“ ဖေဖော်ဝါရီ ၁၃ မှာ
ဗိုလ်ချုပ်မွေးနေ့ပါ . . . ”
ခပ်ငယ်ငယ်ကတည်းက ရင်ထဲမှာစွဲနေခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကဗျာကို ဦးဟန်ကြည် ခပ်တိုးတိုး ရွတ်မိပါတယ်။ ဒီနေ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ပါကလား။ မြန်မာပြည်ကို အင်္ဂလိပ်၊ ဂျပန်တွေလက်အောက်ကလွတ်မြောက်ပြီး ကိုယ့်မင်းကိုယ့်ချင်းနဲ့ နေနိုင်ဖို့ သက်စွန့်ကြိုးပမ်းဆောင်ရွက်သွားခဲ့တဲ့ အာဇာနည်ကြီးရဲ့ မွေးနေ့မှာ ပတ်ဝန်းကျင်ကို ဦးဟန်ကြည် စနည်းနာလိုက်မိတော့ သိတောင်သိကြပုံမရတော့။ သြော်…သနားလိုက်ပါဘိတော့တယ် ဗိုလ်ချုပ်ရယ်။ အိမ်ခန်းနံရံမှာ ဓာတ်ပုံချိတ်ခံရတဲ့ဘ၀နဲ့တင် ဗိုလ်ချုပ်ခမျာ ကျိန်းကျေနေရှာပြီပေါ့။
ဦးဟန်ကြည်တို့ရဲ့ မျိုးဆက်သစ်ကလေးတွေ၊ တစ်ချိန်မှာ တိုင်းပြည်ကို ခေါင်းဆောင်ကြမယ့် လူငယ်လေးတွေ ဗိုလ်ချုပ်မွေးနေ့မှာ ဘာတွေများ အင်တိုက်အားတိုက် လှုပ်ရှားနေကြပါလိမ့်လို့ စောကြောလိုက်မိတော့ အမေ့နို့နံ့မစင်သေးတဲ့ ကလေးစုံတွဲလေးတွေ အလုပ်တွေတော့ ရှုပ်နေကြပါရဲ့။ အလုပ်တွေရှုပ်ပြီး ဘာတွေများ အရှုပ်တွေလုပ်နေကြပါလိမ့်။ မနက်ဖြန် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ဘယ်နိုင်ငံက စပြီးပေါ်လာမှန်းမသိတဲ့ ဗယ်လင်တိုင်းနေ့ ( မြန်မာအခေါ် ချစ်သူများနေ့ )အတွက် အပီအပြင် ပြင်ဆင်နေကြပါကလား။ ကောင်းပါလေ့… ။ တို့ဗိုလ်ချုပ်ကလည်း ဗယ်လင်တိုင်းမတိုင်ခင် တစ်ရက်မှာမှ လူဖြစ်လာခဲ့ရှာသကိုး။ နှလုံးသားအရေးကို တိုင်းပြည်နဲ့လူမျိုးအရေးထက် ရှေ့တန်းတင်ကြတဲ့ ဒီခေတ်မှာ ဗိုလ်ချုပ်မွေးနေ့ခမျာ မထင်မရှားဖြစ်ရှာပြီပေါ့။ အိမ်း…ဘုရားကအောက် မျောက်က အထက်ပါကလား အရပ်ကတို့ရယ်…
လူမှန်းသူမှန်းသိကတည်းက ပေါ်ပင်အလုပ်တွေကို ဖီလင်မ၀င်ဘဲ စက်ဆုပ်ပါတဲ့ ဦးဟန်ကြည်ရဲ့ ဘ၀တလျှောက်မှာ အနှီဗယ်လင်တိုင်းနေ့ဆိုတာကြီးကို တစ်ခါသားမှ စိတ်ဝင်တစားမရှိခဲ့ရိုးအမှန်ပေါ့။ တက္ကသိုလ်ကျောင်းသားဘ၀၊ လူငယ်ဘ၀ကို ဖြတ်သန်းခဲ့ပေမယ့်လည်း ပါရမီနည်းရှာခဲ့တာမို့ ရည်းစားဆိုလို့ မူးလို့တောင်ရှူစရာ မရှိခဲ့လေပြန်တော့ အနှီမောင်မင်းကြီးသား ဗယ်လင်တိုင်းဆိုတာ ကိုယ်နဲ့လားလားမှမဆိုင်တဲ့ အရာကြီး ဖြစ်လို့နေခဲ့ပါလေရော။ ( သူကြီးမင်းတို့နဲ့များ ကွာချက် )။ ကြံသကာ၊ ထန်းလျက်ခဲနဲ့ လူဖြစ်လာခဲ့တဲ့ တောသားပီပီ ချောကလက်ဆိုတာ ကိုယ်တိုင်တောင် အရသာမခံတတ်တာမို့ သူများကို ပေးဖို့နေနေသာသာ ကိုယ့်ဖာသာတောင် ၀ယ်မစားဖြစ်တဲ့အထိ။ ပန်းစည်းကြီးကိုင်ပြီး လျှောက်သွားရအောင်လည်း မိန်းမအလုပ်ဖြစ်နေပြန်တော့ အင်မတန်မှ ကျားကျားလျားလျား ဖြစ်ချင်ခဲ့ပါတဲ့ မောင်ဟန်ကြည်နဲ့ လားလားမှမဆိုင်။ အင်းပေါ့လေ…အနှီလောက် ဒိုက်ဖတ်ကျမှတော့ ဘယ်မဒီကညာက ရင်ခုန်ပါဦးမလဲ။
ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့မျိုးမှာ သူများတွေက ဗယ်လင်တိုင်းနေ့အမှတ်တရတွေကို တခုတ်တရ ရေးကြပြောကြတော့ ဦးဟန်ကြည်တစ်ယောက်လည်း အားကျမခံ ရှိစုမဲ့စုအမှတ်တရလေးတွေကို ခေါင်းမီးတောက်အောင် စဉ်းစားမိပြန်ပေသပေါ့။ စတိတ်ကျောင်းသားဘ၀…အိမ်း…ကိုယ့်ကျောင်းစာနဲ့ကိုယ် ချာလပတ်ရမ်းနေခဲ့တာမို့ ဗယ်လင်မှကို မတိုင်းဖြစ်ခဲ့တာ အမှန်။ တက္ကသိုလ်ကျောင်းသားဘ၀…မောင်ဟန်ကြည် အူကြောင်ကြားကို ရင်ခုန်မဲ့သူမှ မရှိတာကလား။ သို့ပေမင့် 3rd MB နောက်ဆုံးစာမေးပွဲပြီးတဲ့ရက်နဲ့ တိုက်ဆိုင်နေတဲ့ ဗယ်လင်တိုင်းမှာတော့ အမှတ်တရလေးတွေတင်မဟုတ်ဘဲ၊ အမှတ်တရကြီးတွေတောင် ရှိခဲ့ပါသဗျား။ ကိုင်း…အများညီရင် “ဤ” ကို “ကျွဲ” လို့ဖတ်ကြတဲ့ ဒီဘက်ကာလကြီးမှာ ခေတ်နောက်မကျရလေအောင် မရှိရှိရာ ရှာကြံပြီး ဦးဟန်ကြည်ရဲ့ဗယ်လင်တိုင်း အမှတ်တရတွေကို အမှတ်ဟောင်းတွေပြန်ကြည့်လို့ ဇာတ်ကြောင်းကို လှန်မိပါရဲ့ဗျား…
ဦးဟန်ကြည်တို့ ဆေးတက္ကသိုလ်ဆိုတာကြီးက စာတွေ အင်မတန်မှ များတာကလား။ တကတည်း နှစ်ပတ်တစ်ခါဆိုသလို ဖြေလိုက်ရတဲ့ စာမေးပွဲ၊ လူတွေတောင် လူရုပ်ပျောက်မတတ်ပေါ့။ အနှီလိုနဲ့ ဇန်န၀ါရီလထဲမှာ နောက်ဆုံးအတန်းတင်စာမေးပွဲကြီး စဖြေရော ဆိုကြပါစို့။ စာတွေ့တွေဖြေရ၊ လက်တွေ့တွေဖြေရ၊ ဆေးရုံသွားပြီး bed side လို့ခေါ်တဲ့ လူနာစမ်းသပ်စစ်ဆေးတာတွေဖြေရဆိုတော့ စာမေးပွဲလည်းပြီးရော နဂိုကတည်းက ပေါင် ၁၀၀ စွန်းရုံပဲရှိတဲ့ မောင်ဟန်ကြည်ခမျာ ခပ်လှီလှီ၊ ခပ်ပါးပါးပဲ ကျန်ပေသပေါ့။ ဖြစ်ချင်တော့ အဲဒီစာမေးပွဲကလည်း ဖေဖော်ဝါရီ ၁၄ မှာ ချိန်ကိုက်ထားသလို ပြီးသွားပါလေရော။ ဒီတော့လည်း စာမေးပွဲတွင်းတစ်လျှောက်လုံး ပင်ပန်းခဲ့သမျှ ချစ်သူ့ရင်ငွေ့လှုံကြမယ့် မောင်တွေ၊ မယ်တွေ ပျော်ကြမြူးကြလေသတည်းပေါ့လေ။ အဲဒီနေ့မှာ ခါတော်မီဖွင့်ရောင်းတဲ့ နှင်းဆီပန်းဆိုင်၊ ချောကလက်ဆိုင်၊ လက်ဆောင်ပစ္စည်းဆိုင်တွေမှာလည်း အလကားဝေကြသလား အောက်မေ့ယူရလောက်အောင် စုံတွဲတွေ၊ စုံတွဲတွေကြိတ်ကြိတ်ကိုခဲလို့ပေါ့။ ဒါပေမယ့် မောင်ဟန်ကြည် သစ်ငုတ်တိုခမျာမှာတော့ ပေးရမယ့်လူမရှိ၊ ပေးမယ့်လူနတ္တိမို့ ဆေးတက္ကသိုလ်ပရ၀ုဏ်ကြီးရှေ့မှာ လင်းတမှိုင် မှိုင်နေရှာရသကိုး။ စာမေးပွဲပြီးပြီမို့ စာကလည်း ကျက်စရာမရှိ၊ သူငယ်ချင်းတွေနဲ့ အလည်အပတ်သွားရအောင်ကလည်း အုပ်စုထဲမှာ သူငယ်ချင်းအားလုံးက ဒွိယံ၊ ဒွိယံ အတွဲကိုယ်စီနဲ့မို့ ယောက်ျားချင်း ခပ်ပါးပါးမူနဲ့ ခမျာမှာ အပယ်ခံဖြစ်ပြီပေါ့။
ဒါနဲ့ပဲ ညနေစောင်းလောက်ရောက်တော့ စိတ်ထွေထွေနဲ့ သူငယ်ချင်း တကောင်းသားနေတဲ့ အဆောင်ကို တစ်ယောက်တည်း ချီတက်သွားပါလေရော။ ကံများကောင်းချင်တော့ အဲဒီမောင်မင်းကြီးသားကလည်း သူ့ရည်းစားက ရွာမှာကျန်ခဲ့တာမို့ သူများလို မကဲနိုင်၊ မတွဲနိုင်ရှာလို့ အသည်းမခိုင်ဘဲ ပေါက်ကွဲချင်နေသကိုး။ ဘုန်းကြီးရူးနဲ့ လှေလူးတော့ ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ကြပြီမို့ တိုင်းပြီးရက်တဲ့ ပက္ကလာ၊ မိုးရွာတာနဲ့ အခန့်သင့်ကို ဖြစ်ကရော ဆိုကြပါစို့ရဲ့။ အဲဒါနဲ့ သူ့အဆောင်က 1st MB ချာတိတ်တစ်ကောင်ကို အပါခေါ်ပြီး သစ်ငုတ်တိုတို့ရဲ့ လားရာလမ်းအတိုင်း ဘီယာဆိုင်ကို မြန်းကြလေသတည်းပေါ့။ ဆေးကျောင်းအလွန်မှာရှိတဲ့ လမ်း ၃၀ ပေါ်က ဘီယာဆိုင်ရောက်တော့ မောင်ဟန်ကြည်တို့ သုံးယောက် ဘီယာတစ်ယောက်တစ်ခွက်စီကိုင်ပြီး လောကကြီးကို ပေါက်ကွဲကြပါလေရော။ သူငယ်ချင်းကတော့ သူ့ရည်းစားကို ဘယ်လိုလွမ်းကြောင်းတွေ ရင်ဖွင့်တော့တာပေါ့လေ။ မောင်ဟန်ကြည်ခမျာမှာတော့ ကြွားစရာမရှိရှာတော့ ဗလာချီပြီး ခံရပြီပေါ့။ တစ်ယောက် နှစ်ခွက်စီလောက်လည်း နှိပ်ပြီးရော မောင်မင်းကြီးသားက ဘီယာက မမူးဘူးကွာ အပြင်းချကြစို့ဆိုတဲ့ အဆိုတင်သွင်းပါလေရော။ စိန်ခေါ်ရင် အိမ်ပေါ်ထိ လိုက်ကိုက်မဲ့ မောင်ဟန်ကြည်ပေပဲ ချဲလင်ခ်ျခေါ်ရင် အဲဗားဝဲလ်ကမ်းပေါ့။ ဒီလိုနဲ့ ရှိစုမဲ့စု ဖွတ်ကလိဒင်္ဂါးလေးတွေ ညှစ်ညှက်ပြီး ရမ်တစ်ပြားထောင်ကြတာပေါ့လေ။ တစ်ယောက် တစ်ပက်စီလောက်လည်း သောက်ပြီးရော မောင်ဟန်ကြည်နဲ့ သူငယ်ချင်းပါးစပ်က ဗမာစကားတွေလည်း ပျောက်ကုန်ပါလေရော။ နှစ်ကောင်လုံးကလည်း ဘိုရူးတွေဖြစ်ပြန်တော့ မြန်မာလိုမပြောကြေး ဘိုလိုပြောကြေးတွေ ဘာတွေ လုပ်ကြပြီပေါ့။ မောင်ဟန်ကြည်တို့နှစ်ယောက် နာရီဝက်သာသာလောက်ကြာအောင် ဘိုလိုလည်းမှုတ်ထည့်လိုက်ရော အတူသောက်နေတဲ့ 1st MB သမားက အစ်ကိုကြီး ကျွန်တော်တော့ မူးပြီလို့ လုပ်ပါလေရော။ ဟ… မင်းဟာက နှစ်ပက်လောက်နဲ့ မူးစရာလား၊ သွေးနည်းလှချေလား ဘာလားနဲ့ မောင်ဟန်ကြည်တို့နှစ်ယောက်က ချာတိတ်ကို ၀ိုင်းကြပ်ကြတော့ ကိုယ်တော်လေးက ကျွန်တော် သောက်လို့မူးတာဟုတ်ဘူးတဲ့… အစ်ကိုတို့ပြောတာတွေနားထောင်ရင်းနဲ့ ကျွန်တော်မူးသွားတာတဲ့…ကောင်းရော။
အဲဒီလို သောက်ပွဲကျင်းကြပြီးတော့ နဲနဲထွေလာရင် သီချင်းကလေးဟဲချင်လာတဲ့ တောသားထုံးစံအတိုင်း မန်းလေးတက္ကသိုလ်နားက ကာရာအိုကေဆိုင်ကို သုံးယောက်သား ချီတက်ကြပါလေရော။ အဲဒီခေတ်က ကာရာအိုကေဆိုတာကလည်း အရှားသားကလား။ ဒီဘက်ခေတ်လို အိမ်တိုင်းလိုလိုမှာ ကာရာအိုကေစက်တွေ ဖောဖာသီသီမရှိလေတော့ ငွေကုန်ကြေးကျခံပြီး ဆိုင်မှာသွားသွားဟဲရသပေါ့။ ကာရာကို လူနဲ့တွဲပြီး အိုကေရတဲ့ ဆိုင်တွေလည်း ရှိပေမယ့် အဲဒီဆိုင်ကတော့ စားဖို့ သောက်ဖို့နဲ့ သီချင်းဆိုဖို့ပဲ သီးသန့်လုပ်ထားတာမို့ မောင်ဟန်ကြည်တို့ ဓာတ်ကျတဲ့ ဆိုင်ပေါ့လေ။ ကာရာအိုကေဆိုင်လည်းရောက်ရော ကိုယ်လိုလူစားတွေချည်းတန်းစီနေတာမို့ သီချင်းကလေးတစ်ပုဒ်ဆိုဖို့အရေးမယ် တစ်နာရီလောက်ကြာအောင် စောင့်နေရပါရော။ အဲဒီဆိုင်က တစ်ဝိုင်းကို သီချင်းသုံးပုဒ်ပဲ ဆိုခွင့်ပေးတာကိုး။ ဘယ်လောက်ပဲဆိုချင်ဆိုချင် ကိုယ့်အလှည့်သုံးပုဒ်ပြီးရင် တခြားဝိုင်းကို အလှည့်ပေးပေတော့။ တစ်နာရီလောက်ကြာအောင် စောင့်ပြီးတော့ တစ်ယောက်တစ်ပုဒ်စီပဲ ဟဲရတော့ အာခေါင်တောင် မနွေးလိုက်ကြရှာဘူး၊ နောက်တစ်ဝိုင်းကို လက်ပြောင်းပေးလိုက်ရရော။ ထုံးစံအတိုင်း အဲဒီဆိုင်မှာ နောက်တစ်ပြား ထပ်ကစ်ကြပြန်တာပေါ့လေ။ နောက်တစ်ကျော့ဆိုဖို့အရေးမှာ တစ်နာရီသာသာလောက်ထိုင်စောင့်ရပြန်တော့ ခပ်ထွေထွေ မောင်ဟန်ကြည်တို့ ဘယ်စိတ်ရှည်တော့မလဲ။ ဆိုင်ကနေထွက်ပြီး ရွှေမန်းသားတို့ သူရာဝင်ရင် လုပ်လေ့လုပ်ထရှိတဲ့ လမ်းစဉ်အတိုင်း မန်းလေးကျုံးကြီးကို ဆိုင်ကယ်နဲ့ ပတ်ကြတော့တာပေါ့။
သုံးယောက်သား ခပ်ဝါးဝါးနဲ့ ကျုံးပတ်နေကြတုန်း သူငယ်ချင်းက အမူးသမားတို့ထုံးစံအတိုင်း မောင်ဟန်ကြည်တို့နှစ်ယောက်ကို မင်းတို့က သိပ်မသောက်ဘူး…ငါချည်းပဲ သောက်ရတယ်တွေ ဘာတွေနဲ့ ရစ်ပါလေရော။ ဒါမျိုးလာရစ်လို့ကတော့ မောင်ဟန်ကြည်တို့က ဘယ်သည်းခံလိမ့်မတုန်း။ ထပ်ချမယ်ပေါ့။ ဒီလိုနဲ့ လမ်း ၃၀ ပေါ်က နောက်တစ်ဆိုင်ကို သွားပြီး နောက်ထပ် တစ်လုံးထောင်ကြတာပေါ့လေ။ ဒီလောက်တောင် ကြွက်တွင်းထဲရေလောင်းသလို မော့မှတော့ သုံးယောက်သား ဘာပြောကောင်းမလဲ လူလုံးတောင်မကွဲအောင် မူးလိုက်ကြတာ၊ ချာလပတ်ကို ရမ်းနေပါလေရော။ ဒါပေမယ့် ဆေးကျောင်းသား ရင့်မကြီးတွေဆိုတော့ ဟန်ကတော့ တယ်ကောင်းကြသကိုး။ ထိုင်နေလို့ကတော့ ရုပ်ကို မပျက်တာ။ ရမ်တစ်လုံးလည်းကုန်ရော၊ အချိန်လည်း သန်းကောင်ကျော်ပါလေရော။ ဒါနဲ့ ပြန်ကြမယ်ဆိုပြီး သုံးယောက်သား ဆိုင်ကယ်ပေါ်တက်ခွကြတာပေါ့လေ။ အဲဒီကျမှပဲ ထိုင်နေအကောင်းသား ထသွားမှ မူးမှန်းသိတော့တာပဲ။ စူပါကပ်ဆိုင်ကယ်ဆိုတာမျိုးက အင်ဂျင်သော့နဲ့ ဇက်သော့က တခြားစီမဟုတ်လား။ ဇက်သော့ကို အရင်ဖွင့်ပြီးမှ အင်ဂျင်သော့ဖွင့်ပြီး မောင်းရတဲ့ အမျိုး။ ဒါပေမယ့် မောင်ဟန်ကြည့်သူငယ်ချင်းက ဇက်သော့ဖွင့်ဖို့ သတိမေ့နေတာမို့ အင်ဂျင်သော့ကို တစ်ခါတည်းဖွင့်ပြီး ဂီယာသွင်း၊ လီဗာလည်း ဗျင်းခနဲဆွဲလိုက်ရော ဇက်ခေါက်ထားတဲ့ဆိုင်ကယ်က ဆန်ကောဝိုင်းသလို ၀ိုင်းကြီးပတ်ပတ်လည်ပြီး သုံးယောက်သား ဆိုင်ကယ်ပေါ်ကနေ ကားခနဲနေအောင် ကျတာမှ ဘာပြောကောင်းမလဲ ဆိုင်ရှေ့မှာတင် ခွေခွေလေးတွေကို ဖြစ်လို့။
နည်းနည်းပဲ သောက်ရှာတဲ့ 1st MB သမားခမျာ မောင်ဟန်ကြည်တို့ကို သွေးလန့်သွားရှာတာကြောင့် ဆိုင်ကယ်သော့ကို အတင်းလုပြီး သူငယ်ချင်းအဆောင်အရောက် မောင်းပို့ရှာတယ်။ အဆောင်ရောက်လို့ ဆိုင်ကယ်ရပ်တဲ့နေရာမှာ ဆိုင်ကယ်သွားတားမယ်လုပ်တော့ မောင်ဟန်ကြည်တို့နှစ်ယောက်ကို ဘယ်နားမှာထားခဲ့ရမယ်ဆိုတဲ့ ပြဿနာပေါ်ပါလေရော။ ဒီမှာတင် အမူးပါး မောင်ဟန်ကြည်က အဆောင်ဘေးမှာပေါက်နေတဲ့သစ်ပင်ကြီးနှစ်ပင်ကို လက်ညှိုးထိုးပြပြီး သူငယ်ချင်းနှစ်ယောက် တစ်ယောက်တစ်ပင်စီဖက်လို့ ဟန်မပျက် ရပ်နေရစ်ကြတာပေါ့လေ။ ဒီကြားထဲမှာ သူ့အဆောင်က မီးရထားဝန်ထမ်းအိမ်ရာက လေးထပ်တိုက်မှာ ထိပ်ဆုံးအထပ်ဖြစ်နေပါလေရော။ ဒီလောက် အမြင့်ကြီးကို တစ်ယောက်ချင်းသာတက်ရရင်ဖြင့် သုံးယောက်သား ကျိုးကန်းကုန်လို့ ကိုယ့်ဒဏ်ရာ ကိုယ်ထိုင်ကုနေရမယ့်အရေးကို ကြိုမြင်တဲ့ လူပါးတွေပီပီ တစ်ယောက်ပခုံး တစ်ယောက်ဖက်ပြီး ခပ်ယိုင်ယိုင်ပဲ တက်သွားလိုက်ကြတာ အပေါ်ကို ဘယ်လိုကနေ ဘယ်လိုရောက်သွားမှန်းတောင် မသိတဲ့အထိ။
အဆောင်လည်းပြန်ရောက်ရော တစ်ယောက်တစ်ခုတင်စီ နေရာယူပြီး ခလောကြပြီပေါ့။ မနက်လင်းအားကြီးလောက်မှာ တကောင်းသားအိပ်တဲ့ဘက်က ဒုန်းခနဲအသံကြီးထွက်လာတာမို့ အအိပ်ဆတ်တဲ့ မောင်ဟန်ကြည်က ခေါင်းထောင်ပြီး ကြည့်လိုက်မိတော့ လား လား…မောင်မင်းကြီးသား ခုတင်ပေါ်က ပြုတ်ကျတာကိုး။ ကာလနဂါးသေလို့ ၀င်စားတဲ့ ကိုယ်တော်မြတ်ကတော့ အအိပ်မပျက်ရုံသာမက တဂူးဂူးမြည်အောင် ဟောက်များတောင် ဟောက်နေသေးရဲ့။ ဟောက်ရင်းနဲ့ လှိမ့်သွားလိုက်တာ ခုတင်အောက်ထဲ ၀င်သွားတဲ့အထိ။ ကိုယ့်ခေါင်းတောင် ကိုယ်အနိုင်နိုင်ထူနေရတဲ့ မောင်ဟန်ကြည်လည်း ကိုယ့်လူကို မနှိုးတော့ဘဲ အသာလေး ပြန်နှပ်နေလိုက်တာ မနက်မိုးလည်းလင်းရော တကောင်းသားက “ ဟေ့ကောင်ဟန်ကြည် ငါ့ခြင်ထောင်ကြီး ဘယ်လိုဖြစ်သွားတာလဲဟ ” လို့ ထအော်မှပဲ နိုးပါလေရော။ ဒါနဲ့ အသာထကြည့်တော့ ခုတင်အောက်ရောက်နေတဲ့ ကိုယ်တော်ချောက မျက်စိမဖွင့်ဘဲ သူ့အပေါ်က ခုတင်ကြီးကို စမ်းပြီး စွတ်အော်နေတာကိုး။ ခြင်ထောင်ရှိမယ့်နေရာမှာ ခုတင်ရောက်နေမှတော့ မာမာကြီးဖြစ်နေပြီပေါ့။ ခြင်ထောင်မှန်း ခုတင်မှန်းတောင် မခွဲနိုင်အောင် ချာချာလည်နေတဲ့ မောင်မင်းကြီးသားလည်း မျက်စိမဖွင့်ပဲ ကုန်းအထ၊ ခေါင်းကို ကုတင်နဲ့ ဒိန်းခနဲနေအောင် ကပ္ပိလိုက်မိမှပဲ မျက်စိနှစ်လုံး ပြူးသွားပြီး အသာထိုင်ကြည့်နေတဲ့ မောင်ဟန်ကြည်ကို မိုးမွှန်အောင်ဆဲပါလေရော။
အဲဒီလိုနဲ့ပဲ မောင်ဟန်ကြည်တို့ရဲ့ ဂန္ထ၀င်ဗယ်လင်တိုင်းကြီးလည်း ပြီးပါလေရော ဆိုကြပါစို့ဗျား…
အဲဒီလောက် ဗယ်လင်တိုင်းအတွေ့အကြုံတွေ များပြီး ရင်ခုန်စရာ ကဗျာတွေရေးသလောက် ကိုယ်တိုင်က နည်းနည်းမှ ရင်ခုန်စရာမကောင်းတဲ့ ဦးဟန်ကြည်ကို ဒီနှစ်ဗယ်လင်တိုင်းမှာလုပ်မဲ့ ချစ်သူများနေ့ အခမ်းအနားကို ဖိတ်တဲ့လူက တလေးတစားနဲ့ အထင်တကြီး ဖိတ်ရှာပါတယ်။ ခ.ယ.က ဥက္ကဋ္ဌတွေဘာတွေလည်းပါ ကြီးမိုက်ကြီးတွေလည်း လာမဲ့ပွဲဆိုတော့ ခမျာများမှာလည်း အားကိုးတကြီး ဖိတ်ကြဟန်တူပါရဲ့။ အံမယ်…စုံတွဲတက်ရမယ်ဆိုပဲ။ တူညီဝတ်စုံပါ ၀တ်ရဦးမတဲ့။ နဂိုကမှ ဒီပွဲကို မြင်ပြင်းကတ်ရတဲ့ကြားထဲမှာ လူကိုယ်တိုင်သာ အရောက်သွားမိလို့ကတော့ဖြင့် ယားနေတဲ့ ပါးစပ်ကြောင့် ဦးဟန်ကြည်တစ်ယောက် ပြည်သူ့မေတ္တာ ခံရမယ့်အရေးကို ကြိုတွေးပြီး မြင်နေမိတာမို့ ခေါင်းရော လက်ပါရမ်းပြီး အကြောက်အကန် ငြင်းယူခဲ့ရပါကြောင်း သတင်းကောင်းပါးရင်း ဗယ်လင်တိုင်းကဗျာတစ်ပုဒ်ကို ဟောသလို ရေးထုတ်လိုက်မိပါသတဲ့…
ကိုယ်ထင်ရင် ခုတင်ရွှေနန်းဆိုတဲ့ စကားပုံကို အင်မတန်သဘောကျတာမို့ ကဗျာခေါင်းစဉ်ကို “ ခုတင်ရွှေနန်း ” လို့ ပေးလိုက်ပါတယ်။ သံပေါက်ဖွဲ့ထုံးအတိုင်း ၇ - ၅ ပုံစံနဲ့ ဖတ်ရရွတ်ရ အသံသာအောင်လည်း အင်တိုက်အားတိုက် ရေးထားပါသဗျား…
“ ခုတင်ရွှေနန်း ”
ဖေဖော်ဝါရီ ၁၄ဟာ
ဗယ်လင်တိုင်းနေ့ပါ။
ချီးမြှင့်ဖို့ရာ ဖိတ်သော်ငြား
ဦးဟန်ကြည်မသွား။
ဗယ်-လင်မှလညှ်း မတိုင်းချင်
စိတ်ရှုပ်စရာထင်။
တစ်ယောက်တည်းသာ ဘလော့ပတ်
နိဗ္ဗာန်ရယ်လို့မှတ်။
ဟန်ကြည်
၁၃.၂.၂၀၁၂
( တနင်္လာနေ့ )
စာကြွင်း။ ။
ဦးဟန်ကြည်တစ်ယောက်တည်းရဲ့ ပုဂ္ဂလဓိဋ္ဌာန်အရ ဗယ်လင်တိုင်းဆိုတာကြီးကို စိတ်မပါလှပေမယ့် ချစ်လှစွာသော အိမ်ရှင်မ စိတ်ချမ်းသာအောင်တော့ ဗယ်လင်တိုင်းအထိမ်းအမှတ်အနေနဲ့ လက်ဆောင်တွေဝယ်ပြီး မျက်နှာလုပ်ရပါသေးရဲ့။ “ မရှိဒုက္ခ၊ ရှိဒုက္ခ ” မဟုတ်လား ဘလော့ဂါ၊ ဘလော့ဂီ အပေါင်းတို့ရေး)။ ။
25 comments:
LOL
ဟမ် ဘယ့်နှာကြီးလည်း LOL ရယ်လို့ ???
14-02-12
ဒီနှစ် ဗာလင်တိုင်း မကျင်းပချင်ကြပါနဲ့
သချာင်္နည်းအရ ချစ်သူများ အခြေအနေမကောင်းပါ
14-02-12=0
ဘူ
aww,,,aww....
ahe:: မူးသွားတာပဲ..
valentine ရယ်..ဟိ..
Anne,,(one of ur ပရိသတ်)ဟဟ
ဒိုးကန်တို့လဲ ဗယ်လင်တော့သမီးရည်းစားဘ၀ကတိုင်းခဲ့ဖူးပါရဲ့ဆရာရေ ခုတော့လဲ အနီဗာစလီဖြစ်တွားဘာဘီး)))
ချောကလက်တော့လာမကျွေးနဲ့ခါးလို့မကြိုက်ဖူးး))
ခင်မင်လျှက်
မဒိုးကန်
"ဦးဟန်ကြည်နဲ့ ဗယ်လင်တိုင်း"
--------------------------------
ဖေဖော်ဝါရီ ၁၄ ဟာ
ဗယ်လင်တိုင်းနေ့ပါ။
စိတ်လက်မပါလေသော်ငြား
အိမ်ရှင်မကိုဖား။
အပြေးအလွှား သွားလို့ရှာ
နှင်းဆီပန်းစည်းပါ။
ဒါပေမဲ့လဲ သူနောက်ကျ
နှင်းဆီနီမရ။
ငါးမရတော့ ရေချိုးမယ်
အတွေးနဲ့ ဈေးဝယ်။
ပန်းချင်းရယ် တူတူပဲ
ဂေါ်ဖီပန်းကိုဆွဲ ...
မဟေသီက ဆဲ ...
ဟဲဟဲဟဲ :D
ဟီးး ဦးဟန်ကြည်ကဗျာဖတ်ပြီး ဖျက်လိုက်၏။ စိတ်မဆိုးကြေး :))
ဆရာ့ကဗျာလေးသဘောကျတယ်...။ ဟုတ်တယ်ခုခေတ်လူငယ်တွေတော်တော်များမျာ ဗယ်လင်တိုင်းတွေသိကြတယ် ဖေဖ၀ါရီ13 ဘာနေ့လဲမသိကြဘူး ဆိုးထှာ...။
-ကြံကြံဖန်ဖန် ကိုဆိုဆီရယ် ဘူကျရတယ်လို့ စဉ်းစားမိပေါင်ဗျာ...ဗယ်လင်တိုင်းကျမယ့် ကလေးတွေတော့ ဒီအကြောင်းသာသိရင် ရင်နာလိုက်ရှာမယ့် ဖြစ်ခြင်းး)
-မမေဓာဝီလုပ်မှဖြင့် ဦးဟန်ကြည်တစ်ယောက် ပန်းဂေါ်ဖီနဲ့ကို ငြားတော့တာပဲ...
“ ပန်းဂေါ်ဖီ ”
ပန်းဂေါ်ဖီကိုဆွဲလို့လာ
မဒီမကြည်သာ...
စိတ်မဆိုးနဲ့ ချစ်မဒမ်
ဂေါ်ဖီစားနိုင်ပြန်...
မေဓာဝီဆိုခင်နှမ
ဂေါ်ဖီတောင်မရ
ဗယ်လင်တိုင်းမှာ စိတ်ဓာတ်ကျ ဟဲ ဟဲး)
ဆရာဟန်တို့ များ ရင်သိမ့်တုန် ၀တ်ထုရေးဆြာမတွေ နဲ့များ တခြားစီပဲ..။ ဟွန်းး။ :P
ဘယ် လင် မှ လည်း မ တိုင်း ချင်
လို့ ဖတ်မိသွားလို့ LOL loud of Laugh ဖြစ်သွားတာပါဆရာဟန်
အမှန်ပဲ ဒီနှစ်ဗယ်လင်တိုင်းက သချာင်္နည်းနဲ့ကြည့်ရင် ဇီးရိုး သုံည ဘာမှမရှိ... (၁၄ - ၂ - ၁၂ = ၀)
:D
နိပ်တယ်ဗျ...။အားလုံးက တော်လိုက်ကြတာဗျာ...။
Post တင်သူတွေရော comment ပေးသူတွေရော မခေကြပါလား ဟရို့
ဘယ်ခေမလဲ ညီတော်မောင် ဒီးဒိုးရယ်...တကယ့် ဂရိတ်မဟာ ဘလော့ဂါ ဘလော့ဂီကြီးတွေပဲ မဟုတ်လားး)
ခုတင်ရွှေနန်းကဗျာလေးအရမ်းကောင်းတယ်ဆရာရေ
မမက လက်ဆောင်မရရင် အကို့ကိုယ် ဟင်းကောင်းကောင်း မချက်ကျွေးပဲ နေမှာပေါ့လို့..:):)
ချောကလက်လည်းမဝယ်ဖြစ်ဖူး ဆြာ
နှင်းဆီပန်းဆိုဝေလာဝေး
အဲ...ကျွန်တော့်ကိုလာပေးရင်တော့ ယူမယ်စရာ လက်ဆောင်ပြောပါတယ်း)း)
ှဆရာ....
ခုတင် နဲ့ ခြင်ထောင် မှားတဲ့ ဆရာ့သူငယ်ချင်းကြောင့် ကျွန်တော်ဖြင့် မျက်ရည်တွေကျအောင်ကို ရယ်လိုက်ရတယ်။
'ခုတင်ရွှေနန်း'
ကဗျာထက် ပန်းဂေါ်ဖီကဗျာကို သဘောကျမိသွားရဲ့ဗျာ။
အစ်မ မမေဓာကတော့ တခါတည်းကို လှည့်ပြန်သွားမှာဘဲ ဟဲးးးးး။
14-02-12=0
ဆိုပေမဲ့ " 0 " ဆိုတာက
ဘာနဲ့ဘဲကပ်ကပ်
တန်ဘိုးမြင့်သွားစေတယ်လေ
မြန်မာလို ဝလုံး ဆိုတာလေးကလည်း
ဝိုင်းစက်ပြည့်ဝန်းတဲ့သဘောလေ...။။
လပြည့်နေ့ဆိုရင် လလေးက
ဝလုံးလေးလို ဝိုင်းနေတာဘဲလေ
အဲဒီတော့...
ဘာဘဲပြောပြော သချာင်္နည်းနဲ့ဘဲကြည့်ကြည့်
မြန်မာနည်းနဲ့ဘဲကြည့်ကြည့်
ဒီနှစ်ဗယ်လင်တိုင်းပါဝင်ဆင်နွဲသူတွေ
အားလုံး...100% လိုအင်ဆန္ဒတွေ
လပြည့်လေးဝိုင်းဝိုင်းလေးနဲ့
ဲပြည့်နေသလို
ပြည့်ဝမယ်ဆိုတာ အသေအချာပါ..
jerry pigpig ကတော့
ခုလေးတင်ပူတူတူးနဲ့
ဖုန်းကဒ် နှစ်ကဒ်စာ 51 မိနစ်တိတိ
ပြောပြီးဗယ်လင်တိုင်းဒေးကို
ဆင်နွဲလိုက်ပါကြောင်း...
ဟုတ်တယ် ဟုတ်တယ်
ဘုကျတယ် သုံည ကြွင်းတယ်ဆိုလို့ မချောတို့က ဗယ်လင်တိုင်းဒေးကို ဝေးဝေးက ရှောင်ထားတာ
ဘူကျ မခံနိုင်လို့လေ..း)
မမေကဗျာလေးဖတ်ပြီး ဂေါ်ဖီပန်းကိုင်ပြီး ဒေါသကြီးနေတဲ့ ဦးဟန်ကြည်မဒမ်ကို မြင်ယောင်မိတယ် ဟိဟိ
ဂေါ်ဖီပန်းနဲ့ ထုတာ ခံရလို့ကတော့ ဦးဟန်ကြည်နဖူး ဘုထမှာ မြင်ယောင်သေး ဟေးဟေး
ရယ်စရာလေးတွေနဲ့ ဆရာဟန်ရဲ့ဆိုဒ်ကို ပထမဆုံးအကြိမ် အလည်ရောက်ခဲ့ပါတယ်ခင်ဗျာ။ လွမ်းစရာ ကျောင်းသားဘ၀ နဲ့ ဗယ်လန်တိုင်း အကြောင်းလည်း ဖတ်သွားပါ သဗျား... :)
အပါ
ဦးဟန်ကြည်ရဲ့ ထူးခြားတဲ့ 'ဗယ်-လင်မှလည်း မတိုင်းချင်'ပို့စ်လေးမရပ်မနား ဖတ်သွားပါတယ်း))
သဘောအကျဆုံးကတော့ ခုတင်ရွှေနန်း ကဗျာလေးး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဆရာ့ ဗယ်လတိုင်းက ပိုအမှတ်တရဖြစ်တယ်..မမမေနဲ့  ဆရာဟန် အပြန်အလှန် ကဗျာချိုးကြတာ သိပ်ကောင်းတာပဲ..
တယ်လည်း ဆန်းကြယ်တဲ့ ဗယ်လင်တိုင်းပါလား ဆြာကြည်.. :P.. ဆြာကြည်တို့များ.. အဲလောက်ကဲမှန်း ခုမှသိတယ်.. ဟဲဟဲဟဲ.. ဒါနဲ့ နောက်ပိုင်း တစ်နှစ်နှစ်တော့ ဗယ်လင်တိုင်းမှာပါ.. ဟုတ်တယ်မလား... ရေးပါဦး. အဲဒီအကြောင်းတွေ.. :P
ခင်မင်လျက်
နေ၀သန်
နောက်ဘက်ကပို့စ်တွေ အရင်ဖတ်လိုက်တော့ရှေ့က ပို့စ်မှာ ကဗျာတင်ထားတာမသိလိုက်ဘူး။ ဒီကဗျာကတော့ နောက်ထားပေမယ့် ကောင်းပါတယ်။ ကျောင်းသားဘ၀ကတော့မမေ့နိုင်စရာချည်းပါပဲ။ သဘောကျလို့ရယ်မိပါတယ်။ ခုတော့ မူးဖို့မလိုတော့ဘူးထင်ပါရဲ့။ မိန်းမရယ်၊ တပည့်တွေရယ်နဲ့ နပန်းလုံးနေလို့လေ။ ကျွန်တော်တို့လည်း အရင်က ဘာရယ်မဟုတ် လိုက်ရူးခဲ့သေးတာ။ ခုတော့လည်း ကိုယ့်အိမ်ထောင်နဲ့ကိုယ်ဆိုတော့ အာရုံသိပ်မလာတော့ပါဘူး။ ဒါကြောင့် ဗိုလ်ချုပ်ကဗျာရေးပြီး ငြိမ်နေလိုက်တော့တာ။
Post a Comment