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့တာရယ်။ ကျောင်းပိတ်ရင် ဖတ်မယ်လို့ အားခဲထားတဲ့ စာအုပ်တွေကလည်း စာအုပ်ဗီရိုထဲကနေ အပြင်ကို မထုတ်ရသေး။ သင်ရိုးညွှန်းတန်းတွေ ကြိုတင်ပြင်ဆင်မယ်ဆိုတဲ့ စိတ်ကူကလည်း အကောင်အထည် မဖော်ရသေး။ နွေရာသီ အင်္ဂလိပ်စာ သင်တန်းအတွက် စာအုပ်တွေ စီစဉ်ဖို့ဆိုတာကလည်း အခုအချိန်အထိ စာသုံးလေးမျက်နှာကနေ မတက်သေး။ တစ်ခါတစ်ခါ ငါ…ဘာတွေများလုပ်နေမိပါလိမ့်လို့တောင် ကိုယ့်ကိုယ်ကို စဉ်းစားယူမိရတဲ့အထိ။

ဒီနေ့မနက်ကတော့ ညီမဆီက ဖုန်းလာပါလေရော။ ရွှေပြည်ကြီးမှာ နှစ်သိန်းတန် GSM တွေ ချပေးနေတော့ ပေသီးခေါက်ပါရဂူ ညီမလည်း ဖုန်းတွေဘာတွေနဲ့ ဖြစ်လာမှကိုး။ ပြောရရင် နောက်ဆုံးကျတော့ ကုလားတောင်မှ လှည်းနဲ့ နွားနဲ့ ဖြစ်သွားပြီပေါ့လေ။ လက်ကိုင်ဖုန်း စကိုင်ရတဲ့သူတွေရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဖုန်းဆက်စရာ မရှိရှိရာ ဇွတ်ရောအတင်းပါ ရှာပြီးဆက်လေတော့ အစ်ကိုလုပ်သူကို သတိရပါလေရော။ ဒါတောင်မှ နောက်ဆိုရင် တစ်မိနစ်ကို ၂၅ ကျပ်နဲ့ ပြောလို့ရတဲ့ ညသန်းခေါင်လောက်ကျမှပဲ အစ်ကို့ဆီကို ဖုန်းဆက်တော့မယ်လို့ ပေသီးဆက်ခေါက်သေးလို့ မယ်မင်းကြီးမရယ် တော်ရုံသင့်ရုံလောက်ပဲ လုပ်ပါလို့ တောင်းပန်ရပါသေး။ သူဖုန်းဆက်တော့မှပဲ အိမ်သတင်း၊ ရပ်သတင်း၊ ရွာသတင်းတွေကို စုံတကာစေ့နေအောင် ရပါရဲ့။ ပြောမယ့်သာပြောရတယ် ဦးဟန်ကြည်က သူ့ဒေသမှာ သူ့မိဘလောက်ပဲ ခင်တွယ်စရာ ကျန်ခဲ့တာကလား။ ဘာပဲဖြစ်ဖြစ် ညီမဖြစ်သူက သတင်းစုံပို့နေပြန်တော့လည်း ဟုတ်ကဲ့…အေးပါ လုပ်ရတာပါပဲလေ။

ညီမနဲ့ ဖုန်းပြောနေရင်း စားပွဲပေါ်မှာ တွေ့တဲ့ကွမ်းဗူးထဲက ကွမ်းတစ်ယာကို ပါးစပ်ထဲထိုးသွပ်ပြီး စကားပြောမိမှပဲ ပြဿနာ စပါလေရော။ အသံပြောင်းသွားတာကို ရိပ်မိတဲ့ညီမက အစ်ကို…ကွမ်းငုံလိုက်တာလားလို့ မေးတော့ အေး..ပေါ့။ အနှီမှာတင် ညီမဘေးနားမှာ ရှိနေတဲ့ ဦးဟန်ကြည်ရဲ့ မေမေက ချစ်စွာသော သားတော်မောင် ကွမ်းမဖြတ်သေးတာ သိသွားပြီပေါ့။ အတော် ချစ်ဖို့ကောင်းတဲ့ ညီမး(။ ဒါနဲ့ပဲ အခုမှ တစ်ခေါင်းလုံး ကြာဆံဖြစ်အောင် ဖြူကာစပဲရှိသေးတဲ့ ကလေးပေါက်စ သားသားဟန်ကြည်ခမျာ မွေးသမိခင်ရဲ့ အဆူခံရပြီပေါ့။ ဟုတ်ပါရဲ့ ကိုယ်ကလည်းကိုယ်။ အနှီကွမ်းယာရဲ့ ဆိုးကျိုးဟူသမျှကို အူမချေးခါးမကျန် သိပါလျှက်နဲ့ ၀ါးနေဖြစ်သကိုး။ မ၀ါးဘဲနေလို့ရသလားဆိုတော့လည်း ရပေသပေါ့။ ဘာရယ်မဟုတ်ဘဲ ပါးစပ်အလုပ်မရှိ အလုပ်ရှာတာပါပဲ။ ဒါတောင်မှ တစ်နေကုန်တစ်နေခမ်း ပါးစပ်တစ်ပေါက်က စာသင်နေရတာနဲ့တောင် နားချိန်ရယ်လို့ မရှိပေလို့။ ပြောရရင်တော့ တစ်ခုခုကို မကျေမနပ်ဖြစ်စရာရှိရင် ပါးစပ်ထဲမှာ ငုံထားတဲ့ ကွမ်းတံတွေးကို ဖွီကနဲ ထွေးထုတ်ပစ်ပြီး ကိုယ်အစာမကြေတဲ့အကြောင်း လောကကြီးကို ပြရတဲ့ အရသာက အတော်ကောင်းတယ်မဟုတ်လား။ မနှစ်က မွေးနေ့တုန်းကတော့ ကွမ်းဖြတ်လိုက်ပါသေးရဲ့။ မှတ်မှတ်ရရ နေ့တ၀က်ကြီးများတောင်။ အရင်နှစ်ကတပည့်တွေကလည်း ဦးဟန်ကြည်ကို ကွမ်းဖြတ်ခိုင်းနေတာကြာပေါ့။ မွေးနေ့ရောက်ရင် ဖြတ်မယ်လို့ ကတိပေးထားပြီး ဘာလိုလိုနဲ့ ဧပြီ ၁၁ ဆိုရင် နောက်ထပ်မွေးနေ့တစ်ခုတောင် ရောက်တော့မှာပါကလား။ တပည့်တွေက ဆရာကွမ်းမဖြတ်သေးဘူးလားမေးရင် အင်း…ဒီနှစ်မွေးနေ့ပေါ့လို့ ယောင်ဝါးဝါး ဖြေရပြန်ရော။

ဘာပဲဖြစ်ဖြစ် ဒီနှစ်တော့ ကွမ်းဖြတ်ဖြစ်အောင် ဖြတ်ရတော့မှာပ။ ခက်တာက မွေးနေ့မှာ ကွမ်းဖြတ်ရအောင်လည်း ဦးဟန်ကြည်ရဲ့ မွေးနေ့က သင်္ကြန်နားနီးပေသကိုး။ အနှီတော့လည်း သင်္ကြန်တွင်း လည်ရင်းပတ်ရင်း ကွမ်းကလေးတမြုံ့မြုံ့နဲ့ နေရတဲ့ဖီလင်ကလေးက မက်စရာဖြစ်နေပြန်ရော။ ဘာပဲဖြစ်ဖြစ် ယောက်ျားဇာနည် ဦးဟန်ကြည်ကတော့ ၀ါးချင်ထွေးချင်တဲ့ ကိုယ့်စိတ်ကို ချွန်းနိုင်အောင် အုပ်ရဦးတော့မှာပေါ့လေ။ အများကောင်းကျိုး၊ ကိုယ့်ကောင်းကျိုးမဟုတ်လား။ ကိုယ့်အတွက်ဆိုတာထက် ကိုယ့်မိဘစိတ်ချမ်းသာဖို့ကို ရှေ့တန်းတင်ရပေမပေါ့။ အင်း…ဘုရားမကြိုက်၊ နတ်မကြိုက်တာမလုပ်ဘဲ ကိုယ်ကြိုက်တာပဲကိုယ်လုပ်တဲ့ ဦးဟန်ကြည်တစ်ယောက် ကျွတ်တန်းဝင်ခြင်းလို့ပဲ ခေါင်းစဉ်တပ်ရမယ်ထင်ရဲ့။

မေမေနဲ့ ဖုန်းပြောဖြစ်မှပဲ ဒီဧပြီဘတ်ဂျက်ဖွင့်မှာ ၀န်ထမ်းတွေကို လစာတိုးပေးဖို့ စီစဉ်ထားတာ သိရပါရဲ့။ တစ်ယောက်ချင်းစီရဲ့ လစာကို ၅၀ရာနှုန်းလောက် တိုးပေးမယ်ဆိုပါကလား။ ဘာပဲဖြစ်ဖြစ် မင်္ဂလာသတင်းပေါ့လေ။ ဦးဟန်ကြည်တို့ နိုင်ငံ့ဝန်ထမ်းတွေခမျာမှာလည်း မ၀ရေစာ လစာလေး နှစ်ပဲခြောက်ပြားနဲ့ ဖတ်သီလိုက်နေခဲ့ရတဲ့ ကာလတွေ နည်းမှမနည်းခဲ့တာကလား။ အနှီလိုလေး လစာတိုးပေးလိုက်တော့ အထိုက်အလျောက်တော့လည်း စားလောက်၊ သောက်လောက်ဖြစ်သွားရဲ့ မဟုတ်လား။ ကုန်ဈေးနှုန်းတွေ ထိုးတက်မသွားဖို့ကိုတော့ ဆုတောင်းရသေးသပ။ ခက်တာက ကိုယ့်တိုင်းပြည်မှာကလည်း တစ်ဖက်သားဝင်ငွေပိုရလာတယ်လို့ သိရတာနဲ့ လှီးဖို့ဖြတ်ဖို့ကိုပဲ တာစူကြတာမျိုး။ ၀န်ထမ်းတွေတောင် လစာတိုးပဟဲ့ ငါတို့လည်း ပစ္စည်းတွေ ဈေးတင်ရောင်းလိုက်မယ်ဆိုတဲ့ ကုန်သည်ပွဲစားတွေကလည်း ရှိသေးသကိုး။ အနှီတော့လည်း လစာတိုးပေးလည်း ဒုံရင်းဒုံရင်းဘ၀နဲ့ ကြပ်မြဲကြပ်လျှက်ဆိုတာတွေကလည်း သမိုင်းတလျှောက်လုံး ဒုနဲ့ဒေး။ ၀န်ထမ်းတွေကို လစာတိုးပေးရုံကလွဲပြီး ကျန်တဲ့နည်းနဲ့ ချောင်လည်အောင် မစီမံတတ်တဲ့ ဦးဟန်ကြည်တို့ အစိုးရခမျာလည်း သူရို့လုပ်သမျှအလုပ်က သမင်မွေးရင်း ကျားစားရင်းဖြစ်တာနဲ့တင် နံမည်ဆိုးဆိုင်းဘုဒ်ကြီး တစ်ခုပြီးတစ်ခုတိုးလာတာပဲ အဖတ်တင်ရဲ့။

ဦးဟန်ကြည်ရဲ့ မိဘနှစ်ပါးကတော့ လစာတိုးမှာကို မျှော်ကြရှာတဲ့ ၀န်ထမ်းတွေပီပီ နှစ်ယောက်ပေါင်းလို့ ရလာမယ့် လစာကို ကြိုတွေးရင်း ပျော်နေကြသကိုး။ မေမေရယ်…ဈေးတွေတက်ကုန်ရင် ဘာထူးဦးမှာလဲလို့ ဦးဟန်ကြည်က အထွန့်တက်မိတော့ ငါ့သားရယ်…မတက်ပါဘူးကွဲ့လို့ ဖြေရော။ အနှီတော့မှပဲ ဟယ်…ငါ့ဟာ အဆိုးမြင်စိတ်များ များလွန်းနေသလားလို့ ကိုယ့်ကိုယ်ကို တွေးယူရပါလေရော။ မတတ်နိုင်ဘူးလေ။ အခုတစ်မျိုး၊ တော်ကြာတစ်မျိုး ဖြစ်လေ့၊ လုပ်လေ့ရှိတဲ့ ရွှေပြည်ကြီးမှာ လူလားမြောက်၊ ကြီးပြင်းပြီး လက်ရှိမှီတင်းနေထိုင်ရလေတော့လည်း ဟိုလူ့လည်းမယုံ၊ သည်လူ့လည်းမယုံ၊ တစ်ခုခုမဖြစ်ခင် ပျက်မှာကို ကြိုတွေးနေမိတတ်တဲ့ မကောင်းတဲ့ ဗီဇဆိုးကြီးတွေက ဦးဏှောက်ထဲမှာ သံမှိုစွဲထားပြီးသားမဟုတ်လား။ မရှိရှိရာ ကောင်းကွက်ရှာတွေးယူရရင်တော့ ရှင်တော်ဘုရားဟောတော်မူခဲ့တဲ့ -
“ အတ္တာဟိ၊ အတ္တနော၊ နာထော ”
( မိမိကိုယ်သာ ကိုးကွယ်ရာ )
ဆိုတဲ့ တရားတော်ကို ရွှေပြည်သားဖြစ်ယုံနဲ့တင် အပြည့်အ၀ လိုက်နာပြီးသား ဖြစ်သွားတာပေါ့လေ။ အစစအရာရာ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ကိုယ်ကို ကိုးကွယ်ရလွန်းအားကြီးလို့လည်း ဘုရားစင်က မြတ်စွာဘုရားရုပ်ပွားတော် အောက်နားမှာ ကိုယ့်ဓာတ်ပုံလေးပါ တင်ထားပြီး ဘုရားနဲ့အတူရောပြီး ရှိခိုးရတော့မယ်ထင်ရဲ့။

တစ်နေ့နေ့တစ်ချိန်ချိန်ရောက်ရင်တော့ ဘုရားစင်ပေါ်မှာ တင်ဖို့စိတ်ကူးနေတဲ့ ဦးဟန်ကြည်တို့ရဲ့ ဓာတ်ပုံလေးတွေလည်း အယ်လ်ဘမ်ထဲမှာ နေသားတကျ စိတ်အေးချမ်းသာစွာ ရှိနေဖို့ မျှော်လင့်မိတာပ။ အင်း…ပြောမယ့်သာ ပြောရတယ် ဦးဟန်ကြည်ရဲ့ အဘိုးလက်ထက်ကလည်း ဦးဟန်ကြည်တို့ မေမေကို သမီးရေ ငါတို့တော့ အသက်ကြီးပြီ ခေတ်ကောင်းမမီတော့ဘူး…ညည်းတို့လက်ထက်ရောက်မှပဲ ခေတ်ကောင်းမီတော့မယ်လို့ ပြောခဲ့သပ။ ဦးဟန်ကြည်တို့ မေမေလည်း သားရယ်…အမေတို့ အသက်တွေကြီးလာပြီ သားတို့လက်ထက်ရောက်မှပဲ ခေတ်ကောင်းမီတော့မယ်လို့ ပြောပြန်တာပါပဲ။ အခုဦးဟန်ကြည်လည်း တပည့်တွေကို အင်း…ဆရာတို့ အသက်ကြီးလာပြီကွယ်…မင်းတို့လက်ထက်ရောက်မှပဲ ခေတ်ကောင်းမီတော့မပလို့ ပြောနေရပြန်ပြီကော။ အနှာကိုက တိုးတက်ရစ်မယ့် မျိုးဆက်သစ်တွေအတွက် ဦးဟန်ကြည်တို့ မျိုးဆက်ဟောင်းတွေက ချန်ထားပေးရစ်ခဲ့တဲ့ ကောင်းမြတ်သော မျှော်လင့်ချက်အမွေလို့ပဲ ကောင်းကွက်လေးရှာတွေးပြီး ပြောရတော့မယ်ထင်ပါရဲ့လေ။ ဘ၀ပေးပါရမီအရ ကျန်တာတွေ လက်ဆင့်မကမ်းနိုင်တော့လည်း မျှော်လင့်ချက်လေးတွေ လက်ဆင့်ကမ်းပေးနေရတာကိုက ရွှေပြည်ရဲ့ သရုပ်မှန်…အင်း….မောပ။            ။

20 comments:

jasmine(တောင်ကြီး) said...

“ အတ္တာဟိ၊ အတ္တနော၊ နာထော ”
( မိမိကိုယ်သာ ကိုးကွယ်ရာ )
အဲတာကတော့အမှန်ဆုံးပါပဲဆရာရေ
မြန်မာပြည်သူ/သားအားလုံး
စိတ်နှလုံးရွှင်လန်းပါစေရှင်

sosegado said...

မသေခင်ခေတ်ကောင်းမှီကောင်းပါရဲ့၊

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ဂလိုနဲ့ ကျွန်တော်တို့လည်း နောက်ပေါက်လေးတွေကို ဆြာ့ဖေမေတို့စကား ဆြာတို့ဆီကနေ ကျွန်တော်တို့က နားထောင်ပြီး ထပ်လက်ဆင့်ကမ်းရမယ်ထင်ပါရဲ့ဗျား)

blackroze said...

နားရက်လေးရတုန်းတဝကြီးနားထား
ဆ၇ာရေ..စာသင်ရတဲ့ဆရာတွေက
ကျောင်းပိတ်ရက်လေးဘဲနားရတာ..

ချစ်စံအိမ် said...

ဆရာပိုစ့်လေးတွေဖတ်ရတာသဘောကျမိပါတယ်..
လမင်းတို့ခေတ်လည်းမှီမယ်မထင်ပါဘူးဆရာရယ်..

ညီရဲ said...

နောင်ကလေးတွေတော့ ခောတ်ကောင်းကို မှီကောင်းပါရဲ့ ဆရာဟန်ရေ...

ချစ်သူမောင် said...

ဦးဟန်ကြည်ရေစကားမစပ်ကွမ်းဖြတ်မယ်ဆိုတာတစ်ရာ့တစ်ကြိမ်မြောက်ဖြစ်မယ်နဲ့တူတယ်ကျွန်တော်လည်းအဲ့လိုပဲဆေးလိပ်ကိုဖြတ်နေတာခက်နေတယ်ဗျာခုတော့ပြတ်တာငါးရက်ကျော်ပြီဒီတစ်ခါတော့မရရအောင်ဖြတ်မယ်ဗျာပြန်မသောက်တမ်းပေါ့

ခင်မင်လေးစားလျှက်
ချစ်သူမောင်

ချစ်သူမောင် said...

ခေတ်ဆိုတာလူကဖန်တီးတာပါဗျာစိတ်ဓါတ်တွေတိုးတက်လာယင်ခေတ်ကောင်းရောက်မှာပါ ဘလော့ကွန်မန့်မှာပြောပေမယ့်ပို့စ်တစ်ခုရေးဖြစ်မှာပါ
စလုံးကMRTပေါ်မှာကိုယ်ဝန်ဆောင်များကိုဦးစားပေးပါလို့စာကပ်ထားပါသေးတယ်......အဲတာသိတတ်အောင်ပါဂျပန်ကကြိုက်တဲ့ရထားစီးပါဘယ်သူကိုဘယ်ဝါကိုဦးစားပေးဖို့ဘာစာမှမကပ်ထားပါဘူးဒါပေမယ့်ဦးစားပေးကြတယ်ကိုယ်ဝန်သည်လာယင်နေရာဖယ်ပေးတယ်..ဦးဟန်ကြည်ရေတွေးယင်းမောငေးယင်းမျောဆိုသလိုခေတ်ကောင်းဘယ်တော့ရောက်ပါ့မလဲ
ပို့စ်တစ်ခုထပ်ရမှာပါ တိုင်းကျိုးပြည်ပြုပိုစ့်ပေါ့

ခင်မင်လေးစားလျှက်
ချစ်သူမောင်

နေ၀သန် said...

ဆရာရယ်.. အခုတင်ခေတ်ကောင်းပြီထင်ပါတယ်.. ထင်တာကိုပြောတာပါ.. :P.. ဦးဟန်ကြည်ကို အမေကဆူနေတဲ့ပုံ မျက်လုံးထဲပုံဖော်သွားတယ်... အဟီး..... :D ဖတ်လို့ကောင်းလိုက်တာ....း))

ခင်မင်လျက်
နေ၀သန်

နွေလ said...

မောလည်း မောက်လောက်ပါတယ် ဆရာ
( တော်တော်ရေးလိုက်ရတာကိုးးးးးးးး :P )
ဆရာရေ ...
ဖတ်ပြီးမှတ်သားသွားပါတယ်
ပြီးတော့ မေးခွမ်းတစ်ခုမေးလိုက်မိတယ်
ဆရာပြောတဲ့ ခေတ်ကောင်းဆိုတာ ဘယ်တော့လဲ :(

နွေလ said...

မောလည်း မောက်လောက်ပါတယ် ဆရာ
( တော်တော်ရေးလိုက်ရတာကိုးးးးးးးး :P )
ဆရာရေ ...
ဖတ်ပြီးမှတ်သားသွားပါတယ်
ပြီးတော့ မေးခွမ်းတစ်ခုမေးလိုက်မိတယ်
ဆရာပြောတဲ့ ခေတ်ကောင်းဆိုတာ ဘယ်တော့လဲ :(

kokoseinygn said...

စာတွေအတော်ဖတ်သွားတယ်ဆရာ
ဆရာ့အမေကသတိရနေမှာဘဲ
မန်းလေးကိုပြန်ပါအုံးဆရာ

ကိုကိုမောင်(ပန်းရနံ့) said...

ဆရာဟန်ကြည်တစ်ယောက် လွတ်လပ်ရေးရနေပြီပေါ့။
ကောင်းပါ့ကောင်းပါ့။
ဒါနဲ့
မဒမ်ကကော ကွမ်းစားတာကို မတားဘူးလားဗျ။း)

လွင်ပြင်လှိုင်းငယ် said...

ဖတ်မှတ်သွားပါတယ်ဗျာ

မဒမ်ကိုး said...

နားရက်ရတုန်းမနားဘဲ နောက်မှလာမအော်နဲ့ဆြာကြည့်း))))

နွေးတေးရှင်(မင်းဧရာ) said...

ဆရာ....
ဝန်ထမ်းတွေ လစာတိုးမယ်ဆိုတာတောင်
ကုန်ဈေးနှုန်းတက်မှာကြောက်လို့ တွေးပူရသေးတယ်နော်
ကျွန်တော်နားလည်သလောက်ပြောရရင် လှေမှောက်ဖူးတော့ လှိုင်းကိုကြောက်တဲ့ သူငယ်တွေလိုပေါ့ ဆရာ...
ရွှေပြည်ကြီးမှာက ၀န်ထမ်းတွေ လစာ တစ်ခါတိုးရင် ကုန်ဈေးနှုန်းကလည်း ၀ုန်း ဆိုထိုးတက်နေကြဆိုတော့
ဆရာ တွေးမယ်ဆိုလည်း တွေးလောက်စရာဘဲဗျာ။

မိုးငွေ့...... said...

နှစ်သစ်ပိတ်ရက်လေးမှားအေးအေးချမ်းချမ်း အနားယူနိုင်ပါစေဆရာ...။

san htun said...

ပိတ်ရက်မှာ အတိုးချ နားထား ဆရာဟန်ရေ..နောင်မျိုးဆက်တွေတော့ ခေတ်ကောင်းမှီနိုင်ကောင်းတယ် ထင်ပါရဲ့ ...

ဆူးသစ် said...

ဒီလိုသာဖြေသိမ့်နေရတာပါပဲ ကိုဟန်ကြည်။ စကားမစပ် မနက်ဖြန် ဧပြီ ၁၁ ရက်က ကိုဟန်ကြည့်မွေးနေ့ဆိုတော့ စောစောစီးစီးပဲ ဆုတောင်းပေးခဲ့ပါရဲ့ဗျာ။ မွေးနေ့ကစပြီး လုပ်ချင်တာမှန်သမျှအကုန်လုပ်နိုင်ပါစေ။ မိသားစုနဲ့အတူ သာယာပျော်ရွှင်တဲ့ဘ၀တစ်ခုကိုပိုင်ဆိုင်နိုင်ပါစေ။ ကျန်းမာချမ်းသာစွာနဲ့ လောကအကျိုး၊ အများအကျိုးလည်း သယ်ပိုးနိုင်ပါစေဗျာ။ စာတွေလည်း ဒီထက်ပိုရေးနိုင်ပါစေ။ ပို့စ်နဲ့ပတ်သက်တာဆက်ပြောရရင် ကန်တော့ပါရဲ့ဗျာ။ ဖင်မရှိချီးတုန်းကြီးနေတာပါ။ လိုင်းတွေကမကောင်းဘဲနဲ့ လိုင်းကောင်းအောင်တော့ မကြိုးစားဘူး။ ဖုန်းတွေပဲထပ်ချပေးပြီး မရှိဆင်းရဲသားတွေဆီကငွေတွေပဲ ထပ်ပါကုန်တာပါပဲ။ မျှော်သာမျှော်။ ရွှေပြည်တော်မျှော်တိုင်းဝေးပါရဲ့။ ဒုံရင်းကဒုံရင်းပဲမို့ အားလုံးအဆင်ပြေအောင်ဆုတောင်းနေပါတယ်။ အဲဒီကျ ကျွန်တော်တို့လည်း ပြန်လာခဲ့မှာပါ ကိုဟန်ကြည်။ ကိုယ့်ပြည်ကိုယ့်ရွာလောက် နေချင်စရာကောင်းတာ ဘယ်ရှိလိမ့်မလဲဗျာ။ အပြင်မှာနေဖူးမှသိတာကိုး။

ဟန်ကြည် said...

မွေးနေ့ဆုတောင်းအတွက် ကျေးဇူးတင်ပါတယ် ကိုဆူးသစ်ရေ...

ကြိုက်ရင်ပေါ့လေ . . .