Saturday, 3 March 2012

စံတင်ရမယ့် ဆွေမျိုးတွေ ( ၁ ) ...

ဦးဟန်ကြည်တစ်ယောက် အိမ်ရှင်မပြန်ရောက်လာပြီမို့ မီးဖိုဆောင်တာဝန်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ရပေမင့်လည်း ကလေးတွေစာမေးပွဲက နီးလာပြီမို့ စိတ်ရှိသလောက်လည်း ဘလော့မဂင်းနိုင်ပြန်ပါ။ တစ်နှစ်ပတ်လုံး စိတ်ရှိသလောက် ပျင်းချင်တိုင်းပျင်းခဲ့ကြတဲ့ သားတော်၊ သမီးတော်များကလည်း စာမေးပွဲနီးလာလေ သူရို့ဆရာကို ဇွတ်ရောအတင်းပါ ပစ်ခတ်ပြီး အားကိုးကြလေမို့ ခမျာမှာ ဒူးမနာသားသမီးများအရေးနဲ့ ချာလပတ်ရမ်းနေရှာပါလေရောလား။ စာတွေပြန်ရှင်းရ၊ ၀ိုင်းကျက်ရ၊ စာမေးပွဲပုံစံနဲ့ပြန်တိုက်ပေးရ၊ လေချင်တိုင်းလေပြီး အနားကပ်မှ ကြောက်ပါပြီအော်ချင်တဲ့ သတ္တ၀ါလေးတွေကို အားပေးရ၊ ခေါင်းထဲမှာ စာလေးပေလေး အထိုက်အလျောက်ဝင်သွားပြီမို့ ဘ၀င်ကိုင်ချင်လာတဲ့ သတ္တ၀ါလေးတွေကို ခြောက်ရလှန့်ရနဲ့ ဆရာတစ်ယောက်ရဲ့ အာဝေနိက ဒုက္ခတွေကို ကျကျနနနဲ့ လှလှပပကြီးကို ခံစားနေရပေမယ့် စာမရေးရရင် မနေနိုင်ပြန်တာမို့ နားချိန်လေးတွေစုပြီး မျိုးရိုးထဲက ဂန္ထ၀င်ပုဂ္ဂိုလ်တွေအကြောင်းကို စာစီမိပြန်ပါတယ်

ဦးဟန်ကြည်တို့မိဘများက အညာသူအညာသား စစ်စစ်ကြီးတွေပါ။ အဖေက ရွှေဘိုနွယ်၊ အမေက ဒီပဲယင်းအနွယ်မို့ အညာသားစစ်သမှ ရေတောင်မရောဘူးလို့ ပြောရမှာပါပဲ။ အလောင်းမင်းတရားကြီးရဲ့ ရွှေဘိုနွယ်နဲ့ မဟာဗန္ဓုလရဲ့ ဒီပဲယင်းနွယ် ဖက်စပ်ထားတာမို့ ဦးဟန်ကြည်မှာ လူမိုက်သွေးကတော့ ခပ်ပါပါလို့လည်း ပြောလို့ရကောင်းပါရဲ့။ ကိုယ့်ရှေ့မှာ မဟုတ်တာလုပ် မမှန်တာပြောသံကြားရရင် လက်တွေရော၊ ပါးစပ်တွေပါ ယားလာပါရောလား။ မိဘကျေးဇူးကြောင့် ပညာလေး အထိုက်အလျောက် တတ်ခွင့်ရခဲ့ပြီး ထိန်းသိမ်းရမယ့် ဂုဏ်သိက္ခာကလေး ခပ်ပါးပါးရှိနေလို့သာ အခုထိ သက်ဆိုးရှည်နေတာလို့တောင် တစ်ခါတစ်ခါ ထင်မိပါရဲ့။ ပညာများသာ မတတ်ခဲ့ရင်ဖြင့် မှန်တယ်ထင်တာကို တဇွတ်တိုး၊ တဇောက်ကန်းလုပ်ချင်တဲ့ ဗီဇကြောင့် ခပ်ငယ်ငယ်ကပဲ မာလကီးယားဖို့ကတော့ ရာနှုန်းကို အတော်များများ သေချာနေသပေါ့။

ကိုင်း…ကိုယ့်အကြောင်းကို ဖော်ကောင်လုပ်နေရင် လိုရင်းကို ရောက်မှာ မဟုတ်တော့တာကြောင့် ဦးဟန်ကြည်ရဲ့ ဂန္ထ၀င်ဆွေမျိုးတွေအကြောင်းကိုပဲ သွားကြပါစို့ရဲ့ …

ဦးဟန်ကြည်တို့ မေမေ့ဘက်ကအဘိုး

ကိုယ့်ကိုယ်ကိုဖော် မသူတော်လုပ်ရင် ကိုယ်နဲ့အရင်းနှီးဆုံးက စရမှာမို့ အဖေ့ဘက်က အဘိုးအကြောင်းကနေ စရပါလိမ့်မယ်။ ရွှေဘိုနယ်က ကွမ်းတိုင်းရွာသား အဘိုးက အင်္ဂလိပ်ခေတ်က ကိုးတန်းအောင်ခဲ့တာမို့ သူ့ခေတ်နဲ့သူကတော့ အထိုက်အလျောက် ပညာတတ်တယ်လို့ ဆိုရမယ်ထင်ပါရဲ့။ အဲဒီကာလက ခုနစ်တန်းအောင်ရင်တောင် ကျောင်းဆရာလုပ်လို့ရနေတာမို့ သူ့ပညာနဲ့ ၀န်ထမ်းလုပ်စားရင် အထိုက်အလျောက်တော့ ရာထူးလေးဘာလေးရနိုင်ပေမယ့် “ ဟေ့…မြကြီးက သူများကျွန်မခံဘူးကွ ” လို့ ခပ်မိုက်မိုက်ပဲ ကြွေးကြော်ပြီး ဘာမှမလုပ်ဘဲ ခပ်ပေပေနေပါသတဲ့။ လူကသာ ပေပေတေတေနေပေမယ့် နှလုံးသားကတော့ မခေရှာတာမို့ အချိန်တန်တော့ ခင်ဦးမြို့သူ အဘွား ဒေါ်နှင်းဆီနဲ့ အကြောင်းပါပါရောလား။ အဲဒီခေတ်က အဆိုတော်ကိုမြကြီးရဲ့
“ သို့…မခင်နှင်းဆီ ” သီချင်းကလည်း နံမည်ကြီးတာမို့ ဦးဟန်ကြည်တို့အဘိုးလည်း မယ်ဒလင်တစ်လက်နဲ့ အဘွားတို့အိမ်ရှေ့မှာ အဲဒီသီချင်းနဲ့ သွားသွားပြီး ကြူချင်လည်းကြူပေမပေါ့လေ။ အဘွားနဲ့ အကြောင်းပါပြီးတာတောင် သူ့မူဝါဒကြီးကို မစွန့်ဘဲ ငုတ်တုတ်ထိုင်မြဲထိုင်နေတာကြောင့် အဘွားရဲ့အစ်ကို စက်ပိုင်က မနေသာတော့ဘဲ သူ့ဆန်စက်မှာ မန်နေဂျာခန့်ရပါလေရော။ ခမျာမှာ ယောက်ဖကို မကြည်ပေမယ့် နှမဖြစ်သူ ဒုက္ခရောက်မယ့်အရေးကိုတော့ မမြင်ရက်ရှာဘူးထင်ပါရဲ့။ ဒီလိုနဲ့ပဲ အဘိုးဦးမြကြီးလည်း သူများကျွန်မဟုတ်ဘဲ ယောက်ဖကျွန်ဖြစ်မှန်းမသိ ဖြစ်ကရော ဆိုကြပါစို့။ အဘိုးအကြောင်းတွေကိုတော့ ဒီနေရာမှာ ရေးခဲ့ပြီးသားမို့ အကျယ်မချဲ့တော့ဘဲ အဘိုးရဲ့ ပြောင်မြောက်လှတဲ့ ဒေါသယမ်းအိုးအကြောင်းဘဲ ဇာချဲ့ပါတော့မယ်။

အဘိုးက ဒေါသကြီးသလောက် အချစ်လည်း ကြီးဟန်တူပါရဲ့။ တကတည်း ဆယ်နှစ်အတွင်းမှာ သားသမီးခုနစ်ယောက်တောင် မွေးထည့်လိုက်ပါရောလား။ ကလေးတွေ အင်တိုက်အားတိုက်မွေးပေမယ့် ဘယ်သားသမီးကိုမှ ချီပိုးပြီး ယုယုယယ မရှိဘဲ ခပ်တင်းတင်းပဲ နေပါသတဲ့။ သားသမီးတွေခမျာ သူရို့အဖေရဲ့ ဒေါသကို ကြောက်ရှာကြလွန်းလို့ အရွယ်တွေရပြီး လူလားမြောက်တဲ့အထိ မျက်နှာချင်းကောင်းကောင်း မဆိုင်ရဲတဲ့အထိ။ ကြောက်မယ်ဆိုလည်း ကြောက်စရာ။ ထမင်းစားရင်းနဲ့များ ငရုတ်သီးစပ်သွားလို့ကတော့ “ ကိုင်း…ဒီလောက်တောင်စပ်လှတာ  သွားရော့လကွာ ” လို့ အဘိုးပါးစပ်က တစ်ခွန်းတည်းအော်ပြီး ထမင်းစားပွဲကို မ-ယူပြီးပစ်ထုတ်လိုက်တယ်ဆိုကိုး။ အားအားရှိတိုင်း တစ်တန်းဘား၊ နှစ်တန်းဘားကစား၊ ဒမ်ဘယ်ရိုက်နဲ့ဆိုတော့ သူ့ဗလကြီးကလည်း အယ်နေပြန်တာမို့ သားသမီးတွေခမျာ “ ဟိတ် ” ဆိုတာနဲ့တင် သေးဖြန်းဖြန်းကျရပါသတဲ့။ တစ်ခါမှာတော့ သမီးလတ် ( ဦးဟန်ကြည်တို့ အဒေါ် ) မထွေး ထမင်းချက်နေတုန်း ကြိမ်နဲ့လှိမ့်ရိုက်တာ မထွေးခမျာ ဘုမသိ၊ ဘမသိနဲ့ စွတ်ပြီးအတွယ်ခံရတာမို့ “ အဖေ…ကျုပ်ဘာလုပ်မိလို့တုန်း ” လို့ မေးရင်းနဲ့ ပတ်ပြေးရရှာသတဲ့။ အဲဒီတော့မှာ “ နင် လွန်ခဲ့တဲ့ တစ်ပတ်က အိပ်ရာထ နောက်ကျသကိုး ” လို့ ခပ်မာမာနဲ့ ပြောပါသတဲ့။ တစ်ပတ်ကျော်က အပြစ်ကို အခွင့်မသာမချင်း အောင့်ထားပြီး အလစ်မှာ ချောင်ပိတ်ပြီး ပယ်ပယ်နယ်နယ်တီးတာမို့ မခံနိုင်တဲ့အဆုံး အဒေါ်ခမျာ မီးဖိုဆောင်ထရံကို ခြေထောက်နဲ့ ကန်ဖောက်ပြီး ထွက်ပြေးရပါရောလား။

အဘိုးရဲ့ မဟာဗျူဟာမြောက် သားသမီးဆုံးမနည်းကလည်း နောင်လာနောက်သားတွေ မှတ်သားလောက်ပါပေရဲ့။ သားသမီးတစ်ယောက်မွေးတာနဲ့ အဲဒီကလေးအတွက် ကြိမ်တစ်ခွေ ၀ယ်ပါသတဲ့။ အဲဒီကြိမ်ကို လုံးပတ်သေးတဲ့ အဖျားပိုင်းကနေ ဖြတ်ဖြတ်ပြီး ကလေးအပြစ်လုပ်တိုင်း ရိုက်ပြီးဆုံးမသွားတာ အရွယ်ရလာတာနဲ့အမျှ ကြိမ်အရင်းပိုင်းကို ရောက်ရောက်လာပါလေရော။ အဲဒီကြိမ်ခွေတစ်ခွေလည်းကုန်ရော ကလေးလည်း အရွယ်ရောက်၊ လူလားမြောက်၊ လိမ္မာရေးခြားလည်း ရှိသွားပြီလို့ ယူဆပါသတဲ့။ ဦးဟန်ကြည်တို့အဖေက အဘိုးဆီက အဲဒီနည်းစနစ်ကို အမွေမဆက်ခံခဲ့တာပဲ ကျေးဇူးတင်ရပါသေးတယ်။ အဲဒီနည်းဗျူဟာနဲ့သာဆိုရင် ပေကတ်ကတ်သတ္တ၀ါ မောင်ဟန်ကြည်ကတော့ သုံးနှစ်သားအရွယ်လောက်နဲ့တင် ကြိမ်တစ်ခွေလုံးပဲ ကုန်မလား၊ အသက်ပဲ ပျောက်မလား မတွေးရဲပေါင်။

ဦးဟန်ကြည်ရဲ့ အဘိုးတစ်ဝမ်းကွဲ
ကွမ်းတိုင်းရွာက အဘိုးရဲ့ညီဝမ်းကွဲတစ်ယောက်ကတော့ တစ်ပုံစံပါ။ သူရို့ညီအစ်ကို နှစ်ယောက်ကို ပုဆိုးဖြစ်ဖြစ် အ၀တ်အစားဖြစ်ဖြစ် တစ်ယောက်တစ်ထည်စီဝယ်ပေးရင် ဘယ်တော့မှ သူ့အတွက်ပေးတဲ့ အ၀တ်ကို မကြိုက်ဘူးဆိုပဲ။ ညီလုပ်သူကို ပေးတဲ့အ၀တ်အစားကိုပဲ မရမက လုလေ့ရှိတာမို့ နောက်ပိုင်းကျတော့ အထာပေါက်သွားတဲ့ ညီလုပ်သူက သူမလိုချင်တဲ့ အ၀တ်အစားကို အရင်ယူထားပြီး အစ်ကိုကို မျက်လှည့်ပြရပါလေရော။ ထုံးစံအတိုင်း ဟိုက မောင်မင်းကြီးသားက သူများလက်ထဲက အ၀တ်အစားကိုပဲ အတင်းလုတာမို့ ဒီယုန်မြင်လို့ ဒီချုံထွင်တဲ့ ညီတော်မောင်က သူ့စိတ်ကြိုက်အ၀တ်အစားကိုပဲ ပြန်ရတာမို့ အဆင်ကို ချောပါလေရောတဲ့။

ဦးဟန်ကြည်ရဲ့ အဘွားလေးညီအစ်မ
အဖေ့ရဲ့ အဒေါ်ဝမ်းကွဲ အပျိုကြီးညီအစ်မကလည်း ရာဇ၀င်တွေနဲ့ပါ။ အင်မတန်မှ အပျင်းထူပြီး ကပ်စေးလည်းနဲကြတာမို့ အရွယ်သာရောက်လာတယ် ကြိုက်မယ့်လူ မရှိဘဲ အပျိုကြီးဘ၀နဲ့ ညီအစ်မနှစ်ယောက် တစ်အိမ်တည်း နေကြရပါလေရော။ ကပ်စေးနဲချက်ကတော့ အမဲသား အစိတ်သားကို တစ်လကြာအောင် စားပါသတဲ့။ အမဲသားကို ခရမ်းချဉ်သီးတွေဘာတွေနဲ့ အနှစ်များများရအောင်ချက်ပြီး ထမင်းစားရင် အနှစ်ကလေးနဲ့ နယ်ဖတ်စား၊ ဟင်းတုံးတွေကိုတော့ ပြန်သိမ်းထားကြပါလေရော။ နောက်တစ်ရက်ကျရင် အဲဒီဟင်းတုံးတွေကို အနှစ်ကလေးနဲ့ ပြန်ချက်ပြီး စားကြပါသတဲ့။ သူရို့တွေ ကပ်စေးနဲတဲ့ဒဏ်ကို မချိမဆန့်ခံရတဲ့ အမဲသားတုံးခမျာ တစ်လနီးပါးလောက်ကြာတဲ့အခါ လုံးပါးပါးပြီး ပိန်ရှုံ့လာရှာတော့တာပေါ့လေ။ အဲဒီအခါကျမှပဲ အဲဒီဟင်းတုံးတွေလည်း အပျိုကြီးညီအစ်မရဲ့ဗိုက်ထဲမှာ စိတ်အေးလက်အေး နေခွင့်ရပါတော့သတဲ့။

အဲဒီအပျိုကြီးညီအစ်မ ပျင်းပုံကလည်း စံတင်လောက်ပါရဲ့။ ထမင်းစားပြီးကြရင် ပန်းကန်တွေကို တစ်ခါတည်းမဆေးဘဲ ရေကပြင်မှာ ပုံထားလိုက်ကြပါသတဲ့။ နောက်တစ်ခါ ထမင်းစားကြရင် ပန်းကန်အသစ်တွေထုတ်ပြီး ခပ်တည်တည်စား၊ စားပြီးရင် ထုံးစံအတိုင်းပဲ ပုံထားကြပြန်ရောတဲ့။ အဲဒီနည်းစနစ်အတိုင်း စားလိုက်ပုံလိုက်လုပ်ကြရင်း ပန်းကန်တွေကုန်သွားမှ “ ကိုင်း ငါ့ညီမရေ ဆေးကြစို့ဟေ့ ” ဆိုပြီး အဲဒီပန်းကန်ဟောင်းတွေကို ရေအပြည့်ထည့်ထားတဲ့ ရေဇလားကြီးထဲ ပစ်ထည့်ပြီး စိမ်ထားလိုက်ပါသတဲ့။ ခဏကြာမှ ပန်းကန်တွေကို နည်းနည်းပါးပါး ပွတ်သပ်ပြီး ပန်းကန်စင်ပေါ်မှာ ဟန်မပျက်စီထားကြပါလေရော။ ပြီးရင်တော့ ထုံးစံအတိုင်း စားပြီးပုံ စနစ်အတိုင်း စခမ်းဆက်သွားကြပြန်ပါသတဲ့။ ဒီအပျိုကြီးများကို ယူမိတဲ့ သကောင့်သားကတော့ သူရို့တွေနှိပ်စက်သမျှကို ခါးချိအောင်ခံရမှာ မြင်ယောင်ပါသေးတယ်။ ဒါပေမယ့် အဲဒီခေတ်က ကာလသားများကလည်း ဦးဟန်ကြည်တို့ထက် ပါးရည်နပ်ရည်ရှိတာမို့ မယ်မင်းကြီးမနှစ်ယောက်ကို ဝေါင်ဝေါင်ရှေးလိုက်ကြတာ ခမျာများမှာ အပျိုကြီးဘ၀နဲ့ တစ်သက်လုံး အရိုးထုတ်ကြရပါရောလား။

ဒီရက်ပတ်အတွင်းမှာ ဘလော့ပတ် အားနည်းဦးမှာမို့ ချစ်စွာသော ဘလော့ဂါ၊ ဘလော့ဂီအပေါင်းကို တောင်းပန်ရင်း အလျင်မပြတ်စေဖို့ ဦးဟန်ကြည်ရဲ့ ဆွေမျိုးတွေအကြောင်းကို အငံ့ဆိုင်း အားပေးကြဖို့ တောင်းပန်ထားပါရစေဦးဗျား…

15 comments:

မေဓာဝီ said...

ဦးဟန်ကြည်ရဲ့ ပို့စ် ဖတ်ရင်းနဲ့ သုမောင်ရဲ့ မျိုးရိုးထဲက ဆိုးပေကြီးတွေကို သွားသတိရမိတယ်။

ဦးဟန်ကြည်အဘိုးက သားသမီး ခုနစ်ယောက် မွေးတာ နည်းသေးတာပေါ့။ ကျမ အမေဘက်က အဘိုးက ၁၁ ယောက်၊ အဖေဘက်က အဘိုးက ၈ ယောက် မွေးခဲ့တာကလား ... ။

ကြိမ်ခွေတွေ ကြိုတင်ဝယ်ထားတဲ့ အဘိုးရဲ့ သားသမီးဆုံးမနည်းကတော့ မှတ်သားလောက်ပါတယ်။ ချွေတာတတ်တဲ့ အဘွားလေး နှစ်ယောက် အကြောင်း ဦးဟန်ကြည် ပုံဖော်ထားတာ ဖတ်ရင်း ရယ်နေရတယ်။ ခုတလော စိတ်ညစ်နေတာလေးတောင် ခဏတဖြုတ် မေ့သွားလို့ ဦးဟန်ကြည်ကို ကျေးဇူးတင်တယ်ဗျို့။

YL said...

မင်္ဂလာပါ...

သီချင်းတွေလာ နားထောင်ကြပါဦးခင်ဗျာ....

Myanmar Online Music: MyanmarOnlineMusic.Com

အားလုံးကိုဖိတ်ခေါ်ပါတယ်..

ကျေးဇူးပါ...

ဆူးသစ် said...

နောက်ဆို ကိုဟန်ကြည်ကို ဝေဖန်မယ်ဆိုနည်းနည်းတော့ သတိထားမှထင်တယ်။ အလောင်းဘုရားနဲ့ မဟာဗန္ဓုလတို့နယ်တွေက ဆင်းသက်လာတာရယ်၊ အဘိုးအမွေခံမှာတွေရယ် တွေးပြီးလန့်လို့ဗျို့။ အပျိုကြီးညီအစ်မကတော့ လန်ထွက်သဗျာ။ ကျွန်တော့်ညီဝမ်းကွဲတစ်ယောက်လိုပေါ့။ မိုးလင်းရင် ခြင်ထောင်ပြန်မတင်ချင်ဘူး။ ဘာလို့လဲလို့မေးတော့ ညကျရင် ပြန်ချရမှာဆိုပဲ။ လေးစားတယ်ဗျာ။ ဆွေမျိုးတွေအကြောင်းဖတ်ရတာ သဘောကျမိပါတယ်။ နည်းနည်းတော့ ထိန်းရေးဗျို့။ အကုန်လုံးလည်း ကုန်သွားဦးမယ်။

နေ၀သန် said...

အိမ်း.. ဒီအမျိုးဒီအဆွေတွေကို ဖတ်ပြီး.... ကြောက်လာမိတယ်.. ဆရာဟန်ကြည့်အလှည့် စောင့်နေတယ်ဗျာ... :P..

ခင်မင်လျက်
နေ၀သန်

ဒုတိယလူ said...

အောင်.မ.ငီးးး ဆရာရယ် ကြက်သီးတောင်
ထတယ်..အပိုင်း၂ လေးလည်း ကြောက်ကြောက်
နဲ့ မျှော်နေအုန်းမယ်နော်..

ခင်မင်လေးစားလျှက်..
(ဒုတိယ)

ဖြိုးဇာနည် said...

လှလှပပ နဲ့ဆွေတွေမျိုးတွေရဲ့ အကျင့်ကို

ဟိုက်လိုက် ထိုးပေးသွားတာပါလား

တော်ချက်ဗျာ

ပစ်ပစ် said...

အညာသူအညာသား
ဆရာဟန် ဆွေမျိုးများ ဆိုပြီး
လုံးချင်းရေးစမ်းပါ ဆရာရယ်
ပစ်ပစ်အားပေးတယ်..

san htun said...

ဆရာသုမောင်ရဲ့  မျိုးရိုးထဲမှ ဆိုးပေကြီးများ ဝထ္ထုထဲက အဘွား (ဆရာသာဓု အမေ)၊ အဖေ (ဆရာသာဓု) ပေပုံတွေကို ဖတ်ရပြီးကတည်းက ကြိုက်နေတော ခု ဆရာဟန်ရဲ့  စံတင်ရမယ့် ဆွေမျိုးတွေ ဖတ်ရပြန်တော့လည်း သဘောကျလိုက်တာ..နောက်အပိုင်းတွေ မျှော်နေတယ်ဗျို့ 

မဒမ်ကိုး said...

အဲလိုအဖိုးနဲ့များတွေ့လိုက်ချင်သေးတယ် ဟင်းးဟင်းးး

ကြယ်ပြာ said...

ပထမဆုံး ဒီဘလော့ကို ရောက်ခဲ့ခြင်းပါ။ ဒီပို့စ်ထဲမှာ အပျိုကြီး ညီအစ်မ အကြောင်းဖတ်ရတာ သဘောအကျဆုံးပဲ။ ကြိမ်နဲ့ရိုက်တာတော့ ကြိုက်ဘူးရယ်။ ကိုယ်တိုင်လဲ ငယ်ငယ်က ကြိမ်စာ ခဏခဏမိလို့ မုန်းချက်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဆရာကြည်ရေ
ဆရာရဲ့ အမျိုးအဒေါ်အပျိုကြီးတွေရဲ့ နည်းကို သဘောကျလို့ နည်းယူသွားတယ် ဆရာရေ..
နောက်နေ့ကစပြီး အသားတုံးကိုချက်ပြီးရင် ပြန်သိမ်းထားတော့မယ်း)
ပန်းကန်တွေလဲ အားလုံးကုန်မှဆေးတော့မယ်လို့ စိတ်ကူးထားတယ်
မဆိုးဘူးနော်.. တော်တော်ကုန်ကျသက်သာမယ် နည်းလမ်းပေးတာ ကျေးဇူးပါ ဆရာကြည်ရေ့း)

ချစ်သူမောင် said...

ဟဲဟဲ ဦးဟန်ကြည်ရေ အဖိုးကိုတော့မမှီလိုက်ဘူးဗျာ
သူ့ခမျာစောပြီးဆုံးရှာတယ်အဖွားကတော့အသက်၈၀လောက်ထိဝါးခြမ်းပြားနဲ့လိုက်တီးတာမှီသေးသဗျို့ အသားလွတ်ရိုက်တာမျိုးတော့မဟုတ်ပါဘူးဗျာပါဒစပ်နဲ့ပြောလို့မရမှလိုက်တွယ်တာ အဖွားထူးခြားချက်ကတော့လောက်လေးခွအင်မတန်တည့်သဗျို့ ကြုံဖူးတဲ့အတိုင်းပြောပြရယင်တော့တစ်ခါကညဖက်ခွေးတစ်ကောင်ဟောင်လိုက်တအီအီလုပ်လိုက်နဲ့ကြာတော့အိပ်မရတဲ့အဖွားလေးခွနဲ့ထွက်ဆွဲတာ တကိန်ကိန်အော်ပြေးပါရော့လားအက်တော်တော်ကြီးတဲ့အထိသူ့ကိုလေးခွချည်ပေးရတုန်းဗျမှတ်မိသလောက်အသက်၇၅လောက်အထိသားရေပျော့ပျော့နဲ့ချည်ပေးခဲ့ရတာအမှတ်တရသတိရသွားပါတယ်.....

ခင်မင်လေးစားလျှက်
ချစ်သူမောင်

mstint said...

ဦးဟန်ကြည်ရဲ့မိဘတွေက အလောင်းမင်းတရားကြီးရဲ့
ရွှေဘိုနွယ်နဲ့မဟာဗန္ဓုလရဲ့ ဒီပဲယင်းနွယ်ဖက်ကဆိုတော့ နယ်နယ်ရရ မဟုတ်ဘူး ဒါကြောင့်ဦးဟန်ကြည် အရေးအသေားတွေက ထူးခြားနေတာကိုးး)
ဂန္တဝင်ဆွေမျိုးတွေအကြောင်း စာအုပ်ထုတ်သင့်တယ်။
နောက်ပို့စ်ဆက်ဖတ်အုံးမယ် ပြီးမှဆုကိုပေါင်းပြီး
ပေးတော့မယ်နော်း)

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ရေဦး တဇယ် တပယင်းကပါလားခင်ဗျာ
ရွာကိုလွမ်းလို့ပါ
တနေ့က ကျောင်းမှာဆရာကန်တော့ပွဲလုပ်တယ်ကြားပါတယ် ဆရာကောသွားဖြစ်ပါသေးသလား

ဆင်တဲကဖေး said...

အပျိုကြီးတွေ လုပ်တဲ့ စတိုင်ကိုတော့ အတုခိုးသင့်တယ်..ချွေတာခြင်းသည် ငွေရှာသလိုပဲ ဆိုတော့ .ကောင်းသားပဲ။ပန်းကန် ဆေးတာလဲ ဟုတ်တာပဲ အိမ်ရှိတဲ့ ပန်းကန် တွေအစုံ သုံးဖူးတာပေါ့..

ကြိုက်ရင်ပေါ့လေ . . .