Wednesday, 22 February 2012

စနစ်ကျတဲ့ စနစ်ကောင်း . . .

ဒီရက်ပတ်အတွင်းမှာ 
ဟိုနားကြည့်လည်း ဒီမိုကရေစီ၊ သည်နားကြည့်လည်း ဒီမိုကရေစီနဲ့ အသံတွေညံလို့ စည်လို့နေပါရဲ့။ အနှီ ဒီမိုကရေစီဆိုတဲ့ အရာကြီးကလည်း ပြောရဆိုရတာ ပါးစပ်အပြည့်ကိုး။ ဒါကြီးရရင် တိုင်းပြည်တိုးတက်မယ်လို့ ဆိုပြန်တော့လည်း လူတိုင်းက မက်မက်စက်စက် ရှိကြတာပ။ အနောက်နိုင်ငံတွေမှာဆိုရင်လည်း ဒီစနစ်ကြီးနဲ့ တိုးတက်ကြီးထွားနေကြတယ် ဆိုပြန်တော့လည်း ဒီလောက်ကောင်းတဲ့ စနစ်ကြီးကို ကိုယ့်နိုင်ငံမှာ မကျင့်သုံးလိုက်ရရင်ဖြင့် နိုင်ငံဖြစ်ရှုံးရချေရဲ့။ ကိုင်း…ဟုတ်ပါပြီဗျာ။ အနှီဒီမိုကရေစီဆိုတာကြီးကို အလုံးလား၊ အပြားလား ခွဲခွဲခြားခြား သိတဲ့လူကရော ဦးဟန်ကြည်တို့ ရွှေပြည်ကြီးမှာ ဘယ်နှစ်ရာခိုင်နှုန်းများ ရှိနေပါပြီလဲ။ ဘုမသိ၊ ဘမသိဘဲ သူများတောင်းလို့ လိုက်တောင်းနေတာမျိုးတော့ဖြင့် မဖြစ်သင့်ဘူး ထင်ပါရဲ့။

ဦးဟန်ကြည်ရဲ့ တပည့်တစ်ယောက်ကတော့ သူ့ဆရာကို အးကိုးတကြီး မေးဖူးပါတယ်။ ဆရာ…တဲ့ ဒီမိုကရေစီရရင် လူသတ်ချင်လည်း သတ်လို့ရတယ်ဆို…တဲ့။ ဆရာလုပ်တဲ့ ဦးဟန်ကြည်ခမျာ ခေါင်းကိုဆင်နင်းခံလိုက်ရတယ်တောင် ထင်မိပါရဲ့။ ဒါနဲ့ မင့်ကို ဘယ်သူပြောလဲဆိုတော့ အရပ်ထဲကလူတွေ ပြောကြတာပဲ ဆရာ…တဲ့။  ဦးဟန်ကြည်လည်း စိတ်ပေါက်ပေါက်နဲ့ ဖြေထည့်လိုက်ပါတယ်။ အေး…မင်းပြောတဲ့ ဒီမိုကရေစီကြီးသာရောက်လာရင် ငါတော့မြန်မာပြည်မှာ မနေတော့ဘူးဟေ့…လို့။ ကိုင်း…ဦးဟန်ကြည်တို့ ပတ်ဝန်းကျင်မှာ သူများယောင်လို့ လိုက်ယောင်နေတဲ့လူတွေ ဘယ်လောက်များ များနေသလဲဆိုတာ စဉ်းစားသာကြည့်ပေတော့။ ခက်တာက ကိုယ့်လူမျိုးကလည်း ဘာမှန်းမသိဘဲ မျက်စိမှိတ်စွတ်တောင်းတဲ့ အကျင့်ကလေးကလည်း မွေးကတည်းက တစ်ခါတည်းပါခဲ့ပြီးသားမဟုတ်လား။ ကျန်တာမပြောနဲ့ ကိုယ်ရွတ်နေတဲ့ ဘုရားရှိခိုးကိုပဲ ပြန်စဉ်းစားပေရော့။ ဗုဒ္ဓဘာသာဝင်တိုင်း ဘုရားရှေ့မှာ ဆောင့်ကြောင့်ထိုင်ပြီး ညတိုင်းရွတ်နေတဲ့ သြကာသဘုရားရှိခိုးထဲက “ ရပ်ပြစ်ရှစ်ပါး ” “ ၀ိပ္ပတ္တိတရားလေးပါး” “ ဗျဿနတရားငါးပါး ” “ ကပ်ကြီးသုံးပါး ” ဆိုတဲ့ ဆုတောင်းတွေကိုတောင် ဘာမှန်းမှ မသိကြဘဲကိုး။ ဆုတောင်းတဲ့လူက အနှီလို ဘာမှမသိဘဲ ထိုင်တောင်းနေတော့ ဆုပေးတဲ့လူက ဘာများပေးရမှာပါလိမ့်။ ပေးတော့ရော ပေးမှန်းသိပါဦးမလား။ စဉ်းစားမိရင် အတော်ခွကျတဲ့ ဦးဟန်ကြည်တို့ တစ်တွေပါ။ ကိုင်း…အခုလည်း လုပ်ကြပြန်ပါပြီ။ ဒီမိုကရေစီပါတဲ့။ ဟိုးလွန်ခဲ့တဲ့ ၁၉၇၀ ၀န်းကျင်နှစ်တွေတုန်းက အမေရိကန်နိုင်ငံက သံရုံးရှေ့မှာ တရုတ်ပြည်က ကျောင်းသားတွေက သူရို့တရုတ်ပြည်ကြီး ဒီမိုကရေစီရရှိရေးအတွက် ဆန္ဒတွေပြကြပါသတဲ့။ အနှီအုပ်ထဲက ကျောင်းသားတစ်ယောက်ကို သတင်းထောက်တစ်ယောက်က “ ဒီမိုကရေစီဆိုတာ ဘာလို့ခေါ်သလဲ ” လို့ မေးတော့ သကောင့်သားက “ ဒီမိုကရေစီဆိုတာ ဘာမှန်းတော့ ကျုပ်မသိဘူးဗျာ…ဒါပေမယ့် အဲဒါကြီးကို ကျုပ်တို့လိုချင်တာပဲ သိတယ် ” လို့ ဖြေပါသတဲ့။ အင်မတန် မှတ်သားဖွယ်ကောင်းတဲ့ အဖြေကတော့ ကမ္ဘာကို ကျော်ပါလေရော။ အင်း…အဲဒီသတင်းထောက် ဦးဟန်ကြည်တို့ဆီ ရောက်မလာပါစေနဲ့လို့ ထိုင်ဆုတောင်းရတော့မှာပါပဲ။

တိုင်းပြည်တစ်ခုမှာ ခေါင်းဆောင်ကောင်းရှိဖို့ကတော့ အင်မတန့်အင်မတန် အရေးကြီးမှန်း ဦးဟန်ကြည်တို့လည်း နားလည်ပါရဲ့။ ဒါပေမယ့် ခေါင်းဆောင်ကောင်းတစ်ယောက်ရှိယုံနဲ့တော့ ထင်တိုင်းပေါက်ဖို့ လွယ်မယ်မထင်ပေါင်ဗျား။ မိဘကောင်းတိုင်း သားသမီးကောင်းဖြစ်တာမှ မဟုတ်တာကလား။ ဘောလုံးသင်းတစ်သင်းနဲ့ပဲ စဉ်းစားကြည့်ကြစို့လား။ ဘောလုံးသင်းတစ်သင်း ရှုံးကြပြီဆိုရင် နည်းပြအသုံးမကျဘူးလို့ ဝေဖန်ကြတာ သဘာဝပေါ့။ ကိုင်း…အဲသလိုဆိုရင် နည်းပြကောင်းတိုင်းရော ဒီဘောလုံးအသင်း ပွဲတိုင်းနိုင်ရောလား။ မန်ယူအသင်းက နာမည်ကျော်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်ကို မြန်မာအသင်းနည်းပြအဖြစ် တိုင်းပြည်ကိုပေါင်ပြီးရတဲ့ငွေနဲ့ငှားလိုက်တော့ရော ဦးဟန်ကြည်တို့ မြန်မာအသင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်ရောလား။ ဝေးပါသေးရဲ့။ ဂိုးသွင်းရမှာက ကစားသမားအလုပ်ကိုး။ သူမှဂိုးမသွင်းရင် ကွင်းဘေးမှာ ငုတ်တုတ်ထိုင်နေတဲ့ နည်းပြက ဘာတတ်နိုင်သေးလို့လဲ။ ဦးဟန်ကြည်တို့ စာသင်နေတဲ့ လုပ်ငန်းကိုပဲကြည့်။ ဆရာညံ့ရင် ကျောင်းသားညံ့တာတော့ သေချာသပ။ ဆရာတော်တိုင်း ကျောင်းသားတွေ တော်ဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်ဘဲ။ ဦးဟန်ကြည် စာတွေဘယ်လောက်တတ်နေနေ၊ ဘယ်လောက်ပဲ ကြုံးသင်နေနေ ကျတဲ့ကျောင်းသားကတော့ ကျကိုကျတာပါပဲ။ စကားလုံးကြီးကြီးပြောရရင် သုံးလောကထွဋ်ထား ရှင်တော်ဘုရားက အကျွတ်တရားဟောတော်မူတာတောင် တရားနာပုဂ္ဂိုလ်က ကျွတ်ထိုက်တဲ့ ပါရမီလေး ရှိနေဦးမှ ကျွတ်တာကလား။ ဆိုလိုတာက ကလေးအပြင်ထွက်လာဖို့ လက်သည်ချည်း အားမကိုးဘဲ ကိုယ်တိုင်လည်း ညှစ်အားကလေးတော့ ကူဦးမှလို့ ပြောချင်တာပါ။ ထစ်ခနဲရှိရင် သူများကို လက်ညှိုးထိုင်ထိုးနေတာလေးတွေလျှော့ပြီး ကိုယ်တိုင်ကလည်း ကြိုးစားကြဖို့ တိုက်တွန်းချင်တာပါ။

ဒါကြောင့်လည်း “ မသိတာကို သိအောင်ပြောပြပေးလို့ရတယ်…
မတတ်တာကို တတ်အောင်သင်ပေးလို့ရတယ်…
မရှိတာကို ရှိအောင်လုပ်ပေးလို့ရတယ်…
မလုပ်တာကိုတော့ လုပ်အောင်မတတ်နိုင်ဘူး…” လို့
 ဆိုကြတာပေါ့လေ။ ခက်နေတာက ဦးဟန်ကြည်တို့ လူမျိုးအများစုက မသိတာနဲ့ မတတ်တာကို ဘေးဖယ်ပြီး မရှိတာကိုပဲ ရှိအောင်လုပ်ဖို့ အားသန်နေကြသကိုး။ အနှီလိုဖြင့် ဘာမှန်းမသိကြတဲ့ ဒီမိုကရေစီဆိုတာကြီးကို ဘာမှနားမတည်တဲ့ လူတွေရဲ့လက်ထဲ ထည့်ပေးလိုက်ရင်တော့ မျောက်လက်ထဲကို မီးခြစ်ထည့်ပေးသလိုဖြစ်ကုန်မှာ တွေးပြီး ကြောက်မိပါသဗျား။ စကားစပ်မိလို့ ဆရာကြီးရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်းထဲက အကြောင်းကလေးတစ်ခုကို ဥဒါဟရုဏ်ဆောင်ချင်ပါရဲ့။ ဆရာကြီးတို့ စာပေအဖွဲ့ တရုတ်ပြည်ကို လေ့လာရေးသွားကြတော့ အနှီပြည်မှာ လယ်သမားတွေကို လယ်ယာမြေဝေခြမ်းရေးတွေ လုပ်ပေးထားတာ တစ်တိုင်းပြည်လုံးက လယ်သမားတွေ အိုခေမှာစိုပြည်နေကြသတဲ့။ မြန်မာပြည်ကြီးမှာ အစိုးရက လယ်ယာမြေဝေခြမ်းရေးဆိုပြီး မြေရှင်ကြီးတွေဆီက လယ်တွေကို သိမ်းပြီး လယ်သူရင်းငှားတို့ လယ်ကူလီတို့လက်ထဲ ထည့်ပေးလိုက်တာ တစ်နှစ်လောက်တော့ အဆင်ချောပါရဲ့။ ဒါပေမယ့် သူရင်းငှားကနေ လယ်ပိုင်ဖြစ်လာတဲ့ သကောင့်သားများက သူရို့ကိုယ်သူရို့ သူဌေးစိတ်ဝင်ပြီး သောက်လိုက်၊ စားလိုက်နဲ့ ဖြုန်းလိုက်ကြတာ တစ်နှစ်ကျော်လောက်လဲကြာရော သူရို့လက်ထဲကလယ်တွေလည်း မူလပိုင်ရှင်ဖြစ်တဲ့ မြေရှင်ကြီးတွေရဲ့ လက်ထဲကို ပြန်ရောက်ကုန်တော့တာကိုး။

ဒါနဲ့ မြန်မာပြည်မှာလို မဟုတ်ဘဲ ဝေခြမ်းရေးနဲ့ အောင်မြင်သွားတဲ့ ပေါက်ဖော်ကြီးတွေအကြောင်းကို ဆရာကြီးက စပ်စုတာပေါ့လေ။ အဲဒီတော့ တာဝန်ရှိတဲ့ ပေါက်ဖော်ကြီးတွေက မိန့်မိန့်ကြီးပြုံးပြီး ကျွန်တော်တို့က လယ်မဲ့ယာမဲ့တွေလက်ထဲကို လယ်တွေထည့်မပေးခင်မှာ သူရို့သဘောပေါက်အောင်၊ အရင်အတိုင်း ဆက်ကြိုးစားအောင် ပညာအရင်ပေးထားတာကိုး…လို့ ဖြေသတဲ့။ အသိဥာဏ် ရှိသွားတဲ့ တရုတ်လယ်မဲ့ယာမဲ့တွေက သူရို့လက်ထဲရောက်လာတဲ့ လယ်တွေ၊ ယာတွေကို အလဟဿဖြုန်းတီးမဖြစ်ဘဲ ကြိုးကြိုးကုတ်ကုတ်နဲ့ အလုပ်လုပ်ကြတော့တာပေါ့။ အနှီမှာတင် ဆရာကြီးလည်း ကိုယ့်တိုင်းပြည် မအောင်မြင်တာ စနစ်မကောင်းလို့ မဟုတ်ဘဲ စနစ်မကျလို့ ဆိုတာကို သဘောပေါက်ပါလေရော။ ကိုင်း…အခုလည်း လာပြန်ပါပြီ ဒီမိုကရေစီ ဆိုပါလား။ ဒီမိုကရေစီ အခြေခံအသိမရှိဘဲ ဒီမိုကရေစီသာ ပေးထည့်လိုက်ရင်တော့ လယ်ယာမြေဝေခြမ်းရေးထက်တောင် ပိုဆိုးဖို့ များနေသကိုး။

http://2.bp.blogspot.com/-LNWjz0vnsM4/TnNNJjXijjI/AAAAAAAABII/BNtoTGc7ZSU/s320/Democracy.jpg

ဒီမိုကရေစီနဲ့ အခြေခံမူက Majority rule ( အများသဘောတူချက်ဖြင့် စည်းကြပ်ခြင်း ) ပါတဲ့။ ကိုင်း…အနှီလိုဆိုရင် အများညီတိုင်း တိုးတက်ရောလား။ ဦးဟန်ကြည်တော့ မထင်ရေးချ မထင်။ ဗိုလ်ချုပ်အောင်ဆန်းကတော့ “ အခု ညီညွတ်ရေး…ညီညွတ်ရေးနဲ့ လုပ်နေကြတယ်…ဒါပေမယ့် စားဖားတွေ ညီညွတ်တာမျိုးကတော့ အလကားပဲ ” လို့ သူ့ဝသီအတိုင်း ခပ်ပြတ်ပြတ်ပြောဖူးပါရဲ့။ အနှီလို တလွဲဆံပင်ကောင်းညီညွတ်တဲ့ အများသဘောနဲ့ စည်းကြပ်ရင်တော့ ငါးပါးတင်မကဘဲ သံဃာစင်ပါ မှောက်ပါလိမ့်မဗျား။ ဆိုကြပါစို့ သူငယ်ချင်းဆယ်ယောက်ရှိတယ်ပေါ့။ အနှီမှာတင် တစ်ယောက်က ဒီမိုကရေစီထုံးစံအရ အနှိပ်ခန်းသွားကြဖို့ အဆိုတင်သွင်းတယ် ဆိုကြပါစို့။ ထုံးတမ်းစဉ်လာနဲ့အညီ ဒီမိုကရေစီနည်းလမ်းကျကျ မဲခွဲဆုံးဖြတ်လိုက်ကြတော့ ထောက်ခံမဲ ၇ မဲ၊ ကန့်ကွက်မဲ ၃ မဲနဲ့ သွားရေးဘက်က နိုင်သွားတယ်ဆိုကြပါစို့။ အနှီလိုသာဖြင့် မခက်ကြပေဘူးလား။ အများညီတိုင်းသာ “ ဤ ” ကို “ ကျွဲ ” လို့ ဖတ်နေရရင် တိုင်းပြည်ကတော့ အဖတ်တင်မကဘဲ အရည်ပါ ဆယ်လို့ရမှာ မဟုတ်ပေဘူး။ အများညီကြရင်တော့ စိတ်ချမ်းသာရတာ ဦးဟန်ကြည်သိသပ။ ဒါပေမယ့် ခဏတာ စိတ်ချမ်းသာပြီး ရေရှည်မှာ ထမင်းအိုးကွဲမယ့်အရေးကိုတော့ ဘယ်လိုချင်ပါလိမ့်မလဲ။

အများရဲ့ ရွေးချယ်မှုဆိုပေမယ့် ငတုံးဆယ်ယောက်ရဲ့ ရွေးချယ်မှုနဲ့ ပညာရှိဆယ်ယောက်ရဲ့ ရွေးချယ်မှုက အဆပေါင်းများစွာ ကွာပေမပေါ့။ အများသဘောတူညီမှုနဲ့ ရွေးကောက်တင်မြှောက်ရင်လည်း တတ်သိနားလည်တဲ့ အများရဲ့တင်မြှောက်မှုကပဲ အမှန်တရားနဲ့ ပိုနီးစပ်မှာ မဟုတ်ပါလား။ သူများပြောလို့ ဟုတ်နိုးနိုးနဲ့ ခေါင်းညိတ်ကြတာထက်စာရင် ကိုယ်တိုင်နားလည်ယုံကြည်ပြီး ခေါင်းညိတ်ထာမျိုးကို ဦးဟန်ကြည်ကတော့ ပိုပြီးလေးစားပါရဲ့။ အနှီလိုလူတွေက တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်မျိုးကိုပဲ ပိုပြီးအားကိုးချင်ပါရဲ့။

အနှီတော့ အများညီတဲ့ ဒီမိုကရေစီကို မကျင့်သုံးခင် အများစုကို နိုင်ငံသားကျင့်ဝတ် နားလည်အောင် အရင်ဆုံးပညာပေးသင့်တယ်လို့ ဦးဟန်ကြည်က ဆိုလိုချင်တာပါ။ ဒီလောက်ကောင်းတဲ့ ဒီမိုကရေစီကိုတော့ ဦးဟန်ကြည်တို့ မလိုချင်ဘဲ ဘယ်နေလိမ့်မတုန်း။ လိုချင်တာမှ တစ်ပိုင်းကို သေနေသပေါ့။ ဒါပေမယ့် ဒါကြီးရမှ ဒုက္ခများမှာကိုတော့ ဘယ်ဖြစ်ချင်မလဲ။ စဉ်းစားကြည့်ရင် ကြေးအထပ်ထပ်နဲ့ ညစ်ပတ်ပေတူးနေတဲ့ အထည်တစ်ခုကို ဆေးမဆိုးခင် အနှီအထည်ညစ်ကြီးကို အရင်လျှော်ရပေမပေါ့။ လိုအပ်ရင်လည်း ပြုတ်လျှော်သင့်ရင် လျှော်ရပေမပေါ့။ အနှီလိုမလုပ်ဘဲ အထည်ညစ်ကို ဆေးဆိုးမိရင်ဖြင့် ဆိုးမိတဲ့ဆေးတွေ အလဟဿဖြစ်ကုန်မှာ နှမြောစရာမဟုတ်လား။ ဒါကြောင့် ဦးဟန်ကြည်တို့ တိုင်းသူပြည်သားတွေကို ဒီမိုကရေစီရဲ့ အခြေခံစိတ်ထားတွေ အရင်ရိုက်သွင်း၊ ဒီမိုကရေစီဆိုတာ ဘာကိုခေါ်သလည်းဆိုတာကို နားလည်အောင်ပညာပေးပြီးမှ အနှီစနစ်ကောင်းကြီးကို စနစ်တကျ အကောင်အထည်ဖော်ကြရင် အတိုင်းထက်အလွန်၊ တံခွန်နဲ့ ကုက္ကားဖြစ်မယ်ဆိုတဲ့အကြောင်း မီးမောင်းထိုးလိုက်ပါရဲ့ဗျား။              ။

စာကြွင်း။              ။
ဒီမိုကရေစီအခြေခံ အုတ်မြစ်ကို ဘယ်လိုချသင့်တယ်ဆိုတာကို ပညာရေးလောကသားဖြစ်တဲ့ ဦးဟန်ကြည်က ပညာရေးရှုထောင့်ကနေ ဆက်သုံးသပ်ပြီး နောက်ပို့စ်မှာ ဆက်တင်ဖြစ်ပါလိမ့်မယ်။ ဘယ်အရာမဆို လွတ်လပ်စွာကွဲလွဲခွင့်ရှိတာမို့ ဦးဟန်ကြည်တစ်ယောက်တည်းရဲ့ ပုဂ္ဂလိကအမြင်နဲ့ သုံးသပ်ချက်ကို စိတ်ကြိုက်သာ ကွဲလွဲကြဖို့ တိုက်တွန်းချင်ပါတယ်။ စိတ်ကြိုက်ကွဲလွဲလို့အားရရင် ၁၉၄၀ ကျော်နှစ်တွေအတွင်းက သံအမတ်ကြီးဦးထွန်းတင်ရေးထားခဲ့တဲ့ ဒီမိုကရေစီစိတ်ထား ဆိုတဲ့စာအုပ်ပါးကလေးကို ဖတ်ဖြစ်အောင်ဖတ်ဖို့ တိုက်တွန်းလိုက်ပါရဲ့။ အနှီစာအုပ်ကို ရှာရပြုရတာ ခက်ခဲသပ၊ ဖတ်လည်းဖတ်ချင်လှသပဆိုရင်လည်း အလျှင်းသင့်တဲ့အခါမှာ ကောင်းနိုးရာရာ ကောက်နုတ်ပြီး ဖတ်ညွှန်းကဏ္ဍမှာ တင်ပေးပါ့မဗျား။   ။

21 comments:

မေဓာဝီ said...

ခုတလော ဖတ်ရတဲ့ ပို့စ်တွေထဲ ဒီပို့စ် အကြိုက်ဆုံးပဲ ဦးဟန်ကြည်ရေ ... ။

ကျမလဲ အဲဒါမျိုး ကြုံဖူးတယ်။ ၈၈ အရေးအခင်းမှာ လမ်းပေါ် လူတွေထွက် ဒီမိုကရေစီ အော်နေကြတော့ အိမ်မှာ လက်တိုလက်တောင်း ကူညီလုပ်ကိုင် ပေးနေတဲ့ တိုင်းရင်းသူ ကလေးမလေး ကြားပြီး သူ့ပါးစပ်ထဲ ဒီမိုကရေစီ ရောက်လာတယ်။
သူလဲ ဒီမိုကရေစီ လိုချင်သတဲ့။ ဘာတုန်း ဒီမိုကရေစီ နင်သိလို့လား ဆိုတော့ ... သိဘူးလေ၊ လူတွေတောင်းနေတော့ ကောင်းလို့ နေမှာပေါ့တဲ့၊
ကျမမှာ ရယ်ရအခက် ငိုရအခက် ... ။

ရပ်ပြစ်ရှစ်ပါး .... စတဲ့ဟာတွေ မသိဘဲ မိရိုးဖလာ ရှိခိုးဆုတောင်းလို့ လိုက်တောင်းနေသူတွေလဲ ဒီခေတ် ကြီးထဲ အများသား ဆရာဟန်ရေ ... ။
ဆရာတော်တပါး ဟောသွားတဲ့ တရားထဲကလို ...
အပါယ်လေးပါး၊ ကပ်သုံးပါး၊ .... (အလယ်ကဟာတွေ မသိတော့လို့ ကျော်ချပြီး) ရပါလို၏ အရှင်ဘုရား လို့ မဆိုရင်ဘဲ တော်လှပြီ။

ကိုအောင်(ပျူနိုင်ငံ) said...

တရားစီရင်ရေး၊ ပညာရေးစနစ်နဲ့ အလုပ်အကိုင်ရှာဖွေရေးနဲ့ ပက်သက်ပြီး ဦးဟန်ကြည်ရဲ့ အမြင်ကို သိချင်တယ်ဗျာ ... တက်ဂ်ပို့စ် ပုံစံ လုပ်လိုက်ပါ ကျနော်ပါ သိသလောက် လက်လှမ်းမှီသလောက် ရေးမယ်လေ ...

နေ၀သန် said...

ဦးဟန်ကြည်ရေ.. ကျွန်တော်တို့လူမျိုးတွေမှာ ဘာကိုပဲဖြစ်ဖြစ်.. စဉ်းစား၊ တွေးခေါ်၊ ချင့်ချိန်တတ်ဖို့ သိပ်လိုတာဗျ... သူများယောင်လို့ လိုက်ယောင်နေရင်တော့... ဘာမှထူးမှာမဟုတ်ဘူးလေ... ဒီပို့စ်လေးကိုဖတ်ပြီး အတွေးတွေများရတယ်ဗျာ....

ခင်မင်လျက်
နေ၀သန်

မဒမ်ကိုး said...

အဲလိုယောင်ကောင်းတိုင်းယောင် အော်ကောင်းတိုင်းအော်နေတဲ့သူတွေ တစ်ပုံကြီးမို့ မြင်ပြင်းကတ်လွန်းလို့ ဖဘမှာဘာမှတောင်မရေးတာဘဲဆြာကြည်ရေ..
အမောင်တောင်မှန်းမြောက်မှန်းမသိတဲ့သူတွေက ဆဲဖို့တော့သိကြသဗျ
ကြောက်ပါရဲ့ဗျာ အတွေးတွေလဲအများကြီးဆိုသလို ဒီမိုကရေစီဆိုတာလဲဘာမှန်းမသိပါဘူး
မိသားစုနဲ့အတူနေချင်တာဘဲသိပါတယ် မြန်မာပြည်ကိုတခြားနိုင်ငံလိုတိုးတက်ရင်ဘဲတော်ပါပြီဗျာ
သူများနိုင်ငံမှာခေါင်းမငုံ့ပါရစေနဲ့တော့
ဒါပါဘဲ

ဟန်ကြည် said...

ကိုအောင်ပြောတဲ့ စိတ်ကူးမျိုး ကူးဖူးသဗျ...
ဒါပေမယ့် တဂ်က အလေးကြီးဖြစ်သွားမှာစိုးလို့ မလုပ်ဘဲ နေမိတာ...သူများကို အလုပ်ပိုအောင်လုပ်သလိုဖြစ်မှာလည်း စိုးရိမ်နေလို့...အခုလို ကိုအောင်က တိုက်တွန်းတော့လည်း လုပ်ပါ့မယ်...အားပေးတာ ကျေးဇူးတင်ပါတယ်...

ဆင်တဲကဖေး said...

ကြိုက်တယ် ဆရာ အရေး အသားရော အကြောင်းအရာ ရော ပေးသွားတဲ့ မက်ဆေ့ကို ရောပေါ့။ဆရာပြောပြတဲ့ ကြောင်း အရာလေးတစ်ခုကို အထူးသဘောကျပါတယ်..ဒီမိုကရေစီ ရလာရင်လူသတ်လို့ ရပြီလားဆိုတဲ့..လူပိန်း အတွေးလေးကိုပေါ့။ အတော်ကြောက်ဖို့ကောင်းတယ်နော်...အင်း..ဒီလိုလူမျိုးတွေလက်ထဲကို ဒီမိုကရေစီ ထည့်ပေးလိုက်လို့ ကတော့ မျောက်လက်ထဲ စတင်းဂန်း ထည့်ပေးလိုက်တာကမှ သက်သာအုံးမယ်..။

...အလင်းစက်များ said...

ကောင်းတယ်ဆရာ။ ဒီမို ကရေစီ ဆိုတာ ဘာမှန်း မသိပဲ လက်ထဲ ရလာတာထက် သိပြီးမှ လက်ခံကြတာ ပိုကောင်းပါတယ်။ အစိုးရအနေနဲ့  ရုပ်မြင်သံကြား မီဒီယာကနေ လွှင့်ဖို့  မရဲလို့  ပဲ ဖြစ်ပါလိမ့်မယ်။

jasmine(တောင်ကြီး) said...

ဘယ်လိုပဲဖြစ်ဖြစ်ပြည်သူတွေအေးချမ်းပြီး
တိုင်းပြည်တိုးတက်ရင်ကျေနပ်ပါတယ်ဆရာရေ
လေးစားစွာဖြင့်
jasmine

ချစ်စံအိမ် said...

ဦးဦးရှင့် စာတွေလာဖတ်သွားပါတယ်
မမဂျက်လမ်းညွန်လို့ ရောက်ရှိခဲ့ပါကြောင်း

မိစံ said...

အင်မတန်ကောင်းတဲ့ပိုစ့်ပါ။
ဘလော့ဂ်မှာတင်မက ဖြစ်နိုင်ရင် ပြည်တွင်းစာစောင်တွေကနေ ဆောင်းပါးအဖြစ်ရေးသင့်ပါတယ်...
တဘက်တလမ်းကလဲ အများပြည်သူတွေကြား ပျံ့နှံ့လွယ်မဲ့ အသိပညာပေးဆောင်ရွက်မှု့လေးတွေ တတ်နိုင်သလောက် အချိန်ပေးပြီး လုပ်ပါပေးလား ဆရာရေ။
ဆရာ့လို လူမျိုးတွေ နဲနဲချင်းစီ စပြီး အကောင်အထည်ဖော်လိုက်ရင် ခရီးရောက်နှုန်း ပိုမြန်သွားနိုင်တယ်လို့ ယုံပါတယ်ဆရာ။

နွေးတေးရှင်(မင်းဧရာ) said...

ှဆရာ...
ငို ချင်ရက်လက်တို့မလုပ်နဲ့နော်)))၀။
အဲသလိုပြောချင်နေလိုက်တာများ အလွန်ပေါ့ဗျာ။
ဘာမှန်းမသိ ညာမှန်းမသိ ကြာလာတော့လည်း ကိုယ့်နားတွေကိုတောင် ပိတ်ထားချင်လာတယ်။

ဆရာ နောက်ထပ်တင်မည့်ပို့စ်အတွက်
စောင့်နေပါတယ်ဗျာ။

ကိုအောင်(ပျူနိုင်ငံ)ရဲ့ အဆိုကိုပါ ထောက်ခံသွားတယ် ဆရာ။

မြစ်ကျိုးအင်း said...

ဖတ်ရတာ အနှစ်သာရ ရှိပါဘိဗျာ။
လက်နှီးစုတ် ဥပမာလေး ထိမိလွန်းလှရဲ့။
နောက်ဆက်တွဲ ပို့စ်မှာလည်း ဘွင်းဘွင်းရှင်းရှင်း ဥပမာတွေနဲ့သာ ဆက်ချပါ ဆရာဟန်ရေ။ အားပေးပါတယ်။

san htun said...

အတွေးပွားစေတဲ့ ပို့ စ်လေးပါ ဆရာဟန်ရေ..ဆရာဟန် ညွန်းတဲ့ စာအုပ်ကို ပိတ်ရက်မှာ ဖတ်ဦးမယ်..နောက်ထပ် ဒီလိုမျိုးလေး ညွှန်းပါဦးဗျ...

blackroze said...

ဆရာ..အရမ်းကိုတန်ဘိုးရှိတဲ့ပိုစ့်လေးပါ
မဂ္ဂဇင်းတွေ..ဂျာနယ်တွေမှာပါ
ဖော်ပြသင့်တယ်..
ဆ၇ာရဲ့အတွေးအမြင်တွေနဲ့
ဆက်လက်ရေးသားမဲ့
ပိုစ့်တွေကိုဖတ်ဖို့စောင့်နေပါ့မယ်..

ထော်ဦး said...

ဦးဦးဟန်ကြည်...
ကျွန်တော်လည်း နိုင်ငံရေးအကြောင်းရေးမှာ...
အဲ...27ရက်နေ့ မှာ အမြည်းလာစားဦးနော်...
ဦးဦးဟန်ကြည်...
အမြည်းလာစားတဲ့အတွက်ရော
ိပ်မက်လာမက်ပေးတဲ့အတွက်ရော ဒီက ကျွန်တော်
ကျေးဇူးတင်ပါတယ်လို့ ...
ထော်ဦး

ပန်းချီ said...

ဆရာရေ ဒီမိုကရေစီစိတ်ထား ဆိုတဲ့ စာအုပ်ကလေး ဖတ်ချင်လိုက်တာ။ ခုရေးထားတာလည်း ကြိုက်လွန်းလို့ လာဖတ်တာ နှစ်ခေါက်တော့ အနည်းလေးရှိပြီ။
ဆရာအဆင်ပြေတဲ့အခါ ကောက်နုတ်ပေးမယ့် ဖတ်ညွှန်းကဏ္ဍ ကိုစောင့်ဖတ်ပါ့မယ်။

8Yar said...

ကောင်းလိုက်တဲ့ ညွှန်ပြချက်လေးဗျာ။ မှတ်သားသွားပါတယ်ခင်ဗျာ။

နွေလ said...

ဦးဦးဟန်ကြည်ရေ . . .
ဥပမာလေးတွေနဲ့တကွ ရေးပြထားတာ ကောင်းတယ်ဗျာ
မှတ်သားသွားပါ၏

မြတ်ကြည် said...

Yes :)

ဆူးသစ် said...

ကိုဟန်ကြည်ရေ- ကျွန်တော်လုပ်နေတဲ့ Project က Schedule က အရမ်းကျပ်နေတာနဲ့ ပို့စ်လည်း မတင်နိုင်သလို ဘလော့လည်ဖို့လည်း မနည်းကြိုးစားနေရတယ်ဗျာ။ အခုမှရောက်တော့တယ်။ တောင်းပန်ပါရဲ့ဗျာ။ ဒီပို့စ်ကိုလည်း သဘောကျမိပါရဲ့။ အနှိပ်ခန်းသွားဖို့ဆိုတဲ့ ဥပမာကိုတော့ သဘောကျလှသဗျာ။ ဒီမိုကရေစီဘာလဲလို့ပြောရင် ကျွန်တော်တော့ မပြောတတ်လှပါဘူး။ ဒါပေမဲ့ ၂၀၀၄ခုနှစ်တုန်းက ကျွန်တော်အိန္ဒိယနိုင်ငံကို နယူးဒေလီနဲ့ ကာလကတ္တားကိုရောက်ခဲ့ဖူးတော့ အဲဒီမှာ ကျွန်တော်တို့နိုင်ငံက ဟံသာဝတီအ၀ိုင်းတို့၊ ဦးဝိစာရအ၀ိုင်းတို့လို အ၀ိုင်းတွေပေါ်မှာ ဖဲထိုင်ရိုက်နေတာ၊ နောက်ပြီးသူတို့ဆီက အိမ်ခြံစည်းရိုးအုတ်နံရံတွေပေါ်က အပေါ့သွားထားတဲ့ သေးစီးကြောင်းတွေမြင်ရတာ၊ အဲဒါတွေကြည့်ပြီး ဒီမိုကရေစီဆိုတာ ဒါမျိုးလားလို့တွေးမိဖူးပါရဲ့။ တလောက ကျွန်တော်ရေးခဲ့တဲ့ ပြန်ခဲ့ရမှာလား ဆိုတဲ့ပို့စ်မှာ ကောင်မလေးနှစ်ယောက် သီချင်းတက်ဆိုသွားတဲ့ကိစ္စက ဒီမိုကရေစီတောင်မရသေးဘူးနော်။ နောက်ဆို စင်ပေါ်တက်ဆဲချင်ဆဲတော့မှာ။ ကျွန်တော်အထင်ပြောရရင် ဘာတွေဘယ်လိုပြောင်းပြောင်း လူတွေမှာ စည်းကမ်းတော့ရှိဖို့လိုမယ်ထင်တယ်။ ကိုဟန်ကြည်ပြောတဲ့စာအုပ်တော့ မဖတ်ဖူးဘူးဗျ။ လုပ်ပါဦး။ ညွှန်းပါဦး။

ဟန်ကြည် said...

ကိုဆူးသစ်ရေ...
ကျွန်တော်လည်း ဒီရက်ပတ်က အလုပ်များနေတာနဲ့ ဒီပို့စ်အဆက်ကို လက်စမသတ်နိုင်သေးဘူးဖြစ်နေတယ်ဗျာ...စာအုပ်ဖတ်ညွှန်းကို အမြန်တင်နိုင်အောင် ကြိုးစားနေပါတယ်...လောလောဆယ်တော့ အရင်ကတည်းက ရေးထားတဲ့ ပို့စ်တွေကို အလျင်မပြတ်အောင် တင်ပေးနေဖြစ်တာမို့ ခဏလောက်တော့ သည်းခံပေးဖို့ တောင်းပန်ပါရစေဦးဗျား...

ကြိုက်ရင်ပေါ့လေ . . .